ဗမာပြည်မှာတုန်းက၊ စာအုပ်ထုတ်ဝေရေးတွေလုပ်၊ အရှုံးတွေပေါ်၊ ကြွေးတွေတင် (မိဘဆွေမျိုးတွေအပေါ်မှာ)။ ခု အမေရိကရောက်တော့ ပထမဆုံးရတာက လေယာဉ် လက်မှတ် ကြွေးဆပ်ဖို့ စာအုပ်ကလေး။ USCC ရဲ့ အပြောလေးက သူတို့ဌာနမှာလဲ ပိုက်ဆံ များများ စားစားမရှိပါဘူး၊ နောက်မှာ ကိုယ့်လိုပဲ ဒီကိုလာဖို့ တန်းစီစောင့်နေသူတွေကို သနား သောအားဖြင့် အလုပ်အကိုင်ရခဲ့ရင် တလကို အနည်းဆုံး ၁၂ ဒေါ်လာလောက်တော့ သွင်းသွားပါတဲ့။ ကိုယ်လဲ ပထမနှစ်လ ဒေါ်လာ ၅၀ စီသွင်းပြီး၊ တတိယလ ကျန်တဲ့ငွေ အပြေသွင်းလိုက်တယ်။
ရန်ကုန်မှာ ပန်းဘဲတန်းရဲက မိတ်ဆွေတဦး မကြာမကြာပြောဘူးတယ်။ သူက ကီလီ ရဲရိပ်သာမှာ နေတာ။ သူ့ဆရာ ဗိုလ်မှူးကြီးက ရဲချုပ်ဖြစ်တော့ သူက အသွင်ပြောင်း ရဲအုပ်ဖြစ်ပြီး စီးပွါးရေးအချက်အချာကျတဲ့ ပန်းဘဲတန်းလို နေရာမှာ တာဝန်လာကျတယ်။ ပင်ကိုယ် စိတ်ဓါတ်ကကောင်းတော့ အကြံအဖန်မလုပ်ဖူး၊ အကြွေးတွေက ပတ်လည်ဝိုင်းလို့။ သူနေတဲ့ ကီလီရဲရိပ်သာက အိမ်မှာ သူ့နဲ့လိုက်ပြီး မကြာမကြာ အရက်သောက်ဖြစ်ကြတယ်။ ကိုယ်ရောက် သွားရင် သူတို့ ရဲရိပ်သာနားတ၀ိုက်က ဘီအီးရောင်းတဲ့ အိမ်ကို ပုလင်းကလေး နှစ်လုံးနဲ့ ပိုက်ဆံပေးပြီး လူလွှတ် အရက်ဝယ်ခိုင်းတယ်။ ပါးစပ်ကလဲ ပြောသေးတယ်။ ကိုအေးဝင်း- နိုင်ငံတော်တောင် ကြွေးတွေပတ်လည်ဝိုင်းနေတာ ထွန်းငွေတယောက် ကြွေး တင်တာ ဘာမှုစရာလဲတဲ့။
ကိုယ်ရောက်ရောက်ချင်းညမှာ ပထဆုံးရောက်လာသူက မော်ကြီး။ ၇၆-၇၈ အင်းစိန် တောရမှာ အတူစံဖက်။ သူ့ဇနီးက စာရေးဆရာမ မာလုစံ၊ စာရေးကောင်းတယ်။ အမေရိကရောက်ပြီး သူ့ဝတ္ထုတွေ မတွေ့ရတော့ဘူး။ မရေးဖြစ်တော့ဘူးထင်ပါရဲ့။ နှမြောစရာ။ ထိုင်းမှာ စောဖိုးကြူးရယ်၊ ကိုဌေးဝင်းရယ်၊ ကိုယ်ရယ် ချို့ချို့တဲ့တဲ့ နေနေရတဲ့အချိန်၊ ငှက်ကြီးလို့ အမည်တွင်တဲ့ တင်မောင်ဌေးကလဲ ကိုယ်တို့ဆီ မကြာမကြာ ဖွတ်လာတက်တဲ့အချိန်၊ မော်ကြီးက အမေရိက ကနေ သူ့ ရဲဘော်ရဲဘက် လေးယောက်ကို ငွေကြေးထောက်ပံ့ ရှာတယ်။ ခုလဲ ညတွင်းချင်း ရောက်ချလာတယ်။
ကိုယ်နေရတဲ့ မြို့ကလေးက Inglewood တဲ့။ အိမ်ဝင်းထဲမှာ တထပ်အိမ်နှစ်လုံးတွဲ၊ နှစ်အိမ်ပါတယ်။ တအိမ်မှာ အိမ်ရှင်မျက်နှာဖြူ အဖိုးကြီးအဖွားကြီးနေတယ်။ သူ့နဲ့ကပ်လျက်မှာ ကိုယ့်အဖေရဲ့ မိတ်ဆွေ ပါကစ္စတန်ကုလား တယောက်နေတယ်။ မျက်နှာချင်းဆိုင်မှာ၊ တအိမ်က ကလေးလေးတယောက်နဲ့ အိမ်ရှင်အဖိုးကြီးမြေးမ လင်မယားနေတယ်။ သူ့နဲ့ကပ် လျက်က ကိုယ့်ညီမ နေတယ်။ ကိုယ်လာမယ်ဆိုလို့ အိမ်ရှင်အဖိုးကြီးက သူ့ခြံထဲက ပစ္စည်းတွေထားတဲ့ ကားဂိုဒေါင်ခန်းကို လူနေရအောင် ရေချိုးခန်း၊ အိမ်သာ တပ်ဆင်ပေးပြီး တလဒေါ်လာတရာနဲ့ ကိုယ့်ကိုငှားတယ်။ ဆွဲဆန့်ရင် ကုတင်ဖြစ်တဲ့၊ စပရင်ကျိုးနေလို့ အလည်ခေါင်မှာ ချိုင့်နေတဲ့၊ အသွေးအရောင် မပေါ်သော ဆိုဖာခုတင်တလုံးပေးထားတယ်။ အိမ်ရဲ့ သစ်သားနံရံတွေက ပိုးစားနေပြီဖြစ်တော့ အိမ်ထဲကနေ အပြင်အလင်းဖက်ကို ကြည့်ရင် တကယ်ပဲ ကြယ်မြင်လမြင်။
ညီမက အမေ နေမကောင်းလို့ ဗမာပြည်ပြန်သွားတော့ ကိုယ်က ကိုယ့်ဂိုဒေါင်အိမ် ကလေးကို ခဏစွန့်ခွါပြီး သူ့အခန်းမှာ အိမ်စောင့်ရင်း ခဏတဖြုတ် ကောင်းကောင်းမွန်မွန် နေလိုက်ရတယ်။ သူက မှာသွားတယ်၊ ရပ်ကွက်က လူမဲတွေချည်းပဲ၊ ဟိုဟိုသည်သည် လျှောက်မသွားနဲ့တဲ့။ ရောက်ခါစ တောသားကို ချိမ်းခြောက်သွားတာ။
ကိုယ်ကလဲ ရောက်ခါစ သုံးလေးရက်တော့ ဘယ်မှမသွားပဲ၊ စားလိုက်သောက်လိုက်၊ အိပ်လိုက်နေလိုက်တယ်။ အင်မတန် ပျင်းစရာကောင်းတာပဲ။ တပါတ်လောက်ကြာတော့ ထွက်စရာ လမ်းက ပေါ်လာတယ်လေ။ ပေါင်မုံ့ကုန်နေပြီ။ မနက်အိပ်ယာနိုးရင် စားဖို့မရှိဘူး။ ဒီမှာက ထိုင်းမှာလို အိပ်ယာကထရင် အိမ်ပြင်ထွက်လိုက်တာနဲ့ စားစရာဆိုင်မတွေ့ဘူး။။ ကိုယ့်ပြေကိုယ့်ရွာလို အိမ်ရှေ့က ဖြတ်သွားတဲ့ ဈေးသည်လဲ ခေါ်ဝယ်စားလို့မရ။ ဒီတော့ အိမ်နားက 7-11 ကို စွန့်စွန့်စားစား လမ်းလျှောက်သွားလိုက်တယ်။
7-11 ထဲမှာ ပေါင်မုံ့ယူပြီး ငွေပေးမလို့ တန်းစီနေတုန်း၊ ငွေပေးတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဆိုင်ထဲက ပစ္စည်းတွေကို စာရင်းမှတ်နေတဲ့ အမျိုးသမီးတယောက်ကို တွေ့လိုက်တယ်။ ကိုယ် သိဖူးတဲ့ တယောက်နဲ့ အရမ်းတူလွန်းလို့ အနားကပ်သွားပြီး ဗမာပြည်ကလားလို့ ကိုယ်က သူကို မေးလိုက်မိတယ်။ သူ့ရဲ့ အံ့သြသွားတဲ့ အကြည့်ဟာ ကိုယ့်အဖို့ သေချာသွားတာမို့ ကျော်ဝင်းအမျိုးသမီး မဟုတ်လားလို့ ထပ်မေးလိုက်တယ်။ သူ့မျက်နှာဟာ အံ့သြပြုံးရွှင် ၀င်းလက်သွားရာက ဟာ- စာအုပ်ဆိုင်က ဦးလေးကြီး မဟုတ်လားတဲ့။ ကိုကျော်ဝင်းအိမ်မှာရှိတယ်၊ သူသိရင် အရမ်းဝမ်းသာမှာပဲ ဆိုပြီး ဖုံးနံပါတ်လဲ ရေးပေး၊ ခုခေါ်လိုက်လို့လဲပြောပြီး၊ စကားတွေလဲ အတော်များများ ပြောလိုက်ကြတယ်။
အိမ်ပြန်ရောက်ရောက်ချင်း ဖုံးခေါ်လိုက်တာ၊ ခုချက်ချင်း လာခဲ့မယ်ဆိုပြီး ငါးမိနစ် တောင် မကြာလိုက်ဘူး၊ ကိုကျော်ဝင်း ရောက်ချလာတယ်။ သူကလဲ ကိုယ်နေတဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာပဲ နေတာကိုး။ Inglewood မြင်းပြိုင်ကွင်းနားမှာ။
ရန်ကုန်မှာတုန်းက ကိုယ့်စာအုပ်အငှားဆိုင်နဲ့ နှစ်ခန်းကျော်မှာ သူတို့ ပိုင်တဲ့ အခန်းရှိတယ်။ အခန်းငယ်တွေကန့်ပြီး လက္ခဏာဆရာ၊ သွားဆေးခန်း၊ ဗမာဆေးဆိုင်တွေကို ငှားစားတယ်။ သူက အခန်းမျက်နှာစာမှာ မှန်ဘီဒိုကလေးတလုံးချပြီး ဗွီဒီယိုခွေငှားတယ်။
ကိုယ်က သူ့ဆီ ဗွီဒီယိုငှား၊ သူတို့ လင်မယားက ကိုယ့်ဆီမှာ ၀တ္ထုစာအုပ်တွေ၊ သိုင်းဝတ္ထုတွေ ငှားဖတ်တယ်။ မမျှော်လင့်ပဲ ရန်ကုန်မှာတုန်းက အိမ်နီးချင်းတိုက်ချင်းကပ်လျက် ဟာ၊ အမေရိကမှာ တရပ်ကွက်ထဲ လာဆုံနေပြန်ရော။
သူက ဖုံးနံပါတ်တခု ထုတ်ပေးပြန်တယ်။ ဒီဖုံးကို ဆက်လိုက်၊ ခင်ဗျား အသံကြားရင် သူတို့ အံ့သြ၀မ်းသာသွားကြမယ် ပြောတယ်။ ကိုယ်တို့ ငယ်ငယ်တုန်းက အာရှမှာ နံမည်ကြီး၊ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကိုကိုကြီးနဲ့ သူ့ဇနီး မဘေဘီ။ သူတို့မိသားစုကလဲ ကိုယ့်အဖေအမေ၊ အဖိုးအဖွားတွေနဲ့ ဆွေမျိုးတွေလို နေလာခဲ့ကြတာ။ စကားပြောရတာကိုက ပျော်စရာကြီး။
နောက်တနေ့မှာ မမဘေဘီ ပုဇွန်ထုပ်ကြီးတွေနဲ့ ဒန်ပေါက်ချက်ပြီး ရောက်ချလာတယ်။
ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးဆိုတာ ဒါပဲဖြစ်မှာ။ ကိုယ်သဘောပေါက်တာက ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းပါ။
မောင်အေးဝင်း။
အင်္ဂါနေ့၊ ၂၈ ဧပြီ၊ ၂၀၀၉။
1 comment:
ဆက် ပါဦး ဆရာဝင်းရေ... အရမ်းကောင်းတယ်...
Post a Comment