Tuesday, April 7, 2009

အောက် (၂) ခန်း
ရေးသူ-မောင်အေးဝင်း

ဒီအဆောင် ဒီအခန်းကို အတိအကျ ပြန်ရောက်လာတာပဲ။ အစစ အရာရာ မိုးနဲ့မြေလို အကွာကြီးကွာပြီး အပြောင်းကြီးပြောင်း သွားပါ ရောလား။ သူနဲ့ ကင်းကွာရတာ လ, မကြာ လိုက်ဘူး။
ဘာလို့ ပြောင်းရတာလဲကိုတော့ မရေးချင်တော့ပါဘူး။ ဒါပေမဲ့ ဒီအပြောင်းအလဲမှာ အသစ်တွေ့ရတဲ့ လူတွေအထဲက သံယောဇဉ်တွယ်သူတွေ အကြောင်းတော့ နည်းနည်းရေး လိုက်ဦးမယ်။
ပြန်ရောက်လာတော့ သူ့ကို ၃ ဆောင်၊ အောက် (၂) လို့ ခေါ်နေကြပြီ။ နဂိုက ၃ ဆောင်၊ (၆) ခန်း လေ။ ထွက်သွားတုန်းက အခန်းကျယ်ကြီးထဲမှာ ခုတင် အလုံး (၃၀) လောက်နဲ့ လူက ၁၅ ယောက်လောက် ကျန်ရစ်ခဲ့တာ။ ပြန်ရောက်လာတော့ ခုတင်တွေလဲ တခုမှ မရှိတော့ဘူး။ လူတရာကျော်လောက် သံမံတလင်းပေါ်မှာ နှစ်ယောက်တတွဲ တန်းစီပြီး ပုံစံထိုင်လို့။


ဟိုတုန်း ကတော့ ကိုယ်တို့အခန်းမှာ ဗိုလ်မရှိဘူး။ အားလုံး သူလိုကိုယ်လို အတူတူချည်းပဲ။ ခုတော့ အုပ်ချုပ်တဲ့ လူနဲ့ဘာနဲ့။ အခန်းလူကြီးတဲ့။ တယောက်က ကိုလှိုင်ကြူ၊ တယောက်က ချီး-မြင့်သိန်းတဲ့။ နှစ်ယောက် စလုံးကတော့ ထောင်ဒဏ် နှစ်ရှည်ကျ ထားတဲ့ သေမထူး၊ နေမထူးဆိုတဲ့ တကဲ့သေရဲ သတ်ရဲတွေ။ ဒါ့ကြောင့်လဲ အာဏာပိုင်တွေက အသေအချာရွေးပြီး လွှတ်လိုက်တာနေမှာ။
ကိုယ့်အတွက် အိပ်စရာ ကျောတခင်းစာ ချပေးတဲ့ နေရာက မိလ္လာချောင်နား။ အာဏာပိုင်တွေရဲ့ ယုတ်မာညစ်ပတ်တာကတော့ ပြောမနေနဲ့။ သူတို့က ကိုမျိုးတင့် (ကွန်မြူနစ်) ဆို အသေကြောက်၊ အသေမုန်း။ ဒါကြောင့် စစ်ခွေးတိုက်က ခေါ်လာပြီး အခန်းထဲ ထည့်တော့ မိလ္လာချောင်မှာ သိပ်ဖို့ အခန်းလူကြီးကို အသေအချာမှာတာ။ ဒီအခန်းကို သုံးယောက်သွင်းတာ ဟန်ရှင်ဝင်း (ယခု-ရှေ့နေ) နဲ့ ထွန်းသန်း (ဆေးတက္ကသိုလ် ၂၊ မော်လမြိုင်) တို့ကို အခန်းရဲ့ ခါးလည်လောက်မှာ နေရာပေးပြီး ကိုယ့်ကိုမှ မိလ္လာချောင်နားပို့ထားတာ။
အခန်းလူကြီး လှိုင်ကြူက တိုးတိုး တောင်းပန်ရှာပါတယ်။ ၃ -၄ ရက်တော့ သည်းခံ လိုက်ပါ။ သူတို့က ထားခိုင်းလို့ပါ။ ပြန်ရွှေ့ပေးပါမယ်တဲ့။ တကယ်လဲ ၃ -၄ ရက်နေတော့၊ အောင်ကိုကို (ပညာရေးတက္ကသိုလ်) နဲ့ ဘေးချင်းကပ်၊ ခေါင်းရင်းဘက်ကို ပြောင်းပေးတယ်။
အခန်းကို စရောက်ကတည်းက အသစ်ရောက်လာတဲ့ ရာထောင်အရေအတွက်ကို ကိုယ်တို့ လူစုတွေနဲ့ စကားမပြောဖို့၊ အရောမ၀င်ဖို့ ကျေညာချိမ်းခြောက်ထားတာ။ ပြောရင် သေပြီသာ မှတ်တဲ့။ ပြောပေမဲ့ မသေတဲ့ လူတွေလဲ ရှိတယ်။ အဲဒီလူတွေကို ပြောပြမယ်။
ကိုယ့်အိပ်ရာဘေးမှာ ကျတဲ့လူကတော့ ဒီစည်းကမ်းကိုမှုပုံ မပေါ်ဘူး။ သူ့ဘေး ရောက် လာတာနဲ့ ဒူးယားဆေးလိပ် ထုတ်တည်ပြီး မိတ်ဆွေဖွဲ့တော့တာ။ သူက အခန်းလူကြီးတွေ ကို မမှုတာကလဲ အကြောင်းရှိတယ်။ နောက်မှ သိရတာ၊ အခန်းလူကြီးတွေက သူ့အစားတွေကို မှီခိုစားသောက်နေရတာကိုး။ သူက အထူးဖိုရဲ့ ဖိုခေါင်း။ အထူးဖိုဆိုတာ ထောင်ထဲမှာ အထူးစပါယ်ရှယ် ကိုယ့်အိမ်ကိုယ့်ယာလို နေရတဲ့ အလံနီပါတီက သခင်စိုးတို့၊ လော်စစ်ဟန်တို့၊ မဆလပါတီဗဟိုက ထောင်ချခံ ထားရတဲ့ လူတွေ စားဖို့ ချက်ပေးရတဲ့ ဖို။ အာဏာပိုင်တွေ အကြီးအကဲတွေ စားဖို့ သောက်ဖို့ လုပ်ပေးရတဲ့ ဖိုရဲ့ အကြီးအကဲ။ အရေးကြီးရင် ကြီးသလို သူ့ကို အဆောင်ပိတ်ပြီးတာတောင် ဖွင့်ပြီး လာခေါ်ရတာ။ သူများ အဆောင်ပိတ်ပြီးတာတောင် ပြန်မလာသေးရင် အခန်းလူကြီးတွေ သွားရည်တမြားမြားနဲ့ စောင့်နေကြပြီ။ ပြန်သယ်ဆရာကြီး ပြန်လာရင် သယ်လာမယ့် အထူးဖိုက စားဖွယ် ထမင်း၊ ဟင်းကို ညလည်စားဖို့ စောင့်နေပြီ။
သူ့ဘေးမှာနေရာချတော့ ကိုယ့်ကို သူက စမေးတယ်။ မင်းဘယ်မှာနေလဲတဲ့။ မဂိုလမ်းမှာ လို့ပြောတော့ သူက ၀မ်းသာအားရ ငါက ၂၇ လမ်းမှာနေတာ။ ပန်းဘဲတန်း သားတွေ လာတွေ့နေပြီတဲ့။ နေရာကို ပြောကြတော့ 'ဟ... မင်းအကိုက ငါတို့မိသားစုဆရာဝန် ပဲ၊ ဖျားရင်နာရင် သူ့ဆီပဲ သွားရတာ'
သူ့နာမည် ကိုတင်ဝင်း။ မျက်မှန်တင်ဝင်းလို့ ခေါ်ကြတယ်။ အပြင်မှာတုန်းက ကိုယ်ပိုင် မျက်မှန်ဆိုင်နဲ့ မျက်မှန်အရောင်းအ၀ယ် လုပ်တာ။ တချိန်မှာ အစိုးရရဲ့ မျက်မှန်ဆိုင်ကြီးက မျက်မှန်တွေကို တာဝန်ရှိသူတွေက မှောင်ခိုရောင်းထုတ်တယ်။ အဲဒီလူတွေကို စ-သုံးလုံးက ဖမ်းတော့ အပြင်က မျက်မှန်ဆိုင်တွေမက,ဘူး၊ မျက်စိစမ်းတဲ့ လူတွေပါ အဖမ်းခံရတာ။
မဆလ၊ တခေတ်မှာတော့ ကောင်းရောင်းကောင်းဝယ် ကိုယ့်စီးပွါးရေး ကိုယ်လုပ် ပေမယ့် ဥပဒေက သူတို့လက်ထဲမှာ ဖြစ်ချင်သလို ဖြစ်နေတယ်။ အထူးခုံရုံး ဆိုတာကလဲ ရှေ့နေနဲ့ ဘာနဲ့ လျှောက်လဲခွင့်မရှိဘူး။ အသင့်ရိုက်လာတဲ့ စာရွက်ပေါ်က စီရင်ချက်ကို စစ်ဗိုလ်ကြီးတွေက ဖတ်ပြလိုက်တာ။ ထောင်ထဲရောက်တော့ မျက်မှန်ပညာရှင်တွေ၊ တတ်ကျွမ်းသူတွေကို ထောင်ထဲက မျက်မှန်အလုပ်ရုံမှာ ပြန်ခိုင်းတယ်။
ကိုတင်ဝင်းက ည ည ဆို ဖိုထဲက ပြန်လာရင် ပုံးတလုံးနဲ့ သူကိုယ်တိုင် စပါယ်ရှယ် နှပ်ထားတဲ့ လက်ဘက်ရည်ကြမ်း တပုံး အမြဲယူလာတယ်။ သူ့ လက်ဘက်ရည်ကြမ်းက အခန်းလူကြီး လှိုင်ကြူ အသည်းစွဲ။ ဘိန်းစားကြိုက် ခါးခါးကျကျ။ တပုံးမကုန်မချင်းကို ခွက်နဲ့ တခွက်ပြီး တခွက် လာတောင်းနေရော။ လက်ဘက်ရည်ကြမ်းထည့်တဲ့ ပုံးက နဂို ဘာပုံးလဲဆိုတာ ဘယ်လိုမှ မသိနိုင်တော့တဲ့ သံပုံး။ ပုံးအပြင်က ထင်းမီးကြောင့် မှိုင်းစွဲ၊ မဲတူး နေသလို၊ အတွင်းကလဲ လက်ဘက်ဆီဂျိုးတက်လို့ မဲပြောင်နေပြီ။
မှတ်မှတ်ရရ တနေ့မှာ ကိုတင်ဝင်းက သူ့ဖို ထဲကနေ ၀က်နံရိုးဟင်းဆီပြန် ခွက်ကြီးနဲ့ တခွက် ယူလာတယ်။ တကယ်တော့ သူက မွတ်စလင်၊ ၀က်သားစားတာမဟုတ်ဘူး၊ ကျနော်နဲ့ တင်မောင်ဌေး (ငှက်ကြီး- ယခု အမေရိက) စားဖို့တဲ့။ လှိုင်ကြူတို့အတွက်တောင် မပါဘူး။ မောင်ဌေးနဲ့ သူက တနယ်ထဲသား၊ မောင်ဌေးက ကွမ်းခြံကုန်း၊ သူက တော်ခရမ်း။
နောက်တယောက်က ဘီးစိပ် လို့ အခေါ်ခံရတဲ့ ဦးအောင်ဌေး။ အဲဒီအချိန်မှာ ကျနော်က လှိုင်ကြူတို့ ပြောင်းပေးလို့ ခေါင်းရင်းဘက် ရောက်နေပြီ။ မအိပ်ခင်မှာ ကိုတင်ဝင်း လက်ဘက်ရည်နဲ့ လှိုင်ကြူရယ်၊ ချီး-မြင့်သိန်းရယ်၊ ကိုတင်ဝင်းရယ်၊ ကျနော်ရယ်ကတ၀ိုင်း။ ကပ်လျက်မှာ ဗလကြီးတင်မြတ်တို့က တ၀ိုင်း စကားဝိုင်းဖွဲ့ လေတွေ ဖောနေကြတယ်။ ဗလကြီးတင်မြတ်တို့ဝိုင်းမှာ လူတယောက်က မေးနေသံ ကျနော်ကြားလိုက်တယ်။ ငါ့မိတ်ဆွေ ရဲ့ သမက်တယောက် ကျောင်းသားထဲကပဲ၊ ထောင်ထဲမှာရှိတယ်ကြားလို့ ငါရှာ နေတာ။ သူ့နာမည် အေးဝင်းတဲ့။ စက်မှုတက္ကသိုလ်ကလို့ပြောတယ်။ တင်မြတ်ကြီးက ပြောလိုက်တယ်။ အဲဒါ ခင်ဗျားနောက်မှာ ထိုင်နေတဲ့ အကောင်ပဲတဲ့။ ဘီးစိပ်က သူရှာနေတဲ့ ကျနော့်ကို တွေ့လို့ ၀မ်းသာသွားတယ်။
ဘီးစိပ်ဟာ ထောင်စာတိုက်မှာလုပ်တယ်။ တထောင်လုံးကို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ လျှောက်သွားနေတာ။ အခန်းလူကြီးလဲ သူဂရုမစိုက်ဘူး။ ဘာယာလဲ သူမမှုဘူး။ သူနဲ့ကျနော် တွေ့ပြီးသွားတော့ မနက်ဆို ထောင်ဖွင့်တာနဲ့ ဖိုထဲကို သူရောက်သွားပြီ။ သူပြန်လာရင် ကိုတင်ဝင်းတို့ ဖိုက ထမင်းကြော်ကို ချိုင့်ကလေးနဲ့ တချိုင့် ဆွဲလာတယ်။ သူနဲ့ ကျနော်နဲ့ မနက်စာ စားကြတယ်။ ပီးမှ သူ့အလုပ်ရှိရာကို သူသွားတယ်။ ကျနော်တို့ လွတ်မယ့် မနက်မှာ တောင်၊ သူက ချိုင့်ပုံးဆွဲပြီး ထမင်းကြော်ယူဖို့ အထွက်၊ ထမင်းကြော် မပါပဲ အမောတကောနဲ့ ပြန်ပြေးလာတယ်။ ဖိုကြီးကို သူအသွားမှာ မိန်းဂျေးမှာ ထောင်မှူးကြီးတွေ၊ ထောင်ပိုင်ကြီး တွေတင်မကဘူး၊ အပြင်က အပွင့်ကြီးကြီးတွေလဲ ပါတယ်။ ရှုပ်ရှက်ခတ်နေတာပဲတဲ့။ တခုခုတော့ တခုခုပဲ ဆိုပြီးလာပြောတယ်။ အဲဒါပြောပြီးမှ ထမင်းကြော်ကို ပြန်သွားယူတာ။ ထမင်းကြော်စားပြီး သူထွက်သွားပြီး၊ ထူးရင်လာပြောမယ်လို့ ပြောသွားတယ်။
ကိုလှဌေး (အညာတမာ)တို့ လွတ်တော့လဲ သူ အဲဒီအဆောင်ကို ရောက်သွားတယ်။ လွတ်သွားတဲ့ လူတွေဆီက ဘာယူထားရမလဲ သူသွားကြည့်တာတဲ့။ အညာတမာကို သူပြောတယ်၊ ဟေ့ကောင်- အေးဝင်း မွေ့ယာက ပါးပါးလေး၊ မင်းမွေ့ယာကြီး အေးဝင်းကို ပေးခဲ့လိုက်ဆိုပြီး သူဆွဲလာခဲ့တယ်။
ဘီးစိပ်အမှုလဲ မဆလမှုပဲ။ မိတ္ထီလာ ဘီးအီးတပ်ထဲက စစ်မော်တော်ကား အပျက် တွေကို လေလံပစ်တာ။ ဘီးစိပ်က လေလံပစ်ကားတွေကို ပြင်ပြီး ပြန်ရောင်းတဲ့သူ။ ဟိုလူတွေက ဘီးစိပ်ဆီက ပိုက်ဆံယူပြီး လေလံကို ဘီးစိပ်တို့ ရအောင်လုပ်ပေးတာ။ အဲဒါနဲ့ ထောင်ကျရော။
ဘီးစိတ်ပြောနေကျ စကားတခု၊ ခုထိမှတ်မိပီး သုံးနေရတာ ရှိတယ်။ ကျနော်က ထောင်ဝင်စာလာတဲ့နေ့ဆို အိမ်ကထည့်ပေးလိုက်တာတွေ ဟိုလူ့ထုတ်ကျွေး၊ ဒီလူ့ထုတ်ကျွေး၊ ဟိုလူလာတောင်းရင် ပေး၊ ဒီလူလာတောင်းရင် ပေးနဲ့ လုပ်တတ်တော့ အဲဒါကို သူကြည့်လို့ မရဘူး။ အထုတ်ကို လာပိတ်တယ်၊ ပါးစပ်ကလဲ ပြောသေးတယ် "မင်း ကတို့ဆိပ် မှို့အိပ် ဖွင့်နေတာ" တဲ့။
အပြင်ရောက်ပြီးမှ ဘီးစိပ်နဲ့ စားသောက်ဆိုင်တွေမှာ ၃- ၄ ခါ ဆုံသေးတယ်။ သူက ကိုယ့်ကို တွေ့ရင် သူဝိုင်းက ထလာပြီး နှုတ်ဆက်စကား လာပြောတဲ့အပြင် ငွေရှင်းတဲ့ ကောင်တာမှာလဲ သူသွားပြောလိုက်တယ်။ ကျနော့်ဝိုင်းကို သူပေးမယ်၊ ကျနော့်ဆီက မယူဖို့။ သူနဲ့ဆုံတိုင်း သူဒီလိုချည်းပဲ၊ ကိုယ်မပေးရတော့ဘူး။ ခုတော့ ဘီးစိပ်လည်း ဆုံးရှာပါပြီ။

မောင်အေးဝင်း။
ဧပြီ၊ ၂၀၀၉။

1 comment:

Nyo Htet Nyo said...

ဆရာရေ…” ဒီအဆောင် ဒီအခန်းကို အတိအကျ ပြန်ရောက်လာတာပဲ။” ဆိုတာ စစ်ခွေးတိုက်က ပြန်လာတာကို ပြောတာထင်ရဲ့နော်။ ဆရာ့အပိုင်း၂ ကွန်မင့်မှာ ဆရာ ကျနော့်ကို ပြန်ဖြေထားတာအရ ပြောတာပါ။ ၃ဆောင်ခြောက်ခန်းကနေ ၃ဆောင်အောက်၂ ဖြစ်သွားတယ် ဆိုတာ။ စစ်ခွေးတိုက်ကိုရောက်သွားပုံ၊ ပြန်လာပုံ အဲဒါလေးတွေပါ ရေးပေးပါဦးခင်ဗျာ။ စောင့်မျှော်ဖတ်ရှုလျက်ပါ။