Tuesday, November 30, 2010
ကျေးဇူးတင်ဖူး.... တင်တတ်နိုင်ပါစေ
ရေးသူ- နုနုရည် အင်းဝ
အနုပညာသမားတယောက်ရဲ့ နှလုံးအိမ်မှာ 'အကြည်ဓါတ်' မရှိရင် အနုပညာ ဖန်တီးလို့ မရဖူး။ အဲဒီ စိတ်နှလုံး အကြည်ဓါတ်ကလေး ကလဲ ဘယ်လိုပဲ မွေးမြူထားထား... အမြဲရှိနေနိုင်ဖို့က အခက်သားလား။ စိတ်ဖိစီးမှုတွေ၊ စိတ်ထိခိုက်မှုတွေ၊ စိတ်အနှောက်အယှက်တွေကြောင့် အဲဒီ 'အကြည်ဓါတ်' က ခဏလေးပဲ ဖြစ်ဖြစ်၊ ပျောက်ဆုံးသွားတတ်သလို အကြာကြီးလဲ ပျောက်ဆုံးသွားတတ်တယ်။
ခုတလော ကျွန်မ နှလုံးအိမ်ထဲမှာ 'အကြည်ဓါတ်' က လျော့ပါးသွားလိုက်၊ ပျောက်ဆုံးသွားလိုက်....၊ တကယ့်ကို ရှိတဲ့ အကြည်ဓါတ်က မဆိုစလောက် နဲနဲလေးရယ်....။ အိမ်ရှေ့ တုံတာလေးက သစ်ပင် သစ်ရွက်စိမ်းစိမ်းတွေလေး ကြားထဲမှာ ကျွန်မထိုင်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ...။
ဘေးနားက စာအုပ်တအုပ်ကို အသိစိတ်မဲ့ ကျွန်မ ဆွဲယူ တဖျပ်ဖျပ် လှန်ကြည့်မိတယ်။ အသုံးချ စိတ်ပညာ ဆိုင်ရာ စာအုပ်တအုပ် (Communication) ဆက်သွယ်ခြင်း ဆိုတာတဲ့....။ လူတဦးနဲ့ တဦးကြား ပြောချင်တဲ့ အကြောင်းအရာတွေကို နားလည်စေနိုင်ခြင်း၊ မျှဝေခံစားနိုင်စေခြင်း ဖြစ်စဉ်ကို ခေါ်သတဲ့။ တဦးနဲ့ တဦးကြား ပြောချင်တဲ့ အကြောင်းအရာတွေကို 'နားမလည်နိုင်ဘူး' ဆိုရင် ဆက်သွယ်မှု မအောင်မြင်ဖူး၊ 'မျှဝေခံစားနိုင်ခြင်း' မရှိရင်လည်း၊ ဆက်သွယ်မှု မအောင်မြင် ပြန်ဘူးတဲ့။ 'မျှဝေခံစားခြင်း' (Sharing) ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် တွေးရရင်၊ ဟင်းကောင်းလေးတခွက် ကိုယ်စားရလို့၊ သူများလဲ စားပါစေဆိုပြီး ဟင်းခွက်ကလေး လက်ဆင့်ကမ်းလိုက်တာလဲ မျှဝေခံစားခြင်းပဲတဲ့။
ပျော်စရာပဲ ဖြစ်ဖြစ်၊ ကြည်နူးစရာပဲ ဖြစ်ဖြစ်၊ လွမ်းစရာပဲ ဖြစ်ဖြစ်၊ အဖြစ်အပျက်ကလေးတခုကို ပြန်ပြောပြတာလဲ မျှဝေခံစားခြင်း ပါပဲတဲ့။ ပြီးတော့ 'မျှဝေခံစားခြင်း' ဆိုတာ သူတပါးကို မျှဝေရုံတင်မဟုတ် (Sharing Ourselves) ကိုယ့်ဖာသာကိုယ် မျှဝေခံစားလို့လဲ ရပါသတဲ့။ ဥပမာ Sunset နေ၀င်ချိန် ကလေးကို ခံစားတာမျိုးပေါတဲ့။ အင်း.... ဟုတ်တာပေါ့..။ နေ၀င်ချိန်၊ နေထွက်ချိန်၊ လထွက်ချိန်တွေကို ကျွန်မ ခံစားဖူးတာပေါ့။
မန္တလေးတောင်ပေါ်ကနေ ကြည့်ဖူးတဲ့ နေ၀င်ချိန်၊ ပုဂံရဲ့ နေထွက်ချိန်၊ ပြီးတော့ တောင်သမန်ရဲ့ လထွက်ချိန်...။ ၀ါဆိုဝါခေါင် တောင်သမန်ရဲ့ ရေပြည့်လျှံစ အင်းရေပြင်ကြီးက စိမ်းကြည်အေးမြလို့..။ လထွက်ခါနီး အင်းရေပြင်က မလင်းတလင်းကလေး လေစိမ်းတွေက တ၀ုန်းဝုန်း၊ အင်းလှိုင်းလုံးတွေက တ၀ုန်းဝုန်း၊ အရိုင်းဂီတသံနဲ့အတူ အရှေ့ဖက် ကောင်းကင် နီဝါရောင် မလင်းတလင်းကနေ တဖြေးဖြေး၊ ၀ါ.. ၀ါပြီး လင်းလာတာ။
ကြည့်ရင်း၊ ကြည့်ရင်း ခံစားရင်းနဲ့ လ၀န်းရဲ့ အစွန်းလေး ရိပ်ခနဲ၊ အင်းရေပြင် အစပ်မှာ ပေါ်လာတာ။ ကဗျာဆန်လှတဲ့ လထွက်ချိန် တစိမ့်စိမ့်ကြည့်ရင်း ကျွန်မရင်ထဲမှာ တသိမ့်သိမ့် ခံစားရတယ်။ ကြည့်နူးကျေနပ် နှစ်သိမ့်ခြင်း (pleasure) ဆိုတဲ့ အရသာထဲ တငြိမ့်ငြိမ့် နစ်မျော၊ ပျော်ဝင် ခံစားမိတယ်။
အဲဒီတုန်းက ကျွန်မတို့ ခံစားသူ ငါးဖော်ထဲမှာပါတဲ့ တယောက်သောသူက (ခုချိန်မှာ ကျွန်မတို့နဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ ခရီးအဝေးကြီးကို ထွက်ခွါသွားရရှာတဲ့ "နိုင်ငံကျော် ကဗျာဆရာကြီး တယောက်"။ ကလေးမရေ ဟောဒီလို ရေပြင်ကြီးပေါ်မှာ လှေကလေး တစင်းနဲ့ ငါကျင်လည်ခဲ့ဖူးတယ်...။ ဟိုး အထက်မြစ်ညာ ဝေးလံသီခေါင်လှတဲ့ တံငါရွာလေး တရွာမှာပေါ့။ ကလေးမရေ.... အဲဒီတုန်းက ကဗျာဆရာဟာ လရောင်ကို မုန်းတယ်အေ့။ သိလား..။
လသာညဟာ ငါးမရတဲ့ညလေ...။ လရောင်ဖြာရင် ငါးတွေက မလာဘူးရယ်..။ ဟောဒီလို ရေပြင်ပေါ်မှာ လရောင်ဖြာနေရင် တံငါကဗျာဆရာ သိပ်ကို မုန်း...၊ ကလေးမရေ..။ လှေကလေးပေါ်မှာ ငါကဗျာ စပ်ခဲ့တယ်....။
ကဗျာဆရာ တံငါရွာတွင်
ကာလညဥ့်နက် ၀မ်းစာခက်တော့
ပိုက်ကွက်တဖောင် လှေဦးထောင်နဲ့
လရောင်မုန်းသူဖြစ်နေပေါ့.... တဲ့။
လထွက်ချိန်ကို ကျွန်မဘယ်လိုလုပ် မေ့နိုင်ပါတော့မလဲ။ လရောင်မုန်းသူ တယောက်ကြောင့် လထွက်ချိန်ကို ကျွန်မ ပိုပြီးခံစားနိုင်ခဲ့ပြီ...။ လထွက်ချိန်တင်မက.. ကျွန်မကို (pleasure) ရစေခဲ့တဲ့ အရာတွေ များစွာ ရှိခဲ့ဖူးတာပဲ။
သစ်ရွက်ကလေးတရွက်..၊ ငှက်ကလေးတကောင်၊ ပန်းကလေးတပွင့်ရဲ့ အရောင်၊ အနံ့၊ အရသာ၊ အပြုံးလေးတပွင့်၊ အကြည့်လေးတချက်..၊ မျက်ရည်လေးတစက်ကလဲ (pleasure) ရခဲ့ဖူးတယ်။
(Pleasure) ရဖို့အတွက်လဲ၊ ခရီးတွေ ထွက်ခဲ့ဖူးတယ်။ လမ်းခရီးမှာ တောရိပ်တောင်ရိပ်၊ သစ်ပင်ရိပ် ကောင်းကောင်းတွေတိုင်း သစ်ရိပ် ၀ါးရိပ်အောက်က စားသောက်ဆိုင်လေးတွေ တွေ့တိုင်း ကားကလေး ထိုးရပ်ပြီး၊ ဟိုငေး ဒီငေး၊ ဟိုဟာလေးစား၊ ဒီဟာလေးစား၊ ဟိုစကားလေးပြော၊ ဒီစကားလေးပြော...။
သစ်စိမ်းနံ့ မွှေးမြတဲ့ သစ်ပင်လေးကြောင့်လဲ (pleasure) ရဖူးတယ်။ ရေနွေးကြမ်းလေးတကျိုက်၊ ငါးခြောက်ဖုတ်လေးတကိုက်ကြောင့်လဲ ရဖူးတယ်။ ပုပ္ပါးကို မြင်းခြံလမ်းဘက်က ကြည့်ရင် ပိုလှတယ်ဆိုလို့... အဲဒီ (pleasure) ကို ရဖို့ အတွက် မြင်းခြံလမ်းကနေ သွားဖူးတယ်။ ဟုတ်တာပေါ့...။ လှပါဘိ ပုပ္ပါး၊ လွမ်းမောစရာ ကောင်းပါဘိ ပုပ္ပါး..။ ကျွန်မ ပုပ္ပါးကို စရောက်ဖူးတဲ့ အချိန်ကစပြီး၊ ရောက်တဲ့ အခါတိုင်း အခါတိုင်းလဲ စိတ်ထဲမှာ ခံစားထိခိုက် ကြေကွဲနေတတ်တယ်။ ပုပ္ပါး တောင်ကြီးက စိမ်းညို့ပြာမှိုင်း.... လို့.....။ စကားစိမ်း စကားဝါ ပန်းရနံ့တွေကလဲ တတောလုံး၊ တတောင်လုံး ကြိုင်လို့ လှိုင်လို့။
ပုဂံပြည့်ရှင် နော်ရထာအတွက် ပုပ္ပါးက ကွမ်းကို ဆက်ဖို့၊ ပန်းကို ဆက်ဖို့ လာခဲ့ရတဲ့ ကိုဗျတ္တနဲ့ ပုပ္ပါးသူလေး မယ်ဝဏ္ဏတို့ရဲ့ မေတ္တာပန်းရနံ့ဟာလည်း ဟောဒီတတောလုံး တတောင်လုံးမှာ သင်းပျံ့လို့ နေပေလိမ့်မယ်လို့....။
ဒီနေရာလေးမှာများ ပုဂံက ချစ်သူအလာကို မယ်ဝဏ္ဏခမျာ မျှော်ရှာလေသလား၊ ဟောဟို .. စကားဝါပင်ကြီး အောက်မှာများ ချစ်သူနှစ်ဦး စကားလက်ဆုံ ပြောမကုန် ဖြစ်ခဲ့ကြသလေလားလို့လည်း ကျွန်မ လျှောက်တွေးတတ်တယ်။ အဲဒီလိုအချိန်များမှာ ပုပ္ပါးနဲ့ ပတ်သက်တဲ့ သီချင်းတွေထဲမှာ ကျွန်မ အကြိုက်ဆုံး လွမ်းစရာအကောင်းဆုံးသီချင်း။ ကန်မြဲကိုအေးကျော်ရေးပြီး ရေဒီယိုအဆိုကျော် ကိုမြသောင်းဆိုတဲ့ တောင်တော်ပုပ္ပါး သီချင်းကိုများ သတိရမိလိုက်ရင် ဒါမှမဟုတ် ပုပ္ပါးတောင်ထိပ်ကနေ လော်စပီကာနဲ့ ဖွင့်လိုက်ရင် ကြက်သီးမွှေညင်းထပြီး မျက်ရည်ဝဲအောင် လွမ်းရတယ်။ ကိုအေးကျော်ရဲ့ သီချင်းကလေ ဘယ်လောက်များ စကားလုံးတွေ လှလိုက်သလဲ ဆိုရင်....။
"xx နဂါးလိမ်ကျော်ဆစ်ကxx စကားဝါတောင်တော်ပန်း လွမ်းဆွတ်ပါ့မေရယ်xx ပန်းခက်က ဝေတယ်xx ဘယ်သူပြိုင်လို့ လှပါတော့နိုင်xx" တဲ့.....။
ခဲတံအတိုလေးတတို၊ ဗလာစာအုပ် အစုတ်လေးတအုပ်၊ ဖယောင်းတိုင်တို၊ မီးချစ်ဗူးလေး တဗူးထည့်ထားတဲ့ လွယ်အိတ်နွမ်းလေးလွယ်ပြီး ကန်မြဲရွာကနေ မြင်းခြံကို ဆေးရွက်ကြီးအထမ်းကြီး ထမ်းရောင်းရရှာတဲ့ သူတဦးရဲ့ ရုပ်ပုံလွှာဟာ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' လို စကားလုံးမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ရုပ်ပုံလွှာတဲ့လား.....။
ကန်မြဲရွာသား နိုင်ငံကျော်ကဗျာဆရာကြီးက ပြောပြ ခဲ့ဖူးလို့။ 'တောင်တော်ပုပ္ပါး' လို၊ 'ပန်းရည်ဘဏ်တိုက်' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ဘ၀ ရုပ်ပုံလွှာကို ကျွန်မ သိခဲ့ရဖူးတယ်။
ပုပ္ပါးရောက်တိုင်း ဒီသီချင်းကို ဆိုမိမြဲ...။ ဒီသီချင်းကြောင့်လဲ ပုပ္ပါးကို ပိုပြီး ခံစားတတ်စေခဲ့တာပေါ့။ လွန်ခဲ့တဲ့ နှစ် နှစ်၊ ၂၀၀၈ ခုနှစ်၊ ကျွန်မ ဝေးမြေရပ်ခြား၊ ကိုရီးယားဆိုတဲ့ အရပ်မှာတုန်းကတော့ ကျွန်မကို (pleasure) မနက်စာ (breakfast) စားတဲ့ အချိန်ပေါ့။ နှင်းကလေးတွေ လွှမ်းနေတဲ့ ခူနွာ (Knua) တောအုပ် ကလေးကို လှမ်းမြင်နေတဲ့ နေရာမှာ ကျွန်မရဲ့ မနက်စာ စပွဲရှိတယ်။ လက်ဘက်ရည်ခွက်လေးကို ကိုင်ရင်း မနက်စာ စားပွဲလေးကို ထိုင်လိုက်တဲ့ အချိန်ဆို ဘာလို့မှန်း မသိဖူး။ ကျွန်မအမြဲ (pleasure) ရတယ်။
အဲဒီအချိန်မှာ ကျွန်မရဲ့ ကြည်နူး ကျေနပ် နှစ်သိမ့်နေတဲ့ စိတကလေးကို ပိုပြီး ကြည်နူး ကျေနပ် နှစ်သိမ့်စေတဲ့ အရာကတော့ ကျွန်မ အကြိုက်ဆုံး၊ အနှစ်သက်ဆုံးနဲ့ အစွဲလမ်းဆုံး သီချင်းနှစ်ပုဒ်..။ 'ကိုအံ့ကြီး' ရဲ့ 'မြိုင်ဟေ၀န်' မြိုင်ထနဲ့ 'စိမ့်ကြီးမြိုင်ကြီး' ပြည်တော်ပြန် နှစ်ပါးသွားပေါ့...။
"xx လွမ်းစရာ့ မြိုင်ကုန်းဗွေx တခိုင်လုံးရွှေxx သင်း၍ ပျော်ကြူးဝေxx ညှင်းလေ့ဆော်ဦးဗွေxx နွေဦး... ဆန်းသမို့xxx" လွမ်းဖွယ် ဦးအံ့ကြီးရဲ့ မြန်မာဆန်လှတဲ့ အသံ..။ အလွန်ဆွဲဆောင်မှု ရှိတဲ့အသံ။ ထပ်တလဲလဲ နားထောင်လို့ မ၀တဲ့ အသံ။ ရွာစား စိန်မောင်ကိုကြီးရဲ့ လက်သံကလဲ ကောင်းလိုက်တာ။ တခိုင်လုံးက မြိုင်နေတာပဲ၊ 'ချွင်' ဆိုတဲ့ စည်းသံလေးကလဲ လွင်နေတာပဲ။ ၀ါးလက်ခုပ်သံလေးကလဲ ချိုနေတာပဲ။
"xx ဖိုးရွှေခေါင် ငှက်ငယ်ကရယ်xx မလေးကို မြည်ကာချောတယ်xx့ ရယ်ကာချော့တယ်xx ရယ်ပါတော့ကွယ်x- မြည်ကာချော့တယ်လေး......" ကြည့်စမ်းပါအုန်း..၊ ဆရာကြီးဦးဘသိန်း (မန္တလေး) ရဲ့ စကားလုံး အနု၊ အနွဲ့ အလှလေးတွေ။ အဲဒီတုန်းက တစိမ့်စိမ့် တသိမ့်သိမ့် ခံစားကြည်နူး ကျေနပ်နေတဲ့ ကျွန်မရဲ့ နှလုံးအိမ်မှာ စာရေးဆရာတယောက်ရဲ့ နှလုံးအိမ်မှာ အကြည်ဓါတ်တွေနဲ့ ပြည့်လျှံနေတယ်ဆိုတာ ကျွန်မ မှတ်မိနေသေးတော့တယ်။
"တောင်ထိပ်ရှိ ပတ္တမြားစေတီ ဘုရားသို့ ရောက်ကြသောအခါ တော်သလင်းလဆန်း ၁၄ ရက်၊ လ ကလည်း ထိန်ထိန်ဝင်းလျက်၊ ဧရာဝတီဖြစ်ကြီးကို ထင်းထင်းကြီး မြင်ရပြန်၊ စေတီတော်၌လည်း ဖယောင်းတိုင် မီးများဖြင့် ၀င်းဝင်းလက်လက် ရှိနေပြန်၊ တီးလိုက်သည့် နရည်းသံကလည်း ဆိတ်ငြိမ်သော တောင်ထိပ်၌ ညချိန်တွင် အသည်းနှလုံးတို့ကို ယစ်သွားစေမတတ် သာယာပြန်၊ ကျွန်ပ်၏ စိတ်ဓါတ်အခံကလည်း မျှော်လင့်ချက် အမျိုးမျိုးတို့ဖြင့် ပြည့်တင်းဖောင်းကားလျက် ရှိလေပြန်ရကား ကြည်နူး ရွှင်မြူးလိုက်ပုံမှာ တသက်တာတွင် မမေ့နိုင်ဆုံးသော ညတည အနေဖြင့် နှလုံးသားတွင် တံဆိပ်ခတ်နှိပ်လျက် ရှိပေတော့၏။
အညာသူ အင်းဝသူ ကျွန်မ၊ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်က စစ်ကိုင်းတောင်၊ ပတ္တမြားစေတီဘုရား ပွဲ ညကို လွမ်းတိုင်းဖတ်မိတဲ့၊ ကျွန်မကို ပိုလို့ လွမ်းစေတဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ထဲက တခုသော စာပိုဒ်လေးပေါ့။
သူတပါးက မျှဝေခံစားတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ဖာသာကိုယ် မျှဝေခံစားတာပဲ ဖြစ်ဖြစ်၊ ကျွန်ကို (pleasure) ရစေတဲ့...၊ တစိမ့်စိမ့် ကြည်နူး ကျေနပ် နှစ်သိမ့်ခြင်းကို ဖြစ်စေတဲ့...၊ အကြည်ဓါတ်ကို ရစေတဲ့ အရာအားလုံးကို သစ်ရွက်လေးတရွက်၊ မျက်ရည်လေးတစက်က စပြီး သိပ်ကို ကျေးဇူးတင်ပါတယ်။
ပြီးတော့ ကျွန်မရဲ့ ကြည်နူး ကျေနပ်နှစ်သိမ့်မှုကို ပိုပြီးခံစားနိုင်အောင် ဖေးကူခဲ့တဲ့၊ ပိုပြီး ခံစားနိုင်စေခဲ့တဲ့ ကဗျာတွေ သီချင်းတွေ ဂီတတွေ စာအုပ်တွေ ဒဏ္ဍာရီတွေ။
အဲဒီ ကဗျာတွေ၊ သီချင်းတွေ၊ ဂီတတွေ စာအုပ်တွေ ဒဏ္ဍာရီတွေကို ဖန်တီးခဲတဲ့သူတွေ အဲဒီ ဖန်တီးသူ အနုပညာရှင်တွေ အကြောင်းကို ပြောပြခဲ့တဲ့ သူတွေ။
အို.... အားလုံးကို ကျွန်မကျေးဇူးတင်လိုက်တာ....။ ငယ်သူ ကြီးသူမဟူ တလေးတစား ဦးညွတ် ကျေးဇူးတင်ပါရစေ...။
ကျေးဇူးတင်ရမှာကို...၊ ကျေးဇူးတရားကို အောက်မေ့ရမှာကိုများ...၊ ၀န်မလေးစေချင်ပါဘူး၊ မတွန့်ဆုတ်စေချင် ပါဘူး။ ကျွန်မတို့ အားလုံး ကျေးဇူးတင်ဖူးတဲ့ သူတွေ ချည်းပါပဲ။
ကျေးဇူးကိုတင်တတ်ပါစေ....။
ကျေးဇူးလဲ တင်နိုင်ကြပါစေ...။
နုနုရည် အင်းဝ
Friday, November 26, 2010
တိန့်ရှောင်ပိန်
ရေးသူ- မောင်အေးဝင်း
ကျနော့်ကို အင်းစိန်ထောင်မှာ တိုက်ထဲကနေ အဆောင်ကို ခေါ်ပေးဖို့ တာဝန်ခံတွေကို တောင်းဆိုခဲ့တာ "တိန်ရှောက်ပိန်" ပေါ့။ ကျနော်က စရောက်ကတည်းက တိုက်မှာ တနှစ်နီးပါးရှိနေပြီ။ အာဏာပိုင်တွေက သူတို့ စိတ်ချ လောက်တဲ့ လူတွေကို တိုက်ကနေ တတိတိနဲ့ အဆောင်ကို ရွေးထုတ်သွားတယ်။ ဒီထဲမှာ ကျနော်တို့ မပါသေးဘူး။ တချို့ဆို အဆောင်ရောက်ပြီးမှ တပါတ်ကျော့ တိုက်ကို ပြန်ရောက်လာတဲ့သူတွေ ကျနော်တို့နဲ့ ဆုံခဲ့ရပြန်တယ်။ အရှေ့လေက သိန်းသန်းဦးတို့ ၃ ဆောင်မှာ ကိုစိန်လှအောင်နဲ့ ပြဿနာဖြစ်လို့ ကျနော်တို့ တိုက်ကို ရောက်လာတယ်။
တညနေမှာ တိုက်သစ်ထဲမှာ ကျနော်တို့ အခန်းက လူတွေ ရေမချိုးခင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နေတုန်း တိုက်တံခါး လာဖွင့်တယ်။ "ဌေးဝင်း အဘ ဦးသန်းမောင်၊ အေးဝင်း အဘ ဦးကျော်ဒွန်း ထွက်....." တဲ့။ ကိုယ်က ဖျာကြမ်းပေါ် ကျောခင်းလဲလျောင်း နေရာကနေ "ဌေးဝင်းက အဘ ဦးသန်းမောင် ဟုတ်တယ်၊ အေးဝင်းက အဘ ဦးကျော်ဒွန်း မဟုတ်ဘူး၊ ဦးကျော်ဒွန်းက ယောက္ခမကွ ဘာလို့ ထွက်ရမှာလဲ.. ဘာလုပ်မလို့လဲ..." "ဟုတ် ဟုတ် မဟုတ်ဟုတ် အေးဝင်း ထွက်... " တဲ့။ ၀ါဒါကပြောတယ်။ ကိုယ်တို့ နှစ်ယောက် ထလိုက်သွားရတယ်။
တိုက်သစ်ဝင်းထဲက အလယ်အိမ်နားမှာ တိုက်မှာလာခေါ်တဲ့ ၀ါဒါက နောက်ဝါဒါတယောက် လက်ထဲကို ကျနော်တို့ နှစ်ယောက်ကို လွှဲတယ်။ နောက်လာတဲ့ ၀ါဒါက "လာလိုက်ခဲ့" တဲ့။ "ဘယ်ကို လိုက်ရမှာလဲ" ကျနော်က မေးတယ်။ မင်းတို့ကို အဆောင်ပြောင်းမလို့ တဲ့။ အဆောင်ကို ရောက်တော့ တပ်ကြပ်ကြီး လှရွှေက မင်းတို့ကို ဒီအဆောင်မှာ ထားဖို့ ငါက ခေါ်ခိုင်းလိုက်တာတဲ့။ ဌေးဝင်းကို ထောင်ပိုင်ကြီးကပြောလို့၊ အေးဝင်းက.. ( ?) ...က ပြောလို့တဲ့။ တိန်ရှောက်ပိန် လို့ ကျနော်တို့ ချစ်စနိုး ခေါ်သူက ကျနော့်ကို အဆောင် ခေါ်ပေးဖို့ လှရွှေ ကို ပြောလိုက်တာတဲ့။ ဒီလိုနဲ့ အေးဝင်း ၃ ဆောင် ကို ရောက်ခဲ့ရတယ်။
တိန်ရှောက်ပိန် ဆိုတာ ဘယ်လိုလူလဲ။ ထောင်ထဲကို ရောက်လာတဲ့ သူတို့ အုပ်စုမှာတော့ သူက ဗိုလ်။ သြဇာအရှိဆုံး။ သူနဲ့ ကျနော်နဲ့က ဟိုဘက် ဒီဖက် နှစ်ဖက်အပြန်အလှန် ယောက်ဖ တော်ကြတာ။ ကျနော်ရေးချင်တာက သူ့ရဲ့ ဥာဏ်စွမ်းဥာဏ်စ၊ ကြံရည်ဖန်ရည်၊ လုပ်ရည်ကိုင်ရည်။ လူပုသလောက် ဥာဏ်စွမ်းဥာဏ်စ အကြံအဖန် ကောင်းလွန်းလို့ သူ့ကို တရုပ်ပြည်က တိန်ရှောက်ပိန် နဲ့ နာမည်တူ ဘွဲ့ပေးထားတာ။
သူ့မှာ ပြောစမှတ်တွေ အများကြီး ရှိတယ်။ အာဏာပိုင်တွေနဲ့ သူသေ ကိုယ်ကျေ အပြန်အလှန် ရိုက်ကြတုန်းက သူ လက်ကြိုးသွားခဲ့ရတယ်။
သူက ကျနော်တို့ ထမင်းစားအုပ်စုရဲ့ စားဖိုမှူး၊ ဗိုလ်ချုပ်ကြီး တိန်ရှောက်ပိန်။ သူ့မှာ ကျနော်တို့အတွက် ဘယ်လိုစားကြမယ်၊ ဘာတွေ ချက်ရမယ်၊ ဘာနဲ့ အလဲအလှယ် ဘယ်လိုလုပ်ရမလဲ... စတဲ့ အကြံအဖန်တွေ သူ့ခေါင်းထဲမှာ အမြဲ ထည့်ထားတယ်။ ကိုယ်တို့က အခန်းထဲက ဘယ်မှ မထွက်သူတွေ ဆိုတော့ ထွက်တဲ့လူတွေ ကို တိန်ရှောက်ပိန် နည်းမျိုးစုံနဲ့ အသုံးချတယ်။
ကျနော် (၃) ဆောင်ရောက်တော့ ဂုံနီစက်ရုံက အလုပ်သမားတွေက ရုံးချိန်း ထွက်နေရတယ်။ ဒီလူတွေကို တိန်ရှောက်ပိန် ကောင်းကောင်း အသုံးချတယ်။ ၈ လေးလုံး အပြီး၊ မယ်နပလောမှာ သင်္ဃန်းဝတ် တော်လှန်ရေးသမားကြီး၊ ဂုံနီစက်ရုံ အလုပ်သမားဟောင်း၊ ဘုန်းကြီး အဘ ဦးအောင်နုဆို တိန်ရှောက်ပိန်ရဲ့ ဘော်ဒါပေါ့။ အဲဒီ အလုပ်သမားတွေ စီရင်ချက်ကျပြီး ထောင်ကျသွားတော့လည်း သူ့မှာ အခြားလိုင်းတွေ ရှိတယ်။
ထောင်ထဲမှာ ကျနော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွင်းထားတဲ့ ပိုက်ဆံတွေ ရှိတယ်။ တိန်ရှောက်ပိန်က ငွေကိုင်။ တနေ့တော့ သူက လာပြောတယ်။ "၀ါဒါတွေကို ၀က်သား မှာမလို့.. ဘုံပိုက်ဆံထဲက ပေးလိုက်မယ်နော်" တဲ့။ ကိုယ်ကလဲ ချပေါ့ ဆရာရေ..... ပေါ့။ ဒီလိုနဲ့ ကျနော်တို့ ၀က်သား အစိမ်းရလို့ ၀က်သားဟင်း ချက်စားဖြစ် သေးတယ်။
သူ တော်တာက နိုင်ငံရေးအယူအဆ လက်ဝဲသမား၊ လက်ျာသမား နှစ်ဖက်စလုံးနဲ့ အဆင်ပြေတယ်။ ဒါပေမယ့် မဖောက်မပြန် ရန်သူ စစ်အစိုးရကို သူ့နည်းသူ့ဟန်နဲ့ ရန်ငါမျဉ်းပြတ်ခဲ့တယ်။ သူ့ကို ဘယ်ဖက်ကမှ မငြိုငြင်ခဲ့ဘူး။ ရန်သူ့အပေါ် ပြတ်သားတဲ့ အမြင်ရှိတယ်။ ဒါပေမယ့် နှလုံးသားက အေးချမ်းတယ်။
ပုံစံဆောင်ဖြစ်တော့ ကျနော်တို့ ထမင်းစားအုပ်စုထဲက ကျနော်တို့ ဘုံပစ္စည်းတွေ ထိမ်းသိမ်းတဲ့ ဆေးလိပ်တွေ သိမ်းတဲ့ ရဲဘော်လေးနဲ့ သူနဲ့ ခဏခဏ အငြင်းအခုန် ဖြစ်ရတယ်။ သူက အလောင်းအစား ၀ါသနာပါတဲ့ ဗိုလ်ချုပ်။ မနက်ဆို ဆေးလိပ်ဘဏ်တိုက်က သူ ဆေးလိပ်ထုတ်ပြီး အဆောင်က ဘောလီဘောပွဲတွေ လောင်းတယ်။ နိုင်လာရင် သူတို့နှစ်ယောက် ဘာမှ ပြဿနာ မဖြစ်ဘူး။ မနက်က မင်းဆီက ငါ ထုတ်တာ ဘယ်လောက်၊ ခု ဘယ်လောက် တွေ့တယ်မဟုတ်လား... ပေါ့လေ။ ရှုံးလာရင် သူ အသာလေး ငြိမ်ကုတ်နေတယ်။ မနက်က ထုတ်ထားတဲ့ ဆေးလိပ်လည်း ပြန်မအပ်နိုင်ဘူး။ ဟိုကလဲ ည ကျ အဆောင်ပိတ်ရင် ဘယ်မှာလဲ မနက်က ထုတ်သွားတဲ့ ဆေးလိပ် ဆိုပြီး ကြွေးတောင်းတယ်။ မရရင် သူ့ကို ပူညံ ပူညံ လုပ်ရော။ အတော်လဲ ရီရတဲ့ တိန်ရှောက်ပိန်။ ခုတော့ အဲဒီ ရဲဘော်လေးလည်း န၀တ လက်ထက်မှာ ပုသိမ်ထောင်ထဲ သေသွားရှာပါပြီ။
အခန်းထဲက ထင်းတွေကို အာဏာပိုင်တွေက တလာစီပြီး သိမ်းသွားတယ်။ မီးအငြိမ်း။ ချက်စရာလည်း မရှိဘူး။ ချက်ခွင့်လည်း မရကြဘူး။ အခန်းတိုင်း ဒုက္ခရောက်ရတယ်။ ကျနော်တို့ အဖွဲ့မှာတော့ တိန်ရှောက်ပိန် အစီအစဉ်အရ လုံချည်ပြာကို ခေါ်ပြီး ချက်ခိုင်းလိုက်တယ်။ သူက အိုးထဲမှာ အဆင်သင့် နယ် စပ် ပေးလိုက်တယ်။
အဆောင်မှူးက ကိုယ်တို့ အခန်းထဲ ပိုက်ဆံတွေ ရှိနေမှန်းသိလို့ တလာစီတယ်။ ရမသွားဘူး။ အဆောင်မှူး ကြက်၂ ကောင်ကို ကိုယ်တို့ သတ်စားလိုက်တယ်။ လက်သည် မပေါ်ဘူး။ သိလျက်နဲ့ အဆောင်မှူး ခံသွားရတယ်။ တဖက်လှည့်နဲ့ ကြက်ဝယ်မလားဆိုပြီး ၀ါဒါကနေ တဆင့် ကြက်လာရောင်းတယ်။ တိန်ရှောက်ပိန်က ၀ယ်မယ်ဆိုပြီး ဈေးနှိမ်ဆစ်လိုက်တယ်။ ဒါမျိုးလုပ်တဲ့ တိန်ရှောက်ပိန်။
ဆက်လက် ဖော်ပြပါဦးမယ်။
ဆရာ့ကိုလွမ်းတဲ့စာ
ရေးသူ- ဂျူး
ဆရာမြသန်းတင့် ဆုံးပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာ မြတ်စွာဘုရားကို တ, မိရင်း ပထမဆုံး ဖြစ်ပေါ်လာတဲ့စိတ်က နှမြောတသ စိတ်ပါ။
မြန်မာနိုင်ငံရဲ့ စာပေလောကမှာ အင်မတန်ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကြီးတခု ဖြစ်ပေါ်သွားခဲ့ပြန်ပြီ။ ဟောဒီနေရာကနေ ဆရာ ရုတ်တရက် လစ်လပ်ကွယ်ပျောက်သွားလို့ ကျန်ရစ်ခဲ့မယ့် ကွက်လပ်တခုကို ကျွန်မတို့ ဘယ်သူ့ နာမည်နဲ့ အစားထိုးလို့ ရနိုင်မှာလဲ။ ဘယ်အရာမျိုးနဲ့များ အစားထိုးလို့ ရနိုင်မှာတဲ့လဲ။ အဲဒီ အသိမျိုး တုန်လှုပ်မှုမျိုးနဲ့ နှမြောတသမိပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ စာပေကို တန်ဖိုးထား မြတ်နိုးကြတဲ့၊ စာပေနဲ့ ကိုယ့်ဘ၀ကို တည်ဆောက်ကိုယ် တည်ဆောက် မြှင့်တင်နေရတဲ့ ပြည်သူလူထုတရပ်လုံးနဲ့အတူ နှမြော တသရတဲ့ စိတ်ပါ။
ဒုတိယ ဖြစ်ပေါ်လာရတဲ့စိတ်က ၀မ်းနည်းကြေကွဲစိတ် ဖြစ်ပါတယ်။
ရင်းနှီးစွာ ချစ်ခင်အားကိုးရတဲ့ ဦးလေးတယောက် ကိုယ့်ဘ၀ထဲက ရုတ်တရက် ထွက်ခွါသွားလို့ ခံစား ကျန်ရစ်ခဲ့ရတဲ့ ၀မ်းနည်းစိတ်ပါ။
ကျွန်မဘ၀မှာ စာကို နှစ်သက်လေးစားစွာ ဖတ်နေခဲ့တဲ့ စာရေးဆရာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် စာကို နှစ်သက်လေးစားရုံမက လူကိုပါ ကျွန်မ ချစ်ခင်လေးစားရတဲ့ စာရေးဆရာကြီးတွေတော့ အင်မတန် နည်းပါတယ်။ သိကျွမ်းခွင့် မကြုံခဲ့ရလို့ ... ဒါမှမဟုတ် သိကျွမ်းခွင်းကြုံပေမယ့် ရင်းနှီးခွင့် မကြုံခဲ့လို့.. ဒါပေမယ့် ရင်နှီးခွင့် ကြုံပေမယ့် ချစ်ခင်လေးစားတဲ့ အဖြစ်ကို မရောက်လာခဲ့လို့ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
ဆရာဦးမြသန်းတင့်ကတော့ ရင်းနှီးခွင့်လည်း ကြုံခြဲ့ပီး၊ ကျွန်မချစ်ခင် လေးစားခဲ့ရတဲ့ စာရေးဆရာကြီး တယောက် ဖြစ်ပါတယ်။
ဆရာ့အိမ်နဲ့ ကျွန်မအိမ်က လမ်းလျှောက်သွားလို့ ရလောက်အောင် နီးပါတယ်။
ကျွန်မအိမ်ကို လာတဲ့အခါ မီးရထားဂုံးကျော်တံတားကို ခြေလျင်လျှောက်လာတာလို့ ဆရာပြောဖူး ပါတယ်။ ကျွန်မလည်း ဆရာ့အိမ်ကို သွားရင် ကြည့်မြင်တိုင်ဘူတာ ဂုံးကျော်တံတားပေါ်က ဖြတ်ပြီး ခြေလျင် လျှောက်သွားခဲ့တာပဲ။ ဆရာ့စာအုပ်တွေ ထွက်တဲ့အခါ ဆရာက ကျွန်မကို စာအုပ်လက်ဆောင် ပေးလေ့ ရှိတယ်။ ကျွန်မစာအုပ်တွေ ထွက်တဲ့အခါတိုင်း ကျွန်မက ဆရာ့ကို စာအုပ်လက်ဆောင် ပေးခဲ့ပါတယ်။
ဒါ့အပြင် ပျဉ်းမနားက ကိုခင်မောင်ဇော် (ဇော်ဝင်းကို) ရန်ကုန်ကို လာတိုင်း ဆရာ့အိမ်ကို သွားဖို့ ကျွန်မကို အမြဲ ၀င်ခေါ်တတ်တာမို့ ကိုဇော်လာတိုင်း ကျွန်မတို့ ဆရာနဲ့ တွေ့နေကျလို့ ပြောနိုင်ပါတယ်။ ဆရာက ကျွန်မတို့ကို စိတ်တိုင်းကျ (မပိုလမ်း) မှာ၊ ဒါမှမဟုတ် တော်ဝင်နှင်းဆီ (ရွှေဂုံတိုင်)မှာ တခုခု ကျွေးတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ဆရာနဲ့ ကိုဇော်နဲ့ ပြောနေကြတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ သတ္တိတွေလည်းပါ၊ စိတ်ဓါတ်ကျစရာတွေလည်းပါ၊ အောင်နိုင်ခဲ့တာတွေလည်းပါ၊ ကျရှုံးခဲ့တာတွေလည်း ပါတဲ့ သူတို့နှစ်ယောက်ကြုံတွေ့ခဲ့ရတဲ့ ဘ၀ခရီးကြမ်းတွေ အကြောင်း ကျွန်မ နားထောင်ခဲ့ရတယ်။ ဆရာတို့ဆီကသာ ကျွန်မလေ့လာနိုင်တဲ့ အရင်ခေတ်က ဘ၀တက္ကသိုလ်တွေအကြောင်းဟာ ကျွန်မအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ပညာတွေပါ။
ဝတ္ထုစာအုပ် ရေးပြီးသွားတိုင်း၊ ဒါမှမဟုတ် ၀တ္ထုတိုတွေ စုထုတ်ဖို့ ကြိုးစားတိုင်း၊ အဲဒီစာအုပ် ပုံနှိပ် ထုတ်ဝေတဲ့ အဆင့်ရောက်ဖို့ ကျွန်မစောင့်ခဲ့ရတဲ့ ကာလတွေဟာ ၆ လ၊ ၇ လ၊ ၈ လ။ ကျွန်မအတွက် စိတ်ပင်ပန်းရ၊ ဒေါသဖြစ်ရ၊ စိတ်ဓါတ်ကျရတဲ့ ကာလတွေပါ။ အဲဒီလိုအခါမျိုးမှာ ဆရာက ကျွန်မကို အမြဲ အားပေးတတ်ပါတယ်။
"ဂျူး ဘာမှ စိတ်ဓါတ်ကျမနေနဲ့၊ ကိုယ့်အလုပ်က စာတွေ ရေးနေဖို့ပဲ၊ နောက်ထပ်စာတွေ ဆက်ရေးနေပါ၊ ဘယ်သူကမှ ဘယ်အရာကမှ ဂျူးကို တွန့်ဆုတ်နှောင့်နှေး မသွားပါစေနဲ့၊ ဒီမှာ ကျွန်တော်ပြောပြမယ်၊ ကျွန်တော် ရေးပြီးသား ပုံနှိပ်ထုတ်ဝေခွင် မကြုံတဲ့ စာအုပ်ဘယ်နှစ်အုပ်လောက် ရှိမယ်ထင်လဲ ခန့်မှန်းစမ်းပါ" တဲ့။
ကျွန်မက "၅ အုပ်၊ ၆ အုပ်လောက် ရှိလားဆရာ" လို့ မေးမိတော့ ဆရာက ပြုံးတယ်။
"အုပ် ၂၀ လောက် ရှိတယ်၊ ကျွန်တော့်ထက် ဂျူးအဖြစ်က ပိုဆိုးနိုင်အုန်းမလား" တဲ့။
အို အဲလိုဆိုတော့ ကျွန်မအဖြစ်က တကယ့် အသေးအဖွဲကလေးပါလား။ စိတ်ဓါတ်ကျနေမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ရှက်သွားမိရပါတယ်။
(စာအုပ်တအုပ်ထွက်ဖို့ ကြန့်ကြာနေတိုင်း ဆရာ့ဆီ အဲလို အားပေးစကားမျိုး သွားနာထောင် အားတင်းခဲ့ရတဲ့ ကျွန်မဟာ စာအုပ်တအုပ် ထပ်ရေးဖို့ လက်တွန့် တွေဝေနေမိတဲ့ အခါတိုင်း ဆရာလူထုစိန်ဝင်း (၀င်းဇော်) ဆီကို သွားပြီး အားသစ်တွေ ဆရာ့ဆီက ယူရတတ်တယ်။)
ဆရာနဲ့အတူ စာပေဟောပြောပွဲတွေ သွားရတဲ့အခါ အလွန်စိတ်ဓါတ် တက်ကြွစရာ ကောင်းပါတယ်။ အသွားအပြန် ရထားအိပ်စင်တွဲမှာ စကားလက်ဆုံကြရတာ (အမှန်ကတော့ ဆရာတို့ဆီက ဗဟုသုတတွေကို ကျွန်မတို့က မေးမြန်းပြီး လေ့လာမှတ်သားရတာပါ) နယ်မြို့တွေ ရောက်တဲ့အခါ တည်းတဲ့အိမ်မှာ ည ဟောပြောပွဲ အတွက် စီစဉ်ဆွေးနွေးရင်း ဆရာတို့ စကားတွေကို နားထောင်ရတာ ကျွန်မ မသိခဲ့ရတဲ့ ဆရာတို့ခေတ်နဲ့ ဘ၀အကြောင်းတွေ မေးမြန်းစပ်စုရတာ အဲဒီကာလတွေဟာလည်း ကျွန်မအတွက် တန်ဘိုးရှိတဲ့ ကာလတွေပါပဲ။
စာပေဟောပြောပွဲ မလိုက်ချင်လို့ အမြဲတမ်း တိမ်းရှောင်တတ် ငြင်းပယ်တတ်တဲ့ ကျွန်မကို ဆရာက အမြဲတမ်း အားပေးခဲ့တာပါ။ ကျွန်မရဲ့ စာရေးသက်နဲ့ စာပေအတွေ့အကြုံဟာ ၁၀ ကျော် ၁၅ နှစ်လောက်ပဲ ရှိသေးတာမို့ စာပေဟောပြောပွဲစင်ပေါ် ဆရာတို့နဲ့အတူ တက်ဖို့ဆိုတာ စာပေအဆင့်အတန်းနဲ့ ဂါရ၀တရားကို သိနေသူအတွက် အင်မတန် ခြောက်ခြားစရာကောင်းတဲ့ ခြေလှမ်းတွေပါ။ အဲဒီ ခြောက်ခြားမှုတွေ လျော့နည်းသွား အောင် ကျွန်မကို အမြဲတမ်းအားပေးခဲ့တာ ဆရာမြသန်းတင့်နဲ့ ဆရာတင်မိုး ဖြစ်ပါတယ်။
ဆရာတို့က ဟောပြောပွဲ သတ္တိတွေ ကျွန်မကို ပေးခဲ့ပေမယ့် ဟောပြောပွဲလိုက်တဲ့အခါ ကိုယ်နဲ့အတူ သွားရမယ့် စာရေးဆရာတွေ ဘယ်သူလဲဆိုတာ သိပြီးမှ လက်ခံဖို့တော့ သတိပေးခဲ့ဖူးတယ်။
"လူတိုင်း စိတ်သဘောချင်း မတိုက်ဆိုင်တတ်သလို၊ စာရေးဆရာတိုင်းလည်း စာပေဆိုင်ရာ၊ ဘ၀ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ခံယူချက်ချင်း မတူတတ်တာမို့ မတူတဲ့ လူနှစ်ယောက် ဒါမှမဟုတ် သုံးယောက် အတူသွားရ၊ စင်ပေါ်တက်ရတဲ့အခါ ကသိကအောင့် ဖြစ်ရတာလေးတွေ ရှိတယ်"
ဆရာမြသန်းတင့်နဲ့ ဆရာတင်မိုးက ကျွန်မကို အဲဒီလို ရှင်းပြတတ်ပါတယ်။
ကျွန်မဆိုတဲ့ ကျွန်မကလည်း အင်မတန် တုံးတဲ့သတ္တ၀ါဆိုတော့ အရိပ်ပြရုံနဲ့ အကောင်မထင်တတ်၊ အကောင်လိုက်ပြမှ မြင်မှာဆိုတော့ ဆရာ့ကို မေးမိတယ်။
'ဒါဖြင့် ကျွန်မ ဘယ်သူတွေနဲ့ မသွားသင့်ဘူးလဲ ဟင်"
ဘယ်လောက်များ မသိသားဆိုးဝါးတဲ့ မေးခွန်းလဲ။ ဆရာတို့ မဖြေမယ့် မေးခွန်းမျိးကို ကျွန်မ မေးခဲ့မိတယ်။ ဆရာတို့က ကျွန်မကို တိုက်ရိုက် ဘယ်ဖြေမလဲ။ တရားရုံးမှာ အဖြေမတတ်တဲ့ သက်သေကို ရှေ့နေက မသိမသာ လမ်းကြောင်းပြ ခေါ်သလိုမျိုး ဆရာတို့က သွယ်ဝိုက်ပြီး ကျွန်မကို ပြောပြခဲ့တယ်။
ဟောပြောပွဲတွေမှာ ဘယ်စာရေးဆရာကတော့ ဘာခေါင်းစဉ်နဲ့ ဘယ်လို အကြောင်းအရာမျိုးကို ပြောတတ်တယ်။ ဘယ်သူကတော့ ဘယ်လိုအကျင့်မျိုး ရှိတတ်လို့ စာရေးဆရာတွေနဲ့ အဖြစ်အပျက်တွေကို ဗဟုသုတအဖြစ် ပြောပြခဲ့တာပါ။
"ဂျူး အတွေ့အကြုံရလာတဲ့အခါ အလိုလို သိလာမှာပါ" လို့ ဆရာတို့က မှတ်ချက်ချခဲ့တယ်။ ဟုတ်ပါတယ်။ အခုတော့လည်း ဒီအကြောင်းတွေ ကျွန်မ သိသွားခဲ့ပါပြီ။
တခါတုန်းက မှတ်မှတ်ရရ စိတ်တိုင်ကျ လက်ဘက်ရည်ဆိုင်မှာ ဆရာက "ကလျာထဲက ကျောက်တိုင်နှစ်ခု ၀တ္ထု ကျွန်တော်ဖတ်ပြီးသွားပြီ၊ ကြိုက်တယ်" လို့ ပြောခဲ့တယ်။ ပြီးတော့မှ "ဂျူး ချင်းတောင်ကို ရောက်ဖူးသလား" တဲ့။ "မရောက်ဖူးပါဘူး ဆရာ" လို့ ကျွန်မက ဖြေလိုက်ပါတယ်။ "ဂျူးရေးထားတာ ပီပြင်သားပဲ၊ ကိုယ်တိုင် ရောက်ဖူးပြီး ရေးထားသလိုပဲ" တဲ့။ ဒါနဲ့ပဲ ကျွန်မ သူငယ်ချင်းတယောက် ဓါတ်ပုံ စနစ်တကျ ရိုက်ယူလာပြီး ကျွန်မကို ဓာတ်ပုံတွေပြ၊ ချင်းတောင်ရဲ့ မြေအနေအထား၊ ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ လူမှုရေးစရိုက် အသွင်အပြင်တွေကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တဲ့အကြောင်း ဆရာ့ကို ၀န်ခံလိုက်ပါတယ်။ နောက်ပြီးတော့ "လိုက်ခဲ့တော့ မြနန္ဒာကို ဆရာရေးခဲ့သလိုပေါ့နော် ဆရာ" လို့ မနှိုင်းအပ် နှိုင်းအပ်နဲ့ နှိုင်းယှဉ်ပြီး ဟာသစွက်လိုက်တော့ ဆရာ ရယ်ပါတယ်။
နေ့စဉ်မှန်မှန် စာရေးတဲ့ ဆရာက စာရေးပျင်းတတ်တဲ့ ကျွန်မကို တွေ့တိုင်း မေးလေ့ရှိတဲ့ မေးခွန်းလေးတခုကတော့ "ဂျူး အခု ဘာတွေ ရေးနေသလဲ" တဲ့။
ဆရာ့ရဲ့ အဲဒီမေးခွန်းဟာ ပထမတော့ မေးခွန်းသက်သက်ပဲ ဖြစ်ခဲ့တယ်။
"အင်း... အဲ ကျွန်မက လုံးချင်းရေးတာ အရှိန်ရနေရင် ၀တ္ထုတို မရေးနိုင်တာ များတယ် ဆရာ"
"ဒီလတော့ ကလျာမဂ္ဂဇင်းအတွက်တောင် မရေးဖြစ်ဘူး ဆရာ"
"ဒီတပတ်တော့ မဟေသီအတွက် မရေးဖြစ်ဘူး ဆရာ"
အဲဒီလို ဆရာ့အမေးကို အိုးနင်းခွက်နင်း မရေမရာ ဖြေရတဲ့ အကြိမ်တွေ များများလာတော့ "ဂျူး အခု ဘာရေးနေလဲ" ဆိုတဲ့ ဆရာ့မေးခွန်းဟာ ကျွန်မအတွက် တွန်းအားတခု ဖြစ်လာခဲ့ပါတယ်။
"စာရေးဆရာဆိုတာ စာအမြဲရေးနေရမယ်"
ဆရာ့ဆီက ရလာတဲ့ ခံယူချက်တခုပါ။
ဆရာကတော့ နေ့စဉ်အလုပ်ချိန်ဇယားနဲ့ စာရေးတဲ့သူ။ ဘယ်နေ့မှာ ဘယ်မဂ္ဂဇင်းအတွက် စာမူပေးရန် ဆိုတဲ့ တိကျတဲ့ အလုပ်ဇယားနဲ့ အလုပ်လုပ်တဲ့သူ။ ဥပမာ White Board ပေါ်မှာ ၂၂-၁၀-၉၆ ကလျာမဂ္ဂဇင်းလို့ ရေးထားရင် အဲဒီနေ့ ကလျာမဂ္ဂဇင်းက စာမူလာယူတဲ့အခါ တိတိကျကျ ပေးတတ်ပါတယ်။
ကျွန်မများဖြင့် ဆရာ့ထက် အသက် မနည်းမနော ငယ်ပေမယ့် ဆရာ့စိတ်ဓာတ် ဇွဲနဲ့ ခွန်အားကို တ၀က်ကလေးတောင် မမီပါဘူး။ ချိန်းတဲ့နေ့မှာ စာမူမပေးနိုင်တာများလို့ ဘယ်နေ့လာယူပါလို့ တောင် မချိန်းရဲတော့တဲ့ အဖြစ်တွေ ကြုံခဲ့ရတယ်။ ဆရာ့တိကျမှုကို သိလာရပြီးတော့ ရက်ချိန်းမမှန်တဲ့ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်မိရာက အခုတော့ ဆရာ့ဆီက အတုခိုးနေပြီ။ အခုတော့ ရက်ချိန်မှန်စ ပြုနေပြီလို့ ဆိုနိုင်ပါတယ်။
ကျွန်မရေးတဲ့ စာတွေကို ဆရာက ဖတ်ပြီး အားပေးစရာရှိရင် အားပေး (၀တ္ထုတိုတွေ)၊ ထောက်ပြစရာ ရှိရင်လည်း ဂျူး ဒီဟာကတော့ နည်းနည်းလွဲသွားပြီ၊ အမှန်က ဒီလို မဟုတ်ဘူးလို့ ထောက်ပြ (ဆောင်းပါးတွေ)၊ ၀တ္ထုတိုတွေ ရေးနေကျ ကျွန်မကို ဘယ်ဝတ္ထုတိုကဖြင့် သိတ်ကောင်းတာပဲ၊ ဂျူး ဖတ်ကြည့်သင့်တယ်။ ဘယ်မှာ ရှာရမယ် စသဖြင့် ညွှန်ပြကူညီ။ အဲဒီလိုနဲ့ ဆရာဟာ ကျွန်မအတွက် "ဆရာ" တယောက် ဖြစ်ခဲ့ပါတယ်။
ဆေးရုံမှာ ဆရာ သတိ လစ်မေ့မျောနေတဲ့အချိန်၊ သေမင်းနဲ့ ရင်ဆိုင်ရုန်းကန် နေရတဲ့အချိန်မှာ ဆရာ့ဘေးနားကို ကျွန်မ ရောက်မလာခဲ့နိုင်ဘူး။ ဆရာ ကွယ်လွန်သွားတဲ့အချိန်မှာ ဆရာ့ကို အပြီးအပိုင် နှုတ်ဆက်ဖို့၊ ဆရာ့ နောက်ဆုံးခရီးကို လိုက်ပို့ဖို့ အနီးအနားမှာ ကျွန်မ မရှိခဲ့ဘူး။ အဲဒီအဖြစ်က ကျွန်မကို ပိုပြီး ၀မ်းနည်း ထိခိုက်စေခဲ့ပါတယ်။
တတိယ ပေါ်လာတဲ့စိတ်က နောင်တပါ။
လူ့ဘ၀မှာ နောက်ပြန်ဆုတ်လို့ မရတော့တဲ့ ခြေလှမ်းတွေ၊ ဘ၀ထဲက ပြန်နှုတ်ယူလို့ မရတော့တဲ့ အမှားတွေ၊ ပြန်ပြင်လို့ မရတော့တဲ့ ဆုံးဖြတ်ချက် အမှားကြောင့် ရလာတဲ့ ဆုံးရှုံးမှုတွေ စသဖြင့် နောင်တအမျိုးမျိုး ရှိနေတတ်ကြတာ။ တချို့ နောင်တစိတ်ဟာ ကာယကံရှင်ရဲ့ အသက်ကိုတောင် သေစေနိုင်လောက်အောင် ပြင်းထန် ဖိစီးတတ်တာ ကျွန်မသိပါတယ်။
ဆရာနဲ့ ပတ်သက်ပြီး ကျွန်မမှာ ဖြစ်ပေါ်လာတဲ့ နောင်တစိတ်ကတော့ မလုံမလဲ စိတ်ဆင်းရဲရတဲ့ အမျိုးအစားပါ။ အားလုံးဟာ စာအုပ်တွေနဲ့ ပတ်သက်နေခဲ့ရပါတယ်။
ပထမဆုံး နောင်တက ဆရာပိုင်ဆိုင်တဲ့ စာအုပ်တအုပ်ကို ဆရာတောင် မသိခဲ့ဘဲ ကျွန်မ စာအုပ်စင်မှာ သိမ်းထားခဲ့မိတဲ့ အဖြစ်။
လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်လောက်တုန်းက 'မြသန်းတင့်' လို့ လက်မှတ်မှိန်မှိန်လေး ရေးထိုးထားတဲ့ Modern Short Stories ဆိုတဲ့ စာအုပ်ကို ဆရာမောင်လင်းကြည် (ဆရာဦးမြ၀င်း) ဆီကနေ ကျွန်မ ငှားဖတ်ခဲ့ပါတယ်။
"အဲဒါ ဆရာမြဆီက ကျွန်တော် ငှားထားတာ" လို့ ဆရာဦးမြ၀င်းက ပြောတော့ ကျွန်မမှာ အင်မတန် ရှားပါးတဲ့ အဖိုးတန် ရတနာတခု ကိုယ့်လက်ထဲ ရောက်လာသလိုပဲ၊ စာအုပ်ရဲ့ တန်ဖိုးဟာ ပိုပြီး ကြီးကျယ် သွားခဲ့တာပေါ့။
အဲဒီစာအုပ်ကို ကျွန်မ ဖတ်ပြီးသွားပေမယ့် ဆရာဦးမြ၀င်းကို ပြန်မပေးဖြစ်ပဲ ဒီအတိုင်း သိမ်းထားခဲ့ တော့တယ်။ စဉ်းစားကြည့်စမ်းပါ။ ကျွန်မလို စာရေးဆရာ ပေါက်စနကလေးအတွက် အဲဒီ "မြသန်းတင့်" ဆိုတဲ့ လက်မှတ်ပါတဲ့ စာအုပ်က စာအုပ်စင်မှာ သိမ်းထားဖို့ ဘယ်လောက်ဂုဏ်ယူ ကျေနပ်စရာ ကောင်းလိုက်မလဲ။
အဲဒီတုန်းက ကျွန်မဟာ ဆရာမြသန်းတင့်နဲ့ ခင်မင်ရင်းနှီးခွင့် ရလိမ့်မယ်လို့ ဘယ်လိုတွေးမိနိုင်ပါ့မလဲ။ ဆရာ့စာအုပ်တွေ ထွက်တိုင်း "ဂျူးသို့ မြသန်းတင့်" ဆိုတဲ့ ဆရာ့လက်မှတ်နဲ့ စာအုပ်လက်ဆောင်တွေ ရလာလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး စိတ်ကူးယဉ်ရဲမလဲ။
ရန်ကုန်ကို ပြောင်းလာပြီးတော့ ဆရာနဲ့ ခင်မင်ရင်နှီးလာတဲ့အခါ အဲဒီစာအုပ်အကြောင်း ကျွန်မ ဆရာ့ကို ဖွင့်ပြောတော့ ဆရာတောင် မေ့ချင်ချင် ဖြစ်နေပါပြီ။ "ဟုတ်လား ကိုမြ၀င်းကို ကျွန်တော်ငှားလိုက်မိတာ ကျွန်တော် သတိတောင်မရဘူးဗျ" လို့ ပြောပါတယ်။ "ဒါဖြင့် ပြန်ပေးပါ" လို့ ဆရာက ဘယ်တောင်းလိမ့်မလဲ။ တကယ်ဆို ကျွန်မက အလိုက်သိသိနဲ့ ပြန်ပေးရမှာ။ ဒါပေမယ့် ဆရာမတောင်းခဲ့တာကို အခွင့်ကောင်းယူပြီး နှစ်တွေ ကြာလာတဲ့ တိုင်အောင်ပြန်မပေးဘဲ ထားခဲ့မိတယ်။ အဲဒီစာအုပ် ပြန်မပေးခဲ့မိတဲ့ အတွက်ပဲ ဆရာကွယ်လွန် ကြောင်း ကြားရတဲ့အခါ နောင်တနဲ့ စိတ်ဆင်းရဲခဲ့ရပါတယ်။
နောက်ထပ် နောင်တတခုက ဆရာ့စာအုပ်တွေ နောက်ထပ်ငှားပြီး ဆရာ့ကို ပြန်မပေးမိခဲ့တဲ့ အဖြစ်တွေ။
တရက်မှာ ယန်းပေါလ်ဆာ့တ် နဲ့ ဆီမွန်ဒီဘောဗွားအကြောင်း ပြောကြရင်းနဲ့ ဆရာက ကျွန်မဖတ်ချင် တာတွေ ရွေးယူသွားဖို့ အိမ်ပေါ်ထပ်စာအုပ်စင်ရှိရာ ခေါ်သွားပါတယ်။ ကျွန်မဆီမှာ မရှိတဲ့ ဆီမွန်းဒီဗောဘွားရဲ့ တခြားစာအုပ်နှစ်အုပ်တွေ့တယ်။ ဆရာ ကျွန်မအဲဒီစာအုပ်တွေ ကျွန်မ ဖတ်ချင်တယ်ပြောတော့ ယူသွားတဲ့။ ကိုယ်တိုင် စင်ထဲကနေ ဆွဲထုတ်ပေးပါတယ်။ Blood of others နဲ့ She came to stay စာအုပ်တွေပါ။ အဲဒီ စာအုပ်တွေကို ကျွန်မ အားတဲ့အချိန်တွေမှာ ဖတ်ခဲ့တာ ၃ - ၄ လကြာမှ ပြီးသွားတယ်။ ဒါပေမယ့် ဆရာ့ဆီကို ကျွန်မ အခေါက်ခေါက် အခါခါ သွား၊ ဆရာကလည်း ကျွန်ဆီ မကြာခဏ ရောက်ပေမယ့် ဒီစာအုပ်နှစ်အုပ်ကို ပြန်မပေးခဲ့မိဘူး။ ကျွန်မရဲ့ တခြား ဆီမွန်ဒီဘောဗွားတွေနဲ့ အတူ ရောပြီး စင်မှာ ထားခဲ့မိတယ်။ စာအုပ်စင် ရှင်းတဲ့အခါမျိုးမှာ စာအုပ်နှစ်အုပ်ကို မြင်တွေ သတိရမိတော့ ဒီတခေါက် ဆရာ့ဆီသွားရင်တော့ ဒီစာအုပ်တွေ ယူသွားမှပဲလို့ စိတ်ထဲမှာ တွေးမိပေမယ့် တကယ်သွားတဲ့အခါ မေ့နေပြန်တယ်။
ဒီလိုနဲ့ စာအုပ်တွေ ပြန်မပေးမိတဲ့ ကျွန်မဟာ အခုတော့ ခံစားရမယ့် နောင်တတွေ တိုးခဲ့ရပါတယ်။
နောက်ထပ် နောင်တ တခု ရှိပါသေးတယ်။
အဲဒါကတော့ ကျွန်မက ပေးဖို့ ကတိပေးပြီးမှ ပျက်ကွက်ခဲ့တဲ့ တာဝန်မကျေမှုအတွက် ခံစားရတဲ့ နောင်တစိတ်ပါ။
ဆရာက မော်ဒန်လို့ လောလောဆယ် သတ်မှတ်နေကြတဲ့ စာအမျိုးအစားတွေကို သိပ်စွဲလန်း နှစ်သက်မိပုံမရဘူး။ "ကျွန်တော် အဲဒါတွေ ခံစားလို့ သိပ်မရဘူးဗျ" အဲဒီလို ရိုးရိုးရှင်းရှင်း ပြောတတ်ပါတယ်။ "မော်ဒန်ဆိုလို့ ကျွန်တော် ဖတ်ကြည့်မိသလောက် တချိုကတော့ Mystery နဲ့ ရောမွှေထားတဲ့ ပုံပြင်တွေလိုပဲဗျာ" တဲ့။ "ဂျူးရော ဒီဝတ္ထုတွေအပေါ် ဘယ်လိုမြင်လဲ" လို့ ကျွန်မကို မေးပါသေးတယ်။
ကျွန်မက ကျွန်မဖတ်ဖူး နှစ်သက်ဖူးတဲ့ ဂျာမန်ခေတ်သစ် ၀တ္ထုတိုတွေ၊ ပြင်သစ်ခေတ်သစ် ၀တ္ထုတိုတွေကို ရွတ်ပြမိပြီး ကျွန်မနားမလည်တဲ့ စာတွေအကြောင်းလည်း ဆရာ့ကို ပြောပြခဲ့တယ်။ ဆရာကလည်း ဆရာဘာသာပြန်တဲ့ ဂျာမန် ခေတ်ဝတ္ထုတိုတွေနဲ့ ဂါဆီယာမားကွက်စ်ရဲ့ ၀တ္ထုတွေအကြောင်း ကျွန်မကို ရှင်းပြ ပြောပြခဲ့တယ်။
နောက်တော့ သစ္စာနီရဲ့ ၀တ္ထုတိုတွေအကြောင်း ဆရာ့ကို ကျွန်မ စကားစကြည့်ပါတယ်။ "ဆရာရယ် မော်ဒန်လို့ သတ်မှတ်ပေမယ့် ကျွန်မ နားလည်ပြီး သိပ်ကြိုက်မိ ခံစားမိတဲ့ ၀တ္ထုတွေလည်း ရှိပါတယ်။ ဥပမာ- သစ္စာနီ ဆရာကြိုက်လား" လို့ မေးကြည့်မိတယ်။ ဆရာက သစ္စာနီရဲ့ ၀တ္ထုတွေကို ကောင်းကောင်းမှတ်မိပုံ မရဘူး။
"ဆရာ အဲဒီဝတ္ထုတွေက ဆရာပြောတဲ့ လျှို့ ၀ှက်ဆန်းကျယ်မှုနဲ့ ရောထားတဲ့ ပုံပြင်တွေ မဟုတ်ပါဘူး၊ ကျွန်မတို့ ရင်ထဲကို တကယ်ထိတဲ့ တကယ့် ဘ၀တွေအကြောင်း ရေးထားတဲ့ စာတွေပါ" လို့ သစ္စာနီရဲ့ "တိမ်နှင့်လူ" "လှေကားနှင့်လူ" "စာအုပ်နှင့်လူ" ၀တ္ထုတွေကို ကျွန်မ ပြောပြမိတယ်။ "ဆရာ့ကို သစ္စာနီရဲ့ ၀တ္ထုတိုပေါင်းချုပ် စာအုပ်လက်ဆောင်ပေးပါရစေ။ ဆရာအားတဲ့အခါ ဖတ်ကြည့်ပါ" လို့ပြောတော့ "အေးဗျ ကောင်းသားပဲ" တဲ့။
ကျွန်မက ပါးစပ်က ကတိဟာ အကောင်အထည် ပေါ်မလာခဲ့ပါ။ အခု ဆရာ ကွယ်လွန်သွားခဲ့ပြီမို့ ကျွန်မ ဆရာ့ကို ပေးရမယ့် အကြွေးတခု တင်သွားခဲ့ပြီ။
ကျွန်မ အိမ်မှာရှိတဲ့ "အခြားသော အရာအရာများနှင့် လူ" စာအုပ်ကို ဆရာ့ကို ပေးဖတ်ဖို့ အကြိမ်ကြိမ် စဉ်းစားဖူးတယ်။ ဒါပေမယ့် ကျွန်မက ဆရာ့ကို စာအုပ်ငှားချင်တာ မဟုတ်ဘူး။ စာအုပ်လက်ဆောင် ပေးချင်တာပါ။ ကျွန်မဆီမှာ ရှိတဲ့ စာအုပ်က အဲဒီစာအုပ် ထုတ်ဝေသူ ကိုကျော်သန်းက လက်ဆောင်ပေးထားတာ ဖြစ်တဲ့အပြင် ဟိုလူငှား၊ ဒီလူငှားနဲ့ စာအုပ်က နွမ်းနေပြီ။ ဒီတော့ ကျွန်မက ဆရာ့ကို ခပ်သစ်သစ်စာအုပ်တခု တွေ့မှ ၀ယ်ပြီး လက်ဆောင်ပေးသင့်တယ်လို့ စဉ်းစားမိပြီး ကြာသွားရတာပါ။
ကျွန်မ ကံဆိုးချင်တော့ စာအုပ်ကလည်း ရှားနေပြန်တယ်။ စာအုပ်တန်းသွားတိုင်း မတွေ့ရဘူး။ တကယ်လို့များ စာအုပ်တန်းမှာ လမ်းလျှောက်ရင်း အခုမှ သစ္စာနီရဲ့ စာအုပ်ကို တွေ့မြင်မိမယ်ဆိုရင် ကျွန်မရဲ့ နောင်တတွေ အသစ်ပြန်ဖြစ်ပြီး သောကရောက်ရဦးမှာ ထင်ပါရဲ့။
နောက်ထပ် နောင်တတခု ရဖို့တော့ ကံအားလျော်စွာ သီသီကလေး လွဲသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဆရာ့ တိုက်တွန်းချက်တခုကို တနှစ်နီးပါး ငြင်းပယ်တိမ်းရှောင် လာခဲ့ရာက နောက်ဆုံး နာခံလိုက်တဲ့ အတွက် ဒါဟာ တာဝန်ကျေမှုတခုလို့ ကျွန်မဖြေသိမ့်နိုင်ခဲ့တဲ့ ဆရာနဲ့ ပတ်သက်သော အမှတ်တရ အဖြစ်လေးပါ။
လှည်းတန်းက ဆရာဦးဝင်းနိုင်ရဲ့ အင်္ဂလိပ်စာကျူရှင်က လစဉ် လကုန်ရက်ရဲ့ တနင်္ဂနွေညနေတိုင်း ကျောင်းသားတွေအတွက် စာပေဟောပြောပွဲ အသေးစားလေးတခု ကျင်းပပေးလေ့ရှိပါတယ်။ အဲဒီ ဟောပြောပွဲလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အစဉ်အလာတခုက ဒီလပြောမယ့် စာရေးဆရာကို အရင်လက ဟောပြောခဲ့တဲ့ စာရေးဆရာက စိတ်ကြိုက်ရွေးချယ်ပေးပြီး ကိုယ်တိုင် တာဝန်ယူပြီး ပရိသတ်နဲ့ မိတ်ဆက် ပေးလေ့ရှိတဲ့ ထုံးစံလေးပါ။
ဆရာမြသန်းတင့် ဟောပြောပြီးသွားတဲ့အခါ နောက်လမှာ ဟောမယ့် စာရေးဆရာအဖြစ် ဆရာက ကျွန်မနာမည်ကို ပြောပြအကြံပေး ရွေးချယ်စေခဲ့ပါတယ်။ ကျွန်မကို ဆရာဦးဝင်းနိုင်တို့ ဟောပြောပွဲ ဖိတ်လာတဲ့အခါ ဆရာမြသန်းတင့်ကိုယ်တိုင် လိုက်လာပြီး ကျွန်မကို တိုက်တွန်းခဲ့တာပါ။ အဲဒါကို ကျွန်မက အကြောက်အကန် ငြင်းခဲ့မိတယ်။ ဟိုကိစ္စ အကြောင်းပြ၊ ဟိုအခြေအနေ ဒီအခြေအနေတွေ အကြောင်းပြနဲ့ ဆရာကလည်း စိတ်ရှည်ရှည်နဲ့ တိုက်တွန်း။ ဆရာဦးဝင်းနိုင်ကလည်း စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ စောင့်။ နောက်ဆုံးမှာ ကျွန်မ သဘောတူလိုက်ရတယ်။ ဒါပေမယ့် ကျွန်မပြောပါမယ်လို့ ကတိပေးတဲ့လမှာ တကယ် မပြောဖြစ်လိုက်ပါဘူး။ ၂ ရက်အလိုမှာ အကြောင်းကြောင်းကြောင့် ကျွန်မ ကပ်ပြီး ဖျက်လိုက်ရတယ်။ ကျောင်းသားတွေလည်း စိတ်နည်းနည်း တိုလာပုံရတယ်။ ကျွန်မကိုမှ မရရင် မရမချင်း နောက်ထပ် ဟောပြောပွဲမလုပ်ပဲ နားထားမယ်တဲ့။ စင်ပေါ်ပြန်တက်ဖို့ ကျွန်မ အဆင်သင့်ဖြစ်တဲ့အခါ ကျွန်မရဲ့ ဟောပြောပွဲနဲ့ပဲ ပြန်ဖွင့်မယ်ဆိုပြီး ဒီကြားထဲမှာ ကျူရှင်မှာ ဟောပြောပွဲ မလုပ်ဘဲ ပေကပ်နေခဲ့တယ်။
ဆရာမြကလည်း ကျွန်မကို တွန်းအားပေး။ ကျွန်မကိုယ် ကျွန်မလည်း တွန်းအားပေးနဲ့ နောက်ဆုံးကျမှ ကျွန်မဟောပြောနေကျ ခေါင်းစဉ်တွေ မဟုတ်တဲ့ နောက်ထပ်ခေါင်းစဉ်အသစ်၊ အကြောင်းအရာ အသစ်နဲ့ ပြောပါတော့မယ်လို့ ဒုတိယ အကြိမ်မြောက် ကတိပေးလိုက်ရပြန်တယ်။ ပထမအချိန် ကတိပေးတဲ့ အချိန်နဲ့ ဒုတိယ ကတိပေးတဲ့ အချိန်နှစ်ခုကြားက ကာလဟာ တနှစ်နီးပါး (၁၁) လတိတိ ကြာခဲ့တယ်။ ဆရာမြ စိတ်တို စိတ်ကုန် သင့်လောက်အောင် ကြာခဲ့တဲ့ ကာလပါ။
အဲဒီနေ့က တကယ်ပဲ ဟောပြောဖြစ်သွားခဲ့ပါတယ်။
ကျွန်မကသာ ပထမအကြိမ် ဟောပြောပွဲကို နှစ်ရက်နဲ့ ကပ်ဖျက်ခဲ့မိပေမယ့် ဆရာမြသန်းတင့်ကတော့ ကတိဖျက်လို့ရတဲ့ အချိန်မျိုးမှာတောင် မဖျက်ဘဲ ကျွန်မကို မိတ်ဆက်ပေးဖို့ တာဝန်ဆက်ယူခဲ့တယ်။ တကယ်တော့ အဲဒီရက်က ဆရာ့မှာ ခြေထောက်ထိခိုက်သွားလို့ ကျောက်ပတ်တီး စီးထားပြီး အနားယူနေရတဲ့ ကာလပါ။ ဒီခြေထောက်ကို အသုံးပြုပြီး လမ်းမလျှောက်သင့်သေးတဲ့ ကာလပါ။ ဒါပေမယ့် ပတ်တီးစီးလျက်သား ခြေထောက်နဲ့ပဲ ကျွန်မကို ကျောင်းသားပရိသတ်နဲ့ မိတ်ဆက်ပေးဖို့ စင်ပေါ်ကို ဆရာတက်ခဲ့တယ်။
အဲဒီနေ့ဟာ ကျွန်မဘ၀မှာ မမေ့နိုင်တော့မယ့် နေ့တခု ဖြစ်လာခဲ့ပါတယ်။
ကျွန်မရဲ့ ငယ်စဉ်ဘ၀နဲ့ ကျောင်းသူဘ၀တွေ ကာလတွေဟာ ငွေကြေးချို့တဲ့မှုကြောင့် ပတ်ဝန်းကျင်ကို မတ်မတ်ရပ် ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေ လိုခဲ့တယ်။ ကျွန်မကို ခွန်အားသတ္တိ မျှဝေပေးခဲ့တဲ့ စာအုပ်တွေထဲမှာ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ဂေါ်ကီရဲ့ ဘ၀တက္ကသိုလ် သုံးအုပ်တွဲ စာအုပ်ဟာ အရေးကြီးဆုံး အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာ ဆရာ့ကို ခဏခဏ ပြောခဲ့မိပေမယ့် အဲဒီနေ့က စာပေဟောပြောပွဲမှာ ကျွန်မ မှတ်မှတ်ရရ ကျေးဇူးတင်စွာ ထည့်ပြောပြီး ဆရာ့ကို ဂါရ၀ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံ ပြည်သူတွေ အတွက်ရော၊ မြန်မာနိုင်ငံ စာပေလောက အတွက်ရော ဆရာဟာ တာဝန်ကျေတာထက် အဆပေါင်းများစွာ ပိုပြီး ကျေးဇူးပြုခဲ့သူ တဦးပါလို့ ကျွန်မလို အသက်အရွယ်၊ ကျွန်မလို အဆင့်အတန်းမျိုးနဲ့ ပြောမှ ပြောအပ်ပါရဲ့လား ကျွန်မ မသိပါ။
ဆရာ ကွယ်လွန်သွားလို့ မြန်မာနိုင်ငံမှာ လစ်ဟာသွားတဲ့ ဆုံးရှုးံမှုကွက်လပ်ကြီးကို စာဖတ်သူတယောက် အနေနဲ့ ရင်ဆိုင်ဖြတ်သန်းရတဲ့အခါ ကျွန်မတို့ဟာ မဆုံးနိုင်လောက်အောင် နှမြောတမ်းတမိကြ ရပါလိမ့်မယ်။
တခုတော့ ဖြေမယ်ဆို ရင် ဖြေသာစရာ ရှိပါတယ်။
လူ့ဘ၀မှာ သေခြင်းတရား (Mortality) နဲ့အတူ မသေခြင်းတရား (Im-mortality) အမျိုးအစားတခုအဖြစ် ရှိနေတယ်။ လူတော်တော်များများပဲ သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့အတွက် မသေခြင်းတရားကို အရင်ဆုပ်ကိုင် ပိုင်ဆိုင်မိအောင် အသည်းအသန် ကြိုးစားကြရတယ်။
တချို့မှာတော့ အားလုံးက မေ့လျော့ စွန်ပယ်ထားခံရမှုကြောင့် လူ ကိုယ်ခန္ဓာကြီး တကယ်မသေဆုံးခင် မှာပဲ သေနေခဲ့ပြီ။ အဲဒီလိုပဲ လူကိုယ်ခန္ဓာ သေပြီးတဲ့နောက် နှစ်ရာပေါင်းများစွာ အသက်ရှင်ကျန်ရစ်နေတဲ့ လူအမျိုးအစားတွေလည်း သမိုင်းမှာ အများကြီး ရှိနေပါတယ်။ သူတို့ဟာ မသေခြင်းတရား (Im-mortality) ကို ရရှိသွားသူတွေလို့ ကျွန်မတို့ အားကျရတယ်။
မြသန်းတင့် ဆိုတဲ့ နာမည်ဟာ မသေခြင်းတရား (Im-mortality) ပဲ ဖြစ်ပါတယ်။
ဂျူး
{ကလျာမဂ္ဂဇင်း၊ အမှတ် ၁၅၉၊ ၁၉၉၈ မေလမှ ကူးယူဖော်ပြပါတယ်}
Saturday, November 20, 2010
ဥတ္တရမြို့
ရေးသူ- ငြိမ်းအေးအိမ်
မြန်မာနိုင်ငံမြောက်ပိုင်းက မီးရထားလမ်းဆုံးမြို့လေး တစ်မြို့ဆီ ကျွန်တော်ရောက်ခဲ့ပါတယ်။ 'မြစ်ကြီးနား'ပါ။
သူ့ကို (အဲဒီမြို့ကို) မြန်မာပြည်ရဲ့ 'ဥတ္တရမြို့တော်'လို့ သတ်မှတ်ကောင်းသတ်မှတ်ကြပါလိမ့်မယ်။ ကျွန်တော်အနေနဲ့တော့၊ အခြားသောနယ်မြို့ကြီးတစ်ချို့တွေထက် သိပ်တော့ဖြင့် ထူးပြီးခြားနား နေလှတယ်လို့ မထင်မိပါဘူး။
အဲဒီမြို့မှာ လူနဲ့လောဘဒေါသဟာ ထူလိုက်ပါးလိုက် ဒွေးရော ယှက်တင်တည်ရှိနေပါတယ်။ နုပျိုခြင်းနဲ့ အိုမင်းမှုဟာ လင်းလိုက်မှုန်လိုက် ပျိုးပြက်လက်နေ ပါတယ်။ ဒုက္ခနဲ့သုခဟာ သိပ်သည်းလိုက်၊ကျဲတောက်လိုက် ပျော်ဝင်နေပါတယ်။ တစ်ခါတရံ နေပြင်းလိုက်၊ ခြောက်သွေ့လိုက်။ တစ်ခါတလေ မတော့ ချမ်းခိုက်ခိုက်တုန်လိုက်၊ မြို့တစ်ဝက်ကုန်ခမန်း ရေလွှမ်းလိုက်။
မြို့ရဲ့ တစ်ချို့နေရာဟာ ရိုးသားတယ်။ တစ်ချို့နေရာက ကောက်ကျစ်တယ်။ တစ်နေရာမှာ ဖေါ်ရွေမှု ကိုတွေ့ရပြီး၊ သိပ်မဝေးတဲ့ နောက်တစ်နေရာမှာ သက်ဦးဆံပိုင် ခေတ်ဆီက အရိပ်အငွေ့တွေ မြင်ရမယ်။ သိပ်ကံကောင်းရင်တော့ မင်းလောင်းတစ်ပါးလို ဝတ်စားဆင်ယင်မှုနဲ့ ဘူတာနားတစ်ဝိုက် မြင်းစီးပြီး လှည့်လည် သွားလာနေသူကိုတောင် တွေ့မြင်ရဖူးနိုင်တယ်။
သောက်သောက်လဲ ချမ်းသာခြင်းရဲ့ ပြယုဂ် အဆောက်အုံတွေကို ခင်ဗျား မြင်နိုင်ပြီး၊ အောက်ဆုံးလွှာက သက်ကြီးရွယ်အိုနဲ့ ကလေးငယ် တစ်ချို့တွေရဲ့ ချို့ငဲ့မှုကိုလည်း ထုံးစံအတိုင်း မပျက်မကွက်တွေ့ မြင်ရနိုင်ပါတယ်။ သုံးမကုန်အောင် ရှာဖွေစုဆောင်း နိုင်ခဲ့ကြတဲ့ ငွေကြေးတွေကို ဖင်ခုထိုင်ပြီး ဒီမြို့ထက် ကျယ်ပြောတဲ့ အခင်းအကျင်းရှိရာကို လှမ်းမျှော် ကြည့်နေသူ ('လောပန်း' နှင့်အခြား အမည်နာမရှိသူများ) တွေ ရှိနေသလို၊ ကြက်ယက်သလို ရှာဖွေစားသောက်နေကြရှာတဲ့ ဒီမြို့ရဲ့ အထင်ကရ ''မိုးမလင်းဈေး'' ဆိုတာလည်းရှိ နေပြန်ပါတယ်။ အလားတူ မြို့ပေါင်း ဘယ်နှ မြို့လောက် ဒီကမ္ဘာပေါ်မှာရှိနေကြောင်း ကျွန်တော်မသိပါ။ မြို့တွေအကြောင်း စံနစ်တကျ မှတ်တမ်းတင်ထားတဲ့ ပရိုဂရမ်တစ်ခု ပေါ်ပေါက်နေပြီ ဆိုတာလည်း ကျွန်တော် မကြားဖူးသေး။ ကမ္ဘာကျော် 'လီဒို' လမ်းမကြီးဟာ ဒီမြို့ကို ဖြတ်သွားဖူးပါတယ်။ 'ပညာအရည်အချင်း' လို့ ခေါင်းစဉ်တပ်ထားတဲ့၊ ကိုယ်ရေးရာဇဝင် ကွက်လပ်မှာ 'ခေသူမဟုတ်'လို့ ဖြည့်သွင်းရေးသားခဲ့ဖူးသူ ပွင့်လင်းရိုးရှင်းသော တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက် ဒီမြို့မှာနေထိုင်ခဲ့ဖူးတယ်။ 'စိနတိုင်း' က မြိန်ရေယှက်ရေ မက်မက်စက်စက် မြိုဝါးစားသုံးနေတဲ့ ပြည်နယ်ထွက် ကျောက်စိမ်းရိုင်းများစွာ ဒီမြို့မှာ ဧည့်သည်လုပ်ခဲ့ဖူးတယ်။ 'မေခ' နဲ့ 'မလိခ' ဖူးစာဆုံပြီး 'ဧရာဝတီ'ကို မွေးခဲ့တာ ဒီမြို့ရဲ့ အထက်ဘက် နားလေးမှာပေါ့။ ဧရာဝတီကို မွေးဖွား သန့်စင်ခဲ့တဲ့ မြစ်နှစ်စင်းရဲ့ ကြမ်းပြင်မှာတော့ ရွှေမှုန်ရွှေခဲတွေ လက်လက်ကြဲနေတယ်။
အခုတော့ဖြင့် 'မြို့' ဟာ ခါးလျားရှည်တဲ့ တံတားတစ်စင်းနဲ့ ဧရာဝတီ အရှေ့ဘက်ကမ်းကို 'ကြောင်းလမ်း' ထားလေရဲ့။ သူ့ ကြည့်ရတာ (၂၁)ရာစု ရောက်မှ သွားလမ်းသာလို့ လာလမ်းဖြောင့်အောင် ဖေါက်လုပ်ထားတဲ့ လမ်းတွေကို ကြည့်ရင်း ဒုတိယကမ္ဘာစစ်တုန်းက သူ့ ရင်ခွင်ထဲမှာ သွေးစီးစက်လက်၊ ဒဏ်ရာဟောက်ပက်နဲ့ ကျဆုံးခဲ့ရရှာသူ များစွာကို မေ့လျော့ နေလေရော့သလား မဆိုနိုင်ဘူး။ မြို့ရဲ့ သမိုင်းဟာ ဟောသလို လူတွေကို မြင်ဖူး၊ ကြုံဖူးခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားပေါင်းစုံ မြန်မာ့မျိုးချစ် သူရဲကောင်းများ၊ အင်္ဂလိပ်စစ်သား၊ အမေရိကန်စစ်သား၊ အာဖရိကန်စစ်သား၊ အိန္ဒယနွယ်ဖွားစစ်သား၊ ဂျပန်စစ်သား၊ 'ချန်ကေရှိတ်' ရဲ့ တရုတ် စစ်သားများ။ ဗြူ၇ိုကရက်များ၊ လောပန်းများ၊ ဘိန်းစားများ၊ လား ကျောင်းသားများ၊ သူတို့ရဲ့ အသက်တွေကို အလို လောဘထဲမှာ ထုပ်ပိုး သိမ်းဆည်းထားတဲ့ ကုန်သည်များ။ မျိုးချစ် ဘုန်းတော်ကြီးများ၊ သာသနာပြု သူတော်စင်များ၊ ဘောင်းဘီ တစ်ဘက်ချ၊ တစ်ဘက် လိပ်တင်ထားတဲ့ တောင်တန်းများပေါ်က ဒေသခံ တော်လှန်ရေးသမားများ။
မြို့ဟာ စစ်သားပေါင်းများစွာရဲ့ 'ဟန်းကော' ထဲကို အစာဖြည့်ပေးခဲ့ရဖူးတယ်။ သူတို့ တစ်တွေရဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာ၊ တန်ချိန်ပေါင်းများစွာကို လိုရာအရောက် ထမ်းပိုး သယ်,မ ပေးခဲ့ရ ဖူးတယ်။ လူတွေ၊ မြင်း/လားတွေရဲ့ ခြေသလုံးနဲ့ ပခုံးကို အသုံးပြုပြီးပေါ့။ နီးရာဓားကို ကြောက်လို့ စစ်သတင်း တစ်ချို့ကို ဖုံးပြီး စစ်သတင်း တစ်ချို့ကို ဖေါ်ခဲ့ရ ဖူးတယ်။ ကင်ပေတိုင်ရဲ့ ဓားသွားမှာ လည်ပင်းပြတ် ပါသွားခဲ့ဖူးတယ်။ ဂေါရာစစ်သားရဲ့ လှံစွပ်ဖျားမှာ ရင်ဘတ် ပွင့်သွားခဲ့ ရဖူးတယ်။ မြို့ကလေးက စုဆောင်းထားတဲ့ စစ်နဲ့ ပတ်သက်သမျှ 'ဒဏ္ဍာရီ' တွေဟာ စွယ်စုံကျမ်း တစ်အုပ်စာလောက်၇ှိမယ်။ ဒုတိယ ကမ္ဘာစစ်၊ ပြည်တွင်းစစ် နှစ်ပေါင်းများစွာ၊ စသဖြင့် 'စစ်'တွေနဲ့ချည်းပဲ အလိုမတူပဲလက်ထပ်ထိမ်းမြားခဲ့ရ၊ အတူနေထိုင်ခဲ့ရတဲ့ မြို့ကလေး ခမျာ စစ်ဆိုတဲ့အသံကို မကြားချင်တော့လို့ ရေတောင် 'စစ်' မသောက်ချင်တော့ဘူး ပြောတယ်။
ခုတော့ဖြင့်၊ ဒီမြေပြင်မှာ တိုက်ပွဲဝင်ခဲ့ကြဖူးသူ အားလုံးရဲ့ ခြေရာတွေဟာ ကုန်လွန်ခဲ့တဲ့ အချိန်နဲ့၊ ဖေါက်လုပ်ထားတဲ့ လမ်းတွေ အောက်မှာ လွယ်လင့်တကူ ပျောက်ဆုံး သွားခဲ့လေရော့သလားလို့ တွေးတောစရာ ပါပဲ။ လေယဉ်ပျက်လာရှာသူ၊ အရိုးအိုးကောက်ရင်း ဆုတောင်းသူတစ်ချို့ ရဲ့ ရင်ထဲမှာတော့ အဲဒီသမိုင်းဟာ ထင်ရှား လင်းပျက်နေတုန်း ထင်ပါ့။ သမိုင်းခြေရာတွေလို ပျောက်ကွယ် သွားရတော့မယ့် လူသား မျိုးနွယ်စု တစ်ခုလည်း ဒီမြို့လေးရဲ့ ဟိုး မြောက်ဘက်ဝေးဝေးက ရေခဲတောင်တန်းတွေဆီမှာ ရှိနေပြန်ပါတယ်။ 'ထရုန်' လို့ခေါ်တဲ့ မြန်မာ့ တိုင်းရင်းသား မျိုးနွယ်စုတစ်ခုဟာ ၂ဝဝ၆ ခုနှစ်ဆီ ရောက်တော့ လူဦးရေ ခြောက်ယောက်ပဲ ကျန်တော့တယ် ပြောရင် ခင်ဗျားက ပုံပြင်တစ်ပုဒ် ပြောပြ နေတယ်လို့ ထင်မှာလား။ ''တောမှာ သွားပြော'' လို့ ဒေါသတကြီး ငေါက်ငမ်းလွှတ် မှာလား။ စိတ်မဆိုးပါနဲ့။ အမျိုးပျောက်မှာ စိုးကြောက်ပြီး ထိမ်းသိမ်းထားရတဲ့ အခြားအရာတွေလည်း ဒီမြို့ဝန်းကျင်မှာ ရှိနေပါ သေးတယ်။ 'ဟူးကောင်း' တောင်ကြားက ကျားများ ထိမ်းသိမ်းထားတဲ့ ကျားဘေးမဲ့ ဥယျာဉ်ပါ။ ဘေးမဲ့ ဥယျာဉ်ဟာ ဧရိယာ မိုင်ပေါင်းများစွာကျယ် ပါတယ်။ ဘယ့်နှယ်လဲ။ လူ့အမျိုး ပျောက်ကာနီးမှာ ကမ္ဘာ့ ကျားမျိုး မပျောက်အောင် ထိမ်းသိမ်း ဆောင်ရွက်နေရတဲ့ ဒီ အစီအစဉ်ကိုဖြင့် ခင်ဗျား သဘောကျတယ် ဟုတ်စ။
မြို့လည်ခေါင်မှာတော့၊ အရိုးအသားအသစ်၊ ကြွက်သား အသစ်တပ်ဆင်၊ မိတ်ကပ်အသစ် လိမ်းကျံလို့ ဝါမဆိုမီ အစွံထုတ်တော့မယ့် သတို့သမီး စတိုင်လ်နဲ့ အလှဆုံး ပြင်ဆင်ထားတဲ့ ဘူတာရုံကြီးဟာ သူ့ရင်ဝ တည့်တည့်ကို ထုတ်ချင်းပေါက် ထိုးဖေါက်ဝင်နေသူ စစ်လက်ကျန် ရထားလမ်းဟောင်းကြီးကို မဖယ်ရှား နိုင်သေးဘူး။ ဒါပေမယ့် အဲဒီ လမ်းဟောင်းပေါ်မှာ တောက်တောက်ပပ အရောင်ဆင်းနဲ့ တရုတ်ပြည်လုပ် တွဲသစ်ကြီးတွေ စုန်ဆန်ပြေးလွှားနေတာ ခင်ဗျား မြင်ရနိုင်ပါပြီ။ ဒီကနေ့ လူတွေဟာလည်း စစ်အတွင်းက လူတွေလိုပါပဲ။ ရထားဥသြသံကို နားထောင်လိုက်။ ဘူတာထဲ ရထားကြီးဝင်လာတာ အရှင်လတ်လတ်မြင် ရရင်ကို ဝမ်းမြောက်ဝမ်းသာဖြစ်လိုက်။ အထုပ်အပိုးကိုယ်စီဆွဲပြီး ရထားကြီး ပေါ်တက်သွားလိုက်၊ ဆင်းလာလိုက်။ လာသူကို ကြိုဆိုလိုက်၊ ပြန်သူကို နှုတ်ဆက်လိုက်နဲ့ပေါ့။
မြစ်ကြီးတစ်စင်းရဲ့အနားမှာ လဲလျောင်းနေတဲ့ ဒီမြို့ဟာ ကမ္ဘာစစ်ဒဏ်ကိုလည်း ရင်ဖွင့်ခံခဲ့ရ၊ ပြည်တွင်းစစ် ဒဏ်ကိုလည်း ကျောခင်းခံခဲ့ရ ပေသပေါ့။ သူ့ကို ကြေကွဲစရာတွေ ဗလပွ၊ ကြွယ်ဝစရာတွေ အနန္တနဲ့ မြို့လို့ ပြောပြန်ရင်လည်း လွန်မယ်မထင်ပါ။ နှစ်ပေါင်းများစွာ တူးဖေါ်ရယူခဲ့ကြပြီးပေမယ့် ကနေ့ထိ မကုန် ခမ်းနိုင်သေးတဲ့ ကမ္ဘာကျော် အစိမ်းရောင် ကျောက်မျက်ရတနာတွေဟာလည်း မြို့လေးရဲ့ မလှမ်းမကမ်းမှာ။
'ရွှေ' လို့ခေါ်တဲ့ အဝါရောင်သတ္တုတွေကလည်း မေခမြစ် အောက်ကြမ်းပြင်က ထွက်လိုက်၊ 'ဟူးကောင်း' ချိုင့်ဝှမ်းက ပေါ်လာလိုက်နဲ့ ' သိုက်'ပေါင်းများစွာ စည်ကားရာ။
မိုလစ်ဒီနမ်၊ ခဲ၊ သွပ်၊ သံ၊ ဝူဖရမ်၊ ကျောက်မီးသွေးတွေဟာ မြို့ရဲ့ အရှေ့ဘက် တောင်တန်းတွေဆီမှာ စေးပြစ်ဥခဲ ဖွဲ့တည်လို့။ သူ အမူးလွန်လာတဲ့ တစ်ခါတစ်ခါမှာတော့ မြို့ကလေးဟာ ရင်ကော့ခေါင်းမော့ ပြီး ခုလိုကြုံးဝါး တတ်ပြန်တယ်။ ''အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ မလိုတမာအသံဟာ ဘယ်ကမ္ဘားယံကို ထိမှန်ပြီး ပဲ့တင်ပြန်လာ နေတာတုန်းကွ၊ မင်းတို့ ဘာမှ ပြောစရာအကြောင်းမရှိဘူး၊ ဆင်းရဲတယ် မဆင်းရဲဘူး သိချင်ရင် ငါ့ဆီလာလှည့်'' တဲ့။ ဟုတ်လားတော့ မသိပါဘူး။ သူမူးလာတိုင်းမှာ ဒီကြုံးဝါးသံကို ကြားကြားနေရတာတော့ အဟုတ်ပဲ။
တစ်လောတုန်းဆီက နှစ်များမှာတော့ ဧရာဝတီမြစ်ရေလျှံ သတဲ့။ တောင်ပေါ်မိုးတွေ သိပ်များလို့။ မြစ်ဖျားမှာ တောပြုန်းလို့။ Glacial lake outbrust floods (GLOFs) ဆိုလားပဲ၊ ဟိမဝန္တာက ဂလက်စ်ဆီ ရေခဲအိုင်ကြီးတွေ အရည်ပျော်ကျလို့၊ စသဖြင့် ယော်မှန်းရမ်းသန်း ပြောကြတယ်။ ဘယ်ဟာ ဘယ်အချက် မှန်တယ်မသိပေမယ့် မြစ်ရေဟာ အန္တရာယ်ဖြစ်လောက်အောင် လျှံတက်ခဲ့တာတော့အမှန်ပဲ။ အန်ဂျီအို (NGO) တစ်ခုမှာ သဘာဝဝန်းကျင်ထိမ်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေတဲ့ ပညာရှင် သူငယ်ချင်း တစ်ယောက်ဆီက ဂြိုလ်တုက ရိုက်ထားတဲ့ ပုံတွေယူကြည့်မိတယ်။ ဟုတ်ပေသားပဲ။ မြို့လေးဟာ သွေးအားနည်း လူမမာ တယောက်လို၊ အစိမ်းရောင် အားနည်းတဲ့ ရောဂါခံစားနေရတာ တွေ့မိတယ်။ မြို့ကလေးနဲ့ သူ့ ပတ်ဝန်းကျင် အကြောင်း တွေတွေလေး တွေးနေမိရာက 'ပေါ်ပြူလာ' ဂျာနယ်မှာ ကျွန်တော်ရေးခဲ့ဖူးတဲ့ ဆောင်းပါး တပုဒ်ဆီ စိတ်ရောက်သွားခဲ့ရ ပြန်တယ်။ ရေးခဲ့ဖူးတာ ဒီလိုပါ။
လူသားများအတွက် သို့မဟုတ်၊ လူသား တွေသုံးစွဲဖို့ပစ္စည်းများ ထောက်ပံ့ရေးအတွက် လမ်းပွင့်စေရန် ထိုသစ်တောများကို ရှင်းပစ် ခြင်းပင်ဖြစ်သည်။ ထို သစ်တောများကို -
က။ သစ်မာအတွက် သစ်လုံးထုတ်သည်။
ခ။ ကျွဲနွားခြံနှင့် ဝင်ငွေရသီးနှံ စိုက်ခင်းများအတွက် သုံးသည်။
ဂ။ ဆည်မြောင်းတမံဆောက်လုပ်၍ ရေလွှမ်း စေသည်။
ဃ။ လမ်းများနှင့် သတ္တုတွင်းများ ဖေါက်သွယ် ဆောက်လုပ်ရန်ဖျက်ဆီးသည်။
င။ ဒေသခံပြည်သူတို့အတွက် ဆောက်လုပ်ရေး ပစ္စည်းဖြစ်စေ၊ လောင်စာဖြစ်စေ ထောက်ပံ့ပေးရန် ခုတ်လှဲပစ်သည်။
ကျွန်တော် တော်တော်ဖြုံသွားပါတယ်။ ကမ္ဘာကြီးဟာ ပြီးပြီးရော မေ့မေ့ပျောက် နေတာမှ မဟုတ်ပဲ။ သူ့ကိုယ်ပေါ်က သစ်ပင်တွေကို ဘာ့အတွက်၊ ဘယ်လို ခုတ်လှဲသုံးစွဲ နေကြတယ် ဆိုတာကို ခွဲခွဲခြားခြား သေသေချာချာ မှတ်သားထားတာပဲ။ အပိုဒ်(ခ)မှာ ဝင်ငွေရ သီးနှံစိုက်ခင်း များအတွက်ဆိုပြီး ခပ်ပေါ့ပေါ့ ဖျော့ရေးထား လို့သာ တော်တော့တယ်။ တကယ်က အဲဒီအပိုဒ် အတွက်ကုန်ခဲ့တာကမှ အလဟသ။ စပါးစိုက်ဖို့ အတွက် သစ်ပင်တွေကို အကြီးအသေး အငုတ် မကျန် မီးရှို့ပြစ်ကြတာ။ 'ပြာ' လုပ်လိုက်ကြတာ။ ဘယ်မှာမှ ပြန်သုံးလို့မရ။ သစ်ပင်သေက ဝင်ငွေ တစ်ပြားမှမရ။ လုပ်အားအရှုံးခံ ရှို့ပစ်ခဲ့ကြတာ။
ကျွန်တော်တို့ နိုင်ငံမှာ တောင်ယာခုတ် အသက်မွေးရတဲ့ တောင်ပေါ်နေတိုင်းရင်းသား မိသားစုတွေ အနည်းဆုံး ငါးသောင်းလောက်တော့ ရှိတယ်။ ဒီမိသားစုတွေ တစ်နှစ်စားဖို့ တောင်ယာ စပါးစိုက် ကြမယ်။ အနည်းဆုံး တစ်အိမ်ထောင် သုံးဧကလောက်စိုက်မှ လောက်င ကြမှာ။ ဒါဆို ဒီမိသားစု ငါးသောင်းလောက်က တစ်နှစ်မှာ ခုတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ သစ်တောဧက ဘယ်လောက် ရှိမလဲ။ မှန်းစမ်း။ အာလိုလို . .၊ လောင်စာ မဖြစ်၊ အိမ်ယာမဖြစ်၊ တံတားမဖြစ်၊ ကားမဖြစ်ပဲ အလကားပဲတင်း မီးရှို့ပစ်နေတဲ့ သစ်တောတွေ တစ်နှစ်ကို (၂၆ဝ) စတုရန်းမိုင် လောက် ရှိနေပါရောလား။ အဲ လောက်များတဲ့ အပင်တွေကို ရှို့ပစ်လို့ ထွက်လာမယ့် အပူငွေ့၊ ကာဗွန်ဒိုင် အောက်ဆိုက်တွေ ကမ္ဘာကြီးကို ဘယ်လောက် အနေရခက်စေမလဲ။ သစ်ပင်တွေ ကုန်သွားတော့ မြေကြီးက သူ့အပေါ် ရွာချတဲ့ မိုးရေတွေကို အရင်လို စုပ်ယူမထိမ်းသိမ်းနိုင်။ ရေတွေက အပင်မဲ့ တောင်စောင်းတွေ တစ်လျှောက် အတားဆီးမဲ့ ဒလဟောစီးရင်း မြေဆီလွှာတွေကို တိုက်စားသွား။ (ဒါ့ကြောင့် ခုတ်ယူထားတဲ့ တောင်ယာတွေမှာ ၂နှစ်ထက်ပို ပြီးစိုက်ပျိုး စားသောက်လို့ မရတာနေမှာ)။ စိုက်ပျိုး မရတော့ နောက်ထပ်တောင်ယာခုတ်၊ ခုတ်တော့ကုန်၊ ကုန်တော့ပြုန်း၊ ပြုန်းတော့ပူ၊ ပူတော့ ရာသီပြောင်း။ ဟူး . . ဘယ်ဘက်က ကြည့်ကြည့် ကောင်းကွက်ကိုမရှိပါလား။ ဘုရား . . ဘုရား ကျွန်တော်တွေးနေတာ ကမ္ဘာကြီး မသိပါစေနဲ့။
(ကျွန်တော် အဲသလိုရေးသားဖေါ်ပြခဲ့ဖူးတယ်)
ဘာပဲပြောပြော၊ နေထိုင်စားသောက်မှုပုံစံ၊ လူမှုဆက်ဆံရေး ပုံစံတွေမှာတော့ 'မြို့' ဟာ အခြားသော သူနဲ့ခေတ်ပြိုင်မြို့တွေနဲ့တော့ အတော်တူလာပါပြီ။ နောက်ကျမကျန်ရစ်အောင် အမီလိုက်နေပြီလို့ ဆိုနိုင်ကောင်းပါတယ်။
ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ 'ဒင်းဆမ်း' နံနက်စာရသလို၊ ကျွန်တော်ချစ်တဲ့ ဒီမြို့ကလေးမှာလည်း ပေါင်းအိုးပူပူ အဆင့်ဆင့်ထဲက အသင့်စားနံနက်စာများ ရနေပါပြီ။ တစ်ခုတော့ရှိပါတယ်။
'ဒင်းဆမ်း' စားသူများရဲ့ မနက်ခင်း။ ခေါပုပ်ကင် စားသူများရဲ့ မနက်ခင်း။
ကြက်ပေါင်းရေစိမ်ခေါက်ဆွဲ စားသူများရဲ့ မနက်ခင်း။
မုန့်ဟင်းခါး၊ လက်ဘက်ရည်၊ ထမင်းကျော် စားသူများရဲ့ မနက်ခင်း။
မနက်ခင်းစာ တစ်ခုခုကို မွတ်သိပ်နေတဲ့ မနက်ခင်းရယ်လို့ တော့ ကွဲပြားနေမှာပါ။
မြို့ကလေးဆီမှာ လေကြောင်းလိုင်းအသီးသီးရဲ့ လက်မှတ် အရောင်းဌာနရှိတယ်။ ကွန်ပြူတာ စာစီ စာရိုက် လုပ်ငန်းလေးတွေရှိတယ်။ အိမ်ခြံမြေနဲ့ စိန်ရွှေပွဲစားရှိတယ်။ ကတော်တွေ ရှိတယ်။ မှော်တွေရှိတယ်။ ချက်ချင်းစမ်း၊ ချက်ချင်း တပ်လို့ရတဲ့ 'ဗွီးရှင်း' မျက်မှန်ဆိုင်ကြီးတွေရှိတယ်။ မော်တော်ကား ရေဆေးဆီလိုက် ရှိတယ်။ စည်ဘီယာဆိုင် အများကြီးနဲ့ ကောက်ညှင်းပေါင်းသည် တစ်ယောက် နှစ်ယောက်ရှိတယ်။ ဘောလုံးပွဲ ရှိုးရုံတွေရှိတယ်။ တစ်၊ နှစ်၊ သုံးနဲ့ အသက်မွေး ဝမ်းကြောင်းမှုတွေ ရှိတယ်။ လှော်တက်နဲ့ အင်ဂျင်စက်ရှိတယ်။ ကျောက်မျက် တူးဖေါ်ရေး စခန်းတွေဆီသွားမယ့် ဘူဒိုဇာ၊ ဘက်ခ်ဟိုးနဲ့ ဘန်ကောက်မြို့မှာ တွေ့ရတတ်တဲ့ 'တုတ်တုတ်' လိုမျိုး တရုတ်ပြည်လုပ် သုံးဘီးဆိုင်ကယ် တွေရှိတယ်။ အကောင်းစား 'ခတ်ချို'ဆန်နဲ့၊ ပူတာအိုကနေ လေယဉ်စီး လာတဲ့ 'ဝါရှင်တန်ဂရိတ်ဖု'၊ မေခမြစ်ရိုးထွက် လိမ္မော်သီးတွေရှိတယ်။ တရုတ်ပြည်က လာတဲ့ ဒီဇယ်၊ ဓာတ်ဆီ၊ အထည်အလိပ်နဲ့ လူ့အသုံးအဆောင် မှန်သမျှရှိတယ်။ လည်ချောင်းယားယံခြင်းကို ဖြေဖျောက်ဖို့ ကာရာအိုကေ အခန်းတွေရှိတယ်။ ခန္ဓာကိုယ်ညောင်းညာခြင်းကို ပြေပျောက်ဖို့လည်း စီမံထားတာ မြင်ရမယ်။ အခြားမြို့တွေလိုပဲ အမှောင်နဲ့အလင်းတစ်လှည့်စီရှိတယ်။ ထူးခြားတာကတော့ ဧရာဝတီ မြစ်ကြီးကို ဦးဦးဖျားဖျား ပိုင်ဆိုင်ခွင့်ရထား တာပါပဲ။ နောက်ပြီးတော့ . . . အခုလိုမျိုး 'ရှိ' မှုတွေကို တွေ့ရဦးမယ်။
ငေါက်ငန်းဟိန်းဟောက်မှုများလည်းရှိ၊ လိုသည်ထက်ပို 'လေဖေါ'ရင်း 'လုံး' တတ်သော ဆရာ 'ယောရောရှိ' တွေလည်းရှိတယ်။ မြစ်ဘေး မေးတင်ထားတဲ့ ရိုးရာခေါင်ရည်ဆိုင်တွေမှာတော့ ရယ်သံ ချိုမြူမြူတွေ တွေ့ရတတ်တယ်။ နေညိုချိန် ရေဆိပ်မှာ ထမိန်ရင်လျားနဲ့ ရေချိုးအဝတ်လျှော်နေသူ အမျိုးသမီးတွေ၊ မြစ်ရေကြည်ကြည်ထဲ တဗွမ်းဗွမ်းဂျွမ်း ထိုးပြိုင်ပွဲ ကျင်းပနေကြတဲ့ ကလေးတွေ ကမ်းခြေတစ်လျားမှာ ရှိနေကြလိမ့်မယ်။
တကယ်လို့များ မြို့မဈေးကြီးကိုကျော်ပြီး မြစ်ကမ်းဘက်ကို ဆင်းကြည့်ဖြစ်ရင်၊ အဲဒီကမ်းခြေမှာပဲ 'တဲ' လို့ အမည်တပ်ရရုံ အိပ်စက်မယ့်နေရာ တခုဖန်တီးနေထိုင်လို့ ဘဝတိုက်ပွဲဆင်နွဲနေသူ အိမ်ခြေမဲ့ တချို့ တွေ့ရနိုင်တယ်။ အဲဒီ တဲနားမှာ မြစ်ထဲကရလာတဲ့ ရေမျောထင်းတွေ ဆယ်ပြီး မီးတပုံ ဖိုထားမယ်။ မီးခိုး လူးလူးထဲမှာ အိုးမည်း တူးတူးလေး တည်ရင်း ညစာ ချက်နေမယ်။ ပူစီပေါင်းရောင်းသူက သူ့ပခုံးမှာ ထမ်းထားတဲ့ ကောက်ရိုး တုတ်ကြီးဆီကနေ ပူစီပေါင်းတွေ ဖြုတ်ယူ သိမ်းဆည်းနေမယ်။ ဒညင်းသီး တုတ်ထိုးရောင်းသူက မနက်အတွက် ပြုပ်ထားပြီး ဒညင်းသီးတွေကို တုတ်တံမှာ သီနေမယ်။ အမှိုက်ပုံတကာ လည်ရင်းတနေ့လုံး ကောက်လို့ရလာခဲ့တဲ့ ပစ္စည်းပစ္စယလေးတွေ မြွေရေခွံအိပ်ထဲ ထည့်ထမ်းလို့ တဲကလေးဆီ တလှမ်းချင်းလှမ်းလာ နေတဲ့ ကလေး တယောက်တလေ မြင်တွေ့ရကောင်းလည်း တွေ့ရနိုင်တယ်။ နေ့တဓူဝ ထွက်ပေါ်နေကျ နင်ပဲငဆ ဆဲဆို ရန်ဖြစ်သံလည်း ခင်ဗျား ကြားရကောင်း ကြားရနိုင်တယ်။ မြင်တတ်ရင် ဆိုနေကျသီချင်းနဲ့ ကြားနေကျသတင်း တပုဒ်ဟာ အမှောင်လုံးလုံးမကျခင် ကမ်းခြေကို အသော့နှင်လာနေတာ တွေ့ရမယ်။
အခြား မြို့များနည်းတူပဲ ခန်းမတစ်ခုထဲမှာ ကျင်းပတဲ့ 'ညပွဲ'က သန်းကောင် သန်းလွဲကြီး အပြန်မှာ ရန်ဖြစ်ကြတဲ့ မှတ်တမ်းတချို့လည်း မြို့ကလေးဆီမှာ တွေ့နိုင်တယ်။ ဘယ်သူတွေရှိရမလဲ။ ပွဲတက်နိုင်သူ၊ ငွေသုံးနိုင်သူ၊ ငယ်ရွယ်သူတစ်ချို့ပေါ့။ သိန္ဓောမြင်း လေမှာခရီးပြင်းနှင် သလိုမျိုး အရှိန်ဟုန်နဲ့ ပြေးလွှားနေတဲ့ ဆိုင်ကယ်ပေါင်းစုံရယ် စတစ်ကာ ကပ် ကားတွေရယ်လည်း တွေ့ရတတ်တယ်။
မြို့ဟာ မြို့ဆန်ဆန်ပါပဲ။ ဈေးတွေ၊ ကျောင်းတွေရှိတယ်။ ဆေးရုံနဲ့ ဂေါက်ကွင်းရှိတယ်။ တက္ကသိုလ်ရှိတယ်။ ရိုးရာပွဲတွေ ကျင်းပတဲ့ မနောကွင်းရှိတယ်။ တယ်လီဖုန်း ကြေးနန်းရုံးရှိတယ်။ သာသနိက အဆောက်အအုံတွေရှိတယ်။ မြို့သူမြို့သားတွေ ဥပဒေကို လေးစား လိုက်နာတတ်အောင် ဆောင်ရွက်ပေးနေတဲ့ အကျဉ်းထောင်၊ အချုပ်ခန်း နဲ့ ရုံးပြင်ကန္ဒားများစွာ ရှိတယ်။ တူညီဝတ်စုံ၊ စိမ်း၊ နီ၊ ပြာ၊ ဖြူ၊ ဝါ၊ ဝတ်ထားတဲ့လူများစွာထဲမှာ အစိမ်းရောင်တွေ သိပ်သည်းနေတာမြင်ရမယ်။ ဆိုက်ကားဂိတ်၊ မြင်းလှည်းဂိတ်၊ တက္ကဆီလို့အမည်တပ်ရမယ့် ကားလေးများဂိတ် ရှိတယ်။ အရက်ဆိုင်၊ အပေါင်ဆိုင်၊ ထမင်းဆိုင်၊ ထွေရာလေးပါး ဘာဘာညာညာ မေးမြန်းဝယ်ယူနိုင်တဲ့ ကွမ်းယာဆိုင် တွေရှိတယ်။ မြို့ရဲ့ ခပ်မှောင်မှောင် ချောင်ကျကျနေရာ တချို့မှာ ပလပ်စတစ် 'မာကျံ' တုန်းများ ရောမွှေနေသံကြားရမယ်။ ငွေစက္ကူ ရေတွက်သံနဲ့ တွတ်ထိုးသံတွေလည်း တလှည့်စီ ထွက်ပေါ်နေတတ်တယ်။
မြို့တွေရောက်တိုင်း နာမည်ဆိုင်းဘုတ်လေးတွေ လိုက်ဖတ် လေ့ရှိပါတယ်။ အဲဒီ နာမည်ပေးမှု လေးတွေဟာ မြို့ရဲ့ အရောင်အသွေး၊ အခြေအနေကို တစိတ်တပိုင်း လှစ်ပြနေတတ်တယ်လို့ ထင်ပါတယ်။ 'လန်းကျော' တောင်လို့ အနက်ထွက်မယ့် 'လန်းကျောဘွမ်'လို ချစ်စရာ ရိုးရှင်းတဲ့ ရိုးရာနာမည်တွေ၊ 'သွေး' စာပေ နဲ့ မြန်မာကျော် 'ဥတ္တရလမင်း' လို အောက်ပြည်အောက်ရွာနံ့သင်းတဲ့ နာမည်တွေ၊ 'နဂါး နှစ်ကောင်' လို့ အမည်ရ တဲ့ စိနတိုင်းကြိုက် မှည့်ခေါ်မှုတွေ၊ ဂေါ်ရခါး နာမည်၊ အင်္ဂလိပ် နာမည်တွေနဲ့ ပွစာကြဲနေတဲ့ ဆိုင်းဘုတ်တွေဟာ သူတို့ရဲ့ နောက်ခံသမိုင်း ကို ဖေါ်ပြနေကြတယ်။ ဒါ့ကြောင့် အမျိုးအမယ်စုံပြီး ဝေစည်နေတဲ့ ဒီဆိုင်းဘုတ်တွေက ဒီမြို့မှာ ဖြင့်ယဉ်ကျေးမှု၊ လူမှုဆက်ဆံ ရေးပေါင်းစုံ ရောနှောပေါင်းယှက်နေကြောင်း ထင်ဟတ်ပြနေတော့တယ်။ တရုတ် 'စီချွမ်'ပြည်နယ်က ချဉ်စပ်ဟင်းလျာ၊ ဒန်ပေါက်၊ ဝက်ပုန်းရည်ကြီး၊ ကချင်ငါးပေါင်း၊ ရှမ်းမုန်ညင်းချဉ်တွေဟာ နေ့စဉ် တွင်တွင်ကျယ်ကျယ် ရောင်းချနေရတဲ့ အစားအစာတွေပါလို့ ဈေးသည် တွေက အာမ,ခံကြရင် မြို့ရဲ့ကိုယ်ထဲမှာ စီးမျော လှည့်နေမယ့်သွေးအုပ်စု အမျိုးအစားကို ခင်ဗျား ခန့်မှန်းတတ်လောက်ပြီ ထင်ပါတယ်။
မြို့လည်ခေါင် တဝိုက်မှာ စာအုပ်အရောင်းဆိုင် လေးငါးဆိုင်လောက်ေ တွ့ရတော့ ကျွန်တော် အားတက်မိတယ်။ စာအုပ်ဆိုင်များတာဟာ စာဖတ်သူများတဲ့ အဓိပ္ပာယ်ပါ။ စာဖတ်သူတွေဟာ သာမာန် စာမဖတ်သူ တွေထက်စာရင် အနာဂတ်ကို ပိုဦး ဆောင်နိုင်သူတွေ ဖြစ်တယ်လို့ ယုံကြည်ထားမိလို့ ဝမ်းသာ သွားတာပါပဲ။ ဆိုင်ရှင်တွေကို မေးကြည့်မိပါတယ်။ ဘယ်လိုစာအုပ်မျိုး၊ ဘယ်သာသာရပ်မျိုး ပိုရောင်းကောင်းလဲ လို့ပါ။ အမေးခံရတဲ့ ဆိုင်ရှင်တိုင်းလိုလို အဖြေတူ တခွန်းပဲ ဖြေကြပါတယ်။ ''ဒီလိုပါပဲ'' တဲ့။ 'ဒီလိုပါပဲ' ဆိုတာ၊ မသေမချာ ဝေဝေဝါးဝါးနဲ့ ဖိုးကပ်စ် မပြတ်တဲ့ သဘော၊ ယောင်ချာချာ ရေစုန်လိုက် နေတဲ့ သဘော မဟုတ်ပါလား။ ဒီမြို့ကလေးမှာ 'ဒီလိုပါပဲ' လို့ အမည်မှည့်ထားတဲ့သူ ဘယ်နှယောက်များ နေထိုင်ပါလိမ့်လို့ တွေးမိ ရင်း ကျွန်တော်ဝမ်းနည်းသွားခဲ့တယ်။
မြို့ဟာ အပြင်ပန်းအားဖြင့်တော့ မြို့လိုပဲ ကျော့ကျော့လေး 'ဝတ်' ပါတယ်။ ရွရွလေး 'စား'ပါတယ်။ ထည်ထည်ကလေး 'နေ' ပါ တယ်။ ကိုယ်တိုင်လည်း ပွဲလမ်းသဘင်ကျင်းပပြီး၊ သူများကျင်းပတဲ့ ပွဲတွေလည်း ပုံမှန်ပဲ တက်ရောက်လေ့ရှိပါတယ်။ နောက်.... ၊ မြို့လိုပဲ ဟန်လုပ်တတ်ပြီး၊ မြို့လိုပဲ ကြောက်တတ်ပါတယ်။ မြို့လေးရဲ့ အကျင့်စရိုက်ဟာ ဒီအတိုင်းဆိုတာ သေချာပါတယ်။ ဒါတွေကို ကျွန်တော် ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပဲ။
ကျွန်တော် မသေချာတာက မြို့ဟာ သူ့သမိုင်းကို သူမှတ်မိရဲ့လား ဆိုတာ။ သူ့အနာဂတ်ကိုသူ တင်ကူး တွက်ဆထားရဲ့လား ဆိုတာပါ။ လာမယ့်အနာဂတ်မှာ မြို့အတွက် မုချအရေးပါလာမယ့် လမ်းမ ကြီးတစ်ခု တည်ဆောက်နေတာလည်း တွေ့ခဲ့ရပါတယ်။ လမ်းဖေါက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်တွေမှာတော့ ''ထိန်-မြစ်'' လမ်းဖေါက်လုပ်ရေးလို့ စာတမ်းတွေ ထိုးကပ်ထားတာတွေ့ရလိမ့်မယ်။ ''ထိန်'' က တရုတ်ပြည်၊ ထိန်ချုန်းမြို့ကို ဆိုလိုတာဖြစ်ပြီး၊ ''မြစ်'' က မြန်မာပြည် မြစ်ကြီးနား မြို့ကို ရည်ညွှန်းတာဖြစ်မှာပါ။ ကျွန်တော့်စိတ်ထဲမှာသာ သူ့ အနာဂတ်သူ စဉ်းစားမှ နေရဲ့လားလို့ အလကားပဲတင်း အားမလိုအားမရ ဝင်ဖြစ်နေမိပေမယ့် တကယ်တော့ မြို့ဟာ သူ့ဖာသာသူ သည်းသည်းသန်သန် စဉ်းစားနေပုံ ရပါတယ်။ တခါတရံမှာ တွေတွေငြိမ်ငြိမ်ကြီး စဉ်းစားခန်းဝင်နေတတ် တဲ့ မြို့ရဲ့ ထူးခြားသော ငြိမ်သက်မှုကို တွေ့ရတတ်ပါတယ်။
သူ စဉ်းစားနေတဲ့အထဲမှာ (ရင်းနှီးမြှုပ်နှံမှု၊ ကူးသန်းရောင်းဝယ်မှု၊ သယံဇာတများထုတ်လုပ်ရောင်းချမှု၊ ကြီးပွားချမ်းသာလာခြင်းဖြင့် မြို့တစ်မြို့ရဲ့ အရေးပါ အရာဝင်လာမှု) စတဲ့ အချက်အလက်တွေကို ထည့်သွင်း တွက်ချက် တည်ဆောက်ထားတဲ့ ခေတ်ပေါ်ကစားနည်း ဆော့ဖ်ဝဲ (software) အသစ်တစ်ခု ရေးဆွဲစေဖို့ ဘယ်ကုမ္ပဏီကို အလုပ်အပ်ရရင်ကောင်းမလဲ ဆိုတဲ့အချက်လည်း ပါဝင်နိုင်ပါတယ်။ သူ့ အရှေ့ဘက်ခြမ်းက လူသန်း တစ်ထောင်ကျော်နဲ့ အနောက်ဘက်ခြမ်းက သန်းတစ်ထောင်ကျော်သောလူတွေရဲ့ ဧရာမ ဈေးကွက်ကြီး အတွက် ကုန်စည်ဖြတ်သန်းခွင့် (transit) အခွန် ဘယ်လောက်ရနိုင်မလဲ ဆိုတာ ပါနိုင်ပါတယ်။ အိမ်ခြံမြေ ဈေးကွက်ရဲ့ အလားအလာကို တွက်ချက်ခြင်းလည်း ပြုလုပ်နေနိုင် ပါသေးတယ်။ ခွန်အားကောင်းလှတဲ့ ရေရင်းမြစ် ရှိရာ မြစ်ချောင်းတွေမှာ ရေအား လျှပ်စစ်စက်ရုံ တည်ဆောက်ရင်း ထွက်လာမယ့် ဓါတ်အား ပမာဏတွေကို ဈေးကွက်တင်နိုင်ရေး ကိစ္စလည်း ပါကောင်း ပါနိုင်ပါတယ်။ လမ်းသာရင် မြေဈေးကောင်းမယ်။ ဧရာဝတီမြစ်၊ ဒုတိယ ကမ္ဘာစစ် နောက်ခံသမိုင်းကြောင်း၊ လီဒိုလမ်းမ၊ သဘာဝအလှနဲ့ သယံဇာတ ပိုင်ဆိုင်ထားမှုတွေက ကမ္ဘာလှည့်ခရီးသည်တွေကို မျှားယူ နိုင်တဲ့ အကောင်းဆုံးအစာ ဖြစ်တယ်။ ဒီတော့ အင်တာနေရှင်နယ် ဟိုတယ်ကြီး တခုကို လက်ဦးမှုယူပြီး တည်ဆောက်မယ် ဆိုတဲ့ အကြံစည် မျိုးလည်း ပါနိုင်ပါသေးတယ်။ မြို့ဟာ၊ မြို့ကတော်ရဲ့ လာမယ့်မွေးနေ့ အတွက် ကျောက်စိမ်းနန်းတော်တစ်ခုရယ်၊ ရွှေသေတ္တာနဲ့ အပြည့်ထည့် ထားတဲ့ ကျောက်မျက်ရတနာတွေရယ် လက်ဆောင်ပေးမယ်ဆိုတဲ့ အတွေးမျိုး တွေး နေ/မနေ တော့ အသေချာ ပြောနိုင်ကြပါ့မလားရယ်။ ဒီတချက်အတွက်တော့ အလောင်းအစားတခု ပြုလုပ်ဖို့ လိုအပ်ကောင်း လိုအပ်လာနိုင်ပါတယ်။
မြို့ဟာ မကြာခင်မှာ သူ မုချဖွံ့ဖြိုး လာတော့မယ်အကြောင်း သူ့ဖာသူ သေသေချာချာကြီးကို သိနေတယ်။ ဒီအပေါ်မှာ ယုံယုံ ကြည်ကြည်ကြီးကို ရှိနေတယ်။
အစိမ်းရောင်ပျောက်ဆုံးခြင်းဖြစ်ရပ်နောက်ကွယ်က ရာသီ ပျက်သုဉ်းခြင်းအကြောင်း၊ ဧရာဝတီရဲ့ ရေစီးနဲ့ မြစ်ကြောင်း အပြောင်းအလဲ အခြေအနေ အကြောင်း၊ အိပ်မက်ကုန်သည်များရဲ့ လမ်းကြောင်းကို ဘယ်လို ဗျူဟာချမှတ် ပိတ်ဆို့ဖြတ်တောက်လိုက်ရင် မြို့သူမြို့သားတွေ ရဲ့အန္တရာယ်ကို ကြိုတင်ကာကွယ်ပေးရာ ရောက်မယ့် အကြောင်း၊ ဆယ်ရွာပေါင်းမှ ဆယ့်တအိမ် ရှိတဲ့ တောင်ပေါ်တိုင်းရင်းသား ရွာတွေကို ဘယ်လို စုစည်းပြီး ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ အကြောင်း၊
ရာစုပေါင်း များစွာ စစ်ပွဲတွေချည်းပဲ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေကို ခေတ်နဲ့အမီ ငြိမ်းချမ်းစွာနေထိုင်နိုင်ကြ အောင် ဘယ်လိုစီစဉ်ပေးရင် ကောင်းမယ့်အကြောင်း။
ကိုယ် တာဝန်ကျရာ မူလတန်း ကျောင်းကလေးဆီရောက်ဖို့ လေးငါးရက်ဆက်တိုက် လမ်းလျှောက်သွား နေကြရတဲ့ မန်ကျီ၊ ဆော့လော်မြို့နယ်က မူလတန်းပြ ဆရာ/ ဆရာမတွေ အကြောင်း စတာတွေကို စဉ်းစား နေ/မနေ တော့ သိပ်မသေချာ။
ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့ ဟောဒီ ဥတ္တရမြို့ကို ကြီးလည်းကြီးပွားစေချင်တယ်။ ရုပ်ဝတ္ထုပြည့်စုံသလို စိတ်ဓာတ်ခွန်အား ကြံ့ခိုင်စေချင်တယ်။ လူမျိုးမတူ၊ ယဉ်ကျေးမှုဘယ်လိုလွဲကွဲကွဲ၊ တစ်ဦးနဲ့ တစ်ဦးကြားမှာ အဆင့်အတန်းကွာဟမှု၊ အခြေခံလူသားရပိုင်ခွင့်ခြားနား မှုမျဉ်း ကျဉ်းမြောင်းနေစေ့ချင်တယ်။
ကျွန်တော့် နားထဲမှာ ယာဉ်၊ ရထားသံတွေကြားလာပြန်တယ်။ လေယာဉ်တစ်စီး ထိုးဆိုက်လာသံ ကြားတယ်။ ဖေါက်လုပ်ရေး ယန္တရားတွေရဲ့ အင်ဂျင်သံကို ကြားတယ်။ ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေသူ တချို့ ဆီက မေးရိုက်သံတွေ ကြားတယ်။ ဆံပင်တိုတို၊ ဘောင်းဘီတိုတို၊ အသက် ခပ်ကြီးကြီး စိနတိုင်း သူကြီးတယောက်ရဲ့ 'ခတ်ချို'ဆန် ဈေးဆစ်သံ သြသြကိုကြားရတယ်။ အခု ကြားနေရတဲ့ အသံတွေကို စာရင်း ပြုစုကြည့်တဲ့အခါ အတော်လေး အမယ်စုံတာ တွေ့ရတယ်။
ဆုတောင်းပြည့်စေတီက ဆည်းလည်းသံ.
ဘုရားကျောင်းများဆီက တနင်္ဂနွေနေ့ စုပေါင်းဝတ်ပြုသံ။
မနောကွင်းက လူစုလူဝေးနဲ့အော်ဟစ်သံ၊ ချိုအီနွဲ့နွဲ့ နတ်ခေါ်တေးနဲ့ စည်းချက်မှန်မောင်းသံ။
ဧရာဝတီမြစ်ရေ စီးသံ။
မြစ်ရေစီးကို အသုံးပြုပြီး ရွှေတွင်းတွေဆီ စားနပ်ရိက္ခာ သယ်ပို့နေတဲ့ စက်တပ် လှေလေးတွေရဲ့ တဒုတ်ဒုတ် အသံ။
'ဝိုင်းမော်' ဘက်ကမ်းကို ကူးမယ့် ကူးတို့ သင်္ဘောတစင်းရဲ့ အချက်ပေး ဥသြသံ။
မိုးမလင်းဈေးရဲ့ ငိုက်မြည်းသံ။ ညည်းညူသံ။ စည်ဘီယာဆိုင်တွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာမယ့် 'ဂိုး . . .' ဆိုတဲ့ သံပြိုင်ဟစ် အားပေးသံ။
ဆေးဖြတ်ရင်ဖြတ် မဖြတ်ရင်ငါ့ကိုဖြတ် လို့အော်ပြောနေတဲ့ ငယ်ရွယ်သော တစ်စုံတွဲဆီက ရန်ဖြစ်သံ၊ ပြန်ချစ်သံ။
မြို့လည် ကုက္ကိုလ်ပင်မှာ 'အဖေါ်' ကြော်ငြာ စာရွက်တွေ လိုက်ကပ်နေတဲ့ အသံ။
ဝန်စည်စလှယ် အပြည့်တင်ထားတဲ့ ခတ်ချိုမြစ်ဆိပ်သွား ဈေးပြန် မြင်းလှည်းတစီးဆီက မညှာမတာ ကြာပွတ်သံ။
''Where the Ledo road?" လို့ မေးမြန်းစူးစမ်းသံ။
ရှေး သံလမ်းအိုကြီးကို တရုတ်တွဲ အသစ်ရဲ့ ဘီးတွေက ဗြောင်ကျကျ ကြိတ်ဝါးနေသံ။
ဘီအိုစီ လမ်းမှာ တားထားတဲ့ ဂိတ်တံကို အောက်ချလိုက်သံ။
ဗလမင်းထင် တံတားမှာ ဂိတ်မထားတော့ဘူး ဆိုတဲ့အသံ။
'လိုင်ဇာ'သွားချင်လို့ ကားခ ဘယ်လောက်လဲလို့မေးမြန်းသံ။
အညာဒေသသား စားပွဲထိုး ပေါက်စလေးရဲ့ ငယ်သံမပျောက် သေးဘဲအော်လိုက်တဲ့ ''ဝမ်းတီးကျဆိမ့်၊ ဝမ်းနံ ထောမယ်''ဆိုတဲ့အသံ။
အောက်ပြည်အောက်ရွာက တကိုယ်ရေ ဆံသသမားလေးရဲ့ မဲမှောင်မှောင်၊ ညှီ စို့ စို့ ဆိုင်လေးဆီက တချပ်ချပ် မြည်နေတဲ့ စက်ကပ်ကျေး ထိုးကိုက်သံ။ (ကပ်ကျေးသံကြားမှာ သူ့နေထိုင် စားသောက်မှုဘဝ အကြောင်း ပြောပြနေတဲ့ ဇာတ်လမ်းတွဲကြီးလည်း ပါနေပါလိမ့်မယ်။) ''ငါး ပိဿာလောက်ရှိမယ်၊ ပေါလိသားမှာ အရည်စိုက်နေတာ၊ ပဲစွေးလုရည်၊ ကွမ်ချက်ထိုးပြီးသား၊ ပိုင်ရှင်က တစ်သောင်းအောက်မှာ ဈေးမဖွင့်နဲ့ လို့ခေါ်ထားတယ်'' စတဲ့ မစားရဝခမန်း၊ ခြေအေးဝမ်းယောင် အသံ။
ကမ္ဘာလှည့်ခရီးသည်တွေ လက်ထဲက တစ်ချောက်ချောက် မြည်နေတဲ့ ကင်မရာရှပ်တာတံခါး ဖွင့်ပိတ်သံ။
မြို့ဟာ အရောင်တွေ၊ အသံတွေ၊ အနံ့တွေကြားမှာ မြှုပ်ချည် ပေါ်လှည့်ဖြစ်နေတယ်။ ဘာသာ ပေါင်းစုံ စကားသံတွေကိုလည်း ထုပ်ပိုး သိမ်းဆည်းထားတယ်။ တခါတလေမတော့ မြှောက်ထိုးပင့်ကော်နဲ့ ချောက်ချ သွေးထိုး စကားသံတွေကြားမှာ ဘယ်ဟာ အမှန်လဲလို့ သူ ကိုယ်တိုင် ဝေခွဲဖို့ ခက်နေတတ်ပြန်တယ်။
နေ့မှာလင်းတဲ့ အလင်းနဲ့ ညမှာမှောင်မယ့် အမှောင်ကို ဘယ်ညာလက်အစုံရဲ့ တဘက်စီမှာ ဆုပ်ကိုင်ထားတယ်။ သေနတ်ပါတဲ့ ယမ်းခါးပတ် ကို ကောက်ပတ်လိုက်ရမလိုလို၊ ဘီရိုထဲ ထည့်သိမ်းရမလိုလို သူ့စိတ်က ချည်တုံ ချည်ချ ဖြစ်နေတတ်သေးတယ်။ ကျွန်တော့်အတွက်တော့ ဒီမြို့နဲ့ အသိအကျွမ်းဖြစ်ရတာ၊ ပျော်ရွှင်စရာနည်းနည်း၊ မွန်းကြပ်မှုများများ ထည့်ဖျော်ထားတဲ့ ကော့တေး တစ်ခွက်သောက်ရသလိုပဲ။
ဒါနဲ့ ကျွန်တော်ဟာ၊ အာရုံနောက်စရာ မြို့ရဲ့ ရှုတ်ရှုတ် ထွေးထွေးတွေကြားမှာ အသာခြေရာဖျောက်ပြီး လမ်းဆက်လျှောက်ခဲ့တယ်။ ခြေလှမ်းတွေဟာ မြို့ရဲ့ သမိုင်းဆီကိုလည်း မရောက်၊ မျှောင်လင့်ခြင်း အနာဂတ်ဆီကိုလည်း မရောက်ခဲ့။
ကျွန်တော့် ခြေလှမ်းတို့ ဦးတည်ရာဟာ အေးမြသန့်စင်သော လေထုရှိတဲ့ ချမ်းတမြေ့မြေ့ အရှေ့တောင်တန်းတွေဆီကိုသာ။ ဘာပဲဖြစ်ဖြစ် ချစ်တဲ့မြို့ကလေးကိုတော့ အေးချမ်းသာယာစွာ ရှိစေချင်တာအမှန်ပါပဲ။
ငြိမ်းအေးအိမ်
၂ဝဝ၇ခု ဇန်နဝါရီ (၂၉) (ဝ၅း၃၆)နာရီ
ကချင်ပြည်နယ် အရှေ့ဘက်တောင်တန်း
Thursday, November 18, 2010
အံကယ် နဲ့ ဦးလေး
ရေးသူ- မစန္ဒာ
ကျွန်မတို့ အိမ်က စာအုပ်စင်တွင် ဦးထွန်းတင်(မန်းတင်) သို့ဟု ရေးပြီး အောက်ဘက်တွင် မောင်လှဟု လက်မှတ်ရေးထိုးထားသော စာအုပ်တော်တော်များများ ရှိပါသည်။ စာအုပ်တိုင်းသည် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ လူငယ်များ ကြီးပွါးတိုးတက်စေလိုသောစိတ်၊ လမ်းမှားလျှောက်မိမှာ စိုးရိမ်သောစိတ် စသော စိတ်စတနာများနှင့် ထုံမွှမ်း မွှေးကြိုင်နေသည်ဟု ကျွန်မထင်သည်။
ကျွန်မ၏ ဖခင်နှင့် ဦးလေးလှ၊ ဒေါ်ဒေါ်မာတို့သည် အတော်ကလေး ခင်မင်ရင်းနှီးကြပါသည်။ သို့သော် ကျွန်သည် ဦးလေးလှကို နှစ်ခါသာ မြင်ဖူးလိုက်ပါသည်။ အကယ်၍ မေမေသာ ၁၉၇၂ ခုနှစ်က ပေါင်ရိုးကျိုးပြီး မန္တလေးဆေးရုံ မတက်ခဲ့ရလျှင် မြင်ဖူးလိုက်ရမည်ပင် မထင်ပါ။
မေမေ့ကို ရန်ကုန်ဆေးရုံကြီးတွင် ဦးစွာတင်ပြီး ခွဲစိတ်ခဲ့ရာ ဆက်ထားသော သံချောင်းရိုး ပြုတ်ထွက် သွားပြီး မအောင်မမြင် ဖြစ်ခဲ့ရသည်။
'နဂိုက ဦးလှက ဦးစံဘော်နဲ့ ပြခိုင်းနေတာ၊ ဖေဖေက သားသမီးတွေ ရှိတဲ့ ရန်ကုန်ကို ရွေးမိလို့.....'
ဖေဖေက မချိတင်ကဲ ပြောရှာသည်။ မေမေကတော့ သုံးလလောက် ချိုင်းထောက်ကြီးနှင့် နေရပြီး နောက်ဆုံးတော့ အရိုးမဆက်ဘဲ ပြုတ်ထွက်သွားသည်ဆိုတော့ တရားနှင့် ဘယ်လိုဖြေဖြေ မျက်ရည်တော့ ကျရှာသည်။
ထိုစဉ်က မန္တလေးဆေးရုံကြီးမှ အရိုးအထူးကု ဆရာဝန်ကြီး ဦးစံဘော်သည် မေမေကဲ့သို့ ပေါင်ဆုံရိုး ကျိုးသူများကို ဆင်စွယ်အစားသွင်းပြီး ကုရာ အထူးအောင်မြင်နေချိန် ဖြစ်သည်။
ဖေဖေ တာဝန်ထမ်းဆောင်နေရသည်က တောင်ကြီး၊ ကျွန်မတို့ မောင်နှမတွေက ရန်ကုန်၊ မေမေ့ကို တင်ရမည့်ဆေးရုံက မန္တလေးဆိုတော့ ကျွန်မတို့ မိသားစု အတော်လေး ကသီလင်တ ဖြစ်ခဲ့ကြသည်။ နေရေး ထိုင်ရေး၊ သွားလာ စားသောက်ရေး ကိစ္စအ၀၀ကို ဖေဖေ၏ ငယ်သူငယ်ချင်းဖြစ်သူ ဦးသိန်းမောင်နှင့် ဒေါ်အမက တာဝန်ယူ ကူညီခဲ့ကြသည်။ သူတို့၏ စေတနာမေတ္တာနှင့် ကျေးဇူးကား ဆပ်၍မကုန်နိုင်အောင် ကြီးမားလှပါသည်။ ဆရာဝန်ကြီး ဦးစံဘော်နှင့်တော့ ဦးလေးလှနှင့် ဒေါ်ဒေါ်မာတို့က အသေအချာ ပြောဆိုအပ်နှံပေးကြပါသည်။ ဦးလေးလှသည် ဦးစံဘော်နှင့်သာမက သူ၏ဇနီး သမားတော်ကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်နှင့်ပါ ခင်မင်ရင်းနှီး ကြသူများ ဖြစ်သဖြင့် မေမေ့အတွက် အစစအရာရာ အဆင်ပြေအောင် ကူညီ ဆောင်ရွက်ပေးကြပါသည်။
ထိုအချိန်အထိ ဦးလေးလှကို ကျွန်မ မမြင်ဖူးသေးပါ။ ဖေဖေနှင့်သာ ဆက်သွယ်လုပ်ကိုင်နေခြင်းဖြစ်၍ ရန်ကုန်မှ ကျွန်မက ဦးလေးလှနှင့် ဒေါ်ဒေါ်မာတို့ ကူညီနေကြောင်းကိုသာ အကြမ်းဖျင်း သိထားပါသည်။
မေမေ ထပ်မံခွဲစိတ်ရမည့် အချိန်ရောက်တော့ ကျွန်မ ခွင့်ရက်ရှည်ယူကာ မန္တလေး လိုက်သွားရသည်။ မေမေ့ဘေးတွင် နေ့ရောညပါနေကာ ပြုစုရသည်။ ထိုအချိန်ကျမှ ဆေးရုံပေါ်မှ မေမေ့ဆီသို့ လူမမာမေးရောက်လာ ကြသော ဦးလေးလှနှင့် ဒေါ်ဒေါ်မာကို မြင်ဖူးခဲ့ရခြင်း ဖြစ်သည်။
ဦးလေးလှသည် အသားဖြူ၍ အနည်းငယ်ဝသည်။ မျက်နှာထားနူးညံ့ချိုသာကာ စကားပြောတော့လည်း လေသံက ပျော့ပျောင်းသည်။ ဒေါ်ဒေါ်မာက အသားဖြူဖြူပါးပါးနှင့် မန္တလေးသူပီပီ ယဉ်ကျေးဖွယ်ရာ မြန်မာဆန်ဆန် ချောပါသည်။
ဦးလေးလှရော ဒေါ်ဒေါ်မာနှင့်ပါ ကျွန်မသည် ပထမဦးဆုံးအကြိမ် စကားပြောဖူးခြင်း ဖြစ်သည်။ ပြောဖူးလျှင် ပြောဖူးချင်းပင် ဇာတ်လမ်းက စပါတော့သည်။
ကျွန်မတို့ မိသားစုသည် မိဘဆရာသမားတို့၏ သွန်သင်ဆုံးမမှုနှင့်မို့ မျိုးချစ်စိတ် နည်းသူများ မဟုတ်ကြပါ။ မိမိဘာသာ မိမိစကားကိုလည်း တန်ဘိုးထား မြတ်နိုးတတ်သည်ဟု မိမိကိုယ်မိမိ ထင်ထားပါသည်။ သို့သော်လည်း ရာနှုန်းပြည့် မမှန်ကန်ကြောင်း ထိုအချိန်ကျမှ သိပါတော့သည်။ ခေတ်ရေစီးကြောင်းထဲတွင် မျောမှန်းမသိ အလိုက်သင့် မျောပါနေသဖြင့် အံကယ်နှင့် အံတီ ဟူသော အခေါ်အဝေါ်များနှင့် ရင်းနှီးကျွမ်းဝင်နေ သည်မှာ မည်မျှ ကြာမှန်းပင် မသိတော့ပါ။ ထိုစကားများသည် ကျွန်မတို့၏ မြန်မာစကား မဟုတ်မှန်းပင် မေ့လျော့ နေသည်အထိ ဖြစ်ပါသည်။
ကဲ ဦးလေးလှနှင့် ကျွန်မ အပြန်အလှန် ပြောဆိုပုံလေးကို မှတ်မိသမျှ ပြန်ရေးပြချင်ပါသည်-
"ညက မေမေ အိပ်နိုင်ရဲ့လား သမီး"
"ခွဲပြီးစ ထုံဆေးပျယ်တော့ အရမ်းနာတယ် အံကယ်၊ အိပ်ဆေးပေးပေမယ့် အိပ်လို့တော့ မပျော်ဘူး"
"အေးကွယ် ဦးလေးလှတို့လည်း မနေ့ညနေက လာကြမလို့ပဲ၊ လာခါနီးမှ ဧည့်သည် ရောက်လာလို့"
"ရပါတယ် အံကယ်ရယ်.... အံကယ်တို့ အများကြီး ကူညီထားတာ ဖေဖေကလည်း အရမ်း ကျေးဇူးတင် နေတာပါ"
"ဒါ... ဘာမှ မဖြစ်လောက်ပါဘူးကွယ်၊ သမီးဖေဖေနဲ့ ဦးလေးလှက ဒီလောက်ရင်းတဲ့ မိတ်ဆွေတွေပဲဟာ"
ထိုစဉ် ဒေါ်ဒေါ်က ၀င်ပြောပါသည်။
"သမီးမေမေက မုန့်တီ စားချင်တယ်တဲ့၊ နက်ဖြန်ခါ မနက်စာ ဒေါ်ဒေါ်မာ ပို့ပေးမယ်..."
"မေမေက မန္တလေးရောက်ရင် မုန့်တီမှ စားချင်တာ အံတီရဲ့.."
"ဟုတ်တာပေါ့ကွယ်... မုန့်တီကလည်း ဒေါ်ဒေါ်မာတို့ မန္တလေးမှာမှ ကောင်းတာကိုး"
စကား လေး ငါး ဆယ်ခွန်းလောက် ပြောပြီးသောအခါ ကျွန်မ ရိပ်မိလာပါတော့သည်။ ကျွန်မက အံကယ်၊ အံတီ ခေါ်လိုက်တိုင်း ဦးလေးနှင့် ဒေါ်ဒေါ်ဟု မသိမသာ ပြင်ပေးနေကြောင်း ဖြစ်သည်။ ရိပ်မိသိရှိသည်နှင့် တပြိုင်တည်း ကျွန်မလည်း မိမိကိုယ်မိမိ မလုံမလဲနှင့် ရှက်မိကာ မျက်နှာတွေ ပူလာပါသည်။
မြန်မာစာသည် တို့စာ၊ မြန်မာစကားသည်တို့စကားဟု တခါမျှ မကြွေးကြော်ခဲ့သော်လည်း ဦးလေးလှနှင့် ဒေါ်ဒေါ်မာက လေချိုချို လေအေးအေးလေးနှင့် လက်တွေ့ကျင့်ဆောင်နေသူများ ဖြစ်ကြောင်း တစိမ့်စိမ့်တွေးရင်း ချစ်ခင်လေးစားစိတ်များ ယိုဖိတ်လာပါသည်။
ဦးလေးလှနှင့် နောက်တခါတွေ့တော့ ကျွန်မက ပါးသွားပြီမို့ အံကယ်ဟူသော စကားကို မသုံးရဲတော့ပါ။ ဦးလေးလှဟုသာ တွင်တွင်ခေါ်တော့သည်။ ဦးလေးလှကလည်း သတိထားမိလို့ ပြုံးတာလား၊ သူ့နဂို ပြုံးတာလား တော့မသိ၊ ချိုသာစွာ ပြုံးနေသည်ကို သတိထားမိပါသည်။ ကျွန်မကို စာအဆက်မပြတ် ရေးရန်၊ အသက်ကြီးတော့ လည်း စာတွေ ရင့်ကျက်လာမည့်အကြောင်း အားပေးခဲ့ပါသည်။ ရှက်ရှက်နှင့် ၀န်ခံရလျှင် ထိုစဉ်က ကျွန်မသည် 'ဂျီဟောသူ' တို့၊ 'ပန်းစကား' တို့ ရေးနေဆဲမို့ အသက်ရော ကလောင်ပါ အလွန် နုနေဆဲ ဖြစ်ပါသည်။
ဒီလိုနှင့်ပင် နှစ်ပေါင်းအစိတ်လောက်ကို ကူးခတ်မျောပါရင်း ကျွန်မလည်း ငါးဆယ်ကျော်အရွယ် ရောက်လာပြီ ဖြစ်သည်။ ထိုမျှသော နှစ်အတိုင်းအတာတွင်း ဆုံးပါးခဲ့သော သူများက မနည်းတော့ပြီ၊ မေမေ ဆေးရုံတက်ရစဉ်အချိန် ကွက်ကွက်ကလေးက လူများကိုပင် ကြည့်၊ ဦးလေးလှနှင့် ဦးလေးဦးသိန်းမောင် သာမက ဆရာဝန်ကြီး ဦးစံဘော်လည်း မရှိတော့ပေ။ ထို့နောက် ဖေဖေလည်း ကျွန်မတို့ကို ခွဲခွါသွားခဲ့ပြီ ဖြစ်သည်။
ဖေဖေမဆုံးမီ လေးငါးနှစ်က ဖေဖေ့ကို ညဘက် နှိပ်နယ်ပေးရင်း ဦးလေးလှနှင့် ဒေါ်ဒေါ်မာတို့အကြောင်း စကားစပ်၍ ပြောမိသည်။ ထို့နောက် ဦးလေးလှဦးသိန်းဖေမြင့်၊ သူတို့ သုံးဦးသည် အံကယ်၊ အံတီခေါ်လာလျှင် လက်မခံဘဲ ဦးလေး၊ ဒေါ်ဒေါ်ဟူ မသိမသာ ပြင်ပေးကြောင်း ပြန်ပြောမိတော့ ဖေဖေက သဘောကျစွာနှင့် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း 'အဲဒီအကြောင်း သမီး ၀တ္ထုရေးဖို့ကောင်းတယ်' ဟု ပြောသည်။
"ဖေဖေတို့ မြန်မာစကားမှာ ဦးလေး၊ ဦးကြီး၊ ဘထွေး၊ ဘကြီး၊ ဒွေးတော်၊ မိကြီး၊ အရီး၊ အဒေါ် စသဖြင့် ပေါ့လေ အခေါ်အဝေါ်ကို ကြည့်ပြီး တော်စပ်ပုံကိုပါ သိတဲ့ အသုံးအနှုန်း အခေါ်အဝေါ်တွေ ရှိတယ်။ ဘယ်လောက် ချစ်စရာ ဂုဏ်ယူစရာ ကောင်းလဲ။ ဒါပေမယ့် အဲဒါတွေကို မေ့ပြီး အံကယ်၊ အံတီလုပ်နေတာ တွေးကြည့်ရင် အတော် စိတ်ပျက်ဖို့ ကောင်းတယ်။ ဖေဖေတောင် ဒီခေတ် ရေစီးကြောင်းထဲ မျောနေတော့ ကိုယ့်ကို အံကယ်ခေါ်ရင် ဦးလှတို့လို ပြင်ပြောဖို့ သတိမရခဲ့ဘူး။ သမီးပြောတဲ့ ဦးသိန်းဖေမြင့်တို့၊ ဦးလှတို့၊ ဒေါ်အမာတို့ရဲ့ အရင်းခံ စိတ်ဟာ ဘယ်လောက်ချစ်ဖို့၊ လေးစားဖို့ကောင်းလဲ၊ မြတ်နိုးဖို့ကောင်းသလဲ"
ဖေဖေက အားပါးတရ ပြောသည်။ ထို့နောက် ကျွန်မကို "အဲဒီအကြောင်း ရေးဖြစ်အောင်ရေးစမ်းသမီး" ဟု ထပ်ပြောသည်။ ကျွန်မကလည်း ဖေဖေ့ကို ခြင်ထောင်ဖိပေးနေရင်း "ဟုတ်ကဲ့ဖေဖေ" ဟုပြောခဲ့သည်။ သို့သော် ဖေဖေကွယ်လွန်သွားသည်အထိ မရေးဖြစ်ခဲ့ပါ။
ယခုတော့ ကျွန်မအသက် ငါးဆယ်ကျော်လာပြီ ဖြစ်ပါသည်။ မိမိကိုယ်မိမိ သိပ်မကြီးသေးဟု ထင်သော်လည်း ကြီးလှပြီဖြစ်ကြောင်းကိုတော့ မကြာခဏ သတိရမိပါသည်။ ခရီးသွားစဉ်၊ လမ်းသွားစဉ်၊ ဈေးဝယ်စဉ် တွေ့တွေ့သမျှ လူများသည် ကျွန်မကို 'အံတီ' ဟု အခေါ်များ နေကြပြီ ဖြစ်သည်။ တခါတရံ ဈေးရောင်းသူ အမျိုးသမီးကြီးကို ကြည့်ရင်း "အင်း.... ကြည့်ရတာ ငါ့ထက်ကြီးပုံပဲ၊ အစ်မလို့ ခေါ်ရင် မမှားပါဘူး" ဟု စဉ်းစားနေမိစဉ် သူက ဦးအောင် 'အံတီ' ခေါ်သွားသည်များလည်း မကြာခဏပင်၊ ရင်းနှီးသူများကတော့ အလွယ်တကူပင် 'အံတီချို' ဟု ခေါ်သည်။ ထိုသို့ ခေါ်လာလျှင် ကျွန်မသည် ဒေါ်ဒေါ်မာ့လို 'ဒေါ်ဒေါ်ချို' ဟုဂရုတစိုက်နှင့် ပြင်ပေးရန် မကြိုးစာမိသည်ကိုတော့ ၀န်ခံလိုပေသည်။ သူတို့ ခေါ်သလိုပင် ကိုယ့်ကိုယ်ကို အလွယ်တကူ 'အံတီ' ဟု ပြောလိုက်မိတတ်သည်။ အံကယ်တွေ အံတီတွေ လှိုင်ဘောလယ်နေသော ပတ်ဝန်းကျင်တွင် ကျွန်မလည်း 'အံတီချို' ဖြစ်နေသည်မှာ အတော်ကြာပေပြီ၊ ရှင်းရှင်းဝန်ခံရလျှင် ကျွန်မသည် အားကောင်းကောင်းနှင့် စီးနေသော ရေစီးထဲတွင် ဘာကိုမှ အားမထုတ်ဘဲ အလိုက်သင့် စီးမျောနေသူ ခပ်ပျင်းပျင်း ခပ်ပျော့ပျော့ လူတဦးသာ ဖြစ်ပါသည်။
ဦးလေးလှတို့ကတော့ မြစ်တပြင်လုံး ရေစီးတန့်အောင် မလုပ်နိုင်ရင်နေ ငါ့အနားမှာတော့ ရေစီးနှေးစေ ရမယ်ဟု ကြိုးစားပြီး တမံတုတ်ခဲ့သူများ ဖြစ်ကြပါသည်။ သို့သော် သူတို့သည် ဘာကြွေးကြော်သံကိုမျှတော့ ကြွေးကြော်မသွားကြရှာပေ။
အံကယ်တွေ အံတီတွေ လှိုင်ဘောလည်နေသော မြို့ရွှေဂုန်တွင် ကျင်လည်နေထိုင်ရင်း အံကယ်သံ၊ အံတီသံကြားတိုင်း ကျွန်မရင်ထဲ၌ အတန်ငယ်တော့ ပူဆာဆာ ဖြစ်သွားတတ်သည်။ ထို့နောက် ဦးလေး ဦးသိန်းဖေမြင့်နှင့်တကွ ဦးလေးလှနှင့် ဒေါ်ဒေါ်မာကို သတိရသည်။ ရွှေရောင်ဝင်းနေသော သူတို့၏ နှလုံသားများကိုလည်း ဖွင့်လှစ်၍ မြင်ရသလိုရှိရင်း မကြာခဏပင် လက်အုပ်ချီမိုး၍ ရှိခိုးကန်တော့မိပါသည်။
မစန္ဒာ
[ကြီးပွါးရေးစာအုပ်တိုက်မှ ထုတ်ဝေသော 'နှစ် ၉၀ပြည့် လူထုဦးလှ'၊ ပထမအကြိမ်၊ ၂၀၀၀ခု၊ ဇွန်လ မှ ကူးယူဖော်ပြပါတယ်။]
Sunday, November 14, 2010
အစဉ်အလာ၏သမိုင်းကြောင်းဆက်ခံမှု
ရေးသူ- ဒဂုန်တာရာ
(က)
သမိုင်းခေတ် အဆက်ဆက်ကို ဖြတ်သန်းခံစား သိရှိပြီးဖြစ်၍ အစဉ်အလာ၏ သမိုင်းကြောင်းဆက်ခံမှုကို စဉ်းစားနေမိသည်။ မစဉ်းစား၍ မဖြစ်။ ကျွန်တော်တို့သည် လူဖြစ်လာကတည်းက သမိုင်းခေတ်တခေတ်တွင် မွေးဖွားကြီးပြင်းသည် ဖြစ်သည်။ မည်သည့်သမိုင်းခေတ်တွင် မွေးဖွားကြီးပြင်းသည်ဖြစ်စေ၊ ယင်းသမိုင်းခေတ်ကို လူသားတို့သည် တုန့်ပြန်မြဲ။ ယင်းတုန့်ပြန်မှုတို့ကို အရေးတော်ပုံဟု၎င်း၊ တော်လှန်မှုဟူ၍၎င်း ဝေါဟာရ တမျိုးမျိုးနဲ့ သိရှိနားလည်ခဲ့ကြသည်။ ဘုရင်မင်းများလက်ထက်က ဘုရင်က ပါဝင်လှုပ်ရှားသော အရေးတော်ပုံဟူ၍ တော်တပ်ခါ သတ်မှတ်ခဲ့ကြသည်။ သည်ဘက်ခေတ်တွင်တော့ အရေးတော်ပုံ ခေါ်စရာမရှိ။ ဘုရင်ခေတ်မရှိ သောကြောင့် ဖြစ်သည်။ တော်ဟူသော စကားကို ကြီးကျယ်သော၊ မြင့်မြတ်သော အရာအဖြစ်ကား အဓိပ္ပါယ်ဖော် ခဲ့ကြသည်။ သုံးတတ်ကြသည်ကို တွေ့နိုင်သည်။ တော်ဟူသော အဆောင်အယောင်တို့ကိုလည်း အမျိုးသား ဇာတ်ရုံတော်၊ သမ္မတအိမ်တော် စသော ဝေါဟာရ စကားလုံးများဖြင့် သုံးစွဲတတ်ကြသည်။
နိုင်ငံရေးသိပ္ပံပညာများကို လေ့လာရာတွင် အစဉ်အလာဟူသော စကားရပ်ကို မကြာခဏ တွေ့နိုင်သည်။ အစဉ်အလာဆိုသည်မှာ သမိုင်း၏ လုပ်ရပ်ကို ခေါ်ဝေါ်သတ်မှတ်ခြင်း ဖြစ်သည်။ အစဉ်အလာဆိုသည်ကား သမိုင်းခေတ် တခေတ်နှင့်တခေတ် လှုပ်ရှားသော ဆောင်ရွက်မှုများကို ဆိုလိုခြင်းဖြစ်သည်ကို အများနားလည် သိရှိပြီးဖြစ်သည်။ သမိုင်းကြောင်းဆက်ခံမှုဟူသော စကားရပ်ကလည်း သမိုင်းရေးရာများကို စဉ်းစားတွေးခေါ် ရာတွင် ဆက်စပ်နေသော ဝေါဟာရစကားလုံး ဖြစ်သည်။ သမိုင်းနှင့် စပ်လျဉ်းသည်၊ အစဉ်အလာနှင့် စပ်လျဉ်းသည်။ ယင်းသို့သော သဘောဖြင့် သမိုင်းကြောင်းဟု အဓိပ္ပါယ်ရှိအောင် သုံးနှုန်းသည့်သဘော၊ သမိုင်းဆက်ခံမှုဟု ဆိုလိုက်သောအခါ အစဉ်အလာနှင့် ပတ်သက်နေသော အကြောင်းအရာဖြစ်ကြောင်း ထင်ရှားသိသာသည်။
အစဉ်အလာ၏ သမိုင်းကြောင်းဆက်ခံမှု၊ ယင်းတို့သည် အစဉ်အလာ၏ အဓိပ္ပါယ်၊ သမိုင်းကြောင်း၏ အဓိပ္ပါယ်၊ ဆက်ခံမှု၏ အဓိပ္ပါယ်တို့ကို ဝေါဟာရအဓိပ္ပါယ်အဖြစ် (သို့) သဘောတရားရေးရာ အဓိပ္ပါယ်အဖြစ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။ အရေးကြီးဆုံးကတော့ သမိုင်းကြောင်း။ ယနေ့ သမိုင်းခေတ်တွင် မည်သည့် သမိုင်းခေတ်တွင် မွေးဖွားကြီးပြင်း နေထိုင်သည်ဖြစ်စေ လူသားတို့သည် မိမိတို့ သမိုင်းလမ်းကြောင်းတွင် မပါတ်သက် မပါဝင် ဟူ၍ မရှိ။
တနည်းအားဖြင့်တော့ ပါဝင် ပါတ်သက်နေသည်သာ။ ကျနော်တို့သည် ပထမမျိုးဆက်၏ သမိုင်းလမ်း ကြောင်းတွင် ပါဝင် ပါတ်သက်နေကြရသည်။ ထို့နောက် ကျနော်တို့သည် ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက် စသည်ဖြင့် ကြီးပြင်းလာသည့်အလျောက် ဖြတ်သန်းကာ ပါဝင်နေခဲ့ကြရသည်။ ယင်းသို့သော သမိုင်းအတွေ့အကြုံဖြင့် ကျနော် အစဉ်အလာ၏ သမိုင်းကြောင်း ဆက်ခံမှုကို စဉ်းစားမိခြင်း ဖြစ်သည်။ သမိုင်းသည် လူသား၏သမိုင်း။
(ခ)
လွန်ခဲ့သော နှစ်များက သမိုင်းသည်ဆုံးပြီဟူသော အကဲဖြတ်ချက်ကို ပါမောက္ခ ဖူကူယာမ က ရေးခဲ့သည်။ ကျနော်နှင့် ခံစားမှုချင်းမတူ၊ သူ မည်သည့်သမိုင်းခေတ်များကို ဖြတ်သန်းပါဝင် ပတ်သက်ခဲ့ သည်ကိုတော့ မသိ။ ကျနော်နှင့်တော့ ခံစားမှုခြင်း မတူ။ ကျနော်က သမိုင်းသည် မဆုံးဟု ရေးသားခဲ့သည်။ သမိုင်းသည် ဆုံးပြီဟု သူထိတွေ့ခဲ့သော သမိုင်းတခေတ် ဆုံးသည်ဟူသော အကြောင်းကို ဖော်ပြခဲ့သော်လည်း ကျနော်ကတော့ သမိုင်းသည် မဆုံးဟူ၍ ခံစားမိသည်။
ကျနော် ဖြတ်သန်းခဲ့သော သမိုင်းခေတ်များကို ရည်ရွယ်၍ ကျနော် ရေးသားခြင်း ဖြစ်သည်။ သူမြင်သော သမိုင်းခေတ် တခေတ်ကိုကား အဆုံးဟု ထင်မှတ်ခြင်း ဖြစ်မည်။ ကျနော်ကတော့ ကျနော်ပါဝင် ပါတ်သက်ခဲ့သော သမိုင်းခေတ်များစွာ၏ အတွေ့အကြုံကို ယူ၍ သမိုင်းသည် မဆုံးဟု ဖော်ပြလိုက်ခြင်းသာ ဖြစ်သည်။ အခြားကြောင့် မဟုတ်။ အစဉ်အလာ၏ သမိုင်းကြောင်း ဆက်ခံမှုကို ကျနော် ယုံကြည်သောကြောင့် ဖြစ်သည်။
မျက်မှောက်သမိုင်းသည် အတိတ်သမိုင်းကို ဆက်ခံခြင်း ဖြစ်သည်။ သူ၏ ပစ္စုပ္ပန် ခေတ်သမိုင်းကိုလည်း နောင်အနာဂတ်တွင် (နောက်လူငယ်တို့က) ဆက်ခံမည်သာ ဖြစ်သည်။ ဤသဘောကို ကျနော် ခိုင်မာစွာ ယုံကြည်သည်။ ကျနော်၏ သမိုင်းအတွေ့အကြုံကြောင့် ဖြစ်သည်။
(ဂ)
ကျနော်တို့ အရင်က တည်ရှိခဲ့ပြီးဖြစ်ခဲ့သော အစဉ်အလာများကို ကျနော်တို့သည် အမွေဆက်ခံဘိ သကဲ့သို့ ဆက်ခံခဲ့ကြရသည်မှာ သဘာဝတရားဟု ဆိုနိုင်သည်။ မိဘအမွေကို သားသမီးတို့က ဆက်ခံကြရသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ခံကြရစမြဲ။ ဤသည်မှာ သမိုင်းဗေဒသဘော။ ကျောင်းသားဘ၀က ဂန္ဓ၀င်စာပေများကို သင်ကြားခဲ့ကြရသည်။ ပုဂံခေတ်မှ အင်းဝ၊ ပင်းယ၊ တောင်ငူ၊ မန္တလေး စသည်အားဖြင့် ခေတ်အသီးသီးမှ ပျို့ကဗျာ၊ လင်္ကာ၊ စကားပြေ လင်္ကာနှစ်ထွေရော၊ စကားပြေ စသော အမွေများကို ကျနော်တို့ မဆက်ခံ၍မဖြစ် ဆက်ခံခဲ့ကြရသည်။ ဆက်ခံကြရာတွင် ကျနော်တို့၏ ခေတ်နှင့် သင့်မြတ်သော၊ ကျနော်တို့၏ မျက်မှောက်ခေတ်ကို အကျိုးပြုသော အမွေအနှစ် အစဉ်အလာများကို ဆက်ခံ သုံးစွဲခဲ့ကြသည်။ ကျနော်တို့အတွက် အကျိုးမဖြစ်လျှင် မည်သူမျှ ဆက်ခံသုံးစွဲမည် မဟုတ်။ အင်းဝခေတ်က ရှင်မဟာရဌသာရ၏ စကားအသုံးအနှုန်း ကြွယ်ဝမှုကို ကြိုက်ခဲ့သည်။ အင်းဝခေတ်က ၀န်ကြီးပဒေသရာဇာ၏ ထန်းလုပ်သား သရုပ်ဖော် အဖွဲ့အနွဲ့ကို ကြိုက်သည်။ တောင်ငူခေတ်က နတ်ရှင်နောင်၏ အနုအရွ ဆန်းသစ်မှုများကို ကြိုက်သည်။ ဦးပုည၏ ခံစားမှုကို ခိုက်အောင် ဖွဲ့နိုင်သော သရုပ်ဖော် အဖွဲ့အနွဲ့များကို ကျနော် ကြိုက်သည်။ ယင်းသည် ကျနော်တို့၏ ဂန္ဓ၀င်စာပေ အစဉ်အလာ အမွေအနှစ်ကို ဆက်ခံသည့်သဘော။ ဂန္ဓ၀င်စာပေခေတ်များကိုတော့ ကျနော်တို့ မီသည်မဟုတ်။ ပေဖူးလွှာနှင့် စက္ကူပေါ်တွင်သာ မီသည်။ ထို့နောက် ကျနော် ကြီးပြင်းလာသော ခေတ်သို့ရောက်သောအခါ ခေတ်ပေါ်စာပေ၏ အစဉ်အလာသစ်များကို ဆက်ခံကြ ရပြန်သည်။ ခေတ်ပေါ်စာပေ အစဉ်အလာသစ်ကို ထူထောင်သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာပေ၊ အနောက်နိုင်ငံ၏ အရောင်အသွေးဖြင့် ခြယ်မှုန်းသော ဆန်းသစ်သော ခေတ်စမ်းစာပေ၊ မင်းသုဝဏ်၊ ဇော်ဂျီတို့၏ စာပေအစဉ်အလာကိုလည်း ဆက်ခံကြရသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အနုအရွ အဖွဲ့အနွဲ့၊ ဆရာကြီးရွှေဥဒေါင်း၏ ကျစ်လစ်သော စကားပြေ အရေးအသားမူ အဖွဲ့အနွဲ့၊ အမျိုးသားဟန်ဖြင့် စီရင်သော အဖွဲ့အနွဲ့တို့ကိုလည်း ဆက်ခံရသည်။
သိန်းဖေမြင့်၏ မတ်(စ)၀ါဒ အတွေးအခေါ်ပါသော အရေးအသား အဖွဲ့အနွဲတို့ကိုလည်း ဆက်ခံကြ ရသည်။ ယင်းသို့ ဆက်ခံကြရာတွင် အစဉ်အလာတို့ အားလုံးကို တခုမကျန် ဆက်ခံခြင်း သဘောတော့ မဟုတ်။ မိမိတို့၏ သမိုင်းခေတ်နှင့် သင့်မြတ်သော၊ သမိုင်းခေတ်ကို အကျိုးပြုသော အစဉ်အလာတို့ကို သာလျှင် ကောင်းနိုးရာရာ ဆက်ခံခြင်း ဖြစ်သည်။ ထို့ကြောင့် သမိုင်းသည် မဆုံး။ စာပေယဉ်ကျေးမှု ဘက်တွင်သာမဟုတ်၊ နိုင်ငံရေးဘက်တွင်လည်း အစဉ်အလာများဖြင့် သမိုင်းခေတ်တို့သည် လှုပ်ရှားနေကြခြင်း ဖြစ်သည်။ ကျနော်သည် ဆယ်ကျော်သက် အရွယ်ကစ၍ ဘာသာရေး အဖွဲ့အစည်း၊ ကျောင်းသား အဖွဲ့အစည်း၊ စာပေ အဖွဲ့အစည်း၊ ငြိမ်းချမ်းရေး အဖွဲ့အစည်း၊ နိုင်ငံတကာချစ်ကြည်ရေး အဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်ခဲ့သည်။ ယင်း အဖွဲ့ အစည်းများသည် သမိုင်း၏ တုန့်ပြန်ချက်၊ လူထုလှုပ်ရှားမှု အဖွဲ့အစည်းများ ဖြစ်ကြသည်။ ယင်းအစဉ်အလာဖြင့် လူတို့ အားလုံးနေထိုင်ကြရသည်။ ယင်းသည် ဆက်ဆံခဲ့သော သမိုင်းခေတ်၊ သမိုင်းခေတ်သည် မဆုံး။
ဒဂုန်တာရာ
[စတိုင်သစ်မဂ္ဂဇင်း၊ အမှတ် ၁၃၅၊ အောက်တိုဘာလ၊ ၂၀၀၄ မှ ကူးယူဖော်ပြပါတယ်]
Saturday, November 13, 2010
မရဏတေးသံ
ရေးသူ- တင်မိုး
ဟိုဘက်အိမ်မှာ
အချိန်အလစ်ခိုးပြီး
မိုးသောက်ထ ၀င်လာ
မရဏမောင်း ခေါင်းလောင်းမဟုတ်ပါ။
သူ ၀င်ပြီဆို
စာအုပ်စင်ပြိုကျ
ဟိုတစ သည်တစ
ပွစာကြဲ ဖရိုဖရဲ
ကလောင်လည်းကျိုး
မင်အိုးလည်းမှောက်
အသက်ပျောက် ပုဂ္ဂိုလ်ပျောက်
အောက်မေ့တသဖွယ် ဆိုသီချင်းနဲ့
ငိုရင်း တဇာတ်သိမ်းရမှာ။
တနေ့နေ့ တချိန်ချိန်
ငါ့အိမ်အလစ်ဝင်....
သည်လိုပင်... သည်လိုပင်...
အသင့်ပြင်စောင့်စား
ခြေသံအကြားနားစွင့်
တံခါဖွင့်လာချိန်
စိတ်ငြိမ်ငြိမ်နှင့် ကြိုလျက်ပါ။ ။
(ဆရာမြသန်းတင့်..... သို့)
တင်မိုး
၁၇ -၂ - ၉၈
[ကလျာမဂ္ဂဇင်း၊ အမှတ်၁၅၉၊ ၁၉၉၈၊ မေလ]
Friday, November 12, 2010
ကျနော်မရေးနိုင်ခဲ့တဲ့ကိစ္စတရပ်
ရေးသူ- ဖိုးသံ(လူထု)
ဒီကိစ္စကို ကျနော် အခုတော့ ရေးလို့ရပါပြီ။
၁၉၇၈ ခုနှစ်မှာ ကျနော့်အဖေ၊ အမေနဲ့ညီ၊ သုံးယောက်စလုံး အဖမ်းခံရတုန်းက အဖေနဲ့ ဘိုညိုကို အရင်လွှတ်ပြီး အမေ့ကို နောက်ဆုံးမှ အချိန်အတော်ကြာ ချန်ပြီးလွှတ်တယ်။ အဲဒါ ဘာလို့လဲလို့ ကျနော့်ကိုမေးတာ မကြာခဏကြုံရပါတယ်။ ဆွေရင်း မိတ်ရင်းတွေထဲက မေးကြတာတောင် ရှိပါတယ်။ ဒါပေမဲ့ ကျနော့်မှာ ထောက်ထားစရာတွေ ရှိနေလို့ ဘယ်သူ့ကိုမှ ပြောမပြခဲ့ပါဘူး။ အခုတော့ အမေကွယ်လွန်သွားပြီမို့ ကျနော်ရေးနိုင် သွားပါပြီ။
၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၃ဝရက်နေ၊ ကျနော့်ကိုလာဖမ်းတဲ့နေ့မှာပါ။ မှတ်မိသလောက် ဆိုရင် အဲဒါ တနင်္ဂနွေနေ့ကြီးပါ။ မန္တလေး ဗထူးအားကစားကွင်းမှာ မြို့မအသင်းနဲ့ ရဲအသင်း တို့ ကစားမယ့်နေ့ပါ။ ပွဲကလည်း ပွဲကောင်းဖြစ်လို့တကြောင်း၊ ကိုယ်တိုင်ကလည်း မြို့မ ဘော့လုံးအသင်းသားဟောင်း ဖြစ်ရုံမက မြို့မအသင်းကို ကမကထ ပြုသူ၊ ဦးစီးသူတွေ အားလုံးဟာ ကျနော့်မိဘများနဲ့ မကင်းသူတွေ ဖြစ်နေလို့ကတကြောင်း ကျနော်က အဲဒီ ဘော့လုံးပွဲကို သွားကြည့်ဖို့ အားခဲထားပါတယ်။ သူများတွေနဲ့ အဖော်တောင် ညှိထား ပါသေးတယ်။
နေ့လည် ၂နာရီ၊ ၃နာရီ လောက်ထင်ပါရဲ့ ကျနော်အိမ်သာတက်နေတုန်းမှာ ကျနော်တို့အိမ်မှာ ကားမောင်းတဲ့ ကိုအေးက ကျနော့်ကို အပြင်ကနေ တံခါးပုတ်ပြီး ခေါ်ပါတယ်။ ကျနော်ထွက်လာတော့ "ခင်ဗျားကို ခင်ဗျားအမေက ခေါ်နေတယ်၊ အောက်ကို ဆင်းလာခဲ့ပါတဲ့" လို့ဆိုတာနဲ့ ချက်ခြင်း သူ့နောက်က လိုက်သွားပါတယ်။ အောက်ရောက်တော့ ဧည့်ခန်းထဲမှာ အဖေရယ်-အမေရယ်၊ ရပ်ကွက်ထဲကလူကြီး ၃-၄ယောက်ရယ်၊ တခါမှမတွေ့ဖူးတဲ့ မျက်နှာထားတင်းတင်းနဲ့ လူတချို့ရယ် ထိုင်နေ ကြတာကို တွေ့ရပါတယ်။ အဖေနဲ့အမေကလည်း မျက်နှာမသာကြပါဘူး။ ဒါနဲ့ ကျနော်လည်း အခြေအနေကို ချက်ခြင်းရိပ်မိလိုက်ပါတယ်။ ကျနော်ရောက်တော့ ကျနော့်အဖေက ကျနော့်ကို- "ငါ့သားအခန်းကို နည်းနည်းရှာချင်လို့တဲ့" လို့ပြောပါတယ်။
အဖေပြောပြီးတာနဲ့ပဲ အဲဒီလူတွေ အားလုံး မတ်တပ်ထရပ် လိုက်ကြပါတယ်။ ကျနော်က နောက်ပြန်လှည့်လိုက်တာနဲ့ အားလုံးအပေါ်တက်တဲ့ လှေကားဆီ ထွက်လာကြပါတယ်။ အိမ်သားတွေပါပေါင်းရင် ၁ဝ ယေက်လောက် လူအုပ်ကြီးပါ။ လှေကားပေါ်တက်ရင်း တယောက်က ကျနော့်ကို "ပြီးရင်မေးချင်မြန်းချင်တာလေးတေရှိလို့ ကျနော်တို့နဲ့ လိုက်ရအောင် အိပ်ရာလိပ်နဲ့ အဝတ်အစားလည်း ပြင်ပါ" လို့ပြောပါတယ်။ ကျနော်နဲ့ အမေက အတူတူ တက်လာတာမို့ အမေ့ကို ပြောတဲ့သဘောလည်း ဆောင်နေပါတယ်။
အဲဒီနောက်တော့ သူတို့ ကျနော့်အခန်းထဲမှာ ရှာကြတော့တာပါပဲ။ နို့ပေမဲ့အလွန်ကြီး ရုပ်ပျက်ဆင်းပျက် ရှာတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာ တခုခုကို အတိအကျ သတင်းရထားလို့ ရှာတာ ဟုတ်ဟန်မတူပါဘူး။ ကျနော်နဲ့အမေက အခန်းအပြင် တံခါးဝနားမှာ ရပ်နေပါတယ်။ အဲဒီတုန်းက ကျနော့်ညီ ဘိုညိုအိမ်မှာ မရှိပါဘူး။ ခရီးသွားနေပါတယ်။ ကျနော့်အမနဲ့ နှမတို့ ရှိကြပါတယ်။ သူတို့လည်းပဲ ကျနော့်အနားမှာ ရှိကြပါတယ်။ ကျနော့်အဖေကတော့ အောက်ကဧည့်ခန်းထဲမှာ လာဖမ်းတဲ့ ထောက်လှမ်းရေး ဗိုလ်မှူးကို ဧည့်ခံစကားပြောနေခဲ့တယ်လို့ ယူဆရပါတယ်။ ကျနော့် အပါးမှာ ရပ်နေတဲ့ နောက်တယောက်ကတော့ လာဖမ်းတဲ့ ထောက်လှမ်းရေးကလူပါ။ အသက် ၂ဝ နဲ့ ၃ဝကြား လောက်ရှိပါမယ်။ သူ့ခါးက ပုဆိုးထဲမှာ သေနတ်အတိုတလက်ကို ထိုးထားပါတယ်။ သူတို့ လှန်လှောရှာနေတာကို ကြည့်ရင်းကျနော်က မင်မပျက် မောင်းမပျက် အမေ့နားကိုကပ်ပြီး "ကျနော်ပြေးမှဖြစ်မယ်" (I must flee) လို့ အင်္ဂလိပ်လို ပြောလိုက်ပါတယ်။ အနားက ထောက်လှမ်းရေးငနဲဟာ ဘာမှ ဂရုမထားတဲ့ ဟန်နဲ့ ရှာဖွေနေတဲ့ လူတွေဆီကိုပဲ ကြည့်နေပါတယ်။ ကျနော်တို့ ပြောတာကို သူနားမလည်တာ အမှန်ပါပဲ။ ဒီတော့အမေက "သူတို့မှာသေနတ်တွေပါတယ်" (They have guns) လို့ပြန်ပြောပါတယ်။ ဒီတော့ကျနော်က "ကျနော်သိတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တော့ ပြေးမှဖြစ်မယ်" (Yes, I know, But Imust flee at all cost) လို့ ထပ်ပြောလိုက်ပါတယ်။ သားအမိချင်းပြောတာဆိုတော့ ဒါလောက်ဆို လုံလောက်ပါပြီ။ ပြောလို့သာ ပြောတယ် ကျနော်နဂိုက စဉ်းစားထားတဲ့ ထွက်ပြေးတဲ့နည်းလမ်းတွေက ပိတ်နေသလောက် ဖြစ်နေပါတယ်။ ကျနော်ပြင်ထားတာက ၁၉၆၆ ခုနှစ်တုန်းက ကျနော့်ကို ဖမ်းသလို ညမှာ ဖမ်းလာခဲ့ရင်၊ ကျနော်က လက်ဦးခဲ့ရင် ဆိုတာမျိုးတွေပါ။ အခုတော့ အိမ်သာထဲရောက် နေတဲ့လူဟာ ဘယ်လိုမှ လက်မဦးနိုင်ပါဘူး။
အဲဒီနောက်မှာ ကျနော့်အခန်းထဲက သိမ်းယူတဲ့ စာအုပ်တွေနဲ့အတူ ကျနော့်ကို အောက်ထပ်ကို ခေါ်သွားပါတယ်။ ခုနက ဧည့်ခန်းဆီ ပြန်ခေါ်သွားတာ ဖြစ်ပါတယ်။ အဆင်းမှာ ကျနော်က အမေ့နားကပ်ပြီး ကျနော်တို့တိုက်ရဲ့ တောင်ဘက်က တံခါးပေါက်ကို ဖွင့်ထားပေးဖို့ ပြောလိုက်ပါတယ်။ ကျနော်တို့ အိမ်က ဂ၄လမ်းနဲ့ ၃၃လမ်းထောင့်မှာဆိုတော့ နှစ်မျက်နှာရှိတဲ့ အဆောက်အဦလိုဖြစ် နေပါတယ်။ အနောက်ဖက်မျက်နှာမှာ အဓိက တံခါးပေါက်ကြီးဖြစ်ပြီး တောင်ဖက်မျက်နှာစာမှာတော့ တံခါးပေါက် သေးသေးတခုနဲ့ ကားဂိုဒေါင် ရှိပါတယ်။ အဲဒီအချိန်က အဲဒီတခါးပေါက်ဟာ အဝင်အထွက် မရှိသလောက် နီးပါးမို့ ဘာဂျာတံခါးကို အမြဲလိုလို ကြေးဝါသော့ခလောက်ကြီးတလုံးနဲ့ ခတ်ထားပါတယ်။ နောက်ပြီး အဲဒီသော့ဟာ အမေ့ဆီမှာပဲ ရှိပါတယ်။
အောက်ပြန်ရောက်တော့ သူတို့က နဂိုနေရာတွေမှာ ပြန်ဝင်ထိုင်ကြပြီး ကျနော့်ကို ဧည့်ခန်းအဝင် တံခါးပေါက်မှာ ထိုင်စေပါတယ်။ ခုနက ထောက်လှမ်းရေးက လူက ကျနော့်ဘေးမှာ ကပ်လျက်ထိုင်ပါတယ်။ အခန်းလယ်မှာတော့ ရပ်ကွက်လူကြီးတွေဟာ ကျနော့် အခန်းထဲက သိမ်းလာတဲ့ပစ္စည်းတွေ (အများအားဖြင့်စာအုပ်တွေ) ကို စာရင်းပြု နေပါတယ်။ ကျန်တဲ့လူတွေကတော့ ထိုင်ကြည့်နေ ကြပါတယ်။ စာအုပ်တွေထဲမှာ မော်စီတုန်း လက်ရွေးစင်ကျမ်းတွေ ပါပါတယ်။
ဒီနေရာမှာ အခန်းဖွဲ့စည်းပုံကို နည်းနည်းပြောဖို့လိုပါတယ်။ ကျနော်တို့ အိမ်အပေါ်ကို တက်တဲ့ လှေကားဟာ အဖေ့အလုပ်ခန်းထဲမှာ ရှိပါတယ်။ အဖေ့အလုပ်ခန်းနဲ့ ဧည့်ခန်းက ကပ်လျက်၊ ဆက်လျက်ပါ။ အကြားမှာ နံရံတခုနဲ့ တံခါးပေါက်တခု ရှိပါတယ်။ အဖေ့ အလုပ်ခန်းရဲ့ တဖက်မှာက အခန်းငယ်တခုရှိပြီး နောက်ဖေးပေါက်က အဲဒီအခန်းကနေ ထွက်ရတာ ဖြစ်ပါတယ်။ နောက်ပြီး အဖေ အလုပ်လုပ်တဲ့ စာပွဲပတ်လည်မှာ စာအုပ်တွေ ထည့်ထားတဲ့ လူတရပ်ကျော်မြင့် မှန်ဘီဒိုကြီးတွေ ရှိပါတယ်။ ဒါကြောင့် ကျနော့်နဲ့ အဲဒီ ထောက်လှမ်းရေးကလူ ထိုင်နေတဲ့ နေရာကနေကြည့်ရင် အဖေ့အလုပ်စာပွဲကိုလည်း မမြင်ရ၊ တဖက်ခန်းကို ကူးတဲ့တံခါးကိုလည်း မမြင်ရပါဘူး။ အဲဒီတဖက်ခန်းမှာ အပြင်ထွက်ဖို့ တံခါးဖွင့်ထားတယ် ဆိုတာကတော့ ပိုမဖြစ်နိုင်ပါဘူး။
အပေါ်က ဆင်းလာကြတော့ အမေက နောက်ကနည်းနည်းချန် လိုက်လာပါတယ်။ နောက်ပြီးမှ စာအုပ်ဘီဒိုကြီးတွေနောက် ဝင်လိုက်ပြီး ဘာဂျာတံခါးသော့ကို သွားဖွင့် လိုက်တာပါ။ အဲဒီနောက်မှာ သူက ဧည့်ခန်းဆီကို ပြန်လာပြီး ကျနော့်ကို ခေါင်းတချက် ငြိတ်ပြ လိုက်ပါတယ်။ ဖွင့်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ ပြီးမှ သူဟာ ဧည့်ခန်းထဲက သူ့နဂို နေရာမှာ ဝင်ထိုင်နေပါတယ်။
ကျနော်က ကျနော့်နှမကို အစာအိမ်ဆေးသောက်ဖို့ ဆေးနဲ့ရေတခွက် သွားယူခိုင်း လိုက်ပါတယ်။ ဒါကို အားလုံးကမြင်သိကြ ပါတယ်။ သူက အပေါ်ထပ်ကိုတက်သွားပါတယ်။ ခဏကြာလို့ ကျနော့်နှမက မလာတော့ ကျနော်က "ဒီကောင်မလေးကလည်း ကြာ လိုက်တာ" လို့ အားလုံးကြားအောင် ညည်းပြီး သူ့နောက်လိုက်ဖို့ ဟန်ပြုလိုက်ပါတယ်။ ဘေးက ထောက်လှမ်းရေးဟာ ဝေးဝေးသွားမယ် မထင်လို့ထင်ပါရဲ့ သူ့နေရာကပဲ ထိုင်ကြည့်နေပါတယ်။ ကျနော် မှန်ဘီဒိုကြီးတွေ နောက်ကွေ့ဝင်လိုက်တာဟာ ဘာဖြစ်နိုင် တယ် ဆိုတာ သူဘယ်လိုမှ တွက်မိဟန်မတူပါဘူး။ ကျနော်က အဲဒီ နောက်ဖေးပေါက်ကနေ တစွတ်ထဲ ထွက်ပြေးသွားတာက ကျနော့်ဘဝတခုလုံး အပြောင်းလဲကြီး ပြောင်းလဲသွား တော့တာပါပဲ။
ကျနော် အရှေ့မြောက် အခြေခံဒေသကိုရောက်တော့ မန္တလေးမြေအောက်လုပ်ငန်းက လာတဲ့ လူနဲ့တွေ့ပါတယ်။ ကျနော်နဲ့ လုပ်ဖော်လုပ်ဖက်ဟောင်း၊ သူငယ်ချင်းဟောင်းပါ။ သူ့ကို ပါတီဗဟိုကနေ တချို့လုပ်ငန်းတွေ မှာလိုက်ရာမှာ ကျနော်ကတဆင့် မှာခိုင်းပါတယ်။ ဒီအခါမှာ သူကလည်း မန္တလေးမှာကျန်ခဲ့၊ ဖြစ်ပျက်ခဲ့တာတွေပြောပြရင်း ကျနော့်အတွက် အင်မတန်စိုးရိမ်ခဲ့ကြကြောင်း ပြောပြပါတယ်။ ကျနော်ကလည်း ကျနော်ဘယ်လိုလွတ်ထွက် လာတယ်ဆိုတာတွေ သူ့ကိုပြောပြပါတယ်။ လူရင်းတွေမို့ပါ။ အမေ့ကြောင့် လွတ်လာပုံကို လည်း ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ဖြစ်ချင်တော့ မန္တလေးယူဂျီတခုလုံးနီးပါး အဖမ်းခံ ရတော့ ဒီလူလည်း ပါသွားပါတယ်။ သူကအကုန်ဖော်၊ အကုန်ဖောက်ပါတယ်။ ဒါကြောင့် စစ်အစိုးရဟာ ကျနော့်အမေပါဝင်တဲ့အခန်းကို သိသွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ အမေ့ကို စစ်အစိုးရက ညှိုးစရာ ကိစ္စတခုတိုးသွားတာပါပဲ။
ဒီဖြစ်စဉ်တခုလုံးမှာ ကျနော်၊ ကျနော့်မိဖ၊ ကျနော့်အမနဲ့နှမ၊ လာဖမ်းတဲ့လူတွေ- ထောက်လှမ်းရေး၊ အက်စ်ဘီနဲ့ ရပ်ကွက်လူကြီးတွေ၊ တဦးစီ-တဦးစီမှာ ဘယ်လို ခံစားချက်တွေ ဖြစ်ပေါ်နေကြမယ်ဆိုတာ ပြန်စဉ်းစားလိုက်ရင် အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းမှာပါ။ စာဖွဲ့ရင် စာတအုပ်များ ရမလားပါ။ ကျနော်အတိအကျ သိတာကတော့ ကျနော်တဦးတည်း ရင်ထဲကခံစားချက်ကို သာပါပဲ။ ပြောရရင် အဲဒီအချိန်က ကျနော့် ခေါင်းထဲမှာ အလုပ်သဘော စဉ်းစားနည်းက လွှမ်းမိုးနေပါတယ်။ ဆိုလိုတာ ဘယ်လို လွတ်အောင်ထွက်ရမလဲ၊ ဘယ်သူ့ဆီက ဘာသတင်းပေါက်သလဲ၊ သူတို့ ဘာတွေသိထား သလဲ စတာတွေပါပဲ။ တခြားဘာမှ တွေးမနေနိုင်ပါဘူး။
ညမှာ မန္တလေးမြို့က ခွာပြီဆိုတော့မှပဲ ကိုယ့်ခံစားချက်ဖက် အာရုံလှည့်မိပါတယ်။ ပထမဆုံး ခေါင်းထဲမှာ ပေါ်လာတာက မာတာပီတု ဂုန္တောအနန္တော ဆိုတာပါပဲ။
ဖိုးသံ(လူထု)
လူကိုဘယ်သူကဖန်ဆင်းသလဲ
ရေးသူ- လူထုဒေါ်အမာ
{မာယာမဂ္ဂဇင်း နိုဝင်ဘာ၊ ၂၀၀၃ မှာ ဖော်ပြခဲ့ပီးသောစာမူကို အင်တာနက် စာဖတ် ပရိသတ်အတွက် ထပ်မံ ဖော်ပြပါတယ်}
လူတယောက်ဆိုပြီးတော့ အမေတို့ အသက်ရှင် လှုပ်ရှားနေကြပါတယ်။ ဒါပေမယ့် တယောက်နဲ့တယောက် လူတွေဟာ မတူညီကြတာတွေ ရှိသလို၊ တူညီကြတာတွေလဲ ရှိတယ်။ မတူညီကြမှုကို အကြောင်းပြုပီးတော့ အဲဒီလူရဲ့ ပုံပန်းဖြစ်ပေါ်လာတာပဲ ထင်ပါရဲ့ကွယ်။
ဥပမာ (၁) သူမွေးဖွားကြီးပြင်းရတဲ့ ခေတ်ကာလ အခြေအနေ (၂) သူ့ကို မွေးဖွားလာတဲ့ အခါ သူ့ကို ကြီးပြင်းအောင်မွေးတဲ့ မိဘအသိုင်းအ၀ိုင်းရဲ့ စီးပွါးရေးအခြေအနေ (၃) သူ သင်ကြားဖတ်မှတ်ရတဲ့ စာပေဗဟုသုတ၊ ပြီးတော့ (၄) သူ လုပ်ကိုင်စားသောက်ရတဲ့ အသက် မွေးဝမ်းကျောင်း (၅) သူ့ တသက်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ သူ့ဘ၀ကို ပုံသွင်းတယ်လို့ အမေတော့ ထင်တာပဲ။
ကိုယ်မွေးလာတဲ့ ခေတ်ကာလအခြေအနေ ဆိုပါတော့။ အမေတို့ဆိုရင် ဗြိတိသျှ ကျွန်ဘ၀မှာ မွေးခဲ့တော့၊ အဲဒီဘ၀မှာ အသက် ၂၅ နှစ် ထက်မနည်း နေခဲ့ရတယ်။ ဗြိတိသျှ အစိုးရဆိုတာ အဲဒီတုန်းက ကမ္ဘာ့မြေပုံကို ကြည့်လိုက်ရင် အင်မတန်ကြီးမားလူဦးရေများပြားတဲ့ အိန္ဒိယနိုင်ငံကြီးနဲ့တကွ ဗြိတိသျှပိုင်ဆိုင်တဲ့နိုင်ငံတွေကို အနီရောင်နဲ့ ဖော်ပြထားတာဟာ တကမ္ဘာလုံးအနှံ့ နည်းတာတွေ မဟုတ်ဘူး။ ပြီးတော့ ကြားနေရသေးတယ် ဗြိတိသျှရဲ့ အင်ပိုင်ယာကြီးဟာ ခုအတိုင်း ရပ်မနေသေးဘူး။ ဆက်ဆက်ပြီးလည်း ကျယ်တုန်းတဲ့။ တမိနစ်ကို ဘယ်နှစ်ဧကနှုန်းနဲ့ ဆက်လက်တိုးတက်တုန်းတဲ့။ သူတို့ရဲ့ ရေတပ် လေတပ် ကြည်းတပ် ဆိုတာတွေကလည်း များမှများ။ အမေတို့ မြန်မာနိုင်ငံလေးက ဗြိတိသျှအင်ပိုင်ယာ ကြီးထဲက အိန္ဒိယအစိုးရရဲ့ လက်အောက်ပြည်နယ်တခုအဖြစ် နေရတာတဲ့။ အမယ်လေး အိန္ဒိယနဲ့ ခွဲရပါမယ့်အကြောင်း ကျွန်တသီးတသန့် ဖြစ်လာပါမယ့်အကြောင်း ခွဲရေးတွဲရေး ဆိုတာကို လုပ်လိုက်ရသေးတယ်။ ဒို့အချင်းချင်း စိတ်ဝမ်းကွဲကြရသေးတယ်။ အမေ ဒီအကြောင်းတွေကို ပြောနေတာက ဗြိတိသျှအစိုးရဟာ အင်အားကောင်းတယ်၊ ခိုင်မာတယ် ဆိုတာကို သိရအောင် ပြောပြတာပါ။ သူတို့က သူတို့ ခိုင်မာတယ် မြဲမြံတယ်လို့ သိထားတော့ သူတို့ အအုပ်ချုပ်ခံလူတွေကို ဒီမိုကရေစီ ၅၀ သားလောက်ပေးထားတယ်။ သူတို့ဆီမှာ ရှိတဲ့ တပိဿာလောက်ကို တ၀က်၊ အဲဒါကို ဒို့ အအုပ်ချုပ်ခံတွေက ထပ်တောင်းတော့ ၆၀ သားလောက်ထိ တိုးပေးတယ်။ ဒို့က တိုက်ပွဲဝင်လို့ ရမှန်းသိတော့ ထပ်တောင်းတယ်။ ၆၅ိ သားလောက်ထိ ပေးတယ်။ နောက်တော့ ဘယ်လို တောင်းတောင်းကို မပေးဘူး။ အဲဒါ အမေတို့ ကြီးပြင်းခဲ့ရတဲ့ ခေတ်ကာလ အခြေအနေပဲ။
လူတယောက်အဖို့ ဆင်းရဲတဲ့ မိဘက မွေးကျွေးသုတ်သင်လာတာဖြစ်ရင် ဆင်းရဲတာ ဆို ကောင်းကောင်းနားလည်တယ်။ အဲဒါက လူများစု။ မိဘ ချမ်းသာတဲ့ဆီက မွေးဖွားခဲ့တာ၊ သူကြီးပြင်တဲ့အထိ မိဘတွေက ချမ်းသာသေးတယ်ဆိုရင် သူဟာ ဆင်းရဲတာကို သိတ်နားမလည်ဘူး။ စာနာထောက်ထားတတ်ပြီး စိတ်ကောင်းစေတနာရှိတဲ့လူက နည်းနည်း နားလည်တယ်။ ကိုယ်လိုချင်တခု ရဖို့အတွက် ဘယ်လောက် ရုန်းကန်ရတယ်ဆိုတာ နာလည်သိရှိမှုမှာ ကွာခြားချက်တွေရှိတယ်။
ပညာရေးနဲ့ ရှာဖွေမှတ်ခဲ့ရတဲ့ ဗဟုသုတကတော့ လူဘ၀မှာ အရေးကြီးဆုံးပါဘဲ။ အဲဒီမှာ လူ့အသိပညာချင်း တော်တော်ကွာခြားသွားတယ်။ ကွာခြားတာမှ အတူတူ ဒီစာကို ဖတ်ထားတာချင်းတောင်မှ ဒီစာနဲ့ပါတ်သက်လို့ ဆက်လက်တွေးခေါ်ရာမှာ ခြားနားသွားတတ် ပါသေးတယ်။ အထူးသဖြင့် ငွေဇွန်းကိုက် မွေးခဲ့တယ်ဆိုတဲ့ လူချမ်းသာနဲ့၊ မိဆင်းရဲ၊ ဖဆင်းရဲက မွေးဖွားကြီးပြင်းခဲ့ရသူနဲ့ သဘောပေါက်ပုံချင်း၊ လက်ခံယုံကြည်ပုံချင်း ကွဲပြားခြားနားတတ်ပါ သေးတယ်။
လုပ်ကိုင်စားသောက်ရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကလည်းလူကို ပုံသွင်းရာ မှာ ကွာခြားချက် ရှိနိုင်တယ်လို့ လူကြီးသူမတွေက ယုံကြည်ကြတယ်။ ဒီလူဟာ ခေါက်ရိုးကျိုး မှာပေါ့၊ သူ့မှာ ဆရာ့ဆရာတွေနဲ့ နေရတာကိုးလို့ ပြောတတ်တယ်။ ရွှေအရောင်းအ၀ယ်သမား လို့ဆိုရင် သိပ်စည်းကမ်းကြီးတယ်။ နှမိနှမြော သိတ်ရှိတတ်သတဲ့။ ဘာလို့လဲလို့ မေးတော့ သူတို့က ရွှေကို ရောင်းရာ ၀ယ်ရာမှာ ရွှေထိအောင် တွက်ချက်ရောင်းဝယ်ရတာမို့တဲ့။
ရွှေဆိုတာ အဖိုးတန် ပစ္စည်းဟုတ်လား၊ အဲဒီတော့ ဒီ တမတ်သား၊ တမူးသား၊ တပဲသားအပြင် ရွေးစေ့နဲ့ချိန်ပြီး ဘယ်နှရွေးထိ ရောင်းရတယ်လေ။ အဲဒိတော့ အကျင့်ပါပြီး ပစ္စည်းရဲ့ တန်ဘိုးကို နည်းနည်းထိအောင် တွက်ချက်သလို အရာရာကိုလဲ အဲဒီအကျင့်က ပါနေရောတဲ့။
လူတယောက်ကို စိတ်ရှည်လက်ရှည် သင်ကြားပေးနေရင်လည်း စိတ်ရှည်မှာပေါ့ ကျောင်းဆရာကိုးတဲ့။
လူ့တသက်မှာ မမျှော်လင့် မထင်မှတ်တာတွေနဲ့လည်း ကြုံတွေ့ရတတ်တာပဲတဲ့။ ဥပမာ- ကိုယ်နေတဲ့နေရာ မီးကြီးလောင်ခံရတယ်။ဘာမှ မယူလိုက်နိုင်ပဲ အားလုံးပြာကျ သွားတာနဲ့ ကြုံလိုက်ရတယ်ဆိုရင် ဘာမှ သိတ်စုဆောင်းမနေပါနဲ့။ သူကုန်ချင်ရင် လွယ်လွယ်နဲ့ ကုန်သွားတာပဲလို့ ပြာတတ်ပြီး၊ ပစ္စည်းပေါ် တွယ်တာမှု နည်းသွားတာမျိုးလည်း ရှိတယ်။
နိုင်ငံရေး နည်းနည်းပါးပါး လုပ်မိလို့ အဖမ်းအဆီးခံရတယ်။ နှစ်ရှည်လများ ထောင်ထဲမှာ နေခဲ့ရတယ်ဆိုရင်လည်း တော်တော်ရင့်ကျက်တဲ့ နိုင်ငံရေးသမားတယောက် ဖြစ်လာတတ်တယ်။
အသက်အရွယ် သိပ်မကြီးသေးဘဲနဲ့ အိမ်ထောင်ပျက်ပြားရတယ်ဆိုရင်လည်း အိမ်ထောင်ပြုမှုအပေါ်ကို ကြောက်သွားပြီး ဒီအပူမျိုးကို မခံချင် ရတော့တာမျိုးလည်း ရှိတယ်။အိမ်ထောင်ပြုတယ်ဆိုတာကို သိပ်အလေးအနက်မထားတော့ပဲ ပေါ့ပေါ့တန်တန် ဖြစ်သွားသူတွေလည်း ရှိတယ်။
အရေးကြီးတာ စကားပြောတာကတော့ ဖတ်မှတ်စုဆောင်းတဲ့ ဗဟုသုတတွေနဲ့၊ အဲဒါတွေအပေါ် မှန်ကန်တဲ့ သုံးသပ်ချက်တွေ ရှိဖို့ပါပဲ။ ဒါကလည်း ပြောခဲ့ပြီးတဲ့ အကြောင်းအရာတွေကပဲ ဖြစ်ပေါ်စေတာမို့ သူတို့သည်ပင်လျင် လူတယောက်ရဲ့ ဘ၀ကို ဖန်ဆင်းရှင်တွေပါလို့ ပြောရမလား မသိပါဘူးကွယ်။
လူထုဒေါ်အမာ
အိုမင်းရင့်ရော်တော့ အမေ့မေ့အလျော့လျော့နဲ့ပါ
ရေးသူ- လူထုဒေါ်အမာ
နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၀ ခုနှစ်မှာ ကျရောက်မယ့် အမေ လူထုဒေါ်အမာ (၉၅) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အတွက် အမေ့စာ၊ အမ့စကားတွေကို အမှတ်တရအဖြစ် ဖော်ပြခြင်း ဖြစ်ပါတယ်။
အိုမင်းရင့်ရော်တော့ အမေ့မေ့အလျော့လျော့နဲ့ပါ
ရေးသူ- လူထုဒေါ်အမာ
အမေ့ကို တနေ့က လူငယ်တဦးက အမေဒီအသက်ဒီအရွယ်ထိအောင် စာတွေ ရေးသားနေတာကို ကျွန်တော်ဖြင့် အားကျလိုက်တာ။ ကျွန်တော်ဖြင့် အမေ့လို ရေးနိုင်ချင်လိုက်တာလို့ ပြောတော့ အမေက သူ့စကားကြောင့် ၀မ်းသာရမလိုလို စိတ်ကြီးဝင်ရမလိုလို ဖြစ်မိသေးတယ်။
ဒါပေမယ့် အမေက စာကို မနေနိုင်သေးလို့သာ ရေးနေတာပါ။ စာက လူချင်းတူတူ၊ သူချင်းမျှမျှ ထိုက်ထိုက်တန်တန် စာမျိုး မထွက်တော့ပါဘူး။ အမေက အသက်ကြီးလှပြီ ဟုတ်လား။ အဲဒီတော့ မေ့တာ လျော့တာတွေက သိတ်များလာပြီပေါ့။
အမေ ဒီဇင်ဘာလထဲတုန်းက သေကောင်ပေါင်းလဲဖြစ်လို့ ဆေးရုံတက်ခဲ့ရတဲ့အခ အမေ့အသက်ကို သေမင်းလက်က ၀ိုင်းလုရတယ်။ ဆရာဝန်ကြီးတွေကို အမေက ကျေးဇူးတင်စကား ရေးသားခဲ့တယ်။ အဲဒီအထဲမှာ အမေဆေးရုံပေါ်တုန်းက ချောင်းကလည်း ဆိုးနေလို့ ရင်ခေါင်းအထူးကု ဆရာဝန်ကြီး ဦးဝင်းနိုင်လည်း ကုပေးရရှာတယ်။ ဒါကို အမေက သူ့နာမည်မေ့ထားခဲ့မိလို့ အမေ့မှာ စိတ်မကောင်းလိုက်တာ။ အားနာလိုက်တာ။
သူက တခြားဆရာဝန်ဆိုရင်လည်း တော်သေးရဲ့။ ခုတော့ အိမ်ချင်းကပ်နေတဲ့ ဆရာဝန်ဖြစ်ပြီး၊ သူ့သားလေးနှစ်ယောက်က အမေတို့အိမ်ကို မိုးလင်းတာနဲ့ လာကစားကြတာ။ သူ့ဇနီးကဆိုရင် (မန္တလေးသူ၊ မန္တလေးသားများ) ဆိုတဲ့ အမေရေးသားတဲ့ စာအုပ်ထဲမှာပါတဲ့ မိုက်သူကြီးဦးမောင်ကြီးရဲ့ မြေးပါ။ ကိုယ်နဲ့ ဒီလောက်နီးစပ် ရင်းနှီးနေတာ ဖြစ်ပေမယ့် သူ့ကို မေ့ထားခဲ့တယ်လေ။
အဲဒီတော့ အမေပြောချင်တာကတော့ ငါ့သားတို့ သမီးတို့ လုပ်ချင်တာရှိရင် ငယ်ရွယ်တုန်းမှာ ပြီးမြောက်အောင် လုပ်ကြ။ အသက်ကြီးလာပြီဆိုရင် ၆၀ ကျော်လောက်က စပြီး ဇရာက ဖိစီးလာတယ်။ ငြင်းမရလောက်အောင် သိသာလာတာတွေက ဆံပင် စဖြူလာတယ်။ မျက်စိမှုန်လာတာတွေ ဖြစ်လာတယ် မဟုတ်လား။ နို့ပေမယ့် ကိုယ်က ဆံပင်လေးဆိုးလို့ မျက်မှန်လေးတပ်လို့ဇရာကို အံတုပါတယ်။ အဲဒီလို တုသာတုတယ် ဇရာကတော့ မှန်မှန်ကြီး ၀င်လာတာပါပဲ။
မျက်စိတို့ ဆံပင်တို့သာမက နားကပါ အကြားချို့တဲ့လာတယ်။ လူရဲ့ သတိ၊ အမှတ်အသားကလဲ နည်းနည်းချင်း လျော့ပါးပျက်စီးလာတယ်။ အဲဒီချို့ယွင်းချက်တွေဟာ ရပ်တယ်မရှိ၊ နားတယ်မရှိ ကိုယ့်ခန္ဓာကိုယ်ထဲ မှန်မှန်ကြီး ၀င်လာတာပါပဲ။
လူက လူအိုလူမင်း ဖြစ်လာတာနဲ့အမျှ လွှင့်မပစ်ရသေးတာကလွဲလို့ ဘာကမှ ဟုတ်တိပတ်တိ မကောင်းတော့ပါဘူး။ ဒါကြောင့် အမေက သားတို့ သမီးတို့ကို လုပ်စရာရှိတာ အရွယ်ကောင်းတုန်း အရွယ်ရှိတုန်း မအိုမင်းခင် လုပ်ကြဖို့ ပြောရတာပါ။
လူဆိုတာ စကားပီနားကြား လူတယောက်ရယ်လို့ ဖြစ်လာတယ်ဆိုရင် ပညာရှာတဲ့အရွယ်မှာ ပညာကို မရ အရရှာတယ်။ ပြီးတော့ ဒီလူ့လောကမှာ ငါကြီးလာရင် ငါဘာဖြစ်ချင်တယ်။ ငါဘာလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးရည်မှန်းချက် ရှိရမယ်။ အဲဒီအတိုင်းလည်း မဖြစ်မနေ ကြိုးစား လုပ်ရတယ်။
လုပ်တဲ့အခါမှာ အခက်အခဲတွေတော့ ရှိမှာပေါ့။ ဒါပေမယ့် ဒီအခက်အခဲတွေကို ရင်ဆိုင်ရတယ်။ ကျော်လွှားရတယ်။ တိုက်ပွဲဝင်ရတယ်။ ရှုံးတဲံအခါလဲ ရှုံးတယ်။ ကိုယ်က နိုင်တဲ့အခါလဲ နိုင်တယ်။ နိုပေမယ့် ဘ၀ဆိုတာ ဒါပဲ။ ကိုယ်သွားချင်တဲ့ဆီ ရောက်အောင် ဒီလို ဒရွတ်သီနဲ့ သွားရတာပါပဲ။
ဘ၀ဆိုတာ တိုက်ပွဲလို့ ကြီးတဲ့လူတွေက ပြောလေ့ရှိတယ်။ သိပ်ဟုတ်တာပေါ့။ အမေတို့များ အသက်က ကြီးလို့ ထင်ပါရဲ့။ တိုက်ပွဲပေါင်းလဲ မရေမတွက်နိုင်ခဲ့ဘူး။ ကိုယ်ရှုံးနိမ့်ခဲ့တာတွေလဲ အများကြီးမှ အများကြီးပါ။ အခုနေ ပြန်စဉ်းစားရင် မှတ်တမ်းတင်လို့တောင် ကုန်မယ်မထင်ဘူး။ အမေအ့ကို တချို့က ခေါင်းမာတယ်လို့ ဆိုတယ်။ ဟုတ်လေသလားလို့ မပြောတတ်ဘူး။ နို့ပေမယ့် ခေါင်းမမာရင် ဖတ်ကနဲ ဖတ်ကနဲ လန်ကျတဲ့အခါ ပြန်မထနိုင်ရင် လူတကာက နင်းချေသွားလို့ လူ့နင်းပြားဘ၀နဲ့ပဲ ရှိတော့မှာပေါ့။
ငါ့သားတို့ သမီးတို့ အမေ ပြောချင်တာက ဘ၀ကို ရင်ဆိုင်တဲ့အခါ အဲဒီ တိုက်ပွဲကိုလည်း မင်းတို့ တွေ့ကြ ကြုံကြမှာ အမှန်ပဲ။ တိုက်ပွဲမှာ ကိုယ်က ရှုံးရရင်၊ ရှုံးရလေခြင်း မအောက်မေ့ပါနဲ့။ ငါလိုလူတွေ အများကြီး ဒီလိုရှုံးရာက လူလဲထရတာပဲလို့ သိလိုက်ပါ။ ပြီးတော့ ဆက်လျှောက်ပါ။ အမေဖြင့် အသက်ရှည်လွန်းလို့ တိုက်ပွဲတွေက ပိုများသလား။ ငါက ခေါင်းမာလို့ပဲ ပိုခံရသလားလို့ အောက်မေ့မိပါရဲ့။ ဒါပေမယ့်လည်း အဲဒါလည်း မဟုတ်ပါဘူး။ အမေ့လောက် အသက်မကြီးပေမယ့် အမေ့ထက်ပိုများတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေရ၊ ကျော်လွှားနေရတဲ့လူတွေ အများကြီး ရှိတာပါ။ ဒါဟာ လူ့ဘ၀ပါပဲ။ ဒါ့ကြောင့် အမေက နောက်ဆုံးစကားအနေနဲ့ လုပ်စရာရှိတာတွေကို သတ္တိနဲ့ပဲ လုပ်ကြ။ ကိုယ်ကရှုံးရင်လဲ ပြန်ထကြ၊ ငယ်တုန်းရွယ်တုန်း ကိုယ့်မှာ အားမာန် အပြည့်ရှိတုန်း လူ့ဘ၀ရဲ့ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကြ၊ ကျော်လွှားကြပါ။ ဒါဟာ ဘာမှ မဆန်းပါဘူး။ လူတိုင်းလူတိုင်းဟာ တမျိုးမဟုတ်တမျိုး ကြုံတွေ့နေကြရတာချည်းပါပဲ။ အဲ.... အိုလာရင် လူစွမ်းလူစ ပိုပိုပြီး တုံးလာတယ်။ နောက်ဆုံးကျတော့ အားလုံးကို လက်မြှောက်လိုက်ရတဲ့ဘ၀ ရောက်လာလိမ့်မယ်။ ဒါ့ကြောင့် အချိန်အရွယ်ရှိတုန်း လုပ်စရာရှိတာတွေကို လုပ်ကြပေရော့လို့ အမေပြောလိုက်ပါရစေ။
ဒေါ်အမာ။
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နိုဝင်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]
Monday, November 1, 2010
ဂျူး - သူ မင်းကို ဘယ်တော့မှ.......
ရေးသူ- တင့်ခိုင်
(၁)
ဇာတ်ကြောင်းပြောလို၍ ၀တ္ထုရေးကြသူများသည် ဇာတ်လမ်းကို မဆန်းဆန်းအောင် ဖန်တီးကြသည်။ သဘာဝယုတ္တိ ခိုင်မာမှုကိုလည်း ဂရုမထားတော့။။ ဇာတ်လမ်းအသားပေး ၀တ္ထုများသည် စာရေးဆရာ၏ စိတ်ကူးဖြင့် ဖန်တီးတည်ဆောက်ထားသော ၀တ္ထုများသာ ဖြစ်၏။ ဂျူး၏၀တ္ထုများသည် ထိုကဲ့သို့ ၀တ္ထုမျိုးမဟုတ်။ ဂျူးသည် ဇာတ်ကြောင်းပြောလို၍ ၀တ္ထုရေးသူ မဟုတ်။ ၀တ္ထုရေးဆရာတဦးအနေဖြင့် သူပြောလိုသည်များကို စာဖတ်သူ ရင်ထဲသို့ အရောက်ပေးပို့လို၍သာ ၀တ္ထုရေးသူ ဖြစ်သည်။ သူ့ဇာတ်ကောင်များသည် ရှားပါးဇာတ်ကောင်များဖြစ်၏။ သူသည် ပညာတတ်လူတန်းစာကို အခြေပြု ရေးဖွဲ့သည်။ အထူးသဖြင့် ပညာတတ်မိန်းမတွေကို ဦးတည် ရေးဖွဲ့သည်။ ထိုစဉ်က ဂျူးသည် မိမိဝေဒနာကို ဖြန့်ခင်းပြသည်လောက်သာ ရည်ရွယ်ခဲ့ဟန် ရှိသည်။ သို့သော် ယခု ဂျူးသည် ဝေဒနာကို ဖြန့်ခင်းရုံမျှသာ မဟုတ်တော့။ ပရိသတ်ကို တစံတခု ပေးလို၍ စာရေးလာခြင်း ဖြစ်နေလေပြီ။ ဂျူးသည် ပစ်မှတ်ပြောင်းလာသည်။ "တိမ်နဲ့ချည်တဲ့ကြိုး" မှစပြီး နောက်ပိုင်းဝတ္ထုများတွင် ဂျူးသည် လူငယ်ကို ပစ်မှတ်အဖြစ် ချိန်ရွယ်လာသည်။
ဆရာခင်မောင်ဇော်နှင့် တွေ့ဆုံခန်းတခုတွင် ဂျူးက "တယောက်ယောက်က ပစ်ချထားတဲ့ ဘ၀ထဲမှာ အဲဒီ ပစ်ချထားချင်တဲ့သူ ဖြစ်စေချင်တဲ့ အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားတွေ မဖြစ်ချင်ဘူး။ အဲဒီဘ၀နဲ့ နေသားကျမသွားချင်ဘူး" ဟု ဖွင့်ပြောဖူးသည်။ အလွန်ကောင်းသော စကားလေး ဖြစ်သည်။ မျိုးဆက်သစ်တခု အဆင့်မီ ဖွံ့ဖြိုးရန်အတွက် မျိုးဆက်ဟောင်းတွေမှာ တာဝန်ရှိသည်ကို ဂျူးသိသည်။ သည့်အပြင် စာရေးဆရာများကို ဘယ်သူကမှ ပေးမထားသော တာဝန်တွေ ရှိသည်ကိုလည်း ဂျူးသဘောပေါက်သည်။ ထိုအခါ ဂျူးသည် အနာဂတ်ကို မျက်နှာမူလာတော့သည်။
ဟိုတုန်းက ထူးခြားသော ဇာတ်ကောင်များဖြင့် ဖွဲ့စည်းတည်ဆောက်လာခဲ့သော ဂျူးသည် ယခုတော့ သူ့ဝတ္ထုကို ဤလောက၌ ရှာစရာမလိုလောက်အောင် များပြားနေသော ဇာတ်ကောင်များဖြင့် ဖွဲ့စည်းလာသည်။
ယခုဝတ္ထုဖြစ်သော "သူမင်းကို ဘယ်တော့မှ..." သည် လူထဲမှ အဖြစ်အပျက်များ ဖြစ်သည်။ ဂျူးသည် သူ့ဝတ္ထုကို ပုံသဏ္ဍာန်အသစ်ဖြင့် တင်ပြထားသည်။ စကောလားရှစ်ရရှိရေးအတွက် အင်တာဗျူးဝင်ဖြေရာတွင် မေးခဲ့သော မေးခွန်း (၁၀)ခုကို အေးငြိမ်းမေက ဖြေဆိုရသည်။ ထိုဖြေဆိုချက် ဆယ်ခုကို ဂျူးသည် ပန်းသီသလို သီကုံးထားသည်။ ထိုပန်းကုံးကလေးသည်ပင် ယခုဝတ္ထုဖြစ်သည်။
(၂)
ပထမမေးခွန်းက "မင်းဘ၀မှာ အရေးအပါဆုံးလို့ မင်းထင်တဲ့ အချိုးအကွေ့တခု" ကို ပြောပြပါဟူသော မေးခွန်းဖြစ်သည်။
ဤမေးခွန်းကို ဖြေဆိုရာ၌ အေးငြိမ်းမေ ပြောပြခြင်းသည် သူ၏ငယ်ဘ၀ ဖြစ်သည်။ မိထွေးနှင့်နေရသော သူ့ဘ၀ ခြောက်တန်းအရောက်တွင် ပညာဆက်သင်ခွင့်မရတော့ဘဲ မြို့သို့တက်ကာ အိမ်ဖော်သွားလုပ်ရမည့် ဆဲဆဲတွင် သူတို့ ဘုန်းတော်ကြီး ပညာသင်ကျောင်းသို့ အလုပ်လှူရန် ရောက်လာသော ကိုထင်လင်းက အေးငြိမ်းမေကို စာဆက်သင်ရန် တာဝန်ယူလိုက်သည်။ မသွားချင်သော နေရာသို့ သွားရအံ့ဆဲဆဲတွင် ကယ်ဆယ်လိုက်သော ထင်လင်း၏ ကျေးဇူးကား တန်ဘိုးဖြတ်၍မရပေ။ ခုနှစ်တန်းအရောက်တွင် အေးငြိမ်းမေ၏ မိထွေးက အေးငြိမ်းမေ ကောက်စိုက်ပျိုးနှုတ်လုပ်၍ ရသော ၀င်ငွေ မ၀င်တော့သည်ကို မကျေမနပ် ပြုလုပ်လာ သဖြင့် ကျောင်းစရိတ်အပြင် ထိုဝင်ငွေကိုပါ ထင်လင်းက ထောက်ပံ့ခဲ့ရသည်။
"ကျွန်မကို ပညာလမ်းကြောင်းပေါ် ရောက်အောင် ဆွဲခေါ်ပြီး ဘ၀ တိုးတက်မြင့်မားအောင် ကူညီ စောင့်ရှောက် ပေးခဲ့သူဟာ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့တဲ့ သူစိမ်းတယောက် ဖြစ်နေခဲ့တယ်"။ "သူဟာ ကျွန်မရဲ့ အရေးအပါဆုံး အချိုးအကွေ့ကို အဆုံးအဖြတ်ပေးခဲ့တဲ့ လူစိမ်းတယောက်ပဲ" ။
မေးခွန်းနံပါတ်နှစ်က "ဘ၀မှာ မင်းကိုယ်တိုင်ဖြေရှင်းရပြီး အောင်မြင်ခဲ့တဲ့ အခက်အခဲပြဿနာတခု အကြောင်း" ကို ပြောပြပါဟူသော မေးခွန်းဖြစ်သည်။
ဖောင်းလင်းနှင့် စလင်းမြို့သည် ရှစ်မိုင်လောက်ဝေးသည်။ လေနီကြမ်းတိုက်နေသောနေ့။ လေနီကြမ်း တိုက်လျှင် မိုးကြိုးပစ်တတ်သည်မို့ ရွာအပြန်လမ်းမှာ မိုးကြိုးကိုကြောက်၍ အေးငြိမ်းမေသည် ပြောင်းခင်းတခုထဲသို့ ၀င်သွားမိသည်။ ထိုစဉ် "အမေကြီးရေ၊ အမေကြီးရေ" ဟူသော အူလှိုက်သည်းလှိုက် ကလေးငိုသံကို ကြားရသည်။ ကလေးထံမှ နားကပ်ကို ဖြုတ်ယူသွားပြီး ကလေးကို ထားခဲ့သည့်အဖြစ်ကို သိရ၍ ကလေးအား အိမ်သို့ ပြန်ပို့ရန် စီစဉ်နေစဉ် ကလေးပျောက်ရှာသော ဖခင်နှင့် ရွာသားများ ရောက်လာသည်။ ရွာသားများက နားကပ်ကို သူယူသည်ဟု ထင်ကာသူ့အားရိုက်ပုတ်ရန် တကဲကဲ ဖြစ်နေသည်။ ထိုပြဿနာကို တရားခံပေါ်သည်အထိ အေးငြိမ်းမေ ရှင်းလင်းသွားပုံကို ဂျူးက စီကာ စဉ်ကာ ရေးပြသည်။
"ကျွန်မ ဂုဏ်သိက္ခာကို သက်သေပြဖို့ မနားမနေ ကြိုးပမ်းခဲ့လို့ တရားခံကို မိသွားခဲ့ပြီလေ။ ကျွန်မ သူခိုးမဟုတ် ဆိုကာ ရဲတွေရော စလင်းမြို့နယ်တခုလုံးကိုရော သက်သေပြနိုင်လိုက်ပြီလေ။ ဒါပေမယ့် ကျွန်မ အောင်နိုင်လိုက်ပြီလို့ မခံစားရဘူး။ အဲဒီ အိမ်စုတ်ကလးထဲကနေ ပြန်လှည့်အထွက်မှာ ကျွန်မရဲ့ မျက်ရည်တစက် လွင့်စင်ကျသွားခဲ့တယ်"
အေးငြိမ်းမေ၏ စိတ်စရိုက်ကို ဂျူးက ထိုကဲ့သို့ ဖော်ပြသည်။
တတိယ မေးခွန်းက "မင်းအပေါ် သြဇာအလွှမ်းမိုးဆုံး စာအုပ်တအုပ်အကြောင်း" ကို ပြောပြပါဟူသော မေးခွန်းဖြစ်သည်။
အေးငြိမ်းမေ ဆယ်တန်းအောင်တော့ မြန်မာစာနှင့် အင်္ဂလိပ်စာ ဂုဏ်ထူးပါသည်။ ဘုန်းကြီးက မြန်မာစာ ဂုဏ်ထူးရသူများကို ဘုန်းကြီးကျောင်း၌ ဆုပေးပွဲကျင်းပသည်။ ထိုဆုပေးပွဲနေ့တွင် အင်္ဂလိပ်စာဂုဏ်ထူးရသဖြင့် ကိုထင်လင်းက သူ့အား သီးသန့်ဆုတဆုအဖြစ် Paul Collier ၏ The Bottom Billion (အောက်ခြေသန်း တထောင်) စာအုပ်ကို ပေးသည်။ ကိုယ့်ဒေသပတ်ဝန်းကျင် ဆင်းရဲနွမ်းပါးခြင်းကနေ ကင်းကွာဖို့၊ ကျန်းမာရေး အသိရှိဖို့၊ ဗဟုသုတနီးစပ်ဖို့၊ ဆောင်ရွက်ရမည့်လုပ်ငန်းတွေ စိတ်စေတနာတွေအတွက် ဒီစာအုပ်က အထောက်အကူ ဖြစ်ပါလိမ့်မည်ဟုဆိုကာ ပေးခြင်းဖြစ်သည်။ အင်တာဗျူးတွင် "မင်းဒီစာအုပ်ကို ဖတ်ပြီးပြီလား၊ ဘယ်အခန်းအကြိုက်ဆုံးလဲ ပြောပြပါ" ဟုဆို၍ အေးငြိမ်းမေက ရှင်းပြရသည်။
"အလွန်အမင်း ဆင်းရဲခြင်းဆိုတဲ့ သတ်မှတ်ချက်ကို သေသေချာချာမသိရသေးခင်မှာကိုဘဲ ကျွန်မတို့ အိမ်ဟာ အဲဒီအတန်းအစားထဲ ပါနေပြီ ဆိုတာ ရိပ်မိပါတယ်။ အလွန်အမင်းဆင်းရဲခြင်း၏ ပမာဏအတိုင်းအတာ စစ်တမ်းအောက်မှာ ကျောင်းနေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေသန့်ရှင်းမှု၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ် ရေး၊ အဟာရစတဲ့ အခြေခံလိုအပ်ချက်တွေ မရတဲ့ အိမ်တွေက ဘယ်အချိုးအဆ ရှိသလဲ။ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်း စတဲ့ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်တွေအရ အလွန်အမင်း ဆင်းရဲခြင်းဆီ တွန်းပို့ပေးခံရတဲ့ အိမ်ခြေတွေ ဘယ်လောက်ရှိသလဲ"
ဂျူးသည် ဤ၀တ္ထုကို ရေးရာတွင် ၀တ္ထု၏ အခန်းတခန်းနှင့် တခန်း ချိတ်ဆက်ယူရာ၌ အလွန်လှပ သေသပ်သည်။ အမှန်ဆိုရသော် မေးခွန်းများကို တခုချင်း ဖြေဆိုသွားသည့် အကြောင်းအရာများမှာ မတူညီပါ။ ထို မတူညီသော အကြောင်းအရာများကို ပဓါနဇာတ်ကောင် အေးငြိမ်းမေ၏ ဘ၀တခုဖြင့် ဖောက်သီရေးဖွဲ့ ပြနိုင်ခဲ့၏။ ထို့အပြင် ဂျူးသည် သူ့ဝတ္ထုထဲ၌ အလွန်လေးနက်ကျယ်ပျံ့သည့် အကြောင်းအချင်းအရာများကို ဆွေးနွေးတင်ပြ သော်လည်း အချို့ဝတ္ထုများကဲ့သို့ ဗဟုသုတကတလွှာ၊ ရသကတလွှာ ကွာဟနေသည်မျိုး မဟုတ်။ ၀တ္ထုထဲတွင်ပင် ထိုအကြောင်းအရာများသည် စိမ့်ဝင်ပျံ့နှံ့နေပါ၏။ ထို့ကြောင့် ဆရာ လူထုစိန်ဝင်းက "ဒီအကြောင်းအရာမျိုး ဆောင်းပါးတွေကို နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ရာချီရေးခဲ့ပါတယ်။ ဒါပေမယ့် အမှန်ပြောရရင် ဘယ်သူ့ ရင်ထဲမှာမှ စွဲမကျန်ရစ်ပါဘူး။ ဖတ်ပြီးမေ့ထားလိုက်ကြတာပါပဲ။ ဟောဒီ့ စာအုပ်ကတော့ တအုပ်တည်းနဲ့ စာဖတ်သူပေါင်းများစွာရဲ့ ရင်ထဲမှာ ကာလရှည်ကြာ စွဲမြဲနေရုံမျှမက ကျွန်တော်တို့ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြိုးစားပမ်းစားရေးခဲ့ရပေမယ့် အရာမရောက်လှတဲ့ "မျက်စိပွင့်၊ နားပွင့်" အောင်လုပ်ခဲ့တဲ့ ကိစ္စ ၀တ္ထုတပုဒ်တည်းနဲ့ ထိရောက်အောင်မြင်အောင် လုပ်ပေးနိုင်တယ်လေ" ဟု ပြောခဲ့သည်။
ဟုတ်ပါ၏။ ဂျူးသည် ဤ၀တ္ထုထဲတွင် လူငယ်များ၏ စိတ်ရနံ့လေးများကို ကျွန်တော်တို့ ရှူရှိုက်၍ ရလောက်အောင် ရေးဖွဲ့ပြနိုင်သည်ကိုက သူ၏ ၀တ္ထုအနုပညာဖြစ်သည်။ ပြီး မဖွံ့ဖြိုးမှု၏ အကြောင်းရင်းများ ကိုလည်း စောကြောထားပါ၏။
(၃)
မေးခွန်းနံပါတ်(၄)က "ဆင်းရဲခြင်းကြောင့် ဆိုးကျိုးတခုခုအကြောင်း" ပြောပြရန်ဖြစ်သည်။ ရိုးသားသော အကြော်သည် ကိုငွေတို့ လင်မယား အိမ်အပြန်တွင် ကားပေါ်က ပစ်ချလိုက်သော အထုပ်တထုပ်ကို စူးစမ်းရာမှ ဒဏ်ရာများနှင့် ခွေခေါက်လဲကျနေသော အမျိုးသမီးကို တွေ့လိုက်ရသည်။ စိုးရိမ်စိတ်ဖြင့် ပွေ့ချီခေါ်ယူပြီး ရွာလူကြီးကို အပ်ခဲ့သည်။ ကောင်မလေးအမည်က တင်တင်ဝင်း။ အသက် (၁၇)နှစ်။ ရွာက ပွဲကို မှီအောင်ပြန်ချင်သဖြင့် ကြုံရာကားနှင့် လိုက်ခဲ့ရာမှ ပွဲအမှီ ပြန်ရောက်ရမည့်အစား ယခုကဲ့သို့ ဖြစ်ရခြင်း ဖြစ်သည်။ တရားခံများကို ဖမ်းမိပြီး ထောင်ဒဏ် (၅၈)နှစ် ချလိုက်သည်။ သည်အဖြစ်အပျက်တွင် မိန်းကလေးသည် ပညာမတတ်လို့၊ ဆင်းရဲနွမ်းပါးလို့၊ ချင့်ချိန်တွေးခေါ်မှု မတတ်လို့၊ ဖြစ်ပျက်ရသည်ဟု သုံးသပ်ထားသည်။
ပထမ မေးခွန်းကမူ "မိန်းမတွေ ပညာတတ်စေချင်တဲ့အကြောင်း၊ မိန်းမတွေ ဆင်ခြင်ဥာဏ် ရှိစေချင်တဲ့ အကြောင်း" ဖြစ်သည်။ သည်ကဏ္ဍတွင် အေးငြိမ်းမေ တင်ပြသည့် သူ့သူငယ်ချင်း မနွေးခင် အကြောင်းသည် အလွန်စိတ်ဝင်စားစရာ ကောင်းသည်။ ချစ်သည်။ လက်ထပ်မည်ဟု ယုံကြည်အောင်ပြောပြီး မတရား ကာမကို ရယူကာ ကိုယ်ဝန်ရှိတော့မှ လက်ထပ်ရန် ငြင်းဆိုမှုဖြစ်သည်။ အမှန်တော့ ဂျူးသည် ၀တ္ထုတိုများကို ၀တ္ထုရှည်တပုဒ် ဖြစ်လာအောင် အဆက်အစပ်ရှိရှိ သီကုံးရေးဖွဲ့ထားခြင်း ဖြစ်သည်။ သည်ကိစ္စတွင် အေးငြိမ်းမေသည် မနွေးခင်ဘက်မှ ဦးဆောင် ပါဝင်ခဲ့သည်။ နောက်ဆုံးတရားရုံးတွင် ဦးတိုက်လျှောက်ခဲ့ရာမှ တရားခံဝင်းထိန်အား အလုပ်နှင့် ထောင်ဒဏ် သုံးလအပြစ်ပေးခဲ့သည်။ ဤအခန်းတွင် ဂျူးက ငွေကြေးနှင့် ဆွေဂုဏ်မျိုးဂုဏ်နှင့် အနိုင်ယူသော သူများကို အာခံခဲ့သောကလေးကို ရဲရဲရင့်ရင့် လူသိရှင်ကြားမွေးခဲ့သော မနွေးခင်ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပုံကို ရေးဖွဲ့ပြသည်။ အမှန်တရား၏ အောင်ပွဲခံပုံကိုလည်း ဂျူးက ပြသနိုင်ခဲ့ပါသည်။ မေးခွန်း နံပါတ်(၆) ကမူ အေးငြိမ်းမေ ဘ၀ဒဿန ဖြစ်သည်။
သုတနှင့် ကြာဖက်ခူးရန် လှေစီးစဉ် လှေမှောက်သဖြင့် အေးငြိမ်းမေကို တစုံတယောက်က ကူညီဆယ် ပေးသည်။ ထိုသူမှာ အေးငြိမ်းမေက သူခိုးအဖြစ် ဖော်ထုတ်ဖမ်းဆီးပေးခဲ့သော ဒေါ်ခင်ဆင့် ဖြစ်သည်။ လူတယောက်မှာ မကောင်းသော စိတ်ချည်း ရှိနေသည် မဟုတ်။ ကောင်းသောစိတ်လည်း ရှိတတ်ပါ၏။ ဒေါ်ခင်ဆင့် ကလေးနားကပ်ကို ဖြုတ်ယူခဲ့ရသော အကြောင်းကို တိတိကျကျ မဖော်ပြခဲ့သော်လည်း ဂျူးသည် ဒေါ်ခင်ဆင့်အိမ်၌ ရောဂါသည် မိခင်အိုကြီးကို ပြသခဲ့ပါ၏။ မိမိလုပ်အား တခုတည်းဖြင့် မလုံလောက်သောအခါ ဒေါ်ခင်ဆင့်ရော သူ့သမီး တိုးတိုးလေး ရရာအလုပ်ကို လုပ်ခဲ့ရပါသည်။ ဤသို့ လုပ်နေပါလျှက်နှင့် ရောဂါသည် မိခင်ကြီး အပါအ၀င် သူတို့သုံးယောက်၏ အမှန်တကယ် လိုအပ်ချက်များ မလုံလောက်ဟုဆိုပါလျှင် ဒေါ်ခင်ဆင့် ဘာလုပ်မည်နည်း။
မေးခွန်း (၇)က "မြန်မာလူမျိုးတွေရဲ့ နေ့စဉ် အပြုအမူ အပြောအဆိုတွေကို လွှမ်းမိုးထားတဲ့ စကားလုံးက ဘာလဲ" ဟူသော မေးခွန်းဖြစ်သည်။ ကံတရားကို ရိုးမယ်ဖွဲ့ ပြောကြသည့် မြန်မာ့ထုံးစံကို ရေးဖွဲ့ပြရာ၌ အေးငြိမ်းမေ၏ အသက်ကို ကယ်ခဲ့သည့် ဒေါ်ခင်ဆင့် မြွေကိုက်ခံရပြီး သူမနေရာ ဆရာဝန်ကြီးအိမ်သို့ ရောက်လာသည်။ အေးငြိမ်းမေရော၊ ဆရာဝန်ကြီးရော အထူးဂရုစိုက်ကုသရန် ကြိုးပမ်းကြသော်လည်း အရန် မြွေဆိပ်ဖြေဆေး မရှိသဖြင့် မင်းဘူးဆေးရုံသို့ ပို့ရသည်။ ကုသည်။ သို့သော် နောက်ကျနေပြီဖြစ်၍ ဒေါ်ခင်ဆင့်ဆုံးသည်။ ဒါသည် ကံတရားကြောင့်လား။ ဂျူးက "ဒေါ်ခင်ဆင့်ကို သတ်လိုက်တဲ့ သေမင်းက မြွေတကောင်လို့ ပြောမလား၊ ကံအကြောင်းတရားကြောင့် မြွေကိုက်ခံရတာလား၊ အကောင်အထည် မမြင်လိုက်ရတဲ့ မြွေဆိုတဲ့သေမင်းနောက်မှာ မမြင်ရတဲ့ နောက်ခံအခြေအနေတွေ ရှိသေးသလား။ မသိနားမလည်မှုလား၊ ဆင်းရဲနွမ်းပါးမှုလား၊ အဲဒီထက်ပြီး ပိုမမြင်သာတဲ့ လူသားရဲ့ အကျင့်ပျက်မှုလား၊ လောဘလား" ဟု စောဒက တက်သည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘာလဲ။ "ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး မင်းကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်ဖူးတဲ့ လုပ်ငန်းတခုအကြောင်း" ပြောပါဟူသော မေးခွန်း (၈)ကိုမူ ၀မ်းရောဂါဖြစ်သော ကျေးရွာစု ဆရာဝန်ကြီး လင်းထင်တို့နှင့် အတူသွားကာ အေးငြိမ်းမေ ဆောင်ရွက်သည်များကို ဖော်ပြသည်။ နံပါတ် (၉)ကမူ "မင်းကို အဖွဲ့အစည်းတခုခုက တယောက်ယောက်က ဒေါ်လာ နှစ်သိန်းပေးလိုက်မယ် ဆိုပါစို့၊ မင်းနိုင်ငံအတွက် မင်းဒီငွေကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်မှာ သုံးတော့ဆိုရင် မင်းဘယ်နေရာမှာ အသုံးချမလဲ၊ ဘယ်လို အသုံးချမလဲ" ဟူသော မေးခွန်းဖြစ်သည်။
ဤအခန်းသည် ၀တ္ထု၏ အဓိကကျသော အခန်းဖြစ်သည်။ ဂျူးသည် ၀တ္ထု၏ အစပိုင်း ကတည်းကပင် စာဖတ်သူကို ဒေါ်ခင်ဆင့်နှင့် မိတ်ဆက်ပေးခဲ့သည်။ ဒေါ်ခင်ဆင့်သည် ကလေးနားကပ်ကို ခိုးယူခဲ့သူ ဖြစ်သည်။ ထိုဒေါ်ခင်ဆင့်သည်ပင် ရေနစ်သူ အေးငြိမ်းမေကို အသက်ကယ်ခဲ့သူ ဖြစ်သည်။ ဒေါ်ခင်ဆင့်သည် မြွေကိုက်ပြီး သေဆုံးခဲ့သည်။ ၀တ္ထု၏ အခန်းတော်တော်များများတွင် ဒေါ်ခင်ဆင့်သည် ဇာတ်ပို့ဇာတ်ကောင်အဖြစ် ၀တ္ထုကို ရက်ဖောက်ပေးခဲ့သည်။ ယခု ဒေါ်ခင်ဆင့်၌ တဦးတည်း ကျန်ခဲ့သော အသက် (၁၂)အရွယ် တိုးတိုးကို အေးငြိမ်းမေသည် ရန်ကုန်လှည်းတန်း လမ်းမတွင် ကားဖြတ်ကူးရာမှ လဲကျသွားသော ကလေးတဦးအဖြစ် ပြန်လည်တွေ့ဆုံသည်။
ဤ၀တ္ထုတွင် အချို့အခန်းများသည် စာရေးဆရာ၏ လုပ်ကြံဖန်တီးမှုများ ဖြစ်နေသော်လည်း ထိုအဖြစ်အပျက်များကို ရေးသားရာ၌ ဂျူးသည် အလွန်ပါးနပ်သည်။ ဖြစ်နိုင်ဘွယ်အခြေများကို တင်ပြရေးဖွဲသည်။
ဤအခန်းသည် ၀တ္ထုဆန်သည်။ တိုးတိုးနှင့် အေးငြိမ်းမေ၏ သံယောဇဉ်ကို ဖွဲ့သည်။ တိုးတိုး နေမကောင်း၍ သူခိုလှုံရာ နေရာသို့ သွားရောက်ပြီး ဖျားနေသော တိုးတိုးကို ဆေးခန်းပြသည်။ ဆေးခန်းက တိုးတိုးကို ကလေးဆေးရုံသို့ တင်ခိုင်းသည်။ ဆေးရုံတင်သည်။ ဆေးကုသရာ၌ ဆေးဝါးစရိတ် လိုလာပြန်သည်။ သူ့တွင် ရှိသောငွေကို တိုးတိုးအတွက် ဆေးဝယ်ရန် သွားအယူ ငွေအားလုံးကို အခန်းဖော်က ယူပြီး ထွက်ပြေးသွားခဲ့သည်။ အေးငြိမ်းမေသည် ဓါတ်ပုံဆိုင်တဆိုင်တွင် လုပ်ရာ၌ ဆိုင်ရှင်၏ မောက်မာမှု၊ အနိုင်ကျင့်မှုကို အာခံပြီး ထွက်လာခဲ့ရာ လုပ်ခ နှစ်သောင်းကျော် ကျန်ခဲ့သည်။ နောက်ဆုံး အကြံမရဖြစ်ကာ ထိုငွေကို ပိုင်ရှင်မရှိခိုက် ငွေကိုင်ထံမှ မရအရ ယူပြီး ဆေးရုံသို့ ပြန်လာလျက် တိုးတိုးကို ဆေးကုသည်။ ဤအခန်း၌ ဂျူးပြသော အေးငြိမ်းမေသည် သူရဲကောင်း ဆန်နေသည်။ ရရာအလုပ်ကို လိုက်ရှာရင်း AIDS မိဘမဲ့ကလေးများ စောင့်ရှာက်ရေးလုပ်ငန်းများတွင် သန့်ရှင်းရေးဝန်ထမ်း ရာထူးကို ရသည်။ အင်္ဂလိပ်စာ အဓိကနှင့် ဘွဲ့ရထားသူတဦးကို သန့်ရှင်းရေးဝန်ထမ်း ခန့်အပ်ခြင်းကလည်း ပြောစရာဖြစ်သည်။ ထိုအလုပ်၌ လုပ်နေစဉ် မနွေးခင်အမှုနှင့် ပတ်သက်ပြီး သိကျွမ်းရင်းနှီးခဲ့ရသော မမမြတ်ကို ပြန်တွေ့သည်။ မမမြတ်ကို သူ့အကိုကြီး ထင်လင်း၏ ချစ်သူဟု ယူဆထားခဲ့ပါသော်လည်း ယခု သူရှိရာ ဂေဟာသို့ ရောက်လာသောအခါ အခြားတယောက်နှင့် ရင်းနှီးစွာ ဆက်ဆံနေကြောင်း မြင်တွေ့ရသည်။ အေးငြိမ်းမေသည် တိုးတိုးကို ဆေးကုပြီး မိဘမဲ့ဂေဟာ၌ ထားနိုင်ခဲ့သည်။ ဒေါ်လာနှစ်သိန်းကို အေးငြိမ်းမေ မည်သို့သုံးစွဲပါမည်နည်း။ ဂျူးက ကလေးမွေးပြီး ဆေးရုံတွင် ပစ်ထားခဲ့ခြင်း၊ ဆေးရုံရောက်နောက်ကျ၍၊ ဂရုမစိုက်နိုင်ကြ၍၊ မိခင်မဲ့ရခြင်းကို ပြသည်။ အနာဂတ်ကို တည်ဆောက်ကြမည့် ကလေးတွေ လေလွင့် ဆုံးပါးနေရခြင်းအပေါ် ခံစားနေရပုံပေါ်သည်။ ထို့ကြောင့်ပင် ထိုမေးခွန်း၏ အဖြေနှင့် ပတ်သက်၍ တိုးတိုးနှင့် ဆေးရုံပေါ်မှ ကလေးများကို စာဖတ်သူများ မြင်သာ ထင်သာ ရှိအောင် ရေးဖွဲ့ပြသည်။
နောက်ဆုံးမေးခွန်းက "ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ၊ ယုံကြည်မှုတည်ဆောက်ခြင်း ဆိုတာက ဘာလဲ" ဖြစ်သည်။ ဤမေးခွန်းသည် ခေတ်အမီဆုံး ဖြစ်သည်။ ဤအခန်းသည် ခေတ်အမီဆုံး ဖြစ်သည်။ ဤအခန်းသည် ၀တ္ထု၏ နိဂုံးဖြစ်သည်။ ဂျူးသည် ၀တ္ထုတွင် သူထုတ်ခဲ့သော အစ, များကို ပြန်လည်ချည်နှောင်သည်။ သူ့ ၀တ္ထုအနုပညာဖြင့် ၀တ္ထုကို လှလှပပ ဖွဲ့သီပြသည်။ ဤသို့ နိဂုံးပြုဖွဲ့သီခြင်းပင်လျှင် သူဖြေဆိုရမည့် အဖြေလည်း ဖြစ်သည်။ ထင်လင်းနှင့် မမမြတ်၊ သုတနှင့်အေးငြိမ်းမေ ချစ်သူစုံတွဲနှစ်တွဲ၏ အချစ်ခရီးတွင် ယုံကြည်မှုကို မတည်ဆောက်နိုင်ခဲ့ကြ။ မမမြတ်သည်လည်းကောင်း၊ သုတသည်လည်းကောင်း ထင်လင်းနှင့် အေးငြိမ်းမေတို့၏ အချစ်၊ သံယောဇဉ်အပေါ် မယုံကြည်ရဲကြ။ သံသယများဖြင့် စောင့်ကြည့် နေကြသည်။ ထင်လင်း ခြံတခြံထဲ ဓာတ်ပုံဝင်ရိုက်နေစဉ် သုတက ထင်လင်းကို ၀င်ထိုးသည်။ ပြီး လည်ပင်းကို ညှစ်သတ်နေစဉ် အေးငြိမ်းမေက ဆွဲဖယ်၍ မရသည့်အဆုံး အကိုကြီး ထင်လင်း သေမည်စိုး၍ သုတကို ဟန့်တားရာမှ သုတ ဒဏ်ရာပြင်းထန်စွာ ရသည်။ အမှုဖြစ်၊ တရားရုံးအရောက်တွင် သုတခေါင်းကို အုတ်ကျိုးဖြင့် ထုသူမှာ ထင်လင်းက သူမဟုတ်ဟု ဆိုသည်။ သုတကလည်း သူမမြင်၊ သူမသိဟု ဆိုသည်။ သုတရော၊ ထင်လင်းရော အေးငြိမ်းမေကို ဖော်ထုတ်မပြောခဲ့ကြ။ ဒါကိုသိသော မမမြတ်က အမှန်ကို မဖော်ထုတ်ဘဲ ဖုံးကွယ်ခြင်းကြောင့် ထင်လင်းကို မယုံကြည်ရသူဟု ယူဆပြီး လမ်းခွဲခဲ့သည်။
သူ့ နိဂုံးကလေးက လှသည်။ အင်တာဗျူးဖြေပြီး သူ၏ မူလအ၀တ်အစားကို လဲလှယ်ရန် အခန်းထဲသို့ ၀င်သွားရာ ထင်လင်းလက်ရေးဖြင့် ရေးပြီးထားခဲ့သော အထုပ်တထုပ်ကို တွေ့သည်။ အင်္ကျီတထည်၊ အင်္ကျီကြားမှ ထွက်ကျလာသော စာတစောင်၊ ဖတ်ကြည့်သောအခါ ဒေါ်မြတ်ကောင်း (မမမြတ်)ဆီ အေးငြိမ်းမေက ပေးခဲ့သောစာ၊ အဖြစ်မှန်ကို ရှင်းလင်းပြထားသောစာ၊ ပါးမှာ သွေးစွန်းနေခဲ့စဉ် ထိုပါးပြင်ကို ဆွဲယူနမ်းမိခဲ့သည့် အေးငြိမ်းမေ၊ ဒါကို အေးငြိမ်းမေက "မမမြတ်ယုံပါ၊ ကိုကြီးအပေါ် ညစ်ပတ်တဲ့အတွေးနဲ့ ဖက်နမ်းမိတာ မဟုတ်ဘူး၊ ကိုကြီရဲ့ သွေးပေကျံနေတဲ့ ပါးပြင်ကို ကျွန်တော့် ပါးပြင်နဲ့ ထိကပ်ချင်တယ်၊ ကိုကြီးခံစားရတဲ့ ဝေဒနာကို ကျွန်တော် မျှယူချင်တယ်။ ကိုကြီးအတွက် နွေးထွေးတဲ့ ကုသမှု ပေးချင်လို့။ ဒါပေမဲ့ ကိုကြီးကတော့ သူ့ကို ပါးချင်းကပ် နမ်းလိုက်တဲ့ ကျွန်တော့်ကို အလန့်တကြား လက်ပြန်ရိုက်ထည့်လိုက်တယ်။ သုတ ထိုးကြိတ်နေတုန်းက ပြန်ထိုးဖို့ သတိမရတဲ့ ကိုကြီးက ကျွန်တော့်ကိုတော့ လက်ပြန်ရိုက်တယ်"
ဂျူးသည် ထင်လင်း၏ စရိုက်၊ ထင်လင်း၏ သမာဓိကို ပုံဖော်ရာ၌ အလွန်သတိကြီးသည်၊ သူ့ဇာတ်ကောင် ထင်လင်း ၏ စာရိတ္တကို မှဲ့တပေါက်ပင် အစွန်းအထင်း မခံခဲ့ပါ။ ထင်လင်းသည် ဤ၀တ္ထု၌ လူငယ်များ အတုယူ အားကျဖွယ်ရာ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်သည်။
ဝတ္ထု၏ အဖွင့်သည် စကောလားရှစ်အတွက် အင်တာဗျူးဖြေရန်အလာတွင် အေးငြိမ်းမေ ကားမှောက်ခန်း ဖြစ်သည်။ ကားမှောက်သဖြင့် ဒဏ်ရာရ၊ အင်္ကျီ၊ ထမီတွင် သွေးကွက်တွေစွန်း၊ အင်တာဗျူးဝင်ရန် နောက်ကျ စသဖြင့် တသီတတန်းကြီး ပြဿနာ ပေါ်လာခဲ့သည်။ ထိုပြဿနာကို ဧည့်ကြို အမျိုးသမီးက သူ့အ၀တ်အစားကို ပေးပြီး လဲခိုင်းသည်။ ဆေးကုပေးသည်။ အနားယူ အိပ်ခိုင်းသည်။ ပြီးမှ အင်တာဗျူး ၀င်ဖြေရသည်။
ဂျူးသည် သတိရှိ၏။ အလှည့်ကျော်သွားသော အေးငြိမ်းမေကို နောက်ဆုံးမှ ၀င်ဖြေခိုင်းခဲ့သည်။ သို့မှသာ ၀တ္ထုတပုဒ်စာ ဖြေဆိုချက်များကို ဖြေဆိုရမည်။ အင်တာဗျူးဖြေပြီး ပြန်ထွက်လာသော အေးငြိမ်းမေသည် အ၀တ်ပြန်လဲပြီး ပြန်ထွက်အလာတွင် သူ့အတွက် ကုန်ကျစရိတ်ကို ထင်လင်းပေးခဲ့သည်ဟု သိရပြန်သည်။ ထင်လင်းသည် ဤဟိုတယ်သို့ မင်္ဂလာပွဲအတွက် ရက်လာယူသည်ဟု ဆိုသည်။ ဘယ်သူနှင့် လက်ထပ်ပါ မည်နည်း။ စာဖတ်သူ တွေးနေရစဉ် ဟိုတယ်မှ အထွက်တွင် အေးငြိမ်းမေ ခြေချော်ကျသည်။ လက်တွဲထူသူက သူ့ကျေးဇူးရှင် ကိုကြီးထင်လင်း၊ "လာလာ အတော်ပဲ၊ ဟိုရှေ့မှာ ညည်း မမရောက်လာပြီ"။ ကြည့်လိုက်တော့ မမမြတ် ရပ်နေသည်။
(၄)
ဂျူး၏ ၀တ္ထုသည် တကယ့်ဘ၀ထဲမှ အဖြစ်အပျက်များကို ရယူသည် ဆိုရသော်လည်းကောင်း၊ ထိုအဖြစ်အပျက်များကို ဂျူးသည် စိတ်ကူးဖြင့် အကွက်ဖော် တည်ဆောက်ထားသည်။ ဂျူးတွင် ၀တ္ထုအတတ်ပညာ ရှိသည်။ ထို့ကြောင့်လည်း တစစီ ပြန့်ကျဲနေသော အဖြစ်အပျက်များကို သူ့အတတ်ပညာဖြင့် ကျွမ်းကျင်လိမ္မာစွာ စုစည်းပြီး ၀တ္ထုကို လှလှပပ နိဂုံးချုပ်ထားသည်။
ဂျူး၏ "သူမင်းကို ဘယ်တော့မှ..." သည် တကြိမ်ဖတ်ပြီး နောက်တကြိမ်ပြန်ဖတ်ရမည့် ၀တ္ထုမျိုး ဖြစ်သည်။ ဂျူးသည် ခေတ်ကို သူ့ဝတ္ထုထဲ၌ သိုသိုသိပ်သိပ် ထည့်သွင်းဖော်ပြနိုင်ပါသည်။
ဤ၀တ္ထုသည် အေးငြိမ်းမေ၏ ဘ၀ဇာတ်ကြောင်းဟု ပြောနိုင်သော်လည်း ဂျူးစံပြု ရေးသားထားသော ဇာတ်ကောင်မှာ ထင်လင်းဖြစ်သည်။ စာဖတ်သူသည် ထင်လင်းကို အတုယူအားကျလာစေရန် ဂျူးက ကြိုးပမ်းသည်။ ဒါသည်ပင် ၀တ္ထု၏ ရည်ရွယ်ချက်ဖြစ်သည်။
ထင်လင်းသည် မိဘမဲ့။ မိဘမဲ့ဆိုသော်လည်း အရှုံးပေးသူမဟုတ်။ ဒဿနိက ဘွဲ့အပြင် စင်ကာပူမှ ပြည်သူ့ရေးရာ မူဝါဒနှင့် ဘွဲ့လွန် ယူထားသေးသည်။ ထင်လင်းအလုပ်က ကျေးလက်တောရွာမှ ကလေးများ ဥာဏ်ရည်ဖွံ့ဖြိုးဖို့၊ ဘ၀ရှင်သန်ဖို့အတွက် ဖြည့်ဆည်းပေးရန်ဖြစ်သည်။ သည်လိုလူတယောက်ကို အားကျလာ စေရန် ရေးဖွဲ့ရာ၌ ဂျူးသည် ထင်လင်းကို ၀တ္ထု၏ မျက်နှာစာမထား၊ အရေးကြီးသောအခန်းကို ရောက်မှ ထင်လင်းပေါ်လာသည်။ ဤ၀တ္ထုသည် အတတ်ပညာဖြင့် စနစ်တကျ အကွက်ကျ ရေးသားထားသော ၀တ္ထုတပုဒ် ဖြစ်သည်။
ဆိုရသော် "သူမင်းကို ဘယ်တော့မှ..." ၀တ္ထုတွင် ဂျူးသည် လူ့အဖွဲ့အစည်းတခု၏ အရိပ်မဲများကို စာဖတ်သူ ပြတ်ပြတ်ထင်ထင် သိမြင်လာစေရန် သူ့အနုပညာဖြင့် ရေးဖွဲ့ ပြနိုင်ခဲ့ပါ၏။ သည်မျှမက တခြားဝတ္ထုများထက် ထူးခြားနေသည်မှာထိုပြဿနာများမှ လွတ်မြောက်ရာ လမ်းကြောင်းကိုပါ သူ့ဝတ္ထုထဲ၌ ညွှန်ပြနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဖတ်စရာ ၀တ္ထုများရှာပါးချိန်တွင် သည်လို ၀တ္ထုမျိုး ထွက်လာသည်ကိုက ၀တ္ထုချစ်သူများအတွက် အားတက်စရာ ဖြစ်ပါ၏။
တင့်ခိုင်
[ချယ်ရီမဂ္ဂဇင်း၊ အတွဲ၁၊ အမှတ် ၁၆၀၊ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလထုတ်မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။]
Subscribe to:
Posts (Atom)