Monday, March 2, 2009

ပျက်ယွင်းခဲ့ရတဲ့ ကတိစကားတခု
ရေးသူ- အောင်မြိုင်

မင်းမှာသစ္စာ လူမှာကတိဆိုတဲ့စကားကို ငယ်စဉ်ကတည်းက ကြားသိမှတ်သားခဲ့ ရတယ်။ အသက်အရွယ်နဲ့ ယှဉ်ကြည့်ရင် ကျွန်တော်ကြားသိခဲ့ရတဲ့ ဒီစကားဟာ ကျွန်တော့်သိစိတ်၊ ကျွန်တော့်နှလုံးမှာ သံမှိုနဲ့ စွဲထားသလို ရှိနေခဲ့တာ နှစ်ပေါင်း (၆၀) တိုင်ခဲ့ပြီ။ ကျွန်တော်ရဲ့ တဦးချင်းခံစားချက်အရ ဒီစကားဟာ ကျွန်တော့်အတွက် ရာသက်ပန် သိစိတ်အနွေးထည်ကြီးတထည်လိုတောင် ဖြစ်နေခဲ့ပြီ။ ဟုတ်တယ်။ ကိုယ်ပေးထားတဲ့ ကတိစကားအတိုင်း တဖက်သားကို အသိရှိရှိ၊ စေတနာပါပါနဲ့ ကူညီဆောင်ရွက်ပေးပြီးတဲ့ အခါတိုင်း ရင်နဲ့အပြည့် ကျေနပ်ရတယ်။ ပီတိဖြစ်ရတယ်။ ကိုယ်ရောစိတ်ပါ၊ နှလုံးအိမ်ပါမကျန် ကျေနပ်ပီတိတွေနဲ့ အနွေးထည်ကြီးလို့ တင်စားအသိအမှတ်ပြုရခြင်း ဖြစ်ပါတယ်။ အနွေးထည်ဆိုတာကလည်း လိုအပ်ချက်နဲ့ တိုက်ဆိုင်မှ ထုတ်သုံး၊ ထုတ်ဝတ်ရတယ် မဟုတ်လား။

ကျွန်တော်ဟာ ကတိစကားကို နေရာတိုင်း၊ လူတိုင်းကို မပေးဘူး။ ကိုယ်ဆောင်ရွက် မပေးနိုင်တဲ့ ကိစ္စကိုလည်း လုပ်ပေးမယ်လို့ ကတိမပေးဘူး။ ပေးပြီးလို့ ကိုယ့်ဘက်က အဲဒီကတိအတိုင်း မလိုက်နိုင်ရင် အတော့်ကို မျက်နှာပျက်စရာ ကောင်းတယ်။ အဲဒီလို မျက်နှာပျက်စရာကောင်းတဲ့ အဖြစ်တခုကို ကျွန်တော့်ဘ၀မှာ တကြိမ်ကြုံခဲ့ရတယ်။ တကြိမ်ဆို ဆိုသလောက်ပါပဲ။ မျက်နှာပျက်ရတယ်ဆိုတာထက် ပိုပြီး အတော့်ကို စိတ်မကောင်း ဖြစ်နေရတာ ခုထိ။ ကျွန်တော့် အသက်နဲ့ခန္ဓာ ချုပ်ငြိမ်းမဲ့ နောက်ဆုံးထွက်သက်တိုင်အောင် တသသ စိတ်မကောင်းဖြစ်ရမယ့် ခံစားချက်ဟာ ကျွန်တော့်ရင်ထဲမှာ တောက်လျှောက် ပါရှိနေတော့မှာ အမှန်ပါပဲ။

(၂)
နိုဝင်ဘာလဆန်းပိုင်း ရက်တရက်မှာ ပိတောက်ပွင့်သစ်မဂ္ဂဇင်းတိုက်ကို ကျွန်တော် ရောက်ခဲ့တယ်။ သူငယ်ချင်းနှစ်ယောက်က ပိတောက်ပွင့်သစ်ကနေ စောင့်နေမယ်လို့ ဖုန်းဆက်လို့ သူတို့ကို သွားတွေ့ရင်း ရောက်တာပါ။ ပိတောက်ပွင့်သစ်တိုက်မှာ ကျွန်တော့် သူငယ်ချင်း ၂ ယောက်အပါအ၀င် ဂီတပညာရှင်တဦးနဲ့ ပိတောက်ပွင့်သစ်အယ်ဒီတာချုပ် ကိုစိမ်းနီတို့ စကားလက်ဆုံ ကျနေကြတယ်။ ကျွန်တော်လည်း သူတို့စကားဝိုင်းထဲကို စီးမျော သွားခဲ့တယ်။ ပိတောက်ပွင့်သစ်မဂ္ဂဇင်းအကြောင်း ရောက်သွားတဲ့အခါ "ရှေ့လမှာ ဆရာမြသန်းတင့် အမှတ်တရထုတ်မယ်၊ ခင်ဗျားလည်း ရေးပေးပါ" လို့ ကိုစိမ်းနီက ပြောလာ တယ်။ ကျွန်တော်ကလည်း ရေးပေးမယ်လို့ ဆိုလိုက်တယ်။
ကျွန်တော်တတ်နိုင်တာဖြစ်လို့ ကတိပေးလိုက်တာ ဖြစ်တယ်။ ဆက်ပြီးထွေရာလေးပါး ပြောဆိုရင်း ကျွန်တော့်သူငယ်ချင်းနှစ်ယောက်က ကျွန်တော့်ကို လက်ဘက်ရည် တိုက်ခိုင်းတယ်။ အဲဒါမှ ဒုက္ခ။ ကျွန်တော် မြို့ထဲ အလုပ်လာတဲ့အခါ ကျွန်တော့်ဇနီးက ကျွန်တော့်အတွက် လမ်းစရိတ် (၁၀၀၀ိ/-) ခွင့်ပြုတယ်။ ဒါက ကျွန်တော့်အတွက် မိသားစု ၀င်ငွေထဲက တနေ့တာ ခွင့်ပြုစရိတ်။ ကျွန်တော်က လှိုင်သာယာမှာနေတော့ အသွားအပြန် ကားခက ငါးရာ၊ ခြောက်ရာရှိတယ်။ ကျွန်တော်နဲ့တွေ့တိုင်း ကျွန်တော့်သူငယ်ချင်းတွေက အကုန်ကျခံ ကျွေးမွေးခဲ့တာကလည်း အကြိမ်ပေါင်း မနည်းမနောပါပဲ။ ဒီတခါတော့ ကျွန်တော်ကပြန်ပြီး တလှည့်ဧည့်ခံချင်နေတယ်။ ဘယ်လို လုပ်ရပါ့မလဲ။ ကျွန်တော်ချက်ချင်း အကြံထုတ်လိုက်တယ်။
"ကိုစိမ်းနီ၊ ကျွန်တော့်ဆောင်းပါးအတွက် စာမူခ ကြိုထုတ်ပေးဗျာ။ သူတို့ကို လက်ဘက်ရည် တိုက်မလို့"
"ဟိုက်.... ဆောင်းပါးက ဘယ်ဆီနေမှန်း မသိသေးဘဲ စာမူခ ကြိုထုတ်နေတဲ့လူ ဟုတ်တော့ ဟုတ်နေပြီဗျို့...."
အားလုံးက ၀ိုင်းရယ်ကြတယ်။ အရယ်အမောတွေထဲမှာ ကျွန်တော်တို့ အချင်းချင်းသာ သိတဲ့ သံယောဇဉ်ရွေးမျဉ်တွေ ယက်ဖောက်နေတယ်။ ကိုစိမ်းနီက ပြောပြောဆိုဆို စာမူခကြိုထုတ်ပေးလို့ အဆင်ပြေသွားတယ်။ အဲဒီအချိန်က ရေးပေးရမယ့် စာမူအတွက် ကျွန်တော့်ခေါင်းမှာ စဉ်းစားထားတာ မရှိသေးဘူး။ တိုက်တိုက်ဆိုင်ဆိုင် နောက် နှစ်ပတ်လောက် ကြာတဲ့အခါ ကျွန်တော်တို့ မိသားစုအတွင်းမှာ ရင်ကျိုးရတဲ့ အဖြစ်ကြုံခဲ့ရလို့ ပိတောက်ပွင့်သစ်အတွက် စာမူကိစ္စ ကျွန်တော့်ခေါင်းထဲကနေ ပျောက်ချင်းမလှ ပျောက်သွားခဲ့ ရပြန်တယ်။ ကျွန်တော့်မိသားစု ကမ္ဘာလေးအတွင်း တောက်လောင်တဲ့ မီးငြိမ်းအေးသွားတဲ့ အခါမှ ဒီစာမူကိစ္စ ခေါင်းထဲ ပြန်ပေါ်လာတယ်။ ဒီဆောင်းပါးဟာ ကိုစိမ်းနီကို ပေးထားခဲ့တဲ့ ကတိစကားအတွက် ဆောင်းပါး။ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုဖော် မသူတော်တပါး လုပ်ပြချင်ပါတယ်။ ကျွန်တော်ဘ၀မှာ ပေးခဲ့တဲ့ ကတိအတိုင်း လုပ်ပေးခဲ့ဖူးတာတွေ အနတဂ္ဂမ ရှိခဲ့ဖူးပါတယ်။ လုပ်ငန်းခွင်က ပင်စင်ပေးလိုက်ပြီးပေမယ့် ပင်စင်လစာ ငါးနှစ်ခြောက်နှစ် လောက်ထိ မရသေးဘဲ ရှိနေတဲ့ တာချီလိတ်က ကျန်းမာရေးဝန်ထမ်းတယောက်နဲ့ ကျိုင်းတုံက ကျောင်းဆရာတယောက်ကို ပင်စင်လစာငွေတွေ အစုလိုက် အပြုံလိုက် တပုံတခေါင်းကြီး ပြန်ရသွားအောင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က ကျွန်တော်ကူညီခဲ့ဖူးတယ်။ မဆလလက်ထက် လက်သင့်ရာ နီးစပ်ရာ ချထားနေထိုင်ခွင့်ပြုခဲ့တဲ့ (LBG အခန်း) နိုင်ငံခြားသားပြန် အိမ်ခန်းကို ပိုင်ရှင်ဖြစ်သူ ကျွန်တော့်မိတ်ဆွေလက်ထံ ပြန်ရောက်အောင် အဲဒီအနှစ်နှစ်ဆယ်ကျော်လောက်ကပဲ ကူညီဆောင်ရွက် ပေးခဲ့ဖူးသေးတယ်။ ကျွန်တော်က ပြောပြီးရင် လုပ်တယ်လို့ ဆိုချင်တာပါ။ အခုလည်း ကိုစိမ်းနီကို ပေးထားတဲ့ ကတိစကားကို ဒီဆောင်းပါးနဲ့ တည်လိုက်ပါတယ်။ ဒါပေမယ့်.......

(၃)
ဒီ ဒါပေမယ့်က ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်နေရတဲ့ ဒါပေမယ့်။ အထက်မှာ ဖော်ပြခဲ့သလို ကျွန်တော်ကတိပျက်ခဲ့ဖူးတယ်။ ကတိပျက်ခဲ့ရလို့ ကျွန်တော့်နှလုံသား၊ ကျွန်တော့်သိစိတ်မှာ သွေးမတိတ်တဲ့ ဒဏ်ရာတခုလို ဖြစ်နေခဲ့တယ်။ တွေးမိတိုင်းလည်း စိတ်မကောင်းချင်း ဖြစ်ပြီး ၀မ်းနည်းသလို ခံစားနေရတယ်။ ဒီလိုပါ။
၁၉၈၅ ခုနှစ် ဆောင်းဦးရက်တရက် နံနက်ပိုင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တယောက် ဆရာဦးမြသန်းတင့်အိမ်ကို ရောက်တယ်။ အဲဒီကာလမှာ ဆရာတို့ မိသားစုက ဆောက်ပြီးစတိုက်အိမ်ပေါ်ကို မတက်သေးဘူး။ တိုက်ရဲ့ ခြေရင်းလား ခေါင်းရင်းလား မမှတ်မိတော့တဲ့ ပျဉ်ထောင်အိမ်အဟောင်းလေးမှာဘဲ နေကြတယ်။ အဲဒီကို ကျွန်တော် ယခင်က သုံးခေါက်လောက်ရောက်ဖူးခဲ့လို့ မှတ်မိနေတယ်။ အိမ်ပေါ်ရောက်သွားတဲ့အခါ ဆရာကတော်နဲ့ တန်းတွေ့တယ်။ "ဆရာဦးမြသန်းတင့်နဲ့ တွေ့ချင်လို့ပါ။ ကျွန်တော့်နာမည် အောင်ခင်ပါ" လို့ ဆရာကတော့်ကို ကျွန်တော်ပြောလိုက်တယ်။
"အော် မင်းတို့ဆရာက ဟိုဘက်အိမ်မှာ စာရေးနေတယ်ကွဲ့။ သွားတော့ပြောပေးမယ်"
"ဟုတ်ကဲ့"
ဟုတ်ကဲ့ လို့သာ ပြောလိုက်ရတယ်။ ကျွန်တော်တို့ အလွန်အားနာသွားတယ်။ ဆရာက မနက်တိုင်း လမ်းလျှောက်အပြန်မှာ စာရေးလေ့ရှိတယ် ဆိုတာကို ကျွန်တော်သိထားရက်နဲ့၊ အဲဒါကို သတိမေ့လျော့ပြီး လာခဲ့မိနေပြီ။ ဆရာကတော့်ကို တားဖို့ အချိန်မမှီတော့။ ကျွန်တော်တို့လည်း အားနာနာနဲ့ ထိုင်စောင့်နေခဲ့တယ်။ ပထမဆုံး ဆရာ့ရဲ့ ကိုင်းအနက်မျက်မှန်က အလင်းပြန်ချက် တခု ၀င့်ကနဲ ရောက်လာတယ်။ နောက်တော့၊ 'ကိုအောင်ခင်တို့ပါလား၊ မရောက်လာတာကြာပြီပဲ' လို့ နှုတ်ဆက်လိုက်တဲ့ ဆရာ့အသံ ခပ်ရှရှ၊ ပြီးမှ ကျွန်တော်တို့ အနီးရှိ ခုံတလုံးမှာ ဆရာဝင်ထိုင်တယ်။ ဆရာနဲ့ ကျွန်တော်တို့ တနာရီကျော်လောက် စကားပြောဖြစ်တယ်။ စကားပြောဖြစ်တယ် ဆိုတာကလည်း ဆရာပြောသမျှ နီးနီးကို ကျွန်တော်တို့ တလေးတစား နားထောင်ခဲ့တာကို ပြောတာပါ။ ကျွန်တော်တို့ ပြန်ခါနီးမှာ ဆရာက ကျွန်တော့်ကို မေးတယ်။
"ခင်ဗျား အခု ဘာလုပ်နေလဲ၊ ရုံးမှာ လုပ်သေးလား"
"အလုပ်ထွက်လိုက်တာ ကြာပြီဆရာ၊ ကျွန်တော် အခု ကျိုင်းတုံ၊ တာချီလိတ်ဘက် သွားပြီး နယ်ခြားကုန်ကူးနေတယ်။ အဲဒီကကုန်တွေ ရန်ကုန်ကို သယ်ပြီး ရောင်းတယ်"
"ဘာနဲ့သွားပြီး၊ ဘာနဲ့ ပြန်လဲ"
"တခါတလေ လေယာဉ်နဲ့၊ တခါတလေ ယာဉ်တန်းနဲ့"
ဆရာ စိတ်ဝင်စားသွားတယ်။ ဒီလို ကုန်ကူးပြီး ဘ၀ ၀မ်းကြောင်းတာရဲ့ ဇစ်မြစ်နဲ့ အခင်းအကျင်းကို စာရေးဆရာတယောက်အနေနဲ့ စိတ်ဝင်စား၊ ခံစားရလို့လည်း 'ဓါးတောင်' နဲ့ 'မာယာဘုံ' ၀တ္ထုတွေကို ဆရာရေးခဲ့တာ မဟုတ်လား။ 'ဓါးတောင်' မှာက စက်လှေနဲ့ လှုပ်ရှားတဲ့ မှောင်ခိုလမ်းကြောင်း။ 'မာယာဘုံ' ကျတော့ ကလေး-တမူး မှောင်ခိုလမ်း။ ကျွန်တော်သွားနေ တာက တာချီလိတ်-ကျိုင်းတုံ မှောင်ခို လမ်းကြော။ ဒီလမ်းကြောကို ဆရာ စိတ်ကူးဝတ္ထု အတွက် ဆရာစိတ်ဝင်စားတာ ဖြစ်မယ်။
"ကျွန်တော် ခင်ဗျားနဲ့လိုက်ပြီး ကုန်ကြမ်းရှာချင်တယ်၊ လေယာဉ်နဲ့တော့ မလိုက်ချင်ဘူး၊ ယာဉ်တန်းနဲ့သွားမယ်။ အသွားအပြန် အခေါက်ကျရင်....ပြော"
"ဟုတ်ကဲ့၊ ကျွန်တော်ပြောမယ်ဆရာ..."
ကျွန်တော်က ဆရာရေးမယ့် "တာချီလိတ်-ကျိုင်းတုံမှောင်ခိုလမ်းကြော ဗဟိုပြုဝတ္ထု" ကို ဖတ်ချင်တာနဲ့ ချက်ချင်းပဲ ဟုတ်ကဲ့ လုပ်မိခဲ့တယ်။ နောက်တခုက 'လိုက်ခဲ့တော့မြနန္ဒာ' ရေးတုန်းက ကျိုင်းတုံအကြောင်းကို သိတဲ့လူဆီ မေးပြီး ရေးခဲ့တာလို့ ကျွန်တော့်ကို ပြောပြဖူးထားတာ ရှိတယ်။ ဆရာသာ ဒီဘက်လမ်းကြောကို လက်တွေ့ လိုက်ခဲ့ရင် "လိုက်ခဲ့တော့မြနန္ဒာ" "ဓားတောင်" နဲ့ "မာယာဘုံ" ထက် ပိုကောင်းတဲ့ ၀တ္ထုကောင်းကောင်း တပုဒ် ထွက်လေမလားဆိုတဲ့ အတွေးကြောင့်လည်း 'ဟုတ်ကဲ့' မိတာ ဖြစ်တယ်။
ဆရာ့အိမ်က ပြန်လာပြီးနောက်ပိုင်းကျမှ ပြန်စဉ်းစားမိတဲ့အခါ ဆရာ့အသက်အရွယ်၊ ဆရာ့ကျန်းမာရေးနဲ့ ဒီလမ်းကြောင်း။ ဖြစ်မှ ဖြစ်ပါ့မလား။ ခရီးကလည်း ဝေးလွန်းတယ်။ ကားလမ်းက တောထဲတောင်ထဲ၊ တောင်တက်တောင်ဆင်းလမ်း။ လမ်းကြောတလျှောက်က လည်း ရှစ်ဆယ်ရာနှုန်းလောက်မကောင်း။ တချို့နေရာမှာ ကားပေါ်ကဆင်းပြီး လမ်းလျှောက် ရတယ်။ တခါတလေ လူသူမနီးတဲ့ တောကြီးမျက်မဲနေရာမှာ သုံးညလောက် အိပ်ရတယ်။ လုံခြုံမှုကလည်း မရှိသလောက်။ အေးကလည်းအေး။ ငှက်ဖျားကလည်း ရင်ဝနားကပ်နေတဲ့ ဒေသ။ ဘုရား... ဘုရား။ ဆရာ့ကို ဒီခရီးခေါ်သွားလို့ တော်ပါ့မလား။ ဆရာ့အတွက် စိုးရိမ်စိတ်နဲ့ တွေးပူမိခဲ့တယ်။
ဒီလိုနဲ့၊ ဆရာနဲ့ ပြန်မဆုံဖြစ်တာ နှစ်နဲ့ချီပြီး ကြာသွားခဲ့တယ်။ အဲဒီကာလအတွင်း ဘ၀ကြမ္မာအလှည့်အပြောင်းက ကျွန်တော်အပေါ်ကို စနေဂြိုဟ်ဆိုး ကျရောက်လိုက်တာ ၁၉၈၉ ခုနှစ် ကနေ ၂၀၀၅ ခုနှစ် အလယ်ပိုင်း အထိပါပဲ။ ၁၉၉၇ ခုနှစ်အတွင်းမှာ ဆရာဆုံးသွားတာကို ကျွန်တော် ကြားခဲ့ရသေးတယ်။ တာချီလိတ်-ကျိုင်းတုံ မှောင်ခိုလမ်းကြောပေါ်က လုပ်စားကိုင် စားရတဲ့ ပြည်သူတွေရဲ့ ဘ၀ကို ၀တ္ထုအနုပညာနဲ့ သရုပ်ဖော်ချယ်မှုန်းပြချင်ခဲ့တဲ့ ဆရာ့ကို တချိန်စောပြီး ခေါ်သွားခဲ့တဲ့ သဘာဝမိခင်ရဲ့ လက်တွင်းကနေ ကျွန်တော် ပြန်လုယူချင်တဲ့ စိတ်တွေ ပေါက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ကလည်း လျှို့ ၀ှက်မှောင်ခိုလမ်းခရီးမှာ မတ်စောက်စောက် တောင်လေးလုံးဆယ်ကြား ပိတ်မိနေခဲ့တယ်။
ဆရာ့ကို ပေးခဲ့မိတဲ့ကတိ တကယ်ပင် ရေစုံမျော ပျက်ယွင်းသွားခဲ့ရတယ်။ အဲဒီကိစ္စအတွက် အပြစ်တခုလို ကျွန်တော်ခံစားနေရတယ်။ ဘာပြုလို့လဲဆိုတော့ ဆရာ့ဝတ္ထုဆိုရင် တရှိုက်မတ်မတ် ဖတ်ချင်ကြတဲ့ စာဖတ်ပရိသတ် အထောင်အသောင်း ရှိတယ်မဟုတ်လား။ ငံပြာရည်တပုလင်း၊ ငါးပိတပိဿာ၊ ဆန်တပြည် မြို့နယ်ကျော်သယ် လာတဲ့ မရှိဆင်းရဲသားအပေါ် မှောင်ခိုလို့ သတ်မှတ်ခဲ့တဲ့ စောင်ကို ဖော်ကြူးမယ့် သရုပ်ဖော်ဝတ္ထုတပုဒ် ဆုံးရှုံးခဲ့ရတယ် မဟုတ်လား။

အောင်မြိုင်။
{ပိတောက်ပွင့်သစ်၊ အမှတ် ၂၂၊ ဇန်န၀ါရီ။ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။}

No comments: