Friday, May 30, 2008

အမေလူထုဒေါ်အမာ (သို့မဟုတ်) မဟာနှင်းဆီ
ရေးသူ- ထွန်းဝင်းငြိမ်း
















(တစ်)

လရောင်၏ အေးမြမှုကို ခံစားရသည်မှာ သတ္တလောက တခုလုံးဖြစ်၏။
နေမင်း၏ ပူပြင်းမှုကို ရင်ဆိုင်ရသည်မှာ ကမ္ဘာလောကတခုလုံး ဖြစ်၏။
ကန္တာရအလယ်မှ ကြီးမားသော အရိပ်ကိုပေးသည့် သစ်တပင် ချုပ်ငြိမ်းသွားသည့်အခါ ခရီးသွားတို့သည် ထီးမရှိသကဲ့သို့ ဖြစ်ရချေသည်။ ဤအရိပ်အောက်၌ ခရီးသည်တို့ စုဝေးခဲ့ကြ ၏။ ဘ၀ခရီးတထောက်၌ ဆက်လက်လျှောက်လှမ်းနိုင်ရန် အားသစ်ပြည့်စေခဲ့၏။ ကြီးမားသော ဥာဏ်ပညာ၊ သိမ်မွေ့သောအသိ၊ ခိုင်ကျည်သော အဘိဓမ္မာတို့ဖြင့် ခရီးတာကို ဖြတ်သန်းစေခဲ့ ၏။ အရိပ်ဖြာယှက်သော အပင်သည် လေထုကို သန့်စင်ပေး၏။ မြေဆီကို စောင့်ရှောက်ခဲ့၏။ အသစ်အသစ်သော အရိပ်ပင်များစွာကို ရှင်သန်စေခဲ့၏။
ကန္တာရကို အလိုရှိသူတို့သည်သာ အရိပ်မဲ့ခြင်းကို တပ်မက်ကြသည်ဟု ဆိုရမည်သာ။




(နှစ်)

ကျွန်တော့်အနေနှင့် ဤသတင်းကို မကြားလိုပါ။
ဤခရီးစဉ်ကို မသွားလိုပါ။
သို့သော် ကြားခဲ့ရလေပြီ။ သွားခဲ့ရပေသည်။
ဤသတင်းကို ကျွန်တော့်အား စတင်ပြောသူမှာ ဗြူတီမဂ္ဂဇင်း ဒါရိုက်တာ မအိအိငြိမ်း ဖြစ်၏။ "အစ်ကိုရေ... အမေလူထုဒေါ်အမာ ဆုံးသွားပြီတဲ့။ ဒီနေ့မနက် ၈ နာရီ ၃၇ မိနစ်ကလို့ ပြောတယ်။ ကိုရဲမိုး ဖုံးဆက်ပြီး လှမ်းပြောတာ။ ကျွန်တော်တို့ မဂ္ဂဇင်းအနေနဲ့ ဘာလုပ်ကြ မလဲလို့ အစ်ကိုလည်း စဉ်းစားပေးပါဦး"
မအိစကားသံဆုံးသည်နှင့် နီးစပ်ရာ မိတ်ဆွေများထံ အကြောင်းကြားဖြစ်သည်။ ဤသတင်း စတင်ကြားလိုက်ရသည်နှင့် စိတ်ထဲတွင် ကျောက်တောင်တခု ပြိုလဲသံ ကြားလိုက် ရသလိုမျိုး ခံစားရသည်။ ရင်ထဲတွင် အဖိုးတန် ရတနာတခုခု ဆုံးရှုံးသွားရသလိုမျိုး နင့်ဟာနေသည်။ မျှော်လင့်မထားသည့် ဖြစ်ရပ်တော့ မဟုတ်။သို့သော် တကယ်တမ်း ကြုံကြိုက်ရသည့်အခါ မျှော်လင့်ထားသလို သိပ်ပြီး မတည်ငြိမ်နိုင်ခဲ့ပါ။ အမေ့ကို ချစ်သောသူတို့ အားလုံး ၀မ်းနည်းကြပေလိမ့်မည်။
အမေသည် လူအများကို ချစ်ခဲ့သည်။
လူအများစု၏ အရေးကို သူ့အရေးဟု သဘောထားသည်။
သူရေးသမျှ သူပြောသမျှများသည် လူအများစုကြီး၏ ချွေးစက်နှင့် အိပ်မက်အကြား တံတား တစင်းပြီးတစင်း ထိုးခြင်းပင်ဖြစ်သည်။ မိမိတို့ နေထိုင်ရာ ဒေသကို ချစ်တတ်စေရန် ပြောပြသည်။ ယဉ်ကျေးမှု၏ ကိုယ်စားလှယ်များဖြစ်သော သဘင်၊ ဂီတ၊ အနုပညာရှင်များ အကြောင်းကို တခုတ်တရ ဖွဲ့သည်။ သာသနာ့တန်ဆောင် ဆရာတော်ကြီးများ၏ ထေရုပတ္တိကို ပြုစု၍ ဘာသာ၊ သာသနာကို ဦးခိုက်သည်။ အမေ့ရှေးစကားဖြင့် လူငယ်များကို သိမ်မွေ့ စေသည်။ ဗြဟ္မစိုရ်နာရေးကူညီမှုအသင်း ထူထောင်၍ လူများစု၏ ပရိဒေ၀များကို လရောင် ဆမ်းစေခဲ့သည်။ အမေဖွဲ့ ကဗျာတပုဒ်မှ ကဗျာစာသားများလိုပင်-

- နှမ်းကို ရင့်အောင်
ပွင့်တဲ့နေ
အမေ။ ။
- ရွက်ကိုဖောင်းအောင်
တိုက်တဲ့လေ
အမေ။ ။


ဆိုသကဲ့သို့ အမေသည် စီးဆင်းနေသော မြစ်တစင်း၏ စရဏအတိုင်း ဤလောကအား ချစ်ခဲ့ပေ၏။ ယခုတော့ အမေသည် လောကကြီးအား ခွဲခွါသွားချေပြီ။ မြေ၀သုန်၏ ဂုဏ်ပြုအပ်သော စာရင်းတွင် အမေ့အမည်ကို ကမ္ဗည်းတင်လိုက်ကြပေရော့။

(သုံး)

သည်နှစ် ဧပြီလသည် ခါတိုင်းနှစ်ထက် ပို၍ပူသည်။
ရန်ကုန်တွင် သင်္ကြန်မိုးပြေးကလေး အစောရွာခဲ့သဖြင့် ရွှေဝါပိတောက်တို့ အပွင့်ဦး သလို အကြွေစောကြသည်။ ဝေရီနေသော ပိတောက်ရနံ့များ ကြားထဲတွင် အမေ့ဈာပန အတွက် မန္တလေးသွားဖို့ ပြင်ရသည်။ ဗြူတီမဂ္ဂဇင်းတိုက်မှ စာအုပ်နှစ်အုပ်ဖြင့် အမေ့အတွက် ၀မ်းနည်းမှတ်တမ်း လိုက်လံစုစည်းသည်။ အခြားမဂ္ဂဇင်းတိုက်များမှလည်း ၀မ်းနည်းမှတ်တမ်း စုစည်းကြသည်။ စာပေအသိုင်းအ၀ိုင်းတွင် မန္တလေးသွားမည့် အစီအစဉ်များ ခေါင်းချင်းရိုက် နေကြသည်။ အချို့က သတင်းကြားကြားချင်း မီရာ ကား၊ ရထားတို့ဖြင့် သွားကြလေပြီ။ သင်္ကြန်ရက်နီးသဖြင့် အဝေးပြေးကားနှင့် ရထားတို့မှာ လက်မှတ်မလွယ်နိုင်ဟု ကြားရသည်။ အချို့က လေယာဉ်ဖြင့် သွားကြသည်။ ဗြူတီအနေနှင့် အမေ့ဈာပနတွင် ဝေငှရန် အမေ့ဘ၀နှင့် စာပေရက်စွဲများပါသော လက်ကမ်းစာစောင် ဆောင်ရွက်သည်။
ဆရာယဉ်မင်းပိုက်မှ အမေ့ပုံတူ ပန်းချီကား ရေးမည်ဟု ကြားရသည်။ သရဖူမဂ္ဂဇင်းမှ ကိုရဲ၏ ကမကထ ပြုမှုဖြင့် ဒီဇိုင်းစိုးဝင်းငြိမ်းနှင့် ကိုရဲတို့ ပန်းချီမောင်ညိုဝင်းထံ အရောက်သွား ကာ အမေ့ပုံတူကို ရေးခိုင်းကြတော့သည်။ ဆရာမောင်ညိုဝင်းက တညလုံးရေးသည်။ အမေ့ပုံတူကို ရေးနေစဉ် စိုးဝင်းငြိမ်းက ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်သည်။ ဆရာမောင်ညိုဝင်း ပန်းချီရေးနေစဉ် စိုးဝင်းငြိမ်းက "အမေ့အတွက် ဆရာအမှတ်တရ တခုခု ပြောပေးပါ" ဟုဆိုသည်။ ဆရာမောင်ညိုဝင်းသည် ရဲတင်းသော စုတ်ချက်များဖြင့် အမေ့အပြုံးကို ပုံဖော်ရင်းက "ဆင်းရဲ၊ ချမ်းသာ ကွာဟခြင်းတွေအတွက် တံတားတစင်းတော့ ကျိုးခဲ့ပြီပေါ့ကွာ" ဟု ဆိုသည်။ ထိုနေ့က ပိတောက်ရနံ့များကို သယ်ဆောင်လာသော လေညှင်းသည် ကျွန်တော်တို့၏ ရင်တွင်းမှ အပူကို အေးမြနိုင်ခြင်း မရှိခဲ့ပါ။ သို့သော် ပိတောက်နှင့် လေညှင်းတို့ ငိုကြွေးကြမည် ထင်ပါသည်။
ထိုနေ့သည် မဟာနှင်းဆီတပွင့် ကြွေလွင့်သောနေ့ သို့မဟုတ် ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်။

(လေး)

အမေ့ဈာပနကို ဧပြီလ ၉ ရက်နေ့၊ မနက် ၁၀နာရီတွင် ကြာနီကန်သုဿန်၌ မီးသင်္ဂြိုဟ် မည်ဟု ကြားရသည်။ ရန်ကုန်မှ အမေလူထုဒေါ်အမာကို ချစ်ခင်လေးစားကြသူအချို့က ၇ ရက်နေ့ ကတည်းက သွားကြသည်။ ကျွန်တော်တို့ သွားဖြစ်သောမှာ ၈ ရက်နေ့ ညနေပိုင်း။ ကျွန်တော်တို့ ဆိုသည်မှာ အားလုံး ၁၃ ယောက်၊ ဟိုင်းအေ့စ် ကားတစီးစုငှားပြီး သွားဖြစ်ကြသည်။ တိုးတက်ရေးဦးအုန်းမြင့်၊ အဖွားဒေါ်ခင်မေ၊ အစ်မဒေါ်ဒေ၀ီ (တော်ဘုရား ကလေး ဦးအောင်ဇေ၏ ဇနီးနှင့်သမီး)၊ ဆရာမောင်ဝံသ၊ ဆရာထက်မြက်၊ ဒေါက်တာတင်စံဦး၊ ဦးမိုးဝင်း၊ ဒေါ်ခင်ညိုလွင်၊ ဦးမောင်မောင်ခင်၊ ဒါရိုက်တာသျှိုကြီး၊ ကိုအောင်ကျော်ဆန်း၊ ဒီဇိုင်းစိုးဝင်းငြိမ်းနှင့် ကျွန်တော်တို့ ပါဝင်ကြသည်။ ကျွန်တော်တို့နှင့်အတူ ဆရာမောင်ညိုဝင်း၊ ဆရာယဉ်မင်းပိုက်တို့ ရေးဆွဲသော အမေ့ပုံတူ ပန်းချီကားများကို သယ်ဆောင်ခဲ့ကြသည်။
အမေ့ဈာပနကို ယခုသွားကြသူတို့သည် နှစ်စဉ်လိုလို အမေလူထုဒေါ်အမာ၏ မွေးနေ့ပွဲကို လာရောက်ကြသူများ ဖြစ်သည်။ အမေ့အပေါ်၌ နှစ်နှစ်ကာကာ လေးစားခင်တွယ် ကြသူများဟု ဆိုနိုင်သည်။ လွန်ခဲ့သောနှစ် နိုဝင်ဘာက အမေ့အသက် ၉၂ နှစ်ပြည့် မွေးနေ့ကို တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ကျင်းပစဉ်ကလည်း ရောက်ဖြစ်ခဲ့ကြသေးသည်။ နှစ်စဉ် အမေ့မွေးနေ့ရောက်တိုင်း မြန်မာပြည် တနံတလျားမှ စာသမားများ ဆုံစည်းလေ့ရှိသော အစဉ်အလာကို အမှတ်ရနေမိသည်။ တောင်သမန်၊ ဦးပိန်တံတား၊ မယ်ဇယ်ပင်တန်း၊ တောင်လေးလုံးကျောင်းနှင့် ဆရာတော်ဦးပညာ၊ အမေကျွေးခဲ့သော ၀က်သားဟင်းလေးချက် နှင့် ၁၉၈၅ အလွန်နှစ်ကာလများ....။
အမေလူထုဒေါ်အမာ၏ အသက် ၇၀ မြောက်မွေးနေ့ကို ၁၉၈၅ နိုဝင်ဘာ ၂၉ မှစ၍ တောင်သမန် အင်းစောင်းရှိ တောင်လေးလုံးကျောင်းတွင် စတင် ကျင်းပဖြစ်ခဲ့ ကြသည်။ အင်းဝသား ကဗျာဆရာကြီးတဦး၏ အဆိုအရ "အုတ်ရိုးကို ထုံးရိုက်ပြီး ငါတို့ ရုံးစိုက်ခဲ့ကြတဲ့ နေရာပေါ့ကွာ" ဟု ပြောလေ့ရှိသည်ကို သတိရမိတော့သည်။ ၁၉၈၉ ခုနှစ်က အမေ၏ "ပြည်သူချစ်သော အနုပညာသည်များ" စာအုပ် ၂၅ နှစ်မြောက် ငွေရတု အထိမ်းအမှတ်ပွဲကို တောင်လေးလုံးကျောင်းတွင် ကျင်းပခဲ့သည်။ ထိုစဉ်က အမေ့စာအုပ်နှင့် ပတ်သက်၍ အချိုက စာတမ်း ဖတ်ကြသည်။ အချို့ ဝေဖန်ရေး ပေးကြသည်။ အချို့ ချီးကျူးစကားဆိုသည်။ အချို့ အမှတ်တရ စကားပြောကြသည်။ ထိုအခမ်းအနား၏ နောက်ဆုံး အစီအစဉ်တွင် အမေက သူ့စာအုပ်နှင့် ပတ်သက်၍ ပြောကြားကြသူ အားလုံးအတွက် ဖြေကြားမှုကို တထိုင်တည်းနှင့် ထောင့်စေ့အောင်၊ သမိုင်းကြောင်းအကိုးအကား၊ ရပ်တည်ချက်အမြင်များနှင့် ပြောကြားသွား ပုံကို တွေ့ရသည်မှာ ကျွန်တော့်အနေနှင့် အခြားမည်သည့် နေရာမျိုးတွင်မှ မတွေ့ရဖူးသော အတွေ့အကြုံတခု ရရှိခဲ့ပါသည်။
"ကျွန်မက ဒီစာအုပ်ကို ရေးဖြစ်ခဲ့တာက သဘင်သည်ဆိုတာ ဖက်ခွက်စား အောက်တန်းစားတွေလို့ ဆိုခဲ့ကြတဲ့ ပဒေသရာဇ်ခေတ် အတွေးအခေါ်တွေကို ပြောင်းလဲ စေချင်တာက တကြောင်း၊ သူတို့ဟာ ပြည်သူတွေကို အလုပ်အကျွေးပြုနေကြတဲ့ အနုပညာ သည် တွေဖြစ်လို့ ပြည်သူတွေက ချစ်ကြသူတွေအဖြစ် တင်ပြချင်တာကြောင့် ပြည်သူချစ်သော အနုပညာသည် များကို ရေးဖြစ်ခဲ့တာပါ" ဟု အမေက ပြောခဲ့သည်။ စာရေးသောအခါမှာလည်း စာဖတ်သူ အပေါ်မှာ ထားသည့် စေတနာသည် အရေးကြီးကြောင်း အမေက စနေစာပေ၀ိုင်း အထုပ္ပတ္တိစာပေစာတမ်း ၁၉၇၅ မှာ ပြောခဲ့ဖူးသည်ကို အမှတ်ရမိသည်။
"စာရေးတဲ့နေရာမှာ စာဖတ်မယ့်လူအပေါ်ထားတဲ့ စေတနာဟာ အရေးကြီးပါတယ်။ စာဖတ်မယ့် လူတွေအပေါ် ကိုယ့်ဘက်က စေတနာ သန်လည်းသန်ရပါတယ်။ စေတနာ မှန်လည်းမှန်ရပါတယ်။ ကိုယ်တတ်တာ ပြချင်လို့၊ ကိုယ်သိတာ ကြွားချင်လို့၊ ကိုယ့်ကို စာဖတ်တဲ့လူတွေ အထင်ကြီးစေချင်လို့ဆိုတဲ့ စေတနာမျိုးနဲ့ ရေးရင် စာကောင်းမထွက် တတ်ပါဘူး စာကြွားတွေပဲ အထွက်များတတ်ပါတယ်။ အမှန်ကို သိစေချင်တဲ့ စေတနာ၊ သက်ဆိုင်ရာကို စုံစုံလင်လင် သိစေချင်တဲ့ စေတနာဟာ သတင်းစာသမားတယောက်ရဲ့ စေတနာပါပဲ။ ကျွန်မရေးခဲ့တဲ့ ဒီစာအုပ်တွေမှာ အဲဒီစေတနာတွေ ပါပါတယ်"


(ငါး)

မန္တလေးဆီသို့ ဦးတည်ကာ တညလုံး မောင်းနှင်ခဲ့သော ကျွန်တော်တို့ ကားမှာ နံနက် (၈)နာရီလောက်တွင် မြို့သို့ စတင်ဝင်ချေပြီ။ (၈)နာရီခွဲလောက်တွင် အမေလူထုဒေါ်အမာ၏ ရုပ်ကလပ်ထားရှိရာ ၈၃x၈၄ လမ်းကြား ၃၂ လမ်းမှ ဒေါက်တာ ဒေါ်သန်းရင်မာ (ဘိုဘိုလန်းစင်၏မိခင်) ၏ နေအိမ်သို့ ရောက်ကြသည်။ အိမ်ရှေ့တွင် ယာယီမဏ္ဍပ်ထိုးထား သည်။ ထိုင်ခုံများ အစီအရီ ချထားကာ အနယ်နယ်အရပ်ရပ်မှ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များဖြင့် စည်ကားနေသည်ကို တွေ့ရသည်။ အမေ့ကို လေးစားချစ်ခင်ကြသော သူများ၏ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းများက မဏ္ဍပ်၏ နေရာအနှံ့၌ ပြည့်နေသည်။ အိမ်တွင်း၌ အမေ့ရုပ်ကလပ်ရှေ့တွင် သံဃာတော်များက သရဏဂုံတင်နေကြသည်ကို တွေ့ရသည်။ အမေ့သားသမီးမြေးများက သံဃာတော်များအား လက်အုပ်ချီလျက် ရှိကြသည်။
အမေသည် ခုတင်ထက်၌ အေးချမ်းငြိမ်သက်စွာ လဲလျောင်းနေသည်။ အမေ့ရုပ်ကလပ် ကို ဇာပေါင်းမိုးဖြင့် အုပ်ထားသည်။ အိမ်ရှေ့မဏ္ဍပ်ထဲတွင် မြန်မာပြည်တနံတလျားမှ စာရေးဆရာ၊ ကဗျာဆရာများ၊ မဂ္ဂဇင်း ဂျာနယ်အယ်ဒီတာများ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုဟ်များကို တွေ့ရသည်။ သူတို့သည် အမေနှင့်ပါတ်သက်၍ အမှတ်တရ အဖြစ်အပျက်များကို ပြောဆိုနေကြသည်။ လေးစားကြည်ညိုဖွယ် သက်တော်ရှည် စာပေမိခင်ကြီး၏ ဂုဏ်ထူး ၀ိသေသအသီးသီးကို လွမ်းစိတ်နှင့် ကျိတ်၍ ကြေကွဲနေကြပေသည်။
မဏ္ဍပ်ရှေ့တွင် ထောင်ထားသော ပန်းချီမောင်ညိုဝင်း၏ လက်ရာ အမေ့ပုံတူ ပန်းချီကား နှင့် အမှတ်တရဓာတ်ပုံ အရိုက်ခံနေကြသော သူများကိုလည်း တွေ့ရသည်။ ဈာပနကို လာကြသော ဧည့်ပရိသတ်များကို လက်ကမ်းစာစောင် ဝေနေကြသောသူများကလည်း မရှား။ ဓာတ်ပုံမှတ်တမ်း တင်ကြသူတွေမှာလည်း အများသား။ သရဏဂုံတင်ပြီး၍ သံဃာတော်များ ပြန်ကြွသွားသောအခါ ကျွန်တော်တို့ တစုသည် အမေ့အား ဦးချကန်တော့ကြသည်။ ပကတိ တည်ကြည်အေးငြိမ်းသော မျက်နှာဖြင့် အမေသည် ကျွန်တော်တို့အား နှုတ်ဆက် နေသယောင်။ အမေ့ထံမှ ဆုံးမစကားတခုခု ကြားရလေမလားဟု စိတ်ထဲ ဖြစ်မိလိုက်သည်။
တရားရှိသူတဦး၏ နောက်ဆုံးခရီးမှာ ငြိမ်းချမ်းစွာ တည်ရှိခဲ့လေပြီ။ တရားမင်သူတို့ အမေ့ကို မမေ့ရက်နိုင်ကြတော့။


(ခြောက်)

မန္တလေးမြို့၏ အ၀ါရောင်ကောင်းကင်ကြီးအောက်မှ မဟာနှင်းဆီတပွင့်၏ ဈာပနခရီးကို စတင်ချိန်၌ နံနက် (၁၀)နာရီခန့်ရှိပြီ ဖြစ်သည်။ ဈာပနယာဉ်သည် ၃၂ လမ်းအတိုင်း ဗိုလ်ချုပ်လမ်း ၈၄ လမ်းဘက်သို့ ဆင်းပြီး တောင်ဘက်သို့ ကွေ့သည်။ ၃၃ လမ်းအတိုင်း အရှေ့ဘက်သို့ တက်သည်။ ၈၄ လမ်းနှင့် ၃၃ လမ်းဒေါင့်မှ လူထုတိုက်အား အမေ့ကို နောက်ဆုံးနှုတ်ဆက်ခိုင်းခြင်းလားဟု ပြောဖြစ်ကြသည်။ ရှေ့ဆုံးမှ ပွိုင့်ထွက်ကြသော ဆိုင်ကယ်များမှာ အစီးရေ လေးငါးဆယ်လောက်ရှိမည် ထင်သည်။ ဆိုင်ကယ်များနောက်မှ မိသားစုဝင်များ၏ ကား ၄, ၅ စီး လိုက်ပါကာ ထို့နောက်မှ ဈာပနယာဉ် လိုက်ပါသည်။ လမ်း ၈၀ သို့ ရောက်သောအခါ မြောက်စူးစူးသို့ ချိုးကွေ့ပြီး အမေတို့ စာသဘင်ပွဲ ဆင်ယင်ခဲ့ရာ ဓမ္မဗိမာန်ရှေ့မှ နန်းတော်မြို့ရိုး၏ ကျုံးအနောက်ဘက် လမ်းအတိုင်း ဈာပနယာဉ်တန်းသည် တရွေ့ရွေ့။
မန္တလေး၏ မြို့မိမြို့ဘသဖွယ်ဖြစ်နေသော အမေ့ဈာပနမို့ မြို့သူမြို့သားများ၏ လိုက်ပါပို့ ဆောင်မှု မနည်းလှ။ အချို့က ကားနှင့်ပို့ကြသလို၊ ဆိုင်ကယ်နှင့် ပို့ကြသူလည်း အတော်များ သည်။ တချို့မှာ ရပ်ကွက်ထဲမှ ပြေးထွက်လာကြ၍ လမ်းနဘေး ပလက်ဖောင်းပေါ်တွင် ဗာဒံပင်ရိပ်အောက်မှ စီတန်းကာ အမေ့ဈာပနကို ဂါရ၀ ပြုကြသည်။ ဈာပန ယာဉ်တန်း ဖြတ်သွားရာ လမ်းဘေးဝဲယာရှိ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ မင်္ဂလာခန်းမနှင့် လမ်းဘေး၌ ရေချိုးကန်တွင် ကျုံးရေချိုးနေကြသော မိသားစုများပါမကျန် အမေ့ဈာပနကို တကူးတက ရပ်ကြည့်ကြသည်။ ကျုံးရေကို ဖြတ်တိုက်လာသော လေညှင်းက အမေ့အား မန္တလေး၏ နောက်ဆုံးသတင်းကို ပြောပြနေမည်လားမသိ။ အမေပြောခဲ့သလိုပင် "ပြည်သူ လူထုကို တကယ်ချစ်တဲ့ အနုပညာရှင်တွေကိုသာ ပြည်သူလူထုက တကယ်ချစ်ကြတာပါ" ဆိုသည့်စကားမှာ အမေ့ဈပနမြင်ကွင်းက သက်သေခံနေသလိုပင်။
လူ့အဖွဲအစည်း အကျိုးရှိရာရှိကြောင်းအတွက် အမြဲတမ်းတွေးနေ ရေးနေသော အမေသည် ရွှေဒေါင်းတောင်ဆောင်းပါးများ ရေးစဉ်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခွေးဋီကာမှ "နေသောင်းထောင် အရောင်မညှိုးသလိုပ၊ ပြေကောင်းအောင် ဆောင် မ ကိုးရယ်လို့၊ ရွှေဒေါင်းတောင် ကလောင်တမျိုးရယ်နှင့်" ဆိုသည့်အပိုဒ်မှ ရွှေဒေါင်းတောင် စာသား ကို ပြေကောင်းအောင်ဆိုသည့်စိတ်နှင့် ရွေးချယ်သုံးနှုန်းခဲ့သည်ကို အမှတ်ရမိသည်။
ဈာပနယာဉ်တန်းသည် ကျုံးမြောက်ဘက်မှ ရှေ့ဘက်သို့တက်ကာ မတ္တရာသို့ ထွက်ရာ လမ်းအတိုင်း ချိုးကွေ့သွားသည်။ ညာဘက်တွင် ကျုံးရေပြင်နှင့် နန်းမြို့ရိုး၊ အရှေ့ဆီသို့ ကြည့်လိုက်သောအခါ သုဓမ္မာဇရပ်တန်း၊ ကျောက်တော်ကြီးဘုရားနှင့် မန္တလေးတောင်တို့က စီးမိုး၍ ကျွန်တော်တို့ကို ကြည့်နေသည်။ အရှေ့ဆီ၌ ရှမ်းရိုးမ တောင်တန်းပြာပြာကြီးများက လွမ်းမောစရာ။ မတ္တရာသို့ ထွက်သော လမ်းအကွေ့ရောက်ခါနီးတွင် ဈာပနယာဉ်တန်းကို နောက်ပြန် လှည့်ကြည့်မိသည်။ ဟိုးအဝေး အနောက်ကျုံး၏ တောင်ဘက်ထိပ် မစိုးရိမ်မီးပွိုင့် အထိ ယာဉ်တန်းက မဆုံးနိုင်သေးသည်ကို တွေ့ရသည်။ ရှေ့ဆုံးက ကားများက အိုးဘိုအလွန်မှ နည်းပညာတက္ကသိုလ်အနီးသို့ ရောက်နေသဖြင့် ဈာပနယာဉ်တန်းသည် တဘက်နှစ်မိုင်ရှိသော ကျုးံနှစ်ဘက်စာလောက် ရှည်လျားမည်ထင်ပါသည်။ နည်းပညာတက္ကသိုလ်ရှေ့သို့ ရောက် သောအခါ တက္ကသိုလ်အဆောက်အအုံ၏ ၀ရံတာများပေါ်မှ ရပ်ကြည့်နေကြသော တက္ကသိုလ် ကျောင်းသူကျောင်းသား အများအပြားကို တွေ့ရသည်။ ယာဉ်တန်းသည် ကပိုင်ရွာနှင့် တောင်ပြုံးကို ကျော်ပြီး ကြာနီကန်သုဿန် သွားရာလမ်းသို့ ချိုးကွေ့လိုက်သော အချိန်တွင် ဘေးတဘက်တချက် လယ်ကွက်များထဲမှ ကောက်စိုက်သမများက လိုက်ပါပို့ဆောင်သော ယာဉ်တန်းကို လက်ပြနှုတ်ဆက်နေကြသည်။
နံနက် ၁၁ နာရီလောက်တွင် အမေ့ဈာပနကို ကြာနီကန်သုဿန်တွင် မီးစတင်သင်္ဂြိုဟ် ပါသည်။ လိုက်ပါပို့ဆောင်သူများ များပြားလွန်းသဖြင့် ကြာနီကန်တွင် ကားများ လူများ ပြည့် ကြပ်နေတော့သည်။ အမေ့ကို နောက်ဆုံးဂါရ၀ပြုခြင်းဖြင့် နှုတ်ဆက်ကြပြီး၊ မီးသင်္ဂြိုဟ်၍ နေ့လည်တနာရီခွဲလောက်တွင် ဂေါဝိန်ဆိပ်၌ အရိုးပြာကို ရေမျှောကြမည်ဟု ကြားသိရသည်။ သို့နှင့် အမေ့ကို ချစ်ကြသူများနှင့် ကြာနီကန်၌ပင် အပြေးအလွှားတွေ့ဆုံနှုတ်ဆက်ကာ မြို့ထဲသို့ နေ့လည်စာစားရန် ထွက်ခဲ့ကြလေသည်။


(ခွန်နှစ်)

ကျွန်တော်တို့ ထမင်းစားနေစဉ် ကဗျာဆရာမောင်နီဦးထံမှ ဖုန်းလာသည်။ အမေ့ အရိုးပြာကို ရေမျှောရန် အမေ့မိသားစုဝင်များနှင့်အတူ သူတို့ ဂေါဝိန်ကို သွားကြပြီတဲ့။ ကျွန်တော်တို့ လူစုကို စောင့်နိုင်သမျှ စောင့်ပေးပါရန်ပြောပြီး ထမင်းစားခြင်းကို အမြန်လက်စ သတ်လိုက်ကြကာ ဂေါဝိန်ဆိပ်သို့ သွားကြသည်။
နွေရောင်ကောင်းကင်၏ ကျိန်းစပ်နေသော အလင်းတန်းများ အောက်တွင် ဂေါဝိန်ကို ပွေ့ဖက်ထားသော ဧရာဝတီသည် လက်ပံပင်ကြီးများ၏ လေတိုးသံနှင့် ကျွန်တော်တို့ကို စောင့်ကြိုနေသည်။ ရွှံ့ နှစ်ရောင်မြစ်ရေပြင်၏ အဆင်ဒီဇိုင်းများထဲတွင် ရေလှိုင်းကြက်ခွပ်တို့ကို တွေ့ရသည်။ ငှက်သမ္ဗာန်နှင့် မော်တော်များက လှုပ်လီလှုပ်လဲ့နှင့် တာရိုး၏အောက်ဖက် တမံအခြေတွင် ငိုက်မြည်းနေကြသည်။ တဘက်ကမ်းမှ မင်းဝံတောင်ရိုးကအိနြေ္ဒကြီးစွာ မျက်လွှာချလျက်။ ဧပြီကောင်းကင်ဝါ၏ လှပသော ရာဇ၀င်ကို ရေးထိုးခဲ့မည့် အမေ၏ အရိုးပြာ မျှောပွဲသည် ဂေါဝိန်ကို လှုပ်နှိုးလိုက်သည်။
မော်တော်ရှိရာသို့ ကျွန်တော်တို့ အပြေးအလွှား ဆင်းသွားကြချိန်မှာ နာရီကို လှမ်းကြည့်လိုက်မိသည်။ နေ့လည် ၁ နာရီ ၄၅ မိနစ် ရှိပေပြီ။ နေက ခြစ်ခြစ်တောက်ပူသည်။ ကျွန်တော်တို့ လူစုထဲမှ အသက်ကြီးသူတို့ ကားပေါ်နေခဲ့မည် ထင်သည်။ သို့သော် မော်တော်ပေါ်မှ လှမ်းကြည့်လိုက်သောအခါ အသက် ၉၀ ရှိပြီ ဖြစ်သော တိုးတက်ရေး ဦးအုန်းမြင့်သည် လူငယ်တယောက်ပမာ ဦးမိုးဝင်းနှင့် ဒေါ်ခင်ညိုလွင်တို့နှင့်အတူ မော်တော် ပေါ်သို့ လိုက်လာသည်။ သူသည် အမေလူထုဒေါ်အမာထက် အသက် ၃, ၄ နှစ်လောက်သာ ငယ်သည်။ အမေ့မွေးနေ့ပွဲသို့ နှစ်စဉ်လိုလို ရောက်အောင်သွားသည်။ အမေဆုံးသည့်သတင်း စကြားရသည်နှင့် ယခုခရီးစဉ်ကို သွားဖို့ စိတ်အထန်ဆုံးမှာလည်း အဘဦးအုန်းမြင့် ပင်ဖြစ် သည်။ ကျွန်တော်က သူ့အတွက် ကျန်းမာရေးအခြေအနေ စိုးရိမ်သဖြင့် အဘလိုက်ဖို့ အဆင်ပြေပါ့မလားဟု မေးမိစဉ်က "အိမ်မှာနေရင်လဲ သေချင်သေမှာပဲ၊ လမ်းမှာလည်း သေချင် ရင် သေသွားမှာပဲ၊ အဲဒါတွေ စိုးရိမ်မနေပါနဲ့ဗျာ သွားဖြစ်အောင်သွားဖို့ စီစဉ်စရာရှိတာ စီစဉ်ကြစမ်းပါ" ဟု ပြောသည်။ အဘဦးအုန်းမြင့်သည် အမေလူထုဒေါ်အမာ အပေါ်၌ နိုင်ငံရေးအရ၊ သတင်းစာပညာအရ၊ စာပေ၀ါအရ အလွန်တန်ဖိုးထားသူ ဖြစ်သည်။
အရိုးပြာမျှောမည့် မော်တော်ပေါ်သို့ရောက်ရန် ကမ်းကပ်ထားသော မော်တော် ၃ စင်း လောက်ကို ကျော်ဖြတ်၍ သွားရသည်။ မော်တော်တခုနှင့်တခုက အရွယ်အစား မတူ၊ ပုံသဏ္ဍန် မတူ၊ အနေအထား မတူကြသဖြင့် ဘေးချင်းကပ်ထားသော ကုန်းပတ်များပေါ်သို့ ကျော်ခွ၍ သွားရသည်။ အဘဦးအုန်းမြင့်သည် လူငယ်များနှင့်အတူ မော်တော်များကို ကျော်ခွပြီး အမေ့ အရိုးပြာမျှောမည့် မော်တော်ဆီသို့ ရောက်လာသည်။
ကျွန်တော်တို့ မော်တော်ပေါ်သို့ ရောက်သောအခါ အမေ့သားသမီးများဖြစ်ကြသော ဦးခင်ဂျက်ဝင်း၊ ဒေါက်တာဒေါ်သန်းရင်မာ (ဒေါက်တာမြမဉ္ဇူ)၊ ဒေါ်တင်ဝင်း၊ ဦးငြိမ်းချမ်း (ညီပုလေး)၊ ဒေါ်တင်တင်ဝင်း တို့နှင့် မြေးများဖြစ်ကြသော မစုစုမာ၊ မဖြူပြာ၊ မလင်းလင်းမွန်၊ မောင်အောင်ဘာလေ၊ မရွှေပြည်စိုးတို့ကို တွေ့ရသည်။ အမေ့သားကြီးတဦးဖြစ်သူ ဦးသံချောင်း နှင့် မြေးဖြစ်သူ ကိုဘိုဘို (ဘိုဘိုလန်းစင်)တို့မှာ ခရီးလွန်နေသဖြင့် မတွေ့ခဲ့ရပါ။ သူတို့သည် အမေ့အတွက် အဖွားအတွက် အဝေးမှ ကြေကွဲဝမ်းနည်းနေကြပေလိမ့်မည်။ လောက၀တ္တရား နှင့် မိခင်ဝတ္တရား ကျေပြွန်ခဲ့သော အမေတဦး၏ ဈာပနသို့ အဘယ်သို့သော သားသမီးက လိုက်ပါပို့ဆောင်ရန် စိတ်ဆန္ဒမရှိဘဲ နေပါမည်နည်း။ အမေသည် သားကောင်းများစွာ၊ မြေးကောင်းများစွာကို မွေးဖွားခဲ့ပေသည်။
အမေသည် ဒေါက်တာသန်းထွန်းပြောသလိုပင် (၁) ဒါနပါရမီ (ပေးကမ်းစွန့်ကြဲတယ်)၊ (၂) သီလပါရမီ (သီတင်းသီလ စောင့်တယ်)၊ (၃) နိက္ခမပါရမီ (တောထွက်တယ်)၊ (၄) ပညာပါရမီ (ပညာရှာတယ်)၊ (၅) ၀ီရိယပါရမီ (ဇွဲလုံ့လရှိတယ်)၊ (၆) ခန္တီပါရမီ (သည်းခံတယ်)၊ (၇) သစ္စာပါရမီ (စကားမှန်တယ်)၊ (၈) မေတ္တာပါရမီ (အများသူငါ ချမ်းသာပါစေ မေတ္တာပို့တယ်)၊ (၉) အဓိဌာနပါရမီ (အပြစ်ကင်းအောင်ဆုံးဖြတ်ဆောင်ရွက်တယ်)၊ (၁၀) ဥပေက္ခာပါရမီ (သူစိမ်း သူကျက်မရွေး အလယ်ထားပြီး နေနိုင်တယ်) ဟုဆိုသော ပါရမီ ၁၀ ပါးထဲမှ တောထွက်သည် မှလွဲ၍ ကျန်ပါရမီ ပြည့်စုံခဲ့သည်ဟု ဆိုနိုင်ပါသည်။
အမေ၏ နောက်ဆုံးခရီးဖြစ်သော အရိုးပြာမျှောပွဲတွင် မိသားစုဝင်များနှင့် အတူ ရန်ကုန်မန္တလေးမှ စာနယ်ဇင်းသမားများ၊ အမေ့ကို လေးစားချစ်ခင်သူများ ရောက်ရှိနေကြ သည်ကို တွေ့ရသည်။ ပူပြင်းသော အညာရင်ခွင်ထဲမှ စိမ်းမြဧရာ၏ ရေလှိုင်းခတ်သံများကို ကြားနေရသည်။ မော်တော်ပေါ်သို့ မလိုက်ပါနိုင်သူများက တာရိုးထိပ်မှ ရပ်၍ လှမ်းကာကြည့် နေကြသလို ဂေါဝိန်ဆိပ်ကမ်းမှ လက်ပံပင်ကြီးများကလည်း လှမ်းမျှော်၍ ကြည့်နေကြသည်။ ထိုအခိုက် မော်တော်စက်သံ မြင့်တက်လာပြီး မြစ်လယ်သို့ စတင် ခုတ်မောင်းလိုက်သည်။ အမေ့အရိုးပြာ ထည့်ထားသော မြေအိုးကို ပိတ်ဖြူဖြင့်ထုပ်ကာ မော်တော်ဝမ်းဗိုက်၏ အလယ်တွင် စားပွဲခုံတလုံးဖြင့် တင်ထားသည်။ မိသားစုဝင်များနှင့် အမေ့ကို ချစ်ကြသူများ၊ အမှတ်တရ ဓါတ်ပုံအရိုက်ခံကြသည်။ မော်တော်သည် စုန်ရာမှ ရေဆန်သို့တက်ကာ ခုတ်မောင်းလိုက်သည်။
အမေ့အရိုးပြာအိုးကို သမီးကြီး ဒေါက်တာ ဒေါ်သန်းရင်မာ၊ ဒေါ်တင်ဝင်း၊ ဦးငြိမ်းချမ်း (ညီပုလေး)တို့က မော်တော်၏ ဘယ်ဘက်ချမ်းမှနေ၍ ဧရာဝတီ၏ ရေပြင်ထက်သို့ ဖြေးညှင်းစွာ မျှောလိုက်သည်။ မြစ်ဧရာရေအယဉ်သည် အမေ့အရိုးပြာအိုးကို ထမ်းကာ လှိုင်းဘောင်ဘင် များဖြင့် အေးငြိမ်းရာအရပ်သို့ သယ်ဆောင်သွားလေပြီ။ သဘာဝအရှင် ဧရာဝတီသည် မြင့်မြတ်သည့် နာမတော်အပေါင်းနှင့် ပြည့်စုံသော အမေ၏ နောက်ဆုံးခရီးကို ဦးညွှတ် နှုတ်ဆက်ကာ ဂုဏ်ပြုအပ်သူတို့၏ စာရင်းတွင် ကမ္ဗည်းမော်ကွန်း ရေးသွင်းလေပြီ။
အမေ့မိသားစုဝင်များနှင့် အမေ့ကို ချစ်ခင်ကြသူများ၏ ကြေကွဲမျက်ရည်စတို့ဖြင့် ဧရာဝတီကို လိမ်းကျံခဲ့ကြသည်။ ထိုမျက်ရည်စတို့သည် အမေ့ကို ပုဂ္ဂိုလ်ခင်၍ တရားမင်ကြ သူတို့၊ တရားမင်၍ ပုဂ္ဂိုလ်ခင်ကြသူတို့ နှင်းဆီတမ်းချင်းများ ဖြစ်ပေလိမ့်မည်။
မဟာနှင်းဆီတပွင့်၏ အန္တိမခရီးသည် တသွင်သွင် စီးဆင်းနေသော ဧရာဝတီကဲ့သို့...။
မြစ်မင်းဧရာ၏ အေးမြသော ရေအလျဉ်သည် အမိတိုင်းပြည်အတွက် ငြိမ်းချမ်းသော လူ့ဘောင်ကို ဖြစ်ထွန်းစေရန် အထောက်အပံ့ဖြစ်စေသကဲ့သို့ အမေ၏ အေးမြသော စိတ်အလျဉ်သည် အမိမြေအတွက် ငြိမ်းချမ်းသာယာသော လူ့ဘောင်သစ်တရပ်ကို ရည်စူးခဲ့ပေ သည်။
သို့အတွက်....
အမေသည် သတ္တလောက တခုလုံးအတွက် အေးမြရွှန်းလက်သည့် လရောင်ပမာ....။

ထွန်းဝင်းငြိမ်း
၁၅-၀၄-၂၀၀၈။
{ ဗြူတီမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။ ခွင့်ပြုချက်မတောင်းခံပဲ မာယာမှာ ဖော်ပြ လိုက်တဲ့ အတွက် စာရေးသူ၊ ဓါတ်ပုံဆရာ နှင့် ဗြူတီမဂ္ဂဇင်းတို့ကို အနူးအညွတ် တောင်းပန် အပ်ပါတယ်။ }

Tuesday, May 27, 2008

နာဂစ် (သို့မဟုတ်) မာရ်နတ်၏သမီးတော်
ရေးသူ- ကြယ်စင်မြစ်






(တစ်)
နာဂစ်အလွန်နေ့တနေ့


"ကျွန်တော့်တသက်မှာ တခါမှ မကြုံဖူးဘူးဗျာ၊ အရမ်းပြင်းတဲ့ မုန်တိုင်းပါပဲ။ အိမ်ခေါင်မိုး ကို အပေါ်ဖက်ကနေ ဆွဲစုပ်လိုက်သလို ၀ုန်းခနဲပွင့်ပြီး လေထဲပါသွားတာ။ မိုးတွေကလည်း ရွာနေတော့ တအိမ်လုံး ရွှဲစိုနေတာပဲ။ ရေကလည်း တက်လာတယ်ဗျာ။ တအိမ်လုံး နေစရာကို မရှိတော့ဘူး။"



ရန်ကုန်မြို့ သာကေတမြို့နယ် ၁၀ ရပ်ကွက်မှ ဦးဝင်းမော်က ရေပတ်လည်ဝိုင်းနေသော အိမ်ထဲတွင် ခုံတခုပေါ်၌ ငုတ်တုတ်ထိုင်ကာ စိတ်ပျက်လက်ပျက်နှင့် ပြောပြနေသည်။ အိမ်ရှေ့မှ ဗာဒံပင်သည် လဲကျနေကာ ခြံစည်းရိုးကို ဖိထားပြီး အိမ်၏ရှေ့ဖက်ပိုင်းကို ပိနေသည်။ ဘေးဖက်မှ ဓနိမိုးထရံကာ ၁၀ ပေ အိမ်ကလေးမှာ အမိုးရော အကာပါ မရှိတော့။ ခရုဆံကျွတ်ဖြစ်ကာ ကလေးတွေ တပြုံတမကြီးနှင့် မသန်းအေးတို့ မိသားစုမှာလည်း ယောင်ချာချာနှင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ကလေးတွေက ရေကပြင်ကနေ၍ ရေများနှင့် ဆော့ကစားနေကြသည်။ ကြွပ်ကြွပ်အိတ်များ၊ အ၀တ်စုတ်များ၊ တုတ်ချောင်းများ၊ သစ်တိုသစ်စများ၊ အမှိုက်များ ပေါလောမြောနေသော မဲညစ်ညစ်ရေထဲတွင် ကလေးငယ် များက ပျော်မြူးနေကြသည်။ ရပ်ကွက်လမ်းကြားလေး၏ ခြေသလုံးလောက် မြုပ်နေသော ရေပြင်ပေါ်တွင် သစ်ပင်များ အတုံးအရုံး လဲနေကြသည်။ ဓါတ်တိုင်များ ပြိုလဲကာ ၀ါယာကြိုးများက အိုက်ကျနေကြသည်။ မနေ့ညနေကထိ သည်လမ်းကလေးထဲတွင် ရွာပြီးစ မိုးရေများနှင့် စိုလက်နေသော သစ်ပင်များဖြင့် စိမ်းစိမ်းစိုစို သာသာယာယာ ရှိခဲ့သည်။ ရပ်ကွက်တခုလုံး၊ တမြို့နယ်လုံး၊ ယုတ်စွအဆုံး ရန်ကုန်တိုင်းတခုလုံး သဘာဝအတိုင်း နေသားတကျ ရှိခဲ့ပေလိမ့်မည်။ ယခုတော့ တမြို့နယ်လုံးမှ သစ်ပင် ၉၀ ရာခိုင်နှုန်းလောက် ပြိုလဲ ကျကုန်သည်။ အိမ်တိုင်း အိမ်တိုင်းမှာ အပျက်အစီးမရှိဆိုသော အနေအထားက ရှာမှရှားပါသည်။ ရပ်ကွက်တခုလုံးမှာ ပြန့်ကျဲနေသော အပျက်အစီးပုံကြီး တခုသဖွယ်ပင်။ ဤအဖြစ်ကို ဆိုက်ရောက်စေခဲ့သူမှာ ဟိန္ဒူဘာသာဝင်တို့၏ အယူအဆအရ မြွေဘုရင်ဟု အဓိပ္ပါယ်ရသည်ဆိုသော "နာဂစ်" ဟူသည့် ဆိုင်ကလုံး မုန်တိုင်းကြီးတခု၏ လက်ချက်ပင် ဖြစ်သည်။ ထိုနေ့က နာဂစ်အလွန်နေ့ သို့မဟုတ် ၂၀၀၈ မေလ ၄ ရက်နေ့ နံနက်ပိုင်း ဖြစ်သည်။


(နှစ်)

မကြိုဆိုချင်သောဧည့်သည်

မနေ့ညနေပိုင်းက ဗြူတီမဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံကိုမျိုးမြင့်ဆွေ၏ စတူဒီယို၌ ဓာတ်ပုံရိုက်ဖြစ်ကြသည်။ စတူဒီယိုက ကြည့်မြင်တိုင် အထက်လမ်းမှာ ရှိသည်။ နေ့လည်ဖက် ကတည်းက ရန်ကုန်မြို့ထဲတွင် မုန်တိုင်းသတင်းက ပျံ့နေလေပြီ။ အချို့ရုံးများ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ ၀န်ထမ်းများကို နေ့လည် ၁ နာရီ၊ ၃ နာရီလောက် ကတည်းက ပြန်လွှတ်ကြသည်။ နေ့ခင်းတွင် သူငယ်ချင်းတယောက်နှင့် လက်ဘက်ရည်ဆိုင် ကတည်းက "မြို့ထဲမှာတော့ မုန်တိုင်းသတင်းကြောင့် လူတွေ စုရုံးစုရုံးနဲ့ ဖြစ်နေကြပြီ" ဟု မိတ်ဆွေက ပြောသည်။ ကျွန်တော်တို့ မဂ္ဂဇင်းမျက်နှာဖုံးရိုက်ရန် မော်ဒယ်များကို စောင့်ရင်း ည ၇နာရီခွဲ လောက်ရောက်သောအခါ မဂ္ဂဇင်းအဖွဲ့သားများဖြစ်သော ဆရာမ အေးငြိမ်းစံနှင့် ဖြိုးစုပိုပိုတို့က "ရတနာမိုင် လာရင် ပြန်တော့မယ်နော်၊ မုန်တိုင်းလာမှာမို့ ကားငှားမရရင် ခက်မယ်။ သမီးက ထောက်ကြန့်ထိပြန်ရမှာ။ ဆရာမကလည်း မြောက်ဥက္ကလာ ပြန်ရမှာ" ဟု ဆိုလာသည်။ ရတနာမိုင် ရောက်လာသောအခါ အ၀တ်အစားကိစ္စမှာပြီး သူတို့နှစ်ယောက် ကားငှားပြီး လစ်ကြသည်။ ထိုအချိန်တွင် ကြည့်မြင်တိုင် အထက်လမ်းမကြီးတလျှောက် ညရှစ်နာရီ လောက်တွင် ကားနှစ်စီး သုံးစီးလောက်သာ ရှိပြီး တလမ်းလုံး ရှင်းနေသည်။
ဓာတ်ပုံဆရာကိုမျိုးမြင်ဆွေက ကျွန်တော်တို့ ရောက်စကတည်းက မုန်တိုင်းသတင်းကို ကြားရသမျှ ပြန်ပြောပြနေသည်။ ၂ နာရီလောက်မှစ၍ ဟိုင်းကြီးကျွန်း၌ အလွန်ပြင်းထန်တဲ့ နာဂစ်မုန်တိုင်းကြီးက စတင်ဖြတ်သန်းနေပြီတဲ့။ လပွတ္တာမှာလည်း အပျက်အစီးတွေ များပြီး အဆက်အသွယ်တွေ ပြတ်တောက်ကုန်သတဲ့။ မိုးလေ၀သသတင်းအရလည်း ရန်ကုန် အောက်ပိုင်း မြို့နယ်တွေ မုန်တိုင်းအတွက် အထူးစိုးရိမ်ရသတဲ့။ စသည် စသည်ဖြင့် ကျွန်တော်တို့ ပြောဖြစ်နေကြသည်။ မျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ပြီး၍ ကျွန်တော်နှင့် ကိုဆွေလွင်သန်းတို့ ကားငှား၍ ပြန်ကြသောအခါ ည ၉ နာရီခွဲသာသာ ရှိပေပြီ။ မြို့ထဲမှ သာကေတသို့ ပြန်ရာလမ်းတလျှောက် ကားတစီးစ နှစ်စီးစသာ တွေ့ရသည်။ မုန်တိုင်းမကျခင် ငြိမ်သက်ခြင်းဆိုသည်မှာ ဒါမျိုးလားဟု စိတ်ထဲ၌ တွေးမိသည်။ ကျွန်တော့်အိမ်ရှေ့ ရောက်သောအခါ ကားပေါ်မှဆင်းပြီး ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိသည်။
"အလို.. ဘုရားရေ.... ကောင်းကင်ကြီးတခုလုံး နီရဲနေပါလား"
ထိုအချိန်တွင် တချက်တချက် ဝှေ့၍ တိုက်ခတ်လာသော လေများကြောင့် အုန်းလက် များ ယိမ်းခါစ ပြုလာသည်။ မိုးစက်များက တဖြောက်ဖြောက်နှင့် ကျနေသည်။ အိမ်ထဲရောက် သောအခါ ကျွန်တော့်ဇနီးကလည်း မုန်တိုင်းအကြောင်းနှင့် စကားစသည်။ မုန်တိုင်းကြီးက သမီးလှကျွန်းပေါ်မှာ ဗဟိုပြုနေတာ။ အချင်းဝက် မိုင် ၁၅၀ ရှိတာ။ နေ့လည် ၂ နာရီခွဲက ဟိုင်းကြီးကျွန်းမှာ မိုင် ၁၂၀ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တာ။ အရှေ့ဘက်ကို တနာရီ ၁၅ မိုင်နှုန်းနဲ့ ရွေ့လာတာ၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတလျှောက်မှာ မုန်တိုင်းဒီရေ ၁၂ ပေခန့်အထိ တက်လာနိုင်တာတွေ၊ တရစပ် ပြောနေပါတော့သည်။ ရပ်ကွက်ထဲမှ တချို့မှာ ပိုမိုကောင်းမွန် သော နေရာများသို့ ပြောင်းရွှေ့၍ အိပ်ကြသည်ဟု သိရသည်။ အချို့က မုန်တိုင်းမှာ လူအများ ပြောနေကြသလောက် စိုးရိမ်စရာမရှိဟု ယူဆကြသည်။ အချို့က ကမ္ဘာပျက်မလောက်နီးနီး စိုးရိမ်ပူပန်နေကြသည်။ အများစုမှာ နာဂစ်ကိုတော့ လန့်နေကြသည်မှာ အမှန်ပင်။
ထိုညက ရေချိုး၊ ထမင်းစားပြီးသည်နှင့် မုန်တိုင်းအကြောင်း ပြောနေစဉ်အတွင်း မိုးက ပိုပြီးသည်းလာကာ လေက ပြင်းလာသည်။ အိမ်ပတ်ဝန်းကျင်ကို ကြည့်ရန် ပြတင်းတံခါးတချပ် ကို ဖွင့်လိုက်သည်။ တဝေါဝေါလေသံများက လူပါလွင့်စဉ်မတတ် ဖြစ်သွားသည်။ အိမ်ထဲရှိ ဓါတ်ပုံများ ပျံသန်းကုန်သည်။ သတင်းစာများ၊ ဂျာနယ်များ၊ ပြက္ခဒိန်များ လွင့်စဉ်ပြုတ်ကျကုန် သည်။ ပြင်းထန်သော မိုးစက်မြားတံများကြားတွင် အိမ်နောက်ဖေးမှ အုန်းပင်များ ရမ်းခါနေ သည်။ အိမ်ရှေ့ လမ်းမပေါ်တွင် အသွားအလာ ရှင်းနေသည်။ သစ်ပင်များမှာ လေအရှိန်ကြောင့် "ကယ်ပါ၊ ကူပါ" ဟု အော်ဟစ်ကာ ဆွဲခါခံထားရသလို ဖြစ်နေသည်။ ဆောင့်တိုးနေသည်။ မုန်တိုင်းက တစထက်တစ ပြင်းထန်လာသည်။ နာရီကို ကြည့်လိုက်သောအခါ ည ၁၂ နာရီ ထိုးလေပြီ။ ကျွန်တော်တို့ လင်မယားနှစ်ယောက် ငုတ်တုတ်ထိုင်နေကာ မုန်တိုင်းကို နားစွင့်နေရသည်။ နာဂစ်က အဝေးမှ အော်၍လာသည်။ တဝေါဝေါ၊ တ၀ီးတ၀ီးနှင့် အိမ်များကို တ၀ုန်းဝုန်း တိုးတော့သည်။ ဘယ်အချိန် အိမ်များ ဘာဖြစ်သွားမလဲ စိုးရိမ်စိတ်ဖြင့် အိမ်ခေါင် မော့ကြည့်လိုက်၊ နံရံတွေ ကြည့်လိုက်နှင့် ဗျာများနေသော စိတ်ကို တည်ငြိမ်အောင် ထိမ်းနေရသည်။ ဇနီးကတော့ မျက်စိမှိတ်ကာ သံဗုဒ္ဓေဂါထာကို အခေါက်များစွာ ရွတ်ဆိုနေ လေသည်။ နေ့လည်တခင်းလုံး ပြောဆိုခဲ့ကြသော နာဂစ်သည် ရောက်လာခဲ့ချေပြီ။ မကြိုဆိုချင်သော ဧည့်သည်သည်ကား အရောက်လာပြီး ရမ်းကား၍ နေချေပြီကော။


(သုံး)

စေတန်၏ သမီးတော်နှင့်တွေ့ဆုံခြင်း

၃ ရက်နေ့ မနက်သို့ ကူးပြီ။ မနက် ၂ နာရီကျော်ကျော်လောက်မှစ၍ မုန်တိုင်းသည် တစ္ဆေတကောင်၏ လေချွန်သံမျိုးဖြင့် ချောက်ခြားဖွယ် မြည်ဟီး၍ နေသည်။ လေနှင့်အတူ မိုးက သည်းသည်။ အမှောင်ထုအောက်တွင် ကြောက်၍ ငြိမ်ကုတ်နေသော သာကေတမြို့ ကလေးကို စေတန်၏ သမီးတော်က သူ့အစွမ်းဖြင့် ကြမ်းချင်တိုင်းကြမ်းကာ အနိုင်ကျင့်တော့ သည်။ အိမ်နံရံများကို ကြာပွတ်အကြီးကြီးများဖြင့် ရိုက်နေသလို၊ မိုးစက်သံများက တရွှီးရွှီးနှင့်။ အိမ်ခေါင်သွပ်များနှင့် ပြတင်းတံခါးများမှာ ရမ်းကားနေသော အမူးသမားများ၏ ဒေါသနှင့် ဆောင့်ပြီးအကန်ခံနေရသလို၊ အရိုက်ခံနေရလို ၀ုန်းဒိုင်းကြဲ၍ နေတော့သည်။ တံခါးရွက်များကို နည်းနည်းမှ မလှုပ်နိုင်စေရန် ကြိုးဖြင့် လိုက်ချည်ရသည်။ တံခါးမကြီးများကို ဆက်တီခုံများဖြင့် ဖိကပ်ထားရသည်။ ဘယ်က ၀င်နေမှန်းမသိသော မိုးစက်အမှုန်အမွှားများက တအိမ်လုံးကို ရွှဲရွှဲစိုစေသည်။ ရေစို၍ မဖြစ်သော ပစ္စည်းများကို အိမ်ခန်းထဲ ပြောင်းရသည်။ မီးမှောင်ကျနေပြီး ချောက်ခြားဖွယ် အသံမျိုးစုံနှင့် တသိမ့်တသိမ့် ခါနေသော အိမ်တလုံးထဲတွင် စေတန်၏ သမီးတော်နှင့် တွေ့ဆုံခန်းမှာ ဗျာပါဒများဖြင့် လုံးထွေးကာ ဆောက်တည်ရာမရ ဖြစ်ရင်း နံနက်မိုးစင်စင် လင်းခဲ့ရပါတော့သည်။
မိုးလင်းသည်ဆိုသော်လည်း ပတ်ဝန်းကျင်တခုလုံး မှုန်မှိုင်း၍နေသည်။ လှမ်းမြင်နေရ သော စားပွဲတင်နာရီကလေး၏ လက်တံများက မနက် ၇ နာရီခွဲပြီ ဖြစ်ကြောင်း ပြသနေသည်။ နာရီလက်တံများ ရပ်တန့်နေသလား အောက်မေ့မိသည်။ ထိုအခိုက် ဒီဇိုင်းဆရာ ကေဇက်အို (ကိုဇော်ဦး)ထံမှ ဖုန်းလာသည်။ စဥ့်အိုးတန်းအလယ် ဘလောက် ၆လွှာမှ သူ့အခန်းခေါင်မိုး လန်နေကြောင်း အကိုတို့အခြေအနေရော ဘယ်လိုရှိသလဲ လှမ်းမေးသည်။ သူမေးတော့မှ ပြတင်းပေါက်မှ အပြင်သို့ ချောင်းကြည့်လိုက်သည်။ အိမ်ရှေ့ အုတ်လှေကား ၃ထစ်လောက် မြင့် တက်လာသော ရေများက ဖွေးနေကြောင်း၊ အိမ်တခုလုံး လေထဲပါသွားမလားလို့ စိတ်ပူနေရ ကြောင်း ပြောမိသည်။ ထို့နောက် ညီဖြစ်သူ ဒီဇိုင်းစိုးဝင်းငြိမ်းနှင့် အကိုကြီးကိုမိုးဝင်းထံမှ ဖုန်းလာသည်။ ကိုမိုးဝင်း၏ ဖခင်နှစ်လည် ဆွမ်းကျွေးဖိတ်ထားသည်။ ဘယ်လိုမှ မလာနိုင်တော့ ကြောင်း လှမ်းပြောလိုက်ရသည်။ မည်သူမျှ သွားနိုင်ကြမည်မထင်။ ချက်ပြုတ်ထားသည်များ ဝေငှ လိုက်ကြရုံသာ။
ပြင်းထန်သော မုန်တိုင်း၏ အာဃာတများထဲတွင် လျှပ်စစ်မီး ပြတ်တောက်သွားသော် လည်း ဖုန်းလိုင်းများ ခေါ်၍ ရနေသေးသဖြင့် အံ့သြရသည်။ မိုးက မစဲသေး။ လေက ပိုကြမ်းနေသည်။ ရေက သုံးပေလောက် မြင့်တက်လာသည်။ မြေပြင်မှ လူတထိုင်စာ လွတ်နေသော အိမ်ကြမ်းခင်း၏ ခါးပန်းသို့ တက်လာသောရေက တိုက်ခါနီးနေသည်။ ကြမ်းခင်း နိမ့်သော အိမ်များတွင် ဤအခြေအနေ၌ ရေများဝင်နေမည်မှာ သေချာသည်။ ရပ်ကွက်တခုလုံး ရေများဖြင့် ပြည့်နေလောက်ပြီ။ အိမ်ခေါင်မှ တဗြန်းဗြန်းနှင့် ရိုက်နေသော အမိုးသွပ်များ၏ အခြေအနေကို တက်ကြည့်ရင်း တဖက်အိမ်ခေါင် မြင့်မိုရ်ပိတ်တွင် ခိုကပ်နေသော စာကလေး များနှင့် ခိုများကို တွေ့ရသည်။ အချို့ ငှက်ကလေးများမှာ အိမ်ခေါင်၏ မျှားတန်းနှင့် သွပ်မိုးအကြား တွယ်ကပ်နေရင်းက ဖြုတ်ခနဲ ဖြုတ်ခနဲ မုန်တိုင်းထဲ ပါသွားပုံမှာ ခဲတလုံးကို အရှိန်ပြင်းပြင်းနှင့် လေထဲသို့ ပစ်လိုက်သောအခါ ပျောက်ကွယ်သွားသလိုမျိုး စိတ်မကောင်း ဖွယ် မြင်နေရသည်။
နာဂစ်က အားပြင်းရုံသာမက၊ ပရိယယ်လည်း များသည်။ လေက တဖက်တည်းမှ တိုက်ခတ်ခြင်းမျိုး မဟုတ်။ အရပ်မျက်နှာ အမျိုးမျိုးပြောင်း၍ တိုက်သည်။ မုန်တိုင်း၏ ဗဟိုချက်မ ဖြတ်သန်းနေသည်ဟု ခန့်မှန်းရသည်။ တနာရီ မိုင် ၆၀၊ ၇၀ တိုက်သော လေပြင်းများကို ကျွန်တော် ကြုံဖူးသည်။ ဤလေပြင်းသည် တနာရီ မိုင် ၈၀၊ ၁၀၀ အနည်းဆုံး ရှိမည်ထင်သည်။ သို့မဟုတ် ၁၂၀ ဖြစ်ချင်လည်း ဖြစ်မည်။ လေတိုက်နှုန်း မြင့်ရသည့်အထဲ ၀ဲလှည့်၍ တိုက်သဖြင့် ပို၍ခံစားကြရသည်။ လေသည် အနောက်မှ အနောက်တောင်၊ အနောက်မြောက်၊ မြောက်၊ တောင်၊ အရှေ့ စသည်ဖြင့် ကြုံသလို ပစ်ခတ်တိုက်နေသဖြင့် ကျွန်တော်တို့ခမျာ စကောထဲမှ ဇီးဖြူသီးများပမာ။
မနက် ၁၁ နာရီကျော်သောအခါ မုန်တိုင်း၏ သဘာဝကို စတင် အကဲခတ်မိသူတို့မှာ ငှက်ကလေးများ ဖြစ်သည်။ သူတို့၏ ကျလိကျလိနှင့် အော်သံများက မုန်တိုင်းအရှိန်လျှော့သွား ပြီ ဖြစ်ကြောင်း အချက်ပြနေသည်ကို တွေ့ရသည်။ ထိုအချိန်၌ အိမ်ရှေ့ ဇင်္ဂမလမ်းပေါ်တွင် ယာဉ်အသွားအလာ မရှိသေးသော်လည်း လူများ နှစ်ယောက်စ သုံးယောက်စ တွေ့နေရသည်။ မိုးက စဲလာသည်။ လေက အားပျော့သွားပြီး တချက်နှစ်ချက်သာ အားနှင့် တိုက်တော့သည်။ အိမ်ရှေ့တွင် ရေအဖွေးသားနှင့် သစ်ပင်များ အလဲလဲ အပြိုပြိုကို တွေ့နေရသည်။ ရှေ့ဝင်းထရံကို ဘေးအိမ်မှ ဗာဒံပင်နှင့် ကတက်ပင်တို့ လဲကျပြီး ပိနေသည်။ လမ်းမသို့ ထွက်ကာ လှမ်းမျှော် ကြည့်လိုက်သည်။ သစ်ပင်ကြီးများ အကုန် လဲကျနေသည်။ အချို့က လမ်းမပေါ်၊ အချို့က အိမ်ပေါ်သို့၊ အချို့က ဓါတ်ကြိုးများ၊ ဖုန်းကြိုးများကို ဖိ၍ ဓါတ်တိုင်၊ ဖုန်းတိုင်များနှင့်အတူ တုံးလုံးလဲနေကြသည်။ အချို့အိမ်များမှာ ပိနေသော သစ်ပင်များကို ကိုယ်ထူကိုယ်ထ ခုတ်ထွင် ရှင်းလင်းနေကြသည်။ နာဂစ်၏ ခြေရာလက်ရာများမှာ ကျွန်တော့်အား စိတ်ရောကိုယ်ပါ နွမ်းဟိုက်၍ ကျန်ခဲ့စေတော့သည်။


(လေး)

နာဂစ်ရဲ့လက်ဆောင်များ

"မုန်တိုင်းက တရက်ပဲ တိုက်လို့ဗျာ။ နှစ်ရက်လောက်သာတိုက်ရင် လူတွေလည်း ရူးကုန်ကြမလား မသိဘူး"
ဒေါပုံတွင် နေသော သူငယ်ချင်းတဦးက သူ့အိမ်အတွက် သွပ်ပြားနှင့် သံများ လိုက်ဝယ် နေရင်း ပြောသည်။ သွပ်သံက တဆယ်သား ၃၅၀ ရှိနေတာက အခု ၃၅၀၀ အထိ တက်သွား ကြောင်း။ သွပ်တချပ် ၅၀၀၀၊ ၆၀၀၀၀ ရှိရာမှ တသောင်းကျော် ဖြစ်သွားပြီး ဆောက်လုပ်ရေး ပစ္စည်းများ ဈေးအဆမတန် တက်နေကြောင်း။ အစားအသောက်ဆိုင်များ လုံးဝ မဖွင့်နိုင်သေး ဘဲ ခေါက်ဆွဲခြောက်ထုတ်နှင့် မီးသွေး၊ ဆန်၊ ဆီ စသည့် မီးဖိုချောင်သုံးပစ္စည်းများကို ဆိုင်များတွင် အလုအယက် တိုးဝှေ့ဝယ်ယူနေကြသည်။ သာကေတမြို့ကလေးအား လှည့်ပတ် ကြည့်ရှုရင်း နာဂစ်၏ လက်ဆောင်များကို မြင်တွေ့နေရသည်။ လူများမှာ လဲကျနေသော သစ်ပင်များကို ရှင်းသူကရှင်း၊ အိမ်ခေါင်မိုးများ ပြန်ရိုက်သူကရိုက်၊ ပြိုကျသွားသော အိမ်များမှ လူများမှာလည်း ဓမ္မာရုံများ၊ ဘုရားဝင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုဝေး စတည်းချနေကြရလေသည်။ အချို့မှာ ဘယ်နေရာ ဘာဖြစ်သွားကြသလဲ ဆိုသည့်စိတ်နှင့် လမ်းများပေါ်တွင် လှည့်လည်ကာ ပွဲဈေးတန်း လမ်းလျှောက်၍ ကြည့်ကြသလို ပျားပန်းခတ်၍ နေလေသည်။ လမ်းမကြီးများ၏ ၀ဲယာတွင် သစ်ပင်များ အတုံးအရုံး လဲကျနေသည်မှာ အလွန်အင်အားကြီးမားသည့် သတ္တ၀ါကြီးတကောင် ဒေါသတကြီး ရမ်းကားထားသည်နှင့် တူနေတော့သည်။
စာသင်ကျောင်းများမှာ အမိုးများပွင့်ထွက်၍ ရေမြုပ်နေကြကာ အချို့အဆောင်များမှာ သစ်ပင်ပိနေကြသည်။ အချို့ ထရန်စဖော်မာ တိုင်များ လဲကျ၍ ဓါတ်တိုင်အားလုံးလိုလို ပြိုလဲ ကုန်သည်။ တယ်လီဖုန်းတိုင်များလည်း လဲကုန်၍ ဖုန်းအဆက်အသွယ်များလည်း ပြတ်တောက်ကုန်သည်။ လမ်းမပေါ်တွင် ကားများ အသွားအလာ အလွန်နည်းသည်။ လျှပ်စစ်မီး ပြတ်တောက်ကုန်သဖြင့် စီအင်န်ဂျီ (CNG) ဖြည့်သော ဆိုင်များလည်း ပိတ်ထား ရကာ ဘတ်စ်ကားများ မထွက်နိုင်သေးချေ။ ဓါတ်ဆီ၊ ဒီဇယ်ဈေးမှာလည်း ကျပ်တသောင်း ကျော်ထိ ဖြစ်နေသည်ဟု ကြားရသည်။ မြို့ထဲတွင် သစ်ပင်ကြီးများ အကုန်နီးပါး လဲကျသည်။ ကြော်ငြာ ဘီလ်ဘုတ်များမှာ တခုမှ အကောင်းပကတိ မရှိကြတော့ဘဲ လမ်းမများပေါ်သို့ ကျွမ်းစိုက် နေကြသည်။ ထိုညတွင် ခြေကုန်လက်ပန်းကျနေသော ရန်ကုန်မြို့ကြီးမှာ မနက်စာနှင့်ညစာကို ၂ နပ်ပေါင်း၍ ဖြစ်သလိုနှင့် ပြီးလိုက်ကြရပြီး နောက်ထပ်မုန်တိုင်း ရှိတယ်၊ ငလျင်လှုပ်ဦးမှာတဲ့ စသည့် ကောလဟလများနှင့် ကျီးလန့်စာစားဖြစ်ကာ အမှောင်ထုအောက် တွင် ဝေဒနာများနှင့် တိတ်ဆိတ်စွာ လဲလျောင်းနေရ ပါတော့သည်။


(ငါး)

နာဂစ်ကျောခိုင်းသွားပြီးနောက်

နာဂစ်အလွန် နေ့ရက်များမှာ မသက်သာသော သတင်းများနှင့် ခရီးဆက်ရပေသည်။ မုန်တိုင်းဖြတ်သန်းသွားရာ ဒေသများ၏ အပျက်အစီး အဆုံးအရှုံးများနှင့် လူအသေအပျောက် စာရင်းများမှာ မထင်မှတ်လောက်အောင် ကြားနေရသည်။ ဟိုင်းကြီးကျွန်း၊ မိန်းမလှကျွန်း၊ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ ကော့မှူး အစရှိသော ဒေသများ၏ ကြေကွဲဖွယ် အဆုံးအရှုံးသတင်းများတွင် သောင်းနှင့်ချီ၍ အသက်ဆုံးရှုံးရသော ဖြစ်စဉ်များ၊ ထိုအရေအတွက်ထက် ၂ ဆကျော်ကျော် များပြားသည့် ပျောက်ဆုံးနေသော သူများ၊ ဒဏန်ရာရသူများ၊ အသက်မသေသော်လည်း မြို့ပျက် ရွာပျက် နေစရာအခြေပျက်ကြ သဖြင့် စားဝတ်နေရေး ဒုက္ခနှင့် ရင်ဆိုင်နေကြရသည့် ဖြစ်ရပ်များကို ကြားနေရပေသည်။
ရန်ကုန်မြို့ကြီးဆိုသည်မှာ အနယ်နယ်အရပ်ရပ်မှ လူများ လာရောက်စုဝေး၍ နေထိုင် ကြသော ဒေသတခုလည်း ဖြစ်သည်။ ဧရာဝတီတိုင်းအတွင်းမှ လာရောက်လုပ်ကိုင် စား သောက်ကြပြီး အခြေချသူများ အတော်များပါသည်။ ပုသိမ်၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊ မြန်အောင်၊ ဟင်္သတ စသည့် မြို့များနှင့်ဆိုလျှင် အိမ်ဦးနှင့်ကြမ်းပြင်ဆိုသလို ကူးလူးဆက်ဆံ နေကြရသည်။ ဆွေမျိုးများ၊ မိတ်ဆွေများ၊ စီးပွါးရေးလုပ်ငန်းများနှင့် ကွန်ယက်သဖွယ် ချိတ်ဆက်နေကြသည်။ အထက်ပါဒေသများကို နာဂစ်နှိပ်စက်သွားသည့် အခြေအနေများ သည် ရပ်ကွက်ထဲ၊ ဈေးထဲ၊ ရုံးထဲ၊ ဆိုင်များထဲမှသည် ကမ္ဘာ့သတင်းလောကထိ ထိပ်တန်း သတင်း ဖြစ်သွားသည်။ မုန်တိုင်းက မိုင် ၁၀၀ ကျော်နှုန်း တိုက်သည်။ ရေက ပေ ၂၀ လောက် မြင့်တက်လာသည်။ မုန်တိုင်းလမ်းကြောင်း အတွင်းရှိသော ကျွန်းပေါ်မှ ရွာများ၊ မြစ်ကမ်းဘေး ၀ဲယာမှ ကျေးလက်များ၊ မြို့ပြများမှ လူသောင်းပေါင်းများစွာတို့သည် မမျှော်လင့်သော ရေလှိုင်းလုံးကြီးများ အောက်တွင် အသက်လုချိန်မရလိုက်ပဲ ဘ၀ကူးသွားကြရသည်။ ပျောက်ဆုံးသွားသော ကျွန်းများ၊ ရွာများ ရှိသည်ဟု ကြားရသည်။ လေဒဏ်၊ ရေဒဏ် ဆိုးဆိုးဝါးဝါးထိခဲ့သော နေရာများတွင် သည်နေရာလမ်း၊ သည်နေရာလယ်ကွက်၊ သည်နေရာ စည်းရိုးဟူ၍ ပြန်ပြောလို့ မရလောက်အောင် ဖြစ်ကုန်သည်။ ရေပြန်ကျသွားသောအခါ နုံးမြေများက ဖို့ကုန်သည်။ အသက်မသေဘဲ ကျန်သူတို့အတွက် နေစရာမရှိ၊ သောက်စရာနတ္တိ၊ စားစရာပြတ်၏ ဆိုသည့်ဝဲဂယက်တွင်း ကူးခတ်ရတော့သည်။ နိုင်ငံတကာမှ မုန်တိုင်းဒဏ် ခံရသူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့် နိုင်ငံတော်၏ ကူညီထောက်ပံ့ရေး၊ ကယ်ဆယ်ရေး အစီအစဉ်များ ပေးပို့ဆောင်ရွက်လျက် ရှိသည်ကို နေ့စဉ်ထုတ်သတင်းစာ များနှင့် ဂျာနယ်များတွင် တွေ့မြင်နေရသည်။ အချို့မှာ ကိုယ်ပိုင်အစီအစဉ်များဖြင့် နီးစပ်ရာ မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့ သွားရောက်ကာ ကူညီထောက်ပံ့နေကြသည်များလည်း ကြားနေရသည်။ မိသားစု ပျောက်သွားသူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ လပေါင်းများစွာ ဆောင်ရွက်ရဦးမည့် အလွန်ခက်ခဲသည့် လုပ်ငန်းစဉ်ကြီး ဖြစ်ပေသည်။
လက်ရှိအခြေအနေမှာ အိုးအိမ်ပြန်လည် ထူထောင်ရေးထက် အသက်ရှင်ကျန်ရစ်သူ များအတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကို အဓိကထား ဆောင်ရွက်နေရဆဲ ဖြစ်သည်။ ဒီရေတောများ ကျဲပါးကုန်သော ကမ်းရိုးတန်းနှင့် သစ်တော၊ တောင်ကုန်းများ ပြုန်းတီးနေသော ဒေသများသည် လေဖိအားနည်း ရပ်ဝန်းဒေသဖြစ်ပေါ်ကာ မုန်တိုင်းများကို ဖိတ်ခေါ်ခဲ့သဖြင့် နာဂစ်၏ သတိပေးဆုံးမခဲ့မှုမှာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။ ဂေဟစနစ်ကို စောင့်ရှောက်မည့် အစီအစဉ်များကို ဆထက်ထမ်းပိုး ဆောင်ရွက်ခြင်းဖြင့် နောက်နောင်များတွင် လာလတ္တံ့သော နာဂစ်များကို တားဆီးရမည်မှာ ကျွန်တော်တို့ အားလုံး၏ အနိမ့်ဆုံးတာဝန်တရပ်ပင် ဖြစ်ပါတော့သည်။

ကြယ်စင်မြစ်
(၉- ၅-၂၀၀၈)

{ ဗြူတီမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။ ခွင့်ပြုချက်တောင်းခံခွင့်မသာခဲ့လို့ ခွင့်မတောင်းရပဲ မာယာမှာ ဖော်ပြ လိုက်တဲ့ အတွက် စာရေးသူ၊ ဓါတ်ပုံဆရာ နှင့် ဗြူတီမဂ္ဂဇင်း တို့ကို အနူးအညွတ် တောင်းပန် အပ်ပါတယ်။ }

Monday, May 19, 2008

လက်နက်နိုင်ငံတော်မရှိတဲ့ ဧကရာဇ် (ခရစ်နှစ် ၁၅၅၇)
ရေးသူ-ဒေါက်တာသန်းထွန်း


ရှင်းလင်းပြောပြစရာ အများကြီးနော်။ အချိန်ကာလတိုတိုမှာ နောင်အကြာကြီး အကျိုး အပြစ်ခံရမယ့် အကြောင်းအရာတွေကတော့ အစုလိုက်အပြုံလိုက် တိုးနေတယ်။ မြန်မာအများ က ဗုဒ္ဓသာသနာဟာ အနှစ်ငါးထောင်တည်မယ်လို့ ယုံတယ်။ ဒါပေမယ့် စဉ်းစားကြည့်စမ်းပါ။ သာသနာ အဓွန့်ရှည်အောင်လုပ်ဖို့ လူအား ငွေအား အများကြီးလိုတယ်။ ဒါပေမယ့် ဘာပဲပြောပြော တခုခုကို တကယ်ယုံကြည်ပြီး လုပ်ချင်ကြပြီဆိုရင် ဟိုလိုတမျိုးလုပ်၊ ဒီလိုတမျိုး လုပ်နဲ့ ပန်းတိုင်ကို ဆိုက်သွားတာပါပဲ။ အဲဒီအားကို ငါက အသုံးချရမှာလို့ ငါယူဆပြီးသား၊ လူစွမ်းကောင်းဆိုရင် အပြောမပိုင်ဘူး။ ဒါပေမယ့် သူက အစွမ်းထက်တဲ့ ဧရာမပုဂ္ဂိုလ်ကြီး ဖြစ်လာတတ်ပါတယ်။ ငါ့ကိုယ်ငါ သီရိပရ၀မမဟာရာဇာဓိရာဇ (ဘုန်းကျက်သရေကြီးတဲ့ တရားစောင့်တဲ့ မင်းတကာ့မင်း) လို့ ဆိုတယ်။

အခု ငါ ဘယ်လို မင်းတကာ့မင်း ဖြစ်လာတယ် ဆိုတာ ပြောမယ်။ ငါ့ ပတ်လည်မှာ မင်းသေးမင်းမြှောင်တွေ အများကြီး ရှိနေတယ်။ သူတို့ကို တဦးချင်းခွဲပြီး ဖြိုလှဲဖို့ လွယ်ပါတယ်။ သာသနာ ၂၀၉၄၊ သက္ကရာဇ် ၉၁၂၊ ခရစ်နှစ် ၁၅၅၀ အဲဒီတုန်းက ငါ ကေတုမတီ (တောင်ငူ) ကို သွားပြီးတိုက်တယ်။ ၁၁ ဇန်န၀ါရီ ၁၅၅၁ မှာ တောင်ငူကို ငါရတယ်။ မြို့သိမ်းတယ်ဆိုရင် ဘာတွေဖြစ်မလဲ မင်းတို့ တွေးကြည့်စမ်း။ ငါပြောပါမယ်ကွာ၊ ဘုရားအို၊ ကျောင်းအိုကို ပြင်တယ်ကွာ၊ အသစ်လည်း ထပ်ဆောက်တယ်၊ ဗုဒ္ဓရှင်တော်မြတ် ဘုရားတရားတော်ကို ပြန့်ပွါးအောင် ပြောမယ် ဟောမယ်၊ ဒေသအလိုက် ဘယ်ရောက်ရောက် အဲဒီမှာ သူ့နေရာနဲ့သူ ခေါင်းဆောင်ဆိုတဲ့ လူတွေရှိတယ်။ ဒီလူတွေက လူပါး လူနပ်တွေ၊ ငါ့ဆီဝင်လာပြီး အသက်မသေ စည်းစိမ်မပျက် ဆက်လက်အမှုထမ်းလိုပါ သတဲ့၊ ငါ ဘာလုပ်ရမယ်ဆိုတာ သူတို့က လာပြောတာလေ။ မြို့ဝန်ကို မြို့ဝန်ဆက်ခန့်၊ စော်ဘွားကို စော်ဘွားပဲ ဆက်နေပါစေ၊ ငါ့ကို ဘ၀ရှင်မင်းတရားကြီးတဲ့၊ ဒါ သူတို့ ခေါ်တာ၊ ကဲ မလွယ်ဘူးလား။ နောက် ပြည်မြို့ကို ၃၀ သြဂုတ် ၁၅၅၁ မှာ ငါတိုက်ယူပြန်တယ်။ ငါ့ နာမည်နဲ့ အဲဒီမြို့မှာ ကောင်းမှုတွေ အထပ်ထပ် သူတို့က လုပ်ပေးကြတယ်။ ငါကတော့ လူအင်အားနဲ့ လက်နက်အင်အားထပ်ဖြည့်ပြီး ဟံသာဝတီ (ဗဂိုး) ကို ၁၂ မတ် ၁၅၅၂ မှာ သွားတိုက်တယ်။ တဘက်ရန်သူ မင်းဆိုတဲ့လူက ဆင်စီးပြီး ထွက်လာတယ်။ သူနဲ့ ဆင်စီးချင်း တယောက်ချင်း စစ်ထိုးဝံ့မလားတဲ့။ ငါ့ဆင် ဥပေါသထက သူ့ဆင်ရဲ့ အစွယ်တွေကို ချိုးပစ်နိုင်တယ်။ အဲဒါ ပြီးတော့ ပင်လယ်ဝမှာ ဒီရေတက်တာ မင်းမြင်ဖူးတယ် မဟုတ်လား၊ ငါ့ စစ်သားတွေက သူ့မြို့တွင်းကို ဒီရေတက်သလို ရောက်သွားကြပါတယ်။ ဒါနဲ့ ဆက်တိုက် ကောင်းမှုတွေ အများကြီး လုပ်ဖြစ်တယ်။ နန်းမရှေ့မှာ ခေါင်းလောင်းဆွဲထားပြီး နစ်နာချက် တခုခုရှိသူတိုင်း အတားအဆီးမရှိ ဒီ ခေါင်းလောင်း ထိုးခွင့်ပေးထားတယ်။ (ခေါင်းလောင်းသံကြားရင် ဘာဒုက္ခ လဲလို့ မေးပြီး မဖြစ်ဖြစ်အောင် ပြဿနာကို ဖြေရှင်းပေးပါတယ်။) တိုက်ရေး ခိုက်ရေးတွေ ခေတ္တဖြစ်ဖြစ် အားလုံးရပ်ခိုင်းလိုက်တယ်။ ပြီးတော့ မိဖုရားကြီး လက်ဆွဲပြီး ၁၂ ဇန်န၀ါရီ ၁၅၅၄ မှာ ငါတို့ ဘိသိက်ခံတယ်။ ငါလည်း သာသနာ့ဒါယကာကြီး ဖြစ်ပြီပေါ့။
ငါ့ကို ပြောကြတယ်။ ဗုဒ္ဓကို ယုံကြည်တဲ့ ဒေသအများကြီးမှာ အုပ်ချုပ်တဲ့မင်းက ဗုဒ္ဓရဲ့ အဆုံးအမကို မနာယူကြဘူးတဲ့။ ဒီကိစ္စကို ငါ ဘယ်လိုဖြေရှင်းသလဲဆိုတော့ ငါ့မှာ ရှိသမျှ ရေအား ကြည်းအား အကုန်စုရုံးပြီး မြောက်အရပ်နဲ့ အရှေ့မြောက်အရပ်ကို ချီတက်ခဲ့တယ်။ အ၀ကို ၂၂ ဇန်န၀ါရီ ၁၅၅၅ မှာ သိမ်းလိုက်နိုင်တယ်။ ငါ့ကို ရက်စက်ကြမ်းကြုတ်ပြီး အသတ်အဖြတ်ပဲ လုံ့လပြုနေတယ်လို့ အားလုံးက ထင်နေကြပြီ မဟုတ်လား။ အသေ အပျောက်က နည်းနိုင်သမျှ နည်းအောင် စီစဉ်ခဲ့ပါတယ်။ ငါတို့ လုပ်ရည်ကိုင်ရည် ထက်မြက် တာကို လူသိများလာတော့ မြို့တမြို့ကို ငါတို့ ချဉ်းကပ်တာနဲ့ နည်းနည်းလောက် ဟန်ရေးပြ တိုက်ခိုက်လိုက်ရုံနဲ့ (ဒါမှမဟုတ်) လုံးဝမတိုက်ရဘဲနဲ့ လက်နက်ချ အညံ့ခံကြတယ်။ ရှင်းရှင်းပြောတော့ ငါတို့ကလည်း သိပ်ပြီး ကြောက်စရာ ကောင်းလောက်အောင် အားကြီးတယ်၊ အားသာတယ် မဆိုနိုင်သလို သူတို့ကလည်း သိပ်ညံ့တယ်၊ သိပ်ဖျင်းတယ်။ တို့ စေ့စေ့ကြည့်တာကိုပဲ မခံရဲဘူးဆိုတာမျိုး မဟုတ်ပါ။ ငါက စစ်ခေါင်းဆောင်အနေနဲ့ အောင်မြင်တယ်ဆိုတဲ့ ဂုဏ်သတင်းတော့ ရှိပါရဲ့၊ သတ္တိရော၊ ဇွဲလုံ့လရော မခေဘူးလေ၊ မြို့တွေ ၀န်းကျင်က စိုက်ခင်းပျိုးခင်းတွေ ဖျက်တယ်၊ စစ်မကြာခဏ တိုက်နေရတဲ့ပေါ့။ စစ်အမြဲတိုက် နေကြရင် ငတ်သထက် ငတ်ကြမယ်၊ ဘယ်မြို့မှ တို့က အပြင်က အကြာကြီး ၀ိုင်းပိတ်ဆို့ထား တာကို မခံနိုင်ပါ။ မြန်မြန် စစ်အေးစကားပြောပြီး အသနားခံလိုက်ကြတယ်။ စောစောက ပြောသလို ငါ့ကို သခင်အဖြစ် လက်ခံလိုက်ကြတယ်။ အရင်က ရတဲ့ ရာထူးဂုဏ်ထူး ဥစ္စာစီးပွါး မဆုတ်ယုတ်ရင် ပြီးစတမ်းပေါ့။ ငါကလည်း ပေးတဲ့ကတိသစ္စာတည်အောင် ထိန်းပါတယ်။ စစ်အောင်သူတွေဟာ လောဘမသတ်နိုင်ဘဲ ရသမျှ နိုင်သမျှ နှိပ်စက်လုပ်ကြတဲ့ အထဲမှာ ငါမပါဘူး။ တခါက သူပုန် ရာနဲ့ထောင်နဲ့ ရှိသမျှကို ကပ်နဲ့လှောင်ပြီး အစာရေစာ မပေးဘဲ မီးတိုက်သတ်ဖို့ ထားတယ်။ ဆရာတော် သံဃာတော်တွေ ကြွလာပြီး သူတို့ ဒကာတွေကို ရွေးနှုတ်ပြီး ခေါ်သွားခွင့်လည်းပြုရော တကယ့်အကြီးအကဲ ထိပ်တန်းခေါင်းဆောင်တွေပဲ ကျန်တော့တယ်။ အဲဒီတော့ တို့မှာလည်း သတ်ရတဲ့လူ လျော့သွားတာ ကောင်းတာပေါ့။ အ၀မင်း၊ အမတ်နဲ့ နောက်လိုက်တွေက ငါတို့ဆီမှာ သစ္စာရေ လာသောက်ပြီး ငါတို့ တပ်သားဖြစ်လာတော့ ငါတို့အဖို့လည်း ဆက်လက် နယ်ပယ်သိမ်းသွင်းဖို့ ခွန်အားပြည့်သွားပြန် တယ်။ ဒီလိုပဲ ပဒေသရာဇ်တိုင်းနိုင်ငံတွေမှာ လုပ်မြဲပါ။ ကုလား (ဥရောပ) ကြေးစားတပ်ကို တော့ ဒီလိုမထင်နဲ့လေ။ သူတို့ကိုလည်း သာသနာမြေကလွဲရင် ကြိုက်တာကို ကြိုက်သ လောက်ယူလို့ ခွင့်ပေးထားပါတယ်။ ငါကလည်း နေရာသစ်ကို သိမ်းပြီးရင် ကျောင်းဘုရား ပြုပြင်မယ်၊ စေတီကို ရွေးချယ်လို့ စီစဉ်မြဲ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစတစ မွန်ဒေသ မြန်မာဒေသတွေက စေတီတွေမှာ ရွှေတ၀င်းဝင်းနဲ့ ရွှေနိုင်ငံ ဖြစ်လာပါတယ်။ ရဟန်းတွေ ကလည်း ၀ိနည်းတော်ကို လေးလေးစားစား လိုက်နာကျင့်သုံးတာကို တွေ့ရတယ်။ လူတွေကလည်း ဗုဒ္ဓသာသနာဝင်တွေလို့ ဆိုရလောက်အောင် အနေအထိုင် နူးညံ့သိမ်မွေ့ လာတယ်။ သူသူငါငါ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါတယ်။
သီရိင်္လကာမှာ ဗုဒ္ဓသာသနာ မှေးမှိန်နေတယ်လို့ ငါကြားရတော့ ရုတ်တရက် သိပ်စိတ်ထိခိုက် သွားတယ်။ ပိဋိကတ်တစုံနဲ့ ကျမ်းတတ်ဆရာတော်တချို့ကို စေလွှတ်ပါတယ်။ ဒီလို ကျမ်းတတ်ပုဂ္ဂိုလ်တွေအပြင် လက်သမားဆရာ ပန်းချီဆရာတွေလည်း ထည့်လိုက်သေး တယ်။ ဟိုမှာ ကျောင်းဆောက်ပြီး လှပတင့်တယ်အောင် ဆေးရေးရွှေချ လုပ်ခိုင်းလိုက်ပါတယ်။ လိုသမျှ ပစ္စည်းကိရိယာတွေလည်း သယ်ဆောင်သွားခိုင်းပါတယ်။ တကယ့်ကို ငါက သူတို့အပေါ်မှာ စိတ်ကောင်း စေတနာကောင်းထားကို သိအောင်၊ သူတို့ အခြေအနေကောင်း လာအောင် ဆန္ဒရှိတာကို ထင်ရှားအောင် ငါ့ဆံတော်နဲ့ မိဖုရားကြီးဆံတော်ကို ဖြတ်ပြီး တံမြက်လုပ်ပြီး စွယ်တော်တိုက်မှာ ဖုန်လှည်းဖို့ ပေးလိုက်ပါတယ်။ ငါစေလွှတ်တဲ့အဖွဲ့ဟာ အောင်ပွဲရလို့ ပြန်လာပြီး ဟိုက စွယ်တော်တုတဆူလည်း လက်ဆောင်ပေးဆက် လိုက်ပါသေး တယ်။
နေ့စဉ် ငါ့ဘာသာ ငါမေးတဲ့ မေးခွန်းကတော့ ငါဘယ်ကိုသွားပြီး ဗုဒ္ဓသာသနာ ပြုခွင့်ရမလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ရှမ်းများဟာ ဟိုအခါက သာသနာကို လေးစားရကောင်း မှန်း မသိသေးတာ အမှန်ပါ။ မိဖုရားကြီးကိုပါ ခေါ်ခဲ့ပြီး ငါတို့ ဖောင်တော်နဲ့ အညာကို ဆန်တယ်။ ခမ်းကြီးနားကြီး သွားတာပေါ့။ စစ်အင်္ဂါခင်းကျင်းပြီး စစ်တိုက်ဖို့လည်း ပါတယ်။ အ၀ကို ၂၄ ဒီဇင်ဘာ ၁၅၅၆ မှာ ရောက်တယ်၊ ၈ ဇန်န၀ါရီ ၁၅၅၇ မှာ ခရီးဆက်တယ်၊ ပတ္တမြားမြေဖြစ်တဲ့ မိုးမိတ်နဲ့ သီပေါက ၁၀ ဇန်န၀ါရီ ၁၅၅၇ မှာ အညံ့ခံတယ်။ မိုးမိတ်ရဲ့ အနောက်မြောက်မှာ စေတီတဆူတည်ဖို့ ၈ ဖေဖော်ဝါရီ ၁၅၅၇ မှာ ဘုရား အုတ်မြစ်ချတယ်။ ၁၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ ဌာပနာတိုက်ပိတ်တယ်။ လယ်ထွက်စပါး တနှစ်တင်း ၆၀၀ ကို သာသနာ့အထောက် အပံ့ဖြစ်ဖို့ လှူတယ်။ ဘုရားတည်တယ်ဆိုတာ ကူဘုရားပါ၊ အထွက်အ၀င်အတွက် ကူ လေးမျက်နှာစလုံး အသုံးပြုလို့ ရပါတယ်။ ရတနာစေတီလို့ သမုတ်ပါတယ်။ စေတီကိုရံပြီး ဘုန်းတော်ကြီး ကျောင်းလေးကျောင်း ဆောက်တယ်။ သီပေါမှာ စေတီတဆူ ထပ်ဆောက်ပါတယ်။ စော်ဘွား ကြီးရဲ့ မြေးတော်ကို ၁၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ အခမ်းအနားနဲ့ သီပေါစော်ဘွားအသစ် ခန့်တယ်။ အုပ်ချုပ်ရေးမှာ လိုအပ်သမျှကို ညွှန်ကြားမှာထားပြီး ၁၇ ဖေဖော်ဝါရီ ၁၅၅၇ မှာ မိုးမိတ်က ပြန်ခဲ့တယ်။ ဧရာဝတီကို ထီးချိုင့်က ဖောင်တော်နဲ့ ၂၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ ကူးပါတယ်။ ၂၈ မတ် ၁၅၅၇ မှာ ကြည်းကြောင်း မြောက်ဘက်ကို ဆက်လက်ချီတက်လို့ မိုးညှင်းက ၂၈ မတ် ၁၅၅၇ မှာ အညံ့ခံတယ်။ မိုးကောင်းက ၂၆ မတ် ၁၅၅၇ မှာ အညံ့ခံပါတယ်။ ပဒေသရာဇ်တွေနဲ့ တွေ့တဲ့အခါ ငါလုပ်နေကျ ထုံးစံအတိုင်း သူတို့မူလနေရာ မှာပဲ စော်ဘွားပြန်ခန့်တယ်။ ဒီတော့ မိုးကောင်းစော်ဘွားလည်း ဆက်ပြီး မိုးကောင်းစော်ဘွား ဖြစ်တယ်။ အဲဒီလိုလုပ်ရတာ စွန့်လုပ်ရတာ ဖြစ်လို့ ကြားရသူတိုင်း အံ့သြကြတယ်။ မိုးကောင်း၊ မိုးညှင်း၊ ကလေး စော်ဘွားတွေကို ဘယ်လိုအုပ်ချုပ်မှ အောင်မြင်တယ်ဆိုတာကို လမ်းညွှန် သင်ကြားပြီး ရှမ်းနယ်တွေဖြစ်တဲ့ မိုးကောင်း၊ မိုးညှင်း နဲ့ မိုးမိတ်၊ သီပေါနယ်တွေမှာ အကြီးအကဲ သေရင် အရှင်သခင်နဲ့အတူ ကျွန် ကျားမတွေ သတ်ပြီး သင်္ဂြိုဟ်တဲ့ အစဉ်အလာတခုကို တားမြစ်ပိတ်ပင်ခဲ့တယ်။ လုံးလုံးရပ်စဲစေပါတယ်။
အပြန်ခရီးကို ၉ ဧပြီ ၁၅၅၇ မှာ စတင်ထွက်ခဲ့တယ်။ ပုဂံမှာ ၀င်ပြီး ရွှေစည်းခုံကို ရွှေချတယ်။ အချိန်ပိဿာ ၂၁၀၀၀ (၇၆၆၅၀ ပေါင်) ရှိတဲ့ ကြေးခေါင်းလောင်းကို ၂၃ မေ ၁၅၅၇ မှာ သွန်းလောင်းစေတယ်။ ဧကရာဇ်ပိုင်နက်မရခင် ဧကရာဇ်ဖြစ်တဲ့ ငါဟာ အခုလို စွမ်းဆောင်ခဲ့ ပုံ ခေါင်းလောင်းမှာ ရေးသားမှတ်တမ်းတင်စေတယ်။

အညွှန်း။ ။ မွန်ဘာသာနဲ့ ရေးထိုးထားတဲ့ ရွှေစည်းခုံခေါင်းလောင်းစာ။ (မွန်ကျောက်စာညွန့်ပေါင်း၊ ချစ်သိန်း ၁၉၆၅၊ စာ ၁၀၅-၁၀၈)

{ထီးပေါင်းကားစာအုပ်တိုက်ကထုတ်တဲ့၊ ဒေါက်တာသန်းထွန်းရဲ့ "ဂံ-ဂိုး-၀" စာအုပ်၊ ၂၀၀၅၊ ဒီဇင်ဘာ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်။}

Friday, May 16, 2008

မပို့လိုက်ရ သူတို့အသုဘ (၃)၊ (သို့) လင်္ကာဒီပ ဦးမတ်ကြီး
ရေးသူ- မောင်အေးဝင်း

ရင်နင့်စဖွယ်၊ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ သတင်းဆိုးကြီး ကျနော်တို့ဆီကို ရောက်လာပါတယ်။ ဗမာမီဒီယာတွေက သတင်းမရခင် နိုင်ငံခြားမီဒီယာတွေဆီက အရင်ဖတ် ရတယ်။ နောက်တော့ နာရီပိုင်းနဲ့အမျှ၊ တနေ့ထက်တနေ့ သတင်းတွေက ပိုပြီစုံလာတယ်။ မကြားရက်စရာ သတင်းဆိုကြီးပါကလား။ လေမုန်တိုင်းတဲ့။ နာဂစ်တဲ့။ ကွမ်းခြံကုန်းလဲ တော်တော်ထိတယ် ကြားရတော့ ကိုစိန်လှအောင်ကို စိတ်ပူသွားပြန်ရော။ ဒီကြားထဲ လန်ဒန်က ဘီဘီစီမှာလုပ်နေတဲ့ ရဲဘော်ကလေး တယောက်က ဦးခါး (သူ့အသက်နဲ့ဆိုရင် တော့ ဦးခါးပေါ့လေ)၊ ငခါး (ကွမ်းခြံကုန်း) သတင်းကို မေးလာတယ်။ ဒါနဲ့ ကွမ်းခြံကုန်းက ငှက်ကြီးတကောင် (တင်မောင်ဌေး) တော့ အိုဟိုင်အိုမှာ ဆူရှီလိပ်နေတယ်။ သူ့ကို လှမ်းမေး မိတယ်။ ငခါးအကြောင်းတော့ သူလဲ မကြားမိဘူး၊ ဒါပေမယ့် သူ့ နဲ့ ၀မ်းကွဲညီကိုတော်တဲ့ ကိုစိန်လှအောင် အကြောင်းတော့ ကြားလိုက်ပါတယ်။ သူကတောင် ကိုယ့်ကို အပြစ်လာ တင်နေသေးတယ်။ ကိုစိန်လှအောင်ဖြင့် ဆုံးတာ တနှစ်လောက်တောင် ရှိတော့မယ်တဲ့။ မသိဘူးလေ၊ ဒင်းကဖြင့် မပြောပဲနဲ့။



ဘ၀တက္ကသိုလ် အတူတက်ဖော်ထဲက တယောက်တော့ သွားပြန်ပြီ။ လေးငါးနှစ် လောက်က လေဖြတ်သွားတယ်ကြားလို့ ဆေးဝါးကုသဖို့ ကိုယ်တတ်နိုင်သလောက် ပို့လိုက် သေးတယ်။ ရောဂါသက်သာ ထူထူထောင်ထောင်ပြန် ဖြစ်လာတော့ လူကြုံနဲ့ စကားကြုံပါး လိုက်တာ ကြားလိုက်သေးတယ်။ နောက်တော့ မကြာမကြာ သတိရနေပေမယ့် အဆက်သွယ် ခက်သွားလို့ သတင်းမကြားလိုက်မိဘူး။ ကိုယ့်လူ ဆုံးသွားပြီတဲ့။ သူကတော့ ဆုံးတာ တနှစ် လောက်ရှိ တော့မယ်ဆိုတော့ သူမိသားစုတွေတော့ မုန်တိုင်းနဲ့ ဘယ်လိုနေကြမလဲ၊ ရင်လေး စရာပါပဲ။
ထောင်ထဲမှာ သူနဲ့ လူချင်းမသိခင် သူ့နာမည်ကို အရင်ကြားဖူးတယ်။ ကျနော်တို့ကို စီရင်ချက် ချတော့ ရုံးမှာ အင်တာနေရှင်နယ်သီချင်းဆိုလို့ တိုက်ပိတ်ထားတုန်း အဆောင် ရောက်နှင့်နေပြီး အဆောင်မှာ ပြဿနာဖြစ်လို့ တိုက်ပြန်ရောက်လာတဲ့ သိန်းသန်းဦး လို့ခေါ်တဲ့ မောင်ကမ္ဘာ ဆီက သတင်းရတယ်။ သူက အဆောင်မှာ ကိုစိန်လှအောင်နဲ့ ပြဿနာဖြစ်ပြီး တိုက်ပြန်ရောက်လာတာ။
အဆောင်မှာ သူတို့ အငြိမ့်ကကြတယ်။ မောင်ကမ္ဘာတို့က လူပျက်လုပ်တယ်။ မင်းသမီးလုပ်တဲ့ လူက ဆပ်စလူးထပြတော့ "တယ်.... ဒီမင်းသမီးနှယ် တော်တော်ထ.. သခင်စိုးကြီးဆီ ပို့ပစ်မယ်" လို့၊ ပျက်လုံးထုတ်တယ်။ သူတို့ပျက်လုံးက ပွဲကတဲ့အထဲ မပါပဲ သူ့ဖာသာ အေးအေးနေတဲ့ အလံနီပါတီက ကိုစိန်လှအောင်ကို ခလုပ်သွားတိုက်သလို ဖြစ်သွားတယ်။ ဒီလိုနဲ့ စကားများ ရန်ဖြစ်ကြတယ်တဲ့။ ကျနော် အဆောင်ရောက်တော့ ကိုစိန်လှအောင်နဲ့ တခန်းထဲ။ ခုတင် ခြေရင်းချင်းဆိုင်၊ သူက အတွင်းဘာယာတန်းဘက် ခေါင်းပြုအိပ်တယ်၊ ကျနော်က အပြင်ဘာယာတန်းကို ခေါင်းပြု တယ်။ ရေချိုးဆင်းတဲ့အခါ သူများတွေ ဘောလုံးကန်ကြရင် သူနဲ့ကျနော်က အဆောင်ဟိုဘက် ထိပ် ဒီဘက်ထိပ် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ဖြစ်တယ်။
သူပြောနေကျ လက်သုံးစကားရှိတယ်။ ဒီတခါ ထောင်ကျတာ "လစ်အဖြီးဆုံးပဲကွာ" တဲ့၊ မှိုင်းရာပြည့်မှာ သူထောင်ကျတာ တတိယအကြိမ်။ ပထမ နှစ်ခါ ထောင်ကျတုန်းက အလံနီကွန်မြူနစ်ပါတီမှုနဲ့ကျတာ၊ စီကလပ်တွေ ဘာတွေနဲ့ သာယာဝတီထောင်မှာ ကောင်းကောင်း နေခဲ့ရတယ်။ ခု မှိုင်းရာပြည့်နဲ့ ထောင်ကျမှ ကိုယ်ပါတဲ့ ချီးအိုး ကိုယ်ဖာသာ ထမ်းနေရတာတဲ့။ သူက မှိုင်းရာပြည့် စီတန်းလှည့်လည်တော့ သူများနည်းတူ စီတန်းလှည့် လည်တဲ့အထဲ ပါမိတယ်၊ ဓါတ်ပုံထဲပါနေတော့ ဖော်တဲ့လူက အမည်မသိ၊ အရက်မူးရင် အဆောင်မှူးကို အော်ဆဲသူလို့ တံဆိပ်ကပ်ပေးတယ်။ ဒါနဲ့ မဆလ အလိုတော်ရိ အဆောင်မှူးက နံမည်ဖော်ပေးလိုက်လို့ ထောင်ထဲရောက်လာတာ။
အလံနီကနေ တိုက်ပွဲမိ၊ ထောင်ကျ၊ ပြန်လွတ်တော့ ၁၀တန်း ဖြေလို့အောင်တာနဲ့ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ ဒဿနိကဗေဒ အဓိကနဲ့ ရွှေဘိုဆောင်မှာနေပြီး ကျောင်းတက်နေတာ နောက်ဆုံးနှစ် ရောက်နေပြီ။
သူတို့ တောခိုတော့ ရှစ်တန်း၊ ကိုးတန်း ကျောင်းသားဘ၀။ သခင်စိုးကြီးက တွံတေး တောကြီးတန်း အထူးခရိုင်မှာ ၊ သူတို့တွေက သခင်စိုးကြီးရဲ့ လက်စွဲတော် တပ်နီလူငယ်အဖြစ် နေရတာ။
ကျနော်တို့ ထောင်ကလွတ်တော့ သူရန်ကုန်ရောက်တိုင်း ကျနော့်ဆီ ရောက်လာသလို၊ ကွမ်းခြံကုန်းကိုလဲ မကြာခဏ အလည်သွားဖြစ်တယ်။ ထောင်ကထွက်ပြီး "လင်္ကာဒီပ" လို့ နာမည်ပေးပြီး သူ့အိမ်မှာ လက်ဘက်ရည်ဆိုင် ဖွင့်တယ်။ လက်ဘက်ရည် အတွက် ရန်ကုန် လာရတိုင်း ကျနော့်ဆီ သူဝင်လာတယ်။ နောက်တော့ ကွမ်းခြံကုန်းနဲ့ မနီးမဝေး ရွာတရွာမှာ ကျောင်းဆရာလုပ်တယ်။ တကျောင်းတည်း လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာမလေးနဲ့ အိမ်ထောင် ကျတယ်။
ကျနော် သွားလည်တော့ ထောင်ထဲမှာ သူပြောထားတာကို သတိရပြီး ကျနော်က ပူဆာတယ်။
သူပြောတယ်၊ သူတို့ဆီမှာ ငါးသလောက်ပေါတယ်၊ ငါးသလောက်ကို ရွှံ့နဲ့မံပြီး မီးဖုတ်၊ ရွှံ့ခြောက်သွားလို့ ခွါလိုက်ရင် ငါးသလောက်က အကြေးခွံတွေ ရွှံ့နဲ့ရောပါသွားလို့၊ ကျန်ရစ်တဲ့ ငါးအသားဖြူနုနုဟာ အလွန်စားကောင်းတယ်ပေါ့။ သူ့ဆီရောက်တော့ စိန်ကီး (သူ့ကို လူတွေခေါ်ကြတဲ့ စိန်ကြီးကို ရရစ်ဖြုတ်ပြီး ကျနော်က စိန်ကီးပဲခေါ်တယ်) "ဘယ်မှာလဲ၊ ငါးမီးဖုတ် ကျွေးမယ်ဆို။"
ကျနော့ကို ဈေးထဲ ခေါ်သွားတယ်။ ဈေးကွဲချိန်ရောက်နေပြီ။ သူ့အသိ ငါးသည်တွေက ကိုစိန်လှအောင် ဈေးထဲလာလို့ ၀ိုင်းနှုတ်ဆက်ကြတာ၊ တွေ့တဲ့လူတိုင်းကို၊ "ငါ့သူငယ်ချင်း ရန်ကုန်သားကို ငဖုတ် ကျွေးချင်လို့၊ ငါ့သူငယ်ချင်း ရန်ကုန်သားကို ငဖုတ်ကျွေးချင်လို့ " ၊ တဈေးလုံး လျှောက်ပြောလာတာ၊ နောက်ဆုံး ငါးလဲမရဘူး။ ညနေကျတော့ ရွာထဲမှာ လူတယောက် ငါးလင်ပန်းအကြီးကြီး တကောင်ကို ထမ်းလာတာ၊ ခေါ်ဝယ်ပြီး၊ ငါးလင်ပန်း ဟင်းချက်ကျွေးတယ်။ ငါးလင်ပန်းကြီးကလဲ ကြီးလိုက်တာ ထမ်းတောင်လာရတယ်။
တနေ့တော့ ထောင်ထဲမှာ သူနဲ့ ကျနော်လမ်းလျှောက်ရင်း သူကို အကဲခတ်လိုက်တော့ အကြောင်းအရာတခုကို လေးလေးနက်နက် စဉ်းစားနေပုံရတယ်။ စကားလဲ တခွန်းမှ မပြောဘူး။ ကျနော်က မနေနိုင်လို့ မေးကြည့်တော့ ကွမ်းခြံကုန်းဟာ ပင်လယ်နဲ့ နီးတယ်၊ လက်ခုတ်ကုန်းနဲ့ နီးတယ်။ ထောင်ကထွက်ရင် "ရေငုတ်သင်္ဘောတခု ဆောက်ရင်ကောင်း မလား" လို့တဲ့။ ဟာသပဲ။ ရေငုတ်သင်္ဘော ဆောက်တာထက် အခုဒီထဲမှာ အရက်ချက်သောက် တာက ပိုပြီးဖြစ်နိုင်ဦးမယ်လို့ ပြောလိုက်မိတာ၊ ကျနော်တို့ ၃ဆောင် ၆ ခန်းမှာ စိမ်ရည်စိမ်ပြီး၊ ရှေ့နေဦးရဲထွန်းဆီက ကိုထွန်းအောင်ကျော်(ABSDF ဥက္ကဌဟောင်း) (ယခု အမေရိက) ငှားပေး တဲ့ မောင်းထောင်ချိုင့်နဲ့ အရက်တခါ ချက်ဖြစ်သွားတယ်။
သူနဲ့ ကျနော် လမ်းလျှောက်နေရာက ရပ်လိုက်ပြီး တုတ်တချောင်းနဲ့ မြေကြီးမှာ ရေးခြစ်ပြီး၊ ကျနော့်ရဲ့ ကျောင်းမှာသင်တဲ့ ဓါတ်ခွဲခန်းနည်းကိုရေးပြတယ်။ သူ့က တောအရက်ချက်တဲ့ ခေါင်းမြီးခြုံ နည်းနဲ့ ရောမွှေ ပုံဆွဲပြီး စီမံကိန်း ဆွဲလိုက်ကြတယ်။
ကျနော်တို့ ၃ဆောင် ၆ ခန်းမှာ သူရယ်၊ မောင်ဝင်း (ရွှေတိဂုံအရေးအခင်း)ရယ်၊ ရဲကျော်စွာ (ဥသြ) (ယခု- ကျူရှင်ဆရာ၊ ရှေ့နေ) ရယ်က ထမင်းစားတအုပ်စု။ ရဲကျော်စွာ တိုက်ထဲရောက်သွားတော့ မောင်ဝင်းနဲ့ သူနဲ့ နှစ်ယောက်ပဲ။ မောင်ဝင်းက သူ့ကို ချက်ပြုတ် ကျွေးတယ်။
သူ့နာမည် ဦးမတ်ကြီး တွင်သွားပုံက၊ ကိုထွန်းအောင်ကျော်တို့ အမှုတွဲ၊ သန်းထွန်းအောင် (ကိုပွင့်) ဆိုတာက၊ တနေ့မှာ သော်တာဆွေရဲ့ ၀တ္ထုတပုဒ်ကို ပြောပြတယ်။ ၀တ္ထုမှာ ဦးမှတ်ကြီးဆိုတဲ့ လူကြီးဟာ ဆွေမရှိ မျိုးမရှိ အရက်စွဲပြီးသေတော့၊ အရပ်က ကုလားတယောက်ခေါ်၊ အရက်တလုံးပေးပြီး၊ အသုဘ ချခိုင်းတယ်။ ကုလားက ဖျာလိပ်ထဲ ထည့်လာတဲ့ အလောင်းကို သင်္ချိုင်းရောက်တော့ မောတာနဲ့ ခဏချပြီး ခါးကြားမှထိုးလာတဲ့ အရက်ပုလင်းကို မော့တယ်။ မော့ရင်းကလဲ ဖျာလိပ်ကို တချက်ကန်လိုက်ပြီး " ဦးမတ်ကြီး ကာလူးစားမယ်..ထ..ထ" ဆိုပြီး၊ အလောင်းကြီးကို နှိုးလိုက်တယ်တဲ့။ ဒါနဲ့ အားလုံးက စိန်ကီးကို ဦးမတ်ကြီးလို့ ၀ိုင်း စ, ကြရာက တွင်သွားတာပဲ။
စိန်ကီးဟာ အေးအေးဆေးဆေးနေတယ်။ အားလုံးကလဲ သူ့ကို ချစ်ခင်လေးစားကြ တယ်။ သူ့ခမျာ အလံနီဖြစ်ခဲ့ဖူးတာနဲ့၊ ကျနော်တို့ထဲက သိန်းသန်းဦးတို့လို တယောက် နှစ်ယောက်က အသလွတ် တိုက်ခိုက်တာက လွဲရင်၊ တခြား ဘယ်သူနဲ့မှ (၀ဲရော ယာရော) ပြဿနာ မရှိခဲ့ဘူး။
ကျနော်မပို့လိုက်ရ သူတို့ အသုဘ(၁) ဟာ ကွမ်းခြံကုန်းသား၊ ကဗျာဆရာ မောင်မောင် သာမြတ် ဖြစ်သလို၊ အခု အမှတ် (၃)ဟာ ကွမ်းခြံကုန်းသား ကိုစိန်လှအောင် ဖြစ်နေတယ်။ ဦးမတ်ကြီးကတော့ ထပြီး ကာလူးမစားနိုင်ရှာတော့ပါဘူး။

မောင်အေးဝင်း။
မေလ၊ ၁၆၊ ၂၀၀၈။

Monday, May 12, 2008

ရန်ကုန်သားတယောက်ရဲ့ကိုယ်တွေ့ နာဂစ်
ကိုမောင်လှထံမှ ကူးယူဖော်ပြသည်။

အောက်ဖော်ပြပါ အကြောင်းအရာများကို NativeMyanmar တွင် ကိုမင်းအို ရေးသားခဲ့ခြင်း ဖြစ်ပြီး ကိုမင်းအိုထံ ဖုန်းဖြင့် ခွင့်တောင်းကာ ပြန်လည် ဝေမျှခြင်း ဖြစ်ပါသည်.... ယခုလို ကျတော့် ဘလော့မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကိုမင်းအိုကို ကျေးဇူးအထူး တင်ရှိကြောင်းပါ...

မသက်သက်ထွန်းက မာယာကို တဆင့် မျှဝေလို့ မာယာက ကိုမောင်လှဘလော့ က တဆင့် ပြန်ကူးပါတယ်။ ကိုမင်းအို၊ ကိုမောင်လှ၊ မသက်သက်ထွန်းတို့ကို ကျေးဇူးအထူးတင်ပါတယ်။

သောကြာနေ့
မုန်တိုင်းက လမ်းကြောင်းပြောင်းသွားပြီ...။ ဧရာဝတီတိုင်းကနေ ရန်ကုန်တိုင်းထဲကို ဖြတ်မတဲ့...။ အိမ်ကို ဖုန်းဆက်တယ်...။ ရိက္ခာနှစ်ရက်စာလောက် ၀ယ်ထားကွယ်ပေါ့...။ လေသံပျော့လေးနဲ့...။ စိတ်ထဲ သိပ်တော့မပူ...။ အင်တာနက်ကတော့ ပြင်းထန်သော မုန်တိုင်းကြီးဆိုလို့ သတိပေးစာလေးဘာလေးတော့ ရေးဖြစ်တယ်...။ လေတွေတိုက်မယ်ပေါ့...။ မိုးတွေရွာမယ်ပေါ့...။

သောကြာည
ညနေကတည်းက မိုးကခပ်ဖွဲဖွဲစရွာတယ်...။ ညမိုးချုပ်တော့ မိုးသိပ်မရွာ...။ ဒီမုန်တိုင်းက ဘယ်လိုလဲပေါ့...။ အိမ်မှာတော့ ဟိုအကြောင်း ဒီအကြောင်းပြောကြရင်း စကားဝိုင်းဖွဲ့နေလိုက်ကြတယ်...။ လေက အသံနည်းနည်းပါလာတယ်...။ လေချွန်သလိုလိုေ>မတွန်သလိုလို အသံတွေ ကြားလာရတယ်...။ ပြတင်းကကြည့်တော့ သစ်ပင်တွေ ယိမ်းနွဲ့လို့...။

ည ၁၂နာရီကျော်တော့ လေသံက သိသိသာသာ ပြင်းလာတယ်...။ အုန်းပင်တွေက အုန်းလက်တွေက လေတိုက်လို့ လန်ထွက်သွားတဲ့ ထီးကိုင်းတွေလို ဖြစ်နေတယ်...။ မိုးက ရေမပါလှဘူး...။ လေကပဲ ပိုပိုတိုက်လာတယ်...။

စနေနေ့ကို ကူးသွားပြီ...။
အနောက်ကနေ အရှေ့ကို တိုက်တယ်...။ ဆက်တိုက် တိုက်တယ်...။ ဘယ်လိုပြောရမလဲ ဖားဖိုနဲ့ မှုတ်နေသလိုပဲ...။ လေလုံးက တစ်လုံးပြီး တစ်လုံး အလုံးလိုက် ဆက်လာတယ်...။

မနက် ၃နာရီကျော်ပြီ...။ သစ်ပင်တွေ လမ်းမှာ လဲစပြုပြီ...။ ဓါတ်တိုင်တွေ လဲကုန်တာ မြင်နေရပြီ...။ အပေါ် ခြောက်လွှာက ဂျေအယ် (သခင်ကြီး)ရဲ့ အခန်းကို တက်ကြည့်ဖြစ်တယ်...။ သူ့အခန်းက ပြတင်းတစ်ချပ် ပွင့်ထွက်သွားပြီ...။ အိမ်မကြီးတံခါးနှစ်ချပ်လည်း လေက တိုးဖွင့်သွားလို့ သော့ခတ်ထားပေမယ့် အိမ်က ပွင့်လို့...။ အပေါ်က ကြည့်ရတော့ လေက ကြောက်စရာ ပိုကောင်းတာ မြင်နေရတယ်...။

မနက် ၅နာရီ...။ ဘေးကပ်လျက်အိမ်က အမိုးတစ်ခုလုံး လေထဲပါသွားတယ်...။ ရန်ကင်းဈေးက အမိုးကြီး ပွင့်ထွက်သွားပြီ...။ ဘယ်ကမှန်းမသိတဲ့ သွပ်ပြားတွေက လေထဲမှာ ပျံဝဲလို့...။

လူတချို့ကို လေထဲမှာ သွားနေတာမြင်ရတယ်...။ တစ်ခုခု စိတ်ပူစရာ ရှိတဲ့လူတွေ ဖြစ်မှာပေါ့...။ တချို့ကျတော့လည်း အဲဒီလိုမဟုတ်ဘူး...။ လွင့်လာတဲ့ သွပ်ပြားတွေကို လိုက်ကောက်နေတယ်...။ ကိုယ့်အိမ်ကလည်း မဟုတ်ဘူး...။ စားဝတ်နေရေးအတွက် ဒီလောက်တောင် သက်စွန့်ဆံဖြားလုပ်ဖို့လိုအပ်ပါသလားလို့ ကျွန်တော် မေးခွန်းထုတ်နေမိတယ်...။

မနက် ၆နာရီကျော်...။ အိမ်က သိမ့်ခနဲ သိမ့်ခနဲ လေကြောင့် လှုပ်သွားတာကို ခံစားနေရတယ်...။ ခြောက်ထပ်တိုက်ကြီးက အဲဒီလိုဖြစ်တော့ အိမ်ကလူတွေ သွေးပျက်ကုန်ကြပြီ...။ တစ်အိမ်လုံး တစ်ညလုံးလည်း မအိပ်ဘဲ ငုတ်တုပ်ထိုင်နေကြရတာလေ...။

မနက် ၈နာရီကျော်...။ မိုးရွာလာတယ်...။ လေက ပိုပြင်းလာတယ်...။ မြောက်ကနေ တောင်ကို လေလမ်းကြောင်းက ပြောင်းပြောင်းပြီး တိုက်တယ်...။ အနားက သစ်ပင်တွေ တစ်ပင်မှ မရှိတော့...။
မနက် ၉နာရီခွဲ...။ ကျွန်တော် အိမ်ထဲမှာ မနေနိုင်တော့...။ လေနဲ့ မိုးက ကျနေတုန်း...။ ရန်ကင်းက တိုက်ခန်းကို သွားကြည့်ဖြစ်တယ်...။ အရေးထဲ အိမ်မှာ မိုးကာမရှိဘူး...။ ဓါးမ မရှိဘူး...။ သံခမောက်တစ်လုံးဆောင်းပြီး မိုးထဲမှာ ထီးတစ်ချောင်းကို မဖွင့်ဘဲ လက်ကကိုင်လို့...။ ရှမ်းတိုက်ပုံဝတ်လို့ လူတစ်ယောက် လေထဲမိုးထဲ လမ်းလျှောက်နေတာများ တွေ့ခဲ့ရင် အဲဒါ ကျွန်တော်ပေါ့...။

အခန်းရောက်တော့၊ လေးလွှာကို တက်လိုက်တယ်...။ အပေါ်ဆုံးထပ်ဖြစ်လို့ အမိုးတွေ မရှိတော့...။ မျက်နှာကျက်တွေက ပြိုကျ...။ ရေတွေက နံရံတွေနဲ့ မျက်နှာကျက်တွေက ကြမ်းပေါ်စီးကျလို့...။ ဘာတတ်နိုင်မှာလဲ...။ ဘာလုပ်နိုင်တော့မှာလဲ...။ ကြည့်ရုံအပြင် ဘာမှ မတတ်နိုင်တော့...။ စာအုပ်စင်ကြီးကိုတော့ သံယောဇဉ်မကုန်သေးလို့ တစ်ချက်လှမ်းကြည့်လိုက်တယ်...။ ပြီးတော့ ကျွန်တော် အခန်းကနေ ပြန်ဆင်းလာခဲ့တယ်...။
နေ့လည် ၁၂နာရီလောက်မှာ မုန်တိုင်းက ရပ်သွားတယ်...။
မမေ့နိုင်သော စနေနေ့ပေါ့...။


စနေညနေ...
လမ်းပေါ်မှာ သစ်ပင်တွေ၊ ဓါတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ၊ လူတွေ...။ သစ်ပင်တွေ အမြစ်ကနေကို ကျွတ်ထွက်လို့... ဓါတ်တိုင်တွေက သုံးပိုင်းစီကျိုးကြေလို့၊ ဆိုင်းဘုတ်တွေက တွန့်လိမ်ကောက်ကွေး၊ ဘီးလ်ဘုတ်ကြီးတွေက ထက်ပိုင်းကျိုးတာကကျိုး၊ တုံးလုံးလဲတာကလဲလို့...။ လူတွေကတော့ လက်ထဲမှာ ရသမျှ ရိက္ခာလိုက်ဝယ်လို့... ကျွတ်ကျွတ်အိတ်ကိုယ်စီနဲ့...။ ငိုနေတဲ့လူမရှိ...။ ညည်းတွားနေတဲ့လူမရှိ...။ ကြောက်ရွံ့နေတဲ့လူမရှိ...။ ဗမာတွေ...။ သိပ်မာတဲ့ ဗမာတွေ...။ ထုသားပေသားကျနေတဲ့ ဗမာတွေ...။
ဘယ်သူကမှ ဘယ်သူ့ကို မသနားနိုင်...။ ဘယ်သူကမှ ဘယ်သူ့အတွက် သူရဲကောင်းမလုပ်နိုင်...။ အားလုံး ဒုက္ခသည်...။ အနည်းနဲ့အများပဲ ကွာတယ်...။ လူတိုင်း ဆုံးရှုံးကြတယ်...။ လူတိုင်း ထိခိုက်ကြတယ်...။
အိမ်နီးဝန်းကျင်ကို ကျွန်တော်လိုက်ကြည့်မိတယ်...။ ရန်ကင်းချမ်းမြေ့အောင်နားက မီးပွိုင့်ကြီးက လမ်းကို ကန့်လန့်ဖြတ်လို့...။ ဘေးက မဟာဓါတ်အားလိုင်းတိုင်ကြီးနဲ့ ကြိုးတုတ်တုတ်ကြီးတွေကလည်း လမ်းကို တားလို့...။ ဖြတ်သွားဖြတ်လာတွေက အဲဒီကြိုးကြီးတွေကို တစ်ကြိုးကျော် တစ်ကြိုးအောက်က ခေါင်းငုံ့လို့ သွားရတယ်...။ သစ်ပင်ကြီးတွေက လမ်းကို ပိတ်ထားပြန်တယ်...။ ရေက ပေါင်လောက်တက်နေတယ်...။
ရန်ကင်းစင်တာက ဆိုင်းဘုတ်တစ်ခြမ်းမရှိတော့...။ မှန်တွေလည်း ကွဲလို့...။ ဘေးက စက်မှု ၁ လမ်းဘက်ကို ကွေ့တဲ့နေရာမှာ ဓါတ်တိုင်ကြီးနဲ့ သစ်ပင်ကြီးတစ်ပင်က ကန့်လန့်ဖြတ်ပိတ်လို့...။ ပြည်ထဲရေးဝန်ကြီးရုံးရှေ့က အပင်ကြီးကလည်း လမ်းတစ်ခုလုံးကို ပိတ်ထားတယ်...။

တာမွေ အ၀ိုင်းထိပ်ဘက်ကို သွားကြည့်တော့ ရွှေညောင်ပင်ကြီးက အမြစ်ကနေကျွတ်ထွက်သွားတယ်...။ အနားက ဘီးလ်ဘုတ်ကြီးကလည်း လမ်းကို ပိတ်ထားတယ်...။ အ၀ိုင်းထိပ်ကနေ သင်္ဃန်းကျွန်းလမ်းဘက်ကို သွားတဲ့ဘက်ပိတ်သွားရော...။

ကျောက်မြောင်းကတော့ တိုက်ခန်းများလို့ထင်ပါရဲ့... အပင်တွေ နည်းနည်းသက်သာတယ်...။ ဖြစ်တယ် ထိတယ်ဆိုပေမယ့် ရန်ကင်းနဲ့ ဆရာစံရပ်ကွက်တွေလောက် မထိဘူး...။ အမိုးပွင့်သွားတဲ့ တိုက်ခန်းတွေတော့ ရှိသပေါ့...။

တောင်ဥက္ကလာဘက်ကို ဆက်ထွက်ခဲ့တယ်...။ ဂိုဒေါင်လည်း သွားကြည့်ရင်းပေါ့...။ လမ်းမှာ လူတိုင်းက ဓါးတစ်လက်စီနဲ့...။ တချို့ကလည်း ပေါက်ဆိန်တွေနဲ့...။ လဲသမျှ သစ်ပင်ကို ခုတ်ထွင်နေကြတယ်...။ ဘုန်းကြီးကျောင်းရှိတဲ့နေရာတွေက ဘုန်းကြီးတွေက ဓါးကိုယ်စီနဲ့ သစ်ပင်တွေကို ထွက်ခုတ်နေကြတယ်...။ သူတို့ပဲပေါ့...။ မနှစ်ကလည်း လူတွေ စားဝတ်နေရေး ပူလွန်းလှလို့ လမ်းပေါ်လျှောက်ခဲ့ကြသေးတာ...။ အခုတော့ ဓါးကိုယ်စီနဲ့...။

သစ်ပင်ပိနေတဲ့ အိမ်တွေကို အရပ်က လူအားနဲ့ ၀ိုင်းရှင်းနေကြတယ်...။ တချို့အိမ်တွေက လက်ဘက်ရည်ဖိုးလိုက်ပေးတာကို အတင်းငြင်းပြီး ထွက်ပြေးသွားတဲ့ ချာတိတ်တွေကို တွေ့ရတယ်...။ လက်မောင်းမှာ ဆေးမှင်နဲ့...။ နားမှာ နားကပ်အမည်းလေးတွေနဲ့...။ လက်ထဲမှာတော့ လွှတွေ၊ ဓါးမတွေနဲ့...။ သူတို့ပဲပေါ့ မနှစ်က ဘုန်းကြီးတွေလမ်းပေါ်ရောက်တော့လည်း လက်ချင်းချိတ်ပြီး ခပ်ရဲရဲ လိုက်ခဲ့ကြတာ...။
လူတွေအတွက် အခက်အခဲဖြစ်နေတာက ဓါတ်တိုင်တွေနဲ့ ဖုန်းတိုင်တွေ...။ ကြိုးတွေကိုလည်း မဖြတ်ရဲကြ...။ တိုင်တွေကိုလည်း ဘေးဖယ်လို့မရနဲ့...။ လမ်းတွေကို အများဆုံးပိတ်နေတာက အဲဒါတွေပဲ...။ သက်ဆိုင်ရာကလည်း တစ်ယောက်ဆို တစ်ယောက်မှ လမ်းပေါ်မှာ မတွေ့ရပါ...။ ကိုယ့်အရပ်ကိုယ် တာဝန်ယူထားကြရတာလေ...။

ဒုတိယကမ္ဘာစစ်ကားတွေမှာ ဂျာမန်တွေနဲ့ မဟာမိတ်တွေ ဥရောပမြို့ပျက်ကြီးတွေထဲမှာ စစ်တိုက်နေတဲ့ အခန်းတွေ ရုပ်ရှင်မှာ ကြည့်ဖူးမှာပေါ့...။ အဲဒီအတိုင်းပဲ...။ ရန်ကုန်မြို့ကြီးတစ်ခုလုံးဟာ စစ်ဘေးစစ်ဒဏ်တစ်ခုကို အကြီးအကျယ်သင့်ခံပြီးခါစလိုပဲ...။ မြို့ပျက်ကြီး...။ တကယ်ကို မြို့ပျက်ကြီး...။

အိမ်ပျက်သွားတဲ့လူတွေကလည်း ရရာ အထုပ်ကိုယ်စီဆွဲလို့ လမ်းပေါ်မှာ လမ်းလျှောက်နေတယ်...။ မုန်တိုင်းမတိုင်ခင်နေ့က ညဆိုင်းဆင်းရတဲ့ အလုပ်သမတွေကလည်း အလုပ်ခွင်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကနေ ကိုယ့်အိမ်ကို လမ်းလျှောက်ပြန်လာနေကြတယ်...။ လက်ထဲမှာ ချိုင့်ကိုယ်စီနဲ့...။ မျက်နှာတွေက အပျက်အစီးပုံကြီးတွေကြည့်ပြီး ကိုယ့်အိမ်ဘာများဖြစ်မလဲလို့ ပူပန်နေတဲ့ ပုံတွေနဲ့...။
စက်ဘီးတွေနဲ့ သွားနေတဲ့လူတွေကလည်း များမှများ...။ အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်တွေရှေ့မှာ သွပ်တွေ သံတွေ လာဝယ်သူတွေက ကျိတ်ကျိတ်တိုးလို့...။ တန်းစီလို့...။ မိုးကာဖျင်ရောင်းတဲ့ဆိုင်တွေလည်း လက်မလည်ကြဘူး...။ အမိုးပွင့်သွားတဲ့အိမ်တွေက ယာယီမိုးဖို့ လိုသကိုး...။

တိုင်းမှူးလို့ယူဆရတဲ့တစ်ယောက်ကတော့ လန်ခရူဇာအဖြူတစ်စီးကို အဲကွန်းဖွင့်ပြီး၊ လုံခြုံရေးကားတစ်စီးခြံရံလို့ အပျက်အစီးတွေကြားက ကားဝင်တိုးလို့ရသလောက် လိုက်ကြည့်နေတာ တွေ့ရတယ်...။

မီးမရှိတော့...။ ရေမလာတော့...။ ဈေးတွေမရှိတော့...။ စတိုးဆိုင်တွေနဲ့ ကုန်ခြောက်ဆိုင်တွေကမဖွင့်တော့...။
ဘယ်မှာလဲ... စွမ်းအားရှင်တွေ...။ ဘယ်မှာလဲ ကြံ့ခိုင်ရေးတွေ...။ ဘယ်မှာလည်း အမျိုးသမီးရေးရာတွေ...။ ဘယ်မှာလဲ ပြည်သူ့ရဲတွေ...။ ဘယ်မှာလဲ တပ်မတော်သားတွေ...။

သြော်... သူတို့တွေလည်း လောကီသားပေမို့ တို့လိုပဲ မိုးထဲ လေထဲမှာ အိုးမဲ့အိမ်မဲ့ဖြစ်တဲ့လူကဖြစ်၊ ဘ၀ပျက်တဲ့လူတွေကပျက်၊ သေတဲ့လူတွေကသေ၊ ငတ်တဲ့လူတွေကငတ်လို့...။

အိမ်ကြက်ချင်းကိုအိုးမည်းသုတ်ခဲ့တာ...။ အခုတော့ ကြက်ခြံထဲက ကြက်တွေဟာ ဒီကြက်ခြံကြီး ဒုက္ခရောက်တော့ အတူတူရောက်ကုန်ကြရပြီ...။

တို့ကိုရိုက်ခဲ့တဲ့လူတွေ၊ တို့ကိုပစ်ခဲ့တဲ့လူတွေ၊ တို့ကိုသတ်ခဲ့တဲ့လူတွေ... ဒါပေမယ့် သူတို့နဲ့ တို့နဲ့ အတူတူပဲ...။ သူတို့နဲ့ တို့နဲ့အတူတူပဲဆိုတာကို သူတို့တွေ တွေးမိကြရဲ့လား...။ တွေးမိကြပြီလား...။
အယုတ်အလတ်အမြတ်မရွေး နာဂစ်က အားလုံးကို ထိပါးခဲ့ပြီ...။ အရေးကြီးတော့ သွေးစည်းရတော့မယ်...။ ဒီအခက်အခဲကြီး... ဒီအပျက်အစီးပုံကြီးတွေကို တို့တွေ အကုန်လုံး အတူတူ ရင်ဆိုင် ဖြတ်သန်းရတော့မယ်...။
အတွေးတွေအများကြီးနဲ့ မိုးချုပ်သွားခဲ့တယ်...။ မှောင်မည်းနေတဲ့ လမ်းတွေပေါ်မှာ လူတွေ မနားတမ်းလျှောက်နေကြတုန်းပဲ...။

ချစ်သူကို ပြောမိတယ်...။ ကိုယ်နိုင်ငံရေးလုပ်တာ... ကိုယ်အခြေခံဥပဒေကို မထောက်ခံတာဟာ ဒါတွေကြောင့်ပေါ့လို့...။ တကယ် ဒုက္ခဖြစ်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်တို့တွေ ရှောင်နေလို့ရတာမဟုတ်ဘူး...။ ဒုက္ခကို အားလုံး အတူတူခံစားကြရမှာ...။ ကိုယ်တွေက လုပ်မနေပါနဲ့ ကိုယ့်ထမင်းကိုယ်ရှာစားရတာဆိုပြီး ကိုယ်လွတ်ရုန်းလည်း တချို့ ကိစ္စတွေဟာ ရုန်းမလွတ်နိုင်ဘူး...။ နိုင်ငံရှိတဲ့လူတိုင်းမှာ ကိုယ့်နိုင်ငံကောင်းဖို့ လုပ်ပေးရန် တာဝန်ရှိတယ်...။ ဒါမှသာ ကိုယ်တွေလည်း အေးချမ်းစွာ နေထိုင်စားသောက်နိုင်မယ်...။
စနေညနေက...။


ကျွန်တော် ငိုနေခဲ့တယ်...။ ကျွန်တော့် မျက်လုံးက မျက်ရည်တွေ စီးကျလာတယ်...။ လူမမြင်အောင် တစ်ဖက်လှည်ပြီး သုတ်နေရတယ်...။

ထမင်းစားတာဗျာ... ငရုတ်သီးနဲ့ စားနေရလို့...။

...ကျွန်တော် ထမင်းဆာနေတယ်အစ်ကို... ခင်ဗျားဘယ်မှာနေလို့လဲ... ဒုက္ခသည်စခန်းမှာပါ... ခင်ဗျားတို့စခန်းက ထမင်းမကျွေးဘူးလား... ကျွေးပါတယ်အစ်ကို... ဒါပေမယ့် ကျွန်တော် မစားနိုင်ဘူးဖြစ်နေတယ်... ဟင်းမကောင်းလို့လား... မဟုတ်ဘူးအစ်ကို ကျွန်တော် ရူးနေပြီ၊ ကျွန်တော် ဘာမှ စားမ၀င်တော့ဘူး၊ အဲဒီနေ့က ကျွန်တော်ရယ် ကျွန်တော့်မိန်းမရယ် သမီးသုံးယောက်ရယ် အတူတူရှိနေခဲ့တယ်၊ ၀ုန်းဆိုတဲ့အသံကြီးနဲ့အတူ အိမ်က ပွင့်ထွက်သွားပြီး ရေတွေထဲကို ကျွန်တော်ရောက်သွားတယ်၊ ကျွန်တော် သတိရတော့ ကျွန်တော့် မိန်းမနဲ့ သမီးလေးတွေ မရှိတော့ဘူး၊ ဘယ်မှမှ ရှာမတွေ့တော့ဘူး၊ ကျွန်တော့်သမီးအကြီးလေးဆို ၁၈နှစ်ပြည့်တာ လပိုင်းပဲ ရှိသေးတယ်...

...ကျုပ်ဗျာ ဟောဒီလက်နဲ့ ကျုပ်မိသားစုကို ဆုပ်ထားတာ၊ ရေတွေက တ၀ုန်းဝုန်းနဲ့လာရိုက်နေတယ်... လက်တွေက တဆတ်ဆတ်တုန်နေတယ်... ကျုပ်လက်ကို မလွှတ်ဘူး... ဒီဆုပ်ထားတဲ့လက်ကလေးတွေ လွတ်ထွက်သွားရင် သူတို့ကို တစ်သက်လုံး ပြန်တွေ့ရတော့မှာ မဟုတ်ဘူး... ဒါပေမယ့်ဗျာ ကျုပ်ဆုပ်ထားပါလျက်နဲ့ အဲဒီလက်တွေ ပြုတ်ထွက်သွားတယ်... အခု ဒီစခန်းမှာ ကျုပ်တစ်ယောက်တည်း...
... လေတွေက အနီရောင်ကြီး မြင်နေရတာ၊ ကျွန်မတို့ကြည့်နေတုန်းပဲ မီးပွားတွေ လွင့်လာတယ်... ဘယ်ကမီးတွေ ပါလာတာလဲ... သဲတွေက လေထဲမှာ အချင်းချင်းပွတ်ပြီး မီးပွင့်လာတာပြောတာပဲ၊ သေသေချာချာတော့ မသိဘူး၊ ကျွန်မယောက်ျားဆိုရင် ကျောမှာ မီးလောင်ဒဏ်ရာတွေကိုမနည်းဘူး...
... ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ရေလည်းမလာပါဘူး၊ စားစရာလည်းမလာပါဘူး၊ အဲဒါနဲ့ အခု ကျွန်တော်နဲ့ ဒီကကောင်လေးတွေ အကူအညီရောက်လာတဲ့ ပစ္စည်းတွေ ကူထမ်းပေးနေတယ်၊ ရတဲ့ ရိက္ခာလေးကို ဒီစခန်းမှာ ပြန်မျှကျွေးနေပါတယ်...

... သူတို့စားတဲ့ဆန်ကို ကြည့်ပါဦးဟယ်၊ ၀ါထိန်နေတာပဲ၊ ပုပ်စော်လည်း နံနေသေးတယ်... အဲဒါရေစိုလို့ ပျက်စီးနေတဲ့ ဆန်တွေလေ... ဟယ် ငါတို့လာလှူတဲ့ ဆန်တွေရော... အဲဒါတွေက ဂိုဒေါင်တွေမှာ သိမ်းထားတယ်... မမိုက်ပါဘူးဟယ်၊ သူတို့က ဆန်စိုက်ပြီး သူတို့ပြန်စားတဲ့ဆန်တွေကျတော့ ဒီလောက်တောင် ဆိုးရသလား...

... ကျွန်တော်က စီဒီအမ်အေဖုန်းကျတယ်ဆိုလို့ ပုသိမ်မှာ ဖုန်းသွားထုတ်တာ... အခုတော့ ကျွန်တော့် တစ်အိမ်လုံးမှာ ကျွန်တော် တစ်ယောက်တည်းကျန်တယ်ဗျာ...

...ဘုန်းကြီးပြော ဘာကိစ္စလည်း... ဒီလိုပါ ဥက္ကဋ္ဌကြီးရယ်၊ ဦးဇင်းကျောင်းမှာ ဒုက္ခသည် ၆၀၀ကျော် ရောက်နေပါတယ်၊ ဦးဇင်းတို့လည်း တတ်နိုင်သလောက် ကျွေးထားပါတယ်၊ အခုဟာက ၆ရက်ရှိသွားပြီ၊ အဲဒါ ဦးဇင်းတို့မှာ ကျွေးဖို့မရှိတော့လို့ အကူအညီလာတောင်းတာပါ... အဲဒီကိစ္စကို ဦးဇင်းတို့ ရ.ယ.က ဥက္ကဋ္ဌနဲ့ပြောပြီး၊ သူထောက်ခံရင် တပည့်တော်နဲ့ ၀န်ကြီးလာကြည့်မယ်၊ အပြည့်တော့မရနိုင်ဘူး၊ ရသလောက် လှူမယ်... ဘယ်အချိန်လောက်လာမလဲ ဒကာကြီး... ဒီမှာ ဒီလောက် အလုပ်များနေတာ ဦးဇင်းတွေ့တာပဲ၊ အားတဲ့အချိန်လာမှာပေါ့၊ အလှည့်ကျလာနေတာပဲဟာကို...

...အဲဒီနားတွေက သွားလို့မရဘူးအစ်ကို၊ ဘေးပတ်လည်မှာ အလောင်းတွေ ပုံနေတာပဲ၊ လူတွေလည်း ၀မ်းရောဂါဖြစ်နေကြတယ်၊ ကယ်ဆယ်ရေးကလည်း အဲဒီဒေသတွေကို မရောက်သေးဘူး၊ သူများတွေပြောတာတော့ အဲဒီလူတွေဆီက ရောဂါပိုးတွေ ဒီဘက်မကူးအောင် သေပလေ့စေလို့များ ပစ်ထားတာတဲ့...

... မြင်မကောင်းပါဘူးဗျာ... သစ်ပင်တွေပေါ်မှာ ချိတ်နေတဲ့ အလောင်းတွေဆိုတာ နည်းမှ မနည်းတာ...

... ပင်လယ်ဝမှာတော့ အများကြီးပဲဗျ... အလောင်းတွေရယ်... ဒီလိုပဲ ရေထဲမှာ ပုပ်ပွနေကြတာပဲ... ဆယ်ရက်လောက်ပါပဲ သူ့ဘာသာ အရိုးကျသွားမှာပါ...

... ကျွန်တော်ဗျာ ရေလုံးကြီးနဲ့ပါသွားပြီး လက်ကို သစ်ကိုင်းတစ်ခုလာထိလို့ ဖမ်းဆွဲထားလိုက်တာ... ရေကျသွားတော့ ကျွန်တော်ရောက်နေတာ အုန်းပင်ထိပ်ဖြစ်နေတယ်...

... လေကြောင့်သေတာမဟုတ်ရပါဘူးဗျာ... ဒီရေက ပေ ၂၀လောက်တက်လာလို့ ကျုပ်တို့ရွာ ရွာလုံးကျွတ်သွားတာ...

ခင်ဗျားတို့ရော မျက်ရည်ကျနေသလား...။

ကျွန်တော့်လိုပဲ ထမင်းဖြူကို ငရုတ်သီးစိမ်းနဲ့ စားမိဟန်တူပါရဲ့...။

ဒီငရုတ်သီး သိပ်စပ်တယ်ဗျာ...။ နော်...။

မနေ့က...။

Sunday, May 11, 2008

လွယ်အိတ်တလုံးနှင့်ရွာစဉ်လည် (ချောင်းသာ)
ရေးသူ-မောင်မိုးသူ

'ချောင်းသာ' ဆိုတာ ပေါ်လာတာ ဆယ့်လေးငါးနှစ်ပဲ ရှိသေးတာကလား။ ပထမပိုင်းနှစ် တွေမှာ ကားလမ်းက ဖြစ်တယ်ဆိုရုံ။ ဇက်ကလည်း နှစ်တန်ကူးရတာ ဖြစ်လို့၊ အသွားအလာ သိတ်မများကြဘူးပေါ့။
ခုတော့ဖြင့် ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း) ကလည်းပြီး၊ ကားလမ်းကလည်း အတော်ကောင်းနေပြီဆိုတော့ ရန်ကုန်နဲ့ချောင်းသာကို ဘာကားနဲ့သွားသွား ၆နာရီ ၇ နာရီ လောက်မောင်းရ ဆိုပဲ။ လွယ်မှလွယ်တဲ့။
ဒါကြောင့် မနှစ်က (၂၀၀၁ ခုနှစ်) သင်္ကြန်မှာ ချောင်းသာကို သွားလိုက်ကြတာ။ ချောင်းသာကမ်းခြေမှာ ခြေချစရာတောင် မရှိတော့ဘူးတဲ့။ အဲ- ၂၀၀၂ နှစ် နှစ်ကူး- နယူးရီးယားကိုလည်း ချောင်းသာကမ်းခြေမှာ သွားဆင်နွှဲကြသတဲ့။ ရန်ကုန်မှာ ကိုယ်ပိုင်ကား ကလည်း ပေါတဲ့လူများ အတွက်တော့ ပေါမှပေါကိုး။ ဒီတော့ ၆ နာရီ ၇ နာရီပဲ မောင်းရတဲ့ ချောင်းသာကို သွားပြီး အပျော်ပွဲ နွှဲကြတာပေါ့လေ။
အဲဒီလို နာမည်ရတဲ့ ချောင်းသာကို မောင်မိုးသူ မရောက်ဖူးသေးပါ။




ရခိုင်ကမ်းရိုးတန်းမှာရှိတဲ့ ငပလီ၊ စစ်တွေ မောင်မိုးသူ ရောက်ဖူးပါရဲ့။ ငပလီဆိုရင် အကြိမ်ကြိမ်ပါပဲ။ တခေါက်များဆိုရင် ရုပ်ရှင်နှစ်ကား ဆက်တိုက်ရိုက်ဖို့ သွားတာမို့၊ ရက်ပေါင်း ၅၅ ရက်ကြာအောင် ငပလီမှာ နေလိုက်ရတာ ပင်လယ်ရေထဲလည်း မဆင်းချင်၊ ပင်လယ်လှိုင်းသံလည်း နားမထောင်ချင်တဲ့ အခြေအနေမျိုးထိ ရောက်ခဲ့ဖူးပါတယ်။
မော်လမြိုင်မှာရှိတဲ့ စက်စဲ၊ ကျိုက္ခမီလည်း အကြိမ်ကြိမ် ရောက်ဖူးတာပါပဲ။ စက်စဲရေပြင်က ခပ်နောက်နောက်မို့ သောင်ပြင်တန်းကို သဘောကျပေမယ့် ပင်လယ်ရေဆိုတဲ့ အရသာ မရဘူးလို့ အမြဲ ထင်ခဲ့ဖူးတယ်။
မြစ်ဝကျွန်းပေါ် ပင်လယ်မြို့များဖြစ်တဲ့ လပွတ္တာတို့၊ ဘိုကလေးတို့၊ ကဓုံကနိတို့ ရောက်ဖူးပါရဲ့။ မြစ်လောက်တွေဆိုတော့ ရေက ခပ်နောက်နောက်ရယ်။
ချောင်းသာကိုတော့ မရောက်ဖူးတာ အမှန်။
မောင်မိုးသူကသာ မရောက်ဖူးတာ သားသမီးတွေ၊ မြေးတွေကတော့ သုံးခေါက် သမားက အနည်းဆုံးပဲ၊ တချို့ဆို လေးခေါက်၊ ငါးခေါက် အကြိမ်ကြိမ် ရောက်ဖူးကြတာ။
သည်တကြိမ် 'ကြိုးကြာငှက်' ချောင်းသာထွက်မည့် ခရီးမှာ သမက်လုပ်သူက Tour Leader ခရီးသွားခေါင်းဆောင် လုပ်ရမှာဆိုတော့ သမီးနှင့် မြေးငယ်က လိုက်မှာတဲ့။ မန္တလေးမှာ VEC မှာ ကျောင်းသွားနေတဲ့ မြေးယောက်ျားလေးကလည်း ချောင်းသာကို လေးခေါက် ရောက်ဖူးပြီးပေမယ့် လိုက်မှာပဲတဲ့။ မောင်ဝံသ၊ မမြင့်မြင့်တို့ကလည်း လက်မှတ်တောင် ဖြတ်ထားသတဲ့။ (သူတို့ဇနီးမောင်နှံကလည်း မလိုက်လို့မဖြစ်ပါ) ဒီလောက် အဖော်ကောင်းနေမှာတော့၊ ခရီးသွားဖို့ဆိုရင် နှစ်ခါအခေါ်မခံနိုင်တဲ့ မောင်မိုးသူဟာ လွယ်အိတ်တလုံး ပုခုံးမှာလွယ် တုတ်ကောက်တချောင်း အသာဆောင်ပြီး ချောင်းသာခရီးကို လိုက်ဖြစ်ပါတော့တယ်။
ကြိုးကြာငှက်ခရီးသွား လုပ်ငန်းရဲ့ မော်တော်ကားက ၃၄ လမ်းထိပ် ဗိုလ်ချုပ်လမ်းပေါ်က ၄ နာရီ ထွက်မယ်ဆိုတော့ မောင်မိုးသူတို့ မိသားစုက ၃ နာရီကျော်ကျော်ကပဲ စုရပ်ကို အရောက်သွားရပါတယ်။ သမီးတို့ သမက်တို့က တာဝန်ခံဆိုတော့ သူတို့မှာ ပြင်ဆင်ဖို့ ကြိုဆိုဖို့ နေရာချထားဖို့ ဘာဘာပါပါ ညာညာ တာဝန်ရှိတာပေါ့လေ။ မောင်မိုးသူကတော့ လူပိုပေါ့။
ခရီးသည်များဟာ သူ့ထက်ငါ ၀ရိယကောင်းစွာပဲ ၃ နာရီ မခွဲခင်ကပဲ ရောက်နှင့် ကြပါတယ်။ မော်တော်ကားကြီးက ၃ နာရီ ၄၅မိနစ်မှာရောက်၊ ပစ္စည်းတွေတင် ၄နာရီမှာပဲ ခရီးစတင် ထွက်ခဲ့ပါတယ်။
၎ နာရီဆိုတော့ မှောင်နေတုန်းပေါ့။
ခရီးသွားတယ်ဆိုတာ အကြိမ်ကြိမ် ရောက်ပြီးသွားပြီး ခရီးမှာတော့ မှောင်နေတုန်း အိပ်လိုက်ရတာ အဆင်ပြေပေမယ့် မရောက်ဖူးတဲ့ ခရီးမသွားဖူးတဲ့ ခရီးဆိုရင်တော့ လင်းလင်းချင်းချင်းမှ ကောင်းတာ။ ပတ်ဝန်းကျင်ကို မြင်ရတာ မဟုတ်လား။
ဒါပေမယ့် တော်သေးတာက
မှောင်နေချိန်မှာ ရန်ကုန်ကို ဖြတ်တယ်၊ ဘုရင့်နောင်ကို ဖြတ်တယ်၊ ဒီခရီး ဒီနားတွေကတော့ မကြာခဏ သွားနေကျ။ မဆန်းဘူး။ ဗိုလ်မြတ်ထွန်းတံတားအထိ မောင်မိုးသူ ရန်ကုန်ပြန်ရောက်စက ဘကြီးမောင်တို့ တော်ဝင် ကိုစိုးညွန့်တို့ ကားဖြင့်လိုက် ပို့ကြလို့ ရောက်ခဲ့ပြီးသား။ အဲဒီတုန်းက တံတား မရောက်ခင်မှာ လမ်းက ပြင်တုန်း ဆင်တုန်း။ ဘေးက ဆင်းသွားရတာ။ မကောင်းသေးဘူး။ မှတ်မှတ်ရရ အဲဒီနေ့က ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီ ၄ရက် လွတ်လပ်ရေးနေ့။ ကားထဲက ကက်ဆက်မှာ ဖွင့်နေတဲ့ သီချင်းက စန္ဒယားလှထွတ်ရဲ့ သီချင်း၊ မောင်မိုးသူနဲ့ အတွဲဆုံး သူငယ်ချင်းရဲ့ သီချင်းကို လှထွတ်ရဲ့သီချင်းသံကို နားထောင် ပါတယ်။ သူနဲ့မတွေ့ရတာ ၄ နှစ်ကျော်သွားပြီ။ နက်ဖြန်ကျရင် သွားမယ်ပေါ့။ အော်- ဖြစ်ရပုံများ အဲဒီနက်မြန်မှာပဲ ကိုလှထွတ် ဆုံးပါးရှာပါတယ်။ ကိုလှထွတ် အိမ်ကိုတော့ အဲဒီနက်ဖြန်မှာ ရောက်ပါရဲ့ သူငယ်ချင်းကို သက်ရှိထင်ရှား မတွေ့ရတော့ပဲ ရုပ်အလောင်းကိုပဲ တွေ့ရတော့ တာ။
နှစ်နှစ်ကြာအပြီး ညောင်တုန်းကားလမ်းပေါ် မှောင်နှင့်မဲမဲမှာ ကိုလှထွတ်ကို တမ်းတ လွမ်းရ ဖြစ်နေရတယ်။ အမှန်တော့ ကိုလှထွတ်ကို ပိုပြီး လွမ်းဖြစ်နေတာဖြစ်မှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဇနီးသည် အမာဆုံးတာကလည်း ကိုလှထွတ်နဲ့ရှေ့ဆင့်နောက်ဆင့်ပဲလေ။ ၉၉ ဒီဇင်ဘာ ၃ ရက်နေ့မှာ ဆုံးတယ်။ ကိုလှထွတ်က ၂၀၀၀ ဇန်န၀ါ၇ီ ၅ ရက်နေ့ ဆုံးတယ်။ သူတို့ နှစ်ယောက်ဆုံးတာ တလနဲ့ နှစ်ရက်ပဲ ကွာတယ်။ ခုတော့လည်း သမီးသမက် မြေးနှစ်ယောက်နဲ့ ကားကြီးပေါ်မှာ မောင်မိုးသူ အမှောင်ထုထဲကို တိုးဖြတ်၊ စိတ်ထဲမှာက အမာတို့ ကိုလှထွတ်တို့ကိုလွမ်းလို့။
ဒီတခါ ကားကြီး ကက်ဆက်မှာ ထွက်နေတဲ့ အသံကတော့ ခင်မောင်တိုးရဲ့ "ကြိုးကြာသံ" သီချင်းပါပဲ။
"....ဆုံးဖြတ်ချက်တခုချမယ် အရှုံးနဲ့အောင်မြင်ခြင်းဟာ
ရှိသင့်တဲ့အားနဲ့မာန်...ခံနိုင်မှ...
ရိုးမကို ဖြတ်ကျော်လွှားချိန် ခရီးလမ်းကို ရောက်လာတယ်။ ချဉ်းနင်းဝင်ရောက် လာပြီးရင် အားစိုက်စိုက်မျှော်လိုက်တဲ့ မိုင်ထောင်ချီ ပျံလေပြီ
ကြိုးကြာငှက်တို့ရဲ မိုင်ထောင်ချီ ခရီးစဉ်....."
စာသားတွေကတော့ အတိအကျ ဟုတ်ရဲ့လားမသိဘူး။ အဓိပ္ပါယ်ကတော့ ရှင်းတယ်၊ သားဖောက်ရာအရပ်ကို မိုင်ထောင်ချီပြီး ကြိုးကြာငှက်တို့ ပျံကြသတဲ့။ မျိုးဆက်သစ်တို့ ပေါက်ဖွားဖို့ အတွက်တဲ့။
ရိုးမကို ဖြတ်ကျော်ကြသတဲ့။
ရှိသင့်တဲ့ အားနဲ့မာန်... ခံနိုင်မှ... တဲ့။
အဲဒီသီချင်းရေးသွားရှာတဲ့ အဉ္စလီမောင်မောင်က ကွယ်လွန်သွားပါပြီ။
သူ့သီချင်းတွေက ကျန်ရစ်တာပဲ။
မောင်မိုးသူ မောင်မောင့်ကို စတွေ့တော့ သူတို့ ညီအကို မောင်မောင်နဲ့ အောင်အောင်၊ သူတို့ အမ ယဉ်ယဉ်မြနဲ့ ကြက်တောင်ရိုက်နေတာ ပီဘိ ကလေး။ ဘောင်းဘီတိုကလေးတွေနဲ့။ သူတို့အိမ် မမကြင်( လူထုဒေါ်အမာရဲ့ ညီမ အငယ်ဆုံး) တို့ရဲ့ အိမ်က ၀င်းထဲမှာ၊ အဲဒီဝင်းက ဆေးရိုးဝင်းလို့ ခေါ်တယ်။ ဒေါ်ဒေါ်တို့ရဲ့ ဖခင်နဲ့ မိခင် ဦးထင် ဒေါ်စုရဲ့ ၀င်း၊ အဲဒီဝင်းထဲ မမကြင်တို့အိမ် ကြက်တောင်ကွင်းရဲ့ နဘေးမှာ လူထုသတင်းစာတိုက်ရဲ့ ပုံနှိပ်စက်တွေထားတဲ့ တိုက်အိုတလုံးရှိတယ်။ အဲဒီမှာ ဖိုမင် ကိုမိုးနဲ့ အယ်ဒီတာ အောင်သစ်လွင်တို့ နေကြတာ။ မောင်မိုးသူနဲ့ အမာတို့ လင်မယားရဲ့ စတည်းချတဲ့နေရာ အမြဲဆုံတွေ့နေကျ စကားစမြည် ပြောကြတဲ့နေရာ၊ အဲဒီပုံနှိပ်စက် နဘေးက မမကြင်တို့ ၀င်းထဲမှာက ကြက်တောင်ကွင်း။ အဲဒီ ကြက်တောင်ကွင်းမှာ ကြက်တောင်ရိုက်နေကြတာက မောင်မောင်တို့ မောင်နှမတစု။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့အခါ မောင်မောင့်ကို ပြန်တွေ့ရတော့ အဉ္စလီမောင်မောင်အဖြစ် တေးရေးဆရာ အကျော်အမော် ဖြစ်နေပါပြီ။ သူ့သီချင်းတွေကိုလဲ မောင်မိုးသူကိုယ်တိုင် တမက်တမော နှစ်ခြိုက်နေရတဲ့ ပုဂ္ဂိုလ် ဖြစ်နေပါပြီ။ ပြန်ဆုံကြတော့ အရပ်ရှည်ရှည် ခါးကိုင်းကိုင်း ခပ်ပါးပါး ကိုယ်လုံးကိုယ်ထည်နဲ့။ နူးညံ့သိမ်မွေ့သူတဦးအဖြစ် ဆုံရပါတယ်။ သူ့ရဲ့ ငယ်မျက်နှာလေးကို မြင်ယောင်မိပါတယ်။ သူကတော့ မောင်မိုးသူကို တန်းပြီးမှတ်မိပါတယ်။ "ရုပ်ပြောင်းမသွားဘူး"တဲ့။ ယဉ်ကျေးသမှု ပြောတာနေမှာပါ။ နောက်တခါ ကွဲကွာသွားခဲ့ပြီး နောက်တခါ သတင်းကြားရတော့ မောင်မောင်ဆုံးပါးသွားတဲ့ သတင်းပါပဲ။ မောင်မောင်၊ အောင်အောင် ငယ်ငယ်ရွယ်ရွယ် အချိန်ကောင်းမှာပဲ တေးသီချင်းကောင်းတွေ ရေးနိုင်တုန်း မှာပဲ ဆုံးရရှာတယ်ဆိုပြီး နှမြောမိရတာပေါ့။
ခုတော့ဖြင့် မောင်မောင်ရဲ့ ကြိုးကြာသံ သီချင်းကို နားထောင်ရင်း မောင်မိုးသူ စီးနင်း လိုက်ပါလာတဲ့ မော်တော်ကားကြီးဟာ ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်၊ ပုသိမ်ကိုကျော်၊ ဇက်ကို ကူးပြီး တကယ်ပဲ ရိုးမကို ဖြတ်ကျော်နေပါပြီ။
နေ့ခင်း ၁၂ နာရီမထိုးခင်လေးမှာပဲ တည်းခိုဖို့ စီစဉ်ထားတဲ့ ချောင်းသာဦးကို ရောက်သွားခဲ့ပါတယ်။ ချောင်းသာဦးဟာ ချောင်းသာ ကမ်းခြေရဲ့ ထောင့်ဆုံး ထိပ်ဆုံးက ဟိုတယ် ဖြစ်ပါတယ်။ ကမ်းခြေဟိုတယ် ၁၃ ခုအနက် ထိပ်ဆုံးထောင့်ဆုံးမှာ ရှိတဲ့ ဟိုတယ် ဖြစ်ပါတယ်။ ဒီဟိုတယ်ရဲ့ အားသာချက် အားနည်းချက်ကတော့ တွဲလျက်ပါပဲ။ အရှိန်အာဝါသ ကောင်းတယ်။ အစွန်ဆုံးမှာ ရှိတော့ အေးအေးဆေးဆေး ရှိတယ်။ ဈေးနဲ့အနီ အလယ်ဗဟို မဟုတ်လေတော့ လူသူလေးပါးတော့ ခပ်ဝေးဝေးပါပဲ။
ချောင်းသာဟိုတယ်တွေရဲ့ ဈေးနှုန်းဟာ သုံးလေးထောင်ကနေ တသောင်းတ၀ိုက်အထိ ရှိပါတယ်။ အခန်းရဲ့ ဖွဲ့စည်းတည်ဆောက်မှု၊ လေအေးစက်၊ ရေခဲသေတ္တာ၊ ဂြိုဟ်တုရုပ်မြင် သံကြားပါဝင်မှု စတာတွေအပေါ်မှာ မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိတာ ဖြစ်ပါတယ်။ ဟိုတယ် ၁၃ခု ရှိတဲ့အနက် လေးငါးခြောက်ခုပဲ Restaurant နှင့် Bar ရှိတာ ဖြစ်ပါတယ်။ အဲဒီလို စားသောက်ဆိုင် ပူးတွဲ မရှိပေမယ့် စားရေးသောက်ရေး အခက်အခဲ မရှိလှပါဘူး။ ဟိုတယ်မှာ လာပြီး ထမင်းလာကျွေးတဲ့ ပုဂ္ဂိုလ်တွေဟာ ဧည့်သည်တွေ ၀င်လာတာနှင့် လာပြီး ဆက်သွယ်လေ့ ရှိပါတယ်။ ၂၀၀၂ မတ်လ မောင်မိုးသူ ရောက်သွားချိန်မှာ ထမင်းလာကျွေး သူများက ဟင်းတမယ်နှင့် မြန်မာထမင်းဟင်းကို ၃၅၀ိ/- နှုန်းနှင့် လာပို့ကြောင်း သိရပါတယ်။ ပုစွန်လို ပင်လယ်စာကို ဖွယ်ဖွယ်ရာရာစားချင်ရင် ချက်ပြုတ်ပေးပါတယ်။ ဈေးကတော့ ပိုတာပေါ့။ ပုစွန်အစိမ်း၊ ငါးအစိမ်းများ လာရောင်းပြီး၊ ကြိုက်နှစ်သက်သလို ချက်ပြုတ်ပေးကြ ပါတယ်။ ဈေးကတော့ မသေးလှပါဘူး။ ကြက်ကင်၊ ငါးကင်၊ ပုစွန်ကင်များလည်း လာရောင်းကြပါသည်။ ကမ်းခြေမှာ စက်ဘီးငှားပါတယ်။ ရေကူး လှိုင်းစီးဘို့ ဘောငှားပါတယ်။ နွားလှည်းလည်း အသွားအပြန် တခေါက်တထောင်နှင့် အငှားလိုက်တာ ရှိပါတယ်။ အုန်းသီးစိမ်း တလုံးတထောင်၊ အုန်းရွက်ဦးထုပ် ၅၀ ကျပ် ရောင်းနေတာလည်း တွေ့ရပါတယ်။
ကမ်းခြေဟိုတယ်အပြင် ရွာထဲမှာ တည်းခိုခန်းတွေလည်း ၂၀ လောက်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ရက်တွေမှာ ဟိုတယ်တွေ၊ ရွာထဲက တည်းခိုခန်းတွေ ပြည့်သွားတဲ့အပြင် ဘုန်းကြီးကျောင်းတွေ၊ အရပ်ထဲက အိမ်တွေအထိ ပြည့်သွားပြီး ကမ်းခြေမှာလည်း ခြေချစရာ မရှိလောက်အောင် များခဲ့တယ်လို့ သိရပါတယ်။
အခုပဲ မောင်မိုးသူ ချောင်းသာရောက်နေချိန် ဟိုတယ်အားလုံးပြည့်နေပြီ။ ထွက်သူကို စောင့်ပြီး ၀င်သူက ၀င်နေကြရပါသည်။
သင်္ကြန်ရက်မှာဖြင့် ဘယ်လိုရှိမလဲ စဉ်းစားကြည့်ပါတော့။
ချောင်းသာကမ်းခြေဟာ ရန်ကုန်မြို့ကနေ ခရီးသည်တင် ဘတ်စ်ကားမျိုးစုံ၊ ခရီးသွား ကားမျိုးစုံအပြင် ကိုယ်ပိုင်ကားမျိုးစုံနှင့် အလွယ်တကူ သွားလာနိုင်တဲ့ နေရာဖြစ်တယ်။ ခရီးလမ်းပန်းကောင်းတဲ့နေရာက ၉၀ လောက်ရှိတယ်။ ခရီးသွားချိန်ဟာ ဇက်ကူးချိန် အပါအ၀င် ၇ နာရီလောက်ပဲ ရှိလေတော့၊ မနက် ၄ နာရီလောက် ရန်ကုန်ကထွက်ရင် နေ့ ၁၂ နာရီလောက် ထမင်းစားအမီ ရောက်နိုင်တယ်။ ပင်လယ်ကမ်းခြေက သဲသောင်ပြင် ပြန့်ပြူးပြီး ရေ ကလည်း ကြည်တန်သလောက်ကြည်တယ်။ ပင်လယ်က အနောက်ဘက်မှာ ရှိတော့ နေ၀င်ချိန် Sunset နေလုံးကြီး ပင်လယ်ထဲ နိမ့်ဆင်းဝင်ရောက်သွားတာ မြင်ရတယ်ဆိုတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဒါကြောင့် ပိတ်ရက်တွေမှာ လူစည်ကားတာပေါ့။
ဒါပေမယ့် တကယ်လူများလာရင် ကမ်းခြေသန့်ရှင်းမှု ဟိုတယ်များရဲ့ သန့်ရှင်းမှုတွေဟာ လိုက်မှ လိုက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။
ဟိုတယ် တာဝန်ရှိသူတဦးနဲ့ စကားစပ်မိတော့ ချောင်းသာရဲ့ လူစည်ကားချိန်ဟာ တကယ်တော့ မတ် ဧပြီ ၂ လပဲ ကောင်းကောင်း ရှိတာပါတဲ့။ မိုးကျရင် လူမလာတော့ဘူးတဲ့။ မိုးကလည်း မေလဆန်းရင် ရွာတတ်ပါသတဲ့။ အဲဒီက လူပါးသွားကြတော့တာ နိုဝင်ဘာလဆန်း လောက်မှ ဖြိုးဖြိုးဖြောက်ဖြောက် ရောက်လာတတ်ပါသတဲ့။
ချောင်းသာကို လာဖို့ အပန်းဖြေဖို့ ၃ ညအိပ်လောက် လာမယ်ဆိုရင် ရိုးရိုးဘတ်စ်ကား နှင့်လာ၊ ရိုးရိုးတည်းခိုခန်းမှာ တည်းရင်ပဲ တသောင်းလောက် ကုန်နိုင်ပါတယ်။ အဆင့်မြင့် ခရီးသွား လုပ်ငန်းများနှင့် လာရင် နှစ်သောင်းခွဲ၊ သုံးသောင်းလောက် ကုန်ပါတယ်။ ကိုယ်ပိုင်ကားနှင့် လာရင်တော့ ဘယ်လိုနေ ဘယ်လိုသုံးမလဲ ဆိုတဲ့ အခြေအနေပေါ် မူတည်ပြီး ကုန်မှာပဲ။
ဟိုတယ်မှာ အလုပ်လုပ်တဲ့ မိန်းကလေးတယောက်နဲ့ စကားစပ်မိတော့ မိန်းကလေးဟာ အဝေးသင် ပုသိမ်တက္ကသိုလ်မှာ တက်နေတဲ့ ဒုတိယနှစ် ကျောင်းသူလေး ဖြစ်နေတယ်။
ဈေးသည် မိန်းကလေးကို မေးကြည့်တော့ ရှစ်တန်းတဲ့။
အပန်းဖြေသူကဖြေ...
ပညာရေးအတွက် ၀င်ငွေရှာသူကရှာ
ချောင်းသာကမ်းခြေရဲ့ နွေရာသီဟာ လှုပ်လှုပ်ရွရွနှင့်ပါ။
မောင်မိုးသူကတော့ လွယ်အိတ်တလုံးနဲ့ ရွာစဉ်လည်ဆဲပါပဲ။

မောင်မိုးသူ။

{Beauty မဂ္ဂဇင်း မေလ၊ ၂၀၀၂ မှ ကူးယူဖော်ပြတယ်}

Saturday, May 10, 2008

ယသော်ဓရာအားပူဇော်ခြင်း
ရေးသူ-လူထုစိန်ဝင်း




တနေ့က စာအုပ်စင်က ဆွဲထုတ်လိုက်တော့ အရွယ်သေးသေးလေး တရွက်ထွက်ကျ လာတာ တွေ့ရပါတယ်။ ကောက်ယူကြည့်လိုက်တော့ ခပေါင်းစီးကရက်ဘူးထဲက ခဲပတ်စက္ကူ လေး ဖြစ်နေတာ တွေ့ရပါတယ်။ သေသေချာချာ စေ့စေ့စပ်စပ် ကြည့်လိုက်တော့ ခဲတံနဲ့ ရေးထားတဲ့ အကြောင်းလေးတွေကို မှုန်ဝါးဝါး တွေ့ရပါတယ်။ ကဗျာတိုလေးတပုဒ် ပါလား။
စာအုပ်က "ကျောင်းတော်ပါစာအုပ်" ပါ။ ဘ၀တက္ကသိုလ်လို့ ခေါ်တတ်ကြတဲ့ ကျောင်းတော်ကြီးမှာ ဆယ်မိုးဆယ်ဝါ သီတင်းသုံးရင်း အဌာရသပညာရပ်များ ဆည်းပူးစဉ် အခါက ဖတ်ကြားလေ့လာဖို့ ပေးခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ၀ါကျင်ကျင်ဖြစ်နေတဲ့ စာရွက်ပေါ်က လက်ရေးသေးသေးလေးတွေနဲ့ ရေးထားတဲ့ မှုန်ဝါးဝါး စာကြောင်းလေးတွေကို ကြိုးစားပမ်းစား ဖတ်ကြည့်လိုက်တော့ ကဗျာလို့ ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ စာတိုလေးတပုဒ် ခုလိုတွေ့ ရပါတယ်။




"ယသော်ဓရာအား ပူဇော်ခြင်း"

ချစ်သခင်သည်
လောကီငြိုငြင်၊ တောဝင်မွေ့ပျော်
လျော်တေညစ်ညမ်း၊ ဖန်ရည်စွန်းသော
ဆင်မြန်းဝတ်ရုံ၊ ဆိုတုံကြားရ
သည်ခဏမှာ၊ နုလှချောညက်
အိစက်ညံ့ထွေး၊ သိုးမွေးကတ္တီပါ
ဆင်မြဲစွတ်လွှတ်၊ ဖန်ရည်ဝတ်ခဲ့။

ချစ်သခင်သည်
မြင်းပြတ်ညောင်စောင်း၊ မလျောင်းမစက်
ပြေထက်မွေ့လျော်၊ ရှိသော်ကြားရ
သည်ခဏမှာ၊ ပန်းမွေ့ယာကျင်း
ကော်ဇောခင်းဖြန့်၊ ညံ့သက်နုလွ
ခြူးကြွကြာရံ၊ သဉ္စာစွန့်လျက်
မြေ၌စက်ခဲ့။

ချစ်သခင်သည်
တနေ့တာမှ၊ တခါမျှသာ
အစာမှီဝဲ၊ ခြိုးခြံမြဲတဲ့
ကြားခဲ့သည်က၊ ချိုမြခဲဖွယ်
ပွဲတော်ထူးထူး၊ ဆီဦးထောပတ်
တပ်မက်စွန့်ပစ်၊ သစ်သီးသစ်ရွက်
တရက်တခါ၊ မှီဝဲလာခဲ့
ဘယ်မှာနှိုင်းဆ၊ တုမရသော
ယသော်ဓရာ၊ မေတ္တာဘုရား။
ကိုယ့်ဘုရားကို ၀ပ်တွားပူဇော်လိုက်ပါ၏။
(မဟင်္သာသို့)
၁၁၊ ၆၊ ၁၉၇၀


ကဗျာလေးမှာ ရည်ညွှန်းထားတဲ့ အမည်က ဇနီးသည်ရဲ့ ငယ်နာမည်ပါ။ (၁၁၊ ၆၊ ၁၉၇၀) ဆိုတဲ့ ရက်စွဲကို ကြည့်လိုက်တော့ ၁၉၆၅ ခု၊ အောက်တိုဘာ (၁၁) ရက်မှာ လက်ထပ်ကြတာကို ရည်စူးပြီး ရေးခဲ့တာပါလားလို့ သိလိုက်ရပါတယ်။
ဒီကဗျာလေးကို ပြန်ဖတ်ရင်း အတိတ်ကို ပြန်စဉ်းစားကြည့်မိတော့ ကဆုန်လပြည့် နေ့က မုန့်ဟင်းခါး အ၀ကျွေးတာကို သတိရပြီး ရေးခဲ့တာလို့ အမှတ်ရလာပါတယ်။ ကဆုန်လပြည့်ဆိုတာကို ဗုဒ္ဓရဲ့မွေးနေ့အဖြစ် အထွတ်အမြတ် ထားခဲ့ကြတာ မဟုတ်လား။ အဲဒီနေ့က မုန့်ဟင်းခါးစားရင်းနဲ့ လူတွေဟာ သိဒ္ဓတ္ထမင်းသားနဲ့ တနေ့တည်းဖွားဖြစ်တဲ့ ကြင်ယာတော် ယသော်ဓရာဒေ၀ီရဲ့ ကျေးဇူးတရားများကိုတော့ မေ့လျော့နေကြပါလားလို့ တွေးမိရာက ဒီကဗျာလေး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ယသော်ဓရာဒေ၀ီရဲ့ ကျေးဇူးတရားများဟာ ဗုဒ္ဓအပေါ်မှာ များစွာကြီးမားခဲ့ပါတယ်။ ဒါကို ဗုဒ္ဓကိုယ်တော်တိုင်က သတိမမူ လစ်လျူရှုထားခဲ့ပါတယ်။ ခမည်းတော် မင်းတရားကြီးက သားဗုဒ္ဓကို ညွှန်ပြမြွက်ဟခဲ့ရပါတယ်။ ဒီအကြောင်းကို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ ဇိနတ္ထပကာသနီကျမ်းမှာ ခုလို ဖော်ပြထားခဲ့တာကို ပြန်ဖတ်စေချင်ပါတယ်။

ယသော်ဓရာတိုက်ခန်း ကြွမြန်းတော်မူခြင်း
ယင်းသို့ ရွှေနန်းဥကင် ရာဇပလ္လင်ထက်၌ တက်စံတော်မူလျှင် ဖခင်မင်းမြတ်သည် လည်း လျောက်ပတ်ကောင်းမွန်သော ဘောဇဉ်ခဲဖွယ်တို့ဖြင့် လုပ်ကျွေး၏။ ဆွမ်းဘုဉ်းပေးပြီး သော အဆုံး၌ အလုံးစုံသော မောင်းမမိဿံ ခြွေရံကိုယ်လုပ်တို့သည် အုတ်အုတ်ကျက်ကျက်မျှ လာကြကုန်၍ ဘုရားရှင်အား ညွတ်တွားရိုကျိုး ရှိခိုးပူဇော်ကြကုန်၏။ ယသော်ဓရာ ဗိမ္မာဒေ၀ီသည် ပူဇော်ခြင်းငှာ မထွက်လာ၍ များစွာသော နန်းသူနန်းသားတို့က "သခင်မ ထွက်ကြွတော်မူ၍ သုံးလူ့သခင်ကို ဦးတင်ပူဇော်ဖူးမြှော်ပါလော့" ဟု လျှောက်ကြသော် "အကယ်၍ အကျွန်ပ် ကျေးဇူးရှိသည်ကို ထောက်မျှော်၍ သနားတော်မူပါလျှင် ကိုယ်တော်ဝင်၍ ကြွလာပါလိမ့်မည်။ ဤသို့ ကြွလာမှ ပူဇော်ပါတော့မည်" ဟု ဆို၍သာ နေ၏။ ထိုအကြောင်းကို နန်းသူနန်းသားတို့က ဘုရားရှင်အား လျှောက်ကြားကြသော် ခမည်းတော်ကြီးအား သပိတ်ကို ကမ်းတော်မူ၍ နှစ်ဦးသော အဂ္ဂသာဝကတို့ကို ခေါ်တော်မူလျက် ယသော်ဓရာမင်းသမီး၏ နေရာတိုက်ခွင်သို့ ၀င်တော်မူ၍ "ယနေ့ ယသော်ဓရာမင်းသမီးကို အလိုရှိတိုင်း ရှိခိုးစေ၊ မည်သူအားမျှ တခွန်းစကား မတားဆိုကြလင့်" ဟု မိန့်တော်မူ၍ ခင်းအပ်သောနေရာ ရတနာသလွန်ထက်၌ တက်စံတော်မူ၏။ ထိုအခါ ယသော်ဓရာမင်းသမီးသည် ပန်းကြီးခုံမင် စွာလာ၍ ခြေဖမျက်တော်ကို လက်ဖြင့်ပိုက်လျက် ဖမိုးတော်ထက် မျက်နှာဦးခေါင်းကိုထား၍ ဖ၀ါးတော်မြတ်ကို နမ်းကာနမ်းကာ ခြင်းရာစကား ဘယ်သည်များမှ မကြားနိုင်စွာ မျက်နှာမျက်ရည် မဆည်နိုင်ပြီး ဖြိုင်ဖြိုင်စီးလျက် သက်ကြီးရှိုက်ငင် ဘ၀င်ပြောင်းပြန် လန်လုမတတ် ဆံဖြင့်ပွတ်သပ် ပါးဖြင့်အပ်၍ အထပ်ထပ်ရှိခိုး ရှာလေသတည်း။

စန္ဒကိန္နရီဇာတ် ဟောတော်မူခြင်း
ထိုအခါ ခမည်းတော်မင်းကြီးက "အကျွန်ပ်သမီးသည် သားကြီးဘုရားကို အလွန်စုံမက် နှစ်သက်လေးမြတ်ပေသည်။ သားဘုရား ထွက်သွားတော်မူသော်လည်း ရှိတော်မူစဉ်က ပြုပြင်ခယမြဲဖြစ်သော ၀တ်ကို မချွတ်မယွင်းစေရ၊ ညတိုင်းနေ့တိုင်း ပြုပေသည်။ သားဘုရားသည် ဖန်ရည်စွန်းသော အ၀တ်ကိုသာ ၀တ်ပေသည်။ သားဘုရားသည် တထပ်သာစားသည်ဟု ကြားသည်မှ စ၍ အကျွန်ပ်သမီးလည်း တထပ်သာ စားပေသည်။ သားဘုရားသည် မြတ်သောအခင်းနေရာကို ပယ်သည်ဟု ကြားသည်မှစ၍ နိမ့်သော ညောင်စောင်း၌သာ အိပ်ပေသည်။ သားဘုရားသည် ပန်းနံ့သာမျိုး အခိုးအထုံတို့၌ တပ်မက်ခြင်းမရှိဟု ကြားသည်မှစ၍ ပန်းနံ့သာတို့၌ တပ်မက်ခြင်းကို မပြုပေ။ အဆွေအမျိုး ဖြစ်သော မင်းညီမင်းသား သူတပါးတို့ မြှောက်စားမြတ်လေးစွာ မွေးမြူပါအံ့ဟု သတင်းစကား ကြားပါသော်လည်း တယောက်ကိုမျှ ပြန်မကြည့်ပေ။ ဤသို့ အကျွန်ပ်သမီးသည် စောင့်ထိန်းပေသည်" ဟု ချွေးမတော်၏ ဂုဏ်ကျေးဇူးကို ချီးကျူးလျှောက်ထားရာတွင် "ယခုအခါ ဒကာတော်မင်းကြီးသည် စောင့်ရှောက်ထိန်းအပ်သည်ဖြစ်၍ ဖြောင့်တည်ကြည် သည်ကား အံ့ဖွယ်မရှိသေး။ ရှေးသောအခါ စန္ဒကိန္နရီဖြစ်သောအခါ ဆွေညာမိဘ စောင့်သူမရှိဘဲလျက် မိမိကိုယ်ကို မိမိစောင့်သဖြင့် ကာလရှည်မြင့်စွာ ကြင်နာဖူးပြီ" ဟု စန္ဒကိန္နရီဇာတ်ကို ဟောတော်မူ၏။ ယင်းသို့ တရားဟောတော်မူပြီးသော် နိဂြောဓါရုံ ကျောင်းတော်သို့ ပြန်ကြွတော်မူ၏။
ယသော်ဓရာဒေ၀ီရဲ့ ကျေးဇူးတရားကို ဟိုခေတ်လူတွေက သတိမပြုမိကြသလို၊ ဒီနေ့ခေတ်မှာလည်း အမျိုးသမီး အိမ်ထောင်ရှင်မများရဲ့ အခန်းကဏ္ဍကို လူတွေက သတိမပြုမိ ကြတာ များပါတယ်။ သမိုင်းကို ပြန်ကြည့်လိုက်ရင် ထင်ရှားကြော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတိုင်းရဲ့ နောက်မှာ ဇနီးမယားကောင်းတယောက် ရှိမြဲဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ အဝေးခေတ် ကိုထား၊ အနီးခေတ်ကိုပဲ ကြည့်ပါ။ သမ္မတရေဂန်ရဲ့ နောက်မှာရှိတဲ့ ဇနီးနန်စီရေဂန်ဟာ ကောင်းဘွိုင် ဇာတ်လိုက်မင်းသား မျှသာဖြစ်တဲ့ ရော်နယ်ရေဂန်ကို ထင်ရှားတဲ့ သမ္မတဦးဖြစ် လာအောင် အဓိက ပံ့ပိုးကူညီသူဖြစ်တယ်ဆိုတာကို အမေရိကန်သမိုင်းဆရာတွေသာမက၊ နန်စီကို မလိုတမာ ဖြစ်နေကြတဲ့ ရေဂန်ရဲ့ ဇနီးဟောင်းနဲ့ရတဲ့ သမီးတွေကတောင် အသိအမှတ်ပြု ၀န်ခံခဲ့ကြရပါတယ်။ အီရန်ကိစ္စနဲ့ ရေဂန်ရာထူးပြုတ်တော့မယ့် အခြေအနေကြီး ရင်ဆိုင်နေရချိန်မှာလည်း ရေဂန် တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်အောင် နန်စီက ဖေးမပေးခဲ့တာပါ။ ရေဂန် အာရုံကြောတွေ အားနည်းတဲ့ရောဂါနဲ့ မေ့မေ့လျော့လျော့ ခြေတုန်လက်တုန် ဖြစ်နေချိန်မှာလည်း နန်စီက ဖေးမစောင့်ရှောက်ပေးနေရှာတာပါ။
ကလင်တန်နဲ့ ဟီလာရီလည်း အလားတူပါပဲ။ သမ္မတတဦးအနေနဲ့ ဘယ်လိုမှ လူကြားထဲ ခေါင်းမဖော်ဝံ့လောက်တဲ့ ရှက်စရာကိစ္စကြီး ဖြစ်လာချိန်မှာ သစ္စာဖောက်ခံရတဲ့ ဟီလာရီခမျာမှာ သူ့ရင်ထဲက ခံစားမှုများကို မြိုသိပ်ပြီး သူ့ခင်ပွန်း လူရှုပ်လူပွေကြီးနောက်က မားမားကြီး ရပ်ပေးခဲ့တာပါ။ အဲဒီအချိန်ကသာ ဟီလာရီက ရင်ထဲက ခံစားမှု လှုံ့ဆော်တဲ့ နောက်လိုက်ပြီး ကလင်တန်ကို ပြစ်တင်ရှုတ်ချတဲ့ စကားတခွန်းပြောလိုက်မိတာနဲ့ ကလင်တန် ရာထူးက ဆင်းပေးရပြီး ဘ၀ရေစုန်မြောတော့မှာ သေချာပါတယ်။ ဟီလာရီကောင်းလို့သာ ကလင်တန် လူပုံအလယ်မှာ အိနြေ္ဒမပျက် ရပ်နေသေးလို့ ရတာပါ။
ခမည်းတော်မင်းကြီး ယသော်ဓရာကို ချီးကျူးပြောဆိုပြီးတဲ့ အခါကျတော့ ယသော်ဓရာ ဟာ ခုဘ၀မှာသာ မဟုတ်သေး၊ ရှေးရှေးဘ၀များစွာကလည်း ဒီလိုပဲရှိခဲ့တယ်ဆိုတာပြဖို့ ဘုရားရှင်က စန္ဒက်န္နရီဇာတ်တော်ကို ဟောကြာတော်မူခဲ့ပါတယ်။
ယသော်ဓရာလို မိန်းမသားများ ရှေးအတီတေကလည်း မြောက်မြားစွာ ရှိခဲ့ကြပါတယ်။ ယခု ခေတ်တွေမှာလည်း ယသော်ဓရာတွေ မြောက်မြားစွာ ရှိနေကြပါတယ်။ ကဆုန်လပြည့် ဗုဒ္ဓကိုယ်တော်ရှင်ရဲ့ ဖွားမြင်တော်မူသောနေ့မှာ ဗုဒ္ဓရဲ့ တနေ့တည်း မွေးဖွားဖက်တော် ယသော်ဓရာဒေ၀ီရဲ့ ဂုဏ်ကျေးဇူးများကိုလည်း မမေ့မလျော့ ချီးကျူးပူဇော် ဦးခိုက်ကြရင်း ခေတ်မိန်းကလေးတွေကို မိန်းမကောင်း မိန်းမမြတ် ဖြစ်လာစေဖို့ နှိုးဆော်သင့်ကြပါကြောင်း တင်ပြလိုက်ရပါတယ်။

လူထုစိန်ဝင်း
၁၄၊ မတ်၊ ၂၀၀၂
{Beauty မဂ္ဂဇင်း၊ မေလ၊ ၂၀၀၂ မှ ကူးယူဖော်ပြပါတယ်။}

Friday, May 9, 2008

စိမ်းပြက်ဖြူလွ မြူခနှင့် မိတ်ဆက်ခြင်း
ရေးသူ-ဒဂုန်တာရာ


နွေသစ်ဖူးဝေ၊ ပွင့်လေရာတွင်
ညင်သာဖွဖွ၊ မြစရွှေစ
ကျကြွေပိတောက်၊ ရေပေါက်ဖိတ်စင်
မြင်ရမွှေးရ၊ ခံစားရမိ။


ထိတွေ့ရသော်၊ တောင်ပေါ်မြေသည်
နီစွေးမြေသား၊ ရထားအတက်
မက်လုံးချောကြင်၊ ညှို့ငင်လေပြီ
သည်တောင်တောတန်း၊ စိန်ပန်းပြာပြက်။

တက်ဆင်းကွေ့ချိုး၊ လွန်းထိုးပြန်လှန်
ဖန်ဖန်အ၀င်၊ ဥမင်လှိုဏ်ထဲ
မဲမှောင်ဆူညံ၊ ပြောင်သံနောက်သံ
ညံစီသောသော၊ ရယ်မောနေစဲ။

ကဲရောက်လာပြီကော၊ ကလောသို့ချည်း
ထင်းရှူးရနံ့၊ ဆွတ်ပျံ့မွှေးရှ
လှပစိမ်းလွင်၊ ရွက်မျှင်ချွန်ခင်း
နှင်းဖြူခြုံလွှာ၊ မှုံပြာဆင်သ။ ။

ဒဂုန်တာရာ
၂၊ ၄၊ ၂၀၀၁

{Beauty မဂ္ဂဇင်း၊ သြဂုတ်၊ ၂၀၀၁ မှ ကူးယူဖြော်ပပါတယ်။}

Thursday, May 8, 2008

ဇာတိရနံ့
ရေးသူ-ဒဂုန်တာရာ


အရွယ်ကြီးလာသောအခါ မိမိဖြတ်သန်းလာသော အတိတ်သည် လန်းဆတ်၍ လာ တတ်သည်၊ ၁၉၆၃ က ၆၇ အထိ ကျွန်တော်သည် ဆိတ်ဖလူးရနံ့ သင်းပျံ့ရာနေရာတွင် နေခဲ့ဖူးသည်။ ထိုအခါက ညအိပ်ရာဝင်လျှင် အတိတ်တို့သည် ကျွန်တော်၏ အသိညာဏ်ကို နှိုးဆွလိုက်သည်။ တွေးစရာများ ပေါ်လာတတ်သည်။ မိမိဖြတ်သန်းလာခဲ့သော သမိုင်းအတွေ့ အကြုံများကို သုံးသပ်မိလာသည်။
မိမိဘ၀ ဖြတ်သန်းမှုကိုလည်း တွေးမိလာသည်။ သမိုင်းဖြတ်သန်းမှုနှင့် ဘ၀ဖြတ်သန်းမှု ဆိုသည်ကလည်း သီးခြားမဟုတ်၊ ဆက်စပ်နေသည်။ သမိုင်းခေတ်ကို ပြန်လည်တွေးမိ လိုက်သည်။ ဘ၀ကို သုံးသပ်မိလာတတ်သည်။ ကျွန်တော်နှင့် ခေတ်ပြိုင်ရွယ်တူ ကျောင်းနေဖက် အပေါင်းအဖက်တို့သည် တဖြည်းဖြည်းနှင့် သိတ်မရှိကြ။ ကျွန်တော်၏ နုပျိုစတွင် သိကျွမ်းခဲ့သော သူတို့သည်လည်း သူတို့၏ အတိတ်သမိုင်းနှင့်သူတို့ ရှိနေကြသည်။ အချို့လည်း ကျန်သေးသည်။ အချို့လည်း မရှိတော့။


ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ၊ ကိုလှမောင်၊ ကိုဘဆွေ၊ ကိုကျော်ငြိမ်း စသူတို့သည်လည်း မရှိကြတော့ပြီ။ သူတို့၏ နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြ ပြီးပြီ။ စာပေဖက်က ကြည့်လျှင်လည်း ဒုတိယမျိုးဆက်အစဟု ဆိုနိုင်သော ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ကိုကြည်လင်၊ ကိုကျော်အောင် စသူတို့လည်း မရှိကြတော့။ သူတို့သည်လည်း သူတို့၏ စာပေတာဝန်ကို ထမ်းဆောင် ခဲ့ကြပြီးပြီ။ ကျွန်တော်သည် နောက်ထပ်မျိုးဆက်သစ် များနှင့် ထိတွေ့ရပြန်သည်။ ထိုအခါ မျိုးဆက်ကွာဟမှုဟူသော စကားရပ်ကို သတိပြုမိသည်။ သမိုင်းမှတ်တမ်း မှတ်ရာများကို ရေးဖွဲ့သောအခါ အစက ပြန်၍ ကောက်ကြရသည်။ သူတို့ မမီ သော ခေတ်ကို သူတို့ သိချင်ကြသည်။ ကျွန်တော်ကလည်း ယင်းသူတို့ မမီသော ခေတ်ကို ဖွဲ့နွဲ့ ဖော်ပြမှသာလျှင် သူတို့ အတွေးများသည် ပို၍ ရှင်းလင်းကြည်လင်လာမည်ဟု ယူဆမိသည်။ ယင်းတို့ပင် အရွယ်ကြီးရင့်လာသည့်အခါ ခံစားတတ်သော အတိတ်ဝေဒနာများကို အိမ်လွမ်း စိတ္တဇဟူသော စကားရပ်ဖြင့် ကျွန်တော် ဖွဲ့နွဲ့ဖော်ပြခဲ့ဖူးပြီ။
ကဗျာဆရာ၊ ၀တ္ထုရေးဆရာ စသော ဖန်တီးသော အနုပညာရှင်တို့သည် မိမိတို့ ဖြတ်သန်းခဲ့သော ခေတ်များမှ အဖြစ်အပျက်များကို ပြန်၍ရေးချယ်ပြတတ်သည်မှာ သဘာဝတ္တ တရားဟု ဆိုနိုင်မည်။ စိတ်ကူးသက်သက် ဆိုသည်မှာ ရှားသည်။ မိမိအတွေ့အကြုံကို စိတ်ကူးဖြင့် အဖွဲ့အနွဲ့များ ထုံယစ်ရသည်။ ထို့ကြောင့်ပင်လျင် စာပေဝေဖန်ရေးဆရာတို့သည် စာရေးဆရာတဦး၏ စာပေများကို သီးသီးသန့်သန့် ဟူသော သဘောဖြင့် လေ့လာသောအခါ သူ၏ အရေးအသား စာပေသာမက သူ၏ဘ၀ကိုလည်း ယှဉ်တွဲလေ့လာကြသည်ကို တွေ့နိုင်သည်။

(ခ)
ကျွန်တော်သည် လွန်ခဲ့သော ၁၀ နှစ်ခန့်က မြို့ပြမှ ခွါ၍ မြို့ပြမှ မိုင် ၃၀ ကွာဝေးသော ဥသာရိုးမအဖျားစ တောရိပ်တောင်ရိပ်တွင် နေခဲ့သည်။ "စက်ရုံကျေးလက်" ဟူသော ခေါင်းစဉ်ဖြင့်ပင် ကဗျာတပုဒ် ရေးသားဖွဲ့ခဲ့ဖူးသည်။ ကျေးလက်၊ တကယ်တော့ ကျေးလက်ဆို သည်မှာ ကျွန်တော်၏ မွေးဇာတိဖြစ်သည်။ ကျွန်တော်မွေးဖွားသော နေရာမှာ ဧရာဝတီမြစ် ကမ်းနဘေးရှိ ရွာသိမ်ရွာငယ်ကလေး ဖြစ်သည်။ ကြီးလာသောအခါ မြို့ပြရောက်ပြီးလျင် ကျောင်းသားဘ၀၊ လူထုအဖွဲ့အစည်းထဲတွင် ပါဝင်သောဘ၀ဖြင့် ရောယှက်ကာ ရှိခဲ့သည်။
ယင်းသို့ ဘ၀များဖြင့် ကျော်လွန်ခဲ့ပြီးနောက် တောကျေးလက်တနေရာတွင် ရောက်နေ သောအခါ ဇာတိရနံ့တို့သည် ဘယ်ကဘယ်လို ရောက်လာသည်မသိ၊ မွှေးမြလာသည်။ ကျွန်တော်၏ တူမဖြစ်သူက ၇၀ ပြည့်နှစ် မွေးနေ့ကို ယင်း ကျေးလက်ရွာကလေးတွင် စီစဉ်ပေး၍ မိတ်ဆွေဟောင်းများ၊ အတွေ့ရနည်းသော စာပေမိတ်ဆွေများနှင့် ဆုံတွေ့ရသည်။ အပေါင်းအသင်းတွေနဲ့ ဆုံတာပေါ့ဟု၊ သည်စကားကို ကျေနပ်သွားသည်။ မွေးနေ့ဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်၍ မဟုတ်။ အခမ်းအနားများကို ကျွန်တော်ကြိုက်သည်မဟုတ်။
သို့သော် ရိုးရိုးလေးပင် အခမ်းအနားမပါ လုပ်ခဲ့၍ အစက သဘောမကျသော်လည်း ကျေနပ်ခဲ့ရသည်။ ကျွန်တော်နေထိုင်ရာ ကျေးလက်ကို "မိမိကိုယ်ကိုမဲဇာပို့ခြင်း" ကဗျာခံစားမှု ကဗျာဖွဲ့နွဲ့ခဲ့သည်။ ဒုတိယမွေးနေ့ကို ယင်းရွာလေးရှိ ဘုန်းကြီးကျောင်းတွင် လုပ်သည်။ အစက မတွေးမိ။ ဘုန်းကြီးကျောင်းတွင် လူများနှင့် ဆုံတွေ့ရသောအခါမှ အိမ်လွမ်းစိတ္တဇ ဖြစ်လာ သည်။ ပေါ်လာသည်။
ဘုန်းကြီးကျောင်းဆိုသည်မှာ ကျွန်တော် မွေးဖွားရာရွာမှ အိမ်ကလေးနှင့် ကပ်လျက် ဘုန်းကြီးကျောင်း။ ကျွန်တော် ရှင်ပြုရာ ကိုရင်ဝတ်ရာကျောင်း။ ဇာတိ ထုံရစ်လာတော့သည်၊ ကျွန်တော်က ကျေးလက်တွင် မွေးဖွားပြီး ကျေးလက်တွင် ကြီးပြင်းရသည်မဟုတ်။ မွေးစတွင်သာ ကြီးပြင်းပြီး၊ ထို့နောက် ကျောင်းနေသော ဘ၀ကစပြီး မြို့ပြတွင်သာ အနေများ တော့သည်။ နိုင်ငံခြား မြို့ပြများကိုလည်း ရောက်သွားသည်။ ထို့နောက် ကျွန်တော်၏ အိမ်လွမ်းစိတ္တဇက စ၍ မိမိဖြတ်သန်းခဲ့သော ဘ၀များ၏ အတိတ်သည် ကျွန်တော်၏ ရင်တွင်းသို့ သက်ဆင်းကျရောက် ဆွတ်ပျံ့ရီဝေလာသည်။
ထိုအခါ ကျွန်တော်သည် မနေနိုင်တော့၊ အောင့်၍ မထားနိုင်တော့။ မိမိခံစားမှုကို စာလုံးများဖြင့် ဖွဲ့သီ ယက်ဖောက်လာမိတော့သည်။ မေ့ပျောက်နေပြီဟု သာမန်အားဖြင့် ထင်မှတ်ခဲ့သော အတိတ်၏ ပုံကားချပ်၊ အသံ၊ အရောင်၊ ရနံ့ တို့သည် ဘယ်ကနေ ပေါ်ပေါက်လာသည် မဆိုနိုင်။ ကဗျာစကားလုံးတို့တွင် ပြိုးပြက်ကြွရွ မွှေးမြ လန်းဆတ်လာ ခဲ့သည်။
သြော် ကဗျာဆိုသည်ကား ခံစားမှု၏ ကိုယ်စားပြုရာ မဟုတ်ပါလား။


ဇာတိရနံ့

ငါမွေးဖွားရာ
မွန်ကျေးရွာတခု၊ ဧရာဝတီ
စိမ်းမြဖန်ကွဲ၊ ကွဲအက်စီးယှက်
မြစ်လက်တက်ဘေး၊ ရွှံ့ စေးပျော့ဖတ်
ဇလပ်ပင်တန်း၊ မြစ်ကမ်းကိုင်းကျ
အိမ်ခေါင်းရင်းမှ၊ ကွမ်းသီးခြံက
အိမ်ရှေ့ကမ်းစပ်၊ စောင်းလျားပင်တန်း
လွှမ်းမိုးရိပ်အုပ်၊ လှေဆိပ်တံတား
သမ္ဗန်လှေများ၊ လှော်ခတ်သံကြား
စပါးကျီက၊ အိမ်ဘေးမှလျှင်
လယ်တခွင်လုံး၊ ကြည့်၍မဆုံး
ကနစိုငုတ်၊ နီပုတ်အမြစ်
ဗျိုင်းအုပ်နားရာ၊ ကဏန်းခိုရာ
အစိမ်းထဲမှ၊ အနီကွက်ကျား။

ကွမ်းခြံလွန်သော်
အုတ်စီလမ်းမှ၊ သွားရသည်ကား
အဘိုးအဘွား၊ တည်ထားလှူထား
ခြင်္သေ့နတ်လမ်း၊ စင်္ကြန်ခန်းနှင့်
လက်ရန်းလှေကား၊ စိန်တောင်သွားနှင့်
ကျွန်းသားတိုင်လုံး၊ ရွှေရောင်ပြက်ဖုံး
ဘုန်းကြီးကျောင်းမှာ၊ ကိုရင်ဝတ်ခဲ့။

ငါ့အဖော်ကား
ကျေးသားဇလပ်သီး၊ ဖားပုစွန်လုံး
လင်းမြွေနက်မှောင်၊ ချောပြောင်ကျွဲမျှော့
ရွှံ့ပျော့ငါးပြေး၊ အဝေးပျံသွား
ဗျိုင်းအုပ်များနှင့်၊ ကြိုးကြာငှက်များ
ကောက်ရိုးနံ့၊ ဒိုက်ချွဲနံ့
ငှက်ပျောရွက်နံ့၊ ခိုချေးနံ့
ကြေးစည်သံ၊ ဆန်ဖွပ်သံ
လှေခတ်သံ၊ နွားအော်သံ
ဂရို့ချိုးသံ၊ စပါးလောင်းသံ
အစိမ်းလယ်ကွင်း၊ အ၀ါတလင်း
အပြာမိုးသား၊ နေများ လများ ကြယ်များ
ဖြတ်သန်းသွားခဲ့၊ လှုပ်ရှားရင်ခုန်
ငါ့အားမွေးဖွား၊ တောကျေးလက်။

ငါ့အမေကား
လယ်မြေသမီး၊ ငါ့အဖေက
ဘလုပ်ဘရားသား၊ အ၀ယ်တော်ပွဲစား
အဖေသွားရာ၊ မြို့ပြသွားနေ
ဗန္ဓုလဂျာနယ်၊ တိုက်နှင့်မဝေးပြီ
ကီလီလမ်းမှ၊ ၀ီလျံလမ်းကြား
ဖြတ်သန်းပြောင်းရွှေ့၊ ဓာတ်ရထားလမ်းတွင်
ကျောက်ခဲတင်ခဲ့၊ မီးတောက်လက်လာ
ငါစောင့်ကြည့်ရာ၊ ပျော်စရာပ
အမျိုးသားကျောင်း၊ မက်သောဒစ်ကျောင်း
ယူနီဗာစီတီကျောင်း၊ ပညာသင်ကြား
ကျောင်းသားဘ၀၊ မြို့ပြမှာသာ
ငါကြီးပြင်းခဲ့ရ။

ကျောင်းထွက်ပြီးက
ကတ္တရာနက်လက်၊ ပြောင်နက်လမ်းကျော
အင်္ဂတေချော၊ ကတ္တီပါမြက်ခင်း
ဝင်းပဖိတ်လျှံ၊ ဖန်ရောင်မှန်ရောင်
ဆောင်ကူးစင်္ကြန်၊ အုတ်ကြွပ်နီကြန်
မိုးရေမစွတ်၊ သွားရလာရ
ပေါင်ဒါနံ့၊ ရေမွှေးနံ့
နှုတ်ခမ်းနီနံ့၊ ပါးနီနံ့
ဝီစကီနံ့၊ ဘီယာနံ့များ
မော်တော်ကားသံ၊ အနောက်တေးသံ
ဂျပ်စ်ဘင်သံ၊ လေလှိုင်းသံ
ယစ်ဝေပန်းလျ၊ ဖျတ်ဖျတ်ရွရွ
မြို့ပြမှာ၊ ကြီးပြင်းခဲ့ရ
ဒေါက်တာဇီဗားဂိုးဇာတ်ကားမှ
ဘာရီကီဒို အိမ်ကြီးကိုသတိရ။

တိမ်တိုက်ပေါ်မှ
မြင်ရစက်ပြောက်၊ အောက်သို့ငုံ့ကြည့်
မိမိဖြတ်ရာ၊ မြို့ပြပြည်ရွာ
သမုဒ္ဒရာ၊ နက်ပြာနုရင့်
စိမ်းဝါလယ်ကွင်း၊ လှေကားထစ်ဆင့်ညီ
ပီကင်းဆိုက်ပြီ၊ ကော်ဇောနီခင်း
လည်စီးနီများ၊ ပန်းစည်းပေးဆက်
ဖြတ်သန်းပြန်ရာ၊ ဂိုဘီသဲကန္တာရ
မွန်ဂိုလိယ၊ အေးမြနှင်းခဲ
တွဲလောင်းခိုနား၊ နှာခေါင်းဖျားမှ
ဆိုက်ဘေးရီးယား၊ ရေခဲသားပြင်
ကြယ်နီဆင်သ၊ ကရင်မလင်
မြားနီညရထား၊ ပစ်သွားမြန်ယာဉ်
လီနင်ဂရက်၊ ၀န်းယှက်တံတား
ချောင်းဖျားစီးရစ်၊ စိမ်းသစ်ခွေကျွန်း
ဒနီးဗားမြစ်ဘေး၊ မေးတင်တောင်စောင်း
ဘုရားရှိခိုးကျောင်း၊ ရွှေရောင်ပြိုးပြက်
ကိယက်မြို့မှ၊ ပရဟာသို့
မြို့ပြရဲတိုက်၊ ဗုဒ္ဓဂါယာ
ဗာရာဏသီ၊ င်္ဂဂါမြစ်ဝှမ်း
သွားလာလှည့်လည်၊ မြို့ပြပြည်များ
ဆွီဒင်တခေါက်၊ နောက်ဆုံးရောက်ခဲ့
၁၉၆၂။

၇၅နှစ်
ပိတောက်သစ်၊ စိန်းပန်းသစ်
နှစ်ပေါင်းများစွာ၊ မြို့ပြမှာနေ
မွေးမြေနှင့်စိမ်း၊ ဇလပ်နှင့်စိမ်း
ကျေးငှက်နှင့်စိမ်း၊ လယ်ကွင်းနှင့်စိမ်း
ဘောက်တူနှင့်စိမ်း၊ မျှော့နက်နှင့်စိမ်း
မွေးရက်တနေ့၊ မိတ်ဆွေတွေ့ဆုံ
ကျေးလက်ဓလေ့၊ ထမင်းဝိုင်းမှာ
ရောက်တတ်ရာရာ၊ လွတ်လပ်စွာပြော
ပြုံးကာရယ်ကာ၊ နေရာမထ
ဓမ္မသုခ၊ မဲဇာအနီး
ဘုန်းကြီးကျောင်းမှာ၊ ဖိတ်စာမကမ်း
သတိရသူ၊ ချစ်ခင်သူများ
သတင်းကြားနှင့်၊ လာရောက်ကြပြီ
မွေးရာအိမ်ကြီး၊ ပြိုပျက်စီးလည်း
ဘုန်းကြီးကျောင်းနှင့်၊ ပိတောက်ပွင့်နှင့်
လက်ဖက်ရည်ဝိုင်းနှင့်၊ ကဗျာဝိုင်းနှင့်
ဇာတိရနံ့၊ ထုံမွှေးဆဲကို။ ။

ဒဂုန်တာရာ။
(၃၊ ၆၊ ၉၄)

{Beauty မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၁ မှ ကူးယူဖော်ပြပါတယ်။}
{ တောင်းပန်ခြင်း နှင့် ကျေးဇူးတင်ရှိခြင်း။ ကိုမော်လင်းနဲ့ ကိုမုတ်ရေ..... ဆရာတာရာ့ မွေးနေ့ အမှတ်တရ ဖော်ပြချင်လို့ ခင်ဗျားတို့ ဆင်ထားတဲ့ အလှအပတွေကို ဆွတ်ယူဆွဲသုံး လိုက်ရပါတယ်။ ခွင့်ပြုချက် တောင်းခွင့်မသာလို့ မတောင်းနိုင်တာကို နားလည် သဘောပေါက် ပေးပါဗျာ။
လေးစားစွာဖြင့် ကျေးဇူးတင်လျက်၊ မာယာမဂ္ဂဇင်း။}

Wednesday, May 7, 2008

သတင်းပြတိုက် (၀၀၀၃)
ရှာဖွေစုဆောင်းသူ- ဘိုဘိုလန်းစင်



စ၀်ခွန်ချိုအဆက်အသွယ်ရပြီ
(၁၄) နိုင်ငံကွန်ဖရင့်သို့ ၀န်ကြီးစ၀်ခွန်ချိုကိုပင် လွှတ်မည်
ရန်ကုန်၊ မေလ (၆) ရက်၊ ၁၉၆၁

မြန်မာနိုင်ငံခြားရေးဝန်ကြီး စ၀်ခွန်ချိုနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေးဌာနတို့ အဆက်အသွယ် ပြတ်နေ၍ ရှာပုံတော် ဖွင့်ခဲ့ရသည်၌ ယနေ့ အဆက်အသွယ်ရရှိပြီဟု သိရသည်။

အင်္ဂလန်တွင်ရှိပါသည်
ဝန်ကြီးစ၀်ခွန်ချိုက မိမိအင်္ဂလန်တွင် ရှိနေပါသည်။ ထို့ကြောင့် ဂျီနီဗာကွန်ဖရင့်သို့ တက်ရောက်ရန် မြန်မာနိုင်ငံတော်အစိုးရက ပေးအပ်မည့်တာဝန်ကို မိမိလက်ခံပါသည်။ ထမ်းဆောင်ပါမည်ဟူ၍ ထိုကြေးနန်း၌ ဖော်ပြပါရှိပြီး နိုင်ငံခြားရေးရုံးသို့ ကြေးနန်းကို ပို့ပေးလာသည် ဟုဆိုသည်။



အစီရင်ခံ၏
ထို့ကြောင့် နိုင်ငံခြားရေးဌာနအတွင်းဝန် မစ္စတာဂျိမ်းဘဲရင်တန်က ၀န်ကြီးဒေါက်တာ ဦးအေးမောင်ထံ ကြေးနန်းရရှိကြောင်း လာရောက်အစီရင်ခံသွားသည်ဟု သိရသည်။

အခြားလူမလွှတ်တော့
မြန်မာနိုင်ငံတော်အစိုးရသည် လောပြဿနာငြိမ်းချမ်းစွာ ဖြေရှင်းရေး ဂျီနီဗာ (၁၄) နိုင်ငံ အစည်းဝေးသို့ မူလက စီစဉ်သည့်အတိုင်း ၀န်ကြီးစ၀်ခွန်ချိုကိုပင် တက်ရောက်စေတော့မည်။ ၀န်ကြီးစ၀်ခွန်ချိုနှင့် အဆက်ပြတ်နေချိန်က တခြားပုဂ္ဂိုလ်တဦးအား ရာထားချက်ကို ပြန်လည် ပယ်ဖျက်လိုက်ပြီဟု သိရသည်။

(လူထု၊ အမှတ်- ဃ (၃၄၆)၊ ၁၉၆၁ ခု၊ မေလ၊ ၇)

xxxx xxxx xxxx

မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေထဲမှာ ၀န်ကြီးသက်အရှည်ဆုံး (၁၁ နှစ်) စ၀်ခွန်ချို (၁၉၁၂- ?) ဟာ တော်တော်နောက်တဲ့သူပဲလို့ ဆိုရမယ်။ ပုထုဇဉ်ပီပီ မဟာဒေ၀ီနဲ့ တွေ့တုန်းတွေ့ခိုက် နိုင်ငံခြားရေးနဲ့ ရှမ်းပြည်နယ်ဝန်ကြီးဆိုတဲ့ တာဝန်တွေကို မေ့ထားချင်မှာ ပေါ့။ ဒီ မေဘယ်လ် ဆိုတဲ့ အင်္ဂလိပ်အမျိုးသမီးနဲ့ လက်ထပ်တုန်းကလည်း သူ့ဖခင်က သဘောမတူလို့ မိုးမိတ်ပြန်သွားရသတဲ့။ ရောက်ပြီးမကြာမီ ခမည်းတော်ဆုံးလို့ စော်ဘွား အရိုက်အရာ ဆက်ခံရပြီး ဇနီးသည်ကိုလည်း ဒီခေါ်လိုက်ရော။ ဒါပေမယ့် နောက်ပိုင်းကျတော့ မေဘယ်က ဘိလပ်ပြန်နေပါတယ်။ စ၀်ခွန်ချို တော်လှန်ရေးကောင်စီက ထိမ်းသိမ်းရာက ပြန်လွှတ်ပေးလိုက်တဲ့ နောက်လည်း ဇနီးသည်ရှိရာ အင်္ဂလန်လိုက်သွားပြီး ဟိုမှာပဲ ဆုံးတယ်လို့ ဆိုပါတယ်။ မဟာသရေစည်သူ ဂျိမ်းစ်ဘဲရင်တန် (ICS)(၁၉၁၁-?) ဟာ အမြဲတမ်းအတွင်းဝန်၊ သံအမတ်စတဲ့ ရာထူးတွေနဲ့ မြန်မာ့နိုင်ငံခြားရေးဌာနမှာ အနှစ် နှစ်ဆယ်ခန့် (၁၉၄၂- ၁၉၆၅) ထမ်းဆောင်သွားတဲ့ ၀ါရင့်အမှုထမ်းပါ။ ဒေါက်တာဦးအေးမောင် (၁၈၈၉-?) ကတော့ ရှေ့နေချုပ်၊ တရားဝန်ကြီး၊ ၀န်ကြီး စတဲ့ ရာထူးကြီးတွေ ကိုင်သွားတဲ့ ဥပဒေပါရဂူပဲ။

ဘိုဘိုလန်းစင်
ဖေဖော်ဝါရီ ၂၀၀၂
{၂၀၀၄၊ စက်တင်ဘာလထုတ် ရွက်နုဝေ မဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။}

သတင်းပြတိုက် (၀၀၀၂)
ရှာဖွေစုဆောင်းသူ- ဘိုဘိုလန်းစင်

နိုင်ငံခြားရေးဝန်ကြီးရှာပုံတော်
သံကြိုးလည်းမရ၊ ဘယ်ရောက်နေမှန်းလည်းမသိ ဖြစ်နေခြင်း
ရန်ကုန်၊ မေလ (၂) ရက်၊ ၁၉၆၁

နိုင်ငံခြားရေးဝန်ကြီး စ၀်ခွန်ချိုအား ရှာပုံတော်ကြီးဖြင့် ရှာခဲ့လေသည်။ ယနေ့အထိ ၀န်ကြီးစ၀်ခွန်ချို ဘယ်ရောက်နေသည် မသိရ။ စုံစမ်း၍မရပါဟူ၍ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဂျိမ်းဘဲရင်တန်က ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဦးအေးမောင်ထံ အစီရင်ခံရှာသည်ဟု သိရသည်။




သံကြိုးလည်းမပြန်လာ
ဝန်ကြီးစ၀်ခွန်ချိုမှာ အင်္ဂလန်ပြည်ရှိ ၀န်ကြီးကတော် ကားတိုက်ခံရသည်ဆို၍ ခွင့်ယူပြီး အင်္ဂလန်သို့ လိုက်ပါသွားခဲ့သည်။ ထိုအချိန်နောက်ပိုင်း ကာလကြာသောအခါ၌ မြန်မာပြည် အတွင်း၊ ၀န်ကြီးနှင့်ပတ်သက်သည့် ပြဿနာများပေါ်လာ၍ အစိုးရက သံကြိုးရိုက်၍ ခေါ်ခဲ့သည်။ သို့သော်လည်း သံကြိုးစာ ပြန်မရခဲ့။

လက်လျှော့ပြီ
ထို့ကြောင့် ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဦးအေးမောင်က ၀န်ကြီး စ၀်ခွန်ချို ဘယ်အရပ်သို့ ရောက်နေသည်။ တွေ့သော် ပြန်လာရန်အတွက် နိုင်ငံခြားရေးဌာနသို့ တာဝန် ပေးသည်။ ၀န်ကြီးဦးအေးမောင်၏ တာဝန်ပေးချက်အရ စုံစမ်းခဲ့သော်လည်း ဘယ်ရောက်နေ သည်လဲ မသိရ။ သံကြိုးလည်း မပြန်လာနှင့် နောက်ဆုံးလက်လျှော့ရသော အခြေအနေသို့ ရောက်ရှိလာပြီး ယနေ့တွင် နိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန်က အထက်ပါအတိုင်း အစီရင်ခံလာခြင်းဖြစ်သည်ဟု သိရသည်။


(လူထု၊ အမှတ်-ဃ) (၄၃၁)၊ ၁၉၆၁ ခု၊ မေလ ၃ ရက်)

{၂၀၀၄၊ စက်တင်ဘာလထုတ် ရွက်နုဝေ မဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။}

သတင်းပြတိုက် (၀၀၀၁)
ရှာဖွေစုဆောင်းသူ- ဘိုဘိုလန်းစင်

ဆရာမြမျိုးလွင် အိမ်အဖောက်ခံရခြင်း။
၂ ထောင်ကျော်ဘိုး ပါသွားသော်လည်း ရဲကိုမတိုင်လိုတော့
မန္တလေး၊ ဒီဇင်ဘာ ၁၃၊ ၁၉၅၆။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းအချိန်က မန္တလေးမြို့ ညွန့်ပေါင်းဈေး၊ ရဲဌာနာအပိုင် ၃၄ လမ်း၊ ညောင်ဇင်တန်းရပ်ရှိ အထက်ဗမာနိုင်ငံ စာရေးဆရာများအသင်းနှင့် အထက်ဗမာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဌကြီး ဆရာကြီးမြမျိုးလွင်၏ နေအိမ် အရှေ့ဘက်ခေါင်းရင်းမှ ဆရာကြီး မြမျိုးလွင်နှင့် ဆရာကတော် ဒေါ်ဒေါ်သောင်းတို့ အိပ်ပျော်နေခိုက် ထုထရံကို ထက်မြက်သော် ဓားဖြင့်လှီးဖောက်၍ အိမ်အတွင်းရှိ အဘိုးငွေ စုစုပေါင်း ၂ ထောင်ကျော်တန် ငွေဖလာကြီးများနှင့် အဘိုးတန် အ၀တ်အထည်များအား ဖောက်ထွင်းခိုးယူသွားခြင်း ခံရ ကြောင်း။




အမောအဖတ်တင်မည်
ဆရာကြီးကမူ အမှုကို ဌာနသို့ မတိုင်လိုတော့ကြောင်း။ တိုင်တန်းကလည်း အမောသာ အဖတ်တင်မည် ဖြစ်ကြောင်း။

မနှစ်ကလည်း ခံခဲ့ရသည်
မည်သို့ကြောင့်ဆိုသော် ပြီးခဲ့သော နှစ်ကလည်း ဖောက်ထွင်းခိုးယူခြင်းခံရသဖြင့် သက်ဆိုင်ရာ ရဲဌာနသို့ သွားရောက်တိုင်တန်းသော်လည်း မည်သို့မျှ ထူးခြားမှု မရှိခြင်းကြောင့် ပင်ဖြစ်ကြောင်းနှင့် တပည့်တပမ်း သတင်းထောက်များအား ပြောပြကြောင်း။

(၁၄၊ ၁၂၊ ၅၆ လူထုသတင်းစာ အမှတ် ၈၇၁)

{၂၀၀၄၊ စက်တင်ဘာလထုတ် ရွက်နုဝေ မဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။}

Monday, May 5, 2008

မျိုးစေ့
ပြန်ဆိုသူ- နေလက်

ငါဟာ
မှုံရီမှိုင်းပြ
ပူနွေးစွတ်စိုတဲ့နေရာ
မြေဆီကိုစား၊ မိုးရေကိုသောက်
ငါ့ခန္ဓာငါတည်ဆောက်
ခရီးတထောက်
ကောင်းမြတ်တဲ့ မင်္ဂလာ
တရားအင်္လကာတွေသာပေါင်းစု။




ဒီည
အေးမြမိုးစက်တို့ ဖြေးဖြေးညှင်း
မြေအောက်လွှာသို့ သက်ဆင်း
ညီကိုနောင်ရင်း မိတ်ဆွေသင်းပင်းတို့ရေ
ကာလဆိုးဒဏ်
ကြံ့ကြံ့ခံ
ရာသီထဲက ရာသီအစစ်နဲ့
လှပစွာ ဟော့ဒီမြေပြင်ပေါ်မှာ ခြေစုံရပ်မယ်။

ဘ၀ဥခွံထဲ
စွဲမြဲစွာတိုးထွက်
အံတုဖောက်ထွက်သလိုမျိုး
သင့်အဖြူရောင် ခြေထောက်အသစ်နဲ့
ဒီလိုအညှောင့်အစစ်ကလေးတွေ
ရောင်ခြည်မျှင် နေအစွမ်းနဲ့
အပြုံးပန်း ဝေေ၀ဆာ
သင့်ကမ္ဘာ ငါ့ကမ္ဘာ
လူသားအားလုံးရဲ့ကမ္ဘာ
နိုင်ငံတကာကမ္ဘာ့ရင်ပြင်ပေါ်မှာ။ ။
နေလက်
(နော်ဝေကဗျာဆရာ Inger Hagerup ၏ Froet ကဗျာအား ဆီလျှော်စွာ ပြန်ဆိုသည်)

Sunday, May 4, 2008

အတွင်းကြေ
ရေးသူ-ကိုမှိုင်း

ဘာသိဘာသာ ကုန်လွန်သွားတဲ့
လူ့သက်တမ်း ထက်ဝက်ကျော်ဟာ
သမားတော်ကြီးလို....
ကျန်ရစ်ခဲ့မယ့် သူ့ဘ၀တဖဲ့ကို
စမ်းသပ်ကြည့်ပြီး ခေါင်းတခါခါ။



ကိုယ့်စိတ်ကြိုက် ရွေးဝတ်ခဲ့တဲ့
ဖိုဝင်ငှက် တောင်ပံ
ထင်ထားတာထက်
မာယာတွေ သိပ်သည်းနေပုံက
ရှိစုမဲ့စု သိက္ခာလေး
တွင်းထဲပြိုဆင်းပြီး
ဘ၀ကို လုပ်ကြံလုလု။

တော်သေးရဲ့
ထွက်ပြေးစရာဆိုလို့
အဲဒီ
ဖြစ်တည်မှု တဟီတီမှာတောင်
ထွေပြားခြင်းတွေ
စမ်းသပ်ပေါက်ကွဲ ၀ရုန်းသုန်းကား။

ကိုမှိုင်း။
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ်(၇)၊ စက်တင်ဘာ ၂၀၀၆]