ခရေပင်ရိပ်
အရှင်လှုပ်ရှား၊ နေပြောက်ကျားဝယ်
မှုန်ဝါးထိုးဆင်၊ တွင်းပေါက်ဝင်က
သစ်ပင်ကိုင်းရွက်၊ တွဲလောင်းခက်သည်
မြေကွက်ဝင်္ကပါတည်း။ ။
ထိုနေရာဝယ်
ဇရာလိပ်တွန့်၊ ပါးပျဉ်းလွန့်နှင့်
စန့်စန့်မနေ၊ အမြစ်ခွေသည်
ဤမြေချာမင်း၊ ပင်ခြေရင်းရှိ
မြေတွင်းပေါက်ဝ၊ ကြွက်တကောင်သည်
အမှောင်ရိပ်သို့ ထွက်လေလျင်း။ ။
သစ်ခွကြားမှ
ဘွားကနဲထွက်၊ ကျီးပြာငှက်လည်း
ကိုင်းခက်ကိုလှုပ်၊ တောင်ပံသုတ်၍
ချောင်းကုပ်နေဟန်၊ ကြွက်မဲထံသို့
လျင်မြန်ထိုးချ၊ နှုတ်သီးဟလျက်
အ....အ....အော်ကာ တိုက်ခိုက်၏။ ။
ရှောင်တခင်လျင်
မြေတွင်းအောင်းကြွက်၊ ယာဉ်ပျံငှက်နှင့်
ကျသက်ခုန်ကြွ၊ လူးလိမ့်ကြလျက်
အ...အ..သံမြည်၊ ညံစည်စည်တည့်
နိုင်မည်ရှုံးခင်း၊ သတ်ပုတ်ခြင်းသည်
ရုန်းရင်းဆန်ခတ် ၀င်းဝင်းလက်။ ။
ပြင်းပြင်းထန်ပြီ
တပြန်စီလိမ့်၊ နပန်းလှိမ့်၍
သိမ့်သိမ့်ဘယ်ညာ၊ လူးလွန့်ကာလျင်
ကြွက်မှာပူးကပ်၊ မြောင်းရေစပ်သို့
လှည့်သတ်ပြောက်ကြား၊ တွန်းလှန်ငြားက
စွမ်းအား မနိုင့်တနိုင်ဖြင့်။ ။
နောက်ဆုံးတိုက်ပွဲ
ဆင်နွှဲမာန်ပြင်း၊ စစ်တလင်းဝယ်
တင်းတင်းအဟုန်၊ ကိုက်ခဲကုန်ပြီ
မုန်တိုင်းသေနင်္ဂဗျူဟာ။ ။
ဤတိုက်ပွဲတွင်
မဲမဲလှုပ်လှုပ်၊ သားချင်းမြုပ်လျက်
ဖြဲဆုတ်သွေးချင်း၊ လိမ်းကပ်ဆင်းကြ
မြှင်းမြှင်းထိုးဆွဲ၊ ကျီးပြာမဲကို
ပြန်ခဲကြွက်က၊ လှိမ့်လှိမ့်ချသော်
မြောင်းဝထိပ်စွန်း၊ ခုခံတွန်းယင်း
ကျီးကန်းရေသို့ကျလေ၏။ ။
ကြည့်နေစဉ်ပင်
နုံးအင်ပန်းလျ၊ ရွေ့ရွေ့ထ၍
ကင်းပလွတ်မြောက်၊ နဲ့နဲ့လျှောက်လျက်
ပေါက်ဝသူ့တွင်း၊ သက်ကာဆင်းသည်
ကြွက်မင်း ပြန်လည် မြေသို့အောင်းသတည်း။
ဒဂုန်တာရာ
သမာဓိသတင်းစာ၊ ၁၉၄၈။
{ဒဂုန်တာရာရဲ့ 'အလင်္ကာ' စာအုပ်၊ ၁၉၆၂ နိုဝင်ဘာ၊ ပထမနှိုပ်ခြင်းက ကူးယူဖော်ပြပါတယ်။}
No comments:
Post a Comment