Wednesday, October 29, 2008

အမှတ်တရမာယာ

တဆောင်းသစ်ပြန်ပြီ။ ဒီဆောင်းနဲ့အတူ မာယာလည်း တနှစ်ပြည့်ပြန်ပြီ။ ငြိမ်းချမ်းတဲ့ဆောင်းရာသီမှာ စတင်ခဲ့တဲ့မာယာ၊ ဒီဆောင်း တကျော့ပြန်လည်လာတိုင်း ပုရစ်ဖူးတွေနဲ့အတူ နှစ်အသစ်သို့ကူးရင်း အောင်မြင်မှုသရဖူကို ဆက်လက်ဆောင်း နေလျက်ပါ။ ဆောင်းဟာ ပုရစ်ဖူးတွေနဲ့ သစ်ဆန်းခဲ့သလို မာယာသည်လည်း စာပေအညွန့်အဖူးတွေနဲ့ ထာဝရသစ်ဆန်းနေ မှာဖြစ်ကြောင်း စာဖတ်ပရိသတ်တဦးအနေနဲ့ ယုံကြည်ပြီးသားပါ။


မာယာဟာ ကျနော် နှစ်သက်တဲ့ ပြည်ပမဂ္ဂဇင်းတခုပါ။ နှစ်သက်ရခြင်းအကြောင်းက စာဖတ်သူ မာယာကို ဖတ်မိတာနဲ့ အကဲခတ်မိမှာပါ။ မာယာထဲမှာ ကျနော်လေးစားတဲ့ ဆရာဗန်းမော်တင်အောင်ပါတယ်။ ဆရာမြသန်းတင့်နဲ့လည်း တွေ့ရ တယ်။ ဖွားဖွားဒေါ်အမာနဲ့လည်း ဆုံရတယ်။ ကျနော် လေးစားချစ်ခင်ရပါသော ကဗျာဆရာကြီး ဆရာတင်မိုးကိုလဲ မာယာမှာ မကြာမကြာတွေ့ရတယ်။ အကောင်းတွေ စုပုံနေနဲ့မာယာကို လူတွေကြိုက်ကြတာ ဘယ်ဆန်းတော့မှာလဲဗျာ။
“မာယာမဂ္ဂဇင်းလေး ကိုအေးဝင်း ထုတ်ထားတာ ဘယ်လောက်ကောင်းသလဲ။ ကြည့်ပါဦး။ အထဲမှာပါတဲ့ စာတွေကလဲ ကောင်းလိုက်တာ။ နိုင်ငံခြားမှာ အခုလိုစာကောင်းတွေ ဖတ်ရဖို့ မလွယ်ဘူး။ ဒီမဂ္ဂဇင်းလေး နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေ စာပေ၀ါသနာရှင်တွေ ဖတ်ခွင့်များရရင် ဘယ်လောက်ကောင်းမလဲ”တဲ့ ဆရာတင်မိုးက ပြောခဲ့ဖူးတယ်။
ဆရာတင်မိုးနဲ့ ကိုအေးဝင်း၊ ပြီးတော့ ကျနော်တို့ဟာ သိခဲ့တာကြာခဲ့ပြီ။ ဆုံဖြစ်ကြတိုင်းမှာလည်း စာပေအကြောင်း၊ မာ ယာအကြောင်း၊ ပြည်တွင်းအကြောင်း၊ ပြည်ပအကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော ဘယ်လောက်တော်တဲ့အကြောင်း၊ ဆရာကြီး ဒေါက်တာသန်းထွန်း စာတွေဘယ်လိုစုံတဲ့အကြောင်း စုံလို့ပါပဲ ပြောဖြစ်ကြတယ်။
စကားဝိုင်းမှာ တခါတရံ ပန်းချီကိုမောင်မောင်အောင်လည်းပါတယ်။ အဆင်သင့်တဲ့အခါ ကိုမိုးလည်းပါတယ်။ ကိုအေး ၀င်းက စားဖိုမှူးလေ။ ကျနော်တို့ဆုံဖြစ်တိုင်းမှာ ကိုအေးဝင်းက ဟင်းတမျိုး၊ နှစ်မျိုးကို ချက်ပြီးယူလာတတ်တယ်။ သူချက် တဲ့ဟင်းတွေထဲမှာ မဆလာနံ့လေးသင်းပြီး ကုလားနံနံပင်အုပ်ချက်တဲ့ ငါးပြေမဟင်းက အကောင်းဆုံးပဲ။ ကျနော်တို့က ထ မင်းပူပူကို ဟင်းအနှစ်လေးနဲ့ လူးလဲပြီး လွေးကြတာပေါ့။ “ကျောက်ပန်းတောင်း ကျောက်ပန်းတောင်း”လို့ ဆရာတင်မိုးက ဆေးလိပ်တိုလက်ဆွဲရင်း အော်ပြောတော့ “ဆရာ ရမယ်လေ၊ ကျနော် စီစဉ်ထားတယ်”တဲ့ ပြောလိုက်သေးတယ်။ ဒါဆို မ ကြည့်ပဲ သိတယ်။ ဆရာတင်မိုး စားပြီးသွားပြီလေ။ ဆရာက အညာဇာတိဖြစ်လို့ အရိုးကြောက်တော့ ဒါမျိုးဟင်းဆို စားတာ မြန်တယ်။ ဆေးလိပ်တိုခဲရင်း ကျောက်ပန်းတောင်းနဲ့ အကြမ်းတခွက်၊ ပြီးတော့ လဖက်သုတ်ကို သူအားပြုတော့မယ်လေ။
တခါက Inglewood အိမ်မှာ အမှတ်တရလေးတခုရှိသေးတယ်။ ခြံထဲက အိမ်လေးလုံးရှိတဲ့အနက် ကိုအေးဝင်းက အိမ် နှစ်လုံးကို ယူထားပြီး တလုံးကို မိသားစုနေကြတယ်။ ကျန်တလုံးမှာ ကိုအေးဝင်းနဲ့အတူ စာအုပ်နဲ့ပန်းချီကားတွေက နေရာ ယူထားကြတယ်။ ကျနော်နဲ့ ဆရာကြီးက အဲသည်စာအုပ်ထားတဲ့အိမ်လေးမှာ ကိုအေးဝင်း ချက်ကျွေးသမျှကို တ၀ တပြဲစား ရင်း စာပေဝေဖန်ရေးတွေ လုပ်နေကြတာ ညနေ နေစောင်းတော့မှပဲ ပြန်ဖြစ်တော့တယ်။
စကားပြောကြရင်း ခံတွင်းချင်လာရင် အပြင်ထွက် ဆေးလိပ်သောက်ကြတယ်။ ညနေပိုင်း ကျနေနဲ့အတူ အိမ်ရိပ်ကလဲ ထိုးနေပြီမို့ ကင်ပွန်းချဉ်ပင်၊ ခရမ်းကစော့ပင်နားမှာ ခုံလေးတွေချပြီး ဆေးလိပ်သောက်လိုက် စကားပြောလိုက်နဲ့ ကျနော်တို့ တွေ ရေချိန်အတော်ကိုက်နေကြတယ်။ ကျနော်တို့တွေက ကိုအေးဝင်းချက်တဲ့ အမဲသားနှပ်နဲ့ ထမင်းဆိပ်တက်ပြီး ရေချိန် ကိုက်နေကြတာ။ စကားပြောနေကြရင်း ဆေးလိပ်တိုလေး မြေပေါ်ကိုကျလာလို့ လာလမ်းကိုကြည့်လိုက်တာ ဆရာတင်မိုး အိပ်ပျော်သွားပြီဖြစ်ကြောင်း သတိထားမိတယ်။ မာယာရိပ်က အိပ်မက်များနာမည်နဲ့ အိပ်မက်ထဲမှာ ဆရာ ကဗျာတွေရေး နေလောက်ပြီထင်တယ်။ ပြောချင်တာက ကျနော်တို့တွေ မာယာနဲ့ ဘယ်လောက်ရင်းနှီးကျွမ်းဝင်ကြတယ်ဆိုတာပါပဲ။
ကြာတော့ ကြာခဲ့ပါပြီ။ စိတ်ထဲမှာတော့ မနေ့တုန်းကမှ ဖြစ်သလိုပဲ။ ဆရာတင်မိုးခမျာလည်း ဆုံးသွားရှာပြီ။ မာယာတနှစ် ပြည့်အမှတ်တရမှာ ဆရာ့ထံကစာမူကို နတ်ပြည်မှာ သွားတောင်းမှရမယ်တဲ့ ကိုအေးဝင်းက ဆရာ့ကိုအမှတ်ရသွားပုံပဲ။ ဆ ရာ့အကြောင်းလေး ပြောလာသေးတယ်။ အခုနေများဆို ဆောင်းပါးဝတ္ထုတွေ အပတ်စဉ်မှန်မှန်တက်လာတဲ့ မာယာဘလော ဂ်လေးကို ဆရာတင်မိုးသာသိရရင် ဘယ်လောက်များချီးမွမ်းနေလိုက်မလဲလို့ စဉ်းစားမိသေးတယ်။
အစပိုင်းမှာ နှစ်လတကြိမ်လောက်ဆိုတော့ မာယာထုတ်တာ စိပ်တယ်။ နောက်ပိုင်း သုံးလတကြိမ်၊ လေးလတကြိမ်ဖြစ် လို့ မာယာထုတ်လုပ်မှု ကျဲတောက်လာတယ်။ ဘလောဂ်မပေါ်မီ ကာလတွေမှာတော့ မာယာက ခေတ္တအနားယူ အိပ်စက် သွားတယ်။ ပုံစံကြည့်ရတာ မာယာလည်း ကိုယ့်အရိပ်မှာ ကိုယ်ပြန်နားရင်း အိပ်ပျော်သွားပုံရတယ်။
အမှတ်တရဖြစ်ခဲ့ဖူးတာတွေ ကျန်သေးတယ်။ ဒီထဲမှာ မာယာနဲ့စတင်တွေ့ဆုံခြင်းနိဒါန်းကို ထားရစ်ခဲ့လို့မဖြစ်သေးဘူးဗျ။ ဒါကလည်း ကိုသန်းလှိုင်ရဲ့ တဆောင်းသစ်ပြန်ပြီကို ပြန်စပြောရမလိုပါ။ မာယာနဲ့ကျနော် စတင်ဆုံတွေ့ခဲ့တာ သည်ဆောင်း ဟေမန်မှာပဲ ဖြစ်နေတယ်။ Riverside ဗီယက်နမ်ကျောင်းမှာ တရားပြရန် ကြွရောက်လာတဲ့ ဗမာဆရာတော်ကြီးတပါးကို ဖူးမျှော်ကန်တော့ဖို့ ကျနော်ရောက်ဖြစ်ခဲ့တယ်။ အဲသည်မှာပဲ တရားလာထိုင်တဲ့ ဗမာတဦးစ နှစ်ဦးစကို ဆုံတွေ့ဖြစ်ခဲ့တယ်၊ ဗမာအချင်းချင်းဆိုတော့ ခင်ခင်မင်မင် နွေးနွေးထွေးထွေး စကားပြောဖြစ်ကြတယ်။
Riverside ကနေ ပြန်ခါနီးမှာ လူလတ်ပိုင်း အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦးတို့နဲ့ ဆုံဖြစ်ကြပြန်တယ်။ ဗမာတွေမှန်းသိ လို့ သူတို့ကလည်း ကျနော်နဲ့စကားပြောရတာ အားရ၀မ်းသာပေါ့လေ။ ကျနော်လည်းပဲ ၀မ်းသာပါတယ်။ လူလတ်ပိုင်းအမျိုး သားဆိုသူက မာယာကို ဖန်တီးနေတဲ့ ကိုအေးဝင်းဖြစ်နေတယ်။ တယောက်က သူ့ညီမငယ် စောစောဝင်း၊ ကျန်တဦးကိုလဲ ကိုအေးဝင်းကပဲ မိတ်ဆက်ပေးတယ်။ “သူက စာရေးဆရာမ ဂျူး”တဲ့။ ကျနော်က သူ့ပရိသတ်မို့ ဆရာမဂျူးနဲ့တွေ့ရတာ ၀မ်း သာပါတယ်။ သူ့စာအုပ်တွေအကြောင်း၊ စာပေအကြောင်းစတာတွေ ပြောဖြစ်ခဲ့ကြတယ်။ ဒီကနေ ကျနော်လည်းပဲ မာယာ ဖန်တီးရှင် ကိုအေးဝင်းနဲ့ မာယာကို စတင်သိကျွမ်းခဲ့ခြင်းပါ။
စာဖတ်မှန်းသိလို့မို့ မာယာအသစ်ထွက်တိုင်း ကျနော့်ထံကို စာတိုက်မှတဆင့် ပို့ပေးလေ့ရှိတယ်။ ဖတ်ပြီးတော့ ကာယ ကံရှင်နဲ့ဆုံတဲ့အခါမှာ ဝေဖန်ရေးလေကန်ရေးတွေ လုပ်ဖြစ်တယ်။ အများအားဖြင့်က ဘယ်သူ့စာကို ဘယ်လိုကြိုက်တာ ဆိုရုံမျှသာပဲ ဝေဖန်တာပါ။ မာယာထဲမှာပါတဲ့စာ အတော်များများကို စာပေနယ်မှာထင်ရှားတဲ့ဆရာကြီးတွေ ရေးထားတာ ဖြစ်လို့ အထူးတလည် စာပေဝေဖန်ရေးတွေ လုပ်စရာမလိုတဲ့ မာယာပင်ဖြစ်ပါတယ်။
စာအုပ်မှတဆင့် ဘလောဂ်ခေတ်သို့ ကူးပြောင်းလာတယ်။ ဘလောဂ်ခေတ်မှာလဲ မာယာက အဆင့်အတန်းမကျခဲ့ဘူး။ မာယာစာအုပ်နဲ့မာယာဘလောဂ် ထူးခြားတာတွေရှိနေတယ်။ မာယာစာအုပ်က စာအုပ်အဖြစ်ထုတ်လုပ်ရတာ အလွန်တာ ထွက်နှေးသလောက် မာယာဘလောဂ်လေးကတော့ဖြင့် အလွန်မြန်ဆန်တယ်။ ဖတ်စရာ စာအသစ်အသစ်တွေနဲ့ အမြဲပဲ အဆင်ပြေအောင် စီစဉ်ကြိုးစားထားတာ မြင်ရတယ်။
တခါက ဆရာတင်မိုး မျှော်လင့်ထားသလိုပဲ မာယာကို တကမ္ဘာလုံးမှာရှိကြတဲ့ ကျနော်တို့လူမျိုးတွေ အင်တာနက်မှ တ ဆင့် ဖတ်ခွင့်ရနေပါပြီ။ နိုင်ငံပေါင်းစုံက ကျနော်တို့နိုင်ငံသားတွေ မာယာသို့ ပျော်ရွှင်စွာနဲ့ နေ့စဉ်အလည်ရောက်နေကြပါပြီ။ ကျနော့်လိုပဲ မာယာသို့ အလည်လာရောက်သူတွေ မာယာနဲ့ပတ်သက်ပြီး နောင်တချိန်မှာ အမှတ်တရတွေဖြစ်ပြီးကျန်ရစ် နေလိမ့်မယ်လို့ မျှော်လင့်ထားတယ်။

ကိုသက်

1 comment:

Kay said...

မာယာ ဆက်လက် ရှင်သန်ပါစေ။