Monday, July 6, 2009

ရွှေမန်းအာဇာနည် (၁၇) ဦး
ရေးသူ- ရွှေကိုင်းသား


တပို့တွဲလဆုတ် (၇) ရက်၊ ဤနေ့သည်ကား လွတ်လပ်ရေးအတွက် နယ်ချဲ့သမား၏ လက်ပါးစေများ လက်ချက်ဖြင့် သွေးမြေကျကာ အသက်ပေးသွားကြသော ရွှေမန်းအာဇာနည် (၁၇) ဦးတို့၏ တဆယ့်နှစ် နှစ်မြောက် နေ့ပေတည်း။
အချိန်ကား ဗမာ့နိုင်ငံရေးရာဇ၀င်တွင် လှုပ်ရှားထကြွဆုံး အချိန်ဟု ဆိုရမည့် ၁၃၀၀ ပြည့်နှစ်ခါဖြစ်၍ အရေးတော်ပုံများ တခုပြီးတခု ဆက်ခါ ဆက်ခါ ပေါ်ပေါက်ပြီး၊ ရန်ကုန်တွင် ကျောင်းသူကျောင်းသားပေါင်း (၂၀၀) ကျော် ဒဏ်ရာရ၍ ကိုအောင်ကျော် သေဆုံးရသည့် အခြေသို့ပင် တိုင်ခဲ့လေသည်။
ဤနိုင်ငံရေးဂယက်သည် မန္တလေးမြို့ကြီးသို့လည်း လာ၍ ထိခိုက်လေရကား၊ အတော်အတန် အေးချမ်း ငြိမ်သက်လျက် ရှိနေသော မန္တလေးမြို့ကြီးမှာလည်း ဓာတ်စက်ရုံ ဓာတ်ရထားနှင့် အင်္ဂလိပ်အလုပ်တိုက်များကို ပိတ်၍ ဘူတာရုံနှင့် ဂတ် စသည်များကို အစောင့်စစ်တပ်များ ချထားပြီး နန်းတော်ကြီးအတွင်းသို့ မြန်မာများ မ၀င်စေရဟူသော စီမံချက်တို့ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေပေသည်။


ဤအတွင်း တပို့တွဲလဆုတ် (၆)ရက်နေ့က အိမ်တော်ရာ ၁၄ခန်း ဇရပ်ကြီးတွင် ရဟန်းပျိုအဖွဲ့ချုပ်ဥက္ကဌ ဆရာတော်ဦးကလျာဏက သဘာပတိအဖြစ်၊ အမျိုးသားကျောင်းဆရာ ဦးထွန်းမောင်က အကျိုးဆောင်အဖြစ် ဆောင်ရွက်၍ ကျောင်းသားမိဘများနှင့် မြို့လုံးကျွတ်အစည်းအဝေးကြီး ကျင်းပရာ ရဟန်းရှင်လူ နှစ်သောင်းကျော် တက်ရောက်ကြပေသည်။
ထိုအစည်းအဝေးကြီးက (၁) ဘာသာရေးကိစ္စ (၂) ကျောင်းသားလွှတ်တော်ကို ထောက်ခံခြင်း (၃) အုပ်ချုပ်ရေးတိုက်ဖျက်ရန် (၄) မြန်မာဖြစ် အားပေးရန်နှင့် (၅) ဤမြို့လုံးကျွတ်အစည်းအဝေးကြီး အပြီးတွင် စည်းကမ်းသေ၀ပ်စွာ လမ်းလျှောက်ကြရန် အဆိုများတင်သွင်းပြီး၊ ထောက်ခံဆုံးဖြတ်ချက်များ ချမှတ်ခဲ့လေသည်။ အဆိုတရပ်ဖြစ်သော စီတန်းလမ်းလျှောက်ရန်မှာ အချိန်မရတော့သဖြင့် နောက်တနေ့ (တပို့တွဲလဆုတ် (၇) ရက်နေ့) (၁၁) နာရီ အချိန်သို့ ရွှေ့ ဆိုင်းလိုက်ရပေရာ၊ ဤဆုံးဖြတ်ချက်သည် အာဇာနည် (၁၇)ဦးတို့အတွက် သေနေ့ကို ကန့်သတ်ပေးဘိသကဲ့သို့ ဖြစ်နေသည်ကို နောက်မှ သိရပေတော့သည်။
၁၃၀၀- ပြည့် တပို့တွဲလဆုတ် (၇)ရက် (၁၁-၂-၃၉) နေ့တွင်ကား မြန်မာနိုင်ငံလုံးဆိုင်ရာ သမဂ္ဂ ကျောင်းသားများ၏ လွှတ်တော်မှ ဒီဇင်ဘာ (၃၁) ရက်နေ့က ပြဌာန်းချမှတ်ခဲ့ပြီး ဖြစ်သည့် ဆုံးဖြတ်ချက်များကို အိမ်တော်ရာ အစည်းအဝေးကြီးက ထောက်ခံဆုံးဖြတ်ချက်အရ လက်နက်မပါ စည်းကမ်းသေ၀ပ်စွာ စီတန်းလမ်းလျှောက်ကြရန် အိမ်တော်ရာဘုရားအတွင်းသို့ အဖွဲ့အသင်း အသီးသီးတို့သည် ခပ်စောစောအချိန် ကပင် ရောက်ရှိလာကြရာ ထိုရောက်ရှိလာကြသော ပရိသတ် နှစ်သိန်းကျော်တို့ကို ရဟန်းတော်များက ရှေ့ဆောင်ပြီး (၂၆) ဘီလမ်းအတိုင်း၊ ချီတက်ခဲ့ကြပေသည်။
စီတန်းလမ်းလျှောက်လာသူတို့၏ တပ်ဦးသည် ၂၆ ဘီလမ်း၊ ကြေးနန်းရုံးပေါက်သို့ ရောက်သောအခါ ကျုံးထိပ်ရှိ စစ်တပ်နှင့်ပုလိပ်တို့ကို ရင်ဆိုင်မိတော့သည်။ ပုလိပ်များ ထက်၌ အရေးပိုင် မစ္စတာလက်၊ ရာဇတ်ကြီး မစ္စတာရိန်းနှင့် လက်အောက် အင်စပက်တော် ရာဇ၀တ်များ ပါရှိ၍ ပုလိပ်များနောက်မှ လက်နက်ကိုင် ဘားမားရိုင်ဖယ်စစ်သားများ အသင့်ရှိနေကြပေသည်။
အချိန်ကား နေ့ခင်း နာရီအချိန်ခန့်၊ ထိုအခါ အရေးပိုင်သည် ရှေ့မတိုးနှင့် ပြန်ကြဟု စုံထောက်မစ္စတာ ဒေးဗစ်အား (၃) ကြိမ် ပြောစေ၏။ ရှေ့ဆုံးမှ ဗိုလ်အဖြစ် လိုက်ပါလာသော ရဟန်းတော်များက ကျုပ်တို့မှာ လက်နက် ဘာမျှမပါ we are armless ဟု အချို့ ရဟန်းတော် (၂)ပါးက အော်ပြောသေး၏။ အရေးပိုင်က သေနတ်နှင့် ပစ်မည်ဟု ပြောပြန်၏။ ထိုအခါ ရဟန်းတော်များက ငါတို့ ရှေ့သို့မတိုး၊ ဥက္ကဌအမိန့်ကို ဤနေရာမှ ရပ်၍ စောင့်နေသည်ဟု ပြန်ပြောကြသည်။ ဥက္ကဌမှာ ထိုအချိန်က အိမ်တော်ရာမှာ ရှိနေသေးသည်။
သို့နှင့်ပင် အရေးပိုင်မှာ နောက်သို့ပြန်လှည့်သွားပြီး ရှေ့တန်းရှိပုလိပ်များကို ရုပ်သိမ်းလိုက်၍ ဘားမားရိုင်ဖယ် စစ်သားများကို ရှေ့သို့ တိုးစေခဲ့ပြီးလျှင် စစ်ခရာသံ (၂)ချက်မှုတ်၍ အချက်ပေးလိုက်ခြင်းအားဖြင့် အသနား အညှာတာ ကင်းမဲ့လှစွာသော စစ်သားများ၏ သေနတ်ပြောင်းဝများမှ ကျည်ဆံများသည် တပြိုင်တည်းလိုလို ထွက်ပေါ်လာပြီးလျှင် စည်းကမ်းသေ၀ပ်စွာနှင့် ရပ်တန့်၍ ဥက္ကဌအမိန့်ကို စောင့်မျှော်လျှက် ရှိကြသော ရှေ့တန်းမှ ရဟန်းတော် (၆) ပါးတို့ကို နေရာတွင် ခွေကြသွားစေတော့သည်။
ရှေ့ဆုံးမှ (၂) ပါးတတွဲ၊ အလယ်မှ (၂) တတွဲနှင့် နောက်ဆုံးမှ တပါးစီ လဲနေကြကြောင်း၊ ထိုအခါက အလယ်က ကိုယ်တော်နှစ်ပါး၏ နေရာ၌ အလံမှာ မလဲကျဘဲ မတ်မတ်ကြီး ထူထားသော ဟူ၏။ တကယ့်အာဇာနည်ပါပေ။
လက်နက်ကိုင်တို့ကား ထိုမျှနှင့် မရပ်ကြသေးဘဲ ၂၆ ဘီလမ်းတလျှောက် ချီတက်လာကြပြီးလျှင်၊ ရိုးကုမ္ပဏီတိုက် အနီးထိ လိုက်လံပစ်ခတ်ကြသောကြောင့် ဗိုလ် (၁၇) ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိကြ လေသည်။
အာဇာနည် (၁၇) ဦးတို့၏ ဈာပနကိစ္စကိုကား တပို့တွဲ လကွယ်နေ့တွင် မြို့နယ်နှင့်ချီ၍ တခမ်းတနား သင်္ဂြိုဟ်ချီးမြှင့် လိုက်ကြရသော်လည်း မြို့သူမြိုသားတို့၏ စိတ်တွင်ကား တွေးလေတွေးလေ ဆွေးမပြေအောင် ဖြစ်ရဘိ၍ ထိုအကြောင်းကို မမေ့နိုင်အောင် ရှိလေတော့သည်။
ဤမန္တလေး အရေးတော်ပုံတွင် အကြမ်းစစ်ပွဲ၊ အနုစစ်ပွဲ ယှဉ်တွဲပြိုင်ဆိုင်၍ သူနိုင် ငါနိုင် အချက်ပိုင်ပိုင် နှစ်ဦးရင်ဆိုင်တိုက်ခိုက်ကြရာတွင် သူတို့သည် အကြမ်းနည်းဖြင့် အောင်မြင်ကြကုန်၍ ငါတို့လည်း အနုနည်းဖြင့် သူတို့ကို အပြတ်အသတ် နလံမထူ အလံမပြူနိုင်အောင် ပြုလိုက်ကြကုန်၏ ဟူ၍ ရဟန်းပျိုများ၏ အဖွဲ့ချုပ်ကြီး ဥက္ကဌဆရာတော် ဦးကလျာဏ အမိန့်ရှိသကဲ့သို့ ကမ္ဘာတွင် ယဉ်ကျေးပါသည်ဟု အသားယူနေကြသော ဗြိတိသျှအစိုးရတို့ကို ရွှေမန်းလူထုကြီးက အနုနည်းဖြင့် အနိုင်ယူလိုက်နိုင်ပေသည်။
အာဇာနည် (၁၇) တို့၏ ချီးကျူးပွဲကို ၁၃၀၉ - ခု၊ တပေါင်းလဆုတ် (၇) ရက် (၁-၂- ၄၈) နေ့က (၁၁) ကြိမ်မြောက်နှင့် နောက်ဆုံးချီးကျူးပွဲတရပ်အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့လေပြီ။ ဤဘက်နှစ် များတွင်ကား နိုင်ငံတော်အစိုးရက အသိအမှတ်ပြုသည့်အတိုင်း လာမည့် မတ်လ (၂၈) ရက်နေ့ ရောက်မှသာ နိုင်ငံတော်၏ အာဇာနည်နေ့အဖြစ်ဖြင့် တပေါင်းတည်း ပြုလုပ်ရပေတော့မည်။

ရွှေကိုင်းသား။
(ရွှေမန်းအောင်စည်သတင်းစာ၊ ၁၃၁၁ ခု၊ တပို့တွဲလဆုတ် ၇ ရက် မှ)
[မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ မေလ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါသည်။

1 comment:

Anonymous said...

ဗဟုသုတတွေ လာဖတ်သွားတယ်

ကျော်နိုင်