ကျွန်ပ်သည် မြန်မာစာပေတို့ကို ၀ါသနာထုံသည့်အလျောက်၊ ကဗျာင်္လကာမှုတို့ကို ၀ါစုက္ကဌပြုခဲ့ရာ၊ မစ္စတာမောင်မှိုင်း အမည်ဖြင့် သူရိယသတင်းစာတွင် ရေးသားသော ဆောင်းပါးအဖြာဖြာ၊ မှာတော်ပုံကျမ်း၊ ဗိုလ်ဋီကာဆောင်းပါးစသော စာပေတို့သည်၊ ကျွန်တော် ၏ ကဗျာမှုတွင် ဆရာသဘွယ်ဖြစ်၍၊ မစ္စတာမောင်မှိုင်းဟူသော ပုဂ္ဂိုလ်ကို မမြင်ဘူး မတွေ့ဘူးသော်လည်း၊ ထိုအမည်ကိုပင် ထာဝစဉ်ကြည်ညိုကာ၊ ရေးထားသမျှ စာပေကို အလေးဂရု အထူးပြုခဲ့ပါသည်။ ဆရာလွန်း ရေးသားစီရင်သော ကဗျာသာရတ္ထသဂြိုဟ်ကျမ်း သည် ကျွန်ပ်အား ကဗျာပညာ၏ ဘဏ်တိုက်ကြီးကို ဖွင့်လှစ်ပေးသောစာအုပ်ကြီး ဖြစ်ပေ တော့၏။ ထိုစဉ်အခါ ကျွန်ပ်မှာ ဟင်္သတမြို့တွင် နေထိုင်ခိုက် ဖြစ်၏။
တနေ့သောအခါ သူရိယသတင်းစာတွင် ပါရှိသော မစ္စတာမောင်မှိုင်း၏ ဆောင်းပါး တစောင်တွင် မဟာကဗျာလေးချိုးတပုဒ်မှာ အအုပ်အခံ ကာရံချွတ်ချော်တိမ်းပါးနေရာ၊ ထိုချွတ်ချော်မှုကို ညွှန်ပြသော ဆောင်းပါးတစောင် တပည့်မကေသာဝတီ ကေလာသ ဟူသော အမည်ဖြင့် သူရိယသို့ ရေးသားပေးပို့လိုက်၏။
မကြာမီ ပမာဒ လေခဖြစ်၍ ထိုကဗျာ၌ ကာရန်တိမ်းပါးသွားခြင်းကို ၀န်ခံပြီးနောက် ဤသို့ညွှန်ပြခြင်းအတွက် အထူးကျေးဇူးတင်ကြောင်းကို လေးချိုးတပုဒ်ရေးသား၍၊ ကာရန် ပြင်ဆင်ချက်နှင့်တကွ၊ သူရိယမစ္စတာမောင်မှိုင်း ဆောင်းပါးခဏ်းတွင် ဖြေကြားထားသည်ကို တွေ့ရှိရသော ကျွန်ပ်မှာ မိမိမမြင်ဘူးသော ဆရာ၏အပေါ်၌ ကြည်ညိုရင်းထက် ဆထက် ထမ်းပိုးတိုး၍ ကြည်ညိုလာလေသည်။
ရှေးခေတ်ကို အလေးဂရုပြုခြင်း
မြန်မာပြည်၌ ပထမသပိတ်မှောက်ကိစ္စကြီး ဖြစ်ပေါ်ခဲ့ပြီးနောက်၊ နေရှင်နယ်ကောလိပ် ကျောင်းကြီးကို တည်ထောင်ကြသောအခါ ကျွန်ပ်သည် အစိုးရအမှုထမ်းမှ ထွက်ခဲ့၍ အဆိုပါ နေရှင်နယ်ကောလိပ်ကြီးတွင် မြန်မာစာပို့ဆရာအဖြစ် အမှုထမ်းရန် ရောက်ရှိလာသောအခါ ဆရာလွန်းကို ပထမအကြိမ် မြင်ဘူးရလေသည်။ ဆရာလွန်းမှာ မြန်မာဘာသာ "ပရော်ဖက်ဆာ" ရာထူးဖြင့် ထိုအခါ ထမ်းရွက်လျက် ရှိလေသည်။ ကျွန်ပ်ရောက်ရှိသောအခါ မြန်မာစာပေနှင့် ကဗျာကို၊ ကျွန်ပ်အား လုံးဝတာဝန်လွှဲပေးလျက်၊ ဆရာလွန်းမှာကား မြန်မာရာဇ၀င်ကို အထူးတလည် ပိုင်နိုင်စွာ တပည့်တို့အား သင်ကြား ပြသလေသည်။ ဆရာလွန်းသည် ရှေးအခါက စာသင်ကျောင်းတွင် ဆရာလုပ်ခဲ့ဘူးသူလည်း မဟုတ်။ ဆရာဖြစ် စာမေးပွဲများကို ၀င်ရောက်ဖြေဆို အောင်မြင်ခဲ့ဘူးသူလည်း မဟုတ်ပါလျက်၊ ရာဇ၀င်ကို သင်ကြားပြသရာ၌ တပည့်တို့ ဥဏ်အမြင်ကျယ်စေရန်၊ မှန်နန်းရာဇ၀င်ကို၊ ဦးကုလားရာဇ၀င်၊ တွင်းသင်းရာဇ၀င်၊ မုံရွေးရာဇ၀င်၊ သစ်ဆိမ့်ရာဇ၀င် အစရှိသော ရာဇ၀င် အစောင်စောင်တို့ဖြင့် နှိုင်းယှဉ်ပြသောအခါ၊ ၀ိနိစ္ဆယချမှတ်ပုံ၊ ရာဇ၀င်ပါ စကားတလုံး၊ အတ္ထုပ္ပတ္တိတခု၏ အခြေအမြစ်တို့ကို၊ ကျောက်စာများ၊ သံပိုင်းသမိုင်း ဧချင်း မော်ကွန်း၊ ရာဇ၀င် သံပေါက် သာချင်းတို့ဖြင့် ညှိနှိုင်းရှာဖွေ၍ ပြသပုံ အစရှိသည်တို့ကို တွေ့မြင်ရသော ကျွန်ပ်မှာ အဘယ်မှာ မအံ့သြ မချီးမွမ်းဘဲ နေနိုင်တော့မည်နည်း။
ဤသို့ ပြသရာ၌၊ အင်္ဂလိပ်ရာဇ၀င်ဆရာတို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မြန်မာရာဇ၀င်မျှလောက်ကိုသာ သင်ခဲ့ဘူးသော တပည့်အချို့တို့သည်၊ တနေ့သောအခါ ဆရာလွန်းအား "ဆရာက ရှေးခေတ်အကြောင်း အလွန်ချီးကျူးပြီး၊ ရှေးမင်းများ၊ ရှေးမှူးမတ်များ ကောင်းကြောင်း လိမ္မာကြောင်းလောက်ကိုသာ ပြောသည်။ ရှေးခေတ်ဟောင်း ကို အောက်မေ့ဘွယ်ကြီးတရပ်ဖြစ်အောင် ဆရာအမြဲ ပြောသည်။ ကျွန်တော်တို့ စိတ်ထဲကဖြင့် မြန်မာဘုရင်တွေ မယားဒါလောက်များများ ယူတာကိုဘဲ၊ မနှစ်မြို့နိုင်၊ မယားတွေနှင့် အပျော်အပါး အားကြီးနေတာနှင့်ဘဲ တိုင်းပြည် ပျက်စီးကုန်တာဘဲလို့ ထင်မိတယ်....." ဟု စောဒက တက်ကြပါသည်။
ထိုအခါ ဆရာလွန်းက "ရှေးက မြန်မာဘုရင်တို့ မယားများများယူတာက ခုကာလ မင်းတို့ လက်ထက် ၀တ်လုံကောင်း၊ ဘုရားလူကြီး လူကောင်း အစရှိတဲ့ ဂုဏ်သရေရှိလို့ အခေါ်ခံတဲ့ကာလ လူကြီးလူကောင်းများ တော်သလင်းခွေးလို အရွေလိုက်တဲ့သဘောနဲ့၊ မယားများများ ယူထားတာ မဟုတ်ဘူးကွဲ့။ ဟိုရှေးခေတ်အခါက၊ ဒို့ဗမာပြည်မှာ ဧရာဝတီ မြစ်ကြောင်း ကလွဲလို့ လမ်းပမ်းမရှိ၊ စာတိုက်တို့ ကြေးနန်းတို့ မရှိသေး။ အဲသလို ခေတ်အခါမှာ တိုင်းပြည်အုပ်ချုပ်ရတာ မလွယ်ဘူးကွဲ့။ ဘုရင်ခံတဦးဦး နယ်စားပယ်စားတဦးက ပုန်ကန်တယ် ဆိုပါတော့၊ ခုကာလလိုဖြင့် ချက်ချင်း သံကြိုးနဲ့ သတင်းရ၊ မော်တော်ကား၊ မီးရထားနဲ့ စစ်တပ်လွှတ်ပြီး နှိမ်နင်းနိုင်မယ် မဟုတ်လား။ ရှေးကတော့ ပုန်ကန်တဲ့သတင်းကို ခြေလျင်တော်လွှတ်ပြီး၊ လမ်းမရှိတဲ့ ကုန်းကြောင်းခရီးနဲ့ သတင်းပို့ရမယ်။ ဒီတော့ (၁၀) ရက်လဲကြာမယ်၊ တလလဲ ကြာချင်ကြာမယ်။ အဲသလို ကြာနေတော့ မီးလောင်စကို မငြိမ်းသတ်နိုင်ဘဲ၊ မီးအားကောင်းမှ ငြိမ်းသတ်ရမယ်ဆိုတော့ မခက်ပါလား။ အဲဒါကြောင့် မီးကို မလောင်ခင်က တားရအောင် မယားများများယူရသကွဲ့။ ဥပမာအားဖြင့် ယိုးဒယားသွားတိုက်လို့ နိုင်ပါပြီဆိုပါတော့၊ ယိုးဒယားပြည် ဘုရင်ခံ ခန့်အပ်ပြီး ပြန်လာခဲ့ပါလျှင် တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်ကျော်ပြီး၊ တလ နှစ်လ သွားရတဲ့ ခရီးဖြစ်တော့ တပ်မတော်ကြီး နေပြည်တော်ကို ပြန်မဆိုက်ခင်၊ ယိုးဒယားမှာ ပုန်ကန်ပြီး မြန်မာဘုရင်ခံနှင့် မြန်မာတပ်သား တစု သတ်ပစ်လိုက်မှာပေါ့ကွ။ ဒီသတင်းကိုလဲ တလ နှစ်လကြာမှ ကြားရမယ်မဟုတ်လား။ ဒါကြောင့် ယိုးဒယားပြည်ကို အလိုတော်ပြည့်လျင် ဘုရင့်သမီးတော်ကို ဆက်စေတော့၊ သမီးရှင်ကလည်း ငါ့သမီး ဘုရင်ကတော်ပေလို့ ကြေနပ်စရာရှိတယ်၊ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်မယ်ဆိုလျှင်လည်း သမီးတော်ကို သတ်ပစ်မှာ စိုးရတယ်။ ဒါကြောင့် ပုန်မကန်ဝံ့ဘူး...။ အဲဒါတွေအပြင် ကိုယ့်တိုင်းပြည်ထဲမှာပင် တန်ခိုးကြီးတဲ့ ရမည်းသင်းစား သီလ၀တို့လို ဘုရင်ခံမျိုးကျတော့ ရှင်ဘုရင်ကတော် နှမပေးပြီး၊ ချော့ထားသေးသကွဲ့။ တချို့ စော်ဘွားများကိုလဲ အမြိတ်အစွန်းများနဲ့ လက်ထပ်ပေးထားရသကွဲ့၊ အသွားအလာ အင်မတန် ခဲယဉ်းတဲ့ ရှေးခေတ်မှာ ရှင်ဘုရင်က သူများနှမ၊ သူများသမီးကို ယူလဲယူရသကွဲ့၊ သူက ပြန်ပြီးလဲ ပေးရသကွဲ့။ အဲဒါတွေဟာ ယူချင်လို့ ယူရတာ မမှတ်နဲ့၊ မယူမဖြစ်လို့ ယူရတာ၊ ရာဇပရိယာယ်များလို့ မှတ်ရမယ်၊ ဒါမှ တိုင်းပြည် ငြိမ်ဝပ်ပိပြားတယ်။ ခုကာလမှာတောင် ဥရောပတိုက်မှာ ရှင်ဘုရင်တွေ ကြည့်စမ်း၊ လူမျိုးချင်းမတူဘဲ အင်္ဂလိပ်ဝိတိုရိယ ဘုရင်မကြီးက ဂျာမန်မင်းသားကို ယူတယ်၊ သူ့သားတော် ဧဒွပ်က ဒိန်းမတ်မင်းသမီး ယူတယ်။ အမျိုးမတူပဲ သူ့နှမငါယူ၊ ငါ့နှမသူ့ပေး လုပ်နေကြတာ၊ မင်းတို့က ကြိုက်လို့များ ယူကြတယ် ထင်ကြသလား။ ရှင်ဘုရင်တို့ မင်းညီမင်းသား မင်းသမီးတို့ ဖြစ်လာရင် မယားယူရေး လင်ယူရေးမှာ မင်းတို့လောက်မှ နေရာမကျဘူးကွ။ တိုင်းရေးပြည်ရေးကြည့်ပြီး မဟာမိတ်ဖွဲ့ဘို့ ယူကြရတာ၊ သူ့ခေတ်နဲ့သူ တော်အောင် ကြည့်လုပ်ရတာကွ... " ဟု ဆရာလွန်းက ပြန်၍ ဖြေကြားလေရာ၊ တပည့်တို့မှ တစုံတရာ စောဒက မတက်နိုင်ကြတော့ဘဲ ဟုတ်မှန်ကြောင်း ၀န်ခံကြရလျက်၊ ရှေးမြန်မာမင်းတို့အပေါ်၌ အထင်အမြင်သေးခဲ့သော စိတ်ထားများကို ပယ်ရှားရလေတော့ သည်။
ဒီးဒုတ်ဦးဘချို
{သိန်းဖေမြင့်ရေး သခင်ကိုယ်တော်မှိုင်း-ဦးလွန်းအတ္ထုပ္ပတ္တိ တတိယနှိပ်ခြင်း၊ ၁၉၆၄ ခု၊ စက်တင်ဘာ၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။}
No comments:
Post a Comment