ဆရာကြီးနေခဲ့တဲ့ အိမ်ကလေးကို ကန်ထရိုက်တိုက် ဆောက်လိုက်တယ်လို့ ကြားလို့ စိတ်မကောင်းဖြစ်ပြီး မာယာမှာ ဖော်ပြဖူးတဲ့ ကိုအုန်းမြင့်လှိုင် ဆောင်းပါးကို ပြန်တင်လိုက်ပါတယ်။
[၁၃၆၂ ခု၊ တပေါင်းလကွယ်နေ့၊ ၂၀၀၁ မတ်လ ၂၃ မာယာ မဂ္ဂဇင်း]
လွန်ခဲ့သော နှစ်ပေါင်း (၃၀) က၊ မိမိနေထိုင်ခဲ့သော နေရာ(အိမ်)ကို တိုက်ဆိုင်ခိုက် ကြည့်ငေး မိသည်။ ကျွန်တော် နေထိုင်ခဲ့သော သုံးခန်းတွဲအိမ်ကလေး မရှိတော့။ ယင်းနေရာတွင် တိုက်ကြီးကို ထည်ဝါစွာ တွေ့ရသည်။ စမ်းချောင်း၊ ချမ်းသာလမ်း၊ အမှတ် ၈။
ကျွန်တော့်အား အိမ်လိပ်စာ မေးသူရှိလျှင် သို့မဟုတ် စကားစပ်မိလျှင်၊ ' အမှတ်(၈)၊ ချမ်းသာ လမ်း၊ စမ်းချောင်း၊ ဘကြီးမှိုင်းအိမ်နှင့် မျက်နှာချင်းဆိုင်' ဟု ဖြေတတ်၊ ပြောတတ်သည်။ ဘကြီးမှိုင်းအိမ် က အမှတ်(၅)။
အမှန်မှာ ကျွန်တော့်အိမ်နှင့် မျက်နှာချင်းဆိုင်ဟု ဆိုရသော်လည်း၊ မျက်နှာချင်းဆိုင် တည့်တည့် ကား မဟုတ်ချေ။ မျက်စောင်းခပ်ရွဲ့ရွဲ့ကလေး ထိုးသည်။ သို့သော် ကျွန်တော်သည် မျက်စောင်းထိုးဟု မပြောလို၊ မပြော။ မျက်နှာချင်းဆိုင် ဟုသာ ပြောသည်။ ဘကြီးမှိုင်းအိမ်နှင့် မျက်နှာချင်းဆိုင်ပဲ ဖြစ်ချင် သည်။
အနှစ် (၃၀) ကြာပြီ။
အမှတ် (၅)၊ ချမ်းသာလမ်း၊ စမ်းချောင်းအိမ်ပေါ်သို့ တခေါက်ရောက်ရသည်။ ကဗျာဆရာ ညွန့်သစ်က 'ကိုတင်အောင်ဆီ သွားရအောင်' ဟု စကားစပ်သဖြင့် ရောက်ရခြင်းပင်။ ဘကြီးမှိုင်းအိမ်။
ကျွန်တော်တို့ လူငယ်ကျောင်းသား ဘ၀က 'ဘကြီးမှိုင်း' ဟုခေါ်သည်။ ခေါ်ကြသည်။ ယခု လူငယ်များက 'သခင်ကိုယ်တော်မှိုင်း' ဟု ခေါ်နေကြသည်။ ကျွန်တော်လည်း သူတို့လိုပင် လိုက်ခေါ်ရင်း နှုတ်ကျိုးလာပြီ။
ကိုတင်အောင် အိပ်ရာက မထသေး။ အားနာစွာနှိုးရသည်။ သူက လှိုက်လှိုက်လှဲလှဲ။ သူနှင့် မတွေ့ရသည်မှာလည်း အနှစ် (၃၀)ဟု နှစ်များကို အားနာမိသည်။
ငြိမ်းချမ်း ရသ။
'ဘကြီးမှိုင်း၏အိမ်ကလေး' မှာ ရှေးကလိုပင် မည်းမည်းကြုပ်ကြုပ် ကုပ်ကုပ်ရိုးရိုးကလေးပင်။
'ချမ်းသာလမ်းဆိုပေမယ့် ပဲပြုတ်သည်နဲ့ဆိုက်ကားသမား ချည်းပါကွာ'
ညွန့်သစ်က ဘကြီးမှိုင်းပြောဖူးသည်ကို ညွှန်းသည်။
'ခုတော့ မဟုတ်သေးဘူးဗျ နော၊ တိုက်တွေ အိမ်ကောင်းတွေ'
ကျွန်တော့်စကား အဆုံးမသတ်။ ညွန့်သစ်က ဆက်သည်။
'ဒီအိမ်ပဲ..ရှေးမူမပျက်..'
'ဟုတ်တယ်..ဒါတောင်ပျက်နေပြီဗျ' ကိုတင်အောင်က ကြားဖြတ်သည်။
'ဟိုဖက်ခြမ်း ဖဲ့ရောင်းလိုက်ရတယ်'
သူ့အသံက ညို့ဆိုင်းဆိုင်း။
ကျွန်တော့် နှလုံးသား ကျွံကျသွားသည်။
မိုးသည်းထန်းသည်။
ပူဖောင်းကလေးများ
မျောပါသွားကြ
တခဏမှာ ပေါက်ကွဲကုန်ကြ
အသံကားမထွက်။
xxxx xxxx xxxx
"ကိုတင်အောင်မှာ ညီမလေး ရှိပါတယ်"
"အင်း..ဟုတ်တယ်..မြအေးရေ၊ ဟေ့ မြအေး"
သူက အိမ်တွင်းသို့ အသံပို့သည်။
မမြအေး အပြေးထွက်လာသည်။ ကျွန်တော့်ကို ရုတ်တရက် မမှတ်မိ။
ကျွန်တော်သိသော ဘကြီးမှိုင်း၏မြေး၊ အိမ်နီးချင်း။
ထိုစဉ်က သူမအသက် ၂၀ ခန့်၊ ကျွန်တော်က မြင်နေကျ၊ တွေ့နေကျ၊ မရင်းနှီး၊ အကျွမ်းတ၀င် မရှိ။ ကိုတင်အောင်နှင့်ကလည်း မတွဲဖြစ်။ သူ့အပေါင်းအသင်း စမ်းချောင်းကဗျာအုပ်စု နှင့်တော့ ကျွန်တော်က ပေါင်းဖြစ်သည်။
သို့သော် နှလုံးသားချင်း တံတားခင်းကြသည်။
xxxx xxxx xxxx
"ကျွန်တော် ကြည့်ဦးမယ်နော်" ဟုပြောကာ ဘကြီးမှိုင်းလဲလျောင်း နေတတ်သည့် အိမ်ဦးခန်း ကလေးကို ကြည့်သည်။
နံရံတွင်ချိတ်ဆွဲထားသော သူ့ပုံတူများ၊ ဓါတ်ပုံများကို ကြည့်သည်။
ငယ်စဉ် ဆယ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ်က မန္တလေးမြို့ နန်းဦးဇေယျာ မင်္ဂလာရာမတိုက်၊ ရန်မျိုးလုံ ဇရပ်တွင် ချိတ်ဆွဲထားသော ဦးစောမောင်၏ ဝေဿန္တရာ ဇာတ်တော် ပန်းချီကားများကို ကြည့်ခဲ့ဖူးသည်။ ကြုံတိုင်း ကြည့်မ၀ခဲ့။ ရသဆယ်ပါး ခံစားရသည်။
ယခု ရသဆယ်ပါးမှ ကပါလေစ။
ရောင်စဉ်များ၊ ရနံ့များ၊ သံစုံ သမိုင်းတေးသွား။
"ဟိုအလယ်ပုံက ပြင်သစ်က ဆရာမကြီးတယောက် ဆွဲတာ၊ အနောက်တိုင်းနည်းမှာ မြန်မာ ကောက်ကြောင်းသဘော ထည့်ဆွဲထားတယ်"
ကိုတင်အောင်က ရှင်းပြသဖြင့် ယင်းပုံကို ထပ်မံအကဲခတ်ရသည်။
ဒူးတဖက်ထောင်က ခပ်ပြေပြေ စောင်းထိုင်နေသည်။ ညာခြေဦးဖက်တွင် ကွမ်းအစ်။ လက်ရာက တမူတော့ ကွဲသည်။
ကွမ်းအစ်တလုံး
သျှောင်တထုံးနှင့်
နောက် ပန်းချီမောင်ငွေထွန်း၏ နာမည်ကျော် ကောက်ကြောင်း ပုံတူ။ ထိုကာလက ရန်ကုန် တက္ကသိုလ်တွင် ဘကြီးမှိုင်း၏ ပုံတူပို့စကဒ်ကလေးများ အခါအားလျှော်စွာ ထွက်သည်။ မြတ်မြတ်နိုးနိုး လက်ဆောင်ပေးကြသည်။ အထက်အညာမှ ပေါ်ဦးသက်၏ ဘကြီးမှိုင်းပုံတူ ပိုစ့်ကဒ်များ။
"အာရှနေ၀န်း" ကဗျာစာအုပ် မျက်နှာဖုံး ပေါ်ဦးသက်၏ သခင်ကိုယ်တော်မှိုင်း ပုံတူမှာ ကောက် ကြောင်းဆွဲ၊ ကြမ်းကြမ်းနှင့် အားပါလှသည်။
မမြအေးက ကော်ဖီနှင့်မုန့် တည်ခင်းသဖြင့် ကုလားထိုင်မှာ ပြန်ထိုင်ဖြစ်သည်။ ငယ်စဉ်က အေးပုံအေးလက် မမြအေးသည် ယခုသွက်လက်ပြီး အာဝဇ္ဇာန်း ရွှင်သည့် အမျိုးသမီးကြီး ဖြစ်နေသည်။ သူ့မှာ ပြောစရာတွေ များပြားဟန်တူသည်။ အနှစ် ၃၀ ကို ပြန်လည်တူးဖော် ရွှင်ပြနေသည်။
" ဘကြီးမှိုင်း စာအုပ်တွေကောဗျ ကိုတင်အောင်"
"စာကြည့်တိုက်ကို လှူထားတယ်၊ အိမ်မှာတော့ အမှတ်တရ နည်းနည်းပဲ ထားတယ်"
" ဒါနဲ့ စကား မစပ် နိုင်ငံခြားဧည့်သည်ကော ဘာကော မလာကြဘူးလား"
" မလာဘူးဗျ- အဲ ဂျပန်လူငယ်တယောက်တော့ လာဖူးတယ်၊ သူ့ အဖိုးက မင်း ဗမာပြည် ရောက်ရင် သခင်ကိုယ်တော်မှိုင်းအိမ် ရောက်အောင် ၀င်ခဲ့လို့ မှာသတဲ့။ မနည်းမေးမြန်း လာခဲ့ရဆိုပဲ၊ ဒီရောက်တော့ သူထင်သလို မဟုတ်ပဲ ခု ခင်ဗျားတို့ မြင်တဲ့အတိုင်းပါပဲလေ"
ရှိတ်စပီးယား၊ ပုသျှကင်၊ လီနင်။
သူတို့၏ အိမ်များ၊ ပြတိုက်များ။
အမောတကော ပြေးလွှား မြင်ယောင်ဝိုးဝါး။
ဗန်းမော်တင်အောင်များ ရှိပါသေးက
"သြော် ဒေါက်တာသခင်ကိုယ်တော်မှိုင်းကလေးရယ်" ဟု
ညီးတွား လိမ့်လေမလား။
မိမိကိုယ်ကို ငုံ့ကြည့်မိသည်။
ကိုတင်အောင်တို့ မောင်နှမကို ကြည့်မိသည်။
သူတို့ မျက်နှာများတွင် ဆရာဇေယျကို ရှာဖွေတွေ့ ရှိနိုင်သည်။
ကိုတင်အောင်က ကျန်းမာပုံ သိပ်မရ။ ဂရုစိုက်နေရသည်ဟု ဆို၏။
ကျွန်တော်တို့သည် ယခုမှ တတိယအရွယ်သို့ လှမ်းဝင်စ ရှိသေးသော်လည်း အစစ ပြိုချင်၊ ယိုင်ချင်နေကြပြီ။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အသက် ၈၈ အရွယ်(Octogenarian) ထိ၊ မမောမပန်း အသက်ထက်ဆုံး နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ အဖိနှိပ်ခံပြည်သူများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည်။
"အိုမင်းမစွမ်း" ဆိုတဲ့အတိုင်း တခါတရံ စိတ်သွားတိုင်း ကိုယ်မပါလေ သောအခါ အားမလိုအားမရ ပြောတတ်၊ ရေးစပ်တတ်သည်။
"ရှက်ကြီးရှက်ဖွယ်
ခက်လဲ ခက်တယ်နှင့်
သက်ကြီးအရွယ် ရွံစဘွယ်နဲ့
အလွန်မငယ်တဲ့ (၇၇) အတွင်းတွင်မှ
ကျွန်နယ် ခေတ်စာရင်းတဖန်
ပြန်ကာ ရောက်ချည်မလားရယ်လို့
နောက်တီးနောက်ချာ၊ မခံ့စွာစိတ်ကယ်နှင့်
ကြောက်လည်း ကြောက်ကာ
လန့်ကာ ထိတ်မိတဲ့အပြင်
သြော် အိုကြီးအိုမှ ဟိုသမယကဲ့သို့
ကိုယ်က ဆရာ မစွမ်းမူ၍
အင်း မသာ ကမဌာန်းနှင့်၊ မရဏ မြန်းရတော့မည်
ဇရာ တန်းပေမို့နှော
သာခန်း သမတ ကိန်းတွေနှင့်
ကမ္ဘာ့ငြိမ်းချမ်းရေးကြီး အစစ်အမှန်
ဧကန် ဖြစ်စေကြောင်းရယ်နှင့်
ကုသလဓမ္မာ ကုသလဓမ္မာ
ဆုပတ္တနာလို့ တောင်းလိုက်ပါရဲ့
အမယ်မင်း သောင်းမြန်မာ့ အရှေ့ပရမေ ထီးတွင်ဖြင့်
သြ အလောင်းဘုရား ပြကတေ့နှင့်
တကောင်းအစ ပဌမကဲ့သို့
အို ကျောင်းအမရဲ့
ဒေါင်းက၍ တွန်စေသတည်း"
xxxx xxxx xxxx
"ဟိုနေ့ကျ လာခဲ့ကြဦးနော်"
မမြမြအေး စကားကို ကျွန်တော်တို့ ချက်ချင်း သဘောမပေါက်။
ညွန့်သစ်က "ဘကြီးမှိုင်း နေ့လေ၊ ဇူလိုင် ၂၃၊ သဘက်ခါ" ဟု ပြောသည်။
အုန်းမြင့်လှိုင်
၁၉၉၆ ခု၊ စာပေဂျနယ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ အနှစ် ၁၂၀ ပြည့် အထိမ်းအမှတ်၊ စာအုပ်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment