-->

Wednesday, December 9, 2009

လေလွင့်သူရဲ့တိမ်
ရေးသူ- ဂျူး

[မာယာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈၊ အတွဲ ၃၊ အမှတ် ၁ မှာ ဖော်ပြခဲ့တဲ့ ကဗျာကို အင်တာနက်ပေါ်တင်ခြင်း ဖြစ်ပါတယ်။]


မုန်းတီးမှုများ
နေ့စဉ် စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။



နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းလုပြီ။

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရား တ,ရင်း စိန်ခေါ်ခဲ့ရပြီ။

ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘ၀ဆိုတာ ကောလဟလပါပဲ။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ
ငါ ......
လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ်။

ဒါပေမယ့်
ဘာတွေမှ တွေးမနေနဲ့
တိမ်တွေရဲ့ ကိစ္စ
ရာသီတွေရဲ့ ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
ဣနြေ္ဒကြီးတဲ့ ကောင်းကင်လို နေလိုက်ပေါ့။ ။

ဂျူး။

အပြည့်အစုံ..သို့ ...>>>

ကျမတော်တော်ညံ့ခဲ့ပါတယ်
ဟောပြောသူ- ဂျူး


ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေ၀ါသနာရှင်များ၊ ကျောင်းသူကျောင်းသား များကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (သြဘာသံများ)


ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က 'ကျမ တော်တော်ညံ့ခဲ့ပါတယ်' ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့သြချင် အံ့သြမိမယ်။ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ ခင်ဗျားတို့တွေဆီက တော်တာတွေများ ကြားရမလား၊ အဲဒီမျှော်လင့်ချက်ကလေးနဲ့ လာပြီးနားထောင်တာ၊ ညံ့တာတွေတော့ ငါတို့ မကြားချင်ဘူး၊ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ကျမကလဲ ကျမ သိတ်တော်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျမဟာ ဘ၀မှာ တခါမှ မတော်ခဲ့ဘူးသေးပါဘူး။ (အော်ဟစ်သံများ) ဒီတော့ ကျမ ပြန်ကြည့်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ညံ့နေတာပဲတွေ့တော့ ကျမရဲ့ ပရိသတ်ရှေ့မှာ ကျမညံ့တဲ့အကြောင်းကိုပဲ ၀န်ခံတာဟာ ရိုးသားမှု အရှိဆုံး ဖြစ်လိမ့်မယ်လို့ ကျမ တွေးပါတယ်။ အဲ့ဒါကြောင့် အခုလို စင်မြင့်ပေါ် တက်လာပြီး တော့ ကျမညံ့တဲ့အကြောင်းတွေ ပြောရတာ ကျမ အများကြီး ၀မ်းလဲနည်းမိပါတယ်။ (လက်ခုပ်သံများ) ဒါပေမယ့် မတတ်နိုင်ပါဘူး၊ ကျမ ညံ့တဲ့အကြောင်းကတော့ ပြောရမှာပဲ။
ကျမကတော့ ညံ့တဲ့အကြောင်းတခုပဲ ပြောစရာ ရှိလို့ပါ။ ဒီတော့ အဲဒီလို စိတ်ပျက်နေတဲ့သူ၊ ဒေါသထွက် နေတဲ့ သူတွေအတွက် ကျမ အကြံကောင်းလေးတခုတော့ ပေးနိုင်ပါတယ်။ တော်တာတွေကို မြင်ချင် ကြားချင်ရင်တော့ စာပေဟောပြောပွဲကို လာစရာမလိုပါဘူး။ တော်တာတွေကို မြင်ချင်ကြားချင် ဂုဏ်ယူချင်တယ် ဆိုရင် မြန်မာ့ရုပ်မြင်သံကြားကို ကြည့်ကြပါ။ (အော်ဟစ် လက်ခုပ်သံများ) အခုအချိန်က စပြီးတော့ 'ဂျူး' ရဲ့ ညံ့ဖျင်းမှုတွေကို ၀န်ခံပါတော့မယ်ရှင်။
ကျမဟာ အများသိကြတဲ့အတိုင်း ဆရာဝန် စာရေးဆရာ ဖြစ်ပါတယ်။ (အော်ဟစ်သံများ) ကြွားတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ဆရာဝန်အလုပ်လဲ တပြိုင်နက်လုပ်တယ်။ စာရေးတဲ့အလုပ် လဲ တပြိုင်နက်လုပ်တယ် ဆိုတော့ ဘယ်အလုပ်မှာများ ကျမ ညံ့ပါသလဲလို့ မေးခဲ့ရင် ကျမ ဖြေချင်လို့ပါ။ ကျမဟာ အလုပ်နှစ်မျိုးစလုံးမှာ ညံ့ဖျင်းပါတယ်။ အဲ့ဒီတော့ ကျမ ညံ့ခဲ့တဲ့အကြောင်းတွေကို ပြောပြပါမယ်။ ကျမဟာ ငယ်ငယ်ကလေးကတည်းက ညံ့ပါတယ်။ ကျမ ငယ်ငယ်တုန်းက မြန်မာနိုင်ငံအကြောင်း ပထ၀ီဝင်ဘာသာမှာ သင်ရသော်လဲ မြန်မာနိုင်ငံရဲ့ စီးပွါးရေးအမြင် ဘာမှ မရှိခဲ့ပါဘူး။ (လက်ခုပ်သံများ) ကျမ တတိယတန်းအရွယ် လောက်မှာ မြန်မာ့ ပထ၀ီဝင်ဘာာသာကို သင်ရပါတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံရဲ့ သံယံဇာတတွေအကြောင်း စာသင်ရပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတ အလွန်ပေါများကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆန်စပါးတွေ ထွက်တယ်။ ကျွန်းသစ်တွေ ထွက်တယ်။ ရေနံတွေလဲ ထွက်ပါတယ်။ ရေနံထွက်တာလဲ ကျမ မျက်မြင်ကိုယ်တွေ့ ပါပဲ။ ကျမက ရေနံချောင်းသူ ဖြစ်ပါတယ်။
ရေနံချောင်းသူဆိုတော့ ကျမတို့ ရေနံမြေကနေ ဖြတ်သွားတဲ့အခါမှာ ရေနံတူးစင်ကြီးနဲ့ ရေနံတူးနေတာ တွေ၊ တူးပြီးသား ရေနံတွင်းတွေကနေ ပိုက်လုံးတွေနဲ့ မောင်းတံတွေနဲ့ စုပ်ယူပြီးတော့ ရေနံလှောင်ကန်ထဲ ထည့်နေတာတွေ ကျမ မျက်မြင်ကိုယ်တွေပါပဲ။ အဲ့ဒီ ရေနံလှောင်ကန်တွေထဲက များပြားလှတဲ့ ရေနံတွေ ဘယ်ရောက်သွားလဲဆိုတာတော့ ကျမက မမြင်ရဘူးပေါ့။ (လက်ခုပ်သံများ) ကျမ မြင်ရတာက ရေနံလှောင်ကန်ပဲ မြင်ရတာကိုး။ အဲ့ဒီတော့ အဲ့ဒါ ရေနံနဲ့ ပါတ်သက်တဲ့ အပိုင်းပါ။ နောက်ထပ် သံယံဇာတတွေ အများကြီး ထွက်တယ်လို့ သိရပါတယ်။ ဥပမာ တွင်းထွက်ပစ္စည်းတွေ၊ ကျောက်မီးသွေးလဲ ထွက်ပါတယ်။ ပတ္တမြား၊ နီလာ၊ ရွှေ၊ ရွှေကြောကြီးတွေလဲ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ ဒီတော့ ဒီ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေ အပြင် ကျောက်မီးသွေး၊ ခဲမဖြူတို့၊ အဖြိုက်နက်တို့ မြန်မာနိုင်ငံမှာ မထွက်တဲ့ တွင်းထွက်ဆိုတာ မရှိသလောက် အများကြီး ထွက်ခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာ့ပိုင်နက် ပင်လယ်ရေပြင်ဆိုတာ အများကြီး ရှိပါတယ်။ ပင်လယ်ပြင်ကထွက်တဲ့ ငါးပုစွန်တွေဟာ မြန်မာပြည်သူလူထု စားသုံးလို့တောင် မကုန်တဲ့အတွက် စည်သွတ်ဗူး တွေနဲ့ ဒါမှမဟုတ် ရေခဲရိုက်ပြီးတော့ နိုင်ငံခြားကိုတောင် တင်ပို့ရောင်းချလို့ ရပါတယ်တဲ့။ ဒီတော့ တတိယတန်း ကျောင်းသူ ကျမဟာ ကျမနိုင်ငံကို ကျမ တော်တော် ဂုဏ်ယူခဲ့ပါတယ်။ (လက်ခုပ်သံများ) သယံဇာတတွေ သိပ်များတာပဲပေါ့။ ဒါပေမယ့် တနေ့ကျတော့ ကျမက ကျောင်းစာအပြင် တခြားပြင်ပမဂ္ဂဇင်းတခုကို သွားဖတ်မိပါတယ်။ သွားဖတ်တော့ အဲဒီအချိန်မှာ ကျမ စာတော့ ဟုတ်တိပတ်တိ မဖတ်ဖူးသေးပါဘူး။ ဒါပေမယ့် ဆောင်းပါးတို့ ပုံပြင်တို့ဆိုရင် တကြောင်းစ နှစ်ကြောင်းစ ဖတ်တတ်နေပါပြီ။ အဲ့ဒီမှာ ကံဆိုးစွာနဲ့ စာကြောင်းလေးတကြောင်း သွားတွေ့ပါတယ်။ အဲ့ဒီ စာကြောင်းလေးကို ကျမ အခုထိ မမေ့နိုင်သေးပါဘူး။ 'မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တတိယမြောက် လိုက်ပါသည်တဲ့'။ (အော်ဟစ်သံများ၊ လက်ခုပ်သံများ) အဲ့ဒီတော့ ကျမက ပထ၀ီ သင်ခါစ တတိယတန်းကျောင်းသူ အမြင်နဲ့ဆိုတော့ ကျမ ဒီလိုပဲ မြင်တာပေါ့။ တကယ်တမ်းတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ သယံဇာတ ထွက်ရုံနဲ့တင် မလုံလောက်ပါဘူး။ (လက်ခုပ်သံများ) ဒါ ကျမရဲ့ အပြောမဟုတ် ပါဘူး။ ကမ္ဘာ့စီးပွါးရေး ပညာရှင်တွေပြောတဲ့ အပြောပါ။ သူတို့က ဘယ်လိုပြောသလဲဆိုတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ အချက်ကြီး (၄)ချက် လိုပါတယ်တဲ့။ သယံဇာတ၊ သဘာဝသယံဇာတ (Natural Resource) လို့ခေါ်တဲ့ သဘာဝသယံဇာတတွေ ပေါများဖို့တဲ့။ နံပါတ် (၂)ကတော့ အစဉ်အဆက်က ကြီးပွါးခဲ့တဲ့၊ အစဉ်အဆက်က ရှိခဲ့တဲ့ အရင်းအနှီး၊ နံပါတ် (၃) က Technology လို့ခေါ်တဲ့ နည်းပညာအသစ်အဆန်းတွေ၊ နံပါတ် (၄) ကတော့ အဲ့ဒီနည်းပညာကို ကျွမ်းကျင်သူတွေ၊ အဲဒီ လေးမျိုးလုံး ရှိတဲ့ နိုင်ငံဟာ (သို့မဟုတ်) လေးမျိုးမှာ သုံးမျိုးလောက် ရှိတဲ့နိုင်ငံဟာ အဲ့ဒီ နိုင်ငံဟာ ချမ်းသာပါတယ်တဲ့။ အဲ့ဒီတော့ ကျမတို့ မြန်မာနိုင်ငံက (၁) သယံဇာတတွေတော့ ပေါများကြွယ်ဝပါတယ်။ နောက် နံပါတ် (၂) (၃) (၄) ရှိ မရှိတော့ ကျမ မသိပါဘူး။ (လက်ခုပ်သံများ) အဲ့ဒီတော့ ကျမ ညံ့တဲ့အကြောင်းက အဲ့ဒီက စ ပါတယ်။ နောက်ထပ် ကျမ ညံ့တဲ့အကြောင်းကို ပြောရရင်တော့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျမ ညံ့တာပါ။ နိုင်ငံရေးအမြင် ဘာမှ မရှိခဲ့တဲ့ ကျောင်းသူတယောက်အကြောင်း ကျမ ပြန်ပြောပါမယ်။ စတုတ္ထတန်း (ဒါမှမဟုတ်) ပဉ္စမတန်း အရွယ် လောက် ကလေးဘ၀မှာ ကျမတို့ နိုင်ငံမှာ အရေးအခင်းတခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းမှာ မြို့ကြီးတွေ၊ ရန်ကုန်၊ မန္တလေးတွေကနေ ပြီးတော့ စတင် ဖြစ်ပွါးခဲ့ပြီးတော့ ကျမတို့ဆီကို တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းကတော့ တရုတ်-ဗမာ အရေးအခင်းပါ။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီးလို့ (ရီသံများ) ကျမတို့ ကြားရပါတယ်။ ကျမတို့ ရေနံချောင်းမှာ တရုတ်လူမျိုးတွေ အများကြီး ရှိပါတယ်။ ကျမတို့ ရေနံချောင်းက တရုတ်လူမျိုးတွေနဲ့ ဗမာလူမျိုးတွေတော့ မချကြပါဘူး။ ကျမတို့ အချင်းချင်းတော့ ခင်ခင်မင်မင်ပါပဲ။ ကျမတို့ ကျောင်းမှာ အတန်းထဲမှာ ကျမတို့နဲ့ စာပြိုင်ဖက် တရုတ်မလေး ၃ - ၄ ယောက် ရှိပါတယ်။ သူတို့နဲ့ ကျမတို့လဲ စာမေးဖော် မေးဖက် ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ တရုတ်-ဗမာ အရေးအခင်း ဖြစ်နေပြီလို့ သိရပါတယ်။ ဒီတော့ ကျမတို့လဲ လက်ခံလိုက်ရုံပဲပေါ့။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီ၊ ဒီလောက်ပဲ သဘောထားလိုက်ပါတယ်။ တရက်တော့ ကျမတို့ ကျောင်းတက်နေတဲ့အချိန်မှာ ဆရာမက ကျမတို့ကို ပြောပါတယ်။ တို့တတွေ မနက်ဖန် ရောက်လို့ရှိရင် ဒီမြို့ရဲ့ လမ်းတွေပေါ်မှာ ကျောင်းသားတွေ အားလုံးတန်းစီ လမ်းတလျှောက် ချီတက်ရမယ်တဲ့ (လက်ခုပ်သံများ) အဲဒီတော့ ကျမက ကျောင်းစာသင်တဲ့အချိန်မှာ အပြင်ထွက် ရမယ်ဆိုတော့ သိပ်ပျော်သွားပါတယ်။ (ရီသံများ) အဲ့ဒါနဲ့ပဲ ကျမတို့ တက်တက်ကြွကြွနဲ့ပဲ လိုက်ဖို့ စီစဉ်ပါတယ်။ ဆရာမက ပြောတယ်။ နင်တို့အားလုံး စည်းကမ်းရှိရှိ သေသေ၀ပ်ဝပ် ချီတက်ရမယ်နော်တဲ့။ နှစ်ယောက်တတွဲ တွဲလို့ရတယ်။ နင်တို့ ကြိုက်တဲ့လူနဲ့ နင်တို့ တွဲကြပါတဲ့။ အဲ့ဒါနဲ့ ကျမကလဲ ကျမရဲ့ လက်တွဲဖော်အဖြစ် တရုတ်မလေးကို ရွေးလိုက်ပါတယ်။ ကျမနဲ့ ကျမသူငယ်ချင်း တရုတ်မလေးဟာ တရုတ်ဗမာအရေးအခင်း မှန်ကန်ကြောင်း ထောက်ခံဖို့ မြို့ထဲမှာ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။ (ရီသံများ လက်ခုပ်သံများ) အဲ့ဒီတော့ ကျမတို့က ၂ ယောက်တတွဲ လမ်းလျှောက် လမ်းတွေပေါ်မှာ ချီတက်ကြတယ်။ ရိုးရိုးတန်းတန်း ချီတက်ကြတာ မဟုတ်ဘူး။ ရှေ့က တယောက်က စာရွက်တွေနဲ့ တိုင်ပေးတယ်။ ကျမတို့က နောက်ကနေပြီး လိုက်အော်ရတယ်။ လိုက်အော်တော့လဲ တို့အရေး၊ တို့အရေး ပေါ့။ ရှေ့က ဘာအောသလဲတော့ ကျမတို့ ကောင်းကောင်း မကြားရဘူး။ (ရီသံများ) အဲ့ဒီလိုနဲ့ ရှေ့ကတယောက်က တိုင်ပေးလိုက်၊ ဘာမှမသိပဲ နောက်က တို့အရေး အော်လိုက်၊ အော်ရင်းနဲ့ပဲ လမ်းတကာကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျမတို့ ကျောင်းသားတွေကို လမ်းလျှောက်ရတာ၊ အော်ရတာ မောရင် ရေသောက်ရအောင်၊ အအေးသောက်ရအောင် ဆိုပြီးတော့ အိမ်တွေကနေပြီး အိမ်ရှေ့မှာ စာပွဲလေးတွေ ခင်းပြီးတော့ ကျမတို့ကို အစားအစာတွေ ကျွေးမွေးပါတယ်။ ကျမတို့လဲ အလကားရတာမှန်သမျှ အကုန်စားပါတယ်။ (ရီသံများ) အကျင့်က ပါနေတာကိုး (ရီသံများ)
ဗမာက ကျွေးကျွေး၊ တရုတ်က ကျွေးကျွေး အကုန်စားပါတယ်။ (ရီသံများ) ဒီလိုနဲ့ပဲ နည်းနည်း နေမြင့်လာတဲ့အခါမှာ ကျမတို့ ကျောင်းကို ပြန်ရပါတယ်။ ကျောင်းရှေ့မှာ အင်မတန် ကျယ်ဝန်းတဲ့ မြေတလင်းပြင်ကြီး ရှိပါတယ်။ အဲ့ဒီမှာ အားလုံးစုရုံးပြီးတော့ အတန်းလိုက် အတန်းလိုက် ကိုယ့်လူစုနဲ့ကိုယ် စုရုံးကြပါတယ်။ အဲဒီမှာ ကျမတို့ ဆရာမက ဘာပြောလဲဆိုတော့၊ အော်... ကျမ မေ့နေလို့၊ ကျမတို့ လမ်းလျှောက်တဲ့ အခါမှာ ဒီအတိုင်း လက်လွတ်လျှောက်ရတာ မဟုတ်ဘူး။ 'ခေါင်း' ကြီးတွေကို ကြိုးနဲ့ ဆွဲပြီးတော့ ဒီ ခေါင်းကြီးတွေကတော့ ကျမတို့ ကျောင်းသားလေးတွေ ဆွဲနိုင်အောင်ပါ။ စက္ကူတွေနဲ့လဲ ခေါင်းပုံစံ ဖြစ်အောင် ရေးထားပါတယ်။ အဲ့ဒီထဲမှာလဲ ကျမတို့ မျက်စိရှေ့မှာ စက္ကူစုတ်တွေ ထည့်ထားတာ မြင်ရပါတယ်။ ဒါပေမယ့် အဲ့ဒီ စက္ကူစုတ်တွေကို ကျမတို့က စက္ကူစုတ်တွေလို့ မမှတ်ရဘူးတဲ့။ အဲဒီအထဲမှာ အလောင်းတွေ ပါတယ်လို့ မှတ်ရမယ်တဲ့။ အဲ့ဒီမှာမှ ကျမ ပထမဦးဆုံး နံမည်တခုကို ကြားဖူးပါတယ်။ အဲ့ဒီနာမည်ကတော့ မော်စီတုန်းတဲ့။ မော်စီတုန်းဆိုတဲ့နာမည်ကို အဲဒီအချိန်မှာမှ ပထမဦးဆုံး ကြားဖူးတာပါ။ မော်စီတုန်း ကျဆုံးပါစေ ပေါ့။ အဲ့ဒီလို ဆိုတယ်လို့ ကျမ ထင်ပါတယ်။ ဒီလိုနဲ့ ကျောင်းရှေ့ကို ပြန်ရောက်တော့ ကျမတို့ ဆရာမက အဲဒီ ခေါင်းကြီးကို မီးရှို့ရမယ်လို့ ပြောတယ်။ ဒီတော့ ကျမက သူများအော်ရင်သာ နောက်ကနေ တို့အရေး လိုက်အော်ရဲတာ။ ကျမကတော့ မီးရှို့ဖိုတော့ ကြောက်ပါတယ်။ ကြောက်တော့ ကျမက နောက်ဆုတ်တယ်။ အဲ့ဒီအချိန်မှာ ဆရာမက ကျမကို ရှေ့ထွက်ခိုင်းတယ်။ ကျမက အတန်းရဲ့ မော်နီတာ ဖြစ်ပါတယ်။ (ရီသံများ) "တင်တင်ဝင်း နင်ရှေ့ထွက် နင်မီးရှို့ ရမယ်" လို့ ပြောတယ်။ အဲ့ဒီတော့ ကျမက မရှို့ရဲဘူးဆိုပြီး နောက်ကို ကပ်တယ်။ အဲဒီတော့ ကျမတို့ နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို မကြည့်ရက်တဲ့ နည်းနည်းအသက်ကြီးတဲ့ ကျောင်းသူတယောက်က ကျမတို့နှစ်ယောက် ကိုယ်စား ဖြေရှင်းပေးလိုက်ပါတယ်။ သူပဲ ဆက်ပြီးတော့ မီးရှို့တယ်။ (ရီသံများ) ကျမဟာ ဒီလို နိုင်ငံရေးမရှိအောင် ညံ့တယ်ဆိုတာ ကျမ ၀န်ခံပါတယ်။ ဒါ ကျမရဲ့ စီးပွါးရေး ညံ့ဖျင်မှု၊ နိုင်ငံရေး ညံ့ဖျင်းမှုပါ။ ဒါပေမယ့် အဲဒီလိုသာ ညံ့တယ်။ ကျမက ဘာဖြစ်ချင်သလဲဆိုတော့ ကျမဘ၀မှာ အဖြစ်ချင်ဆုံး ဆန္ဒတခုက စာရေးဆရာ ဘ၀တခုပါပဲ။ စတုတ္ထတန်းအရွယ် ကတည်းက ကျမဟာ စာရေးဆရာတယောက် ဖြစ်ချင်ခဲ့ပါတယ်။ စာရေးဆရာဖြစ်ဖို့ ကျမကို တွန်းအားပေးတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဲဒါကတော့ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေပါပဲ။ ကျမဟာ ကျောင်းစာက လွဲပြီးတော့ အပြင်ဘက်စာပေတွေကို မဂ္ဂဇင်းတွေကို အများ ဖတ်ခဲ့ ပါတယ်။ ကျောင်းစာထက် ပိုပြီးတော့ ဖတ်ခဲ့ပါတယ်။ အဲ့ဒီတော့ ကျမ မှတ်မိသလောက်ပေါ့၊ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေဟာ အများကြီးပါပဲ။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၊ စာရေးဆရာကြီး ဓူဝံ၊ ဆရာမကြီး ဒေါ်ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ သူတို့ စာအုပ်တွေကို ကျမ ဖတ်ပါတယ်။ အဲ့ဒီမှာ ကျမဘ၀မှာ ပထမဦးဆုံး ဖတ်ဖူးတဲ့ စာအုပ်တအုပ်ကို အခုထိ မှတ်မိပါတယ်။ ဒါဟာ ကျမအတွက် ပထမဦးဆုံး ၀တ္ထုပါ။ အဲ့ဒါကတော့ စာရေးဆရာကြီးဓူဝံရဲ့ 'မာလာ' လို့ အမည်ရတဲ့ ၀တ္ထု ဖြစ်ပါတယ်။ 'မာလာ' ဟာ လက်သုံးလုံးလောက် ထူတဲ့ စာအုပ်ကြီးတအုပ်ပါ။ သူ့ အဲ့ဒီစာအုပ်ကို ကျမရဲ့ ကျမကိုယ်ပိုင်အမြင်နဲ့ ဖတ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျမက ကာတွန်းတွေပဲ ဖတ်ပါတယ်။ ကာတွန်းတောင်မှ ထူရင် မဖတ်ပါဘူး။ ခပ်ပါးပါးပဲ ဖတ်ပါတယ်။ တရက်ကျတော့ ကျမ စတုတ္ထတန်း စာမေးပွဲအပြီး ကျောင်းအားတဲ့ အချိန်မှာ ကျမ မေမေက စာအုပ်တအုပ် ယူလာပေးပါတယ်။ "သမီး ဒီဝတ္ထုကို ဖတ်စမ်း" လို့ ကျမကို ပြောပါတယ်။ အဲ့ဒီဝတ္ထုက 'မာလာ' ၀တ္ထုပါ။ ကျမက စာအုပ်ကြီးကို ကြည့်ပြီးတော့ လန့်သွားတယ်။ "အား စာအုပ်ကြီးက အထူကြီးပါလားမေမေ" လို့ ပြောတော့ "အေး ထူတော့ ထူတယ်၊ ဒါပေမယ့် သမီး စိတ်ဝင်စားမှာပါ" တဲ့။ သမီးတို့ မောင်နှမတွေဟာ စကားပြောရင် အင်မတန် ရိုင်းတယ်တဲ့။ ကိုကိုရယ်၊ ညီမလေးရယ် ဘယ်တော့မှ စကားမပြောဘူး၊ မောင်နှမအချင်းချင်း အကြီးနဲ့အငယ်ကို နင်, ငါ သုံးတယ်တဲ့။ အဲ့ဒါ မကောင်းဘူးတဲ့၊ ဒီတော့ သမီး ဒီစာအုပ်ကို ဖတ်တဲ့အခါမှာ ဖတ်ပြီးသွားရင် သမီး ယဉ်ကျေးသိမ်မွေ့လာလိမ့်မယ်။ ဒီစာအုပ်ထဲမှာ လူတွေဟာ စကားပြောရင် သိပ်ယဉ်ကျေးတာပဲတဲ့။ ဖတ်ကြည့်ပါတဲ့။ အဲ့ဒီတော့ ကျမကလဲ မေမေက ဖတ်ခိုင်းတယ်ဆိုရင် ငါဖတ်ဖို့ သင့်တာပေါ့။ ကိုယ့်ဖာသာကိုယ် တွေးပြီးတော့ မေ့မေ့ရှေ့မှာပဲ အဲ့ဒီစာအုပ်ကို ကျမ ဖွင့်ဖတ် လိုက်ပါတယ်။ စ ဖွင့်ဖွင့်ချင်းပဲ အဲ့ဒီစာအုပ်ကို ကျမ စိတ်ဝင်စားသွားတယ်။ သူက အခန်း(၁) အဖွင့်မှာ အကျဉ်းထောင်တခုရဲ့ မြင်ကွင်းနဲ့ စထားပါတယ်။ အဲ့ဒီ အကျဉ်းထောင်ထဲမှာ၊ အချုပ်ခန်းထဲမှာ၊ သံတိုင်တွေနောက်မှာ အကျဉ်းသား ၁၀ ယောက် အကျဉ်းကျ နေပါတယ်။ သူတို့ကတော့ တိုင်းပြည်ကို တော်လှန်ပုန်ကန်လို့ ချုပ်ထားတဲ့ အကျဉ်းသား တွေပါ။ တယောက်က ခေါင်းဆောင်၊ အဲ့ဒီခေါင်းဆောင်နာမည်က ဗိုလ်နန္ဒလို့ ခေါ်ပါတယ်။ သူ့ရဲ့ နောက်ပါက ၉ ယောက် ရှိပါတယ်။ သူတို့ ၁၀ ယောက်ကို ဒီကနေ့ ညနေ နေကွယ်လို့ ရှိရင် လည်ပင်းကို ကြိုးကွင်းစွပ်ပြီး၊ မသေမချင်း ကြိုးပေးသတ်ခံရဖို့ ဘုရင်က အမိန့် ချပြီးသားပါ။ ဒီတော့ သူတို့ အားလုံးဟာ ဒီကနေ့ ညနေမှာ သေမယ်ဆိုတာ သေချာနေတော့ တော်တော် ကြောက်ရွံ့တုန်လှုပ်နေပါတယ်။ တပည့်တွေဟာ ငိုတဲ့သူက ငိုနေကြတယ်။ နံရံကို လက်သီးနဲ့ထိုးပြီး အော်တဲ့သူက အော်နေကြတယ်။ နောက် ဒေါသတကြီး စကားပြောတဲ့သူက ပြောနေကြတယ်။ အဲ့ဒါတွေကို ကြည့်ပြီးတော့ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်နန္ဒက တော်တော်စိတ်မကောင်း ဖြစ်တယ်။ "သူတို့ခမျာ ငါ့ရဲ့ ခေါင်းဆောင်မှုကို လိုက်ခဲ့တဲ့အတွက် သူတို့ဟာ ကြိုးပေးပြီး အသတ်ခံရတော့မှာပါလား၊ သူတို့တွေ အသေဖြောင့်အောင်၊ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင် အောင် ငါ ကဗျာလင်္ကာတပုဒ် ရွတ်ပြမှ ဖြစ်မယ်" လို့ သူ့ဖာသာသူ တွေးပြီးတော့ သူ ကဗျာလင်္ကာတပုဒ် ရွတ်ပြပါတယ်။ အဲ့ဒီကဗျာကတော့ အနန္ဒသူရိယ အမတ်ကြီး ရေးစပ်ခဲ့တဲ့ အမျက်ဖြေ အလင်္ကာလို့ အမည်ရတဲ့ ကဗျာလေးတပုဒ်ပါ။ "သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း" အဲ့ဒီကဗျာပါ။ သူက အဲ့ဒီကဗျာကို ရွတ်တဲ့အခါမှာ စာရေးဆရာက ဘယ်လိုဖွဲ့ထားသလဲဆိုတော့ ဗိုလ်နန္ဒသည် သူ၏ အောင်မြင်လှသော အသံဝါကြီးနဲ့ထိုကဗျာကို ရွတ်ဆို၏တဲ့။ အဲ့ဒီမှာ ကျမက နည်းနည်း ကလေး နားမလည်ဘူး ဖြစ်သွားတယ်။ ဗိုလ်နန္ဒကို ကျမသိတာက သူပုန်ဗိုလ်လို့ ကျမသိပါတယ်။ သူပုန်ဗိုလ် တယောက်ကို ဘာဖြစ်လို့ အဲ့ဒီလို ဖွဲ့သလဲ အောင်မြင်လှသော အသံဝါကြီးဆိုတာ သူပုန်ဗိုလ်ကို ဖွဲ့ရမယ့် စကားမဟုတ်ပါဘူး။ ဒါဟာ သူရဲကောင်းတွေ ဟီးရိုးတွေကိုသာ သုံးရမယ့် စကားပါ။ ဒီတော့ ကျမအမြင်မှာ သူပုန်ဗိုလ်ဆိုတာ လူဆိုးပဲ၊ လူဆိုးတယောက်ကို အောင်မြင်လှသော အသံဝါကြီးနဲ့လို့ ဖွဲ့တာဟာ နည်းလမ်း မကျဘူးလို့ ကျမရဲ့ စတုတ္ထတန်း အမြင်နဲ့ တွေးပါတယ်။ အဲ့ဒါနဲ့ မေမေ့ကို မေးမိတယ်။ မေမေလို့ ဗိုလ်နန္ဒဟာ ဘာလဲလို့၊ အဲ့ဒီလို မေးတော့ မေမေက ဇာတ်လိုက်တဲ့၊ (ရီသံများ) ကျမပိုပြီးတော့ နားမလည်ဘူး ဖြစ်သွားတယ်။ (ရီသံများ) သူပုန်ဗိုလ်လို့လဲ ပြောသေးတယ်၊ ဇာတ်လိုက်လို့လဲ ပြောသေးတယ်၊ ကျမ အဲ့ဒီမှာ အဲ့ဒီနှစ်ခုကို ယှဉ်ပြီး နားမလည်ဘူးပေါ့။ ကျမ အပြင်မှာ သူခိုးတွေ၊ ဓါးပြတွေ၊ သူပုန်တွေ၊ ခါးပိုက်နှိုက်တွေ၊ အဲ့ဒါတွေ အကုန်လုံးက လူဆိုးတွေ စာရင်းထဲမှာ ပါတယ်။ ဒီတော့ ဒီလူဆိုးတယောက်က ဘာဖြစ်လို့ ဇာတ်လိုက်ဖြစ်သလဲ ကျမက မေမေ့ကို ပြန်မေးတယ်။ မေမေလို့ မေမေ့ဥစ္စာက ဖြစ်နိုင်ပါ့မလား၊ သူပုန်က ဘယ်လိုလုပ်ပြီးတော့ ဇာတ်လိုက် ဖြစ်မလဲ၊ မဖြစ်နိုင်ဘူး ထင်တယ်လို့ ကျမကပြောတော့ မေမေက ဖြစ်နိုင်တာပေါ့ သမီးရယ်တဲ့၊ တခါတခါကျတော့ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်တဲ့ ရှင်ဘုရင်က ဆိုးနေရင်၊ ယုတ်မာနေရင်၊ ကောက်ကျစ်နေရင် သူပုန်ဆိုတာလဲ ဇာတ်လိုက် ဖြစ်တတ်ပါတယ်တဲ့။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒီတော့မှ ကျမ ရေးရေးလေး သဘောပေါက်သွားပါတယ်။ ကျမ ဒီဝတ္ထုကို တော်တော် စိတ်ဝင်စားသွားပြီ၊ ဒါပေမယ့် ထပ်ပြီးတော့ မေးသေးတယ်၊ ဟုတ်ပါပြီလို့ အဲ့ဒါဆိုလို့ရှိရင် ဒီသူပုန်ဗိုလ်က ဇာတ်လိုက်ဖြစ်နေရတာ သူက ဘာဖြစ်လို့ သူပုန်ဘ၀ကို ဘာဖြစ်လို့ ရောက်သလဲ မေမေလို့ ကျမက ပြန်မေးတယ်။ ပြန်မေးတော့ မေမေကလည်း သူ့သမီးကို စာဖတ်စေချင်တော့ ရှင်းပြတယ်၊ သူ့ဘ၀တဲ့၊ သူကတော့ သူပုန်ဘယ်ဟုတ်မလဲ သမီးရယ်တဲ့၊ သူက ဘုရင့်သားတော် တပါးပါ၊ သူတက္ကသိုလ်ပြည်မှာ ပညာသွားသင်နေတုန်းက သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို သူ့အဖေလက်အောက်က စစ်သူကြီးတပါးက တိုက်ခိုက်ပြီးတော့ သိမ်းယူထားတဲ့အတွက် သူဟာ ပြန်လာတဲ့အခါကျတော့ သူပုန်ဘ၀ကို ရောက်ရတာပါတဲ့။ (လက်ခုပ်သြဘာသံများ) အဲ့ဒီလို ပြောပါတယ်။ (လက်ခုပ်သံများ) အဲ့ဒီတော့ ကျမက ပိုပြီး စိတ်ဝင်စားသွားပါတယ်၊။ ဟုတ်ပါပြီမေမေ အဲ့ဒါဆိုရင် သမီး ဒီဝတ္ထုကို ဖတ်ပါတော့မယ်။ ဒါပေမယ့် သမီး ဒီဇာတ်လမ်းအဆုံးကို သိပ်သိချင်တာလို့၊ အဲ့ဒီ ဇာတ်လမ်းအဆုံးကိုတော့ သမီးကို ကြိုပြီးတော့ ပြောပါအုန်းလို့။ သူက သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို ပြန်ရရဲ့လားလို့ ကျမ မေးလိုက်တယ်။ ကျမမေးလိုက်တော့ မေမေက ရတယ် သမီးတဲ့။ နောက်ဆုံးကျတော့ သူရသင့်တဲ့ သူ့အဖေရဲ့ စည်းစိမ်ကို သူပြန်ရသွားပါတယ်တဲ့။ အဲ့ဒီလို ကျမကို ပြောပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒါနဲ့ပဲ ကျမ ဒီဇာတ်လမ်းကို ကြိုက်လို့ ဒီဝတ္ထုကို ဖတ်ပါတယ်။ တကယ်လဲ မေမေပြောသလိုပဲ သူပုန်ဗိုလ်နန္ဒဟာ သူရသင့်ရထိုက်တဲ့ သူ့အဖေရဲ့ ဒီနန်းစည်းစိမ်ကို ပြန်ရသွားပါတယ်။ ဘယ်လိုနည်းနဲ့ သူထီးနန်းစည်းစိမ်ကို ပြန်ရသွားလဲ၊ အဲ့ဒါကို သိချင်ရင်တော့ ဓူဝံရဲ့ 'မာလာ' စာအုပ်ကို ဖတ်ကြည့်ပါ။ (လက်ခုပ်သံများ) အဲ့ဒါ ကျမရဲ့ စာရေးဆရာ ဖြစ်ချင်တဲ့စိတ်အစပါပဲ။
ကျမဟာ လူတွေကို စရိုက်အမျိုးမျိုး ရေးဖွဲ့ချင်တယ်။ လူဆိုးဆိုလဲ လူဆိုးစရိုက်၊ လူကောင်းဆိုရင်လဲ လူကောင်းစရိုက် အဲ့ဒီလို ရေးဖွဲ့တော့ ဇာတ်လမ်းတွေ ဆင်ချင်တယ်။ အမှန်တရားဟာ ရှေ့မှာ ရောက်သင့်တဲ့ အချိန်မှာရှေ့မှာ ရောက်ဖို့ ကျမက ထည့်ချင်တယ်။ အဲ့ဒီလို စိတ်လေးတွေဟာ ၀တ္ထုတွေ ဖတ်ရင်း ဖတ်ရင်းကနေပြီး ကျမကို ပိုပို ပိုပို တွန်းအားပေးလာတော့ ကျမဟာ စာရေးဆရာ ဖြစ်ချင်တဲ့ စိတ်တခုထဲနဲ့ ကျမဟာ ကြီးပြင်းခဲ့ ပါတယ်။ ဒါပေမယ့် ကျမ ဆယ်တန်းအောင်တဲ့အခါ ခြေချော် လက်ချော်နဲ့ ဂုဏ်ထူး ၅ ခု ရသွားပါတယ်။ အဲ့ဒီတော့ အဲဒီဂုဏ်ထူး ၅ ခုလေးကို ကျမက နှမျောပြီးတော့ ဆေးတက္ကသိုလ်ကို လိုက်ပါတယ်။ (ရီသံများ) ကျမတို့ ခေတ်တုန်းက ဂုဏ်ထူး ၆ ခုတွေ၊ ၅ ခုတွေ၊ ၄ ခုတွေ အများကြီးပါပဲ။ သူတို့တွေ အားလုံးဟာ ဆေးတက္ကသိုလ်ကိုဝင်ဖို့ပဲ အာရုံရှိကြပါတယ်။ ရူပဗေဒ၊ ဓါတုဗေဒတွေကို မ၀င်ကြပါဘူး။ မိဘတွေ ကိုယ်တိုင်ကလည်း ဆေးတက္ကသိုလ်ကို ၀င်စေချင်တယ်။ ကျမကိုယ်တိုင်ကလဲ ကျမရဲ့ မိဘတွေက ဆေးတက္ကသိုလ်ကို လိုက်ဖို့ ပြောလို့ ကျမကလဲ ဂုဏ်ထူးလေးကို အားနာလို့ ဆေးတက္ကသိုလ်ကို ၀င်ခဲ့ပါတယ်။ ၀င်ခဲ့တော့ ကျမဟာ ဆရာဝန်ဘ၀ကို လုံး၀၀ါသနာ မပါပဲ ရောက်ခဲ့တာဆိုတော့ အတန်းထဲမှာ ဆေးပညာကလွဲရင် အားလုံးကို စိတ်ဝင်စားပါတယ်။ (ရီသံများ) ကျမ တနေ့တနေ့ ဖတ်တဲ့ စာတွေဟာ ဆေးပညာနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျမတို့ ရေနံချောင်းမှာ စာကြည့်တိုက် ကောင်းကောင်း မရှိဘူး၊ ဆေးကျောင်း ရောက်တော့ မန္တလေးဆေးတက္ကသိုလ်မှာ အင်မတန် ကြီးမားတဲ့ စာကြည့်တိုက်ကြီးတခု ကျမသွားတွေ့တယ်။ အဲ့ဒီ စာကြည့်တိုက်ကြီးထဲမှာ ကျမ မဖတ်ဖူးတဲ့ စာအုပ်တွေ၊ ကြားဖူးပြီးတော့ မဖတ်ဖူးတာ၊ ကြားတောင် မကြားဖူးတာ၊ မြန်မာလို အင်္ဂလိပ်လို အစုံပါပဲ။ အဲ့ဒါကြီးကို ကျမ မြင်ပြီးတော့ ငါတော့ ဒီ ဆေးတက္ကသိုလ် ၇ နှစ် အတွင်း ဒီစာအုပ်တွေ ပြီးအောင်ဖတ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပါတယ်။ အဲ့ဒီလိုနဲ့ ကျမ အပြင်စာတွေ ဖတ်ခဲ့တယ်။ အတန်းထဲမှာ စာသင်တဲ့အခါမှာ ကျမက နောက်ဆုံးကနေ မတ်တတ်ရပ်ပါတယ်။ ဆရာ စာမေးလွတ်အောင်လို့ပါ။ ရှေ့မှာ ရပ်လို့ရှိရင် ဆရာက လှမ်းလှမ်းပြီး စာမေးလို့ပါ။ စာသင်ရတဲ့အခါမှာလဲ ကျမ အားကျစိတ် လုံးဝမပေါ်ပါဘူး။ ကျမတို့ ကျောင်းမှာ ရောဂါနံမည်တွေ၊ ကုထုံးနာမည်တွေ အဲ့ဒါတွေ အားလုံးဟာ လူနံမည်တွေနဲ့ ချည်းပါပဲ။ ဥပမာ ရောဂါတခုခုကို တယောက်ယောက်က ရှာတွေ့သွားပြီဆိုရင် အဲ့ဒီလူရဲ့ နာမည်ကို ရှေ့မှာတပ်ပြီးတော့ နံမည်နဲ့ ရောဂါနံမည် ပေးပါတယ်။ ဥပမာ ကော့ ဆိုတဲ့သူက ရောဂါတခုကို ရှာဖွေတွေ့ခဲ့တယ်။ အဲ့ဒီ ကော့ ရှာတွေ့ခဲ့တဲ့ အဆုပ်ရောဂါကို ကော့ Lung ကော့ဒစိပေါ့။ ကော့ရဲ့ရောဂါလို့ နံမည် တပ်ပါတယ်။ နောက်ပြီး ပဲလော့ လို့ခေါ်တဲ့ ပြင်သစ်သမားတော်ကြီး တယောက်က ရှာတွေ့ခဲ့တဲ့ ရောဂါ၊ မွေးရာပါ နှလုံးရောဂါ၊ အဲ့ဒါဆိုလို့ ရှိရင် ပဲလော့တက်ထွာလော်ဂျီလို့ သူတို့က နံမည်ပေးပါတယ်။ ပဲလော့ ရှာတွေ့ခဲ့သော ရောဂါ၊ အဲ့ဒီလိုမျိုးတွေ ထောင်ပေါင်း၊ သောင်းပေါင်းများစွာ နေ့စဉ် ကျမတို့ စာကျက်ရပါတယ်။ အဲ့ဒီလို ကျက်နေတဲ့အခါမှာ ဒီနံမည်တွေကို ကျက်ပြီးတော့ ငါသူတို့ ဘ၀ကို အားကျလိုက်တာ ဆိုတဲ့စိတ်များ ၀င်ခဲ့မိသလားလို့ အခုနေ ကျမပြန်တွေးကြည့်တော့ ကျမ နည်းနည်းမှ အားကျစိတ် မ၀င်ခဲ့ပါဘူး။ တခါတခါ သူတို့ကို ငြိုတောင်ငြိုငြင် မိပါတယ်။ သူတို့ဟယ် ရှာလိုက် ဖွေလိုက်ကြတာ၊ တွေ့ပဲ တွေ့နိုင်လွန်းတယ်၊ သူတို့ ရှာပြီးတော့ တွေ့တော့ ငါတို့မှာ စာတွေ ကျက်လို့ကို မပြီးနိုင်တော့ဘူး။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒီလောက်ထိအောင် ကျမ မေတ္တာပို့ခဲ့ ပါတယ်။ ဒါ ကျမ ဆေးကျောင်းသူဘ၀ ညံ့ဖျင်းမှုတွေပါ။ ဒီလိုနဲ့ တနှစ်ပြီး တနှစ် ယက်ကန်ယက်ကန်နဲ့ စာမေးပွဲတွေ နီးတော့ စာလေးကျက်လိုက်၊ အောင်လိုက်၊ တခါတလေ တခါတည်းနဲ့ မအောင်လို့ နှစ်ခါပြန် ဖြေရပါတယ်။ ကျမတို့ ကျောင်းမှာတော့ ဆပ်ပလီမန်ထရီဆိုတာ ရှိပါတယ်။ ဆပ်ပလီမန်ထရီက စာမေးပွဲ ကျပြီးတော့ ကျတဲ့ဘာသာကိုပဲ ပြန်ဖြေရတာပါ။ တော်ပါသေးရဲ့ ဆပ်ပလီမန်ထရီသာ မရှိခဲ့ရင် ကျမ တတန်းနှစ်နှစ် လောက် နေရဖို့ အကြောင်းရှိပါတယ်။ အဲ့ဒီလိုနဲ့ ကျမ ဆရာဝန် ဖြစ်ပါတယ်။ ဆရာဝန်ဖြစ်လာတော့ ဒီလို ခပ်ညံ့ညံ့ ဆေးကျောင်းသူတယောက်က ဘယ်လိုဆရာဝန်မျိုးဖြစ်မလဲ။ တွေးကြည့်ရင်တော့ သဘောပေါက်နိုင်စရာ အကြောင်းရှိပါတယ်။
ဒါပေမယ့် ကျမရဲ့ ဆရာဝန်ဘ၀ကို ပိုပြီးတော့ ပုံပေါ်သွားအောင်၊ ကျောင်းသူကျောင်းသားတွေ ပိုပြီးတော့ နားလည်သွားအောင် ကျမ ကာတွန်းလေးတပုဒ်နဲ့ ဥပမာပေးချင်ပါတယ်။ အဲ့ဒီကာတွန်းလေးကို ရေးဆွဲတဲ့သူ ဘယ်သူလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမညံ့တဲ့အထဲမှာ အဲ့ဒါလဲ ပါပါတယ်။ ကျမက ဆရာအော်ပီကျယ်ကို တောင် မေးကြည့်ပါသေးတယ်။ ကာတွန်းဟာ ကျမ အခုထိ သတိရနေသေးတယ်ဆရာလို့ ဆရာများ ဆွဲခဲ့ သလားလို့ ကျနော် မဆွဲခဲ့ ပါဘူးတဲ့။ ဒါပေမယ့် ကျမရင်ထဲမှာ အဲ့ဒီ ကာတွန်းလေးဟာ အခုချိန်ထိ နှစ်ပေါင်းများစွာ စွဲတင်ကျန်ရစ်ခဲ့ပါတယ်။ အော် ငါနဲ့ တူလိုက်လေခြင်း၊ အဲ့ဒီ ကာတွန်းအတွေးလေးကို ကျမ ပြောပြမယ်။ သူက တမျက်နှာ ကာတွန်းပါ။ မဂ္ဂဇင်းရဲ့ သရုပ်ဖော်ပုံ၊ မဂ္ဂဇင်းမှာ တမျက်နှာ ၄ ခု လောက်ပါတယ်။ တခါတလေ ၆ ခုလောက်ပါတယ်။ အခု ကျမကာတွန်း အကွက် ၆ ကွက်ပါတဲ့ ကာတွန်းပါ။ သူက ပထမဦးဆုံး အကွက်မှာ လူမမာတယောက် ကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး စန့်စန့်ကြီး အိပ်နေတယ်၊ လူနာရဲ့ ဘေးနားလေးမှာ လူနာရဲ့ ဇနီးလို့ ထင်ရတဲ့ အမျိုးသမီးလေးက တယောက်၊ သူက ကျုံ့ကျုံ့လေးထိုင်ပြီးတော့ စိတ်ပူနေတဲ့ မျက်နှာလေးနဲ့ လူနာကို ကြည့်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘေးနားမှာတော့ ဆရာဝန်တယောက် မတ်တတ်ရပ်နေပါတယ်။ အဲဒီဆရာဝန်က လူနာကို နားကြပ်ကလေး နားမှာထောက်ပြီး စမ်းသပ်နေပါတယ်၊ အဲဒါ ပထမဦးဆုံးအကွက်။ ဒုတိယအကွက်ကတော့ အဲဒီဆရာဝန်ကို ကာတွန်းဆရာက ပုံကြီးချဲ့ပြီး ဆွဲပါတယ်။ ဆရာဝန်ရဲ့ မျက်လုံးတွေကို အဓိက ထားတယ်။ ဆရာဝန်ရဲ့ မျက်လုံးက ဘာမှမသိတဲ့ အူကြောင်ကြောင် မျက်လုံးမျိုးပါ။ မျက်လုံးလေးက လည်နေတယ်။ ဆရာဝန်ရဲ့ ခေါင်းပေါ်မှာလဲ ကွက်ရှင်မတ်ပေါ့ မေးခွန်းလက္ခဏာလေးနဲ့၊ သူ့ရဲ့ဘေးနားမှာ ရှုပ်နေတဲ့ သပွတ်အူလို ပုံစံလေးနဲ့။ ဘာရောဂါပါလိမ့် သူတော်တော်ဦးဏှောက်ခြောက် နေပြီလို့ ကာတွန်းကြည့်တဲ့ပရိသတ် သိအောင် ကာတွန်းဆရာက ဆွဲထားပါတယ်။ အဲ့ဒါက ဒုတိယအကွက်။ နောက် တတိယအကွက်ရောက်တော့ ဆရာဝန်ကိုပဲ အသားပေးပြီး ဆွဲထားတယ်၊ ဆရာဝန်ရဲ့ မျက်ဝန်းမှာ စောစောက မြင်နေရတဲ့ အူကြောင်ကြောင် မျက်လုံးမရှိတော့ဘူး။ သူ့မျက်လုံးလေးတွေက တောက်နေတယ်။ သူ့ရဲ့ ခေါင်းပေါ်မှာလဲ စောစောက ကွက်ရှင်မတ်တွေ၊ သပွတ်အူတွေ မရှိတော့ပဲနဲ့ လင်းနေတဲ့ ဖန်သီးလေးတလုံးကို ခေါင်းပေါ်မှာ ဆွဲထားပါတယ်။ ဖန်သီးလေးဘေးမှာ အချောင်းချောင်းလေးတွေနဲ့ သူဘာရောဂါလဲဆိုတာ ရှာလို့ ရပြီဆိုတဲ့ အဓိပ္ပါယ်၊ ကျမတို့ သိစေပါတယ်။ နောက် စတုတ္ထကွက်မှာရောက်တော့ ဆရာဝန်က သူတပ်ထားတဲ့ နားကျပ်ကို ချွတ်ပြီး လူနာရှင် အမျိုးသမီးဘက်ကို လှည့်ပြီးတော့ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ကျနော် ၀မ်းနည်းပါတယ်၊ လူမမာဟာ အသက်မရှိတော့ပါဘူးတဲ့။ (ရီသံများ) အဲ့ဒီလို ပြောလိုက်ပါတယ်။ အဲ့ဒါက စတုတ္ထအကွက်ပေါ့။ နောက် ပဉ္စမအကွက်ကို ရောက်တော့ စောစောတုန်းက ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး စိုးရိမ်ပူပန်တဲ့ မျက်နှာလေးနဲ့ သူ့ယောက်ျားကို ကြည့်နေတဲ့ လူမမာရှင်အမျိုးသမီးက သူ့ယောက်ျားဘက်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီးတော့ 'ရှင် ဆရာဝန်ထက် ပိုပြီးတော့ မသိချင်နဲ့' အဲ့ဒီလို ပြောလိုက်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒီတော့ ကာတွန်းထဲက ဆရာဝန်လို ကျမဟာ၊ ကာတွန်းထဲက လူနာရှင်မိန်းမလို အများကြီး ကြုံတွေ့တဲ့အခါ ကျမရဲ့ဆေးခန်းဟာ လူနာတော်တော်များပါတယ်။ ရေနံချောင်းမြို့မှာ ဒေါက်တာ တင်တင်ဝင်း ဆိုတာ နံမည် တော်တော်ကြီးပါတယ်။ စောစောက ဒေါက်တာ တင်မောင်သန်းပြောသွားတဲ့ ပူဖောင်းလေးတွေလဲ ပါတာပေါ့။ အဲ့ဒီတော့ ဒါဟာ ကျမရဲ့ ဆရာဝန်ဘ၀ သရုပ်ပေါ်အောင် ကာတွန်းလေးနဲ့ ဥပမာ ပေးတာပါ။ ကျမရဲ့ ဆရာဝန်ဘ၀ကို ကျမ ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခု ကျမပြောပြရင် ပိုပြီးတော့ သဘောပေါက် သွားမယ်လို့ ကျမ ထင်ပါတယ်။ ဒါဟာ ကျမလို ခပ်ညံ့ညံ့ဆရာဝန်တွေသာကြုံရမယ့် အချက်ပါ။ တော်တဲ့ ဆရာဝန်တွေ ဒါမျိုး လုံးဝ ကြုံရမှာ မဟုတ်ဘူး။ ဒါဟာ သေချာပါတယ်။ ကျမဟာ ဆရာဝန်ဖြစ်ပြီးတော့ ၃ လ လောက်အချိန်မှာ ကြုံရတဲ့ အဖြစ်ကလေးပါ။ ၃ လ ဆိုတော့ ဘာအတွေ့အကြုံမှ မရှိသေးပါဘူး။ စမ်းတ၀ါးဝါး ဆေးကုနေဆဲ၊ ကျောင်းစာနဲ့ ပြင်ပလောကနဲ့ကို ထင်ဟပ်ကြည့်နေဆဲ အချိန်ပါ။ အဲ့ဒီအချိန် တညနေ ကျမ ဆေးခန်းဖွင့်တဲ့အချိန်မှာ ကျမရဲ့ ဆေးခန်းထဲ လူနာနှစ်ယောက် ရှိပါတယ်။ တယောက်က ကျမ ကုလက်စ၊ တယောက်က သူ့အလှည့်ရောက်ဖို့ ထိုင်စောင့်နေတယ်။ အဲ့ဒီအချိန်မှာ အပြင်ဘက်ကနေ အမျိုးသမီးတယောက် ခပ်သုတ်သုတ် ဆေးခန်းထဲ ၀င်လာပါတယ်။ ဆရာမ ဆရာမ လူနာအရေးကြီးနေလို့ အိမ်ပင့်ချင်လို့ပါတဲ့။ အဲဒီလို ပြောပါတယ်။ ကျမက လူနာတယောက်ကို ဆေးကုလက်စဆိုတော့ ခဏစောင့်ပါဦး၊ ဒီက လူနာပြီးရင် လိုက်ခဲ့ပါ့မယ်ပြောတော့၊ ဟာ ဘယ်စောင်လို့ ဖြစ်မလဲဆရာမတဲ့၊ ဟိုမှာက အရေးကြီးတယ်တဲ့။ လူမမာက သတိ လစ်နေတာပါတဲ့။ သတိလစ်တယ်ဆိုတော့ အရေးကြီးပြီပေါ့၊ ကျမက ကုလက်စလူနာကို ဆေးတွေ ဘာတွေ ပေးပြီးတော့ စောင့်နေတဲ့ လူနာကို စောင့်များစောင့်နိုင်မလားလို့ ကျမအရေးကြီးတဲ့ လူနာနောက်ကို လိုက်ချင်လို့ပါလို့ ခွင့်တောင်းပါတယ်။ အဲ့ဒီ လူနာကလဲ သဘောကောင်းပါတယ်၊ လိုက်သွားပါဆရာမ ကျမ စောင့်ပါမယ်တဲ့။ အဲ့ဒါနဲ့ ကျမ ဆေးအိတ်ကို ပေးပြီးတော့ လူနာရှင် အမျိုးသမီးနောက် လိုက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျမတို့ နွေရာသီပါ။ နွေရာသီမှာ ရေနံချောင်းမြို့မှာ တော်တော် ပူပါတယ်၊ ဘယ်လောက်ထိ ပူသလဲဆိုရင် နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီကြားမှာ ရေလုံးဝ မချိုးရဘူးလို့ အာဏာပိုင်တွေက တားမြစ်ထားတဲ့အထိ ကျမတို့ ရေနံချောင်းက ပူပါတယ်။ ရေချိုးပြီးတော့ ဗြုန်းကနဲ လဲကျပြီး သေဆုံးသူတွေ အများကြီးပါပဲ။ အဲ့ဒါကြောင့် အာဏာနဲ့ တားမြစ်ထားတဲ့ အချိန်ပါ။ စေတနာနဲ့ အာဏာသုံးတာပါ။ တခါတခါ အာဏာဟာ စေတနာနဲ့လဲ သုံးတတ်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ)
အဲ့ဒီတော့ ကျမက လူနာအိမ်ကို လိုက်သွားပါတယ်။ လမ်းမှာလဲ ကျမ စဉ်းစားနေတာပေါ့။ ရေချိုးရင် အန္တရာယ်ရှိတဲ့ အချိန်ပဲ။ မေးကြည့်တယ် ဘာဖြစ်တာလဲပြော ဆိုတော့၊ ကျမ အမကြီးပါတဲ့၊ ဈေးကနေ မကြာသေးခင်က ပြန်လာပါတယ်တဲ့။ ပူပူအိုက်အိုက်နဲ့ ဈေးက ပြန်ပြန်ချင်း ရေတန်းချိုးလိုက်ပါတယ်။ ရေချိုးပြီး ကတည်းက သတိလစ်သွားတာ အခုချိန်ထိ သတိပြန်လည် မလာပါဘူးတဲ့။ အဲ့ဒီတော့ ဒါဟာ ရေချိုးမှားလို့ အပူရှပ်တယ်ပေါ့။ ဒါဆိုရင် သာမိုမီတာ တိုင်းရမယ်။ စိတ်ထဲမှာ စွဲသွားတယ်။ လူနာအိမ်ရောက်တော့ လူနာက အမျိုးသမီးပါ။ ခပ်၀၀၊ ထွားထွား၊ အဲ့ဒီအမျိုးသမီးကို ကျမက ဘေးကနေ ကြည့်လိုက်တော့ သူ့ပုံစံက မလှုပ်မရှက် ပုံစံပါ။ အဲ့ဒါနဲ့ ကျမ သာမိုမီတာလေးကို ယူပြီးတော့ သူ့ပါးစပ်ကို တိုင်းဖို့ သူ့ပါးစပ်ကို ဖွင့်ပါတယ်။ သူ့ပါးစပ်က ဖွင့်လို့ မရဘူး။ သွားစိနေတယ်။ ကျမကလဲ ဘယ်ရမလဲ သွားစိနေတော့ သူ့ချိုင်းထဲ တိုင်းလိုက်တာပေါ့။ သာမိုမီတာနဲ့ ချိုင်းထဲတိုင်းတော့ အဖျား ရှိ မရှိပေါ့။ ကျမထင်သလောက် မဖျားဘူး။ ဒါနဲ့ ကျမက သွေးပေါင်ချိန် တွေ ဘာတွေ တိုင်းကြည့်သေးတယ်။ သွေးဖိအားက သိတ်ပြီတော့ များဘူး။ နောက်အဆုတ်ကို နားထောင်ကြည့် တော့ အဆုပ်မှာ အသက်ရှူသံ လုံးဝ မကြားရပါဘူး။ အဲ့ဒါလဲ ကျမက အားမလျှော့သေးဘူး။ နှလုံးကို ထောက်စမ်းကြည့် ပါတယ်။ နှလုံးကလဲ တချက်မှ မခုန်ပါဘူး။ အဲ့ဒီတော့ နားကြပ်လေးကိုချ လူမမာရှင်ဘက် လှည့်ပြီးတော့ ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ ပြောတော့မလို့ မပြောရသေးဘူး၊ ပြောမလို့ ရှိသေးတယ်။ ကျမရဲ့ ခေါင်းထဲမှာ အတွေးတချက် ၀င်လာပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျမတို့ရဲ့ ဆရာ့ဆရာကြီးတွေက ကျမတို့ကို သင်ထားတာ ရှိပါတယ်။ လူမမာတယောက်ကို စမ်းသပ်ပြီးတဲ့အခါ သူသေပြီလို့ မပြောမီ နောက်ဆုံး စမ်းသပ်နည်းတွေနဲ့ စမ်းသပ်ရမယ်။ အဲဒီ နောက်ဆုံးနည်းတွေနဲ့ စမ်းသပ်ပြီးမှ လူနာသေပြီလို့ ခိုင်လုံမှသာ လူနာရှင်ကို အတည်ပြုပေးရမယ်လို့ ပြောတော့၊ ဟုတ်ပြီ အဲ့ဒါဆိုရင် လူနာတယောက် အသက်မရှူရုံ၊ နှလုံးမခုန်ရုံနဲ့၊ သေပြီလို့ ပြောလို့ မဖြစ်သေးဘူး။ နောက်ဆုံး စမ်းသပ်နည်းနဲ့ စမ်းသပ်ရဦးမယ်၊ အဲ့ဒီနည်းကို ရှာပါတယ်။ ဖြစ်ချင်တော့ နောက်ဆုံးစမ်းသပ်နည်းဟာ ဘာလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမစဉ်းစားတယ်။ ငါ့ကို ဆရာကြီးတွေက သင်ပေးလိုက်တယ်၊ ဘာလဲ မသိဘူး၊ နောက်ဆုံးနည်း ရှိတယ်တဲ့။ စဉ်းစားတာ တော်တော်ကြာတယ်။ ဘေးကလူတွေကလဲ ကျမကို ငေးကြည့်လို့၊ ကျမလဲ စဉ်းစားရင်း စဉ်းစားရင်း အဖြေမပေါ်တော့ လူနာဆေးထိုးဖို့ လာချတဲ့ ရေနွေးဇလုံထဲကို ကျမ အပ်တွေထည့်၊ ပိုက်တွေထည့် ပိုက်ကလေးကို ရေနွေးစုပ်လိုက် ပြန်ထုတ်လိုက်၊ စုပ်လိုက် ပြန်ထုတ်လိုက်နဲ့ ခေါင်းထဲကတော့ သပွတ်အူတွေ တော်တော်များနေပြီ။ ငါဘာလုပ်မလဲလို့။ ကံကောင်းချင်တော့ ကျမ သတိရသွားပါတယ်။ ဇဝေဇ၀ါ မျက်လုံးတွေ အကုန်ဖျောက်ပြီး မျက်နှာထား ခပ်တည်တည်နဲ့ အဲ့ဒီအမျိုးသမီး ဆီကနေ ကျမကို လက်နှိပ်ဓါတ်မီးတခုပေးပါလို့ တောင်းလိုက်ပါတယ်။ ကဗျာကယာပဲ လက်နှိပ်ဓါတ်မီးထိုးပေးတယ်။ သူ့ဆီက လက်နှိပ်ဓါတ်မီးကို ယူပြီးတော့ လူမမာရဲ့ မျက်လုံးကို ဖွင့်ပြီးတော့ ကျမ မီးထိုးကြည့်ပါတယ်။ သာမန်လူတွေဟာ မျက်လုံးကို မီးရောင်နဲ့ လျှပ်တပြက် ထိုးလိုက်လို့ ရှိရင် အဲ့ဒီ မျက်လုံးသူငယ်အိမ်က မီးရောင်ကို တုံ့ပြန်တဲ့အနေနဲ့ သူငယ်အိမ် ကျယ်ရာကနေ ကျဉ်းသွားရပါတယ်။ ကျုံ့ဝင်သွားရပါတယ်။ အခု ကျမရဲ့ လူနာက လက်နှီပ်ဓါတ်မီးနဲ့ ထိုးလိုက်ပေမယ့် မျက်လုံးသူငယ်အိမ် ကျယ်မြဲကျယ်လျက်ပါ။ အဲ့ဒီတော့ ဒီတဖက် မသေချာသေးဘူး၊ နောက်တဖက် ထပ်ထိုးကြည့်ပါတယ်။ ထပ်ထိုးကြည့်တော့ နောက်တဖက်ကလဲ ကျယ်မြဲ ကျယ်လျက် နည်းနည်းမှကို မလှုပ်ပါဘူး။ သေချာပြီ ဆိုတော့မှ ကျမက လက်နှိပ်ဓါတ်မီးကို ချ၊ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ လူမမာနားတော့ မနေရဲဘူး၊ ၀ုန်းဆို ထထိုင်ပြီး ဖက်လိုက်မှာစိုးလို့၊ လူနာရှင်ဘက်ကို ကပ်သွားပြီးတော့ ကျမ ပြောလိုက်ပါတယ်။ အမကြီးလို့ ပြောရမှာတော့ ကျမ ၀မ်းနည်းပါတယ်၊ အမကြီးရဲ့ လူမမာက အသက်မရှိတော့ ပါဘူးလို့၊ ကျမ ပြောလိုက်ပါတယ်။ အဲ့ဒီတော့ လူနာရှင် မိန်းမက ကျမ ထင်သားပဲ ဆရာမတဲ့။ အဲ့ဒီလို ပြောပါတယ်။ ကျမ တော်တော် ရှက်သွားတယ်။ ငါ့မှာတော့ ဒီလူနာ သေ မသေ စဉ်းစားလိုက်ရတာ၊ သူကတော့ ကြိုပြီးတော့ သိနေခဲ့ပါလား။ အဲ့ဒီအချိန်မှာ ကျမဟာ ထိုင်ရာကနေ ထပြီးတော့ ထွက်ပြေးသွားချင်လောက်အောင် ရှက်ပါတယ်။ ရှက်တာနဲ့အမျှ ဒေါသလဲထွက်။ ငါ့ကို ဒီလူနာ သေမှန်း သိလျက်နဲ့ သေနေတယ်လို့ ထင်နေလျက်သားနဲ့၊ ငါ့ဆေးခန်းကို ပိတ်ပြီး လာခဲ့ရအောင် ငါ့ကို ခေါ်တယ်။ ကျမဟာ ဒေါသနဲ့ ဟောက်ထည့်လိုက်တယ်။ လူနာသေတယ်လို့ ထင်လျက်သားနဲ့ ကျမကို ဘာဖြစ်လို့ လာခေါ်တာလဲ၊ ကျမမှာဖြင့် ဆေးခန်းလူနာတွေ ပစ်ထားခဲ့ရတာ၊ ရှင်အဓိပ္ပါယ်မရှိဘူး။ ဘာလို့ လာပင့်တာလဲ ဟောက်လိုက်တော့၊ လူနာရှင်အမျိုးသမီးက မျက်နှာလေး ချပြီး ပြောပါတယ်။ ဆရာမရယ် သေတယ်လို့တော့ ထင်ပါတယ်၊ ဒါပေမယ့် ဆရာမဆီက အတည်ပြုချက်လေး ယူချင်လို့ပါတဲ့။ (ရီသံများ) အဲ့ဒါ ကျမဘ၀ရဲ့ အင်မတန် ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခုပါ။ ဒီတော့ ကျမဟာ ဆရာဝန်ဘ၀မှာလဲ ညံ့ဖျင်းတဲ့ ဆရာဝန်ပါ။
ဘယ်လောက် ညံ့ဖျင်းသလဲဆိုရင် ကျမ လူမမာတွေ အိမ်တွေ လိုက်သွားတယ်၊ ခလေးမွေးပေးရတယ်၊ ညှပ်နဲ့ ဆွဲမွေးပေးရတယ် ဆိုရင်ပဲ ကျမဟာ သားဖွါးမီးယပ်ပညာရှင်တွေလို ခံစားရပါတယ်။ ဘ၀င်မြင့်ခဲ့ပါတယ်။ အလုံး အကြိတ်လေးတွေ၊ အဆီလုံးလေးတွေ ခွဲစိတ်ရတာကိုပဲ ကျမဟာ ခွဲစိတ်ကုဆရာဝန်ကြီးလို ကျမ ဘ၀င်မြင့်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျမတို့ နိုင်ငံရဲ့ ပြင်ဘက်မှာ ဆေးပညာနဲ့ ပါတ်သက်ပြီး ဘာတွေ တွေးထင်နေသလဲ၊ ဘာတွေ စီစဉ်နေကြသလဲ ကျမ မသိပါဘူး။
ဒိထက်ပိုညံ့တာတခုက ကျမတို့ ဆရာဝန် ဖြစ်တော့နောက်မှာ ကျမတို့နိုင်ငံရဲ့ ပြည်သူ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုပါတယ်။ ပြည်သူ့ဆေးရုံ တွေမှာ တာဝန်ထမ်းဆောင်ဖို့က ဘွဲ့ရရုံနဲ့ မဖြစ်ပါဘူး။ ကျမတို့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ချင်တဲ့စိတ်ရှိရင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးရအောင် စာမေးပွဲတွေ ဖြေရပါတယ်။ အဲ့ဒီက စာမေးပွဲတွေကတော့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ကျင်းပပေးတဲ့ စာမေးပွဲတွေပါ။ အဲ့ဒီ စာမေးပွဲတွေက ဖြေပြီးအောင်မှသာ ကျမတို့ဟာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခွင့် ရှိပါတယ်။ ကျမဟာ ဘွဲ့ရရခြင်း တိုင်းပြည်ကို အင်မတန် အကျိုးပြုချင်ပါတယ်။ တိုင်းပြည်တာဝန်ကိုလဲ အင်မတန် ထမ်းဆောင်ချင်ပါတယ်။ အဲ့ဒါနဲ့ပဲ ကျမ စာမေးပွဲတွေ ဖြေပါတယ်။ ဖြေတိုင်း ဖြေတိုင်း ကျပါတယ်။ နောက်ဆုံးတကြိမ်မှာတော့ ရေးဖြေစာမေးပွဲ အောင်သွားတယ်။ အောင်သွားတော့ ကျမတို့ ကျက်ရတဲ့ စာတွေကလဲ နိုင်ငံရေးသိပ္ပံ ပါပါတယ်။ မြန်မာစာ ပါပါတယ်။ ဗဟုသုတ ပါပါတယ်။ ဆေးပညာတော့ မပါပါဘူး။ (ရီသံများ) အဲ့ဒီတော့ ကျမတို့ ရေးဖြေအောင်သွားတဲ့အခါ ကျမ ရန်ကုန်ကို လာပြီး နှုတ်ဖြေ ဖြေရပါတယ်။ နှုတ်ဖြေဖြေတော့ ကျမတို့ သူငယ်ချင်း သုံးလေးယောက် စုပြီး တအိမ်မှာ တည်းတယ်။ တည်းပြီးတော့ နောက်ဆုံးပေါ် ဂျာနယ်တွေ၊ ဆေးပညာနဲ့ ပတ်သက်တာတွေ ကျမတို့ အကုန်ဖတ်ပါတယ်။ အဲ့ဒီအချိန်တုန်းက (အိတ်စ်) ရောဂါ ကမ္ဘာမှာ လူသိခါစ၊ ရော့ဟဒ်ဆန်ကြောင့် အဲ့ဒီရောဂါကို လူတော်တော်များများက သိကုန်ကြပါပြီ။ ကျမတို့ ကျောင်းတုန်းက ဒီရောဂါဟာ မထင်ရှားသေးတဲ့အတွက် ကျမတို့ သိပ်စာမကျက်ရပါဘူး။ အဲ့ဒီအချိန်မှာ အိတ်စ်ရောဂါနဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ်နည်းတွေ၊ ဖြစ်ပွါးတဲ့ အကြောင်းရင်းတွေ၊ ဆက်သွယ်မှုတွေ အားလုံးကို ကျမတို့ တညလုံး ဖတ်ရတယ်။ ဖတ်ပြီးတော့ နောက်တနေ့ ကျမတို့ အဆင်သင့်ပဲပေါ့။ ဆေးပညာနဲ့ ပတ်သက်လို့ ဘာမေးမေး အားလုံးရပြီလို့ ဆိုပြီး ရင်ကော့ပြီး စာမေးပွဲခန်းထဲ ၀င်သွားပါတယ်။ ၀င်သွားတော့ ကျမတို့ကို မေးလိုက်တဲ့ မေးခွန်းတွေက ကျမထင်ထားတဲ့ မေးခွန်းတွေ ဘာတခုမှ မမေးပါဘူး။ ကျမ မထင်မှတ်တဲ့ မေးခွန်းတွေပဲ မေးပါတယ်။ အဲ့ဒီ မေးခွန်းတွေဟာလဲ ကျမတခါမှ မကြားဘူးတဲ့ မေးခွန်းတွေပါ။ ဘာမေးခွန်းတွေလဲ ဆိုတာတော့ ကျမ မပြောတော့ပါဘူး။ မမှတ်မိလို့ပါ။ အဲ့ဒီမေးခွန်းတွေကို မေးပြီးတော့ ကျမကလဲ မဖြေနိုင်ပါဘူး။ ကျမကို ဆေးပညာနဲ့ ပတ်သက်တဲ့တာ မေးပါ။ ကျမ အကုန်ရပါတယ် ပြောတော့ အဲ့ဒါတွေ မမေးဘူးတဲ့၊ ငါတို့ မေးတဲ့ မေးခွန်းကိုပဲ ဖြေရမယ်တဲ့။ ကျမ စာမေးပွဲ ကျခဲ့ပါတယ်။ ကျမ အင်မတန် ထမ်းဆောင်ချင်တဲ့ တိုင်းပြည်တာဝန်ကို မထမ်းဆောင်ခဲ့ရပါ။ အဲ့ဒါ ကျမတို့ ဘွဲ့ရခါစ လွန်ခဲ့တဲ့ (၁၀) နှစ်ကပေါ့။ အခုအချိန်မှာတော့ အခြေအနေ တမျိုးပြောင်းသွားပါပြီ။ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ ဖိတ်ခေါ်လျက် ရှိပါတယ်။ မြို့နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဆရာဝန်တွေ လိုနေပါတယ်တဲ့။ အရင်တုန်းက တနှစ်တနှစ် အောင်ခဲ့တဲ့ ဆရာဝန်တွေ ငါးရာ ခုနှစ်ရာလောက် ရှိပါတယ်။ ခေါ်တဲ့ဆရာဝန်က ၁၅၀ လောက်ပဲ ရှိပါတယ်။ အခုတော့ တနှစ်တနှစ် ဘယ်လောက်အောင်သလဲတော့ မသိဘူး။ ခေါ်တဲ့သူတွေက အများကြီးပဲ။ ဖြေတဲ့သူတိုင်းကို အအောင်ပေးပါတယ်။ ဒါပေမယ့် ဖြေတဲ့သူ တဖြေးဖြေး နည်းသွားပါတယ်။ ကျမကိုယ်တိုင် အရင်တုန်းက တိုင်းပြည် တာဝန်ထမ်းဆောင်ချင်တဲ့ ကျမဟာ အခုအခြေအနေမှာ သွားပြီးတော့ ဖြေရင် အောင်မယ်ဆိုတာ ကျမ သိပါတယ်။ အခုတော့ ကျမ တိုင်းပြည်တာဝန် ထမ်းဆောင်ချင်တဲ့စိတ် မရှိတာလား၊ အသက်ကပဲ ကြီးသွားတာလား မသိပါဘူး။ စိတ်မ၀င်စားတော့ဘူး။ အခုတော့ ကျမဟာ ခပ်ညံ့ညံ့ ပြင်ပဆေးကု ဆရာဝန်ဘ၀နဲ့ပဲ ဆက်ပြီးတော့ နေထိုင်လျက် ရှိပါတယ်။ အဲ့ဒါက ကျမရဲ့ ဆရာဝန်ဘ၀ ညံ့ဖျင်းမှုတွေပါ။
ဆရာဝန်ဘ၀ ပြောပြီးတော့ စာရေးဆရာဘ၀ ညံ့ဖျင်းမှုတွေကို ၀န်ခံလိုပါတယ်။ ကျမ စာရေးဆရာအဖြစ် ဘာတွေညံ့သလဲ ဆိုတာကတော့ ကျမရဲ့ ၀တ္ထုဆောင်းပါးတွေကို ဖတ်တဲ့ ပရိသတ်တွေအနေနဲ့ ထူးပြီးတော့ ၀န်ခံစရာ မလိုလောက်အောင် သဘောပေါက်ပြီးသားလို့ ကျမ ယူဆပါတယ်။ ဒီတော့ ကျမစာရေးတာနဲ့ ပတ်သက်လို့ ကျမရဲ့ အရေးအသားတွေ၊ ဇာတ်လမ်းတည်ဆောက်ပုံတွေ၊ အတွေးအခေါ်တွေ ညံ့ဖျင်းတာကိုတော့ ကျမ မပြောတော့ပါဘူး။ ဒါပေမယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ညံ့ဖျင်းတာကိုတော့ ကျမ ပြောလိုပါတယ်။ ကျမဟာ စာရေးဆရာ ဖြစ်လို့သာ ဖြစ်လာရတယ်၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ စာရေးဆရာ ဘာ့ကြောင့် ဖြစ်ချင်သလဲလို့ တယောက်ယောက်က မေးလိုက်တဲ့အခါမှာ ကျမ အိုးနင်းခွက်နင်း အမြဲဖြစ်တတ်ပါတယ်။ ဘာဖြေလို့ ဖြေရမှန်း မသိပါဘူး။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ အခုအချိန်ကျမှ ပြန်စဉ်းစားကြည့်ရတယ်။ အရင်တုန်းက ကျမ မသိပါဘူး။ အခုအချိန်လဲ ကျမ ဘာဖြစ်လို့ ပြန်စဉ်းစားမိသလဲဆိုတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးတဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရလို့ပါ။ ဒေါ်ခင်မျိုးချစ်ကို အားလုံးသိကြမှာပါ။ အဲ့ဒီဆရာမကြီးက စာရေးတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဆောင်းပါးတပုဒ် ရေးဖူးပါတယ်။ သူက ဘာကို ဥပမာပြသလဲဆိုတော့ ဖိလစ်ပိုင်အမျိုးသား အာဇာနည်ခေါင်းဆောင် ဒေါက်တာ ဟိုဆေးရီဇော်နဲ့ ဥပမာ ပြပါတယ်။ ဒေါက်တာ ရီဇော်ဟာ သူစာရေးတဲ့ အချိန်တုန်းက သူနိုင်ငံဟာ ကိုလိုနီနိုင်ငံပါ။ သူ့တိုင်းပြည် လွတ်လပ်ရေး မရသေးပါဘူး။ အဲဒီတော့ သူဟာ သူ့တိုင်းပြည်လွတ်လပ်ရေးရဖို့ ကျနော် စာ(၃)အုပ် ရေးပါမယ်တဲ့။ အဲ့ဒီစာ (၃) အုပ်ရေးပြီးတဲ့ အထိ ကျနော့်တိုင်းပြည်ဟာ လွတ်လပ်ရေး မရသေးဘူးဆိုရင် ကျနော် ကိုယ့်ကိုယ်ကို သတ်သေ ပစ်လိုက်မယ်တဲ့။ အဲ့ဒီ ရည်ရွယ်ချက်နဲ့ ကျေညာပြီး စာရေးတဲ့ သူတယောက်ပါ။ တကယ်လဲ သူစာအုပ် ရေးခဲ့ပါတယ်။ စာအုပ်နှစ်အုပ် ရေးပြီးတဲ့အခါမှာပဲ သူ့တိုင်းပြည်ဟာ လွတ်လပ်ရေး ရသွားပါတယ်။ သူကိုယ်တိုင်ကတော့ နယ်ချဲ့အစိုးရက သူပုန်ဆိုပြီး သတ်မှတ်ပြီးတော့ သေနတ်နဲ့ ပစ်သတ်ကွပ်မျက်တာကို ခံခဲ့ရပါတယ်။ သူဟာ သူရဲကောင်း ပီသစွာ ကျဆုံးသွားပါတယ်။ အဲဒီ ဒေါက်တာရီဇော်ရဲ့ ရည်ရွယ်ချက်ကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ရေးပြလိုက်တဲ့အခါ ကျမ ကိုယ့်ကိုယ်ကို သိပ်ရှက်သွားပါတယ်။ ငါ ဘာရည်ရွယ်ချက်နဲ့ စာရေးတာလဲ။ သူများတွေများ ရည်ရွယ်ချက်က မွန်မြတ်လိုက်တာ။ မြင့်မြတ်လိုက်တာ၊ ငါ့မှာတော့ ဘာရည်ရွယ်ချက်မှ မရှိပါလား၊ ကျမရေးခဲ့တဲ့ ၀တ္ထုတွေ လေးငါးပုဒ်၊ လုံးချင်းစာအုပ်နဲ့ ၀တ္ထုတွေ ၃၀ ကျော်၊ ငါဘာကို ရေးတာလဲ၊ အဲ့ဒီတခါ ကျမ နည်းနည်းတော့ သဘောပေါက်လာပါတယ်။ ကျမဟာ ရည်ရွယ်ချက်တော့ ရှိခဲ့ဟန် တူပါတယ်။ ဘာရည်ရွယ်ချက် လဲ တွေးကြည့်တော့ ကျမ၀တ္ထုတွေထဲက ကျမ ပြန်ပြီးတော့ လေ့လာကြည့်ရသလောက်တော့ ကျမဟာ အမျိုးသမီးတယောက် ဖြစ်တာနဲ့အမျှ အမျိုးသမီးများရဲ့ ဂုဏ်သိက္ခာမြင့်မားရေး၊ တိုးတက်အောင်မြင်ရေး၊ ကိုယ်ကျင့်တရား မြင့်မြတ်ရေး အဲ့ဒါတွေကို ကျမ ဦးတည်ခဲ့ပုံရပါတယ်။ ကိုယ့်ဖာသာကိုယ် ပြန်ပြီးတော့ ဆင်ခြင်မိသလောက် ပြောရရင် ဒါတွေကြောင့် ရေးမိခဲ့တယ်နဲ့ တူပါတယ်။ ဒါတောင် အခုချိန်ထိ မသေချာသေးပါဘူး။ ဇဝေဇ၀ါ ဖြစ်တုန်းပါပဲ။ ဟုတ်မှဟုတ်ရဲ့လားလို့ ကျမကိုယ်ကျမ မသေချာသေးဘူး။ ဒါပေမယ့် ဒါ ထင်မြင်ချက်တခုပါ။ ကျမ အဲ့ဒီလို ရည်ရွယ်ချက်နဲ့ ရေးခဲ့မိတယ်လို့ ကျမ ကိုယ့်ဖာသာကိုယ်ပဲ ကောက်ချက်ချရပါတယ်။ ဒါက ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမ ညံ့တာ၊ နောက်တခုက ကျမတို့ဟာ ၀တ္ထုတပုဒ် ကဗျာတပုဒ် ရေးတဲ့အခါ ကိုယ့်ရဲ့စာကို စာဖတ်ပရိသတ် ဖတ်စေချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ စာဖတ်ပရိသတ်ဆီကို ပို့ချင်တဲ့ ဆန္ဒလေးတွေ အမြဲရှိပါတယ်။ ဒါ့ကြောင့် ကျမတို့ စာတွေ ရေးပါတယ်။ ကိုယ့်ကိုယ်ကို ဖတ်ဖို့ ရေးတာထက် သူတပါးဖတ်ဖို့ ရေးတာက ပိုပြီးတော့ များပါတယ်။ အဲ့ဒီတော့ ကျမဟာ ပရိသတ်အတွက် ရည်ရွယ်ပြီးတော့ ၀တ္ထုတွေ အများကြီး ရေးတယ်။ ဒါပေမယ့် ပရိသတ်ဆီကို ရည်ရွယ်သော်လည်း ပရိသတ်ဆီကို မရောက်ပဲ မမျှော်လင့်ပဲ ရေမြောင်းထဲကို ရောက်သွားခဲ့ရတဲ့ ၀တ္ထုလေးတွေ၊ ကဗျာလေးတွေ ရှိပါတယ်။ အယ်ဒီတာစာပွဲက ဆုတ်ဖြဲပြီးတော့ ရောက်တာ မဟုတ်ပါဘူး။ အယ်ဒီတာ စာပွဲကနေ ကျော်သွားပြီးမှ အကြောင်းကြောင်းကြောင့် ကျမရဲ့ ၀တ္ထုလေးတွေ ကဗျာလေးတွေ ရေမြောင်းထဲကို ရောက်သွားတာ ကျမ ခဏခဏ ကြုံရပါတယ်။ ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုတွေထဲမှာ ပါပါတယ်။ တကယ်တော့ ကျမတို့ဟာ စာဖတ်ပရိသတ်တွေဆီကို ပို့တဲ့အခါမှာ ပရိသတ်ဆီရောက်အောင် ကျမတို့ ရေးနိုင်ရပါမယ်။ ဘယ်လို အတားအဆီးပဲရှိရှိ ဘယ်လို အဖြတ်အတောက်ပဲ ရှိရှိ ဒါကို လှည့်ပတ်ပြီး ပို့နိုင်ရပါမယ်။ အရေးကြီးတာက ပန်းတိုင်ရောက်ဖို့ပဲ။ ဒါပေမယ့် ကျမတို့က အဲ့ဒီလို မပို့တတ်ဘူး။ ကျမက ပိုပြီးတော့ မပို့တတ်ဘူး။ အဲ့ဒီတော့ ကျမက ရည်ရွယ်ချက်နဲ့ ပရိသတ်ဆီကို ရောက်အောင် ပို့ပေးလိုက်ပေမယ့် တခါတခါကျတော့ ကံအကြောင်း မသင့်လို့ ပရိသတ်ဆီကို မရောက်တော့ပဲ ရေမြောင်းထဲကို ရောက်သွားတာ ကြုံရပါတယ်။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ ရေမြောင်းထဲကို ရောက်သွားတဲ့ ၀တ္ထုလေးတွေ အများကြီး ရှိပါတယ်။ ကဗျာလေးတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲက ကျမ ကဗျာတပုဒ်အကြောင်း ပြောပြချင်ပါတယ်။ ကဗျာလေးက တိုတိုလေးပါ။ ကဗျာလေးခေါင်းစဉ်က 'လေလွင့်သူရဲ့တိမ်' လို့ အမည်ပေးထားပါတယ်။ လွန်ခဲ့တဲ့ (၈) နှစ်လောက်က ရေးထားတာပါ။ ကျမ အဲ့ဒီကဗျာကို ပရိသတ်ဆီပို့ဖို့ အခုအချိန်ထိ ၃ ကြိမ်တိတိ ပို့ပြီးပါပြီ။ ၃ ကြိမ်လုံးလုံး ရေမြောင်းထဲပဲ ရောက်သွားပါတယ်။ ဒီတော့ အဲဒီကဗျာလေး ဘာကြောင့် ရေမြောင်းထဲကို ရောက်သလဲဆိုတာ ၀ိုင်းပြီးတော့ ဆန်းစစ်ပေးပါလို့ ကျမ တောင်းပန်ချင်ပါတယ်။ ကျမ အဲ့ဒီကဗျာလေးကို ရွတ်ပြပါမယ်။ နဲနဲကြာပြီဆိုတော့ အလွတ်မရလို့ စာရွက်ကို ကြည့်ပြီးတော့ ရွတ်ပါမယ်။

မုန်းတီးသူများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

မုန်းတီးမှုတွေ စားရတယ်ဆိုတာ တခြား စားစရာ မရှိလို့ စားရတာပါ။ ကျမမှာက နေ့စဉ်နှင့်အမျှ မုန်းတီးမှုကို စားရပါတယ်။ တချို့ တချို့သော သူတွေ၊ ကံကောင်းတဲ့သူတွေကတော့ စားစရာတွေ အများကြီး ရှိမှာပေါ့။ အဟာရရှိတဲ့ အစားအစာတွေ အများကြီး စားတဲ့အခါမှာ သူတို့ရဲ့ ဗိုက်တွေကလဲ တဖြေးဖြေးနဲ့ ပိုပိုပြီး ပူလာပါတယ်။ (ရီသံ၊ လက်ခုပ်သံများ) အဲ့ဒီတော့ ဒီပရိသတ်ထဲမှာ ဗိုက်ပူသူ ရှိရင် (ရီသံများ) တချို့ကျတော့ ဘီယာသောက်လို့ ဗိုက်ပူတတ်ပါတယ်။ အဲ့ဒါတွေက တမျိုးပေါ့။ ကျမမှာတော့ သူများလို စားစရာ အဟာရလဲ သိတ်မရှိ၊ လူပုံကို ကြည့်လိုက်ပါ၊ လူပုံကလဲ ပိန်ပိန် ပုပု သေးသေးလေး၊ ဒါ အဟာရ မရှိလောက်ဖူးဆိုတာ သိလောက်ပါတယ်နော်။ ကျမတို့မှာက ဆန်စပါး။ ၀၀လင်လင် မစားရ။ တချို့တော့ ဆန်စပါးတင်မကဘူး၊ ဘိလပ်မြေတွေ ဘာတွေလဲ စားတတ်ကြတယ်လို့ ပြောပါတယ်။ (ရီသံများ) အဲ့ဒီတော့ ကျမက စားစရာ မရှိတော့ နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ မုန်းတီးမှုကို ကိုယ့်အမုန်းတွေကို ပြန်ပြီး စားရင်း ကိုယ့်ကိုယ်ကို ခွန်အားဖြစ်အောင် နေခဲ့ရပါတယ်။ အဲ့ဒီအဓိပ္ပါယ်နဲ့ ကျမဟာ ကဗျာလေးကို အဲ့ဒီလို ရေးဖွဲ့ခဲ့ပါတယ်။

မုန်းတီးမှုများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းခဲ့ပြီ။

အဲ့ဒါကလဲ အဲ့ဒီကဗျာရေးတော့ ကျမက အသက် ၃၀ မို့လို့ နှစ် ၃၀ ကြာတဲ့ မီးလျှံများလို့ ရေးတာပါ။ (ရီသံများ)

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်း စိန်ခေါ်ခဲ့ရပြီ။

နာရီလွဲတာ၊ အချိန်လွဲတာတွေ လူ့ဘ၀မှာ အများကြီးပါပဲ။ ကျမတို့ မှန်းထားတာက တခြား၊ ဖြစ်သွားတာက တခြား၊ မှန်းထားတဲ့ အချိန်ကတခြား၊ ဖြစ်သွားတဲ့ အချိန်က တခြား၊ အဲ့ဒါတွေ အများကြီး ကြုံရပါတယ်။ အဲ့ဒီတော့ ကျမက အဲ့ဒီလို ရေးပါတယ်။ 'ဘုရားတရင်း စိမ်ခေါ်ခဲ့ရပြီ' ဆိုတာလဲ ကျမတို့က စိမ်ခေါ်တာတောင်မှ ရဲရဲတင်းတင်း စိမ်မခေါ်ရဲပါဘူး။ ဘုရားကို အာရုံပြုပြီးမှ စိမ်ခေါ်ရတာပါ (လက်ခုပ်သံများ) နောက်တပိုဒ် ကျမ ဆက်ရေးပါတယ်။

ဂုဏ်သိက္ခာတွေ ကြွေမွပြီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘ၀ဆိုတာ ကောလဟလပါပဲ။

(လက်ခုပ်သံများ) ဂုဏ်သိက္ခာလဲ မရှိဘူး၊ ကိုယ်စီးတဲ့ ဖိနပ်အောက် အမှန်တရားကို မှောက်ကျပစ်လိုက် တဲ့အခါ၊ မှောက်ချပစ်လိုက်တဲ့အခါ ဘ၀ဆိုတာ ကောလဟလ တခုထက် မပိုပါဘူး။ ဒီလိုဘ၀မျိုးကဖြင့် အားကျစရာ မရှိပါဘူး။ ဒီလိုဘ၀မျိုးကို မက်မောစရာ မရှိပါဘူး။ ကျမက အဲဒီလို ရေးပါတယ်။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ
ငါ....
လေဆာရောင်ခြည်သေနတ်နဲ့ လူသတ်ချင်တယ်။

(လက်ခုပ်သံများ) ဒါပေမယ့် ဆိုတာက ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ဆန္ဒတွေ လုပ်လို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ ဒါပေမယ့်ကို ခံထားပါတယ်။

ဒါပေမယ့်
ဘာတွေမှ တွေးမနေနဲ့။

တွေးနေရင်လဲ မောရုံပဲ။ ဘာတွေမှ တွေးမနေနဲ့တော့။

တိမ်တွေကိစ္စ
ရာသီတွေရဲ့ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
အိနြေ္ဒကြီးတဲ့ကောင်းကင်လို နေလိုက်ပေါ့။

ကောင်းကင်ဆိုတာကတော့ သူ့ရဲ့အောက်မှာ ဖြစ်နေသမျှ ဘာတွေပဲဖြစ်ဖြစ် အိနြေ္ဒတခွဲသားနဲ့ပဲ ငုံ့ကြည့်နေတတ်ပါတယ်။ ကျမတို့ဟာလဲ ဘာတွေကိုမှ၊ တိမ်တွေရဲ့ ကိစ္စ၊ ရာသီရဲ့ ကိစ္စရော လောကကို တောင်းဆိုလို့ မဖြစ်ပါဘူး။ တောင်းဆိုလို့ မရတဲ့အပိုင်းတွေ အများကြီး ရှိတော့ ကျမလဲ ဒီ အိနြေ္ဒကြီးတဲ့ ကောင်းကင်ကြီးလို နေလိုက်ပေါ့လို့ ကျမက အဓိပ္ပါယ်ရပါတယ်။ (လက်ခုပ်သံများ)
အဲ့ဒါ ကျမ ပရိသတ်ဆီ ရောက်အောင်ပို့ဖို့ ရည်ရွယ်ချက်နဲ့ ရေးသော်လဲ ပရိသတ်ဆီ သုံးကြိမ်တိုင် မရောက်ခဲ့တဲ့ ကဗျာလေးပါ။ ဒါ ဥပမာပါ။ နောက်ထပ် ဥပမာတွေကိုတော့ ကျမ ရွတ်မပြတော့ပါဘူး။ အဲ့ဒီတော့ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုတွေပါ။ ကျမ ညံ့ဖျင်းမှုတွေ အားလုံးကို ရှေ့ဆက်ပြောရရင် အများကြီးရှိပါတယ်။ ဒါပေမယ့် မပြောတော့ပါဘူး။ ဒီလောက်ဆိုရင် ပရိသတ် သဘောပေါက်ပါပြီ။ ဒီတော့ ကျမ ကိုယ့်ကိုယ်ကို ညံ့နေတာကို သိသွားပြီ။ ညံ့နေတာကနေ တော်အောင် လုပ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိပါတယ်။ အဲ့တော့ ညံ့နေတာကနေ တော်အောင် ဘယ်လိုနည်းတွေနဲ့ ကျမ တော်တာ မတော်တာ အမြဲတမ်း စဉ်းစားပါတယ်။ ညံတာကလဲ ကျမတယောက်တည်း မဟုတ်ပါဘူး။ ကျမသူငယ်ချင်းဆရာဝန်တွေ သူတို့လဲ ညံ့ကြပါတယ်။ သူတို့ကို မေးကြည့်တဲ့အခါ သူတို့ကလဲ တော်ချင်တယ်လို့ ပြောကြပါတယ်။ အဲ့တော့ ကျမတို့ အားလုံးစုပြီး တော်အောင်လုပ်ကြဖို့ တမျိုးမျိုး ရှာမှဖြစ်မယ်။ ညံ့တာသိရင် သူတော်မှာပဲ၊ အဲ့တော့ ညံ့တဲ့အကြောင်းတွေကို ရှာရအောင်၊ ငါတို့ ဘာကြောင့် ညံ့သလဲ အဲ့လို ကျမတို့ မေးပါတယ်။ အဲ့တော့ ကျမတို့က လူငယ်တွေဆိုတော့ အမြဲတမ်းပဲ လူကြီးတွေကို ပုံချဖို့ စိတ်ထက်သန်တဲ့ လူတွေပါ။ ကျမတို့က လူကြီးတွေကို ပုံချတယ်။ ကျမတို့ ဘာကြောင့် ညံ့သလဲ၊ ကျမတို့ တော်အောင် လေ့ကျင့်မပေးနိုင်တဲ့ လူကြီးတွေ ညံ့လို့ ကျမတို့ တွေးပါတယ်။ (လက်ခုပ်သံများ)
အဲ့ဒါ ရာခိုင်နှုန်းပြည့်မှန်တဲ့ ကောက်ချက်တခုတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ကျမဟာ လူငယ်ရဲ့ ကိုယ်စား ကျမ သွားပြီးတော့ ကောက်ချက်ချလိုက်တာပါ။ တကယ်တမ်းကတော့ ကျမတို့ဟာ ရာခိုင်နှုန်းပြည့် တော်အောင် မကြိုးစားနိုင်ရင်၊ ၈၀% တော်အောင် ကြိုးစားသင့်ပါတယ်။ ၈၀% မရရင် ၆၀%၊ ၆၀% မရရင် ၄၀% ရဖို့ ကျမတို့မှာ တာဝန် ရှိပါတယ်။ ဒါပေမယ့် ကျမတို့က ၄၀% ရတာကို ၁၀၀% မရလို့ ဆိုပြီး ညည်းညူပြီးတော့ စိတ်ပျက်လက်ပျက် နေခဲ့ကြလို့ အဲ့ဒီထက် ညံ့လာပါတယ်။ အဲ့တော့ အဲ့ဒါတွေကို သိသွားရင် ကျမတို့ တော်ကြမယ်။ တော်အောင်လုပ်ကြမယ် ဆိုပြီးတော့ ကျမတို့ဟာ တော်ဖို့ မျှော်လင့်ချက်ကလေး ကိုယ်စီနဲ့ အသက်ရှင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲ့ဒီနေရာမှာ ကျမတို့က မျှော်လင့်ချက်သာ ထားတယ်။ မျှော်လင့်ချက်ရဲ့ အဓိပ္ပါယ် အတိအကျကို ကျမတို့ အသေအချာ မသိပါဘူး။ အဲ့တော့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမ ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက အကြောင်းအရာလေးကို ပြောရင်းနဲ့ နိဂုံးချုပ်ပေးပါမယ်။
ကျမဖတ်ဖူးတဲ့ စာအုပ်တအုပ် ရှိပါတယ်။ ကမ္ဘာကျော် စိတ်ပညာရှင် ဆရာကြီး အဲလစ်စတုန်းဆိုတာ ကြားဖူးကြမှာပါ။ ဂျမန်စိတ်ပညာရှင်ကြီးပါ။ အဲဒီ အဲလစ်စတုန်းက စာအုပ်တွေ အများကြီး ရေးပါတယ်။ သူရေးတဲ့ စာအုပ်တွေ အနက်က မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ စာအုပ်ပါ။ ခေါင်းစဉ်က 'Revolution of Hope' မျှော်လင့်ချက်၏တော်လှန်ရေး။ အဲ့လို ဘာသာပြန်လို့ ရမယ်ထင်ပါတယ်။ အဲ့ဒီ စာအုပ်ကို ကျမ သိတ်မကြာခင်က ဖတ်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါ။ အဲ့ဒီတော့ ဒီစာအုပ်ကို ဖတ်တော့ စာအုပ်ထဲမှာက မျှော်လင့်ချက်နဲ့ ပတ်သက်ပြီးတော့ သူအဓိပ္ပါယ် ဖွင့်ဆိုတာက အင်မတန် သဘောကျဖို့ ကောင်းပါတယ်။ သူက မျှော်လင့်ချက်ဆိုတာ ဆန္ဒသက်သက်ကိုသာ ပြောတာ မဟုတ်ပါဘူး။ ကျမတို့ကတော့ မွေးကတည်းက ခုချိန်ထိ ထင်လာခဲ့တယ်။ ကျမတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေဟာ ကျမတို့ မျှော်လင့်ချက်ပဲလို့ ကျမထင်ခဲ့တယ်။ ကျမဟာ သိန်း ၅၀ ကျော်လောက် ချမ်းသာတဲ့ သူဌေးမကြီး ဖြစ်ချင်တယ်။ ဖြစ်အောင်ကြိုးစားရင် ရမယ်ထင်တယ်။ ကျမဟာ လက်ညှိုးညွှန်ရာ ရေပွတ်တွေ အများကြီးပိုင်တဲ့ ဘ၀ ရောက်ချင်တယ်။
ဥပမာ ပြောတာပါ။ အဲ့ဒီလို ဘ၀မျိုးရောက်ချင်တယ်။ အဲ့ဒါဟာ ကျမရဲ့ ဆန္ဒ၊ ဒီဆန္ဒဟာ ကျမရဲ့ မျှော်လင့်ချက်ပဲလို့ ကျမ အဓိပ္ပါယ် ပေါက်ခဲ့တယ်။ ဆရာကြီး အဲလစ်စတုန်းက ဘာပြောသလဲ၊ မျှော်လင့်ချက် ဆိုတာ ဆန္ဒသက်သက်ကို ခေါ်တာ မဟုတ်ဘူးတဲ့။ မျှော်လင့်ချက်အတွက် ဆန္ဒမှာ ဆုံးဖြတ်ချက် တွဲပြီးပါရမယ်တဲ့။ ဆုံးဖြတ်ချက်မပါတဲ့ မျှော်လင့်ချက်၊ ဆုံးဖြတ်ချက်မပါတဲ့ ဆန္ဒဟာ မျှော်လင့်ချက်အရ မျှော်လင့်ချက် အသေကြီး ပဲတဲ့။ သူက Passive Hope လို့ ကျမတို့ကို ရှင်းပြပါတယ်။ Passive ဆိုတာ ကိုယ်တိုင်ပြုပြင် ဖန်တီးတာ မဟုတ်ပဲနဲ့ သူတပါးပြုပြင်ဖန်တီးတာကို စောင့်ပြီးနေတဲ့ သဘောတရားကို Passive လို့ ခေါ်ပါတယ်။ အဲ့ဒီတော့ သူက ဆုံးဖြတ်ချက်မပါတဲ့ မျှော်လင့်ချက်ဟာ မျှော်လင့်ချက် ဖြစ်ရင်တောင်မှ မျှော်လင့်ချက် အသေကြီးပဲတဲ့။ အဲဒီတော့ မျှော်လင့်ချက်အသေနဲ့ မျှော်လင့်ချက်အရှင် သူက ခွဲခြားပြတယ်။ အဲ့လို ခွဲခြားပြဖို့အတွက်လဲ သူက ကျမတို့ကို အင်မတန်ကောင်းတဲ့ ပုံဝတ္ထုကလေးတပုဒ်ကို ပြောပြပါတယ်။ အဲ့ဒီ ပုံဝတ္ထုလေးက သုံးလေးကြောင်းပဲ ရှိတဲ့ ပုံပြင်တိုကလေးပါ။ အဲ့ဒီ ပုံဝတ္ထုကလေးကို ရေးခဲ့ပါတယ်။ ခေါင်းစဉ်က 'တရားဥပဒေရှေ့မှောက်မှာ' တဲ့၊ အဲ့ဒီ ပုံဝတ္ထုထဲမှာ ဇာတ်လိုက် နှစ်ယောက်ပဲ ပါပါတယ်။ တယောက်က ခရီးသည်ကြီးတယောက်၊ အဲ့ဒီ ခရီးသည်ကြီးက သူ့လမ်းခရီးကနေပြီးတော့ တံခါးတခုရဲ့ ရှေ့ကို ရောက်လာပါတယ်။ အဲ့ဒီတံခါးကြီးက ဖွင့်ထားတဲ့ တံခါးကြီးပါ။ ပိတ်နေတဲ့ တံခါးကြီး မဟုတ်ပါဘူး။ ဖွင့်ထားတဲ့တံခါးဆိုတော့ ဖွင့်ထားတဲ့ တံခါးကြီးရဲ့ ဟိုဘက်မှာ သူဟာ အများကြီး သူမြင်ချင်တာတွေ အကုန်မြင်ရပါတယ်။ အဲ့ဒီဖက်မှာ အင်မတန် သာယာအေးချမ်းတဲ့ မြို့တော်ကြီးတခု ရှိပါတယ်။ သည်တံခါးကြီးက အဲ့ဒီမြို့တော်ကို ၀င်တဲ့ တံခါးကြီးပါ။ အဲ့ဒီတံခါးကြီးကနေ လှမ်းကြည့်လိုက်တဲ့အခါ ဟိုး မြို့တော်ထဲမှာ လူတွေ ပျော်ရွှင်နေကြတာ၊ သွားချင်တဲ့ နေရာတွေ သွားနေကြတာ၊ စကားတွေ ပြောနေကြတာ၊ ရေးချင်တာတွေ ရေးနေကြတာ၊ နားထောင်ချင်တာတွေ သူတို့ ကြားအောင် နားထောင်နေနိုင် ကြတာ၊ အဲဒါတွေ အားလုံးကို သူမြင်နေရတော့ အဲ့ဒီကို သိပ်သွားချင်တယ်။ အင်မတန် ပျော်ရွှင်တဲ့ နိုင်ငံကြီး တခုပဲ။ အဲ့ဒီတော့ ငါသွားချင်တယ်။ ခက်နေတာက တံခါးကြီးရဲ့ ရှေ့မှာ အစောင့်ကြီးတယောက် ရှိပါတယ်။ အဲ့ဒီ အစောင့်ကြီးက မတ်မတ်ရပ်ပြီးတော့ ခရီးသည်ကြီးဆီကို ကြည့်နေတယ်။ ခရီးသည်ကြီးက အစောင့်ကြီးဆီကို သွားပါတယ်။ "အစောင့်ကြီးခင်ဗျာ" တဲ့၊ "ကျနော် ဒီတံခါးကနေ ဖြတ်ပြီးတော့ ဟိုး မြို့တော်ကြီးဆီကို သွားချင် ပါတယ်။ ကျနော့်ကို ၀င်ခွင့်ပေးပါခင်ဗျာ" တဲ့။ အဲ့ဒီလို သူက ယဉ်ကျေးစွာ ခွင့်တောင်းလိုက်ပါတယ်။ ဒီတော့ အစောင့်ကြီးက ၀င်ခွင့်မပေးပါဘူးလို့ မျက်နှာထားတည်တည်နဲ့ ငြင်းလိုက်တယ်။ အဲ့ဒီတော့ ခရီးသည်ကြီးက ၀င်ခွင့်မပေးသေးဘူး ဆိုတော့ တချိန်မှာတော့ ငါ့ကို ၀င်ခွင့်ပေးမှာနဲ့တူတယ်ဆိုပြီး သူဟာ နောက်ပြန်ဆုတ်သွား တယ်။ ပြန်ပြီးတော့ ခပ်လှမ်းလှမ်းမှာ ထိုင်ပြီးတော့ စောင့်နေပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ၀င်ခွင့်ပေးတဲ့အထိ စောင့်တယ်။ သူတခါ မတ်တတ်ရပ်ပြီးတော့ အစောင့်ကြီးဆီကို ပြန်သွားပါတယ်။ "အစောင့်ကြီးခင်ဗျာ ကျနော် ဟို မြို့တော်ကြီးထဲကို ၀င်ချင်ပါပြီ၊ ကျနော့်ကို ဒီတံခါးကနေ ၀င်ခွင့်ပေးပါ" တဲ့။ အဲ့တော့ မနှစ်ကလိုပဲ အစောင့်ကြီးက မျက်နှာမာမာနဲ့ ၀င်ခွင့်မပေးဘူးလို့ ငြင်းလိုက်တယ်။ သူက မနှစ်ကလိုပဲ နောက်ပြန်ဆုတ်ပြီး ခပ်လှမ်းလှမ်းမှာပဲ ထိုင်စောင့်နေတယ်။ ငါ့ကို တချိန်ချိန်တော့ ၀င်ခွင့်ပေးမှာ ထင်ပါရဲ့၊ ဒါမှမဟုတ် တယောက်ယောက်ကပဲ ငါ့ကို ၀င်ထွက်ခွင့် လက်မှတ် တောင်ပေးမှာ ထင်ပါရဲ့၊ ဒါမှမဟုတ် တယောက်ယောက်ရဲ့ နောက်ကနေ ကပ်ပြီးလိုက်ရင် တော့ ငါ ဒီအထဲကို ၀င်ရလိမ့်မယ် ထင်ပါရဲ့။ သူဟာ တွေးပြီးတော့ သူ့နေရာမှာ ငြိမ်ပြီးတော့ ထိုင်နေပါတယ်။ အဲ့ဒီလို တစုံတယောက်က ပေးလာနိုးနဲ့ မျှော်လင့်ခဲ့တာ ရက်ကနေ လ၊ လကနေ နှစ်၊ နှစ်ပေါင်းများစွာ ကြာတဲ့အထိ သူက အဲ့ဒီနေရာမှာ ထိုင်ပြီး စောင့်ပါတယ်။ နောက်ဆုံး သူဟာ အဖိုးကြီးဘ၀နဲ့ တုန်တုန်ချိချိနဲ့ ထပြီးတော့ အစောင့်ကြီးဆီကို ထသွားပါတယ်။ သူသွားတဲ့အချိန်မှာ သူစဉ်းစားတယ်၊ ဒီတံခါးကြီးဟာ ဖွင့်ထား တာလဲ ဟုတ်တယ်၊ ဘယ်သူမှလဲ ၀င်ခွင့် လာမတောင်းကြဘူး၊ ငါတယောက်ပဲ ၀င်ခွင့်တောင်းတယ်၊ ဖြတ်ဆင်း သွားတဲ့ လူလဲ မမြင်ရဘူး၊ အဲ့ဒါ ထူးတော့ ထူးဆန်းတယ်၊ ငါ ဒီတခါ စမ်းကြည့်ဦးမှ ဖြစ်မယ်ဆိုပြီး "အစောင့်ကြီးခင်ဗျာ၊ ကျနော် ဒီအရှေ့မှာ စောင့်လာခဲ့တာ ကျနော် ဒီအရှေ့မှာ စောင့်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ကျနော် အိုလဲ အိုနေပါပြီ၊ သေလဲ သေရပါတော့မယ် အခုအချိန်ထိ ကျနော် ၀င်ခွင့်မရသေးဘူး၊ ကျနော်ဒီရှေ့မှာ စောင့်နေသမျှ နှစ်တွေမှာလဲ ဒီတံခါးကြီးထဲကို ၀င်တဲ့သူရယ်လို့ တယောက်မှ မတွေ့သေးပါဘူး၊ ကျနော်တယောက်တည်းပဲ ဒီရှေ့မှာ ရှိတယ်၊ အဲဒါဟာ ဘာသဘောလဲ ခင်ဗျာ" တဲ့။ သူက အဲ့ဒီလို မေးလိုက်တော့ အစောင့်ကြီးက "ဟုတ်တယ် ခင်ဗျားက လွဲပြီးတော့ တယောက်မှ အထဲကို ၀င်ခွင့်မတောင်းသေးဘူး၊ ၀င်လို့လဲ မရသေးဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီတံခါးဟာ ခင်ဗျားအတွက် ရည်ရွယ်ပြီး ဖွင့်ထားတဲ့ တံခါးဖြစ်လို့ပဲ၊ ဘယ်သူမှလဲ လာမမေးပါဘူး၊ အခုတော့ ကျနော် ဒီတံခါးကို ပိတ်ရပါတော့မယ်" တဲ့ ပြောပြီးတော့ သူ့ရှေ့မှာပဲ တံခါးကြီးကို ပိတ်လိုက်တယ်၊ ဒီတော့ ကပ်ဖကာရဲ့ အဲ့ဒီ ပုံဝတ္ထုလေးကို အဲလစ်စတုန်းက ကျမတို့ကို ရှင်းပြခဲ့တယ်၊ ဒီလူဟာ နှစ်ပေါင်းများစွာ ဒီထဲကို ၀င်ချင်တဲ့ စိတ်နဲ့ စောင့်ဆိုင်းနေခဲ့တာ အဲ့ဒါဟာ မျှော်လင့်ချက် မဟုတ်ဘူးတဲ့။ စောင့်ဆိုင်းမှုဆိုတာ ပါလာရင် ဒါဟာ ဆန္ဒပဲ ဖြစ်တယ်။ ဒါ မျှော်လင့်ချက် မဖြစ်နိုင်ဘူး၊ မျှော်လင့်ချက်ရယ်လို့ ပြောတဲ့အတွက် သူဟာ တံခါးထဲကို ၀င်ဖို့ ကြိုးစားသင့်တယ်။ ဒီတံခါးကို သူကိုယ်တိုင် ၀င်ဖို့ မကြိုးစားပဲ တစုံတယောက်ရဲ့ အမိန့်အာဏာ၊ တစုံတယောက်ရဲ့ အားကိုးမှုနဲ့ သူဝင်ဖို့ သူဟာ စောင့်နေခဲ့တာ။ ဒါကြောင့် သူဟာ ဒီတံခါးထဲကို ၀င်ခွင့် မရခဲ့ဘူး။ နောက်ဆုံးကြတော့ တံခါးကြီးက ပြန်ပိတ်သွားရပြီတဲ့။ ကမ္ဘာပေါ်မှာ လူတော်တော်များများဟာ ဒီလို စိတ်ထားမျိုး ရှိကြတယ်။ ကျနော်တို့တွေအားလုံးမှာ ဒီအဖိုးအိုလို စိတ်ထားမျိုး ရှိကြတယ်။ ဒါ မျှော်လင့်ချက်ပိုင်ရှင်တွေ မဟုတ်ဘူးလို့ အဲလစ်စတုန်းက ပြောပါတယ်။ ဒီတော့ ကျမတို့က အဲ့ဒီ ပုံဝတ္ထုကို ကြည့်ပြီးတဲ့အခါမှာ ကျမတို့ ညံ့နေတာတွေ တော်လာအောင် မျှော်လင့်ချက်ဆိုတာ စောင့်ဆိုင်းနေရုံနဲ့ မရဘူး၊ ကျမတို့ ကိုယ်တိုင် မဖြစ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ပါဖို့ လိုပြီးလို့ ကျမ အဲ့လို တွေးပါတယ်၊ အဲ့ဒါနဲ့ အဲလစ်စတုန်းပြောသလို မျှော်လင့်ချက် အရှင်ဖြစ်အောင် ကျမတို့ နည်းလမ်းတွေ ရှာကြပါတယ်။ ဒီအစောင့်ကြီး ကျော်ပြီးတော့ အထဲကို ၀င်ဖို့ နည်းလမ်းတွေ၊ ဒါပေမယ့် ကျမ ဘာနည်းလမ်းမှာ မတွေ့သေးပါဘူး။ ခုချိန်ထိ တံခါးကြီးက ပွင့်နေဆဲပါ။ ဒါပေမယ့် ကျမ နည်းလမ်းမတွေ့သေးတဲ့အတွက် မတော်သေးပဲ ညံ့ဖျင်းတဲ့ လူတယောက် ဖြစ်နေပါတယ်၊ ဒါဟာ ကျမတယောက်တည်း မဟုတ်ပါဘူး၊ ကျမသူငယ်ချင်းတွေ အကုန်လုံး ဒီလိုပါပဲ။ ဆရာဝန်တွေ၊ တချို့ စာရေးဆရာတွေ ကျမလောက်နီးပါး ညံ့တဲ့လူတွေ ရှိပါလိမ့်မယ်။ ဒီတော့ ကျမတို့ အထဲကို ၀င်ဖို့ နည်းလမ်းတခုခုတော့ ရှိမယ်ဆိုပြီး ရှာကြပေမယ့် နည်းလမ်းမတွေ့ခဲ့တော့ ကိုယ်ကိုကိုယ် နည်းနည်းတော့ ဒေါသဖြစ်မိတယ်။ ဘေးက ကြည့်တဲ့ ပရိသတ်လဲ ဒီလောက်ညံ့ရသလားဆိုပြီး ဒေါသထွက်ချင် ထွက်ပါလိမ့်မယ်။ အမှန်အတိုင်း ၀န်ခံရရင်တော့ ကျမဟာ ဒီခရီးသည်ကြီးလို ဖြစ်နေဆဲပါ။ ဒီနေရာမှာ ကျမ စာနယ်ဇင်း သတင်းစာဆရာကြီး တယောက်ကို လူတယောက်မေးတဲ့ မေးခွန်းနဲ့ ကိုယ့်ကိုကိုယ် ဖြေသိမ့်ပါတယ်။ သူက နိုင်ငံကျော် စာနယ်ဇင်း သတင်းစာဆရာကြီးတယောက်ကို ဘာမေးသလဲ ဘာပြောသလဲဆိုတော့ "ခင်ဗျားတို့ သတင်းစာဆရာတွေဟာ ပြဿနာတွေကို ရှာနေကြတာပဲ၊ ပြဿနာတွေကို ရှာပြီး ဒီပြဿနာရဲ့ အဖြေကိုတော့ ပြည်သူတွေကို ချပြဖို့ သတိမရကြဘူး၊ ခင်ဗျားတို့ တော်တော်ညံ့တဲ့ လူတွေပဲ" လို့ သတင်းစာဆရာကြီးကို ဝေဖန်ပါတယ်။ ဒီတော့ သတင်းစာဆရာကြီးက ပြန်ပြောလိုက်ပါတယ်။ "ဟုတ်ကဲ့၊ ကျနော်ဟာ ပြဿနာရဲ့ အဖြေမသိလို့သာ သတင်းစာဆရာ လုပ်နေတာပါ၊ ပြဿနာရဲ့ အဖြေကိုသာ သိရင် နိုင်ငံရေးသမားပဲ လုပ်မှာပေါ့" တဲ့။ အဲ့ဒီလို သူက ဖြေတယ်၊ ဒီတော့ ကျမလဲ ဒီသတင်းစာဆရာကြီးလိုပဲ ဖြေရပါ လိမ့်မယ်။ ကျမဟာ စာရေးဆရာသာ ဖြစ်ပါတယ်၊ စာရေးဆရာ ဖြစ်တဲ့အတွက် ပြဿနာတွေ ရှာတယ်လို့ အဓိပ္ပါယ် သက်ရောက်ရင် သက်ရောက်သွားပါလိမ့်မယ်။ ကျမဟာ ပြဿနာတွေရဲ့ အဖြေကို မသိလို့သာ စာရေးဆရာ ဖြစ်နေတာပါ။ ပြဿနာတွေရဲ့ အဖြေကို သိရင် နိုင်ငံရေးသမား လုပ်မှာပေါ့။ အဲ့ဒီလိုဆိုရင် (လက်ခုပ်သံများ) အဲလို့သာဆိုရင် ကျမကို ခုလို ရန်ကုန် စက်မှုတက္ကသိုလ် စာပေဟောပြောပွဲ စင်မြင့်ပေါ်မှာ ကျမကို တွေ့ရမှာ မဟုတ်တော့ပါဘူး။ ကျေးဇူးတင်ပါတယ်ရှင်။ ။
(လက်ခုပ်သံများ)

ဂျူး
(၁၉၉? လောက်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ဟောပြောချက်ကို ဒေါင်းအိုးဝေ စာစောင်( ? ခုနှစ်) မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။)

အပြည့်အစုံ..သို့ ...>>>

Tuesday, December 8, 2009

လေးဘက်မြင်
ရေးသူ- ၀င်းဇော်



ကလေးတို့၏ "ဘဘဦးလှ"
လူငယ်တို့၏ "ဦးလေးလှ"
ရောင်းရင်းတို့၏ "ကိုလှ"
ပြည်သူတို့၏ "ပြည်သူ့ဘက်တော်သား လူထုဦးလှ"

ဝင်းဇော်



ဦးလေး ကွယ်လွန်သည်မှာ လေးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဦးလေးဆုံးစဉ်က ကျွန်တော် အပြင်လောကသို့ ရောက်နေပါပြီ။ သို့သော် ဦးလေးဈာပနသို့ မရောက်နိုင်ခဲ့ပါ။ ဂါဒီယန် ဦးစိန်ဝင်း၊ ဟံသာဝတီ ဦးဝင်းတင်တို့ထံ သွားရောက်ပြီး အတူလိုက်ပါနိုင်ရန် အဖော်စပ်ခဲ့သေးသည်။ သို့သော် မိတ်သင်္ဂဟ အားလုံးက လေဖြတ်ပြီး ကိုယ်တခြမ်းသေ ဒုက္ခိတအဖြစ် အိမ်ပြန်ရောက်လာရသော ကျွန်တော့်အား လိုက်ပါခြင်း မပြုရန် တားကြသည်။ နောက်ဆုံး၌ ကျွန်တော့်စိတ်ကို လျှော့လိုက်ရသည်။ ဦးလေးအား နောက်ဆုံးသော နှုတ်ဆက်ခြင်း ဂါရ၀အမှုကို မပြုလိုက်ရတော့ပါ။
ဦးလေး ကွယ်လွန်ပြီးနောက် ဦးလေးအမှတ်တရ စာအုပ်တအုပ်ထုတ်ရန် ဒေါ်ဒေါ်က စာများစုနေ သောအခါ ကျွန်တော့်အားလည်း အရေးခိုင်းခဲ့သည်။ သို့သော် ကျွန်တော် မရေးဖြစ်ခဲ့။ ညာဘက် လက်တဘက်၊ ညာဘက်ခြေတဘက် မလှုပ်ရှားနိုင်တော့သော ဒုက္ခိတမို့ ကျွန်တော် စာမရေးနိုင်တော့ပြီဟု ထင်ခဲ့ကြသည်။ စင်စစ် ကျွန်တော်သည် ဆေးရုံပေါ်မှာ (၆)လခန့် တက်ရောက် ကုသနေရစဉ်ပင် လက်ဝဲဘက်နှင့် စာအရေးကျင့်ပြီး စာရေးတတ်နေပြီ ဖြစ်ပါသည်။ ကျွန်တော် မရေးဖြစ်သည့် အကြောင်းမှာ ဦးလေး၏ သားသမီးများ ၀င်ရောက်ရေးသားခြင်း မပြုသကဲ့သို့ပင် ဖြစ်ပါသည်။ ဦးလေးလူထုဦးလှ၏ အကြောင်းကို လူထုမှ မွေးဖွား သန့်စင်ပြီး လူထုမှပင် လူတလုံး သူတလုံးဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့သော ကျွန်တော်တို့က ရေးသည်ဆိုလျှင် ကိုယ့်ဘက်ကိုယ် ၀ိုင်းယက်နေကြသည်ဟု ယူမှတ်ဖွယ်ရာ ရှိနိုင်ပါသည်။ ဤသို့ဆိုလျှင် ဦးလေးသိက္ခာ ထိခိုက်ဖွယ်ရာ ရှိသည်ဟု ထင်မြင်မိ၍ မရေးခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် ဦးလေး၏ အကြောင်းကို ဦးလေး၏ တသက်တာ လုပ်ရပ်များ၊ ဦးလေး၏စာများက ပြောပြခဲ့ကြပြီဖြစ်၍ ထူးထူးထွေထွေ ရေးသားနေစရာပင် မလိုတော့ဟုလည်း ထင်မိသောကြောင့် ဖြစ်ပါသည်။ သို့သော် ဒေါ်ဒေါ်က ဦးလေးအတွက် နောက်ထပ်စာအုပ် ထပ်ရိုက်ရန် စာများစုနေသည်။ ရတန်သလောက် ရနေပြီ၊ မင်းလည်း ရေးပါဟု ခိုင်းစေသည်ကတကြောင်း၊ ပထမ စာအုပ်ကို ဖတ်ပြီးသည်နောက် အတန်ငယ် ရေးစရာလေးများ ခေါင်းထဲမှာ ရှိထားသည်က တကြောင်းကြောင့် ဤစာကို ကျွန်တော် ရေးဖြစ်ပါသည်။ တသက်လုံး သုံးလာခဲ့သော ညာလက်ကို အသုံးမချနိုင်တော့သည့် ဘ၀သို့ ရောက်ခဲ့သော်လည်း ကျန်ရှိနေသေးသော လက်ဝဲလက်ကို ကြိုးစား ကျင့်ယူပြီး ရေးခဲ့ရခြင်း ဖြစ်၍လည်း အနိုင်မခံ အရှုံးမပေးသော စိတ်ဓါတ်မျိုး မွေးကြ၍ ဘ၀ကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကာ "လူတလုံး" ဖြစ်လာဖို့ ကြိုးစားရန် အမြဲသွန်သင် ဆုံးမ နည်းလမ်းပြခဲ့သော ဦးလေး၏အကြိုက် ဖြစ်လိမ့်မည်ဟုလည်း ထင်မိပါသည်။
ဦးလေးကို ထင်ရှားသော သတင်းစာဆရာကြီးတဦး၊ စာအရေးကောင်းသော စာရေးဆရာကြီးတဦး၊ အစုအဆောင်းကောင်းသော သမိုင်းပညာရှင်တဦးအဖြစ် မြန်မာသာမက ကမ္ဘာကပင် သိကြပါသည်။ ဦးလေးသည် ကမ္ဘာ့ကလေးသူငယ်များအတွက် ပုံပြောကောင်းသော "ဘဘဦးလှ" ဖြစ်သလို၊ လူငယ်စာပေသမား များအတွက် စိတ်ရှည်လက်ရှည်ဖြင့် ပုံတိုပတ်စများဖြင့် ဆုံးမသွန်သင်ခြင်းကိုပင် ဆုံးမသွန်သင်သည်ဟု မသိရအောင် လမ်းညွှန်မှု ပေးတတ်သော "ဦးလေးလှ" ဖြစ်သလို၊ မိတ်ဆွေအပေါင်းအသင်းများအတွက်လည်း ယာလက်က ရေချမ်းအိုးကိုင်ကာ လက်ဝဲလက်က သပြေခက်ကို ကိုင်စွဲပြီး ရွှင်လန်းချမ်းမြေ့စေတတ်သော "ကိုလှ" "နောင်ကြီးလှ" ဖြစ်ပါသည်။ ထိုသို့သော ဦးလေးအား လူတကာကပင် ချစ်ခင်ကြည်ညိုဖွယ်ရာ သူတော်ကောင်း ကြီးတဦးအဖြစ် လေးစားကြပါသည်။ ဦးလေးသည် ပြည်သူ့ဘက်သား သတင်းစာဆရာတဦး၏ သိက္ခာနှင့် စောင့်စည်းအပ်သည့် ကျင့်ဝတ်သိက္ခာမှန်သမျှကို ခါးဝတ်ပုဆိုး မြဲသကဲ့သို့ တင်းတင်းကျပ်ကျပ် စောင့်ထိန်းခဲ့သူ၊ ရှာမှရှားသော သတင်းစာဆရာတဦး ဖြစ်ပါသည်။ အရက်သေစာ မဆိုထားနှင့် ဆေးလိပ်ကိုမျှ မသောက်သောသူ တဦးလည်း ဖြစ်ပါသည်။ မိတ်ဆွေအပေါင်းအသင်း ရဲဘော်ရဲဘက်များကို ကူညီစောင့်ရှောင့်တတ်သူ၊ အတိဒုက္ခရောက်သူမှန်သမျှကို ကိုယ်ဖိရင်ဖိ ကူညီတတ်သူ တဦးလည်း ဖြစ်ပါသည်။
ဤအချက်များကို ကြည့်၍ ဦးလေး၏ ရုပ်ပုံကားချပ်ကို ရေးချယ်လိုက်ကြသောအခါတွင် "သူတော်စင်" ကြီးတဦးအသွင် ထင်းထင်းကြီး ပေါ်ပေါက်လာလေ့ ရှိပါသည်။
စင်စစ် ဦးလေးသည် အခါခပ်သိမ်း မေတ္တာပွါးများနေသူ၊ ခန္တီစ သည်းခံခြင်းတရားကို ဟောကြားလေ့ရှိသူ၊ ရွှေပြည်အေးသမားတဦး မဟုတ်ဟူသော အချက်ကို လူထုသတင်းစာ ပိတ်လိုက်ဖွင့်လိုက် ကာလများတလျှောက် ဦးလေး၏ ရေးသားချက်များက ပြောပြနေပါသည်။ ဦးလေးသည် အများသူငါ သတ်မှတ်ကြသည့် သူတော်ကောင်း ဆိုသည့် ပုဂ္ဂိုလ်မျိုး သက်သက် မဟုတ်ပါ။ ဦးလေးသည် မြန်မာနိုင်ငံ၏ သမိုင်းစဉ်တလျှောက်လုံးတွင် မမှိတ်မသုန် ပါဝင်လှုပ်ရှားခဲ့သော တော်လှန်ရေးသမားကြီးတဦးလည်း ဖြစ်သည်ဆိုသောအချက်ကို ဦးလေး၏စာများက ပြောပြခဲ့ကြပါသည်။ ဤအချက်ကို အတော်များများ အထူးသဖြင့် ကျွန်တော်တို့ မျိုးဆက်လူငယ်များက သတိမမူမိဘဲ ဖြစ်ခဲ့ကြပါသည်။ ကျွန်တော်တို့ ခေတ်လူငယ်များသည် လူထုသတင်းစာကိုမူ မီးရှူးတိုင်သဖွယ် လမ်းညွှန်အဖြစ် သဘောပိုက်ခဲ့ကြပါသည်။ အထူးသဖြင့် ဒေါ်ဒေါ်၏ စူးရှထက်မျက်သော အရေးအသားများကို အားရပါးရ ဖတ်ပြီး ကြက်သီမွေးညင်း ထခဲ့ကြရပါသည်။ ဒေါ်ဒေါ်က နံမည်နှင့်လိုက်အောင် မာသလောက်၊ ပြတ်သလောက်၊ ရဲရဲတောက်ဖြစ်သလောက် ဦးလေးလှက ပျော့လွန်းသည်၊ လစ်ဘရယ်ဆန်လွန်းသည်၊ အပေးအယူလုပ်လိုသော သဘောတွေ များလွန်းသည် စသည်စသည်ဖြင့် အားမလိုအားမရ ဖြစ်ခဲ့ကြပါသည်။ အချို့ အချို့သော သူများကမူ ဦးလေးကို ပြုပြင်ရေးသမားကြီးမျှသာ ဖြစ်သည်ဟု ယူဆ သတ်မှတ်ခဲ့ကြပါသည်။ ကတ္တီပါအိတ်ကိုသာမြင်ပြီး အတွင်းမှ လက်သီးကို မမြင်သူများနှယ် ဖြစ်ခဲ့ကြသည်။
ဦးလေး၏ တသက်တာလုပ်ရပ်များ၊ ဦးလေးတဘ၀လုံး ရေးခဲ့သောစာများက ဦးလေး၏ သမိုင်းကို ပြောခဲ့ပါသည်။ သို့သော် ထိုအချက်များကို ကျွန်တော်တို့ မေ့လျော့ပစ်ထားခဲ့ကြပါသည်။
ဦးလေးသည် သူ့ကျွန်ဘ၀ မြန်မာနိုင်ငံရေး နိုးကြွခါစ ခေတ်ဦးအစကပင် တပ်ဦးက ပါလာခဲ့သူတဦး ဖြစ်ပါသည်။ ထိုခေတ် ထိုအခါက တိုးတက်သော လူငယ်ခေါင်းဆောင်များနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါသည်။ ဖက်ဆစ်တော်လှန်းကာလတွင်လည်း ဦးလေးသည် ကျရာတာဝန်ယူ၍ ဆောင်ရွက်ခဲ့ပါသည်။ စစ်အပြီး လွတ်လပ်ရေး ဆိုရှယ်လစ်ရေးတိုက်ပွဲများတွင်လည်း တပ်ပေါင်းစုကြီးဖြစ်သော ဖဆပလတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ လွတ်လပ်ရေးခေတ်တွင် ဖဆပလတို့၏ ပြူစောထီး ကာကွယ်ရေးများ၊ ဗတလစ ခါးပိုက်ဆောင်တပ်များ "ရမ်ဘို" ၀ါဒ ကျင့်သုံးပြီး ရမ်းကားခဲ့စဉ်ကလည်း သတင်းစာတိုက်ကို ဗုံးအခွဲခံ၊ ချိတ်အပိတ်ခံ၊ လူပါအဖမ်းခံ၍ ဆန့်ကျင်ခဲ့ပါသည်။ ဤသည်တို့မှာ ဦးလေး၏ ဘ၀များက ပြောပြခဲ့သော ဦးလေး၏ နိုင်ငံရေးစစ်မျက်နှာမှ လုပ်ရပ်များပင် ဖြစ်ပါသည်။
စာပေနှင့် ယဉ်ကျေးမှု စစ်မျက်နှာတွင်လည်း ဦးလေး၏ ဆောင်ရွက်ချက်များမှာ မနည်းလှပါ။ လူအများမေ့လျော့ထားကြသော တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည်ရင်းနှီးရေးကို ဦးလေးသည် တိုင်းရင်းသားပုံပြင်ပေါင်းများစွာ ပြုစုရေးသား၍ ဆော်သြခဲ့ပါသည်။ ဦးလေး၏ ပုံပြင်စာအုပ်များသည် ကလေးများ အပြင်းပြေဖတ်ရန် သက်သက် ရေးခဲ့ခြင်း မဟုတ်ပါ။ တိုင်းရင်းသား လူမျိုးအချင်းချင်း တဦးကိုတဦး နားလည် သဘောပေါက်မှုများ တိုးပွါးရေးကို ရှေ့ရှုရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ကျေးလက်ဒေသ စာမတတ်သူ ပပျောက်ရေးကိစ္စ၊ နတ်တော်လ တလလုံး စာရေးဆရာများ နယ်ထွက်ဟောပြောရင်း လူထုကြားဆင်း၍ လူထုကို ထိတွေ့ကာ လေ့လာရေးစသော ကိစ္စများတွင်လည်း ဦးလေးသည် စတင်ဆော်သြသူတဦး ဖြစ်ပါသည်။ ယနေ့ စာပေလောကတွင် တိုးတက်သော ကဗျာဆရာ၊ စာရေးဆရာအဖြစ်တည်ရှိနေကြသော လူလတ်ပိုင်း စာရေးဆရာ အတော်များများမှာ ဦးလေး၏ ပြုစုပျိုးထောင်မှုဖြင့် ရှင်သန်ကြီးထွါးလာခဲ့ကြခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ဦးလေးသည် ကမ္ဘာကလေးသူငယ်များ၏ ပုံပြင်ပြောကောင်းသော "ဘဘဦးလှ" ဖြစ်သလို....
တိုးတက်သော လူငယ်လူရွယ်တို့ ချစ်ခင်ကြည်ညိုလေးစားအပ်သော "ဦးလေးလှ" ဖြစ်သလို...
ရောင်းရင်းမိတ်ဆွေများ၏ သဘောကောင်း၊ မနောကောင်း၊ အကျင့်သီလကောင်းသော "ကိုလှ" "နောင်ကြီးလှ" ဖြစ်သလို....
ပြည်သူ့သတင်းစာဆရာ၊ စာရေးဆရာကြီးတဦးလည်း ဖြစ်သည်ဟု ရဲရဲကြီးပင် ကျွန်တော်ဆိုလိုက် ပါသည်။

ဝင်းဇော်။
[လူထုချစ်သမျှ လူထုဦးလှ (ဒုတိယတွဲ) စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၀ ပြည့် ဇန်န၀ါရီလ မှ ကူးယူဖော်ပြ ပါတယ်။]

အပြည့်အစုံ..သို့ ...>>>

အကန်တော့ခံထိုက်တဲ့ စာရးဆရာ
ရေးသူ- ၀င်းဦး


ပြီးခဲ့တဲ့ သီတင်းကျွတ် လထဲတုန်းက ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ စန္ဒာမဂ္ဂဇင်းမှာ ဒေါ်ဒေါ် (လူထုဒေါ်အမာ) ရေးသားနေတဲ့ 'အညာသူများ ပင်လယ်သွား' ဆောင်းပါးရှည်ရဲ့ နောက်ဆက်တွဲနဲ့ အဆုံးသတ် အပိုင်းများကို ဒေါ်ဒေါ်က ကျွန်တော့်ဆီ ကြိုတင်ပြီး အပြီးရေးပို့တယ်။ ဒေါ်ဒေါ်ရဲ့ ဆောင်းပါးများ ရတဲ့အချိန်မှာ သီတင်းကျွတ်ရာသီက မကုန်သေးတော့ ကိုယ်က လူကြီးတွေကို သွားဂါရ၀ပြု၊ လူငယ်တွေက ကိုယ့်ဆီလာပြီး ဂါရ၀ပြုနဲ့ တော်တော်ကလေး မအားမလပ်ဖြစ်သွားတယ်။ ဒါကြောင့် ဆောင်းပါးရပြီး လေးငါးရက်ကြာမှပဲ မန္တလေးကို ဖုံးဆက်ဖြစ်တယ်။ ဖုံးထဲကပဲ နောက်ထပ်လဲ ဒေါ်ဒေါ်ရေးပါဦးလို့ တောင်းပန်လိုက်တယ်။ တန်ဆောင်တိုင်လောက်ကျရင် မန္တလေးကို ကျွန်တော်တက်လာဦးမှာမို့ ဒေါ်ဒေါ့်ဆီလာခဲ့ပါမယ်လို့လဲ ပြောရပါတယ်။ ဒေါ်ဒေါ်က ဆက်ဆက်ဝင်ဖို့အကြောင်းနဲ့ နောက်ထပ်ရေးဖို့အကြောင်းလဲ စဉ်းစားထားမယ်လို့ ပြောပြီး ကျွန်တော့်မှာ အားလပ်ချိန်များ ရှိမယ်ဆိုယင် ဦးလေးလှ (လူထုဦးလှ)နှင့် ပတ်သက်တဲ့ ဆောင်းပါးတစောင် ရေးပေးစမ်းပါ၊ အခြားသူများလဲ ရေးကြမယ်။ အဲဒါတွေ စုပြီး စာအုပ်ထုတ်မယ်လို့ ပြောပါတယ်။ တတ်နိုင်ယင် မြန်မြန်လိုချင်ပါသတဲ့။



ဒါနဲ့ တန်ဆောင်မုန်းလထဲမှာပဲ စာရေးဆရာ မြသန်းတင့်ရယ်၊ မောင်နေ၀င်းရယ်၊ ကျွန်တော်ရယ် သုံးယောက်သား မန္တလေးကို တက်လာဖြစ်ကြတယ်။ မန္တလေးကနေ တခါ မေမြို့ကို တပတ်တန်သည် နှစ်ပတ်တန်သည် သွားရောက်နေထိုင်ပြီး နားနားနေနေနဲ့ စာကလေး ပေကလေး ရေးကြဖို့ပါပဲ။ ကျွန်တော်တို့ဟာ မန္တလေးရောက်တော့ ကြာကြာမဆိုင်းပဲ မေမြို့တက်ချင်ကြလို့ ဒေါ်ဒေါ့်ဆီကို မ၀င်ဘူး။ တကြောင်းကလဲ ကျွန်တော်တို့ သုံးယောက်စလုံးဟာ ဦးလေးလှအကြောင်း ဆောင်းပါးတွေကို အသီးသီး ရေးကြပြီးမှပဲ မေမြို့ကနေ မန္တလေး ပြန်ဆင်းလာတဲ့အခါမှာ ဒေါ်ဒေါ့်ဆီဝင်ပေးရင်း ဂါရ၀ပြုကြမယ်လို့ ရည်စူးထားလို့ပါ။ ဆရာ မောင်နေ၀င်းတို့၊ မြသန်းတင့်တို့မှာက ဦးလေးလှနဲ့ ပတ်သက်လို့ ရေးစရာသားစရာတွေ တော်တော်ကလေး ရှိကြတယ်လို့ ဆိုတယ်၊ ရေးမယ်လို့လဲ ပြောကြတယ်။ ကျွန်တော့်မှာတော့ များများစားစား မရှိဘူး။
ဟိုး 'ရွှံ့နှင့်စစ်သား' ကစပြီး 'ဘိန်းဖြူသမား အမှားကမ္ဘာ' တို့အထိ ဦးလေးလှရဲ့ စာပေတွေနဲ့ ကျွန်တော်တို့ ထိတွေ့ ရင်းနှီးခဲ့တာတော့ မှန်ပါတယ်။ ဒါကလဲ ကျွန်တော်မှ မဟုတ်၊ စာပေမွေ့သူ မှန်သမျှ ဦးလေးလှရဲ့ စာတွေနဲ့ အနည်းနဲ့ အများဆိုသလို ဆုံခဲ့ ကြုံခဲ့ကြတာချည်းမို့ ဦးလေးလှရဲ့ စာပေသုံးသပ်ပြီးများကို ကျွန်တော့်အနေနဲ့ ရေးဖို့က မဟုတ်သေးဘူး။ ဒါမျိုးက မိတ်ဆွေရင်းတွေ၊ စာပေသုတေသီတွေရဲ့ ကိစ္စပဲလို့ အောက်မေ့ရတယ်။
ကျွန်တော့် အဖို့ရာမှာတော့ ဦးလေးလှနဲ့ တွေ့ကြုံ သိကျွမ်းခဲ့တာကလေးတွေကိုပဲ ရေးရမှာ ဖြစ်ပါတယ်။
၁၉၆၉ ခုနှစ်လောက် ကျွန်တော်ဟာ စန္ဒာမဂ္ဂဇင်းကို ထုတ်ဝေတော့ စာရေးဆရာကြီးများကို ကန်တော့ပွဲ လုပ်ခဲ့တယ်။ ကျွန်တော့်ကို အကြံကောင်း ဥာဏ်ကောင်းပေးသူကတော့ စာရေးဆရာ သခင်တင်ဦးပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာတော့ သခင်တင်ဦးကပဲ အစစအရာရာ ဆောင်ရွက် ဆော်သြပေးတယ်။ မန္တလေးကိုလဲ သခင်တင်ဦးပဲ ဆက်သွယ်ပေးပြီး ဦးလေးလှနဲ့ ဒေါ်ဒေါ်တို့ရဲ့ တပည့်တဦး ဖြစ်တဲ့ မောင်စွမ်းရည်က အကူအညီပေးပါတယ်။ ရန်ကုန်မှာက ကျွန်တော့်အိမ်မှာပဲ ဆရာကြီးများကို ပင့်ဖိတ်ပြီး ကန်တော့ပါတယ်။ မန္တလေးမှာတော့ ဓမ္မဗိမာန်မှာ စုဝေးကြပြီး ဆရာကြီးများက အကန်တော့ခံပါတယ်။ ဘယ်သူတွေ ပါကြတယ်ဆိုတာကိုတော့ ဟိုစဉ်ကပဲ စန္ဒာမဂ္ဂဇင်းမှာ သခင်တင်ဦးက ဆောင်းပါးရေးပြီး ဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အခုဆောင်းပါးဟာ ဦးလေးလှတို့ ဒေါ်ဒေါ်တို့နဲ့ ဘယ်လို စတင်ပြီး ခင်မင်သိကျွမ်းခဲ့ရတယ် ဆိုတာကို ဖော်ပြတာဖြစ်လို့ ကျွန်တော့် ကန်တော့ပွဲအကြောင်းကို အကျယ်ချဲ့ရေးဖို့ မလိုဘူးလို့ပဲ ထင်ပါတယ်။ ဦးလေးလှနဲ့ စာရေးဆရာ ကန်တော့ပွဲ ကျမှပဲ မြင်ဖူး၊ တွေ့ဖူး၊ သိကျွမ်းဖူးတယ်လို့ပဲ ဆိုချင်ပါတယ်။
သခင်တင်ဦးနဲ့ တိုင်ပင်ပြီး ကန်တော့တဲ့ စာရေးဆရာတွေ စာရင်းပြုစုကြရာမှာ ကျွန်တော်က စာပေဂုဏ် အင်္ဂါအရ ပြည့်ဝတဲ့ ဆရာကြီးများကို ပင့်ဖိတ်ဖို့ ပြောပါတယ်။ ဒါကလဲ ဒီလိုပါ။ မြန်မာတယောက်အနေနဲ့က ကြီးသူကို ငယ်သူက ဂါရ၀ပြုမြဲပါ။ ဗုဒ္ဓဘာသာဝင်အနေနဲ့ဆိုရင် ၀ါလကင်းလွတ်တာနဲ့ သက်ကြီးဝါကြီးများကို ကန်တော့နေကျပါ။ ကျွန်တော်က စာရေးတဲ့ သက်ကြီးများကို သီးသန့် ပင့်ဖိတ်ကန်တော့ခြင်း ဖြစ်တော့ ဂုဏ၀ုဒ္ဓိ ၀ယ၀ုဒ္ဓိ စာပေအရာအားဖြင့်လည်း ကန်တော့ထိုက်သူ ဖြစ်ရမယ်လို့ တွေးပါတယ်။ ဟိုစဉ်က ကန်တော့ပွဲမှာ ကျွန်တော်ကန်တော့ချင်တဲ့ စာရေးဆရာများ အကုန်အစင် ပါဝင်တယ်လို့ မဆိုလိုပါဘူး။ တချို့လဲ မကျန်းမာလို့၊ တချို့လဲ ခရီးဝေးရောက်နေကြလို့ မလာနိုင်ကြတာ ရှိပါတယ်။ လာဖြစ်တဲ့အထဲမှာ ဦးလေးလှတို့၊ ဒေါ်ဒေါ်တို့ ပါလို့ ကျွန်တော် ကန်တော့ခွင့် ရခဲ့ပါတယ်။
ကန်တော့ပွဲမှာ ၀ိုင်းဝန်းပြီး ဆုံးမစကား သြ၀ါဒများ ပြောတဲ့အခါမှာ ဦးလေးလှကလဲ ကျွန်တော့်ကို စကားတခွန်းပြောပါတယ်။ စန္ဒာမဂ္ဂဇင်း အမြဲရှင်သန်နေတာကို မြင်ချင်ပါသတဲ့။ ခုထက်ထိ စန္ဒာကို ကျွန်တော် ထုတ်ဝေဆဲမို့ ဦးလေးလှရဲ့ ဆန္ဒပြည့်ဝပါတယ်လို့ ခေါ်ရပါမယ်။ စန္ဒာမှာ ဦးလေးလှတို့ ဒေါ်ဒေါ်တို့ စာပေအင်အားနဲ့ ထောက်ကူပေးကြတာဟာ အများအပြားပါပဲ။ ဒုတိယအကြိမ် ဦးလေးလှနဲ့ ဒေါ်ဒေါ်တို့နဲ့ ထိတွေ့ရတာကတော့ ရန်ကုန်ရောက်တုန်းအခိုက်မှာ ကျွန်တော်က သွားတွေ့တော့ ဦးလေးလှတို့ စာကို စကားပြောလို ရေးတာအပေါ် ကျွန်တော် ဘယ်လိုသဘောရသလဲလို့ ဦးလေးလှက မေးတယ်။ ဒေါ်ဒေါ်ကလဲ ရွှေတလေးခေါ် ကာတွန်း ဦးဘကလေး အကြောင်းရေးထားတဲ့ စာအုပ်တအုပ်ပေးရင်း ကျွန်တော့် ထင်မြင်ချက်ကို တောင်းတယ်။
ကျွန်တော်ဟာ မဂ္ဂဇင်းတစောင် တည်ထောင်ပြီး တည်းဖြတ်ထုတ်ဝေနေသူ တယောက်တော့ ဖြစ်ပါတယ်။ ဆယ့်လေးငါးနှစ်သား ကတည်းက စာရေးလာပြီး ကိုယ့်အထွာနဲ့ကိုယ်တော့ ကိုယ့်အင်အားကလေးနဲ့ ကိုယ် ခုထိ ရေးဆဲ သားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် စာပေဟန်၊ စာပေစနစ်တို့နဲ့ ပတ်သက်လို့ကတော့ သုံးသပ်ဖို့ဟာ မရဲသေးဘူး။ လူကြီးတွေ ခွင့်ပေးတဲ့ တိုင်အောင် ကိုယ်က မကျူးလွန်ရဲဘူး။ အဲဒီတော့ ကိုယ့်ဥာဏ် သွားသမျှ စမ်းသပ်ချက်တရပ် လုပ်ကြည့်တယ်။ အဲဒါကတော့ ဒေါ်ဒေါ်ရေးတဲ့ ဦးဘကလေး အတ္ထုပ္ပတ္တိထဲက ဦးဘကလေးဟာ 'ဝေလွင်လွင်' ဇာတ်ကားကို ပင်လယ်ပိုင်းမှာ ဘယ်လိုသွားပြီး ရိုက်ကူးတယ်ဆိုတဲ့ အကြောင်းကို ဒေါ်ဒေါ်ရေးထားတဲ့အတိုင်း တသွေမတိမ်း ဖတ်ပြခြင်းပါဘဲ။ ဖတ်ပြတယ်ဆိုတာလဲ အသံဖမ်းစက် ရှေ့မှာပဲပေါ့။ တိပ်ကြိုးခွေထဲ အသံသွင်း ထည့်လိုက်တာပါ။ ဒေါ်ဒေါ်ရဲ့ ဝေလွင်လွင်ဆောင်းပါးက ဖတ်လို့ ပြောလို့ ကောင်းတယ်။ ဌာန်ရော၊ မာန်ရော၊ ဟန်ပန်ရောပါ အပြည့်ထည့်လို့ရတယ်။ 'ကျောက်ကလပ် လျှောက်ပတ်ပါတဲ့ အဏ္ဏ၀ါ' စတဲ့ ဆရာဟန်ရဲ့ ကဗျာလင်္ကာတွေလဲ ကြားညှပ်ပါတယ်။ အဲဒိတော့ သိပ်ပြီး ရွတ်လို့ ကောင်းတာပေါ့။ ကောင်းပေမယ့် ကျွန်တော်ဟာ သံနေသံထားကလွဲလို့ ကျန်တာ ကိုယ့်ဟာတွေ ဘာမှ ရောမထည့်ဘူး။ ဒေါ်ဒေါ့်စာသားအတိုင်း (စကားပြောသလို ရေးလို့ စကားသား လို့ ပြောရမလား) အဲဒီအတိုင်း အသံသွင်းလိုက်တယ်ဆိုတော့ နားထောင်တဲ့သူများ အရသာတမျိုး ခံစားရအောင်တော့ နောက်ခံတီးလုံးလေး နည်းနည်းပါးပါး ရောစပ်ပေး လိုက်တာပေါ့။ အဲဒီတိပ်ခွေကို ဦးလေးလှတို့ ဒေါ်ဒေါ်တို့ မန္တလေးအပြန်မှာ ထည့်ပေးလိုက်တယ်။ ဦးလေးလှတို့ နီးစပ်ရာဖွင့်ပြပြီး အကြံဥာဏ်ယူပါလို့ပဲ ကျွန်တော် ပြောလိုက်တယ်။
ကျွန်တော်က မန္တလေးကို မကြာမကြာ ရောက်သူ ဖြစ်တယ်။ ဦးလေးလှတို့နဲ့ အသိအကျွမ်း ဖြစ်လာတော့လဲ ဦးလေးလှတို့ရဲ့ အိမ်ကို မန္တလေးရောက်တိုင်းလိုလို ၀င်ဖြစ်လာတယ်။ နောက်တခါ ၀င်တဲ့အခါမှာ ဦးလေးလှက "မောင်ဝင်းဦး လုပ်ပေးလိုက်တာ အတော့်ကို အောင်မြင်ပါတယ်၊ ဦးလေးတို့ ခရီးသွားတဲ့အခါ ယူသွားပြီး ဟောပြေတဲ့နေရာတွေမှာ၊ မိတ်ဆွေတွေ ၀ိုင်းဖွဲ့တဲ့ နေရာတွေမှာ ဖွင့်ပြတယ်။ ကောင်းကောင်း လက်ခံကြတယ်" လို့ ပြောတယ်။ ဒေါ်ဒေါ်ကတော့ သူ့ထုံစံအတိုင်း ပြုံးပြုံးပါပဲ။ ဒါက ဦးလေးလှတို့ ဒေါ်ဒေါ်တို့နဲ့ ပတ်သက်လို့ ကျွန်တော်ခင်မင်ခွင့် ရခဲ့ရာမှာ ဘ၀င်စူးငြိတဲ့ ဆက်စပ်မှုကလေးများပါပဲ။
နောက်တခုကတော့ ကျွန်တော့် ရုပ်ရှင်ရိုက်ကူးမှုနဲ့ ပတ်သက်လို့ပဲ။ ဦးလေးလှနဲ့ စကားစပ်မိတော့ တခါက ဦးလေးလှရဲ့ ဇာတ်လိုက် ချစ်သဲအဖြစ် ကျွန်တော် သရုပ်ဆောင်ခွင့်ရလုနီးနီး ဖြစ်ခဲ့ပုံကို ပြောပြမိတယ်။ ညွန့်မြန်မာရုပ်ရှင်က အဲဒီ ချစ်သဲ အသွင်ကို ကျွန်တော် သရုပ်ဆောင်ရင် ထူးခြားမယ်လို့ ထင်ခဲ့တယ်။ နောက်တော့ အကြောင်းမညီညွတ်လို့ မဖြစ်မြောက်ခဲ့ဘူးပေါ့။ အဲဒါကို သိရတော့ ဦးလေးလှက ဒီလိုသဘောမျိုး တွေ ကမ္ဘာအနှံ့ရော၊ ကိုယ့်တိုင်းပြည်အနှံ့မှာရော ဖြစ်တတ်နေတာပဲတဲ့။ မောင်ဝင်းဦးလဲ စာရေးဆရာတယောက်ပဲ ကိုယ့်ဟာကိုယ် အဲသလို ဇာတ်လမ်းတွေ ဖန်တီးပြီး ရိုက်နိုင်ယင် ရိုက်ပါတဲ့။ ဒါနဲ့ပဲ 'အတွယ်အတာ' ဆိုတဲ့ လူဆိုး သူခိုး လူသတ်သမား ဇာတ်ကားတခုကို ရိုက်ဖြစ်ခဲ့ပါတယ်။
အတွယ်အတာကို ရိုက်တဲ့အခါမှာ မုသာဝါဒနဲ့ ပတ်သက်လို့ ကိုယ်သိချင်တာတွေ အမရပူရက ဆရာတော် အရှင်ဇနကာဘိဝံသထံမှာ ကျွန်တော် လျှောက်ထားမေးမြန်းခဲ့ဖူးတယ်။ ဆရာတော်က ကျွန်တော် လိုအပ်တာကို ဟောပြောပို့ချပြီးတဲ့နောက် ကျွန်တော် သတင်းစာထဲမှာ ကြော်ငြာတဲ့ ကြော်ငြာတခုနဲ့ ပတ်သက်လို့ သြ၀ါဒစကားတခု မိန့်ကြားတယ်။ ကျွန်တော်က ဘယ်လို ကြော်ငြာသလဲဆိုတော့ ကျွန်တော့်ကို မန်းသင်္ကြန်မှာ စောင့်ရှောက်ကြတဲ့ မိဘပြည်သူ ရဟန်းရှင်လူများကို ကျေးဇူးအန္တနဲ့ ရှိခိုးပါတယ်ပေါ့။ ဒါကို ဆရာတော်က ဘုန်းကြီးတွေ လူမှုကိစ္စမှာ ပါဝင်အောင် ရေလာမြောင်းပေး မလုပ်စေချင်ဘူးတဲ့။ တကာ ၀င်းဦးက ဘုန်းကြီးတွေကို ကြည်ညိုတာ ကြည်ညိုပါ။ လူတို့ကိစ္စမှာ ပါဝင်အောင်တော့ မဆွဲဆောင်ပါနဲ့လို့ အမိန့် ရှိပါတယ်။ ဒါကို ကြုံကြိုက်လို့ ဦးလေးလှကို ပြောပြတဲ့အခါ ဆရာတော်ရဲ့ အပြောမှာ ဘ၀င်ကျလှကြောင်း ပြောပါတယ်။ ကျွန်တော့် ဇာတ်ကားကိုလည်း မန္တလေးမှာ ပြတဲ့အခါ ကြည့်ချင်သတဲ့။ ကျွန်တော်က ကိုယ်စားလှယ်နဲ့တော့ စီစဉ်ခဲ့တာပဲ။ ဦးလေးတို့ ဒေါ်ဒေါ်တို့ ကြည့်ဖြစ် မကြည့်ဖြစ်ကိုတော့ ခုထိ မသိရဘူး။
ဦးလေးလှက စာပေနယ်က မည်သူနဲ့တွေ့တွေ့၊ ထိုသူရဲ့ စာပေအကြောင်း မေးတယ်။ သူဖတ်ထားတာ ဆိုယင်လဲ အရသာရှိရှိနဲ့ သုံးသပ်ပြတတ်တယ်။ သူရေးတဲ့ စာတွေကိုလဲ ဘယ်သူပဲ ဖြစ်ဖြစ် ဝေဖန်သုံးသပ်တာကို လိုလားတယ်။ သူက 'အရက်သမားအမှားတထောင်' ဆိုတဲ့ စာအုပ်ကို ရေးတော့ ကျွန်တော်က ဒီခေတ်မှာ ဘိန်းဖြူသမားတွေ အများကြီး ရှိနေပြီ။ ဦးလေးလှ အဲဒါကို သုံးသပ်ကြည့်သင့်ပြီလို့ ပြောတယ်။ ဦးလေးလှက သူ သတိထားမိ ပြီးပါပြီတဲ့၊ အကွက်စေ့စေ့ လေ့လာရဦးမယ်တဲ့။ ပြည့်စုံတဲ့အခါကျတော့ ရေးမှာပါလို့ ပြောတယ်။ တကယ်ပါ ဦးလေးလှရဲ့ 'ဘိန်းဖြူသမား အမှားကမ္ဘာ' စာအုပ်ဟာ ယနေ့အထိ ကျွန်တော်တို့ တိုင်းပြည်မှာ အချက်အလက် အစုံလင်ဆုံး ဖြစ်ပါတယ်။
အဲဒီနောက်တော့ ဦးလေးလှတို့ဆီ သိပ်မရောက်ဖြစ်တော့ဘူး။
စာပေ၀ိုင်းကလေးတွေတော့ မန္တလေးမှာ လုပ်ကြနေလေရဲ့။ မောင်ဝင်းဦး စိတ်ဝင်စားရင် ၀င်ခဲ့ပေါ့လို့ ပြောပေမယ့် မရောက်ဖြစ်တော့ဘူး။ ကိုယ့်ဘ၀ ခိုင်ကျည်ဖို့အတွက် တိုက်ခတ်လာတဲ့မုန်တိုင်းတွေကို ကျွန်တော့်မှာ ကြံ့ကြံ့ခံနိုင်အောင် ကြိုးပမ်းနေရလို့ပဲကိုး။
ဟော ဦးလေးလှ ဆုံးပြီလို့ ကြားတော့ တယ်လီဖုံးတော့ ဆက်ပါရဲ့။ ဒေါ်ဒေါ်မှာ ကိုယ်တိုင် ဖုံးမကိုင်နိုင် ရှာဘူး။ တခြားဧည့်သည်များကို ဧည့်ခံရမှာလဲ ရှိ၊ ဈာပနအတွက် စီမံစရာတွေလဲ ရှိပေသကိုး။ မဂ္ဂဇင်းတွေက အသီးသီး ၀မ်းနည်းကြောင်း ဖုံးဆက်တဲ့အထဲမှာ စန္ဒာကလဲ အမှာစကား ဆင့်လိုက်ရပါတယ်။ နောက်တော့ လူကိုယ်တိုင် ရောက်တော့မှပဲ ဒေါ်ဒေါ့်ကို ၀မ်းနည်းစကား ကိုယ်တိုင် ပြောလိုက်နိုင်ပါတယ်။
ခု ဒီဆောင်းပါးကလေး ကျွန်တော် ရေးနေတဲ့ အချိန်အခါဟာ သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆီမီးတွေ မြိုင်ပြီးစ အခါပဲ ဖြစ်တယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်ရဲ့ အငွေ့အသက်တွေ မကုန်သေးဘူး။ ဒီလိုအခါမျိုးမှာ ဒီဆောင်းပါးကလေး ရေးဖြစ်တာ သိပ်ဝမ်းသာတယ်။ ဟိုတုန်းက ဦးလေးလှကို အသက်ရှင်စဉ်က လက်နဲ့ ကန်တော့ခဲ့ရတာ။ အခုတခါ ဦးလေးလှ ဘ၀တပါးသို့ ပြောင်းသွားပြီးမှ မိမိရဲ့ စာနဲ့ ကန်တော့ရတာ။ လူလူချင်း မာန်လျှော့ပြီး ကန်တော့တာဟာ ကောင်းမြတ်တယ်လို့ ဆိုပါတယ်။ စာရေးသူ အချင်းချင်း ကန်တော့တာဟာလဲ ကောင်းမြတ်တာပဲ မဟုတ်လား။ ဦးလေးလှက စာရေးဆရာဆိုတော့ စာရေးဆရာတွေ ကန်တော့တာ ခံထိုက်တဲ့ အရည်အချင်းတွေ ရှိလို့ပေါ့။ စာပေအကျိုး သယ်ပိုးခဲ့သူ ဖြစ်လို့ပေပဲပေါ့။ သူရေးတဲ့ စာတွေဟာ စာပေဂုဏ်မြောက် ခဲ့လို့ ပေပဲပေါ့။
ကျွန်တော့ကိုလဲ ရပ်ထဲရွာထဲက တပည့်တပန်းတွေက လာလာပြီး ကန်တော့ကျင့် ရှိလာကြပြီ။ အသက်အရွယ်ကလဲ ရောက်လာပြီကိုး။
ဒါပေမယ့် စာရေးဆရာတယောက်အနေနဲ့ စာရေးသူတွေက လာပြီး ကန်တော့ရလောက်အောင် အခြေတော့ မရောက်သေးဘူး။ ဘယ်တော့မှ ရောက်မယ်လို့လဲ ကိုယ့်ဟာကိုယ် မခန့်မှန်းတတ်ဘူး။ ဒါက ကိုယ့်လုပ်ရပ်ပေါ် တည်ပါလိမ့်မယ်။ လုပ်ရပ်ဆိုတာ ဘာလဲ။ စာရေးတာပဲ ဖြစ်တယ်။
စာရေးတဲ့သူကို တခြားစာရေးတဲ့သူက ဘာ့ကြောင့် ကန်တော့တယ်ဆိုတာကိုတော့ ဦးလေးလှကြောင့် အခု ကျွန်တော် သိလာပါပြီလို့ ဆိုပါရစေ။

ဝင်းဦး
၁၃၄၅ ခု၊ တန်ဆောင်မုန်းလဆုတ် (၃) ရက်။
[လူထုချစ်သမျှ.. လူထုဦးလှ စာအုပ်၊ ပထမအကြိမ်၊ သြဂုတ်၊ ၁၉၈၄ မှ ကူးယူဖော်ပြပါတယ်။]



အပြည့်အစုံ..သို့ ...>>>

တို့ပယောဂ
ရေးသူ- ဒေါ်အမာ


{ဤဆောင်းပါးကို ရေးသူ - မအမာသည် မန္တလေးမြို့ ဗဟိုရ် အမျိုးသားကျောင်းမှ ဆယ်တန်း အောင်ပြီးနောက် အထက်တန်း ပညာကို ဆက်လက်သင်ယူနေသူ ဖြစ်၍ ယခုအခါ ရန်ကုန် တက္ကသိုလ်ကျောင်း၊ ဝိဇ္ဇာတန်း၌ ပညာသင်လျက် ရှိသည်။ ၁၂၉၇ ခုနှစ် တက္ကသိုလ် မြန်မာလို စကားပြောပြိုင်ပွဲတွင် (မမကြီးနှင့် မအမာ) တို့ အတွဲသည် ပထမ ငွေဖလားကိုရရှိရာ ၎င်းမအမာမှာ ဤဆောင်းပါးရှင် ဖြစ်ကြောင်း။}

ခေါင်းမြီးခြုံ အိမ်တွင်းပုန်းဘဝဖြင့် မနေခဲ့ဘူးသော မြန်မာ အမျိုးသ္မီးတို့သည် မြန်မာ့ ကြီးပွားမှုတွင် အရေးပါအရာရောက်အောင် ဆောင်စွမ်းနိုင်လေသည်။ သို့သော် တို့ အမျိုးသ္မီးများ၏ ဆောင်ရွက်ချက် တို့ပယောဂဖြင့် မြန်မာပြည်သည် ယခု အခြေမှ ရှေ့သို့ တထစ်တက်နိုင်ပါမည်လော။ တို့ကူညီခြင်းဖြင့် အဘယ်မှ ခရီးရောက်၍ အဘယ်မျှ တာသွားနေသည်ကို ပြန်လည် စစ်ဆေးသင့်လှပေသည်။



မြန်မာ့စီးပွားရေး၌ တို့အမျိုးသ္မီးတို့ကား အတော်အတန်ပင် ဝင်ရောက် တွင်ကျယ်နိုင်သည်။ သို့သော် အစွမ်းရှိသလောက် လုပ်၊ မလုပ်ကား စဉ်းစားဘွယ်ဖြစ်၏။ ယခု မြန်မာပြည်၏ စီးပွားရေး အခြေကား တောင်သူလယ်သမားများကို ကြည့်ခြင်းအားဖြင့် မည်မျှ ဆိုးဝါးနေသည်ကို သိသာနိုင်သည်။ သို့သော် ဗိုလ်ဆန်သည် ဆိုသော မြန်မာလူငယ်တို့မှာ ကမ္ဘာမြေပြင်တဝှမ်းလုံးလိုလို အင်္ဂလိပ်ဈေးရုံဖြစ်အောင် ပြုလုပ်နေသော အင်္ဂလန်စနစ်ကို အားမကျ နည်းမယူဘဲ ကံဆိုးမိုယ်းမှောင် အမိခံရသဖြင့် တိုင်းတပါးသို့ လခစား အဖြစ်ဖြင့် စေလွှတ်လိုက်ခြင်းခံရသော၊ မရေတွက်နိုင်လောက်သည့် မျက်နှာဖြူလူမျိုးကိုသာ အားကျဘိ၏။ တပါးကျွန်အလုပ်ကို နှစ်သက်ကြ၏။ စီးပွားရေး၌ တွင်ကျယ်နိုင်သည်ဆိုသော အမျိုးသ္မီးများကလည်း မင်းကတော် စိုးကတော် အဖြစ်ဖြင့် ဟိုးဟိုးကျော်စံချင်ကြသည်မှာ အလုအယက်ပင် ဖြစ်ပေ၏။ လခစား အလုပ်ရှားပါးစက ကျွန်ုပ်သည် ဝမ်းမြောက်မိ၏။ တို့မြန်မာ ယောက်ျားတွေ ကိုယ့်ဒူးကိုယ်ချွန် တပွဲတလမ်း အစွမ်းပြကြပေတော့မည်ဟု အားတတ်မိခဲ့၏။ ကြံစည်ကြတိုင်းလည်း အောင်မြင်ပါစေဟု ဆုတောင်းခဲ့၏။ သို့သော် ယခုတိုင် ကျွန်ုပ်မြှော်လင့်ချက်ကား မပြည့်ခဲ့။ အိုင်စီအက်၊ ဘီစီအက် ဈေးတို့သာလျှင် တိုး၍ တတ်ခဲ့၏။ ကတော်ခံရန် အရည်အချင်းဖြစ်သော ငွေတသောင်း၊ မော်တော်ကား တစင်း၊ စိန်တဆင်စာမျှ အရင်းအနှီးသည် ပျက်လုဆဲဆဲရှိသော မြန်မာပိုင် လုပ်ငန်းတို့ကို အသက်ဆက်ပေးလိုက်သော် မည်မျှ အကျိုးရှိမည်နည်း။

လေးဆယ်စား အလုပ်ကို ဘီအေတွေ တပုံတခေါင်း ဝင်၍လျှောက်သည်မှာ တို့ပယောဂ ကင်းသည်ဟု ဆိုနိုင်ပါမည်လော။ တို့ပယောဂ မကင်းချေ။ အကြောင်းမူကား တို့တတွေ လခစားကိုသာ မက်မောကြသည်။ လခစားက တပါးကျွန်ကိုသာအားပေးကြသည်။ ဤကား တို့တတွေ၏ အမှားတော်ပုံများတည်း။

အမျိုး၏ သန်စွမ်းကျန်းမာရေးတွင်လည်း တို့ဝင်ရောက်စွက်ဘက် နိုင်သေးသည်။ မကြာသေးမီက ရန်ကုန်မြို့တွင် ကျန်းမာရေး တရားပွဲ တခု၌ ဇော်ဝိတ်ကြီးက “ဘိန်းစား သာသာ အရိုးပေါ် အရေတင်သည်ကို ပုဆိုး ဆီး၍ဝတ်ထားသော မြန်မာလူမျိုး၊ သနပ်ခါးလိမ်း၍ ဗိုလ်ဆံတောက် ကော့နေအောင် သ,သော မြန်မာလူမျိုး” ဟု ဆိုခဲ့၏။ “ရက်စက်လှပါကလား ဇော်ဝိတ်ကြီးရဲ့ ဒါလောက်လဲ မဟုတ်သေးပါဘူး” ဟု မည်သူ ငြင်းနိုင်ပါမည်နည်း။ မိန်းမလျှာ၊ လူမမာ၊ ဖေါ့ရုပ်၊ လေသိမ်းတိုင်းလှ ကိန္နရီကမည့်နှယ် ရှိသော သူကိုပင်လျှင် ပိုက်ဆံရှိက၊ လခစားဖြစ်က မငြင်းမဖယ် သားမက်ဘမ်းချင်သော မိခင်နှင့် နိုင်ငံခြားမှ လာလာသမျှကို လှလှကြီး ဖြုန်းတော့အံ့ဟု ကြံရွယ်မိသော မိန်းမပျိုသည် လူမမာကိုပင် ခင်ပွန်းတော်ရှာကြ၏။ “အမောင်တို့ ဒီရုပ် ဒီရေနဲ့တော့ အိမ်ဦးခန်း မတင်နိုင်ဘူး” ဟုသာ ငြင်းပါက ယောက်ျား သနပ်ခါး လိမ်းသောခေတ်လည်း ပျောက်၍ ထွားကျိုင်းသန်မာသော အရှေ့တိုင်းသား ဘမာလူမျိုးဟူသော ဂုဏ်လည်းရောက်ပေလိမ့်မည်။” တို့ပယောဂဖြင့် ကြုံလှီဖြော့တော့သော ပိုးမွေးမွေးရမည့် အမျိုးသားများ မဖြစ်ပါစေလင့်။


ခေတ်မှီသော အမျိုးသ္မီးသည် ခေတ်ကို အလွဲသုံးစား၍ ယခုအခါတွင် အားလပ်ချိန်၌ ဖဲရိုက်၏။ တီးပါတီ၊ ဒင်းနားပါတီ စသော ပျော်ပွဲ အမျိုးမျိုးသို့ သွား၏။ အချင်းချင်း ဂုဏ်တု ဂုဏ်ပြိုင်လုပ်၏။ ဤကိစ္စဖြင့်သာလျှင် အချိန်ကုန်ရှာကြသည်။ မိမိတို့ မောင်ဘွား သားသ္မီးများကို မသွန်သင်အားကြတော့ပေ။ နစ်မွမ်းဘွယ်ရာတို့၌သာ တို့ကအစ တို့ပယောဂဖြစ်တော့အံ့၊ တို့ကား လူများ၏မိခင်၊ တို့လျှင် သားသ္မီးများ ဆရာ၊ ဥဇုမဂ္ဂ-လမ်းမှန်ကို ညွှန်ပြရန်မှာ၊ တို့ပယောဂသာ ဖြစ်ဘိ၏။

ကြီးပွားလိုသော မြန်မာပြည်၌ တို့အမျိုးသ္မီးတွေ ဘမ်းစားသမျှ ခံကြရမည်။ ယုံကြည်ပါ၏လော။ ကြီးပွါးရေးကို - တို့ပယောဂဖြင့် ဖန်ဆင်းကြပါစို့။ မကြာသေးမီကပင် ကောလိပ်ကျောင်းသူ တဦးနှင့် မြန်မာပြည်၏ လွတ်လပ်ရေးစကားစမိကြရာ၊ ထိုမိန်းကလေးက “လွတ်လပ်ရေး ဘာလုပ်ဘို့လဲရှင့် အင်္ဂလိပ် အုပ်စိုးနေတာ အကောင်းသားဘဲ။ ကျွန်မတို့ လက်နက်လဲ ဘာမရှိ၊ ညာမရှိနဲ့ ကိုယ့်ဘာသာ အုပ်စိုးနေရင် တရုပ်တွေ ဂျပန်တွေက ဝိုင်းတိုက်ကုန်မှာပေါ့။ ပီးတော့ ဘမာမင်းဆိုတာ တယောက်မကောင်းရင် တမျိုးလုံးသတ်တယ်ဆို” စသည်ဖြင့် ကိုယ့်အမျိုး၏ စွမ်းရည်ကို မယုံ၊ ကိုယ့်အမျိုး၏ မင်းများကို အလွဲလွဲထင်၊ ကိုယ့်အမျိုးကို ကိုယ်မရိုသေ။ ကိုယ်သင်ထားသော ပညာမျှဖြင့် မချင့်ချိန်ဘဲ ထင်မြင်ချက်ပေးနေရာ ကျွန်ုပ်ဆက်၍ နားမထောင်ဝံ့တော့သဖြင့် တော်ရန် တောင်းပန်လိုက်ရပေ၏။ မြန်မာအမျိုးသ္မီးများ၏ကြေးမှုံ တိုးတက်နေသော ခေတ်၏ ရှေ့သွားများဖြစ်သည်ဟု သိမှတ်ခြင်းခံရသူ ယူနီဗာစီတီ ပညာသင်တဦးထံမှ ဤကဲ့သို့သော လေသံကို ကြားရသဖြင့် ထိုမိန်းကလေးအား၎င်း၊ သူ၏ မိဘများအား၎င်း အထင်အမြင်သေးမိသည်။ ထိုမိန်းကလေးမှ ပေါက်ဘွားမည့် သားစဉ်မြေးဆက်ကား မတွေးဝံ့ အောင်ပင် ဖြစ်ပေ၏။ အူပါ နှုတ်စားမည့် ကဝေမကလေးပေ။

ထိုကြောင့် အို - ဘမာပြည်မှီး အမျိုးသ္မီးတို့ တို့တတွေ၏ ပယောဂဖြင့် ပြန့်ပွားနေသော လက်ရှိ ချို့ယွင်းပျက်ပြားမှုများကို ပြင်ဆင်သုတ်သင် တို့တတွေ ပယောဂဖြင့် ဘမာများ ချမ်းသာကြီးပွားကြောင်း ဘမာများ လွတ်လပ်တိုးတက်ကြောင်းကို ဆောင်ရွက် လုပ်ကိုင်လျက်၊ တို့ဘမာ အမျိုးသစ်တည်းဟူသော အဆောက်အဦသစ် တည်ထောင်ရာ၌ တို့တတွေသည် လွှ-စူး-ဆောက် စသောကြိယာများကိုကိုင်၍ အလုပ်ခွင်သို့ ဝင်ကြကုန်အံ့သတည်း။

ရေးသူ-မအမာ၊တက္ကသိုလ်

(ဤရှားပါးဆောင်းပါးကို မျှဝေပေးသော စင်္ကာပူအမျိုးသားတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာန လက်ထောက်ပါမောက္ခ ဒေါက်တာချိအဲအိကိယ (CHIE IKEYA) ကို ကောင်းကင်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း)
[ကောင်းကင် (နိုင်ငံပြု အနုပညာမဂ္ဂဇင်း) မှ ကူးယူဖော်ပြပါတယ်။ ]

အပြည့်အစုံ..သို့ ...>>>

Sunday, December 6, 2009

အမျိုးသားနိုင်ငံရေးသမားဘ၀ ဦးလှ (ပထမပိုင်း)
ရေးသူ- ညွန့်အောင် (ရေစကြို)

ဦးလှကို ကျွန်တော် လူကိုယ်တိုင် စပြီး မြင်ဖူး ဆုံဖူးခဲ့တာ ၁၉၄၃ ခုနှစ် ဆောင်းဦးပေါက်ရာသီက နေ့တနေ့ရဲ့ နံနက်ခင်းမှာ ဖြစ်ပါတယ်။ ဒီတုန်းကဦးလှတို့ မိသားစုက စစ်ဒဏ်ဗုံးဒဏ်ကို ရှောင်ရင်း၊ ကပိုင်ရွာမှာ နေကြစဉ်က ဖြစ်ပါတယ်။ ဦးလှက ချစ်မွှေးပါတယ်လို့ ဆိုရမလား မသိဘူး။ တွေ့တွေ့ချင်း ခင်မင်ရင်းနှီးလိုစိတ် ၀င်မိတယ်။ အသက်သုံးဆယ်ကျော်လောက် အသားလတ်လတ် ဥပဓိရုပ်ကောင်းကောင်း လူကြီးဆန်ပေမယ့် ပြုံးရွှင်တယ်၊ ဖော်ရွေတယ်၊ ဖျတ်လတ်တယ်။ တွေ့ကြတဲ့ကိစ္စက ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ မြေအောက် လျှို့ဝှက် စည်းရုံးရေး အလုပ်များနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ ဦးလှအဖို့ ကျွန်တော့်ကို တွေ့ရတာ ပထဆုံးအကြိမ် ဖြစ်ပေမယ့် ကျွန်တော်နဲ့အတူပါတဲ့ ကိုတင်မောင် (ဦးသန်းတင် ပညာ့ဗိမာန် စာတည်းချုပ် ကွယ်လွန်) နဲ့တော့ ဒိအရင်က တကြိမ် နှစ်ကြိမ်လောက် တွေ့ခဲ့ ဆုံခဲ့ကြ ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ခုမှတွေ့ရတဲ့ လူသစ်၊ လူစိမ်းတယောက်လို့ မထင်မိခဲ့ဘူး။ ရင်းနှီးကျွမ်းဝင်ပြီးသား လူရင်းတယောက်လိုပဲ ခံစားမိပါတယ်။ ဒါကလည်း ဦးလှရဲ့ ဖော်ရွေ ရည်မွန်မှုကြောင့် ဖြစ်ပါတယ်။ပြီးတော့ ကျွန်တော် ဆယ်ကျော်သက် အရွယ်လောက်မှာ ကြီးပွါးရေးမဂ္ဂဇင်း အယ်ဒီတာ ကိုလှဆိုတာ အသက်ငယ်ငယ်ကလေး ရှိသေးတယ်။ ရှိလှမှ အသက် ၂၀ ကျော် အစိတ်တွင်းရယ်၊ တကယ်တော်တဲ့လူဗျာ ဆိုတာ ကြားရပြီးကတည်းက သူ့ကို လေးစားရင်းစွဲ အထင်ကြီးရင်းစွဲ ရှိခဲ့လို့လည်း ဖြစ်ပါလိမ့်မယ်။


ကျွန်တော်တို့ ပြောကြ ဆွေးနွေးကြတာ တနာရီမကြာပါဘူး။ သည်တုန်းက ဦးလှဆီက ထွက်လာပြီး မတ္တရာဘက် ခရီးဆက်ကြတော့ ဦးလှနဲ့ ပတ်သက်လို့ ကိုတင်မောင့်ကို ကျွန်တော် ပြောခဲ့တာ မှတ်ချက်ပြုခဲ့တာ တွေ အများကြီးပါ။
ပထမအချက်က ဖက်ဆစ်ဂျပန် တော်လှန်ရေး လျှို့ဝှက်စည်းရုံး လှုပ်ရှားကြတဲ့ လုပ်ငန်းထဲမှာ ဦးလှ ပါဝင်နေတဲ့ ကိစ္စဖြစ်တယ်။ ဂျပန်စစ်ဘီလူးရဲ့ အုပ်စိုးမှုအောက်မှာ သူ့ကို (ဂျပန်ဖက်ဆစ်ကို) ပြန်ပြီး ဆန့်ကျင်တဲ့ အလုပ်ကို လုပ်ရတာ ဘယ်မျှလောက် အန္တရာယ်ကြီးကြောင်း ဂျပန်ခေတ် နေဖူးသူတိုင်း သိမှာပါ။ သာမန် အရပ်သားကို မဆိုထားနဲ့ သူနဲ့တွဲပြီးအတူ အင်္ဂလိပ်နယ်ချဲ့ကို တိုက်နေတဲ့ မြန်မာ့လွတ်လပ်ရေး တပ်မတော်လို အဖွဲ့အစည်းမျိုး၊ သူတို့ဝါဒဖြစ်တဲ့ အရှေ့အာရှ သာတူညီမျှ ကောင်းစားရေးဆိုတာကို အခြေပြု ဖွဲ့စည်းထားတဲ့ အာရှလူငယ်များ အစည်းအရုံးမျိုးကိုတောင် သူတို့ စိတ်အလိုမကျရင် အကြမ်းဖက်တယ်။ ပါးရိုက် နားရိုက် လုပ်တယ်။ ဂျပန်စစ်သားတွေရဲ့ ရက်စက်မှု၊ ကြမ်းကြုတ်မှု၊ အရှက်ကင်းမဲ့ပြီး ကြမ်းတမ်းတဲ့စရိုက် ပြည်သူ့ပစ္စည်း အဓမ္မလုယက်မှု၊ မကြားဖူး မကြုံဖူးတဲ့ ညှင်းပန်းနှိပ်စက်နည်းမျိုးစုံ စတဲ့ အတွေ့အကြုံတွေဟာ မြင်ရ ကြားရသူတိုင်း ကြက်သီးထစရာ ဖြစ်တယ်။ ဒီလို ရက်စက်ကြမ်းတမ်းလို့ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တဲ့ အုပ်စိုးမှုအောက်မှာ အန္တရာယ်ကို မသိမဟုတ် သိလျက်နဲ့ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်တယ်။ ယုံကြည်ချက် ခိုင်မာရင် ဒါတွေက မဆန်းပါဘူးလို့ ဆိုနိုင်ပေမယ့် ကျွန်တော်ကတော့ ဦးလှကို ချီးကျူးမိတယ်။
ဒါတွင်မကသေးဘူး။ နောက် အရေးကြီးတဲ့အချက် ရှိသေးတယ်။ အဲဒါက အဲဒီအချိန်ကာလတုန်းက ပြည်သူလူထုကြီး တခုလုံးကော၊ လွတ်လပ်ရေး ကြိုးပမ်းနေကြတဲ့ အင်အားစုတွေ အတွင်းမှာရော နိုင်ငံရေး အမြင်မရှင်းဘူး။ မကြည်လင်ဘူး။ နိုင်ငံလွတ်လပ်ရေးအတွက် ရှေ့ဆက်ချီတက်ရမယ့် လမ်းကြောင်းနဲ့ ပတ်သက်လို့ေ၀၀ါးနေကြတယ် ဆိုတဲ့အချက်ပဲ။
ကျွန်တော်တို့ နိုင်ငံကို နှစ်တရာကျော် ကျွန်ပြုထားခဲ့တဲ့ မူရင်းရန်သူ အင်္ဂလိပ်နယ်ချဲ့သမားကို ဂျပန်နဲ့ပေါင်းပြီး မောင်းထုတ်ခဲ့တာ မကြာသေးဘူး။ ကူညီမောင်းထုတ်ပေးတယ်ဆိုတဲ့ ဂျပန်ကို တမျိုးသားလုံးက ကျေးဇူးတင်လို့လည်း မဆုံးသေးဘူး အင်္ဂလိပ်ကို အပြီးအတိုင် မောင်းထုတ်မယ်ဆိုတဲ့ စစ်ကြီးကလည်း မပြီးသေးဘူး။ ဂျပန်တွေ ဓါးတရမ်းရမ်းနဲ့ ပေါ်ပြူလာဖြစ်လို့ကောင်းတုန်း။ ဂျပန်စစ်သားတွေရဲ့ ရက်စက်ရိုင်းစိုင်းတဲ့ အပြုအမူတွေကြောင့် နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲတော့မှာလားဆိုတဲ့ သံသယနဲ့ နှခေါင်းရှုံ့သူတွေ ရှိပေမယ့် ဒါ စစ်တိုက်နေတာ၊ စစ်အောင်နိုင်ဖို့ထက် ဘယ်ဟာမှ အရေးမကြီးဘူး၊ ဂျပန်တွေက စစ်မြေပြင်မှာ အသေခံ တိုက်နေကြတာ။ ကျုပ်တို့က ဒါလောက်ကလေးမှ အနာမခံနိုင်၊ မစွန့်လွှတ်နိုင်၊ သည်းမခံနိုင်ကြဖူးလား ဆိုတဲ့ နှစ်သိမ့်သလို လှုံ့ဆော်သလို စကားမျိုးနဲ့ ဘာမှ မပြောသာပဲ ရှိနေကြတယ်။ ပြီးတော့ ဂျပန်ကပေးတဲ့ လွတ်လပ်ရေးကလည်း တုတုစစ်စစ် အဆောင်အယောင်အပြည့်နဲ့ ပူပူနွေးနွေးပဲ ရှိသေးတယ်။ ဂျပန်အကြံပေး စောင့်ကြည့်နေသူတွေ ရှိစေကာမူ နိုင်ငံ့အကြီးအကဲ အဓိပတိအရှင်မင်းကြီးက မြန်မာပြည် အချုပ်အချာ အာဏာပိုင် လွတ်လပ်တဲ့ နိုင်ငံဖြစ်ပြီလို့ ကမ္ဘာသိ ကြွေးကြော်ပြီး အင်္ဂလိပ်နဲ့ အပေါင်းအပါ မဟာမိတ်တွေကိုတောင် အတိအလင်း စစ်ကြေညာထားသေးတယ်။ ပြီးတော့ အဓိပတိကြီးက သူ့ကိုယ်သူ အာဏာရှင်လို့ တံဆိပ်ကပ်ပြီး တသွေး တသံ တမိန့် အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်၊ ကြီးပွါး တိုးတက် အောင် လုပ်မယ်ဆိုပြီးတော့လည်း ရဲရဲတောက် ကြွေးကြော်ထားသေးတယ်။ အုပ်ချုပ်ရေး ယန္တရားတခုလုံးကို ကြည့်ရင်လည်း အောက်ဆုံး သူကြီးကအစ ထိပ်ဆုံး အဓိပတိကြီးအထိ မြန်မာတိုင်းရင်းသားတွေ ချည်းပဲ။ ဒီအခြေအနေ ဒီမြင်ကွင်းတွေထဲမှာ အများပြည်သူ လူထုကြီးရဲ့ နိုင်ငံရေးအမြင် ဘယ်လို ရှိနေလိမ့်မယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါလိမ့်မယ်။
ဒါတွင်မကသေးဘူး၊ တိုင်းပြည်လုံးဝ လွတ်လပ်ရေးအတွက် ကိုယ်ထိလက်ရောက် ရှေ့ဆောင်ပါဝင် လှုပ်ရှားနေကြတဲ့ အင်အားစုများ အတွင်းမှာလည်း နိုင်ငံရေးအယူအဆတွေ အတွေးတွေ ကွဲပြားနေကြ သေးတယ်။ ထိပ်ပိုင်းခေါင်းဆောင်အတော်များများက ဂျပန်ကလိန်ကကျစ်လုပ်ပြီး ရုပ်သေးရုပ်များအဖြစ် အသုံးချခံရတော့မယ်ဆိုတာ သံသယနဲ့ သိလာပေမယ့် လက်လွန်နေပြီ။ ကိုယ်သိတဲ့အတိုင်း အောက်ခြေ အင်အားစုများကို အသိပေးပြီး သေနတ်ပြောင်းကို နောက်ကြောင်း ဂျပန်ဖက် ပြန်လှည့်ဖို့ ဆိုတာလည်း မဖြစ်နိုင်သေးဘူး။ နိုင်ငံရေးဆိုတာ ခံစားချက် တခုတည်းပေါ်တည်ပြီး စိတ်ထဲရှိသလို လုပ်လို့ကလည်း မဖြစ်နိုင် သေးဘူး။ အမြှော်အမြင် ရှိရမယ်၊ အစီအစဉ် ရှိရမယ်။ အောင့်အီးပြီး ပြင်ဆင်စည်းရုံးရအုံးမယ်။ ဒီအချိန်မှာ အောက်ခြေ လွတ်လပ်ရးတိုက်ပွဲဝင် တော်တော်များများက မူလအစီအစဉ်အတိုင်း ဂျပန်နဲ့ ဆုံးခန်းတိုင်ပေါင်းပြီး အင်္ဂလိပ်နယ်ချဲ့သမားကို အပြီးတိုင် ချေမှုန်းတဲ့လမ်းနဲ့ မြန်မာ့လွတ်လပ်ရေး အရယူမယ်လို့ ယုံကြည်ယူဆ နေကြတယ်။ အချို့သော အင်အားစုများကတော့ ဂျပန်လည်းမကောင်းဘူး၊ အင်္ဂလိပ်လည်းမကောင်းဘူး၊ နှစ်ကောင်စလုံးကို ချရမယ်လို့ ယူဆနေကြတယ်။ အချို့ကတော့ ဂျပန်ကိုတော့ တိုက်ရမယ်၊ ဒါပေမယ့် အင်္ဂလိပ်နဲ့ မပေါင်းနိုင်ဘူးလို့ ဆိုကြတယ်။ အချို့ကတော့ ဒီကိစ္စတွေက အထက်က ခေါင်းဆောင်ကြီးတွေ ဆုံးဖြတ်ရမယ့် ကိစ္စ၊ ခေါင်းဆောင်တွေရဲ့ အမိန့်ကို စောင့်ရုံပဲ၊ ဒီအတွင်း လုပ်မြဲတိုင်း ဆက်လုပ်။ ဟိုဟာဒီဟာတွေ ဘာမှ လာမရှုပ်နဲ့လို့ ဆိုကြသူတွေလည်း ရှိတယ်။
ဒါတွေကို ကြည့်ရင် တိုင်းပြည်မှာ နိုင်ငံရေးအခြေအနေတွေက ဘယ်လောက် ရှုပ်ထွေးသလဲ။ လွတ်လပ်ရေးတိုက်ပွဲလမ်းစဉ်က မပီပြင် မပြတ်သားဘူး။ ဒီအချိန်မှာ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ တနည်းပြောရရင် အမျိုးရေးလိုအပ်ချက်က ဘာလဲ။ လိုအပ်ချက်က မှန်ကန်တဲ့ လွတ်လပ်ရေး လမ်းစဉ်ရှိရေးနဲ့ အဲဒီမှန်ကန်တဲ့ လမ်းစဉ်အောက်မှာ လွတ်လပ်ရေးတိုက်ပွဲဝင် အင်အားစုများ စုစည်းညီညွတ်မိဖို့နဲ့ ဒီလမ်းစဉ်အောက်မှာ တမျိုးသားလုံး ညီညွတ်ရေးဖြစ်တယ်။
မှန်ကန်တဲ့ လွတ်လပ်ရေးတိုက်ပွဲလမ်းစဉ်ဆိုတာ ဒီအချိန် ဒီကာလတုန်းက အခြေအနေများအရ "နာဇီ ဖက်ဆစ်ဝင်ရိုးတန်း စစ်အုပ်စုဟာ ကမ္ဘာ့တိုင်းပြည်ကြီးငယ်များကို မတရားကျူးကျော်တိုက်ခိုက် သိမ်းပိုက်ပြီး အဓမ္မအုပ်စိုးနေတဲ့အပြင် ကမ္ဘာ့ကျန်တဲ့ တိုင်းပြည်ကြီးငယ်များကိုလည်း အဓမ္မတိုက်ခိုက်ပြီး ကျွန်ပြုဖို့ ကြိုးစားလျက် ရှိနေတယ်။ ဒါကြောင့် နာဇီဖက်ဆစ်စစ်ဝါဒီအုပ်စုဟာ ယနေ့တကမ္ဘာလုံးရှိ ပြည်သူများရဲ့ အဓိက ရန်သူကြီး ဖြစ်တယ်။ ဒီ ကမ္ဘာ့ဘုံရန်သူကို ကမ္ဘာ့ဒီမိုကရေစီ ပြည်သူများနဲ့ ဒီမိုကရေစီအစိုးရများက မဟာမိတ်ဖွဲ့ပြီး ရင်ဆိုင် ဆန့်ကျင် တွန်းလှန်တိုက်ခိုက် ချေမှုန်းနေကြတယ်။ ဒီလို အချိန်အခါ အခြေအနေမှာ မြန်မာပြည်ဟာ မိမိတို့ ဘ၀ပေးအခြေအနေအရ သက်ဆိုင်လာတဲ့ ဘုံရန်သူ စစ်အုပ်စုဝင် ဖက်ဆစ်ဂျပန်ကို ကမ္ဘာ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့ဝင် အင်္ဂလိပ်တပ်များ၊ ပြည်သူများနဲ့ လက်တွဲပူးပေါင်းပြီး ပါဝင် တိုက်ခိုက် ခြေမှုန်းကြရမယ်။ ဘုံရန်သူ ဖက်ဆစ်ဂျပန်ကို တမျိုးသားလုံး စည်းရုံးပြီး ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် တိုက်ခိုက် တွန်းလှန် ချေမှုန်းနိုင်သလောက် မြန်မာ့လုံးဝလွတ်လပ်ရေး အခွင့်လမ်း ပွင့်လန်းမယ်။ ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ချေမှုန်းပြီး မြန်မာ့လွတ်လပ်ရေး အောင်ပန်းကို ဆွတ်ခူးရမယ်" ဆိုတဲ့ လမ်းစဉ် ဖြစ်တယ်။ ဒီလမ်းစဉ်ဟာ မြန်မာ့အမျိုးသားရေး လိုအပ်ချက်ပဲ။ ဦးလှက ဒီအမျိုးသားရေး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ရှိနေတဲ့ အခက်အခဲပေါင်းများစွာကို သိလျက်နဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေး လုပ်ငန်းထဲကို ပိုင်းပိုင်းဖြတ်ဖြတ် ပါဝင်လာခဲ့တာ ဖြစ်တယ်။ အဲဒါဟာ ဟိုတုန်းက ဦးလှနဲ့ ပတ်သက်လို့ ကျွန်တော်နဲ့ ကိုတင်မောင်တို့ ပြောဆို မှတ်ချက်ပြုခဲ့ကြတဲ့ ပထမအချက် ဖြစ်တယ်။
ဒုတိယအကြောင်းအရာက ဦးလှရဲ့ စာပေလမ်းကြောင်း ရွေးချယ်ပုံကိစ္စ ဖြစ်တယ်။ ဦးလှဟာ ငယ်ငယ်ကတည်းက စာပေ၀ါသနာ ပါတယ်။ ပရဟိတ အများအကျိုးဆောင် အလုပ်တွေလည်း ၀ါသနာပါတယ်။ လူငယ်များ ကြီးပွါးရေးအသင်းဝင်ပြီး လူငယ်များ ဗလငါးတန် ပြည့်ဝရေး၊ ကျေးလက်တောရွာ ပြုပြင်ရေး အလုပ်တွေ လုပ်ကြဖို့ လှုံ့ဆော်လမ်းညွှန်တဲ့ စာတွေ ရေးတယ်။ လူငယ်များကို လမ်းညွှန်သလို သူကိုယ်တိုင်လည်း လိုက်နာပြီး ကိုယ့်ကိုယ်ကို အဖက်ဖက်က ပြည့်စုံအောင် ကြိုးစားတယ်။ အပြောနဲ့ အလုပ် ညီအောင်နေတယ်။ လုပ်တယ်။ ဘ၀ရပ်တည်ဖို့ အလုပ်အကိုင် ရပြီးတော့လည်း အလုပ်ကိုလည်း တာဝန်ကျေအောင်လုပ်တယ်။ စာရေးလည်း မပျက်တဲ့အပြင် ကြီးပွါးရေးမဂ္ဂဇင်းကိုတောင် ကိုယ်ပိုင်အဖြစ်နဲ့ ကိုယ်တိုင်တည်းဖြတ် ကြီးကြပ် ထုတ်ဝေနိုင်တယ်။ သည်လိုကြိုးစားရင်း စာပေလောကထဲ ခြေစုံပစ်ဝင်ပြီး တိုင်းပြည်သိ စာရေးဆရာ၊ စာနယ်ဇင်းဆရာဘ၀ ရောက်တယ်။
ဒါတွေကို ကြည့်ပြီး ဦးလှဟာ ငယ်ကတည်းက စာပေ၀ါသနာပါပြီး အစဉ်တစိုက် ကြိုးစားခဲ့သလို နိုင်ငံသိ စာရေးဆရာ ဖြစ်လာတယ်လို့ အများက မှတ်ချက်ပြုကြတယ်။ ၀ါသနာပါတယ်၊ ကြိုးစားတယ်၊ အောင်မြင်တယ်။ ဒါက မဆန်းပါဘူး။ စာပေ၀ါသနာပါလို့ စာရေးတယ်ဆိုရာမှာ ရေးစရာ စာပေအမျိုးအစားတွေ အများကြီး ရှိတာပဲ။ စာပေလမ်းကြောင်းတွေ အများကြီး ရှိနေတာပဲ။ ဒီအထဲက ဦးလှက အမျိုးသားများ ခေတ်မီရေး၊ နိုးကြားရေးအတွက်၊ လှုံ့ဆော်နည်းပြ လမ်းညွှန်တဲ့ စာမျိုးကို ရွေးခဲ့တယ်။ ပြီးတော့ လူ့အဖွဲ့အစည်းတခုမှာ သော့ချက်ကျတဲ့ လူငယ်(တက်လူ) (ယခုအခေါ် မျိုးဆက်သစ်)တွေကို ဦးတည်ပြီး ရေးတယ်။ ကျေးလက် တောရွာများနဲ့ ကျေးလက်ပြည်သူများ ခေတ်မီနိုးကြားရေးကို ရေးတယ်။ ခေတ်ပြုပြင်ရေးကို ရေးတယ်။ ခေတ်ကို နိုးကြားစေတဲ့ စာပေမျိုးကို သူကိုယ်တိုင်လည်းရေးပြီး သူတပါးရေးကြတာကိုလည်း အားပေးတယ်။ အဲဒါ ဦးလှရဲ့ ထူးခြားချက်ပဲ။ ဒါဟာ စာပေလောကထဲကို ခြေမချခင်နဲ့ ခြေချပါပြီဆိုကတည်းက ဦးလှဟာ အမျိုးသားရေးလမ်း ကြောင်းပေါ်ကို စပြီး တက်ခဲ့တယ်။ အမျိုးသားရေးလမ်းကြောင်းအတိုင် လျှောက်ခဲ့တယ်။ ဒါကြောင့်လည်း ယခု (၄၃ ခုနှစ်) ခက်ခဲကြမ်းတမ်းတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲထဲ ပါဝင်ရောက်နေခဲ့ တာပဲလို့ ကျွန်တော်နဲ့ ကိုတင်မောင်တို့ မှတ်ချက်ပြုခဲ့ကြတယ်။
တတိယအချက်ကတော့ ဦးလှနဲ့ အခြားအလားတူ စာရေးဆရာများရဲ့ ခေတ်ပြုပြင်ရေး အရေးအသား တွေဟာ အမျိုးသားရေးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း ဟုတ်-မဟုတ် ဆိုတဲ့အချက် ဖြစ်တယ်။ ဒါကလည်း ရှင်းပါတယ်။ ဒီတုန်းက ခေတ်ပြုပြင်ရေး အရေးအသားတွေဟာ ဒီတုန်းက မြန်မာပြည်သူတွေရဲ့ အခြေအနေအရ တကယ်လိုအပ်တဲ့ လိုအပ်ချက်တွေပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေက ပဒေသရာဇ် မြေရှင် မြေကျွန်စနစ်အောက်မှာ နှစ်ရာထောင်ချီပြီး နေခဲ့ရတဲ့ အခြေအနေမျိုးမှာ မြန်မာပြည်ကို အနိုင်ကျင့်ကျူးကျော် အုပ်စိုးလာတဲ့ အင်္ဂလိပ်နယ်ချဲ့ အင်္ဂလန်ပြည်က အရင်းရှင်စနစ်ထိ ဖွံ့ဖြိုးပြီးသားဆိုတော့ တခေတ်ကြီးများတောင် နောက်ကျ ကျန်ရစ်ခဲ့တာမို့ မြန်မာတွေ ခေတ်နောက်ကျနေတယ်လို့ ပြောရတာပေါ့။ ခေတ်နောက်ကျတယ် ဆိုရာမှာလည်း ကဏ္ဍတခုတည်း နှစ်ခုတည်းမှာသာ နောက်ကျတာမျိုး မဟုတ်ပဲ ဘ၀နေနည်းထိုင်နည်းကအစ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး၊ နိုင်ငံရေး အဖက်ဖက်က ထောင့်ပေါင်းစုံ နောက်ကျနေတာမျိုး ဖြစ်တယ်။ အဲဒီလို နောက်ကျနေတာကို မိမိတို့ ရှေ့တဆင့်ရောက်နေတဲ့ ခေတ်နဲ့အညီ နေတတ်ထိုင်တတ်၊ လုပ်တတ် ကိုင်တတ်၊ တွေးတတ်ခေါ်တတ်အောင် ပြုပြင်ကြဖို့ ရေးသားနှိုးဆော် ညွှန်ပြခြင်းဟာ အမျိုးသားရေး လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းပဲလို့ မြင်တယ်။
ပြီးတော့ ဦးလှဟာ ဒီလို ခေတ်ပြုပြင်ရေးစာပေတွေ ရေးလို့ ပြုပြင်ရေး အလုပ်သက်သက်ကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသူလည်း မဟုတ်ဘူး။ ပြုပြင်ရေး အလုပ်မျိုးကိုသာ ဆုပ်ကိုင်ထားသူလို့ ဆိုကြရင်လည်း ယခုလို ဖက်ဆစ်တိုက်ဖျက်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲထဲမှာ ဦးလှနဲ့ ကျွန်တော်နဲ့ ဆုံဆည်းမိစရာ အကြောင်း ရှိတော့မှာ မဟုတ်ပါဘူး။

(၂)
ဂျပန်တခေတ်လုံးမှာ ဦးလှနဲ့ ကျွန်တော် ရည်ရွယ်ချက်တူ လုပ်ငန်းစဉ်တူ လုပ်ကြတယ် ဆိုပေမယ့် နှစ်ကြိမ် သုံးကြိမ်လောက် လူချင်းခဏတဖြုတ် တွေ့ခဲ့ကြတာက လွဲလို့ အတူတွဲပြီး လုပ်ခွင့်မကြုံခဲ့ဘူး။ သူကလည်း သူ့တာဝန်နဲ့သူ၊ ကိုယ်ကလည်း ကိုယ့်တာဝန်နဲ့ကိုယ် လုပ်ခဲ့ကြရတယ်။ တကယ်တန်း လူချင်းတရင်း တနှီး တပူးတွဲတွဲ လုပ်ဖို့ အခွင့်ကြုံလာတာကတော့ ၁၉၄၅ ခုနှစ်၊ ဧပြီလဆန်းအစမှာ ဖြစ်တယ်။ အခွင့်ကြုံလာပုံကလည်း ကျွန်တော့်အဖို့ မှတ်မှတ်သားသား ရှိလှပါတယ်။
ဂျပန်ကို တော်လှန်ဖို့ အချိန်နီးကပ်လာတော့ ကျွန်တော်က ကျောက်ဆည်ခရိုင်ကို ခေါင်းဆောင်ဖို့ တာဝန် ကျတယ်။ ၁၉၄၅ ခုနှစ်ဆန်း ဇန်န၀ါရီလလယ်လောက် ရောက်တော့ မူလစီစဉ်တဲ့အတိုင်း မဟုတ်ပဲ အချိန်စောပြီး မတ်လ (၈) ရက်နေ့မှာ ဂျပန်ကို စပြီးတိုက်ကြဖို့ ဆက်သားနဲ့ ညွှန်ကြားချက် ရောက်လာတယ်။ အားလုံးသိကြပြီး တဲ့အတိုင်း အင်္ဂလိပ်နဲ့ မဟာမိတ်တပ်များက ဖေဖော်ဝါရီလထဲမှာပဲ တရကြမ်း ထိုးစစ်ဆင်ပြီး မုံရွာ၊ ပခုက္ကူ၊ မြင်းခြံတို့ကို ထိုးဖောက် တိုက်ခိုက် သိမ်းပိုက်ပြီး ဖေဖော်ဝါရီ (၂၈) ရက်နေ့မှာ မိတ္ထီလာမြို့ကို သိမ်းပိုက်လိုက်တယ်။ မန္တလေး-ရန်ကုန်လမ်းမကြီးကို ခါးလယ်က ဖြတ်ပိတ်လိုက်တယ်။ ဂျပန်တပ်တွေ မန္တလေး-ရန်ကုန်လမ်းမကြီးကို ကျော်ပြီး ရှမ်းတောင်တန်းဘက်ဆီကို အလုံးအရင်းနဲ့ ဆုတ်ခွါထွက်ပြေးကြတယ်။ ဗိုလ်မှူဗထူးတပ်များ မန္တလေးတ၀ိုက် ဂျပန်တွေကို သုတ်သင် ရှင်းလင်းပြီး မတ်လကုန်ခါနီးမှာ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နားက ဒွေးလှရွာကို ရောက်လာကြတယ်။ ကျွန်တော်တို့ ဒွေးလှရွာမှာပဲ ဗိုလ်မှူးဗထူးတပ်များနဲ့ ဆုံတယ်။ နောက် ၂ ရက် အကြာမှာ ကိုမောင်မောင်(ဗိုလ်မှူးကြီးတင်စိုး၊ ငြိမ်း ကွယ်လွန်)၊ သခင်တင်ရွှေ (လေထီး သခင်တင်ရွှေ) တို့နဲ့အတူ ဗြိတိသျှတပ်ဖွဲ့ (၁၃၆) က ကက်ပတိန်ဘော်လီ ပါလာပြီး ဗိုလ်မှူးဗထူးနဲ့ ဆွေးနွေးတယ်။ မြန်မာ့မျိုးချစ်တပ်များက သီးခြားစစ်ကြောင်းဖွင့်ပြီး ဂျပန်အကြွင်းအကျန်များကို ရှင်းရင်း ပင်းတယ၊ အောင်ပန်းဘက်သို့ ချီတက်တိုက်ခိုက်ဖို့ သဘောတူကြတယ်။ အင်္ဂလိပ်တပ်ဆီက ဘာလက်နက်အကူအညီမှ မယူဘူး။ တပ်ချင်းမမှားရအောင် အင်္ဂလိပ် စစ်ယူနီဖောင်းအစုံ (၁၀၀) လောက်ပဲ ယူပြီး မတ်လကုန်ရက်မှာပဲ စစ်ကြောင်းစပြီး ချီတက်တယ်။ ကျွန်တော် ရှေ့တန်းချီတပ်နဲ့ လိုက်ခွင့်မရဘူး။ စစ်နောက်ပိုင်းတာဝန်နဲ့ စစ်ရိက္ခာစုဆောင်းဖို့ ဗိုလ်မှူးက တာဝန်ပေးခဲ့တယ်။
တပါတ်လောက်ကြာတော့ စုဆောင်းထားတဲ့ ရိက္ခာလှည်းသုံးစီးနဲ့ အတူ ကျွန်တော် ရှေ့တန်းလိုက်သွား တယ်။ ကျွန်တော်နဲ့ ရိက္ခာလှည်းသုံးစီး မြို့ကြီးရောက်တော့ မြို့ကြီးကို ဗိုလ်မှူးတို့ တပ်တွေ သိမ်းပြီးတာ တညအိပ် နှစ်ရက်ပဲ ရှိသေးတယ်။ တပ်စခန်းကို ရောက်တော့ ဗိုလ်မှူးရဲ့တဲမှာ ဗိုလ်မှူးကို မတွေ့ရဘူး။ ကိုသိမ်းမောင် (ဒုဗိုလ်မှူးကြီးမျိုးမြင့်- ငြိမ်း လယ်/သစ် ဒုဝန်ကြီးဟောင်း) ကိုပဲ တွေ့ရတယ်။ နောက်နေ့ညနေ ငါးနာရီလောက်မှာ ဗိုလ်မှူး ရှေ့တန်းက ပြန်ရောက်လာတယ်။
ညနေစာစား ခေတ္တအနားယူပြီးတော့ ကိုညွန့်အောင် ဘာကိစ္စလာလဲ။ ကိစ္စအထူးရှိလားလို့ ကျွန်တော့်ကို ဗိုလ်မှူးက မေးတယ်။ ကျွန်တော်ကလည်း ရိက္ခာလည်းပို့ရင်း ကျွန်တော်လည်း ရှေ့တန်းတပ်ထဲမှာ အပြီးနေဖို့ လာခဲ့တာပါလို့ ဖြေလိုက်တယ်။ ဗိုလ်မှူး ချက်ချင်း မျက်နှာပျက်သွားပြီး "ဘာလဲဗျ ကိုညွန့်အောင်၊ ခင်ဗျားက ကျုပ်တပ်ကို စိတ်မချလို့လား" လို့ ဒေါသတကြီး မေးတယ်။ ကျွန်တော်လည်း ပျာယာခတ်သွားပြီး ဗိုလ်မှူး ကျွန်တော့်စကားကို ဘာလိုနားလည်လိုက်သလဲဆိုတာ သိလိုက်တာနဲ့ သူ့စကား ရှေ့မဆက်ခင်မှာပဲ "မဟုတ်ဖူးဗိုလ်မှူး၊ ကျွန်တော် တပ်ထဲနေမယ်ဆိုတာ ဗိုလ်မှူးထင်သလို နိုင်ငံရေးမှူးတာဝန်မျိုးနဲ့ နေချင်တာမျိုး ပြောတာ မဟုတ်ပါဘူး။ ရိုးရိုးတပ်သားအဖြစ်နဲ့ သေနတ်ကိုင်ပြီး ရှေ့တန်းမှာ တိုက်ဖို့ နေချင်တာပါ၊ ကျွန်တော် ဒီအခွင့်အရေးမျိုး စောင့်ခဲ့တာ ကြာပါပြီ။ ဂျပန်တခေတ်လုံး ဂျပန်ကို တော်လှန်ဖို့ တိုက်ဖို့ လူအများကို ကျွန်တော် ဟောပြောစည်းရုံး ခဲ့တယ်။ အခု တကယ်တိုက်ရမယ့် အချိန်ကျတော့ ကျွန်တော်က စစ်မြေပြင်မှာ မရှိဘူး။ နောက်တန်းမှာပဲ ရှိနေရမယ်ဆိုရင် ဒီလူတွေကို ကျွန်တော် ဘယ်လို မျက်နှာပြရမှာလဲ။ ကျွန်တော် မျက်နှာပူတယ်" စသဖြင့် တောက်လျှောက် ကျွန်တော် ပြောချလိုက်တယ်။
ဒီတော့ ဗိုလ်မှူး မျက်နှာကြော လျော့သွားပြီး ခဏကြာမှ "အင်း ကိုညွန့်အောင်က သေနတ်ကိုင် တိုက်ချင်တာကိုး" တိုးတိုးညည်းပါတယ်။ အတန်ကြာငြိမ်နေပြီးမှ ခေါင်းပြန်မော့ပြီး စကားစပြောတယ်။
"ကဲ အချိန်လဲ မရှိဘူး။ ဒွေးလှမှာတုန်းက အေးအေးဆေးဆေး မပြောခဲ့ရဘူး။ တိုတိုပဲ ပြောကြရအောင်။ သိတဲ့အတိုင်း ဟိုတုန်းက ကျုပ်တို့ကြံစည် စီစဉ်ခဲ့ကြသလို ကျုပ်တို့ဖာသာ ကျုပ်တို့ ဂျပန်ကိုတိုက်ထုတ်၊ လွတ်လပ်တဲ့ နယ်မြေတွေ ထူထောင်၊ ကိုယ့်ဖာသာကိုယ် လွတ်လပ်တဲ့ အုပ်ချုပ်ရေးတွေဖွဲ့ ဆိုတဲ့နည်းမျိုးနဲ့ မတိုက်နိုင်ခဲ့ဘူး။ အကြောင်းကြောင်းကြောင့် အခု အင်္ဂလိပ် စစ်တပ်တွေ မြန်မာပြည် ထက်ဝက်နီးပါးလောက် သိမ်းပြီးမှ စပြီး တိုက်ကြရတယ်။ တိုက်တော့လည်း ခင်ဗျားသိတဲ့အတိုင်း သူတို့ (အင်္ဂလိပ်စစ်တပ်) ဆီက ကျုပ်တို့ ဘာအကူအညီမှ မယူခဲ့ဘူး။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုက်နေကြတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျုပ်တို့က လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ ဂျပန်မရှိတော့တဲ့နေရာမှာ အင်္ဂလိပ်စစ်တပ်တွေ ရောက်နေကြပြီ။ စစ်တပ်ချည်း လာတာမဟုတ်ဘူး။ စစ်တပ်နောက်က သူတို့ အုပ်ချုပ်ရေး ယန္တရားကို ထူထောင်ဖို့ ကက်စဘီ CAS(B) [ပြည်သူ့ရေးရာဝန်ထမ်းအဖွဲ့] တွေပါ တပါတည်း ပါလာတယ်။ ဒီ အခြေအနေမျိုးမှာ လူထုကြီးကို အင်္ဂလိပ်လက်အောက် ၀ကွက်ပြီး အပ်ထားရတော့မှာလား။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ကိုယ့်ဘာသာကိုယ် ဂျပန်ကို တိုက်ထုတ်ပြီး လွတ်လပ်တဲ့ နယ်မြေတွေ ထူထောင်၊ လွတ်လပ်တဲ့ အုပ်ချုပ်ရေးတွေ မဖွဲ့နိုင်ပေမယ့် မြို့ရောတောပါ ဒေသတိုင်းမှာ အင်္ဂလိပ်သြဇာ မညောင်းစေဘဲ ကျုပ်တို့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ) ရဲ့ သြဇာသာ ညောင်းစေရမယ်။ ဒါအတွက် တောကြိုအုံကြားမကျန် ဖ-တ-ပ-လ- အဖွဲ့တွေ အမြန်ဆုံး ပေါ်ပေါက်လာအောင် စည်းရုံးဖွဲ့စည်းမိဖို့ လိုတယ်။ တနိုင်ငံလုံး ဖက်ဆစ်တော်လှန်ရေးအလံ (အနီရောင်အောက်ခံ ကြယ်ဖြူအလံ) တွေနဲ့ အနီရောင် လွှမ်းသွားအောင် လုပ်ရမယ်။ ဖက်ဆစ်ကို တိုက်နေတယ် ဆိုရုံနဲ့ မပြီးဘူး။ လက်ရှိအခြေအနေအရ အင်္ဂလိပ်နဲ့ ရင်ဆိုင်ပြီး တိုင်းပြည် လွတ်လပ်ရေးအတွက် ပြောကြဆိုကြရဦးမယ်။ လူထုက ကျုပ်တို့ဘက်မှာ ရှိနေဖို့ လိုတယ်။ ဒါကို ခင်ဗျားလည်း နားလည်ပြီးသားပဲ။
ကိုင်း တိုတိုနဲ့ ဖြတ်ကြစို့။ ကိုညွန့်အောင် နောက်ကြောင်းကို ပြန်ပါ။ ပြန်ပါဆိုတာက ကျောက်ဆည်ကို မပြန်ပါနဲ့။ မန္တလေးကို သွားပါ။ မန္တလေးက အထက်မြန်မာပြည်အတွက် အချက်အချာကျတယ်။ ဆရာကြီး (ဥင်္ီးရာဇတ်) တို့ ဦးလှတို့ကိုလည်း ပြောပြပါ။ အင်္ဂလိပ်ဘက်က လက်ညှိုးခေါင်းငြိမ့်မယ့်လူဆိုလို့ တကောင်တမြီးမှ မကျန်အောင် စည်းရုံးပါလို့။ မနက်ဖြန် မနက်စောစော ဗိုလ်ဗစိန်တို့ ဗိုလ်ရဲဒင်တို့ကို မန္တလေးဘက် လွှတ်စရာ ရှိတယ်။ ကိုညွန့်အောင် သူတို့နဲ့ လိုက်သွားပါ။ ကျုပ်လည်း မနက် ခရီးထွက်စရာရှိတယ်။ ဒါပါပဲ"
ဒီလိုနဲ့ပဲ ကျွန်တော့်မှာ ရှေ့တန်းတပ်ထဲလဲ မနေရ၊ ကျောက်ဆည်လည်း မပြန်ရတော့ဘဲ မန္တလေးရောက်ပြီး ဦးလှနဲ့ လက်ပွန်းတတီး အတူတွဲပြီး လုပ်ကိုင်ရဖို့ အခွင့်ကြုံလာခဲ့တာ ဖြစ်ပါတယ်။

(၃)
ကျွန်တော် မန္တလေးကို ပြန်ရောက်တော့ ဧပြီလဆန်း ၁၀ ရက်၊ ၁၁ ရက် ဖြစ်မယ်။ မန္တလေးမြို့ ဂျပန်လက်အောက်က လွတ်မြောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဒါကြောင့် မန္တလေးသားတွေ မန္တလေးမြို့ပေါ် စုံစုံလင်လင် ပြန်မရောက်ကြသေးဘူး။ ကျွန်တော် ဖ-တ-ပ-လ အဖွဲ့ ရုံးလုပ်မယ့် ၈၄ လမ်း ကျောက်သွေးတန်းက ရန်ကုန်ကိတ်မုံ့တိုက်ဟောင်း အဆောက်အဦး ရောက်ပြီး ဆရာကြီး (ဦးရာဇတ်) တို့၊ ဦးလှတို့ ကိုလှအောင် (ညောင်တုန်းသခင်ထွန်းရင်) တို့ကို ဗိုလ်မှူးမှာလိုက်တဲ့ စကားတွေနဲ့ ရှေ့တန်းအခြေအနေ ပြောပြတယ်။ ဦးလှတို့ကလည်း ဖ-တ-ပ-လ အဖွဲ့မှာ ပါဝင်သင့်တဲ့ လူကြီးတွေ မန္တလေး ပြန်မရောက်သေး။ လူမစုံသေးလို့ ယခုထိ ဖ-တ-ပ-လ မဖွဲ့နိုင်သေး၊ ဆိုင်းဘုတ်မတင်နိုင်သေးကြောင်း၊ ယခု အတော်အတန်စုံပြီး တယောက် နှစ်ယောက်လောက်ပဲ စောင့်စရာ ကျန်တော့လို့ မကြာမီ ရက်ပိုင်းအတွင်း ဖွဲ့စည်းနိုင်တော့မှာ ဖြစ်ကြောင်း။ ပြီးတော့ ဖ-တ-ပ-လ ကို အထက်မြန်မာပြည် အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းဖို့ စီစဉ်ထားကြောင်း ပြောပြကြတယ်။
ကျွန်တော် ကွန်မြူနစ်ပါတီ ဘုံရိပ်သာရှိရာ ပိုက်ကျုံးကို ရောက်တော့ မန္တလေးခရိုင် ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်ကြီး တင်ပြီးနေတာ တွေ့ရတယ်။ မန္တလေးကို အင်္ဂလိပ်တပ် ၀င်ပြီး တရက် နှစ်ရက် ကတည်းက တင်လိုက်တာလို့ သိရတယ်။ ခရိုင်ပါတီ ဆိုင်းဘုတ်ကြီးကိုသာ တင်ထားတာ ခရိုင်ပါတီကော်မတီက မဖွဲ့ရသေးဘူး။ လူမစုံသေးဘူး။ ဘုံရိပ်သာမှာ ကိုစံညွန့် (ပါတီခေါင်းဆောင်) ကိုလှအောင် (ညော်တုန်းသခင်ထွန်းရင်) နဲ့ မန္တလေးမြို့က အောက်ခြေ ရဲဘော် ရဲဘော်မ လေး ငါး ခြောက်ယောက်ပဲ တွေ့ရတယ်။ ကိုစံညွန့်နဲ့ ကိုလှအောင်တို့က ဖွဲ့စည်းမယ့် ဖ-ဆ-ပ-လ အထက်မြန်မာပြည်အဖွဲ့ချုပ်ကို (ဖက်ဆစ်တိုက်ဖျက်ရေး အစား ဖက်ဆစ်ဆန့်ကျင်ရေးလို့ အမည်ပြောင်းဖို့ ဆရာကြီးတို့ ဦးလှတို့နဲ့ သဘောတူပြီးသား) အတွက် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းမူကြမ်း ရေးနေကြတယ်။ ဒါကြောင့် ကျန်တဲ့ ဖ-ဆ-ပ-လ ဖွဲ့စည်းရေးအလုပ်တွေကို ကျွန်တော်က ဦးလှတို့ ဆရာကြီးတို့နဲ့ တွဲပြီးလုပ်ဖို့ တာဝန်ပေးတယ်။ အဲဒီကတည်းက ဦးလှနဲ့ စပြီး လက်ပွန်းတတီး တွဲခဲ့ရတာ ပါပဲ။
နောက်နေ့ ဖဆပလအဖွဲ့ရုံးရောက်တော့ ပထမဆုံးတွေ့ရတဲ့ ကိစ္စ ပြဿနာက သခင်သာခင် ကိစ္စပဲ။ သခင်သာခင်က ဂျပန်ခေတ်မှာ ကသာခရိုင် ရဲဝန် လုပ်နေခဲ့တယ်။ အင်္ဂလိပ်က ထိုးစစ်ဆင်ပြီး မြစ်ကြီးနား-ကသာကို သိမ်းတော့ အင်္ဂလိပ်စစ်တပ် စစ်မြေပြင်လုံခြုံရေးတပ်ဖွဲ့ (Field Security Service = စစ်စုံထောက်အဖွဲ့) က သခင်သာခင်ကို ဖမ်းဆီးဖို့ လုပ်လို့ မန္တလေးဘက် ရှောင်တိမ်းလာရတယ်။ ဆရာကြီးတို့ ဦးလှတို့က သခင်သာခင်ကို ဖဆပလအဖွဲ့ ရုံးအပေါ်ထပ် အခန်းထဲမှာ ၀ှက်ထားပေးရတယ်။ ဒီကိစ္စအကြောင်းပြုပြီး ဆရာကြီးတို့ ဦးလှတို့နဲ့ ဆွေးနွေးကြတယ်။ အင်္ဂလိပ်က ဂျပန်နဲ့ ပေါင်းပြီး သူ့ကို မောင်းထုတ်ခဲ့တဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်တွေကို ရန်ငြှိုးထား (Black List) စာရင်းမဲလုပ်ပြီး ဖမ်းဆီးကလဲ့စားချေဖို့ ပြင်ဆင်လာတာလည်း ရှိတယ်။ ဂျပန်ခေတ်အတွင်း အနှိမ်ခံ အပယ်ခံ ဖြစ်နေခဲ့ရတဲ့ အင်္ဂလိပ်သစ္စာခံတွေက တို့မီးရှို့မီးလုပ်ကြလို့ ဖမ်းမယ် ဆီးမယ် လုပ်လာတာတွေလဲ ရှိတယ်။ ဒီအန္တရာယ်ကို ကာကွယ်နိုင်တာက ဖဆပလ အဖွဲ့ပဲ ရှိတယ်။ ဒိတော့ ဖဆပလ အဖွဲ့ မြန်မြန်အကောင်အထည် ဖော်ရမယ်လို့ တဖက်က တွက်ကြတယ်။ ဒါပေမယ့် တဖက်ကလည်း ဖဆပလအဖွဲ့ကို အလျင်စလို အလောတကြီးဖွဲ့ပြီး ဖဆပလ ဆိုင်းဘုတ် မြန်မြန်တင်နိုင်ရင်ပြီးရော လုပ်လို့လည်း မသင့်ဘူး။ ဒီကိစ္စမှာ ဦးလှရဲ့ သဘောထားက တကယ်ဆိုရင် ဂျပန့်လက်အောက်မှာ ကတည်းက တပ်မတော်ရယ်၊ ပြည်သူ့အရေးတော်ပုံပါတီရယ်၊ ကွန်မြူနစ်ပါတီရယ် ညီညွတ်ရေးရပြီး ဖတပလအဖွဲ့ဆိုတာကို ဖွဲ့ထားခဲ့ကြပြီပဲ။ နဂိုကတည်းက ရှိပြီးသားမို့ အင်္ဂလိပ် ၀င်လာလာချင်း ဆိုင်းဘုတ်တင်ပြီးမှ အခြားပါတီစုံက လူကြီးတွေကို ခင်ဗျားတို့တွေ ကျုပ်တို့ ဖတပလ ထဲ ၀င်ကြပါဆိုတဲ့ အဖြစ်မျိုး အပြောမျိုး မဖြစ်ချင် မပြောချင်ဘူး။ အခြား ရှိသမျှ ပါတီစုံက လူကြီးတွေ၊ ဆိုင်ရာဒေသအလိုက် သြဇာတိက္ကမ ရှိပြီး ပြောရေးဆိုစရှိတဲ့ လူကြီးတွေ ဖြစ်နိုင်သမျှ အစုံအညီပါပြီး အားလုံး အလုံးစုံအညီ ဖဆပလအဖွဲ့ကြီးကို အညီအညွတ် ဖွဲ့စည်းလိုက်ကြတယ်ဆိုတဲ့ သဘောမျိုး အဖြစ်မျိုး ဖြစ်စေချင်တယ်။ ဒါမှ အားလုံး သံသယကင်းကင်းနဲ့ အမျိုးသားညီညွတ်ရေး၊ တကယ့်ညီညွတ်ရေးကို တည်ဆောက်ရာရောက်မယ်ဆိုတဲ့ သဘောထားပဲ။
ဒီသဘောထားဟာ အမျိုးညီညွတ်ရေး တည်ဆောက်ရာမှာ အင်မတန် ဖြူစင်သန့်ရှင်းတဲ့ သဘောထားပဲ။ ဗိုလ်မှူးဗထူးမှာလိုက်တဲ့ အင်္ဂလိပ်ဘက် လက်ညှိုးထောင် ခေါင်းငြိမ့်မယ့်လူက တယောက်တလေမှ မကျန်စေနဲ့ ဆိုတဲ့စကားနဲ့လည်း ကိုက်ညီတယ်။ ဦးလှဟာ သူ့ရင်ထဲက သဘောထား စိတ်ထားအတိုင်ပဲ လက်တွေ့လည်း ဖြစ်မြောက်အောင် အလွန်အပင်ပန်းခံတယ်။ မန္တလေးမြို့ ပြန်မရောက်သေးတဲ့ ပါတီစုံ လူကြီးတချို့ကို စာအပြည့်အစုံရေး လူလွှတ်ပြီး အမြန်ရောက်လာအောင် စည်းရုံးခေါ်ဆောင်တယ်။ မန္တလေးအနီးနား တ၀ိုက်လောက်ဆိုရင် ကိုယ်တိုင် မဖြစ်မနေ သွားဆွေးနွေးတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ မြင်းလှည်းနဲ့ စက်ဘီးနဲ့ သူ့စားရိတ်နဲ့ သူသွားတယ်။ မညည်းဘူး။ ဒီအချိန်မှာ ရဟန်းပျိုအဖွဲ့ချုပ်က ဆရာတော်များရဲ့ သြ၀ါဒကိုလည်း သွားပြီး ခံယူလိုက်သေးတယ်။ ဆရာတော်တွေက ဘယ်သူတွေ ပါသင့်တယ်လို့ သြ၀ါဒပေးရင် အဲဒီပုဂ္ဂိုလ်ကိုလည်း ရောက်အောင်သွားပြီး ဆွေးနွေးတယ်။ ပြီးရင် ဆရာတော်တွေဆီ ပြန်သတင်းပို့ ပြန်အစီရင်ခံတယ်။ တကယ်ဆိုတော့ ပါတီစုံက လူကြီးတွေ ဆိုတာက အသက် ၅၀ ကျော် ၆၀ တွင်းတွေ။ သူတို့ဘက်က ကြည့်ရင်တော့ ဦးလှက လူငယ်။ ကျွန်တော်တို့လို လူငယ်တွေဘက်က ကြည့်တော့ ဦးလှက လူကြီး။ ဦးလှက လူကြီးဆိုလည်းဟုတ်၊ လူငယ်ဆိုလည်းဟုတ် ဖြစ်နေတယ်။ ကျွန်တော်တို့က လူကြီးလို့ သတ်မှတ်ပေမယ့် ဦးလှက ကျွန်တော်တို့ အသက် ၂၀ ၀န်းကျင် လူငယ်အချိန်ပြည့် လုပ်သားတွေလို တန်းတူ လှုပ်ရှားနိုင်တယ်။ ဖျတ်လတ်တယ်။ ပြီးတော့ ရင့်ကျက်တယ်။
ဒီလောက် ဖဆပလအဖွဲ့ အမြန်ဆုံး အကောင်အထည် ဖော်အောင် ကြိုးစားလှုပ်ရှားနေတဲ့ကြားက ကျွန်တော်တို့ ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်တင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဖဆပလ ဆိုင်းဘုတ်မတင်ရသေးခင် အရင်ဦးအောင် တင်ရကောင်းလားဆိုပြီးတော့ ပါတီရေးဦးစားပေးတယ်လို့ စွပ်စွဲသံ မကျေနပ်သံတွေ ကြားလာရတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဦးလှတို့ ဆရာကြီးတို့ကတော့ ဒီလို စစ်အတွင်းကာလထဲမှာပဲ လွတ်လပ်ရေးတိုက်ပွဲဝင် ပါတီတခုရဲ့ တရားဝင် ရပ်တည်မှုကို ရအောင်ယူကာ ဘယ်လောက်အရေးပါကြောင်း၊ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ အငြိုးအတေးနဲ့ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်များရဲ့ လုံခြုံမှုအတွက် မည်မျှ အကျိုးသက်ရောက်ကြောင်း သိမြင် နားလည်နေကြတယ်။ ဒါကြောင့်လည်း ကြုံလာတိုင်း ဒီကိစ္စကို ပြေပြေ လည်လည်ဖြစ်အောင် ရှင်းပြတတ်ကြပါတယ်။
ဖဆပလ အထက်ဗမာပြည်အဖွဲ့ချုပ် ဖွဲ့စည်းဖို့ ပါတီစုံ လူကြီးတွေ စုံစုံလင်လင်နဲ့ အဆင်သင့်ဖြစ်ပြီ ဆိုတော့ ဦးလှပဲ သတိတရနဲ့ ဖွင့်ပွဲနေ့မှာ ဆိုင်းကလေး ဗုံကလေးလည်း ပါဦးမှကောင်းမှာဆိုပြီး ကျွန်တော် မရောက်ခင် ကတည်းက သူနဲ့ ကိုလှအောင်နဲ့ အေ၀မ်းဆရာညှာဆီသွား၊ သီချင်းမှာ ပါရမယ့်အကြောင်းအရာကို စာသားကို ရှင်းပြပြီး 'လူထုစစ်' သီချင်း အစပ်ခိုင်းသတဲ့။ သဘက်ခါလောက် ဖွင့်ပွဲလုပ်မယ်ဆိုတော့ သီချင်းလို့ ပြီးမပြီး ဆရာညှာအိမ်ကို သွားမေးတဲ့အခါ ဦးလှနဲ့ ကျွန်တော်လိုက်သွားတယ်။ ဆရာညှာက သီချင်းရေးပြီးပြီ ဖြစ်ကြောင်း ပြောပြီး ပါးစပ်ဆိုင်းအတောလေးနဲ့ သီဆိုပြတော့ ဦးလှက သူအဓိကထားပြီး ပြောခဲ့တဲ့ အမြင်မှန် မှန်ကြဖို့ ဆိုတဲ့သဘောကလေး မပါလို့ စိတ်ထဲ သိတ်ကျေနပ်ပုံမရဘူး။ ဒါပေမယ့် ကမ္ဘာမှာ ကြမ်းကြုတ်ရက်စက်တဲ့ နာဇီဖက်ဆစ်တွေကို လူထုက ၀ိုင်းတိုက်ရမယ်ဆိုတာလေး ပါတော့ တော်ပါသေးတယ် ဆိုပြီး လက်ခံခဲ့တယ်။ ဒီအကြောင်း မိုးဂျာနယ် ၁၉၉၆ နိုဝင်ဘာလထုတ်မှာ ကျွန်တော်အကျယ် ရေးခဲ့ပြီးလို့ အထူးမဖော်ပြလိုတော့ပါဘူး။ ဦးလှရဲ့ အမြင်မှန် မှန်ကြဖို့ဆိုတာ စကားလုံးက ခပ်ဆန်းဆန်းမို့ ကျွန်တော့်နားထဲ ယခုထိ စွဲနေတာပါ။ ဦးလှ အရေးထားပြီး သီချင်းကတဆင့် လူထုကို ပြောချင်တာက ကျုပ်တို့ ဂျပန်ဖက်ဆစ်ကိုတိုက်ကြတာ အင်္ဂလိပ်အရှင်သခင်ဟောင်းကို ပြန်ခေါ်ဖို့ တိုက်နေကြတာ မဟုတ်ဘူး။ ကမ္ဘာ့လူထုရဲ့ ကမ္ဘာ့နံပါတ်တစ် ဘုံရန်သူကြီးကို ကမ္ဘာ့လူထုကြီးရဲ့ လွတ်မြောက်ရေးအတွေက် ကမ္ဘာ့လူထုကြီးနဲ့ လက်တွဲပြီး တိုက်နေကြတဲ့စစ်မို့ လူထုစစ်လို့ ခေါ်တာဆိုတဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေချင်တာ ဖြစ်တယ်။
အဲသည်နောက် ဖွင့်ပွဲမလုပ်ခင်တရက် အလိုလောက်မှာပဲ အိန္ဒိယပြည် ကိုသိန်းဖေ (ဦးသိန်းဖေမြင့် ကွယ်လွန်) တို့ဆီက လွှတ်လိုက်တဲ့ ကိုကျော်ရင် (ပါမောက္ခချုပ် ကွယ်လွန်)၊ ကိုလှသောင်း (ဦးလှသောင်း လမ်းစဉ်ပါတီသုတေသနဌာန ဌာနခွဲမှူး ကွယ်လွန်) နဲ့ လေထီးဆင်း ရဲဘော်သုံးယောက်တို့ ရောက်လာကြတယ်။ အိန္ဒိယပြည်က လာကြတာဆိုတော့ ကမ္ဘာအနှံ့ စစ်အခြေအနေ၊ နောက်ဆုံးသတင်းတွေ၊ အိန္ဒိယပြည် ဆင်းမလားမြို့မှာ အခြေစိုက်ထားတဲ့ မြန်မာပြည် စစ်ပြေးဘုရင်ခံအစိုးရရဲ့ အကြံအစည်သတင်းအားလုံး ကြားရ သိရတယ်။ ဒါကြောင့် ဖဆပလ ဖွင့်ပွဲမှာ ကိုကျော်ရင်ကို စကားပြောဖို့ ဦးလှတို့က အစီအစဉ် ထည့်ဆွဲလိုက်ကြတယ်။
ဖဆပလ (အထက်ဗမာပြည်အဖွဲ့ချုပ်) ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခန်းအနားကို ဖိတ်ကြားထားတဲ့ ဧည့်ပရိသတ် အမြောက်အမြားနဲ့ စည်စည်ကားကား ကျင်းပနိုင်ခဲ့ကြတယ်။ ဖွင့်ပွဲမှာ အထက်မြန်မာပြည် အဖွဲ့ချုပ်ရဲ့ အမှုဆောင် လူကြီးများစာရင်းကို ကျေညာပါတယ်။ အလုပ်အမှုဆောင်များ ဖွဲ့စည်းတာဝန်ခွဲဝေရာမှာ ပါတီစုံက လူကြီးများကို အလုပ်အမှုဆောင်များ၊ စည်းရုံးဖွဲ့စည်းရေး၊ ၀ါဒဖြန့်ချိရေး၊ ပြန်လည်ထူထောင်ရေး၊ သက်သာချောင်ချိရေး စတဲ့ ဌာနကြီးတွေမှာ တာဝန်ခံ ဌာနမှူးများအဖြစ်ထားပြီး ကျွန်တော်တို့ လူငယ်များက ဌာနအသီးသီးမှာ တွဲဖက်အမှုဆောင်များအဖြစ်နဲ့ ထားပြီး ဖွဲ့စည်းနိုင်ခဲ့တာလည်း ဦးလှနဲ့ ဆရာကြီးဦးရာဇတ်တို့ရဲ့ စစ်မှန်တဲ့ အမျိုးသားညီညွတ်ရေး တည်ဆောက်ရာမှာ ဖြောင့်မတ်ဖြူစင်တဲ့ သဘောထားကို ပြသရာရောက်တာမို့ ပါတီစုံ လူကြီးများ သံသယကင်းကင်းနဲ့ ကျေနပ်အားရမှု ရှိခဲ့တာလည်း မှတ်သားစရာ တကွက် ဖြစ်ခဲ့တယ်။ အဲဒီနောက် ကိုကျော်ရင် ဟောပြောတဲ့အခါရောက်တော့ ကိုကျော်ရင်က အပြောလည်းကောင်း၊ အာဝဇ္ဇန်းကလည်းရွှင်၊ ကမ္ဘာ့သတင်းတွေကလည်း စုံပြီး လူထုစစ်ဆိုတဲ့သဘောကိုလည်း ကွက်ကွက် ကွင်းကွင်း မြင်အောင် ပီပီပြင်ပြင် ပြောနိုင်တော့ ဖွင့်ပွဲတက်ရောက်နေတဲ့ ပရိသတ်အားလုံး ကျေနပ်အားရလွန်းလို့ လက်ခုပ်သံ တဖြောင်းဖြောင်းမို့ ခန်းမတခုလုံး ဟိန်းနေတော့တာပါပဲ။ ကိုကျော်ရင် ဟောပြောပြီးတော့ နောက်ဆုံး အေ၀မ်းဆရာညှာတို့က လူထုစစ်သီချင်းနဲ့ သီဆိုဖျော်ဖြေ အခန်းအနား ပြီးဆုံးပါတယ်။
ဒီလိုနဲ့ မြန်မာပြည်အောက်ပိုင်းမှာ ဖက်ဆစ်ဂျပန်ကို မျိုးချစ်တော်လှန်ရေးတပ်တွေက သံကြီးမဲကြီး တိုက်ခိုက်ချေမှုန်းနေကြရဆဲ၊ မန္တလေးမြို့ ဂျပန်စစ်ခြေဖနောင့်အောက်က လွတ်ခဲ့တာ လသားမျှ မကြာသေးခင် အချိန်အတွင်း မြန်မာ့မြေပေါ်မှာ ပထမဆုံး တရားဝင် ဖဆပလ အထက်မြန်မာပြည်အဖွဲ့ချုပ်ကို ဖွဲ့စည်းဖွင့်လှစ် နိုင်ခဲ့ခြင်းအားဖြင့် ဦးလှနှင့်အတူ ကျွန်တော်တို့တတွေ အမျိုးသားညီညွတ်ရေးအုတ်မြစ်ကို အောင်မြင်စွာ ချနိုင်ခဲ့ တာဟာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ မမေ့ကောင်းစရာ မှတ်တိုင်တခုအဖြစ် သတိရပြီး ယခုတိုင် ပီတိဖြစ်နေမိပါသေးတယ်။

ပထမပိုင်းပြီး။
ဆက်လက်ဖော်ပြပါမည်။
[မာယာစာဖတ်ပရိသတ်သို့ တောင်းပန်ချက်- 'ဦးညွန့်အောင်ရဲ့ အမျိုးသားနိုင်ငံရေးသမားဘ၀ ဦးလှ' ဆောင်းပါးဟာ အခန်း(၉) ခန်းနဲ့ ရေးသားဖွဲစည်းထားတဲ့ စာမျက်နှာ (၂၀) ရှိတဲ့ ဆောင်းပါးဖြစ်ပါ၍ မာယာအနေဖြင့် ၃ ပိုင်းခွဲပြီး ဖော်ပြမည်ဖြစ်ပါကြောင်း။]
{ကြီးပွါးရေးစာအုပ်တိုက်ထုတ် "နှစ် ၉၀ ပြည့် လူထုဦးလှ"၊ ပထမအကြိမ်၊ ၂၀၀၀ ပြည့် ဇွန်မှ ကူးယူဖော်ပြပါတယ်။ }


အပြည့်အစုံ..သို့ ...>>>

Sunday, November 29, 2009

အဖေနဲ့ဂျက်ကိုးဦးအောင်ဖြိုး
ရေးသူ- ဖိုးသံ(လူထု)


ဒီနှစ် ကျနော့် အမေမွေးနေ့မှာ စစ်ကိုင်းတောင်ရိုးပေါ်မှာရှိတဲ့ အဖေနဲ့အမေရဲ့ မွေးစားသား ဘုန်းကြီးဦးအောင်ဖြိုးရဲ့ ကျောင်းကိုသွားပြီး ဆွမ်းကျွေးမယ်လို့ သိရပါတယ်။ ဒီနာမည်ကို မကြားဖူးပါလားလို့ ကျနော်လည်း ခေါင်းစားခံ တွေးနေမိပါတယ်။ ဘယ်က ဦးအောင်ဖြိုးလဲ။ ဘယ်တုန်းက မွေးစားတာလဲ။ ကိုယ်အိမ်က ထွက်လာတာ အနှစ်သုံးဆယ် ကျော်ခဲ့ပြီဆိုတော့ ပြန်စဉ်းစားရတာ အတော်ကို ခက်ပါတယ်။ ဒါပေမဲ့ ကလေးတယောက် မွေးစားတယ်ဆိုတော့ မစဉ်းစားပဲ မနေနိုင်ပါဘူး။


ပြောရရင် ကျနော့်အဖေဟာ သူထောင်က ထွက်လာပြီးကတဲက အိမ်မှာ တိရစ္ဆာန်မွေးတာကိုတောင် လက်မခံပါဘူး။ မှတ်မှတ်ရရ တခါမှာ ကျနော့်ညီ ဘိုညိုက သူ့ သူငယ်ချင်း ချက်ကြီးဆီကို သွားလည်တော့ အပြန်မှာ ချက်ကြီးက ကြက်ဖလေးတကောင် လက်ဆောင်ပေးလိုက်ပါတယ်။ ချက်ကြီးဆိုတာက ဘုရားကြီး အောက်ကျင်း အနောက်ဖက်မှာနေတဲ့ သူနဲ့ ဘော့လုံးကစားဖက်၊ တက္ကသိုလ်အတူတက်ဖက် အင်မတန် ခင်တဲ့သူငယ်ချင်းပါ။ ကျနော်နဲ့လည်းကျွမ်းပါတယ်။ အဖေ့အကြောင်းသိနေတဲ့ ဘိုညိုက အဲဒီ ကြက်ဖလေးကို အိမ်မှာမထားရဲပဲ ကျနော်တို့အိမ်ရဲ့ နောက်ကျောထဲက၊ ယပ်ဝင်းထဲရှိ ပုံနှိပ်စက်မှာ သွားထားပါတယ်။ ဒီလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် တနေ့တော့ အဖေက ပုံနှိပ်စက်ကို လာကြည့်တော့ ဒီကြက်ဖကို တွေ့သွားပါတယ်။ အဲဒီအခါမှာ သူက အလုပ်သမားတွေကို ဒါဘယ်က ဘယ်လိုရောက်လာတဲ့ ကြက်လဲလို့ မေးပါတယ်။ ဒီတော့ အလုပ်သမားတွေကလည်း လိမ်လို့မဖြစ်တာနဲ့ အမှန်အတိုင်းပဲ ပြောလိုက်ရပါတယ်။ ထမင်းစားချိန်ရောက်တော့ အဖေဟာ မျက်စေ့မျက်နှာပျက်နဲ့ ဘိုညို့ကို "မင်းကြက်မမွေးနဲ့" လို့ တခွန်းထဲပဲ ပြောပါတယ်။ ဒီလိုနဲ့ပဲ အဲဒီကြက်ဖကို ကျနော် ထပ်မတွေ့ရတော့ပါဘူး။
အဲဒီတော့ လူကိုမွေးဖို့ဆိုတာ ပိုလို့တော့- - -။ နေဦး။ ကျနော်စဉ်းစားမိပြီ။
ကျနော်အိမ်က ထွက်လာတဲ့ နှစ်ထဲမှာပဲ ထင်ပါတယ်၊ ညနေစောင်းကြီးတခုမှာ အဖေဟာ သူ ဂေါက်ရိုက်က ပြန်လာတော့ ကောင်လေးတယောက်ကို အိမ်ခေါ်လာပါတယ်။ မှောင်ရီပျိုးနေပါပြီ။ ကျနော့်ကို အိမ်သားတယောက်က အဖေကောင်လေးတယောက် မွေးစားဖို့ ခေါ်လာတယ်လို့ပြောတော့ မဆီမဆိုင် ကျနော့်ခေါင်းထဲမှာ ကိုယ်တက္ကသိုလ်တုန်းကသင်ခဲ့ရတဲ့ အယ်မလီဘရွန်တေ (Emily Bronte) ရေးတဲ့ ဝူးသားရင်းဟိုက်စ် (Wuthering Heights) ဝတ္ထုထဲက မစ္စတာအန်းရှော (Mr. Earnshaw) တယောက် လီဗာပူးက အပြန်မှာ ဝတ္ထုရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟိကလစ်ဖ် (Heathclif) ကိုမွေးစားဖို့ ခေါ်လာတာကို ပြေးသတိရမိပါတယ်။ မည်းမည်းကြုတ်ကြုတ်နဲ့ လမ်းပေါ်က ဂျစ်ပဆီလေးပါ။
ဒါနဲ့ကျနော်က ဘယ်မှာလဲဆိုပြီး သွားကြည့်တော့ ကျနော်တို့ အိမ်အပေါ်ထပ် မီးဖိုချောင်ရှေ့မှာ ကျုံ့ကျုံ့လေးရပ်နေတဲ့ ယောက်ျားလေးတယေက်ကို တွေ့ရပါတယ်။ ၁ဝနှစ်-၁၁နှစ် အရွယ်လောက် ရှိပါလိမ့်မယ်။ အဝတ်အစားလေးတွေက ဟိကလစ်ဖ်လိုပဲ နွမ်းရှာပါတယ်။ ဒါပေမဲ့ရုပ်ရည်က ဟိကလစ်ဖ်လို မဟုတ်ပါဘူး။ အတော်ကို သန့်ပါတယ်။ တသက်လုံး ဘာဆီနဲ့မှ မထိတွေ့ဖူးတဲ့ ဆံပင်လေးတွေဟာ နီကျင်ကျင်ဖြစ်နေပေမဲ့ မျက်လုံးအစုံကတော့ နက်မှောင် တောက်ပနေပါတယ်။ ပိန်တော့ ပိန်ရှာသပေါ့။ ဒါပေမဲ့ လှီလှီကလေး မဟုတ်ပါဘူး။
ကျနော် ငယ်ငယ်က တခါတခါမှာ အဖေနဲ့အတူ မန္တလေးတောင်ခြေက ဂေါက်ကွင်းကို လိုက်သွားလေ့ ရှိပါတယ်။ သဲကျစ်မြေမှာ ကျောက်တုံး စလုံးစခုနဲ့ကွင်းမို့ ဂေါက်သမားတွေက ဒီကွင်းကတော့ ရော့ခ်အင်ရိုး (Rock n' Roll) ကွင်းပဲလို့ နောက်လေ့ရှိပါတယ်။ အဲဒီတုန်းက ရော့ခ်အင်ရိုးခေတ်စားစ’ပါ။ ဒီမှာ မြေဟာ အလွန်မှ မာပြီး အရိပ်ဆိုတာလည်း အင်မတန်မှ နည်းပါတယ်။ ဘော့လုံးကန်တဲ့ ကွင်းသာဆိုရင် အင်မတန်မှ အန္တရာယ်ရှိမဲ့ ကွင်းလို့တောင် ကျနော်တို့ချင်း ပြောဖူးကြပါတယ်။ မလှမ်းမကမ်းက မန္တလေး တောင်ရဲ့အရိပ်ဟာ မနက် ၈နာရီလောက် အထိပဲ ဂေါက်ကလပ် အဆောက်အဦပေါ်မှာ ရှိပါတယ်။ အဲဒီအချိန်ကို လွန်လို့ကတော့ ဒီနေရာမှာ နေ- မန္တလေးနေ၊ ပူလိုက်သမှ ကျောကော့နေအောင် ပူတာပါ။
ညနေမှာ ဂေါက်သီးကစားသူတွေ လာကြတော့မယ် ဆိုရင် ကားရပ်တဲ့နေရာ အနားက ကြိုးတို့ကြဲတဲ သစ်ပင်လေးတွေ(တမာပင်လေးတွေ ထင်ပါတယ်) ရဲ့ ဇာပုဝါလို အရိပ်အောက်မှာ ဂေါက်သီးအိတ် ထမ်းချင်တဲ့ ကောင်လေးတွေဟာ အစောကြီး ကြိုရောက်နေကြပါတယ်။ အသက်တွေက ၁၁နှစ် ၁၂နှစ် ကနေ ၁၇-၁၈ အထိ ပါမယ် ထင်ပါတယ်။ ဒါကြောင့်တချို့ဆိုရင် ဂေါက်အိတ်ဟာ သူတို့အရပ်နီးပါး ရှိတာတွေ့ရပါတယ်။
အဲဒီလိုမရှိဆင်းရဲသား သားသမီးတွေထဲက တယောက်ဖြစ်တဲ့ ဂျက်ကိုးကို ကျနော့်အဖေက သနားတာနဲ့ ကျောင်းထားပေးမယ်လို့ သူ့မိဘကို ပြောဆိုပြီး ခေါ်လာခဲ့တာပါ။ ကျောင်းထားမယ်ဆိုတာဟာ သူ့မိဘတွေအဖို့ သူတို့ လုံးဝမတတ်နိုင်တဲ့ကိစ္စမို့ ဝမ်းသာအားရပဲ ဟိုကျရင် ဘယ်လိုနေနော်၊ စကားနားထောင်နော် ဆိုတဲ့ အမှာစကားတွေနဲ့ ဝမ်းပန်းတသာ ထည့်လိုက်တာဖြစ်ပါတယ်။
သူဟာ စကားအတော်နည်းတဲ့ ကလေးတယောက်ပါ။ လုံးဝခြားနားတဲ့ နေရာသစ်ကို ရောက်စဆိုတော့ ပိုလို့တောင် စကားနည်းပါသေးတယ်။ သူ့နာမည်မေးကြည့်တော့ "ဂျက်ကိုး" တဲ့။ နာမည်က မဆန်းဘူးလား။ ဒီနာမည်ကို ဘယ်ကနေ ဘယ်လိုရတယ်ဆိုတာ နောင်မှာ ကျနော့် အဖေက ပြောပြမှ သိပါတယ်။ ဖဲဝိုင်းက ပေးလိုက်တဲ့ နာမည်တဲ့။ ဖဲချပ်တွေထဲက ဂျက်နဲ့ကိုးကို ယူထားတဲ့ နာမည်တဲ့။ ဘယ်လိုပတ်ဝန်းကျင်မှာ မွေးဖွား ကြီးပြင်း လာရှာရတယ်ဆိုတာ ရှင်းသွားပါတယ်။ ဒါနဲ့ မင်းအသက် ဘယ်လောက် ရှိပြီလဲလို့ မေးကြည့်တော့ "မသိဘူး" တဲ့။ ဒါဖြင့် ဘယ်နှစ်ခုနှစ် မွေးတာလဲဆိုတော့လည်း "မသိဘူး" တဲ့။ မန္တလေးမြို့ကြီးက လူဂုဏ်တန်တွေရဲ့ ကစားကွင်းမှာ အလုပ်လုပ်တဲ့ ကလေးဟာ ကိန်းဂဏန်းတွေကို မသိဘူး။ သူ့မိဘတွေက သူ့ကို အသက်အကြောင်း တခါမှ မပြောဖူးဘူး။
နောက်တနေ့မှာ သူ့ကို ရေမိုးချိုး အဝတ်အစားအသစ်ကလေးတွေ ဆင်ပေးလိုက်တော့ သူကလေးဟာ ချစ်စရာ ကောင်လေးတယောက် ဖြစ်သွားပါတယ်။ သူ့အတွက် အိမ်က ပထမဆုံးစီစဉ်ဖို&#