Tuesday, August 12, 2008

သူစိမ်းတွေကြားမှာ (၃)
ရေးသူ- နုနုရည် (အင်းဝ)






ဆိုး(လ်)မြို့ရဲ့ နံနက်ခင်းဟာ မနက်လင်းအားကြီး လေးနာရီမှာ စတင်ပါတယ်။ မနက် ငါးနာရီဆို မိုးထိန်ထိန်လင်းနေပါပြီ...။ ခုချိန် မနက်ခြောက်နာရီဆိုရင် မြန်မာပြည်မှာ သန်းခေါင်ကျော် မနက်သုံးနာရီခွဲ...။ ချစ်တဲ့သူတွေအားလုံး အိပ်ကောင်းတဲ့ အချိန်ပေါ့။ ကျွန်မရဲ့ ချစ်မြေးကလေးလဲ သူ့ရဲ့ ပိုးတီကောင် ဖက်လုံးကလေးကို လူကြီးလေးလို ခွပြီး အိပ်နေရှာတုန်း ပေါ့။ အဲဒီအချိန်မှာ မြေးကလေးရဲ့ အဖွားဟာ 'ဆန်ဝဲကုတ်' မြေအောက်ရထားဘူတာရုံမှာ၊ အဖော်မပါပဲ ရောက်နေတယ်ဆိုရင် မြေးကလေးရဲ့ အဖိုးကတော့၊ သိပ်ကိုစိုးရိမ်သွားလိမ့်မယ်။ နိုင်ငံတကာကို ဘယ်နှစ်ကြိမ်ပဲ သွားခဲ့၊ သွားခဲ့၊ (Subway) ခေါ် (Tube) ခေါ် (Metro) ခေါ် မြေအောက်ရထားကို တယောက်ထဲ မစီးတတ်ဖူး။ မစီးရဲဖူး ဆိုတာကို သိနေတဲ့ပြင် ငေးမိငေးရာ၊ တွေးမိတွေးရာ တွေးပြီး၊ လမ်းလဲ မမှတ်မိတတ်တဲ့ အကြောင်းကို ကောင်းကောင်း သိတာကိုး။

ကျွန်မကလဲ တကယ် ကျွန်မပါပဲ၊ တော်တော်ရှုပ်ထွေးတဲ့ မြေအောက်ရထားလမ်း ကြောင်း တွေနဲ့ စိတ်ရှုပ်မခံချင်တာလဲ ပါတယ်။ ပြီးတော့ မှီခိုနေရမယ့် သူတွေကလဲ၊ ဘယ်မှပဲ ဖြစ်ဖြစ် အဆင်သင့် ရှိနေတတ်တယ်လေ....။ အင်္ဂလန်မှာတုန်းကလဲ...၊ ချစ်သူငယ်ချင်း ဒေါ်နီတာနဲ့ ဒေါ်ကြည်၊ သူတို့မပါရင်လဲ တခြားနိုင်ငံက သူငယ်ချင်းတွေနဲ့..။ အမေရိကားမှာတုန်း ကလဲ နယူးယောက်နဲ့ ၀ါရှင်တန်မှာ ၀င်နီတို့၊ အန်တီလုံးတို့နဲ့...။ တခုလဲ ရှိတယ်၊ အဲဒီ မြေအောက်ရထား ရှိတဲ့နေရာမှာ ကျွန်မမှ အကြာကြီး မနေရတာကိုး။
အင်္ဂလန်မှာ ကျွန်မ အကြာကြီး နေရတဲ့ နေရာက မြေအောက်ရထားမရှိတဲ့၊ စက်ဘီးလေးတစင်းရှိရင် ကိစ္စပြီးတဲ့ ချစ်စရာ အောက်စဖိုဒ့် (Oxford) မြို့ကလေးမှာလေ..။ အမေရိကားမှာလဲ အဲလိုပဲ....။ (IWP) ရှိရာ အိုင်အိုဝါမြို့ကလေးမှာ မြေအောက်ရထားမှ မရှိတာ...။ အင်း.. နောက်တခုကလဲ လန်ဒန်မြေအောက်ရထားရဲ့ အသံဟာ အိမ်လွမ်းဒဏ်ရာ ရနေတဲ့ ကျွန်မကို ဘာဖြစ်လို့လဲမသိဖူး ပိုပြီး မအီမသာ ဖြစ်စေခဲ့ဖူးတယ်။ သေချာစဉ်းစား ကြည့်ရင်တော့ မြေအောက်ရထားဆိုတာကို စိုးရွံ့ရှောင်လွှဲချင်နေတာထဲမှာ 'မြေပုံ' ကြောက်တဲ့ ရောဂါလဲပါတယ်။ မြေပုံ ကြည့်တတ်၊ ဖတ်တတ်မှ မြေအောက်ရထားဆိုတာ သွားလို့ရတာ ကိုး...။
ကျွန်မမှတ်မိတာ...၊ မြေပုံဆိုတာကို မြန်မာပြည်မြေပုံ ဆိုတာကို စပြီး မြင်ဖူးတာ သုံးတန်းမှာပေါ့။ မြေပုံဆွဲတာကို စပြီး သင်ရတာ.... ။ စာရွက်ပေါ်မှာ ဆရာသင်တဲ့ လေးထောင့်အကွက်ချ၊ မျဉ်းဆွဲပြီး ဆွဲရတဲ့အခါ မြန်မာပြည်မြေပုံရဲ့ ခေါင်းပိုင်းကို တူအောင်၊ သပ်ရပ်အောင် မဆွဲတတ်လို့၊ စာရွက်ထိပ်ပိုင်းဟာ ခဲဖျက်အရာတွေနဲ့ မဲညစ်နေခဲ့ဖူးတယ်။ ဆွဲရအလွန်ခက်တဲ့ ခေါင်းပိုင်းဆိုတာကလွဲရင် 'မြေပုံ' ပညာရပ်နဲ့ ပတ်သက်ပြီး တခြား ကျွန်မ ဘာများသိဖူးခဲ့သလဲ..။ အင်း... မန္တလေး၊ ရန်ကုန်၊ ရှမ်းပြည်၊ ကချင်ပြည်၊ မြို့ကြီးတွေလောက် ကိုပဲ မြေပုံပေါ်မှာ မြင်ခဲ့ဖူးတယ်။ မီးရထားလမ်း၊ ကားလမ်း၊ မြေနီလမ်း၊ လေဆိပ်ဆိုတာတွေနဲ့ ဘယ်လိုမှ မရင်းနှီးခဲ့ဖူးဘူး.... ။ 'ပထ၀ီ' ဘာသာရပ်ကို ရှစ်တန်းထိ ဆက်သင်ခဲ့ရပေမယ့် မြေပုံအတတ်ပညာနဲ့ ပတ်သက်ပြီး စာတွေ့ရော၊ လက်တွေ့ရော ဘာမှ သိပ်မသိခဲ့ဖူး...။ ရှစ်တန်းထိပဲ ပထ၀ီသင်ဖူးတဲ့ ကျွန်မကထားပါတော့၊ 'ပထ၀ီ' အဓိကနဲ့ ကျောင်းပြီးတဲ့ ကျွန်မညီမလေး 'သီ' ဟာ မြေပုံလုံးဝ မကြည့်တတ်၊ မဖတ်တတ်တဲ့အတွက် သူ့ခင်ပွန်း 'ဆရာရဲ' က အံ့သြရယ်မောလို့မဆုံး..။ 'ပထ၀ီနဲ့ကျောင်းပြီးတယ်' ၊ 'ပထ၀ီနဲ့ဘွဲ့ရတယ်' နဲ့ နောက်ပြောင်လို့ မဆုံး....။ ဟုတ်တယ်လေ...။ သူတို့ကတော့ ဘယ်လိုနေရာမျိုးပဲ ဖြစ်ဖြစ်၊ မြေပုံတခုနဲ့ ရောက်အောင်သွားတတ်တဲ့ လူမျိုးတွေကိုး...။
ပြီးခဲ့တဲ့နှစ်၊ ဟောင်ကောင်မှာတုန်းကလဲ ရယ်ရသေးတော့တယ်။ အာရှစာပေဆုပေးပွဲ ကျွန်မ သွားတက်ရတုန်းက ဆရာရဲနဲ့ သီလဲ ဂျပန်ကနေ လာကြတယ်လေ။ သူတို့နှစ်ယောက် က ကျွန်မရဲ့ ဘာသာပြန်ဆရာတွေလဲ ဖြစ်တဲ့အပြင်၊ ကျွန်မရဲ့ 'ပြုံး၍လည်း.....' ကို ထုတ်ဝေမယ့် နယူးယောက်က ဟိုက်ပါနီရွန်စာအုပ်တိုက်ရဲ့ ကိုယ်စားလည် ဖြစ်တာကိုး။ အဲဒီမှာ ဟောင်ကောင်ရေအောက်ရထားကို စီးပြီး ဟောင်ကောင် ဟိုဘက်ကမ်း ဒီဘက်ကမ်း ဖြတ်ကြမယ်ဆိုတော့ ကျွန်မနဲ့သီ တောသူနှစ်ယောက်ဟာ ရင်တခုန်ခုန်နဲ့..။ ဘယ်လိုများလိမ့် ဆိုတဲ့ အတွေးကိုယ်စီနဲ့။ ရေအောက်ရထားနဲ့ မြစ်ကို ကူးဆဲ..။ ကျွန်မ မေးချင်တဲ့ မေးခွန်းကို 'သီ' က သူ့ခင်ပွန်း 'ဆရာရဲ' ကို မေးချလိုက်တာ..။ 'ဆရာရဲ... ရေအောက်ရထားဆိုပြီး ရေတွေလဲ ကျွန်မ မမြင်ရပါလား' တဲ့။ ဆရာရဲ ဖြေတယ်လေ...။ 'ရေကိုမြင်ရင် မင်းသေပါပြီတဲ့...' ။ ကဲ... ကြည့်ပါအုန်း၊ ကျွန်မတို့မှာ အဲဒီလို ဗဟုသုတ မရှိရှာတာပါ။
Subway (ခေါ်) မြေအောက်ရထား tube ရဲ့ မြေပုံ ကင်းခြေများတွေကို မြင်တာနဲ့ ခေါင်းရှုပ်ရှောင်ပြေးချင်တဲ့ ကျွန်မတယောက် 'ဂျူမုံ' တို့ တိုင်းပြည်မှာတော့ တည့်တည့်ကြီး တွေ့ပါပြီ...။ ဘယ်လိုမှ ရှောင်ပြေးလို့ မရတော့ပါဘူး..။ မှီခိုရမယ့်သူတွေကတော့ ဒီမှာလဲ ရှိရှာပါတယ်။ ဒါပေမယ့် နေရာတကာ ကျွန်မ မှီခိုလို့ မဖြစ်နိုင်ပြီ...။ မနက် ကိုးနာရီကနေ ညနေ ခြောက်နာရီထိ တကယ် အလုပ်လုပ်ကြတဲ့ သူတွေကို ကျွန်မဒုက္ခ မပေးရက်တော့ပြီ။ ကိုးရီးယားစာ၊ အင်္ဂလိပ်စာ နှစ်ဖြာပါတဲ့ မြေပုံအကြီးကြီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊ ရထား လိုင်းပြောင်းခြင်း၊ exit ဂိတ်ကို ထွက်ခြင်း၊ ရထားလက်မှတ်ထဲကို စက်ဖြင့် ၀ယ်ပြီး... ပိုက်ဆံထည့်ခြင်း..စတဲ့ မြေအောက်ရထားစီးခြင်းရဲ့ အဌာရသတွေကို မှီခိုသူများနဲ့ သွားရင်း..၊ ဘူတာအပြင်ကို မထွက်လို့ကတော့၊ မြေအောက်ရထား ဘူတာစဉ်၊ စုန်ချည်ဆန်ချည် ကြိုက်သလောက်စီး၊ '၀မ် ၉၀၀' ပဲ ပေးရတဲ့ ခရီးများစွာကို ကြိုက်သလောက် မှားရင်းနဲ့ 'လက်တွေ့မြေပုံပညာ' ကို အသက် ငါးဆယ်ကျမှ ကျွန်မသင်ပါပြီ...။
ဒီနေ့ဟာ ကျွန်မတယောက်ထဲ အဝေးဆုံးခရီးကို ပထမဆုံးအကြိမ် လက်တွေ့စမ်းသပ် ကွင်းဆင်းမဲ့နေ့ပေါ့။ ကျွန်မ မွေးစားသား 'ဘောကျော်'ကလေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ထမင်းစားဖိတ်ထားတဲ့အတွက် သူတို့နေတဲ့ 'ဆုန်ဝတီ' မြို့ကလေးကို ကျွန်မ သွားမှာ..။ ကျွန်မနေတဲ့နားကနေ အနီးဆုံး ဘူတာဖြစ်တဲ့ 'ဆန်ဝဲကုတ်' ဘူတာကနေ 'ယူဂျွန်ဘူ' (uijeongbu) ဘူတာအထိ ဆယ့်နှစ်ဘူတာ ကျွန်မ စီးရမယ်။ ပြီးတော့မှ 'ယူဂျွန်ဘူ' ကနေ 'ဆုန်ဝတီ' ကို ဘတ်စ်ကား မိနစ်နှစ်ဆယ်လောက် စီးရမယ်။ ယူဂျွန်ဘူ ဘူတာမှာ ဘော်ကျော်ကလေးဟာ စောင့်နေမှာ ဆိုပေမယ့်....၊ ဆယ့်နှစ်ဘူတာကြားမှာ ရထားပြောင်းရ ဦးမှာလေ....။
ကျွန်မက ဖြစ်တယ်၊ ကြိုးစားကြည့်မယ် ဆိုလို့သာ၊ ကျွန်မအကြောင်းသိတဲ့ ဘောကျော်က စိတ်မချဖူး။ မနေ့ညကကို g talk နဲ့ အနီးကပ်သင်တန်း ပို့ချရှာသေးတာ။ ရထား ပြောင်းစီးခြင်း ဘာသာရပ်ကိုလေ...။ကျွန်မခမျာ သေချာ နာယူရှာပါတယ်။ ဒါပေမယ့် ဘောကျော်တို့ လုပ်လိုက်ပုံ ကြည့်အုန်း....။
'ဆရာမ.. သိပြီနော်၊ ဆရာမတို့ဆီက စစီးတဲ့ လိုင်းက နံပါတ် (၆) လိုင်း၊ ဆရာမ နှစ်ဘူတာ စီးပြီးရင် 'ခရမ်းလိုင်း' ကို ချိန်းရမယ်...'
'ဘာ.. ခရမ်းလိုင်း.. ဟုတ်လား'
ကျွန်မက လန့်သွားပြီလေ....။ ကျွန်မသိတာ လေ့လာထားတာက ဆိုးလ်မြို့ မြေအောက်ရထားလိုင်း (၈) လိုင်းရှိတယ်။ နံပါတ် (၆) လိုင်းနဲ့ ကျွန်မစီးလာပြီး၊ နှစ်ဘူတာမြောက်မှာ နံပါတ် (၁) လိုင်းကို ပြောင်းရမယ်ဆိုတာ သိထားတာကိုး။
'ဟဲ့.. ဘောကျော်... (၁) လိုင်းမဟုတ်လား၊ ဘာ 'ခရမ်းလိုင်း' လဲ... ဒုက္ခပဲ...'
'ဟုတ်တယ်လေ ဆရာမ..၊ (၁) လိုင်းပဲလေ၊ ကျွန်တော်တို့က မြေပုံပေါ်က အရောင်တွေနဲ့ ခေါ်တာ၊ (၁) လိုင်းက ခရမ်းရောင်လေ...'
အော်.. ဖြစ်ရမယ်၊ ဘောကျော်တို့ကတော့၊ သူက တဟဲဟဲ ရယ်လို့...။
'ဘောကျော်ရေ.. ခရမ်းသုံးခွဖက်တော့ ရောက်မသွားလောက်ဖူးနော်' လို့ ကျွန်မနောက်တော့ ကလေးတယောက်လို ရယ်မောလို့ မဆုံး...။ တကယ်တော့... ဒီကလေး တွေတောင် ကလေးမဟုတ်တော့ပြီ..။ အသက် သုံးဆယ် ကျော်ခဲ့ပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် က ကျွန်မတို့ အိမ်မှာ တရုန်းရုန်းနဲ့ ၀င်ထွက်သွားလာ စားသောက်ပျော်ပါး ခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသား ကျောင်းသူ၊ မွေးစားသားသမီးတွေထဲမှာ ခြောက်ပေနီးပါး အရပ်ကြီးတွေနဲ့၊ အသားညိုညိုမှောင်မှောင်၊ ထွားထွားကျိုင်းကျိုင်း ညီအကို နှစ်ယောက်ကို ကျွန်မတို့က။ ချစ်စနိုးနဲ့ (ဘီလူးညီနောင်ကို အစွဲပြုပြီး) 'ဘောကျော်' နဲ့ 'ဘောသော' ဆိုပြီး နံမည်ပေးခဲ့ကြတာ။ သူတို့မိဘများက ပြည့်စုံကြပေမယ့် ညီအကို နှစ်ယောက်စလုံးက အလုပ်သိတ်လုပ်ချင်ကြတဲ့ ကလေးတွေ။ ဒါပေမယ့် မတူတာတခုက အငယ်ကောင် 'ဘောကျော်' က နိုင်ငံရပ်ခြားမှာ စွန့်စားသွားလာ၊ စီးပွါးရှာချင်သူ...။ အကြီးကောင်ကြီးက ကိုယ့်နိုင်ငံကနေ တဖ၀ါးမှ မခွါချင်တဲ့သူ။ ခုချိန်မှာတော့ သူတို့ ဆန္ဒလေးတွေအတိုင်း နေနိုင်ခဲ့ပြီလို့ ပြောရမှာပေါ့လေ။ ကြင်ယာတွေလဲ စုံခဲ့ကြပြီ။
ကိုယ့်အတွေးနဲ့ကိုယ် တွေးလို့ ငေးကောင်းနေတုန်း ဖြတ်ဆို ၀ိုင်းဝိုင်းရဲ့ သီချင်းသံ ပေါ်လာတော့ လန့်သွားသေးတယ်။ မြေအောက်ရထားဘူတာရုံက ဖွင့်လိုက်တာ မဟုတ်ပါဖူး။ ကျွန်မအိတ်ထဲက မိုဘိုင်းဖုံးက ထအော်တာပါ။ ဖုန်းကို ဖွင့်ရင်း ထုံးစံအတိုင်း တောင်ပြေးရမလို၊ မြောက်ပြေးရမလို ဖြစ်သွားသေးတယ်လေ...။ ပြီးမှ တယောက်ထဲ ရှက်မိတယ်။
'ဟဲလို...'
'ဟဲလို.. ဆရာမ.. ဘယ်ရောက်နေပြီလဲ'
'အောင်မာ.. အခု..'ခရမ်းလိုင်း' ပေါ် ရောက်နေပါပြီ၊ ဘောကျော်ရဲ့၊ အောင်မြင်စွာ ရထားပြောင်းပြီးပါပြီ......'
'ဟုတ်ပြီဆရာမ.. ဒါဆို ကျွန်တော် စိတ်ချပြီ...၊ 'ယူဂျွန်ဘူ' ကျ ဆရာမ ဆင်းလိုက်ရုံပဲ.. ကျွန်တော်ရှိနေမယ်၊ အခု.. ကျွန်တော် 'ဆုန်ဝတီ' က ထွက်လာနေပြီ...'
'အေး..အေး..၊ ဟုတ်ပြီ...၊ စိတ်မပူနဲ့၊ ဒါပဲနော်...'
ခရမ်းလိုင်းပေါ်မှာ မြေအောက်ရထားဟာ မြေပေါ်ရောက်သွားပြီး မြေပေါ်ရထားအဖြစ်နဲ့ ဆက်လက်မောင်းနှင် ထွက်ခွါနေပါပြီ...။ ဆိုးလ်မြို့ကို ဖြစ်သန်းစီးဆင်းနေတဲ့ 'ဟန်'မြစ် တံတားပေါ်ကို ဖြတ်ကျော်တဲ့အချိန်မှာပဲ တယောသံစုံတီးဝိုင်း 'ပလေး' တဲ့ ဂီတသံက ထွက်ပေါ် လာခဲ့ပါတယ်။ မြေအောက်ရထားထဲမှာ အဲယားကွန်းကို အေးစိမ့်နေအောင် ဖွင့်ထားတတ် သလို တယောသံစုံ ဂီတသံကလေးကိုလဲ ဖွင့်ထားတတ်တယ်။
ခုလိုလေး စိတ်အေးချမ်းသာစွာနဲ့ လမ်းမှားမှာ ဘူတာမှားမှာကို စိုးရိမ်ကြောင့်ကြစရာ မလိုတဲ့ အချိန်မျိုးမှာ သံစုံတယောသံဟာ အင်မတန် ခံစားယစ်မူးဖို့ ကောင်းပေမယ့် တယောက်ထဲ လမ်းမှား၊ ဘူတာမှားနေတဲ့ အချိန်မျိုးကျရင်တော့ စိုးရိမ်ထိတ်လန့်ဖွယ် ဂီတသံအဖြစ် ပြောင်းလဲသွားတယ်။ ကျွန်မအတွက်တော့ မြေအောက်ရထားတယောသံဟာ နောက်ခံတေးဂီတပဲ...။
ရထားမှန်ပြူတင်းကနေ 'ဟန်' မြစ်နဘေးက ထိုင်ခုံလေးတွေကို လှမ်းမြင်ရတော့ ကိုးရီးယားရုပ်ရှင်တွေရဲ့ ဇာတ်ဝင်ခန်းတွေကို မြင်ယောင်မိတယ်။ ဒီ 'ဟန်' မြစ်ကမ်းနဘေးက ထိုင်ခုံကလေးတွေပေါ်မှာ ချစ်စကား ဆိုကြ၊ ခွဲခွါစကားဆိုကြ၊ ၀မ်းနည်းကြ၊ ဒေါသဖြစ်ကြ၊ ပေါက်ကွဲကြတာလေ......။
'ရထားစီး ခရီးသည်များရှင်၊ မကြာခင် ရောက်ရှိမယ့် ဘူတာကတော့ 'ချန်ဒုံ' ဘူတာဖြစ်ပါတယ်။ 'ချန်ဒုံ' ဘူတာကနေ လိုင်းနံပါတ် (၄)ကို ပြောင်းနိုင်ပါတယ်'
မြေအောက်ရထားမှာတော့ ကိုးရီးယားလိုရော၊ အင်္ဂလိပ်လိုရော ကြေငြာပေးလို့..... တော်သေးတာပေါ့။ ကျွန်မမြေပုံကိုကြည့်လိုက်တော့၊ 'ချန်ဒုံ' ဘူတာပြီးရင် နောက်ထပ် ငါးဘူတာစီးပြီးမှ ကျွန်မဆင်းရမယ့် နေရာကို ရောက်မှာ၊ အေးအေးဆေးဆေးပဲလို့ တွေးနေဆဲမှာပဲ ချန်ဒုံဘူတာကို ရထားဝင်လာခဲ့ပါတယ်။ တွဲထဲမှာရှိတဲ့ ခရီးသည်တော်တော် များများ ထရပ်လိုက်ကြတော့၊ အော်.... ဒီမှာဆင်းမယ့်လူ၊ ရထားပြောင်းမယ့်လူတွေ တော်တော်များတာပဲလို့ ထင်နေဆဲ၊ ရထားတံခါးဖွင့်တာနဲ့.... ဆင်းသွားလိုက်ကြတာ၊ တွဲပေါ်မှာ ကျွန်မတယောက်ပဲ ကျန်တော့တယ်...။ ရထားစပီကာက ကိုးရီးယားစကားသံကလဲ မရပ်မနားထွက်နေတော့ ကျွန်မနဲနဲတော့ ထိတ်ကနဲ ဖြစ်သွားပြီ...။ ချက်ချင်းဆိုသလို ကျွန်မရဲ့တယောသံ နောက်ခံဂီတကလဲ ပြောင်းလဲသွားပါပြီ.... ။ ကျွန်မအိတ်ထဲက တယ်လီဖုံးလေးကို အားကိုးတကြီး စမ်းသပ်လိုက်တုန်းမှာပဲ ကျွန်မတို့ တွဲပေါ်က ဆင်းသွားတဲ့ ကိုးရီးယားအဖိုးကြီးတယောက်ဟာ ဖြတ်ဆို တွဲပေါ် ပြန်တက်လာပြီး၊ ကျွန်မကို လက်ဟန် ခြေဟန်တွေနဲ့ ပြရှာတော့တာပဲ..။ ကျွန်မကို ဆင်းခိုင်းတာ...။ ဒီရထားက ဆက်မထွက် တော့ဖူး..၊ ဂိတ်ဆုံးပြီဆိုတဲ့သဘောမျိုး သူကပြောရှာတာ..။
ကျွန်မမှာ ဆင်းရတာပေါ့..။ အော်.... ဒီလိုလဲ ရှိတာကိုးဆိုပြီး.. ဘောကျော်ကို ဖုံးဆက်ဖို့ ပြင်ပေမယ့်.. ကိုးရီးယားအဖိုးကြီးက တော်ရှာပါတယ်။ ကျွန်မဆက်စီးရမယ့် ခရမ်းလိုင်းက နောက်ရထားတစင်းဆီကို အရောက်ပို့ပေးရှာပါတယ်။ (ဂမ်ဆမ်မီသာ ဟာရာဘူးဂျီ) ကျေးဇူးတင်ပါတယ် အဖိုးရေပေါ့။
အဲဒီအဖိုးဟာ ရထားပေါ်မှာ သူတို့ အသက်ကြီးသူများ သီးသန့်ထိုင်ဖို့ ထားပေးတဲ့ ခုံမှာ ထိုင်နေရင်းကနေ ခဏခဏ မြေပုံထုတ်ကြည့်နေတဲ့ ကျွန်မကိုလှမ်း၊ လှမ်းကြည့်နေတာ ကျွန်မသတိထားမိတယ်။
ယူဂျွန်ဘူတာမှာ အရပ်ကြီး မားမား၊ မားမားနဲ့၊ အဝေးကပင် မြင်နိုင်တဲ့ 'မောင်ဘောကျော်' နဲ့ တွေ့တော့မှ ကျွန်မမှာ ရီနိုင်တော့တာ....။
'အဲဒီလိုပဲ ဆရာမရဲ့၊ ဖြစ်တတ်တယ်၊ တချို့ ရထားတွေက အဲလိုပဲ ဂိတ်ဆုံးတတ်တယ်။ သူတို့ ဘယ်မှာ ဂိတ်ဆုံးတယ်ဆိုတာ ရထားခေါင်းမှာ ရေးထားတယ်လေ...၊ အခု ဆရာမ စီးလာတဲ့ ရထားဆို 'ချန်ဒုံ' လို့ ရေးထားလိမ့်မယ်...'
'အေးလေ၊ ဒါပေမယ့် ဖတ်မှ မဖတ်တတ်တာ..၊ ကိုးရီးယားစာဆိုလို့ '၀လုံး' တွေကလွဲရင် ဘာမှ, မှမသိတာ..'
ဘောကျော်ကတော့ သူ့ထုံးစံအတိုင်း ကလေးတယောက်လို တဟဲဟဲရယ်လို့။
'ဆရာမ၊ ရထားပေါ်မှ ဈေးမ၀ယ်ခဲ့ဘူးလား..'
'ဟင့်အင်း.. ဒီတခါတွေ့တာက သိပ်စိတ်ဝင်စားစရာ မကောင်းဖူးကွ၊ ကျောအယား ဖျောက်တဲ့ 'ကျောကုတ်တံ'၊ 'ဆမ်ချွန်းနွန်' တဲ့၊ သုံးထောင်မတန်ဖူး...။ ဒို့ဆီမှာလဲရှိတယ်၊ ဟိုတခါတွေ့တဲ့ လက်အိတ်မျိုးလိုဟာဆို မဆိုးဖူးကွာ၊ လက်မောင်းရင်းထိ စွပ်လို့ရတဲ့ ရာဘာ လက်အိတ်အပျော့လေ...'
'အော်.. အဲဒါ ဆောင်းတွင်းမှာ ဆိုင်ကယ်တွေ ဘာတွေစီးရင် စွပ်ကြတာလေ..'
'အော်.. ဘာဖြစ်ဖြစ် ရထားပေါ်မှာ သူတို့ရောင်းတဲ့ ပစ္စည်းလေးတွေက စိတ်ဝင်စားစရာ လေးတွေချည့်ပဲ...၊ ဘောကျော်ရေ.. ဈေးရောင်းတဲ့ သူကိုလဲ ကြည့်အုန်းဟဲ့..၊ ဟန်းဖုံးခါးချိတ် လို့၊ 'နိုက်' တဆိပ် ဝေါ့ကင်းရှူးနဲ့၊ ဂျင်းဘောင်းဘီနဲ့၊ စပို့ရှပ် အကောင်းစားနဲ့'
'အင်းလေ....'
ကျွန်မတို့နှစ်ယောက် စကားတပြောပြောနဲ့ ချစ်စရာ 'ဆုန်ဝတီ' မြို့ကလေးကို ရောက်ခဲ့ပါပြီ။ ဘောကျော်နဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာများ၊ ပျော်စံရာ ဆုန်ဝတီမြို့ကလေးဟာ တောင်တွေ ပတ်လည်ဝိုင်းရံလို့၊ သစ်ပင်တွေနဲ့ စိမ်းမြသန့်ရှင်းလို့၊ အေးချမ်းတဲ့ မြို့ကလေးပါ။ ဒီမြို့ကလေးတ၀ိုက်မှာ စက်ရုံအလုပ်ရုံတွေ အများကြီးရှိတယ်လေ..။ ကျွန်မတို့ မြန်မာအလုပ် သမားတွေနဲ့ အတူ ဘင်္ဂလာဒေ့ရှ်၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဖီလစ်ပိုင်၊ ထိုင်း စတဲ့ စတဲ့ နိုင်ငံတွေက အလုပ်သမားတွေလဲ ဒီမှာ ရှိကြရှာတာပေါ့။
'ဆရာမရေ... အခု.. ဒီက လှမ်းမြင်နေရတဲ့... ဟိုးတောင်တွေပေါ်ကို ကြည့်လိုက်ပါအုန်း၊ ပြီးခဲ့တဲ့ တပါတ်ကပဲ၊ အဲဒီတောင်တွေပေါ်မှာ...၊ သေပြေးရှင်ပြေး ပြေးခဲ့ရတာ..၊ Immegration က စက်ရုံထဲ ၀င်ဖမ်းလို့လေ..၊ ဆရာမရယ်၊ ရုပ်ရှင်ထဲကလိုပဲ သိလား၊ အဲဒီနေ့ကလဲ ဖြစ်ချင်လို့ပါ၊ စက်ရုံတံခါးမကြီးက အရင်ဆို ပိတ်ထားတာ၊ အဲဒီနေ့က ဖွင့်ထားမိတော့၊ သူတို့ကား ဝေါကနဲဝင်ချလာတဲ့အချိန်မှာ၊ ဘာလုပ်ရမှန်းမသိတော့ဘူး၊ တကယ်တမ်းကျ အဖမ်းအဆီး ရှိတယ်ဆိုရင် တခြားစက်ရုံတွေမှာ ၀င်နေပြီ ဆိုရင် အချင်းချင်း ဖုန်းတွေနဲ့ လှမ်းပြောကြတာလေ၊ ဗြုန်းဆို ရှောင်တခင် ၀င်တဲ့ဟာမျိုးကျ ဘယ်လိုမှ မတတ်နိုင်ဘူးပေါ့၊ ကျနော်တို့က နေ့လည်စာ ထမင်းစားမလို့ လုပ်နေတုန်း... ၊ ကားကလဲ ဝေါကနဲ ၀င်ချလာရော၊ မှန်ပြတင်းကလေးကနေ မြင်တာနဲ့ အခန်းတံခါးကို သော့ပိတ်ပြီး၊ နောက်ဖေးပြူတင်းပေါက်က ခုန်ချပြေးကြတာ၊ သူတို့ကလဲ လိုက်တာပဲ...၊ ဆရာမရယ်.. ပြေးစရာကလဲ တောင်ပေါ်ပဲရှိတော့ အဲဒီတောင်ပေါ်က တောအုပ်တွေထဲမှာ ပြေးရတာပေါ့...။ ဟာ.. ဇောနဲ့သာ ပြေးရတာ ဆရာမ ရေ.. ၊ တကယ်ပြေးတော့၊ ကြာကြာ ဘယ်ပြေးနိုင်မလဲ..၊ အမောဆို့လာတာပေါ့၊ တောအုပ်ကြီး က အရှည်ကြီး၊ တောင်တွေကလဲ အများကြီး ဥစ္စာ၊ တအားမောလာတော့ ဘယ်လိုမှ မတတ် နိုင်ဘူး.. ခြုံပုတ်တွေထဲမှာ ပစ်လှဲပြီး ပုန်းပဲနေရတော့တာ..။ သူတို့က လူတွေက အများကြီး တတောင်လုံး တတောလုံးကို ဖြန့်ပြီးမှ ဖြည်းဖြည်းချင်း လိုက်တာ...။
ဆရာမရယ်... Immegration နှစ်ယောက်ကလေ၊ ကျနော်နဲ့ လက်တကမ်းအကွာမှာ..၊ ဖြေးဖြေးချင်း လာနေတာ..၊ ကျနော်ဝပ်နေတဲ့ ခြုံပုတ်ကလဲ ခပ်ပါးပါးရယ်၊ ကျနော်က ထပြီးပြေး လို့လဲ မဖြစ်တော့ဘူး.. ၊ တကယ်ပြေးလဲ မပြေးနိုင်တော့ပါဘူး... သူတို့နဲ့ တဖြည်းဖြည်းနီး လာလေ၊ လူက တအားတုန်လှုပ်လေ၊ သူတို့ကို မြင်နေရတာကိုး၊ ကျနော်လေ.. နောက်ဆုံးတော့ မျက်စိကို စုံမှိတ်ထားလိုက်တော့တာပဲ....'
ဘောကျော်ကလေးရဲ့ စကားကို နားထောင်ရင်းနဲ့ အသက်ကိုတောင်မှ ကျွန်မ မရှူရဲခဲ့ပါဖူး.....။
'သူတို့ ကျွန်တော့်ကို ကျော်သွားကြတယ်ဆရာမ..။ ကျွန်တော်တို့ထဲက မပြေးနိုင်တော့ တဲ့ နှစ်ယောက်မိသွားတယ်၊ တချို့ကျတော့ တောအုပ်အစပ်က သံဆူးကြိုးတွေပေါ်က ကျော်ချတာ ပေါင်တွေ ခြေသလုံးတွေမှာ ဒဏ်ရာတွေ ရစရာ မရှိဖူး၊ ကျနော့် ခြေထောက်တွေ လဲ အဲလိုပဲ.. ဖိနပ်မပါပဲ ပြေးရတော့......'
တော်ပါတော့ကလေးရယ် မပြောပါနဲ့တော့..၊ နားမထောင်ပါရစေနဲ့တော့...။
ယုံတမ်းပုံပြင်၊ စိတ်ကူးယဉ်မဟုတ်တဲ့ ဘောကျော်ကလေးလို ဇာတ်လမ်းပေါင်းများစွာ ကို ထမင်းလက်ဆုံ စားကြရင်း ဘောကျော်ကလေးရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို ပြောပြခဲ့ကြတယ်။
ဒီတနင်္ဂနွေထမင်းဝိုင်းအတွက် စနေတညလုံး 'ကိုအေးချို' စီစဉ်ချက်ပြုတ်ခဲ့တဲ့ ကျွန်မတို့ မြန်မာထမင်းဟင်းတွေကိုလဲ ကြည့်ပါအုန်း...။ ၀က်သားနှပ်ပေါင်း၊ ငါးရံ့မုံလာဥချဉ်ရည်၊ ကြက်သဲကြက်မြစ်ဟင်း၊ ပုဇွန်ဟင်း၊ ခရမ်းသီးနှပ်၊ ချဉ်ပေါင်ကြော်၊ ပဲပြားသုပ်၊ ငါးပိတို့စရာအစုံ (ဒညင်းသီးပြုတ်တောင်ပါသေးတယ်)။ ယောင်နောက်ဆံထုံးပါလာတဲ့ 'ထိုင်းမလေး' ရဲ့ 'တုမ့်ရမ်' ထိုင်းဟင်းတောင် ပါလိုက်သေးတယ်။
ဒီထမင်းဝိုင်းကို ကျွန်မဘယ်လိုလုပ် မေ့နိုင်မှာလဲ။
ရန်ကုန်မှာ ကျွန်မအိမ်ကို မဂ္ဂဇင်းဓါတ်ပုံဆရာအနေနဲ့ ရောက်ခဲ့ဖူးတဲ့ 'ကိုသန်းဦး' က ကျွန်မအိမ်မှာ သူစားခဲ့ဖူးတဲ့ ကျွန်မလက်ရာ '၀က်သားမျှစ်ချဉ်' ကို တဖွဖွ ပြောလို့မဆုံး...။ သူအမှတ်တရပေးရှာတဲ့ ကိုးရီးယားဖြစ်စာအုပ်လေးတွေနဲ့ ဘောလ်ပင်လေးတွေ..။ အခု ဒီစာကို အဲဒီစာရွက်၊ ဘော်ပင်တွေနဲ့ ကျွန်မရေးနေတာပါ..။
မိဘတွေကို လုပ်ကျွေးနေရှာတဲ့ လူပျိုကြီး 'ဦးဝင်းနိုင်' ကတော့ သိပ်လှတဲ့ ကိုးရီးယား မိတ် အင်္ကျီကလေးကို ကျွန်မအတွက်တဲ့..။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က (၁၉၈၆)ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ် စာပေ ဟောပြောပွဲမှာ စက်မှုတက္ကသိုလ် ကျောင်းသားတယောက်အနေနဲ့ နားထောင်ခဲ့ဖူးတဲ့...၊ ကိုဌေးဝင်းကတော့ အဲဒီတုန်းက စာပေဟောပြောပွဲကို စားမြုံ့ပြန်လို့ မဆုံး..။ လွမ်းစရာပါ။ ကျွန်မရယ်၊ မရှိရှာတော့တဲ့ အကိုကြီး 'ဆရာငြိမ်းကျော်' ရယ်၊ မောင်စိန်ဝင်း(ပုတီးကုန်း) ရယ်ပေါ့။ စက်မှုတက္ကသိုလ်ကျောင်းဆင်း ဆရာမောင်ဂွစာ(ပုတီးကုန်း)က-
"ကျွန်တော်ဟာ ကျွန်တော့်ကျောင်းကို ဘယ်လောက်ချစ်သလဲဆိုရင်၊ ခြောက်နှစ်နေရ မှာကို၊ ရှစ်နှစ်တောင် နေပစ်လိုက်မိပါတယ်၊ ကျောင်းတော်ကြီးကို ကျွန်တော့်လောက် မချစ်ဖို့ တောင်းပန်ပါတယ်" လို့ ပြောလိုက်တဲ့အခါ 'ဟေး' ကနဲ အော်လိုက်ကြတဲ့၊ ခန်းလုံးပြည့်လျှံ၊ ကျောင်းသားထုကြီးရဲ့အသံကို ခုထိ ကြားယောင်နေသေးတယ်။
အဲဒီနေ့က ကျွန်မအတွက် အမှတ်တရ ရေးပေးလိုက်ကြတာလေးတွေကိုလဲ ကြည့်ပါ အုန်း....။

ကိုဝင်းနိုင်- ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ပါစေ...။
ကိုအေးချို- ၂၀/ ၇/ ၂၀၀၈ နေ့မှာ အမှတ်တရ ရှိခဲ့ပြီ....။
ကိုသိန်းဦး- အမ.. ကျန်းမာရေးကောင်းပြီး၊ စာအများကြီး ဆက်ရေးနိုင်ပါစေ..။
ကိုဌေးဝင်း- အနှစ်နှစ်ဆယ်ကျော်က ဆုံခဲ့ဖူးတဲ့ ဆရာမကို ပြန်တွေ့ရတဲ့အတွက်၊ အများကြီး ၀မ်းသာမိပါတယ်...။
ကိုသာစိုး- ဆရာမ၊ စာပေခရီးမှာ ကြာရှည်စွာ ဆက်လက်ရှင်သန်နိုင်ပါစေ...။
ကိုကျော်မိုး- ဆရာမကို အရမ်းသတိရတဲ့....။
ကိုမြင့်ဇော်- ဆရာမ ပိုပြီး အောင်မြင်နိုင်ပါစေ...။
ကိုအောင်ဇော်မြင့်- ယနေ့မှစ၍ နှစ်, ရာကျော်တိုင် အသက်ရှည်ပါစေ။
ကိုဝေယံ- မြန်မာလူမျိုးတယောက်ဖြစ်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်နိုင်ပါစေ..။
ကိုတင်အောင်ဝင်း- ဆရာမ ၀တ္ထုတွေအများကြီး ရေးနိုင်တွေးနိုင်ပါစေ...။
ကိုကျော်မင်းထွန်း- ၂၀/ ၇/ ၂၀၀၈ နေ့ကို ဘယ်တော့မှ မမေ့တော့ပါဘူး..။ ကိုးရီးယားနိုင်ငံ သူစိမ်းတွေကြားမှာ၊ ဆရာမတယောက် အဆင်ပြေ ချောမွေ့ပါစေ။
ကိုမျိုးဇော်- ဆရာမ.. ဒီထက်ပိုပြီး အောင်မြင်ကျော်ကြားပါစေ..။
ကိုသန်းထိုက်အောင်- 20-7-08 အမှတ်တရ ထမင်းလက်ဆုံစားရတဲ့အတွက် ဂုဏ်ယူမိပါတယ်။
ကိုနိုင်လင်း(၁)- အဖန်တလဲလဲ သေရခြင်းဒုက္ခမှ လွတ်မြောက်နိုင်ပါစေ။
ကိုနိုင်လင်း(၂)- ဆရာမ ဒီထက်အောင်မြင်ကျော်ကြားပြီး သံသရာမှ လွတ်မြောက် နိုင်ပါစေ။
May Joi- It was nice seeing Myanmar people get along with other nationality. Hope it will be a tradition keep up the good work.
Phorn- မင်္ဂလာပါ၊ ထမင်းအတူစားရတဲ့အတွက်၊ ထိုင်းလူမျိုးတယောက်အနေနဲ့ ၀မ်းသာပါတယ်၊ ကံကောင်းပါစေ။
Ms. Kim (Korean)- အရာအားလုံးကို ကျေးဇူးတင်ပြီး၊ ကံကောင်းခြင်းများနှင့် ပြီးပြည့်စံနိုင်ပါစေ၊ ကျန်းမာရေး ဂရုစိုက်ပါရှင့်...။
Kim Gi Nar( Myanmar-Korean)- တွေ့ရတာ ၀မ်းသာပါတယ်ရှင့်.....။
(သမီးလေး)
ကိုသန်းဇော်- သုခချမ်းသာအပေါင်း ပြည့်စုံပါစေသော်...။

စာရွက်ကလေးတွေကို အပြန်လမ်း၊ ရထားပေါ်မှာ ဖတ်လို့ မ၀နိုင်ခဲ့ဖူး။ ကိုယ့်လူမျိုးကို၊ ကိုယ့်တိုင်းပြည်ကို၊ ချစ်ခင်တွယ်တာတတ်လွန်းတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ...။ ယဉ်ကျေးပြီး၊ အားနာတတ်တဲ့ ကျွန်မတို့ လူမျိုးတွေ...။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်သလား၊ ထင်မိလေသလား မသိ၊ တခြားနိုင်ငံတွေက အလုပ်လာလုပ်သူများနဲ့ ကျွန်မတို့ လူမျိုးနဲ့ သိသိသာသာကြီး ကွာနေတဲ့အချက်က အပြုအမူ၊ အနေအထိုင်၊ အပြောအဆို ယဉ်ကျေးသိမ်မွေ့နေခြင်းပဲ.....။ အော်..... များသောအားဖြင့်ပညာတတ်တွေကိုးလေး....။
'ဘောကျော်ကလေး' ကိုလဲ ကျွန်မမယ် ကျေးဇူးတင်စကား ပြောရပါသေးတယ်။ သူ့ lap top ကွန်ပြူတာလေးကို ကျွမ်းကျင်စွာသုံးရင်း၊ သူ့ဝါသနာ၊ ကင်မရာ၊ ကွန်ပြူတာ အကြောင်း ရှင်းပြနေတဲ့ ဒီကလေးကို ပညာတပိုင်းတစနဲ့ သူဝေးရပ်မြေခြား ထွက်မသွားခင်၊ ကျွန်မက မှာခဲ့ဖူးတယ်။ 'ဘောကျော်ရေ.. ၀ါသနာနဲ့ အလုပ်နဲ့ တထပ်တည်း မကျပဲ လုပ်နေရတဲ့ အချိန်မျိုးမှာ ကိုယ့်ဝါသနာကို မေ့မထားလိုက်နဲ့နော်။ ရသမျှ အချိန်လေးတွေ ထဲကနေပြီး ၀ါသနာပါတာကို ရအောင်လုပ်ပါ..။ ပညာတခုခုကိုလဲ ရအောင်သင်ပါ' လို့လေ.....။ ကျွန်မစကားကို နားထောင်ရှာတဲ့ ဒီကလေးကို ကျွန်မတကယ် ကျေးဇူးတင်ပါတယ်။
'နောက်နှစ်လောက်ဆိုရင်တော့ ကျွန်တော်ပြန်တော့မယ် ဆရာမရယ်၊ လွမ်းလှပြီ'... တဲ့။
အို.... ဒါလဲ၊ ဝေးရပ်မြေခြားက ကျွန်မတို့လူမျိုးတွေရဲ့ တညီတညွတ်တည်း တူညီတဲ့ အချက်ပါ။
ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ဘယ်လောက်ပဲ ပြည့်စုံပေမယ့် သူစိမ်းတွေကြားမှာ...၊ ဘယ်သူပျော်နိုင်မှာလဲ...၊ ကိုယ့်အိမ်ကိုပဲ လွမ်းပြီး ပြန်ချင်နေကြတာပါ....။
အဲဒီအထဲမှာ... အခုဆိုရင် သုံးလထဲကို ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်တဲ့... ကျွန်မ တယောက်လဲ ပါ..ပါတယ်။
လွမ်းရက်တွေကို ဖြတ်ကျော်ရတာ တကယ့်ကို ခက်ခဲပင်ပန်းလှချည်ရဲ့....။

နုနုရည်(အင်းဝ)
(3 August 2008 KNUA)

Sunday, August 10, 2008

စိမ်းတော့ပြီလား ခရွမ်ထေ့ပ်(Krung Thep)ရေ.....
ရေးသူ- မောင်မင်းရာ






ဒုံမောင်း(Don Mueang) လေဆိပ်တံခါးကနေ အပြင်ဘက်ကို ခြေတလှမ်း လှမ်းလိုက် ရုံရှိသေး၊ ရှိန်းခနဲ အပူဟပ်သလို ခံစားလိုက်ရတယ်။ ဒီဇင်ဘာထဲမှာလေ.... ဘာလို့ ဒီလောက်ပူ နေရ တာလဲ....။ နွေလည်ခေါင် ပူတဲ့ရာသီလဲ မဟုတ်ပဲနဲ့.....။
မကြာလောက်ဘူးလို့ ထင်ရတဲ့ ရှစ်နှစ်တာကာလအတွင်းမှာ ရာသီက ကိုယ့်အပေါ် အတော်စိမ်းကား သွားပါလား...။
ပူရတဲ့အထဲ တက္ကစီသမားကလဲ တက္ကစီမီတာရဲ့ ကျတဲ့အခ အပြင် ဘတ်ခြောက်ဆယ် အပိုထပ်ပေးမှ လိုက်နိုင်မယ်ဆိုပြီး အချဉ်လာဖမ်းနေတယ်။ ပူပူလောင်လောင်နဲ့ လေက အသက်ရှူ မ၀ရတဲ့အထဲ ဒင်းနဲ့ အငြင်းအခုန်လုပ်နေဖို့ စိတ်မရှည်တာနဲ့ အောင့်သက်သက်နဲ့ သဘောတူလိုက်ရတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရင်ထဲမှာတော့ ကိုယ့်ပြေကိုယ့်ရွာကို ပြန်ရောက်ရသလို ခံစားလိုက် ရတယ်...... ၊ ၀မ်းသာလိုက်တာလဲ မပြောပါနဲ့တော့။ အပြင်မှာ ဘယ်လောက်ပူပူ ရင်ထဲမှာ အေးမြလျက်.......။


လမ်းလယ်ခေါင်မှာ ထိုးထိုးထောင်ထောင်နဲ့ ခေါင်းပေါ်ကမိုးထားတဲ့လမ်းက မိုးပျံရထား လမ်းတဲ့။ ရထားကတော့ ခရီးသည်မပါပဲ စမ်းသပ်ပြေးကြည့်နေတုန်း။ ရှစ်နှစ်အတွင်း ထူးခြား လာတဲ့ အဲဒီ အသစ်အဆန်းကို အရင်စတွေ့တယ်....။ မော်ချစ်လောက်က စပြီးသတိထားမိတာ လမ်းလည်ခေါင်က အဲဒီကောင်ကြီးဟာ မြို့ထဲရောက်တဲ့အထိပဲ။
လမ်းပေါ်မှာ ကားတွေ ကြပ်နေတာလဲ အစဉ်အလာကို ထိမ်းသိမ်းလျက်...။ လမ်းပေါ်က မြင်နေရတဲ့ တိုက်မျက်နှာစာ၊ တိုက်နောက်ကျောတွေမှာ လျှော်ထားတဲ့ အ၀တ်တွေနဲ့ အလံထူ ထားတာလဲ ဖြူနီကြောင်ကျား....... လွှင့်မြဲ၊ လွင့်မြဲ။ မီးပွိုင့်မှာ ကားတွေ ရပ်ထားတုန်း၊ ရပ်ထားတဲ့ ကားတွေကို မှန်တွေလိုက်သုတ်၊ ဈေးတွေလိုက်ရောင်းတာလဲ အရင်အတိုင်း....။ ကျောင်းဝတ်စုံနဲ့ ကျောင်းသူ၊ ကျောင်းသားကလေးတွေကလဲ တက်တက်ကြွကြွနဲ့ မြင်ရတာ စိတ်ချမ်းသာစရာ.... ။
အမြင်မှာ အပြောင်းအလဲ သိတ်မရှိတဲ့ မြင်ကွင်းတွေကို ငေးမောရင်းက အင်တာနက် ကနေ ကြိုတင်မှတ်ပုံတင်ထားတဲ့ ဖက်ဘူလီပေါ်က First Hotel ရှေ့ကို တက္ကစီကားက ထိုးရပ်လိုက်တယ်။
ကိုယ် ပိုးပမ်းခဲ့ဖူးတဲ့ ပျိုမျစ်နုနယ် ချစ်စဖွယ်လေးဟာ အသက်ရှစ်နှစ်ကြီးသွားပေမယ့် ၁၅ နှစ်စာလောက် အိုမင်းသွားပါလား။ အရင်တုန်းက သူရှေ့က ဖြတ်တိုင်း ဖိတ်ဖိတ်တောက် နေတဲ့ အသွေးအရောင်နဲ့ ထည်ဝါနေတာကို ငေးမောကြည့်ရပြီး၊ အော်.... တနေ့ ငါ့မှာ ဒီလိုနေရာမျိုးမှာ တည်းနိုင်လောက်တဲ့ အခြေအနေ ရှိလာခဲ့ရင် လာတည်းကြည့်အုံးမှပဲလို့ စိတ်ကူးခဲ့တာ... သူ ... အရွယ်ကျသွားတာကလဲ မြန်လိုက်တာ။
အင်တာနက်မှာ ပြောတဲ့ဈေးနဲ့ ပြတဲ့အခန်းပုံ..... က သားနားတယ်။ တကယ် သူတို့ ပေးတဲ့ အခန်းကျတော့ တချိန်တုန်းက ရန်ကုန်မှာ သွင်ရုပ်ရှင်ရုံ၊ ဘုရင့်ရုံတို့မှာရတတ်တဲ့ အနံ့အသက်မျိုးရတယ်။ ဆေးလိပ်နံ့နဲ့ကော်ဖီနံ့ဂျိုး တက်နေတယ်လို့ ပြောရမလားပဲ.....။ ကောင်းတဲ့ အခန်းလိုချင် ရင် wing ဖက်မှာ ရှိတယ်။ ပိုပေးရမယ် ပြောတယ်။ ကောင်းပါပြီ အစ်မရယ်........ ။ ပေးပါမယ်..... ။ သန့်သန့်လေးသာပေးပါ...။ မျက်နှာမှာ သနပ်ခါး အဖွေးသား... ပေါင်မှာတော့ ......၊ မဖြစ်ပါစေနဲ့....။
ကိုယ်က အထုတ်တွေ အပိုးတွေနဲ့.... ၊ တက္ကစီထပ်ငှားပြီး နောက်တဟိုတယ် သွားဖို့ ကရိကထ များပါတယ်။
သူနားမှာ ဟိုတုန်းက မရှိတဲ့၊ ခုမှ တိုးလာတဲ့ ဟိုတယ်အသစ်တွေ အများကြီးပဲ။ Water Gate Hotel ဆိုတာကြီးဟာ ဆောက်တာ မကြာသေးဖူးလား မပြောတတ်ဘူး။ မလာခင် ကိုယ်ကြည့်လာတဲ့ Lonely Planet စာအုပ်ထဲတောင် မပါသေးဘူး။ အတော်ကောင်းတယ်။ ပတူနမ် ကိုအစွဲပြုပြီး Water Gate ဖြစ်လာ... ထင်ပါ့.....။
ဒေါ်လာကို ဘတ်နဲ့လဲရမယ်.... ။ ဟိုတယ် ကောင်တာက ငွေလဲတဲ့နေရာမှာ ရေးထားတဲ့ နှုန်းဟာ လေဆိပ်မှာထက် အတော်ကွာနေပါလား.... ။ မသကာ ကွာလှ နှစ်ပြား သုံးပြားပေါ့။ သူပြောတော့ service ကြောင့် ပိုတာပါတဲ့။ သူ့ service ကြီးက ဓါးတုံးတုံးနဲ့ လှီးတဲ့ service ကြီးလာ....။
ဟိုတုန်းက ဘန်ကောက်ပို့စ် Bangkok Post မှာ ဖော်ပြထားတဲ့ ဈေးဟာ၊ ဘဏ်မှာ လဲတဲ့ဈေး၊ အပြင်ဆိုင်တွေ (စဖန်ကွိုင်တို့၊ ဆမ်လုံးဈေးတို့) နဲ့ သိတ်မကွာပါဘူး။
မတ်ပင်လိုင်ခပ်...... (ကိစ္စမရှိဘူး၊ နေပါစေ..)။
ပတူနမ် ဈေးတ၀ိုက်မှာ ငွေလဲတဲ့နေရာ တွေ ခလုပ်တောင် တိုက်တယ်၊ များလွန်းလို့...။
ဘန်ကောက်ရောက်ရင် စားမယ်လို့ ရှစ်နှစ်တာလုံး အားခဲထားတဲ့ အစာတခုကို စားဖို့ တက္ကစီငှားပြီး သွားရတယ်။
အထုတ်အပိုးတွေ အခန်းမှာ နေရာချပြီး၊ တချိန်က ကိုယ်နေခဲ့တဲ့ ဆမ်လုံး (Sam rong) ကို တက္ကစီနဲ့သွားတယ်။ အိမ်အောက်က ခိုင်ခေါက် (ထမင်းသည်) ကြီးရဲ့ လက်ရာကို တမ်းတလွန်းလို့ သူ့အစာကို အရင်စားပြီးမှ ဘန်ကောက်မှာ တခြား အစာစားမယ် ဆုံးဖြတ် ထားတာ။ ဖတ်ခဖေါင်းမူ စိုင်ခိုင်ထော့တ်။ ၀က်သားစင်းထားတာကို ပင်စိမ်းလိုမျိုး အရွက်တမျိုးနဲ့ ကြော်ပြီး၊ ထမင်းပေါ် ပုံပေးတယ်။ စိုင်ခိုင်ထော့တ်က ကြက်ဥဟတ်ဖရိုက် တင်ပေးတယ်။
ကိုယ်ရောက်သွားတော့ ကိုယ့်ဘော်ဒါ ခိုင်ခေါက်ကြီး မရှိဘူး။ သူ့သမီးနဲ့ သူ့ယောက်ျား ကိုပဲ တွေ့တယ်။ ကိုယ့်ကိုမြင်တော့ နှစ်ယောက်သား အံ့သြသွားတဲ့ မျက်နှာဟာ စာဖွဲ့လောက် တယ်။ သမီးကလေးက ထုံးစံအတိုင်း လက်အုပ်ကလေးချီလို့။ ဟိုတုန်းက သမီးကလေးက လမ်းခမ်းဟိန်မဟာဝိထရာလိုင် (Ramkhanghein University) မှာ ကျောင်းတက်တုန်း။ ဖီး (ခိုင်ခေါက်ယောက်ျား) ပုံစံက အရင်အတိုင်း၊ တစ်စတန်း one satang (ထိုင်း ပိုက်ဆံတပြား) ဘိုးလောက်တောင် မပြောင်းဘူး။ တသက်မှာ ပြန်မတွေ့ရတော့ဘူးလို့ ထင်ထားတဲ့ မိသားစုထဲက တယောက်ယောက်ကို ပြန်တွေ့လိုက်ရတဲ့ မျက်နှာမျိုး....။
သူတို့ ထမင်းဆိုင်ကလေးက သံတခါးကို သံကြိုးကြီးနဲ့ ခတ်ထားတာ သံချေးတွေ တောင် တက်နေပြီ။ သူတို့ စီးပွါးတွေ တက်လာတယ်။ ထမင်းမရောင်းတော့ဘူး။ အရင်က သူတို့ ထမင်းဆိုင်ဘေးက ဆိုင်ခန်းနှစ်ခုကို သူတို့ ယူလိုက်ပြီး တဆိုင်တည်း လုပ်ထားတယ်။ ဟိုတုန်းက အ၀တ်လျှော်မီးပူးတိုက် (Laundary) ဆိုင်၊ ပစ္စည်းအတိုအထွာ အစုံရတဲ့ စတိုးဆိုင်ရယ်... ၊ ခုတော့ သူတို့ မိသားစုတွေ အဲဒီလုပ်ငန်းနှစ်ခုကို တဆိုင်တည်းပေါင်းပြီး တဦးတည်း လုပ်နေကြတယ်။ အရင်လူတွေ မရှိကြတော့ဘူး။ သမီးလေးက အမေ့ကို သွားခေါ်ပေးမယ်တဲ့။
ထမင်းက အတော်ဆာနေပြီမို့ နေပါစေ၊ မခေါ်နဲ့၊ အပေါ်ထပ်အခန်းတွေက တခြား မိတ်ဆွေတွေနဲ့လဲ အေးအေးဆေးဆေး စားသောက်ပျော်ပါး၊ တွေ့ချင်သေးတာမို့ နောက်နေ့မှာ တခေါက်ပြန်လာခဲ့မယ် ပြောလိုက်တာ၊ အမေရိက သာပြန်ခဲ့ရတယ်....၊ ခိုင်ခေါက်တို့ဆီ ပြန်မ ရောက်ခဲ့လိုက်ဘူး။
တဖက်လမ်းကို လူကူးဂုံးကျော်တံတားက သွားမကူးပဲ၊ ကားတွေကြားက အပြေးဖြတ်ကူးပြီး ကြည့်လိုက်တယ်။ ဘဲကင်တွေ ဘာတွေရောင်းတဲ့ ဆိုင်ကလေးက ရှိသေးတယ်။ အရင်လို မှန်သေတ္တာပုံးထဲမှာ ဘဲကင်၊ ၀က်ခေါက်ကင်၊ ၀က်နံကင်စတဲ့ သရေကျ စရာတွေ များများစားစား ချိတ်ဆွဲထားတာ ဘာတခုမှ မတွေ့ဘူး။ ပြောမှ ဆိုင်ထဲက သွားထုတ် လာတဲ့ ဘဲကင်လေးတခြမ်းကို စဥ့်နီတုံးပေါ်တင်ပြီး ပါးပါးလှီးပေးတယ်။ ထမင်းတပန်းကန်ပြား ထည့်ပြီး ထမင်းပေါ် ဘဲကင်ပါးပါးလှီးထားတာ ပုံပေးတယ်။ ပဲငံပြာရည်ခပ်ပြစ်ပြစ်၊ ဂျင်း၊ ငရုတ်သီးစိမ်း ရောထားတဲ့ အရည်ကို ထမင်းပေါ်ပုံထားတဲ့ ဘဲကင်ပေါ် ဆမ်းပေးတယ်။ ဟိုတုန်းက အဲဒါ ၁၅ ဘတ်။ ခု ဘတ် အစိတ်တဲ့။
ထိုင်းနိုင်ငံ တခုလုံးစီးပွါးကျချိန်....။ Imperial Super Market ကြီးလဲ အောက်ထပ်မှာ အလှကုန် တိုလီမုတ်စဆိုင် နှစ်ဆိုင်ပဲရှိတယ်။ အပေါ်သုံးထပ်က ပိတ်ထားတယ်။ ဟိုတုန်းက အဲဒီအောက်ဆုံးထပ်မှာ Mc Donald, Kentucky Fried Chicken ဆိုင်တွေနဲ့ တခြား စားသောက်ဆိုင်တွေ ဘေးက ရံထားပြီး၊ စားသောက်စရာတွေ ရောင်းတဲ့ Grocery ဆိုင်ကြီး။ ပြီးတော့ ဒုတိယနဲ့ တတိယထပ်မှာက အထည်အလိပ်၊ လူသုံးကုန်ပစ္စည်း။ အပေါ်ဆုံးထပ်မှာ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်တွေနဲ့ TV Game ဆော့စရာတွေ။ ခုတော့ ဘာတခုမှ မရှိတော့ဘူး။ ပိတ်ကုန်ပြီ။
ဖက်ဘူလီကနေ တောင်ဘက်(ချစ်ပ်လုံဘက်)ကို ချိုးတဲ့ (ပတူနမ်းဒေါင့်) ညာဘက်ဒေါင့် မြောင်းကျော် တံတားလေး ဟိုဘက်မှာ၊ ငှက်ပျောပင်ကလေးတွေ အုပ်နေတဲ့ အိမ်ကလေး အနည်းငယ်နဲ့ မြေကွက်လပ်ကြီး.... ။ ဟိုတုန်းက ညဘက်ဆို အဲဒီနေရာမှာ မှောင်တယ်။ လူပြတ်လို့ အဲဒီနားက ဖြတ်ရင် သတိနည်းနည်းထားရတယ်။
ခုအဲဒီ နေရာမှာ အစားသောက်ဆိုင်တွေ ဖွင့်ထားတဲ့ ရုံကြီး အကြီးကြီးပဲ။ လမ်းဒေါင့်ချိုး ပလက်ဖောင်းပေါ်မှာ (Sea Food) ပင်လယ်စာ၊ ငါးပုစွန်တွေ ရေခဲဗန်းတွေထဲ ထည့်ပြရောင်းချ နေတာ သုံး-လေးဆိုင်ရှိတယ်။ အင်္ဂလိပ်လို ပြောတတ်တဲ့ (ဗမာပြည်မှာအခေါ် ဆိုရင်တော့ ဗိုကြက်ချေးပေါ့....) အဲဒီလိုလူတွေက ရွှေကြိုလုပ်တယ်၊ ဟိုဟာ လက်ညှိုးထိုး၊ ဒီဟာ လက်ညှိုးထိုးနဲ့ ပြပြီး ကိုယ့်ရှေ့မှာ ပန်းကန်ပြားထဲထည့်၊ အလေးချိန်ပြတယ်။
ကိုယ်က စပွဲတွေ ခင်းထားတဲ့ နေရာကြိုက်တဲ့နေရာမှာထိုင်နေ၊ သူက အတွင်းက ဆိုင်တွေမှာ ကိုယ်မှာတာကို သွားချက်ခိုင်းတယ်။ သူချက်ဖို့ ယူသွားတုန်း ကိုယ်က ဆင်ဂါဘီယာလေးနဲ့ ငြိမ့်နေတာ...၊ ဗိုကြက်ချေးက ပန်းကန်ကလေးကိုင်ပြီး တခေါက်ပြန် ရောက် လာတယ်။ ခုနက ကိုယ်ရွေးထားတဲ့ ပုစွန်ကိုကိုင်ပြီး လာပြောတယ်။ သူဈေးပြောတာ မှားသွားလို့ ပုစွန်ဒီအရွယ်ဟာ ဒီဈေးနဲ့ မရဘူးတဲ့။ အေးပါကွာ၊ ရတဲ့ဈေးပေါ့၊ ကိစ္စမရှိပါဘူး။ မြန်မြန်လုပ်စမ်းပါ၊ ဆာလှပြီ။
ကိုယ့်ရည်ရွယ်ချက်က ပုစွန်အကောင်ကြီးကြီး.. သုံးလေးကောင်ကို မီးဖုတ်ပြီး ဘီယာဆင် (ဆင်ဂါဘီယာကို ထိုင်းအခေါ်) နဲ့ ကင်မ် (သောက်) မလို့။
စပွဲထိုးက ပုစွန်မီးဖုတ်ကို ယူလာပြီး ကိုယ့်ဆီလာချပေးတော့ ကိုယ်ရွေးထားတဲ့ အကောင်တွေ မဟုတ်တော့ဘူး၊ ငယ်သွားတယ်။ အကောင်အရေအတွက်မှာ နှစ်ကောင်ပိုလာ တယ်။
ဟိုတုန်းက အောင်ဇော်(ယခု-ဧရာဝတီ)နဲ့၊ ဘယ်သူနဲ့၊ ဘယ်ဝါနဲ့၊ ဒီနေရာမှာ မကြာခဏ လာစားဖူးပါတယ်။ ဒီလိုမီးရောင်ထိန်ထိန်ညီးနေတဲ့ အောက်တော့ မဟုတ်ဘူး၊ ဒီနေရာမှာပဲ၊ ပလက်ဖောင်းပေါ်မှာ ဘက်ထရီ မီးချောင်းလေး တချောင်းနှစ်ချောင်း ထွန်းထားတဲ့ လက်တွန်းလှည်းနဲ့ လာဖွင့်တဲ့ ဆိုင်ကလေးတွေ....။ စားလို့ ကောင်းမှကောင်း၊ ဈေးကလဲ ပေါမှပေါ။
ခုတော့ ကိုယ်ပုံက အရင်လို ပုံမဟုတ်၊ မှန်ဘီလူးကြီးကြီးတပ် ကင်မရာနဲ့ ဘာနဲ့ဆို တော့ ကောင်းကောင်းချဉ်ပြီပေါ့။ ထိုင်းစကားကလည်း ဟိုတုန်းကလောက် မပေါက်တော့ဘူး လေ။
ခွန်ဖမ(ဗမာလူမျိုး) က ခရွမ်ထေ့ပ် (Bangkok ) ကို အမြင်မစိမ်းမယ့်......၊ ခွန်ထိုင်းတွေ က....... သူစိမ်းအမှတ်နဲ့ ချဉ်စရာလို့ မြင်ပြီလားမသိ.........။

မောင်မင်းရာ
(၀၈/ ၁၀/ ၀၈)

Wednesday, August 6, 2008

အနုပဋိလောမ၊ တိုးတက်ရေးသတင်းစာနဲ့ ၃၇ လမ်း
ရေးသူ-တင်သိန်းမောင်





{၂၀၀၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်ထုတ် မာယာမဂ္ဂဇင်းတွင် ဖော်ပြပြီး ဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ်အတွက် ထပ်မံ ဖော်ပြလိုက်ပါတယ်။}


ဦးခင်မောင်ထွန်းရဲ့ မြန်မာ့ဂျာနယ်သမိုင်းစာအုပ်ကို ဖတ်တုန်းက မှတ်မိတာတခု ရှိတယ်။ အဲဒါ ဘားမားဂျာနယ်ကို '......၁၉၃၆ ခုနှစ် ဇွန်လ ၆ ရက် ( ၁၂၉၈ ခုနှစ် နယုန်လဆုတ် ၃ ရက် ) စနေနေ့တွင် စတင်ထုတ်ဝေသည်' ' ......တိုးတက်ရေး သတင်းစာတိုက်က ထုတ်ဝေခြင်းဖြစ်၍ ဦးပဂျီငို(ဦးစိန်)က ကြီးကြပ်စီမံသည်'......... ဆိုတဲ့ အချက်ပါ။
အဲဒီ ဆိုလိုချက်အရ တိုးတက်ရေး သတင်းစာက ဘားမားဂျာနယ် အရင် (၁၉၃၆ ခုနှစ် ဇွန်လ ၆ရက် မတိုင်မီ) ထုတ်ဝေတယ်လို့ ဆိုလိုရာ ရောက်ပါတယ်။
နောက်တခါ တက္ကသိုလ်ထင်ကြီးရဲ့ မြန်မာနိုင်ငံစစ်တမ်းစာများ အညွှန်းစာအုပ်ကို ဖတ်မိတဲ့အခါ အဲဒီစာအုပ် (ပထမတွဲ)မှာ 'တိုးတက်ရေး သတင်းစာကို ၁၉၃၈ ခုနှစ် မေလ (၃)ရက် နေ့တွင် စတင်ထုတ်ဝေသည်'....... လို့တွေ့ရပြန်တယ်။ ဒီနှစ်ခုကို နှိုင်းယှဉ်ကြည့်တဲ့ အခါ (Burma Journal) ဘားမားဂျာနယ် နဲ့ တိုးတက်ရေးသတင်းစာ (ခုနှစ်အရ) ရှေ့နောက် ကွဲလွဲနေတဲ့အချက်ကို တွေ့ရပါတယ်။ ဒီကွဲလွဲချက်ကို ကျွန်တော်စိတ်ထဲ ဘဝင်မကျ ဖြစ်နေခဲ့ တာ ကြာပြီ။


ဒါနဲ့ တနေ့တော့ တိုးတက်ရေးသတင်းစာ အယ်ဒီတာဟောင်း ဦးအုန်းမြင့် (ကျော်လင်း) နဲ့ အလှူတခုမှာ ဆုံမိတယ်။ စကားစပ်မိလို့ မေးကြည့်တော့ တိုးတက်ရေး သတင်းစာအကြောင်း ကို ပြောပြပါတယ်။ အသေးစိပ် သိချင်တာနဲ့ ဦးအုန်းမြင့်အိမ်မှာ ဆုံဖို့ခွင့်တောင်းပြီး မေးမြန်းတဲ့ အခါ ဒီလို ပြောပါတယ်။
".....ကျွန်တော် မှတ်မိသလောက် ပြောရရင် ကျွန်တော်က အရင် ဆရာကိုချစ်မောင် (ဂျာနယ်ကျော်ဦးချစ်မောင်)နဲ့ နေတာ။ ကျွန်တော်တို့ နေကြတာ ရေကျော် နှင်းပန်းလမ်း အိမ်နံပါတ်-၁၈ ဗျ။ အခန်းတခန်းကို ငှားနေတာ။ ကျန်တဲ့ တဖက်ခန်းမှာက ဘယ်သူ ငှားနေသလဲဆိုတော့ ပန်းချီဦးအုန်းလွင်နေတယ်။ ကျွန်တော်တို့အခန်းမှာ ကျွန်တော်တို့ နဲ့အတူ ကိုကိုလေး (တိုးတက်ရေး)၊ ကိုအာယု (နောက် နိုင်ငံခြားရေးဌာန)၊ ကိုထွန်းကြိုင်၊ ကိုထွန်းရင်၊ ကိုထွန်းဖေ (သခင်တင်ဖေ)တို့ နေကြတယ်။ အားလုံး လူပျို ကိုယ်လွတ်တွေချည်း ပေါ့ဗျာ။ လူပျိုဂေဟာလို့ ပြောရင်တောင် ရတယ်။
အဲဒီကနေ ပြီးတော့ အဲဒီ နှင်းပန်းလမ်းထဲက အိမ်။ အိမ်နံပါတ် [၈] ကိုပြောင်းတယ်။ အဲဒါ- ၁၉၃၆/၃၇ ခုနှစ်ဗျ။ နောက်တော့ ၃၄ လမ်း ပြောင်းကြတယ်။ အဲဒီ ကာလလောက် ကတည်းက သတင်းစာလောက ကျွန်တော်တို့ ရောက်တယ်။ အဲဒီမှာ ဆရာကိုချစ်မောင်က ဒေါ်တင်လှိုင် (ဂျာနယ်ကျော်မမလေး)နဲ့ ယူတော့မယ်ဆိုတော့ ကျွန်တော် ၃၇လမ်းထဲက ကိုသိန်း(ဇဝန) ဆီပြောင်းပြီး ကိုသိန်းနဲ့ အတူတူနေရတယ်။ အဲဒါ ၃၇လမ်း အိမ်နံပါတ် ၁၄၉ ပထမထပ်မှာ၊ အောက်ထပ်မှာက ဈေးနှုန်းသတင်းစာတိုက် ရှိတယ်။ အခု ဘဝတက္ကသိုလ် စာအုပ်တိုက်အဆောက်အဦ ပေါ့ဗျာ။
အဲဒီမှာ ဇဝန ကျွန်တော်နေတော့ ကျွန်တော့် အကြောင်းပြုပြီး ကိုသန်းထွန်း (သခင်သန်းထွန်း)ကလဲ ရောက်လာတယ်။ ကိုသန်းထွန်းနဲ့ ဆက်စပ်ပြီး သခင်စိုး၊ ကိုဗဟိန်း တို့လဲ ရောက်လာကြတယ်။ ဝင်လိုက် ထွက်လိုက် ပေါ့ဗျာ။ ဒါကို ဇဝနရဲ့ဇဝန ဆိုတဲ့ စာအုပ် ထဲမှာ ကိုသိန်းက ရေးထားသေးတယ်။
အဲဒီတုန်းက ကျွန်တော်တို့နဲ့ အခန်းချင်းကပ်လျက်နေတာက မြန်မာ့အလင်းက သတင်းထောက် ဦးကျော်မင်း မိသားစုဆိုတာရှိတယ်။ အကြီးကောင်က ‘အပါ’တဲ့။ အငယ် ကောင်နံမယ်တော့ မေ့သွားပြီဗျ။ ကျွန်တော်တို့က သူတို့အိမ်မှာ ထမင်းလခ ပေးစားကြတာ ပေါ့ဗျ။ အဲဒီမှာ ကလေးတွေနဲ့ ရင်းနှီးပြီး အကြီးကောင်အပါက ဦးဦးပုံပြောပါ ဆိုတော့ ပုံပြောရတယ်။ နောက် ကိုယ်ကချည်း ပြောရတာ မောတယ်။ အပါ မင်းကလဲ တလဲပြောအုံးဆို တော့ အပါကလဲ ပုံပြောတယ်။ အဲဒါကို အခြေခံပြီး ဇဝနက 'ဦးဦးပုံပြောမယ်'၊ 'အပါပုံပြောမယ်' ဆိုတဲ့ ဆောင်းပါးတွေ ရေးတယ်။ ဒါက စပ်မိတုန်း ဇဝနရဲ့ အပါပုံပြောမယ်၊ ဦးဦးပုံပြောမယ် ဆိုတဲ့ အကြောင်းရင်းလေး ပြောတာပါ။
နောက်တခါ ကိုသိန်း(ဇဝန)က မိန်းမယူတော့မယ် ဖြစ်ပြန်ရော၊ ဒီတော့ ကျွန်တော်တို့ တခါပြောင်းရပြန်တယ်။ ကိုသိန်းကို အဲဒီအခန်းမှာ ထားခဲ့ပြီး ကျွန်တော်တို့က အဲဒီ ၃၇လမ်းထဲမှာပဲ အရင်အိမ်နဲ့ မျက်စောင်းထိုး အိမ်နံပါတ် ၁၇ဝ ကို ပြောင်းတယ်။ အိမ်နံပါတ် ၁၇ဝရဲ့ ပထမထပ်၊ ကျွန်တော်တို့က မြောက်ဖက်ခန်းမှာနေတယ်။ တောင်ဖက်ခန်းမှာက ဦးထွန်းဖေ(ထွန်းနေ့စဉ်) နေတယ်။ အဲဒီအခန်းက ကိုသန်းထွန်း နံမည်နဲ့ ငှားတာ။ သူက အဲဒီတုန်းက ကျောင်းဆရာ လုပ်နေတယ်။ သခင်သန်းထွန်း ဖြစ်နေပြီ။ အဲဒါ ၁၉၃၈ ခုနှစ်၊ နှစ်ဆန်းပိုင်းလောက်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကိုသိန်း(ဇဝန) လက်ထပ်တာ ၁၉၃၈ ခုနှစ် မေလ ၂၆ ရက်နေ့လေ။
အဲဒီ ၃၇ လမ်းက အိမ်နံပါတ် ၁၇ဝ ရောက်တော့ လူက တော်တော်စုံတယ်။ အဲဒီအခန်းမှာ ကိုသန်းထွန်းနဲ့ ကျွန်တော်နေတယ်။ သခင်စိုး(ကိုစိုးကြီး) လဲနေတယ်။ ကိုအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)၊ ကိုဗိုလ်(သခင်ဗိုလ်)၊ ကိုဗဟိန်း(သခင်ဗဟိန်း) တို့က နေ့တိုင်းလောက်လာကြတယ်။ အဲဒီအချိန်က ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ သခင်မဖြစ်သေး ဘူး။ ကျောင်းသားခေါင်းဆောင်တွေပဲ ရှိကြသေးတယ်။ ကိုဗဟိန်းဆိုရင် ကျွန်တော်တို့ ဆီမှာ အိပ်ထာစားတာ များတယ်။ တလမှာ ၁၅ရက်လောက် အိမ်မှာ အိပ်တယ် စားတယ်။ [ကျန်တဲ့ရက်က ကျောင်း(ရန်ကုန်တက္ကသိုလ်)မှာ နေတယ်။] အိမ်မှာပဲ စာဖတ်၊ စာရေး၊ အိမ်မှာပဲ ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ ငြင်းကြခုန်ကြ အမြဲရှိကြတယ်။
ကျွန်တော် သေသေချာချာ မှတ်မိတာ ရှိတယ်။ အဲဒီအချိန်တုန်းက ကိုစိုးကြီး(သခင်စိုး) က ကျွန်တော်တို့နဲ့ အတူနေတာ။ ကိုဗဟိန်းစကားနဲ့ ပြောရရင်..... "သခင်စိုးမှာ အခြား အလုပ်လုပ်စရာ မရှိတော့သဖြင့် သခင်သန်းထွန်းက ကျွေးမွေးထားသည်ကို စားသောက်ကာ စာကိုချည်း ကုန်းဖတ်နေ၏"..... [သခင်စိုးရေး-ဗမာ့တော်လှန်မှု-စာအုပ်မှ] ဆိုသလိုပေါ့ဗျာ။ သူက ဘာလုပ်သလဲဆိုရင် မနက်ဆို မြူနီစပါယ်ရုံး (ယခုမြို‹တော်ခန်းမ) မှာရှိတဲ့ ဘားနတ်ဖရီး လိုက်ဘရီ (ဘားနတ်စာကြည့်တိုက်) သွားတယ်။ အဲဒီမှာ စာဖတ်တယ်။ စာကူးတယ်။ ပြီးရင် အဲဒီက ကျမ်းစာအုပ်တွေ ရာဇဝင် စာအုပ်တွေ တလွယ်ကြီး တထပ်ကြီး ငှားပြီး သယ်ချလာ တယ်။ သူ့မှာ လွယ်အိပ်ကြီးတလုံးကလဲ ပါသေးတယ်။ စာကြည့်တိုက်က ပြန်ရင် သူလုပ်လေ့ရှိတာက ၃၃လမ်း (ဒါမှမဟုတ်) ၃၄လမ်းက ဖြတ်တယ်။ ဖရေဇာလမ်း (ယခုအနော်ရထာလမ်း)ကို ထွက်တယ်။ ထွက်ပြီးတော့ ဖရေဇာလမ်း (အနော်ရထာလမ်း)နဲ့ ၃၃လမ်း၊ ၃၄လမ်း ထောင့်တွေမှာ ကော်ရင်ဂျီ ကုလားမတွေ ရောင်းတဲ့ ဟင်းသီးဟင်းရွက်ဆိုင် တွေကို ဝင်တယ်။ ကန်ဇွန်းရွက်တွေ၊ ပဲတောင့်ရှည်သီးတွေ၊ ကုလားပဲခြမ်းတွေ ဝယ်တယ်။ အဲဒါတွေဝယ်ပြီး လွယ်အိတ်ကြီးထဲ သွတ်ထည့်တယ်။ ပြီးတော့ စာအုပ်တွေရော၊ ဟင်း ရွက်တွေရောကို လွယ်ပိုးပြီး ပြန်လာတာပဲ။ ကျွန်တော်တို့ အခန်းပြန်လာတာပဲ။
အဲ...... အခန်းထဲရောက်ပြီဆိုရင် ပါလာတဲ့ စာအုပ်တွေချ၊ တွေ့တဲ့ဖျာ ဆွဲခင်း၊ စာအုပ်တွေပုံ၊ တနေကုန် စာဖတ်နေတာပဲ။ ဖတ်လိုက် မှတ်လိုက် ရေးလိုက် တွေးလိုက်။ တော်ကြာ ပက်လက်၊ တော်ကြာ မှောက်လျက်၊ မှောက်လိုက် လှန်လိုက်၊ တနေကုန် လုပ်နေတာပဲ။ အင်္ဂလိပ် စာအုပ်တွေနဲ့ ပါဠိစာအုပ်တွေ ချပြီး ဖတ်တယ်။ ဘာသာပြန်တယ်။ စကားလုံးတွေ ဖလှယ်တယ်။ အလဲအလှယ် လုပ်တယ်။ အဲဒီမှာ အနုပဋိလောမတို့၊ ဘာတို့၊ စကားလုံးတွေ သုံးတယ်။ သူစာရေးရင်လဲ အနုပဋိလောမဆိုတဲ့ စကားလုံးကို ထည့်ထည့် ရေးတယ်။ သူစကားပြောရင်လဲ အနုပဋိလောမ ဆိုတဲ့စကားကို ထည့်ထည့်ပြောတယ်။ သူက အဲဒီလို အင်္ဂလိပ် စကားလုံးတွေကို ပါဠိ စကားလုံးတွေနဲ့ ဖလှယ် ဖလှယ် သုံးလွန်းလို့ ကျွန်တော်ကတောင် ပြောမိသေးတယ်။
"ကိုစိုးကြီး ခင်ဗျားကလဲ အင်္ဂလိပ်စကားလုံးတွေ လူနားမလည်လို့ ဘာသာပြန်ပါဆိုမှ မြန်မာလိုမပြန်ဘဲ ဘယ်နှယ် ပါဠိစကားလုံးတွေနဲ့ ပြန်ပြန်နေတာလဲဗျ-ဘယ်သူက နားလည် မှာလဲ၊ လူတိုင်းနားလည်တဲ့ မြန်မာစကားလုံးလေး ဘာလေးသုံးပါဗျ။ လူတွေနားလည်အောင် ရှင်းရမယ့် ဟာ ခင်ဗျားစကားလုံးတွေက လူနားမလည်တဲ့ ပါဠိစကားတွေ ဖြစ်နေပြီ" ဘာညာပြောရင် သူက တဟဲဟဲ ရယ်နေတာပဲ။ ဘာမှပြန်မပြောဘူး။ ပြီးတော့ သူ ရေးစရာရှိ ဆက်ရေး၊ သူ ဖတ်စရာရှိ ဆက်ဖတ်၊ သူ လုပ်စရာရှိ ဆက်လုပ်နေတာပဲ။
သူ ဆာရင် ဘာလုပ်မလဲဆိုတော့ ရေစိမ်ထားတဲ့ ကုလားပဲခြမ်းတွေ စားတယ်။ ပဲတောင့်ရှည်သီးတွေ စားတယ်။ ရေတဝသောက်မယ်။ ပြီးတော့ စာအုပ်ပုံထဲ ပြန်ရောက်သွား တာပဲ။ ဖတ်လိုက် မှတ်လိုက် ဘာသာပြန်လိုက် အဲဒါ သွားရော၊ တနေကုန်။ ဒါမျိုး နေ့တိုင်း သူလုပ်ထာ။ အင်မတန် ဇွဲကြီးတယ်။
တခါတလေလဲ သူတို့ လူစုံပြီး စကားဝိုင်းကောင်း နေတတ်တယ်။ ဒါ ကျွန်တော်တို့ ဆီမှာ သူတို့ လုပ်ထာ။ ကိုအောင်ဆန်းကလဲ အမြဲလာတယ်။ ကိုဗဟိန်းကလဲ အမြဲ လာတယ်။ သူလာရင် စာအုပ်တွေနဲ့ အလုပ်ရှုပ်နေတာပဲ။ သူကလဲ ဖတ်လိုက် မှတ်လိုက် ရေးလိုက်၊ မေးလိုက် ပြောလိုက် ဆိုလိုက်နဲ့ မအားအောင် လုပ်နေတာပဲ။ အဲ..... နေအုံး၊ သူက သူများထက်ပိုရှုပ်တဲ့ အလုပ်ပိုတခုတောင် ရှိသေးတယ်။ အဲဒါ ဘာလဲ ဆိုရင် ရီးစားစာ ရေးတဲ့ အလုပ်။ သူ ဘယ်သူ့ဆီရေး တာလဲ ဆိုတော့ ထားဝယ်သူတယောက်၊ [မææ] ဆီရေးတာ၊ နောက်တော့ မææက၊ BA, BL ဖြစ်တယ်။ သူက ထားဝယ်သူ ဖြူဖြူဖြောင့်ဖြောင့် ဆံထုံးကြီးနဲ့ မိန်းမချော မိန်းမ လှလေဗျာ။ ကိုဗဟိန်းက သိတ်သဘောကျတာ။ အဲဒါ နေ့တိုင်း စာရေးတယ်။ ရေးပြီးတဲ့ စာတွေကို နေ့တိုင်း စာတိုက် သွားသွားထည့်တယ်။ သွားသွားထည့်တဲ့ စာတိုက်ပုံးက အခု ပန်းဆိုးတန်း သံကြိုးရုံးကြီးထောင့် ပလက်ဖောင်းပေါ်က စာတိုက်ပုံး(အခုမရှိဘူး)၊ နေ့တိုင်း အချိန်မှန် တနေ့မပျက် ရေးတယ်။ တရက်မပျက် ထည့်တယ်။ အဲဒါ လုပ်နေတာပဲ။
တနေ့တော့ သူ အဲဒီလို စာသွားထည့်တာကို ကုလားတွေ ဝိုင်းလိုက်လို့ အသက်လုပြီး ပြန်ပြေးခဲ့ရတယ်။ ကံသီလို့ မသေတယ်။ ကုလား-ဗမာရိုက်နေပြီလေဗျာ။ ဘယ်သူ့မှ မပြောဘဲ သူ့ဖာသာသူ တယောက်တည်း ထထွက်သွားတာ။ ဘယ်သူမှ မသိလိုက်ဘူး။ ဖြစ်လာမှ သိကြတာ။ မသေကောင်း မပျောက်ကောင်း၊ ကံကောင်းလို့.....။
နောက်ပြီး ကျွန်တော်တို့ နေတာကလည်း ၃၇ လမ်း၊ အိမ်နံပါတ် ၁၇ဝ ဆိုတာ၊ ကုလားဗလီနဲ့က မျက်စောင်းထိုး ရှိတာ။ ကျွန်တော်တို့ သွားရင် လာရင်တောင် အမြဲအုပ်စုနဲ့ သွားနေလာနေကြရတာ။ လူအုပ်ကောင်းပြီး လူတွေကလည်း လူငယ်တွေ၊ အရွယ်ကောင်း ချည်းမို့သာ ကုလားတွေက ရှိန်ပြီး မလုပ်ရဲတာ။ တယောက်ချင်း နှစ်ယောက်ချင်းဆို လုပ်ပစ် နေတဲ့ အချိန်ဗျ။
အဲဒါ ၁၉၃၈ခုနှစ် ဂျူလိုင်-သြဂုတ်လတွေလောက်ပေါ့ဗျာ။ ကုလား-ဗမာရိုက်ပွဲတွေ ဖြစ်ထာက ၁၉၃၈ ဇူလိုင်လ ၂၆ ရက် အင်္ဂါနေ့ စဖြစ်တာ။
တိုးတက်ရေး သတင်းစာကို အဲဒီရိုက်ပွဲတွေ မဖြစ်ခင်ထုတ်တယ်။ အဲဒီ ကာလတွေ ပေါ့ဗျာ၊ ၁၉၃၈ခုနှစ် မေလ ၃ရက်နေ့ စထွက်တယ်။ ဒီမှာ နည်းနည်းပြောစရာရှိတယ်။ ခင်ဗျားပြောတဲ့ ဦးခင်မောင်ထွန်းရဲ့ မြန်မာ့ဂျာနယ်သမိုင်းမှာ တိုးတက်ရေး သတင်းစာနဲ့ ပါတ်သက်ပြီး လွဲနေတယ်ဆိုတာဟာ အမှန်က ဘားမားဂျာနယ်ကို တိုးတက်ရေးမဂ္ဂဇင်းတိုက် က ထုတ်တာဖြစ်တယ်။ ပြောရရင် တကယ်တမ်း ဦးစိန် (ဦးပဂျီငို) စထုတ်တာက ကြီးပွါးချမ်းသာရေး စာအုပ်ဗျ။ အဲဒီ စာအုပ်က နောက် ကျောင်းသုံးစာအုပ် ဖြစ်သွားတယ်။ ပြီးမှ တိုးတက်ရေးမဂ္ဂဇင်း ထုတ်တယ်။ တိုးတက်ရေးမဂ္ဂဇင်းကမှ ဘားမားဂျာနယ် ထုတ်တယ်။ ဘားမားဂျာနယ် ထုတ်ပြီးမှ တိုးတက်ရေးသတင်းစာ ထုတ်တာဖြစ်တယ်။
အဲဒီတုန်းက တိုးတက်ရေးသတင်းစာ ပထမဆုံး အယ်ဒီတာလုပ်ဖို့က ဦးအုန်းဖေ (တက်တိုး) ဖြစ်တယ်။ ခဏပဲ။ နောက်မလုပ်တော့ဘူး။
နောက် ဦးထွန်းသန်း လုပ်တယ်။ အယ်ဒီတာအဖွဲ့ဝင်တွေအဖြစ် ဦးသန်းထွန်း၊ ဦးကိုကိုလေး နဲ့ ကျွန်တော် (ဦးအုန်းမြင့်)တို့ ဖြစ်တယ်။ ဦးသန်းထွန်းဆိုတာ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ညီ၊ နောင်တော့ ရှေ့ဆောင်ဦးသန်းထွန်း ဖြစ်လာတယ်။ သတင်းစာ စထုတ်တာ ၃၇လမ်းမှာပဲ၊ အိမ်နံပါတ်က ၁၁၄ ကနေ ထုတ်တာ။ အောက်ထပ်မှာ စက်ထားပြီး အပေါ် ထပ်မှာ အလုပ်လုပ်ကြတာ။ အမှန်ပြောရရင် တိုးတက်ရေး သတင်းစာဟာ ကုလားဗမာ အဓိကရုဏ်း သတင်းတွေနဲ့ သိပ်ပေါ်ပြူလာ ဖြစ်လာတယ်။ စောင်ရေ သိပ်တက်လာတယ်။ အဲဒီအဓိကရုဏ်းထဲမှာ ကျွန်တော်တို့က ဖို့ဒ်ကား ခါးပြတ် အစုတ်ကလေးနဲ့ ရိုက်နှက်နေကြတဲ့ ဆီ မျက်မြင်ကိုယ်တွေ့ လိုက်လိုက် သတင်းယူကြ ရေးကြနဲ့ သတင်းစာက သိပ်ရောင်းရတယ်။
နောက်ကျတော့ စတော့ကိတ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (တိုင်းရင်းဆေးပညာရုံး ခန်းနေရာ) ပြောင်းဖွင့်တယ်။ အထူးသဖြင့် တိုးတက်ရေးသတင်းစာက နယ်သတင်းတွေ သိပ်စုံတယ်။ နယ်သတင်းတွေ စုံစုံရအောင် ဘယ်လိုယူသလဲဆိုတော့ ကျွန်တော်တို့က နယ်က တို့ဗမာသခင်တွေနဲ့ ဆက်သွယ်ပြီး အကျိုးဆောင်သတင်းထောက်တွေအဖြစ် သတင်းရေးပို့ဖို့ မေတ္တာရပ်ခံတယ်။ စည်းရုံးတယ်။ သူတို့ကလည်း ပို့ပေးကြတယ်။ သတင်းစုံရတယ်။ အဲဒီမှာ တိုးတက်ရေးက ရောင်းရတာ သိပ်တက်ထာပဲ။ သတင်းစာ လွတ်လပ်ခွင့်ရှိတယ်။ ဒါတောင်မှ တိုးတက်ရေးသတင်းစာက ပထမတန်းစား သတင်းစာ မဟုတ်သေးဘူး။ ဒုတိယတန်းစား သတင်းစာလဲ မဟုတ်သေးဘူး။ တတိယတန်းစား သတင်းစာ လောက်ပဲ ရှိတယ်။ အဲဒီအချိန် က ပထမတန်းစား သတင်းစာက မြန်မာ့အလင်း၊ ဒုတိယတန်းစား သတင်းစာက သူရိယ။
ဒါပေမယ့် ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၂ဝရက်နေ့မှာ ဗိုလ်အောင်ကျော် ကျဆုံးတဲ့ ကျောင်းသားအရေးတော်ပုံ ဖြစ်တယ်။ အဲဒီ သတင်းတွေနဲ့ သတင်းစာကတခါ စောင်ရေ တက်ပြန်ရောဗျ။ အဲဒီကျတော့ ဒုတိယတန်းစားဖြစ်တဲ့ သူရိယကိုပါ ဖြတ်တက်တော့တာပဲ။
ဗိုလ်အောင်ကျော်ကိစ္စ ကိုယ်တွေ့ပြောရရင် ကျွန်တော် အဲဒီနေ့က ပြည်က ပြန်လာတာ။ ရထားက ရန်ကုန်ကို အစောကြီး ဆိုက်တယ်။ ပန်းဆိုးတန်း တို့ဗမာအစည်းအရုံး ဝင်တယ်။ ဝင်တော့ လူစုံ တက်စုံ တွေ့တယ်။
'ဟာ- လူစုံလှချည်လား' ဆိုတော့ တယောက်က 'ဒီမှာ အစည်းအဝေး လုပ်နေတာ' တဲ့။ ဒါနဲ့ ကျွန်တော်က 'ကျွန်တော် ပြန်ရောက်လာတာကို သတင်းလာပို့တာပါ၊ ကျွန်တော် သွားတော့မယ်၊ အိမ်ပြန်အိပ်လိုက်အုံးမယ်ဆိုတော့ ကိုသန်းထွန်း(သခင်သန်းထွန်း)က 'ဟေ့လူ မသွားနဲ့တော့' လို့ လှမ်းတားတယ်။ 'ဘာဖြစ်လို့လဲဗျ' လို့ ကျွန်တော်က ပြန်မေးတော့ 'ဒီမှာ ခုမနက် အတွင်းဝန်ရုံးဝိုင်းမလို့' လို့ ပြောတယ်။ ဒါနဲ့ ကျွန်တော် ခဏနေတယ်။ အဲဒီအချိန်က ကျွန်တော်နဲ့ ကိုသန်းထွန်းက အတူတူနေတယ်။ ဘိုလိမ်းလမ်း၊ ဦးဘိုးအိမ် လမ်းထိပ်က အိမ်မှာ နှစ်ယောက်တည်း ငှားနေကြတာ။
နောက်တော့ ကျွန်တော်က အတွင်းဝန်ရုံးဖက် သွားအုံးမယ်ဗျာ၊ ကိစ္စရှိရင် သူရိယကို လှမ်းဆက်လို့ ပြောခဲ့တယ်။ ကျွန်တော် အတွင်းဝန်ရုံး ရောက်တော့ သူရိယ အရင်ဝင်တယ်။ သူရိယမှာ ခဏစကားပြောမှာကြားပြီး သူရိယတိုက်နားက အတွင်းဝန်ရုံးဂိတ်ပေါက် သွားကြည့် တယ်။ အဲဒီတော့ ဂိတ်ပေါက်မှာ ကျောင်းသားတွေ ရောက်နေကြပြီ။ သပိတ်တားနေကြပြီ။ ကျွန်တော် သူတို့ဆီ သွားကြည့်တော့ အဲဒီ သူရိယတိုက်နဲ့ အနီးဆုံး အတွင်းဝန်ရုံးဂိတ်မှာ သပိတ်တားနေတဲ့ ကျောင်းသားတွေကို ခေါင်းဆောင်နေတာက ကိုကြည်မောင်ရယ်၊ သူက အဲဒီမှာ တာဝန်ခံ၊ ကျွန်တော် သူတို့နဲ့ ခဏနေတုန်းမှာပဲ ရုံးတက်လာကြတဲ့ ကပြားမလေး တွေကို ကျောင်းသားတွေက သပိတ်တားနေကြတယ်။ ပုလိပ်တွေကလဲ ကျောင်းသားတွေကို ဝင်ဝင်ဆွဲနေတာ တွေ့ရတယ်။ လမ်းဘေးမှာ လာကြည့်နေကြတဲ့ လူထုပရိတ်သတ်ကလဲ အပြည့်ရှိတယ်။
နောက် ကျွန်တော့်ကို သူရိယတိုက်ပေါ်က လှမ်းခေါ်တယ်။ ကျွန်တော်သွားတော့ ဖုံးလာတဲ့အကြောင်း၊ ရန်ကုန်အရေးပိုင်ရုံးသွားဖို့အကြောင်း၊ ဟိုမှာ သခင်စံထွန်းလှကို အာမခံ လုပ်ဖို့အကြောင်း ပြောကြတယ်။ ဒါနဲ့ ကျွန်တော် ရန်ကုန်အရေးပိုင်ရုံး သွားတယ်။ အရေးပိုင်ရုံး ရောက်တော့ သခင်စံထွန်းလှကို ရှာတယ်။ ရှာမရဘူး။ မေးတယ်။ မေးမရဘူး။ ကျွန်တော်တို့နဲ့ သိတဲ့ စာရေးကြီး ဦးလှမောင်ကြီးတို့၊ ဦးထွန်းလှတို့ သွားမေးတော့မှ-
'ဟာ.....ဟေ့လူ၊ ပြန် ပြန်၊ ဟိုမှာ စက္ကရီတေးရီးယက်(အတွင်းဝန်ရုံး)မှာ ကျောင်းသား တွေကို ရိုက်ကုန်ပြီ၊ ဆော်ကုန်ပြီ၊ ပြန်တော့၊ ပြန်တော့-သခင်စံထွန်းလှလည်း မရှိတော့ဘူး၊ အာမခံလည်း မပေးတော့ဘူး၊ ရန်ကုန်ထောင်ထဲ ပြန်ပို့လိုက်ပြီ' လို့ပြောကြတယ်။
ဒါနဲ့ ကျွန်တော် အတွင်းဝန်ရုံးဖက် ပြန်ပြေးလာတယ်။ စပတ်လမ်း (ယခု ဗိုလ်အောင် ကျော်လမ်း) ရောက်တော့ ကျောင်းသားတွေ မရှိတော့ဘူး။ စပတ်လမ်းပေါ်မှာ ဘိနပ်တွေ၊ ဦးထုပ်တွေ၊ သွေးကွက်တွေပဲ ပြန့်ကျဲနေတာ တွေ့ရတယ်။ လမ်းပေါ်မှာ လူသူရှင်းပြီး တိတ်ဆိတ်နေတယ်။ ဒါနဲ့ ကျွန်တော် သူရိယတိုက်ဖက် ရောက်သွားတယ်။ သူရိယတိုက် လှေကားအုတ်ခုံပေါ်မှာ ကိုကြည်မောင် ထိုင်နေတာ တွေ့ရတယ်။ ခေါင်းမှာ ပတ္တီးအဖွေးသားနဲ့ သွေးတွေနဲ့။ သူ့နောက် အထက်လှေကားထစ်မှာ ကိုစိုးမောင် ထိုင်နေတယ်။ သူလဲ ခေါင်းမှာ ပတ္တီးကြီးနဲ့။ ဒါနဲ့ ကျွန်တော်က
'ဟေ့လူတွေ ခင်ဗျားတို့ ဘာလုပ်နေတာလဲ၊ ဆေးရုံမသွားဘူးလား' ဆိုတော့
'မသွားဘူး၊ အမျိုးသားသူနာပြုတပ်က လာခေါ် မယ်ဆိုလို့ ထိုင်စောင့်နေတာ' တဲ့။
အဲဒီ ကျောင်းသားအရေးတော်ပုံမှာ ဗိုလ်အောင်ကျော် အသက်စွန့်သွားခဲ့တယ်။
တိုးတက်ရေး သတင်းစာက အဲဒီ ကျောင်းသားအရေးတော်ပုံ သတင်းတွေ ရေးတယ်။ ဗိုလ်အောင်ကျော် သတင်းတွေ ရေးတယ်။ သတင်းတွေကလဲ လိုက်တိုင်းရတယ်။ သတင်းစာ က စောင်ရေသိပ်တက်တယ်။ နောက်ပိုင်းမှာ သူရိယသတင်းစာကို ကျော်တက်သွားတယ်။ မြန်မာ့အလင်းကို ပခုံးချင်းယှဉ်နိုင်တဲ့အထိ ဖြစ်သွားတယ်။ ဟိုတုန်းက သတင်းစာ လုပ်ရတာ ပျော်စရာကောင်းတယ်။ လွတ်လပ်တယ်။ အပြိုင်အဆိုင် လုပ်ကြတယ်။ ကြိုးစားရတယ်။ ဒါပါပဲ'
ဦးလေး ဦးအုန်းမြင့်က စကားဖြတ်တယ်။ တိုးတက်ရေးသတင်းစာ ထုတ်တဲ့အချိန်က အင်္ဂလိပ်ခေတ်၊ မြန်မာနိုင်ငံက အင်္ဂလိပ်လက်အောက်မှာ၊ ပုဂ္ဂလိကသတင်းစာတွေ အများကြီးရှိတယ်။ နေ့စဉ်ထုတ်သတင်းစာချည်း တပြည်လုံးမှာ အစောင် ၃ဝ ကျော် ရှိတယ်။ နောက် ရက်ခြားထုတ် အပါတ်စဉ်ထုတ်၊ လစဉ်ထုတ်၊ သတင်းစာ-ဂျာနယ်-မဂ္ဂဇင်း တွေလည်း အများကြီးရှိတယ်။ တိုးတက်ရေးသတင်းစာဆိုတာ အဲဒီသတင်းစာတွေထဲက နေ့စဉ်ထုတ် သတင်းစာတစောင် ဖြစ်တယ်။
ထိုစဉ်က နေ့စဉ်ထုတ် သတင်းစာများစာရင်း
နေ့စဉ်ထုတ် သတင်းစာ (၁၉၃၈-ခုနှစ်)
၁။ ကြယ်တခွန်
၂။ ဈေးနှုန်း
၃။ ညနေ သတင်းစာ
၎။ တံခွန် သတင်းစာ
၅။ တိုးတက်ရေး
၆။ တိုင်းချစ် သတင်းစာ (မန်း)
၇။ တက်ခေတ် နေ့စဉ်
၈။ ဒီးဒုတ် နေ့စဉ်
၉။ နေပြည်တော် (မန်း)
၁ဝ။ နေရှင်နယ် နေ့စဉ်
၁၁။ နော်ရထာ သတင်းစာ
၁၂။ ပြည်သူ့ဆန္ဒ နေ့စဉ်
၁၃။ ဗန္ဓုလ နေ့စဉ်
၁၄။ မဟောသဓာ သတင်းစာ
၁၅။ မိုစလင်သံတော်ဆင့် သတင်းစာ
၁၆။ မန္တလေး နေ့စဉ် (မန်း)
၁၇။ မန္တလေး သူရိယ
၁၈။ မြန်မာ့ဇေယျာ သတင်းစာ
၁၉။ မြန်မာ့နေ့စဉ်
၂ဝ။ မြန်မာပြည်စောင့် သတင်းစာ
၂၁။ မြန်မာ့ဝန်ထမ်း သတင်းစာ
၂၂။ မြန်မာအဆွေ
၂၃။ မြန်မာ့အလင်း
၂၄။ မြန်မာ့အသံ
၂၅။ မြန်မာ့ဦးစွန်း
၂၆။ ရန်ကုန်မျက်မှန် (ညနေ)
၂၇။ ရွှေပြည် သတင်းစာ
၂၈။ ရွှေပြည်တော်
၂၉။ လူငယ်လက်ရုံး
၃ဝ။ လောကသာရ သတင်းစာ
၃၁။ သခင်သတင်းစာ
၃၂။ သူရိယ
၃၃။ သစ္စာဝါဒီ
၃၄။ အုပ်ချုပ်ရေးနေ့စဉ်
[ဆယ်သန်း သတင်းစာက တပါတ်သုံးကြိမ်ထုတ် ဖြစ်ပါတယ်]

တင်သိန်းမောင်

ပန်းရောင်ဆေးပြားလေးနှစ်ပြား
ရေးသူ- လူထုဒေါ်အမာ

{၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလ၊ မာယာမဂ္ဂဇင်းတွင် ဖော်ပြပြီး ဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ်အတွက် ထပ်မံ ဖော်ပြလိုက်ပါတယ်။}



ဒီအကိုက်အခဲက ပြန်ပေါ်လာပြန်ပြီ။ ဒါကြောင့် အဒေါ်ရွှေက ထိုင်ချလိုက်ပြီး၊ အိမ်ထရံ ကို နောက်ကျောမှီရင်း ခေါင်းကိုလည်း ထရံနဲ့ပဲ ထိထားပြီး မော့ထားလိုက်ရတယ်။ သူ့ခေါင်းထဲမှာ မရေမတွက်နိုင်တဲ့ ပိုးကောင်မွှားကောင်လေးတွေ အထောင်အသောင်းက တရွရွနဲ့ ဦးနှောက်ကို ကိုက်ဖောက်စားသောက် နေကြသလား အောက်မေ့ရတယ်။ ကိုက်လာ တဲ့ခေါင်းက နားထဲမှာလည်း အသံတွေက ဝုန်းဝုန်းချင်း စပ်လို့။ မျက်လုံးကလည်း ဘာမှမကွဲ ပြားတော့ဘူး၊ ပြာနေပြီ။ ဟိုအထက်မှာတော့ အလင်းရောင်တခု ဖျပ်ခနဲ ဖြစ်သွားသလားမသိ။ သူ့ခေါင်းရဲ့ နောက်ဘက်မှာ အင်မတန် လေးလံတဲ့ပစ္စည်းကြီးနဲ့ ဖိထားသလား အောက်မေ့ ရတယ်။ နာကျင်ကိုက်ခဲမှုက ဘယ်လောက်တောင်လဲဆိုရင် သူ့မှာရှိသမျှ အင်အားလေး တောင် ဘယ်ရောက်သွား မှန်းမသိလို့ သူ့ခြေ၊ သူ့လက်တွေကို မသယ်ချင်၊ မ မ,ချင်တော့ ဘူး။ သူ့ ရင်ဘတ်ထဲက နှလုံးက တဒုန်းဒုန်းနဲ့ ခုန်နေသံကို သူ့နားက အတိုင်းသား ကြားနေသလိုပဲ။ မွေးညှင်းပေါက် ရှိသမျှက ထွက်တဲ့ချွေးက တကိုယ်လုံးရွှဲနစ်နေပြီမို့ လေကလေး နည်းနည်း တိုက်ရင်တောင်မှပဲ သူ့ရင်ဘတ်ကို ဓါးတွေနဲ့ ဝိုင်းထိုးကြသလို အေးစိမ့်လာတယ်လေ။



အဒေါ်ရွှေ ဝေဒနာခံရပုံတွေက သိပ်ဆိုးရွား ပါတယ်။ သူ့မှာ ပင်ပမ်းလွန်းလို့ မျက်စိကိုမှိတ် ထားရတော့တယ်။ ကိုက်ခဲပုံက သူ့တကိုယ်လုံးကို စီးပြီး ချုပ်ထားသလိုကိုး၊ ပြီးတော့ တချိန်ထက်တချိန် ပိုပြီးဆိုးလာတယ်လို့လည်း ခံစားရတယ်။ ဒါကြောင့် ရှိရှိသမျှ ခွန်အားကို စုစည်းပြီး သူ့လက်တဖက်ကို မလိုက်တယ်။ ပြီးတော့ ခြင်းတောင်းကလေးထဲက ပစ္စည်းတခုကို သူက လက်နဲ့လိုက်စမ်းပါတယ်။ အဒေါ်ရွှေက ကြီးလှပြီ ဆိုတော့ သူ့လက်ကြီးကလည်း အရေတွေ တွန့်ချင်တိုင်း တွန့်နေပြီလေ။ ဒါကြီးနဲ့ ခြင်းတောင်း ထဲအတော်ကြာ လျှောက်နှိုက်ပြီးရှာတော့ သူလိုချင်တဲ့ ဗူးကလေးကို တွေ့သွားတယ်။ ဒါကြောင့် ဆွဲယူ အဖုံးကလေးကြိုးစားဖွင့်ပြီး မျက်စိကတော့ မှိတ်ထားရင်းနဲ့ ပရုပ်ဆီကို သူ့နှာဝမှာ တေ့ထားလိုက်တယ်။
နောက် ဗူးထဲက ပရုပ်ဆီတကော်ကိုကော် ပြီးနားထင်တွေရယ်၊ လည်ပင်းနဲ့ နှာခေါင်းဝရယ်ကို လိုက်ပြီးပွတ်ပါတယ်။ သူ့မှာ အကိုက်အခဲကြီးက တဖက်နဲ့မို့ ပင်ပန်းလိုက် တာ။ ပရုပ်ဆီရဲ့ အပူက အသားထဲဝင်သွားတော့ နည်းနည်း သက်သာသလိုထင်ရတယ်။ ဒါကြောင့် ရင်ဘတ်နဲ့ကျောကို ပရုပ်ဆီတကော် ထပ်ယူပြီး လိမ်းပြန်တယ်။ လိမ်းရင်းကလည်း သူ့ကိုသူ လက်တုန်တုန်ချိချိနဲ့ပဲ တတ်အားသလောက် ဖိရနှိပ်ရတယ်လေ။ အဒေါ်ရွှေဟာ အသက်ရှူကတော့ မြန်တုန်းပဲ။ ရင်ထဲက တဒိန်းဒိန်းကလည်း ခုန်တုန်းပဲ။ ဒါပေမယ့် တကိုယ်လုံး ပူထူရှိန်းဖိန်းသွားတော့ နဂိုခံနေရတဲ့ အကိုက်အခဲကို နည်းနည်းတော့ မေ့ပျောက်သွားပါတယ်။
အဒေါ်ရွှေ ဒီလိုဖြစ်တာ ဒီတခါ မဟုတ်ဘူး။ မကြာခဏဖြစ်တာပါ။ ဖြစ်တိုင်း လူဟာ မောပန်း နွမ်းလျပြီး ကျန်ရစ်တာချည်းပဲ။ ပြီးတော့ ဒီရောဂါက လေတိုက်သလိုပဲ၊ လေဟာသူ ဘယ်တော့ တိုက်မယ်လို့ ဘယ်တော့မှ ကြိုတင်မပြောသလို သူ့ရောဂါကလည်း ငါဘယ်တော့လာမယ်လို့ ကြိုတင်ပြောလေ့မရှိဘူး။ ဖြစ်လာပြီဆိုရင် တကယ့် နက်နက် ရှိုင်းရှိုင်းပဲ။ လူတကိုယ်လုံး နာစရာရှိသမျှ အကုန်နာလာတယ်။ ဖြစ်နေတုန်းဆိုရင် ဝေဒနာက သူ့ခန္ဓာကိုယ်က ပြန်ထွက် သွားချင်တဲ့ ပုံမပြဘူး။ တခါတည်း အသက်ပါချွေ သွားတော့ မလိုပဲ။
ဒီလိုနာလာတိုင်း အဒေါ်ရွှေက သူ့ဖာသာ သူဝေဒနာကို ဒီလိုကုရတာပါပဲ။ ပရုပ်ဆီ တကိုယ်လုံးကို လိမ်းပေးပြီး ဖျာရှိရာကို ဖင်တရွတ်တွန်းယူရတယ်။ ဖျာပေါ်ရောက်တော့ လှဲအိပ်ပြီး သူ့ ရောဂါထွက်အသွားကို စောင့်ရတယ်လေ။ အဲ- တခါတလေကျတော့ သူ့မှာ ပိုက်ဆံကလေး ဘာကလေးရှိမယ်၊ ခွန်အားလေးလည်း နည်းနည်းပါးပါး ကျန်သေးတယ် ဆိုရင်ရှိတဲ့ ပိုက်ဆံကလေးဆုပ်ပြီး လမ်းထဲက ကုန်စုံဆိုင်ကို ရောက်အောင်သွားရတယ်။ နားထဲက တဝုန်းဝုန်းအသံနဲ့ ရင်ဘတ်က တဒိန်းဒိန်းသံကို နာခံရင်းနဲ့ပေါ့။ ဆိုင်ရောက်တော့ ယဟုမ်းအားတိုးဆေးထုပ်ကလေး ဝယ်လာပြီး အမှုန့်ကိုပါးစပ်ထဲထည့် ရေနဲ့ သောက်ချလိုက် ရတယ်။ သူ့ရောဂါ သူ့ဝေဒနာအတွက် သူ့မှာ ပရုပ်ဆီနဲ့ ယဟုမ်း အားတိုးဆေးပဲရှိတယ်။
အဒေါ်ရွှေက ဒီဝေဒနာက သူ့အသက်ကို ပါတပါတည်း ချွေသွားပါတော့လို့ ဆုတောင်း ခဲ့တာ အခါခါရှိလှပြီ။ နို့ပေမယ့် ဆုတောင်း မပြည့်ပါဘူး။ ဖြစ်လာပြီဆိုရင် မခံမရပ်နိုင်အောင် တခါထက်တခါ ပိုကိုက်ခဲလာတာချည်း။ မလှုပ်ကို မလှုပ်နိုင်တော့တဲ့အထဲက ခဲခဲယဉ်းယဉ်း နဲ့ ဒီဗူးကလေးကိုယူ၊ ဗူးကလေးထဲက ပရုပ်ဆီကို တကိုယ်လုံးလိမ်း၊ ဒါနဲ့ တသံသရာ လည်ပြန်ရော။ ဒီပရုပ်ဆီက ခဏတော့သက်သာတယ်၊ ဒီအနာကို တခါထည်း မပျောက်ကင်း စေနိုင်မှန်းလည်း သိသားပဲ။
တယောက်တည်း နေရတဲ့ တကောင်ကြွက် လူဆင်းရဲများရဲ့ ဘဝက ဒီအတိုင်းချည်း ပါပဲလေ။ ဘာဖြစ်ဖြစ် ကိုယ့်ဖာသာကိုယ် လုပ်ရမှာပဲ။ ဒါကြောင့် တခါတလေ အဒေါ်ရွှေက ငါဘာလို့များ ဒီလိုတကောင်ကြွက်ဘဝနဲ့ အသက်ရှည်နေတာပါလိမ့်၊ ငါ့ဘဝမှာ ငါတယောက် တည်း တသက်လုံးပါကလား။ ငါ့အတွက် ပူပန်သောက ရောက်မယ့် ဆွေမျိုး၊ ငါ့ကိုကြည့်ရှု စောင့်ရှောက်မယ့်ဆွေမျိုးရယ်လို့လည်း တယောက်မှ မရှိပါကလား။ ငါ ဘယ်သူ့အတွက် အသက်ရှည်ရဦးမယ်လို့လည်း ပြောစရာမရှိ၊ ငါ့အတွက် အသက်ရှည်နေတဲ့ ဘယ်သူဘယ်ဝါ ရယ်လို့လည်းမရှိ။ တငုတ်တုတ်တုတ်နဲ့ အလကားအသက်ရှည်နေခဲ့တာ၊ ပျော်စရာ၊ ရွှင်စရာရယ်လို့လည်း ဘယ်တော့မှ ဘာကမှ မရှိခဲ့။ ဒါ့ကြောင့် ငါ့ဘဝ၊ ငါ့ အသက်ရှင်သမျှဟာ ဆင်းရဲတွင်းနက်နက်တူးဖို့ လူဖြစ်နေရတဲ့ ဘဝပဲလို့ အောက်မေ့တတ်တယ်။ တနေ့ပြီးတနေ့ ခံစရာရှိရင် ကိုယ်ခံရတယ်။ အဲဒီ အထဲက အမျိုးမျိုး ကြိုးစားပြီး ရုန်းထွက်ရတယ်။ တနေဝင် တနေထွက် ဆက်လို့သာနေပါရော။ အဖော်အလှော်မရှိတဲ့ အထီးကျန်ဘဝကြီးမှာ စိတ်ချမ်း သာစရာကောင်းတဲ့အဖြစ်မျိုး တခုမှမရှိပါဘူး။ ဒီလို ဆိုရင် ဘာဖြစ်လို့ရုန်းကန်နေသေးလဲ၊ သေမယ့်နေ့ကို တနေ့ရွှေ့, ရွှေ့လို့ရနေ သလားဆိုပြီး လုပ်နေတာလား။ ဘာများကောင်းလို့ လဲ။ သူ့အဖို့ ကနေ့ သေရတာနဲ့ နက်ဖြန်မှ သေရမှာ ဘာမှထူးခြားမှု ရှိတာမဟုတ်ပါဘူး။ မြန်မြန်သေရင် မအေးပါလားလို့ အဒေါ်ရွှေက သူ့ဖာသာသူလည်း ခဏခဏ မေးမိ ညည်းမိ ပါရဲ့။
သူ့မျက်လုံးတွေကို အကြာကြီးပိတ်ထားပြီးတဲ့အခါ ပြန်ဖွင့်ကြည့်ဖို့ အဒေါ်ရွှေက ကြိုးစားတယ်။ သူ့နှလုံးက အခုန်မြန်တုန်းပါ။ သူ့ခေါင်းကလည်း ကိုက်နေတာပါပဲ။ သူ့ နောက်စေ့ကလည်း မူးနောက်နောက်ဖြစ်လာအောင် လေးလံနာကျင်နေဆဲပါ။ သူ့မျက်စိ ရှေ့က အမည်းကွက်ကြီးကတော့ တဖြည်းဖြည်းလျော့ပါးလာပြီ။ ဒါကြောင့် ငှက်ပျောသီး တောင်းကြီးကို ငေးကြည့်မိတယ်။ နယ်ထားတဲ့ မုံ့နှစ်နဲ့ရောဖို့ ငှက်ပျောသီးတွေက ချေထားပြီး သား မဟုတ်လား။ ငှက်ပျောဖက်ကလေးတွေကလည်း တထုပ်စာစီ အနေတော်ဖြတ်ပြီး အပုံလိုက်ထပ်ထားတာ။ ခုတော့ လေတိုက်လို့ လွင့်တောင်ကုန်ပြီကော၊ တဲစပ်ထိုးဖို့ ထန်း ရွက်ကျောကလေးတွေကို ဓါးနဲ့သေသေချာချာသပ်၊ အနေတော်ဖြတ်ပြီး တဖက်ချွန်ထားတာ တွေလည်း သူ့ဘေးမှာ ဗလနှံ့ကြဲနေတယ်။ အဲဒီတော့ နေမကောင်းတာ ကောင်းတာအပထား၊ ငှက်ပျောထုပ်တော့ ပြီးအောင်ကို လုပ်ရမှာပဲ။ မလုပ်နိုင်လို့ ပစ်ထားလိုက်ရင် ချေထားတဲ့ ငှက်ပျောသီးတွေ အလကားဖြစ်ကုန်တော့မပေါ့။ အဒေါ်ရွှေက ရင်ထဲတဒိန်းဒိန်း မြည်နေတဲ့ ကြားက ကိုယ်ကိုမတ်ပြီးထိုင် လိုက်တယ်။ ပြီးတော့ ချေထားတဲ့ ငှက်ပျေသီးအိုးကို သူ့ရှေ့ယူလိုက်တယ်။ မနေ့ညကတည်းက အိစက်နေအောင်နယ်ထားတဲ့ မုန့်နှစ်အိုးကို ငှက် ပျောသီးနယ်ထားတဲ့အိုးထဲ အကုန်လောင်းထည့်ပြီး ငှက်ပျောသီးနဲ့မုန့်နှစ် သမအောင် အား ရှိသမျှနဲ့ မွှေပြန်တယ်။ သူ့လက်တွေက တုန်နေပါတယ်။ မုန့်နဲ့ငှက်ပျော ရောနယ်နေတဲ့ အထဲ ထန်းလျက်ရည်နည်းနည်း လောင်းထည့်ပြန်တယ်။ အားလုံး သမပြီဆိုတော့ ငှက်ပျောဖက် ကလေးတွေထဲ တဇွန်းစီခပ်ထည့်ပြီး အထုပ်ကလေးတွေ ညီညီ ထုပ်တယ်။ ပြီးတော့ ဒီမုန့်ထုပ်ကလေးတွေကို ပေါင်းအိုးထဲမှာ စီထည့်ပါတယ်။ အားလုံးထည့်ပြီးတော့ ပေါင်းအိုးကို မီးဖိုပေါ် ဖြည်းဖြည်းချင်း မတင် ပါတယ်။
ဆိုက်တဲ့ထင်းတွေက ခြောက်လေတော့ လိမ္မော်ရောင်မီးတောက်တွေက ပေါင်းအိုး အောက် က ရေနွေးအိုးကို လျှာနဲ့လျက်ပြီး ကောင်းကောင်း အပူပေးနေပါပြီ။ အဒေါ်ရွှေလည်း မုန့်အိုးဖိုပေါ် ရောက်ပြီမို့ အရင်နေရာကိုပြန်ထိုင်ပြီး လေထဲ ပျောက်ကွယ်သွားတဲ့ မီးခိုးတွေကို ကြည့်ရင်း သူ့ ဘဝအဲဒီလို ဖြစ်မယ့်နေ့ရက် ဘယ်တော့များ ရောက်လာမှာပါလိမ့်လို့ တွေးနေ မိတယ်။
မီးဖိုပေါ်က မီးအားကောင်းလာတာနဲ့အမျှ ရေနွေးအိုးက ကျိုက်ကျိုက်ဆူပြီး မုန့်တွေကို အငွေ့တွေက ပေါင်းပေးနေပါပြီ။ အဒေါ်ရွှေကတော့ ရေဆူသံပွက်သံကို နားထောင်တာနဲ့ သူ့ မုန့်ဘယ်အချိန်မှာ နပ်တယ်ဆိုတာကို သိပါတယ်။ ကျက်ပြီဆိုတော့ အိုးကိုချဖို့ ထရပ်လိုက် ပါတယ်။ ထ, အရပ်လိုက်မှာ လူကမိုက်ခနဲပြီး မူးသွားတယ်လေ။ မျက်လုံးကလည်း မမြင်ရတော့ဘူး။ တဒုန်းဒုန်း မြည်တဲ့ရင်ကလည်း ပိုလို့ပဲမြန်လာတယ်။ ဒါ့ကြောင့် အရင်အတိုင်းပဲ သူ့အိမ်ထရံကို ပြန်ပြီး မှီထိုင်ရပြန်တယ်။
လာပြန်ပါပြီ၊ အကိုက်အခဲက နောက်တကျော့။ ဒီတခါ အရင်ထက် ပိုဆိုးလာ သလားပဲ။ အဒေါ်ရွှေက မျက်စေ့နှစ်လုံးကို မှိတ်ထားရတယ်။ သူ့ခေါင်းကိုဝိုင်းပြီး ကိုက်ဖောက် နေကြတဲ့ ပိုးမွှားတွေက ဒီတခါတော့ ခေါင်းခွံရိုးကိုပါ တစစီဖြစ်အောင် ကိုက်ဝါးနေကြပြီ ထင်တယ်။ သူမှိတ်ထားတဲ့ မျက်လုံးပတ်ချာလည်မှာ ကြယ်တွေမှိတ်ချီ လင်းချီနဲ့ လှည့်ပြေး နေကြတယ်။ နာလွန်းလို့ ထွက်လာလိုက်တဲ့ ချွေးတွေကလည်း တကိုယ်လုံးရေထဲ နှစ်ထား သလိုပဲ။ ဒါ့ကြောင့် အနေရာရာကအေးစက်နေပြီး သူ့ခန္ဓာကိုယ်ထဲက သွေးကြောတွေမှာ လှည့်ပတ်စရာသွေးမှ ရှိသေးရဲ့လား အောက်မေ့ရတယ်။
အဒေါ်ရွှေက ပရုပ်ဆီဗူးကို ထပ်ရှာရပြန်ပြီ။ ဗူးထဲ လက်နှိုက်ပြီး ယူလိုက်တော့ ပရုပ်ဆီက များများမပါတော့ဘူး။ ကုန်တော့မှာကိုး။ ဒါကြောင့် ရသမျှ ခြစ်ချုပ်နှိုက်ပြီး နားထင်တွေ နားရင်းတွေကို လိမ်းရင်းနှိပ်တယ်။ ပြီးတော့ ထိုင်ရာကထ၊ သပေါ့ ဖျာဟောင်းလေးပေါ်မှာ သူ့ခန္ဓာကိုယ်ကို ပစ်လှဲချလိုက်ရတယ်။
ခဏတော့ သူ့ငှက်ပျောထုပ်တွေကို မေ့နေပါတယ်။ သူဘာမှ ဆက်မလုပ်နိုင်တော့ ဘူးလေ။ ဘာအားမှ မရှိတော့တာပဲ။ ဒီလိုဖြစ်ရက်နဲ့ ဇွတ်အတင်း သူ့ခန္ဓာကိုယ်ကို စေခိုင်း မယ်ဆိုရင်၊ ရေနွေးအိုး ပေါ်ဖြစ်ဖြစ်၊ မီးဖိုပေါ်ဖြစ်ဖြစ် သူလဲကျတော့မှာပဲ။
အသက်ကို မြန်မြန်နဲ့ မှန်မှန်ရှူနေပေမယ့် သူ့ရှူသံက မပြင်းပါဘူး။ သိပ်ကိုချိနဲ့ အားကုန်နေတာပါ။ အကိုက်အခဲကလည်း ခေါင်းကနေပြီး တကိုယ်လုံးကို ပျံ့နှံ့သွားပါပြီ။ ဒီရောဂါရဲ့ အနှိပ်အစက်ခံရပုံဟာ ဘယ်လိုပြောရမှန်း မသိအောင်ကို ပြင်းပါတယ်။ ဒါကြောင့် တကယ်လို့များ ဒီလိုခံစားနေရင်း အသက်ရှင်နေမလား၊ သေလမ်းကိုရွေးမလား မေးရင် သေပါရစေလို့ အဒေါ်ရွှေက ချက်ချင်း ပြောမှာပါ။
အိပ်ရာပေါ်မှာ နာနာကျင်ကျင်နဲ့ သူကုန်ဆုံး ရတဲ့အချိန်တွေက တမိနစ်ဆိုတာ တကယ့်နှေးနှေး ကွေးကွေးတမိနစ်၊ သူ့ကိုဝေဒနာထဲ စိမ်ပြေနပြေ နှစ်ပြီး ကြိုက်သလောက် နှိပ်စက်နေတဲ့ တမိနစ် လိုပဲ။ နာလွန်းကျင်လွန်းတော့ သဲ့သဲ့လေးကိုတိုက် ခတ်တဲ့လေပေမယ့် သူကမခံချိနိုင်ဘူး။ နာကျင်လွန်းလို့ သူ့မျက်စိက မှိတ်ထားလိုက်တဲ့အခါတိုင်း၊ သူ့ဦးနှောက် ထဲက ရှိရှိသမျှသွေးကြောတွေက ပေါက်ကွဲထွက်ကုန်ပြီး ပိုးတွေမွှားတွေက တအားကိုက်ခဲ စားသောက်ကုန်ကြတယ်လို့ သူထင်တယ်။ အဒေါ်ရွှေက အဲဒီလိုခံစားရင်း လဲနေတာ မနက်ကထဲကဟာ ခုဆို နေမွန်းတည့်တောင် မကတော့ဘူး။ ဒါကြောင့် မီးဖိုထဲကမီးတွေ လည်း အားလုံးသေကုန်ပြီ။ အနို့ပေမယ့် သူ့ကိုကိုက်ခဲစားသောက်နေကြတဲ့ ပိုးတွေကတော့ သူအသက်ရှူနေနိုင်သေးသမျှ၊ သူ့ကို နှိပ်စက်ကိုက်ခဲနေကြမှာ ထင်ပါ ရဲ့။
ခံရပုံတွေက လွန်လွန်းလှပါကလား။ ဘာကြောင့် ဒီလောက်နဲ့ရပ်တန့်ပြီး သူ့ကိုသေရွာ မပို့ သလဲ။ ခုလိုခံနေရတာထက်တော့ ဘာဖြစ်ရဖြစ်ရ တော်ဦးမှာပါ၊ လူကတော့ဘယ်နည်းနဲ့မှ မသေနိုင်ဘူး။ ဝေဒနာက သူ့ကို ကောင်းကောင်းကြီး ဆက်နှိပ်စက်နေဦးမှာဆိုရင် သူမနေလို တော့ပါဘူး။
အဒေါ်ရွှေက သူ့ခေါင်းအုံးအောက်ကို လက်နှိုက်စမ်းတယ်။ လက်ထဲမှာတွန့်နေတဲ့ ဘတ် ၁ဝ တန်စက္ကူလေးတွေ တွေ့တယ်။ ဒါလေးတွေက ငှက်ပျောထုပ်လည်ရောင်းရင်း တတ်အားသမျှ သူစုထားတဲ့ ပိုက်ဆံလေ။ ဒါလောက်ကလေးရဖို့ကို စုလိုက်ရတာ အကြာကြီးပါ။ မျက်စိဖွင့်ပြီး ဒီငွေ စက္ကူတွေကို သေသေချာချာကြည့်တယ်။ ၁ဝတန် သုံးရွက် ဖြစ်ပါတယ်။ ဒါတွေနဲ့ဆိုရင် သူ့ဝေဒနာ အကုန်လုံးကို ပျောက်ကင်းသွားအောင် ကုစားနိုင် ကောင်းပါရဲ့။ သူတို့လမ်းကြားကနေပြီး လမ်းမကြီး ထိပ်ကို အတက်ဘက်မှာ ဆေးခန်းတခန်း ရှိပါတယ်။ အဲဒီ ဆေးခန်းဆရာဝန်ကတော့ သူ့ကိုနှိပ်စက်နေတဲ့ ပိုးတွေမွှားတွေကို တခါတည်း သေကုန်အောင် အပျောက်ကုပေးနိုင်မယ်ထင်ပါရဲ့။
အမှန်အတိုင်းဆိုရင် အဒေါ်ရွှေက ဘာဖြစ်ဖြစ် ဆရာဝန်ဆီကို မသွားချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝေဒနာဆိုတာ ခန္ဓာကိုယ်ထဲကနေပြီး သူလာချင်တဲ့အခါလာ သူပြန်ချင်တဲ့အခါ သူ့ သဘောအတိုင်း ပြန်သွားတတ်တာမျိုး၊ ဒီလူ့ လောကကြီးထဲ သူလူဖြစ်လာပုံမျိုးပေါ့။ ရောက်ချင်သလိုရောက်လာပြီး သူသေချင်ရင် သေသွားတာ မျိုးနဲ့ အတူတူပါပဲလို့ တွေးခေါ်ထားတာကလား။ ဒါပေမယ့် ဒီတခါတော့ သေမင်းရဲ့အခေါ်ကို ဒီအ တိုင်းသူဆက်ပြီး မစောင့်နိုင်ဘူး၊ ဝေဒနာခံရတာက ဆိုးရွားလွန်းတယ်။ ဒါကြောင့် မထိုင်နိုင် ထိုင်နိုင်အောင် အတင်းကြိုးစားပြီး အဒေါ်ရွှေက ထိုင်တယ်။ ဘတ်စက္ကူကလေးတွေကို လိပ်ပြီး လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်တယ်၊ ပြီးတော့ အတင်းဆွဲပြီး မတ်တတ်ထပါတယ်။ ယိုင်တိယိုင်တိုင်နဲ့ပဲ ရပ်လို့ရလာပါပြီ။ ကြိုးတန်းပေါ်က သူ့အင်္ကျီအပြာကို ဆွဲယူပြီး အပေါ်က ကောက်ထပ်ဝတ်တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ကို တလက်မချင်း အတင်းအဓမ္မ အရွေ့လျားခိုင်းပြီး လမ်းထိပ်ပေါ်ရောက် အောင်လာခဲ့ပါတယ်။
"အဒေါ်ကနေ့ ငှက်ပျောထုပ် မရောင်းဘူးလား" လို့ အသိတယောက်က သူ့ကိုလှမ်း မေးတော့-
"နေသိပ်မကောင်းဘူးကွယ်" လို့ သူက ဖြေတယ်။
"ဒါဖြင့် ဆရာဝန်သွားပြလေ၊ ဒေါက်တာ ဝိဆတ်က တကယ်သဘောကောင်းပါတယ်" လို့ အဲဒီလူက ပြန်ပြောတယ်။ အဒေါ်ရွှေက ဖြည်းဖြည်းခေါင်းညိမ့်ပြပြီး ဆက်လာခဲ့တယ်။ နှုတ်ဆက်လိုက်တဲ့သူက ဘာမှန်းမသိ ဆက်ပြောပါသေးတယ်။ သူ့နားက ဘာရယ်မကွဲ တော့ဘူး။ နားထဲက တဝုန်းဝုန်း မြည်နေတာတွေက သိပ်ဆိုးနေပြီကိုး။
အဒေါ်ရွှေ လမ်းကြားက လမ်းမပေါ်ရောက်အောင် နာရီဝက်လောက် လာခဲ့ရတယ်။ မောလွန်းလို့ လမ်းမှာနားနားပြီး ထိုင်နေရတာက အကြိမ်ကြိမ်ပါ။ အတော်ကြာနားပြီးမှ ဆက်နိုင်တာ ချည်းပါ။
ဆရာဝန်ဆေးခန်းကတော့ ဖွင့်နေပါပြီ။ ဆေးခန်းရှေ့မှာ ရပ်ထားတဲ့ မှန်လုံကား အရောင်ရင့်ကြီးက ဆရာဝန်ကားပဲ ဖြစ်မှာပါ။ ဒီလမ်းကို သူလာတိုင်း ဒီကားကြီး ရပ်ထားတာ မြင်နေကျပဲဟာ။ အဒေါ်ရွှေက ကားကြီးကိုကျော်ပြီး ဆေးခန်းထဲ ဝင်ခဲ့တယ်။ ပြီးမှ ဘယ်ထိုင်ရ မှန်းမသိလို့ ငူငူကြီးရပ်နေတော့-
"ထိုင်ပါခင်ဗျာ" လို့ ဆင်နားရွက်တံခါးကို တွန်းဖွင့်ပြီး ထွက်လာတဲ့ အသားညိုညိုနဲ့ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ လူရွယ်တယောက်က အဒေါ်ရွှေကို လှမ်းပြောပါ တယ်။ သူဝင်လာတာမြင်လို့လေ။
"ဒီနေ့တော့ ကျွန်တော်တယောက်တည်းမို့ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်လူနာကို ဧည့်ကြိုလုပ်ရတော့မှာပဲ" လို့ ရင်းနှီးဖော်ရွေတဲ့အပြုံးနဲ့ ပြောပါတယ်။ အဒေါ်ရွှေက တခြားလူနာတွေကို ကျော်ခဲ့ပြီး ခုံရှည်တခုရဲ့ အစွန်မှာ ဒိပြင်လူနာတွေနဲ့အတူ ဝင်ထိုင်လိုက် ပါတယ်။ "ဒီလူဆရာဝန်ဖြစ်မှာပဲ" လို့လည်း ဆင်နားရွက်တံခါးလေးရဲ့ အတွင်းထဲ ဝင်သွားတဲ့ လူရွယ်ရဲ့ နောက်ကျောကိုကြည့်ရင်း အဒေါ်ရွှေက အကဲခတ်လိုက်တယ်။ ပြီးတော့ စိတ် ထဲမှာပေါ့ပြီး စိတ်ချစိတ်အေးသွားတယ်။ ဒီလိုညင်သာတဲ့ ပြုံးရွှင်တဲ့လူနဲ့ ဆရာဝန်အလုပ်နဲ့ လည်း လိုက်ဖက်လိုက်တာလို့လည်း အောက်မေ့ဝမ်းသာမိတယ်။ ဆရာဝန်ဆိုတဲ့အလုပ်က လူတဖက်သားကို ကြင်နာတတ်ဖို့၊ ညင်ညင်သာရှိဖို့ လိုတယ်ဟုတ်လား။ ခုဒီလိုဟာနဲ့ တွေ့တော့ သူ့မှာဆေး မစားရခင် ရောဂါတဝက်ပျောက်နေသလိုပဲ။ အဒေါ်ရွှေက လူနာစမ်းတဲ့ အခန်းကလေးထဲကို မျက်ခြေမပြတ် လှမ်းကြည့်နေမိတယ်။ ဆရာဝန်လဲ ဒီထဲမှာတင် ရှိတယ်လေ။ အထဲမှာ ဘာတွေများ လုပ်ပေးတာပါလိမ့်လို့ တွေးပြီးကြောက်လဲ ကြောက်နေ တယ်။ ဆရာဝန်ရဲ့ ပြုံးနေတဲ့ မျက်နှာနဲ့ ကြင်နာတဲ့ အမူအရာကြောင့်သာ ခံနိုင်တော့တယ်။
သူ့အနားက သူ့လိုစောင့်နေကြသူတွေထဲက တယောက်ပြီးတယောက် ဒီအခန်းလေး ထဲကို တအောင့်လောက်စီတော့ ဝင်သွားကြတယ်။ ပြီးရင် ဆရာဝန်နဲ့အတူ ပြန်ထွက်လာကြ ရော၊ ဆရာဝန်က စပွဲမှာထိုင်ပြီး စာတရွက်နဲ့ရေးရော၊ ရေးပြီးရင် စက္ကူအိတ်ကလေး ၂ အိတ်၊ ၃ အိတ်နဲ့ ဆေးပေးတယ်ထင်တာပဲ။ လူနာက ငွေစက္ကူ အထပ်လိုက်တွေ ပေးပြီး ယူသွားကြတာလည်း မြင်တယ်။
ဆရာဝန်က ငွေယူပြီးရင် နောက်တယောက်လာခဲ့ဖို့ ချိုသာကြင်နာတဲ့ အသံနဲ့ ခေါ်ပြန်ရော။
"အမကြီးလာပါ"တဲ့။ ဆရာဝန်က။ ဒီတခါ အဒေါ်ရွှေကို ကြည့်ပြီး ဆရာဝန်က ပြောတာပါ။ "အမကြီးအလှည့်ပါ" တဲ့။ အဒေါ်ရွှေလည်း ဆရာဝန်ကိုကြည့်ပြီး ကြောင်တောင် တောင် လုပ်နေတော့ ဆရာဝန်က ခေါင်းကလေး အသာညိတ်ပြီး "အမကြီးခေါ်တာ၊ အမကြီးအလှည့်ပါ" တဲ့။
အဒေါ်ရွှေက ဂွတိဂွစာ ထိုင်ရာက ထတယ်။ ဆရာဝန်ဆီ ဒီလိုလာတာ ဒါပထမဆုံး အကြိမ် မဟုတ်ပေမယ့် အရင်တခါလာဖူးတာ ကြာလှပြီမို့ ဆရာဝန်ရှေ့ ဘယ်လိုနေရ ထိုင်ရတယ်ဆိုတာ သူမ မှတ်မိတော့ပါဘူး။ ဒါကြောင့် တခြားလူတွေ လုပ်သလို ဆင်နားရွက်တံခါးကလေးဆီကို လှမ်းခဲ့ပါတယ်။ ဆရာဝန်ကသူ့ကို အခန်းထဲက စောင့်နှင့် နေပါပြီ၊ အပြုံးကလေးနဲ့။
"အဲဒီအိပ်ရာလေးပေါ် တက်ပါခင်ဗျာ" တဲ့။ နံရံကပ်ပြီးခင်းထားတဲ့ အိပ်ရာကလေးပါ။ အဒေါ်ရွှေက ပလပ်စတစ်ခင်းဖြူဖြူလေးအုပ်ထားတဲ့ အိပ်ရာပေါ်ကို တက်လိုက်ပါတယ်။
"အိပ်ပါ၊ ခြေထောက်ကလေး ဆန့်ထားပါ။- အဲဟုတ်ပြီ၊ အဲဒီလိုပေါ့ အမကြီးရယ်" လို့ပြော ပြောဆိုဆို ဆရာဝန်က ကုတင်ဘေးကိုရောက်လာပြီး အဒေါ်ရွှေလက်ကိုဖမ်းပြီး သူက ဆုပ်လိုက်တယ်။ လက်ကိုခဏ မြှောက်ထားတယ်။ နောက် အခန်းထောင့်မှာ စားပွဲခင်း ဖြူလွလွကလေး ခင်းထားတဲ့ စားပွဲပေါ်က ပစ္စည်းလေး တခုနှစ်ခုယူပြီး အိပ်ရာဘေးပြန် လာတယ်။
"လျှာကလေးထုတ်ပြပါအမကြီး" တဲ့၊ အဒေါ်ရွှေက ခိုင်းတဲ့အတိုင်း လုပ်ပါတယ်။ ဆရာဝန်က ခေါင်းကလေး အသာညိမ့်တဲ့ပြီး ထုတ်ထားတဲ့ လျှာကို ပြန်သိမ်းခိုင်းတယ်လေ။ ပြီးတော့ လက်ကလေးတွေနဲ့ အဒေါ်ရွေရဲ့ မျက်လုံး(၂)လုံးကို ဖြဲကြည့်တယ်။ ပြီးတော့ ရင်ဘတ်ပေါ်ရွှေ့ ဖိနှိပ်ထားတဲ့သူ့လက်ကို သူ့တဖက်လက်က လက်ချောင်းကလေးတွေနဲ့ ခေါက်တယ်။ ဟိုနေရာရွှေ့ ခေါက်လိုက်၊ ဒီနေရာရွှေ့ ခေါက်လိုက်နဲ့။ အဒေါ်ရွှေက သူ့ခေါင်းထဲ ဝင်ကိုက်ခဲနေတဲ့ ပိုးကောင်ကလေးတွေနဲ့ အခု ဆရာဝန်လုပ်နေတာနဲ့ ဘယ်လိုများ ပတ်သက် သက်ဆိုင်ပါလိမ့်မတုန်းလို့ တွေးနေတယ်။
နောက်ဆုံးအနေနဲ့ သူ့လည်ပင်းဆွဲထားတဲ့ ကြိုးတန်းလန်းနဲ့ အပြားကလေးကိုယူ၊ သူ့နားထဲကို ကြိုးထိပ်က ဘုလေး ၂လုံးထဲ့။ ကြိုးအလယ်ခေါင်က ထွက်လာတဲ့အပြား ကလေးနဲ့ သူ့ရင်ဘတ်ကို လျှောက်ဖိကြည့်တယ်။ အဒေါ်ရွှေက ဆရာဝန်အခုလုပ်နေတာနဲ့ သူ့ခေါင်းထဲက ပိုးတွေနဲ့ ဘယ်လို ဆက်စပ်မှာပါလိမ့်ဆိုတာ တွေးနေတာဘဲ။
ဆရာဝန်က တဖက်လှည့်ပြီး သူ့လက်တွေ ရေပိုက်မှာမဆေးခင် "တော်ပါပြီ" လို့ပြောတယ်။ အဒေါ်ရွှေက မတွေးတတ်ပေမယ့် အိပ်ရာကထ လိုက်ရတယ်။ သူ မခံရပ်နိုင် အောင် နာကျင်ကိုက်ခဲနေတဲ့ ရောဂါကို ဒီလိုစမ်းတာနဲ့ တော်ပြီတဲ့လား။ ဆရာဝန်က ပိုးမွှားလေးတွေ အကောင်တသောင်းလောက်က ဝိုင်းကိုက်နေကြသလိုပါ ဆရာဝန်ရယ် လို့တောင် ပြောပြဖို့ မလိုတော့ဘူးတဲ့လား၊ တယ်တော်တဲ့ ဆရာဝန်ပါလား။
"အပြင်ကြွပါအမကြီး၊ အပြင်ဘက်မှာ ဆေးယူဖို့စောင့်ပါ" တဲ့။ အဒေါ်ရွှေက နားမလည်သလို အူကြောင်ကြောင်နဲ့ အိပ်ရာပေါ်ကို ထိုင်နေသေးတာ မြင်လို့တဲ့လေ။ အဒေါ်ရွှေလည်း ခပ်ဖြည်းဖြည်း အိပ်ရာပေါ်က ဆင်းပါတယ်။ ခြေထောက်က မြေကိုထိတော့ လူကယိုင်သွားလိုက်သေးတယ်။ သူ့မှာဘာခွန်အားမှ ပြန်ဝင်မလာသေးတာတော့ အမှန်ပဲ။
"အမကြီး- ခရမ်းချဉ်သီးတို့၊ အသည်းတို့ များများစားပေး-သိတယ်မှုတ်လား" လို့ပြော ပြီး ဆင်နားရွက်တံခါးလေးကို တွန်းဖွင့်ပြီး အပြင်ခန်းက စားပွဲလေးမှာ တစုံတခုရေးဖို့ ဝင်ထိုင်တယ်။
အဒေါ်ရွှေက ခေါင်းညိတ်ပါတယ်။ ဆရာဝန်စကားကို ကြားတယ်လို့ ဖြေတာပါ။ ဒါပေမယ့် ဈေးမှာက သူစားတဲ့ ငါးမှုန့်ငါးဖွဲ တဆယ်သားကိုပဲ အတော်ပေးမှ ရတာပါ။ ခရမ်းချဉ်သီးတို့၊ အသည်းတို့က သူမစားနိုင်တဲ့ အဆင့်ကပါ။
"ဒီမှာအမကြီး အမကြီးကိုဆွဲမမယ့် အားဆေးတွေ၊ ဟောဒါကို ထမင်းစားပြီးတိုင်း ၂ပြားသောက်" တဲ့။ ပြီးတော့ ပုလင်းကြီးတလုံးထဲက ဆေးညိုညိုကြည်ကြည် အလုံးလေးတွေ ကို စာအိတ်တခုထဲ ရေထဲ့နေပြန်တယ်။ အဒေါ်ရွှေက ဆရာဝန်လုပ်သမျှတွေကို မျက်ခြေမပြတ် ကြည့်နေတာကလား။ ဆရာဝန်ကသူ့ကို ဘာအတွက်ဆွဲ ထူပေးမှာပါလိမ့်၊ သူလိုချင်တာက သူ့ခေါင်းထဲ ကိုက်ခဲထွင်းဖောက် စားသောက်နေကြတဲ့ ပိုးကောင်မွှား ကောင်တွေကို သေစေနိုင်မယ့် ဆေးဝါး မျိုးလိုချင်တာ၊ ပြီး တကယ်ပြောရရင် ဒီအသက်ကြီး ကိုလည်း သူက ရှည်မနေချင်တော့ပါဘူး။
"ဒီဆေးတွေအားလုံးဟာ-အစားစားပြီးမှ သောက်ရမှာနော် အမကြီး" လို့ထပ်ပြောပြီး ဆရာဝန်က ဆေးအိတ်ကလေးတွေကို လှမ်းပေးပါတယ်။ အဒေါ်ရွှေက ဒီဆေးတွေသူ့အတွက် ဘယ်လို အသုံးဝင်လိမ့်မယ်ဆိုတာ မတွေးတတ်ပေမယ့် လက်လှမ်းပြီးယူပါတယ်။
"အားလုံး ဘတ်ရှစ်ဆယ် ကျပါတယ် အမကြီး" တဲ့၊ ပြုံးလို့အဒေါ်ရွှေကို ကြင်နာတဲ့ မျက်လုံးတွေနဲ့ ကြည့်လို့။
အဒေါ်ရွှေက လန့်သွားတယ်၊ တကိုယ်လုံးမှာ ချွေးတွေလည်း ထွက်လာတယ်။ သောက်ကျိုးနဲ အဖိုးကြီးတဲ့ ဆေးတွေပါကလား။ သူ့မှာ ရှိစုမဲ့စု တပြားမကျန်ထုတ်ပေးအုံး ဒီဆေးဖိုးရဲ့ တဝက်တောင် မပြည့်မယ့်ကိစ္စ။ သူ့ဘယ်နှယ့်လုပ်ရပါ့မယ်။ အဒေါ်ရွှေအဖို့ ကမ္ဘာကြီး ပတ်ခြာလည်နေတယ် ထင်ရပါပြီ။ နောက်ဆုံးတော့ ဆရာ့စားပွဲစွန်းကို လက်နဲ့ တအားဆုပ်ထားလိုက်ပြီး၊ ဒီ ဆေးတွေ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
"ဆရာရယ် - ကíန်မဘာဆေးမှမယူရင်မဖြစ်ဘူးလား" လို့ အရဲစွန့် မေးလိုက်တော့၊ ဆရာက သူ့ကို ဖျပ်ကနဲ မော့ကြည့်လိုက်တယ်။ ပြီးတော့ အပြုံးကလေးတချက်သန်းပြီး
"ဘာလို့တုံး" တဲ့။
"ကျွန်မ မှာအားလုံးပါတာက ဘတ် ၃ဝ တည်းမို့ပါ" လို့ပြောပြီး လက်ထဲကဘတ် ၁ဝတန် စက္ကူလေးသုံးရွက်ကို စားပွဲပေါ်မှာတင်လိုက်တော့ "ဒါက ကျွန်တော့် စမ်းသပ်ခ တောင် မပြည့်ဘူး အမကြီး" တဲ့။ အသံအနေနဲ့ ရိုင်းမသွားအောင်တော့ ဆရာက ကြိုးစား ပြောပါတယ်။ ဒါပေမယ့် ပထမလို မချိုတာတော့အမှန်၊ သူ့မျက်နှာမှာ ကြင်နာတဲ့ အရိပ် အယောင်တော့လည်း ရှိပါသေးတယ်။
"ဒီလိုဆိုရင်အမကြီး ဆေးတော့ရမယ် မထင်ဘူး"
"ဟုတ်ကဲ့၊ ကိစ္စမရှိပါဘူးဆရာ၊ ဒါဟာကျွန်မ ရှိတာ အကုန်မို့ပါ။ ဆရာကျွန်မကို သနားရင်ဖြင့် ကျွန်မခေါင်းထဲက ပိုးကောင်ကလေးတွေ သေကုန်မယ့် ဆေးတခွက်လောက် တော့ တိုက်လိုက်ပါ ဆရာရယ်၊ ကျေးဇူးတင်ပါတယ်။ ဆေးလေးတပြား လောက်ဖြစ်ဖြစ်ပေးပါ" လို့ပြောပြီး အဒေါ်ရွှေက ထိုင်းလူဆင်းရဲများက လူ့အထက်တန်း လွှာတွေကို ပေးတတ်တဲ့ အရိုအသေမျိုး လက်စုံပူးပြီး သူ့ခေါင်းပေါ်ကနေ ကန်တော့လိုက် ပါတယ်။
"အဲဒီလိုဆိုလည်း အမကြီးသဘောပေါ့။ ဒါပေမယ့် ဘတ် ၃ဝ ဆိုတာ ကျွန်တော့် စမ်းသပ်ခတောင် မပြည့်ဘူး" တဲ့။ ဆရာ့အသံနဲ့ ဟန်က ဒီတခါတော့ ကောင်းကောင်း ပြောင်းလဲသွားပါပြီ။ စားပွဲပေါ်က ဘတ် ၃ဝ ကိုလည်း လှမ်းယူပြီး သူ့ အံဆွဲထဲ ပစ်ထည့်လိုက် ပါတယ်။ ပြီးတော့ အညိုရောင် ပုလင်းကြီးတလုံးထဲက ပန်းရောင်ဆေးပြား ၂ ပြား ကိုလှမ်းပေးလိုက်ပြီး၊ နောက်လူနာတယောက်ကို ခေါ်လိုက်ပါတယ်။ ပြီးတော့ဆင်နားရွက် တံခါးကို တွန်းဖွင့်ဝင်သွားပါတော့တယ်။
အဒေါ်ရွှေက ခေါင်းငုံ့ပြီး လက်ဝါးထဲက ဆေးပန်းရောင်နှစ်ပြားကို စိုက်ကြည့်နေမိ တယ်။ ဘတ် ၃ဝ ရအောင် သူရက်ပေါင်းများစွာ စုခဲ့ရတာကိုလည်း မြင်ယောင်သေးရဲ့။ သူ့ခေါင်းထဲ ရက်ရက်စက်စက် ကိုက်ဝါးနေကြတဲ့ ပိုးမွှားကလေးတွေကိုလည်း သတိရနေရဲ့။ ပြီးတော့ တခါ မီးဖိုပေါ်မှာ ပစ်ထားခဲ့တဲ့ ငှက်ပျောထုပ်အိုးကြီးကို သတိရပြန်ရော။ ပြီးတခါ ဆရာဝန်ရဲ့ ကြင်နာတဲ့အမူအရာ၊ ချိုသာတဲ့အသံ၊ ယဉ်ကျေးဖွယ်ရာရှိပုံ။ အဒေါ်ရွှေ ဟာ ဆေးပြားနှစ်ပြားကို ငွေ ၃ဝ ဆုပ်ခဲ့တဲ့အတိုင်း လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လာလမ်း အတိုင်းပြန်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ကတော့ လာတုန်းကနဲ့ ဘာမှမခြားနားပါဘူး။ နာကျင် ကိုက်ခဲမြဲပါပဲ။


(ထိုင်းစာရေးဆရာ မာနော့သနုံဆီ ရေးတဲ့ ထိုင်းဝတ္ထုတိုကို အင်္ဂလိပ်လိုပြန်ဆို ထားရာမှ လူထုဒေါ်အမာက ဗမာလိုပြန်တာ ဖြစ်ပါတယ်။)

Tuesday, August 5, 2008

အင်းယားအမှာတော်ပုံနှင့်အတူ
ရေးသူ- မောင်ခင်မင်(ဓနုဖြူ)

"သစ်ရွက်ကလေးတွေ ချွေလို့ချွေလို့ ရေထဲပစ်ကာ ကစားလာပုံ၊ လှေနီထက်ပေါ် ဆက်လှော်၊ လှော်သွားကြ မြောက်တောင် ဟိုဒီစုန်၊ ရွှေတိဂုံ ဦးဆီမှန်းကာမှန်းကာ လှေထဲက သစ္စာဆုကိုခြုံ"
အင်းယားကန်ရေပြင်ဝယ် လှေစီးရင်း ပျော်နေကြသော ချစ်သူနှစ်ဦး၏ သွင်ပြင်ကို မြင်ယောင်လာရသည်။ သစ်ရွက်ကလေးတွေ ချွေပြီး ရေထဲပစ်ချကာ ဆော့ကစားနေကြပုံ၊ လှေကလေးကို ရွှေတိဂုံစေတီတော်မြတ်ရှိရာဆီသို့ ဦးတည်မှန်းဆ လှော်ခတ်ကြရင်း သစ္စာဆိုကြ၊ ဆုတောင်းကြပုံ။
အင်မတန်လှပသော ပန်းချီကားကလေး ဖြစ်သည်။ ပြီးတော့ ရှိပါသေးသည်။


"ရေစပ်မှာ ပုစဉ်းများ ပျံပြေးသွားတဲ့အလားအလာပုံ ငွေချပ်လွှာအင်းယားကန် နဘေးနားရဲ့ ကမ်းပါးမှာဆုံ၊ မေမြတ်ရတနာယမင်းစကားသံလေးများနဲ့ သနားစရာသာပုံ" နားထဲမှာ စွဲသွားသည့် နဘေထပ်အဖွဲ့ကလေးများ။ သံပြိုင်သီဆိုရသည့် အပိုဒ်ကလေးဖြစ်၍ မြူးကြွသွက်လက်သည်။
ကျွန်တော်တို့ ငယ်ငယ်က စွဲမက်ခဲ့ရသော သီချင်းကလေးဖြစ်သည်။ သီချင်းနာမည်က 'အင်းယားအမှာတော်ပုံ' ရေးသူက ဂီတစာဆိုကိုမြတ်လေး၊ သီဆိုသူက......
ကိုမြတ်လေး ကွယ်လွန်ခါနီး ကျွန်တော်နှင့် သိကျွမ်းခင်မင်ခွင့် ကြုံရသည်။ ကျွန်တော့်ဆီ စာပေကိစ္စတခုအတွက် ရောက်လာပြီး စကားပြောကြသည်။ သူ့ပြန်ခါနီးမှာ "ဆရာ့ အင်းယားအမှာတော်ပုံကို ကျွန်တော်တို့ သိတ်စွဲခဲ့တာပါ၊ ပြန်ဖော်ဖို့ အစီအစဉ် မရှိဘူးလားဆရာ" ဟု ကျွန်တော်က မေးသောအခါ "စန္ဒယားချစ်ဆွေ ပြန်ဆိုမှာပါ၊ မကြာခင် ကြားရပါလိမ့်မယ်" ဟု ပြောသွားသည်။
စန္ဒယားကိုချစ်ဆွေ ပြန်ဆိုဖြစ်သလား၊ မဆိုဖြစ်သလား မသိရပါ။ စန္ဒယားချစ်ဆွေ အသက် (၇၀)ပြည့် အထိမ်းအမှတ်အဖြစ် အနုပညာရှင်များ ဂုဏ်ပြုသီဆိုကြသော သီချင်းခွေ ထဲမှာ ပါလေမလားဟု မျှော်လင့်မိသော်လည်း မပါပါ။ ကိုမြတ်လေး ပြောခဲ့သည့်အတိုင်း အင်းယားအမှာတော်ပုံကို ကိုချစ်ဆွေ၏အသံဖြင့် ပြန်နားထောင်ချင်စိတ်က ပို၍ပို၍ ထက်သန် လာရပါသည်။
'အင်းယားအမှာတော်ပုံ' နှင့်အတူ ကိုချစ်ဆွေ သီချင်းအားလုံးကို ငယ်ငယ်ကတည်းက နှစ်သက် စွဲလန်းခဲ့ရပါသည်။
မှတ်မှတ်ရရ ကိုချစ်ဆွေဆိုသော အဆိုတော်၏ နာမည်ကို သူ၏ အစောဆုံး သီချင်းတပုဒ် ဖြစ်ဖွယ်ရှိသော သီချင်းနှင့်အတူ ပထမဆုံး ကြားဖူးသည့်အချိန်မှာ ၁၉၅၀ ကျော်ကာလ ဖြစ်သည်။ ထိုစဉ်က ကျွန်တော့်မှာ မနက်မိုးလင်း၍ ရေဒီယိုအစီအစဉ် ကြေညာသူက "သောတရှင်များကျန်းမာတော်မူကြပါစေရှင်" ဟု စတင်နှုတ်ခွန်းဆက်သည့် စကားကစပြီး ညပိုင်းအစီအစဉ်အပြီးမှာ "သောတရှင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ တော်မူကြပါစေရှင်" ဟု နှုတ်ဆက်သော စကားအထိ ရေဒီယိုနားက မခွါတမ်း နေလေ့ရှိပါ သည်။ အထူးသဖြင့် ညပိုင်းအသံလွှင့်သော တူရိယာအဖွဲ့များ၏ သီချင်းသစ်များကို စိတ်ဝင်စား သည်။ 'ချိုတေးရှင်' တူရိယာအဖွဲ့ လာပြီဆိုလျှင် အဆိုတော်ကိုခင်လတ်၊ ကိုခင်လေး၊ ကိုခင်ထွေး၊ ကိုခင်မောင် ပြီးတော့ မတင်တင်တို့ သဇင်ကြူတို့၏ သီချင်းများကို သဘောကျ သည့်အတွက် မလွတ်စတမ်း နားထောင်သည်။ တညတွင် ကြားနေကျ မဟုတ်သော နာမည်တခုကို ကြားလိုက်ရသည်။ ကိုချစ်ဆွေ သီဆိုမဲ့သီချင်းကတော့ 'အပြုံးနိဒါန်းဆင့်' ဖြစ်ပါတယ်ရှင်တဲ့။ သီချင်းကို အာရုံစိုက်မိသည်နှင့် နဘေထပ် အဖွဲ့ကလေးများက နားထဲသို့ သာယာပြေပြစ်စွာ ၀င်လာပါတော့သည်။
'အသဲလွှာ ပထမအချပ်မှာ 'ပြုံး' လို့ ကမ္ဗည်းထိုးထား အမှာဆင့်ချင်၊ အမုန်းဆိုတီးတိုး စကားမရှာနှင့်ခင်၊ ချစ်ကမ္ဘာတံတားကြိုးအမြန်ဆက်လျှောက်မည်ခင်၊ အပြစ်အနာစကားမျိုး မဖန်နဲ့ ဖျောက်ဤတွင်'
ချစ်သူကို အမုန်းနိဂုံးချုပ်ပြီး အပြုံးနိဒါန်းဆင့်ဖို့ ချော့မော့သံကလေး ဖြစ်ပါသည်။ ထို သီချင်းဆိုချိန်က ကိုချစ်ဆွေမှာ အသက်နှစ်ဆယ်ဝန်းကျင်၊ ပျိုရွယ်သည့် ပျိုရွယ်သည့် အဆိုတော်ကလေး ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ နောက်တခါ သတိပြုမိသည်ကတော့ 'စိတ်တိုင်းကျဖြစ်ရစေ့မယ်' သီချင်း။ နဘေထပ်အဖွဲ့ကလေးများက အလွန်လှသည်။ "အနာဂတ်ရဲ့ သောကပူဆွေးစရာသာကွယ်၊ လာရပ်လျက် သဘောကျ ကူဖေးမှာပါကယ်၊ အလွှာချပ်ရဲ့ ချောနှမကြူမွှေးမာလာရယ်" တဲ့။
သည့်နောက်မှာတော့ ကိုချစ်ဆွေ၏ သီချင်းတွေနှင့် ပို၍ပို၍ ရင်းနှီးလာရသည်။ ကြားဖူးစက ကိုချစ်ဆွေဟု ကြားရသော်လည်း နောက်ပိုင်းတွင် စန္ဒယားချစ်ဆွေဟု အမည်တွင် လာပါသည်။ ထင်ရှားသော သူ့သီချင်းတွေကို နှစ်ပုဒ်စီတွဲပြီး မှတ်မိနေသည်။
ပထမနှစ်ပုဒ်တွဲက "ချစ်ရေးခက်ခက်" နှင့် "ခက်ခက်ကိုမှလိုချင်တယ်" သောတရှင်လို ရာ အခန်းမှာ အတောင်းအများဆုံး သီချင်းများဖြစ်သည်။ အထူးသဖြင့် 'ခက်' 'ခက်' ဆိုသော အသံများကို အာခေါင်ထဲကထုတ်သော အသံဖြင့် ပီပီသသကြီး ဆိုလိုက်ပုံကို သဘောကျ သည်။ ထိုအချိန်က ကျွန်တော်တို့မှာ တက္ကသိုလ်ရောက်စ ဖြစ်သည်။ အမျိုးသမီးမိတ်ဆွေအချို့ ခင်ခက်ခက်တို့ ခက်ခက်ခိုင်တို့ နာမည်တွေ ပြောင်းကြသည်။ ခက်ခက်၏ အရှိန်အ၀ါက မသေးပါ။
နောက်နှစ်ပုဒ်တွဲက "ချစ်အားငယ်ရသူမယ်" နှင့် "ချစ်သူဝေးဝေးသွားပါနဲ့လား" ဖြစ်သည်။ "ကိုချစ်ဆွေရဲ့ အသံက ရင်ထဲကလာတဲ့ အသံဗျ၊ အသံဖြစ်တဲ့ဌာန်အရ ပြောရရင် တော့ ဥရဌာန်ဆိုတဲ့ ရင်ခေါင်းဌာန်ပေါ့ဗျာ" ဟု မြန်မာစာသမား မိတ်ဆွေတယောက်မှ မှတ်ချက် ချသည်ကို သတိရသေးသည်။ 'ချစ်အားငယ်ရသူမယ်' မှ ချစ်စကားမကျတကျ အလှအပတွေလည်း ရွေးပြီးပြောခဲ့တယ် ဆိုသော စာသားကလေးကို သဘောကျသလို 'ချစ်သူဝေးဝေးမသွားပါနဲ့လား' မှ 'သွားပါနဲ့လားကွယ်' ဆိုသော စာသားကလေးကို ဂီတအသံ မထည့်ပဲ ရင်ထဲကထွက်လာသော စကားပြောအသံကလေးအဖြစ် ပြောသွားသည်ကိုလည်း သဘောကျသည်။ "သာယာသောဤအကွေ့" တို့၊ "စိန်ပန်းပြာ" တို့လည်းပါတော့ တက္ကသိုလ် အငွေ့အသက် ရှူရှိုက်နေရသလို ခံစားရသည်။
ထိုစဉ်က ကျောင်းသားတွေ၏ ပွဲများမှာ ကိုချစ်ဆွေတို့အဖွဲ့ ရေပန်းစားသည်။ အတူနေ ကျောင်းသူတစု စိတ်အခန့်မသင့်ကြရာမှ အရေးကြုံလာသဖြင့် ပြန်တည့်သွားကြပုံကို ကိုချစ်ဆွေ၏ "မေတ္တာအသည်းကလေးများ" သီချင်းသရုပ်ဖော်အဖြစ် တင်ဆက်ကြသည်ကို သဘောကျသည်။ 'လွင်ဖွနားခိုဝဲ၊ သင်ပြထားသလိုပဲ၊ မေတ္တာအသည်းစကားတွေ ပြောကြရှာ သေးတယ်' ဆိုသောအဖွဲ့ကလေးက နှစ်သက်စရာကောင်းသည်။ 'လွင်ဖွနားခိုဝဲ' ဆိုသော အတွဲ အစပ်ကလေးက ဆန်းသစ်သည်။ 'ချစ်သူဝိဥာဉ်' ကို ကြားရတော့ ချစ်သူ၏ အုတ်ဂူနားမှာ ငိုကြွေးနေသူနှင့် အတူလိုက်ပြီး ကြေကွဲရသည်။ တညလုံး ပွဲကြည့်စဉ် မနက်အာရုံတက်ခါနီးမှာ ဝေေ၀စည်စည် ပေါ်ထွက်လာသော ကိုချစ်ဆွေ၏ စန္ဒယားလက်သံကြောင့် ပွဲခင်းထဲက ကျွန်တော်တို့တွေ နိုးနိုးကြားကြား လန်းဆန်းလာကြသည်ကို သတိရနေပါသေးသည်။
စုံတွဲသီချင်း နှစ်ပုဒ်တွဲကို အမှတ်တရ ဖြစ်ရပါသည်။ မြန်မာ့အသံနှစ်ပတ်လည် ပွဲတပွဲမှာ ဖျော်ဖြေသော အစီအစဉ်တွင် ကိုချစ်ဆွေနှင့်ထားတို့ စုံတွဲဆိုသည့် 'မုန်းဆက်ဆက်မရွယ်' သီချင်းကို ပထမနားထောင်ရသည်။ တိုက်ရိုက်ထုတ်လွှင့်သည်ဆို၍ ရေဒီယိုက အသံကို နားထောင်ရင်း မမြင်ရသည့် ရုပ်သွင်များကိုပင် မှန်းပြီး မြင်ယောင်မိသည်။ မောင်နှင့်မေတို့ တလှည့်စီ အပေးအယူ လုပ်သွားကြပုံကလေးက အလွန်လှသည်။ ရုပ်ရှင်သီချင်းအဖြစ် ဆိုသွားသော 'မုန်းစိတ်မရည်ရွယ်' ကို ဆက်ပြီး ကြားရသည်။
စန္ဒယားချစ်ဆွေမှာ အဆိုတော်တေးသံရှင်ဖြစ်သလို ဂီတစာဆိုလည်း ဖြစ်ကြောင်း သိလာရတော့ ပိုပြီး စိတ်ဝင်စားမိသည်။ တခါတွင် ရေဒီယိုမှ ဂီတစာဆိုတဦးအဖြစ် တွေ့ဆုံမေးမြန်းခန်းလုပ်သည်။ ကိုခင်မောင်လွင် သီဆိုထားသော 'သဇင်နှစ်ခက်ပြိုင်' သီချင်းကို ဘာရည်ရွယ်ချက်နဲ့ ရေးပါသလဲဟု မေးသူက မေးသောအခါ ရည်ရွယ်ချက် အထွေအထူး မရှိပါဘူး၊ သဇင်ပန်းနှစ်ခက်ပြိုင်နေတဲ့ အကြောင်းကို ရေးချင်လို့ ရေးလိုက်တာပဲ ဟု ကိုချစ်ဆွေက ပြန်ဖြေသည်။ 'ဟိုမှာလဲချစ်စရာတခိုင်' 'သည်မှာလဲမပစ်ပါနိုင်' ဖြစ်တာ သဇင်နှစ်ခက်ကြားတွင် ဝေခွဲမရ ဖြစ်နေပုံကို ဖွဲ့ထားခြင်း ဖြစ်ပါသည်။
ငယ်ငယ်က သဘောကျခဲ့သော 'နွဲ့လေး' ၏ 'ချစ်ရင်လဲပြုံးပါကွယ်'၊ ပျဉ်းမနားကိုမြင့်၏ 'ကြယ်ပွင့်ကလေးများမချစ်ဝံ့ပြီ' ကိုတင်လှိုင်၏ 'ချစ်သံသယစိတ်ဝင်မိတယ်' ထား၏ 'တနေ့တော့မောင်ပြန်လာမည်' တို့မှသည် ယခုထိ ကြားနေရသော ကိုမင်းနောင်၏ 'တကမ္ဘာခြားလဲချစ်နေမယ်' အထိ အားလုံး ကိုချစ်ဆွေ၏ လက်ရာများဖြစ်ကြောင်း ယခုမှ သတိပြုမိပါသည်။ ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာစုမှ ကောင်းနိုးရာရာ ကဗျာပိုဒ်များကို ရွေးထုတ်ပြီး သံစဉ်ထည့်ထားသော 'ဗေဒါရဲ့ဗေဒါလမ်း' သီချင်းကို ခင်ညွန့်ရည်၏ အသံဖြင့် နားထောင်ရသည်။ ကဗျာအရသာကို ဂီတအရသာ ထပ်လောင်းပေးသည့်အတွက် တမူထူးခြား နေပါသည်။ ကိုချစ်ဆွေ၏ ဖန်တီးမှုဟု သိရပါသည်။
ရုပ်မြင်သံကြားက လွှင့်ထုတ်သော လက်ဆင့်ကမ်း တေးအစီအစဉ်မှာ ဖခင်ဖြစ်သူ စန္ဒယားချစ်ဆွေက သားဖြစ်သူ စန္ဒယားချစ်အောင်ဆွေကို စန္ဒယားအတီးပညာ လက်ဆင့်ကမ်း ပေးပုံကို နားထောင်ရတော့ ပီတိဖြစ်ရသည်။ အဖေတကျော့ သားတကျော့ တီးကွက်လှလှ ကလေးများ တီးသွားပုံမှာ အသက်ဝင်လှသည်။ ကိုချစ်ဆွေသည် သားကို ဂီတအမွေပေးသလို တပည့်များကိုလည်း အမွေပေးခဲ့ပေလိမ့်မည်ဟု တွေးမိပါသည်။
စန္ဒယားချစ်ဆွေမည်သော ဂီတပညာရှင်သည် ရာစုတ၀က်၊ နှစ်ပေါင်းငါးဆယ်ကျော် တိုင်တိုင် တေးဂီတဖြင့် လောကကို အလှဆင်ခဲ့သူ ဖြစ်သည်။ ပြောင်မြောက်သော တေးသီချင်း များကို သီဆို၍တမျိုး၊ ရေးဖွဲ့၍တမျိုး အလှဆင်ကာ သောတရှင်တို့၏ နှလုံးသားထဲသို့ ချိုမြိန်သော ဂီတအဟာရများ သွန်းလောင်းပေးခဲ့သည်။ သူပေးဝေသော တေးဂီတ အရသာကို ခံစားရင်း ချစ်စိတ်၊ သနားစိတ်၊ အံ့သြစိတ်၊ တက်ကြွစိတ်၊ ပျော်ရွှင်ကြည်နူးစိတ်၊ စသည့် မွန်မြတ်သန့်စင်သည့် စိတ်များနိုးကြားခဲ့ရသည်။
သူမရှိတော့ပြီ ဖြစ်သော်လည်း သူ့တေးများက လောကကို ဆက်လက်၍ အလှဆင် နေပါလိမ့်ဦးမည်။

မောင်ခင်မင် (ဓနုဖြူ)
{ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း အတွဲ(၂၄) အမှတ် (၆)၊ ၂၀၀၈ ခုနှစ် ဇွန်လထုတ်မှ ကူးယူ ဖော်ပြပါတယ်။}

Saturday, August 2, 2008

မိုးရေဈေး
ရေးသူ- နုနုရည် (အင်းဝ)



{၂၀၀၀ခု၊ နိုဝင်ဘာထုတ်မာယာတွင် ဖော်ပြပြီးဖြစ်ပါတယ်။}

မိုးရေတွေက ကျွန်မခြေထောက်ကို ဖြတ်စီး နေကြတယ်။
မြေနီလမ်းရဲ့ အဖုအထစ် ချိုင့်ဝှမ်းတွေထဲမှာ မိုးရေတွေချည်းပဲ၊ မိုးဦးပေမယ့် မိုးရွာတာ က ရေပါလိုက်တာ၊ တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ ရပ်ကွက်လေးတခုလုံး ရေကြီးနေပြီ၊ သစ်ပင်အုပ်အုပ်လေးတွေနဲ့ နှစ်ခန်းတွဲ တထပ်တိုက် အမိုးနိမ့်နိမ့်ပြားပြားလေးတွေက မိုးရေထဲမှာ ငြိမ်ငြိမ်လေး တွေရပ်နေကြတယ်။
ဟိုတုန်းက လခနှစ်ရာကနေ လေးရာ ပတ်ဝန်းကျင်ရတဲ့ ဝန်ထမ်းတွေကို ဆောက်ပေးခဲ့တဲ့ လေးထောင့်ငါးရာတန် နှစ်ခန်းတွဲ တထပ်တိုက် ပြားပြားလေးတွေဟာ ဗာဒံပင်၊ သပြေပင်၊ ပိတောက်ပင်၊ အုန်းပင်လေးတွေ ဝန်းရံပြီး အလျင်တုန်းကတော့ (အမိုးနိမ့်လွန်းတာကြောင့် မနေနိုင်၊ မထိုင်နိုင် ပူတာကလွဲရင်) သိပ်ကိုအေးချမ်း လှပခဲ့လိမ့်မယ် ထင်တယ်။


ခုကျတော့လဲ တိုက်ပြားလေးတွေ ဘေးမှာ အဖီတွေ၊ အဆွယ်တွေ၊ အပိုးတွေနဲ့ ကြည့်ရတာ ပုံပန်းမကျနိုင်လိုက်တာ၊ ဟော...... ရှေ့မှာစီးနေတဲ့ မိုးရေချောင်းက တော်တော် နက်ဟန်တူတယ်၊ ကျွတ်ကျွတ်အိတ်နဲ့၊ ပိုက်ဆံအိတ်နဲ့ လုံးထွေးကိုင် တဘက်က ထီးဆောင်းပြီး မိုးရေချောင်းကို ဖြတ်ရတယ်။ ရှေ့ကသွားနေကြတဲ့ မိန်းမတွေ နောက်ကိုလည်း မီအောင် လိုက်ရသေးတယ်။ မရောက်သေးဘူးလား၊ ဒီနားနီးနီးလေးဆိုပြီး ခုထိလဲ ဆူသံ၊ ညံသံ၊ ခေါ်သံ၊ အော်သံ ဘာအသံဗလံမှလည်း မကြားရသေးဘူး။
တိုက်ပြားလေး နှစ်ခုနားကနေ မိုးရေအိုင်ဖြတ်ရင်း လမ်းကိုချိုးကွေ့ လိုက်တယ်။ ဟင်..... ကြည့်ပါဦး၊ မမျှော်လင့်ပဲ ဘွားကနဲ တွေ့လိုက်ရတဲ့ ဈေးလေး၊ မိုးရေတွေ ဖွေးဖွေးလှုပ် နေတဲ့ ကွင်းပြင်ကြီးရဲ့ အစပ်မှာ ဈေးနဲ့မတူစွာ ငြိမ်သက်လှုပ်ရှားနေတဲ့ ကျွန်မ နေ့စဉ် ဝယ်ရမယ့် မိုးရေဈေးကလေး။

xxxx xxxx xxxx xxxx

ဈေးလေးကို ဝင်ဝင်ချင်း ကျွန်မကို ဆီးကြိုနှုတ်ဆက်တဲ့ဆိုင်၊ တသွင်သွင်စီးခံနေတဲ့ မိုးရေချောင်းလေးကို ခွဆောက်ထားတဲ့ ခေါက်ဆွဲ၊ ပဲပြားနဲ့ ဘဲသွေးဆိုင်၊ ဆိုင်ရှင်မိန်းမက အင်ဖက် ကလေးတရွက်နဲ့ ယင်တဖျပ်ဖျပ်ခတ်ရင်းက ကျွန်မကို မျှော်လင့်တကြီး လှမ်းကြည့်နေတယ်။ မကြည့်နဲ့ ရှင်ရေ၊ ခေါက်ဆွဲကျော်ဆိုတာ စားလို့ကောင်းပေမယ့် ဆီသိပ် ကုန်တယ်သိလား။ ဈေးအဝင်ဝမှာ ထီးထီးလေးကျန်ရစ်ခဲ့တဲ့ ခေါက်ဆွဲဆိုင်ကနေ နည်းနည်းလျှောက်ပြီး ဘယ်ဘက်ကို ကြည့်လိုက်တော့ မြေကြီးပေါ်မှာ ရေစိမ်ထားတဲ့ ငါးဇလုံတွေကို ချရောင်းနေတဲ့ ငါးသည် နှစ်သည်၊ ငါးသည်ဘေးမှာ စားပွဲခုံလေးတခုံနဲ့ ဝက်သားသည်၊ ဝက်သားသည်ဘေးမှာ မြေကြီးပေါ် ပလပ်စတစ်ခင်း ပုံထားတဲ့ သရက်သီး သည်။
အဲဒီဆိုင်တွေ အလယ်မှာ ကျွန်မ ရပ်လိုက်တယ်။
ဘာဝယ်ရမှန်း မသိဘဲ ငါးရေဇလုံထဲ ဂယက်ထအောင် ကျနေတဲ့ မိုးရေတွေနဲ့ စားပွဲခုံ လေးပေါ်က ဝက်သားတွေပေါ် တပေါက်ပေါက် ကျနေတဲ့ မိုးရေတွေကို ငေးကြည့်မိတယ်။ ငါးနဲ့ ဝက်ပေါ်မိုးရေကျတာ မကောင်းပေမယ့် သရက် သီးတွေပေါ် မိုးရေကျတာကတော့ အကောင်း သား၊ သရက်သီးလေးတွေက စားချင့်စဖွယ် သန့်ရှင်းဝင်းလက်လို့။
'အစ်မရေ....... လာလေ၊ ငါးမြစ်ချင်းတွေ လတ်တယ်'
'ဝက်သားချက် အစ်မရေ၊ ဆီခိုရတယ်'
'ပင်လယ်ငါးကတော့ ချိုလတ် ပေါလေး လေ.....'
ကျွန်မ ခြေထောက်တွေက အလိုလို ဝက်သားဆိုင်လေးဘေးကို ရောက်သွားတယ်၊ နှစ် ယောက်တည်းသော ငါးသည်ရဲ့ နှစ်မျိုးတည်းသော ငါးမြစ်ချင်းနဲ့ ပင်လယ်ငါးဟာ ဝက်သားနဲ့ စာရင် ဈေးနည်းနည်းပေါပေမယ့် အနံ့တမျိုး နံတတ်တဲ့ ငါးမြစ်ချင်းကို ကြက်သွန်ဖြူ၊ မန်ကျည်း မှည့်၊ မဆလာထပ်ဆောင်းရတာနဲ့။ အရသာပေါ့ ရွှတ်ရွှတ် ပင်လယ်ငါးကို ငံပြာရည် အချိုမှုန့် နာနာနယ်ရတာနဲ့ပဲ ဝက်သားဈေးနဲ့ ဘာထူးလို့လဲ။
ဘာပဲပြောပြော ဝက်သားက စားလို့ ကောင်းတယ်၊ ဆီခိုရတယ်၊ ဟင်းနာမည်ပြောရ တာ ဂုဏ်ရှိတယ်၊ သူ့ဟာသူ လေးဆယ်ဖြစ်ဖြစ်၊ ငါးဆယ်ဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက် လေး ဝက်သား အစအနလေး တဆယ်သားလောက်ကို သုံးကျပ်ခွဲလောက်နဲ့ ဝယ်ပြီး ရောနှောဖန်တီးလိုက်ရင် စားကောင်းတဲ့ ဟင်းတခွက်တော့ ဖြစ်ပါတယ်။
'သုံးထပ်သား အစလေးတွေ နှစ်ဆယ်သား ထည့်ပေးနော်'
'နံရိုးလေး အစိတ်သား မြန်မြန်လုပ်ပါဦး နော်၊ ရုံးချိန်နီးနေလို့'
'ဒီအသားစလေးတွေ ဘယ်လောက်သားလောက် ရှိမလဲဟင်'
ကျွန်မ ရှေ့က ဝယ်နေတဲ့မိန်းမတွေလဲ အကြံတူ ဥာဏ်တူတွေချည်းပါလား၊ သူတို့သုံး ယောက်စလုံး ရုပ်ရည်သန့်သန့်ပြန့်ပြန့်တွေ၊ လေသံကလဲ မွန်မွန်ရည်ရည်ပဲ၊ နားမှာနားကပ် တောင်မပါပဲ သန့်ရှင်းနေတာက လွဲရင်ပေါ့၊ အဲ...... ရှင် တာက ကိစ္စမရှိဘူး၊ သူတို့ သုံးယောက် ပြီးရင် ကျွန်မအတွက် အသားစရမှ ရပါ့ဦးမလား၊ အသားစပုံနဲ့ နံရိုးပုံအတော်နည်းနေပြီ၊ ဒီဘက်က ဝက်သားပေါင်သားကြီးကတော့ အရာမယွင်းသလောက်၊ ကျွန်မ သက်ပြင်းတချက် ချလိုက်မိတယ်၊ ပေါင်သား ကောင်းကောင်းကတော့ ငါးကျပ်အနည်းဆုံးရှိမှာ၊ တော်ပြီ အသားစ မရလို့ကတော့ မဝယ်တော့ဘူး။
'သမီးရေ.... သရက်သီးတွေက ဘယ်လောက်တဲ့လဲကွယ်'
'တကျပ်ခွဲ ငါးမတ် အဒေါ်၊ ဒီဘက်က တကျပ်ခွဲ၊ ဒီဘက်က ငါးမတ်'
ဝက်သားသည်နားမှာ ချီတုံချတုံရပ်နေတဲ့ ကျွန်မအာရုံ သရက်သီးဆီ ရောက်သွားပြန် တယ်။ အသားဖြူဖြူဝဝ အဒေါ်ကြီးတယောက်က တကျပ်ခွဲ သရက်သီးနဲ့ ငါးမတ်သရက်သီးကို တလုံးစီ ကောက်လိုက်ချလိုက် လုပ်ရင်း......
'မလျှော့တော့ဘူလားကွယ်၊ ဈေးက သိပ် ကြီးတာပဲ'
'ဟာ.... ဘယ်က ဈေးကြီးရမှာလဲ အဒေါ်ရဲ၊ ဒါ့ထက်ကောင်းတဲ့အသီးတွေ နှစ်ကျပ် သုံးကျပ် တောင်ရှိသေးတယ်၊ အဒေါ်က ဘယ်နှစ်လုံး ယူမှာလဲ၊ ဆယ်လုံးလား'
'အို..... မဟုတ်ပါဘူး၊ နှစ်လုံးလောက်ပါကွယ် ကလေးတွေ အဖေအတွက်'
အဒေါ်ကြီးက ငါးမတ်တန်အပုံထဲက အနာပါတဲ့ သရက်သီးနှစ်လုံးကို ဆွဲထုတ်တယ်။
'ဒီအမှည့်လေးတွေဆိုရင်ကောကွယ်'
'ကဲ..... အဒေါ်ရယ် တကျပ်နဲ့ပဲ ယူသွားပါ တော့၊ အနာပါလို့ လျှော့လိုက်မယ်'
အဒေါ်ကြီးက ခြင်းလေးထဲ ပင်လယ်ငါးရဲ့ ဘေးမှာ သရက်သီးနှစ်လုံးကိုတင်တယ်။
'ခက်တာပဲ၊ ကလေးတွေ အဖေကိုတော့ ဒီ အကျင့်ကို ဖျောက်ခိုင်းဦးမှ၊ ထမင်းစားပြီးရင် အသီးအနှံလေး စားတတ်တဲ့ ဟိုတုန်းက စာရေးကြီးအကျင့်ကို ရပ်တန်းကရပ်တော့ တော်ရေ လို့'
ညည်းညူသွားတဲ့ အဒေါ်ကြီး လေသံက မွန်ရည်တယ်၊ ရုပ်ကလည်း ရှေးစာရေးကြီး ကတော်ရုပ်၊ သန့်ပြန့်တယ်၊ ဒါပေမယ့် ဖြူသန့်တဲ့ သူ့မျက်နှာပေါ်က အမူအရာကိုတော့ ကျွန်မ အဓိပ္ပါယ် မကောက်တတ်ဘူး။ တမျိုးပဲ၊ ပင်ပန်းနွမ်းလျနေတာလား၊ အားငယ်ဝမ်းနည်းနေတာ လား၊ ထိတ်လန့်ကြောက်ရွံ့နေတာလား၊ ဘာလဲ။

xxxx xxxx xxxx xxxx xxxx

'ချဉ်ပေါင်ရွက်က ဘယ်လိုလဲဟင်'
'တစီး ငါးမူးအစ်မ'
'မျှစ်ကကော'
'မျှစ်က တကျပ်ခွဲ'
ချဉ်ပေါင်ရွက်တစီးကို အိတ်ထဲထည့်ပြီး မျှစ်နုလေးတွေကို စုဖွကြည့်မိတဲ့ ကျွန်မလက်တွေ တွန့်သွားတယ်။ ချဉ်ပေါင်နဲ့ မျှစ်လေးရောချက်၊ ငါးပိထောင်းစပ်စပ် ထောင်းတော့မယ်ဆိုတဲ့ အစီအစဉ်နဲ့ ဝက်သားဆိုင်ကနေ ခွါပြေးလာခဲ့တာ ကြည့်ပါဦး၊ မျှစ်က ချဉ်ပေါင်ထက် သုံးဆ၊ ငါးကျပ်သားတည်း ဝယ်ပြန်တော့လဲ ညမနက် မလောက်ပြန်ဘူး၊ ကဲပါလေ မထူးပါဘူး၊ ဒါမှမချက်ရင်လဲ ဘယ့်နှယ်လုပ်မလဲ၊ ခုလိုချိန်မှာ နှစ်ကျပ်သုံးကျပ်နဲ့ ဟင်းတခွက်ဖြစ်ဖို့ လွယ်မှတ်လို့။
ဈေးသည်ကောင်မလေးကို ကျွန်မ ငါးကျပ် တန်ပေးထားရင်း သူ့ကုန်စိမ်းဆိုင်လေးကို လျှောက်ကြည့်မိတယ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ မျှစ်၊ ငရုတ်စိမ်း၊ ဖလံတောင်ဝှေး ဒါပဲ၊ သူ့ဆိုင်လေးက လဟာပြင်ဝက်သားဆိုင်၊ လဟာပြင်ငါးဆိုင် လဟာပြင်သရက်သီးဆိုင်တို့ရဲ့ ညာဘက်တည့်တည့်၊ မျက်နှာချင်းဆိုင် ဆိုင်တန်းလေးရဲ့ ဘယ်ဘက်ခြမ်းမှာ၊ သူ့ဆိုင်လေးက စပြီး တဖက် ရပ်တဲကလေးနဲ့ လုံလုံခြုံခြုံလေး ဖြစ်လာပြီ။
'ညီမရေ....ဖလံတောင်ဝှေး သုံးစည်း လောက်ဟေ့'
'ရတယ်ဆရာ၊ ဒီနေ့ ဆရာမ မလာဘူးလား'
'ညည်းဆရာမ မနေ့က ကားတဆင့် အပြောင်းမှာ မိုးမိပြီး ဖျားပြီလေ'
ဆိုင်ရှင်ကောင်မလေးက ကျောင်းဆရာထင်ရတဲ့ မျက်မှန်တဝင်းဝင်းနဲ့ သူရဲ့အိတ်ထဲကို ဖလံတောင်ဝှေးစည်းတွေထည့်ပေးရင်း.....
'သုံးကျပ် ဆရာ'
'ဟောဗျာ၊ တကျပ်သုံးစည်း မဟုတ်ဘူးလားအေ့'
ဆိုင်ရှင်ကောင်မလေးက တခစ်ခစ်ရယ်ရင်း မျက်စိမျက်နှာ ပျက်သွားတဲ့ ဆရာကို 'တကျပ်သုံး စီးက ဟိုးရှေးတုန်းကဆရာရဲ့' တဲ့။
'ညည်းဆရာမကတော့ သားငါးဈေးကြီးတယ်တဲ့၊ ပေါ်ဦးပေါ်ဖျားလေးဆိုပြီး ဖလံတောင် ဝှေးကြော်ကို ငါ စားချင်တာဟေ့၊ ကဲ စိတ်တော့ မဆိုးနဲ့ ထားခဲ့ပဟ'
ဖလံတောင်ဝှေးစည်းတွေကို ချခဲ့ပြီး သုတ်ခနဲပြေးတဲ့ မျက်မှန်ထူနဲ့ ရည်မွန်သပ်ရပ်တဲ့ ဆရာရဲ့ ရှက်မျက်နှာပေါ်က အမူအရာတမျိုးကို ကျွန်မ မြင်ဖြစ်အောင်မြင်လိုက်တယ်။

xxxx xxxx xxxx xxxx

ငါးပိထောင်းအတွက် စိမ်းစားငပိ ဝယ်ရဦးမယ်။
ဒီဘက်ခြမ်းက တဖက်ရပ်တဲဆိုင်ကလေး သုံးဆိုင်စလုံးက ကုန်စိမ်းဆိုင်တွေ၊ ရောင်းတဲ့ အသီးအရွက် အားလုံးကလဲ အတူတူပဲ။ နည်းနည်းပိုရင်းနိုင်တဲ့ ဆိုင်နဲ့တူတဲ့ ဘယ်ဘက်ဆုံးက ဆိုင်မှာပဲ ခရမ်းချဉ်သီး တင်ထားတာ တွေ့တယ်။ သုံးလုံးပဲစီးတဲ့ တဆယ်သားနှစ်ကျပ်တန် ခရမ်းချဉ်သီးကို ကျွန်မ ဝေးဝေးကရှောင်ခဲ့တယ်။
ငါးပိဝယ်ဖို့က ကုန်ခြောက်ဆိုင်မှာမှ ရှိမယ်။ မိုးရေဈေးရဲ့ ဘယ်ဘက်ခြမ်းက ဆုံးပြီလေ။ အဲ ညာဘက်ခြမ်းမှာ ကုန်ခြောက်ဆိုင်ပဲ။ ဟိုပုလင်းလေးထဲက မည်းမည်းတွေဟာ စိမ်းစားငါးပိပဲ။ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ကုလားပဲ၊ ကြာဆံ မဆိုးဘူး။ ကုန်ခြောက်အစုံရှိသားပဲ၊ တခုပဲရှိတယ်၊ ပစ္စည်းတွေကတော့ အားလုံး ခပ်ညံ့ညံ့တွေချည်းပဲ။ ဆိုင်ရှေ့ရပ်ပြီး ကျွန်မ ပါးစပ်က 'ငါးပိတမတ်ဖိုး' လို့ လွှတ်ခနဲထွက်မယ် လုပ်ပြီးမှ ကုန်စိမ်းသည်မလေးရဲ့ ဟိုရှေးတုန်းက ဈေးကိုအမှတ်ရပြီး 'ငါးပိ ငါးမူးဖိုး' လို့ ခပ်တိုးတိုး ပြောလိုက်မိတယ်။ ဆိုင်ရှင်မိန်းမက အာလူးချိန်နေရာက ကျွန်မကို တချက်လှမ်းကြည့်ပြီး....
'သုံးမတ်ဖိုး ယူလိုက်လေ၊ နှစ်ကျပ်သား၊ ရှင်မနာအောင်လို့၊ ငါးပိတဆယ်သား သုံးကျပ်လေ'
ကျွန်မ နည်းနည်းရှက်သွားတယ်၊ ငါ့နှယ်ညံ့ လိုက်လေ၊ တဆယ်သား ဘယ်လောက်လဲ မေးပြီး နှစ်ကျပ်ခွဲသားပေးလို့ ပြောနိုင်ပါလျက်ကနဲ့ သုံးမတ်ဖိုးလောက်တော့ တတ်နိုင်ပါသေး တယ်လေ။
'ခဏနော် ပေးမယ်၊ ရော့ မောင်လေးရေ၊ ဟိုညီမလေးကို အာလူးထည့်ပေးလိုက်ပါဦး၊ ပိုက်ဆံလဲ ရှင်းယူလိုက်နော်'
ဆိုင်ရှင်မိန်းမက သူ့ဘေးနားမှာ ထိုင်ရောင်းနေတဲ့ သူ့မောင်လူငယ်ကောင်လေးကို အာလူးတောင်းလေးပေးပြီး ငါးပိပုလင်းကိုဖွင့်တယ်၊ အာလူးဝယ်တဲ့ ကောင်မလေးရဲ့ သွယ်သွယ်နဲ့ ဖြူလျတဲ့ လက်ချောင်းလေးတွေကို ကျွန်မသတိ ထားလိုက်မိတယ်၊ ဆွဲကြိုးတွေ နားကပ်တွေ မပါတဲ့ မျက်နှာနဲ့ လည်တိုင်လေးကလဲ လှလိုက်တာ၊ သန့်လိုက်တဲ့ ရုပ်ကလေး၊ ကျွန်မလိုပဲ။ ရွယ်တူဆိုင် ရှင်ကောင်လေးက အာလူးထည့်ပေးရင်း ငေးနေလိုက်တာများ ကောင်မလေးတောင် သိတယ်။
'ငရုပ်သီးမှုန့် ငါးကျပ်သားတထုပ်ပါပေးနော်၊ ဘယ်လောက်ကျလဲဟင်'
ကောင်မလေးက ငရုတ်သီးမှုန့်ထုပ်လေး ခြင်းထဲထည့်ပြီး ပိုက်ဆံအိတ် မည်းမည်း သေးသေးလေးကို ဖွင့်တယ်။
'အာလူးငါးဆယ်သားက လေးကျပ်၊ ငရုတ် သီးမှုန့်ထုပ်က နှစ်ကျပ်၊ ခြောက်ကျပ်ခင်ဗျ'
ကောင်မလေးက တဝက်ဖွင့်ထားတဲ့ ဇစ်ကနေ ကျပ်တန်လေးတွေ နှိုက်ယူနေတယ်၊ လေးရွက်။ ဇစ်ကိုအဆုံးအထိ သူဆက်ဖွင့်တယ်၊ ကျွန်မရင်ထဲ ထိတ်ခနဲတုန်သွားတယ်၊ သူ့ ပိုက်ဆံအိတ်ထဲမှာ အကြွေလေး တစေ့နှစ်စေ့ကလွဲလျှင် ဘာမှမရှိတော့ပါလား။
'ငါးပိရပြီ အစ်မ'
'ဟုတ်.....ဟုတ်' ဆိုပြီး ကျွန်မ ငါးပိထုပ်လေးကို လှမ်းယူရင်း သူလေးရဲ့ခြင်းလေးထဲကို မျက်စိက ရောက်မိပြန်တယ်၊ ခြင်းထဲမှာ ချဉ်ပေါင်တစည်းရယ်၊ အာလူးရယ်၊ ငရုတ်သီးမှုန့် ထုပ်လေးရယ်ပါပဲလားကွယ်၊ နှာခေါင်းဖျားလေးတွေ ချွေးစို့နေတဲ့ သူ့မျက်နှာလေးကို သနား လိုက်တာ။
'ဟို...... ကျွန်မ ငရုတ်သီးမှုန့်ထုပ် မယူတော့ဘူးနော်၊ မေ့ဝယ်မိလို့'
ကျပ်တန်လေးရွက်နဲ့ ငရုတ်သီးမှုန့်ထုပ်လေးပေးနေတဲ့ ကောင်မလေးရဲ့ ပိုက်ဆံအိတ် ဇစ် ဖွင့်ချည် ပိတ်ချည်လုပ်နေတဲ့ အဖြစ်ကို ကောင်လေးက ရိပ်မိသလို ကဗျာကယာနဲ့.....
'ဟာ..... ရပါတယ်၊ ဒီမှာ ခင်ဗျားယူချင်လဲ ယူသွားပါ၊ နောက်မှ ပေးပေါ့၊ ရပါတယ်'
'အို မယူပါဘူး'
ကောင်မလေးက ခြင်းလေးဆွဲပြီး အပြေးတပိုင်းနဲ့ ထွက်သွားလိုက်တာ သူ့ပလတ်စတစ် ခွပ်ခွပ်ဖိနပ်လေးက စင်တဲ့ ရွှံ့ရေတွေ သူ့အင်္ကျီအဖြူလေးမှာ တဖျပ်ဖျပ် စဉ်ကုန်တယ်။
'မနှစ်ကမှ ဘွဲ့ရတာလေ၊ ရုပ်ကလေးကလဲ ရှိတော့ မာနလေးနဲ့၊ ဒါပေမယ့် ဆင်းရဲပါတယ်၊ မိဘတွေက ပင်စင်တွေ၊ မောင်နှမကလဲ အများကြီး'
ကျွန်မကိုလား၊ သူ့မောင်ကိုလားမသိ၊ ရည်ရွယ်ပြောနေတဲ့ ဈေးသည်မိန်းမရဲ့စကားကို ကျွန်မ နားမထောင်ချင်ဘူး။
ကျွန်မ ဆက်လျှောက်ခဲ့တယ်၊ ဒီညာဘက်ခြမ်းက တဖက်ရပ်တဲဆိုင်လေး သုံးဆိုင်စလုံး ကုန်ခြောက်ဆိုင်တွေချည်းပါလား၊ ကုန်ခြောက်ဆိုင် သုံးဆိုင်ပြီးတော့ မိုးရေဈေးရဲ့ တဆိုင် တည်းသော ပန်းဆိုင်၊ အဲဒီပန်းဆိုင် ပြီးတာနဲ့ ကြက်သား၊ ဆိတ်သား၊ အမဲသားဆိုင်၊ အလှကုန်ဆိုင်၊ အထည်ဆိုင်၊ စက်ချုပ်ဆိုင်၊ ဖိနပ်ဆိုင်၊ မုံ့ဟင်းခါးဆိုင်၊ ကက်ဆက်ခွေဆိုင်၊ စာအုပ်ငှားဆိုင် မရှိတဲ့ ဈေးလေးက ဆုံးသွားခဲ့ပြီ။
မိုးရေဈေးအဆုံးက ပန်းဆိုင်ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်။

xxxx xxxx xxxx xxxx

'ဘာပန်းတွေရှိလဲ အဒေါ်'
'ဇော်စိမ်းရှိတယ်၊ ဇော်ကျားရှိတယ်၊ နှင်းဆီနဲ့အောင်သပြေတွေကလဲ လှမှလှ၊ သမီး ဘာယူမလဲ'
'နှင်းဆီတွေက ဘယ်လောက်လဲ အဒေါ်'
တစည်းသုံးကျပ်လေ သမီး၊ နှင်းဆီက ဈေးတော့နည်းနည်းကြီးတယ်ကွယ့်၊ ဇော်စိမ်း လေးတွေယူပါလား၊ ဈေးလဲချိုတယ် အထားလဲခံတယ်'
'ဇော်စိမ်းတွေချည်းပဲ တင်ရလွန်းလို့လဲ ဘုရားကို အားနာလှပြီ အဒေါ်ရဲ့၊ တခါတလေ မွှေးတဲ့ပန်းလေး ဘာလေးတင်ရကောင်းမလားလို့'
'ကဲ ဒီလိုဆို နှင်းဆီရှစ်ပွင့်စည်းလေးပဲယူ၊ နှစ်ကျပ်တမတ်ပေးခဲ့'
'ဒီဈေးက ညနေဈေးရောရှိလား အဒေါ်'
'ရှိပါတယ်၊ ဒါပေမယ့် ညနေဈေးက သိပ်မစုံ ဘူးပေါ့၊ အဒေါ်ဆို ညနေဈေး ဘယ်တော့မှ မထွက်ဘူး၊ ညနေကျ ပန်းသွားယူရတယ်လေ'
'ဈေးလေးက သေးသေးလေးနော် အဒေါ်၊ ဒီဈေးရှိတာ ကြာပြီလား'
'ကြာပြီဆိုပါတော့ကွယ်၊ လေးငါးနှစ်တော့ ရှိပြီပေါ့၊ ဈေးကလေးဆို စည်ပင်သာယာက ဖွင့်ပေးတဲ့ဈေးမှ မဟုတ်တာကွယ်၊ အလျင် အဒေါ်တို့က ဟိုးကားလမ်းမ ဈေးကြီးနားမှာ ပြေးလွှားရောင်းနေရတဲ့ ပျံကျဈေးသည်တွေလေ၊ ဒီနားမှာစုပြီး ဆိုင်လေးကနားလေးနဲ့ လုပ်လိုက်တော့ ဣနြေ္ဒရသွားတာပေါ့ကွယ်၊ ဒီတဝိုက်က ဝန်ထမ်း သမားတွေလဲ နီးနီးနားနား ဝယ်လို့ရသွားတာ ပေါ့'
'ရောင်းရရဲ့လား အဒေါ်၊ တနေ့ဘယ် လောက်မြတ်သလဲ'
'မဆိုးပါဘူးသမီးရယ်၊ တမနက်ခင်း တဆယ်၊ ဆယ့်နှစ်ကျပ်တော့ ကျန်ပါတယ်၊ ဒါနဲ့ သမီးက ဒီဈေးမဝယ်ဖူးဘူး ထင်တယ်'
'ကျွန်မ ဒီပြောင်းလာတာ မကြာသေးဘူး အဒေါ်ရဲ့၊ နှစ်ရက် သုံးရက်ပဲ ရှိသေးတာ'
'သြော်-ဟုတ်လား၊ ဘယ်ကပြောင်းလာ တာလဲ သမီးက'
'ကမာရွတ် လှည်းတန်းကပါ'
'ဟင်...... ဒီနေရာက ဝေးကဝေးနဲ့၊ ဘာလို့ ပြောင်းလာတာလဲ၊ အလုပ်သွားတော့ ကားနှစ်ဆင့်ကြီး'
'သြော် အဒေါ်ရယ်၊ စပေါ်ကစကားပြောတာပေါ့၊ စပေါ်မတတ်နိုင်တဲ့ ကျွန်မတို့လို ဝန်ထမ်းတွေ အဝေးလွင့်ရတာပဲပေါ့၊ ဒီနေရာမှာ ဝန်ထမ်း တွေ စုနေတာပဲကြည့်၊ ကိုယ့်အလုပ်နဲ့ နီးနီးနေချင်တာချည်းပေါ့ အဒေါ်ရယ်၊ ကျွန်မ အမျိုးသားဆို တက္ကသိုလ်က ဆရာပဲ၊ လှည်းတန်းက ဘယ်ပြောင်းချင်မလဲ'
'အေးလေ ဟုတ်ပါရဲ့၊ ဒါနဲ့ သမီးအလုပ်ကကော'
'ကျွန်မအလုပ်က မြို့ထဲက ရုံးမှာ'
'သမီးက လခဘယ်လောက်ရလဲ'
'ရှင်'
ကျွန်မ ရုတ်တရက် နှုတ်ဆွံ့သွားတယ်၊ တနေ့ တဆယ် ဆယ့်နှစ်ကျပ်ရတဲ့ ပန်းရောင်းတဲ့ အဒေါ်ကြီးကို ဘွဲ့ရ ကျွန်မရဲ့ နေ့စားဝင်ငွေ ခြောက်ကျပ်ခွဲကို ကျွန်မ ပြောမထွက် ဘူး။
'ဟိုလေ..... အဒေါ် ဒီနားက ဝန်ထမ်းများ တော့ ကြွေးတွေဘာတွေ ကျမှာပဲနော်'
'ဟင့်အင်း မကျပါဘူး၊ ကြွေးမယူဘူးကွယ့်၊ ဘာပြောမလဲ သိက္ခာပေါ့ကွယ်၊ ဒီလိုပဲ ကြိတ်မှိတ် သည်းခံပြီး တတ်နိုင်တာလေးတွေပဲ ဝယ်သွားကြတာပဲ'
ကြိတ်မှိတ်သည်းခံ ဟုတ်လား၊ ကျွန်မသိပြီ၊ မိုးရေဈေးလေးထဲမှာ ဈေးဝယ်နေကြတဲ့ မျက်နှာတွေကို ကျွန်မ သိပြီ၊ ရည်မွန်သန့်ပြန့်တဲ့ ဟိုမိန်းမတွေရဲ့ မျက်နှာ၊ စာရေးကြီးကတော် အဘွားကြီး မျက်နှာ၊ ဟိုကျောင်းဆရာ မျက်နှာ၊ ဟိုချောချောနဲ့ ဘွဲ့ရကောင်မလေးရဲ့ မျက်နှာတွေကို ကျွန်မ သိပြီ၊ ချဉ်ပေါင်နဲ့ မျှစ်ထည့်ထားတဲ့ ကျွတ်ကျွတ် အိတ်လေးကို ဆွဲ၊ မိုးရေတွေကို ဖြတ်သန်းပြီး ကျွန်မ အိမ်ပြန်ရောက်တဲ့အခါ မှန်ထဲမှာ ကျွန်မ မျက်နှာကို မြန်မြန် ပြေးကြည့်ရဦးမယ်၊ မဟာဝိဇ္ဇာဘွဲ့ရ၊ လခလေးရာကျော်ရ၊ တက္ကသိုလ်က နည်းပြဆရာရဲ့ မိန်းမ၊ သိပ္ပံဘွဲ့ရ ကျွန်မရဲ့ မျက်နှာကကော။ ။


၁၉၈၇၊ ရင်ခုန်ပွင့် မဂ္ဂဇင်း။

ရိုးသားတဲ့ခလောက်နို့သား
ရေးသူ- လူထုဦးလှ

{လူထုဦးလှ- အရှေ့ပိုင်းကရင်ခလောက်နို့ပုံပြင်များ- ဒုတိယတွဲမှ}


ဗြိတိသျှကိုလိုနီစနစ် အုပ်ချုပ်မှုအောက်မှာရှိစဉ်က ခလောက်နို့မှာ သူကြီးဟောင်း နှစ်စေ့လို့ သူကြီးရွေးပွဲလုပ်တယ်။ သူကြီးအရွေးခံသူ နှစ်ယောက်ဖြစ်နေလို့ ရွေးကောက်ပွဲ လုပ်ပေးရတာ ဖြစ်တယ်။
အုန်းတပင် ဘုန်းကြီးကျောင်း ဇရပ်ကြီးထဲမှာ ရွေးကောက်ပွဲလုပ်တဲ့နေ့က သက်ဆိုင်ရာ မြို့အုပ်နဲ့ အရာရှိတွေလည်း လာတယ်။ သူကြီးတပိုင် အတွင်းက လူတွေလည်း တအိမ် တယောက် လာကြတယ်။ သူကြီးဆိုတာ ရွာသူရွာသားတွေအပေါ် ကောင်းကျိုး ဆိုးကျိုးပေး တဲ့လူပဲ။ သူကြီးရွေးမှားရင် ရပ်သူရွာသားတွေပဲ ခံကြရမယ် ဆိုတာကို သိကြလို့ မဲဆန္ဒပေးရ အောင် အိမ်တိုင်းလာကြတယ်။ လာတဲ့လူတွေက များတော့ ဇရပ်ကြီးမဆံ့လို့ ဇရပ်ဘေးက အရိပ်ကောင်းကောင်း သစ်ပင်ကြီးတွေအောက်မှာ ဟိုတစု ဒီတစုနဲ့ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကို စောင့်နေကြတယ်။



ယှဉ်ပြိုင်အရွေးခံကြမှာက လက်ရှိသူကြီးဟောင်း ဦးစိန်ကြယ်နဲ့ ထိုးကွင်းဆရာ ဦးပန်းကျော်အေး ဖြစ်တယ်။
ဒီနှစ်ယောက်မှာ လက်ရှိသူကြီးဟောင်း ဦးစိန်ကြယ်က အသိုင်းအဝိုင်းလည်း ကောင်းတယ်။ မကင်းရာမကင်းကြောင်း လူတွေလည်းများတယ်။ ဥစ္စာပစ္စည်းလည်း အသင့်အတင့်ရှိတယ်။ သြဇာတိက္ကမလည်းရှိတုန်းပဲ၊ လူကလည်း တော်တည့်မှန်ကန်တဲ့လူ ဖြစ်တယ်။
ဦးပန်းကျော်အေးကလည်း ကလေးတွေကို ထိုးကွင်းထိုးပေးတဲ့ ထိုးကွင်းဆရာဖြစ်လို့ လူတိုင်းကပဲ သူ့ကို ဆရာလို့ ရိုရိုသေသေ အခေါ်ခံနေရသူ ဖြစ်တယ်။ သူ့လက်ရာနဲ့ မကင်းတဲ့လူတွေ ဒီနယ်မှာ လူရွယ်ပိုင်းက အများကြီးရှိတယ်။ ဆင်းတော့ဆင်းရဲရှာတယ်။ ရိုးတာကတော့ ပါးစပ်ထဲ လက်ထိုးထည့်တာတောင် ကိုက်တတ်တဲ့လူစား မဟုတ်ဘူး။
သူကြီးဟောင်းကလည်း သူကြီးအလုပ်ကို လက်မလွှတ်ချင်ဘူး။ ဒီအလုပ်ကို သာယာနေ တယ်။ မင်းတွေစိုးတွေ မော်တော်ကားကြီးနဲ့ သူ့အိမ်ကို ရောက်လာတာမျိုးကို အင်မတန် ပီတိ ဖြစ်တယ်၊ ဂုဏ်ယူတယ်။ တောရွာမှာ ဒီလိုဂုဏ်ရှိတာမျိုးကို ယှဉ်ပြိုင်အရွေးခံတဲ့ ထိုးကွင်းဆရာ ဦးပန်းကျော်အေးကလည်း ရိုးပေမယ့် လိုချင်တယ်။
အချိန်ကျလို့ ရွေးကောက်ပွဲ ကျင်းပတော့မယ့်အခါကျတော့ တာဝန်ရှိတဲ့ မြို့အုပ်မင်းကပဲ "မဲတွေ ဘာတွေ လုပ်မနေကြပါနဲ့ အများသဘောကျတဲ့ လူကိုပဲ ဗြောင်ပဲပြောပြီး ရွေးကြပါ၊ ဒါမှ အချိန်မကုန်ဘဲ လူတွေပြန်ရ သွားရ လွယ်ကူကြမယ်၊ သူကြီးတပိုင်ဆိုပေမယ့် ရှစ်မိုင်ကိုးမိုင်က လာကြတာလည်းရှိတယ်၊ လူတွေပြန်ဖို့ရာလည်း အရေးကြီးပါတယ်" လို့ ထပြီးရှင်းပြတယ်။
ဒီလို ရှင်းပြလိုက်တော့ သူကြီးဟောင်းရဲ့ လူတယောက်က "ကျွန်တော် သူကြီးဟောင်းကိုပဲ ကြိုက်ပါတယ်" လို့ လူပုံအလယ်က ထပြီးပြောတယ်။
အဲဒီလို လူတယောက်က ဈေးဦးဖောက်လိုက်တာနဲ့ ဟိုကတယောက် ဒီကယောက်နဲ့ သူကြီးဟောင်းကို ထောက်ခံကြတယ်။ နောက်ဆုံး လူတိုင်းလူတိုင်းပဲ သူကြီးဟောင်းကို ထောက်ခံပြီးသား ဖြစ်သွားတယ်။
ဒီတင် ဇရပ်တိုင်ကိုမှီပြီး ကွမ်းဝါးနေတဲ့ ဦးသန်းကြူဆိုတဲ့လူက ထပြီး "ကျွန်တော်က ဦးပန်း ကျော်အေးကို သဘောကျပါတယ်" လို့ ထိုးကွင်းဆရာကို ထောက်ခံလိုက်တယ်။
ဒါပေမယ့် သူ့နောက်လိုက်ပြီး ဆက်ထောက်ခံမယ့်သူ တယောက်မှ မရှိဘူး။ ထိုးကွင်းဆရာ ဦးပန်းကျော်အေးကို သူတယောက်တည်း သဘောကျတာဖြစ်လို့ မြို့အုပ်က သူကြီးဟောင်း ကိုပဲ သူကြီးအဖြစ်ခန့်ပြီး ပြန်သွားတယ်။ ပရိသတ်လည်း အသီးသီး ပြန်ကုန်ကြတယ်။
ဦးသန်းကြူ အိမ်ပြန်ရောက်တဲ့ အခါကျတော့ ကြိုတင်သတင်းရထားတဲ့ သူ့မယားက "ရှင့်နှယ်တော် ရန်များအောင် အလကား ဦးပန်းကျော်အေးကို သွားထောက်ခံတယ်၊ အစကတည်းက မနိုင်မှန်းလည်း သိသားနဲ့" လို့ အပြစ်တင်တယ်။
ဒီတော့ ဦးသန်းကြူက "ရှင်မရာ သူ့ခမျာ သနားစရာ၊ ဘယ်သူမှ ထောက်ခံမယ့်သူ မရှိလို့ ငုတ်တုတ်ကလေး ထိုင်နေတာ၊ မနိုင်မှန်းတော့ ငါ အသိသားပဲ၊ မြင်ရတွေ့ရတာ စိတ်မချမ်းသာ လွန်းလို့ ငါထောက်ခံလိုက်တာပဲ" လို့ ပြန်ရှင်းပြလိုက် ပါသတဲ့။
ခလောက်နို့မှာ လူဆန်းတွေရှိတယ် ဆိုပေမယ့်၊ ဒီလိုရိုးတဲ့ လူလည်းရှိပါသေးတယ်။

(လူထုဦးလှ
အရှေ့ပိုင်းကရင်၊ ခလောက်နို့ပုံပြင်များ ဒုတိယတွဲ မှ)

Thursday, July 31, 2008

ကောင်မလေးနှယ် ရိုးပုံနှင့်လှသူရဲ့
ရေးသူ- ၀ိဓူရသခင်ချစ်မောင်

(နေ့စွဲ ၂၄-၆-၅၃)
ဘူဒါပက်(စ)မြို့ကြီးမှ ထွက်ခွါ ခုတ်မောင်းလာသော ရထားကြီးသည် တောတွေ၊ တောင်တွေ၊ ကွင်းပြင်၊ လယ်ယာတွေ၊ မြစ်ချောင်း ရေယဉ်တွေ၊ မြို့တွေ၊ ပြတွေ၊ ရွာတွေ၊ စသည်ဖြင့် ကြည့်ပြီး၊ မငြီး ရှုမငြီးသော ရှုခင်းများကို ဖြတ်သန်းမောင်းနှင်လျက်ပင် ရှိပါသည်။
ဆရာကြီးမှာ အလွန်သာယာချိုအေးသော လေပြေလေညှင်း ရှုခင်းပုံပြင်တို့နှင့် တွေ့ထိနေရကား၊ စကားများများပင်ပြောဆို ဆွေးနွေးခွင့်မရတော့ အိစက်ညက်ညောသော ဆိုဖာထိုင်ခင်းပေါ်တွင် တငြိမ့်ငြိမ့်နှင့် တသိမ့်သိမ့် အိပ်ပျော်နေသည်ကိုသာ တွေ့နေရ ပေတော့သည်။
ကျွန်တော်တို့ ရထားကြီးမှာ မနေ့ကမနက် ဟန်ဂေရီနိုင်ငံနှင့် ဆိုဗီယက်ယူနီယံနယ်ခြား 'အချော့' မြို့ကြီးသို့ ဆိုက်ရောက်ပြီးနောက် တဖန်ပြောင်း၍ စီးလာရသော ဆိုဗီယက် ရထားကြီးဖြစ်ပါသည်။ နယ်ခြားဘူတာမှသည် ယခုအခါ ယူကရိန်းပြည်နယ်ခြားမှ ဆိုဗီယက် ယူနီယံပြည်မကြီး၏ နယ်စပ်နားသို့ပင် ရောက်၍လာပါပြီ။ မနက်ဖြန်ညနေ ၂ နာရီတွင် မူကား မော်စကိုမြို့တော်ကြီးသို့ပင် ဆိုက်ရောက်ပေတော့သည်။




ယနေ့ ညနေစောင်းတွင်မူ ဆရာကြီးသည် အတော်အိပ်ရေးဝ၍ ရွှင်လန်း ကြည်လင်ပုံရ လာရာကား၊ ဆိုဗီယက်ကျေးလက်၏ နွေရာသီရှုခင်းများ စိမ်းလန်းနေပုံများကို ထိုင်၍ကြည့် ရှုလိုက်ပါနေပါသည်။
မကြာမီပင် ဆရာကြီးသည် ကျွန်တော့်ဘက်သို့လှည့်၍...........
"ဟေ့......... သခင်ချစ်မောင်...... မင်းတို့ အရင်တခါ လာတုန်းက ဒီနေရာတွေကို ကြည့်ရတာ တော်တော်ဘဲ ဒီလို သာသာယာယာ ရှိသလားကွ......"
"ကျွန်တော်တို့ လာတုန်းက ဆောင်းတွင်း ရေခဲရာသီ ဆရာကြီးရဲ့...... ဒီလိုနွေရာသီ မဟုတ်ဘူး...... မြင်မြင်သမျှ ရေခဲတွေ ဖုံးလွှမ်းပြီး ဖွေးဖွေးရိုက်နေတဲ့ ရှုခင်းကြီးပေါ့ ဆရာကြီးရဲ့...."
"ဟေ...... သစ်ပင်တွေ ဘာတွေကရော......"
"ကျွန်တော်တို့ ဗမာနိုင်ငံမှာ နွေရာသီသစ်ရွက်တွေ ဟောင်းနွမ်း ကြွေကျပြီး ခြောက်ကပ်ကပ်ကြီး ဖြစ်နေသလို ဒီနေရာမှာလဲ ဆောင်းတွင်းမှာ သစ်ပင်တွေက အကုန်လုံး အရွက်တွေ ကြွေပြီး အကိုင်းအရိုး ငေါက်တက်တက် ကြဲတဲတဲ ဖြစ်ပြီး....."
"ဒါပေါ့ကွာ..... သီတ တေဇော..... ဆိုတဲ့ အအေးလွန်ကဲ လွန်းတော့လဲ ပူပြင်းခြောက် သွေ့သွားတဲ့ ဓါတ်သဘောတွေပေါ့ကွာ"
"ဒါပေမဲ့.... ဆရာကြီးရဲ့..... ဆောင်းတွင်း ရှုကွင်း ကြပြန်တော့လဲ ရေခဲဆီးနှင်းတွေဟာ အဲဟိုလို သစ်ကိုင်း သစ်ခက်တွေပေါ်မှာ တွဲရရွဲ စီရရီဆိုသလို ဖုံးလွှမ်း ကပ်တွယ်ပုံမြင်ရတော့လဲ အဆုပ်အဆုပ် အခိုင်အခိုင် အဖြူဆိုင် အဖြူခဲတွေဟာ ပန်းဖြူကြီးတွေ ပွင့်နေကြသလို တမျိုးတော့ ကြည့်လို့ ကောင်းတယ်...."
"ကောင်းပေမဲ့လဲကွာ..... ဒီလောက် ရေခဲကုန်းပြင်ကြီးဖြစ်ပြီး အေးစက်နေလွန်းတော့လဲ မင်းသားကျင်ခဲလို....အိပ်ရာထဲက တကတဲမှ မ,ထချင်ပါ.... မကြွချင်ပါ...... ဆိုဒါလို ဖြစ်နေမှာ ပေါ့ကွာ..."
ဤသို့ပြော၍ ဆရာကြီးသည် ရှုခင်းများကို ကြည့်ရင်း ခပ်ပြုံးပြုံးကြီး လုပ်နေပါသည်။
သို့ဖြင့် ရောက်တတ်ရာရာ ပြောရင်းက ဆရာကြီးသည် သူရိယသတင်းစာတိုက်တွင် ဝင်ရောက် အလုပ်လုပ်ခဲ့စဉ်က သူ့ဘဝ အကြောင်းအရာများကို ရောက်သွားပါသည်။ ထိုစဉ်က သူရိယတိုက်မှာ အလုပ်လုပ်သည်ဆိုသော်လည်း တနေ့မှ ၂-နာရီလောက်သာ အလုပ်လုပ်ရ ကြောင်း၊ အခြားအချိန်ရှိသမျှ ဘားနဒ် ကင်းဝန်စသည့် စာကြည့်တိုက်များ ဘုန်းကြီးကျောင်း များတွင်သာ လှည့်လည်၍ စာပေဗဟုသုတများကို ရသမျှ သူတောင်းစားလွယ်အိပ်ပမာ ရှာဖွေဆည်းပူးခဲ့နိုင်ကြောင်း။ ဦးဘဖေမှာ ထိုသို့ ဆရာ့အား ကြိုက်သလိုနေ၊ ကြိုက်သလိုလုပ် ခွင့် ပေးခဲ့ဘူးခြင်းများအတွက် ကျေးဇူးရှိဘူးကြောင်း၊ အခါတပါး၌ ဦးဘဖေက နတ်ကြီး အခန်းမှနေ၍ ဘုန်းကြီးပျံလုပ်ပုံ ငြွေဖုံးပုံတွေကို ကလော်တုပ်ခဲ့သဖြင့် ဘုန်းကြီးထုကြီးနှင့် အချင်းများခဲ့ရာ ကံကောင်းလို့ တိုက်မပျက်ခဲ့ရကြောင်း၊ ထိုစဉ်က ဆရာ ဦးဘဖေကို ဘုန်းကြီးပျံ ကလော်ပွဲတွင် နောက်ကွယ်မှ ကူညီ၍ အစွမ်းကုန်ပါဝင် ဆင်နွဲခဲ့ရကြောင်း၊ ထိုကလော်ပွဲကြီး မှာ မန်လည်ဆရာနှင့် ပဒုမဆရာတို့ ပွဲလောက် စကားလုံးပြောင်ပြောင် ကဲခဲ့ ရကြောင်းနှင့် အားရပါးရ ပြောဆိုပြီးနောက် ဆရာကြီးသည် မန်လည်ဆရာတော်ကြီး၏ ပါရမီ ထက်မျက်စူးရှပုံများကို ဆက်လက်ပြောဆိုနေပါသည်။ ဆရာတော်ကြီးမှာ ရှမ်းပြည်သို့တက်၍ စာသင်ခဲ့ရကြောင်း၊ မန္တလေးတွင် စာသင်ခဲ့ရသည် ဆိုသည်မှာ စာကူးရန်လာရင်း စာသင်ရခြင်း သာဖြစ်၍ အချိန်ကြာမြင့်စွာ သင်ကြားခွင့် မရရှိခဲ့ဘူးကြောင်း၊ သို့ပေမင့် ပါရမီ ဥာဏ်ထက်သန် လွန်ကဲသော ပုဂ္ဂိုလ်ထူးကြီးဖြစ်၍ အံ့သြလောက်ဘွယ် ပဋိကတ်ဥာဏ် ထက်သန် စူးရှကြောင်းများကို ပြောပြန်ပါသည်။
ထို့နောက် ဆရာကြီးသည် ဗန်းမော်ဆရာတော်ကြီးနှင့် မန်လည်ဆရာတော်ကြီးတို့၏ သူနိုင် ငါနိုင် ပညာရည်၊ စကားရည်လုပွဲများတွင် သုံးနှုန်းသော စကားလုံး၊ စကားချိပ်၊ စကားထေ့၊ စကားဝှေ့တို့သည် အလွန်ချက်ကျ ပိုင်နိုင်လှကြောင်းများကိုပြော၍ စပ်မိစပ်ရာ မှတ်မိမှတ်ရာများကို အပြင်ရှုခင်း သာယာများ၏ ရိုက်ခတ်လှုံ့ဆော်မှုဖြင့် တဟဲ..... ဟဲ...... ရီမောခါ ရွတ်ဆိုပြပါတော့သည်။
တရံရောအခါ မင်းတုန်းမင်းကြီးအား မဖွယ်မရာ ပစ်စာပစ်မှုနှင့် ပတ်သက်၍ ဗန်းမော်ဆရာတော်ကြီးအား စွပ်စွဲခြင်းခံရလေသည်။ ထိုအခါ ဆရာတော်ကြီးက.....
"တိုင်းလုံးငယ်ကျော်၊ ဗန်းမော်ကိုဖမ်းလို့စစ်တယ်၊ သည်ခေတ်ဝယ် ကမ္ဘာဆုံးစေတော့၊ စီကုံးသူ ပစ်စာရင်းကို မင်းတို့သိဘူး"
သို့ဖြင့် ဗန်းမော်သို့ နယ်နှင်ခံရသောအခါ ဆရာတော်ကြီးသည် မခံသာ စောင်းရမ်း၍ ရေရွတ် ဆဲရေးလိုဟန် ပြုလိုရာကား......
"ငါ့ကံနှယ်ဆိုးပါဘိ၊ သင်း အမေ(ရိုး)မဲ့ ကံရယ်။ ငါ့လဆီး ငါ့ချည်းသွားရမယ်"
၎င်းနောက် ဗန်းမော်မှ ပြန်ပင့်အလာ စစ်ကိုင်းဘက်တွင် သီတင်းသုံး နေရပြန်ရာကား မခံသာသည့် စိတ်တို့သည် မကုန်ခန်းတော့ ငေါ့လိုက်ချင်သေး ဟန်ပြုလိုရာကား.....
"ဇေယျတိုင်း၊ စစ်ကိုင်းမှာတဲ့ပျော်။ ဗန်းမော်ကိုသေပြီမှတ်လို့၊ ညာလက်ခတ်တီး။ အစေ့ကိုလှန်၊ အဆံကိုတူနဲ့ထုဟဲ့၊ ဘာစောက်မှုလဆီး"
ထို့နောက် ပညာတတ်သီလရင် မယ်ကင်းနှင့် အချင်းဖြစ်ကြပြန်ရာ မယ်ကင်းက...
"အဖျားရယ်ပေ၊ အနားခွေ မခိုင်ပြတ်ခါမှ၊ မြိုင်ရပ်ကိုမှီး၊ စိတ်ပုတီးနှင့် ယပ်ကြီးကို ထမ်းကိုင်၊ မဂ်လမ်း ဘယ်လိုဆိုင်ပမယ်၊ ဝတ်သင်းပိုင် မုန်ရည်ကွက်ကယ်နှင့် တောထွက် ခင်ကြီး"
ထိုအခါ ပညာရည်တွင် ဆိတ်ဆိတ်ထိမခံလိုသော ဗန်းမော်ဆရာတော်ကြီးသည်....
"နှုတ်သီးရယ်စွာ၊ ပုတ်ကြီးကာတာတာနှင့် ဖါမယ်သီလ။ အကျင့်ငယ်တန်၊ မသင့်တာ အမြင်သန်လို့၊ နင်အကြံဝသီဆိုးတယ်၊ ရိုး-လိုက်ချင်လှ"
၎င်းနောက် ဆရာကြီးသည် မန်လည်ဆရာတော်ကြီး၏ ဥာဏ်ရည် စကားရည်လှည့်ပုံ ကို ပြောဆိုပြလိုရာကား၊ ဆရာတော်ကြီးနှင့် ဦးပဒုမ ဆရာတော်တို့ စကားရည်လုခန်းတွင်.....
"သူ မ,တို့လေမှ၊ သူတို့လျှင် တကယ်မြည်တဲ့၊ မြို့ရွှေလည် ရွှေစည်ကြီးပါကွဲ့၊ တီးသမျှဖိန့်ဖိန့်တုန်။ သူမာလျှင် မာစိန် စောင်းပါဘဲ၊ သူပြောင်းလျင် အရေဖြစ်နိုင်ငဲ့၊ မယုံလျှင် မအေနှင့် စစ်လာတော့၊ သနစ်ကို ကုန်မလင်းသော်လဲ၊ အဖြစ်ဆို ဂုဏ်သတင်းကိုလ၊ လေညှင်းလာ သင်းကာပျံ့ ပန်းရနံ့ပုံ..."
"ပဒုမ၊ တုပခါနင်မယောင်နှင့်၊ ဆင်ပြောင် ခြင်ကောင်ဝါးသည့်နှယ်၊ ယားရုံမျှ ဥပမာ၊ ဥာဏ်အနက်ကိုလှ၊ စံဘက်ပေါ် နင်မလျှော်ဘု၊ နင့်မယ်တော် ရှင်ဇလာနှင့် ခင်ဆရာ အိမ်ထောင်ကျလျှင် ပဒုဆို မောင်ရွှေမမှာ၊ သားငယ်မျှသာ...."
"နှစ်ဘက်ကန်း၊ မျက်ခန်းနေကိုပြိုင်သို့၊ ခွင့်လုံးပိုင် မင်းစာမှားပြီမို့၊ အလားငယ် ပယ်မကျစေ နှင့်၊ သားအရာခွင့်ကျေကြအောင်ပ၊ ငါဆရာမင်းဖေဘကို၊ ဦးချလှည့်အုံး....."
"ပြိုင်လိုလျှင် ပြိုင်လာတော့၊ ဆိုင်လာလျှင် ကြာမနှေးနှင့်၊ ရှုံးသူဟာ နှမပေးပါလို့၊ လိုသေးလျှင် ကိုယ်ပိုင်ယူမှ နိုင်တဲ့သူ ယောက်ဖကြီးပါဘဲ၊ ဇက်ပေါ်မှာဒေါက်ခွ စီးတဲ့ပြင် (ရီး)စုတ်ကြတမ်း"
ဤသို့ဆရာကြီးသည် ရွတ်ဆိုပြရင်း တဟဲဟဲရယ်မောနေပါတော့သည်။ ဤလိုစာချိုး စာချိပ်များကို မှတ်မိသေးသည်ကိုလည်း သူ့ဟာသူ အပြစ်တင်ချင်သလိုလို ရယ်မောခါ
"အသက်ကြီးပေမဲ့...... အဲဒီလို ညစ်ညစ်ပတ်ပတ် စာချိုးတွေကျတော့..... မှတ်မိ နေသဟေ့...... ပုထုဇဉ်စိတ်များ တယ်ဆိုးသကွာ" ဟုပြောဆို ရယ်မောနေပြန်လေသည်။
"ပြီးတော့..... မင်း.... မန်လည်ဆရာတော်က သူ့တူအရင်း ကသာ အင်္ဂလိပ်ကျောင်း သွားနေလို့ ဖာကျိုး သေဒါ၊ မသာပို့မဲ့လူ မရှိဖြစ်နေတာနဲ့ မသာဖိတ်စာ ရေးလိုက်ပုံကို ရော မင်းကြားပလား......"
"မကြားဘူးသေးပါဘူး..... ဆရာကြီးရဲ့ ....."
"ဟေ..... ဒီလိုတဲ့ကွ....."
"သေရိုးတဲ့မသေ၊
ကသာမှာ လူပျိုလုပ်တယ်၊
(ရီး)ပုတ်လို့သေ။ ။
သည်မသာ လနာပုတ်ကို တူးမြှုပ်ကြအုံး"
သို့ဖြင့် ဆရာတပည့်နှစ်ဦးမှာ တရိပ်ရိပ်ပြေးလွှားနေသော ရထားပေါ်မှာ သာယာသော ရှုခင်း ပုံပြင်များကို တဘက်တွင် ရှုစားရင်း ရီစရာ မောစရာ မှတ်စရာ စာမျိုးများကို ရွတ်ဆို ပွဲကျ၍ နေပါတော့သည်။
ဆရာကြီးသည် ဤသို့သာ ဗန်းမော်ဆရာတော် မန်လည်ဆရာတော်တို့ စာချိုး ထိလှမိလှသည်များကို ရွတ်ဆိုပြခဲ့ရာ ဆရာကြီးကိုယ်တိုင် စာချိုးကောင်းခဲ့ပုံများကိုကား ဆိတ်ဆိတ်ပင် နေခဲ့ပါသည်။
ကျွန်တော် လေ့လာရသည့် ဆရာကြီး၏ စာချိုးများတွင် ကျွန်တော် အနှစ်သက်ဆုံး ဖြစ်ခဲ့သော စာချိုးကြီးတပုဒ်မှာ ကြာဋီကာဆောင်းပါးကြီးတွင် 'မယ်တင့်' နှင့် 'ဆရာမှိုင်း' တို့ တဦးနှင့်တဦး ပြိုင်ပြိုင်ဆိုင်ဆိုင် အလဲထိုးခဲ့ကြသော စာချိုးများ ဖြစ်ကြပါသည်။ ၎င်းတို့အနက် စာချိုးတပုဒ်မှာ.....
"ကောင်မလေးနှယ် - ရိုးပုံနှင့် လှသူရဲ့၊ တတောင်က မဝေးသဟယ်- တမျိုးတဖုံ ထပြန် ပေါ့၊ ဆိုးဂုဏ်မပြချင်နှင့် (တင်) ၏ သဘွယ် (မယ်တင့်ရယ်) ဟောသည် ပုဆိုးခပုံ မ,ပါလို့ ပြင်မိတယ်။
။ရန်မဖြစ်ချင်ဘုကွယ်တို့ရယ်၊ (သြော်) တရန်ဖြစ်ရပြန်ပေါ့၊ မာရ်စစ်သည် ဗိုလ်သေနင် တို့နှင့် ဗဟိုရ်မြေ ပလ္လင်ကို တိုက်စရာခဲသလိုပ၊ ကိုရွှေတင် ကြိုက်ရာက နွဲခဲ့ပေတော့၊ ပွဲမျာ့အလယ်မှာနော်ကွယ်၊ ရဲစ တကယ်။
။မင်းတို့ ဥာဏ်အမြင် တမိုက်တထွာမျှရယ်နှင့်၊ ငြင်းဘို့သန်လျှင် မိုက်ရာကျပါလိမ့်၊ စရိုက် သဘာဝရယ်တဲ့ ကျမ်းဂန်နယ်၊ အို...... မန်းသံထယ်ထယ်နှင့် မာနတက်စရာများ၊ (တင်တင်ရယ်) အရမ်းတယ် မဟယ်ဖြင့် ဗာလလက္ခဏာတပါး။
။မှိုင်းတဲ့နှော်၊ တိုင်းနဲ့ပြည်ကျော်ဘို့၊ ဖြေမနော် အဖက်ဖက်က စမ်းကြပါတော့၊ မပြေသော် တသက်နှင့် -နှစ်သက်တမ်းပါဘဲ၊ ထက်မန်းမဏ္ဍလာဘုံက၊ ဟံသာဒဂုန် အောက်နယ် တကြောတွင်မှ၊ ဓမ္မခန္ဓာအစုံကြောက်ဖွယ် သဘောတွေနှင့် ဥဏ်ဝစနာ အပုံမောက်မယ်လို့ ပြောကြပါစို့၊ (အမယ်မင်း) ဓမ္မောသထသူ့ အခြေရတနာတပါးပေမို့၊ ဟောရလိမ့် မကွဲ့- သုတေသနာ အများတို့ရဲ့ (အိုမယ်တင့်ရဲ့) စောဒကတို့ရဲ့ ထုချေလွှာတွေ သနားလှချည့်ရဲ့၊ သဘောမကျရှာတဲ့ ဥပဒေ ဘာဝနာသမားတွေနဲ့ (တင့်တင့်ကိုကွယ်) (Law) လောပြလို့ ယခု ဖြေစရာတွေ အများ....."

ဝိဓူရသခင်ချစ်မောင်-မှတ်တမ်းတင်သည်။
၂၄/၆/၅၃


[ဝိဓူရသခင်ချစ်မောင် ရေးသည့် 'ကမ္ဘာလှည့်သခင်ကိုယ်တော်မှိုင်း' စာအုပ်၊ ဒုတိယ နှိပ်ခြင်း၊ ၁၉၆၄-ခု စက်တင်ဘာမှ ကူးယူဖော်ပြသည်။]

Monday, July 28, 2008

ငတက်ပြားမဖတ်ရ
ရေးသူ- မိုးချိုသင်း


မိုးချိုသင်းမှတ်တမ်း ဘလော့ဂ်စာမျက်နှာကို ကြိုဆိုသောအားဖြင့် မာယာစာအုပ် အတွက် ရိုက်ထားသော စာမူကို အင်တာနက်မာယာက ထုတ်လွှင့်လိုက်ပါတယ်။


သူခိုးတယောက်နှင့် ပက်ပင်းတိုးဘူးပါသလား။ ရင်ဆိုင်ဘူးပါသလား။
ရင်ဆိုင်တိုးမိဘူးပါတယ်ဆိုလျှင် သူခိုးနှင့် တွေ့လျှင်တွေ့ခြင်း ဖြစ်ပေါ်လာသော ခံစားမှု နှင့် အဖြစ်အပျက်များကို နားထောင်ချင်ပါသေးသည်။ အဘယ့်ကြောင့်ဆိုသော် အခုတလော ကျွန်မတယောက် သူခိုးကြီး၊ သူခိုးလေးများကို စိတ်ဝင်စားမိသောကြောင့် ဖြစ်ပါသည်။
သူခိုးဆိုသည်မှာ သူတပါးပစ္စည်းကို မသိအောင်ခိုးသူဟု ကျွန်မ ငယ်စဉ်က ထင်မိ၏။ ယခု အသက်ကလေး မရတရ အရွယ်ရောက်လာတော့ ကျွန်မသိဘူးသော သူခိုးအဓိပ္ပါယ် သည် မပြည့်စုံမှန်း သိလာရပေသည်။ မသိအောင်ယူရုံလေးနှင့် သူခိုးဟု သတ်မှတ်ခြင်းသည် အသေးအဖွဲ ဖြစ်လာသည်နှင့်အမျှ သူခိုးအနက်အဓိပ္ပါယ် ခွဲခြားမတတ်တော့ပါ။


ထို့ပြင် သူခိုးကို စိတ်ထဲ၌ နှစ်မျိုးနှစ်စား ခွဲခြားထားပါသည်။ သူခိုးကြီးနှင့် သူခိုးလေး၊ သူခိုးလေးဆို၍ ချစ်စနိုး ခေါ်သည်ဟု မထင်ပါနှင့်။ အသက်ငယ်၍ ခေါ်သည်ဟု မထင်ပါနှင့်။ ကျွန်မ ဘယ်သူခိုးကိုမဆို မုန်းပါသည်။ အကောင်အထည်ကြီးကြီးသာ ယူလေ့ရှိသူများကို သူခိုးကြီးဟု သတ်မှတ်၍၊ အကောင်အထည်သေးသေးကိုသာ ယူလေ့ရှိသူများကို သူခိုးလေး ဟု ခေါ်ခြင်းဖြစ်ပါသည်။ ဒီနာမည်များမှာ ကျွန်မစိတ်ထဲတွင် ပေးထားသော နာမည်များသာ ဖြစ်ပါသည်။
သူခိုးများသည် ချိုပေါက်မနေကြပါ။ အမြီး တပ်မထားကြပါ။ ထို့ကြောင့် ဘယ်သူ သူခိုးမှန်း ကျွန်မ မသိပါ။ ယခု ဆိုလိုချင်သည်မှာ စာသူခိုး၊ ငွေသူခိုး၊ ပစ္စည်းသူခိုးဟူ၍ အမျိုးမျိုး ရှိသည့်အနက် စာသူခိုးကို မဆိုလိုပါ။ ငွေသူခိုး၊ ပစ္စည်းသူခိုး တို့ကိုသာ ရည်ရွယ်ပါ၏။
သူခိုးအကြောင်း စဉ်းစားမိလျှင် ငယ်ငယ်က တက္ကသိုလ်ထဲရှိ ပုဂံခြံဝင်းအတွင်း နေခဲ့စဉ် က သူခိုး ဖမ်းပုံကို ပြန်ပြီး အမှတ်ရ နေတတ်၏။
ပုဂံခြံဝင်းသည် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ စုဝေးနေသော ခြံဝင်းကြီးဖြစ်ပါသည်။ ကျွန်မလဲ သည်မှာပဲ မွေးပြီး သည်ပုဂံခြံဝင်းမှာပဲ ချက်မြှုပ်ခဲ့တာဖြစ်၏။ ကျွန်မ၏ မွေးရပ်မြေ ပေါ့။ ထိုခြံဝင်းထဲမှ ဆရာ၊ ဆရာမများသည် ချစ်ချစ်ခင်ခင်ရှိလှ၏။ သိုက်သိုက်ဝန်းဝန်း အတူ ဝိုင်းဝန်းကူညီသော ဓလေ့ရှိကြသည်။ ချစ်စရာကောင်းလှသော ခြံဝင်းလေးပဲ ဖြစ်သည်။
တညမှာပေါ့။
လီလီဆိုသော ကောင်မလေးတယောက် သူခိုးကို စည်းဝိုင်းနားမှာ ကပ်နေတာ မြင်သွားခဲ့၏။ သူ့အကိုများ ဖြစ်သည့် ကိုရောဘတ်၊ ကိုသား တို့ကို နှိုးလိုက်ပြီး သူခိုး-သူခိုး ဟုဆိုကာ ဝိုင်းအော်ကြ၏။ ခြံဝင်းတခုလုံး တိတ်ဆိတ်နေသော ညမှာ လှုပ်ရှားလူးလွန့်လာ၏။ တုတ်တွေကိုင်ကာ အိမ်မှ အသီးသီးထွက်လာကြ၏။ ပွဲကြီးပွဲကောင်းပေါ့လေ။
ကလေးတွေကလည်း တက်တက်ကြွကြွနိုး နေကြ၏။ မိန်းမတွေကလည်း အားတက် သလိုလို၊ ကြောက်သလိုလို။ ယောက်ျားများကတော့ အလှုပ်ရှားဆုံးပါပဲ။ အိမ်အောက်တွေမှာ လည်း ရှာကြသည်။ စည်းဝိုင်း အနောက်မှာလည်း ကြည့်ကြ၏။ သစ်ပင်ကြီးကြီးမားမားကို လည်း ပတ်ကြည့်ကြ၏။
'ဘယ်မှာလဲကွသူခိုး'
ဟုလည်း ခပ်ကျယ်ကျယ် အသံပေးကြ၏။ တွေ့ပါပြီ။ အိမ်အောက်က မှောင်မှောင် မည်းမည်းထဲမှာပေါ့။ သူခိုးက ပုဆိုးကြီးခြုံကာ လူစုကို ကျောခိုင်းနေသည်။ သူခိုးကိုတွေ့ပြီဆို တော့ လူစုက စိတ်လှုပ်ရှားမှု အထွတ်အထိပ် တက်၏။ ဆရာမဒေါ်စိန်ရွှေ၊ ဆရာမဒေါ်တင် တင်ဌေး၊ ဆရာမဒေါ်လှလှတို့က မိန်းမသားပီပီ လန့်ကြ၏။
'အရမ်းမလုပ်ကြပါနဲ့'၊
'ညှာညှာတာတာ ပြောကြပါကွယ်'၊
'ဂါတ်ကိုသာပို့လိုက်ပါ'
ဟုဆိုကာ တားကြ၏။ ဘုရားစာ ရွတ်သူက ရွတ်သည်။ သို့သော် သူခိုးက တုတ်တုတ်မျှ မလှုပ်။
ဒီတော့လဲ ဆရာဦးလှဆောင်က ဦးဆောင်ဦးရွက်ပြုကာ အသံကျယ်ကျယ်နှင့်
'ဟေ့ သူခိုး မင်းကို ငါတို့ ပုဂံခြံဝင်းက ဝိုင်းထားပြီ၊ အေးအေး ဆေးဆေးထွက်ခဲ့ပါ'
ဟုအော်ပြော၏။
နောက်ကလဲ-
‘ဖြည်းဖြည်းလုပ်ကြပါကွယ်’
‘သွေးတွေသံတွေ မမြင်ရဲဘူး’
ဟူသော အသံတွေက ဟိုနေရာ၊ ဒီနေရာမှထွက်နေကြသည်။ ဦးဆောင်သူများက ဆရာဦးလှဆောင်၊ ဆရာဦးထွန်းမြင့်၊ ဦးဘကောင်းနှင့် ကိုသားတို့ပါ။ တကယ့်ကို ယောက်ျား ရင့်မကြီး တွေပါ။
သူခိုးက နည်းနည်းလှုပ်သွား၏။ ရှေ့သို့ ပိုတိုးသွား၏။ ဆရာဦးလှဆောင်က ခုနက အတိုင်း ထပ်အော်ပြန်၏။ သူခိုးက ရှေ့သို့သာ သည်းသည်းမည်းမည်း စိုက်ကြည့်နေပုံရ၏။ ရှေ့သို့ ထပ်တိုးသွားပြန်၏။
'မင်းကို ငါတို့ဝိုင်းထားပြီ၊ အေးအေးဆေးဆေး ထွက်ခဲ့ပါ'
ဟု ထပ်အော်သောအခါ သူခိုးဆီမှ အသံထွက်လာတော့၏။
'ဘယ်မှာလဲဗျ သူခိုးက၊ ကျွန်တော် ရောဘတ်ပါ'
'ဟေ-ရောဘတ်လား၊ မင်းဒီမှာ ဘာလုပ် နေတာလဲ'
'ကျွန်တော်က ဆရာတို့ နောက်ကနေ သူခိုးထွက်ခဲ့လို့ အော်တော့ ရှေ့မှာရှိတယ်ထင်ပြီး ရှေ့ကိုပဲ သည်းသည်းမည်းမည်းရှာကြည့်နေတာ'
ထိုအခါမှ တအုပ်လုံး ဝိုင်းရယ်ဖြစ်ကြ၏။ သူခိုးလိုက်သောသူကို သူခိုးဟုထင်ပြီး သည်းကြီးမည်းကြီး လုပ်နေရာ တကယ့်သူခိုးက လွတ်သွားလေပြီ။ ဒါတောင် ကံကောင်းပေလို့၊ ရောဘတ် ခေါင်းပေါက်သွားနိုင်သည်။
နောက်တခါတော့ ပုဂံခြံဝင်းမှ ပြောင်းလာပြီး အင်းစိန်ရောက်ချိန်ဖြစ်သည်။ ဒီအဖြစ် အပျက်ကတော့ နေ့လည်ခင်းကြီးမှာ သူခိုးကပ်တာပါ။ ထိုနေ့က စနေနေ့ခင်းကြီးဖြစ်၍ အိမ်၌ လူစုံ၏။ အိမ်ရှေ့မှာ အဖေနှင့် အဖေ့မိတ်ဆွေများ တအုပ်ကြီးထိုင်ကာ စကားပြောနေကြ၏။ ဖြစ်တာက အိမ်နောက်မှာပါ။ နောက်ဖေးမှာ အဝတ်တွေ၊ ထမီတွေလှမ်းထား၏။ ကျွန်မတို့လည်း အိမ်ရှေ့မှာ လူတအုပ်ကြီး ရှိတာပဲဆိုပြီး အိမ်ဘေးမှ ဝင်းတံခါးကို မပိတ် လိုက်မိပါ။
ကျွန်မတို့ အစ်မအကြီးဆုံးက နေ့လည်နေ့ခင်း အိပ်ရာမှ နိုးလာပြီး၊ အိပ်ချင်မူးတူးနဲ့ ထမင်းစားခန်းထဲ ဝင်လာရာ သူခိုးကို ပြတင်းပေါက်မှ လှမ်းမြင်လိုက်ရ၏။ သူခိုးက လူလဲတွေ့ရော လှန်းထားသည့်ထမီကို ကိုင်နေရာမှ လွှတ်ကာ ထိုင်ချလိုက်၏။ ပက်ပင်းမှ တကယ့်ကို ပက်ပင်းတိုးတာ ပါပဲ။ အစ်မလည်း ပထမတော့ အံ့သြနေရာက-
'ဟယ်-ဘာလုပ်နေတာလဲ၊ နေဦး၊ ခန ငါ လာခဲ့ဦးမယ်'
ဟု ပြောမိပြောရာ ပြောခဲ့ပြီး သူခိုးရှိရာ အပြင်ဘက်သို့ ထွက်သွား၏။ ထိုအခါ သူခိုး က သူ့ကိုလဲ ဘာမှမစွပ်စွဲရသေးခင်-
'မဟုတ်ဘူးအစ်မ၊ မဟုတ်ပါဘူး၊ ကျွန်တော် အိမ်သာ တက်ချင်လို့ပါ'
ဟု ပြောပြောဆိုဆိုငြင်းရင်း အိမ်ရှေ့တွင် တံခါးပေါက် ရှိသည်အထင်နှင့် အိမ်ရှေ့သို့ စွတ်ထွက်သွားရာ အဖေတို့လူအုပ်ကြီး စကားပြောနေသည်နှင့် ပက်ပင်းသွားတိုးတော့သည်။ ထိုအခါ သူခိုးက မထိန်းနိုင်တော့ သည့်ပုံစံနှင့် လက်နှစ်ဖက်ကို စုံခါပြပြီး (သူခိုးက ဗြောင်ညာတယ်နော်)
'ကျွန်တော် အိမ်သာတက်ချင်လို့ပါ'
ဟု ပုံစံ လုပ်ပြပါသည်။ ထိုအခါ အဖေက-
'ဟာ- ဒီနေရာမှာ တက်လို့ဘယ်ဖြစ်မလဲ လာ-လာ ကျွန်တော် အိမ်သာလိုက်ပို့ပေးမယ်' ဟုဆိုကာ သူခိုးကို အိမ်ထဲခေါ်လာပြီး အိမ်သာလိုက်ပြပါသည်။ ထိုအခါ အစ်မက သူခိုးအိမ်သာ ထဲဝင်နေတုန်း၊
'အဖေ- အဲဒါ သူခိုးအဖေရဲ့၊ ထမီရုတ်မလို့၊ လူမိသွားလို့ အိမ်သာတက်ချင်တယ် ပြောတာ'
'ဟေ ဟုတ်လား'
သူခိုးလည်း အိမ်သာ ကြာကြာမတက်လိုက်ပါ။ ပိတ်မိမှာစိုးလို့ ထင်ပါရဲ့ မြန်မြန်ထွက် လာပြီး-
'ကျေးဇူးတင်ပါတယ်ခင်ဗျာ' ဟုပြောဆိုပြီး တချိုးတည်း လစ်တော့၏။ (သူခိုးများသည် တခါတလေ ယဉ်ကျေးပုံရ၏)
အဖြစ်အပျက်ကတော့ သူခိုးကို အိမ်ထဲခေါ် သွင်းပြီး အိမ်သာတက်ခိုင်းတဲ့ အဖြစ်အပျက်ပါပဲ၊ ဘုမသိဘမသိနဲ့ ဇာတ်ရေလည်တော့မှ ရယ်မဆုံးနိုင်တော့။ အဖေကလည်း ဧည့်သည်တွေက ဝင်လိုက်ထွက်လိုက်နဲ့ များနေတော့ ဒီအထဲက တယောက်ယောက်ထင်ပြီး အိမ်သာလိုက်ပို့မိသည်တဲ့။ သို့ပေမယ့် အဖေတို့ ဝိုင်းဖွဲ့နေသော စကားဝိုင်းထဲတွင် စုံထောက် ဝတ္ထုတွေရေးသော စာရေးဆရာအောင်ဇင် ရှိနေမှန်း သူခိုး မသိသွားရှာပါလေ။ သူခိုး ကံကောင်းသွားပေသည်။
နောက်တကြိမ်မှာတော့ သူခိုးကို အဖေနှင့် အမေတို့ ကျေးဇူးတင်ကြမည် ထင်ပါသည်။
ဆောင်းဦးပေါက်စကပေါ့။ ကျွန်မက ညဆိုလျင် 'ချမ်းတယ်-ချမ်းတယ်' ဟု အော်နေ တတ်ပါသည်။ အမှန်တော့ အသေအချာ ချမ်းခြင်းလည်းမဟုတ်ပါ။ အမေနှင့်အတူ အိပ်ချင်၍ ကြံဖန်နေခြင်း ဖြစ်ပါသည်။ ကျွန်မက အမေ့ကို ကပ်သူဖြစ်၍ အမေနှင့်ပဲ ကြီးတဲ့အထိ အတူအိပ်ချင် နေပါသည်။ ငယ်ငယ်ကဆိုလျှင် အမေအိပ်မှ လိုက်အိပ်သည်။ ကျွန်မက အိပ်ချင်ပြီး အမေက အပြင်မှာ အဖေနှင့်စကားပြော မပြီးနိုင်ပါက လာမအိပ်မချင်း ငိုပြီး ပူဆာနေတတ်သည်။ အသက် ၁၈ နှစ်ထဲဝင်ပါမှ-
'ငါ့ အလိုချည်းပဲ ကြည့်နေလို့မဖြစ်ဘူး....'
ဆိုကာ အမေနှင့် ခွဲအိပ်ခဲ့သည်။
ယခု ချမ်းတယ်ဆိုပြီး ကြံဖန်နေသော ကိစ္စမှာ မအောင်မြင်ပါ။ အမေကလည်း လာအိပ်ဖို့ မခေါ်ပါ။ အဖေကလည်း တခွန်းမှမဟပါ။ ကျွန်မလည်း အကြံကုန် လက်လျှော့ရမလို ဖြစ်ပြီး၊ နောက်တော့-
'ကိုယ့်ဖာကိုယ် စောင်ခြုံရင် မနွေးဘူး၊ အမေခြုံပေးမှနွေးတယ်၊ မေတ္တာခြုံပေးလို့ထင် တယ်'
ဟု အဖေနှင့် အမေရှေ့တွင် ချွဲသလိုလိုနှင့် ညည်းပြလိုက်ရာ အဖေက သနားသွားပုံရပါ သည်။
'အမေဘေးမှာ လာအိပ်လေ'
ဟုခေါ်ပါသည်။ ကျွန်မလည်း ဝမ်းအသာကြီးသာကာ ထိုနေ့ညမှာပဲ စောင်တွေ ခေါင်းအုံးတွေ ယူပြီး ကုတင်ရွှေ့လာခဲ့၏။
တညတော့ ဒီလိုပဲ အိပ်နေတုန်း အေးသလိုလိုဖြစ်၍ ဖျတ်ကနဲ နိုးလာ၏။ ခုတင်ခြေရင်း ပြတင်းပေါက် ပိတ်မိရဲ့လားဟု လှမ်းကြည့်လိုက်ရာ လား-လား၊ သူခိုးပါလား။ ပြတင်းနားမှာ ရပ်နေပါ၏။ ကျွန်မက ခြင်ထောင်ထဲကမို့ မြင်ရသည်။ သူခိုးက မြင်ပုံမပေါ်ပါ။ ကျွန်မတို့အိပ်နေ တုန်းက တရုတ်ကပ် တံခါးများ ပိတ်မထားမိပါ။ သူခိုးက အကြံထုတ်နေပုံရ၏။ စွတ်ကျယ်နှင့် ဖြစ်သည်။ ရုပ်ကိုတော့ ခြင်ထောင်က ထူနေ၍ မမြင်ရပါ။
ကျွန်မလည်း အမေ့ကို တိုးတိုးလေး နှိုးမိ၏။
'အမေ အမေ သူခိုးကပ်နေတယ်။ အော်လိုက်ရမလား'
အမေလည်း နိုးလာပြီး အဖေ့ကို နှိုးလိုက်မယ်ဟု ပြောပါသည်။ ကျွန်မက 'တိုးတိုးလေးနှိုးနော်အမေ၊ သူခိုးကြားသွားမယ်'
ဟုပြောရ၏။ သူခိုးက ကိုယ်ခြေရင်း အပြင်ဘက်မှာ မဟုတ်လား။
အဖေ့ကို နှိုးနေစဉ် သူခိုးက အသံကြား၍ ထင်ပါသည်။ လှုပ်ရှားစပြု၏။ ထိုအခါ ကျွန်မ လည်း အိမ်ရှင်သိမှန်း သူခိုးသိအောင် အဖေ့ကို စောင့်မနေနိုင်ပဲ-
'သူခိုး သူခိုး'
အော်လိုက်ပါသည်။
ဒါပေမယ့် ထုံးစံအတိုင်း သူခိုးလွတ်သွားပါသည်။
မည်သို့ပင်ဆိုစေ ကျွန်မကတော့ ထိုပြတင်းပေါက်ကို လန့်နေမိ၏။ မကြုံဖူးသဖြင့် ထိတ်နေမိ၏။ ညဆို ထိုပြတင်းပေါက်ကို မကြည့်ရဲပေ။
'ဒီ ပြတင်းပေါက်ကိုကြောက်တယ်၊ ဝေဒနာပြတင်းပေါက်ပဲ'
ဟု ကျွန်မပြောတော့ အဖေရော အမေပါ-
'ကိုယ့်ကုတင် ကိုယ်ပြန်အိပ် ပေါ့'
ဟု လိုလိုလားလား တိုက်တွန်းကြ၏။ ကျွန်မကတော့ တည့်တည့်ပြောမှ အရိပ်မြင်ရုံ သာ ရှိသော သူပါပင်။ ဒီလိုနဲ့ပဲ စောင်ကြီး တရွတ်တိုက်ဆွဲကာ ပြန်လာခဲ့ရသည်။
ငယ်ငယ်က ရွှေသွေးတို့ တေဇတို့ထဲမှာ ပုံဆွဲထားသော သူခိုးများသည် မျက်လုံး နေရာကလေးများတွင်သာ အပေါက်လေးများ ဖောက်ထားသော၊ အဝတ်နက်များ စည်းထား ကြသည်။ ယခုခေတ် သူခိုးများမှာ အဝတ်နက်များ မစည်းတော့မှန်း သူခိုးနှင့်ကိုယ်တွေ့ ကြုံဖူးသဖြင့် သိပါပြီ။ တချို့ သူခိုးများကတော့ သူခိုးတို့အား အထင်မသေးစေရန် ဝတ်ကောင်း စားလှများ ဝတ်ဆင်တတ်သေးသည် ထင်၏။
ဒါပေမယ့် ဘယ်သူခိုးမဆို မကောင်းစားနိုင်ပါဟု ကျွန်မယုံကြည်မိ၏။ အချီကြီးရလို့ ကောင်းစားလှသည်လည်း ဒီတသက်ပေါ့။ ဒါတောင် သူနှင့်ထိုက်သော ပြစ်ဒဏ်ကိုတော့ လှလှကြီး ခံရမည်ပင်။
လိပ်ပြာ မလုံသူများ သာဓုခေါ်နိုင်ကြစေသတည်း။

[မြားနတ်မောင်၊ ၁၉၉၁ခု၊ သြဂုတ်လ]
မိုးချိုသင်းရဲ့ ရင်တွင်းဖြစ်ဝါကျများကို စုစည်းတင်ဆက်ထားတဲ့ 'မှန်တင်ခုံပေါ်က နှင်းဆီ ပွင့်' စာအုပ်မှ ကူးယူဖော်ပြပါတယ်။
မာယာစာအုပ်တွင် ဖော်ပြရန် ရိုက်ထားပြီးမှ စာအုပ်မာယာ မထွက်နိုင်တော့သဖြင့် မဖော်ပြလိုက်ရသော ဒီဝတ္ထုကို "မိုးချိုသင်းမှတ်တမ်း" ကို ကြိုဆိုသောအားဖြင့် အင်တာနက်သို့ ထုတ်လွှင့်လိုက်ပါတယ်။