Sunday, March 22, 2009

သွေးစည်းညီညွတ်ကြ၊ သွေးမကွဲကြနဲ့........
ရေးသူ- ထက်မြက်

သွေးစည်းညီညွတ်ကြ၊ သွေးမကွဲကြနဲ့
ချစ်ခင်ရင်းနှီးကြ၊ အမုန်းမပွါးကြနဲ့..........

နာရီဝက်ခန့်သာ ကားမောင်းရသည်။ ဆရာနတ်နွယ်အိမ်သို့ ကျွန်တော်တို့ ရောက်လာ ကြလေသည်။ ရောက်နှင့်သူများလည်း ရောက်နေကြပြီ။ ဆရာချိန်(ပဲခူး)တို့ပင် စောစောစီးစီး ရောက်နေသည်။ ဆရာနတ်နွယ်တို့ ဇနီးမောင်နှံအပြင် ဆရာဌေးမောင်လည်း ရှိသည်။ ဆရာနတ်နွယ်အိမ်မှာ ယခင်က နှစ်ထပ်အိမ် မဟုတ်တော့ပါ။ နွယ်နီ ၃ လမ်းထိပ် လမ်းထောင့်က ခြံဝင်းလေးနှင့် တထပ်အိမ်လေး ဖြစ်သည်။


အိမ်ဝင်းထဲ ကျွန်တော်တို့ ၀င်လိုက်ချိန်တွင် ဆရာက ထိုင်နေပါသည်။ ဆရာ့မျက်နှာမှာ အမ်းနေသည်ဟု ကျွန်တော်ထင်သည်။ စကားပြောရာတွင် အားယူပြောရသည်။ နည်းနည်းဝါး သည်။ ဆရာ့နားမှာ ယခင်ကထက် ဆိုးနေသည်။ နားနားကပ်ပြီး ကျယ်ကျယ်အော်ပြောမှ ကြားရသည်။ ဆရာနတ်နွယ် အသက် ၇၇ နှစ် ပြည့်ပါပြီ။ အယ်ဒီတာဘ၀၊ စာရေးဆရာဘ၀ နှင့် ဆယ်စုနှစ် ၅ ခုခန့် ဖြတ်သန်းလာခဲ့သည်။ စာပေဘ၀ဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုပြီး စာရေးဆရာဘ၀ဖြင့် ရပ်တည်ခဲ့သည်။ စာပေသည် ပြည်သူကို အကျိုးပြုရမည်ဟူသော ယုံကြည်မှုဖြင့် ပြည်သူ့ဘက်မှနေ စိုက်လိုက်မတ်တတ် ရပ်တည်ခဲ့သူ ဖြစ်သည်။ တကွေ့တော့ တွေ့ကြဦးမည် ၀တ္ထုမှာ သူ၏ အကောင်းဆုံးစာအုပ်ဖြစ်သည်ဟု တချို့က သတ်မှတ်ပြီး၊ တချို့က မြန်မာပြည်မြောက်ပိုင်းသည် အကောင်းဆုံးဖြစ်သည်ဟု သတ်မှတ်ကြ၏။ ဆရာသည် လူထုသတင်းစာ၊ စုံထောက်မဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်း၊ နွယ်နီမဂ္ဂဇင်းတို့တွင် လုပ်ကိုင်ခဲ့သည်။ ထူးချွန်အောင်မြင်သော အယ်ဒီတာ တဦးအဖြစ် စုံထောက်မဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်းနှင့် နွယ်နီမဂ္ဂဇင်းတို့ကို ဂုဏ်သိက္ခာရှိစွာ စာပေစင်ပေါ် တင်ပေးခဲ့ပါသည်။
မနက် ၁၀ နာရီကျော်သည်နှင့် မဂ္ဂဇင်းများ၊ ဂျာနယ်များမှ အယ်ဒီတာများ၊ စာရေးဆရာများ၊ ကဗျာဆရာများ တဖွဲဖွဲ ရောက်လာကြ၏။ 'ကိုစိမ်းနီရော ' ဟု မေးကြည့်ရာ ဆရာဒဂုန်တာရာကို ၀င်ခေါ်နေသည်ဟု ပြောကြသည်။ ကျွန်တော်တို့လည်း ဆရာတာရာ အလာကို လည်တဆန့်ဆန့်ဖြင့် မျှော်နေပါသည်။ ဆရာနတ်ကလည်း မျှော်ပါသည်။ စင်စစ်အားဖြင့် ဆရာနတ်နွယ်နှင့် ဆရာဒဂုန်တာရာတို့ မဆုံခဲ့သည်မှာ နှစ်ပေါင်း ၃၆ နှစ်ခန့် ရှိပြီဟု ကျွန်တော်ထင်ပါသည်။ ဆရာတာရာက အောင်ပန်းတွေနေပြီး ဆရာနတ်က ရန်ကုန်တွင် နေသည့်အတွက်လည်း ဆုံတွေ့ဘို့ မကြုံကြိုက်သည်လည်း ဖြစ်နိုင်ပါသည်။ ဆုံတွေ့အောင် [ကျွန်တော်တို့၊ မောင်စိမ်းနီတို့၊ ကိုခါး(ကွမ်းခြံကုန်း)တို့လို ဖန်တီးသူများ] ကြိုးစားပေးသူများ မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
တကယ်တော့ ဆရာတာရာနှင့် ဆရာနတ်နွယ်တို့အဖို့ မဆုံနိုင်စရာ၊ မတွေ့နိုင်စရာ၊ စကားမပြောနိုင်စရာ ဘာအကြောင်းမှ ခိုင်ခိုင်မာမာမရှိပေ။ တချို့ စာပေသဘောထား မတူညီမှုများ ရှိနိုင်ပါသည်။ သို့သော် အခြေခံ စာပေအယူဝါဒမှာ ကွဲပြားသည်ဟု ကျွန်တော်မထင်ပါ။ ဆရာတာရာနှင့်လည်း ကျွန်တော် ပြောဆို ဆွေးနွေးဖူးသည်။ ဆရာ နတ်နွယ်နှင့်လည်း ဆွေးနွေးခဲ့ဖူးသည်။ အယူအဆ အတူတူဖြစ်သည်။
၁၉၇၂ ခုနှစ်က ကျွန်တော်တို့ ရဲဘော်တစု ပြည်သူ့ကြယ်ဂျာနယ် ထုတ်ဝေခဲ့စဉ်က ဆရာနတ်နွယ်က 'အိပ်မက်တွင်တွေ့ဆုံခြင်း' အခန်း အမြဲရေးသည်။ ဆရာတာရာက ဗညားသီဟ 'စာပေစစ်တမ်း' နှင့် မောင်စိမ်းမြနာမည်ဖြင့် စာပေဆောင်းပါး အမြဲရေးပါသည်။ ထိုစဉ်က တို့ထိရေးရင်း လူငယ်ကဗျာဆရာတချို့ မိုးဝေတွင် ရေး၊ မရေး သဘောထား ကွဲခဲ့ကြသည်။ ကျွန်တော်က မိုးဝေတွင် မရေးရေး သဘောထားကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ အဓိကဦးတည်ချက်ကို ဆုပ်ကိုင်ကြ ဆိုသော ဆောင်းပါးတပုဒ်ကို ပြည်သူ့ကြယ်တွင် ကျွန်တော် ရေးခဲ့ပါသည်။ စာပေသမားများ စည်းလုံးညီညွတ်ကြဖို့ လှုံ့ဆော်ခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် တနွယ်ထဲမှ အသီးများ ဖြစ်သည်။ တပင်ထဲမှ အရွက်များဖြစ်သည်။ ဦးတည်ချက်တူ၊ အယူဆတူသူများ ဘာကြောင့် ဘာကြောင့် မစည်းလုံးနိုင်သနည်း။ ဘာကြောင့် လက်မတွဲနိုင်သနည်း။ ဘာကြောင့်စကားမပြောနိုင်ရသနည်းဟု ကျွန်တော်ရေးခဲ့ ပါသည်။
၁၉၉၈ ဆရာမြသန်းတင့် ကွယ်လွန်စဉ်က ထိန်ပင်သင်္ချိုင်း ဆရာမြဈာပနတွင် ဆရာနတ်နွယ်နှင့် ဆရာဒဂုန်တာရာတို့ ဆုံခဲ့သည်ကို ကျွန်တော်တွေ့ခဲ့ပါသည်။ ဆရာမြ အလောင်းကို နောက်ဆုံးနှုတ်ဆက်ရင်း၊ ဆရာတော်ဦးပညာ၊ ဆရာဒဂုန်တာရာ၊ ဆရာ နတ်နွယ်နှင့် ကျွန်တော်တို့ စကားပြောခဲ့ကြပါသည်။

xxxx xxxxx xxxx xxxxx

မနက် ၁၀ နာရီခွဲခန့်တွင် ဆရာဒဂုန်တာရာ ရောက်လာပါသည်။ ဆရာနတ်နွယ်က ကားပေါ်က တွဲဆင်းလာသော ဆရာတာရာကို လက်ကို ဆုပ်ကိုင်ရင်း ကြိုဆိုပါသည်။ အလွန်ကြည်နူးစရာကောင်းသော မြင်ကွင်း၊ ပြန်လည်ဆုံဆည်းကြသော ဆရာ ၂ ဦး၏ Reunion ကို လူငယ်စာပေသမားများက ၀မ်းသာကြည်နူးစွာ ဓာတ်ပုံများ ရိုက်ကြသည်။ ပီတိဖြစ်ကြလေသည်။ ထိုအချိန်တွင် ဆရာမ ဒေါ်ခင်ဆွေဦးလည်း ရောက်လာပါသည်။ ဆရာတို့အားလုံး စားပွဲတွင်ထိုင်၍ စားသောက်ပြီးသည်နှင့်-
"ကြွရောက်လာတဲ့ မိတ်ဆွေစာပေသမားများ ခင်ဗျား၊ ဒီနေ့ဟာ ဆရာနတ်နွယ်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒီလိုနေ့မှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အယ်ဒီတာတွေ အားလုံးစည်းစည်းလုံးလုံးနဲ့ ဆုံစည်းကြစဉ်မှာ ဆရာဒဂုန်တာရာလည်း ရောက်ရှိလာတဲ့အတွက် ကျွန်တော်တို့ အားလုံး ၀မ်းမြောက်ကြည်နူးရပါတယ်။ ဒါကြောင့် ဆရာတို့က ကျွန်တော်တို့ လူငယ်စာပေသမားတွေကို သြ၀ါဒပေးဖို့ မေတ္တာရပ်ခံပါတယ်" ဟု ကျွန်တော်က ဆရာတို့ကို ပန်ကြားလိုက်ပါသည်။ ပထမဆုံး ဆရာဒဂုန်တာရာက ဆရာနတ်နွယ်၏ ၇၇ နှစ်မြောက် မွေးနေ့ကို တက်ရောက်ရသည့်အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း၊ ဆရာနတ်နွယ် ကျန်းမာစေဖို့လည်း ဆုတောင်းပါကြောင်း၊ ပြည်သူ့အကျိုး စာပေလောကအကျိုးအတွက် စာပေများ ဆက်လက်ရေးသားဖို့ ဆန္ဒပြုပါကြောင်း ဦးစွာပြောဆိုပြီးနောက်-
ဒီနေ့မှာလည်း ကျွန်တော်ပြောနေကျ ကျွန်တော်လက်ခံယုံကြည်တဲ့ ကျွန်တော့် သဘောထားကိုပဲ ပြောချင်ပါတယ်။ ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တာဟာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဖြစ်တယ် ဆိုတာပါပဲ။ ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးအတွက်၊ ညီညွတ်ရေး ရှိရပါလိမ့်မယ်။ ညီညွတ်ရေးရရှိဖို့ လွတ်လပ်မှု ရှိရပါမယ်။ ပြည်သူအားလုံးတန်းတူ အခွင့်အရေးရှိမယ့် လွတ်လပ်မှုရမှ ညီညွတ်ရေးရမှာ ဖြစ်ပါတယ်-
ဟု ဆရာဒဂုန်တာရာက စာပေသမားအားလုံးကို သြ၀ါဒပေးပြီးသည့်အခါ၊ ဆရာနတ်နွယ်ကလည်း သူ၏ ၇၇ နှစ်မွေးနေ့သို့ စာပေသမားများ တက်ရောက်လာသည့် အတွက် ၀မ်းမြောက်ကြောင်း၊ ဆရာဒဂုန်တာရာနှင့်အတူယခုကဲ့သို့ စာပေသမား စုံစုံညီညီ လာရောက်ကြသည့်အတွက်လည်း ၀မ်းမြောက်ပါကြောင်း၊ နောက်ထပ် ရင်းနှီးခင်မင်သည့် စာပေသမားများလည်း လာရောက်ကြမည် ဖြစ်ကြောင်း၊ ဆရာဒဂုန်တာရာ၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး သဘောထားအတိုင်း အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိစေလိုသော ဆန္ဒရှိပါကြောင်း ပြောကြားသွားခဲ့သည်။
ဆရာမ ဒေါ်ခင်ဆွေဦးကလည်း ဆရာနတ်နွယ်နှင့် သူမတို့မှာ အသက်တူကြောင်း၊ လပိုင်းပင် ကွာလိမ့်မည်ထင်ကြောင်း၊ ယခု မွေးနေ့သို့ လာရောက်ရသည့်အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း၊ ဆရာနတ်နွယ်အနေဖြင့် ကျန်းမာစွာ စာပေအကျိုးကို ဆက်လက်ထမ်းဆောင် သွားနိုင်ပါစေဟု ဆုတောင်းကြောင်း၊ ဆရာဒဂုန်တာရာ၏ ရန်သူမရှိ၊ မိတ်ဆွေသာရှိသော ငြိမ်းချမ်းရေး အယူအဆကို လက်ခံယုံကြည်ကြောင်းလည်း ဆရာမက ပြောကြားသွားခဲ့ လေသည်။
ကျွန်တော်တို့ အနေနှင့် စာပေသမားအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် မဖိတ်နိုင်ခဲ့ပါ။ မဂ္ဂဇင်း၊ ဂျာနယ်များကိုလည်း စုံစေ့အောင် အကြောင်းမကြားနိုင်ခဲ့ပါ။ ဆရာနတ်နွယ်ကလည်း ရင်းနှီးခင်မင်သူများကိုသာ သူ့မွေးနေ့ကို ဖိတ်နိုင်ခဲ့ပါသည်။ သို့သော် ထိုနေ့က လူတော်တော် စုံပါသည်။ ဆရာနတ်နွယ်၏ ယခင်မွေးနေ့များသို့ ကျွန်တော် မတက်ရောက်ခဲ့ဖူးပါ။ ယခု လောက် လူများသည်ဟုလည်း မကြားခဲ့ဖူးပါ။ ယခု ၇၇ နှစ် မွေးနေ့တွင်ကား မဂ္ဂဇင်း၊ ဂျာနယ်များ၊ လူငယ်စာရေးဆရာများ၊ ကဗျာဆရာများ တက်ရောက်လာကြပါသည်။
ဆရာ့အိမ်ရှေ့ခြံဝင်းလေးထဲရှိ စားပွဲကုလားထိုင်များ အားလုံး လူပြည့်ပါသည်။ ဆရာ့ အိမ်ထဲတွင်လည်း လူပြည့်ပါသည်။ အိမ်တွင်း နှင့် ခြံဝင်းအတွင်း ထိုင်စရာမရှိတော့သဖြင့် လမ်းပေါ်တွင် ထွက်ရပ်နေကြရပါသည်။
ဆရာဒဂုန်တာရာက ယခုနှစ်တွင် အသက် ၉၀ ရှိပါပြီ။ ထိုအသက်အရွယ်မှာ လူ့သက်တမ်း၏ အမြင့်ဆုံးအရွယ် ရောက်နေပြီ ဖြစ်သည်။ ဆရာသည် မျက်စိမကောင်း တော့ပါ။ သို့သော် ကျန်းမာရွှင်လန်းနေဆဲ ဖြစ်သည်။ ဆရာနတ်နွယ်မှာ ဆရာတာရာထက် ၁၃ နှစ် ငယ်သော်လည်း ကျန်းမာရေးမကောင်းလှပါ။ ဆရာနတ် ကျန်းမာရေးကို အားမရပါ။ သို့သော် ဆရာက သတိကောင်းပါသည်။ သူ့မိတ်ဆွေ စာပေသမားအားလုံးကို မှတ်မိပါသည်။ သူ့မွေးနေ့ကို ဂုဏ်ပြုလာသူ အားလုံးကိုလည်း လိုက်လံကြိုဆိုနှုတ်ဆက်ပါသည်။ ဆရာ ဒဂုန်တာရာနှင့် ဆရာနတ်နွယ်တို့ နှစ်ယောက် ယှဉ်တွဲစကားပြောနေသည့် မြင်ကွင်းကို ကျွန်တော့်မျက်စိထဲတွင် မပျောက်တော့ပါ။ တွေ့ဆုံစကားပြောလိုက်သည့် ရင်းနှီးချစ်ခင်မှု၊ ညီညွတ်ပေါင်းစည်းမှုကိုလည်း ကျွန်တော်မမေ့တော့ပါ။
မှတ်သားစရာ၊ အလေးအနက်ထားစရာ၊ နည်းယူဖွယ်ရာ၊ ဆုံတွေ့မှုကို စာပေသမား အားလုံးက အမှတ်ရနေပါသည်။ ငြိမ်းချမ်းမှ ညီညွတ်မည်။ ညီညွတ်မှ ငြိမ်းချမ်းပေမည်။ ညီညွတ်မှ လွတ်လပ်မည်ဆိုသော ဒဂုန်တာရာ၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ လွတ်လပ်ရေး၊ တန်းတူအခွင့်အရေးရရှိရေး တရားမှာ ကျွန်တော့်နားထဲ စွဲနေပါသည်။ ပထမမျိုးဆက်၊ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်စသော မျိုးဆက်အားလုံး စည်းလုံးညီညွတ်ကြဖို့ စာပေအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်ဖို့ ကြိုးပမ်းအားထုတ်သွားကြရမည်။ ဆရာနတ်နွယ်၏ မွေးနေ့မှ စာပေသမားများ၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး ပြယုဂ်သည် ကျွန်တော်တို့ အားလုံး အတွက် နိမိတ်လက္ခဏာဖြစ်နေသည်ဟု ခံစားမိပါတော့သည်။

ထက်မြက်။
{အလင်းတန်းဂျာနယ်၊ ၉၊ ဖေဖော်ဝါရီ ၂၀၀၉။}

No comments: