Tuesday, April 27, 2010
အင်းကိုပစ်၍မြစ်ကိုရှာ(ပထမပိုင်း)
ရေးသူ- ဗန်းမော်တင်အောင်
လူ့သွေးများဖြင့် ပေရေလိမ်းကျံလျက် ကြက်သရေမင်္ဂလာ ကင်းမဲ့လှသော နရသိမ် ထောင်ကြီးအတွင်း၌ နံနက်လင်းကတည်းက ထောင်မှူး၊ ထောင်ပိုင်နှင့်ထောင်ကြပ်၊ ဒေါက်ဖြုတ်æ စသော ပါးကွက်အာဏာသား ကြီးငယ်များသည် တလှုပ်လှုပ် တရွရွနှင့် အလုပ် ရှုပ်လျက်ရှိကြသည်။ နိုင်ငံတော် အစိုးရမင်းများက ဝဏ္ဏကျော်ထင်ဘွဲ့ကို သူကောင်းပြု ချီးမြ‡င့်ခြင်း ပြုထားရသော ထောင်ပိုင်ကြီး ဦးဆင်သည် အလွန်တရာကြီးလေးသော တာဝန်ကြီး တရပ်ကို ထမ်းဆောင်ရန် အရေးတကြီး ဖြစ်နေပုံရသည်။ ခါတိုင်းဆိုလျှင် ဝဏ္ဏကျော်ထင် ဦးဆင်သည် နရသိမ်ထောင်ကြီးအတွင်းသို့ နံနက်ပိုင်းလောက်တွင် နာရီဝက်ခန့် ဝင်ရောက် ကြည့်ရှုစစ်ဆေးပြီးနောက် ၎င်း၏ ရုံးခန်း၌သာ အချိန်ကုန်လွန်လေ့ရှိသော်လည်း၊ ဤတခေါက် တွင်ကား ထောင်ကြီးအတွင်း၌ ထွက်လိုက်ဝင်လိုက် ဖြစ်နေသည်။ ၎င်း၏ သွားလာပုံနှင့် အမိန့် ပေးစေခိုင်းနေပုံများသည် အခါတိုင်းနှင့် မတူဘဲ ပျာယိပျာယာဖြစ်နေပုံရသည်။
ဝဏ္ဏကျော်ထင်ကြီးသာလျှင် မဟုတ်သေး၊ ၎င်း၏ လက်ထောက် အမှုထမ်းများဖြစ်ကြ သော ထောင်ပိုင်ကလေးနှင့်တကွ ထောင်မှူးကြီးငယ် တို့အားလုံးပါ ရုတ်ရက်ခတ်နေသည်ကို တွေ့ရသည်။ နရသိမ်ထောင်အမှုထမ်းများ လှုပ်လှုပ်ရွရွနှင့် အလုပ်ရှုပ်နေကြသောကိစ္စနှင့် ပတ်သက်၍ အကြောင်းရင်းကို သိရှိထားကြပြီးဖြစ်သော နရသိမ်ထောင် အကျဉ်းသားများ သည် စိတ်မကောင်း ဖြစ်နေကြသည့်အလား ငြိမ်သက်လျက် ရှိကြသည်။ ရွှင်ပြခြင်းကို မတွေ့ရ၊ ခါတိုင်းကြားနေရတတ်သော တေးညည်းသံများကိုပင် မကြားရ၊ အကျဉ်းသားတို့၏ မျက်နှာများ ၌ ညိုးငယ်သောအမူအရာနှင့် မချမ်းမြေ›သော မျက်နှာထားကိုသာ တွေ့မြင်ရသည်။
နရသိမ်ထောင် အမှုထမ်းကြီးငယ်များ အလုပ်ရှုပ်နေကြသော နေရာမှာ နရသိမ် ထောင်ကြီးအတွင်း၌ သီးသန့်ဆောက်လုပ်ထားရှိသော ကြိုးတိုက်ဖက်တွင် ဖြစ်သည်။ အကျဉ်းထောင်၏ ဘာသာဝေါဟာရ အခေါ်အဝေါ်အားဖြင့် ကြိုးတိုက်ဆိုသည်မှာ ကြိုးမိန့်ကျ၍ ကြိုးပေးသတ်ဖြတ်ခြင်းခံရမည့် အကျဉ်းသားများကို သီးသန့် ချုပ်နှောင်ထားရှိသော အလုံထောင် တထောင်ဖြစ်သည်။ ကြိုးတိုက်အတွင်းသို့ အခြားအကျဉ်းသားများ ဝင်ထွက် သွားလာခွင့် မရှိပေ။ အကြပ်နှစ်ဦးက အထူးစောင့်ကြပ်သည်။ အကယ်၍ သာမန်အကျဉ်းသား တဦးတယောက်သည် ကြိုးတိုက်ဖက်သို့ တာဝန်မဲ့ သွားလာဝင်ထွက်ခြင်းကို အမှုထမ်းများက တွေ့မြင်သွားလျှင် ထိုအကျဉ်းသားအား တိုက်ပိတ်နိုင်ခွင့်ရှိသည်။ တိုက်ပိတ်သည်ဆိုသည်မှာ ထောင်ကြီးထဲ၌ ထောင်ပြန်ချခြင်းဖြစ်သည်။
နရသိမ်ထောင်၏ ကြိုးတိုက်ဖက်၌ ဝဏ္ဏကျော်ထင်ကြီးနှင့်တကွ အမှုထမ်း အရာထမ်း များ အလုပ်ရှုပ်နေကြသောကိစ္စမှာ အခြားတော့မဟုတ်၊ ကြိုးစင်ကို ပြင်ဆင်နေကြရခြင်း ဖြစ်သည်။
ကြိုးသမားတယောက်ကို ကြိုးးပေးသတ်ဖြတ်ခြင်း မပြုမီ ကြိုးစင်ကို စိတ်ချလက်ချ ဖြစ်အောင် ပြင်ဆင်ရခြင်းသည် အမှုထမ်းများ၏ ကြီးလေးလှသော တာဝန်ဖြစ်သည်။ ထို့ကြောင့် ကြိုးစင်ကို ခိုင်မခိုင်စမ်းသပ်လျက် လိုအပ်သမျှကို ပြင်ဆင်ပြုလုပ်ရသည်။ ဝက်အူကို ကြပ်တန်တာ ကြပ်၍၊ ဆီထည့်သင့်တာကို ထည့်ရသည်။ ဤကဲ့သို့ ကြိုးစင်ကို စိတ်ချ ခိုင်ခံ့အောင် ပြင်ဆင်ပြုလုပ်ပြီးနောက် ကြိုးသမား၏ ကိုယ်အလေးချိန်နှင့် အတိုင်းအထွာကို ချိန်တွယ်ရခြင်းမှာ ကြိုးပေးသောအခါ၌ လွယ်လွယ်ကူကူနှင့် အသက်ထွက်သွားနိုင်အောင် ပြုလုပ်နိုင်သမျှ ပြုလုပ်နိုင်စေရန်အတွက် ဖြစ်သည်။ ကြိုးစင်ပြင်ဆင်လျက် ကြိုးသမား၏ ကိုယ် အလေးချိန်နှင့် အတိုင်းအထွာများကို ချိန်တွယ်ရယူပြီးနောက် ကြိုးပေးရန် အတွက် မနီလာ ကြိုးကို ဆန့်ရ ပြင်ရပြန်သည်။
ကြိုးပေးသတ်ဖြတ်ရန်အတွက် ကြိုးစင်ကို ပြင်ဆင်ပြီးစီးသောအခါ၌၊ ကြိုးသမားကို ဒေါက်ဖြုတ်၍ သတ်ဖြတ်ခြင်းပြုရသော တာဝန်မှာ ထောင်မှူးကြီး လုပ်သူ၏ အဓိကတာဝန် ဖြစ်သည်။ ထိုသို့ ကြိုးသမားများကို ဒေါက်ဖြုတ်၍ သတ်ဖြတ်ရသောအလုပ်ကို လုပ်ရခြင်း ကြောင့်၊ ထောင်မှူးကြီးများအား အကျဉ်းသမားများက ဒေါက်ဖြုတ်ဟု ခေါ်ဝေါ်တတ် ကြခြင်း ဖြစ်သည်။ သို့ရာတွင် ထောင်မှူးကြီးများသည် ထိုသို့ ဒေါက်ဖြုတ်သတ်ဖြတ်ကြရသော လူသတ် သမားအလုပ်ကို မိုက်မိုက်ကန်းကန်း အကျဉ်းသမားများကို အရက်တိုက်၍ မုန့်ဖိုးပဲဖိုး ငါးကျပ် တဆယ်ပေးကာ ဒေါက်ဖြတ်ခိုင်းလေ့ခိုင်းထရှိသည်။
ထောင်ပိုင်ကြီး ဝဏ္ဏကျော်ထင်ဦးဆင်နှင့်တကွ ၎င်း၏ လက်အောက်ငယ်သား အကျဉ်းထောင်အမှုထမ်းများသည် ကြိုးစင်ကို ပြင်ဆင်လျက်ရှိစဉ် နရသိမ်ထောင်ကြီး၏ ကြိုးတိုက်အတွင်း၌ ကြိုးသမားနှစ်ဦးရှိပေသည်။ ဤ ကြိုးသမားနှစ်ဦးရှိသည့် အနက် ကြိုးသမားတဦးသည် ၎င်း၏မယား လင်ငယ်နေသည်ကို ပက်ပင်းတိုးမိသဖြင့် မယားလုပ်သူကို ရော၊ ၎င်း၏လင်ငယ်ကိုပါ ရဲဒင်းနှင့် ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်လိုက်သော လက်သမားဆရာ ဦးဘိုးမင်းဆိုသူ ဖြစ်သော်လည်း၊ ၎င်း၏ ရှေ့›နေက တရားလွှတ်တော်သို့ အယူခံထားသဖြင့်၊ ၎င်း၏အမှုမှာ မပြီးပြတ်သေးပေ။ ထို့ကြောင့် နရသိမ်ထောင် ပါးကွက် အာဏာသားများ ပြင်ဆင်နေသော ကြိုးစင်မှာ ၎င်းအားသတ်ဖြတ်ရန် မဟုတ်သေးသည်ကို စိတ်ချနိုင်ပေသည်။
ကြိုးတိုက်အတွင်း၌ ကြိုးသမားနှစ်ဦးမျှသာ ရှိသည့်အနက် တဦးကို သတ်ဖြတ်ခြင်း ပြုရန်အတွက် မဟုတ်ခဲ့လျှင်၊ ကျန်ကြိုးသမားတဦးကို သတ်ဖြတ်ခြင်း ပြုရန်အတွက်သာလျှင် ဖြစ်ပေတော့မည်။ ထိုသို့မှမဟုတ်လျှင် ဝဏ္ဏကြီးနှင့် တကွ ဒေါက်ဖြုတ်တို့သည် အလုပ်မရှိ၍ အားအားယားယားနှင့် ကြိုးစင်ကို အပင်ပန်းခံကာ ပြင်ဆင်နေကြရန်တော့ အကြောင်းမရှိပေ။
ကြိုးတိုက်အတွင်း၌ ကြိုးသမား ဦးဘိုးမင်းအပြင် ကျန်နေသေးသော အခြား ကြိုးသမားတဦးမှာ နိုင်ငံတော်သမ္မတကြီးထံကပင် အသနားခံလျှောက်လွှာကို လက်ခံစဉ်းစား ခြင်းပြုရန် ငြင်းဆန်လိုက်သော အကျဉ်းသားတဦးဖြစ်သည်။ မည်သည့် ရာဇဝတ်ပြစ်မှုများ အတွက်မဆို နိုင်ငံတော်သမ္မတကြီးသည် နောက်ဆုံး အသနားခံရာ၊ အယူခံရာ တရားအာဏာ ပိုင် ပုဂ္ဂိုလ်ကြီးဖြစ်ရကား၊ နိုင်ငံတော်သမ္မတကြီးက ရာဇဝတ်သားတဦးဦး၏ အသနားခံ လျှောက်လွှာကို ဖြစ်စေ၊ အယူခံလျှောက်လွှာကိုဖြစ်စေ ငြင်းဆန်လိုက်သောအခါ၌ ထိုရာဇဝတ် သားအတွက် လမ်းဆုံးသို့ ရောက်ရှိရလေသည်။ ထိုရာဇဝတ်သားအတွက် အခြားနည်းလမ်း သည် မကျန်ရှိတော့ပေ။ တရားရုံးတော် အဆင့်ဆင့်မှ ချမှတ်လိုက်သော အပြစ်ဒဏ်ကို ထို ရာဇဝတ်သားသည် ခံယူရတော့မည် ဖြစ်ပေသည်။
လက်သမားဆရာကြီး ဦးဘိုးမင်းအပြင် နရသိမ်ထောင်ကြီး၏ ကြိုးတိုက်အတွင်း၌ ရှိနေသေးသော အခြားကြိုးသမားတဦးသည် နှယ်နှယ်ရရထဲကတော့ မဟုတ်ပေ။ ထို ကြိုးသမားသည် ပြည်ထောင်စုအစိုးရဘက်မှ နေ၍ ရင်ကို မြေကတုတ်ပြုလုပ်ကာ သူပုန်များကို အပြတ်တိုက်ခိုက်ချေမှုန်းရန် လွန်ခဲ့သော (၃) နှစ်သာသာခန့်လောက်က ဖွဲ့စည်းတည်ထောင် ထားခဲ့သော "ပြူစောထီး" တပ်ဖွဲ့တဖွဲ့၏ ဗိုလ်ကြီးဖြစ်သူ ဗိုလ်ကျော်ဒင်ဆိုသူဖြစ်ပေသည်။
ဗိုလ်ကျော်ဒင်သည် အသက် (၃ဝ) သာသာခန့် လူရွယ်တဦးဖြစ်သည်။ သို့ရာတွင် ယခုအခါ၌ လူ့သက်တမ်း၏ ထက်ဝက်ခန့်မျှသာ လူလုပ်ရသေးသော ပြူစောထီးဗိုလ်ကြီး ကျော်ဒင်အား မသေမချင်း ကြိုးပေးသတ်ရန်အတွက် နရသိမ်ထောင်ပိုင် ဝဏ္ဏကြီးနှင့်တကွ သော အကျဉ်းထောင် အမှုထမ်းအရာထမ်းများသည် နရသိမ်ထောင်ကြီးအတွင်း၌ ကြိုးစင်ကို ပြင်ဆင်လျက် ရှိကြလေပြီတကား။
(၂)
ရာဇဝတ်မှုခင်းကြီးများ ဖြစ်ကြသော လူသတ်မှု၊ ဓါးပြမှု၊ ပြန်ပေးဆွဲမှုနှင့် မုဒိမ်းမှုပေါင်း မြောက်မြားစွာတို့ကို ကျူးလွန်လာခဲ့သော ပြူစောထီး ဗိုလ်ကြီးကျော်ဒင်အား ပြင်သာမြို့ စက်ရှင်တရားရုံးတော်မှ ဥာဏ်ပညာနှင့် ပြည့်စုံသော တရားမင်းက လည်ပင်း၌ ကြိုးကွင်းစွပ်၍ မသေမချင်း သတ်ဖြတ်စေရန် တရားစီရင်ချက်ချ မှတ်လိုက်သောအခါ ပြင်သာတနယ်လုံး တမြို့လုံးသာမက ပြင်သာတခရိုင်လုံး၌ မည်သူတဦးတယောက်မျှ ဝမ်းနည်းမိကြသူ၊ ကရုဏာသက်မိကြသူဟူ၍ မရှိခဲ့ပေ။ ဗိုလ်ကျော်ဒင် ဗိုလ်လုပ်အုပ်ချုပ်သော ပြင်သာနယ် တဝိုက်မှ အများပြည်သူတို့က တရားမင်းကိုပင် ကောင်းချီးသြဘာ ပေးခဲ့ကြသည်။ သာဓု အနုမောဒနာ ခေါ်ခဲ့ကြသည်။ သို့ရာတွင် ကျော်ဒင်အား ကြိုးပေးသတ်ဖြတ်တော့မည်ဆိုသည့် အတွက် ပြင်သာတနယ်လုံး၌ ဝမ်းနည်းရသူ၊ မျက်ရည်ကျရသူကား ၎င်းအား ဝမ်းဗိုက်တွင် ကိုးလလွယ်၍ ဆယ်လတွင် သက်စွန့်ဆံဖျား မွေးထုတ်ခဲ့ရသော ၎င်း၏ မုဆိုးမမိခင်ကြီး ပင်ဖြစ်သည်။
အဘယ်မိခင်သည်ပင်မဆို၊ သားဆိုးသားမိုက်ကိုပို၍ ချစ်ကြ၊ သနားတတ် ကြသည် မဟုတ်လော။ တလောကလုံးက စက်ဆုပ်မုန်းတီးနေသော လူတယောက်ကိုလည်း မိခင် လုပ်သူကတော့ ချစ်နေ၊ သနားနေမည်သာဖြစ်သည်။ ထို့ကြောင့် မိခင်၏ မေတ္တာလောက် ကြီးမားသော မေတ္တာသည် ဤလောက၌ မရှိဟူ၍ ရှေးလူဟောင်းနှင့် သုခမိန်ကြီးများက နှုတ်ချွေ မိန့်မြွက်ခဲ့ကြခြင်း ဖြစ်တန်ရာသည်။
ကျော်ဒင်သည် ၎င်း၏လက်ဝယ်၌ ရရှိထားခဲ့သော အခွင့်အာဏာနှင့် လက်နက်ကို အလွဲသုံးစားပြုကာ ပြင်သာနယ်၌ ရှင်ဘုရင်တပါးပမာ မင်းမူခဲ့သည်။ ပြည်သူလူထုအပေါ်၌ အမျိုးမျိုးအဖုံဖုံ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ သတ်ဖြတ်ခဲ့သည်။ လုယက်တိုက်ခိုက်ခဲ့သည်။ သူတပါး၏ သမီးပျိုများကိုလည်းကောင်း၊ လင်ရှိမယားများကိုပင်လျှင်လည်းကောင်း၊ အမျိုးမျိုး အဖုံဖုံ စော်ကားခဲ့သည်။
ဤကဲ့သို့ ပြည်သူလူထုအပေါ်၌ အာဏာအားကိုး၊ လက်နက်အားကိုးနှင့် နိုင်ထက်စီးနင်း နှိပ်စက်ညှဉ်းပန်းလာခဲ့သဖြင့် ကျော်ဒင်အား၊ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးကအစ ဘုန်းတော်ကြီးများက ပါမကျန် ရွှံရှာမုန်းတီး လျက်ရှိခဲ့ကြသည်။ လူတိုင်း၏ ကျိန်ဆဲခြင်းကို လည်းခံခဲ့ရသည်။ ပြည်သူလူထု၏ ကျိန်စာသင့်၍ ကျော်ဒင်အား ပြင်သာပုလိပ်အဖွဲ့နှင့် စစ်တပ်များက ပူးပေါင်း ဖမ်းဆီးလိုက်သောအခါ "ကျော်ဒင်ကို ဖမ်းမိလိုက်ပြီတဲ့ဟေ့၊ ခွေးမသား သေပါစေကွာ၊ ဒီလို အကောင်တကောင် မြန်မြန်သေသွားရင် မြန်မြန်အေးတာပဲ" ဟု ပြင်သာ နယ်သူနယ်သားများသည် မိမိတို့အချင်းချင်း သူတပေါက် ငါတပေါက် ဝမ်းသာအားရ ပြောဆို ခဲ့ကြသည်။
သူပုန်များကို အပြုတ်တိုက် ချေမှုန်းရန်အတွက် ရမိရရာလူများကို လက်နက် ပေးအပ်၍ ပြူစောထီးတပ်များကို ဒရောသောပါးဖွဲ့စည်းခဲ့သော နိုင်ငံတော် အစိုးရမင်းများသည်လည်း၊ ၎င်းတို့ဖွဲ့စည်းထားခဲ့သော ပြူစောထီးတပ်ဖွဲ့မှ ဗိုလ်လုပ်သော ဗိုလ်ကျော်ဒင်သည် သူပုန်များကို အပြုတ်မတိုက်ဘဲ၊ ပြည်သူလူထုကို စစ်ဆင်နည်းအမျိုးမျိုးဖြင့် အပြုတ်တိုက်ပြီးရင်း တိုက်ခိုက် နေသည်ကိုသာ နေ့စဉ်နှင့်အမျှ တွေ့မြင်ကြားသိ လာရသောအခါ ၎င်းတို့၏ လူပေါင်း မှားလာ သောကိစ္စကို တစထက်တစ ရိပ်မိသိရှိလာဟန်တူသည်။ နိုင်ငံတော် အစိုးရမင်းများက လက်နက်ပေးအပ်၍ သူကောင်းပြုထားကြသူများသည် သူပုန်များကိုကား ဘာမျှထိထိ ရောက်ရောက် နှိမ်နင်း တိုက်ခိုက်ခြင်း မပြုဝံ့ဘဲ၊ အကာအကွယ်ကင်းမဲ့နေသော ပြည်သူလူထု ကိုသာ အမျိုးမျိုး တိုက်ခိုက်နှိမ်နင်းရင်း အမြတ်ထုတ်နေကြသော အလုပ်ကို ဘာမျှထိထိ ရောက်ရောက် အရေးမယူခဲ့ပါက ကာလရှည်လျားလာခဲ့သော် အနှိပ်စက်ခံနေကြရသော ပြည်သူလူထုသည် နိုင်ငံတော် အစိုးရမင်းများအား အထင်အမြင်လွဲမှားသည်ထက် လွဲမှားကာ၊ အကြည်ညို ပျက်သထက်ပျက် လာစရာရှိသည်။ ဤ နိုင်ငံရေးအကွက်နှင့် ချောက်ကျမည့် အရေးကို လိမ္မာပါးနပ်စွာ သိမြင်လာကြသော အာဏာရ နိုင်ငံရေးသမား အချို့က လက်ပိုက်၍ ကြည့်မနေနိုင်ကြတော့သည့် အဆုံး ပြင်သာနယ် ပြူစောထီးဗိုလ်ကြီးကျော်ဒင်ကို စစ်တပ်နှင့် ပုလိပ်အဖွဲ့အား ပူးပေါင်းစေပြီးလျှင် ဖမ်းဆီးခိုင်းလိုက်ရခြင်းဖြစ်သည်။
ပုလိပ်နှင့် စစ်တပ် နှစ်ဖွဲ့ပေါင်း၍ ဗိုလ်ကျော်ဒင်အား လာရောက်ဖမ်းဆီး ကြသောအခါ ကျော်ဒင်သည် ၎င်း၏လက်နက်နှင့် တပ်ဖွဲ့အားကိုးဖြင့် ခုခံရန် စိတ်ကူးလိုက်သေးသည်။ သို့ရာတွင် ၎င်းအား ကျွေးမွေးသုတ်သင်၍ ပြူစောထီး ဗိုလ်ကြီးဖြစ်သည်အထိ မွေးမြူလာခဲ့ သော အာဏာရ နိုင်ငံရေးခေါင်းဆောင်ကြီးတဦးက ရဲရဲသာအဖမ်းခံလိုက်ပါ၊ မကြာမီလွတ် အောင် ငါလုပ်ပေးပါ့မည်ဟု လက်သိပ်ထိုး၍ ကတိပေးသည့် အတွက်ကြောင့်သာ ကျော်ဒင်သည် အေးအေးချမ်းချမ်း အဖမ်းခံလိုက်ခြင်းဖြစ်လေသည်။ ၎င်း၏ နိုင်ငံရေးအာစရိက လွတ်အောင် ပြုလုပ်ပေးလိမ့်မည်ဟူသော ယုံကြည် မျှော်လင့်ချက်ဖြင့် ၎င်းအား စစ်တပ်နှင့် ပုလိပ်အဖွဲ့များဖမ်းဆီးပြီးစက တက်မတတ် ငိုယိုနေခဲ့သော မိခင်လုပ်သူအား "ငိုမနေပါနဲ့ အမေရယ်" ဟု ပေါ့ပေါ့တန်တန် ဆိုထားခဲ့ခြင်းလည်း ဖြစ်ပေသည်။
သို့ရာတွင် ကျော်ဒင်မျှော်လင့်ထင်ထားသကဲ့သို့ ၎င်း၏အမှုသည် လွယ်ကူသေးငယ် သော အမှုကား မဟုတ်ခဲ့ပေ။ ကျော်ဒင်အား ရုံးတင်တရားစွဲဆိုသောအခါ၊ လူသတ်မှုနှစ်မှု၊ ဓါးပြမှုသုံးမှု၊ ပြန်ပေးမှုနှစ်မှုနှင့် မုဒိမ်းမှုသုံးမှုအထိ ပါဝင်ခဲ့လေသည်။ စုစုပေါင်း ဆယ်မှုမျှပင် ဖြစ်သည်။ စင်စစ်ကျော်ဒင်ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးများသည် ထို့ထက်ပင် များပြားခဲ့ပေသည်။ သို့ရာတွင် ဘေးရန် အမျိုးမျိုး စိုးရိမ်ကြောက်ရွံ့၍ တရားလို လုပ်ဝံ့သူ မရှိသော အမှုက မရှိ၊ သက်သေ လိုက်ဝံ့သူ မရှိသောအမှုက မရှိဖြစ်နေသောကြောင့်သာ ဤအမှုအခင်းကြီး များလောက်ကိုသာ တရားစွဲဆိုနိုင်ခြင်းဖြစ်သည်။
ကျော်ဒင်အား ရုံးတင်တရားစွဲဆိုသောအခါ၊ ၎င်း၏ နိုင်ငံရေးအာစရိသည် ကျော်ဒင်၏ အမှုအတွက် တတ်နိုင်သလောက်တော့ လိုက်ရှာသည်။ ထိုနိုင်ငံရေးသမားသည် ရန်ကုန်မြို့ ဌာနချုပ် ခေါင်းဆောင်ကြီးများဆီသို့ပင် လာရောက်၍ ၎င်း၏ လူအတွက် စဉ်းစားခြင်းပြုရန် တောင်းပန်ခြင်းပြုခဲ့ရှာသည်။ နောက် တပတ်ရွေးကောက်ပွဲ၌ ကျော်ဒင်ကို အဓိက အားကိုး အားထား ပြုရမည်ဖြစ်ကြောင်းဖြင့်လည်း အညှာကိုကိုင်၍ ပြောဆိုကြည့်သေးသည်။ သို့ရာတွင် ရန်ကုန်မြို့ရှိ ဌာနချုပ်ခေါင်းဆောင်ကြီးများသည် ၎င်းတို့အချင်းချင်းလည်း စိတ်ဝမ်းကွဲပြား နေကြ၍ သူ့ငါမယုံ၊ ငါ့သူမယုံ ဖြစ်နေသည်ကတကြောင်းကြောင့် ကျော်ဒင်၏ကိစ္စကို မကိုင်တွယ်ဝံ့ကြပေ။ ၎င်းတို့အတွက် စိတ်ချလောက်သော မဲအရေအတွက်သာ ပြုလုပ်ပေးနိုင်မည်ဆိုခဲ့လျှင် ဘာပဲလုပ်ရလုပ်ရ ဝန်မလေးခဲ့သော နိုင်ငံရေးခေါင်းဆောင်ကြီး များသည် ရွေးကောက်ပွဲနှင့် တော်တော်ကလေး အလှမ်းဝေးနေသေးသောကြောင့် ကျော်ဒင်၏ အမှုကို စိတ်ဝင်စားလှပုံ မရပေ။ ဤအကြောင်းအချက်များအပြင် ၎င်းတို့ အကြောက်ရွံ့ ဆုံးသောကိစ္စမှာ ပြင်သာနယ်လူထုကြီးပင်ဖြစ်သည်။ ပြင်သာနယ်လူထုကြီးကို အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခဲ့သော ကျော်ဒင်ကဲ့သို့ လူထုရန်သူတယောက်ကို ၎င်းတို့က ခပ်ပြောင်ပြောင် ဝင်ရောက်ကာကွယ် ပေးလိုက်လျှင် ၎င်းတို့အား ပြင်သာနယ်လူထုကြီးက အဘယ်သို့အထင်ရှိ မည်နည်း။ အဘယ်မျှလောက်ပင် မိုက်ရူးရဲ ဖြစ်စေကာမူ၊ နိုင်ငံရေးသမားမှန်သမျှသည် ပြည်သူလူထုကို တနည်းမဟုတ်လျှင် တနည်းနည်းဖြင့် ကြောက်ရွံ့ရိုသေခြင်း ရှိကြရသည်သာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူလူထုကို မလေးမခန့် ပြုမူခဲ့ကြသော နိုင်ငံ ရေးသမားများသည် ကြိုးစင်မှတဆင့် သင်္ချိုင်းကုန်းသို့ သွားကြရသော နိုင်ငံရေးလမ်းစဉ်ကို နိုင်ငံရေးသမား မှန်သမျှ နားလည်ထားကြသောကြောင့် ပေတည်း။
ရာဇဝတ်မှုခင်းကြီး (၁ဝ) မှုအတွက် ကြိုးနှစ်ကြိုး၊ ထောင်ဒဏ် အနှစ် ခြောက်ဆယ်နှင့် ကြိမ်ဒဏ် အချက် (၁၂ဝ) ကို ပြင်သာစက်ရှင်တရားသူကြီးရုံးတော်မှ စီရင်ချမှတ်လိုက် သောအခါ၊ ကျော်ဒင်သည် တော်တော်ကလေး အားငယ်သွားမိသည်။ မျက်နှာလည်း ပျက်သွားသည်။ သို့ရာတွင် ဒေသန္တရ ရွေးကောက်ပွဲကိစ္စ၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် ရွေးကောက်ပွဲများကိစ္စတုန်းက ၎င်းလုပ်ကိုင်ဆောင်ရွက်ပေးခဲ့သော ဆောင်ရွက်ချက်များကို လည်းကောင်း၊ ၎င်းရှာဖွေစုဆောင်းပေးခဲ့သော ပါတီရန်ပုံငွေ ကိစ္စများကိုလည်းကောင်း၊ ထောက်ထားငဲ့ညှာ၍ တနည်းမဟုတ်လျှင် တနည်းနည်းဖြင့် ၎င်းအား သက်သာခွင့်ပေးကြလိမ့်မည်ဟု ကျော်ဒင်သည် မျှော်လင့်အားခဲထားတုန်းကားဖြစ် ပေသည်။
၎င်းအား ကြိုးမိန့်ချမှတ်လိုက်ပြီးနောက်၊ နောက်တနေ့ ကြိုးတိုက်အတွင်းသို့ မျက်ရည်စက်လက်နှင့် လာရောက်၍ ထောင်ဝင်စာလာတွေ့ရှာသော မိခင်လုပ် သူကိုပင် "စိုးရိမ်မနေစမ်းပါနဲ့ အမေရယ်æ နောက်ဆုံး တနေ့ကျရင် သူတို့ ကျနော့်ကို လွှတ်ပစ်ကြရမှာ ပါဗျာ" ဟု ခပ်အေးအေး ခပ်ပေါ့ပေါ့ ပြောဆိုလိုက်သေးသည်။
သို့ရာတွင် တရားလွှတ်တော်နှင့် တရားလွှတ်တော်ချုပ်များက ၎င်း၏အယူခံကို ပယ်ချ လိုက်ပြီးလျှင်၊ အောက်ရုံးအမိန့်အတိုင်း အတည်ပြုလိုက်ကြသောအခါ ပြူစောထီး ဗိုလ်ကြီး သည် အတော်ကလေး တုန်လှုပ်ချောက်ချားသွားလေသည်။ အဘယ်ကြောင့်ဆိုသော် တရား ဥပဒေအရ ၎င်း၏အမှုသည် လမ်းဆုံးနေပြီ ဖြစ်သောကြောင့်တည်း။ သို့ရာတွင် နိုင်ငံတော် သမ္မတကြီးထံ၌ အသနားခံ ဝင်နိုင်သေးသော အခွင့်အလမ်းတခုကား ကျန်ရှိနေ၍ တော်သေး သည်။
တရားလွှတ်တော်များက ၎င်းအယူခံကို ပယ်ချလိုက်ပြီးနောက် တနင်္ဂနွေ တပတ်ခန့် ကြာသောအခါ သားကိုတွေ့ရန်မိခင်လုပ်သူသည် ကြိုးတိုက်အတွင်း သို့လာပြန်၏။ ဤ တခေါက်၌ ကျော်ဒင်သည် မိခင်လုပ်သူအား ပေါ့ပေါ့တန်တန် မပြောဝံ့၊ မပြောရဲတော့ပေ။
"ငါ့သားအမှုက အခုပုံအတိုင်းဆိုရင် ဘယ်လိုမျိုးများလဲကွယ်" ဟု မိခင်လုပ်သူက တုန်တုန်ရီရီနှင့် မေးမြန်းသောအခါ "သမ္မတကြီးဆီကိုတော့ အသနားခံဝင်နိုင်သေးတယ် တဲ့အမေ" ဟုသာ ကျော်ဒင်သည် မတိုးမကျယ် ပြောနိုင်ရှာသည်။
၎င်းမိခင် ရွာသို့ပြန်သွားပြီးနောက် ကျော်ဒင်သည် ၎င်း၏ နိုင်ငံရေးခေါင်း ဆောင်များထံသို့ ၎င်း၏ အမှုကိစ္စနှင့်ပတ်သက်၍ အသနားခံစာရေးသည်။ ၎င်း၏ အမှုကိစ္စများ အတွက် အခြားပြစ်မှုများမှ မလွတ်နိုင်သည့်တိုင်အောင် ကြိုးဒဏ်မှလွတ်အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးကြဖို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားတောင်းပန်လိုက်သည်။ နိုင်ငံတော်အစိုးရအား လက်နက် ကိုင်ဆွဲ၍ တော်လှန်ပုန်ကန်ခဲ့ကြသူများကိုပင် "မသေစေရပါဘူး" ဟု အာမခံခဲ့လျှင်၊ နိုင်ငံတော် အစိုးရဘက်သားတဦးအား အနည်းဆုံးအနေနှင့် ကြိုးဒဏ်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုအပ် ပြုထိုက်သည့်အကြောင်းကို ကျော်ဒင်သည် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ မိန့်ခွန်းကိုပင် တတ်သမျှမှတ်သမျှ ကိုးကား၍ ရေးရှာသည်။ သို့ရာတွင် ကျော်ဒင်ကို ၎င်းတို့၏ အကျိုးစီးပွား အတွက် သုံး၍ကောင်းစဉ်က ရက်ရက်စက်စက်နှင့် မညှာမတာ အသုံးပြုခဲ့ကြသော နိုင်ငံရေးသမားများသည် ယခု အခါတွင် ကြိုးတိုက်ထဲမှနေ၍ အသနားခံလျက်ရှိသော ၎င်းတို့၏ လက်ကိုင်တုတ်ကောင်းဖြစ်ခဲ့သော ကျော်ဒင်၏ တောင်းပန်ချက်ကို လျစ်လျူရှုကြလေပြီ။ ကျော်ဒင်အတွက် နာမည်ပျက်ခံ၍ လည်းကောင်း၊ အငြိုငြင်ခံ၍လည်းကောင်း လိုက်လံဆောင် ရွက်နေကြမည့်အစား ကျော်ဒင်ကဲ့သို့ အလားတူ သတ္တဝါတကောင်ကို ရှာဖွေမွေးမြူနိုင်သည် မဟုတ်လော။
နိုင်ငံတော် သမ္မတကြီးထံသို့ ကျော်ဒင်သည် ၎င်းဘာသာ ၎င်းပင် အသနားခံရတော့ သည်။ ထိုအသနားခံလျှောက်လွှာ၌ ၎င်းသည် နိုင်ငံတော်အစိုးရအတွက် အဘယ်မျှ သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့သည် ဆိုသောနောက်ကြောင်း ရာဇဝင်များကို ဖွဲ့ဖွဲ့နွဲနွဲ့ရေးသား အစီရင်ခံ လိုက်သည်။ ထိုကဲ့သို့ နိုင်ငံတော်အစိုးရဘက်မှ သက်စွန့်ကြိုးပမ်းအမှုတော်ကို ထမ်းရွက်လာခဲ့ သော ဘက်တော်သားတဦးအား မှားမိယွင်းမိသည်များကို ခွင့်လွတ်၍ ကြိုးဒဏ်မှ ချမ်းသာခွင့် ပြုပါရန်အကြောင်းကို အသနားခံလိုက်သည်။
နိုင်ငံရေးခေါင်းဆာင်များနှင့် အစိုးရအဖွဲ့ခေါင်းဆောင်များက ၎င်းအား စွန့်ပယ်ထားကြ သည့်တိုင်အောင် နိုင်ငံတော်ဖခင်ကြီးသဖွယ်ဖြစ်သော နိုင်ငံတော် သမ္မတကြီးကမူကား ၎င်းအား မည်သည့်နည်းနှင့်မဆို လျစ်လျူရှု၍ ကျောခိုင်းနေလိမ့်မည် မဟုတ်ဟု ကျော်ဒင်က မျှော်လင့်ယုံကြည်လျက်ရှိသည်။ သို့ရာတွင် ပြင်သာနယ်တဝိုက်၌ ၎င်းသည် အဘယ်မျှ ဆိုးသွမ်း ရက်စက်ခဲ့သည်ဆိုသော အချက်ကိုကား သနားဖွယ်ရာပင်၊ ကျော်ဒင်တယောက် သည် မေ့လျော့နေဟန်ရှိသည်။ သူတပါး သမီးပျိုများကို လည်းကောင်း၊ ကာမပိုင် လင်ရှိသားမယားကို လည်းကောင်း၊ ၎င်းကိုယ်တိုင် အဘယ်မျှ စော်ကားဖျက်ဆီးခဲ့သည် ဆိုသော ပြစ်ချက်များကို မေ့လျော့နေစေဦးတော့၊ သူပုန်များကို ထမင်းကျွေးမိသည်ဆိုသော တောင်ခြေရွာတရွာမှ မိသားစုတစုကို မောင်းပြန်သေနတ်ဖြင့် ရက်ရက်စက်စက်ကြီး ပစ်ခတ် သတ်ဖြတ်လိုက်သော ၎င်း၏ပြစ်မှုကြီးကိုကား ကျော်ဒင်သည် မေ့လျော့ဖို့ မသင့်ပေ။ ကျော်ဒင်သည် သတ်ရဲသော်လည်း သေရဲသော ယောက်ျားတဦး တယောက်ကား မဟုတ် ရှာပေ။ အနိုင်ရသောကာလက လက်နက်အားကိုးဖြင့် လူတဖက်သားကို ရက်ရက်စက်စက် ပြုလုပ်တတ်သူများသည် ရှုံးနိမ့်၍ မိမိတို့ခံနေရသော ကာလ၌ အလွန်တရာ သူရဲဘောနည်း တတ်ကြသည်သာ ဖြစ်လေသည်။ ထိုလူစားများသည် မိန်းမသားများထက်ပင် အသည်းငယ် ကာ ရှိုက်ကြီးတငင် ငိုယိုတတ်ကြသည်။
ကြီးမားများပြားလှသော ရာဇဝတ်မှုခင်းကြီးများကို ရက်ရက်စက်စက် ကျူးလွန်လာခဲ့ သော ပြူစောထီးဗိုလ်ကျော်ဒင်၏ အသနားခံလွှာကို နိုင်ငံတော် သမ္မတကြီးကလည်း လက်ခံ စဉ်းစားခြင်းမပြုရန် မျက်နှာလွှဲလိုက်သောအခါ၊ နရသိမ်ထောင်ပိုင် ဝဏ္ဏကြီးသည် ကြိုးတိုက် အတွင်းသို့ ဝင်ရောက်လာပြီးလျှင် ထိုအမင်္ဂလာသတင်းကို ကြိုးတိုက်အတွင်း၌ ညစာထမင်း အငတ်ခံကာ ဥပုသ်ရက်ရှည်စောင့်နေသည်ဆိုသော ပြူစောထီးဗိုလ်ကြီးအား စိတ်လက်မချမ်း သာသော အမူအရာဖြင့် ဝတ္တရားအတိုင်း အကြောင်းကြားပြောဆိုလေသည်။ နိုင်ငံတော် သမ္မတကြီးက ၎င်း၏ အသနားခံလွှာကို ပယ်ချလိုက်သည်ဟု ကြားလိုက်ရသော အခါ ဗိုလ်ကြီးကျော်ဒင်၏ လက်မှ စိပ်ပုတီးသည် ရုတ်တရက် လွှတ်ကျသွားလေသည်။ ထိုသို့ စိပ်ပုတီးလွတ်ကျသွားခဲ့သော အချိန်မှစ၍ နောက်ထပ် ဗိုလ်ကျော်ဒင်သည် စိပ်ပုတီးကို ပြန်မကိုင်တော့ပေ။ သူသည် ယခင်က ညစာကိုသာ အငတ်ခံသော်လည်း ယခုအခါ နံနက်စာကိုလည်း မစားတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ပြူစောထီးဗိုလ်ကြီးသည် မိမိသေရ မည့်နေ့ရက်နှင့် အချိန်အပိုင်းအခြားကို သိရှိနေပြီဖြစ်သောကြောင့်တည်း။
သေရမည့်အရေးကို မေ့လျော့နေသော အချိန်ကာလတလျှောက်လုံး၌ လူသတ္တဝါသည် ပျော်ရွှင်လာနိုင်သော်လည်း၊ သေရမည့်အရေးကို သတိရ စဉ်းစားမိသောတချိန်၌ ပျော်ရွှင်ခြင်း သည် ထိုသတ္တဝါ၏ထံပါးမှ ထွက်ခွာသွားတတ်သည်ပင် မဟုတ်လော။ ဘာမျှ မသိသော ကာလ၌ လူတို့သည် ပျော်မွေ့ကြသည်ဆိုသော အနောက်တိုင်း စကားပုံတခုသည် ဤအချက် ကို သူ့အတွေးအခေါ်နှင့် သူ ရည်ညွှန်းဖော်ပြလိုဟန်ရှိသည်။ ထို့ကြောင့်ပင် သဘာဝသည် ၎င်း၏ လျှို့ဝှက်ချက်အများအပြားကို လူသားတို့အား တမျိုးပြီးတမျိုး၊ တခုပြီးတခု ဖွင့်လှစ်ပြသ လျက်ရှိသော်လည်း အကြင်လူသားတဦး မည်သည့်နေ့ရက်နှင့် ကာလအပိုင်းအခြားတွင် သေဆုံးရမည်ဆိုသော လျှို့ဝှက်ချက်ကိုကား ယနေ့ထက်တိုင် ထိန်ချန် ထားမြဲထားဟန် တူသည်။ မိမိသေဆုံးရမည့်နေ့ရက်နှင့် နာရီကို တပ်အပ်သေချာ သိရှိထားပြီးဖြစ်သော အကြင်သူတဦးတယောက်သည် အဘယ်သို့ ပျော်မွေ့ချမ်းသာခြင်း ရှိနိုင်ပါမည်နည်း။ သို့ရာတွင် ကြိုးသမားများကား မိမိတို့သေဆုံးရမည့် နေ့ရက်အပိုင်းအခြားကို တပ်အပ် သေချာစွာ သိရှိထားကြရသူများသာ ဖြစ်သည်။ ထိုသို့သိရှိထားခြင်းသည် ၎င်းတို့အတွက် အကြီးဆုံးသော ဒုက္ခဆင်းရဲခြင်းပင်ဖြစ်လေသည်။ ယခုအခါတွင် ပြင်သာနယ်တဝိုက်၌ ဖိန့်ဖိန့်တုန်အောင် ကျော်ကြားလာခဲ့သော ပြူစောထီး ဗိုလ်ကြီးကျော်ဒင်သည် ထိုဆင်းရဲဒုက္ခကို နရသိမ်ထောင်ကြိုးတိုက်အတွင်း၌ မအိပ်နိုင် မစားနိုင် ခံစားနေရရှာပေသတည်း။
ဒုတိပိုင်းဆက်ဖတ်ပါရန်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment