Wednesday, March 4, 2009

ဦးချစ်မောင်
ရေးသူ- သခင်သန်းမြိုင် (ပြည်သူ့အာဏာ-အယ်ဒီတာ)




(၁)
စကားစပ်မိ၍၊ သတင်းစာ-ဂျာနယ်ဆရာများအကြောင်း ပြောမိကြလျှင် ဦးချစ်မောင် သည် ပရိဿတ်အလယ်သို့ ၀င်လာတတ်ပေသည်။
လက်ဦးဆုံး တကယ်တန်း ဦးချစ်မောင်ကို သိအောင် ထောင်ထဲတွင် မိတ်ဆက်ပေး ခဲ့သူ မှာ သခင်တင်ဖေဖြစ်သည်။
လွန်ခဲ့သော ၇- နှစ်ခန့်က ဖြစ်လေသည်။
အပြင်လူ့လောကနှင့် အဆက်ပြတ်နေသော အချိန်ပေတည်း။
ကျဉ်းမြောင်းလှသော ထောင်နံရံအတွင်း၌ သခင်တင်ဖေနှင့် ကျွန်တော်တို့ စကားလက်ဆုံ ကျတိုင်းလိုပင်၊ သခင်တင်ဖေသည် သူသိသော ဦးချစ်မောင်အကြောင်းကို ပြောပြတတ်လေသည်။
သခင်တင်ဖေက ပုံစံဆေးလိပ်ကို ဖွာနေရာမှ ပြုံးပြီး ဦးချစ်မောင်နှင့် စာရေးဆရာများ အခန်းတခုတွင်စုပြီး နေခဲ့ပုံကို ခလေးများအား ပုံဝတ္ထုပြောပြသကဲ့သို့ ဇာတ်ကြောင်းပြန် လေ့ရှိလေသည်။
ကျွန်တော်က ပုံစံဆေးလိပ် လိပ်ရန်၊ ဆေးပြင်းလိပ်တလိပ်ကို မုတ်ဆိပ်ရိတ်သည့်ဓါးဖြင့် ပါးပါး ပါးပါးလှီးနေရာမှ နားထောင်နေလေသည်။


(၂)
အဲဒီတုန်းက- သိပ်ပျော်ဒါဘဲဗျာ၊ အကုန်စာရေးဆရာတွေချည့် စုနေကြတာကိုး။
တခါဟာ- နယ်ကဧည့်သည်တယောက် လာပြီးတည်းသွားတယ်။ ဧည့်သည်က သူပြန်တဲ့အခါမှာ ကျန်နေတဲ့လူတွေ သောက်ချင်ရင် သောက်ရအောင်ဆိုပြီး၊ ၀မ်းနှုတ်ဆေး ပုလင်းတလုံး ထားပစ်ခဲ့တယ်။ အဲဒီပုလင်းမှာလဲ စက္ကူကပ်ပြီး ၀မ်းနှုတ်ဆေးဆိုပြီး စာရေးထား တယ်။
ဒါပေမယ့် ဘယ်သူ လက်ကမြင်းတယ် မပြောတတ်ဘူး၊ နောက်တနေ့ကျတော့၊ "၀မ်းနှုတ်ဆေးမဟုတ်" ဆိုပြီး ဖြစ်နေပါရော။
ဒါတွင်မကသေးဘူး၊ တယောက်က "အဆိပ်" လို့ ထပ်ပြီး ရေးပစ်ခဲ့ပြန်ရော။ စာရေးဆရာတွေချည်း စုနေတော့ တယောက်ပြီးတယောက် လက်စွမ်းပြကြဒါပေါ့။
နောက်တခါ အဆိပ်နောက်ကဆက်ပြီး "ဟူ၍မဆိုလို" လို့ တယောက်က ရေးသွားတာ ပေါ့။
အဲဒီတော့ "၀မ်းနှုတ်ဆေးမဟုတ်၊ အဆိပ်ဟူ၍မဆိုလို" ဆိုပြီး စာကရှုပ်လာရော။
ဒါနဲ့- မရပ်သေးဘူး၊ နောက်တယောက်က ၀င်ဖြည့်လိုက်သေးတယ်။
"သို့သော်" တဲ့။
တခါ နောက်တယောက်က ဆက်လိုက်သေးတယ်။
"မသောက်ရ"
အဲဒါတောင်မဆုံးသေးဘူး။
နောက်ဆုံးမှာ "ဟုမမှတ်သင့်ပေ" လို့ ဆက်လိုက်သေးတယ်။
"၀မ်းနှုတ်ဆေးမဟုတ်၊ အဆိပ် ဟူ၍မဆိုလို၊ သို့သော်၊ မသောက်ရ ဟုမမှတ်သင့်ပေ"
အဲဒါနဲ့ဘဲ ၀မ်းနှုတ်ဆေးပုလင်းကို ဘယ်သူမှ မသောက်ဝံ့တော့ဘဲ၊ တခါတည်း လွှင့်ပစ်လိုက်ရတယ်။
ကိုချစ်မောင်နဲ့ စာရေးဆရာတွေ စုနေကြတုန်းကပေါ့။
ကျွန်တော်က ပြုံးလိုက်လေသည်။

(၃)
တခါဟာ- ကိုချစ်မောင် ဘူတာရုံကို သွားပြီး လူကြိုတာကိုး။ ရထားဆိုက်လာတဲ့အခါ၊ ရပ်ပြီး ဟိုကြည့်သည့်ကြည့် ကြည့်နေတုန်း၊ အမျိုးသမီးတဦးက၊ ရထားပြတင်းပေါက်က ခေါင်းပြူထွက်တဲ့ပြီး၊ ကူလီ- ကူလီ လို့ ခေါ်နေတာကိုး။
ကိုချစ်မောင်ကလဲ- လုံချည်တိုတို ခုံဖိနပ်နဲ့ စွပ်ပြဲအင်္ကျီကို ၀တ်လို့။
ကူလီ- ကူလီလို့ ခေါ်သံကြားတော့- ကိုချစ်မောင်က ဘေးပတ်လည်ကို ကြည့်သတဲ့။
ကူလီလဲ တယောက်မှ မတွေ့ဘူး။
နောက်တော့မှ ကူလီခေါ်သူကို ကြည့်လိုက်တော့၊ သူ့ကို ခေါ်နေကြောင်း သိရတယ်တဲ့။
ကိုချစ်မောင်ကလဲ ခေါ်တဲ့ဆီကို လျှောက်သွားတာပေါ့။
ကူလီခေါ်တဲ့ အမျိုးသမီးက ကိုချစ်မောင်လဲ အနားကိုရောက်လာရော၊ ၀မ်းသာအားရနဲ့ "ဒီလို ဒို့ဗမာ အမျိုးသားတွေ အခုလို ကူလီအလုပ်ကို ၀င်လုပ်လာတာ တွေ့ရတော့ ၀မ်းသာစရာဘဲ၊ ကျမက ဗမာအမျိုးသား အချင်းချင်းမှ ငှားချင်တာ" လို့ ပြောပြောဆိုဆိုဘဲ သားရေသေတ္တာတလုံးကို လှမ်းပေးလိုက်တယ်တဲ့။
အဲဒီအချိန်တုန်းက ဗမာပြည်မှာ အမျိုးသားစိတ်တွေ တက်ကြွနေတဲ့ အချိန်ပေါ့။ အမျိုးသမီးမှာ မျိုးချစ်စိတ်တွေ တက်ကြွနေတာကို မဖျက်ဆီးချင်တာနဲ့ဘဲ၊ ကိုချစ်မောင်က သေတ္တာကြီးကို ယူပြီ ထမ်းလိုက်ရောတဲ့။
သေတ္တာကိုထမ်းပြီး အမျိုးသမီးနောက်က လိုက်သွားတဲ့အခါမယ်၊ အမျိုးသမီးက သူ့ကို ကြည့်ပြီး ပြောသေးသတဲ့။
အမယ်လေး- ဒို့ဗမာတွေကတော့၊ ကူလီလုပ်နေတာတောင်မှ၊ မျက်မှန်ကြီး တပ်လို့။
အဲဒီတော့ ကိုချစ်မောင်က၊ ကျွန်တော် မွေးကတည်းက မျက်စိမွဲလို့ တပ်တာပါ၊ ဟန်ထုတ်ချင်လို့ မဟုတ်ပါဘူးလို့ ပြန်ပြောလိုက်တယ်တဲ့။
ဒါနဲ့ သရေသေတ္တာကို ထမ်းပြီးလိုက်ပို့လိုက်တာ၊ အမျိုးသမီးနေတဲ့တိုက်ရောက်သွားလို့၊ ပေးတဲ့ ကူလီခကို ယူပြီး ပြန်ဆင်းလာတဲ့အခါ၊ ခုံဖိနပ်ကြီးနဲ့ဆိုတော့ ချော်ပီး ဒလိမ့်ကောက် ကွေး ကျသွားပါလေရော။
အဲဒီဒင်- ကူလီအဖြစ် ငှားလာတဲ့ အမျိုးသမီးက၊ ကဗျာကရာ ဆင်းပြီးလာသတဲ့။
ကိုချစ်မောင် မျက်မှန်လဲ ကွဲသွားတာပေါ့။
အမယ်လေး- ဆင်းရဲရတဲ့အထဲ ဖြစ်မှ ဖြစ်ရလေ၊ မျက်မှန်က ဘယ်လောက်တန် သလဲလို့ အမျိုးသမီးက ဂရုဏာနဲ့ မေးသတဲ့။
အစိပ်လောက်တန်ပါတယ်ခင်ဗျာ။
ဒါနဲ့ သူ့ကို မျက်မှန်ဘိုး ထုတ်ပေးလိုက်တယ်တဲ့။
ကျွန်တော်သည် ဦးချစ်မောင်၏ စိတ်သဘောထားကို တွေးကြည့်နေမိသည်။

(၄)
သို့နှင့်ပင်- မမြင်ဘူး မတွေ့ဘူးဘဲ ဦးချစ်မောင်ကို စွဲလန်းလျက် ရှိသည်။
ကျွန်တော် အင်းစိန်ထောင်မှ လွတ်သောအခါ- ရန်ကုန် ရေကျော်မှ ဂျာနယ်ကျော် အလုပ်တိုက်သို့ ၀င်မိတော့သည်။ သိဟောင်းကျွမ်းဟောင်းတယောက် အိမ်တွင် ၀င်ရဘိ သကဲ့သို့ပင် စိတ်ထဲ၌ ဖြစ်နေသည်။
ဦးချစ်မောင်ကို မတွေ့၊ ဘယ်သွားနေသည် မသိ။ သို့နှင့်ပင် တဂျောင်းဂျောင်းနှင့် ရိုက်နေသော ဂျာနယ်ကျော် ပုံနှိပ်စက်ကြီးကိုသာ ငေးကြည့်ပြီး ထွက်ခဲ့ရသည်။
ထိုမှ နဂါးနီ အလုပ်တိုက်သို့ သွားပြီး နဂါးနီအယ်ဒီတာ ဦးထွန်းရွှေနှင့်သာ တွေ့ရတော့သည်။ ထောင်တွင်းမှ သခင်စိုး၏ မှာကြားချက်အရ သွားရခြင်းပင် ဖြစ်၏။ သခင်စိုး ရေးသော "လူ့လောကဖြစ်စဉ်" ဆိုသော စာအုပ်ကြီးကို ရိုက်နှိပ်ရေးကိစ္စပင် ဖြစ်သည်။
အဲဒီစာအုပ်ဘဲဗျဟု ဦးထွန်းရွှေက "လူ့လောကဖြစ်စဉ်" စာတွဲကြီးကို လှမ်း၍ ပေးလိုက်သည်။ ကျွန်တော်က ယူ၍ ကြည့်သည်။ အလွန်ပင် ကြီးကျယ်သည့် ကျမ်းကြီး တစောင်ပင် ဖြစ်သည်။
အဲဒါကို ပိုက်ဆံမရှိတာနဲ့ မရိုက်နိုင်သေးဘူးဗျာဟု ဦးထွန်းရွှေက ညည်းလေသည်။
ကျွန်တော်က ဘာမျှပြန်မပြော၊ ပုံမနှိပ်ရသေးသော စာအုပ်ကို အားပါးတရ သုတ်ခြေတင်ပြီး ဒုန်းစိုင်း၍ ဖတ်နေမိသည်။ ဦးဦးဖျားဖျား ပုံမနှိပ်ရသေးသည့် စာမူကို ဘတ်ရသည့် ကုသိုလ်ကံသည် နှယ်နှယ်ရရမဟုတ်။ ဧရာမ ကုသိုလ်ကံပင် ဖြစ်လေသည်။
ကျွန်တော် စာအုပ်ကြီးကို ဖတ်၍ ပြီးသောအခါ၊ ဦးထွန်းရွှေကို မတွေ့ရတော့။ ဘယ်အချိန်က ဘယ်ကို ထွက်သွားသည်မသိ။ ထိုအချိန်မှစ၍ နောက်ကိုလည်း ဘယ်နံရော အခါမျှ မတွေ့ရတော့။
ဦးချစ်မောင်ကိုမူကား ဂျပန်ခေတ်ရောက်တော့မှ တွေ့ရသည်။ ဤခေတ်မတိုင်မီအတွင်း မတွေ့ခြင်းသည် ချက်ချင်းလိုပင် ပြန်၍ ထောင်နန်းစံရသောကြောင့်တည်း။

(၅)
ဂျပန်ပန်ခေတ်တွင်၊ ကျွန်တော် ရန်ကုန်သို့ လာရောက်နေထိုင်သည်။ ထို့နောက် ဦးချစ်မောင်နှင့် ခင်မင်ရင်းနှီးသူတယောက် ဖြစ်လာသည်။
ဦးချစ်မောင်နှင့် စကားလက်ဆုံကျတိုင်း ကျွန်တော်မသိမှီခဲ့သော ရှည်ဝေးလှသည့် အတိတ်ကာလမှ အဖြစ်အပျက်ကလေးများကိုဖောက်သည်ချလေ့ရှိသည်။ နိုင်ငံတွင် စတင် ကျော်ကြားခဲ့သော စာရေးဆရာကြီးများအကြောင်းကို အထူးသဖြင့် ပြောသည်။
ဇေယျကြီးက စာရေးရာမှာ အတော်ကောင်းတာကိုး- ဆရာလွန်းကြီး (သခင်ကိုယ်တော်မှိုင်း)က သဘောကျတာနဲ့ သူ့သမီးနဲ့ ပေးစားလိုက်ရော ဟူသည်ကအစ ပီမိုးနင်းကြီးကို စက်ဘီးတိုက်သည်အထိ အားလုံးပြောနေတတ်သည်။
များသောအားဖြင့် ကျွန်တော်နှင့် ဦးချစ်မောင်သည် ဆိုက်ကားစီး၍ လည်ပတ်တတ်ကြ သည်။ ဦးချစ်မောင်က ရှေ့မှ ထိုင်၍ ကျွန်တော်က နောက်မှ ထိုင်တတ်သည်။ထို့နောက် ဗဟန်းမှ လက်ဘက်ရည်ဆိုင်များတွင် ကျက်စားကြလေသည်။
အသိများနှင့်တွေ့တိုင်း၊ ဦးချစ်မောင်က အတင်းခေါ်ပြီး လက်ဘက်ရည်တိုက်သည်။ သူရော ကျွန်တော်ပါ လက်ဘက်ရည်ကို သောက်ပြီးသော်လည်း၊ အသိနှင့်အတူ ထပ်သောက်ကြသည်။ သည်လိုနှင့် အသိနှင့်တွေ့တိုင်း- မရေတွက်နိုင်အောင် လက်ဘက်ရည် သောက်ကြသည်။ ဦးချစ်မောင်မှာ အတော်ပင် လက်ဘက်ရည်သောက်နိုင်ပါပေသည်။ ကျွန်တော်လည်း ခေသူမဟုတ်၊ လက်ဘက်ရည်ဆိုသည်မှာ ရေပင်ဖြစ်သည်။ အကြိမ်ကြိမ် ဘယ်နှစ်ခွက်ပင် သောက်ရစေကာမူ သောက်နိုင်ကြသူများ ဖြစ်ကြသည်။ အင်မတိ အင်မတန် ဘက်ညီပါပေသည်။ ဤသို့ လက်ဘက်ရည်သောက်လိုက် မုန့်စားလိုက်နှင့် နံနက်စာ မစားရသည်က များလေသည်။
အချိန်ကုန်တော့မှပင် အိမ်သို့ ပြန်ကြလေသည်။
မှတ်မှတ်ရရ တခါက ဆိုက်ကားဖြင့် အိမ်သို့ ပြန်ကြရာ၊ ဘာစိတ်ကူးနှင့်မသိ၊ ဦးချစ်မောင်က "ဗမာပြည်မှာ သိကြားမင်းဆိုရင် ရီစရာလို့ဘဲ အောက်မေ့အောင် ပြောင်လှောင်ရေးတာ ဘယ်သူလဲ" ကျွန်တော်အား မေးသည်။
ကျွန်တော်က ဇ၀နပေါ့ဟု ပြန်ပြီးပြောလိုက်သည်။
ဦးချစ်မောင်က ဘာမှ မပြောတော့၊ ဘာကြောင့် မေးသည်ကိုလည်း ကျွန်တော်မသိ။

(၆)
တခါက- ဗမာစာတော်အောင် ဘယ်လိုလုပ်ရမလဲဟု ကျွန်တော်က မေးသည်။
ဗမာစာတော်ချင်ရင်- မဃဒေ၀ကို ဘတ်၊ မဃဒေ၀ ဟာ ဗမာစာပေမှာ အကြွယ်ဝဆုံးဘဲ၊ ဟု သူက ပြန်ပြောလေသည်။
သို့နှင့် ကျွန်တော် မဃဒေ၀ကို ပြီးဆုံးအောင် ဘတ်ဘူးတော့သည်။ ဘတ်ရုံသာ ဘတ်ခြင်းဖြစ်သည်။ ဦးချစ်မောင်လိုတော့ သေချာစွာ မှတ်ခြင်းများ မရှိခဲ့။ ဦးချစ်မောင်မှာ မဃဒေ၀အတွင်းမှ စာညွန့်ကလေးများကို အာဂုံဆောင်ထား၍ တခါတခါတွင် အလျဉ်းသင့် လျှင် ရွတ်၍ ပြတတ်သည်။
ဤမျှ ဦးချစ်မောင်ထံသို့ ကျွန်တော်ချဉ်းကပ်ခဲ့သည့် အကြောင်းရင်း တခုမှာ သတင်းစာ ဂျာနယ်လုပ်ငန်းကို ၀ါသနာပါသောကြောင့်လည်း ဖြစ်လေသည်။
သတင်းစာ ဂျာနယ်ဆရာလုပ်တယ်ဆိုရင်- ကဗျာကိုလဲ ခေါက်မိရတယ်- ဟု ဦးချစ်မောင်က ပြောသည်။
ကျွန်တော့်ကို - သတင်းစာဆရာတဦး ဖြစ်လာစေချင်သူမှာ ဦးချစ်မောင်ပင် ဖြစ်သည်။
ကျွန်တော့်အား ကဗျာစပ်နည်းများကို သင်ကြားပေးသည်။ ဦးပုည ပြဇာတ်များလည်း အဘတ်ခိုင်းသည်။ ဦးတိုးရေးသည့် ရာမရကန်ကို သူအတော်နှစ်သက်သည်။
ဤသို့ စာပေနှင့် ပါတ်သက်၍ ဦးချစ်မောင်ထံမှ ဗဟုဿုတ ဆီးပူးခြင်း ပြုခဲ့သော်လည်း၊ နိုင်ငံရေး ယူဆချက်များနှင့် ပါတ်သက်၍ ဘာမျှမမေးပါ။ မေးလည်း မမေးချင်၊ နိုင်ငံရေးနှင့် ပါတ်သက်၍မူကား ကျွန်တော်နှင့် သဘောချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မည်။ ဤသို့ဖြစ်၍ စာပေနှင့် ပါတ်သက်၍သာလျှင် မေးမြန်းခြင်း၊ ဆွေးနွေးခြင်း ပြုခဲ့သည်။

(၇)
ဂျပန်တွေ ၀င်လာလို့ တောကို ပြောင်းပြီးနေတာ တနှစ်လောက်ကြာတယ်။ အဲဒီ တနှစ်အတွင်းမှာ စာအုပ်ပေါင်းတထောင်ကျော် ဘတ်ပြီးခဲ့တယ်ဟု ဦးချစ်မောင်က ကျွန်တော့အား ပြောပြခဲ့လေသည်။ ဦးချစ်မောင် စာဘတ်များကြောင်းကိုမူ ကျွန်တော် သိပါသည်။ သို့သော် တနှစ်အတွင်း စာအုပ်ပေါင်း တထောင်ကျော် ဘတ်ပြီးသည် ဆိုခြင်းကိုမူ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပေသည်။
မည်သို့ပင်ဆိုစေကာမူ- ဦးချစ်မောင်သည် ဗဟုသုတ ဟင်းလေးအိုးကြီးဖြစ်ကြောင်း၊ သူ့စာကို ဘတ်ဘူးသူတိုင်း၊ သူ့ကို တွေ့ဘူး သိဘူးသူတိုင်း ၀န်ခံရလေသည်။
ထို့ကြောင့်ပင် သတင်းစာ ဂျာနယ်ဆရာတို့၏ အကြောင်းကို ပြောကြတိုင်း၊ စကား လက်ဆုံကျတိုင်း၊ ဦးချစ်မောင်သည် ပရိသတ်လည်သို့ ၀င်၍ ၀င်၍ လာတတ်ပေသည်။

သန်းမြိုင်
{တာရာမဂ္ဂဇင်း၊ အတွဲ၁၊ အမှတ်၅ (၁၉၄၆?) မှ ကူးယူဖော်ပြပါတယ်။}

No comments: