Saturday, October 4, 2008

မမေ့နိုင်တဲ့ ဘန်ကောက်သူခိုးနဲ့ မန်းကျည်းသီးထောင်းကြော်
ရေးသူ-မောင်မင်းရာ

ဘန်ကောက်မှာရောက်တုန်း မိတ်ဆွေတယောက်ကို တွေ့ချင်တာနဲ့ ဆုံရအောင်လို့ တနေရာမှာချိန်းကြတယ်။ ၁၀ နှစ်လောက်ကြာပြီ မတွေ့ကြတာ။ ဒီကြားထဲ ဖုံးနဲ့ပဲ အမေရိကနဲ့ ထိုင်း စကားပြောကြရတာကိုး။ WTC (World Trade Center) ကို လာဖို့ ဖုံးထဲမှာ ချိန်းလိုက်တယ်။
ကိုယ်တည်းတဲ့ First Hotel နဲ့ ဆို၊ WTC က သိတ်မဝေးလှဘူး။ တကွေ့ပဲလေ......။
မနက် hotel မှာ breakfast စားပြီးကတည်းက အနီးအနားမှာ လျှောက်သွားနေတာ။ WTC နားရောက်တော့ မိတ်ဆွေနဲ့ ချိန်းထားတဲ့အချိန်က မိနစ်လေးဆယ်လောက် စောနေတယ်။ ဟိုတယ်ပြန်ပြီး တခေါက်ပြန်လာရင်လဲ သွားလိုက်လာလိုက်မို့ WTC လှေခါးရင်း မှာပဲ ထိုင်နားရင်း လမ်းသွားလမ်းလာတွေကို ငေးမော့နေမိတယ်။



ကိုယ့်ပုံက လွန်ခဲ့တဲ့ ၁၀ နှစ်၊ ထိုင်းမှာနေစဉ်ကလို ဆံပင်တိုတို၊ ရှပ်အင်္ကျီလက်တိုနဲ့ ထိုင်းပုံ မပေါက်တော့ဘူး။ တီရှပ်၊ ဘောင်းဘီတိုနဲ့ ဆံပင်ရှည်ကို ကြိုးစည်းပြီး၊ မှန်ဘီလူးကြီး ကင်မရာနဲ့ ဘာနဲ့ဆိုတော့ ထိုင်းတွေအခေါ် "ဖလန်း" ပုံထွက်နေတယ်။ ထိုင်တာညောင်းရင် ထသွားပြီး ဟိုနားဒီနားလျှောက်လိုက်၊ ပြန်လာထိုင်လိုက်......။
ကိုယ့်မိတ်ဆွေ မလာခင်ကလေးမှာပဲ လူနှစ်ယောက် အနားကို ကပ်လာပြီး "ခင်ဗျား ဒေါက်တာစန်းအောင်နဲ့ ချိန်ထားတာမဟုတ်လား.... သူလာနေပြီ.. ကျနော်တို့နဲ့ လမ်းမှာတွေ့ ခဲ့တယ်....." တဲ့၊ ဗမာလိုလာမေးတယ်။ အတော်ခက်တဲ့ လူတွေပဲ။ သူတို့ မေးတဲ့ ဒေါက်တာစန်းအောင် ဆိုတာလည်း ကိုယ်မသိ၊ ဘာလုပ်မှန်းလဲ မသိ။ စပ်စပ်စုစု၊ ဘုမသိဘမသိ မဆီမဆိုင် ပေါ်တင်ကြီး ဘာဖြစ်လို့ လာမေးပါလိမ့်.....။
ပိုခက်တာက ကျနော်....။ သူတို့ မေးတာကို မသိချင်ဟန်ဆောင် မနေလိုက်ပဲ.... ကိုယ့်ပါးစပ်က လွှတ်ခနဲ "မဟုတ်ဘူး... ခင်ဗျားတို့ လူမှားနေပြီ" လို့ ဖြေလိုက်မိတယ်။
ကိုယ့်မိတ်ဆွေနဲ့တွေ့လို့ ပြောပြတော့ ခင်ဗျားကို မေးနေတာ အဝေးက ကျနော်လှမ်းမြင် တယ်။ သူတို့ကို ကျနော်သိတယ်။ ရခိုင်နှစ်ယောက်ဗျ......။
ဟုတ်လောက်တယ်....။ သူတို့အသံက ခပ်ဝဲ၀ဲ...။
သွားရင်းလာရင်း တနေရာရောက်တော့ ဆိုင်တဆိုင်မှာ လူနှစ်ယောက်ခေါင်းချင်းဆိုင် စကားပြောနေကြတာကို "ဒီဘက်က လူက ဒေါက်တာစန်းအောင်ဗျ...." ဆိုပြီး မသိမသာ ပြ ပေးတယ်။ သူတို့က ဘယ်သူတွေလဲ၊ ဘာတွေလဲ မေးကြည့်တော့ မိတ်ဆွေက ပြောတော့ ပြောပါတယ်။ ခုတော့ မေ့သွားပြီ။
နယ်ဘက်က သူငယ်ချင်းတယောက်ကို လက်ဆောင်ပေးချင်လို့ မိတ်ဆွေရဲ့အကူနဲ့ short wave radio တဆိုင်ဝင်တဆိုင်ထွက် လိုက်ရှာကြတာ၊ နေ့တ၀က်ကျိုးရော။ တော်တော်လည်း မောသွားကြတယ်။ Sogo အပေါ်ထပ်တနေရာက food court မှာ နေ့လည်စာ စားကြဖို့ ထိုင်လိုက်ကြတယ်။ ကျနော်က အဲဒီလို တိုကင်ဝယ်ပြီး ကြိုက်ရာဆိုင်မှာ ကြိုက်တာ ၀ယ်စားရတာ ကြိုက်တယ်။
တိုကင်ဝယ်တဲ့နေရာမှာ ကျနော်က တိုကင် ဘတ် ၁၀၀ ဖိုး အရင်ဝယ်လိုက်တယ်။ ပြီးတော့ လူရှင်းတဲ့ စပွဲတလုံးမှာ ထိုင်ဖို့ရွေးလိုက်ကြတယ်။ ကျနော်တို့ ၀ယ်လာတဲ့ ပစ္စည်းအထုတ်အပိုးတွေနဲ့ ကျနော့ ကင်မရာကို မျက်နှာချင်းဆိုင် ကျနော်တို့ထိုင်တဲ့ စပွဲအလည်မှာ နှစ်ယောက်မြင်သာအောင် တင်လိုက်တယ်။
ကျနော်တို့နှစ်ယောက်၊ ကျနော့်အကြိုက် ၀က်အခေါက်ကင်ကြွပ်ကြွပ်ကို ပါးပါးလှီးပြီး ထမင်းပေါ်ပုံပေးပြီး၊ ပဲငံပြာရည်အချိုကို အပေါ်ကဆမ်းပေးတာ စားကြတယ်။ ကျနော်က ဘီယာသောက်၊ သူက အချိုရည်သောက်တယ်။ သူ့အတွက် အချိုရည် ကျနော်သွားထယူပြီး ပြန်လာတော့ သူထိုင်တဲ့ဘက်က စားပွဲပေါ်မှာ ၀ယ်စားလို့ရတဲ့ တိုကင်စာရွက် နွမ်းကြေကြေနှစ်ရွက် တင်ထားတာတွေ့တယ်။ ဘယ်သူ့ဟာလဲ ကျနော်က မေးကြည့်တော့ သူက မသိဘူးလေ ခုန ဒီဘေးက ဖြတ်သွားတဲ့ လူတယောက်က ကျနေတယ် ဆိုပြီးပြသွားလို့ ကျနော်လဲ ခင်ဗျားကျသွားတာ မှတ်ပြီး ကောက်တင်ထားလိုက်တာတဲ့။ ကျနော်လဲ ကိုယ့်တိုကင်တွေက အသစ်ချပ်ကျွတ် စက္ကူချုပ်စက်နဲ့ ချုပ်ထားတာမို့ သူ့ဘေးမှာချထားတာ ကိုယ့်ဟာမဟုတ်တာနဲ့ ကိုင်မကြည့်တော့ဘူး။
စကားလေးတပြောပြောနဲ့ ကျနော်တို့ အေးအေးဆေးဆေး စားနေရာက ကိုယ့်မိတ်ဆွေက အလန့်တကြား ထ, အော်တယ်။
"ဟာ.... ကျနော့် အိပ်၊ ကျနော့်အိပ်......."
ဘယ်မှာထားလို့လဲ မေးတော့ ဒီနောက်ကျောမှာ ကျနော် မှီထားတာလေ.... တဲ့။ မရှိတော့ဘူး။ ခုံအောက်မှာလဲ ကျမနေဘူး။ နေရင်းထိုင်ရင်း ရှင်းရှင်းကြီး ပျောက်စေဆရာ တန်ခိုးနဲ့ လုပ်လိုက်သလို ပျောက်သွားတာ။ သူနဲ့ကိုယ်နဲ့ စကားပြောနေတုန်း နောက်ကိုလဲ ဘယ်သူမှာ ကပ်မလာသလို ဘေးကလဲ ဘယ်သူမှ ဖြတ်မလျှောက်သွားဘူး။ ကိုယ်တို့ခုံနဲ့ နောက်ခုံကလှမ်းသလို နောက်ခုံမှာလဲ ဘယ်သူမှ လာမထိုင်ဘူး။ သူ့ကျောနဲ့ထိထားတာပဲ၊ လာဆွဲရင်တောင် သိလောက်တယ်။
အိတ်က စာရွက်စာတမ်းတွေထည့်တဲ့ ပုံရိုးရိုးလက်ဆွဲသရေအိတ်ကလေး။ ဘာတွေပါ သွားလဲ မေးကြည့်တော့ အဖိုးတန်တာဆိုလို့ ဈေးဝယ်ဖို့ money changer မှာ ကျနော်ငွေမလဲခင်၊ သူ့အတွက် ကျနော်လက်ဆောင်ပေးတဲ့ ဒေါ်လာ ရာတန် တရွက်ရယ် သူ့ ပတ်စပို့ရယ် တဲ့။
မိန်းမက အိမ်မှာ မမာဘူး။ သူသိရင် သူအတော် စိတ်မကောင်းဖြစ်မှာတဲ့။ ဟုတ်တယ်လေ။ ကျနော်သိတယ်။ အစ်မ (မိတ်ဆွေမိန်းမ) က ကင်ဆာဖြစ်နေတာ ကြာပြီ။ ကျနော်လဲ အတော် စိတ်ထိခိုက်သွားတယ်။ သူက လူကြီးဆိုတော့ ဟန်မပျက်ပေမဲ့ ကိုယ်က ကိုယ့်ပစ္စည်းပါသွားသလို ရင်ထဲမှာ နာနေပြီ။ သူ့မိသားစု ရပ်တည်မှု၊ အစ်မ (သူ့ဇနီး) ကျန်းမာရေးကို ကျနော်က ကိုယ်ချင်းစာပြီး ရင်ထဲ ထိခိုက်နေတာ။ ကျနော်တို့ စားတာကို ချက်ချင်းရပ်လိုက်ပြီး ဟိုနားဒီနား လျှောက်လိုက်ကြည့်သေးတယ်။ တွေ့ဖို့မလွယ်ပါဘူး။ သူခိုးက ဒီလောက်အချိန်တွင်းတော့ အိမ်မှာတောင် ပြန်အိပ်နေလောက်ပြီ။
အသေအချာ ပြန်စဉ်းစားတော့ ခ.မ.သ သူခိုးက အလွယ်ဆုံး အရှင်းဆုံးနည်းနဲ့ လုပ်သွားတာပဲ။ တဘတ်တန် တိုကင်အဟောင်းကလေး နှစ်ရွက်ကိုရင်းပြီး အိတ်ကို တိုသွားတယ်။ တိုကင်စာရွက်ကို ထိုးပြပြီး အာရုံပြောင်းလို့ ငုံ့ပြီးအကောက်၊ အိတ်နဲ့ကျောနဲ့ အကွာမှာ နောက်က တယောက်က အိတ်ကို ယူလိုက်တာ။
သူ့သမီးကလေး ပန်းချီဆွဲဖို့ ကျနော်လက်ဆောင်ပေးတဲ့ ပန်းချီပစ္စည်းကလေးတွေက ကျနော်တို့ ဈေးဝယ်လာတဲ့ အထုတ်တွေနဲ့ စပွဲပေါ် ရောတင်ထားလို့ ကျန်ခဲ့ရှာတယ်။ သူအသံသွင်းဖို့ ကျနော်ဝယ်ပေးတဲ့ mini diskette ကလေး ၄ ချပ် ကတော့ သူခိုးမ, သွားတဲ့ အိတ်ထဲပါသွားလို့ ကျနော်ထပ် ၀ယ်ပေးလိုက်တယ်။ ပါသွားတဲ့ ဒေါ်လာ ၁၀၀ လဲ ကျနော် အစားပြန်ပေးလိုက်နိုင်တယ်။ နှမြောတာက pass port ပဲ။ လုပ်ထားတာ လက်ရာကလေးက အတော်သန့်တာတဲ့။ လာအိုမှာ သွားပြီး စတေးရှောင်ထားတာ မကြာသေးဘူးတဲ့။
ကိုယ် ထိုင်းမှာ နေစဉ်အခါကတော့ ကိုယ်က ဒုက္ခသည်။ ပိုက်ဆံ သိတ်မရှိတော့ သူခိုးသူဝှက်ကိုလဲ ဒီလောက်ဂရုမစိုက်ခဲ့ဘူး။ ဒီတခေါက်မှာတော့ ဖတ်မှတ်လေ့လာထားတဲ့ စာအုပ်တွေအရ ဟွလန်ဖုံး (ဘန်ကောက်မီးရထားဘူတာကြီး) နားတ၀ိုက်၊ တရုတ်တန်း၊ ကုလားတန်းသွားရင် ခါးပိုက်နှိုက်ကြည့်သွားလို့ tourist guide book တွေက ဆိုထားတာ။ ဒီလို အရှင်းကြီးမှာ လာလုပ်လိမ့်မယ်လို့ မထင်ခဲ့ပဲကိုး။
နောက်သုံးနှစ်လောက်ကြာတော့ အစ်မလဲ ကင်ဆာရောဂါနဲ့ပဲ ဆုံးသွားပါတယ်။
အဲဒီ အခေါက်မှာ အစ်မလက်ဆောင်ပေးလိုက်တဲ့ သူ့အိမ်မှာ စားလက်စ မန်းကျည်းသီး ထောင်းကြော်ကို ဒီနေ့ထိသတိရတုန်း.....။ သူပေးလိုက်တဲ့အတိုင်း ပုလင်းသုံးပုံတပုံလောက် ကျန်တဲ့ မန်းကျည်းသီးထောင်းကြော်ကို ယူလာပြီး၊ ဖက်ဗူလီထောင့်က လဟာပြင်ဈေးကလေး မှာ ပလပ်စတစ်ဗူး တခုဝယ်လိုက်တယ်။ ဟိုတယ်ရောက်တော့ အမေရိကကို ယူသွားဖို့ ဗူးထဲထည့်ရင်း မြည်းကြည့်လိုက်တာ..... ဟာ ကောင်းမှကောင်း၊ စပ်မှစပ်။
ကမန်းကတန်း ဟိုတယ်အောက်ပြေးဆင်း၊ ထမင်းတထုတ်ဝယ်ပြီး ကင်(မ်) (စား) လိုက်တာ အလွိုင်ဒီ (အရသာရှိ) ပဲ။ အမေရိကရောက်တော့လဲ ကုန်သွားမှာ နှမြောလို့ တခါစားနည်းနည်းနဲ့ တဖြေးဖြေးချွေစားရတယ်။ ဒီအကြောင်းကို ဖုံးထဲမှာ မိတ်ဆွေနဲ့ အစ်မကို ပြောပြတော့ ၀မ်းသာပြီး စာတိုက်ကနေ တဗူးကြီး ထပ်ပို့ပေးလိုက်သေးတယ်။

မောင်မင်းရာ။
၂၀၀၈ စက်တင်ဘာ။

No comments: