Sunday, May 4, 2008

ဧ၀ဟာ ဆေးလိပ်သမဖြစ်ခဲ့ဘူးတယ်
ရေးသူ-ကိုမှိုင်း

ခုထိုင်ထားရာက
ဆွဲထုတ်လိုက်သမျှ၊ ဖက်ရွက်တိုင်းမှာ
ဟောတော့....
ဟိုလူကြီးမျက်နှာ
အရိပ်လိုခြေရာခံ လိုက်လိုက်ချောင်းတတ်။




ကိုယ်တော့်ဆံရှည် ဘုတ်သိုက်စုတ်ဖွား
အသဲယားလှချည့်
ကြည့်ထား
မုံရွေးကပ်ကြေးထက်ပါဘိသနဲ့
ဒီလို ဒီလို ဖြတ်ပစ်ချင်ရဲ့။

ကိုယ်ကိုင်း ရင်ညွှတ် ပြားချပ်ချပ်ချူချာ
ပျော့တိ ပျော့ဖတ် လူမမာကို
အစီခံ ဒီလိုတပ်
ဆေးစပ်အစာ ဒီလိုသိပ်
ဒီလို ဒီလို ကျစ်ကျစ်လိပ်မှ
ကျားကျားယားယား မားမားမတ်မတ်သေသပ်။

တယောက်ချင်း
လူရှင်းတဲ့ လမ်းမှာတွေ့တော့
သူ့နှုတ်ခမ်းက အိမ်ကြက်ကြီးလို
တောင်ပံတဖြန်းဖြန်းနှက် ပျံမတက်နိုင်
ခြေတုန်လက်တုန် မျက်စိမျက်နှာပျက်
ဒီလို ဒီလို ကိုင်ဆောင့်ချင်ရဲ့။

ရှည်ကိုင်းကိုင်း အရပ်
ဒုတ်တိုင်းနဲ့ညှိ ဒီလိုဖြတ်
ညှပ်ထားပြီးစ လှိုင်းတွန့်ဆံပင်
ကြင်ကြင်နာနာ ကြာဖူးလေး
ဒီလို ဒီလို ထိုးပေးချင်ရဲ့။

စိတ်တိုင်းကျမှ
စက္ကူပေါ် နာမည်ရေး
သူ့ရင်ဘတ်မှာ ကော်နဲ့ကပ်
ပိုင်ရှင်ရှိကြောင်း ဆိုင်းဘုတ်တပ်ပြမယ်
တီးတိုးတီးတိုး ပျပိုးထိုးတဲ့
ကောင်မစုတ်တွေ မှတ်ကရော။

ကိုမှိုင်း။
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၊ မတ်လ ၂၀၀၆။]

No comments: