Thursday, November 19, 2009

ဆင်ဖြူတော်မှီ ကြံစုတ်တဲ့စာတွေ
ရေးသူ- လူထုစိန်ဝင်း

"ဆင်ဖြူတော်မှီ ကြံစုတ်တယ်"ဆိုတဲ့ စကားကိုကျုပ်တော့ ဒီခေတ်ရောက်မှ သေသေချာချာသဘောပေါက် သွားတော့တယ်ဗျာ။ ခင်ဗျား တို့ စာရေးဆရာတွေရဲ့ ကျေးဇူးပဲ" မိတ်ဆွေအငြိမ်းစား ၀န်ထမ်းကြီးတဦးက အလည်လာရင်း အဆက်အစပ်မရှိ ပြောလိုက်တဲ့စကား ကြောင့် အံအားသင့်သွားရပါတယ်။ ဘာ့ကြောင့်ဒီလိုပြောမှန်း မသိပါဘူး။ ခဏကြာမှသူက စကားကိုဆက်ပြောပါတယ်။


ဆင်ဖြူတော်မှီ ကြံစုတ်တာ
" ဆရာမင်းသုဝဏ် အကြောင်းရေးထားတဲ့ ဆောင်းပါးမို့ ဖတ်ကြည့်လိုက်တယ်၊ ဆရာ့အကြောင်း၊ ဆရာ့စာတွေအကြောင်း ဘာမှဟုတ် ဟုတ်ငြားငြား မပါဘဲ၊ သူ့အကြောင်းတွေချည့် တပုဒ်လုံးရေးထားတယ်ဗျ။ ဆရာ့ကိုလည်း တခါပဲတွေ့ဖူးတယ် ဆိုရုံလောက်တွေ့ ဖူးတာ။ ဆရာ့အိမ်မှာလုပ်တဲ့ ထမနဲပွဲကို မိတ်ဆွေတယောက်ကခေါ်လို့ လိုက်သွားတာ။ ဆရာနဲ့ စကားတခွန်းတောင်ပြောဖူးတာ မဟုတ်ဘူး။ ဆရာမင်းသုဝဏ် အကြောင်းရေးတာဆိုရင်တော့ မဂ္ဂဇင်းတွေက ထည့်မှာပဲဆိုပြီး ရေးလိုက်တာပဲဗျ။ ဆင်ဖြူတော်မှီကြံစုတ်တယ်ဆိုတာ ဒါပဲမဟုတ်လား"။

စာဖတ်သူများ
မိတ်ဆွေက စာတော်တော်ဖတ်သူတယောက်ပါ။ မြန်မာစာတွေအပြင် အင်္ဂလိပ်စာတွေလည်း နှံနှံစပ်စပ်ဖတ်သူ ဖြစ်ပါတယ်။ ၀တ္ထုတွေ ဖတ်သလို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစာအုပ်တွေလည်း ဖတ်ပါတယ်။ တခါတလေ ကိုယ်တောင်မဖတ်ရသေးတဲ့ စာအုပ်မျိုးကိုသူက ဖတ်ပြီးနေပါပြီ။ "ဒီစာအုပ် ကောင်းသဗျ၊ ဖတ်ကြည့်" ဆိုပြီး ယူလာပေးပါတယ်။ အငြိမ်းစားယူထားပြီးပြီ ဆိုတော့စာဖတ်တာကို အလုပ် တခုသဖွယ်သဘောထားပြီး တနေ့လုံးစာပဲဖတ်နေတတ်သူ ဖြစ်ပါတယ်။ စာရေးဆရာတွေကိုလည်း သူက တော်တော်လေးစားပါတယ်။ သူပြောလိုက်မှပဲ ပြန်စဉ်းစားမိပြီး "ဟုတ်ပေသားပဲ၊ သူပြောတာမလွန်ဘူး"လို့ မှတ်ချက်ချလိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်
ဒီဘက်ပိုင်းမှာ ကွယ်လွန်ရှာကြပြီဖြစ်တဲ့ စာရေးဆရာကြီးတွေ ဆရာမကြီးတွေ အမှတ်တရစုပေါင်းစာအုပ်တွေ ထွက်တာတော်တော်များ ပါတယ်။ မွေးနေ့အမှတ်တရ၊ ကွယ်လွန်ခြင်း အမှတ်တရ အခမ်းအနားတွေလည်း လုပ်ကြပါတယ်။ ကောင်းတဲ့လုပ်ရပ်များ ဖြစ်ပါတယ်။ ဦးဆောင်ဦးရွက်ပြုသူများကိုလည်း ကျေးဇူးတင်စရာကောင်းပါတယ်။ အဲဒီလိုနေ့တွေ ရောက်တဲ့အခါ ဂျာနယ်မဂ္ဂဇင်းတွေမှာ အမှတ် တရဂုဏ်ပြုဆောင်းပါးတွေ အသားပေးဖော်ပြကြပါတယ်။ ဆရာ ဆရာမများအကြောင်း ရင်နှီးကျွမ်းဝင်သူတွေက ရေးကြတဲ့အခါ လူ မသိသေးတဲ့အကြောင်းအရာ အချက်အလက်တွေ သိရတဲ့အတွက် အလွန်အဖိုးတန်ပါတယ်။ ဥပမာ ဆရာမင်းသုဝဏ် ဆုံးပါးသွားပြီးမှ သား ဖြစ်တဲ့သူ ဒလဘန်းရေးသားတဲ့ စာတွေဟာဆိုရင် အရင်ကမသိရသေးတဲ့ အကြောင်းတွေ မမြင်ဖူးသေးတဲ့ ဓါတ်ပုံတွေ၊ ဆရာ မင်းသုဝဏ်နဲ့ တခြားခေတ်ပြိုင်ဆရာများ၊ ဆရာမများရဲ့ ထိတွေ့ဆက်ဆံမှုတွေကို ရေးသားထားတာကြောင့် အင်မတန်ကျေးဇူးကြီး လှပါတယ်။ မြန်မာ့စာပေသမိုင်းမှာ အတိုင်းမသိတန်ဖိုးရှိတဲ့ စာတွေဖြစ်ပါတယ်။

မသိဘဲ မဖတ်ဘဲ
ဒါပေမယ့်လို့ တချို့စာတွေကျတော့ အဲဒီလိုမဟုတ်ပါဘူး။ အရေးခံပုဂ္ဂိုလ်များအကြောင်းကို ကောင်းကောင်းသိထား တာမဟုတ်သလို အဲဒီဆရာ၊ ဆရာမတွေရဲ့စာတွေကိုလည် သေသေချာချာ ဖတ်ဖူးထားပုံမရပါဘူး။ ဆရာ၊ ဆရာမများအကြောင်း ဦးတည်ပြီး သူတို့အ ကြောင်းတွေဦးတည်ပြီး သူတို့အကြောင်းတွေချည့် လျှောက်ရေးထားကြတာပါ။ ဆရာ ဆရာမကြီးများကို ဘယ်လိုသိခဲ့တာ သူတို့စာ တွေကို ဘယ်လိုကြိုက်ခဲ့တာ ဆိုတာလောက်ကလွဲရင် ကျန်တာကသူတို့ အကြောင်းတွေချည့်ပါပဲ။ စောစောက ပြောခဲ့တဲ့ မိတ်ဆွေကြီး ရဲ့စကားလိုပဲ ဆရာကြီး၊ ဆရာမကြီးတွေအကြောင်း ရေးရင်တော့ ဂျာနယ်မဂ္ဂဇင်းမျာက ထည့်ပေးကြမှာပဲ ဆိုတဲ့စိတ်ကူးနဲ့ ရေးလိုက် ကြတာနဲ့တူပါတယ်။ ဘာအကြောင်းအရာ အချက်အလက်သစ်မှလည်း မသိရပါဘူး။ လူတကာသိပြီးသား အကြောင်းတွေပြန်ရေး ထား တာပါပဲ။ အကြောင်းအရာ အချက်အလက်သစ် မပါနိုင်ရင်လည်း ဆရာကြီး၊ ဆရာမကြီးများရဲ့ စာတွေကို ရှုထောင့်သစ်၊ အမြင်သစ်နဲ့ ကိုယ်တိုင်သိမြင်ခံစား ရတာမျိုးတွေ ဖြစ်သင့်ပါတယ်၊ ခုတော့ဘာကိုမှကို မပါပါဘူး။

စာပေပြတိုက်ကြီး ဖြစ်ဖို့
ဆရာကြီး၊ ဆရာမကြီးများနဲ့ ပက်သက်တဲ့ အမှတ်တရနေ့တွေမှာ သူတို့ရေးခဲ့တဲ့စာတွေ၊ လက်ရေးမူတွေ၊ ဓာတ်ပုံတွေ၊ မိတ်ဆွေများ၊ စာဖတ်ပရိတ်သတ်များနဲ့ အပြန်အလှန်ပေးစာတွေကို ၀ိုင်းဝန်ရှာဖွေစုဆောင်းပြီး ပြပွဲလေးလို ပြသတာမျိုးလုပ်ကြရင် ကောင်းလိမ့်မယ် ထင်ပါတယ်၊ သူတို့ရေးခဲ့တဲ့စာတွေကို ဝေဖန်ရေးဆရာများက ရှုထောင့်အမျိုးမျိုးက ရေးသားခဲ့ကြတဲ့ ဝေဖန်စာတွေကို လည်းရှာဖွေစု ဆောင်းပြီး ပြသသင့်ပါတယ်။ ပြပွဲပြီးတဲ့အခါ ဒီလိုဝိုင်းဝန်းရှာဖွေစုဆောင်း ပေးကြတာတွေအားလုံးကို မိသားစုထံအပ်နှံ သိမ်းဆည်း ထားမယ် ဆိုရင် တချိန်ချိန်မှာ စာရေးဆရာများအတွက် ပြတိုက်ကြီးမျိုးထူထောင်နိုင်တဲ့ အခါအများကြီး အကျိုးရှိစေပါလိမ့်မယ်။ ဒီလို စာပေပြတိုက်ကြီးမျိုးဟာ နောင်လာနောက်သားများအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတဲ့အရာဖြစ်လာမှာ သေချာပါတယ်။

စာပေဖွံ့ဖြိုးစည်ပင်ရေး
နောက်တခုကတော့ ကွယ်လွန်သူ ဆရာ၊ ဆရာမများရဲ့ စာပေလက်ရာတွေကို လေ့လာသုံးသပ်တဲ့စာတမ်းတွေ ပြုစုရေးသားကြဖို့ ဖြစ် ပါတယ်။ ရသဗေဒ ပညာရှင်က ရသပညာရှုဒေါင့်က သုံးသပ်၊ ဘာသာဗေဒ ပညာရှင်က ဘာသာဗေဒရှုဒေါင့်က သုံးသပ်၊ မနုဿဗေဒ သမားက မနုဿဗေဒရှုဒေါင့်က သုံးသပ်၊ နိုင်ငံရေးသမားက နိုင်ငံရေးရှုဒေါင့်က သုံးသပ်၊ ၀တ္ထုရေးနည်း အတတ်ပညာသမားက အတတ်ပညာရှုဒေါင့်က သုံးသပ်၊ ဝေဖန်ရေးသမားက ဝေဖန်ရေးရှုဒေါင့်က သုံးသပ်စသဖြင့် ဘက်ပေါင်းစုံက စိစစ်သုံးသပ်တဲ့စာတမ်း တွေ ၀ိုင်းဝန်းပြုစုကြ၊ စာတမ်းဖတ်ပွဲတွေ လုပ်ကြဆိုရင် မြန်မာစာပေဖွံ့ဖြိုးစည်ပင်ရေးအတွက် အများကြီးအထောက်အကူ ရနိုင်ပါတယ်။ ဆရာ၊ ဆရာမကြီးမျာကို တကယ်လေးစားဂါဝရပြုရာလည်း ရောက်ပါတယ်။ ဆရာ၊ ဆရာမကြီးတွေ နာမည်ခုတုံးလုပ်ပြီး ကိုယ့်စာ မဂ္ဂဇင်းပါအောင် လုပ်တာမျိုးကတော့ ရှက်စရာလည်း ကောင်းပါတယ်။

ပြီးပြီးရော မလုပ်စေချင်
တခါက အဲဒီလိုစုပေါင်းရေးသားထားတဲ့ အမှတ်တရစာအုပ်တအုပ်ကို မိတ်ဆွေသတင်းစာဆရာ အယ်ဒီတာဟောင်းကြီး တယောက် ဖတ်ဖို့ပေးလိုက်ပါတယ်။ မိတ်ဆွေက စာအုပ်ကို လှန်လှောကြည်ပြီး.... "စာအုပ်ဖြစ်ပြီးရော မလုပ်ဘဲ၊ လောက်လောက်လားလား လူ တွေပါအောင်တော့ ကြိုးစားကြဖို့ ကောင်းတယ်ဗျာ"လို့ ကောက်ချက်ချပါတယ်။ သူလည်း ပင်စင်စားမိတ်ဆွေပြောသလို "ဆင်ဖြူ တော်မှီကြံစုတ်" တာတွေများနေတယ်လို့ ယူဆထားပုံပါပဲ။ မိတ်ဆွေအယ်ဒီတာဟောင်း ပြန်သွားတော့မှ ဒီကိစ္စကို သေသေချာချာ စဉ်းစားကြည့်မိပါတယ်။ တဦးတယောက်ကို ခုတုံးလုပ်ပြီး အမြင့်ရောက်အောင်တက်ချင်တာတို့ "ဆင်ဖြူတော်မှီ ကြံစုတ်" လုပ်ချင်တာ တို့က နေရာတိုင်း ခေတ်တိုင်းမှာ ရှိနေတာပါ။ စာပေလောက တခုတည်းမှာသာရှိတာ မဟုတ်ပါဘူး။ စီးပွားရေးလောက်ကတို့မှာ ပို တောင်ဆိုးလိမ့်မယ် ထင်ပါတယ်။

တမွန်းတည့်ခံများ
စာပေလောကမှာ ဖြတ်လမ်းက၀င်လာ စတန့်ထွင်ပြီး နာမည်ကြီးအောင်လုပ်တာ၊ နောက်ဖေးပေါက်က တိုးဝင်ပြီးနေရာရအောင်လုပ် တာမျိုးတွေ ရှေးကလည်းရှိပါတယ်။ ခုခေတ်လည်းရှိပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးတွေဟာ နာမည်ကြီးချင်ကြီးသွားလိမ့်မယ်။ သြဇာ ကြီးတဲ့အဆင့်ထိတော့ မရောက်ပါဘူး။ စာပေသြဇာဆိုတာ "စတန့်"နဲ့ ထူထောင်လို့ ရတာမျိုးမှမဟုတ်တာ။ စတန့်သမားက ထွင်စက တော့ဝုန်းခနဲ နာမည်ကြီးသွားနိုင်ပါတယ်။ ဒါပေမယ့် "တမွန်းတည့်" ပဲခံပါလိမ့်မယ်။ သေသေချာချာ စဉ်းစားကြည့်တော့"စတန့်"ထွင်ပြီး နာမည်ကြီးအောင် လုပ်သူပဲဖြစ်စေ၊ "ဆင်ဖြူတော်မှီ ကြံစုတ်" သူပဲဖြစ်စေ သိပ်ပြီး အပြစ်မတင်ချင်ဘူး။ စာပေ၀ါသနာပါတဲ့ လူငယ်လေး တွေအနေနဲ့ သူတို့ရေးတဲ့စာ၊ မဂ္ဂဇင်းစာမျက်နှာတွေပေါ်ရောက်ဖို့က တော်တော်ခက်တာ မဟုတ်လား။ ဒီတော့ ဖြတ်လမ်းပဲဖြစ်ဖြစ် ခွေး တိုးပေါက်ပဲဖြစ်ဖြစ် တိုးလို့ရတဲ့အပေါက်က တိုးဝင်ကြမှာပဲ။ ဒါ သဘာဝကျပါတယ်။ လမ်းရိုးလမ်းဖြောင့် ဆိုတာရှည်လျားခက်ခဲ လှ တယ်လေ။ လူငယ်တွေဆိုတော့ ဘယ်စိတ်ရှည်မှာလဲ။

အယ်ဒီတာမှာ တာဝန်ရှိတယ်
စတန့်တွေနဲ့ ကြံစုတ်တဲ့လုပ်ရပ်တွေ စာမျက်နှာပေါ် ရောက်လာရတာက အယ်ဒီတာတွေမှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ အယ်ဒီတာဆို တာက စာမှော်ရုံတောကြီးထဲကနေပြီး စာကောင်းစာသန့်ကို ရွေးထုတ်ရတဲ့သူဖြစ်တယ်။ ရွေးထုတ်ပြီးတဲ့စာကို ကောင်းသထက် ကောင်းအောင်၊ သန့်သထက်သန့်အောင် ပြုပြင်တည်ဖြတ် လုပ်ပေးရပါတယ်။ မဂ္ဂဇင်းထဲမှာ မကောင်းတဲ့စာ၊ မသန့်တဲ့စာ ပါလာရင် အယ်ဒီတာ ညံ့ဖျင်းလို့သာ ဖြစ်တယ်။ သူမကောင်းတာကို မသန့်မှန်းမသိလို့ သူ့မဂ္ဂဇင်းထဲ ထည့်လိုက်တာပေါ့။ မှော်ရုံတောကြီးထဲမှာ စာတွေကစုံမှာပေါ့။ ကောင်းတာပါသလို ညံ့တာတွေ မကောင်းတာတွေလည်း ရှိမယ်လေ။ ဒါတွေကိုရွေးချယ်သန့်စင်ဖို့အတွက် အယ်ဒီ တာဆိုတာ ရှိနေရတာမဟုတ်လား။ ဖြတ်လမ်းက စတန့်ထွင်ပြီးဝင်လာပဲ ဖြစ်ဖြစ်၊ ဆင်ဖြူတော်မှီ ကြံစုတ်တာပဲဖြစ်ဖြစ်၊ အယ်ဒီတာက ရွေးချယ် ထည့်သွင်းလို့သာ စာဖတ်ပရိတ်သတ်ဆီ ရောက်လာရတာဖြစ်တယ်။ ဒါကြေင့် မဂ္ဂဇင်းထဲမှာ ပါသမျှစာမူတိုင်းအတွက် အယ် ဒီတာမှာသာတာဝန်ရှိပါတယ်လို့ ဆိုလိုက်ပါရစေ။

လူထုစိန်ဝင်း
ကလျာ မဂ္ဂဇင်း အောင်တိုဘာ ၂၀၀၉
[အင်တာနက်ကနေ မိတ်ဆွေတယောက်ပို့ပေးတဲ့ ဒီစာမူကို copy/paste လုပ်ပြီး မာယာက ဖောင်ပြခြင်း ဖြစ်ပါတယ်။ ဆောင်းပါးပို့ပေးတဲ့ မိတ်ဆွေကိုရော၊ ဆောင်းပါးကို ဇော်ဂျီ font နဲ့ ရိုက်တဲ့ မိတ်ဆွေကိုပါ မာယာက ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။]

1 comment:

Anonymous said...

Those are the good old days!! Thanks for sharing.