Saturday, May 10, 2008

ယသော်ဓရာအားပူဇော်ခြင်း
ရေးသူ-လူထုစိန်ဝင်း




တနေ့က စာအုပ်စင်က ဆွဲထုတ်လိုက်တော့ အရွယ်သေးသေးလေး တရွက်ထွက်ကျ လာတာ တွေ့ရပါတယ်။ ကောက်ယူကြည့်လိုက်တော့ ခပေါင်းစီးကရက်ဘူးထဲက ခဲပတ်စက္ကူ လေး ဖြစ်နေတာ တွေ့ရပါတယ်။ သေသေချာချာ စေ့စေ့စပ်စပ် ကြည့်လိုက်တော့ ခဲတံနဲ့ ရေးထားတဲ့ အကြောင်းလေးတွေကို မှုန်ဝါးဝါး တွေ့ရပါတယ်။ ကဗျာတိုလေးတပုဒ် ပါလား။
စာအုပ်က "ကျောင်းတော်ပါစာအုပ်" ပါ။ ဘ၀တက္ကသိုလ်လို့ ခေါ်တတ်ကြတဲ့ ကျောင်းတော်ကြီးမှာ ဆယ်မိုးဆယ်ဝါ သီတင်းသုံးရင်း အဌာရသပညာရပ်များ ဆည်းပူးစဉ် အခါက ဖတ်ကြားလေ့လာဖို့ ပေးခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ၀ါကျင်ကျင်ဖြစ်နေတဲ့ စာရွက်ပေါ်က လက်ရေးသေးသေးလေးတွေနဲ့ ရေးထားတဲ့ မှုန်ဝါးဝါး စာကြောင်းလေးတွေကို ကြိုးစားပမ်းစား ဖတ်ကြည့်လိုက်တော့ ကဗျာလို့ ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ စာတိုလေးတပုဒ် ခုလိုတွေ့ ရပါတယ်။




"ယသော်ဓရာအား ပူဇော်ခြင်း"

ချစ်သခင်သည်
လောကီငြိုငြင်၊ တောဝင်မွေ့ပျော်
လျော်တေညစ်ညမ်း၊ ဖန်ရည်စွန်းသော
ဆင်မြန်းဝတ်ရုံ၊ ဆိုတုံကြားရ
သည်ခဏမှာ၊ နုလှချောညက်
အိစက်ညံ့ထွေး၊ သိုးမွေးကတ္တီပါ
ဆင်မြဲစွတ်လွှတ်၊ ဖန်ရည်ဝတ်ခဲ့။

ချစ်သခင်သည်
မြင်းပြတ်ညောင်စောင်း၊ မလျောင်းမစက်
ပြေထက်မွေ့လျော်၊ ရှိသော်ကြားရ
သည်ခဏမှာ၊ ပန်းမွေ့ယာကျင်း
ကော်ဇောခင်းဖြန့်၊ ညံ့သက်နုလွ
ခြူးကြွကြာရံ၊ သဉ္စာစွန့်လျက်
မြေ၌စက်ခဲ့။

ချစ်သခင်သည်
တနေ့တာမှ၊ တခါမျှသာ
အစာမှီဝဲ၊ ခြိုးခြံမြဲတဲ့
ကြားခဲ့သည်က၊ ချိုမြခဲဖွယ်
ပွဲတော်ထူးထူး၊ ဆီဦးထောပတ်
တပ်မက်စွန့်ပစ်၊ သစ်သီးသစ်ရွက်
တရက်တခါ၊ မှီဝဲလာခဲ့
ဘယ်မှာနှိုင်းဆ၊ တုမရသော
ယသော်ဓရာ၊ မေတ္တာဘုရား။
ကိုယ့်ဘုရားကို ၀ပ်တွားပူဇော်လိုက်ပါ၏။
(မဟင်္သာသို့)
၁၁၊ ၆၊ ၁၉၇၀


ကဗျာလေးမှာ ရည်ညွှန်းထားတဲ့ အမည်က ဇနီးသည်ရဲ့ ငယ်နာမည်ပါ။ (၁၁၊ ၆၊ ၁၉၇၀) ဆိုတဲ့ ရက်စွဲကို ကြည့်လိုက်တော့ ၁၉၆၅ ခု၊ အောက်တိုဘာ (၁၁) ရက်မှာ လက်ထပ်ကြတာကို ရည်စူးပြီး ရေးခဲ့တာပါလားလို့ သိလိုက်ရပါတယ်။
ဒီကဗျာလေးကို ပြန်ဖတ်ရင်း အတိတ်ကို ပြန်စဉ်းစားကြည့်မိတော့ ကဆုန်လပြည့် နေ့က မုန့်ဟင်းခါး အ၀ကျွေးတာကို သတိရပြီး ရေးခဲ့တာလို့ အမှတ်ရလာပါတယ်။ ကဆုန်လပြည့်ဆိုတာကို ဗုဒ္ဓရဲ့မွေးနေ့အဖြစ် အထွတ်အမြတ် ထားခဲ့ကြတာ မဟုတ်လား။ အဲဒီနေ့က မုန့်ဟင်းခါးစားရင်းနဲ့ လူတွေဟာ သိဒ္ဓတ္ထမင်းသားနဲ့ တနေ့တည်းဖွားဖြစ်တဲ့ ကြင်ယာတော် ယသော်ဓရာဒေ၀ီရဲ့ ကျေးဇူးတရားများကိုတော့ မေ့လျော့နေကြပါလားလို့ တွေးမိရာက ဒီကဗျာလေး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ယသော်ဓရာဒေ၀ီရဲ့ ကျေးဇူးတရားများဟာ ဗုဒ္ဓအပေါ်မှာ များစွာကြီးမားခဲ့ပါတယ်။ ဒါကို ဗုဒ္ဓကိုယ်တော်တိုင်က သတိမမူ လစ်လျူရှုထားခဲ့ပါတယ်။ ခမည်းတော် မင်းတရားကြီးက သားဗုဒ္ဓကို ညွှန်ပြမြွက်ဟခဲ့ရပါတယ်။ ဒီအကြောင်းကို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ ဇိနတ္ထပကာသနီကျမ်းမှာ ခုလို ဖော်ပြထားခဲ့တာကို ပြန်ဖတ်စေချင်ပါတယ်။

ယသော်ဓရာတိုက်ခန်း ကြွမြန်းတော်မူခြင်း
ယင်းသို့ ရွှေနန်းဥကင် ရာဇပလ္လင်ထက်၌ တက်စံတော်မူလျှင် ဖခင်မင်းမြတ်သည် လည်း လျောက်ပတ်ကောင်းမွန်သော ဘောဇဉ်ခဲဖွယ်တို့ဖြင့် လုပ်ကျွေး၏။ ဆွမ်းဘုဉ်းပေးပြီး သော အဆုံး၌ အလုံးစုံသော မောင်းမမိဿံ ခြွေရံကိုယ်လုပ်တို့သည် အုတ်အုတ်ကျက်ကျက်မျှ လာကြကုန်၍ ဘုရားရှင်အား ညွတ်တွားရိုကျိုး ရှိခိုးပူဇော်ကြကုန်၏။ ယသော်ဓရာ ဗိမ္မာဒေ၀ီသည် ပူဇော်ခြင်းငှာ မထွက်လာ၍ များစွာသော နန်းသူနန်းသားတို့က "သခင်မ ထွက်ကြွတော်မူ၍ သုံးလူ့သခင်ကို ဦးတင်ပူဇော်ဖူးမြှော်ပါလော့" ဟု လျှောက်ကြသော် "အကယ်၍ အကျွန်ပ် ကျေးဇူးရှိသည်ကို ထောက်မျှော်၍ သနားတော်မူပါလျှင် ကိုယ်တော်ဝင်၍ ကြွလာပါလိမ့်မည်။ ဤသို့ ကြွလာမှ ပူဇော်ပါတော့မည်" ဟု ဆို၍သာ နေ၏။ ထိုအကြောင်းကို နန်းသူနန်းသားတို့က ဘုရားရှင်အား လျှောက်ကြားကြသော် ခမည်းတော်ကြီးအား သပိတ်ကို ကမ်းတော်မူ၍ နှစ်ဦးသော အဂ္ဂသာဝကတို့ကို ခေါ်တော်မူလျက် ယသော်ဓရာမင်းသမီး၏ နေရာတိုက်ခွင်သို့ ၀င်တော်မူ၍ "ယနေ့ ယသော်ဓရာမင်းသမီးကို အလိုရှိတိုင်း ရှိခိုးစေ၊ မည်သူအားမျှ တခွန်းစကား မတားဆိုကြလင့်" ဟု မိန့်တော်မူ၍ ခင်းအပ်သောနေရာ ရတနာသလွန်ထက်၌ တက်စံတော်မူ၏။ ထိုအခါ ယသော်ဓရာမင်းသမီးသည် ပန်းကြီးခုံမင် စွာလာ၍ ခြေဖမျက်တော်ကို လက်ဖြင့်ပိုက်လျက် ဖမိုးတော်ထက် မျက်နှာဦးခေါင်းကိုထား၍ ဖ၀ါးတော်မြတ်ကို နမ်းကာနမ်းကာ ခြင်းရာစကား ဘယ်သည်များမှ မကြားနိုင်စွာ မျက်နှာမျက်ရည် မဆည်နိုင်ပြီး ဖြိုင်ဖြိုင်စီးလျက် သက်ကြီးရှိုက်ငင် ဘ၀င်ပြောင်းပြန် လန်လုမတတ် ဆံဖြင့်ပွတ်သပ် ပါးဖြင့်အပ်၍ အထပ်ထပ်ရှိခိုး ရှာလေသတည်း။

စန္ဒကိန္နရီဇာတ် ဟောတော်မူခြင်း
ထိုအခါ ခမည်းတော်မင်းကြီးက "အကျွန်ပ်သမီးသည် သားကြီးဘုရားကို အလွန်စုံမက် နှစ်သက်လေးမြတ်ပေသည်။ သားဘုရား ထွက်သွားတော်မူသော်လည်း ရှိတော်မူစဉ်က ပြုပြင်ခယမြဲဖြစ်သော ၀တ်ကို မချွတ်မယွင်းစေရ၊ ညတိုင်းနေ့တိုင်း ပြုပေသည်။ သားဘုရားသည် ဖန်ရည်စွန်းသော အ၀တ်ကိုသာ ၀တ်ပေသည်။ သားဘုရားသည် တထပ်သာစားသည်ဟု ကြားသည်မှ စ၍ အကျွန်ပ်သမီးလည်း တထပ်သာ စားပေသည်။ သားဘုရားသည် မြတ်သောအခင်းနေရာကို ပယ်သည်ဟု ကြားသည်မှစ၍ နိမ့်သော ညောင်စောင်း၌သာ အိပ်ပေသည်။ သားဘုရားသည် ပန်းနံ့သာမျိုး အခိုးအထုံတို့၌ တပ်မက်ခြင်းမရှိဟု ကြားသည်မှစ၍ ပန်းနံ့သာတို့၌ တပ်မက်ခြင်းကို မပြုပေ။ အဆွေအမျိုး ဖြစ်သော မင်းညီမင်းသား သူတပါးတို့ မြှောက်စားမြတ်လေးစွာ မွေးမြူပါအံ့ဟု သတင်းစကား ကြားပါသော်လည်း တယောက်ကိုမျှ ပြန်မကြည့်ပေ။ ဤသို့ အကျွန်ပ်သမီးသည် စောင့်ထိန်းပေသည်" ဟု ချွေးမတော်၏ ဂုဏ်ကျေးဇူးကို ချီးကျူးလျှောက်ထားရာတွင် "ယခုအခါ ဒကာတော်မင်းကြီးသည် စောင့်ရှောက်ထိန်းအပ်သည်ဖြစ်၍ ဖြောင့်တည်ကြည် သည်ကား အံ့ဖွယ်မရှိသေး။ ရှေးသောအခါ စန္ဒကိန္နရီဖြစ်သောအခါ ဆွေညာမိဘ စောင့်သူမရှိဘဲလျက် မိမိကိုယ်ကို မိမိစောင့်သဖြင့် ကာလရှည်မြင့်စွာ ကြင်နာဖူးပြီ" ဟု စန္ဒကိန္နရီဇာတ်ကို ဟောတော်မူ၏။ ယင်းသို့ တရားဟောတော်မူပြီးသော် နိဂြောဓါရုံ ကျောင်းတော်သို့ ပြန်ကြွတော်မူ၏။
ယသော်ဓရာဒေ၀ီရဲ့ ကျေးဇူးတရားကို ဟိုခေတ်လူတွေက သတိမပြုမိကြသလို၊ ဒီနေ့ခေတ်မှာလည်း အမျိုးသမီး အိမ်ထောင်ရှင်မများရဲ့ အခန်းကဏ္ဍကို လူတွေက သတိမပြုမိ ကြတာ များပါတယ်။ သမိုင်းကို ပြန်ကြည့်လိုက်ရင် ထင်ရှားကြော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတိုင်းရဲ့ နောက်မှာ ဇနီးမယားကောင်းတယောက် ရှိမြဲဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ အဝေးခေတ် ကိုထား၊ အနီးခေတ်ကိုပဲ ကြည့်ပါ။ သမ္မတရေဂန်ရဲ့ နောက်မှာရှိတဲ့ ဇနီးနန်စီရေဂန်ဟာ ကောင်းဘွိုင် ဇာတ်လိုက်မင်းသား မျှသာဖြစ်တဲ့ ရော်နယ်ရေဂန်ကို ထင်ရှားတဲ့ သမ္မတဦးဖြစ် လာအောင် အဓိက ပံ့ပိုးကူညီသူဖြစ်တယ်ဆိုတာကို အမေရိကန်သမိုင်းဆရာတွေသာမက၊ နန်စီကို မလိုတမာ ဖြစ်နေကြတဲ့ ရေဂန်ရဲ့ ဇနီးဟောင်းနဲ့ရတဲ့ သမီးတွေကတောင် အသိအမှတ်ပြု ၀န်ခံခဲ့ကြရပါတယ်။ အီရန်ကိစ္စနဲ့ ရေဂန်ရာထူးပြုတ်တော့မယ့် အခြေအနေကြီး ရင်ဆိုင်နေရချိန်မှာလည်း ရေဂန် တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်အောင် နန်စီက ဖေးမပေးခဲ့တာပါ။ ရေဂန် အာရုံကြောတွေ အားနည်းတဲ့ရောဂါနဲ့ မေ့မေ့လျော့လျော့ ခြေတုန်လက်တုန် ဖြစ်နေချိန်မှာလည်း နန်စီက ဖေးမစောင့်ရှောက်ပေးနေရှာတာပါ။
ကလင်တန်နဲ့ ဟီလာရီလည်း အလားတူပါပဲ။ သမ္မတတဦးအနေနဲ့ ဘယ်လိုမှ လူကြားထဲ ခေါင်းမဖော်ဝံ့လောက်တဲ့ ရှက်စရာကိစ္စကြီး ဖြစ်လာချိန်မှာ သစ္စာဖောက်ခံရတဲ့ ဟီလာရီခမျာမှာ သူ့ရင်ထဲက ခံစားမှုများကို မြိုသိပ်ပြီး သူ့ခင်ပွန်း လူရှုပ်လူပွေကြီးနောက်က မားမားကြီး ရပ်ပေးခဲ့တာပါ။ အဲဒီအချိန်ကသာ ဟီလာရီက ရင်ထဲက ခံစားမှု လှုံ့ဆော်တဲ့ နောက်လိုက်ပြီး ကလင်တန်ကို ပြစ်တင်ရှုတ်ချတဲ့ စကားတခွန်းပြောလိုက်မိတာနဲ့ ကလင်တန် ရာထူးက ဆင်းပေးရပြီး ဘ၀ရေစုန်မြောတော့မှာ သေချာပါတယ်။ ဟီလာရီကောင်းလို့သာ ကလင်တန် လူပုံအလယ်မှာ အိနြေ္ဒမပျက် ရပ်နေသေးလို့ ရတာပါ။
ခမည်းတော်မင်းကြီး ယသော်ဓရာကို ချီးကျူးပြောဆိုပြီးတဲ့ အခါကျတော့ ယသော်ဓရာ ဟာ ခုဘ၀မှာသာ မဟုတ်သေး၊ ရှေးရှေးဘ၀များစွာကလည်း ဒီလိုပဲရှိခဲ့တယ်ဆိုတာပြဖို့ ဘုရားရှင်က စန္ဒက်န္နရီဇာတ်တော်ကို ဟောကြာတော်မူခဲ့ပါတယ်။
ယသော်ဓရာလို မိန်းမသားများ ရှေးအတီတေကလည်း မြောက်မြားစွာ ရှိခဲ့ကြပါတယ်။ ယခု ခေတ်တွေမှာလည်း ယသော်ဓရာတွေ မြောက်မြားစွာ ရှိနေကြပါတယ်။ ကဆုန်လပြည့် ဗုဒ္ဓကိုယ်တော်ရှင်ရဲ့ ဖွားမြင်တော်မူသောနေ့မှာ ဗုဒ္ဓရဲ့ တနေ့တည်း မွေးဖွားဖက်တော် ယသော်ဓရာဒေ၀ီရဲ့ ဂုဏ်ကျေးဇူးများကိုလည်း မမေ့မလျော့ ချီးကျူးပူဇော် ဦးခိုက်ကြရင်း ခေတ်မိန်းကလေးတွေကို မိန်းမကောင်း မိန်းမမြတ် ဖြစ်လာစေဖို့ နှိုးဆော်သင့်ကြပါကြောင်း တင်ပြလိုက်ရပါတယ်။

လူထုစိန်ဝင်း
၁၄၊ မတ်၊ ၂၀၀၂
{Beauty မဂ္ဂဇင်း၊ မေလ၊ ၂၀၀၂ မှ ကူးယူဖော်ပြပါတယ်။}

No comments: