ယနေ့လူငယ်တွေ ၀တ်စား ဆင်ပြင်ပုံ၊ ပြောဆိုနေထိုင်ပုံ၊ လူငယ်တွေ တွေးတော ကြံဆပုံ စသဖြင့် လူငယ်များရဲ့ အပြုအမူ၊ အနေအထိုင်တွေနဲ့ လူကြီးတွေ နေခဲ့ထိုင်ခဲ့၊ ပြုခဲ့ မူခဲ့ တာတွေနဲ့ မတူကွာဟမှုတွေက ကြီးလိုက်တာလို့ မအောင့်အီးနိုင်တဲ့အခါ အမေက ပြောဆို ညည်းညူမိတယ်။ ဒီလို ပြောမိတဲ့အခါ ဒါအဆန်းမဟုတ်ပါဘူး အမေရယ်၊ ခေတ်ချင်း ကွာဟမှု ရှိနေတာကိုး။ ခေတ်လူငယ်တွေနဲ့ လူကြီးတွေနဲ့ဟာ ကွာဟရမှာပေါ့။ အမေ အဲဒါတွေကို အပြစ်ပြောလို့လည်း မရဘူး။ ပြုပြင်ချင်လို့လည်း မဖြစ်ဘူး။ ဒါ သူတို့ခေတ် အမေရဲ့လို့ အမေ့ကို လူငယ်တယောက်က ပြောပါတယ်။
အမေဟာ ခေတ်ရေစီကြောင်းကို ဘ၀င်မကျဖြစ်နေတဲ့ အဘွားကြီးတယောက်ဆိုပြီး အဲဒီလူငယ်က အမေ့ကို သနားနေသလားတော့ မသိဘူး။
ဟုတ်ပါတယ်။ အမေတို့ ငယ်ငယ်တုန်းကလည်း လူကြီးတွေက အမေတို့ အနေအထိုင်တွေ အပေါ်မှာ ဒီလိုပဲ ဘ၀င်မကျတာတွေ မကြိုက်မနှစ်သက်တာတွေ ရှိခဲ့တာပါပဲ။ ရှိခဲ့လို့လည်း အမေတို့ကို ဝေဖန်လို့တမျိုး၊ အကျိုးသင့် အကြောင်းသင့် ရှင်းပြလို့တမျိုး လုပ်ကြတာကို အမေတို့ ခံခဲ့ကြရတာပါပဲ။ ဒါဟာ ခေတ်ကာလရဲ့ ကွာဟမှုကြောင့် ဖြစ်ရတယ်လို့ အမေလက်ခံပါတယ်။
နို့ပေမယ့်-
အမေတို့ ခေတ်တုန်းက လူကြီးနဲ့လူငယ်၊ မိဘနဲ့သားသမီး၊ သက်ကြီးရွယ်အိုနဲ့ ပျိုရွယ်သူတွေရဲ့ ဆက်ဆံရေးဟာ အခုထက်ပိုပြီး နီးကပ်သလား၊ ထိစပ်မှု များသလား၊ ပိုမိုနွေးထွေးမှု ရှိသလား၊ တဘက်က တဘက်ကို လေးစားမှု ပိုကြီးသလားလို့ အောက်မေ့ တွေးတောမိတယ်။
ဟိုတုန်းက အိမ်ထောင်တခုအတွက် အိမ်သားတယောက် နှစ်ယောက်က ရှာဖွေကျွေး မွေးရင် လုံလောက်တော့ အိမ်သားတွေ အချင်းချင်း အတူနေကြ၊ တွေ့ဆုံကြရတဲ့ အချိန်တွေက အများကြီး ရှိခဲ့တယ်။ ခုခေတ်မှာတော့ စားဝတ်နေရေးက ကျပ်တည်းတော့ အိမ်ထောင်တခုမှာ အိမ်သားရှိသမျှ (ရနိုင်ရင်) အားလုံးထွက်ပြီး အလုပ်လုပ်ကြရတယ်။ လုပ်ရတဲ့ အလုပ်က နေ့အလုပ်၊ ညအလုပ်၊ သန်းခေါင်တိုင်တဲ့အလုပ် စသဖြင့် ရရာကို လုပ်ကြရတယ်။ ဒါကြောင့် အိမ်သားချင်း တွေ့ဆုံကြရတဲ့ အချိန်က အလွန်ကို နည်းလာတယ်။ အကန့်အသတ်နဲ့သာ ရှိလာတယ်။
အမေတို့ဆိုရင် အမေနဲ့ သမီးတွေနဲ့ အတူနေ၊ အတူအိပ်၊ အတူစားပါပဲ။ ဒါပေမယ့် သူတို့မှာ သူတို့အလုပ်တွေက များလေတော့ အမေက သူတို့ကို စကားပြောချင်လို့လည်း ပြောချိန်မရ၊ ရပြန်တော့လည်း ပြောချင်တဲ့အကြောင်းအရာက စိတ်ထဲမရှိတော့တဲ့အချိန်၊ ဒါကြောင့် တယောက်ကိုတယောက် မြင်တော့မြင်ရပါရဲ့၊ စကားစမြည် ပြောနေကြရ၊ အေးအေးဆေးဆေး မိသားစုတွေ အတူနေကြရတဲ့အချိန်က မရှိတော့သလောက်ပဲ။ တအိမ်တည်း နေရပေမယ့် စိမ်းနေလိုက်ကြတာ။ မအားကြလို့လေ။
အဲဒီလို မိသားစုတောင်မှ အေးအေးဆေးဆေး ပွန်းပွန်းတီးတီး နေချိန်တွေ မရှိတော့သလောက် ဖြစ်လာတဲ့အခါ မိဘနဲ့ သားသမီးရဲ့ ဆက်ဆံရေးမှာလည်း ရှေးကလို ရင်းနှီးပွန်းတီးမှုကြောင့် လူ့ယဉ်ကျေးမှု လက်ဆင့်ကမ်းတဲ့ သဘောတွေ နည်ပါး ဆုတ်ယုတ်လာတယ်လို့ အမေထင်တယ်လေ။
လူငယ်တွေနဲ့ လူကြီးတွေရဲ့ မျိုးဆက် တဆက်ကတဆက်ကို အဲဒီလို ယဉ်ကျေးမှု လက်ဆင့်ကမ်းမှု၊ စီးဆင်းလာမှု၊ တဘက်က လျော့ပါးဆုတ်ယုတ်လာတနဲ့အမျှ လူငယ်တွေက တဘက်ကလည်း မျိုးခြားတိုင်းတပါး ယဉ်ကျေးမှုတွေကို ဗွီဒီယို၊ ရုပ်မြင်သံကြားတွေ၊ တေးသီချင်းတွေ၊ ရုပ်ရှင်တွေနဲ့ တခြားမီဒီယာတွေကနေပြီး အတိုင်းမသိ ထိတွေ့ ယဉ်ပါးကြ ပြန်တယ်။ အတုခိုးကြပြန်တယ်။ လူငယ်တွေက အဲဒါကို သူတို့ခေတ်လို့ဆိုပြီး လက်ခံနေ ကြပြန်တယ်။
ဒါကြောင့် လူကြီးတွေနဲ့ အလှမ်းဝေးနေတဲ့ အပြုအမူတွေ၊ အကျင့်အကြံတွေဟာ လူငယ်တွေရဲ့ အကြားအမြင် အတွေ့အကြုံတွေထဲမှာ ရောက်ချင်တိုင်း ရောက်နေကြတော့ တာပေါ့။
ဥပမာဆိုပါတော့ အမေတို့ လူကြီးတွေရဲ့ စိတ်ထဲမှာ သာယာကြည်နူး ချမ်းမြေ့ပြီး ပျော်ရွှင်လာတဲ့အခါ သာယာတဲ့စိတ်က စေ့ဆော်လို့ တေးသီချင်းများ သီကြည့်မိတယ်လို့ အောက်မေ့ခဲ့တယ်။ ခုတော့ အော်ကြီးဟစ်ကျယ် ငေါက်ငမ်း ခုန်ပေါက်ပြီး ဆူဆူပူပူ ဒေါနဲ့မောနဲ့ သီဆိုတာဟာ တေးသံပဲလို့ လူငယ်တွေက သဘောကျနေကြတယ်။
ယောက်ျားလေးတွေက သနပ်ခါး လိမ်းကြတယ်။ ဆံပင်အရှည်ထားကြတယ်။ နားဆွဲ၊ လက်ကောက်၊ ဘယက်တန်ဆာ ဆင်ယင်ကြတယ်။ မိန်းကလေးတွေကဆံပင်ကိုဖြတ်၊ ဘောင်းဘီကိုဝတ်၊ အဖေ့ရှပ်အင်္ကျီကြီးမျိုးကို ၀တ်ပြီး အလှဆင်နေကြတယ်။ အဲဒါတွေက ဘာဖြစ်လို့ ပြောင်းတိပြောင်းပြန် ဖြစ်ကုန်ရတာလဲလို့ တွေးတဲ့အခါ အမေတို့ခေတ်တုန်းက လူငယ်တွေ တွေးခေါ်မြော်မြင်ပုံနဲ့ ခုခေတ်လူငယ်တွေ တွေးခေါ်မြော်မြင်ပုံချင်း ခြားနားလို့ပဲ ဖြစ်မယ်ထင်တာပဲ။
ဘ၀ဒဿနလို့ ခေါ်ကြတဲ့ လူဘ၀ကို မြင်ပုံနဲ့ ပတ်သက်ပြီး အမေတို့ ငယ်ငယ်ကတော့ နိုင်ငံက သူ့ကျွန်ဘ၀မှာ ဟုတ်လား၊ အဲဒီတော့ တို့တမျိုးသားလုံးရဲ့ ရည်မှန်းချက် ပန်းတိုင်က သူ့ကျွန်အဖြစ်က လွတ်ကြရေးပဲဆိုတာ စာနယ်ဇင်းတွေကလဲ တဖွဖွရေးနေကြတာ၊ အသင်းအဖွဲ့တွေကလည်း တယယ ပြောနေကြတာ၊ နေရှင်နယ်ကျောင်းလို ကျောင်းတွေက လည်း ကျောင်းသားတွေကို နေ့တိုင်းဟောပြောနေတာ ဖြစ်တဲ့အခါ လူငယ်၊ မိန်းကလေးတွေ စိတ်ထဲမှာလဲ တိုင်းပြည်အတွက် သားကောင်းသမီးကောင်း ဖြစ်ချင်တဲ့စိတ်က သိတ်ပေါ်တယ်။ အလိုတော်ရိတို့၊ ငို့ဘသမားတို့၊ အချောင်သမားတို့၊ စားဖားတို့ ဆိုတာ လူငယ်တွေ ရွံမုန်းစက်ဆုပ်တဲ့ အသံတွေပေါ့။
အဲဒီလို တိုင်းပြည်အတွက် အဖိုးတန်တဲ့ သားကောင်းသမီးကောင်းလေးတွေ ဖြစ်ကြရအောင် ပထမ မျိုးချစ်စိတ် ရှိရမယ်။ ဒုတိယ ပညာရှာရမယ်။ တတိယ ကိုယ်လက်ကြံ့ခိုင်ရမယ် ဆိုတာမျိုးတွေလည်း တဘက်က ရေးသားဟောပြော လှုံ့ဆော်နေပြီး၊ အလေးမအသင်းတွေ၊ ခြေလျင်အသင်းတွေ စတဲ့ ယောက်ျားကောင်း၊ မိန်းမကောင်း တယောက် ဖြစ်ပေါ်ရေးအတွက် အလုပ်စခန်းတွေကလည်း ရှိနေတယ်။
ဒါကြောင့် ယောက်ျားလေးဆိုရင် ကျားကျားလျားလျားနဲ့ သန်မာထွားကျိုင်းမှ တိုင်းပြည်နဲ့ လူမျိုးက အားကိုးရမယ့် သားကောင်းတယောက် ဖြစ်လာဖို့ လူငယ်တိုင်းက မျှော်မှန်းသလို လုံမငယ်တိုင်းကလည်း ဖြစ်စေချင်ကြတယ်။ ဒါကြောင့် ယောက်ျားလေးက သနပ်ခါးလိမ်းတယ်ဆိုရင် လူ့အဖွဲ့အစည်းက လက်မခံနိုင်ဘူး။ ၀ိုင်းပြီးသရော်မှာ ရှုတ်ချမှာပဲ။ လူဆိုတာ အဖွဲ့အစည်းနဲ့ နေရတာ မဟုတ်လား။ ပတ်ဝန်းကျင်က လက်မခံတာကို မလုပ်ဝံ့ပါဘူး။
ခုခေတ်မှာတော့ လူငယ်တွေရဲ့ ပတ်ဝန်းကျင်က မင်းပိုက်ဆံရအောင် ဘယ်နည်းနဲ့ဖြစ် ဖြစ် ရှာ၊ မရှာနိုင်ရင် ဖွတ်ပဲလို့ ရှုတ်ချတယ်။ ရတယ်ဆိုရင် သုံးပါ၊ ဖြုန်းပါ၊ အရက်သောက်၊ ဘိန်းရှူ လုပ်ချင်ရာ လုပ်ပါ။ ရှာနိုင်ရင် အားလုံးတင့်တယ် တယ်လို့ ကြွေးကြော်ကြ၊ အောက်မေ့ကြတယ်။ ပြီးတော့မှ အချင်းချင်းမှာ ငါက ဘယ်သူ၊ ငါက ဘယ်ဝါလို့ ထင်ပေါ်ကျော်ကြားလာအောင် အမျိုးစုံ သူများထက်ထူးအောင် ၀တ်စားဆင်ပြင်တာ၊ ကင်းမြီးကောက်ထောင်ပြတာမျိုး၊ အုန်းပင်စိုက်နေတာမျိုး၊ တစုံတရာ သူများနဲ့ မတူတာမျိုး လုပ်ပြပြီး ငါဆိုတဲ့ အတ္တကို ရှေ့ရောက်အောင် ဆွဲခေါ်ဖို့ ကြိုးစားကြတယ်။
လူငယ်လေးတွေ ၀တ်စားဆင်ပြင်မှုတွေမှာ တောလုပ်တောင်လုပ် လုပ်နေကြတာ အဲဒီလို ငါလို့ ထင်ပေါ်ချင်မှုနဲ့ လုပ်ပြနေကြတာပဲ။ သူတို့မှာ မှန်ကန် မွန်မြတ်တဲ့ ဘ၀ဒဿန မရှိဘူး။ ရှိအောင်လည်း ဘယ်ရပ်ကွက်ကမှ ထိထိရောက်ရောက် လုပ်မပေးနိုင်ဘူးလို့ အမေထင်တယ်။
ခေတ်ပဲ အမေရဲ့ ခေတ်ပဲဆိုပြီး ခေတ်ရေစီးကြောင်းကြီး စီးချင်ရာ စီးနေတဲ့အထဲ လူငယ်တွေ မျောချင်ရာ မျောပါနေတာကို အမေတို့ လူကြီးမိဘ ဆရာသမားတွေက ကြည့်မနေသင့်ဘူး။ ခေတ်ရေစီးကို စီးသင့်တဲ့ဘက် စီးလာဆင်းလာအောင် ရေလမ်းသွယ် ဖောက် ပေးသင့်တယ်။ ဒါမှ ကိုယ်လိုရာ ဒီခေတ်ရေစီးကြီး စီးလာမှာပေါ့လို့ အမေက ပြောချင်တယ်။
အမေနဲ့ သဘောတူကြလား။
[ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၂၊ ၁၉၉၆ ဖေဖော်ဝါရီ]
{၁၉၉၇ သြဂုတ်၊ လူထုတိုက်ထုတ် လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား စာအုပ်မှ ကူးယူဖော်ပြပါတယ်။}
No comments:
Post a Comment