Tuesday, October 21, 2008

ရန်ကုန်ကွက်သစ်
ရေးသူ- ဗန်းမော်တင်အောင်

(၁)

အကျဉ်းထောင်မှ လွတ်လာခဲ့ပြီးနောက်၊ လေးငါးရက်ခန့်အကြာတွင် ရန်ကုန် ကွက်သစ်တခု၌ နေထိုင်လျက်ရှိသော ကျွန်တော်၏မိတ်ဆွေ အလုပ်သမား ဦးဘမိုးနှင့် ၎င်း၏ ဇနီးဒေါ်ငြိမ်းမယ်တို့က ၎င်းတို့၏ နေအိမ်သို့ လာရောက် ထမင်းစားသောက်ရန် ဖိတ်ကြားသဖြင့် ကျွန်တော်သည် ၎င်းတို့ကွက်သစ်ဘက်သို့ ဆိုက်ကားဖြင့် ထွက်လာခဲ့သည်။ ဆိုက်ကားထက်မှ ဆင်း၍ ကွက်သစ်၏ လမ်းထိပ်သို့ဝင်မိလျှင်ပင် "ဟဲ့ မအေ.... သေနာ ကောင်ကလေး၊ နင်ဒါ လောက်တောင် ငတ်ရသလားဟဲ့၊ သေချင်းဆိုး မလှတမကလေး" ဟူသော တဲငယ်တခု အတွင်းမှ မိန်းမတဦး၏ အသံကို စူးစူးဝါးဝါးနှင့် နားမသက်သာ ဖွယ်ရာ ကြားလိုက်ရပြီးနောက်၊ အဝတ်အစားဆို၍ နံငယ်ပိုင်းကလေးတခုသာ ပတ်ထားသော အသက်ဆယ်နှစ်သာသာခန့် ကလေးတယောက်သည် တဲအတွင်းမှ ကွက်သစ်လမ်းမပေါ်သို့ ကတိုက်ကရိုက် ပြေးထွက် လာသည်။


ကျွန်တော်၏ ခြေလှမ်းများသည် ရပ်တန့်၍သွားကြပြီးလျှင်၊ ကျွန်တော်၏ မျက်လုံးများ သည်လည်း တဲအတွင်းဘက်သို့ ရောက်ရှိသွားလေသည်။ အချိန် မှာ ညနေ (၆) နာရီသာသာ ခန့်ဖြစ်၍ မှောင်စပျိုးနေပြီဖြစ်သော်လည်း တဲအတွင်း၌ မီးထွန်းညှိခြင်းမရှိသေးပေ၊ မှောင်နေ သည်။
မှောင်နေသောတဲအတွင်းမှ အသက်သုံးဆယ်သာသာခန့် မိန်းမတယောက်သည် ဒေါသကြီးစွာဖြင့် တုတ်တချောင်းကို ကိုင်ဆွဲ၍ ထွက်လာသည်။ ထိုမိန်းမသည် အသက် အရွယ်နှင့် မမျှအောင် များစွာ ပိန်ချုံးအိုမင်းကာ ညစ်ပတ်ပေရေလျက်ရှိသည်။ မီးယပ်ရောဂါ သည်တဦးပင် ဖြစ်မည်လော၊ အဟာရလုံလုံလောက်လောက် မရရှိ၍ ပိန်ချုံးနေခြင်းလော၊ အမှန်ကို ကျွန်တော်သည် မသိရှိရသေးပေ။ ကျွန်တော် ရုတ်တရက်သိထားသော အချက်မှာ ထိုမိန်းမသည် အလွန်တရာပိန်ချုံးလျက်၊ ထိုပိန်ချုံးနေသောမိန်းမသည် အလွန်တရာ ဒေါသ ထွက်နေသော ကိစ္စပင်ဖြစ်သည်။
"ဟဲ့ သေနာကောင်လေး၊ ဒါ နင်ဘယ်ကိုပြေးအုံးမလို့လဲဟင် လာခဲ့စမ်း" ပိန်ချုံး နေသော မိန်းမသည် တဲအတွင်းမှ လမ်းမပေါ်သို့ ပြေးထွက်လာသော သူငယ်အား မှီအောင် လိုက်နိုင်ဟန်မရှိ၍ တုတ်ကိုမြှောက်၍ပြရင်း သူ့ထံသို့ ပြန်လှည့်လာရန် လှမ်းခေါ် နေသည်။
လမ်းမပေါ်သို့ ပြေးထွက်လာသော သူငယ်ကိုလည်း ကျွန်တော်သည်လှမ်း၍ ကြည့်လိုက်မိသည်။ ထိုသူငယ်သည်လည်း အလွန်တရာပိန်ချုံး ပေရေလျက်၊ လူသတ္တဝါ ကလေးတကောင်နှင့် မတူဘဲ ပုံပြင်များထဲမှ တစ္ဆေမှင်စာကလေးနှင့် တူနေသည်။ ၎င်း၏ အရိုးများသည် ငေါထွက်လျက် ဝမ်းဗိုက်သည်လည်း အဆမတန် ပူထွက်လျက်ရှိသည်။
သူငယ်အား အော်ဟစ်ခေါ်နေရာမှ သူငယ်က ၎င်း၏သြဇာကို နာခံခြင်းမရှိသောအခါ၊ တဲတံခါးဝ၌ မောဟိုက်စွာရပ်နေသော မိန်းမသည် လမ်းမပေါ်သို့ ထွက်လိုက်လာပြန်သည်။
"ဟဲ့ ခွေးပု၊ ဒါ နင်ဘယ်ပြေးအုံးမလို့လဲဟင်... ၊ ငါခေါ်တုန်းလာရင်လာ၊ ငါလိုက်လို့ မိရင်တော့ နင့်ကို အသေသတ်မိလိမ့်မယ်" ဟု အော်ကြီးဟစ်ကျယ် ပြောဆိုလိုက်ပြီးနောက် လမ်းမပေါ်တွင် ခပ်ကြောင်ကြောင် ရပ်နေသော သူငယ်ရှိရာသို့ အပြေးကလေး ထွက်လိုက် လာလေသည်။
၎င်းရှိရာသို့ တုတ်တချောင်းကိုင်၍ မိန်းမတယောက် လိုက်လာသည်ကို တွေ့မြင်လိုက် သည်နှင့် တပြိုင်နက် သူငယ်သည် ကျွန်တော်ကြောင်၍ ရပ်ကြည့်နေသောဘက်သို့ ပြေးထွက် လာပြီးလျှင် ကျွန်တော့်အား တွေ့မြင်လိုက်သည်နှင့် တပြိုင်နက် ကျွန်တော်၏ ခြေသလုံးကို အတင်းဝင်ရောက် ဖက်ထားလိုက် ပြီးလျှင် "ဦးလေးရယ်... ကျနော့်ကို ကယ်နိုင်ရင် ကယ်ပါဦးခင်ဗျာ၊ အမေက ကျနော့်ကို သတ်တော့မလို့ထင်ပါရဲ့" ဟု ကြောက်လန့်တကြား ပြောဆိုလိုက်လေသည်။ ထိုသူငယ်က ဤသို့ပြောဆိုတော့မှပင် တုတ်တချောင်းနှင့် ပြေးလိုက် လာသော မိန်းမသည် ၎င်းသူငယ်နှင့် သားအမိတော်စပ်မှန်း ကျွန်တော်သည် သိရှိရပေသည်။
"ဟဲ့ ခွေးပု၊ ဒါ နင်လမ်းက ဧည့်သည်ကို ဘာလို့ နှောက်ယှက်နေတာလဲ ဟင်" ဟု ပြောပြောဆိုဆို ထိုတုတ်တချောင်းနှင့် မိန်းမသည် သူငယ်အား အတင်းဆွဲခေါ်ခြင်း ပြုလေ သည်။ သူငယ်သည် ၎င်း၏မိခင်အား အတင်းရုန်းကန်လျက်ရှိရာမှ "အမေက သတ်တော့မှာကို ဒီလိုပဲ ကြည့်နေတော့မလား ဦးလေးရဲ့။ ကျနော့်ကို ကယ်နိုင်ရင် ကယ်ပါဦး" ဟု ငိုယိုပြောဆို လျက်ရှိပေသည်။
ကျွန်တော်သည် ထိုသားအမိနှစ်ဦး ဖြစ်ထွေကို အဘယ်သို့မျှ မလုပ်တတ် မကိုင်တတ် သေးဘဲ၊ အငေးသားကြည့်ရှုနေမိစဉ် အလွန်တရာ ဒေါသထွက်နေ ဟန်ရှိသော တုတ်တ ချောင်းနှင့် မိန်းမသည် ၎င်း၏ တုတ်ကို သားငယ်ဖြစ်သူ၏ ကျောပြင်ပေါ်သို့ အသုံးပြု လိုက်လေ တော့သနည်း။ ထိုမိန်းမသည် တချက်နှင့် အားမရသေး၍ နောက်တချက် ထပ်ချဦး မည်အလုပ်တွင် ကျွန်တော်သည် သတိရလာကာ ထိုမိန်းမ၏ လက်မှ တုတ်ကို ဖမ်းဆွဲထား လိုက်မိသည်။
"ကိုယ့်သားသမီးပဲ အစ်မကြီးရာ၊ ဒါလောက် ကျွဲရိုက်နွားရိုက် ရိုက်ဖို့ မသင့်တော် ပါဘူးဗျာ......" ဟုလည်း ကျွန်တော်သည် တောင်းပန်လိုက်မိသည်။
ကျောပြင်ကို ခပ်နာနာကလေး အချခံလိုက်ရသော သူငယ်သည် နာကျင်လှ ဟန်ရှိ သောကြောင့် "အမယ်လေးဗျ၊ အမယ်လေးဗျ" ဟု စူးစူးဝါးဝါး အော်ဟစ် ငိုယိုလျက်ရှိပေသည်။ ဤသို့ လမ်းမပေါ်၌ အမေက သားအားရိုက်၍ သားက အော်ကြီးဟစ်ကျယ် ငိုယိုနေခြင်းကား ဘာမျှမဖြစ်လောက်သော အမှုအခင်းတရပ်ကဲ့သို့ အနီးအနားတဝိုက်၌ တဲများမှ တစုံ တယောက်သည်မျှ ထွက်၍ မကြည့်ကြပေ။ ၎င်းတို့၏ ပတ်ဝန်းကျင်၌ ဤအဖြစ်မျိုးသည် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ဖြစ်ဟန်ရှိပေသည်။
သားဖြစ်သူသည် မြေကြီးပေါ်၌သာ နာကျင်စွာ လူးလိမ့်ငိုယို နေသည်ကို တွေ့ရပြန် သောအခါ စောစောက ဒေါသတကြီးနှင့် ရိုက်နှက်လိုက်သော မိခင်သည် ၎င်း၏ လက်တွင်းမှ တုတ်ကို ရုတ်တရက် လွှင့်ပစ်လိုက်ပြီးနောက် သူ့ဘာသာသူလည်း ငိုယိုလိုက်ပြန်လေသည်။
ကျွန်တော်သည် ထိုသားအမိနှစ်ဦး၏ ဖြစ်အင်ကို အဘယ်သို့ နှစ်သိမ့်သက်သာ စေနိုင်မည့် နည်းလမ်းကို ရှာဖွေစဉ်းစားကြည့်မိသည်။ ရုတ်တရက်သော်မူကား ဘာမှစဉ်းစား၍ မရပေ။
မိခင်သည် ဒေါသထွက်လောက်စရာ အကြောင်းတခုခုကြောင့် သားလုပ်သူအား ဒေါသအလျောက် ရိုက်နှက်လိုက်ပြီးနောက်၊ သားငယ်၏ နာကျင်ငိုယိုရခြင်းကို မျက်စိအောက် ၌ တွေ့မြင်နေရသော အခါတွင် သားကို ဤမျှနာကျင်အောင် ရိုက်နှက်မိသည့်အတွက် ဝမ်းနည်း ငိုယိုခြင်းဖြစ်လိမ့်မည်ထင်ရပေသည်။
အတန်ကြာမှ "ဘယ်လိုဖြစ်တာလဲ အစ်မကြီးရယ်" ဟု ကျွန်တော်သည် မေးလိုက်နိုင် ပေသည်။ ဤသို့မေးလိုက်သောအခါ သူငယ်၏မိခင်သည် ပို၍ ဝမ်းနည်းလာဘိသကဲ့သို့ ရှိုက်၍ ရှိုက်၍ ငိုနေလိုက်ပြီးမှ "မပြောပါရစေနဲ့တော့ရှင်၊ ကျမသားကို ကျမခုလိုရိုက်မိတဲ့အတွက် စိတ်မကောင်းဖြစ်လွန်းလို့ပါ" ဟုသာ ပြန်ပြောလေသည်။
ကျွန်တော်၏ မေးခွန်းကို ပြန်မပြောပါရစေနှင့်ဟု ဆိုလာသော သူငယ်၏ မိခင်အား နောက်ထပ်၍ ကျွန်တော်သည် ဘာမျှမေးနေရန် အကြောင်းမရှိပေ။ ထို့ကြောင့် ကျနော်သည် ထိုအရပ်ဒေသမှ ထွက်လာတော့မည်အပြု စောစောက မြေကြီးပေါ်၌ လူးလိမ့်ငိုယိုသော သူငယ်သည် ရုတ်တရက် ကျွန်တော်၏ ခြေသလုံးများကို လှမ်း၍ ဖက်ထားလိုက်ပြန်ပြီးလျှင် "ဦးလေးရယ်... ကျနော့်ကို အမေနဲ့ ထားမပစ်ခဲ့ပါနဲ့ဗျာ၊ ဦးလေးနဲ့သာ ခေါ်သွားပါ၊ မဟုတ်ရင် အမေက ကျနော့်ကို သတ်လိမ့်မယ်ထင်ပါရဲ့" ဟု ငိုရှိုက်ရင်း တောင်းပန်နေပြန်သည်။
သားကို ဒေါသအလျောက် နာနာကျင်ကျင်ရိုက်နှက်မိကာ ဝမ်းနည်းငိုယို လျက်ရှိသော မိခင်နှင့် မိခင်လုပ်သူ၏ ဝမ်းနည်းငိုယိုရခြင်းကို နားမလည်ဘဲ ၎င်းအား နောက်ထပ်၍ ရိုက်နှက် ဦးမည်ကို လွန်စွာကြောက်ရွံ့လျက်ရှိနေသော သားငယ်အား လမ်းမပေါ်၌ ပစ်ထားခဲ့ပြီးလျှင် အဘယ်သို့ ကျွန်တော်သည် မိမိ၏ လမ်းခရီးကို ဆက်လက်သွားနိုင်ပါ့မည်နည်း။
"ကိုယ့်သားသမီးကို ဘယ်မိဘက ရိုက်ချင် နှက်ချင်ပါ့မလဲရှင်၊ ဒါပေမယ့် သူ့အဖေ အလုပ်သွားကာနီး ကျွေးလိုက်နိုင်ဖို့ သူများဆီက တောင်းထားရတဲ့ ကစွန်းရွက်ပြုတ်ကို ခိုးစားတော့ ကျမလဲ စိတ်တိုပြီးခုလို ရိုက်မိတာပါပဲ"
သူငယ်၏မိခင်သည် အားယူကာ ၎င်းဘာသာ ၎င်း၏ဇာတ်ကြောင်းကို ပြောဆိုလာ သည်။
"ကန်စွန်းရွက်ပြုတ်ခိုးစားတာနဲ့ ဒါလောက်တောင် ရိုက်ဖို့ကတော့ မတော်ပါဘူးဗျာ" ဟု ကျွန်တော်ကလည်း ကစွန်းရွက်ပြုတ်ခိုးစားသည့် သားလုပ်သူအား ကျွဲရိုက်နွားရိုက်၊ ရိုက်နှက် သော မိခင်ကို ပြန်ပြောလိုက်မိသည်။
"မနေ့ကရော၊ ဒီနေ့တနေ့လုံးရော ကျနော်ဘာမှ မစားရလို့ သိပ်ဆာတာနဲ့ ခိုးစားတာပါ ဦးလေးရဲ့" ဟု သူငယ်ကလည်း ၎င်းမိခင်၏ စွဲချက်ကို ပြန်လည်ချေပလေသည်။
ကျွန်တော်သည် နောက်ထပ် ဘာများပြောကြားလိမ့်ဦးမည်မသိရသေးသော သူငယ်၏ မိခင်လုပ်သူအား လှမ်း၍ ကြည့်လိုက်မိသည်။
"သူ့အဖေ နေထိုင်မကောင်းလို့ အလုပ်မဆင်းနိုင်တာ သုံးရက်ရှိပါပြီ။ ကနေ့ ညနေမှ နဲနဲနေကောင်းလာလို့ အလုပ်ဆင်းကာနီး ထမင်းကလေး ကျွေးလိုက်နိုင်အောင် ကျမ ဟိုက လိုက်တောင်း၊ ဒီကလိုက်တောင်းလို့ရလာတဲ့ ကစွန်းရွက်ပြုတ်နဲ့ ငပိဖုတ်ကို ထမင်းကြမ်း ကလေးနဲနဲနဲ့ ကျွေးလိုက်မယ်လုပ်တုန်း ခွေးပုက သူ့အဖေထမင်းနဲ့ စားရမယ့် ကစွန်းရွက် ပြုတ်တွေကို ခိုးစားသွားတော့ သူ့အဖေက ကျမကို ဆဲဆိုပြီးထွက်သွားပါတယ်။ ထမင်းလဲ စားမသွားဘူး။ အဲဒီတော့ စိတ်ကလဲ မကောင်း၊ ဒေါသကလဲထွက်လာလို့ ကျမ ခုလို လိုက်ရိုက် မိတာပါပဲရှင်"
ခွေးပု၏မိခင်သည် ၎င်းတို့သားအမိ၊ သားအဖသုံးဦး၊ ဇာတ်ကြောင်းကို ပြန်လှန်ပြ လျက်ရှိသည်။
ရန်ကုန်ကွက်သစ်တခု၏ အဝင်ဝ၌ ဤသားအမိ၊ သားအဖသုံးဦး၏ ရင်နင့်စရာကောင်း လှသောဇာတ်ထုပ်ကို တွေ့ကြုံကြားနာခဲ့ရပြီးနောက် ကျွန်တော် သွားရဦးမည်ဖြစ်သော ဦးဘမိုး တို့အိမ်ဘက်ဆီသို့ ဆက်လက်၍ လျှောက်လာခဲ့ရပေသည်။ နောက်ကွယ်၌ကား ခွေးပုတို့ သားအမိသည် အဘယ်သို့ ကျန်ရစ်ခဲ့ကြသည်ကို ကျွန်တော်မသိပေ။ ကျွန်တော်၏ ရင်ထဲ၌ကား တော်တော်ကြီးကို နာကျင်လျက်ရှိပေသည်။

(၂)

ဦးဘမိုးတို့အိမ်သို့ ရောက်သောအခါ အဘိုးကြီးအဘွားကြီး လင်မယား နှစ်ဦးစလုံးကို မတွေ့ရပေ။ သို့ရာတွင် အိမ်တံခါးများကိုကား ဖွင့်ထားပေသည်။
ကျွန်တော်သည် အိမ်ပေါ်သို့တက်လာခဲ့ပြီးနောက် အိမ်ဦးခန်းဘက်တွင် ဝင်၍ထိုင်ကာ သတင်းစာအဟောင်းတစောင်ကို ကောက်ယူဖတ်ရှုရင်း ဧည့်သည်တယောက်ကို ထမင်းစား ဖိတ်ကြားပြီးနောက် တယောက်မှ အိမ်၌မရှိကြသော အဘိုးကြီးအဘွားကြီးများ အကြောင်းကို စဉ်းစားနေမိသည်။ မည်ကဲ့သို့သော အရေးတကြီးကိစ္စပေါ်၍များ အိမ်ကို ဟာလာဟင်းလင်း ဖွင့်ကာ ထွက်ကြသနည်း။
ဤသို့တယောက်တည်းထိုင်၍ နာရီဝက်နီးပါးခန့်မျှ ထိုင်စောင့်နေရစဉ် ကျွန်တော်သည် ကွက်သစ်အဝင်အဝ၌ တွေ့ကြုံကြားသိခဲ့ရသော ခွေးပုတို့ သားအမိ သားအဖ သုံးဦး၏ ဇာတ်ကြောင်းကို ပြန်လှန်စဉ်းစားနေမိသည်။
သို့ရာတွင် ထိုဇာတ်ကြောင်းကို ကျွန်တော်သည် နောက်ထပ်၍ ခပ်ကြာကြာကလေး မစဉ်းစားနိုင်လောက်သော အကြောင်းအရာများသည် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုသို့ ထွက်ပေါ်လာသော အကြောင်းအရာမှာ တခြားတော့ မဟုတ်ပေ။ ဦးဘမိုးတို့အိမ်နှင့် ဘေးချင်း ကပ်တဲကလေးတခုအတွင်းမှ လင်မယားနှစ်ယောက် ထ၍ ရန်ဖြစ်လိုက်ကြသော အကြောင်း ပင်ဖြစ်လေသည်။
"ဟဲ့ ငါမ....."
"ဟဲ့ မအေ....."
ဤသို့ တဦးနှင့်တဦး နားမကြားဝံ့လောက်အောင် ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုကြသော အသံဗလံများနှင့် အိုးခွက် ပန်းကန်များကွဲသံ၊ ရိုက်သံနှက်သံများသည် ကာလပျက်တော့ မလောက် ဆူညံ၍ သွားလေသည်။ ဤသို့ တဲအတွင်း၌ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် ဆူဆူညံညံ ဖြစ်နေရာမှ "အံမယ်လေးတော့၊ ကိုဘိုးအောင် ကျုပ်ကို သတ်နေပါပြီ။ အရပ်ကတို့ ဝိုင်းကြည့် နေတော့မလား" ဟူသော မိန်းမလုပ်သူ၏ အသံကိုကြားလိုက်ရသောအခါ၊ ကျွန်တော်သည် ဦးဘမိုးတို့အိမ်ပေါ် ၌ ငြိမ်သက်စွာထိုင်နေ၍ မဖြစ်တော့သည့်အလျောက် ကမန်းကတန်းနှင့် ထ လာခဲ့ရပြီးလျှင် လင်မယားရန်ဖြစ် ရိုက်နှက်နေကြသော တဲကလေး အတွင်းသို့ ဝင်သွားမိ ပေသည်။
တဲကလေး အတွင်း၌ မီးရောင်မရှိပေ။ သို့ရာတွင် လင်မယားနှစ်ယောက် လုံးထွေး နေသော အသံဗလံကိုကား ကြားနေရသည်။ ကျွန်တော်သည် တဲအတွင်းသို့ တိုက်ရိုက်ဝင်၍ မသွားဝံ့သေးဘဲ တဲတံခါးဝတွင် ရပ်ကာအကဲခတ်နေမိသည်။
"ဟဲ့ မအေ....."
"ဟဲ့ ငါ....."
လင်မယားနှစ်ယောက် လုံးထွေးနေရာမှ တဦးကိုတဦးက ဆဲဆိုလျက်ရှိသော အသံများ ကိုကား မတိုးမကျယ်ကြားရသည်။
အတွင်းသို့ မဝင်သွားဖြစ်သေးဘဲ ကျွန်တော်သည် နောက်သို့ပြန်လှည့်၍ ကြည့်မိသည်။ သို့ရာတွင် ဤလင်မယား ရန်ဖြစ်နေကြသော ကိစ္စကို ဘေးပတ်ဝန်းကျင်က လူများသည် ဘာမျှ အလေးထားလောက်စရာ မဟုတ်သည့်အလား ထွက်၍ကြည့်ဖော်မရကြပေ။ ဤသို့လင်မယား ရန်ဖြစ် သတ်ဖြတ်ကြသောကိစ္စသည် ဤအရပ်ဒေသ၌ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတရပ်ကဲ့သို့ ဖြစ်နေ ရော့သလားလည်း မပြောတတ်ပေ။
အတန်ကြာသောအခါ တဲအတွင်း၌ ငြိမ်သက်သွားပြီးလျှင် အသက်သုံးဆယ်သာသာ ခန့် ယောက်ျားတယောက်သည် တဲအပြင်သို့ထွက်လာသည်။ ထိုသူသည် လူစိမ်းတယောက် ဖြစ်သော ကျွန်တော့်အား တချက်မျှလှမ်း၍ ကြည့်ရှုလိုက်ပြီးနောက် "အလုပ်အကိုင် အကြံအစည် အပေါက်အလမ်း မတဲ့ရတဲ့အထဲ အိမ်ပြန်လာတိုင်း ဆူဆူပူပူလုပ်လွန်းလို့ဗျာ" ဟု ၎င်း၏ ဇာတ်ကြောင်းကို ပြန်လေသည်။ ကျွန်တော်က ဘာမှမမေးမမြန်းရဘဲ သူ့ဇာတ်ထုတ်ကို သူ့ဘာသာသူ ပြောဆိုလျက်ရှိသော ထိုသူအား ကျွန်တော်သည် ငေးမောကြည့်ရှုနေမိသည်။
"အိမ်က မိန်းမ ဆူဆူပူပူလုပ်တိုင်း ယောက်ျားလုပ်တဲ့လူဟာ ဘာမှ ကြံလို့စည်လို့ မဖြစ်တော့ဘူးဗျ" ဟု ထိုသူသည် ၎င်း၏ အယူအဆတရပ်ကိုလည်း သူ့အား ဘာမျှ မမေးမြန်းသော ကျွန်တော့်အား ရှင်းလင်းပြောကြားလျက် ရှိသည်။ ကျွန်တော်သည် ဖူးရောင် လျက်ရှိသော ထိုသူ၏ နဖူးကို လှမ်း၍ ကြည့်ရှုရင်း ငြိမ်သက်စွာနားထောင်နေမိသည်။
"ပိုက်ဆံကလေး ပေးနိုင်ရင်တော့ တရွှင်ရွှင်တပြုံးပြုံးပဲဗျ။ အလုပ်အကိုင် အပေါက် အလမ်းမတည့်လို့ မပေးနိုင်တဲ့ တနေ့ကျရင် ဆူဖို့ပူဖို့လောက်ပဲ တတ်တယ်"
ထိုသူသည် သူ၏ လူ့လောက အတွေ့အကြုံကို ထပ်မံတင်ပြလျက်ရှိတုန်း ဖြစ်သည်။ သို့ရာတွင် မိမိ၏ ထင်မြင်ချက်ကိုကား ကျွန်တော်သည် မပြောလိုက်သေးပေ။
ထိုအခိုက် ဆံပင်များ ဖိုးယို့ဖားယားနှင့် အသက်သုံးဆယ်ခန့် မိန်းမတယောက်သည် တဲအတွင်းမှ ထွက်လာသည်။ ၎င်း၏မျက်နှာသည် ညိုမဲ၍ ဖူးယောင်လျက်ရှိသည်။
"လင်ယူတာဆိုတာ အားကိုးရမလား၊ စားသောက်ရမလားဆိုပြီးယူတာ၊ ခုတော့ စားဖို့ သောက်ရဖို့ နေနေသာသာ အရိုက်အနှက်များတောင် ခံနေလိုက်ရတော့ ဒီလိုလင်မျိုး ဘာများ လုပ်ရအုံးမလဲ"
မယားလုပ်သောသူကလည်း ၎င်း၏အဘိဓမ္မာဖြင့် လောကတခုကို ထူထောင်ဦးမည့် စကားကို ပြောဆိုလျက်ရှိသည်။
လက်ရုံးအားကိုးတိုက်ပွဲကို နှစ်ဦးနှစ်ဘက် နားလည်မှုဖြင့် ရပ်စဲလိုက်ကြပြီးနောက် နှလုံးရည်တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် ဟန်ပြင်လျက်ရှိသော လင်မယားနှစ်ဦးတို့၏ အကြား တွင် ကြာရှည်နေ၍ မဖြစ်သေးသည့်အလျောက် ကျွန်တော်သည် ထိုလင်မယားနှစ်ဦးတို့ စစ်ခင်းလျက်ရှိသောတဲမှ ဣနြေ္ဒရရ ထွက်ခွာလာခဲ့သည်။

(၃)

ဦးဘမိုးတို့အိမ် ပြန်ရောက်သောအခါ၊ ၎င်း၏ဇနီး ဒေါ်ငြိမ်းမယ်ကို အခန့်သင့်တွေ့ရ လေသည်။
"ဟဲ့ မောင်တင်အောင်၊ မင်းရောက်နေတာ ကြာပလား" ဟု ဒေါ်ငြိမ်းမယ်က ဆီး၍ မေးသည်။
"ခုတင်ကပါပဲ ဒေါ်လေး၊ အိမ်မှာ ဘယ်သူ့ကိုမှ မတွေ့တာနဲ့ ထိုင်စောင့်နေတုန်း ဟိုဘက်တဲက လင်မယားနှယောက် ရန်ဖြစ်သံကြားတာနဲ့ သွားကြည့် မိတာပါ"
"အေးစိန်တို့ ဘလင်းတို့လင်မယားလား၊ သူတို့လင်မယား ရန်ဖြစ်တာကတော့ ဘလင်း အလုပ်မရှိတဲ့နေ့ကစပြီး နေ့တိုင်းဖြစ်နေတာပါပဲကွယ်"
"လင်မယား နေ့တိုင်း ရန်ဖြစ်သတဲ့လား ဒေါ်လေးရဲ့"
"ဟာ ဒီလင်မယား အကြောင်းတော့ ပြောမနေပါနဲ့တော့ကွယ်။ ဒါနဲ့ မယ်ဥနဲ့ ကလေးတွေကော နေလို့ထိုင်လို့များ ကောင်းကြရဲ့လား။ ငါလဲ မယ်ဥတို့ဆီ မရောက်တာ တော်တော်ကြာသွားပြီ"
"ကောင်းပါတယ်၊ မောင်ဗဟိန်းတောင် ကျောင်းပို့ထားရပြီ ဒေါ်လေးရဲ့"
"အံမယ်၊ ငါ့မြေးက ကျောင်းတွေ ဘာတွေတောင် သွားဖော်ရပါပကော၊ ဒါထက် မင့်အမေ မစောမြိုင်ကော မင်းတို့နဲ့အတူတူပဲလား"
"ဟုတ်ကဲ့၊ အမေကတော့ သူ့မြေးတွေနဲ့ ဒီလိုပါပဲ"
"ငါလဲ ကိုဘမိုး ရပ်ရွာကိစ္စတခုအတွက်နဲ့ ဖဆပလလူကြီးအိမ်ဘက် ထွက်သွားလို့ မင်းကို စောင့်နေရတုန်း ကိစ္စတခုပေါ်လာတာနဲ့ ထသွားနေရတယ်ကွဲ့"
"ကိစ္စတွေကလဲ များလှချည်လား ဒေါ်လေးရဲ့"
"များဆို မပြောပါနဲ့တော့ကွယ်၊ ငါဖြင့် ရန်ကုန်မှာနေရတာကို ကြာလေ စိတ်ပျက်မိ လေပဲ"
"ဒါဖြင့် တောပြန်ကြဖို့များ စိတ်ကူးနေကြပလား"
"တိုင်းပြည်ကြီး ဒီကနေ့အေးရင်၊ မနက်ဖြန်တောင် စောင့်မနေဘဲ၊ ညတွင်းချင်း ငါတော့ပြန်မှာပဲ။ မင်းဦးလေး ကိုဘမိုးမလိုက်ရင်လဲ သူတယောက်ထဲ နေရစ်ချင် နေရစ်ခဲ့ပါ စေတော့"
"ဟုတ်တယ် ဒေါ်လေး၊ တိုင်းပြည်ကြီး ငြိမ်းချမ်းရေးရဖို့ အရေးဟာ လူတိုင်းလူတိုင်း အတွက် သေရေးရှင်ရေးလိုဖြစ်နေပြီ၊ အဲဒီငြိမ်းချမ်းရေး မရမချင်း ဘယ်သူမှ ဘာမှ လုပ်လို့ ကိုင်လို့ ရမှာတော့မဟုတ်ဘူး"
"တို့ ကွက်သစ်ထဲမှာ လူတရာမှာ ကိုးဆယ့်ငါးဦးလောက်ကတော့ တောက လူတွေ ချည်းပဲကွဲ့။ တောဘက်မှာ မအေးချမ်းလို့ ရန်ကုန်ကို ပြေးလာကြပြီး ဖြစ်သလို လုပ်ကိုင် နေထိုင် စားသောက်ကြရတာ၊ ကနေ့ တိုင်းပြည်ကြီး အေးချမ်းသွားရင် မနက်ဖြန် ဒီကွက်သစ်ထဲ လူတရာမှာ ကိုးဆယ်လောက်တော့ တောကို ပြန်ကြမှာပဲ"
"ဟုတ်ပါတယ် ဒေါ်လေး၊ ဒါပေမယ့် တိုင်းပြည်ကြီးကတော့ ငြိမ်းချမ်းရေး မရသေးဘူး။ သူပုန်တွေကလဲ တွေ့ဆုံဆွေးနွေးပြီးမှ ငြိမ်းချမ်းရေးရပါစေလို့ ပြောနေကြတယ်။ နိုင်ငံတော် အစိုးရမင်းများကလဲ မတွေ့ဆုံနိုင်ဘူး၊ လက်နက်ချခဲ့ကြလို့ ပြောနေကြတယ်။ ဒီအတိုင်းသာ ဆိုရင်တော့ တော်တော်ကလေး ခက်နေလိမ့်ဦးမယ်ထင်တာပဲ"
"သြော် ဒါထက် တလောက မင်းတို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကိုယ်တိုင် တိုင်းပြည်ကြီး ငြိမ်းချမ်းရေးရအောင် လုပ်နေတဲ့ကိစ္စကကော ဘယ်လိုများလဲကွဲ့၊ ကိုဘမိုး ပြောသံကြားတယ်"
"အဘိုးကြီး ခမြာလဲ အသက်အရွယ် အိုမင်းမစွမ်းရှိကာမှ ကိုယ်မွေးထားတဲ့ သူရဲတွေ၊ ကိုယ်မနိုင်တဲ့ မှော်ဆရာရဲ့ ဥပမာမျိုးလို ဖြစ်နေရတယ် ဒေါ်လေးရဲ့။ ဒါပေမယ့် အဘိုးကြီး လုပ်နေတဲ့ကိစ္စကိုတော့ သံဃာတော်တွေ အားလုံးကရော၊ တတိုင်းတပြည်လုံးကရော ထောက်ခံလာကြပါပြီ"
"ဒီလိုဆိုရင်တော့ တိုင်းပြည်ကြီးအေးချမ်းသွားဖို့ မျှော်လင့်စရာတော့ ရှိသေးတယ်ပေါ့ ဟုတ်လားကွဲ့ မောင်တင်အောင်"
"အများကြီးရှိပါတယ်"
"ဒီလိုဆိုရင်တော့ အားထားစရာရှိသေးတယ်လို့ ဆိုရဦးမှာပေါ့ကွယ်"
"အခုခေတ်ဟာ လူထုခေတ်ပဲ ဒေါ်လေးရဲ့၊ လူတစုလောက်က သူတို့လုပ်ချင်တာ လျှောက်လုပ်လို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး၊ လူထုက ညီညီညွတ်ညွတ်နဲ့ အုံကြွလာပြီး ဆန္ဒပြတောင်းဆိုတဲ့ တနေ့မှာ ရာဇပလ္လင်ပေါ်က ရှင်ဘုရင်တောင် သရဖူအပ်ပြီး ဆင်းပေးရ သေးတာပဲ ဒေါ်လေးရဲ့"
"ငါကတော့ တိုင်းပြည်ကြီး မြန်မြန်အေးချမ်းဖို့နဲ့ တိုင်းပြည်ကြီး အေးသွားတဲ့ တနေ့ကျ ရင် တောကိုပြန်ပြီး ငါ့ခြံကလေးနဲ့ငါ လုပ်ကိုင်စားသောက်ဖို့လောက်ပဲ နေ့ရှိသ၍ ဘုရားမှာ ဆုတောင်းနေတာပါပဲကွယ်"
ကျွန်တော်နှင့် ဒေါ်ငြိမ်းမယ်တို့ တိုင်းရေးပြည်ရေးကိစ္စကို ပြောဆိုနေကြသည့်အခိုက် ဦးဘမိုးသည် မျက်စိပျက် မျက်နှာပျက်နှင့် အိမ်ပေါ်သို့တက်လာသည်။
"ရောက်လာတာ ကြာပလားကွဲ့ မောင်တင်အောင်" ဟု ဝတ္တရားအတိုင်း မေးမြန်းပြီး နောက် အတန်ကြာမျှ ထိုင်၍ ငိုင်နေသည်။

(၄)

ညစာစားသောက်၍ ပြီးစီးကြသောအခါ ခပ်ငိုင်ငိုင်ဖြစ်နေသော ဦးဘမိုးအား ဒေါ်ငြိမ်းမယ်က မေးငေါ့၍ပြရင်း "တော့်ကိစ္စက ဘယ်လိုများ ဖြစ်လာပြန်ပလဲ ကိုဘမိုးရဲ့" ဟု မေးလိုက်သည်။
ဦးဘမိုးသည် ဆေးပေါ့လိပ်တိုတတိုကို မီးတိုင်တွင် မီးကူးရင်း
"ငါတော့ ရန်ကုန်မြို့မှာ လူလုပ်ရမှာကို ကြောက်ကြောက်လာပါပြီကွာ" ဟု ညည်းတွား ပြောဆိုလိုက်သည်။
"တော့်ကိစ္စက ဘယ်လိုဖြစ်လာရတယ်ဆိုတာလဲ နားလည်အောင် ပြောပြစမ်းပါဦး"
"ပြောနေလို့လဲ ထူးမှ မထူးတော့တာဟာကွာ၊ လေကုန်ခံပြီး ပြောမနေ ပါရစေနဲ့တော့"
ကြားမှ ငြိမ်သက်စွာ နားထောင်နေခဲ့ရသော ကျွန်တော်သည်လည်း မနေသာတော့ သည့်အလျှောက်
"ဘယ်လိုကိစ္စနဲ့ ဘာတွေများ အခက်အခဲတွေ တွေ့နေကြလို့တုန်း ဦးဘမိုးရဲ့" ဟု ဝင်၍ မေးမြန်းလိုက်မိသည်။
ဦးဘမိုးသည် ကျွန်တော့်မေးခွန်းကို ရုတ်ချင်းပြန်၍ အဖြေပြန်မပေးသေးဘဲ၊ ဆေးပေါ့လိပ်ကို မီးခိုးများ တအူအူထွက်လောက်အောင် သုံးလေးငါးဖွာမျှ အားရပါးရဖွာ နေသည်။ ဆေးလိပ်ကို အားရလောက်အောင် သောက်၍ ပြီးစီးတော့မှ "တို့ကွက်သစ်ကို ဖျက်ပေးရမယ့်ကိစ္စအတွက်ပဲ မောင်တင်အောင်ရဲ့" ဟု တိုတို တုတ်တုတ်ပြန်ပြောသည်။
"ကွက်သစ်ကို အဖျက်ခိုင်းတာတော့ ထားပါဦးလေ၊ ဒီကွက်သစ်က လူတွေကို ဘယ်လိုနေရာချပေးမတဲ့လဲဗျ"
"လေးထောင့်ကန်ဘက်မှာတဲ့လေ"
"လေးထောင့်ကန်ကို ပို့မယ့်အစား ထောင်ထဲပို့ထားတာက ပိုကောင်းဦးမယ်၊ ထောင်ထဲ မှာဆိုရင် နေဖို့ထိုင်ဖို့ရော၊ စားဖို့သောက်ဖို့ရော ဘာမှမပူမပင်ရတော့ဘူး မဟုတ်လား၊ လေးထောင့်ကန်ဘက်မှာဆိုတော့ ဘာလုပ်ကိုင် စားသောက်နိုင်မလဲ။ ရန်ကုန်မှာ ကျပန်း လုပ်ကိုင်စားသောက်နေကြရတဲ့ ဆင်းရဲသားတွေ လေးထောင့်ကန်ဘက်ကို ပို့လိုက်ရင် ငတ်သေရင်လဲသေ၊ မသေချင်ရင်လဲ ဓားပြတိုက်စားရုံပဲရှိတော့မယ်။ အရင်လေးထောင့်ကန်ကို လိုက်နေကြရတဲ့ မင်းမနိုင်နဲ့ ကျားကူးကွက်သစ်က မိန်းကလေးတွေ အတော်များများ ဖာဖြစ်ကုန်သတဲ့လေ" ဟု ဒေါ်ငြိမ်းမယ်က ဝင်ရောက်ပြောဆိုလိုက်သည်။
ဦးဘမိုးသည် ခပ်စောစောက ချထားလိုက်သော ဆေးပေါ့လိပ်တိုကို ပြန်ကောက်ယူ ကာ မီးခိုးများတလူလူထွက်အောင် ဖွာနေပြန်သည်။ သူ့ကိုကြည့်ရသည်မှာ အတော် စိတ်သောကရောက်နေရမှန်း သိသာပေသည်။ သားထောက်သမီးခံဆို၍ တဦးတယောက် တလေမျှ မရှိသော ဦးဘမိုးနှင့် ဒေါ်ငြိမ်းမယ်တို့သည် အသက်အရွယ်အိုမင်းလျက်ရှိပြီ ဖြစ်သောအချိန်ကာလမှာပင် မိမိတို့ဘာသာ မိမိတို့လုပ်ကိုင်စားသောက် နေကြရသော အဘိုးကြီးအဘွားကြီး လင်မယားဖြစ်သည်။ ဤသို့ ရန်ကုန်ကွက်သစ်တခု၌ မှီခိုကပ်ရပ် နေထိုင်လျက် ရရာကျပန်း အလုပ်ကလေးများကို ရှာဖွေလုပ်ကိုင်စားသောက်နေကြသော အဘိုးကြီးအဘွားကြီး လင်မလားနှစ်ယောက်ကို ရန်ကုန်မြို့တော်အား မဟာရန်ကုန် မြို့တော် တည်ဆောက်ရေး စီမံကိန်းအတွက်နှင့် မြို့ပြင်သို့ ပို့လိုက်မည်ဆိုလျှင် ၎င်းတို့၏ အခြေအနေ သည် ပိုမိုဆိုးဝါးစရာ ရှိပေသည်။ ကျားကူးနှင့်မင်းမနိုင်ကွက်သစ်မှ မိန်းကလေးများ အသက်အရွယ်ကြသေးသည့်အလျောက် မိမိတို့ကာမကို ရောင်းချ၍ အသက်မွေးမြူနိုင်ကြ ပေသည်။ သို့ရာတွင် ဤအဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက်သည် မြို့ပြင်အရပ်၌ အဘယ် အရင်းအနှီးဖြင့် အသက်မွေးမြူကြရမည်နည်း။
ဤ အဘိုးကြီးအဘွားကြီး လင်မယားနှစ်ယောက်အကြောင်း စဉ်းစားရင်း ကွက်သစ်သို့ ဝင်လာကာစက ကျွန်တော်တွေ့ကြုံခဲ့ရသော ခွေးပုတို့သားအမိ သားအဖတတွေ၏ ကံကြမ္မာကို လည်းကောင်း၊ နေ့ရှိသရွေ့ ရန်ဖြစ်နေကြသည်ဆိုသော ကိုဘလင်းနှင့်မအေးစိန်တို့ လင်မယားနှစ်ယောက်၏ ကံကြမ္မာကိုလည်းကောင်း၊ ဒေါ်ငြိမ်းမယ် ပြောဆိုသွားခဲ့သော ဤ ကွက်သစ်၌ တောအရပ်မှ ပြေးလွှားခိုလှုံလျက်ရှိကြသော စစ်ဘေးဒုက္ခိတ ကိုးဆယ့်ငါး ရာခိုင်နှုန်း၏ ကံ ကြမ္မာကိုလည်းကောင်း၊ ကျွန်တော်သည် ဆက်စပ်တွေးတောနေမိသည်။
"တို့ကွက်သစ်ထဲက နိုင်ငံရေးခေါင်းဆောင်တွေကတော့ ဒီကွက်သစ်ကို မဖျက်ပေး ရအောင် သူတို့အထက်က ခေါင်းဆောင်ကြီးတွေကို သွားပြောကြဦးမယ်လို့တော့ ဆိုတာပဲ။ ဒါပေမယ့် မင်းမနိုင်တို့ ကျားကူးတို့ရဲ့အဖြစ်ကို မြင်ခဲ့ကြားခဲ့ရလို့ ငါဖြင့် မထင်ပေါင်ကွာ.... သူတို့က အတင်းအကြပ် မဖျက်ခင် ကိုယ့်ဘာသာကိုယ် နေရာရှာဖို့သာ စဉ်းစားရမှာပါပဲလေ"
ဦးဘမိုးသည် သူ၏ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းစကို စဉ်းစားပူပန် လျက်ရှိပုံရသည်။ ကျွန်တော်မူကား ဦးဘမိုးကဲ့သို့ မင်းမနိုင်နှင့်ကျားကူးကွက်သစ်တို့၏ ကံကြမ္မာကို မသိပေ။ အဘယ်ကြောင့်ဆိုသော် ကျားကူးနှင့်မင်းမနိုင်ကွက်သစ်များ ရှင်းလင်းစဉ်က ကျွန်တော်သည် ရန်ကုန်ထောင်ကြီး အတွင်း၌ နိုင်ငံတော်အစိုးရ၏ စရိတ်ဖြင့် စာအုပ်များ ရေးသားခဲ့သောကြောင့် ဖြစ်လေသည်။

(၅)

ဦးဘမိုးတို့ကွက်သစ်မှ အိမ်သို့ ပြန်ရောက်လာသောအခါ ကျွန်တော်သည် ဦးဘမိုးတို့၏ ကွက်သစ်နှင့် ဆက်စပ်၍ ရန်ကုန်ကွက်သစ်များအကြောင်းကို တသီတတန်းကြီး လျှောက်၍ စဉ်းစားနေမိသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကြက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံရမည်ဖြစ်သော ရန်ကုန်ရွှေမြို့တော်ကြီး၌ ကြက်သရေမင်္ဂလာနှင့် ဆန့်ကျင်ဘက်ဖြစ် သော ကွက်သစ်များသည် အဘယ်ကြောင့် ဖြစ်ပေါ်လျက်ရှိနေရသနည်း။
မြို့တော်စည်ပင်သာယာရေး အတတ်ပညာရပ်များနှင့် ပတ်သက်၍သော်လည်းကောင်း၊ အိုးအိမ်ဆောက်လုပ်ရေး အတတ်ပညာရပ်များနှင့် သော်လည်းကောင်း၊ ကျွန်တော်သည် ဘာမျှတတ်သိသော သူတဦးမဟုတ်သည့် အကြောင်းကိုကား ဝန်ခံလိုသည်။ သို့ရာတွင် လမ်းပေါ်မှ လူတယောက်အနေနှင့် ကျွန်တော် လေ့လာသိမြင်ထားသော အချက်အလက်များ ကား ရှိပေသည်။
ရန်ကုန်ကွက်သစ်များသည် သူ့အလိုအလျောက် ဖြစ်ပေါ်လာကြသည် မဟုတ်ပေ။ ဤသို့ ကွက်သစ်များ အရုပ်ဆိုးလောက်အောင် ပေါ်ပေါက်လာရသော အခြေခံအကြောင်းရင်း သည် အခြားမဟုတ်၊ စစ်မက်၏ ဒဏ်ရာဒဏ်ချက်ကြောင့်ဖြစ်သည်။ စစ်မက်၏ ရလဒ်ဟူ၍ လည်းကောင်း၊ အမွေအနှစ်ဟူ၍လည်းကောင်း ခေါ်ဝေါ်နိုင်လိမ့်မည် ထင်သည်။ စစ်မက်ဟု ဆိုရာ၌ ပြီးစီးခဲ့ သော ဒုတိယကမ္ဘာစစ်ကြီးနှင့် လွတ်လပ်ရေးရရှိပြီးနောက် ကိုးနှစ်ကျော်မျှ ဖြစ် ပွားလျက်ရှိသော ပြည်တွင်းစစ်မက် နှစ်ခုစလုံးကို ဆိုလိုရင်းဖြစ်သည်။ ဤစစ်ပွဲများကြောင့် အိုးအိမ်မြို့ရွာ မြောက်မြားစွာပျက်စီးခဲ့၊ ပျက်စီးရဆဲဖြစ်သည်။ အထူးသဖြင့်ကား ပြည်တွင်း စစ်မက်ကြောင့် တောဘက်အရပ်ဒေသများ၌ လုံခြုံမှုမရှိသဖြင့် တောမှ လူပေါင်းမြောက်များစွာ တို့သည် ရန်ကုန်မြို့တော်သို့ ပြေးလွှားခိုဝင်လာကြသည်။ အိုးအိမ်ပျက်စီး၍ မလုံမလောက် ဖြစ်နေရသည့်အချိန်တွင် နောက်ထပ်၍ တောမှ လူအများအပြား ခိုလှုံဝင်ရောက်လာကြပြန် သောအခါ၊ ရန်ကုန်မြို့တော်သည် ထိုပြည်ထောင်စုသားများအား အဘယ်နည်း အဘယ်ပုံ နေရာချပေးနိုင်ပါ့မည်နည်း။ ပြည်တွင်းစစ်မက်ကို တိုက်ခိုက်နေရသော နိုင်ငံတော်အစိုးရမင်း များသည်လည်း လက်နက်ခဲယမ်း မီးကျောက်များကိုသာလျှင် ဝယ်ပြီးရင်း ဝယ်နေရသဖြင့် လည်းကောင်း၊ စစ်မက်တိုက်ခိုက်ရေးအတွက် အာရုံစူးစိုက်နေရသဖြင့်လည်းကောင်း၊ စစ်ပြေး ဒုက္ခိတ ပြည်ထောင်စုသားများအရေးကို ဂရုမပြုနိုင်အားပေ။ ထိုကာလ၌ စစ်ပြေးဒုက္ခိတ များသည် မိမိတို့ဘာသာ မိမိတို့ တွေ့ကရာ မြေကွက်လပ်များ၌ အိုးအိမ်ဆောက်လုပ်နေ ထိုင်ကြတော့သည်။ ဤအခြေခံအကြောင်းများကြောင့် ရန်ကုန်ရွှေမြို့တော်၌ မြို့တော်၏ ကြက်သရေမင်္ဂလာကို ပျက်စီးစေသော ကွက်သစ်များသည် မလွှဲသာမရှောင်သာ ပေါ်ပေါက် လာရခြင်း ဖြစ်လေသည်။ ကျန်းမာရေးနှင့်ဆန့်ကျင်သော လူ့အစုအဝေးများ၊ အဆောက်အအုံ များ ပေါ်ပေါက်လာရခြင်းသည်လည်း ဖြစ်လေသည်။
ယခုအခါတွင် နိုင်ငံတော်အစိုးရမင်းများသည် အခြေခံအကြောင်းရင်းဖြစ်သော တိုင်းပြည်၏ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်မီ၊ တောမှစစ်ပြေးဒုက္ခိတ ပြည်ထောင်စု သားများကို နေရာမချထားပေးနိုင်မီ၊ ရန်ကုန်မြို့တော်အား မဟာရန်ကုန်မြို့တော်ကြီးအဖြစ် တည်ဆောက်ရန် အမှိုက်သရိုက်များကို ရှင်းလင်းနေပေသည်။ ရန်ကုန်မြို့တော်အား သာလွန်၍ ကောင်းမွန်သော မဟာရန်ကုန်မြို့တော်ကြီး တည်ဆောက်သောအလုပ်မှာ ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုရမည့်အလုပ်လည်း ဖြစ်သည်။
သို့ရာတွင် ရောဂါ၏အဖြစ်ကို မရှင်းလင်း မဖယ်ရှားနိုင်ဘဲ မည်သည့်ရောဂါကို မည်သည့်သမားကောင်း၊ သမားလိမ္မာသည် ကုစား၍ ရနိုင်ပါ့မည်နည်း။

(၆)

ညနာရီပြန် (၂) ချက်တီးသာသာခန့်လောက်တွင် ခင်ဦးက ကျွန်တော့်အား အိပ်ရာမှ အတင်းနိုးသဖြင့် ကျွန်တော်လည်း အိပ်ချင်မူးတူးနှင့် လန့်၍ နိုးသည်။
"မီး...မီး.....မီး....." ဟူသော အသံဗလံများသည်လည်း ဆူညံလျက်ရှိသည်။ ထို့ကြောင့် ကျွန်တော်သည် အိပ်ရာမှ အလူးအလဲထလိုက်ရသည်။
"ဘယ်ကမီးလဲဟင် ခင်ဦး" ဟုလည်း အလန့်တကြားမေးမြန်းလိုက်မိသည်။
"တော်တော်တော့ ဝေးပါတယ်။ ကြည့်ရတာ ဦးဘမိုးတို့ကွက်သစ်များ ဖြစ်နေမလား မပြောတတ်ဘူး" ဟု ခင်ဦးက ပြန်ပြောဆိုသောအခါ ကျွန်တော်သည် များစွာစိုးရိမ်ပူပန် သွားမိပေသည်။ ထို့ကြောင့် မျက်နှာသစ်၍ အဝတ်အစားများ ကတိုက်ကရိုက် လဲလှယ် ပြီးနောက်၊ အိမ်ပေါ်မှ ဆင်းလာခဲ့မိသည်။ လမ်းမပေါ်၌ အခန့်သင့်တွေ့ရသော ဆိုက်ကားတစီး ကို ငှားရမ်း၍ ဦးဘမိုးတို့နေထိုင်သော ကွက်သစ်သို့ ဆိုက်ကားဆရာအား အမြန်ဆုံးပို့ပေးရန် ပြောဆိုရသည်။
ဦးဘမိုးတို့ ကွက်သစ်သို့ ရောက်သောအခါ၊ ကြီးမားလှသော မီးတောက်များ အောက်၌ လူးလွန့်နေသော ကွက်သစ်ကလေးကို မချိမဆံ့တွေ့မြင်ရသည်။ မီးတောက်များ ပတ်ပတ် လည်၌ ကယ်ပါ ယူပါ တစာစာအသံများကို နားမချမ်း မြေ့ဖွယ်ရာလည်း ကြားနေရပေသည်။
ကျွန်တော်သည် ဦးဘမိုးတို့လင်မယားကို လိုက်လံရှာဖွေကြည့်သည်။ သို့ရာတွင် ရှာဖွေ၍ကားမတွေ့။ အဘယ်သို့များ ပြေးလွှားလေပြီနည်း။ ကျွန်တော်သည် ခွေးပုတို့သားအမိ သားအဖကိုလည်း ရှာဖွေကြည့်မိသေးသည်။ သို့ရာတွင် မည်သူတဦးတယောက်ကိုမျှ မတွေ့ရပေ။ ဘယ်အရပ်သို့များ ပြေးကုန် ကြပြီနည်း။
နံနက်မိုးလင်းသောအခါ မီးလည်း တစထက်တစငြိမ်းစပြုလာသည်။ ကျွန်တော်သည် မီးငြိမ်း၍ ပြာပုံများဖြစ်သည့်အထိ ထိုကွက်သစ်ကလေးကို သံယောဇဉ်ငြိတွယ်ကာ တဝဲလည် လည်ဖြစ်နေမိသည်။ မီးများ လုံးဝငြိမ်းအေးသွားသော အချိန်ကျမှ ကျွန်တော်သည် အိမ်သို့ပြန်ရန် သတိရလာသည်။ အိမ်သို့ပြန်မည် အပြုတွင် ကျွန်တော်သည် မီးလောင်ပြင် ဖြစ်သွားသော ဦးဘမိုးတို့၏ ကွက်သစ်ကလေးကို တချက်မျှ ပြန်လှည့်၍ ကြည့်မိသေးသည်။
ဤမီးလောင်ပြင်မှ မဟာရန်ကုန်မြို့တော်ကြီးကို တည်ဆောက်ကြမည့်သူများသည် အဘယ်ပုံအဘယ်နည်းများ တည်ဆောက်ကြမည်တော့ ကျွန်တော် မသိပါခင်ဗျား။

ဗန်းမောင်တင်အောင်
(ရှုမဝမဂ္ဂဇင်း)

1 comment:

ဆောင်းယွန်းလ said...

ဆရာဗန်းမော်တင်အောင်ရဲ့ဝတ္ထုထဲမှာတော့မဟာရန်ကုန်
မြီု့ကြီးကမီးလောင်ပြင်တနေရာ..လက်ရှိအခြေအနေမှာ
ကတော့မြန်မာတနိုင်ငံလုံးကမီးလောင်ပြင်ကြီးတခုလို
ဖြစ်နေရတယ်ဗျာ..ပြည်သူပြည်သားတွေရဲ့ရင်ထဲကအပူ
မီးတွေပေါ့...