Sunday, March 29, 2009
လမင်းတရာသာလိမ့်မည်
ရေးသူ- လူထုဒေါ်အမာ
{ဤစာသည် 'ကြည်အောင်၏ လမင်းတရာကဗျာများ' ပဌမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ နိုဝင်ဘာ၊ တွင်၊ ဖော်ပြသော လူထုဒေါ်အမာ၏ အမှာစာ ဖြစ်ပါသည်။ ၂၀၀၉ မတ်လ၊ ၂၇ တွင် ကွယ်လွန်သွားရှာသော ကဗျာဆရာကြည်အောင် (ဦးကြည်လင်) အတွက်၊ ကြေကွဲဝမ်းနည်း ခြင်း နှင့်အတူ ဆရာကြည်အောင်ကို လေးစားဂုဏ်ပြုသောအားဖြင့် အမေမာ၏ 'လမင်းတရာ သာလိမ့်မည်' ကို မာယာမှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။}
ကဗျာစာအုပ်ကလေးတွေ လုံးချင်းအဖြစ်နှင့် ဟော.....တအုပ်၊ ဟော......တအုပ် ထွက်လာသည်မှာ စစ်ပြီးခေတ်မြန်မာစာပေ၏ ကဗျာကဏ္ဍမှ တိုးတက်မှုတရပ် ဖြစ်ပေသည်။
ကဗျာစာအုပ်ကလေးများသည် အချို့လည်း နှစ်လိုဘွယ်ကောင်းသည်။ အချို့လည်း ရွက်ကြမ်းရေကြိုမျှ ရှိသည်။ အချို့လည်း အဆင့်အတန်း မမြင့်လှ။ သို့သော် အဆင့်မြင့်သည့် ကဗျာစာအုပ်သည် ကျန်ရစ်မည်ဖြစ်ပြီး၊ အဆင့်မမြင့်သည့် ကဗျာများသည် ကာလကြာသည့် အခါ တိမ်မြုပ်သွားပေလိမ့်မည်။ ဤသည်မှာ ဓမ္မတာဖြစ်သည်။ အဆင့်မြင့်သည့် ကဗျာများမူ ဤကဗျာများကိုပင် အသစ်ကို လက်ခံသည့် ငယ်ရွယ်သူတို့က ရွတ်ဖတ်ကြလိမ့်မည်။ ကျက်မှတ်ကြလိမ့်မည်။ ဤကဗျာတို့ကို အခြေပြု၍ ဤကဗျာတို့ထက် ကောင်းနိုးရာရာ အသစ်သော ကဗျာတို့ကို အနာဂတ်တွင် ရေးစပ်ကြပေလိမ့်မည်။
သက္ကရာဇ် ၁၉၃၀ နှင့် ၄၀ အကြားတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာပေ ဥယျာဉ်ကြီး အတွင်းမှ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်သန့်စင်၊ မောင်သုတ၊ ကုသ၊ သိပ္ပံမောင်ဝ စသော ခေတ်စမ်းစာပေ၊ ခေတ်စမ်းကဗျာဆရာများ ပွင့်ဖူးခဲ့သည်။ ထိုအပွင့်အဖူးတို့က ကျသည့်မျိုးဖြင့် လူ့တဆက်အကွာ ၁၉၅၀ ခုနှစ်နှင့် ၁၉၆၀ ခုနှစ်အကြားတွင် မန္တလေးတက္ကသိုလ် မြန်မာစာပေ ဥယျာဉ်အတွင်းမှလည်း တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ မောင်သိင်္ဂါ စသော ခေတ်စမ်း ကဗျာသမားကလေးများ ပွင့်ဖူးလာကြသည်။
ဤလူငယ်ကလေးများသည် ဇော်ဂျီ၊ မင်းသုဝဏ်တို့က ပေးသည့် ဖွဲ့ဟန်ကို ကိုင်စွဲလာ ကြသော်လည်း ဇော်ဂျီတို့ မင်းသုဝဏ်တို့ထက် သူတို့ကပို၍ တွေးရဲလာကြသည်။ သူတို့ အတွေးအခေါ်နှင့် သူတို့ အဘိဓမ္မာသည် သူတို့ဆရာများထက် တိုးတက်လာကြလေသည်။
ဤသို့ဖြစ်ရခြင်းမှာ ခေတ်၏ ခြားနားခြင်းကြောင့် ဖြစ်သည်။ ခေတ်စမ်းကဗျာပေါ်စခေတ် က မြန်မာနိုင်ငံတွင် နဂါးနီစာအုပ်တိုက်မပေါ်သေး။ ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို လေးစားမြတ်နိုး၍ ဆရာကြီး၏ နိုင်ငံရေးသြဇာညောင်းသော ဇော်ဂျီနှင့် မင်းသုဝဏ်တို့က "အို... မြန်မာတို့" ဟူသော ကဗျာမျိုး၊ "သပြေညို" ကဗျာမျိုးကိုသာ ရေးကြသည်။
မြန်မာနိုင်ငံတွင် ကွန်မြူနစ်ပါတီ စတင်တည်ထောင်သည်မှာ ၁၉၄၁ ခုနှစ်ကမှ ဖြစ်သည်။ ထို့ကြောင့် ခေတ်စမ်းကဗျာခေတ်တွင် တိုးတက်သော အတွေးအခေါ်သစ်များက မြန်မာလူငယ် ပညာတတ်တို့ ဦးခေါင်းတွင်းသို့ ချဉ်းနင်းဝင်ရောက်မှုက နည်းပါးပေသေးသည်။ ဇော်ဂျီ၏ ၁၉၃၅ ခုနှစ်က အိုးဝေမဂ္ဂဇင်းပါ ကဗျာတပုဒ်မှာ.....
'အိုမြန်မာတို့' အမည်ဖြင့်.....
"ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
စေတီဘုရား၊ များလည်းများ၏။
များပါလေလဲ.....
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျှင်....
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်....
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင်ရှိလိမ့်တကား။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
ရေချိုးသောက်ရန်၊ မြစ်ကြီးကန်နှင့်
သီးနှံစပါး၊ များလည်းများ၏
များပါလေလဲ
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်လိမ့်တကား။
ထလော့မြန်မာ၊ မြန်မာထလော့
အားမပြော့နှင့်
မလျှော့လုံ့လ၊ ဥာဏ်ရောင်ပြ၍
၀၀စားရန်၊ ဆွမ်းတင်ရန်ဟု
ကြံပါကုန်ကြ၊ ကြံကုန်ကြလော့
သူကအစ၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်နှင့်
စွမ်းဆောင်နိုင်စေ၊ စွမ်းကြစေလော့
ဤပြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤစာစကား၊ ဘယ်သူ့စကားလဲ
ထားလော့တာဝန်၊ ပြွန်လော့လုပ်ငန်း
ဥာဏ်ရွှင်လန်း၍
တ၀မ်းတစိတ်ညီစေတကား"။
ဟူ၍ ရေးစပ်ခဲ့သည်။
မင်းသုဝဏ်က ၁၉၃၈ ခုနှစ်၌ သပြေညို အမည်ဖြင့်
"သူ့ခေါင်းမှာတဲ့သပြေညို
ငါ့ခေါင်းမှာတဲ့သပြေညို
တို့ပြေမှာတို့မေကမ်းပါတဲ့
သပြေညိုရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။"
ဟူ၍ ရေးစပ်ထားပေသည်။
ထိုကာလမှ အနှစ် ၂၀ ကြာ၍ လူ့တဆက်သို့အကူး စစ်ပြီးခေတ်တွင်ကား လွတ်လပ် ရေးမျှနှင့် ပြည်သူက မတင်းတိမ်တော့၊ ဆိုရှယ်လစ်ဗမာနိုင်ငံ ထူထောင်ရေးအထိ တောင်းဆိုလာသည်။ နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ ငြိမ်းချမ်းရေး လှိုင်းတံပိုးကြီးက ဗမာပြည်တနံတလျားလုံး ကြီးမားစွာ ရိုက်ခတ်၍ နေသည်။ ဤလှိုင်းတံပိုး ကြားတွင် လူဖြစ်လာသည့် လူငယ်များအနက် မန္တလေးတက္ကသိုလ်မှ ဖူးပွင့်လာသည့် တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည် ဟူသော ကဗျာဆရာလူငယ် ၃ ဦးသည်၊ သူများထက် ရဲရဲတွေးပြီး ရဲရဲရေးလာကြသည်။
ကဗျာတပုဒ်ဟူ၍ ဖြစ်ပေါ်လာရာ၌ (၁) စာဆိုသူ ဖြတ်သန်း ကြီးပြင်းလာခဲ့ရသည့် ဘ၀ခရီးတာ၊ (၂) စာဆိုသူ ခံယူသည့် ဘ၀အဘိဓမ္မာနှင့် ဦးတည် ရည်မှန်းချက်၊ သို့မဟုတ် ဘ၀နှင့် ပတ်သက်သော သူ့ယုံကြည်ချက်၊ (၃) စာဆိုသူ လက်လှမ်းမှီသည့် အသိအမြင် ဗဟုသုတနှင့် ဝေါဟာရတို့ အပေါ်တွင် အခြေခံလျက် ကဗျာသည် ပေါက်ဖွားသည့် သဘော ရှိပါသည်။
ထို့ကြောင့်လည်း တဆရာတည်းသင်ကြ၊ တကျောင်းတည်း ထွက်လင့်ကစား တယောက်နှင့်တယောက် မတူညီသော ကဗျာများကို သီကုံးနိုင်ကြခြင်း ဖြစ်ပါလိမ့်မည်။
မောင်ကြည်အောင်သည် တိုးတက်သော အဘိဓမ္မာကို လက်ခံပုံရ၍ တနေ့သောအခါ လူနှင့်လူချင်း သွေးစုတ်မှုကင်းသော လောကသို့ ဦးတည်ရည်မှန်းဟန် ရှိသည်။ ထို့ပြင် သူ့အနေနှင့် သူဖြတ်သန်းခဲ့ရသည့် ဘ၀ခရီးသည် ပန်းခင်းလမ်းချည်း ဟုတ်ဟန်မတူ။ မြွေတံတား၊ ကျားခလုတ်၊ သစ်ငုတ်သင်ဖြူး၊ ဆူးမွေ့ရာချည့် မဟုတ်လင့်ကစား အများစုသော ပညာတတ် လူတန်းစားတို့ ဖြတ်သန်းကြီးပြင်းခဲ့ရသလို သာတောင့်သာယာများက များလှဟန် မရှိ။ ဤခံယူချက်၊ ဤအတွေ့အကြုံများဖြင့် သူသည် ဤကဗျာကလေးများကို ရေးစပ်ထားပုံရ သည်။ ဖော်ပြပါ ခုနှစ်သက္ကရာဇ်တို့ကို ထောက်ခြင်းအားဖြင့် သူ့ကဗျာ သက်တမ်းသည် ဘာမျှလည်း မကြာလှသေး၊ ၇ နှစ်မျှသာ ရှိပေသေးသည်။
မောင်ကြည်အောင်က အနုပညာသည် အနုပညာအတွက် သက်သက်ဆိုသည်ကို လက်မခံ၊ အလှသည် အလှသက်သက်ပင်ဖြစ်သည် ဆိုလျှင် ထိုအလှ၌ ဘာတန်းဘိုးရှိသနည်း ဟု သူက အောက်မေ့ပုံ ရသည်။ အလှသည် အကျိုးရှိသော အလှ၊ လူကို အကျိုးပြုသော၊ ကျေးဇူးပြုသော အလှဖြစ်ရမည်ဟုလည်း ကိုင်ဆွဲထားဟန် ရှိသည်။ သူက သူ့ကဗျာကို လှရုံအတွက်၊ သို့မဟုတ် ကာရန်ပြေရုံအတွက် နားဝင်ပီယံ သက်သက်ဖြင့် မဖွဲ့။ သူ့ကဗျာသည် တိုလိုက တိုပေမည်၊ ရှည်လိုက ရှည်ပေမည်။ သို့သော် ထို အတိုအရှည်တို့၌ သူယုံကြည်ချက် တကွက်ပါလေသည်ချည်း တွေ့ရသည်။ သူသည် အကြောင်းအရာမရှိဘဲ စာစီကုံးသူမျိုး မဟုတ်။ သူ့တွင် တစုံတခုသော ပြောစရာ၊ တစုံတခုသော ခံစားချက်၊ တစုံတခုသော အမြင် ရှိလေသည်။ ထိုအရာကို သူက ကာရန်ရှာ၍ ကဗျာဖွဲ့ထားသည်။
စာရေးသည်ဖြစ်စေ၊ ကဗျာဖွဲ့သည်ဖြစ်စေ၊ တေးစပ်သည်ဖြစ်စေ မိမိတွင် ပြောစရာရှိမှ ရေးဖွဲ့စပ်သင့်ပါသည်။ ဘာဟူ၍ မည်မည်ရရ ပြောရန်မရှိ၊ မိမိက ဘာယုံကြည်သည်၊ ဘာကိုဦးတည်သည်ဟူ၍ မိမိကိုယ်နှိုက်က မပြတ်သားဘဲ စာရေးခြင်း၊ ကဗျာဖွဲ့ခြင်း၊ တေးသီခြင်း ပြုလျင် ပြောင်မြောက်သော စာ ကဗျာ တေးများ ထွက်နိုင်ဘို့ မရှိပါ။ နှင်အား မောင်းအားမပါသော စာငုတ်တုတ်များသာ ထွက်ပါလိမ့်မည်။
မောင်ကြည်အောင်သည် သူ့ရင်ထဲ၌ သူပြောချင်သည်ကလေးများ၊ သူခံစားရချက် ကလေးများ ခိုလိုးခုလု ရှိပုံရသည်။ ယင်း ခိုးလိုးခုလုကလေးများ ရင်တွင်း၌ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည့်အခါ သူက ကဗျာဖွဲ့သည်။ ကာရန် ရှာသည်။ ဥပမာ သူ့ ကဗျာတပုဒ်ဖြစ်သော မုဆိုးကြီး၊ သူတော်စင်၊ နွားကျောင်းသူ ကဗျာ၌ သူတွေးမိသည့် အချက်တချက်ကို ကဗျာဖတ် သူသို့ သူက လက်ဆင့်ကမ်းလေသည်။
လက်တွင် မြွေဆေးနှင့်မိန်းမပျိုကို မြို့သူ အဆင်အပြင်နှင့် မြင်တွေ့လာသောအခါ တောမှ မြို့တက်၍ ပျက်ရသူ လုံမငယ်ကို သူက သနားသည်။ လူ့ဒုက္ခိတ ပိုးတုံးလုံးမကို ပွဲပြ၍ စားရသည့် ဤလောကကိုလည်း ရက်စက်ပါပေ့ဟု သူက ရင်နာသည်။ အရူးမ သားပိုက်ကောင် ဘ၀ ရောက်အောင် ပို့ရက်ကြသည်တကားဟုလည်း သူက စက်ဆုပ်သည်။ ထီလက်မှတ် သုံးစောင်မှ အတိတ်ကို ဖတ်ယင်း ယနေ့ လူနေမှု စနစ်ကား ဘ၀လုံခြုံမှုဟူ၍ ဘာကမှ မရှိပါတကားဟုလည်း သူက လူမှုရေး စီးပွါးရေး သံဝေဂဖြစ်သည်။ သူသည် ဘုရားပွဲကို လည်မည်၊ ဆွမ်းတော်တင်ပွဲတွေကို မြင်မည်၊ သစ်သီးစင်မှ စားချင်စဖွယ်တို့ကို စားချင်ရှာသူ မ၀မလှသော လူတန်းစားကို ကြည့်၍သနားလေသည်။ သူဌေးကြီးအိမ်က ခွေးသမင်နှင့် သူဌေးကြီး၏ ထမင်းချက်တို့ကိုလည်း သူက ဖြစ်ရလေခြင်းဟု အောက်မေ့တတ်လေသည်။ အရင်းရှင်လူ့ဘောင်၏ အပ်ချစရာမရှိ ပြည့်နေသော ထိုအနာအဆာများကို ကြည်အောင်က ကာရန်ကလေးများ ရှာပြီး ကဗျာတို ကဗျာရှည်ကလေးများနှင့် ဖော်လှစ်သည်။
ကြည်အောင်သည် တဖက်က အရင်းရှင်လူနေမှုစနစ်ကြောင့် ကမောက်ကမ လူ့လောက ဖြစ်နေပုံများကို သတိထားမိသည်နှင့်အတူ မြန်မာ့ရိုးရာ ချစ်စဖွယ်ဓလေ့ကလေး များကိုလည်း အငးဝသားတဦးအနေနှင့် ဖက်ပွေ့၍ထားလေသည်။
ကြည်အောင်၏ လာလာလေလိုက်ခဲ့တော့ ကဗျာကို ဖတ်ရသည်မှာ သူနှင့်အတူ တောအပျိုကို မိန်းမခိုးလိုက်ရသကဲ့သို့ ခံစားရသဖြင့် ပျော်စရာကောင်းလှသည်။ ကြည်အောင်၏ နိဗ္ဗာန်ဈေးမှာကား လင်မရနိုင်သည့် အပျိုကြီးမကို သူ့ဇာတ်လိုက်နှင့်အတူ ရောလျက် မျက်စောင်းထိုးမိလိမ့်မည်။
ထို့အပြင် စလေဆရာကြီး ဦးပုည၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မြို့မငြိမ်းတို့ကို မြတ်နိုးနှစ်ခြိုက်သောအားဖြင့် ကြည်အောင်က ဤပုဂ္ဂိုလ်များအပေါ် သူ့လေးစားမှုကို ကဗျာနှင့် ဂုဏ်ပြု ဖော်ထုတ်ထားလေသည်။
ကြည်အောင်၏ ကဗျာများတွင် စစ်ဆန့်ကျင်ရေး၊ ညူကလီးယားလက်နက် ပိတ်ပင်ရေး နှင့် ပြည်တွင်းစစ်၏ ဒဏ်ရာ ဒဏ်ချက်များကို ဖော်ထုတ်သည့် ကဗျာအပုဒ်ပေါင်း အတော်များများ ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး၏ မီးလျှံတွင်းဝယ်၊ ရူးသွပ်သွားသော အမေရိကန်လေသူရဲ၊ မမွေးခဲ့သော ကလေးငယ်၊ မပြီးသေးသောစစ်၊ ငြိမ်းချမ်းရေးသို့ စသည့် ကဗျာများသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တမ်းတ စပ်ဆိုသည့် ကဗျာတွေ ဖြစ်သည်။
စင်စစ် သူ့ကဗျာစာအုပ်ငယ်သည်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကလောင် ကဲ့သို့ သူ့ကလောင်ကို နှင်နိုင်ပါစေကြောင်းအတွက် ကလောင်သွေးသည့် စာအုပ်ငယ် ဖြစ်သည်ဟုပင် ဆိုချင်သည်။
သူက ဤကမ္ဘာ၌ နယ်ချဲ့စနစ်၊ လူနှင့်လူချင်း ခေါင်းပုံဖြတ်စနစ် မရှိမှ စစ်ဘေးစစ် ရန်ကင်း၍ ဤကမ္ဘာ ငြိမ်းချမ်းသာယာမည်၊ ကမ္ဘာငြိမ်းချမ်းသာယာမှ မြစ်ချောင်းအင်းအိုင် အသီးသီး၌ လမင်းတရာသာနိုင်မည်၊ လမင်းတရာ သာနိုင်ပါမှ ကဗျာဆရာတို့ ချမ်းမြေ့ရွှင်လန်းစွာ ကဗျာသီကုံးနိုင်ပေလိမ့်မည်ဟု ဆိုလိုသည်။ ထို့ကြောင့် သူ့ကဗျာစုကို လည်း လမင်းတရာသာစေကြောင်းအတွက် နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးနှင့် ငြိမ်းချမ်းဆီသို့ ဦးတည်ပြီး သူခံယူသော အဘိဓမ္မာ၊ သူပွေ့ပိုက်သော ယုံကြည်ချက်များကို သူဖြတ်သန်းခဲ့သည့် ခရီးကြမ်းတို့မှ အတွေ့အကြုံများနှင့် အင်းဝအညာသား၏ ဝေါဟာရဘဏ်မှ ကာရန်ရှာလျက် ဤကဗျာစုကို မွေးထုတ်ခြင်း ဖြစ်တန်ရာသည်။
ကြည်အောင် မျှော်မှန်းသည့် လမင်းတရာ သာသည့်ခေတ်ကား ဝေးကွားလှတော့မည် မဟုတ်။
ကြည်အောင်ဖွဲ့ဆိုသည့် ဗီယက်နမ်ပြည်သူများ ကဗျာတွင် ပါသကဲ့သို့ တရားသောစစ် နှင့် မတရားသောစစ်ကို ခွဲခြားလျက် တရားသော စစ်ပွဲများ ဆင်နွှဲကြသူတွေမှာ အာရှတွင်သာမက အာဖရိကနှင့် လက်တင်အမေရိက တိုက်ကြီးတွင်လည်း အများအပြားပင် ရှိနေလေပြီ။ နိုင်ငံတကာရှိ ဤ ပြည်သူတကာ၏ မရပ်မနား လှုပ်ရှားရုန်းကန်မှု၊ ဗမာပြည်သူ၏မရပ်မနား လှုပ်ရှားရုန်းကန်မှု များကြောင့် မဝေးကွာလှတော့သည့် အနာဂတ် ကာလ၌ လမင်းတရာသာနိုင်တော့မည် ဧကန်ဖြစ်ပါ သတည်း။
အမာ။
အချစ်
ရေးသူ- ကြည်အောင်
အဖိုးအိုလျှင်.....
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။
အဖွားအိုက....
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော်.... သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။
ငွေတာရီမဂ္ဂဇင်း ၁၉၆၃
{ကြည်အောင်-လမင်းတရာကဗျာများ၊ ပဌမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ မှ ကူးယူဖော်ပြပါတယ်။}

Friday, March 27, 2009
လမင်းတရာ
ရေးသူ- ကြည်အောင်
လမင်းတရာ၊ ညအခါဝယ်
ကမ္ဘာအနှံ့ သာလျက်ပါ။
တရုတ်ပြည်မှ.....
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။
ဆိုဗီယက်မှ.....
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။
တိုင်းအီဂျစ်၏.....
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။
မစ္စစ္စပီ၊ မြစ်နဒီဝယ်.....
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။
အိန္ဒိယ၏.....
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလ,ရိပ်၊ လျောင်းပျော်အိပ်လျက်။
ပြည်မြန်မာ၏.....
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။
သို့တစေလည်း.....
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။
မြစ်မရေတွင်း၊ စစ်ကျော်နင်းလျင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။
ကမ္ဘာမြေပေါ်.....
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။
နယ်ချဲ့ကင်းမှ.....
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။
နယ်ချဲ့ကင်း၍.....
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်း လာလိမ့်တကား။ ။
ကြည်အောင်
၁၉၆၃
ကမ္ဘာအနှံ့ သာလျက်ပါ။
တရုတ်ပြည်မှ.....
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။
ဆိုဗီယက်မှ.....
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။
တိုင်းအီဂျစ်၏.....
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။
မစ္စစ္စပီ၊ မြစ်နဒီဝယ်.....
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။
အိန္ဒိယ၏.....
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလ,ရိပ်၊ လျောင်းပျော်အိပ်လျက်။
ပြည်မြန်မာ၏.....
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။
သို့တစေလည်း.....
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။
မြစ်မရေတွင်း၊ စစ်ကျော်နင်းလျင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။
ကမ္ဘာမြေပေါ်.....
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။
နယ်ချဲ့ကင်းမှ.....
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။
နယ်ချဲ့ကင်း၍.....
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်း လာလိမ့်တကား။ ။
ကြည်အောင်
၁၉၆၃
Monday, March 23, 2009
မင်းသားကို ဆုံးမပုံ
ရေးသူ- ဒီးဒုတ်ဦးဘချို
ကျွန်ပ်သည် ဤကဲ့သို့ ဗဟန်းကောလိပ်၌ ဆရာလွန်းနှင့် အတူတူ အလုပ်လုပ်နေစဉ်၊ တနေ့သောအခါ မြန်မာမင်းတို့၏ အနွယ်အဆက် မင်းသမီးတပါးက မိမိ၏ လင်တော်မောင် မင်းသားသည် အစိုးရ၏ ထောက်ပံ့သော လခရိက္ခာတော်ကို အပျော်အပါးတို့ လိုက်စား၍ ဖြုန်းတီးပစ်သဖြင့် အမျိုးမျိုး ဒုက္ခရောက်ရကြောင်းနှင့် လင်သည်မင်းသားကို ဆိုဆုံးမပါမည့် အကြောင်း ဆရာလွန်းကို တောင်းပန်လေသည်။
တနေ့သောအခါ ကျွန်ပ်၏အိမ် လက်ဘက်ရည်ကြမ်းဝိုင်း၌ ဆရာလွန်းနှင့် အဆိုပါ မင်းသားတို့ ဆုံမိကြရာ၊ ဆရာလွန်းသည် တရားနည်းလမ်း အမျိုးမျိုးပြ၍ ဆုံးမလေသည်။ မင်းသားလည်း ဆရာလွန်းအား အမျိုးမျိုးသော ဆင်ခြေဆင်လက်တို့ဖြင့် ပြန်၍ ရယ်ရယ် မောမော စောဒကတက်နေရာ၊ နောက်ဆုံး၌ ဆရာလွန်းက "လူရင့်မကြီးက (ဒီး) ခေါ်ရာ လိုက်နေရင် ဘယ်နေရာကျမလဲ ကိုယ်တော်ကြီးရဲ့၊ အဲဒီစကားတလုံးကိုသာ မြဲမြဲမှတ်ထား...." ဟု ပြောလိုက်လေသည်။ မင်းသားလည်း ဆင်ခြေကပ်၍ မတက်နိုင်တော့ချေ။
ဤစကားတခွန်းကို ကျွန်ပ်သည် အသည်းနှလုံးတွင် ထွင်းထားဘိသကဲ့သို့ စွဲမြဲမှတ် သားထားရုံမျှမက အရွေလိုက်သော စရိုက်ဝါသနာရှိသည့် မိတ်ဆွေများအား၎င်း၊ တပည့်များ အား၎င်း၊ ဤစကားကို လေးလေးနက်နက် ဖောက်သည်ချခဲ့လေသည်။
ဤစကားတခွန်းသည် နားဝင်ပင် ကြမ်းသော်လည်း ယောက်ျားမှန်သမျှတို့အား များစွာ သတိသံဝေဂ ဖြစ်စေသော ဆင်ရိုင်းကို ကွပ်ကဲစိုးအုပ်သော ချွန်းနှင့်တူသော စကားဖြစ် လေသည်။ ဤစကားတခွန်းကို မြန်မာအမျိုးသား ယောက်ျားမှန်သမျှတို့အား ယခုကျွန်ပ်သည် မေတ္တာလက်ဆောင်အဖြစ်ဖြင့်လည်း ကမ်းလှမ်းလိုက်ပါ၏။
ဒီးဒုတ်ဦးဘချို
{သိန်းဖေမြင့်ရေး သခင်ကိုယ်တော်မှိုင်း-ဦးလွန်းအတ္ထုပ္ပတ္တိ တတိယနှိပ်ခြင်း၊ ၁၉၆၄ ခု၊ စက်တင်ဘာ၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။}

ဆရာလွန်းကိုစ၍ ကြည်ညိုခြင်း
ရေးသူ- ဒီးဒုတ်ဦးဘချို
ကျွန်ပ်သည် မြန်မာစာပေတို့ကို ၀ါသနာထုံသည့်အလျောက်၊ ကဗျာင်္လကာမှုတို့ကို ၀ါစုက္ကဌပြုခဲ့ရာ၊ မစ္စတာမောင်မှိုင်း အမည်ဖြင့် သူရိယသတင်းစာတွင် ရေးသားသော ဆောင်းပါးအဖြာဖြာ၊ မှာတော်ပုံကျမ်း၊ ဗိုလ်ဋီကာဆောင်းပါးစသော စာပေတို့သည်၊ ကျွန်တော် ၏ ကဗျာမှုတွင် ဆရာသဘွယ်ဖြစ်၍၊ မစ္စတာမောင်မှိုင်းဟူသော ပုဂ္ဂိုလ်ကို မမြင်ဘူး မတွေ့ဘူးသော်လည်း၊ ထိုအမည်ကိုပင် ထာဝစဉ်ကြည်ညိုကာ၊ ရေးထားသမျှ စာပေကို အလေးဂရု အထူးပြုခဲ့ပါသည်။ ဆရာလွန်း ရေးသားစီရင်သော ကဗျာသာရတ္ထသဂြိုဟ်ကျမ်း သည် ကျွန်ပ်အား ကဗျာပညာ၏ ဘဏ်တိုက်ကြီးကို ဖွင့်လှစ်ပေးသောစာအုပ်ကြီး ဖြစ်ပေ တော့၏။ ထိုစဉ်အခါ ကျွန်ပ်မှာ ဟင်္သတမြို့တွင် နေထိုင်ခိုက် ဖြစ်၏။
တနေ့သောအခါ သူရိယသတင်းစာတွင် ပါရှိသော မစ္စတာမောင်မှိုင်း၏ ဆောင်းပါး တစောင်တွင် မဟာကဗျာလေးချိုးတပုဒ်မှာ အအုပ်အခံ ကာရံချွတ်ချော်တိမ်းပါးနေရာ၊ ထိုချွတ်ချော်မှုကို ညွှန်ပြသော ဆောင်းပါးတစောင် တပည့်မကေသာဝတီ ကေလာသ ဟူသော အမည်ဖြင့် သူရိယသို့ ရေးသားပေးပို့လိုက်၏။
မကြာမီ ပမာဒ လေခဖြစ်၍ ထိုကဗျာ၌ ကာရန်တိမ်းပါးသွားခြင်းကို ၀န်ခံပြီးနောက် ဤသို့ညွှန်ပြခြင်းအတွက် အထူးကျေးဇူးတင်ကြောင်းကို လေးချိုးတပုဒ်ရေးသား၍၊ ကာရန် ပြင်ဆင်ချက်နှင့်တကွ၊ သူရိယမစ္စတာမောင်မှိုင်း ဆောင်းပါးခဏ်းတွင် ဖြေကြားထားသည်ကို တွေ့ရှိရသော ကျွန်ပ်မှာ မိမိမမြင်ဘူးသော ဆရာ၏အပေါ်၌ ကြည်ညိုရင်းထက် ဆထက် ထမ်းပိုးတိုး၍ ကြည်ညိုလာလေသည်။
ရှေးခေတ်ကို အလေးဂရုပြုခြင်း
မြန်မာပြည်၌ ပထမသပိတ်မှောက်ကိစ္စကြီး ဖြစ်ပေါ်ခဲ့ပြီးနောက်၊ နေရှင်နယ်ကောလိပ် ကျောင်းကြီးကို တည်ထောင်ကြသောအခါ ကျွန်ပ်သည် အစိုးရအမှုထမ်းမှ ထွက်ခဲ့၍ အဆိုပါ နေရှင်နယ်ကောလိပ်ကြီးတွင် မြန်မာစာပို့ဆရာအဖြစ် အမှုထမ်းရန် ရောက်ရှိလာသောအခါ ဆရာလွန်းကို ပထမအကြိမ် မြင်ဘူးရလေသည်။ ဆရာလွန်းမှာ မြန်မာဘာသာ "ပရော်ဖက်ဆာ" ရာထူးဖြင့် ထိုအခါ ထမ်းရွက်လျက် ရှိလေသည်။ ကျွန်ပ်ရောက်ရှိသောအခါ မြန်မာစာပေနှင့် ကဗျာကို၊ ကျွန်ပ်အား လုံးဝတာဝန်လွှဲပေးလျက်၊ ဆရာလွန်းမှာကား မြန်မာရာဇ၀င်ကို အထူးတလည် ပိုင်နိုင်စွာ တပည့်တို့အား သင်ကြား ပြသလေသည်။ ဆရာလွန်းသည် ရှေးအခါက စာသင်ကျောင်းတွင် ဆရာလုပ်ခဲ့ဘူးသူလည်း မဟုတ်။ ဆရာဖြစ် စာမေးပွဲများကို ၀င်ရောက်ဖြေဆို အောင်မြင်ခဲ့ဘူးသူလည်း မဟုတ်ပါလျက်၊ ရာဇ၀င်ကို သင်ကြားပြသရာ၌ တပည့်တို့ ဥဏ်အမြင်ကျယ်စေရန်၊ မှန်နန်းရာဇ၀င်ကို၊ ဦးကုလားရာဇ၀င်၊ တွင်းသင်းရာဇ၀င်၊ မုံရွေးရာဇ၀င်၊ သစ်ဆိမ့်ရာဇ၀င် အစရှိသော ရာဇ၀င် အစောင်စောင်တို့ဖြင့် နှိုင်းယှဉ်ပြသောအခါ၊ ၀ိနိစ္ဆယချမှတ်ပုံ၊ ရာဇ၀င်ပါ စကားတလုံး၊ အတ္ထုပ္ပတ္တိတခု၏ အခြေအမြစ်တို့ကို၊ ကျောက်စာများ၊ သံပိုင်းသမိုင်း ဧချင်း မော်ကွန်း၊ ရာဇ၀င် သံပေါက် သာချင်းတို့ဖြင့် ညှိနှိုင်းရှာဖွေ၍ ပြသပုံ အစရှိသည်တို့ကို တွေ့မြင်ရသော ကျွန်ပ်မှာ အဘယ်မှာ မအံ့သြ မချီးမွမ်းဘဲ နေနိုင်တော့မည်နည်း။
ဤသို့ ပြသရာ၌၊ အင်္ဂလိပ်ရာဇ၀င်ဆရာတို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မြန်မာရာဇ၀င်မျှလောက်ကိုသာ သင်ခဲ့ဘူးသော တပည့်အချို့တို့သည်၊ တနေ့သောအခါ ဆရာလွန်းအား "ဆရာက ရှေးခေတ်အကြောင်း အလွန်ချီးကျူးပြီး၊ ရှေးမင်းများ၊ ရှေးမှူးမတ်များ ကောင်းကြောင်း လိမ္မာကြောင်းလောက်ကိုသာ ပြောသည်။ ရှေးခေတ်ဟောင်း ကို အောက်မေ့ဘွယ်ကြီးတရပ်ဖြစ်အောင် ဆရာအမြဲ ပြောသည်။ ကျွန်တော်တို့ စိတ်ထဲကဖြင့် မြန်မာဘုရင်တွေ မယားဒါလောက်များများ ယူတာကိုဘဲ၊ မနှစ်မြို့နိုင်၊ မယားတွေနှင့် အပျော်အပါး အားကြီးနေတာနှင့်ဘဲ တိုင်းပြည် ပျက်စီးကုန်တာဘဲလို့ ထင်မိတယ်....." ဟု စောဒက တက်ကြပါသည်။
ထိုအခါ ဆရာလွန်းက "ရှေးက မြန်မာဘုရင်တို့ မယားများများယူတာက ခုကာလ မင်းတို့ လက်ထက် ၀တ်လုံကောင်း၊ ဘုရားလူကြီး လူကောင်း အစရှိတဲ့ ဂုဏ်သရေရှိလို့ အခေါ်ခံတဲ့ကာလ လူကြီးလူကောင်းများ တော်သလင်းခွေးလို အရွေလိုက်တဲ့သဘောနဲ့၊ မယားများများ ယူထားတာ မဟုတ်ဘူးကွဲ့။ ဟိုရှေးခေတ်အခါက၊ ဒို့ဗမာပြည်မှာ ဧရာဝတီ မြစ်ကြောင်း ကလွဲလို့ လမ်းပမ်းမရှိ၊ စာတိုက်တို့ ကြေးနန်းတို့ မရှိသေး။ အဲသလို ခေတ်အခါမှာ တိုင်းပြည်အုပ်ချုပ်ရတာ မလွယ်ဘူးကွဲ့။ ဘုရင်ခံတဦးဦး နယ်စားပယ်စားတဦးက ပုန်ကန်တယ် ဆိုပါတော့၊ ခုကာလလိုဖြင့် ချက်ချင်း သံကြိုးနဲ့ သတင်းရ၊ မော်တော်ကား၊ မီးရထားနဲ့ စစ်တပ်လွှတ်ပြီး နှိမ်နင်းနိုင်မယ် မဟုတ်လား။ ရှေးကတော့ ပုန်ကန်တဲ့သတင်းကို ခြေလျင်တော်လွှတ်ပြီး၊ လမ်းမရှိတဲ့ ကုန်းကြောင်းခရီးနဲ့ သတင်းပို့ရမယ်။ ဒီတော့ (၁၀) ရက်လဲကြာမယ်၊ တလလဲ ကြာချင်ကြာမယ်။ အဲသလို ကြာနေတော့ မီးလောင်စကို မငြိမ်းသတ်နိုင်ဘဲ၊ မီးအားကောင်းမှ ငြိမ်းသတ်ရမယ်ဆိုတော့ မခက်ပါလား။ အဲဒါကြောင့် မီးကို မလောင်ခင်က တားရအောင် မယားများများယူရသကွဲ့။ ဥပမာအားဖြင့် ယိုးဒယားသွားတိုက်လို့ နိုင်ပါပြီဆိုပါတော့၊ ယိုးဒယားပြည် ဘုရင်ခံ ခန့်အပ်ပြီး ပြန်လာခဲ့ပါလျှင် တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်ကျော်ပြီး၊ တလ နှစ်လ သွားရတဲ့ ခရီးဖြစ်တော့ တပ်မတော်ကြီး နေပြည်တော်ကို ပြန်မဆိုက်ခင်၊ ယိုးဒယားမှာ ပုန်ကန်ပြီး မြန်မာဘုရင်ခံနှင့် မြန်မာတပ်သား တစု သတ်ပစ်လိုက်မှာပေါ့ကွ။ ဒီသတင်းကိုလဲ တလ နှစ်လကြာမှ ကြားရမယ်မဟုတ်လား။ ဒါကြောင့် ယိုးဒယားပြည်ကို အလိုတော်ပြည့်လျင် ဘုရင့်သမီးတော်ကို ဆက်စေတော့၊ သမီးရှင်ကလည်း ငါ့သမီး ဘုရင်ကတော်ပေလို့ ကြေနပ်စရာရှိတယ်၊ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်မယ်ဆိုလျှင်လည်း သမီးတော်ကို သတ်ပစ်မှာ စိုးရတယ်။ ဒါကြောင့် ပုန်မကန်ဝံ့ဘူး...။ အဲဒါတွေအပြင် ကိုယ့်တိုင်းပြည်ထဲမှာပင် တန်ခိုးကြီးတဲ့ ရမည်းသင်းစား သီလ၀တို့လို ဘုရင်ခံမျိုးကျတော့ ရှင်ဘုရင်ကတော် နှမပေးပြီး၊ ချော့ထားသေးသကွဲ့။ တချို့ စော်ဘွားများကိုလဲ အမြိတ်အစွန်းများနဲ့ လက်ထပ်ပေးထားရသကွဲ့၊ အသွားအလာ အင်မတန် ခဲယဉ်းတဲ့ ရှေးခေတ်မှာ ရှင်ဘုရင်က သူများနှမ၊ သူများသမီးကို ယူလဲယူရသကွဲ့၊ သူက ပြန်ပြီးလဲ ပေးရသကွဲ့။ အဲဒါတွေဟာ ယူချင်လို့ ယူရတာ မမှတ်နဲ့၊ မယူမဖြစ်လို့ ယူရတာ၊ ရာဇပရိယာယ်များလို့ မှတ်ရမယ်၊ ဒါမှ တိုင်းပြည် ငြိမ်ဝပ်ပိပြားတယ်။ ခုကာလမှာတောင် ဥရောပတိုက်မှာ ရှင်ဘုရင်တွေ ကြည့်စမ်း၊ လူမျိုးချင်းမတူဘဲ အင်္ဂလိပ်ဝိတိုရိယ ဘုရင်မကြီးက ဂျာမန်မင်းသားကို ယူတယ်၊ သူ့သားတော် ဧဒွပ်က ဒိန်းမတ်မင်းသမီး ယူတယ်။ အမျိုးမတူပဲ သူ့နှမငါယူ၊ ငါ့နှမသူ့ပေး လုပ်နေကြတာ၊ မင်းတို့က ကြိုက်လို့များ ယူကြတယ် ထင်ကြသလား။ ရှင်ဘုရင်တို့ မင်းညီမင်းသား မင်းသမီးတို့ ဖြစ်လာရင် မယားယူရေး လင်ယူရေးမှာ မင်းတို့လောက်မှ နေရာမကျဘူးကွ။ တိုင်းရေးပြည်ရေးကြည့်ပြီး မဟာမိတ်ဖွဲ့ဘို့ ယူကြရတာ၊ သူ့ခေတ်နဲ့သူ တော်အောင် ကြည့်လုပ်ရတာကွ... " ဟု ဆရာလွန်းက ပြန်၍ ဖြေကြားလေရာ၊ တပည့်တို့မှ တစုံတရာ စောဒက မတက်နိုင်ကြတော့ဘဲ ဟုတ်မှန်ကြောင်း ၀န်ခံကြရလျက်၊ ရှေးမြန်မာမင်းတို့အပေါ်၌ အထင်အမြင်သေးခဲ့သော စိတ်ထားများကို ပယ်ရှားရလေတော့ သည်။

Sunday, March 22, 2009
လွတ်မြောက်ရေး-ပြောက်ကျားခုခံမှုကားတချပ်
ရေးသူ- ဒဂုန်တာရာ
ခရေပင်ရိပ်
အရှင်လှုပ်ရှား၊ နေပြောက်ကျားဝယ်
မှုန်ဝါးထိုးဆင်၊ တွင်းပေါက်ဝင်က
သစ်ပင်ကိုင်းရွက်၊ တွဲလောင်းခက်သည်
မြေကွက်ဝင်္ကပါတည်း။ ။
ထိုနေရာဝယ်
ဇရာလိပ်တွန့်၊ ပါးပျဉ်းလွန့်နှင့်
စန့်စန့်မနေ၊ အမြစ်ခွေသည်
ဤမြေချာမင်း၊ ပင်ခြေရင်းရှိ
မြေတွင်းပေါက်ဝ၊ ကြွက်တကောင်သည်
အမှောင်ရိပ်သို့ ထွက်လေလျင်း။ ။
သစ်ခွကြားမှ
ဘွားကနဲထွက်၊ ကျီးပြာငှက်လည်း
ကိုင်းခက်ကိုလှုပ်၊ တောင်ပံသုတ်၍
ချောင်းကုပ်နေဟန်၊ ကြွက်မဲထံသို့
လျင်မြန်ထိုးချ၊ နှုတ်သီးဟလျက်
အ....အ....အော်ကာ တိုက်ခိုက်၏။ ။
ရှောင်တခင်လျင်
မြေတွင်းအောင်းကြွက်၊ ယာဉ်ပျံငှက်နှင့်
ကျသက်ခုန်ကြွ၊ လူးလိမ့်ကြလျက်
အ...အ..သံမြည်၊ ညံစည်စည်တည့်
နိုင်မည်ရှုံးခင်း၊ သတ်ပုတ်ခြင်းသည်
ရုန်းရင်းဆန်ခတ် ၀င်းဝင်းလက်။ ။
ပြင်းပြင်းထန်ပြီ
တပြန်စီလိမ့်၊ နပန်းလှိမ့်၍
သိမ့်သိမ့်ဘယ်ညာ၊ လူးလွန့်ကာလျင်
ကြွက်မှာပူးကပ်၊ မြောင်းရေစပ်သို့
လှည့်သတ်ပြောက်ကြား၊ တွန်းလှန်ငြားက
စွမ်းအား မနိုင့်တနိုင်ဖြင့်။ ။
နောက်ဆုံးတိုက်ပွဲ
ဆင်နွှဲမာန်ပြင်း၊ စစ်တလင်းဝယ်
တင်းတင်းအဟုန်၊ ကိုက်ခဲကုန်ပြီ
မုန်တိုင်းသေနင်္ဂဗျူဟာ။ ။
ဤတိုက်ပွဲတွင်
မဲမဲလှုပ်လှုပ်၊ သားချင်းမြုပ်လျက်
ဖြဲဆုတ်သွေးချင်း၊ လိမ်းကပ်ဆင်းကြ
မြှင်းမြှင်းထိုးဆွဲ၊ ကျီးပြာမဲကို
ပြန်ခဲကြွက်က၊ လှိမ့်လှိမ့်ချသော်
မြောင်းဝထိပ်စွန်း၊ ခုခံတွန်းယင်း
ကျီးကန်းရေသို့ကျလေ၏။ ။
ကြည့်နေစဉ်ပင်
နုံးအင်ပန်းလျ၊ ရွေ့ရွေ့ထ၍
ကင်းပလွတ်မြောက်၊ နဲ့နဲ့လျှောက်လျက်
ပေါက်ဝသူ့တွင်း၊ သက်ကာဆင်းသည်
ကြွက်မင်း ပြန်လည် မြေသို့အောင်းသတည်း။
ဒဂုန်တာရာ
သမာဓိသတင်းစာ၊ ၁၉၄၈။
{ဒဂုန်တာရာရဲ့ 'အလင်္ကာ' စာအုပ်၊ ၁၉၆၂ နိုဝင်ဘာ၊ ပထမနှိုပ်ခြင်းက ကူးယူဖော်ပြပါတယ်။}

သွေးစည်းညီညွတ်ကြ၊ သွေးမကွဲကြနဲ့........
ရေးသူ- ထက်မြက်
သွေးစည်းညီညွတ်ကြ၊ သွေးမကွဲကြနဲ့
ချစ်ခင်ရင်းနှီးကြ၊ အမုန်းမပွါးကြနဲ့..........
နာရီဝက်ခန့်သာ ကားမောင်းရသည်။ ဆရာနတ်နွယ်အိမ်သို့ ကျွန်တော်တို့ ရောက်လာ ကြလေသည်။ ရောက်နှင့်သူများလည်း ရောက်နေကြပြီ။ ဆရာချိန်(ပဲခူး)တို့ပင် စောစောစီးစီး ရောက်နေသည်။ ဆရာနတ်နွယ်တို့ ဇနီးမောင်နှံအပြင် ဆရာဌေးမောင်လည်း ရှိသည်။ ဆရာနတ်နွယ်အိမ်မှာ ယခင်က နှစ်ထပ်အိမ် မဟုတ်တော့ပါ။ နွယ်နီ ၃ လမ်းထိပ် လမ်းထောင့်က ခြံဝင်းလေးနှင့် တထပ်အိမ်လေး ဖြစ်သည်။
အိမ်ဝင်းထဲ ကျွန်တော်တို့ ၀င်လိုက်ချိန်တွင် ဆရာက ထိုင်နေပါသည်။ ဆရာ့မျက်နှာမှာ အမ်းနေသည်ဟု ကျွန်တော်ထင်သည်။ စကားပြောရာတွင် အားယူပြောရသည်။ နည်းနည်းဝါး သည်။ ဆရာ့နားမှာ ယခင်ကထက် ဆိုးနေသည်။ နားနားကပ်ပြီး ကျယ်ကျယ်အော်ပြောမှ ကြားရသည်။ ဆရာနတ်နွယ် အသက် ၇၇ နှစ် ပြည့်ပါပြီ။ အယ်ဒီတာဘ၀၊ စာရေးဆရာဘ၀ နှင့် ဆယ်စုနှစ် ၅ ခုခန့် ဖြတ်သန်းလာခဲ့သည်။ စာပေဘ၀ဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုပြီး စာရေးဆရာဘ၀ဖြင့် ရပ်တည်ခဲ့သည်။ စာပေသည် ပြည်သူကို အကျိုးပြုရမည်ဟူသော ယုံကြည်မှုဖြင့် ပြည်သူ့ဘက်မှနေ စိုက်လိုက်မတ်တတ် ရပ်တည်ခဲ့သူ ဖြစ်သည်။ တကွေ့တော့ တွေ့ကြဦးမည် ၀တ္ထုမှာ သူ၏ အကောင်းဆုံးစာအုပ်ဖြစ်သည်ဟု တချို့က သတ်မှတ်ပြီး၊ တချို့က မြန်မာပြည်မြောက်ပိုင်းသည် အကောင်းဆုံးဖြစ်သည်ဟု သတ်မှတ်ကြ၏။ ဆရာသည် လူထုသတင်းစာ၊ စုံထောက်မဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်း၊ နွယ်နီမဂ္ဂဇင်းတို့တွင် လုပ်ကိုင်ခဲ့သည်။ ထူးချွန်အောင်မြင်သော အယ်ဒီတာ တဦးအဖြစ် စုံထောက်မဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်းနှင့် နွယ်နီမဂ္ဂဇင်းတို့ကို ဂုဏ်သိက္ခာရှိစွာ စာပေစင်ပေါ် တင်ပေးခဲ့ပါသည်။
မနက် ၁၀ နာရီကျော်သည်နှင့် မဂ္ဂဇင်းများ၊ ဂျာနယ်များမှ အယ်ဒီတာများ၊ စာရေးဆရာများ၊ ကဗျာဆရာများ တဖွဲဖွဲ ရောက်လာကြ၏။ 'ကိုစိမ်းနီရော ' ဟု မေးကြည့်ရာ ဆရာဒဂုန်တာရာကို ၀င်ခေါ်နေသည်ဟု ပြောကြသည်။ ကျွန်တော်တို့လည်း ဆရာတာရာ အလာကို လည်တဆန့်ဆန့်ဖြင့် မျှော်နေပါသည်။ ဆရာနတ်ကလည်း မျှော်ပါသည်။ စင်စစ်အားဖြင့် ဆရာနတ်နွယ်နှင့် ဆရာဒဂုန်တာရာတို့ မဆုံခဲ့သည်မှာ နှစ်ပေါင်း ၃၆ နှစ်ခန့် ရှိပြီဟု ကျွန်တော်ထင်ပါသည်။ ဆရာတာရာက အောင်ပန်းတွေနေပြီး ဆရာနတ်က ရန်ကုန်တွင် နေသည့်အတွက်လည်း ဆုံတွေ့ဘို့ မကြုံကြိုက်သည်လည်း ဖြစ်နိုင်ပါသည်။ ဆုံတွေ့အောင် [ကျွန်တော်တို့၊ မောင်စိမ်းနီတို့၊ ကိုခါး(ကွမ်းခြံကုန်း)တို့လို ဖန်တီးသူများ] ကြိုးစားပေးသူများ မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
တကယ်တော့ ဆရာတာရာနှင့် ဆရာနတ်နွယ်တို့အဖို့ မဆုံနိုင်စရာ၊ မတွေ့နိုင်စရာ၊ စကားမပြောနိုင်စရာ ဘာအကြောင်းမှ ခိုင်ခိုင်မာမာမရှိပေ။ တချို့ စာပေသဘောထား မတူညီမှုများ ရှိနိုင်ပါသည်။ သို့သော် အခြေခံ စာပေအယူဝါဒမှာ ကွဲပြားသည်ဟု ကျွန်တော်မထင်ပါ။ ဆရာတာရာနှင့်လည်း ကျွန်တော် ပြောဆို ဆွေးနွေးဖူးသည်။ ဆရာ နတ်နွယ်နှင့်လည်း ဆွေးနွေးခဲ့ဖူးသည်။ အယူအဆ အတူတူဖြစ်သည်။
၁၉၇၂ ခုနှစ်က ကျွန်တော်တို့ ရဲဘော်တစု ပြည်သူ့ကြယ်ဂျာနယ် ထုတ်ဝေခဲ့စဉ်က ဆရာနတ်နွယ်က 'အိပ်မက်တွင်တွေ့ဆုံခြင်း' အခန်း အမြဲရေးသည်။ ဆရာတာရာက ဗညားသီဟ 'စာပေစစ်တမ်း' နှင့် မောင်စိမ်းမြနာမည်ဖြင့် စာပေဆောင်းပါး အမြဲရေးပါသည်။ ထိုစဉ်က တို့ထိရေးရင်း လူငယ်ကဗျာဆရာတချို့ မိုးဝေတွင် ရေး၊ မရေး သဘောထား ကွဲခဲ့ကြသည်။ ကျွန်တော်က မိုးဝေတွင် မရေးရေး သဘောထားကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ အဓိကဦးတည်ချက်ကို ဆုပ်ကိုင်ကြ ဆိုသော ဆောင်းပါးတပုဒ်ကို ပြည်သူ့ကြယ်တွင် ကျွန်တော် ရေးခဲ့ပါသည်။ စာပေသမားများ စည်းလုံးညီညွတ်ကြဖို့ လှုံ့ဆော်ခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် တနွယ်ထဲမှ အသီးများ ဖြစ်သည်။ တပင်ထဲမှ အရွက်များဖြစ်သည်။ ဦးတည်ချက်တူ၊ အယူဆတူသူများ ဘာကြောင့် ဘာကြောင့် မစည်းလုံးနိုင်သနည်း။ ဘာကြောင့် လက်မတွဲနိုင်သနည်း။ ဘာကြောင့်စကားမပြောနိုင်ရသနည်းဟု ကျွန်တော်ရေးခဲ့ ပါသည်။
၁၉၉၈ ဆရာမြသန်းတင့် ကွယ်လွန်စဉ်က ထိန်ပင်သင်္ချိုင်း ဆရာမြဈာပနတွင် ဆရာနတ်နွယ်နှင့် ဆရာဒဂုန်တာရာတို့ ဆုံခဲ့သည်ကို ကျွန်တော်တွေ့ခဲ့ပါသည်။ ဆရာမြ အလောင်းကို နောက်ဆုံးနှုတ်ဆက်ရင်း၊ ဆရာတော်ဦးပညာ၊ ဆရာဒဂုန်တာရာ၊ ဆရာ နတ်နွယ်နှင့် ကျွန်တော်တို့ စကားပြောခဲ့ကြပါသည်။
xxxx xxxxx xxxx xxxxx
မနက် ၁၀ နာရီခွဲခန့်တွင် ဆရာဒဂုန်တာရာ ရောက်လာပါသည်။ ဆရာနတ်နွယ်က ကားပေါ်က တွဲဆင်းလာသော ဆရာတာရာကို လက်ကို ဆုပ်ကိုင်ရင်း ကြိုဆိုပါသည်။ အလွန်ကြည်နူးစရာကောင်းသော မြင်ကွင်း၊ ပြန်လည်ဆုံဆည်းကြသော ဆရာ ၂ ဦး၏ Reunion ကို လူငယ်စာပေသမားများက ၀မ်းသာကြည်နူးစွာ ဓာတ်ပုံများ ရိုက်ကြသည်။ ပီတိဖြစ်ကြလေသည်။ ထိုအချိန်တွင် ဆရာမ ဒေါ်ခင်ဆွေဦးလည်း ရောက်လာပါသည်။ ဆရာတို့အားလုံး စားပွဲတွင်ထိုင်၍ စားသောက်ပြီးသည်နှင့်-
"ကြွရောက်လာတဲ့ မိတ်ဆွေစာပေသမားများ ခင်ဗျား၊ ဒီနေ့ဟာ ဆရာနတ်နွယ်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒီလိုနေ့မှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အယ်ဒီတာတွေ အားလုံးစည်းစည်းလုံးလုံးနဲ့ ဆုံစည်းကြစဉ်မှာ ဆရာဒဂုန်တာရာလည်း ရောက်ရှိလာတဲ့အတွက် ကျွန်တော်တို့ အားလုံး ၀မ်းမြောက်ကြည်နူးရပါတယ်။ ဒါကြောင့် ဆရာတို့က ကျွန်တော်တို့ လူငယ်စာပေသမားတွေကို သြ၀ါဒပေးဖို့ မေတ္တာရပ်ခံပါတယ်" ဟု ကျွန်တော်က ဆရာတို့ကို ပန်ကြားလိုက်ပါသည်။ ပထမဆုံး ဆရာဒဂုန်တာရာက ဆရာနတ်နွယ်၏ ၇၇ နှစ်မြောက် မွေးနေ့ကို တက်ရောက်ရသည့်အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း၊ ဆရာနတ်နွယ် ကျန်းမာစေဖို့လည်း ဆုတောင်းပါကြောင်း၊ ပြည်သူ့အကျိုး စာပေလောကအကျိုးအတွက် စာပေများ ဆက်လက်ရေးသားဖို့ ဆန္ဒပြုပါကြောင်း ဦးစွာပြောဆိုပြီးနောက်-
ဒီနေ့မှာလည်း ကျွန်တော်ပြောနေကျ ကျွန်တော်လက်ခံယုံကြည်တဲ့ ကျွန်တော့် သဘောထားကိုပဲ ပြောချင်ပါတယ်။ ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တာဟာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဖြစ်တယ် ဆိုတာပါပဲ။ ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးအတွက်၊ ညီညွတ်ရေး ရှိရပါလိမ့်မယ်။ ညီညွတ်ရေးရရှိဖို့ လွတ်လပ်မှု ရှိရပါမယ်။ ပြည်သူအားလုံးတန်းတူ အခွင့်အရေးရှိမယ့် လွတ်လပ်မှုရမှ ညီညွတ်ရေးရမှာ ဖြစ်ပါတယ်-
ဟု ဆရာဒဂုန်တာရာက စာပေသမားအားလုံးကို သြ၀ါဒပေးပြီးသည့်အခါ၊ ဆရာနတ်နွယ်ကလည်း သူ၏ ၇၇ နှစ်မွေးနေ့သို့ စာပေသမားများ တက်ရောက်လာသည့် အတွက် ၀မ်းမြောက်ကြောင်း၊ ဆရာဒဂုန်တာရာနှင့်အတူယခုကဲ့သို့ စာပေသမား စုံစုံညီညီ လာရောက်ကြသည့်အတွက်လည်း ၀မ်းမြောက်ပါကြောင်း၊ နောက်ထပ် ရင်းနှီးခင်မင်သည့် စာပေသမားများလည်း လာရောက်ကြမည် ဖြစ်ကြောင်း၊ ဆရာဒဂုန်တာရာ၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး သဘောထားအတိုင်း အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိစေလိုသော ဆန္ဒရှိပါကြောင်း ပြောကြားသွားခဲ့သည်။
ဆရာမ ဒေါ်ခင်ဆွေဦးကလည်း ဆရာနတ်နွယ်နှင့် သူမတို့မှာ အသက်တူကြောင်း၊ လပိုင်းပင် ကွာလိမ့်မည်ထင်ကြောင်း၊ ယခု မွေးနေ့သို့ လာရောက်ရသည့်အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း၊ ဆရာနတ်နွယ်အနေဖြင့် ကျန်းမာစွာ စာပေအကျိုးကို ဆက်လက်ထမ်းဆောင် သွားနိုင်ပါစေဟု ဆုတောင်းကြောင်း၊ ဆရာဒဂုန်တာရာ၏ ရန်သူမရှိ၊ မိတ်ဆွေသာရှိသော ငြိမ်းချမ်းရေး အယူအဆကို လက်ခံယုံကြည်ကြောင်းလည်း ဆရာမက ပြောကြားသွားခဲ့ လေသည်။
ကျွန်တော်တို့ အနေနှင့် စာပေသမားအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် မဖိတ်နိုင်ခဲ့ပါ။ မဂ္ဂဇင်း၊ ဂျာနယ်များကိုလည်း စုံစေ့အောင် အကြောင်းမကြားနိုင်ခဲ့ပါ။ ဆရာနတ်နွယ်ကလည်း ရင်းနှီးခင်မင်သူများကိုသာ သူ့မွေးနေ့ကို ဖိတ်နိုင်ခဲ့ပါသည်။ သို့သော် ထိုနေ့က လူတော်တော် စုံပါသည်။ ဆရာနတ်နွယ်၏ ယခင်မွေးနေ့များသို့ ကျွန်တော် မတက်ရောက်ခဲ့ဖူးပါ။ ယခု လောက် လူများသည်ဟုလည်း မကြားခဲ့ဖူးပါ။ ယခု ၇၇ နှစ် မွေးနေ့တွင်ကား မဂ္ဂဇင်း၊ ဂျာနယ်များ၊ လူငယ်စာရေးဆရာများ၊ ကဗျာဆရာများ တက်ရောက်လာကြပါသည်။
ဆရာ့အိမ်ရှေ့ခြံဝင်းလေးထဲရှိ စားပွဲကုလားထိုင်များ အားလုံး လူပြည့်ပါသည်။ ဆရာ့ အိမ်ထဲတွင်လည်း လူပြည့်ပါသည်။ အိမ်တွင်း နှင့် ခြံဝင်းအတွင်း ထိုင်စရာမရှိတော့သဖြင့် လမ်းပေါ်တွင် ထွက်ရပ်နေကြရပါသည်။
ဆရာဒဂုန်တာရာက ယခုနှစ်တွင် အသက် ၉၀ ရှိပါပြီ။ ထိုအသက်အရွယ်မှာ လူ့သက်တမ်း၏ အမြင့်ဆုံးအရွယ် ရောက်နေပြီ ဖြစ်သည်။ ဆရာသည် မျက်စိမကောင်း တော့ပါ။ သို့သော် ကျန်းမာရွှင်လန်းနေဆဲ ဖြစ်သည်။ ဆရာနတ်နွယ်မှာ ဆရာတာရာထက် ၁၃ နှစ် ငယ်သော်လည်း ကျန်းမာရေးမကောင်းလှပါ။ ဆရာနတ် ကျန်းမာရေးကို အားမရပါ။ သို့သော် ဆရာက သတိကောင်းပါသည်။ သူ့မိတ်ဆွေ စာပေသမားအားလုံးကို မှတ်မိပါသည်။ သူ့မွေးနေ့ကို ဂုဏ်ပြုလာသူ အားလုံးကိုလည်း လိုက်လံကြိုဆိုနှုတ်ဆက်ပါသည်။ ဆရာ ဒဂုန်တာရာနှင့် ဆရာနတ်နွယ်တို့ နှစ်ယောက် ယှဉ်တွဲစကားပြောနေသည့် မြင်ကွင်းကို ကျွန်တော့်မျက်စိထဲတွင် မပျောက်တော့ပါ။ တွေ့ဆုံစကားပြောလိုက်သည့် ရင်းနှီးချစ်ခင်မှု၊ ညီညွတ်ပေါင်းစည်းမှုကိုလည်း ကျွန်တော်မမေ့တော့ပါ။
မှတ်သားစရာ၊ အလေးအနက်ထားစရာ၊ နည်းယူဖွယ်ရာ၊ ဆုံတွေ့မှုကို စာပေသမား အားလုံးက အမှတ်ရနေပါသည်။ ငြိမ်းချမ်းမှ ညီညွတ်မည်။ ညီညွတ်မှ ငြိမ်းချမ်းပေမည်။ ညီညွတ်မှ လွတ်လပ်မည်ဆိုသော ဒဂုန်တာရာ၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ လွတ်လပ်ရေး၊ တန်းတူအခွင့်အရေးရရှိရေး တရားမှာ ကျွန်တော့်နားထဲ စွဲနေပါသည်။ ပထမမျိုးဆက်၊ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်စသော မျိုးဆက်အားလုံး စည်းလုံးညီညွတ်ကြဖို့ စာပေအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်ဖို့ ကြိုးပမ်းအားထုတ်သွားကြရမည်။ ဆရာနတ်နွယ်၏ မွေးနေ့မှ စာပေသမားများ၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး ပြယုဂ်သည် ကျွန်တော်တို့ အားလုံး အတွက် နိမိတ်လက္ခဏာဖြစ်နေသည်ဟု ခံစားမိပါတော့သည်။
ထက်မြက်။
{အလင်းတန်းဂျာနယ်၊ ၉၊ ဖေဖော်ဝါရီ ၂၀၀၉။}

Saturday, March 21, 2009
ဒဂုန်တာရာနှင့် ၇၇ ပြည့် နတ်နွယ်

နွယ်နီမဂ္ဂဇင်း တည်ထောင်သူ စာရေးဆရာနတ်နွယ်၏ အသက် ၇၇ နှစ်ပြည့်မွေးနေ့ အမှတ်တရပွဲကို ရန်ကုန်မြို့၊ မြောက်ဥက္ကလာ၊ နွယ်နီ ၃ လမ်း၊ နေအ်မ်၌ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပရာ မဂ္ဂဇင်းအသီးသီးမှ အယ်ဒီတာများ၊ စာရေးဆရာများ၊ ကဗျာဆရာများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ မွေးနေ့ပွဲမှာ အထူးဖိတ်ကြားထားသည့် စာရေးဆရာကြီး ဒဂုန်တာရာလည်း တက်ရောက်ခဲ့ပါသည်။
အလားတူ စံပယ်ဖြူမဂ္ဂဇင်း တည်ထောင်သူ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးလည်း တက်ရောက်ခဲ့ပါသည်။
အခမ်းအနားမှာ ဆရာဒဂုန်တာရာမှ အမှာစကား ပြောကြားရာမှာ မိမိမှာ ရန်သူမရှိ၊ မိတ်ဆွေသာ ရှိကြောင်း၊ နိုင်ငံရေး လုပ်သည်မှာ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း။
ဆရာနတ်နွယ်က စာရေးဆရာများ စုံညီစွာတွေ့ရတဲ့အတွက် ၀မ်းမြောက်ကြောင်း ပြောကြားသွားခဲ့ပါသည်။
စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးက ဤမွေးနေ့ပွဲတွင် ဆရာနတ်နွယ်နှင့်အတူ ဆရာဒဂုန်တာရာကိုပါ အတူယှဉ်တွဲတွေ့ရသဖြင့် အထူးပင် ၀မ်းမြောက်ရပါကြောင်း ပြောကြား သွားပါသည်။ ဆရာနတ်နွယ်မှာ မိုးဝေမဂ္ဂဇင်းကို ၁၉၇၀ ၀န်းကျင်ကာလများက ဦးစီးဦးဆောင်ခဲ့ သူတဦးဖြစ်ပြီး ခေတ်ပေါ်ကာရန်မဲ့ ကဗျာများကို မိုးဝေမဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် ကဗျာပုံသဏ္ဍာန်တခု ပြောင်းလဲစေခဲ့ပြီး မိုးဝေကှာများကို မြန်မာစာပေသမိုင်း တွင် တင်ရစ်စေခဲ့သူ တဦးဖြစ်ပါသည်။ ဆရာမှာ ဇနီး၊ သား၊ မြေး ဆယ်ဦးနှင့်အတူ မြောက်ဥက္ကလာ၊ နွယ်နီ ၃ လမ်းတွင် နေထိုင်လျက် ရှိပြီး ယခုအခါ ကျန်းမာရေး အနည်းငယ်ချို့ယွင်လျက်ရှိသဖြင့် နေအိမ်မှာပင် အနားယူလျက် ရှိပါသည်။
အလင်းတန်းဂျာနယ်၊ ၉ ဖေဖော်ဝါရီ၊ ၂၀၀၉ မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
Rest of your post

Sunday, March 15, 2009
မတ်လ တော်လှန်ရေး
ရေးသူ- ဒဂုန်တာရာ
မိုးကုပ်ကုပ်ဝယ်
အို- ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အာရုဏ်ပေါ်စ ၀ိုးတ၀ါး။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ မနီးမဝေး
ချောင်းရိုးဘေးမှ၊ ဖြေးဖြေးညှင်းညှင်း
လှေတစင်းထက်၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက်၊ ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။
အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက်၊ ချောင်းကွေ့ထက်တွင်
အုပ်ရှက်ထွေးရော၊ သင်ပေါင်းတော၏
နောက်ကျောစေးပျစ်၊ သောင်ရေစစ်မှ
ဖက်ဆစ်ကင်းစောင့် စစ်စခန်း။
ချောင်းကိုကွေ့သော်
တွေ့လျှင်တွေ့ချင်း၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင်
အသာရုတ်ချင်း၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည်
မြစ်ယံ ပဲ့တင် ထပ်သတည်း။
ငွေလရောင်လျှင်
အမှောင်ညရိပ်၊ သေးသေးစိပ်သား
မိုးထိပ်တိမ်မော်၊ ငြိမ့်ငြိမ့်ပေါ်သည်
စန္ဒော်ပြုံးလှည့်၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့်ညဥ့်ခါ၊ ထိန်ထိန်သာသော်
ကျယ်စွဝန်းလျား၊ လယ်ကွင်းနားမှ
တောဖျားညို့အုပ်၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း၊ တွဲလွဲဆိုင်း၍
ဖြူဝိုင်းစက်စက်၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင်၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိက္ခာ။
ရွာတရွာကား
မှိုင်းပြာမဲညို့၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့်၊ ပရမ်းပတာ
ထွက်ပြေးရှာရ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀၊ မီးလောင်မြေမှ
နွမ်းခွေပျောင်းယဲ့၊ ညင်းလေဖွဲ့က
သဲ့သဲ့ခွေးဟောင်သံတကား။
ခရေပွင့်လျှင်
ကြွေရင့်ဝါ၀ါ၊ မြေ၌မှာလျှင်
ရောကာပေါင်းရှက်၊ ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်ရွက်ကြွေ။
ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်
အနီထဲမှကြယ်ဖြူပွင့်။
ဒဂုန်တာရာ
{တာရာမဂ္ဂဇင်း၊ ၁၉၄၇}
[ဒဂုန်တာရာ၏ဒဂုန်တာရာ နှင့် သူ၏ကဗျာ၊ စာအုပ် ဒုတိယနှိပ်ခြင်း၊ ၁၉၆၇ မှ ကူးယူဖော်ပြပါတယ်။]

Wednesday, March 4, 2009
ဦးချစ်မောင်
ရေးသူ- သခင်သန်းမြိုင် (ပြည်သူ့အာဏာ-အယ်ဒီတာ)

(၁)
စကားစပ်မိ၍၊ သတင်းစာ-ဂျာနယ်ဆရာများအကြောင်း ပြောမိကြလျှင် ဦးချစ်မောင် သည် ပရိဿတ်အလယ်သို့ ၀င်လာတတ်ပေသည်။
လက်ဦးဆုံး တကယ်တန်း ဦးချစ်မောင်ကို သိအောင် ထောင်ထဲတွင် မိတ်ဆက်ပေး ခဲ့သူ မှာ သခင်တင်ဖေဖြစ်သည်။
လွန်ခဲ့သော ၇- နှစ်ခန့်က ဖြစ်လေသည်။
အပြင်လူ့လောကနှင့် အဆက်ပြတ်နေသော အချိန်ပေတည်း။
ကျဉ်းမြောင်းလှသော ထောင်နံရံအတွင်း၌ သခင်တင်ဖေနှင့် ကျွန်တော်တို့ စကားလက်ဆုံ ကျတိုင်းလိုပင်၊ သခင်တင်ဖေသည် သူသိသော ဦးချစ်မောင်အကြောင်းကို ပြောပြတတ်လေသည်။
သခင်တင်ဖေက ပုံစံဆေးလိပ်ကို ဖွာနေရာမှ ပြုံးပြီး ဦးချစ်မောင်နှင့် စာရေးဆရာများ အခန်းတခုတွင်စုပြီး နေခဲ့ပုံကို ခလေးများအား ပုံဝတ္ထုပြောပြသကဲ့သို့ ဇာတ်ကြောင်းပြန် လေ့ရှိလေသည်။
ကျွန်တော်က ပုံစံဆေးလိပ် လိပ်ရန်၊ ဆေးပြင်းလိပ်တလိပ်ကို မုတ်ဆိပ်ရိတ်သည့်ဓါးဖြင့် ပါးပါး ပါးပါးလှီးနေရာမှ နားထောင်နေလေသည်။
(၂)
အဲဒီတုန်းက- သိပ်ပျော်ဒါဘဲဗျာ၊ အကုန်စာရေးဆရာတွေချည့် စုနေကြတာကိုး။
တခါဟာ- နယ်ကဧည့်သည်တယောက် လာပြီးတည်းသွားတယ်။ ဧည့်သည်က သူပြန်တဲ့အခါမှာ ကျန်နေတဲ့လူတွေ သောက်ချင်ရင် သောက်ရအောင်ဆိုပြီး၊ ၀မ်းနှုတ်ဆေး ပုလင်းတလုံး ထားပစ်ခဲ့တယ်။ အဲဒီပုလင်းမှာလဲ စက္ကူကပ်ပြီး ၀မ်းနှုတ်ဆေးဆိုပြီး စာရေးထား တယ်။
ဒါပေမယ့် ဘယ်သူ လက်ကမြင်းတယ် မပြောတတ်ဘူး၊ နောက်တနေ့ကျတော့၊ "၀မ်းနှုတ်ဆေးမဟုတ်" ဆိုပြီး ဖြစ်နေပါရော။
ဒါတွင်မကသေးဘူး၊ တယောက်က "အဆိပ်" လို့ ထပ်ပြီး ရေးပစ်ခဲ့ပြန်ရော။ စာရေးဆရာတွေချည်း စုနေတော့ တယောက်ပြီးတယောက် လက်စွမ်းပြကြဒါပေါ့။
နောက်တခါ အဆိပ်နောက်ကဆက်ပြီး "ဟူ၍မဆိုလို" လို့ တယောက်က ရေးသွားတာ ပေါ့။
အဲဒီတော့ "၀မ်းနှုတ်ဆေးမဟုတ်၊ အဆိပ်ဟူ၍မဆိုလို" ဆိုပြီး စာကရှုပ်လာရော။
ဒါနဲ့- မရပ်သေးဘူး၊ နောက်တယောက်က ၀င်ဖြည့်လိုက်သေးတယ်။
"သို့သော်" တဲ့။
တခါ နောက်တယောက်က ဆက်လိုက်သေးတယ်။
"မသောက်ရ"
အဲဒါတောင်မဆုံးသေးဘူး။
နောက်ဆုံးမှာ "ဟုမမှတ်သင့်ပေ" လို့ ဆက်လိုက်သေးတယ်။
"၀မ်းနှုတ်ဆေးမဟုတ်၊ အဆိပ် ဟူ၍မဆိုလို၊ သို့သော်၊ မသောက်ရ ဟုမမှတ်သင့်ပေ"
အဲဒါနဲ့ဘဲ ၀မ်းနှုတ်ဆေးပုလင်းကို ဘယ်သူမှ မသောက်ဝံ့တော့ဘဲ၊ တခါတည်း လွှင့်ပစ်လိုက်ရတယ်။
ကိုချစ်မောင်နဲ့ စာရေးဆရာတွေ စုနေကြတုန်းကပေါ့။
ကျွန်တော်က ပြုံးလိုက်လေသည်။
(၃)
တခါဟာ- ကိုချစ်မောင် ဘူတာရုံကို သွားပြီး လူကြိုတာကိုး။ ရထားဆိုက်လာတဲ့အခါ၊ ရပ်ပြီး ဟိုကြည့်သည့်ကြည့် ကြည့်နေတုန်း၊ အမျိုးသမီးတဦးက၊ ရထားပြတင်းပေါက်က ခေါင်းပြူထွက်တဲ့ပြီး၊ ကူလီ- ကူလီ လို့ ခေါ်နေတာကိုး။
ကိုချစ်မောင်ကလဲ- လုံချည်တိုတို ခုံဖိနပ်နဲ့ စွပ်ပြဲအင်္ကျီကို ၀တ်လို့။
ကူလီ- ကူလီလို့ ခေါ်သံကြားတော့- ကိုချစ်မောင်က ဘေးပတ်လည်ကို ကြည့်သတဲ့။
ကူလီလဲ တယောက်မှ မတွေ့ဘူး။
နောက်တော့မှ ကူလီခေါ်သူကို ကြည့်လိုက်တော့၊ သူ့ကို ခေါ်နေကြောင်း သိရတယ်တဲ့။
ကိုချစ်မောင်ကလဲ ခေါ်တဲ့ဆီကို လျှောက်သွားတာပေါ့။
ကူလီခေါ်တဲ့ အမျိုးသမီးက ကိုချစ်မောင်လဲ အနားကိုရောက်လာရော၊ ၀မ်းသာအားရနဲ့ "ဒီလို ဒို့ဗမာ အမျိုးသားတွေ အခုလို ကူလီအလုပ်ကို ၀င်လုပ်လာတာ တွေ့ရတော့ ၀မ်းသာစရာဘဲ၊ ကျမက ဗမာအမျိုးသား အချင်းချင်းမှ ငှားချင်တာ" လို့ ပြောပြောဆိုဆိုဘဲ သားရေသေတ္တာတလုံးကို လှမ်းပေးလိုက်တယ်တဲ့။
အဲဒီအချိန်တုန်းက ဗမာပြည်မှာ အမျိုးသားစိတ်တွေ တက်ကြွနေတဲ့ အချိန်ပေါ့။ အမျိုးသမီးမှာ မျိုးချစ်စိတ်တွေ တက်ကြွနေတာကို မဖျက်ဆီးချင်တာနဲ့ဘဲ၊ ကိုချစ်မောင်က သေတ္တာကြီးကို ယူပြီ ထမ်းလိုက်ရောတဲ့။
သေတ္တာကိုထမ်းပြီး အမျိုးသမီးနောက်က လိုက်သွားတဲ့အခါမယ်၊ အမျိုးသမီးက သူ့ကို ကြည့်ပြီး ပြောသေးသတဲ့။
အမယ်လေး- ဒို့ဗမာတွေကတော့၊ ကူလီလုပ်နေတာတောင်မှ၊ မျက်မှန်ကြီး တပ်လို့။
အဲဒီတော့ ကိုချစ်မောင်က၊ ကျွန်တော် မွေးကတည်းက မျက်စိမွဲလို့ တပ်တာပါ၊ ဟန်ထုတ်ချင်လို့ မဟုတ်ပါဘူးလို့ ပြန်ပြောလိုက်တယ်တဲ့။
ဒါနဲ့ သရေသေတ္တာကို ထမ်းပြီးလိုက်ပို့လိုက်တာ၊ အမျိုးသမီးနေတဲ့တိုက်ရောက်သွားလို့၊ ပေးတဲ့ ကူလီခကို ယူပြီး ပြန်ဆင်းလာတဲ့အခါ၊ ခုံဖိနပ်ကြီးနဲ့ဆိုတော့ ချော်ပီး ဒလိမ့်ကောက် ကွေး ကျသွားပါလေရော။
အဲဒီဒင်- ကူလီအဖြစ် ငှားလာတဲ့ အမျိုးသမီးက၊ ကဗျာကရာ ဆင်းပြီးလာသတဲ့။
ကိုချစ်မောင် မျက်မှန်လဲ ကွဲသွားတာပေါ့။
အမယ်လေး- ဆင်းရဲရတဲ့အထဲ ဖြစ်မှ ဖြစ်ရလေ၊ မျက်မှန်က ဘယ်လောက်တန် သလဲလို့ အမျိုးသမီးက ဂရုဏာနဲ့ မေးသတဲ့။
အစိပ်လောက်တန်ပါတယ်ခင်ဗျာ။
ဒါနဲ့ သူ့ကို မျက်မှန်ဘိုး ထုတ်ပေးလိုက်တယ်တဲ့။
ကျွန်တော်သည် ဦးချစ်မောင်၏ စိတ်သဘောထားကို တွေးကြည့်နေမိသည်။
(၄)
သို့နှင့်ပင်- မမြင်ဘူး မတွေ့ဘူးဘဲ ဦးချစ်မောင်ကို စွဲလန်းလျက် ရှိသည်။
ကျွန်တော် အင်းစိန်ထောင်မှ လွတ်သောအခါ- ရန်ကုန် ရေကျော်မှ ဂျာနယ်ကျော် အလုပ်တိုက်သို့ ၀င်မိတော့သည်။ သိဟောင်းကျွမ်းဟောင်းတယောက် အိမ်တွင် ၀င်ရဘိ သကဲ့သို့ပင် စိတ်ထဲ၌ ဖြစ်နေသည်။
ဦးချစ်မောင်ကို မတွေ့၊ ဘယ်သွားနေသည် မသိ။ သို့နှင့်ပင် တဂျောင်းဂျောင်းနှင့် ရိုက်နေသော ဂျာနယ်ကျော် ပုံနှိပ်စက်ကြီးကိုသာ ငေးကြည့်ပြီး ထွက်ခဲ့ရသည်။
ထိုမှ နဂါးနီ အလုပ်တိုက်သို့ သွားပြီး နဂါးနီအယ်ဒီတာ ဦးထွန်းရွှေနှင့်သာ တွေ့ရတော့သည်။ ထောင်တွင်းမှ သခင်စိုး၏ မှာကြားချက်အရ သွားရခြင်းပင် ဖြစ်၏။ သခင်စိုး ရေးသော "လူ့လောကဖြစ်စဉ်" ဆိုသော စာအုပ်ကြီးကို ရိုက်နှိပ်ရေးကိစ္စပင် ဖြစ်သည်။
အဲဒီစာအုပ်ဘဲဗျဟု ဦးထွန်းရွှေက "လူ့လောကဖြစ်စဉ်" စာတွဲကြီးကို လှမ်း၍ ပေးလိုက်သည်။ ကျွန်တော်က ယူ၍ ကြည့်သည်။ အလွန်ပင် ကြီးကျယ်သည့် ကျမ်းကြီး တစောင်ပင် ဖြစ်သည်။
အဲဒါကို ပိုက်ဆံမရှိတာနဲ့ မရိုက်နိုင်သေးဘူးဗျာဟု ဦးထွန်းရွှေက ညည်းလေသည်။
ကျွန်တော်က ဘာမျှပြန်မပြော၊ ပုံမနှိပ်ရသေးသော စာအုပ်ကို အားပါးတရ သုတ်ခြေတင်ပြီး ဒုန်းစိုင်း၍ ဖတ်နေမိသည်။ ဦးဦးဖျားဖျား ပုံမနှိပ်ရသေးသည့် စာမူကို ဘတ်ရသည့် ကုသိုလ်ကံသည် နှယ်နှယ်ရရမဟုတ်။ ဧရာမ ကုသိုလ်ကံပင် ဖြစ်လေသည်။
ကျွန်တော် စာအုပ်ကြီးကို ဖတ်၍ ပြီးသောအခါ၊ ဦးထွန်းရွှေကို မတွေ့ရတော့။ ဘယ်အချိန်က ဘယ်ကို ထွက်သွားသည်မသိ။ ထိုအချိန်မှစ၍ နောက်ကိုလည်း ဘယ်နံရော အခါမျှ မတွေ့ရတော့။
ဦးချစ်မောင်ကိုမူကား ဂျပန်ခေတ်ရောက်တော့မှ တွေ့ရသည်။ ဤခေတ်မတိုင်မီအတွင်း မတွေ့ခြင်းသည် ချက်ချင်းလိုပင် ပြန်၍ ထောင်နန်းစံရသောကြောင့်တည်း။
(၅)
ဂျပန်ပန်ခေတ်တွင်၊ ကျွန်တော် ရန်ကုန်သို့ လာရောက်နေထိုင်သည်။ ထို့နောက် ဦးချစ်မောင်နှင့် ခင်မင်ရင်းနှီးသူတယောက် ဖြစ်လာသည်။
ဦးချစ်မောင်နှင့် စကားလက်ဆုံကျတိုင်း ကျွန်တော်မသိမှီခဲ့သော ရှည်ဝေးလှသည့် အတိတ်ကာလမှ အဖြစ်အပျက်ကလေးများကိုဖောက်သည်ချလေ့ရှိသည်။ နိုင်ငံတွင် စတင် ကျော်ကြားခဲ့သော စာရေးဆရာကြီးများအကြောင်းကို အထူးသဖြင့် ပြောသည်။
ဇေယျကြီးက စာရေးရာမှာ အတော်ကောင်းတာကိုး- ဆရာလွန်းကြီး (သခင်ကိုယ်တော်မှိုင်း)က သဘောကျတာနဲ့ သူ့သမီးနဲ့ ပေးစားလိုက်ရော ဟူသည်ကအစ ပီမိုးနင်းကြီးကို စက်ဘီးတိုက်သည်အထိ အားလုံးပြောနေတတ်သည်။
များသောအားဖြင့် ကျွန်တော်နှင့် ဦးချစ်မောင်သည် ဆိုက်ကားစီး၍ လည်ပတ်တတ်ကြ သည်။ ဦးချစ်မောင်က ရှေ့မှ ထိုင်၍ ကျွန်တော်က နောက်မှ ထိုင်တတ်သည်။ထို့နောက် ဗဟန်းမှ လက်ဘက်ရည်ဆိုင်များတွင် ကျက်စားကြလေသည်။
အသိများနှင့်တွေ့တိုင်း၊ ဦးချစ်မောင်က အတင်းခေါ်ပြီး လက်ဘက်ရည်တိုက်သည်။ သူရော ကျွန်တော်ပါ လက်ဘက်ရည်ကို သောက်ပြီးသော်လည်း၊ အသိနှင့်အတူ ထပ်သောက်ကြသည်။ သည်လိုနှင့် အသိနှင့်တွေ့တိုင်း- မရေတွက်နိုင်အောင် လက်ဘက်ရည် သောက်ကြသည်။ ဦးချစ်မောင်မှာ အတော်ပင် လက်ဘက်ရည်သောက်နိုင်ပါပေသည်။ ကျွန်တော်လည်း ခေသူမဟုတ်၊ လက်ဘက်ရည်ဆိုသည်မှာ ရေပင်ဖြစ်သည်။ အကြိမ်ကြိမ် ဘယ်နှစ်ခွက်ပင် သောက်ရစေကာမူ သောက်နိုင်ကြသူများ ဖြစ်ကြသည်။ အင်မတိ အင်မတန် ဘက်ညီပါပေသည်။ ဤသို့ လက်ဘက်ရည်သောက်လိုက် မုန့်စားလိုက်နှင့် နံနက်စာ မစားရသည်က များလေသည်။
အချိန်ကုန်တော့မှပင် အိမ်သို့ ပြန်ကြလေသည်။
မှတ်မှတ်ရရ တခါက ဆိုက်ကားဖြင့် အိမ်သို့ ပြန်ကြရာ၊ ဘာစိတ်ကူးနှင့်မသိ၊ ဦးချစ်မောင်က "ဗမာပြည်မှာ သိကြားမင်းဆိုရင် ရီစရာလို့ဘဲ အောက်မေ့အောင် ပြောင်လှောင်ရေးတာ ဘယ်သူလဲ" ကျွန်တော်အား မေးသည်။
ကျွန်တော်က ဇ၀နပေါ့ဟု ပြန်ပြီးပြောလိုက်သည်။
ဦးချစ်မောင်က ဘာမှ မပြောတော့၊ ဘာကြောင့် မေးသည်ကိုလည်း ကျွန်တော်မသိ။
(၆)
တခါက- ဗမာစာတော်အောင် ဘယ်လိုလုပ်ရမလဲဟု ကျွန်တော်က မေးသည်။
ဗမာစာတော်ချင်ရင်- မဃဒေ၀ကို ဘတ်၊ မဃဒေ၀ ဟာ ဗမာစာပေမှာ အကြွယ်ဝဆုံးဘဲ၊ ဟု သူက ပြန်ပြောလေသည်။
သို့နှင့် ကျွန်တော် မဃဒေ၀ကို ပြီးဆုံးအောင် ဘတ်ဘူးတော့သည်။ ဘတ်ရုံသာ ဘတ်ခြင်းဖြစ်သည်။ ဦးချစ်မောင်လိုတော့ သေချာစွာ မှတ်ခြင်းများ မရှိခဲ့။ ဦးချစ်မောင်မှာ မဃဒေ၀အတွင်းမှ စာညွန့်ကလေးများကို အာဂုံဆောင်ထား၍ တခါတခါတွင် အလျဉ်းသင့် လျှင် ရွတ်၍ ပြတတ်သည်။
ဤမျှ ဦးချစ်မောင်ထံသို့ ကျွန်တော်ချဉ်းကပ်ခဲ့သည့် အကြောင်းရင်း တခုမှာ သတင်းစာ ဂျာနယ်လုပ်ငန်းကို ၀ါသနာပါသောကြောင့်လည်း ဖြစ်လေသည်။
သတင်းစာ ဂျာနယ်ဆရာလုပ်တယ်ဆိုရင်- ကဗျာကိုလဲ ခေါက်မိရတယ်- ဟု ဦးချစ်မောင်က ပြောသည်။
ကျွန်တော့်ကို - သတင်းစာဆရာတဦး ဖြစ်လာစေချင်သူမှာ ဦးချစ်မောင်ပင် ဖြစ်သည်။
ကျွန်တော့်အား ကဗျာစပ်နည်းများကို သင်ကြားပေးသည်။ ဦးပုည ပြဇာတ်များလည်း အဘတ်ခိုင်းသည်။ ဦးတိုးရေးသည့် ရာမရကန်ကို သူအတော်နှစ်သက်သည်။
ဤသို့ စာပေနှင့် ပါတ်သက်၍ ဦးချစ်မောင်ထံမှ ဗဟုဿုတ ဆီးပူးခြင်း ပြုခဲ့သော်လည်း၊ နိုင်ငံရေး ယူဆချက်များနှင့် ပါတ်သက်၍ ဘာမျှမမေးပါ။ မေးလည်း မမေးချင်၊ နိုင်ငံရေးနှင့် ပါတ်သက်၍မူကား ကျွန်တော်နှင့် သဘောချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မည်။ ဤသို့ဖြစ်၍ စာပေနှင့် ပါတ်သက်၍သာလျှင် မေးမြန်းခြင်း၊ ဆွေးနွေးခြင်း ပြုခဲ့သည်။
(၇)
ဂျပန်တွေ ၀င်လာလို့ တောကို ပြောင်းပြီးနေတာ တနှစ်လောက်ကြာတယ်။ အဲဒီ တနှစ်အတွင်းမှာ စာအုပ်ပေါင်းတထောင်ကျော် ဘတ်ပြီးခဲ့တယ်ဟု ဦးချစ်မောင်က ကျွန်တော့အား ပြောပြခဲ့လေသည်။ ဦးချစ်မောင် စာဘတ်များကြောင်းကိုမူ ကျွန်တော် သိပါသည်။ သို့သော် တနှစ်အတွင်း စာအုပ်ပေါင်း တထောင်ကျော် ဘတ်ပြီးသည် ဆိုခြင်းကိုမူ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပေသည်။
မည်သို့ပင်ဆိုစေကာမူ- ဦးချစ်မောင်သည် ဗဟုသုတ ဟင်းလေးအိုးကြီးဖြစ်ကြောင်း၊ သူ့စာကို ဘတ်ဘူးသူတိုင်း၊ သူ့ကို တွေ့ဘူး သိဘူးသူတိုင်း ၀န်ခံရလေသည်။
ထို့ကြောင့်ပင် သတင်းစာ ဂျာနယ်ဆရာတို့၏ အကြောင်းကို ပြောကြတိုင်း၊ စကား လက်ဆုံကျတိုင်း၊ ဦးချစ်မောင်သည် ပရိသတ်လည်သို့ ၀င်၍ ၀င်၍ လာတတ်ပေသည်။
သန်းမြိုင်
{တာရာမဂ္ဂဇင်း၊ အတွဲ၁၊ အမှတ်၅ (၁၉၄၆?) မှ ကူးယူဖော်ပြပါတယ်။}
မြစ်လယ်မှာချစ်လှယ်တုန်းက
ရေးသူ- ကြည်အေး

မြစ်ရေပြင်လှေလူးလို့
ချစ်ဦးမယ်နဲ့မောင်
ပန်းခူးရအောင်။
လမင်းကလှောင်- ကြယ်ပြောင်ကပြုံး
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီခြုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုံး။ ။
လေအေးကခုန်ပျံ
ကြင်ဦးရင်မှာမှီလို့
ဆိုတေးဂီမြစ်တရိုးမှာ
စိုးတဲ့အသံ။
လှပသည့်ကာရံ၊ ပန်းမာလ်မှာနား
လ၀န်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။ ။
လ၀န်းတိမ်မှာကွယ်
မြစ်ယံလယ်မှုန်တ၀ါးမှာ
ရှက်အားကကြွယ်။
တက်ရေးဆန်းကြယ်၊ ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင်ချိုနှလုံးရယ်
ပြုံးတထေ့ထေ့။ ။
ကမ်းဆီကိုဝိုက်ကွေ့လို့
တရွေရွေ့စိုက်စိုက်လာ
တက်ပန်းကဖွာ။
ရွာဦးမှာစေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လည်ယှက်တင်ပျော်ပုံသစ်ရအောင်
ချစ်သက်သေထား။ ။
ကြည်အေး
{တာရာမဂ္ဂဇင်း၊ အတွဲ၁၊ အမှတ်၅၊ (၁၉၄၆?) မှ ကူးယူဖော်ပြပါတယ်}

Tuesday, March 3, 2009
မန္တလေး အနှစ်၁၅၀
ရေးသူ-ယာတောကသာဗြော
မန္တလေး အနှစ်၁၅၀
၂ဝဝ၉ ခုနှစ်၊ မတ်လ ၅ ရက်။
ကိုဟိုဒင်းရေ-
အုတ်ကျစ်ကျော်အေး မန္တလေး၊ အင်ကြင်းကြာအုံ ရတနာပုံ ဆိုတဲ့အတိုင်း မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှာ မင်းတုန်းမင်း တည်ခဲ့တဲ့ မန္တလေးမြို့ကြီးဟာ မကြာမီ လပိုင်း အတွင်းမှာပဲ အသက်၁၅ဝ ပြည့်တော့မယ်။ ဒီအကြောင်းကို ပြန်စဉ်းစားမယ် လုပ်လိုက်တာနဲ့ပဲ ခေါင်းထဲမှာ မန်းတောင်လက်ျာ ယိုးဒယား လိုဟာကအစ မြို့မဆရာငြိမ်းရဲ့ 'နန်းမြို့တော်' သီချင်း၊ ဆရာလင်းခေးလုလင်ရဲ့ 'မန်းရတနာပုံနေပြည်' သီချင်း စတဲ့ သီချင်းသံတွေကို ကြားယောင် လာပြီး မန်းရာပြည့်ပွဲတော်ကြီးကိုလည်း ပြန်သတိရလာမိတယ်ဗျာ။ ဟုတ်တယ်၊ ရတနာပုံ မန္တလေးမြို့ကို တည်တာ အနှစ်တရာ တင်းတင်းပြည့်တဲ့ အထိမ်းအမှတ်ပွဲတော်ကြီးကို ပြောတာပါ။
တကယ်တော့ ၁၉၅၉ ခုနှစ် ဆိုတာဟာ အိမ်စောင့်အစိုးရလို့ခေါ်တဲ့ ဗမာပြည်ရဲ့ ပထမဆုံး စစ်အစိုးရလက်ထက်ပဲ ဖြစ်ပါတယ်။ ပထစအစိုးရ တက်လာမယ့်ရွေးကောက်ပွဲကို မကျင်းပရသေးပါဘူး။ ကျနော် မှတ်မိသလောက်ဆိုရင် မန္တလေးအနှစ်တရာပြည့်ကို အစောဆုံး စိတ်ဝင်စား၊ ဖော်ထုတ်သူဟာ ရွှေကိုင်းသားလို့ ကလောင်နာမည်ယူထားတဲ့ ဆရာတော် ဦးသောဘိတပဲဗျ။ သူက အစောကြီးကတည်းက ဒီကာလကို ကြိုတွက်ပြီး မန္တလေးဆိုတဲ့ စာအုပ်ကြီးတအုပ်ကိုလည်းပြုစု၊ လူထုသတင်းစာကနေလည်း လှုံ့ဆော်နေတာ။ အဲဒီတုန်းက ဆရာကြီးဦးသန်းထွန်းတို့၊ ဦးကျော်ရင်တို့ မန္တလေးကိုမရောက်ကြသေးဘူး။ ဆရာတော်က ဒီလို တင်လိုက်တော့ ရှိနေတဲ့ ဆရာကြီး ရွှေပြည်ဦးဘတင်တို့လို မြန်မာပညာရှိကြီးတွေကလည်း ပါဝင်ကြ၊ တက္ကသိုလ်မြန်မာစာဌာနလိုဟာက သိုင်းဝိုင်းကြနဲ့ အဲဒီခေတ် အဲဒီအခါက ဗမာပြည်မှာ အကြီးကျယ်ဆုံးလို့ ဆိုရမယ့် မန်းရာပြည့်ပွဲတော်ဆိုတာကြီး ဖြစ်ပေါ်လာခဲ့ တာပဲဗျ။ မန္တလေးတောင်ခြေမှာ၊ အဲဒီတုန်းက ဘာမှအသုံးမပြုတဲ့၊ အခု တိရစ္ဆာန်ဥယာဉ် လုပ်ထားတဲ့ ကွက်လပ်ကြီးမှာ ခွန်နှစ်ရက်၊ ခွန်နှစ်လီ ကျင်းပတာ။ ဒိအယင်ကတော့ ဒီကွင်းကြီးထဲမှာ ရသေ့ကြီး ဦးခန္တီရဲ့ဈာပနပဲ ကျင်းပဖူးတယ်။
ဒီပွဲတော်ကြီး ကျင်းပတယ်ဆိုတော့ မန္တလေးသားတွေအဖို့ ဂုဏ်ယူမဆုံး၊ မော်မဆုံးပေါ့ဗျာ။ အဲဒီတုန်းက မန္တလေးမှာ အာဏာပိုင်ဖြစ်နေတဲ့ နမခ ခေါ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတော့ ထုံးစံအတိုင်း မြင်းဝန်မင်းဘုရားတည်၊ မြင်းသား များကောင်းမှု ဆိုတာမျိုး နှမ်းဖြူးတာပေါ့ဗျာ။ ဖွင့်ပွဲမှာ တိုင်းမှူးက ဖွင့်လှစ်တယ် ထင်ပါရဲ့။ တကယ်လုပ်ကြတာ၊ ပင်ပမ်းကြတာကတော့ မြို့လူကြီးတွေနဲ့ မြို့လူထုတွေပါ။ ဘာပဲပြောပြော သူတို့ ပင်ပမ်းရကျိုး နပ်တယ်လို့ ဆိုရမယ်ထင်ပါရဲ့၊ ပွဲကြီး ပြီးသွားတော့ အားလုံးပဲ ကျေနပ် အားရ ဖြစ်သွားကြတယ်။ နောင် နှစ်ပေါင်းများစွာပဲ ဒီအကြောင်းကိုမန္တလေးသားတွေက မြိန်ရေယှက်ရေ ပြောလေ့ရှိကြတယ်။ သူတို့က လူတယောက်ရဲ့ အသက်အကြောင်းပြောရင် သူက မန်းရာပြည့်ကျင်းပတဲ့ နှစ်မှာမွေးတာ၊ မန်းရာပြည့်ပြီး နောက်တနှစ်မှာ မွေးတာ စသဖြင့် ညွှန်းတတ်ကြတယ်။ ဒါ့အပြင် လူနာမည်တောင် ရာပြည့်လို့ မှည့်သူတွေ မနည်းဘူး။
အော်- မန္တလေးဆိုတာကလည်း ဗမာပြည်သမိုင်းနဲ့ ဗမာပြည်သားတွေရဲ့ စိတ်ထဲမှာ သူ့ထူးခြားချက်နဲ့ သူရှိနေတာကိုးဗျ။ မြန်မာမှုရဲ့မြို့တော်၊ မြန်မာ့ယဉ်ကျေးမှုရဲ့ အချက်အခြာ၊ ဗမာပြည် ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိကရ မြို့ကြီး စတဲ့ ဂုဏ်ပုဒ်တွေကို လူတွေက ပေါ့ပေါ့ဆဆ ချီးမြှင့်ထားကြတာမှ မဟုတ်တာကလား။ ဗမာတနိုင်ငံလုံး သူ့ကျွန်ဘဝရောက်ပြီး မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုတွေ အခြိမ်းခြောက်ခံရချိန်မှာ ဒီနေရာကနေ တောင့်တောင့် တင်းခံပြီး "သူ့ကျွန်မခံ၊ မျိုးမာန်မချ၊ မကျသူ့အောက်" ဆိုသလို အမျိုးသား အလံကို လွှင့်ထူခဲ့တဲ့မြို့၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုရေး၊ ဘယ်ဖက်ကဖြစ်ဖြစ် ဂုဏ်ယူစရာတွေနဲ့ ပြည့်လျှမ်းနေတဲ့ မြို့ကြီးပါဗျာ။
အင်္ဂလိပ် ကိုလိုနီသမားတွေက ဗမာနိုင်ငံရဲ့ မြို့တော်ကို ရန်ကုန်ကို ပြောင်းပစ် လိုက်တဲ့ နောက်မှာ မန္တလေးဟာ သူမို့လို့ ဒီလို သူ့ဂုဏ်သူ့ဒြပ်နဲ့ နေနိုင်တယ်လို့ ပြောရလောက်အောင် အိနြေ္ဒအပြည့်၊ တည်ကြည်ဂုဏ်ရှိစွာ ရပ်တည်ခဲ့ပါတယ်။ ရန်ကုန်မြို့ကြီး ဟာ အရှေ့တောင်အာရှရဲ့ နံပါတ်တစ်မြို့တော်လို့ ဆိုရမလောက် တိုက်တွေတာတွေ၊ ဥယျာဉ်တွေ ပန်းခြံတွေ၊ လေယာဉ်ကွင်းတွေ ပင်လယ်ဆိပ်ကမ်းတွေနဲ့ ကြီးကျယ်လာခဲ့ပေမဲ့ မန္တလေးကတော့ မန္တလေးပဲလို့ ဆိုရလောက်အောင် တသီးတခြား၊ ထူးထူးခြားခြား တည်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း နန်းတော်ရှေ့ဆရာတင်က သူ့ရဲ့ ရွှေမိုးညို သီချင်းထဲမှာ "ရန်ကုန်မှာ မပြတ်နေပါတယ်၊ နတ်ပြည်ကြီးလို့ပဲ ဆိုကြပါစို့၊ သို့ပေမဲ့ ကိုယ့်မြို့ကိုယ်တော့၊ လွမ်းသေးတယ် ရိုးရိုးပဲဗျို" လို့ရေးခဲ့တာဖြစ်ပါတယ်။
အခုတော့ ဒီ မြို့ကြီး အနှစ်၁၅ဝပြည့်တဲ့ အထိမ်းအမှတ်ကို နအဖစစ်ဗိုလ်များက ပေယျာလကံ ပြုထားကြလေရဲ့ ကိုဟိုဒင်းရေ့။ ဒီ လူတွေဟာ အတိတ်နဲ့ သူတို့နဲ့ ဘာမှမဆိုင်၊ ရှေ့ကလူတွေပြုစု ထူထောင်ခဲ့တာတွေကို တန်ဖိုးမထား၊ သူတို့ကိုယ်သူတို့ တသီးတခြား သမိုင်းတရပ် ထူထောင်နိုင်မယ်လို့ ယူဆနေကြလေသလား မသိပါဘူး။ သူတို့ရဲ့ "နေပြည်တော်" ကလွဲပြီး တခြား ဘယ်မြို့ဘယ်ရွာမှ ဂုဏ်မပြုထိုက်၊ စာမဖွဲ့ထိုက်လို့ ယူဆနေကြဟန် တူပါရဲ့ဗျာ။ သူတို့အနေနဲ့ (ကြပ်ပြေးလို) မြို့တော်တခုကို တည်ဆောက် လိုက်တယ် ဆိုတာနဲ့ အဲဒီ မြို့တော်မှာ ဂုဏ်တွေဒြပ်တွေ သူ့အလိုလို ရှိသွားရောလို့ ထင်မှတ် နေကြသလား မသိပါဘူး။ မဟုတ်ပါဘူးဗျာ။ မြို့ဆိုတာလည်း လူတွေလိုပဲ သမိုင်းကိုဖြတ်သန်း၊ စမ်းသပ်ခံပြီးမှ ဂုဏ်တက်ကြ၊ ဂုဏ်တည်တံ့ရတာ ဖြစ်ပါတယ်။ ဗမာပြည်မှာ မင်းနေပြည် ဖြစ်ခဲ့ဖူးတဲ့ မြို့တွေမနည်းပါဘူး။ ဒါပေမဲ့ သူတို့က မန္တလေးလို အနီးဆုံးခေတ် နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးနဲ့ ဆက်စပ်မိသွားတာမျိုး မဖြစ်ခဲ့ကြဘူးလေ။ ရှေးခေတ်တုန်းက ပဒေသရာဇ်မင်းတပါးဟာ မင်းနေပြည်ကို ပြောင်းတယ်ဆိုရင် နေပြည်တော်အဟောင်းကနေ သူ့ကို ခြားနားမှာစိုးလို့ အဲဒီမြို့ကို ဖျက်ထားခဲ့လေ့ရှိကြတယ်။ မန္တလေးကျတော့ အဲဒီလို မဟုတ်ဘူး။ နန်းတော်၊ နန်းမြို့ရိုးစတာတွေက လူတွေကို ကိုယ့်ထီးကိုယ့်နန်း နေခဲ့တဲ့ ဘဝတွေ မမေ့ဖို့ အင်္ဂလိပ်လက်အောက်မှာ သတိပေးနေသလို ထီးထီးမားမား ကျန်နေခဲ့တာ။ ဒီလို တည်ရှိနေတာတွေက ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို လူကို "သြော်- မန်းအပျက်တွင်ဖြင့်၊ ကြငှန်းမက်လိုက်ရပုံက၊ ပုခန်းထွက်တဲ့ပြီး၊ အကြမ်းဖက်ရော့မဟဲ့လို့၊ ငမ်းငမ်းတက် သရေယို အောင်၊ နန်းဆက်အမွေကိုလဲ မှန်းမိတဲ့ပြင်" ရေးစေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ နအဖအစိုးရ လုပ်နေတာနဲ့ပဲ နောင်တချိန်ကျတော့ ဗမာပြည်သားတွေရဲ့ သညာထဲမှာ သူတို့ရဲ့ ကြပ်ပြေးမြို့တော်ဟာ ဗမာပြည်သားတွေကို သတ်ဖြတ်ညှင်းဆဲဖို့ အမိန့်တွေ ထုတ်ပြန်ခဲ့တဲ့ မြို့တမြို့လို့စွဲမှတ်သွားမယ့် အလားအလာတွေ တွေ့နေရတယ်။ ဒါမှမဟုတ်လည်း အကောင်းဖက်က ပြန်စဉ်းစားရင် နအဖစစ်အုပ်စုကို နောက်ဆုံးချေမှုံးနိုင်တဲ့ နေရာလို့ ကမ္ဗည်းတင်နိုင်တဲ့ မြို့များဖြစ်မလားပေါ့။ ဒါနဲ့ပတ်သက်လို့ ကျနော့် ခေါင်းထဲမှာ ဝင်နေတဲ့ မေးခွန်းတခုက 'ဒီနေ့ကာလမှာ ကိုယ့်ကိုယ်ကို နေပြည်တော် (ကြပ်ပြေး)သား' လို့ လက်မထောင် ဂုဏ်ယူတဲ့လူရယ်လို့ ရှိမှရှိရဲ့လားဆိုတာပဲ။ တခြားမြို့သားတွေကတော့ ကိုယ့်ကိုယ်ကို ဘယ်မြို့သားလို့ ဂုဏ်ယူလေ့ ရှိကြတယ် မဟုတ်လားဗျ။
အာဏာရှိတဲ့ လူတွေအနေနဲ့ မြို့တော်ဆိုတာကို ထင်သလို ဟိုရွှေ့ ဒီပြောင်း လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့ အဲဒီလို ရွှေ့လေရာမှာ အဲဒီမြို့ရဲ့ ဝိဉာဉ်ကိုတော့ တပါတည်း သယ်မသွားနိုင်ပါဘူး။ မြို့တော်ကို ရန်ကုန်ကနေ ကြပ်ပြေးဆီ ပြောင်းသွားပေမယ့် ရန်ကုန် မြို့ကြီးရဲ့ ဂုဏ်သိက္ခာ၊ ဗမာပြည်သားတွေရဲ့ ရန်ကုန်အပေါ် သံယောဇဉ်နဲ့ အလေးထားမှု၊ ဒီ မြို့ကြီးအတွက် ဂုဏ်ယူမှု စတာ တွေဟာ ဟောဒီ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ သူ့ခြေရင်းမှာ ကျန်ခဲ့ပါတယ်။ ဗမာပြည်သားတွေ အဖို့တော့ ရန်ကုန်ဟာ ရန်ကုန်ပါပဲ။ တကယ့်ကို မဟာရန်ကုန် ဖြစ်ပါတယ်။
အလားတူပဲ၊ မန္တလေးဟာလည်း မန္တလေးပါပဲဗျာ။ မန္တလေးသားတွေ မြို့ပြင်ရောက်၊ တပြည်သားတွေ ပြည်တွင်းရောက်၊ ဘယ်လိုပဲ ကပြောင်းကပြန်တွေ ဖြစ်ဖြစ် စိန်ဗေဒါ၊ မြို့မငြိမ်း၊ လေဘာတီမမြရင် စသူတွေရဲ့ ရင်ထဲအသဲထဲက မန္တလေးမြို့ကြီးဆိုတဲ့ အဖြစ်ကိုတော့ ဘယ်လိုမှမပြောင်း လဲနိုင်ပါဘူး။ ရာစုနှစ်တခုနဲ့ တဝက်တိတိ ဗမာပြည်သားတွေရဲ့ ချစ်သဲ ဖြစ်နေခဲ့တဲ့ မန္တလေးဟာ နောင်မှာလည်း ချစ်သဲဖြစ်နေအုန်းမှာ သေချာပါတယ်။
စောင့်ကြည့်ပါ မိတ်ဆွေကြီးရယ်။ ဘာမှမဝေးတဲ့ တချိန်ကျရင် မန္တလေးသား တွေဟာ ပြည်တော်ဝင် သီချင်းကို မြိုင်မြိုင်ဆိုတီးကြပြီး သူတို့မြို့ကို သူတို့ စိတ်ကြိုက် တည်ဆောက်ကြအုန်းမှာပါ။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော
အဝေးကပေးစာတစောင်

Monday, March 2, 2009
ပျက်ယွင်းခဲ့ရတဲ့ ကတိစကားတခု
ရေးသူ- အောင်မြိုင်
မင်းမှာသစ္စာ လူမှာကတိဆိုတဲ့စကားကို ငယ်စဉ်ကတည်းက ကြားသိမှတ်သားခဲ့ ရတယ်။ အသက်အရွယ်နဲ့ ယှဉ်ကြည့်ရင် ကျွန်တော်ကြားသိခဲ့ရတဲ့ ဒီစကားဟာ ကျွန်တော့်သိစိတ်၊ ကျွန်တော့်နှလုံးမှာ သံမှိုနဲ့ စွဲထားသလို ရှိနေခဲ့တာ နှစ်ပေါင်း (၆၀) တိုင်ခဲ့ပြီ။ ကျွန်တော်ရဲ့ တဦးချင်းခံစားချက်အရ ဒီစကားဟာ ကျွန်တော့်အတွက် ရာသက်ပန် သိစိတ်အနွေးထည်ကြီးတထည်လိုတောင် ဖြစ်နေခဲ့ပြီ။ ဟုတ်တယ်။ ကိုယ်ပေးထားတဲ့ ကတိစကားအတိုင်း တဖက်သားကို အသိရှိရှိ၊ စေတနာပါပါနဲ့ ကူညီဆောင်ရွက်ပေးပြီးတဲ့ အခါတိုင်း ရင်နဲ့အပြည့် ကျေနပ်ရတယ်။ ပီတိဖြစ်ရတယ်။ ကိုယ်ရောစိတ်ပါ၊ နှလုံးအိမ်ပါမကျန် ကျေနပ်ပီတိတွေနဲ့ အနွေးထည်ကြီးလို့ တင်စားအသိအမှတ်ပြုရခြင်း ဖြစ်ပါတယ်။ အနွေးထည်ဆိုတာကလည်း လိုအပ်ချက်နဲ့ တိုက်ဆိုင်မှ ထုတ်သုံး၊ ထုတ်ဝတ်ရတယ် မဟုတ်လား။
ကျွန်တော်ဟာ ကတိစကားကို နေရာတိုင်း၊ လူတိုင်းကို မပေးဘူး။ ကိုယ်ဆောင်ရွက် မပေးနိုင်တဲ့ ကိစ္စကိုလည်း လုပ်ပေးမယ်လို့ ကတိမပေးဘူး။ ပေးပြီးလို့ ကိုယ့်ဘက်က အဲဒီကတိအတိုင်း မလိုက်နိုင်ရင် အတော့်ကို မျက်နှာပျက်စရာ ကောင်းတယ်။ အဲဒီလို မျက်နှာပျက်စရာကောင်းတဲ့ အဖြစ်တခုကို ကျွန်တော့်ဘ၀မှာ တကြိမ်ကြုံခဲ့ရတယ်။ တကြိမ်ဆို ဆိုသလောက်ပါပဲ။ မျက်နှာပျက်ရတယ်ဆိုတာထက် ပိုပြီး အတော့်ကို စိတ်မကောင်း ဖြစ်နေရတာ ခုထိ။ ကျွန်တော့် အသက်နဲ့ခန္ဓာ ချုပ်ငြိမ်းမဲ့ နောက်ဆုံးထွက်သက်တိုင်အောင် တသသ စိတ်မကောင်းဖြစ်ရမယ့် ခံစားချက်ဟာ ကျွန်တော့်ရင်ထဲမှာ တောက်လျှောက် ပါရှိနေတော့မှာ အမှန်ပါပဲ။
(၂)
နိုဝင်ဘာလဆန်းပိုင်း ရက်တရက်မှာ ပိတောက်ပွင့်သစ်မဂ္ဂဇင်းတိုက်ကို ကျွန်တော် ရောက်ခဲ့တယ်။ သူငယ်ချင်းနှစ်ယောက်က ပိတောက်ပွင့်သစ်ကနေ စောင့်နေမယ်လို့ ဖုန်းဆက်လို့ သူတို့ကို သွားတွေ့ရင်း ရောက်တာပါ။ ပိတောက်ပွင့်သစ်တိုက်မှာ ကျွန်တော့် သူငယ်ချင်း ၂ ယောက်အပါအ၀င် ဂီတပညာရှင်တဦးနဲ့ ပိတောက်ပွင့်သစ်အယ်ဒီတာချုပ် ကိုစိမ်းနီတို့ စကားလက်ဆုံ ကျနေကြတယ်။ ကျွန်တော်လည်း သူတို့စကားဝိုင်းထဲကို စီးမျော သွားခဲ့တယ်။ ပိတောက်ပွင့်သစ်မဂ္ဂဇင်းအကြောင်း ရောက်သွားတဲ့အခါ "ရှေ့လမှာ ဆရာမြသန်းတင့် အမှတ်တရထုတ်မယ်၊ ခင်ဗျားလည်း ရေးပေးပါ" လို့ ကိုစိမ်းနီက ပြောလာ တယ်။ ကျွန်တော်ကလည်း ရေးပေးမယ်လို့ ဆိုလိုက်တယ်။
ကျွန်တော်တတ်နိုင်တာဖြစ်လို့ ကတိပေးလိုက်တာ ဖြစ်တယ်။ ဆက်ပြီးထွေရာလေးပါး ပြောဆိုရင်း ကျွန်တော့်သူငယ်ချင်းနှစ်ယောက်က ကျွန်တော့်ကို လက်ဘက်ရည် တိုက်ခိုင်းတယ်။ အဲဒါမှ ဒုက္ခ။ ကျွန်တော် မြို့ထဲ အလုပ်လာတဲ့အခါ ကျွန်တော့်ဇနီးက ကျွန်တော့်အတွက် လမ်းစရိတ် (၁၀၀၀ိ/-) ခွင့်ပြုတယ်။ ဒါက ကျွန်တော့်အတွက် မိသားစု ၀င်ငွေထဲက တနေ့တာ ခွင့်ပြုစရိတ်။ ကျွန်တော်က လှိုင်သာယာမှာနေတော့ အသွားအပြန် ကားခက ငါးရာ၊ ခြောက်ရာရှိတယ်။ ကျွန်တော်နဲ့တွေ့တိုင်း ကျွန်တော့်သူငယ်ချင်းတွေက အကုန်ကျခံ ကျွေးမွေးခဲ့တာကလည်း အကြိမ်ပေါင်း မနည်းမနောပါပဲ။ ဒီတခါတော့ ကျွန်တော်ကပြန်ပြီး တလှည့်ဧည့်ခံချင်နေတယ်။ ဘယ်လို လုပ်ရပါ့မလဲ။ ကျွန်တော်ချက်ချင်း အကြံထုတ်လိုက်တယ်။
"ကိုစိမ်းနီ၊ ကျွန်တော့်ဆောင်းပါးအတွက် စာမူခ ကြိုထုတ်ပေးဗျာ။ သူတို့ကို လက်ဘက်ရည် တိုက်မလို့"
"ဟိုက်.... ဆောင်းပါးက ဘယ်ဆီနေမှန်း မသိသေးဘဲ စာမူခ ကြိုထုတ်နေတဲ့လူ ဟုတ်တော့ ဟုတ်နေပြီဗျို့...."
အားလုံးက ၀ိုင်းရယ်ကြတယ်။ အရယ်အမောတွေထဲမှာ ကျွန်တော်တို့ အချင်းချင်းသာ သိတဲ့ သံယောဇဉ်ရွေးမျဉ်တွေ ယက်ဖောက်နေတယ်။ ကိုစိမ်းနီက ပြောပြောဆိုဆို စာမူခကြိုထုတ်ပေးလို့ အဆင်ပြေသွားတယ်။ အဲဒီအချိန်က ရေးပေးရမယ့် စာမူအတွက် ကျွန်တော့်ခေါင်းမှာ စဉ်းစားထားတာ မရှိသေးဘူး။ တိုက်တိုက်ဆိုင်ဆိုင် နောက် နှစ်ပတ်လောက် ကြာတဲ့အခါ ကျွန်တော်တို့ မိသားစုအတွင်းမှာ ရင်ကျိုးရတဲ့ အဖြစ်ကြုံခဲ့ရလို့ ပိတောက်ပွင့်သစ်အတွက် စာမူကိစ္စ ကျွန်တော့်ခေါင်းထဲကနေ ပျောက်ချင်းမလှ ပျောက်သွားခဲ့ ရပြန်တယ်။ ကျွန်တော့်မိသားစု ကမ္ဘာလေးအတွင်း တောက်လောင်တဲ့ မီးငြိမ်းအေးသွားတဲ့ အခါမှ ဒီစာမူကိစ္စ ခေါင်းထဲ ပြန်ပေါ်လာတယ်။ ဒီဆောင်းပါးဟာ ကိုစိမ်းနီကို ပေးထားခဲ့တဲ့ ကတိစကားအတွက် ဆောင်းပါး။ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုဖော် မသူတော်တပါး လုပ်ပြချင်ပါတယ်။ ကျွန်တော်ဘ၀မှာ ပေးခဲ့တဲ့ ကတိအတိုင်း လုပ်ပေးခဲ့ဖူးတာတွေ အနတဂ္ဂမ ရှိခဲ့ဖူးပါတယ်။ လုပ်ငန်းခွင်က ပင်စင်ပေးလိုက်ပြီးပေမယ့် ပင်စင်လစာ ငါးနှစ်ခြောက်နှစ် လောက်ထိ မရသေးဘဲ ရှိနေတဲ့ တာချီလိတ်က ကျန်းမာရေးဝန်ထမ်းတယောက်နဲ့ ကျိုင်းတုံက ကျောင်းဆရာတယောက်ကို ပင်စင်လစာငွေတွေ အစုလိုက် အပြုံလိုက် တပုံတခေါင်းကြီး ပြန်ရသွားအောင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က ကျွန်တော်ကူညီခဲ့ဖူးတယ်။ မဆလလက်ထက် လက်သင့်ရာ နီးစပ်ရာ ချထားနေထိုင်ခွင့်ပြုခဲ့တဲ့ (LBG အခန်း) နိုင်ငံခြားသားပြန် အိမ်ခန်းကို ပိုင်ရှင်ဖြစ်သူ ကျွန်တော့်မိတ်ဆွေလက်ထံ ပြန်ရောက်အောင် အဲဒီအနှစ်နှစ်ဆယ်ကျော်လောက်ကပဲ ကူညီဆောင်ရွက် ပေးခဲ့ဖူးသေးတယ်။ ကျွန်တော်က ပြောပြီးရင် လုပ်တယ်လို့ ဆိုချင်တာပါ။ အခုလည်း ကိုစိမ်းနီကို ပေးထားတဲ့ ကတိစကားကို ဒီဆောင်းပါးနဲ့ တည်လိုက်ပါတယ်။ ဒါပေမယ့်.......
(၃)
ဒီ ဒါပေမယ့်က ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်နေရတဲ့ ဒါပေမယ့်။ အထက်မှာ ဖော်ပြခဲ့သလို ကျွန်တော်ကတိပျက်ခဲ့ဖူးတယ်။ ကတိပျက်ခဲ့ရလို့ ကျွန်တော့်နှလုံသား၊ ကျွန်တော့်သိစိတ်မှာ သွေးမတိတ်တဲ့ ဒဏ်ရာတခုလို ဖြစ်နေခဲ့တယ်။ တွေးမိတိုင်းလည်း စိတ်မကောင်းချင်း ဖြစ်ပြီး ၀မ်းနည်းသလို ခံစားနေရတယ်။ ဒီလိုပါ။
၁၉၈၅ ခုနှစ် ဆောင်းဦးရက်တရက် နံနက်ပိုင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တယောက် ဆရာဦးမြသန်းတင့်အိမ်ကို ရောက်တယ်။ အဲဒီကာလမှာ ဆရာတို့ မိသားစုက ဆောက်ပြီးစတိုက်အိမ်ပေါ်ကို မတက်သေးဘူး။ တိုက်ရဲ့ ခြေရင်းလား ခေါင်းရင်းလား မမှတ်မိတော့တဲ့ ပျဉ်ထောင်အိမ်အဟောင်းလေးမှာဘဲ နေကြတယ်။ အဲဒီကို ကျွန်တော် ယခင်က သုံးခေါက်လောက်ရောက်ဖူးခဲ့လို့ မှတ်မိနေတယ်။ အိမ်ပေါ်ရောက်သွားတဲ့အခါ ဆရာကတော်နဲ့ တန်းတွေ့တယ်။ "ဆရာဦးမြသန်းတင့်နဲ့ တွေ့ချင်လို့ပါ။ ကျွန်တော့်နာမည် အောင်ခင်ပါ" လို့ ဆရာကတော့်ကို ကျွန်တော်ပြောလိုက်တယ်။
"အော် မင်းတို့ဆရာက ဟိုဘက်အိမ်မှာ စာရေးနေတယ်ကွဲ့။ သွားတော့ပြောပေးမယ်"
"ဟုတ်ကဲ့"
ဟုတ်ကဲ့ လို့သာ ပြောလိုက်ရတယ်။ ကျွန်တော်တို့ အလွန်အားနာသွားတယ်။ ဆရာက မနက်တိုင်း လမ်းလျှောက်အပြန်မှာ စာရေးလေ့ရှိတယ် ဆိုတာကို ကျွန်တော်သိထားရက်နဲ့၊ အဲဒါကို သတိမေ့လျော့ပြီး လာခဲ့မိနေပြီ။ ဆရာကတော့်ကို တားဖို့ အချိန်မမှီတော့။ ကျွန်တော်တို့လည်း အားနာနာနဲ့ ထိုင်စောင့်နေခဲ့တယ်။ ပထမဆုံး ဆရာ့ရဲ့ ကိုင်းအနက်မျက်မှန်က အလင်းပြန်ချက် တခု ၀င့်ကနဲ ရောက်လာတယ်။ နောက်တော့၊ 'ကိုအောင်ခင်တို့ပါလား၊ မရောက်လာတာကြာပြီပဲ' လို့ နှုတ်ဆက်လိုက်တဲ့ ဆရာ့အသံ ခပ်ရှရှ၊ ပြီးမှ ကျွန်တော်တို့ အနီးရှိ ခုံတလုံးမှာ ဆရာဝင်ထိုင်တယ်။ ဆရာနဲ့ ကျွန်တော်တို့ တနာရီကျော်လောက် စကားပြောဖြစ်တယ်။ စကားပြောဖြစ်တယ် ဆိုတာကလည်း ဆရာပြောသမျှ နီးနီးကို ကျွန်တော်တို့ တလေးတစား နားထောင်ခဲ့တာကို ပြောတာပါ။ ကျွန်တော်တို့ ပြန်ခါနီးမှာ ဆရာက ကျွန်တော့်ကို မေးတယ်။
"ခင်ဗျား အခု ဘာလုပ်နေလဲ၊ ရုံးမှာ လုပ်သေးလား"
"အလုပ်ထွက်လိုက်တာ ကြာပြီဆရာ၊ ကျွန်တော် အခု ကျိုင်းတုံ၊ တာချီလိတ်ဘက် သွားပြီး နယ်ခြားကုန်ကူးနေတယ်။ အဲဒီကကုန်တွေ ရန်ကုန်ကို သယ်ပြီး ရောင်းတယ်"
"ဘာနဲ့သွားပြီး၊ ဘာနဲ့ ပြန်လဲ"
"တခါတလေ လေယာဉ်နဲ့၊ တခါတလေ ယာဉ်တန်းနဲ့"
ဆရာ စိတ်ဝင်စားသွားတယ်။ ဒီလို ကုန်ကူးပြီး ဘ၀ ၀မ်းကြောင်းတာရဲ့ ဇစ်မြစ်နဲ့ အခင်းအကျင်းကို စာရေးဆရာတယောက်အနေနဲ့ စိတ်ဝင်စား၊ ခံစားရလို့လည်း 'ဓါးတောင်' နဲ့ 'မာယာဘုံ' ၀တ္ထုတွေကို ဆရာရေးခဲ့တာ မဟုတ်လား။ 'ဓါးတောင်' မှာက စက်လှေနဲ့ လှုပ်ရှားတဲ့ မှောင်ခိုလမ်းကြောင်း။ 'မာယာဘုံ' ကျတော့ ကလေး-တမူး မှောင်ခိုလမ်း။ ကျွန်တော်သွားနေ တာက တာချီလိတ်-ကျိုင်းတုံ မှောင်ခို လမ်းကြော။ ဒီလမ်းကြောကို ဆရာ စိတ်ကူးဝတ္ထု အတွက် ဆရာစိတ်ဝင်စားတာ ဖြစ်မယ်။
"ကျွန်တော် ခင်ဗျားနဲ့လိုက်ပြီး ကုန်ကြမ်းရှာချင်တယ်၊ လေယာဉ်နဲ့တော့ မလိုက်ချင်ဘူး၊ ယာဉ်တန်းနဲ့သွားမယ်။ အသွားအပြန် အခေါက်ကျရင်....ပြော"
"ဟုတ်ကဲ့၊ ကျွန်တော်ပြောမယ်ဆရာ..."
ကျွန်တော်က ဆရာရေးမယ့် "တာချီလိတ်-ကျိုင်းတုံမှောင်ခိုလမ်းကြော ဗဟိုပြုဝတ္ထု" ကို ဖတ်ချင်တာနဲ့ ချက်ချင်းပဲ ဟုတ်ကဲ့ လုပ်မိခဲ့တယ်။ နောက်တခုက 'လိုက်ခဲ့တော့မြနန္ဒာ' ရေးတုန်းက ကျိုင်းတုံအကြောင်းကို သိတဲ့လူဆီ မေးပြီး ရေးခဲ့တာလို့ ကျွန်တော့်ကို ပြောပြဖူးထားတာ ရှိတယ်။ ဆရာသာ ဒီဘက်လမ်းကြောကို လက်တွေ့ လိုက်ခဲ့ရင် "လိုက်ခဲ့တော့မြနန္ဒာ" "ဓားတောင်" နဲ့ "မာယာဘုံ" ထက် ပိုကောင်းတဲ့ ၀တ္ထုကောင်းကောင်း တပုဒ် ထွက်လေမလားဆိုတဲ့ အတွေးကြောင့်လည်း 'ဟုတ်ကဲ့' မိတာ ဖြစ်တယ်။
ဆရာ့အိမ်က ပြန်လာပြီးနောက်ပိုင်းကျမှ ပြန်စဉ်းစားမိတဲ့အခါ ဆရာ့အသက်အရွယ်၊ ဆရာ့ကျန်းမာရေးနဲ့ ဒီလမ်းကြောင်း။ ဖြစ်မှ ဖြစ်ပါ့မလား။ ခရီးကလည်း ဝေးလွန်းတယ်။ ကားလမ်းက တောထဲတောင်ထဲ၊ တောင်တက်တောင်ဆင်းလမ်း။ လမ်းကြောတလျှောက်က လည်း ရှစ်ဆယ်ရာနှုန်းလောက်မကောင်း။ တချို့နေရာမှာ ကားပေါ်ကဆင်းပြီး လမ်းလျှောက် ရတယ်။ တခါတလေ လူသူမနီးတဲ့ တောကြီးမျက်မဲနေရာမှာ သုံးညလောက် အိပ်ရတယ်။ လုံခြုံမှုကလည်း မရှိသလောက်။ အေးကလည်းအေး။ ငှက်ဖျားကလည်း ရင်ဝနားကပ်နေတဲ့ ဒေသ။ ဘုရား... ဘုရား။ ဆရာ့ကို ဒီခရီးခေါ်သွားလို့ တော်ပါ့မလား။ ဆရာ့အတွက် စိုးရိမ်စိတ်နဲ့ တွေးပူမိခဲ့တယ်။
ဒီလိုနဲ့၊ ဆရာနဲ့ ပြန်မဆုံဖြစ်တာ နှစ်နဲ့ချီပြီး ကြာသွားခဲ့တယ်။ အဲဒီကာလအတွင်း ဘ၀ကြမ္မာအလှည့်အပြောင်းက ကျွန်တော်အပေါ်ကို စနေဂြိုဟ်ဆိုး ကျရောက်လိုက်တာ ၁၉၈၉ ခုနှစ် ကနေ ၂၀၀၅ ခုနှစ် အလယ်ပိုင်း အထိပါပဲ။ ၁၉၉၇ ခုနှစ်အတွင်းမှာ ဆရာဆုံးသွားတာကို ကျွန်တော် ကြားခဲ့ရသေးတယ်။ တာချီလိတ်-ကျိုင်းတုံ မှောင်ခိုလမ်းကြောပေါ်က လုပ်စားကိုင် စားရတဲ့ ပြည်သူတွေရဲ့ ဘ၀ကို ၀တ္ထုအနုပညာနဲ့ သရုပ်ဖော်ချယ်မှုန်းပြချင်ခဲ့တဲ့ ဆရာ့ကို တချိန်စောပြီး ခေါ်သွားခဲ့တဲ့ သဘာဝမိခင်ရဲ့ လက်တွင်းကနေ ကျွန်တော် ပြန်လုယူချင်တဲ့ စိတ်တွေ ပေါက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ကလည်း လျှို့ ၀ှက်မှောင်ခိုလမ်းခရီးမှာ မတ်စောက်စောက် တောင်လေးလုံးဆယ်ကြား ပိတ်မိနေခဲ့တယ်။
ဆရာ့ကို ပေးခဲ့မိတဲ့ကတိ တကယ်ပင် ရေစုံမျော ပျက်ယွင်းသွားခဲ့ရတယ်။ အဲဒီကိစ္စအတွက် အပြစ်တခုလို ကျွန်တော်ခံစားနေရတယ်။ ဘာပြုလို့လဲဆိုတော့ ဆရာ့ဝတ္ထုဆိုရင် တရှိုက်မတ်မတ် ဖတ်ချင်ကြတဲ့ စာဖတ်ပရိသတ် အထောင်အသောင်း ရှိတယ်မဟုတ်လား။ ငံပြာရည်တပုလင်း၊ ငါးပိတပိဿာ၊ ဆန်တပြည် မြို့နယ်ကျော်သယ် လာတဲ့ မရှိဆင်းရဲသားအပေါ် မှောင်ခိုလို့ သတ်မှတ်ခဲ့တဲ့ စောင်ကို ဖော်ကြူးမယ့် သရုပ်ဖော်ဝတ္ထုတပုဒ် ဆုံးရှုံးခဲ့ရတယ် မဟုတ်လား။
အောင်မြိုင်။
{ပိတောက်ပွင့်သစ်၊ အမှတ် ၂၂၊ ဇန်န၀ါရီ။ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။}

Sunday, March 1, 2009
ခွပ်ဒေါင်းသို့ပန်ကြားချက်
ရေးသူ-တင်မိုး
(၁)
မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့
ညစ်ကျယ်ကျယ် လူစားတွေ
တို့ပြည်မှာ အများသားကလား
ဟိုနားမှာတွေ့ သည်နားမှာတွေ့
ဟိုကွေ့မှာကြုံ သည်ကွေ့မှာကြုံ
တပုံတပင်ကြီးပါကလား၊
ခေါင်းဆောင်က တရာနှစ်ရာ
ငယ်သားက တယောက်နှစ်ယောက်
မျက်စိနောက်စရာ ပါလားနော်။
(၂)
ကိုယ်ကသာ ဘာမှမဟုတ်
လူတွင်ကျယ် လုပ်ချင်တယ်
ပုပ်လိုက်တဲ့ စိတ်ဓာတ်
စုတ်ပြတ်လိုက်ပါဘိ။
ပါးစပ်နဲ့ အလုပ်လုပ်
ခွတုပ်တဲ့ လူမျိုး
လက်ညှိုးတချောင်းနဲ့ လူရာဝင်
သူသာလျှင် အရေးပါသတဲ့
ပညာကလဲ မရှိ
အသိအမြင်ကလဲ ကျဉ်းမြောင်း
စိတ်ကောင်းကလဲ မမွေး
ကလေးစိတ် မိန်းမစိတ်
အတိတ်လဲ မဝေဖန်
ပစ္စုပ္ပန်လဲ မသုံးသပ်
အနာဂတ်လဲ မတွေးရှု
အရေးတခုရယ်လို့ သဘောမထား
တောသားအချင်းချင်း
ကျောပြားကို နင်းချင်တယ်
ရိုင်းပင်းမယ်လိုတော့ စိတ်မကူး
လက်ဦးအောင် ဖျာခင်း
အာဏာပြင်းလှချည့်
ရာဇာမင်းဂုဏ်နဲ့ မတန်
နုံနဲ့ ဟန်ပေါက်လိုက်ပုံက
သဘောက်မသား
လူရမ်းကားတွေ ပါလားဟေ့။
(၃)
သမိုင်းစာမျက်နှာကို
အိမ်သာသုံးစက္ကူသဖွယ်
အသုံးပြုခဲ့ကြတယ်။
လိုရာကိုဆွဲသုံး
အမဲတုံးခွေးဆွဲသလိုပေါ့လေ
ရေလဲနဲ့ သုံးခဲ့တယ်။
ဗလောင်းဗလဲစကား
အပြောင်းအလဲက များသနဲ့
ချောင်းထဲကငါး ရေကူးမြန်သလို
မမှန်မကန်တွေကို
မြန်မြန်ဆန်ဆန် ပြောကြတယ်
ကြားသူတိုင်း ရှုပ်ထွေးပြီး
အလိုလေးတ, ရအောင်
ပါးစပ်က ကျည်ဆံထွက်
ထွီထွမ်ခွက် ပက်လက်မျောစရာ
စကားနာ စကားလိမ်
စကားသိမ် စကားဖျင်း
စကားတင်း စကားယုတ်
စကားပုပ် စကားလှည့်
စကားရွဲ့ စကားစောင်း
အကြောင်းအမျိုးမျိုးပြပြီး
မတိမကျ ပြောခဲ့ကြတယ်
ပြောသူ မရှက်
ကြားသူ ရှက်ရပါကလား။
(၄)
ဒီမိုး ဒီမြေ ဒီလူတွေနဲ့
ဒီအခြေ စခန်းသွားရင်
လမ်းမှားတွေရောက်
ဂျောက်ပေါက်တွေ တိုးမှာသေချာတယ်။
တန်ရာတန်ရာ မလုပ်ရင်
ရွာနာတယ်ဆိုတဲ့ ဆောင်ပုဒ်အရှိသား
အဟုတ်ကိုဘဲ ရွာနာခဲ့ပြီ။
မြန်မာပြည် သည်ပုံမျိုးနဲ့ဆိုရင်
အမျိုးပျောက်ရလိမ့်မယ်။
သူခိုးက လူ လူဟစ်
မချစ်သူက မေတ္တာစကားဆိုတော့
ဘယ်လိုမှ မကောင်းနိုင်
ခွပ်ဒေါင်းရေ...... ကယ်ပါအုံးလို့
ပြည်လုံးကျွတ် အော်ချင်လှပြီ
မကောင်း အညစ်တွေကို
ပြောင်းပစ်မှ နေရာကျပြီး
ပြည်ရွာလှလိမ့်မယ်။
(၅)
အို..... ခွပ်ဒေါင်း
လွတ်ကြောင်းအတွက်
ခွပ်လက်ပြင် ခွပ်လက်သွေးကာ
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့။ ။
{"တင်မိုး ရဲ့ ဗုဒ္ဓနှင့်တွေ့ဆုံခြင်း နှင့် အခြားကဗျာများ" ပဌမနှိပ်ခြင်း၊ လမင်းတရာစာပေ၊၂၀၀၀။ မှ ကူးယူဖော်ပြပါတယ်။}
Sunday, February 22, 2009
လမင်းကိုထရံပေါက်မှကြည့်ခြင်း
ဟောပြောသူ-မြသန်းတင့်
အခမ်းအနားကို တက်ရောက်လာတဲ့ စာရေးဆရာကြီးများနဲ့ စာပေမိတ်ဆွေများ ခင်ဗျား။
ဒီနေ့ ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲမှာ စကားပြောခွင့် ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ စာပေဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ကို ဆောင်ပါတယ်။ တချက်ကတော့ ဒီစာပေဆုဟာ စာဖတ်သူများက ပေးတဲ့ဆု ဖြစ်လို့ပါပဲ။ နောက်တချက်ကတော့ ဖြူးမြို့မိတ်ဆွေများ စာကြည့်တိုက်အသင်းက အမှုဆောင်လူငယ်များဟာ သူတို့မြို့မှာ မလုပ်ဘဲ သူများရပ်ရွာ စာရေးဆရာတွေ ရှိရာကိုလာပြီး ဆုပေးတဲ့ပွဲ ဖြစ်လို့ပါ။ သူများရပ်ရွာမှာ ကိုယ်က အိမ်သည်လုပ်ပြီး ဧည့်သည်တွေကို ဖိတ်ခေါ်ကျင်းပရတာဟာ တော်တော်စွန့်စားရတဲ့ ကိစ္စဖြစ်ပါတယ်။ တော်တော် တာဝန်ကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ တော်တော်လည်း ငွေကုန်ကြေးကျ များတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ရှိတယ်လို့ ကျွန်တော်ပြောခြင်း ဖြစ်ပါတယ်။
အမှန်ကတော့ ကျွန်တော်ဟာ ဒီစင်မြင့်ပေါ်ကို တက်ရောက်ပြီး ဟောပြောစရာ အကြောင်းမရှိပါဘူး။ ဒီစင်မြင့်နေရာဟာ ကျွန်တော့်နေရာ မဟုတ်ပါဘူး။ ရှေ့တန်းမှာ ထိုင်နေကြတဲ့ ဆရာကြီးတက်တိုး၊ ဆရာမကြီးဒေါ်နုယဉ်၊ ဆရာကြီး ထင်လင်း၊ ဆရာကြီး တက္ကသိုလ်နေ၀င်းတို့ရဲ့ နေရာဖြစ်ပါတယ်။ သူတို့သာလျှင် ဒီနေရာမှာ ရပ်ပြီး ပြောသင့်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ပညာအားဖြင့် ကျွန်တော့်ထက် ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေရာဟာ သူတို့ ရပ်ပြောရမယ့်နေရာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆရာကြီးတွေဟာ အသက်ကလည်းကြီး၊ (အင်္ဂလိပ်တွေပြောလေ့ရှိသလို) "ရက်စက်သော တိတ်ဆိတ်မှု" ကိုလည်း ဆောင်နေကြတဲ့အတွက် အသက်မကြီးတကြီးဖြစ်တဲ့ ကျွန်တော်က "ရက်စက်သောဆူညံမှု" ကို ပြုလုပ်နေရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ "ရက်စက်သောဆူညံမှု" အတွက် ခွင့်လွှတ်ပါရန် တောင်းပန်ချင်ပါတယ်။
ကျွန်တော် ဒီအခန်းအနားမှာ ဟောပြောဖို့ အချက်ငါးချက်လောက်ကို စိတ်ထဲမှာ မှတ်လာခဲ့ပါတယ်။ အဲဒါတွေကတော့......
(၁) စာအုပ်ဆိုတာ ဘာလဲ၊
(၂) စာကို ဘယ်လိုဖတ်ကြမလဲ၊
(၃) ဘယ်လိုအချိန်အခါမှာ ဘယ်လိုစာတွေကို ဖတ်ကြမလဲ၊
(၄) ဘယ်အရွယ်မှာ စာဖတ်ရင် ဘယ်လို အကျိုးသက်ရောက်မှုကို ရစေသလဲ ဆိုတာနဲ့
(၅) စာဖတ်ရာမှာ ဘယ်လို သဘောထားမျိုးနဲ့ ဖတ်ရမလဲ ဆိုတဲ့အချက်များ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ ကျွန်တော့်ခေါင်းထဲက၊ ကျွန်တော့်ဦးနှောက်ထဲက ထွက်လာတဲ့ အတွေးတွေ မဟုတ်ပါဘူး။ ဆရာသမား ပညာရှိနှစ်ဦးက ပြောခဲ့တဲ့ အဆိုအမိန့်များကို ကျွန်တော်မှတ်သားထားတဲ့ အချက်များ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကျွန်တော် သဘောကျ လွန်းလို့ စာအုပ်ထဲမှာ မှတ်သားထားပြီး မကြာခဏ ပြန်ဖတ်လေ့ရှိပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အတွေးတွေကို ပြောတာထက် ပညာရှိများရဲ့ အဆိုအမိန့်က ပိုပြီး တန်ဘိုးရှိတဲ့အတွက် ဒီအချက်များကို ဖောက်သည်ချရခြင်း ဖြစ်ပါတယ်။
အဲဒီပညာရှိနှစ်ဦးကတော့ ၁၉ ရာစုမှာ ပေါ်ထွန်းခဲ့တဲ့ အင်္ဂလိပ်စာပေအနုပညာ ဝေဖန်ရေးဆရာ၊ ပန်းချီဝေဖန်ရေးဆရာ၊ ဗိသုကာဝေဖန်ရေးဆရာ၊ စာတမ်းဆရာ ဂျွန်ရပ်စကင်း ဖြစ်ပါတယ်။ နောက်ပညာရှိတဦးကတော့ ၁၇ ရာစုနှစ်က ပေါ်ခဲ့တဲ့ တရုတ်စာဆို ကျန်းကျောက် ရဲ့ အဆိုအမိန့် ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အဆိုအမိန့်တွေကို ပေါင်းပြီး ကျွန်တော် ပြောသွားပါမယ်။
(၁) စာအုပ်ဆိုတာ ဘာလဲ။
ပညာရှိတယောက်၊ စာရေးဆရာတယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသား ထားတဲ့ စာပုဒ်ဟာ စာအုပ်တအုပ်ပါပဲ။ စာအုပ်တွေထဲမှာ မကောင်းတာတွေ၊ အပေါ်ယံကျတာ တွေ၊ ကရော်ကမယ်ရေးထားတာတွေ၊ ဟန်လုပ်ရေးထားတာတွေ၊ ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က မှန်ကန်စွာဖတ်တတ်လို့ရှိရင် အဲဒီအထဲမှာ ကောင်းမွန်တဲ့ အပိုင်းအစတွေ တွေ့လိမ့်မယ်။ အဲဒီ အပိုင်းအစတွေဟာ စာအုပ်ပဲ။
စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ်မျိုးပဲရှိတယ်။ တမျိုးက ခုလောလောဆယ် ဖတ်ရမယ့်စာအုပ်၊ ခုနာရီပိုင်းသာ ခံတဲ့ စာအုပ်ဖြစ်တယ်။ နောက်တမျိုးက ရေရှည်ဖတ်ရမယ့်စာအုပ်၊ ခေတ်တိုင်း ခေတ်တိုင်းခံတဲ့ စာအုပ်ဖြစ်တယ်။ နာရီပိုင်းသာခံတဲ့စာ၊ ခုချက်ချင်း ဖတ်ရမယ့်စာဆိုတာကတော့ ဗဟုသုတကို ပေးတဲ့စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ဟာ တနေ့လုံးဖတ်ရမယ့် စာတွေ မဟုတ်ပါဘူး။ မနက်ပိုင်း ဖတ်လိုက်ရင် ကုန်သွားတာပဲ။ ခေတ်တိုင်ခံတဲ့စာ ဆိုတာကတော့ ခံစားချက်၊ အတွေးအခေါ်ကို လှုံ့ ဆော်ပေးတဲ့စာ ဖြစ်ပါတယ်။
ဒီစာအုပ် အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တနည်း ပြောပါသေးတယ်။ အသံကို ပွါးစေတဲ့စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို့ ပြောပါသေးတယ်။ အသံကို ပွါးစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများစွာကို တခါတည်း မပြောနိုင်တဲ့အတွက်၊ တနေရာ တည်းမှာ ပြောလို့မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး ပြောရတာ။ တိုင်း မဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေဟာ တချိန်တည်း၊ တနေရာတည်းမှာ ပြောလို့ မဖြစ်နိုင်တဲ့အတွက် အဲဒီအထဲမှာ ပါတဲ့သတင်းတွေကို ပွါးပြီး၊ ကူးယူပြီး ဖြန့်ဝေရတယ်။ ဒါကြောင့်မို့ အသံကို ပွါးစေတဲ့စာအုပ်လို့ ရပ်စကင်းက ခေါ်ပါတယ်။ အသံကို ထိမ်းသိမ်းပေးတယ်ဆိုတဲ့ စာအုပ်ကတော့ အတွေးအခေါ်များ၊ အဆိုအမိန့်များ၊ ခံစားချက်များကို နောင်မှာ မပျောက်ကွယ် သွားအောင် နောင်လာနောက်သားတွေ မှတ်နိုင်ဖတ်နိုင်အောင် ထိန်းသိမ်းထားတဲ့ စာအုပ်တွေပါ။
ဒီနှစ်မျိုးကိုပဲ ရပ်စကင်းက နောက်တနည်း ထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့ စာအုပ်နဲ့ စာရေးထားတဲ့စာအုပ်လို့ သူက ခေါ်ပါတယ်။ စကားပြောထားတဲ့ စာအုပ်ဆိုတာ မနှစ်က ဒီနေရာမှာ ဘယ်လိုရာသီဥတု ရှိခဲ့တယ်။ လမ်းပန်းက ဘယ်လိုရှိတယ်။ စားသောက်ဆိုင်က ဘယ်နှစ်ဆိုင်ရှိတယ်၊ ဘယ်နားမှာ ဘာ ဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေပါ။ သူတို့ အဲဒီလိုစာတွေကို ဘယ်လောက်ပဲ လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲဒီစာအုပ်ဟာ တကယ့်စာအုပ် မဟုတ်ဘူး။ ပြောပြထားတဲ့ စာအုပ်ဖြစ်တယ်။ တကယ့်စာအုပ်ကတော့ ရေးပြထားတဲ့၊ ဖတ်ပြီး သိရုံရေးထားတဲ့ အရာမဟုတ်ဘဲ ဖတ်ပြီး ခံစားရအောင် ရေးထားတဲ့ စာအုပ်လို့ ပြောတယ်။
သုတစာပေနဲ့ ရသစာပေကို ပြောတာပါပဲ။ ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ်မျိုးပဲရှိတယ်။ တမျိုးက ရေတိုခံတဲ့ စာအုပ်နဲ့ နောက်တမျိုးက ရေရှည်ခံတဲ့ စာအုပ်၊ တနည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာ ရေတိုခံတဲ့စာအုပ်ဟာ မကောင်းဘူး၊ ရေရှည်ခံတဲ့စာအုပ်ဟာ ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ်မျိုးစလုံးဟာ စာကောင်းချည်းပဲ။ ဒါပေမယ့် တမျိုးက ရေတိုအတွက်ဖတ်တာ။ သုတအတွက် ဖတ်တာ။ နောက်တမျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက်ဖတ်တာ၊ အဲဒါကို ပြောနေတာ။
(၂) စာကို ဘယ်လိုဖတ်ကြမလဲ။
စာဖတ်တဲ့ လူတယောက်ဟာ ရွှေတွင်းတူးသမားတယောက်နဲ့ တူတယ်။ ကျွန်တော်အနေနဲ့ ကြည့်လိုက်ရင် လျှပ်စစ်စွမ်းအားစုတွေဟာ မြေကြီးထဲမှာ ရှိတဲ့ ရွှေတွေကို ဘာဖြစ်လို့ တခါတည်း တောင်ထိပ်ပေါ် အသင့်ဖြစ်နေအောင် အလွယ်တကူ ပို့မပေးလိုက်သလဲ။ ဘာဖြစ်လို့ မြေကြီးထဲမှာ ဟိုတစ သည်တစ ရှိနေရသလဲလို့ မချင့်မရဲ ဖြစ်ချင်စရာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့အတွက် ရွှေတူးရတာ မလွယ်ပေဘူးလား။ ခုတော့ ကျွန်တော်တို့မှာ တူးလိုက်ရတာ။ မြေအောက်မှာ အနက်ကြီး အချိန်ကုန်ရတယ်။ လူပင်ပန်းရတယ်။ စိုးရိမ်သောက ဖြစ်ရတယ်။ တခါတလေမှာ ဘာမှမရဘဲ အချည်းနှီး ဖြစ်ရတယ်။
သဘာဝကြီးဟာ ရွှေတွေကို မြေကြီးပတ်ကြားအက်တွေမှာ ဟိုတစ သည်တစ နည်းနည်းစီပဲ သိုမှီးထားတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး ပင်ပန်းကြီးစွာ ရက်ပေါင်းများစွာ တူးပေမယ့် ရွှေလေးတစကို ရချင်မှ ရတာ။
ပညာရှိတွေရဲ့ အကောင်းဆုံးသော အသိဥာဏ် ပညာတွေဟာလည်း ထိုနည်း လည်းကောင်းပဲ။ ဒီတော့ စာအုပ်ကောင်းတအုပ်ကို ကောက်ကိုင်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့် ရလိမ့်မယ်။ ငါဟာ ရွှေတူးသမားတယောက်လို လုပ်နိုင်ပါ့မလား။ ကိုယ့်ပေါက်တူးတွေ၊ ဂေါ်ပြားတွေ၊ လက်နက်ကရိယာတွေ ကောင်းရဲ့လား။ ကျန်းမာရေး ကောင်းရဲ့လား။ စိတ်ဓါတ်ကြံ့ခိုင်ရဲ့လား။ အဲဒီမေးခွန်းတွေ မေးဖို့ လိုတယ်။ ဒီမေးခွန်းတွေဟာ အရေးကြီးပါတယ်။ ခင်ဗျား ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုံးတွေဟာ စာရေးဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဥာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်တယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီး၊ ခင်ဗျားပညာအခံနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့တူးပြီး၊ အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။ အဲဒီအခါမှာ တချို့သော ကျောက်ခဲတွေဟာ အဖြုန်းတွေ ဖြစ်ပြီး၊ အချို့သော ကျောက်ခဲတွေမှာ ရွှေစတွေ ပါလာတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် ရွှေလေးတစကို လိုချင်ရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စာအုပ်တအုပ်ကို ဖတ်ပြီဆိုရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စိတ်ရှည်မှုနဲ့၊ စိတ်အားထက်သန်မှုတို့၊ ကိုယ့်ပညာအခံတို့ ဆိုပါတော့။ စကားလုံးတွေကို ထုထောင်းခွဲချေပြီး ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အတွေးနဲ့ မီးပြင်းတိုက်ကျိုရလိမ့်မယ်။ စာအုပ်တအုပ်ကို ဆယ်မျက်နှာလောက်ဖတ်ပြီး၊ အဲဒီဆယ်မျက်နှာလောက်ထဲက စာလုံးတွေ တလုံးချင်းရဲ့ အဓိပ္ပါယ်ကို တိတိကျကျ၊ သေသေချာချာ နားလည်ပြီဆိုရင် တစုံတခုသော အတိုင်းအတာအထိ စာပေကျွမ်းကျင်သူတဦးလို့ ခေါ်နိုင်တယ်။ စာတတ်ခြင်း၊ မတတ်ခြင်းဟာ အဲဒီ စကားလုံးတွေကို တိကျစွာ နားလည်ခြင်း မလည်ခြင်းပေါ်မှာ တည်တယ်။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။
ဒါဟာ စာကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပတ်သက်လို့ ရပ်စကင်းက ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။
(၃) ဘယ်အချိန်အခါမှာ ဘယ်စာတွေကို ဖတ်ကြမလဲ။
ဒါကိုတော့ တရုတ်ပညာရှင် ကျန်းကျောက်က ဒီလိုပြောပါတယ်။ ရှေးဟောင်း ဂန္ထ၀င်ကို ဖတ်ချင်ရင် ဆောင်းတွင်းမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းတွင်းမှာ စိတ်ဟာ ပျံ့လွင့်ခြင်းကင်းပြီး တည်ငြိမ်တဲ့အတွက် ဖြစ်တယ်။ သမိုင်းကို နွေရာသီမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုရင်၊ နွေရာသီမှာ နေ့ဟာရှည်လျားပြီး အချိန်များများရလို့ ဖြစ်တယ်။ ဒဿနကို ဆောင်းဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆောင်းဦးပေါက်ဟာ နှစ်သက်စဖွယ် စိတ်ကူးတွေကို ပေါ်ပေါက်စေတယ်။ ခေတ်ပေါ်စာပေကို နွေဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးမှာ သဘာဝလောကကြီးဟာ အသက်ပြန်ဝင်လာလို့ ဖြစ်တယ်လို့ သူက ပြောတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် ဒီအဆိုအမိန့်ဟာ တော်တော်မှတ်သားဖို့ ကောင်းပါတယ်။
(၄) စာပေဟာ ဘယ်အသက်အရွယ်ကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ။
သူက လူငယ်အရွယ်မှာ စာဖတ်ရတာဟာ လမင်းကို ထရံပေါက်ကြား၊ နံရံအက်ကြားက ချောင်းကြည့်ရတာနဲ့ တူတယ်။ လူငယ်ဆိုတော့ အတွေ့အကြုံ မရင့်သန်သေးဘူး။ အတွေးအခေါ် မလေးနက်သေးဘူး။ ဒါကြောင့်မို့ ရိုးတိုးရိပ်တိတ်ပဲ မြင်လိုက်ရတယ်။ လူလတ်ပိုင်းအရွယ်မှာ စာဖတ်ရတာဟာ လမင်းကို အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာနဲ့ တူတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို မြင်နိုင်ပြီ။ လရောင်ဘယ်လောက်လင်းသလဲ။ ပတ်ဝန်းကျင်မှာ လရောင်ဖြာပုံဟာ ဘယ်လိုအနေအထား ရှိသလဲဆိုတာ အကဲခတ်ခွင့် ရပြီ။ လူကြီးပိုင်းမှာ စာဖတ်ရတော့ လမင်းကို လသာဆောင် ၀ရန်တာပေါ်က တက်ကြည့်ရတာနဲ့ တူတယ်။ ကိုယ့်နောက်မှာ အတွေ့အကြုံတွေ အများကြီး ကျန်ရစ်ခဲ့ပြီ။ ပတ်ဝန်းကျင်ကို ခြုံငုံသုံးသပ်နိုင်ပြီ။
ခရီးသည်ကောင်းတယောက်ဟာ သွားလေရာရာမှာ ရှုခင်းကို မြင်တတ်တယ်။ သူ့အဖို့ စာအုပ်တွေနဲ့ သမိုင်းဟာလည်း ရှုခင်းပဲ။ ၀ိုင်အရက်နဲ့ ကဗျာဟာလဲ ရှုခင်းပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ ရှုခင်းပဲ။ အလားတူပဲ စာဖတ်ကောင်းသူတယောက်ဟာလဲ သွားလေရာရာမှာ စာအုပ်ကိုပဲ မြင်တယ်။ သူ့အဖို့ တောင်နဲ့ရေဟာ စာအုပ်ပဲ။ စစ်တုရင်ခုံနဲ့ ၀ိုင်အရက်ဟာလဲ စာအုပ်ပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ စာအုပ်ပဲ။
(၅)
စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ။
စာအုပ်တအုပ်ကို ဖတ်ရာမှာ ပညာရှိတွေရဲ့ အဆုံးအမကို နာခံလိုတဲ့ ဆန္ဒရှိရမယ်။ ဆရာသမားတွေရဲ့ အတွေးအခေါ်တွေထဲကို ၀င်ရောက်နိုင်အောင် ကြိုးစားရမယ်။ သူတို့နဲ့အတူ နေထိုင်ပြီး သူတို့ခံစားချက်တွေကို ခွဲဝေခံစားနိုင်အောင် ကြိုးစားရမယ်။
ဒါတွေတော့ ရပ်စကင်းနဲ့ ကျန်းကျောက်တို့ရဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ စာဖတ်တာ အရေးကြီးပုံနဲ့ ပတ်သက်လို့ ရပ်စကင်းရဲ့ ဟောပြောချက်ထဲက စာတပုဒ်ကို ကျွန်တော် ဖတ်ပြပါမယ်။ ကောက်နုတ်ချက်က နည်းနည်း ရှည်တဲ့အတွက် ကျွန်တော် အလွတ်မရပါဘူး။ ဒါကြောင့်မို့ ဖတ်ပြရတာ ခွင့်လွှတ်ကြပါ။
ဒီစကားတွေကို ပြောခဲ့တဲ့အချိန်ဟာ ၁၉ ရာစုရဲ့ ဒုတိယပိုင်းကာလ ဖြစ်ပါတယ်။ အဲဒီတုန်းက အင်္ဂလန် နပိုလီယန် စစ်ပွဲတွေပြီးလို့ ကရိုင်းမီးယားစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ အာဖရိကမှာ စစ်ပွဲတွေ တိုက်နေချိန် ဖြစ်တယ်။ အာရှတိုက်မှာ အာဖဂန်စစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ မြန်မာပြည်မှာ ဒုတိယစစ်ပွဲကို တိုက်ပြီးချိန် ဖြစ်တယ်။ အရှေ့ဖျားမှာ ဘိန်းစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ တနည်းပြောရရင် ဗြိတိသျှ အင်ပိုင်ယာကြီးကို ချဲ့ထွင်နေချိန် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ရပ်စကင်းဟာ ဒီစကားတွေကို ပြောခဲ့ခြင်း ဖြစ်ပါတယ်။ သူ့စကားကို ကျွန်တော် ကောက်နှုတ်ဖော်ပြပြီး ဖတ်ပြပါမယ်။ နားထောင်ကြည့်ကြပါ။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်က မှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာ မကြည့်ဘဲ၊ ဒီစစ်ပွဲပြီးရင် ငါတို့ ကုန်အရောင်းအ၀ယ် ဘယ်လိုနေမလဲ၊ ငါတို့ အမြတ်တွေ ဘယ်လောက်ရမလဲ ဆိုတာကိုပဲ တွေးပြီး စစ်မြေပြင်မှာ လူငယ်တွေ နေ့စဉ်နဲ့အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ သစ်ကြားသီးခြောက်လုံးလောက် ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာဆင်းရဲသားတွေရဲ့ စုငွေနဲ့ ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ တောင်တရုတ်ပင်လယ်တ၀ိုက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်ကြီးတွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလားဆိုတဲ့ လမ်းဓားပြတို့ထက် ပိုကဲပြီး ပိုက်ဆံရော၊ အသက်ရောပေးလို့ နှစ်ခုစလုံးကို တောင်းနေတဲ့ ဓားပြအကြီးစားကြီးတွေ ဓားပြတိုက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကျွန်တော်တို့ တတွေဟာ ဘာဖြစ်လို့ လူတွေ စာဖတ်ဖို့ အကြောင်းကို ပြောနေရသလဲ။ အခုအခြေအနေမှာ ကျွန်တော်တို့ လူမျိုးဟာ စာမဖတ်နိုင်ဘဲ ဖြစ်နေတယ်။ ဒီလို စိတ်ဓာတ် ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ စာမဖတ်ချင်ဘဲ ဖြစ်နေတယ်။ ဘယ်လောက် ကြီးကျယ်တဲ့ စာရေးဆရာက ရေးခဲ့တဲ့ စာပဲဖြစ်စေ စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ နားဝင်မှာ မဟုတ်ဘူး။
ခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့ အတွေးအခေါ်ပါတဲ့ စာတွေကို ဖတ်နိုင်မှာ မဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်ကိုမှလဲ လက်ခံနိုင်မှာ မဟုတ်ဘူး။
လူမျိုးတမျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊ အနုပညာကို အထင်သေးနေရင်၊ သဘာဝကို အထင်သေးနေရင်၊ မေတ္တာဂရုဏာကို အထင်သေးနေရင်၊ ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက်လိုက်နေရင် အဲဒီလူမျိုးဟာ ရေရှည် တည်တံ့နိုင်မှာ မဟုတ်ဘူး။
ကျွန်တော် ပြောခဲ့တဲ့ စကားတွေဟာ ရင့်သီးတယ်လို့များ ထင်ကြရင် သည်းခံ နားထောင် ကြပါ။
ရပ်စကင်းရဲ့ စကားပါ။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။
[၁၉၉၄၊ ဒီဇင်ဘာ ၅ ရက်၊ ရန်ကုန်မြို့၊ ၀ိုင်အမ်စီအေခန်းမတွင် ကျင်းပသော ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲ အခန်းအနားတွင် ပြောသည့်စကား]
{မြသန်းတင့် ရဲ့ လမင်းကိုထရံပေါက်မှကြည့်ခြင်း စာအုပ် ၂၀၀၀ ခု၊ ပထမနှိပ်ခြင်း မှ ကူးယူဖော်ပြပါတယ်။}

Wednesday, February 11, 2009
အိလျအာရင်ဘတ် (၁၈၉၀-၁၉၆၇) {ဒုတိယပိုင်း}
ရေးသူ- ဒဂုန်တာရာ

ကျွန်တော့်တွင် ကဗျာနှင့်ပတ်သက်၍ ခံစားချက်တခု ရှိသည်။ ယင်းခံစားချက်မျိုးပင် အာရင်ဘတ်လည်း ခံစားသည်ကို နောက် သူ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ဖတ်ရသည်။ သူငယ်စဉ်က ကဗျာရေးသားလာခြင်းနှင့် ပတ်သက်၍ 'စကားပြေဖြင့် ဖော်ပြမရသည်များကို ကဗျာဖြင့် ဖော်ပြနိုင်သည်ကို နားလည်လာသည်' ဟု ရေးသည်ကို ဖတ်ရသည်။ ဤသဘောကို ကျွန်တော်သည် ၁၉၅၄ လောက်ကတည်းက ရေးသားလာခဲ့သည်။ တချို့သော အကြောင်းအရာများကို ကဗျာစာလုံးများဖြင့်သာလျင် ဖော်ပြချင်ပေသည်။ ကဗျာဖြင့် ရေးမှသာ ရင်ထဲမှ ဝေဒနာကို ဖော်ပြရာရောက်သည်ဟု ယုံကြည်နေသည်။ စကားပြေသည် စာပေ ပုံသဏ္ဍာန်ဖြစ်သည် မှန်သော်လည်း ကဗျာကား အစားထိုး၍ မရသော အာရုံခံစားမှု အနုပညာ ပုံသဏ္ဍာန် ဖြစ်ပေသည်။
ထိုအခါ အာရင်ဘတ်သည် ကဗျာအကြောင်းမပြော၊ နီရူဒါကသာ 'ကာရံနောက်လိုက် ရင် အဓိပ္ပါယ် အကြောင်းအရာမှာ လျော့မှာပေါ့၊ ကျွန်တော် ယခုရေးတာတွေမှာ ကာရံကို ဦးစားမပေးတော့ပါဘူး။ ငယ်ငယ်တုန်းကသာ ကာရံနောက်လိုက်ခဲ့တာပါ' ဟု ပြောသည်။ ကျွန်တော်ကလည်း ကျွန်တော်၏ ကဗျာဘ၀ အတွေ့အကြုံကို ပြောပြလိုက်သည်။
ပြန်ခါနီး နှုတ်ဆက်ကြသောအခါ ကဗျာဆရာနီရူဒါက 'ပိတောက်ဝေနေတဲ့ မြန်မာပြည်ဟာ အင်မတန် သာယာလှပတယ်' ဟု ပြောနေ နေသည်။ အာရင်ဘတ်ကလည်း ၀င်ကာ 'ပိတောက်ပန်း ကဗျာတွေကို ကျွန်တော်ဖတ်ချင်တယ်' ဟု ညည်းသလိုက်လေသည်။
(၄)
၁၉၅၃-ခုက ချက်ကိုစလိုဗက်ကီးယားပြည် ပရားဟားသို့ သွားရင်း မော်စကိုဝင်ရာ၊ အာရင်ဘတ်နှင့် တွေ့ရန် ကြိုးစားသေးသည်။ ကျွန်တော်တို့က ဂျော်ဂျီယာ၊ ယူကရိန်းစသော ဆိုဗီယက် ပြည်ထောင်စုဝင် ပြည်များသို့ လှည့်လည်နေရာ၊ ကျွန်တော်တို့ မော်စကို ပြန်ရောက်ချိန်၌ အာရင်ဘတ်က ခရီးထွက်နေပြီး၊ ကျွန်တော်တို့ စတာလင်ဂရက် ရောက်နေစဉ် သူက မော်စကို ရှိနေသည်။ ယင်းသို့ အဆင်မသင့်သဖြင့် သူနှင့် တွေ့ဆုံခွင့် မရတော့ပေ။ သူက သူရေးသော 'မုန်တိုင်း' ၀တ္ထုကို မေတ္တာလက်ဆောင်အဖြစ် သူ့နာမည် ရေးထိုးပြီး ထားခဲ့သည်။
သူသည် ခေတ်အခြေအနေကို ထင်ဟပ်သော ၀တ္ထုကြီး (၃)ပုဒ် ရေးသည်။ ပဲရစ်မြို့ကျဆုံးခန်း၊ မုန်တိုင်း၊ န၀မလှိုင်း။ ပဲရစ်မြို့ကျဆုံးခန်းမှာ စစ်မဖြစ်ခင် ခေတ်အခြေအနေ၊ မုန်တိုင်းမှာ စစ်အတွင်းအခြေအနေ၊ န၀မလှိုင်းမှာ စစ်ပြီးအခြေအနေများကို သရုပ်ဆောင်ထား ပေသည်။ မုန်တိုင်း ၀တ္ထုကြီးမှာပင် တော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး လောက် ရှည်ပေသည်။ ဇာတ်ဆောင်တွေ အများကြီးဖြင့် ဖွဲ့ထားသော လူ့သရုပ်ဖော် ၀တ္ထုကြီးဖြစ်သည်။
ကျွန်တော်တို့မှာ ရုရှားစာပေဖတ်သည် ဆိုသော်လည်း ကုန်စင်နှံ့စပ်အောင် ဖတ်နိုင်သည် မဟုတ်ပေ။ ကျောင်းသားဘ၀က အများက ကောင်းသည်ဟု စံတင်အသိအမှတ် ပြုထားသော စာပေများကို ဖတ်ကြသည်။ ရုရှမှာ ဒေါတော့ယက်စကီး၊ တော်စတွိုင်း၊ ပွတ်ရှကင်၊ ချက်ကော့၊ ဂေါ်ကီ စသော ရှေးခေတ်စာရေးဆရာကြီးများ၏ ၀တ္ထုများကို ဖတ်သည်။ ကဗျာထဲကဆိုလျင် ပွတ်ရှကင်၊ ဘလောက် တို့လောက်သာ ဖတ်ဖူးသည်။ ဆိုဗီယက်ခေတ်ရောက်တော့ အာရင်ဘတ်၊ ရှိုလိုကော့၊ ဖာဒေယိ၊ ဖီဒင်၊ အော်စထရော့စကီး၊ စီမိုနော့၊ ကဗျာထဲက မာယာကော့စကီး၊ ယက်တူရှင်ကို၊ ပက်စတာနက် တို့လောက်သာ ဂရုပြုဖတ်သည်။ ရုရှစာပေ၌ ဖတ်စရာတွေ တပုံကြီး ရှိသည်။ စာရေးဆရာ တော်တွေလည်း အများကြီး။ တချို့ စာပေများကို နာမည်ဖြင့်တပ်၍ စာရေးဆရာကို မစွဲလန်းတော့။
ယင်းသို့ နည်းနည်းလောက်သာ ဖတ်မိသည်ထဲ၌ အာရင်ဘတ်မှာ ကျွန်တော် ကြိုက်သည့်အထဲ၌ ပါဝင်သည်။ ပက်စတာနက်ကိုကား 'ဒေါက်တာဇီဗားဂိုး' ၀တ္ထုတွင် တော်တော် နှစ်သက်မိသည်။ သူ့ကဗျာများကား အသိခက်လှသည်။
စတာလင်ဆန့်ကျင်ကျင်ရေးခေတ် (၁၉၅၆) ၌ အာရင်ဘတ်၏ 'နှင်းခဲပျော်ချိန်' ၀တ္ထုထွက်လာသည်။ ဥရောပ၌ နှင်းခဲပျော်ချိန်မှာ အဓိပ္ပါယ်ရှိသည်။ ဆောင်းတွင်း၌ ရေခဲပြီး ဆောင်းယွန်းသွားသောအခါ ရေခဲ ပျော်ကျလာလေသည်။ နှင်းခဲများ ကျဆင်းချိန်၌ တင်ရှိနေသော အမှိုက်သရိုက်များမှာ ရေအဖြစ် ပျော်ကျကာ စီးဆင်းသွားလေတော့သည်။ စတာလင်ခေတ် အပြီးကာလကို တင်စားထားသည်။ စတာလင်ခေတ်ကာလ၏ ချုပ်ချယ်ကျပ် တည်းမှုမှ လွတ်မြောက်လာခြင်းကို သရုပ်ဖော်ထားသည်။ အလုပ်ရုံတခု၌ လူများမှာ ငြီးငွေ့နေကြသည်။ လင်ရှိမိန်းမမှာ အခြားယောက်ျားတပါးနှင့် လွန်ကျူးနေ၏။ အလုပ်ရုံ အုပ်ချုပ်ရေးမှူးမှာ ကုန်ထုတ်လုပ်ရေး၌ အလုပ်များနေသဖြင့် ဇနီးသည်ကိုပင် ကြင်နာယုဖို့ အချိန်မပေးပေ။ နှင်းခဲပျော်ချိန်၏အဆက် 'နွေဦးပေါက်' ၀တ္ထု ထွက်လာသေးသည်။ ယင်းဝတ္ထုများကို ကျွန်တော် သိတ်မစွဲလန်းတော့ပေ။
လွန်ခဲ့သော (၁၀)နှစ် ကာလကား ကွန်မြူနစ်လောက၌ ဆန့်ကျင်ဘက်များဖြင့် ပြွမ်းတီး လှုပ်ရှားနေသော ခေတ်ဖြစ်သည်။ ယင်း ပဋိပက္ခရှုခင်းများမှာ နိုင်ငံခြား၌ ဖြစ်ပျက်နေသည် ဖြစ်ရာ၊ ကျွန်တော်တို့မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ဖော်ပြမှုတို့ကိုသာ 'မူရင်း' အနေဖြင့် သိခွင့်ရရှိကြ၏။ ပဋိပက္ခများကို လေ့လာရာ၌ သူတို့ ပင်ရင်းဘာသာ မတတ်သဖြင့် တပန်းရှုံးနေလေတော့သည်။ နိုင်ငံရေးတိုက်ပွဲများ ပြင်းထန်နေဆဲအခါ တဖက်စကားချည်း အားကိုး၍ အမှန်ရှာမရနိုင်ပေ။ မိမိ ပြည်တွင်း၌ပင် (၂)ဖက် အဖြစ်အပျက်၊ ဟောရပ်ပြောရပ် စကားရင်းများကို ဃဂဏန လေ့လာမှသာလျှင် တကယ့်ရှုခင်းကို ငုံမိမည် ဖြစ်ပေသည်။
၁၉၆၁ က ဆွီဒင်ပြည် စတော့ဟုမ်း၌ ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေး တက်ရောက်သည်။ အာရင်ဘတ်မှာ ဆိုဗီယက်ကိုယ်စားလှယ် အဖွဲ့ဝင် ဖြစ်သည်။ ယင်း အစည်းအဝေး၌ တရုပ်-ဆိုဗီယက် အငြင်းပွါးမှု သက်ရောက်လျက်ရှိသည်။ ကျွန်တော်တို့မှာ နှစ်စဉ် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီမှ ကျင်းပမည့် ယဉ်ကျေးမှု နှစ်ပါတ်လည်၌ ဦးပုညကို ထည့်သွင်းရန် စိုင်းပြင်းလျက်ရှိသည်။
ကျွန်တော်သည် အာရင်ဘတ်ကို လိုက်ရှာသည်။ အစည်းအဝေးမှာ ဆက်တိုက် လုပ်နေ၍ မအားရ။ ဟော်တယ် တည်းသည်မှာလည်း တနေရာစီ ဖြစ်နေ၍ မဆုံမိကြ။ ည အစည်းအဝေးပြီးလျင် မြေအောက်ရထားဖြင့် ကမန်းကတမ်း ပြန်ရသည်။
တညနေ အစည်းအဝေးနားချိန်၌ အာရင်ဘတ်နှင့် သွားတွေ့သည်။ သူကလည်း အင်္ဂလိပ်စကားမတတ်။ ကျွန်တော်ကလည်း ပြင်သစ်စကား မတတ်၍ လက်ဆွဲနှုတ်ဆက်ပြီး စကားမပြောလိုက်ရ။ မော်စကို မှတဆင့် ရန်ကုန်သာ ပြန်ရောက်လာသည်။ သူနှင့် မတွေ့တော့။ မော်စကိုတွင်လည်း တွေ့ရန် မကြိုးစားမိ။
၁၉၆၂ က ကရူးရှက်သည် ဆိုဗီယက် ခေတ်သစ်ပန်းချီကို ဝေဖန်သည်။ ခေတ်သစ်ပန်းချီကို မြင်းမြီးလှုပ်ရမ်းထားသော ဆေးစက်များဟု ဝေဖန်လိုက်သည်။ ထိုအချိန်လောက်ကပင် ကရူးရှက်က အာရင်ဘတ်အား အာရင်ဘတ်ဟာ အောက်တိုဘာ တော်လှန်ရေးတုန်းက ထိထိရောက်ရောက် ပါခဲ့တာမဟုတ်ဟု ပြောသည်ကို ဖတ်လိုက်ရ၏။
၁၉၆၂ က အာရင်ဘတ်၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိ စာအုပ်နှစ်တွဲ ဖတ်လိုက်ရသည်။ ပြည်သူနှင့် ဘ၀၊ တော်လှန်ရေး၏ ပဌမနှစ်များ ၁၉၁၈-၁၉၂၁၊ အားလုံး (၆)တွဲရေးရာ၊ ကျန် (၃)တွဲကို ယခုမှ ဖတ်ရသည်။
ယင်းကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှတ်တမ်းများကိုမူ နှစ်သက်မိသည်။ အာရင်ဘတ်မှာ သူနှင့် ခေတ်ပြိုင် ရုရှ စာရေးဆရာများ၊ အနုပညာရှင်များသာမက၊ ဥရောပ စာရေးဆရာ၊ အနုပညာရှင်များနှင့်လည်း သိကျွမ်းခင်မင်ရာ၊ သူ၏ မှတ်တမ်းမှာ ယနေ့ခေတ်ပြိုင် စာပေနှင့် အနုပညာရုပ်ပုံလွှာ ကားချပ်ကြီးပင် ဖြစ်သည်။ နှစ်ပေါင်း (၅၀)၏ ဥရောပ ယဉ်ကျေးမှု လှုပ်ရှားမှုကြီးကို ဖွဲ့ထားသော စာအုပ်ဖြစ်သည်။ အာရင်ဘတ်မှာ ဆိုဗီယက်အစိုးရ အာဘော် အစ်ဇဗက်ရှား သတင်းစာ သတင်းထောက်လည်းဖြစ်ရာ၊ ဥရောပတခွင်မှ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဘ၀ မြင်ကွင်းများကို သူကြုံတွေ့ခံစားသည့်အတိုင်း ရေးထားလေသည်။ စပိန် ပြည်တွင်းစစ်တုန်းကလည်း သေနတ်သံများကြားထဲ ရောက်နေ၏။ ကမ္ဘာကျော် ပန်းချီဆရာ များဖြစ်သော ပီကာဆို၊ ဒီရူး၊ စသူတို့နှင့် လုံးထွေးနေခဲ့၏။ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စာရေးဆရာ စည်းရုံးရေးများတွင်လည်း သူပါနေ၏။
အာရင်ဘတ်သည် မှန်တံခါးအတွင်း အခန်းအောင်းနေသော စာရေးဆရာ သက်သက် မဟုတ်ပေ။
၁၉၆၁- က စတော့ဟုန်းမြို့၏ မယ်လမင် ဟော်တယ်အနီး အပေါ်ထပ်အခန်းကလေး၌ အာရင်ဘတ်သည် လက်နှစ်ဖက်ကို လှုပ်ကာ လှုပ်ကာ စကားထပြောနေ၏။ ကမ္ဘာ့ငြိမ်းချမ်းရေး စည်းရုံးရေးရာ ကော်မရှင် အစည်းအဝေးဖြစ်သည်။ အာရင်ဘတ်က 'လက်နက်ဖျက်သိမ်းရေး ပဌမ' ဆိုသော အချက်ကို ထောက်ခံ ရှင်းလင်းနေ၏။ သူပြောပြီးလျှင် တရုတ်ကိုယ်စားလှယ် ထကာ အမျိုးသား လွတ်လပ်ရေးဘက်မှ ချေပ၏။
ကျွန်တော်တို့ကား လက်နက်ဖျက်သိမ်းရေးကို မပယ်၊ သို့သော် လက်နက်ဖျက် သိမ်းရေးလော၊ အမျိုးသားလွတ်လပ်ရေးလောဟု ဆုံးဖြတ်မည် ရှိသောအခါ အမျိုးသား လွတ်လပ်ရေးဘက်က ရပ်တည်ခဲ့ကြသည်။ လွတ်လပ်ခါစ နိုင်ငံကလေးများအဖို့ကား မိမိတို့၏ အမျိုးသားလွတ်လပ်ရေး၊ ခိုင်ခံ့ရေးသည် ပဌမ မဟုတ်ပေလော။
ကျွန်တော်တို့သည် တရုတ်ဆိုဗီယက် ကွဲလွဲချက်ကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားခဲ့ ရသည်။ ကျွန်တော်က ကပ်လျက်ထိုင်နေသူ ဗီယက်နမ်ကိုယ်စားလည် အဖွဲ့ဝင်အား လှမ်းကြည့်လိုက်သည်။ မြန်မာပြည်ရောက်ဖူးသော ဗီယက်နမ်သားက လက်ဝါးနှစ်ဖက်ဖြန့်ကာ ပခုံးကို တွန့်လိုက်၏။ သဘာပတိလုပ်သူ ကနေဒါမှ ခရစ်ယံရဟန်းမှာ စကားပြောဓါတ်ခွက်၌ ငေးနေ၏။
မုန်တိုင်းသစ်သည် ဝှေ့ယမ်းလျက်ရှိသည်။ အပြင်ဘက်တွင်ကား တဝေါဝေါ အော်မြည်ကာ နှင်းပွင့်များ ကျဆင်းလျက် ရှိသည်။ မှန်ပြတင်း၌ ရေခဲမြူလွများ တင်နေ၏။
အာရင်ဘတ်သည် မုန်တိုင်းသစ်အကြား၌ပင် နှလုံအခုန်ရပ်စဲ သွားခဲလေပြီ။ သူ့ရင်ခုန်သံကိုကား သူ၏စာအုပ်များ၌သာ ခံစားရပေတော့မည်။
ကျွန်တော်တို့မှာ မုန်တိုင်းသစ်၌ သစ်ရွက်ကြွေသံ၊ သစ်ပင်လဲကျသံ၊ မြစ်ရေဒလဟော စီးဆင်းသံများ ကြားနေရသေးသည်။ မုန်တိုင်းစဲပါတော့ဟု ဆုတောင်းကြမည်လော။ မုန်တိုင်းဟောင်းစဲလျင် မုန်တိုင်းသစ် လာပေဦးမည်။
လူ့ဘုံလောကကြီးပင်လျင် မုန်တိုင်းကြီး မဟုတ်ပေလော။ မြင်ရသော မုန်တိုင်းနှင့် မမြင်ရသော မုန်တိုင်းသာ ခြားနားသည် မဟုတ်ပေလော။
ဒဂုန်တာရာ
ရှုမ၀၊ ၁၉၆၇။
{ဒဂုန်တာရာ ရဲ့ "စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်" စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၇၄ ဧပြီ မှ ကူးယူဖော်ပြပါတယ်။}

Friday, February 6, 2009
ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး{၅}
အဲဒါဖြစ်ပြီး တစ်ပတ်လောက်အကြာမှာ ဝေမိုးကျနော့်ဆီရောက်လာတယ်။ သူက ပြန်လွတ်လာ တာ မကြာသေးဘူး။ လွတ်လွတ်ပြီးချင်း ဘုန်းကြီးဝတ်တော့ ကျနော်နဲ့ဆရာကြီးတို့ သွားကြသေး တယ်။ အခုသူက ဘုန်းကြီးထွက်ခါစ အိမ်မှာအနားယူနေတဲ့အချိန်။ ကျနော့်ဆီတော့ မကြာခဏ လာတတ်တယ်။ အခုလာတာကတော့ အလုပ်ကိစ္စနဲ့ပါ။ ''အကို့ ကို လူတစ်ယောက်ကတွေ့ချင်လို့ တဲ့။ အရေးကြီးတယ်။ လျှို့ဝှက်တွေ့ရမှာ..''။ တွေ့မယ် သူဘယ်သူလဲ လို့မေးလိုက်တော့ သူက ''ဘယ်သူလို့မပြောရဘူးလို့ မှာလိုက်တယ်။ တွေ့ရင်သိမှာပဲ။'' ဒါဆို ငါမတွေ့တော့ဘူးကွာ။ မင်းပဲ စဉ်းစားကြည့်။ အခုလို နိုင်ငံရေးအခင်းအကျင်းမျိုးမှာ ဘယ်သူမှန်းလည်း ကြိုမသိ၊ အရေးလည်း ကြီး၊ လျှို့ဝှက်လည်း ဆိုသေး ဆိုတော့ ငါမတွေ့တော့ဘူးကွာ..''။ ဝေမိုးပြန်သွားတယ်။ ကျနော် ပြတဲ့အကြောင်းပြချက်က ခိုင်လုံနေတယ်လေ။ နောက်တစ်နေ့ ဝေမိုးပြန်ရောက်လာတယ်။ ကျနော့်နား နားကပ်ပြီး ''ခုတွေ့မယ့်လူက တခြားသူမဟုတ်ဘူး။ ကိုသက်ဝင်းအောင်ပဲ'' လို့ပြောလိုက်တော့ ကျနော်ရင်ထဲ ဒိန်းခနဲဖြစ်သွားတယ်။
သက်ဝင်းအောင်နဲ့ကျနော် မတွေ့ရတာ (၆)နှစ် ကျော်ပြီ။ ၁၉၉၂ သူလွတ်သွားပြီး ကျနော့်ကို ရုံးထွက်မှာလာတွေ့ခဲ့တာ နောက်ဆုံးပဲ။ ၁၉၉၇ ကျနော်ထောင်ကလွတ်တော့ သူရန်ကုန်မှာ မရှိတော့ဘူး။ နိုင်ငံရေးကိစ္စတွေနဲ့ ထောက်လှမ်းရေး လိုက်ဖမ်းနေလို့ ထိုင်းဘက်ထွက်သွားပြီ။ ဒါကြောင့် သက်ဝင်းအောင်ကိုတွေ့ရင် ဖမ်းဖို့ ထောက်လှမ်းရေးက ဝရမ်းထုတ်ထားတဲ့အချိန်။ ဒါပေမဲ့ သူ ထိုင်းမှာရှိနေတယ်ဆိုတော့ ကိစ္စမရှိဘူးပေါ့။ ခုတော့ မြန်မာပြည်ထဲ ပြန်ရောက်ပြီး လှုပ်ရှားနေပြီပေါ့။ သြဂုတ် လှည်းတန်းကိစ္စ၊ ပုံမှန်ထွက်နေ တဲ့ Statement ကိစ္စ၊ ကျောင်းသား လှုပ်ရှားမှုတွေ..။ တစ်ခုချင်း ကျနော့်ခေါင်းထဲ အစီစီအရီရီ ပေါ်လာတယ်။ ဒါ သူ့လက်တွေပဲ။ သူနဲ့တစ်စုံတစ်ရာ ပတ်သတ်နေတယ်ဆိုတာ သိထားပေမဲ့ လူ ကိုယ်တိုင် ပြည်တွင်းပြန်ရောက်ပြီး လှုပ်ရှားနေမယ်တော့ ထင်မထားခဲ့မိဘူး။ အခု သူပြန်ရောက် နေပြီ။ လှုပ်ရှားနေပြီ။ ကျနော့်ကိုတွေ့ဖို့ ချိန်းနေပြီ။ ကျနော်ဘာလုပ်ရမလဲ။
ဒီအချိန်မှာက ညတိုင်း လူဖမ်းပွဲကြီးလုပ်နေတဲ့အချိန်။ NLD အဖွဲ့ဝင်တွေရော၊ ကျောင်းသားတွေရော တစ်သုတ်ပြီး တစ်သုတ်ဖမ်းခံနေရချိန်။ ကျနော်က ထောင်ကထွက်လာတာ (၁)နှစ်တောင် တင်းတင်းမပြည့်ချင် သေးဘူး။ ထောက်လှမ်းရေး စစ်ကြောရေးခန်းက ပြန်ထွက်လာတာ ရက်ပိုင်းပဲရှိသေးတယ်။ ဒီ အခြေအနေမှာ သူ့ကိုသွားတွေ့မလား။ မတွေ့ဘဲ ငြင်းလိုက်မလား။ သွားတွေ့ရင် အကြီးအကျယ် အန္တရာယ်ရှိနိုင်တယ်။ အနည်းဆုံး ထောင်ဒဏ် (၇)နှစ်ပဲ။ မတွေ့ဘဲ ငြင်းလိုက်ရင်ကော ကျနော့် ခေါင်းထဲ ဆက်တိုက်ဖြစ်လာတဲ့အတွေးတွေပါ။ ကျနော် ငြိမ်ကျသွားတာကို ဝေမိုးသတိထားမိ တယ်။ နောက်ဆုံးတော့ ကျနော်တွေ့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တွေ့မယ့်အချိန်နဲ့နေရာ သတ်မှတ်ပြီး ဝေမိုးပြန်သွားတယ်။
ခုလို သက်ဝင်းအောင်နဲ့ တွေ့ဖို့ဆုံးဖြတ်လိုက်တာဟာ ကျနော့်အတွက် အန္တရာယ်ကြားကစွန့်စားမှု တစ်ခုပါပဲ။ သာမန်အချိန်မှာ အဲဒီလောက်မဟုတ်ပေမဲ့ အဲဒီတုန်းက နိုင်ငံရေးအခင်းအကျင်းက ဇာတ်ရှိန်အမြင့်ဆုံးဖြစ်နေတဲ့အချိန်၊ ကျနော်ပြင်ဆင်သင့်တာတွေ အသေးစိတ်ပြင်ဆင်တယ်။ ကျနော့်အမိုးအတွက် လိုအပ်တာတွေ၊ ပေးရမယ့်အရာတွေ၊ ရစရာရှိတာတွေ အကုန်စာရင်းချပြီး အပြီးလုပ်ထားလိုက်ပါတယ်။ နောက်နေ့မနက် (၉)နာရီလောက် ဝေမိုးရောက်လာတယ်။ သူ လည်း လိုက်ဖို့လာပြောတာပါ။ ဒါပေမဲ့တွေ့ဖို့ချိန်းထားတာက နေ့လည် (၂)နာရီ။ အချိန်အစော ကြီး ရှိသေးလို့ ကျနော်တို့အိမ်မှာပဲ စကားထိုင်ပြောနေကြတယ်။ (၁၁)နာရီလောက်ကျတော့ ဆရာကြီးက ဆိုင်းမဆင့် ဗုံမဆင့် ဗြုန်းစားကြီးရောက်ချလာတယ်။ သူနဲ့လိုက်ခဲ့ဖို့ အတင်းခေါ်နေ တော့တယ်။ ပထမ ကျနော်ငြင်းသေးတယ်။ ဒါပေမဲ့သူကမရဘူး။ အကြောင်းပြချက် မခိုင်လုံလို့ ကတော့ အတင်းဇွတ်နေတော့တာ။ ကျနော်လည်း နာရီကြည့်တော့ အခုမှ (၁၁)နာရီဆိုတော့ (၃)နာရီလောက် လိုသေးတာပဲဆိုပြီး သူနဲ့လိုက်သွားလိုက်တယ်။
ဝေမိုးလည်း လိုက်လာတယ်။ ပထမတော့ မဂ္ဂဇင်းတိုက်ကို သွားကြတာ။ နောက် ကျနော်တို့တွေ ပန်းဆိုးတန်းက ဟိန္ဒူဘုရား ဝင်းထဲဖွင့်ထားတဲ့လက်ဖက်ရည်ဆိုင် သွားထိုင်ကြတယ်။ အဲဒီမှာက စားစရာစုံတယ်လေ။ အဲဒီမှာ နေရင်း (၁)နာရီထိုးတော့ ကျနော်ထွက်ဖို့လုပ်တယ်။ ဆရာကြီးက မရဘူး။ ညနေထိ သူနဲ့နေချည်း လုပ်နေတယ်။ သူပြန်ပို့ပေးမယ်ပေါ့။ ကျနော်ကလည်း ချိန်းထားတာရှိလို့ သွားမယ်ဆိုတာကို ''ဘာလဲ မင်းရည်းစားရနေပြီလား။ ငါ့ကို မိတ်ဆက်ပေး၊ ငါလည်းလိုက်မယ်''ဆိုပြီး လုပ်နေတယ်။ ကျနော်လည်း ဘယ်လိုပြောရမလဲမသိတော့ဘူး။ နာရီကြည့်ပြီး ဝေမိုးလည်း မျက်စိမျက်နှာပျက် နေပြီ။ သက်ဝင်းအောင်နဲ့တွေ့ဖို့ကိစ္စကို ကျနော် ဆရာကြီးကိုအသိမပေးချင်ဘူး။ သူ့ကိုအန္တရာယ် စက်ကွင်းထဲ မရောက်စေချင်လို့။ ဘာပြောပြော သိထားရင် အန္တရာယ်ရှိတယ်လေ။
ဘယ်လိုမှ ထွက်လို့မရတဲ့အဆုံး ကျနော်ဝေမိုးကိုမျက်ရိပ်ပြလိုက်ပြီး ဆရာကြီးကို လက်ကုတ်လိုက်တယ်။ လက်ဖက်ရည်ဆိုင်ကထွက်လာပြီး ဆရာကြီးနားကပ်ပြီး အခုတွေ့မှာ သက်ဝင်းအောင်ဖြစ်ကြောင်း ဆရာကြီးအန္တရာယ်ရှိမှာစိုးလို့ အသိမပေးတာဖြစ်ကြောင်း၊ အခုချိန်းထားတဲ့အချိန် မိနစ်ပိုင်းပဲ လို တော့ကြောင်း၊ ပြောလိုက်မှ မျက်လုံးပြူးသွားတယ်။ ချက်ခြင်းပဲ '' အေး.. အေး..သွား.. ငါ့ကားယူသွား '' ဆိုပြီး ကားပါ ပေးလိုက်တယ်။ သူကတော့ အဲဒီမှာဘဲ ကျန်ခဲ့တယ်။ ကားပေါ်တက်ခါနီး ကျနော့်နားနားကပ်ပြီး '' သက်ဝင်းအောင်ကိုပြောလိုက် ၊ ငါသတိရနေတယ်လို့ ။ ငါ့ကိုပေးစရာရှိတဲ့အကြွေးလည်း ဆပ်ဦး'' လို့ မှာလိုက်သေးတယ်။ သူ့ကိုပေးစရာရှိတဲ့အကြွေးးဆိုတာက အထဲမှာနေကြတုန်း စာမေးပွဲပြန်ဖြေဖို့ သူတောင်းထားတဲ့ကတိကို သက်ဝင်းအောင်က ပေးခဲ့ပြီး စာမေးပွဲမဖြေဖြစ်သေးတာကို ပြောတာပါ။
ချိန်းထားတဲ့နေရာရောက်တော့ သက်ဝင်းအောင်က ကြိုရောက်နှင့်နေပြီ။ သူ့ပုံစံက လွန်ခဲ့တဲ့ (၆) နှစ်က အတိုင်းပဲ။ ဘာမှ သိပ်မပြောင်းဘူး။ ကျနော့်ကို တွေ့တွေ့ချင်း ကျနော့်လက်မောင်းကို လက်သီးနဲ့ ထိုးလိုက်တယ်။ ကျနော်လည်း သူ့ရဲ့ပြောင်နေတဲ့နဖူးကို လက်နဲ့လှမ်းတောက်ချလိုက် တယ်။ ပြီးမှ (၂)ယောက်သား ပြိုင်တူရယ်လိုက်ကြပြီး ဘေးချင်းယှဉ်လျှက်က တစ်ယောက်ပခုံး တစ်ယောက်လှမ်း ဖက်ထားလိုက်ကြတယ်။ အဲဒါ ကျနော်တို့နှစ်ယောက် နှုတ်ဆက်နေကျပုံစံလေ။ သူနဲ့ကျနော် (၁) ဆောင် မှာအတူတူနေကြတုန်းက ကျနော်က နေ့တိုင်း 'ဒိုက်' ထိုးတယ်။ အဲဒါကို သူက ''မင်းလက်မောင်းတွေက ကောင်းသားပဲ။ မှန်း ..ငါစမ်းကြည့်စမ်းမယ်”ဆိုပြီး ထိုးတော့တာ ပဲ။ ကျနော့်ကို ဘယ်အချိန်တွေ့တွေ့ကျနော့်လက်မောင်းကို ထိုးလိုက်ရမှ ကျေနပ်တဲ့ကောင်။ ကျနော်ကလည်း သူ့နဖူးကို လက်နဲ့လှမ်းလှမ်း တောက်တယ်။ သူ့နဖူးပြင်က ထူးထူးခြားခြားကို ကျယ်နေတာ။ အဲဒါကို သူက ဆံပင်နဲ့ဖုံးထားတတ်တယ်။ ကျနော်ကသူ့ကိုဘယ်အချိန်တွေ့တွေ့ သူ့နဖူးကို တစ်ချက်လောက် တောက်လိုက်ရမှ ကျေနပ်တဲ့ကောင်လေ။ ဒီလိုနဲ့ သူနဲ့ကျနော်ကြားမှာ အဲဒီလို နှုတ်ဆက်တဲ့ပုံစံလေး ဖြစ်မှန်းမသိ ဖြစ်သွားကြတာလေ။
အဲဒီမှာ ခဏပဲနေပြီး ရွှေတိဂုံဘုရားသွားဖို့ သူကပြောတယ်။ သူက သူ့ဆိုင်ကယ်နဲ့ သက်သက် သွားတယ်။ ကျနော်နဲ့ဝေမိုးက ဆရာကြီးကားနဲ့။ ဘုရားပေါ်မှာ ညနေ (၅)နာရီလောက်ထိ အေးအေး ဆေးဆေး စကားတွေပြောဖြစ်ကြတယ်။ သူ ကျနော့်ကို တွေ့ဖို့ခေါ်တဲ့ အကြောင်းကတော့ အလုပ်ကိစ္စ ထက် အရင်သံယောဇဉ်အရ ခေါ်တွေ့တဲ့သဘောပါပဲ။ အဲဒီမှာ သူ ကျနော့်ကို ပြောခဲ့ တာတွေကတော့ ပုံမှန်တရားထိုင်ဖို့၊ သူလည်း ပုံမှန်တရားထိုင်ဖြစ်တဲ့အကြောင်း၊ အခက်အခဲတွေ ကြုံလာတဲ့အခါတိုင်း တရားထိုင်ထားတဲ့အကျိုးကြောင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လို့ရခဲ့ကြောင်း၊ ဒါကြောင့် တရားထိုင်တာ အကျိုးများကြောင်း၊ ကျနော်အနေနဲ့ လောလောဆယ် နိုင်ငံရေးကိစ္စ ခဏနားထားပြီး ပညာရေးကိစ္စကို ဇောင်းပေးသင့်ကြောင်း၊ ကျနော့်အနေနဲ့ ဟိုဖက်ထွက်ပြီး ပညာရေးဆက်လုပ်သင့်ကြောင်းတွေ ပြောတာပါ။ အဲဒီတုန်းက သူက ကျနော်ထောင်ထဲ (၆)နှစ် ကျော်နေခဲ့ရတာကို စိတ်မကောင်းဖြစ်နေတာ။
ကျနော်ကတော့ သူ့ကို သိပ်ပြီးမပြောဖြစ်ပါဘူး။ သိပ်ပြီး အတင့်မရဲဖို့နဲ့ ကိစ္စဝိစ္စပြီးရင် ခြေရာဖျောက် နေဖို့လောက်သာ သတိပေးလိုက်တာပါ။ ညနေ (၅)နာရီထိုးတော့ ကျနော်တို့ပြန်ဖို့ ထရပ်လိုက်ကြတယ်။ ထုံးစံအတိုင်း သူက ကျနော့် လက်မောင်းကို ထိုးလိုက်တော့ ကျနော်က သူ့နဖူးကို လှမ်းတောက်လိုက်တယ်။ ပြီးတော့ တယောက်ပခုံး တယောက်ဖက်ပြီး နှုတ်ဆက်လိုက်ကြတယ်။ အဲဒါ ကျနော်တို့နောက်ဆုံးနှုတ်ဆက်ကြတယ်ဆိုတာ (၂)ယောက်လုံး မသိခဲ့ကြဘူးလေ။ ကျနော်နဲ့တွေ့ပြီး နောက်(၂)ရက်လောက် နေတော့ သူအဖမ်းခံရတယ်။ အဲဒီထဲက အပြင်လောကကို အသက်ရှင်လျက် ပြန်ထွက်လာခွင့် မရတော့ပါဘူး။ ထောင်ထဲမှာ (၈)နှစ်ကျော်လောက် ခက်ခဲကြမ်းတမ်းမှုတွေ၊ တိုက်ပွဲတွေနဲ့ ရင်ဆိုင်တိုးခဲ့ရပြီး ပထမအောက်ပိုင်း သေသွားတယ်။ နောက်တော့ (၂ဝဝ၆) အောက်တိုဘာ (၁၆)မှာ မန္တလေးထောင်ထဲမှာ ကျဆုံးသွားရတယ်။ သူဆုံးတော့ ကျနော်က သာယာဝတီမှာ၊ နံရံတွေကြား ကနေပဲ သူ့ကို ''သက်ဝင်းအောင် (သို့မဟုတ်) ငြိမ်းချမ်းရေးဝိညာဉ်'' လို့ကင်ပွန်းတပ်ပြီး လှမ်း ဦး ညွတ်ခဲ့ရတယ်။
သက်ဝင်းအောင်အဖမ်းခံရပြီး ဘိုဘိုလည်း ဖမ်းခံရတယ်။ နောက်တော့ ကိုထွန်းမြင့်အောင်ပါ အဖမ်းခံရတော့ ကျနော်လည်း အိမ်မှာသိပ်မနေပဲ ရှောင်နေလိုက်ရတော့တယ်။ အဲဒီအတောအတွင်း ပညာရေးစနစ်အပြောင်းအလဲတွေ ဖြစ်သွားတယ်။ နှစ်စတုန်းက ပြောခဲ့တဲ့စနစ်က နောက်နှစ်မှစမှာ ဆိုတော့ ဒီနှစ်မှာ ဘယ်သူမဆို ဆယ်တန်းအပြင်ဖြေခွင့်ရှိသေးတယ်။ ကျနော့် ဆရာမတွေက ကျနော့် အတွက် 'ဖောင်' ဝယ်ပြီး တင်ဖို့လုပ်တယ်။ ကျနော့်လက်မှတ်လိုနေလို့ ကျနော့်ဆီ အကြောင်းကြားတော့ လက်မှတ်သွားထိုးပေးလိုက်ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ စာမေးပွဲဖြေဖို့ စိတ်ကူးလုံးဝမရှိတော့ပါဘူး။ မြန်မာပြည်ပညာရေးကို လုံးဝကျောခိုင်းလိုက်ပါပြီ။ လောလောဆယ် ကျနော်ကိုယ်တိုင်လည်း အဖမ်းခံရမလား၊ ထွက်ပြေးရမလား ဆိုတာလည်း သေသေချာချာ မသိနိုင်သေးဘူး။ ဒါတွေကို ဆရာမတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ဖွင့်မပြောခဲ့ပါဘူး။ ဒီအတောအတွင်း အခြေအနေက ပိုရှုပ်ထွေးလာတယ်။ ကျနော့်အိမ်ကို ထောက်လှမ်းရေးတွေ လာမေးနေပြီဆိုတာသိတော့ ကျနော် နယ်ထွက်သွားပါတော့တယ်။
နယ်မှာ (၃)လလောက်ရှောင်နေပြီး အေးဆေးပြီဆိုမှ ရန်ကုန်ပြန်တက်လာခဲ့တယ်။ မှတ်မှတ်ရရ ကျနော် ရန်ကုန် ပြန်ရောက်တဲ့နေ့က ၁၉၉၈ရဲ့ နောက်ဆုံးနေ့ ဒီဇင်ဘာ (၃၁)ရက်နေ့ပါ။ နောက်နေ့မှာ ဆရာမတွေ သွားနှုတ်ဆက်တယ်။ ဟိုရောက်တော့ ဆရာမတွေက ကျနော့်ကို မျှော် နေကြတာ။ စာမေးပွဲအတွက် ပြင်ဆင်ဖို့၊ စာကျက်ဖို့အတွက်ပါ။ ဒီတော့မှ ကျနော် စာမေးပွဲဖြေဖို့ အစီအစဉ် မရှိတဲ့အကြောင်း ပြောပြလိုက်တယ်။ ဆရာမက မရဘူး၊ ဖြေကို ဖြေရမယ် ဆိုပြီး အတင်း လုပ်တော့တာပဲ။ ကျနော်လည်း မဖြေတော့ဘူးဆိုတာ အကြောင်းတွေရှိတယ်လေ။ စာမေးပွဲဖြေရမှာက မတ်လ (၉)ရက်နေ့။ ကြားထဲမှာ (၂)လလောက်ပဲ အချိန်ရှိတော့တာ။ ခေါင်းထဲမှာလည်း ဘာစာမှမရှိတော့ဘူး။ ဒီကြားထဲမှာလည်း အိပ်မက်ဆိုးတွေ ဖြတ်သန်းမက်ခဲ့ရသေးတော့ ကျနော်တော်တော် ပင်ပန်းနွမ်းနယ်နေပြီ။ ဒါကြောင့် မဖြေတော့ဘူး။ ဖြေရင်လည်း ကျဖို့ပဲရှိတော့တယ်။ ကျနော့်မူက ''ဖြေရင်အောင်ရမယ်'' ။ ဆရာမတွေက ဘယ်လိုပဲဖြစ်ဖြစ် ဖြေကိုဖြေရမယ်၊ နောက်ဆုံး ကျရင်ကျပါစေ။ ကျနော် စာမေးပွဲခန်းထဲဝင်ရင်တော်ပြီ။
ဒီလိုနဲ့ ကျနော်နဲ့ ဆရာမတို့ စကားအခြေအတင် ဖြစ်ကြတယ်။ ကျနော်က မဖြေတော့ဘူးလို့ ပြောပြီး ပြန်ဆင်း ဖို့လုပ်တော့ ဆရာမက ''မင်းမပြန်နဲ့။ ဒီမှာ စာကျက်ရမယ်။ မင်း ဖြေကိုဖြေရမယ်။'' လို့လှမ်းပြော တယ်။ ကျနော်ကလည်း မရဘူး။ ဖိနပ်စီးပြီး တံခါးဖွင့်ဆင်းမယ်လုပ်တော့ ဆရာမက နောက်ကနေ ကျနော့်ဂုတ်ကိုကိုင်ပြီး မျက်နှာကို လက်သီး နဲ့ထိုးချလိုက်တယ်။ ကျနော့်မျက်စိထဲ မီးတောင် ပွင့်သွားတယ်။ ဆရာမအဖေက နာမည်ကျော် လက်ဝှေ့သမားကြီး။ ဆရာမလည်း ငယ်ငယ်က သဲအိတ်တွေ ဘာတွေထိုးပြီး လက်သီးကျင့်ခဲ့ဖူးတဲ့ ဆရာမ။ သူက ကျောင်းသားတွေကို ဘယ် တော့မှ မရိုက်ဘူး။ မာမာထန်ထန်တောင် ပြောတာမဟုတ်ဘူး။ စာသင်ရင် အမြဲပြုံးရွှင်နေ တတ်တာ။ ဒါပေမဲ့ သူစိတ်ဆိုးပြီဆိုရင်တော့ ခုနကလို ဂုတ်ဆွဲပြီး ဘယ်ပြန်ညာပြန် ထိုး တော့တာ။
ကျနော့်အကို ငယ်ငယ်တုန်းက သူ့လက်သီးစာမိပြီး (၃)ရက်လောက် ထမင်းမစားနိုင် ဖြစ်ခဲ့ဖူး တယ်။ ကျနော်လည်း (၈)တန်းနှစ်လောက်က တစ်ကြိမ်ထိခဲ့ဖူးတယ်။ အခု တစ်ကြိမ်ထိပြန်ပြီ။ စိတ်ထဲ ထူပူသွားပြီး ဆရာမကို လှည့်ကြည့်လိုက်တော့ သူက မင်းအထဲပြန်ဝင်ဆိုပြီး နောက်တစ် ချက်ထိုးချလိုက်ပြန်တယ်။ ဒီတခါ ကျနော်ရှောင်လိုက်နိုင်ပါတယ်။ ဒီတစ်ချက်ပါထိရင်တော့ ကျနော်ထင်တယ် (၅)ရက်လောက် ဆန်ပြုတ်သောက်ရမယ့်ကိန်းပဲ။ ကျနော်လည်း အသားလည်း နာ၊ ရှက်လည်း ရှက်ဆိုတော့ ဆရာမကို စူးစူးရဲရဲပြန်ကြည့်လိုက်တယ်။ အရိုင်းစိတ်တွေ ကြွလာတယ်။ ဆရာမနေရာမှာ တခြားလူဆိုရင်တော့ အရိုးတခြား၊ အသားတခြားဖြစ်သွားမှာ အမှန်ပဲ။ ဒါပေမဲ့ ဒီဆရာမက ကျနော့်ကို ငယ်ငယ်ထဲက သားတစ်ယောက်လို စောင့်ရှောက်ခဲ့တဲ့ဆရာမ၊ ကျနော်က အမေတစ်ယောက်လိုချစ်ခဲ့ရတဲ့ဆရာမ ဆိုတော့ စိတ်လျှော့ပြီး ခေါင်းငုံခံလိုက်ရတယ်။ ဆရာမအမေရောက်လာပြီး ကျနော်တို့ကို အိမ်ထဲခေါ်သွားလို့ ဆရာမလည်း ဘာမှ ထပ်မပြော တော့ပါဘူး။
ကျနော် စဉ်းစားကြည့်တယ်။ ကျနော့်ဘဝမှာ အနိုင်ကျင့်မှုမှန်သမျှကို ဘယ်တော့မှ ခေါင်းငုံ့ခံလေ့ မရှိဘူး။ ရတဲ့နည်းနဲ့ တွန်းလှန်ခဲ့တာချည်းပဲ။ ရုပ်ပိုင်းနဲ့ တွန်းလှန်လို့မရတဲ့ကိစ္စတွေဆိုရင် စိတ်ပိုင်း နဲ့တွန်းလှန်ခဲ့တာပဲ။ ဒါပေမဲ့ ကျနော်တွန်းလှန်လို့မရဘဲ ဒူးထောက်အညံ့ခံခဲ့ရတဲ့ အနိုင်ကျင့်မှုတော့ ရှိတယ်။ အဲဒါ 'မေတ္တာရဲ့အနိုင်ကျင့်မှုပဲ'။ အခုဆရာမလုပ်ရပ်နဲ့ ကျနော် ထောင်ထဲမှာရှိစဉ် ထောင်မှူးစောထွန်းနဲ့ဖြစ်တဲ့ကိစ္စမှာ ဆရာကြီးပါဝင်ခဲ့တဲ့ လုပ်ရပ်မျိုးတွေပါပဲ။ အဲဒါတွေကို ကျနော်က 'မေတ္တာရဲ့အနိုင်ကျင့်မှု' လို့ ခေါ်ချင်တယ်။ လူတယောက်က လူတယောက်ကို အနိုင်ကျင့်တယ်ဆိုတာ အနိုင်ကျင့်သူက သူ့ရဲ့အတ္တ အကျိုးစီးပွားအတွက် အနိုင်ကျင့်တာပါပဲ။ ဒါပေမဲ့ မေတ္တာရဲ့အနိုင်ကျင့်မှုကတော့ အဲဒါနဲ့ပြောင်းပြန်ပါ။ အနိုင်ကျင့်သူက သူရဲ့အတ္တ အကျိုး စီးပွားလုံးဝမပါဘဲ အနိုင်ကျင့်ခံရသူရဲ့ အကျိုးကို ရှေးရှုပြီး အနိုင်ကျင့်တာပါ။ ဒီလိုအနိုင်ကျင့်မှုမျိုးကို မေတ္တာရဲ့အနိုင်ကျင့်မှုလို့ ယူဆတယ်။ ကျနော့်ဘဝမှာ ကျနော် ဘာကိုမှ မကြောက်ပါဘူး။ မေတ္တာရဲ့အစွမ်းသတ္တိကိုတော့ အရမ်းကြောက်တယ်။ ဒီဒဏ်ကို ကျနော်မခံနိုင်ဘူး။ တကယ်တော့ ကျနော့်ဘဝမှာ အငတ်မွတ်ဆုံး၊ အတောင့်တဆုံးအရာဟာ မေတ္တာပဲလေ။
အဲဒီလိုမေတ္တာရဲ့အနိုင်ကျင့်မှုကြောင့် (၁ဝ)တန်းဖြေဖို့ လုပ်ရပါတော့တယ်။ ဖြေရဖို့ရက်က တအား နီးနေတော့ ဂုဏ်ထူးထွက်ဖို့ မမျှော်မှန်းတော့ဘူး။ အောင်မှတ်ရဖို့တောင် မနည်းလုပ်ရမှာ။ တော် သေးတာက ဝိဇ္ဇာတွဲ (၃)ဘာသာမှာ (၂)ဘာသာ (၄ဝ) ရရင် အောင်တယ်။ သိပ္ပံတွဲလည်း ဒီလိုပဲ။ အချိန်မရတော့လို့ ဝိဇ္ဇာတွဲထဲက သမိုင်းနဲ့အီကိုပဲ ကြည့်ပြီး ပထဝီကို လုံးဝလွှတ်ထားလိုက်တယ်။
သိပ္ပံတွဲထဲက Chemistry နဲ့ Physics ကိုပဲကြည့်ပြီး Bio ကို လုံးဝလွှတ်လိုက်တယ်။ အိပ်ချိန် (၅) နာရီလောက်ပဲထားပြီး ကျန်တဲ့အချိန်တွေမှာ စာနဲ့ပဲ မျက်နှာအပ်ထားလိုက်တယ်။ ဆရာကြီးက ကျနော့်ဆီ တစ်ပတ်တစ်ခါလောက် လူကိုယ်တိုင်ရောက်လာတတ်ပြီး ဖုံးနဲ့တော့ နေ့တိုင်းနီးပါး ပြောဖြစ်ကြပါတယ်။ စာအုပ်တွေ၊ မေးခွန်းလွှာတွေ တောက်လျှောက်ပို့ပေးပါတယ်။ စာမေးပွဲ စ ဖြေတော့ မြန်မာစာ ရှောရှောရှုရှုပဲ ဖြေနိုင်တယ်။ အင်္ဂလိပ်လည်း အေးအေးဆေးဆေးပဲ။ သချာင်္ လည်းအောင်မှတ်ရအောင် ဖြေနိုင်တယ်။
သိပ္ပံတွဲမဖြေခင်ညမှာတော့ ဆရာမက ကျနော့်အတွက် နည်းနည်းစိုးရိမ်နေတယ်။ Bio ကို လုံးဝလွှတ်ထားတော့ ကျန်တဲ့ Physics နဲ့ Chemistry ကို အပြည့်ရထားစေချင်တယ်။ Physics ကတော့ ရပါရဲ့။ Chemistry ကတော့ (၁) ခန်းလောက် လွှတ်လိုက်ရတယ်။ အချိန်လည်းမရှိ၊ ကျနော်လည်း အရမ်းပန်းနေပြီလေ။ ဒါပေမဲ့ ကျနော်ကတော့ ကျရာမှကျရော။ ကျနော်ခံယူချက်ကို လုံးဝ အထိမခံဘူး။ ကူးချလို့အောင်တာထက်စာရင် အကျခံပြီး ဂုဏ်ယူလိုက်မယ်။ စာခိုးချတာ ဘယ်သူ မှမသိရင်တောင် ကိုယ်ကိုယ်တိုင်တော့ သိနေဦးမှာပဲ။ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့အဖြစ်မျိုး မလုပ်ချင်ဘူး။ ကျနော် လိပ်ပြာသန့်ချင်တာလို့ ပြောလိုက်တော့ ဆရာမက ကျနော့်ကို အထူးအဆန်းလို ကြည့်နေတယ်။
စာမေးပွဲဖြေပြီးပြီးချင်းပဲ ကျနော်နဲ့ သူငယ်ချင်းတို့စုပေါင်းပြီး အလူမီနီယမ်ကုမ္ပဏီတစ်ခု ထောင် လိုက်ပါတယ်။ ဆရာကြီးက သဘောတွေကျလို့။ သူလည်း ရှယ်ယာထည့်မယ်ဆိုပြီး သူ့သမီး ဆီက ပိုက်ဆံယူလာပြီး ကျနော့်ဆီမှာ ရှယ်ယာထည့်တယ်။ ကျနော်တို့ ကုမ္ပဏီဖွင့်ပွဲမှာ ဆရာကြီးလာပြီး ဧည့်မှတ်တမ်းစာအုပ်မှာ အောင်မြင်စေကြောင်း ဆုတောင်းလက်မှတ် ထိုးပေးခဲ့သေးတယ်။ ဒီလိုနဲ့ သြဂုတ်လထဲမှာ (၁ဝ)တန်း အောင်စာရင်းထွက် တယ်။ အဲဒီနေ့က ကျနော် ရန်ကုန်မှာ မရှိဘူး။ အလုပ်ကိစ္စနဲ့ မအူပင်ရောက်နေတယ်။ အောင် စာရင်းထွက်မှန်းတောင် မသိပါဘူး။ ရန်ကုန်က ဖုံးဆက်ပြောမှသိတာ။ နောက်တစ်နေ့ ရန်ကုန် ပြန်ရောက်တော့ ကျနော် ဆရာကြီးဆီ သွားလိုက်တယ်။ ကျနော့်မြင်တော့ ဆရာကြီးက ထုံးစံအ တိုင်း ''ခွေးကောင်..ငါ အရမ်း ဝမ်းသာတယ်ကွာ။ မင်း စာမေးပွဲအောင်တာ..''ဆိုပြီး ကျနော့် ခေါင်းကို သူ့ရင်ဘတ်နဲ့ ဖိကပ်ထားတော့တယ်။ ကျနော့်ကို ဂုဏ်ပြုမယ်လို့လည်း ပြောပါသေး တယ်။
''ငါက ကျောင်းဆရာတစ်ယောက်ဆိုတော့ ကျောင်းသားတစ်ယောက် စာမေးပွဲအောင်တာ မဆန်းသလို ကျတာလည်းမဆန်းဘူး။ ဒါပေမဲ့ မင်းအောင်တာအတွက်တော့ ဆန်းတယ်။ အခက်ခဲ တွေ၊ အပိတ်ဆို့ အတားဆီးတွေ အထပ်ထပ်ကနေ ဖြေရမလို မဖြေရတော့ဘူး လိုလိုနဲ့ ကမျော သောပါး ဖြေခဲ့ရတာ မဟုတ်လား။ ဒါထက်ပိုတာက စာလုံးဝခိုးမချဘဲဖြေမယ်ဆိုတဲ့ မင်းရဲ့ခံယူ ချက်အတွက် ငါချီးကျူးတာ..'' လို့ ဝမ်းသာအားရ ဆက်ပြောနေပါသေးတယ်။ သူက ''အဲဒါသစ္စာပဲကွ။ သစ္စာရဲ့ရောင်ပြန်ဟပ်မှုပဲ'' လို့ ပြောပါ တယ်။ ကျနော်ကြောင်သွားတယ်။ ခုကိစ္စနဲ့ သစ္စာနဲ့ ဘယ်လိုစပ်ဆက်နေလဲပေါ့။ အဲတော့မှ သူက ''မင်းစာမေးပွဲမဖြေခင်ထဲက ကိုယ်မသိတာတွေ၊ အဖြေလွှာထဲမပါသွားစေရဘူး။ ကျရင် ကျပစေ။ စာလုံးဝခိုးမချဘူးဆိုပြီး မင်းဆုံးဖြတ်ထားတယ် မဟုတ်လား။ အဲဒီခံယူချက်က သစ္စာပဲ။ မှန်တဲ့ သစ္စာကြောင့် မင်းအခုအခက်အခဲတွေကြားကနေ အောင်ခဲ့တာ” တဲ့။
ကျနော်က သစ္စာဆိုတာ သိပ် နားမလည်သေးတော့ သူ့ကို ထပ်မေးမိတယ်။ သူက ''ဗုဒ္ဓဘာသာတရားတော်ကို ခြုံလိုက်ရင် စကား လုံး (၂)လုံးပဲ ထွက်လာတယ်။ အဲဒီ (၂)လုံးက ပညာနဲ့သစ္စာပဲ။ ပညာဆိုတာက ''အကောင်းမြင်'' နဲ့ ''အဆိုးမြင်''ကလွတ်တဲ့ ''ယထာဘူတအမြင်'' ကိုရတဲ့ပညာ။ သစ္စာဆိုတာကတော့ အမှန်တရား ပဲ။ တကယ့်အစစ်အမှန်၊ တကယ့်အဖြစ်တရား၊ အရှိတရားပဲ။ ဗုဒ္ဓတရားတော်တွေမှာ ပညာအကြောင်း အများကြီးပါသလို၊ သစ္စာနဲ့ပတ်သတ်ပြီးလည်း အများကြီးပါတယ်။ သစ္စာလေးပါးကို ခဏထားလိုက်။ ထောင်ထဲမှာတုန်းက ရွတ်နေတဲ့ ပရိတ်ထဲမှာ အင်္ဂုလိမာလသုတ်ဆိုတာ ရှိတယ်။ အဲဒါက သစ္စာကို ဟောတာပဲ။ ''ငါသည် အရိယာ ဖြစ်ပြီးသည့်အချိန်မှစ၍ မည်သည့်အသက်ကိုမှသတ်ခြင်းမရှိခဲ့ပါ။ ဤမှန်သောသစ္စာစကားကြောင့် မိခင်ရော၊ ခလေးပါ ချမ်းသာရာရပါစေ။''ဆိုပြီး သစ္စာပြုတာ ဒါကို ရှင်းရှင်းယူကြည့်ရင် ကိုယ် တကယ်စောင့်ထိန်းတဲ့၊ ကျင့်ကြံတဲ့တရားတစ်ခုကို သစ္စာပြုရင် အဲဒီသစ္စာစူးရှတာပဲ..''လို့ ရှင်းပြ တယ်။ တကယ်ဆို အဲဒီတုန်းက ဆရာကြီးပြောခဲ့တာတွေကို ကျနော်သေသေချာချာနားမလည်ခဲ့ပါဘူး။ ရေးရေးလေးလောက်သာ မိခဲ့တာပါ။
ကျနော့်ကို ဘာမေဂျာလျှောက်မှာလဲလို့ မေးပါသေးတယ်။ ကျနော်က Law လျှောက်ဖို့ စဉ်းစားထားတယ်ဆိုတော့ သူက Law မယူနဲ့ကွာ။ ဥပဒေအကြောင်းက အပြင်ကနေ စာတွေ ဖတ်ယူလို့ရတယ်။ မင်းနဲ့ကိုက်တာ ''ဖီလော်''ပဲ။ ဒါကြောင့် ''ဖီလော်''ယူကွာတဲ့။ ကျနော်သိထား တဲ့ ဖီလော်ဆိုတာက နက်နက်နဲနဲစဉ်းစားရတဲ့အလုပ်။ အငြိမ်အလုပ်။ ကျနော်က လှုပ်လှုပ်ရှားရှား သမား။ အပူနဲ့အအေးတခြားစီလို့ ဆရာကြီးကို ပြန်ပြောလိုက်တယ်။ ''ဆရာကြီးက မင်းကိုအပေါ် ယံသဘောကြည့်ရင်တော့ဟုတ်တယ်။ ဒါပေမဲ့ မင်းရဲ့အတွေးတွေထဲမှာ ဖီလော်နဲ့ဆက်စပ်နေ တယ်။ ဥပမာ စေတီကိုဖြိုကြည့်လိုက်ရင် အုတ်၊ သဲ၊ ကျောက်ပဲ ထွက်လာမယ်။ ဒါကို ဘာလို့ ကန်တော့ရလဲဆိုတဲ့ မင်းအသက် (၂ဝ)လောက်က ငါ့ကိုမေးခဲ့တဲ့စကားမျိုး နောက်အများကြီး ရှိ သေးတယ်။ မင်းက အများလက်ခံထားတဲ့အတိုင်း လက်ခံချင်မှ လက်ခံတာ။ အဲဒီအမြင်တွေက ဖီလော်နဲ့အကိုက်ဆုံးပဲ။ ဒါကြောင့် မင်း ဖီလော်ယူသင့်တယ်။ ငါမင်းကို အကြံပေးလို့ မင်းဒုက္ခ ရောက်တာ ရှိဖူးလား'' ဆိုပြီး မေးပါတယ်။ ဟုတ်ပါတယ် ဆရာကြီးကြောင့် ဒုက္ခမတွေ့ရဖူးပါဘူး။ ဒါပေမဲ့ ကျနော် စဉ်းစားဦးမယ်လို့ ပြောတော့ ဆရာကြီးက ''အဲဒါပဲ။ မင်းက ကိစ္စတစ်ခုကို ဘယ်တော့မှ လွယ်လွယ်နဲ့ အဖြေမပေးဘူး။ စဉ်းစားပြီးမှပေးတယ်။ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်လည်း ရေကုန်ရေခမ်းလုပ်တော့တာပဲ။ အဲဒါ မင်းဆီမှာ ငါကြိုက်တဲ့ စရိုက်တွေထဲက တခုပဲ''တဲ့။
ဒါပေမဲ့ ကျနော် ဆရာကြီးပြောခဲ့တဲ့ ''ဖီလော်'' မလျှောက်ဖြစ်ခဲ့ဘူး။ ဘာမေဂျာမှ မလျှောက်ရခင် ထောင်ထဲရောက်လာခဲ့တာ ခုထိပါပဲ။ ကျနော် ထောင်ထဲရောက်ပြီး မှ စာအုပ်တစ်အုပ်ထဲမှာ ''ဖီလော်''ကို အဓိပ္ပါယ်ဖွင့်ထားတာက “Philo” နဲ့ “Sophia” ကနေ လာ ထားတာလို့ဆိုတယ်။ အဓိပ္ပါယ်ကတော့ Love and Wisdom or Love of Wisdom တဲ့။ ဆိုတော့ ''ပညာကို ချစ်မြတ်နိုးခြင်း''လို့လည်း အဓိပ္ပါယ်ထွက်နိုင်တယ်လေ။ ဒီတော့ ဆရာကြီး ကျနော့်ကို ဖီလော်လျှောက်ခိုင်းတာဟာ ''အတွေးအခေါ်ပညာ''ကို လေ့လာဆည်းပူးခိုင်းတာပဲလား။ ဒီထက်ပိုပြီး ပညာကို ချစ်မြတ်နိုးဖို့ ပညာသားပါပါ တွန်းအားပေးခဲ့တာများလား..ကျနော့် စိတ်ထဲ သိချင်တာ။ ဆရာကြီးနဲ့ တွေ့ပြီး ပြောလိုက်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့ဖူးတယ်။ ခု တော့ ဆရာကြီး မရှိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးဆုံးတယ်ကြားတဲ့ နောက်တနေ့မှာပဲ ကျနော်ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ကျောင်းတက်ဖြစ်ရင် ''ဖီလော်''ဘာသာရပ်ယူမယ်။ ခမ်းခမ်းနားနားမဟုတ်ရင်တောင် နက်နဲတဲ့ ဒဿနစာတမ်းတစ်စောင် ပြုစုဖို့ ကြိုးစားမယ်။ ကျနော့်အပေါ်တင်နေတဲ့ ဆရာကြီးရဲ့ ကျေးဇူးတွေအတွက် ဒီစာတမ်းနဲ့ ဆရာကြီးကို ကျနော် ပူဇော်မယ်။
အောင်စာရင်းထွက်ပြီး သိပ်မကြာဘူး။ တညနေမှာ ဆရာကြီး ကျနော့်ကိုဖုံးဆက်ပြီးခေါ်ပါတယ်။ အရေးကြီးလို့ အခုပဲလာခဲ့ပါတဲ့။ ကျနော် ဖုံးလက်ခံတဲ့အချိန်က ည (၇)နာရီလောက်ရှိပြီ။ တာမွေ နဲ့ အင်းစိန်က (၁)နာရီလောက်သွားရတော့ ဟိုကို (၈)နာရီလောက်မှရောက်တယ်။ ဟိုရောက် တော့ ဆရာကြီးက ''ငါ မနက်ဖြန် နိုင်ငံခြားထွက်တော့မယ်'' လို့ပြောတော့ ကျနော်အံ့သြသွားတယ်။ နံမည်ရင်းဖြစ်တဲ့ ဦးဘဂျမ်းဆိုတဲ့ နာမည်နဲ့တင်ပြီး သိုသိုဝှက်ဝှက်လုပ်ခဲ့လို့ အခုမှအသိပေးတာလို့ ဆက်ပြောပါတယ်။ ဒါတောင် ဒီည လျှို့ဝှက်ထားဖို့ ပြောပါသေးတယ်။ မနက်ဖြန်လေဆိပ်မှာ အတားခံရမယ့် အန္တရာယ်ရှိသေးတယ်လေ။ မိသားစုဝင်တွေလောက်နဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေလောက်ပဲ အသိပေးထားတာတဲ့။ ဘာပြောပြောဆရာကြီးနဲ့ ခွဲရတော့ မယ်ဆိုတော့ ကျနော်ဝမ်းနည်းသွားတယ်။ ဘယ်တော့လောက် ပြန်လာမလဲမေးတော့ ''သိပ်မကြာ ပါဘူးကွာ။ အလွန်ဆုံး (၃)နှစ်ပေါ့''တဲ့။
ကျနော် ဆရာကြီးကို ကြမ်းပြင်မှာထိုင်ပြီး ကန်တော့လိုက် ပါတယ်။ ဘေးမှာထိုင်နေတဲ့မမိုးချိုသင်းက ခုံကထပြီး ဘေးကနေရပ်ကြည့်နေတယ်။ ကျနော်ရော၊ ဆရာကြီးပါ မျက်ရည်တွေဝဲနေတာ သူထင်ထင်ရှားရှား တွေ့ရမှာပဲလေ။ အဲဒါ ကျနော် ဆရာကြီး ကို နောက်ဆုံးကန်တော့ခြင်းပါပဲ။ အဲဒီတုန်းကတော့ နောက်ဆုံးလို့ ဘယ်ထင်ပါ့မလဲ။ ပြီးတော့မှ ဆရာကြီးက မင်းနဲ့ငါအမှတ်တရ လက်ဖက်ရည်ဆိုင်ထိုင်ရအောင်ဆိုပြီး အိမ်ကထွက်ခဲ့ကြတယ်။ တံခါးလိုက်ဖွင့်ပေးတဲ့ မမိုးချိုသင်းက သိပ်ဝေးဝေးမသွားဖို့မှာတယ်။ ကျနော် သူ့ကိုလှည့်ကြည့် တော့ ''မနက်ဖြန်လေဆိပ်မှာ အတားအဆီးဖြစ်မှာ ပူနေလို့''တဲ့။ ကျနော် ကိုယ်ချင်းစာပါတယ်။ သူတို့လဲ သူတို့အဖေကို ပူကြမှာပါပဲ။ တကယ်ဆို ဒီအချိန်မှာ အပြင်မထွက်သင့်တော့ဘူးလေ။ ခါတိုင်းအချိန်တွေမှာ ဘာမှပြောလေ့မရှိပေမဲ့ အခုသူတို့စိုးရိမ်မှုကို ကျနော် အသိအမှတ်ပြုရမယ်။ ဒါကြောင့် ကျနော်ကမသွားတော့ဘူးပြောတော့ ဆရာကြီးက မရဘူး။ ''လမ်းထဲက လက်ဖက်ရည်ဆိုင်လေး သွားထိုင်မယ်''တဲ့။ ဒါနဲ့ သူနဲ့ကျနော် ထိုင်ဖြစ်သွားတယ်။ ဆရာကြီးအတွက် မြန်မာပြည်ရဲ့နောက်ဆုံး လက်ဖက်ရည်ဆိုင်ထိုင်ခြင်း ဖြစ်ပါလိမ့်မယ်။ အဲဒီညက ဆရာကြီးက သူ့အိမ်မှာအိပ်ဖို့ ကျနော့်ကို ပြောသေးတယ်။ ကျနော် ငြင်းလိုက်တယ်။ သူ သမီးတွေနဲ့ လွတ်လွတ်လပ်လပ် နှုတ်ဆက်ကြပါစေ။ လူစိမ်းတစ်ယောက်ရှိနေရင် သူတို့ရဲ့လွတ်လပ်မှုကို အနည်းအများ ထိခိုက်နိုင်တယ်လေ။ အဲဒီနေ့ညက ဆရာကြီးအိမ်က ကျနော်ပြန်ထွက်တော့ ည (၉)နာရီကျော်နေပါပြီ။
နောက်တစ်နေ့ ဆရာကြီး ဘန်ကောက်လေဆိပ်ကို ချောချောမောမောရောက်သွားတယ်။ နောက် တစ်ပတ်လောက်နေတော့ ကျနော်လည်း ဒုတိယအကြိမ်ထောင်နန်းစံရတာ ခုထိစံနေရတုန်းပါပဲ။
ခုတော့ ဆရာကြီးဆုံးပြီ။ ကိုယ့်တိုင်းပြည်ရှိနေရက်နဲ့ ကိုယ့်ပြည်ကိုယ့်ရွာကို ချစ်လျက်နဲ့ သူတပါး တိုင်းပြည်မှာ ဆုံးပါးရတာ ကျနော်ဘယ်လိုဖြေရမလဲ ဆရာကြီး။ ဆရာကြီး ရုပ်အလောင်း ရှိတဲ့ L.A မှာ နှင်းတွေကျနေလား။ ကျနော်မသိဘူး။ မြန်မာပြည် သာယာဝတီမှာတော့ နှင်းတွေတအား ကျနေတယ်။ ခါတိုင်းနှစ်တွေထက် အအေးပိုလွန်းတဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အအေးကလည်း တာရှည်နေသေးတယ်။ ကျနော့်ရင်ထဲမှာ မီးဟုန်းဟုန်းတောက်နေလေရဲ့။ ဟိုးလွန်ခဲ့တဲ့ (၁၅)နှစ် က ခုလို ဇန်နဝါရီ နှင်းတွေဝေနေတဲ့ မနက်ခင်းလေးမှာ ဆရာကြီးရယ်၊ ကျနော်ရယ်၊ သက်ဝင်းအောင်ရယ် (၃)ယောက်လေ။ ခုတော့ ကျနော်တစ်ယောက်တည်း ကျန်ပါတော့လား။ ၂ဝဝ၆၊ အောက်တိုဘာ ၁၆ရက်နေ့မှာ သက်ဝင်းအောင်ဆုံးတယ်။ နောက် (၃)လအကြာမှာ ဆရာကြီးဆုံးပြန်တယ်။ ကျနော် ဘယ်လိုဖြေရမလဲ ဆရာကြီး။ ပိုကြေကွဲဖို့ကောင်းတာက ဒီနှစ်ယောက်လုံးရဲ့ ဈာပနအခမ်းအနားကို ကျနော်တက်ရောက်ခွင့် မရဘူးလေ။ အုတ်ရိုး၊ သံတိုင်၊ သော့ခလောက်တွေက မိစ္ဆာတွေအလိုကျ ကျနော့်ကို တားဆီးထားကြတယ်လေ။ 8’ 10’ အခန်း ကျဉ်းလေးထဲမှာ ကျနော်တယောက်ထဲ စိတ်နဲ့ ဦးညွတ်အလေးပြုနေရတယ်လေ။
တိုက်ဆိုင်လွန်းတယ်ပဲ ပြောရမလား။ သက်ဝင်းအောင်ဆုံးတော့ ၈၈မျိုးဆက်သစ် ကျောင်းသား တွေရဲ့ ''အဖြူရောင်ဖော်ပြချက်'' လှုပ်ရှားမှုကာလ။ လူတိုင်းအဖြူရောင်ဝတ်ပြီး ဆန္ဒထုတ်ဖော် ပြနေချိန်မှာ သက်ဝင်းအောင်က သူ့ရဲ့ခန္ဓာကိုယ်ကို မီးသင်္ဂြိုလ်စက်ထဲထည့်၊ ပြန်ထွက်ကျလာတဲ့ အဖြူရောင်ပြာမှုန့်တွေနဲ့ အမြင့်ဆုံးဆန္ဒထုတ်ဖော်ပြလိုက်တယ်လေ။ ''အခု ဆရာကြီးဆုံးတဲ့အချိန် မှာလည်း (၈၈) မျိုးဆက်တွေရဲ့ ''ရင်ဖွင့်လွှာ'' လှုပ်ရှားမှုကာလ။ လူတိုင်းလူတိုင်း သူတို့ခံစားနေရ တဲ့ ဒုက္ခတွေ၊ မတရားမှုတွေကို ဖွင့်ဟထုတ်ဖော် စာရေးသားနေချိန်မှာ ဆရာကြီးက ''ငါသိပ်ချစ် တဲ့ ငါ့တိုင်းပြည်ကို ငါပြန်ချင်တာ ငါ့ကို ပြန်ခွင့်မပြုဘဲ မတရားပိတ်ပင်တားဆီးထားကြတယ်ဟေ့'' ဆိုပြီး လူသိရှင်ကြားဖြစ်အောင် အကောင်းပကတိကနေ ဘုန်းကနဲလဲသေပြလိုက်ပါရောလား။ ဒါ ဟာ ''အမြင့်ဆုံး ရင်ဖွင့်လွှာ'' ရေးပြလိုက်တာများလား..။
သက်ဝင်းအောင်ရော ဆရာကြီးပါ (၂) ယောက်လုံး ဘုန်းခနဲလဲကျ၊ နှလုံးရပ်ပြီး သေသွားကြပုံ တူနေတာ တမင်တကာ တိုက်ဆိုင်မှု တွေများလား။ သက်ဝင်းအောင်က သူ့မိသားစုနဲ့ဝေးရာ နံရံလေးဘက်ကြား တစ်ယောက်ထဲ ရေကန်အသွား ဘုန်းခနဲလဲကျ နှလုံးရပ်သွားတယ်။ ဆရာကြီးက သူ့မိသားစုနဲ့ရော သူချစ်တဲ့ တိုင်းပြည်နဲ့ဝေးရာ တိုင်းတပါးမှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဘုန်းကနဲ လဲကျ နှလုံးရပ်သွားတယ်။ သက်ဝင်းအောင်အရိုးအိုးကို သူ့ဇာတိရန်ကုန်မှာ ပြန်သင်္ဂြိုလ်ချင်တာ ခွင့်မပြုဘူးတဲ့လေ။ ဆရာကြီးရဲ့အရိုးအိုးကို သူ့ဇာတိမြန်မာပြည်ကို ပြန်သယ်ချင်တာ သယ်ခွင့်မရဘူးဆိုပါလား။ ကျနော် ဘယ်လိုဖြေရမလဲ ဆရာကြီး။ ကျနော်ကိုယ်တိုင် အုတ်ရိုး၊ သံတိုင်၊ နံရံလေးဘက်ကြားမှာ ဒီ ကြေ ကွဲဖွယ်ရာဖြစ်ရပ်တွေကို ရင်နဲ့မဆန့်အောင် ခံစားနေရတယ်လေ။
သူတို့ သိပ်ရက်စက်ကြပါလား..အဟုတ်ပဲ သူတို့ သိပ်ကို ရက်စက်လွန်းတယ် ဆရာကြီးရေ..။ ဆရာကြီး အရိုးပြာအိုးကို မြန်မာပြည် သယ်ခွင့်မပေးတာ ထားပါဦး။ ဆရာကြီး နာရေးကြော်ငြာ ကိုတောင် ထည့်ခွင့်မပြုကြဘူးတဲ့။ လူကြားလို့မှ ကောင်းကြသေးရဲ့လား။ ဒါ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်တဲ့လား။ ယဉ်ကျေးပါတဲ့ မြန်မာလူမျိုးတွေ ကမ္ဘာ့အလယ်မှာ ဘယ်လိုမျက်နှာပြဝံ့ကြ တော့မှာလဲ။ ဆရာကြီးရေ သူတို့ ဆရာကြီးကို အူလှိုက်သည်းလှိုက်မုန်းနေကြပါရောလား။ သူရဲ၊ တစ္ဆေတွေ 'ဂုဏ်တော်' မြင်ရင် ထွန့်ထွန့်လူးကြောက်ကြသလို သူတို့ ဆရာကြီးရဲ့ဝိညာဉ်ကို ကြောက်နေကြပြီလေ။ ဒါကြောင့် ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဝိညာဉ် ပြည်တော်ဝင်ခွင့်ကို မပေးရဲ ကြတော့တာလေ။ ဆရာကြီး ရေးခဲ့ဖူးသားပဲ။ ဗုဒ္ဓဆင်းတုကို သံကြိုးနဲ့တုပ် ချုပ်နှောင်ထားမဲ့ ဗိုလ် ချုပ်တွေဆိုတာလေ။ ဆရာကြီး မလွန်ဘူး။ သူတို့ မြင်မြင်ကရာ သံကြိုးနဲ့တုပ်၊ ချုပ်နှောင်ချင်နေ ကြတာ ဘုရားတောင် ချမ်းသာမပေးကြတော့ဘူးလေ။
ဆရာကြီး ကျနော် ဘယ်လိုဖြေရမလဲ။ ဆရာဦးမြသန်း ဈာပနမှာ ဆရာကြီး ပြောခဲ့ဖူးတယ်လေ။ ''လူဟာ အသေကောင်းဖို့လိုတယ်။ အနေကောင်းမှ အသေကောင်းမယ်''ဆိုတာလေ။ ဆရာကြီး ရော၊ သက်ဝင်းအောင်ရော အနေကောင်းခဲ့ကြတယ်ဆိုတာ ကျနော် အပြည့်အဝ လက်ခံတယ်။ ဒါပေမဲ့ အသေကော ကောင်းကြရဲ့လား။ ဆရာကြီးက အနေကောင်းရင် အသေကောင်းမယ်လို့ မြင်တယ်နော်။ ကျနော်ကတော့ အသေကောင်းဖို့အတွက် အနေကောင်းရုံသက်သက်နဲ့ မလုံ လောက်ဘူးလို့ ယုံနေတယ်။ အသေလည်း ဖြောင့်ဖို့လိုတယ် မဟုတ်လား။ အသေဖြောင့်မှ အသေ ကောင်းမယ်လေ။ အနေလည်းကောင်း၊ အသေလည်းဖြောင့်မှ အသေလည်း ကောင်းတယ်လို့ ပြောလို့ရမယ်လေ။
ဒါဆို ဆရာကြီး အသေဖြောင့်ခဲ့ရဲ့လား။ အနေကောင်းခဲ့ပေမဲ့ အသေမဖြောင့် ခဲ့ဘူးမဟုတ်လား။ မသေခင်မှာ ဆရာကြီးသိပ်ချစ်တဲ့ တိုင်းပြည်ကို ပြန်ချင်တဲ့ အိမ်လွမ်းစိတ် ဝေဒနာအကြီးအကျယ် ခံစားခဲ့ရတယ် မဟုတ်လား။ အိမ်ပြန်ချင်တဲ့ဆန္ဒမပြည့်ဘဲ သေသွားခဲ့ရတာ မဟုတ်လား။ ဆရာကြီးသိပ်ချစ်တဲ့တိုင်းပြည်လည်း အမှောင်လွှမ်းနေဆဲမဟုတ်လား။ ဒီမိုကရေစီမရှိ၊ လူ့အခွင့်အရေးမရှိ၊ ဆင်းရဲခြင်းနဲ့ မတရားမှုတွေကြားမှာ ဆရာကြီး ချစ်တဲ့ပြည်သူတွေ မချိမဆန့်ခံစားနေရဆဲဆိုတာ ဆရာကြီးအသိပဲ မဟုတ်လား။ ဒီဝေဒနာတွေက လွတ်မြောက် စေချင်လွန်းလို့ ဆရာကြီးပဲ တဖွဖွပြောနေခဲ့တာ မဟုတ်လား။ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ခွင့်မရဘဲ သေခဲ့ရတဲ့ဆရာကြီး၊ ကိုယ့်တိုင်းပြည်ကို လွတ်လပ်တဲ့၊ တရားမျှတတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် မျက်ဝါးထင်ထင် မမြင်လိုက်ရဘဲ သေခဲ့ရတဲ့ဆရာကြီး အသေမဖြောင့်ခဲ့ဘူး မဟုတ်လား။ ဟုတ်တယ်။ ဆရာကြီး အသေမဖြောင့်ခဲ့တာ သေချာတယ်။
ဆရာကြီး ..ကျနော် ဘယ်လိုဖြေရမလဲ။ ဆရာကြီးနဲ့တွေ့ရင် ပြောဖို့ ရင်ဘတ်ထဲ ထည့်သိမ်းထား ခဲ့တဲ့စကားတွေ အခု ကျနော်ဘယ်သူ့ကို သွားပြောရတော့မှာလဲ။ ကျနော့်ရင်ထဲက စကားတွေ ဆရာကြီး မကြားနိုင်တော့ဘူးလား။ ဆရာကြီး ကျနော့်ကို ကဗျာခံစားဖတ်ရှုစေချင်ခဲ့တာ မဟုတ်လား။ အခု ကျနော်ကဗျာကို တရှိုက်မက်မက် ခံစားတတ်နေပြီ။ ကဗျာကို ကိုယ်တိုင်ဖန်တီးနေပြီ။ ကဗျာနဲ့ ကျနော့်နှလုံးသားကို နူးညံ့အောင် မွမ်းမံနေပြီလေ။ ဆရာကြီး ကျနော့်ကို ဘာသာတရား နဲ့ ယဉ်ကျေးတဲ့လူသားတစ်ယောက် ဖြစ်စေချင်ခဲ့တာ မဟုတ်လား။ အခု ကျနော် ဘာသာတရား ကို သက်ဝင်ယုံကြည်သူတစ်ယောက် ဖြစ်နေရုံတင်မက ဘာဝနာပါ ကျင့်ကြံနေပြီလေ။ ဒါတွေ ဆရာကြီး သိမသွားရဘူး။ ဒီအကြောင်းတွေ ကျနော် ဆရာကြီးကို မပြောလိုက်ရသေးဘူး။
ဆရာကြီး .. ကျနော် ဘယ်လိုဖြေရမလဲ။ ကျနော် ဆရာကြီးကို ကတိပေးမယ်။ ဆရာကြီး သိပ် ချစ်တဲ့ တိုင်းပြည်အတွက်၊ ဆရာကြီး သိပ်တန်ဖိုးထား မြတ်နိုးတဲ့ ပညာရေးလုပ်ငန်းတွေအတွက် ဘဝတစ်ခုလုံးနှစ်ပြီး အစွမ်းကုန်လုပ်သွားဖို့ ကတိပေးတယ်။ ဆရာကြီး .. ကျနော့်အသံကြားရလား။ ကျနော် ကတိပေးတာ ကြားရရဲ့လား။ ကျနော်ကတိပေးတယ်။ ကျနော့်အသက်နဲ့ ထပ်ပြီး ပေးတဲ့ကတိပါ ဆရာကြီး။ သူများတိုင်းပြည်မှာ နေနေရတဲ့ ဆရာကြီးရဲ့အရိုးပြာအိုးကို ကိုယ့်ပြည် ကိုယ့်ရွာကို မရောက်ရောက်အောင် ကျနော်ပြန်သယ်မယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ကျနော် ပြန်သယ်မယ်။ ဆရာကြီးလို တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်ကြီးရဲ့အုတ်ဂူဟာ မြန်မာပြည်မှာ အထင်ကရ ရှိနေရမယ်လေ။ ကျနော် သစ္စာပြုတယ်။
ဆရာကြီးရဲ့ အရိုးပြာအိုး မြန်မာပြည် ပြန် မရောက်မချင်း ကျနော် မသေသေးဘူး။ ဆရာကြီး ကျနော် ကတိပေးပြီလေ။ ''မင်းက ကတိပေး ပြီးရင် မဖြစ်ဖြစ်အောင် လုပ်တတ်တယ်ဆိုတာ ငါယုံတယ်'' လို့ ဆရာကြီး ပြောခဲ့ဖူးတယ် မဟုတ်လား။ ယုံတော့ဆရာကြီး။ အခု ကျနော်ကတိပေးပြီ။ အသက်နဲ့ထပ်ပြီး ပေးတဲ့ကတိလေ။ သစ္စာပြုပြီးပေးတဲ့ကတိလေ။ ဆရာကြီး ကျနော့်အသံ ကြားရရဲ့လား။ ကျနော် ကတိပေးတာ ကြားရရဲ့ လား။ ကျနော့်ရင်ထဲကို အလိုအလျောက် ထိုးဖောက်သိနိုင်စွမ်းတဲ့ ဆရာကြီး၊ အခု ကျနော့် ရင်ထဲ သိမ်းထားတဲ့စကားတွေ မြင်ရရဲ့လား။
ကျနော် တက်ခွင့်မရတဲ့ ဆရာကြီးရဲ့ဈာပန အခမ်းအနားမှာ ဆရာအောင်ဝေးက ''ဆရာ ကွယ်လွန်သွားပါပြီ။ ဒါပေမဲ့ ဆရာမသေဘူးတဲ့။ ဆရာ သက်တော် ရာကျော်ရှည်ပါစေ''တဲ့။ ဟုတ် တယ်။ ဆရာအောင်ဝေးပြောတာ ကျနော်အပြည့်အဝ သဘောတူတယ်။ ဆရာကြီး မသေဘူး။ ဘယ်တော့မှ ဆရာကြီး မသေဘူး။ ဆရာကြီးကိုယ်တိုင် ရေးခဲ့ဖူးတာပဲ။ ''အာဇာနည်မျိုး၊ သေရိုး မရှိ၊ အာဇာနည်တိုင်း၊ သမိုင်းမသေ'' ဆိုတာလေ။ ဆရာကြီးက ကျနော့် အာဇာနည်ပဲ။ မြန်မာ ပြည်ရဲ့ အာဇာနည်ပဲ။ အာဇာနည်ဆရာကြီး သေရိုးထုံးစံမရှိဘူး။ မြန်မာရာဇဝင်မှာ ဆရာကြီး သမိုင်းတွင်ရစ်နေဦးမယ်။ ဆရာကြီး ထာဝရ ငြိမ်းချမ်းပါစေ ...

Subscribe to:
Posts (Atom)