ကျွန်ပ်သည် ဤကဲ့သို့ ဗဟန်းကောလိပ်၌ ဆရာလွန်းနှင့် အတူတူ အလုပ်လုပ်နေစဉ်၊ တနေ့သောအခါ မြန်မာမင်းတို့၏ အနွယ်အဆက် မင်းသမီးတပါးက မိမိ၏ လင်တော်မောင် မင်းသားသည် အစိုးရ၏ ထောက်ပံ့သော လခရိက္ခာတော်ကို အပျော်အပါးတို့ လိုက်စား၍ ဖြုန်းတီးပစ်သဖြင့် အမျိုးမျိုး ဒုက္ခရောက်ရကြောင်းနှင့် လင်သည်မင်းသားကို ဆိုဆုံးမပါမည့် အကြောင်း ဆရာလွန်းကို တောင်းပန်လေသည်။
တနေ့သောအခါ ကျွန်ပ်၏အိမ် လက်ဘက်ရည်ကြမ်းဝိုင်း၌ ဆရာလွန်းနှင့် အဆိုပါ မင်းသားတို့ ဆုံမိကြရာ၊ ဆရာလွန်းသည် တရားနည်းလမ်း အမျိုးမျိုးပြ၍ ဆုံးမလေသည်။ မင်းသားလည်း ဆရာလွန်းအား အမျိုးမျိုးသော ဆင်ခြေဆင်လက်တို့ဖြင့် ပြန်၍ ရယ်ရယ် မောမော စောဒကတက်နေရာ၊ နောက်ဆုံး၌ ဆရာလွန်းက "လူရင့်မကြီးက (ဒီး) ခေါ်ရာ လိုက်နေရင် ဘယ်နေရာကျမလဲ ကိုယ်တော်ကြီးရဲ့၊ အဲဒီစကားတလုံးကိုသာ မြဲမြဲမှတ်ထား...." ဟု ပြောလိုက်လေသည်။ မင်းသားလည်း ဆင်ခြေကပ်၍ မတက်နိုင်တော့ချေ။
ဤစကားတခွန်းကို ကျွန်ပ်သည် အသည်းနှလုံးတွင် ထွင်းထားဘိသကဲ့သို့ စွဲမြဲမှတ် သားထားရုံမျှမက အရွေလိုက်သော စရိုက်ဝါသနာရှိသည့် မိတ်ဆွေများအား၎င်း၊ တပည့်များ အား၎င်း၊ ဤစကားကို လေးလေးနက်နက် ဖောက်သည်ချခဲ့လေသည်။
ဤစကားတခွန်းသည် နားဝင်ပင် ကြမ်းသော်လည်း ယောက်ျားမှန်သမျှတို့အား များစွာ သတိသံဝေဂ ဖြစ်စေသော ဆင်ရိုင်းကို ကွပ်ကဲစိုးအုပ်သော ချွန်းနှင့်တူသော စကားဖြစ် လေသည်။ ဤစကားတခွန်းကို မြန်မာအမျိုးသား ယောက်ျားမှန်သမျှတို့အား ယခုကျွန်ပ်သည် မေတ္တာလက်ဆောင်အဖြစ်ဖြင့်လည်း ကမ်းလှမ်းလိုက်ပါ၏။
ဒီးဒုတ်ဦးဘချို
{သိန်းဖေမြင့်ရေး သခင်ကိုယ်တော်မှိုင်း-ဦးလွန်းအတ္ထုပ္ပတ္တိ တတိယနှိပ်ခြင်း၊ ၁၉၆၄ ခု၊ စက်တင်ဘာ၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။}
No comments:
Post a Comment