Sunday, September 13, 2009

ခြေထောက်ကလေးများ ပြန်ရခဲ့ရင်
ရေးသူ- ခွန်းခ

ကျွန်တော့် ခြေထောက်ကလေးကို တွေ့ရင် ပြန်ယူပေးကြပါ။ တခါတုန်းဆီကလို ကျွန်တော် ခြင်းလုံး ခတ်ချင်သေးတယ်။ တောင်တက်ချင်သေးတယ်။ ဘတ်စ်ကားတွေကို တွယ်စီးချင်သေးတယ်။ မိန်းကလေး လှလှလေးတွေကို ရည်းစားစကား လိုက်ပြောချင်တယ်။ ကိုယ့်မွေးရပ်မြေအပါအ၀င် မရောက်ဖူးသေးတဲ့ ဒေသတွေကို အလည်ပတ် ရောက်ချင်တယ်။ ကျွန်တော်တက်ရောက်ခဲ့ဖူးတဲ့ ကျောင်းတော်ကြီးရဲ့ အဓိပတိ လမ်းမကြီးပေါ်မှာ ဇိမ်ရှိရှိနဲ့ ခန့်ခန့်ညားညား လျှောက်လှမ်းချင်လွန်းလှတယ်။



တကယ့်ကိုပဲ ကျွန်တော့်ခြေထောက်တဖက် ပျောက်သွားခဲ့တယ်။ မှတ်တမ်းမှတ်ရာတွေနဲ့ မိတ်ဆွေ တွေရဲ့ ပြောဆိုချက်အရ အကြီးဆုံးဆေးရုံတခုရဲ့ အကာင်းဆုံးဌာနတခုမှာ ရက်အတန်ကြာအောင် မှေးတင်ခဲ့ ရတယ် ဆိုပဲ။ သိမ်မွေ့လှတဲ့ သူနာပြုဆရာမတွေရဲ့ မျက်နှာတွေဟာ အဲဒီနေ့က နေကွယ်သွားသလိုပဲ။ လေးစားထိုက်သူချင်း သိကြပါတယ်လေ။
ခုဆို အိုနေတဲ့ ကျောင်းကိုလည်း ပြေးမကြည့်နိုင်တော့ဘူး။ စက်ဘီးလေးတောင် မစီးနိုင်တဲ့ဘ၀။
အဲဒီ ဒုက္ခိတမှာ ဖြတ်သန်းမှု တစုံတရာ ရှိတယ်။ အဲဒီ အနာတရဟာ အကြောင်းတခုခု ဧကန်မလွဲမသွေ ရှိနေတယ်လို့ ဆိုတဲ့သူတွေက ဆိုနေကြတာပါပဲ။
ကျွန်တော့်ခြေထောက်ကလေး ပြန်ရချင်လွန်းလှတယ်ဗျာ။ တွေ့တဲ့သူတိုင်းက စာနာတဲ့ အကြည့်တွေနဲ့ ကြည့်ကြတာကို မခံစားနိုင်တော့ဘူး။ ကြင်နာတတ်တဲ့သူတွေ၊ အသိမိတ်ဆွေဟောင်းတွေက ဘယ်လိုကြီးများ ဖြစ်သွားတာလဲလို့ မေးလာရင် မျက်ရည်မဆည်နိုင်ဘူး။ ဘတ်စ်ကားပေါ်တက်တိုင်း၊ ဆင်းတိုင်း တွဲကူပေးကြရင်၊ နေရာဖယ်ပေးကြရင်၊ ကိုယ့်မာနကို ပြန်ပြီး ရင်ထဲနှိုက်ပြီး စမ်းရှာနေရတယ်။
လမ်းသွားလမ်းလာမှာ ဆုံဆည်းရတဲ့ ကလေးတွေရဲ့ မျက်လုံးလေးတွေကိုတော့ တမြတ်တနိုးကို ချစ်တယ်။ ကျွန်တော့်ချိုင်းထောက်နဲ့ ကျွန်တော့်မျက်နှာကို အကြိမ်ကြိမ် ရွတ်ဖတ်နေကြပုံရတယ်။ တချို့ ကလေးတွေများဆို ချိုင်းထောက်ကို လာကိုင်ကြည့်ကြတယ်။ သူတို့ စိတ်ဝင်စားမှုကြီးတရပ် ဖြစ်နေမှာပေါ့။ အဲဒီ ပုစိညှောက်တောက်ကလေးတွေက ကျွန်တော့်ကို ချစ်စနိုးနဲ့ ခေါ်ကြပုံက 'ဦးချိုင်းထောက်' တဲ့။ ဘ၀နဲ့ တန်တဲ့ ကလေးတွေနဲ့ ကြည်နူးရတာပါပဲလေ။
မိုးတွေ ရွာပြီဆိုမှဖြင့် ကိုယ့်ကိုယ်ကို အကျဉ်းချထားရသလိုပဲ။ အပြင်လဲ ထွက်ဖို့မလွယ်။ ရေတွေက လမ်းပေါ်မှာ ဒူးလောက်ရှိတယ်။ တယောက်တလေတော့ အနီးနားမှာ ရှိစေချင်စမ်းလှတယ်။ ငယ်ငယ်တုန်းဆီက ဆိုရင် မိုးရေတွေထဲမှာ ပြေးလွှားဆော့ကစားရင်း လွှတ်ပြီးကို ပျော်ပစ်လိုက်တာ။ ခုများတော့.......။
ကိုယ့်ကိုယ်ကို ပြန်သနားတယ်ဆိုတာ အိပ်မက်နုနုတွေကို ပြန်ပြီး တူးဆွနေရသလိုပါပဲ။ ဒုက္ခိတဆိုတော့ အလွန်ဆုံး လက်ခံရှိရလှ ၅၂၈ မေတ္တာမျိုးပေပဲပေါ့။ စွန့်စားပြီး လက်တွဲရဲတဲ့ ကြင်ဖော် ၁၅၀၀ မေတ္တာဆိုတာ မတွေ့လှပါဘူး။ ကျွန်တော့် နှလုံးသားလည်း ရင်ခွင်တခုခုဆီမှာ မှေးစက်ချင်သေးတာပေါ့။ အနမ်းချိုချိုတခွက်နဲ့ တွယ်တာမှုတွေကို မြည်းစမ်းချင်သေးတာပေါ့။ အပြန်အလှန် စိတ်ကောက်ကြပြီး ချော့သိပ်ကြည်စယ်မှုတွေ ဖလှယ်ချင်သေးတာပေါ့။
ဒါပေမယ့် ဘရားသခင်ရဲ့ အနှုတ်အသိမ်းလုပ်မှုနဲ့ ပြစ်ဒဏ်က စောလွန်းလှလေတယ်။ အရွယ်နဲ့မမျှ အောင်ကို လောကဓံကို ကိုက်စားနေရတယ်။ နာကျင်မှုတွေဟာ မိဘဖြစ်မယ်။ လက်လွှတ်ဆုံးရှုံးခဲ့ရမှုတွေဟာ အနာဂတ်နဲ့ ကြေးညှိရတဲ့ မဲ့ပြုံးတချို့ ဖြစ်လိမ့်မယ်။
ခုတော့ နစ်နာမှုတွေ ထုပ်ပိုးပြီး အရပ်တကာသိအောင် ဖွင့်ဟရတော့မယ့် ကိန်းဆိုက်နေပြီ။
နာကျင်ဖူးမှလည်း နာကျည်းမှုကို သိကြမှာပါ။ ချစ်လှချည်ရဲ့ ဆိုခဲ့ဖူးသူနဲ့ မတွေ့ခဲ့ဖူးသလို သူစိမ်းတယောက်ရဲ့ အကြည့်နဲ့ အတိတ်ကို ပြောင်းပစ်ချင်ပုံတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ အားလုံးသိကြ ပါတယ်။ သူဟာ Good Second Hand ဆိုတာ။
ကျွန်တော် မှားခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုပဲ တောင်းပန်ပါတယ်။ မကြာခင်ဆို ဘ၀တခုလုံး နေညိုတော့မှာ။ ကျွန်တော့်အပေါ် ကောင်းခဲ့သူတွေကို ဂါရ၀ပြုချင်သေးတယ်။ ကျေးဇူးပြန်ဆပ်ချင်သေးတယ်။ ဒါကြောင့် ကျွန်တော့် ခြေထောက်လေးကိုများ တွေ့မိခဲ့ကြရင် ပြန်ပေးကြပါဗျာ။
မသန်စွမ်းတော့တဲ့ လူတယောက်မို့လို့ ထားရစ်ခံခဲ့ရတဲ့၊ ဘေးဖယ်ခံခဲ့ရတဲ့ နွမ်းညှိုးနေတဲ့ လူသားတဦးရဲ့ ဘ၀ကို လူကြီးမင်းတို့ ကိုယ်ချင်းစာမိမလား မသိဘူး။ ထခက်၊ သွားခက်၊ ထိုင်ခက်။
ဒါပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတခု ဆုံးရှုံးလိုက်ရတာ ဖြေသိမ့်နိုင်ပါတယ်။ သူ့ကို ဆုံးရှုံးလိုက်ရတာ ကိုတော့ နှမျောမဆုံးနိုင်ဘူး။ ခုခါများမှာတော့ ချစ်ခင်နှစ်သက်သူတွေနဲ့ရော၊ မနှစ်သက်သူတွေနဲ့ပါ အတူတူ မနေနိုင်တော့ဘူး။ ကျေနပ်ပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းပဲလေ။ ဆိုးဆိုး၊ ကောင်းကောင်း ကိုယ်ကိုယ်တိုင်ပဲ ပြန်ရိတ်သိမ်းရမှာပဲပေါ့။
ခုဆိုရင် အပေါစားထွက်ပေါက်တွေနဲ့ နှီးနှောနေခဲ့တာ ကြာလှပြီ။ တော်ပြီ။ နောက်တခါ ဘယ်သူ့ကိုမှ မချစ်တော့ဘူး။ နောင်ဘ၀များ လူပြန်ဖြစ်ဦးမယ်ဆိုရင်တောင် ဒီအသိုင်းအ၀ိုင်းထဲ လုံးဝ မကူးဆက်ချင်တော့ဘူး။
ကျွန်တော် မရှိတော့တဲ့အချိန်မှာ တိမ်တွေ ငုံ့ကိုင်းနေမလား။ သူကလေးရဲ့ ဘ၀င် အုံ့မှိုင်းနေမလား။ (ဒါတွေက မပြတ်သားမှုတွေပါ) ကိုယ့်အကြောင်း ကိုယ်အတင်းပြောရင်း ဘ၀င်မကျမှုတွေနဲ့ စစ်ခင်းနေရတဲ့ နာရီတွေတောင် ညောင်းလှခဲ့ပေါ့။
ကဲပါလေ..... ကျွန်တော့် ခြေထောက်လေး တွေ့ရင် ပြန်ပေးကြပါ။ ကျွန်တော့်ကို အံထုတ်ပေးခဲ့တဲ့ အဲဒီ ဥတ္တရမြို့တော်ကြီးမှာ ဂုဏ်သိက္ခာတွေ လိမ်းသပြီး ကျိုးကျိုးနွံနွံနဲ့ နှိမ့်ချစွာလမ်းလျှောက်ချင်သေးတယ်။ သူနဲ့ ထိုင်ခဲ့တဲ့ ကျောင်းဝန်ကြီးထဲက ညောင်ပင်ကြီးအောက်မှာ ရသဟောင်းတခုကို မှတ်တမ်းပြုစုလိုတယ်။ တို့ဟူးပျော့ လေး၊ ဆန်ခေါက်ဆွဲလေး စားပြီး မြစ်ကမ်းဘေးမှာရပ်၊ ရိုးသားသန့်စင်တဲ့ လေတွေကို တ၀ရှိက်ရှူ၊ ဧရာဝတီနဲ့ နှစ်ကိုယ်ကြား တီးတိုးဆိုချင်သေးတယ်။ (မသိလိုက် မသိဖာသာပေါ့လေ။ သူ့ခြေရာဟောင်းလေးတွေကို ပြန်ကောက်သိမ်းထားသင့်ရင် သိမ်းရမှာပေါ့။ အဲဒါ ရှက်စရာတော့ မဟုတ်ဘူး။ တကယ်ဖြစ်ခဲ့တာကိုး)
ရာဇ၀င်ထဲမှာ ရှာမတွေ့ဘူးဆိုရင် အနူးအညွတ် မေတ္တာရပ်ခံပါရစေ။ ကျွန်တော့်ခြေထောက်လေး တွေ့ရင် ပြန်ပေးကြပါဗျာ၊

ခွန်းခ

1 comment:

Anonymous said...

အဲဒီပုံပြင်လေးက ဂန္တ၀င် ဖြစ်သွားမယ် ထင်တယ်နော် အခု ခေတ်မှာ ခြေထောက်အတု တပ်ပြီး သွားလာနိုင်တဲ့သူ တွေ မွေးရာပါ ခြေမပါဘဲ ဘ၀ကို အရှုံးမပေး ဘဲ အောင်မြင်တဲ့ ဘ၀နဲ့ အောင်မြင်တဲ့ အိမ်ထောင်ရှင်တွေ ဖြစ်နေတာ သတင်းတွေမှာ ကြားနေ မြင်နေ ရတာဘဲ။ အခု နည်းပညာခေတ်မှာ ဒီလို ၀မ်းနည်းစရာ တော့ ရှိမယ် မထင်ဘူးနော်။