Monday, June 23, 2008

လူထုဒေါ်အမာဈာပနမှတ်တမ်း
ရေးသူ-အောင်ကျော်ဆန်း












၉၊ ဧပြီ၊ ၂၀၀၈။
မန္တလေးမြို့။


အစ်ကို
ဧပြီလ ၇ ရက်နေ့က အဘွားဆုံးတယ်။ အဲဒီ သတင်းကိုတော့ အစ်ကိုလည်း ကြားပြီးသား ဖြစ်မှာပါ။
အဘွားက နံနက် ၁ နာရီ ၃၇ မိနစ်မှာ မန္တလေးပြည်သူ့ ဆေးရုံကြီး နှလုံးရောဂါကုဌာန မှာ ဆုံးတယ်။ အဲဒီနေ့က Ludu Daw Ahmar pass away ဆိုတဲ့ မက်ဆေ့ခ်ျ ၂၁ ခု တယ်လီဖုံးထဲကို ၀င်လာတယ်။ ဦးညိုက ကျွန်တော့်ဆီ ဖုံးဆက်တာ မရဘူးတဲ့။ ဒါနဲ့ ဦးညို ဆက်ခိုင်းလို့ဆိုပြီး ကိုမော်လင်းက လှမ်းပြောတယ်။ နောက် အစ်မဒေါ်ဒေ၀ီလည်း လှမ်းဆက်တယ်။ အဘွားဆုံးပြီဆိုတဲ့ သတင်းဟာ ကျွန်တော့်ရုံးမှာ ရှိသမျှ တယ်လီဖုံး လေးလုံးစလုံး ဆက်တိုက်မနားရအောင်ကို ၀င်လာတော့တာပဲ။ သိတဲ့လူတိုင်းက အဘွားရဲ့ နာရေးသတင်းကို လှမ်းမေးကြတယ်။




ကျွန်တော်လည်း ရှိသမျှ အလုပ်ချက်ချင်း ဖြတ်ပြီး မန္တလေးကို သွားနိုင်ဖို့ ကြိုးစားပါ တယ်။ ဒါပေမယ့် ချက်ချင်းဆိုတာက ဧပြီလ ၈ ရက်နေ့၊ ညနေ ၃ နာရီကျမှပဲ ကားဘီးစလှိမ့် နိုင်တော့တယ်။ ဒီ့မတိုင်ခင် ကိုယ်လုပ်နိုင်တာ လုပ်ခဲ့မှပဲ ဆိုပြီး ၀မ်းနည်းကြောင်း လက်မှတ်ထိုး စာအုပ် ၄ အုပ်ကို လူစုခွဲပြီး စုဆောင်းလက်မှတ်ထိုးခိုင်းပါတယ်။ လူ ၁၂၃ ယောက် လက်မှတ်ထိုးခဲ့တယ်။ စာပေနဲ့လူမှုရေးအသိုင်းအ၀ိုင်းက ခင်မင်ရင်းနှီးသူချည်းပါပဲ။
ကားပေါ်ဆန့်သမျှ လူတင်ပြီး မန္တလေးကို ချီတက်ခဲ့ကြတာပေါ့။ ရှေ့ခန်းမှာ ဒရိုင်ဘာနဲ့ ကိုမိုးဝင်း မဒုံတို့ ဇနီးမောင်နှံ ထိုင်ကြတယ်။ ဒီနောက်က ဘဘဦးအုန်းမြင့်၊ ဆရာမောင်ဝံသနဲ့ ကျွန်တော် ထိုင်တယ်။ ကျွန်တော်တို့နောက်တန်းမှာ အဘွားဒေါ်ခင်မေ၊ အစ်မဒေါ်ဒေ၀ီနဲ့ ကိုထွန်းဝင်းငြိမ်း ထိုင်တယ်။ အဲဒိနောက်မှာ ဦးလေးဦးမောင်မောင်ခင်၊ ဆရာဦးထက်မြက်နဲ့ ဆရာလေးဒေါက်တာတင်စံဦးတို့ ထိုင်ကြတယ်။ နောက်ဆုံးတန်းကတော့ ကိုစိုးဝင်းငြိမ်းနဲ့ ကိုညိုထွန်းတို့ပေါ့။ လူ ၁၄ ယောက်ဆန့် လိုက်အေ့ပေါင်မုံ့ကားလေးပါ။
ကျွန်တော်တို့ကားဟာ ညနေ ၄ နာရီမှာ ထောက်ကြံ့လမ်းဆုံကို လွန်ပြီး၊ ရန်ကုန် ဧရိယာက ထွက်ခဲ့တယ်။ ညနေ ၆ နာရီမှာ ညောင်လေးပင်မြို့အ၀င် လမ်းဘေးဇရပ်တခုမှာ ရပ်ပြီး ညစာထမင်းကို မမှောင်ခင်မှာ စားလိုက်ကြတယ်။ မဒုံ အသင့်ချက်ပြုတ်ယူလာတဲ့ ထမင်း ဟင်းအစုံအလင်နဲ့ ဆိုပါတော့။ ဇရပ်ပေါ်မှာ ထမင်းလက်ဆုံးစားဖြစ်ကြရင်း၊ အဘွားနဲ့အတူ သွားဖြစ်ခဲ့ကြတဲ့ ခရီးတွေအကြောင်း ပြောဖြစ်ကြသေးတယ်။ လူတိုင်းကိုယ်စီမှာ ၀မ်းနည်းမှုကိုယ်စီနဲ့ သောကကို လွယ်ပိုးထားရတဲ့ ထမင်းလက်ဆုံ စကားဝိုင်းပါပဲ။
ဒီလိုနဲ့ ကားဟာ ညအမှောင်ထုထဲကို ထိုးခွဲဖြတ်သန်းရင်းနဲ့ ခရီးပြင်းနှင်ခဲ့ရပါတယ်။ ကားကလည်းကောင်း၊ ဒရိုင်ဘာကလည်း ကျွမ်းကျင်လို့ ခရီးတွင်ခဲ့ကြပါတယ်။ ဖြူးကို ရောက်တော့ မိတ်ဆွေ တယောက်ရဲ့ ထမင်းဆိုင်မှာ ခဏ၀င်ထိုင်ပြီး အအေးသောက်၊ နှုတ်ဆက်၊ ခရီးဆက်ခဲ့ကြတယ်။ တောင်ငူအလွန်က ပိုင်အိုးနီးယားဆိုင်မှာ ၀င်ထိုင်တော့ ည ၁၁ နာရီပဲ ရှိသေးတယ်။ ဒီနောက် တမြို့ဝင် တမြို့ထွက်နဲ့ ခရီးဆက်ခဲ့ကြပြန်တယ်။ စကားတပြောပြောနဲ့ ခရီးလည်းတွင်ပါတယ်။ နေပြည်တော် တပ်ကုန်းအ၀င်မှာ ဒရိုင်ဘာကို လက်ဖက်ရည်တိုက်ရင်း ကျွန်တော်တို့ ခဏ နားကြပြန်တယ်။
ဒရိုင်ဘာက နယ်ဝေးခရီးက ပြန်လာစဆိုတော့ အတော်ပင်ပန်းနေတယ်။ ခရီးသည်ထဲ မှာ ကူမောင်းနိုင်သူ နှစ်ယောက်ပါပေမယ့် သူ့ကားနဲ့ သူ့ဒရိုင်ဘာ၊ သူ့အထာနဲ့သူ မောင်းပါစေ တော့ ဆိုပြီး ခရီးတွင်သလောက် မောင်းခဲ့ကြတယ်။ ခရီးပန်းရင် နားပါဦးဆိုပြီး ပျော်ဘွယ် အလွန်မှာ ဒရိုင်ဘာကို နာရီဝက်လောက် ခဏ အိပ်ခိုင်းလိုက်သေးတယ်။ ဒီနောက် မိတ္ထီလာကို ၄ နာရီခွဲလောက် မနက်လင်းအားကြီးမှာ ရောက်တယ်။ လက်ဖက်ရည်သောက် ခဏနားပြီး ခရီးဆက်ခဲ့ကြတာပါပဲ။
မမဒေါ်သန်းရင်မာ အိမ်ရှေ့ကို ကျွန်တော်တို့ ကားထိုးဆိုက်မိတဲ့ အချိန်မှာတော့ မနက် ၇ နာရီ ၃၂ မိနစ် ရှိပါပြီ။ မဏ္ဍပ်ထဲမှာ လူစည်နေပြီ။ အင်းဝက ကဗျာဆရာကြီးတွေလည်း ရောက်နေပြီ။ မုံရွာက ဦးအံ့မောင်၊ ချောက်က ကိုကျော်ဝင်း၊ မြစ်ငယ်က မ၀င့်၊ ပြင်ဦးလွင်က မေဦး၊ ကျောက်ဆည်က ဆရာမ သီတဂူ၊ ရေစကြိုက ဦးခင်မောင်ကြည် အတော်ကို လူစုံနေပါပြီ။ လူ ၁၀၀ ကျော် ၂၀၀ လောက်တော့ ရှိနေပြီပေါ့။ ဒီနောက်လည်း လူတွေက တဖွဲဖွဲနဲ့ မစဲဘဲ ဆက်တိုက် ရောက်လာကြတယ်။ မနက် ၈ နာရီလောက် အရောက်မှာ အိမ်ရှေ့လမ်းက မော်တော်ကား၊ မော်တော်ဆိုင်ကယ် သွားလို့ မရလောက်အောင် ပိတ်ဆို့ သွားခဲ့တယ်။
မမဒေါ်သန်းရင်မာ အိမ်ရှေ့ကို ကျွန်တော်တို့ ရောက်ပြီး မကြာခင်ပဲ သရဏဂုံတင်ပွဲ စတယ်။ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မ က သီလပေး၊ သရဏဂုံတင် တရားဟောတယ်။ 'အမာကို မပျော့စေနဲ့' ဆိုတဲ့ ဆရာမင်းသုဝဏ်ရဲ့ သြ၀ါဒစကားကို ပြန်လည် ရင့်ကျူးပြီး၊ တရားနာပရိသတ်ကို မိန့်မှာဆုံးမတယ်။ ပရိသတ်ထဲမှာ ဣနြေ္ဒမဆည်နိုင်တာက တော့ အဘွားရဲ့ အချစ်ဆုံးမြေး လင်းလင်းပဲ။ အဘွားရဲ့နောက်ဆုံးအချိန်မှာ မပြုစုလိုက်ရတဲ့ အတွက် သူ့ရင်ထဲမှာ မဖြေနိုင်ဘူးပေါ့။ သရဏဂုံတင်နေတော့ အဘွားကို ကန်တော့ဖို့ အခွင့်မသာဘူး။ ရှေ့ကနေတဲ့ လူအုပ်ကို တိုးမပေါက်ဘူးလေ။
ဒါနဲ့ပဲ စာကြည့်တိုက်ကနေ လှည့်ဝင်၊ နောက်ဖေးတံခါးဖွင့်ပြီး အဘွားရဲ့ ဈာပနခုတင် ရှိရာ ချဉ်းကပ်ခဲ့ရပါတယ်။ ခုတင်ပေါ်မှာ ကျွန်တော်တို့ အဘွားဟာ ခါတိုင်းလို၊ အိပ်မောကျ နေသလို ငြိမ်ငြိမ်သက်သက်ကလေး လဲလျောင်းနေရှာတယ်။ အပြုံးချိုချိုမြမြနဲ့။ ခါတိုင်းခါ လူတကာကို ကြည်သာနှုတ်ခွန်းဆက်တတ်တဲ့ အဘွားက ဒီတခါတော့ နှုတ်ခမ်းကို ပိပိပြားအောင် တင်းတင်းစေ့ပြီး လောကကြီးကို နှုတ်ဆက် စိန်ခေါ်သွားပါပြီ။ အဘွားရေ- လမ်းခုလတ်မှာ နှုတ်ဆက်ခွဲခွါ သွားခဲ့ပြီလားလို့ ရင်ထဲကနေ တိုးဖွဖွနဲ့ မေးလိုက်မိရပါတော့ တယ်။
ဈာပနခုတင်နားက ကျွန်တော် ခွါလိုက်စပြုတဲ့ အချိန်မှာ သရဏဂုံတင်ပွဲကလည်း ပြီးသွားခဲ့ပါပြီ။ အဲဒီတော့မှပဲ မမဒေါ်သန်းရင်မာနဲ့ ကိုညို၊ အောင်ဘာလေတို့ကို နှုတ်ဆက်ရ တော့တယ်။ အိမ်ရှေ့မှာ လူအုပ်ကြီးက ငါးရာ တထောင် ရှိနေလောက်ပြီပေါ့။ အဲဒီအချိန်မှာ ၉ နာရီ ကျော်နေပြီ။ ဈာပန အစီအစဉ်က ၁၀ နာရီ စမယ်ဆိုတော့ လုပ်စရာရှိသမျှ တက်သုတ်ရိုက် စီစဉ်ကြရတော့တယ်။ ယပ်တောင်၊ ရေဘူး၊ အချိုရည်နဲ့ ဈာပနလက်ကမ်း အတွက် စာတမ်းတွေ ဝေငှကြတယ်။ ကျွန်တော်ကတော့ လွမ်းသူ့ပန်းခွေနဲ့ ပန်းခြင်းတွေကို ကားပေါ်တင်ဖို့ စီစဉ်တယ်။ လူထုပုံနှိပ်တိုက်က အလုပ်သမားတွေ၊ ယူနီဖောင်းဝတ် မိတ်ဆွေတွေနဲ့ ကျောင်းသားလူငယ်တွေက ကျွန်တော့်ကို ၀ိုင်းကူကြတယ်။ အသင့်ပြင်ထားတဲ့ ကားလေးစီးပေါ်ကို ပန်းခွေ ပန်းခြင်းတွေရောက်အောင် စနစ်တကျ စီပြီး တင်ကြရတာပေါ့။ တယောက်တလက် ၀ိုင်းကူကြလို့ တနာရီ အတွင်းမှာပဲ အစစအရာရာ သေသေသပ်သပ် ပြီးစီးသွားခဲ့ပါတယ်။ ပန်းခြင်းက ၈၇ ခြင်းနဲ့ ပန်းခွေက ၆၅ ခွေ ရှိတယ်။ ပန်းခွေ ပန်းခြင်းတွေက အရွယ်ကြီး ဆိုက်ကြီးတွေ များတော့ ကားလေးစီးနဲ့ အပြည့်အသိပ်တင်တာတောင် မဆံ့ဘူး။ ဒါနဲ့ ဈာပနပွဲကို ရောက်လာတဲ့ သူငယ်ချင်းဒေါက်တာကျော်ထင်ရဲ့ လိုက်အေ့စ် ၁၄ ပေ ပစ်ကပ်ကို အကူအညီတောင်းပြီး၊ အဲဒီကားပေါ် ပန်းခြင်းတွေ ဆက်တင်ကြတယ်။
အိမ်ရှေ့ကနေ ဈာပန ယာဉ်တန်း ထွက်ဖို့ အစီအစဉ်ကို လုပ်ရပြန်တယ်။ ရှေ့ဆုံးက ကိုညိုကိုယ်တိုင် မောင်းမယ့် ပန်းခွေတင်ကား၊ အဲဒီနောက်က ဒေါက်တာ ကျော်ထင်ကိုယ်တိုင် မောင်းတဲ့ ပန်းခြင်းကား၊ သူ့ဘေးမှာ ဦးမောင်ခင်နဲ့ ကျွန်တော် ထိုင်လိုက်ကြတယ်။ ပန်းခွေ ပန်းခြင်းတင်တဲ့ ကားငါးစီး ရှေ့ဆုံးက ထွက်မယ်။ အဲဒီကား ငါးစီးရဲ့နောက်က ရေဘူး၊ အချိုရည်၊ ယပ်တောင်ဝေတဲ့ ကားလိုက်မယ်ပေါ့။ အဲဒီ နောက်က အဘွားရဲ့ ဈာပန မော်တော်ယာဉ်။ အဲဒီနောက်ကမှ လိုက်ပို့တဲ့ ကားတွေ စီတန်းပြီး ထွက်ကြမယ်။
ပန်းခွေတင် ကားငါးစီးကို ၃၂ လမ်းနဲ့ ၈၄ လမ်းထောင့်ကို အရင်မောင်းပို့ပြီး တန်းစီထား လိုက်တယ်။ ပြီးတော့ အဖွားရဲ့ ဈာပနမော်တော်ယာဉ်ကို ပြင်ဆင်ကြရပြန်တယ်။ မိသားစုဝင်တွေ ကန်တော့ပြီးစတီးခေါင်းထဲမှာ အဘွားရဲ့ ရုပ်ကလပ်ကို ထည့်ပေးကြတယ်။ ပြီးတော့ အဘွားကိုချစ်တဲ့ တူတွေ၊ မြေးတွေ၊ စာပေရဲဘော်တွေ၊ တပည့်တပန်းတွေ၊ ဆွေမျိုးသားချင်းတွေက အခေါင်းကို ထမ်းပြီး ဈာပနယာဉ်ပေါ် တင်ပေးကြတယ်။ ဒါပြီးတာနဲ့ပဲ ကားတန်းကြီးဟာ အိမ်ရှေ့ကနေ ဘီးလှိမ့်ပြီး စထွက်ခဲ့တော့တယ်။
ကျွန်တော်တို့ မော်တော်ယာဉ်တန်းရဲ့ ရှေ့ကနေ ဆိုင်ကယ်အစီး ၁၀၀ လောက်က လမ်းရှင်းရင်းနဲ့ စထွက်ခဲ့တယ်။ ယာဉ်တန်းရဲ့ ဘေးဘက်ဝဲယာမှာ ဆိုင်ကယ်တန်းကြီးက ခြံရံပြီး လိုက်ပါခဲ့တယ်။ ရှေ့ဆုံးကနေ နောက်ဆုံးအထိ အသုဘယာဉ်တန်းဟာ ၁၂ လမ်းကနေ ၂၆ လမ်းအထိ ကျုံးမြို့ရိုးတပြစာ ၂ မိုင်လောက်ရှည်တယ်။ လမ်းဘေးဝဲယာမှာ ဓာတ်တိုင် တတိုင်ခြား သတင်းသမားတွေ ဓာတ်ပုံဆရာတွေ စောင့်ဆိုင်းနေပြီး ဓါတ်ပုံရိုက်နေကြတယ်။ ကျွန်တော်တွေ့ဘူးသမျှမှာတော့ ဓါတ်ပုံကင်မရာ အများဆုံးဈာပန ပါပဲ။ ဓါတ်ပုံကင်မရာအလုံး ၃၀၀ လောက်များ ရှိမလားလို့ ကျွန်တော်နဲ့ ဦးမောင်မောင်ခင် ခန့်မှန်းပြောမိကြတယ်။
ဈာပန မော်တော်ယာဉ်တန်းကြီး ဖြတ်သွားတယ်ဆိုရင်ပဲ အဘွားကို ချစ်တဲ့မန္တလေး မြို့သူမြို့သားတွေက သူတို့ရဲ့ ကန့်လန့်ဖြတ်ယာဉ်တွေကို ချက်ချင်းရပ်ပြီး ယာဉ်တန်းကြီးကို အဆက်မပြတ် ခရီးဆက်စေခဲ့တယ်။ လမ်းဘေးဝဲယာကစောင့်ကြည့်နေတဲ့ လူအုပ်ကြီးဟာ အဘွားရဲ့ ရုပ်ကလပ် လိုက်ပါလာတဲ့ ဈာပန မော်တော်ယာဉ်ကို တွေ့တာနဲ့ လက်အုပ်ချီပြီး ဦးချ ထိုင်ကန်တော့ ကြတယ်။ တချို့လည်း အဲဒီအချိန်ကျမှ လူထုဒေါ်အမာ ဈာပနရယ်လို့သိပြီး ဈာပနယာဉ်တန်းကြီးနဲ့အတူ ကြာနီကန် သုသန်ကို လိုက်ပါပို့ဆောင်ကြတယ်။
မန္တလေးကျုံးမြို့ရိုးကို ပတ်ပြီး အဘွားဟာ သူချစ်တဲ့ မြို့သူမြို့သားတွေကို နှုတ်ဆက် နေတယ်လေ။ ပြီးတော့ သူချစ်တဲ့ မန္တလေးတောင်တော်ကြီးကို ဦးခိုက်၊ တောင်တော်မဟာကို ကွေ့ပတ်ပူဇော်ပြီး စကျင်ရွာကို ဖြတ်လာခဲ့တယ်။ ပြီးတော့ ဂျပန်ခေတ်က တော်လှန်ရေး ဌာနချုပ် စခန်းတနေရာဖြစ်ခဲ့တဲ့ အဘွား ခေတ္တခိုအောင်း နေထိုင်ခဲ့ရာ ကပိုင်ရွာကလေးကို လည်း အဘွားက နှုတ်ဆက်လိုက်သေးတယ်လို့ ကျွန်တော့်စိတ်ထဲ ထင်မိတယ်။
သြော် အဘွား..သူချစ်တဲ့ ပြည်သူတွေနဲ့ စာပေရောင်းရင်း တပည့်တပန်းမိတ်ဆွေတွေ၊ ရဲဘော် ရဲဘက်တွေ၊ သားသမီး မြေးမြစ် အားလုံးကို ခွဲခွါသွားခဲ့ပြီ။ ဒီနေ့ဟာ တချိန်ချိန် ဆိုက်ရောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ သိပြီး ဖြစ်ပေမယ့် တကယ်ကြုံရပြန်တော့လည်း ကြေကွဲမဆုံးအောင် ထိခိုက်ခံစားကြရပြန်တယ်။
"ကျွန်တော်တွေ့ဘူးသမျှ ဈပနတွေထဲမှာ ဆရာဗန်းမော်တင်အောင် ဈာပနက အကြီး ကျယ်ဆုံးပဲ။ အခု ဒေါ်ဒေါ်ရဲ့ ဈာပနကတော့ အဲဒီထက်ကို ပိုပြီး စည်ကားနေတယ်" လို့ ဦးမောင်မောင်ခင်က ပြောပြတယ်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပနကိုရော ရောက်ဖြစ်သလားလို့ မေးတော့ "ရောက်တယ်။ အဲဒီတုန်းကလည်း ဈာပနယာဉ်တန်းက အခုလောက်မရှည်ဘူး။ ဈာပနမဏ္ဍပ်ကြီးနဲ့ စာတမ်းဖတ်ပွဲတွေနဲ့ ဈာပနကော်မတီတွေ ဘာတွေ ဖွဲ့ပြီး လုပ်ခဲ့ကြတာကတော့ ပိုပြီး သိုက်သိုက်ဝန်းဝန်းရှိတယ်" လို့ ဦးမောင်မောင်ခင်က ရှင်းပြတယ်။
အဘွားရဲ့ ဈာပန ကြီးကျယ်စည်ကား သိုက်သိုက်ဝန်းဝန်းဖြစ်တာကိုတော့ ကျွန်တော် မအံ့သြပါဘူး။ အံ့သြတာကတော့ အဘွားကို လူတွေ ချစ်ကြတာကိုပဲ အံ့သြတယ်။ လူတိုင်းကိုယ်စီဟာ၊ မန္တလေးသူ မန္တလေးသားတွေဟာ အဘွားကို ဘာကြောင့် ဒီလောက်ချစ်ကြသလဲ။ ကျွန်တော့်မှာ ကိုယ်ပိုင်အဖြေ မရှိပါဘူး၊ သူများတကာပြောသလို ပဲ့တင်ထပ်ပြောရမယ်ဆိုရင်တော့ "သူက လူတွေကို ချစ်လို့ သူ့ကို လူတွေက ချစ်တာ" လို့ပဲ ဆိုရမယ်ထင်တယ်။ တကယ်ကတော့ အဖွားကို ချစ်သူချည်းပဲရှိတာ မဟုတ်။ မုန်းသူလည်း ရှိပါတယ်။ အဘွားဦးစီးထုတ်ဝေခဲ့တဲ့ လူထုသတင်းစာဆိုတာ မြန်မာနိုင်ငံ သတင်းစာသမိုင်းမှာ ဒိုင်းနမိုက် ဗုံးတွေနဲ့ ခွဲဖြိုဖျက်ဆီး ခံခဲ့ရတဲ့ တခုတည်းသော သတင်းစာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူအများက အဘွားကို ချစ်ကြတယ်လို့တော့ သတ္တုချပြီး ပြောလို့ရမယ် ထင်ပါတယ်။
ကပိုင်ကို လွန်ပြီးတဲ့နောက် သိပ်မကြာခင်ပဲ ဈာပနယာဉ်တန်းဟာ ကြာနီကန်သုသန် ၀င်းထဲကို ချိုးကွေ့ဝင်လာတယ်။ ကြာနီကန် သုသန်အ၀င်ဝကနေ ဆီးကြိုပြီး ရေတွက်ထားတဲ့ စာရင်းအရ အဘွားရဲ့ ဈာပနကို လိုက်ပါပို့ဆောင်တဲ့ မော်တော်ကားစီးရေ ၁၃၇ စင်း ရှိပါတယ်။ မော်တော်ဆိုင်ကယ်စီးရေ မရေတွက်နိုင်ပါ။ လူဦးရေ ခန့်မှန်းပြောဆိုရုံသာ တတ်နိုင်ပါတယ်။ အကြမ်းဖျင်း ခန့်မှန်းပြောဆိုချက်တွေအရ အိမ်ရှေ့ကနေ သုသန်အထိ လိုက်ပါပို့ဆောင်တဲ့ လူဦးရေ သုံးထောင်ခန့် ရှိမယ်လို့ ခန့်မှန်းပါတယ်။ လိုရင်နည်းနည်း၊ ပိုရင်နည်းနည်းပဲ ရှိမှာပါ။ ကားကြီးတစင်းမှာ လူဘယ်နှစ်ယောက်၊ ကားကလေးတစင်းမှာ လူဘယ်နှစ်ယောက်ဆိုပြီး ခန့်မှန်းတွက်ချက်ကြတာ ဖြစ်တဲ့အတွက် သိပ်အများကြီး မလွဲနိုင်ဘူးလို့ ထင်ပါတယ်။ လမ်းဘေးကနေ လက်အုပ်ချီ ဦးချလိုက်ပို့ဆောင်ကြတဲ့ ပရိသတ်ထုထည်အင်အားကိုတော့ မှန်းဆဖို့ မလွယ်ဘူး ထင်ပါတယ်။
ကြာနီကန်သုသန်ဝင်းထဲမှာ မော်တော်ကားတွေ ဆိုင်ကယ်တွေ တင်းကျပ်ပြည့်သွား တယ်။ တချို့လည်း သုသန်အပြင်မှာ ကားတွေရပ်ပြီး လမ်းလျှောက် ၀င်လာကြတယ်။ သုသန်ဝင်းနဲ့ မဆန့်အောင် လူတွေ ကားတွေ များပြား ပြည့်သိပ်နေပါတယ်။
ကြာနီကန်သုသန်ဝင်းကို ရောက်တယ်ဆိုရင်ပဲ ပန်းခွေ ပန်းခြင်းတွေကို ကားပေါ်ကချ မီးစက်အ၀င်မှာ လှလှပပ ပြင်ဆင်ပေးကြတယ်။ ပြီးတော့ အဘွားရဲ့ ဈာပနရုပ်ကလပ်ကို မီးသင်္ဂြိုလ်စက်ဆီ သယ်လာတယ်။ မိသားစုဝင်တွေ ထိုင်ကန်တော့ကြပြီး မီးသင်္ဂြိုလ်စက်ထဲကို ယူလာတယ်။ မမဒေါ်သန်းရင်မာရဲ့ခင်ပွန်း ဦးခင်ဂျက်ဝင်း၊ ကိုညို၊ အောင်ဘာလေ၊ ကျွန်တော်၊ ကိုကျော်သီဟနဲ့ ဘိုးဘိုးတို့ပဲ သင်္ဂြိုဟ်စက်ထဲအထိ လိုက်ပြီးဝင်ခဲ့ကြတယ်။ မီးသင်္ဂြိုဟ်တဲ့ လုပ်ငန်းစပြီး မီးတောက်ကြီး တဟုန်းဟုန်း တက်လာခိုက်မှာ သင်္ဂြိုဟ်စက်ကို ဖွင့်ပြီး ဓာတ်ပုံ သတင်းထောက်တွေကို ၀င်ခွင့်ပြုလိုက်တယ်။ အဲဒါကတော့ ကိုညိုနဲ့ ဦးခင်ဂျက်ဝင်းတို့ရဲ့ အစီအစဉ်ပါ။
အဲဒီလို အဘွားကို မီးသင်္ဂြိုဟ်နေတဲ့အချိန် ကျွန်တော့်လက်ထဲမှာ အဘွားရဲ့ လုံချည်၊ အင်္ကျီ၊ ပခုံးတင်ပုဝါနဲ့ ကိုယ်လွှမ်းဇာပုဝါ ကိုင်ထားရတယ်။ လိပ်ပြာခေါ်ဖို့အစီအစဉ် ကျွန်တော့်ကို တာဝန်ပေးလိုက်တာပါပဲ။ မမဒေါ်သန်းရင်မာနဲ့ ကိုကျော်သီဟတို့က "လိပ်ပြာ ခေါ်ဖို့အစီအစဉ်ကို နင်တာဝန်ယူလိုက်" ဆိုတာနဲ့ ကျွန်တော်လည်း ဘုမသိဘမသိ ခေါင်းညိတ်လိုက်ရတာပေါ့။ တတ်သိနားလည်တဲ့ လူတွေကို မေးမြန်းစုံစမ်းရပါတော့တယ်။
လိပ်ပြာခေါ်တဲ့အစီအစဉ်က ဒီလိုပါ။
ပထမဦးဆုံး လုပ်ရတာက ရိုသေလေးစားသမှုနဲ့ အဘွားကို ဦးချကန်တော့ရတယ်။ ပြီးရင် အဘွားရဲ့ ကိုယ်ပေါ်မှာ လွှမ်းထားတဲ့ ဇာပ၀ါ၊ ပခုံးတင်ပ၀ါ၊ အင်္ကျီနဲ့လုံချည်ကို ခွါယူလိုက်ရတယ်။ ပြီးတော့ "အဘွားရေ တရားနာရအောင်အိမ်ကို လိုက်ခဲ့နော်" လို့ နှုတ်က ပြောရတယ်။ ပြီးမှ အဘွားရဲ့ ရုပ်ကလပ်ကို မီးသင်္ဂြိုဟ်စက်ထဲ သွင်းလိုက်တာပေါ့။
အဲဒီ လိပ်ပြာခေါ်တဲ့လူက အိမ်ကိုရောက်တဲ့အထိ ဘယ်သူနဲ့မှ စကားမပြောရဘူးတဲ့။ ဒါနဲ့ ကျွန်တော်လည်း သုသန်မှာ လာနှုတ်ဆက်တဲ့ သူတွေကို စကားမပြောနိုင် ဖြစ်နေတယ်။ ဟိုလူက စကားပြော၊ ဒီလူက လာနှုတ်ဆက်နဲ့ဆိုတော့ စကားမပြောဖြစ်အောင် ၀စီပိတ် လုပ်နေရတာ နည်းနည်းတော့ ကသိကအောက် ဖြစ်ပါတယ်။ ဒါနဲ့ပဲ အိမ်ပြန်ကြရအောင်ဆိုပြီး ကိုကျော်ထင်ကို လက်တို့ရတယ်။ အိမ်ကိုရောက်တဲ့အထိ ကားကိုလည်း ဘယ်နေရာမှာမှ မရပ်ရဘူးတဲ့။ ဒါနဲ့ပဲ မော်တော်ကားကို ဘယ်မှာမှ မရပ်ရအောင် မီးပွိုင့်တွေကို ကွေ့ရှောင်မောင်းနှင်ခဲ့ရပါတယ်။
အိမ်ကို ပြန်ရောက်တော့ အဘွားရဲ့ ဈာပနခုတင်ပေါ်မှာ ကိုယ်လွှမ်းပုဝါ၊ ပခုံးတင်ပုဝါ၊ အင်္ကျီ လုံချည်တို့ကို အစီအစဉ်နဲ့ စနစ်တကျ နေရာချထားပေးရတယ်။ ရက်လည်ဆွမ်းသွပ် ပြီးတော့မှ လိပ်ပြာခေါ်တဲ့ အစီအစဉ် ပြီးမှာဖြစ်တယ်။
တကယ်တော့ ၀ိဥာဉ်လိပ်ပြာဟာ လူ့ခန္ဓာကနေ ကင်းကွားပြီး ကိုယ်ပိုင်ထီးတည်း သီးခြားနေနိုင်တယ်ဆိုတဲ့ အယူအဆဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဟိန္ဒူဗြဟ္မဏတွေရဲ့ အယူအဆက ဆင်းသက်ခဲ့တာပါတဲ့။ လိပ်ပြာခေါ်တဲ့ အစီအစဉ်မှာ ၀စီပိတ်နေရတယ်ဆိုတာကလည်း တရုတ်ယဉ်ကျေးမှုရဲ့ အစဉ်အလာကနေ ကူးစက်လာတယ်လို့ ပြောပါတယ်။
ကျွန်တော်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုအရ ပြောမယ်ဆိုရင်လည်း ၀ိဥာဉ်လိပ်ပြာဆိုတာ အသက်ဇီဝရဲ့ အမှတ်လက္ခဏာလို့ မယူဆပါ။ အသက်ဇီဝဆိုတာလည်း ရုပ်ခန္ဓာအဖွဲ့အစည်း ကနေ သီးခြားကင်းလွတ်တည်ရှိနေတယ်လို့ မယူဆပါ။ ဒါပေမယ့် ကျွန်တော်မယုံကြည်ပေ မယ့် အဘွားအတွက် ဆိုတဲ့ ဆင်ခြေနဲ့ လိပ်ပြာခေါ်တဲ့အစီအစဉ်ကို တာဝန်ယူဆောင်ရွက်လိုက် ပါတယ်။ အဘွားသက်ရှိထင်ရှား ရှိနေသေးလို့ ဒီအကြောင်းတွေကို ကျွန်တော် ပြောပြရင် "မင်းနှယ်ကွာ ပေါက်ပေါက်ရှာရှာ" လို့ ပြောဦးမလား မသိပါ။
အဲဒီတော့ အဘွားရဲ့ ဈာပနအစီအစဉ်ကို ဆက်ပြီးပြောရပါဦးမယ်။ ကျွန်တော်တို့က လိပ်ပြာခေါ်တဲ့အစီအစဉ် လုပ်နေခိုက်မှာ မီးသင်္ဂြိုဟ်တဲ့ အစီအစဉ်ကို ဆက်ပြီး ဆောင်ရွက်ကြ တယ်။ အရိုးပြာကို စောင့်ယူပြီး ဧရာဝတီမြစ်ထဲမှာ မျှောဖို့ လုပ်ကြမှာ ဖြစ်တယ်။ ကျွန်တော့် စိတ်ကူးကတော့ အရိုးပြာမျှောတဲ့အချိန်ထိ ပန်းခြင်းတွေနဲ့ ပန်းခွေတွေကို မြစ်ဆိပ်ယူလာဖို့ပါ။ အရိုးပြာ မျှောပြီးတာနဲ့ ပန်းပွင့်တွေကို ခြွေယူပြီး ဧရာဝတီမြစ်ထဲမှာ အရိုးပြာနဲ့အတူ ပန်းပွင့်တွေကို ရေမျှောမယ်လို့ စိတ်ကူးထားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်ကလည်း လိပ်ပြာခေါ်တဲ့အစီအစဉ်ကို တာဝန်ယူလိုက်ရပြီး ၀စီပိတ်မိသွားတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် ရှင်းမပြနိုင်တော့ပါ။
မြစ်ဆိပ်ကို ကျွန်တော်ရောက်သွားတော့ အရိုးပြာမျှောမယ့် မော်တော်က ကျွန်တော်တို့ ကို အသင့်စောင့် နေတယ်။ ၂၆ ဘီလမ်းအတိုင်း ဆင်းသွားရတဲ့ မရမ်းခြံဆိပ်ကနေ သံပူကျွန်းအကြား ရေလယ်မြစ်ရေစီးအထိ မော်တော်ကို မောင်းယူလာခဲ့ပြီး မိသားစုဝင်တွေ ကိုယ်တိုင် အရိုးပြာကို မျှောခဲ့ကြတယ်။ စာနယ်ဇင်းအသီးသီးက ဓါတ်ပုံသတင်းထောက်တွေနဲ့ မိသားစု ဆွေမျိုးတွေက ဓာတ်ပုံရိုက် မှတ်တမ်းတင်ကြတယ်။ အရိုးပြာမျှောပြီးတာနဲ့ မရမ်းခြံဆိပ်ကို မော်တော်မောင်းလာတော့ ၃ နာရီ ၁၅ မိနစ်မှာ ဈာပနအစီအစဉ် ပြီးဆုံးသွားပါ တော့တယ်။
အဘွားရဲ့ အရိုးပြာကို တ၀က်တိတိ ခြွင်းချန်ထားတာ ရှိပါသေးတယ်။ ဒီအရိုးပြာကို ကြာနီကန် သင်္ချိုင်းမှာ ဂူသွင်းသင်္ဂြိုဟ်ဖို့ ဆန္ဒပြုသူတွေ ရှိပါတယ်။ အချို့ကလည်း တောင်သမန်မှာ ဂူသွင်းသင်္ဂြိုဟ်ချင်ကြတယ်။ မိသားစုရဲ့ အစီအစဉ်ကတော့ ကွယ်လွန်သူ စာရေးဆရာကြီး လူထုဦးလှနဲ့အတူ ဇနီးမောင်နှံ ယှဉ်တွဲပြီး အထိမ်းအမှတ် ကျောက်စာတိုင် ကလေး လုပ်ချင်တယ်လို့ ဆိုပါတယ်။ ကျွန်တော့်အနေနဲ့လည်း တတိယအစီအစဉ်ကို သဘောကျပါတယ်။ လူထုဦးလှနဲ့လူထုဒေါ်အမာဆိုတဲ့ စာပေဇနီးမောင်နှံ အတူတကွ အမှတ်တရ ကျောက်စာတိုင်အဖြစ် ပူးတွဲတည်ရှိနေတာက ပိုပြီးသဘာဝကျတယ်လို့ ထင်ပါတယ်။
အဘွားလူထုဒေါ်အမာ အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်တိမ်းပါးခဲ့ပါပြီ။ မြန်မာစာပေလောကရဲ့ မီးရှူးတန်ဆောင်၊ အမျိုးသားစာပေယဉ်ကျေးမှုရဲ့ အမှတ်လက္ခဏာ ပြည်သူချစ်တဲ့ လူထုဒေါ်အမာ ကွယ်လွန်ခဲ့ပါပြီ။ သူကွယ်လွန်ပြီ ဆိုပေမင့်ငြား သူ့ကိုချစ်တဲ့ ပြည်သူလူထုများက လူထုဒေါ်အမာကို နှစ်ပေါင်းရာထောင်ချီကြာတဲ့တိုင်အောင် မေ့ပျောက်နိုင် စွမ်း ရှိကြတော့မယ် မဟုတ်ပါ။
အဘွားဒေါ်အမာ ကောင်းရာသုဂတိ လားပါစေလို့ သူ့ကို ချစ်တဲ့သူတွေက ဆုတောင်း မေတ္တာပို့ကြလိမ့်မယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။

အောင်ကျော်ဆန်း
မဟေသီမဂ္ဂဇင်းမှ ကူးယူဖော်ပြတယ်။

1 comment:

Unknown said...

အဘွားဒေါ်အမာ ကောင်းရာသုဂတိ လားပါစေလို့
ိုအဘွားကို ချစ်တဲ့သူတယောက်မှ ဆုတောင်း သွားပါတယ်ရှင်။