Monday, April 13, 2009

စာအုပ်တန်း
ရေးသူ-မြသန်းတင့်


ကျွန်တော်သည် ခပ်လှမ်းလှမ်းမှ ရပ်၍ စာအုပ်တန်းကို ငေးကြည့်နေမိလေသည်။ ငယ်ငယ်တုန်းကတော့ စာအုပ်တန်းမှန်သမျှကို ရောက်သည်။ မြက်ပင်ကို ဆိတ်ဝါးသလို စာအုပ်တွေကို တအုပ်ပြီးတအုပ် ကောက်လှန်ပြီး မြည်းစမ်းကြည့်သည်။ ဘာရယ်လို့ မဟုတ်။ ရှေ့နားက စာကို ကောက်ဖတ်လိုက်၊ အလယ်နားလောက်ကို ကောက်လှန်လိုက်၊ အမြီးပိုင်းကို ကျော်ကြည့်လိုက်၊ စိတ်မ၀င်စားလျှင် ထိုစာအုပ်ကို ချပြီး နောက်တအုပ်ကို ကောက်လှန် ပြန်သည်။ သည်လိုဖြင့် စာအုပ်တန်းတလျှောက်တွင် တဆိုင်ပြီးတဆိုင် စာအုပ်ပုံတွေကြား ထဲတွင် တအုပ်ပြီးတအုပ် ကောက်မြည်းကြည့်သွားသည်။ ဆိတ်တကောင် လျှောက်သွားပြီး မြက်ပင်ကလေးတဆုပ်ကို တဖြုတ်ဖြုတ်ကောက်ဝါးလိုက်၊ တဖန် တနေရာသို့ လျှောက်သွားပြီး မြက်တဆုပ်ကို ကောက်ဝါးလိုက်ဖြင့် မြက်ခင်းကျယ်ကြီးတခုလုံး နေရာအနှံ့လျှောက်သွားနေ သော်လည်း စား၍မ၀နိုင်သလို စာအုပ်တောထဲတွင် ကျွန်တော်လျှာက်သွားခဲ့သည်။ စာအုပ်တန်းသို့ ရောက်တိုင်း ကျွန်တော်သည် မြက်ခင်းပြင်ကျယ်ကြီးတွင် ဆိတ်မြက်စားသလို မ၀နိုင်၊ မတင်းတိမ်နိုင်ဘဲ စာအုပ်တွေ့သမျှ ကောက်မြည်းကြည့်သည်။ မကြိုက်လျှင် နောက်တအုပ်ကို ကောက်မြည်းသည်။ ကြိုက်လျှင် ၀ယ်လာခဲ့သည်။


ငယ်ငယ်တုန်းကတော့ အချိန်လည်း ရသည်။ မျက်စိအမြင်အားလည်း ကောင်းသေးသည်။ ယခုတော့ ငယ်ငယ်တုန်းကလို စာအုပ်တွေ့သမျှကို မ၀ါးနိုင်တော့ပြီ။ စာအုပ်တန်းကိုရောက်လျှင် စာအုပ်တွေ့သမျှကို လှန်ချိန်မရတော့။ မျက်စိအားကလည်း နည်းလာပြီ။ စာအုပ်ဆိုင်တန်းများတွင် ခင်းထားသော ရောင်စုံပြိုးပြက်နေသည့် စာအုပ်များကို သာ မြင်ရသည်။ သို့ရာတွင် ခပ်လှမ်းလှမ်းက စာအုပ်များကိုမူ ခေါင်းစဉ်များကို ဖတ်၍ မသဲကွဲတော့။ စာအုပ်တိုင်း စာအုပ်တိုင်းကို ကပ်ကြည့်နေ၍လည်း မဖြစ်။ ဆိုင်ရှင့်မျက်နှာကို လည်း ကြည့်ရသေးသည်။ စာအုပ်မြင်သမျှအား ကောက်ကိုင်နေသည်ကို ကြိုက်ပုံမရ။ ထို့ကြောင့် စာအုပ်တန်းရောက်လျှင် ကျွန်တော်သည် ငယ်ငယ်တုန်းကလို စာအုပ်များကို တအုပ်ပြီး တအုပ် မမြည်းနိုင်တော့။ အဝေးမှ လှမ်းကြည့်ရုံသာ တတ်နိုင်တော့သည်။ သို့ရာတွင် ခေါင်းစဉ်တွေကို သဲကွဲခြင်း မရှိ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက စာအုပ်တန်းသည် သည်လောက်လည်း စာအုပ်အမျိုး အမည် မစုံ။ သည်လောက်လည်း အရေအတွက်မများ။ ထိုစဉ်က စာအုပ်ဆိုင်ကြီးဆို၍ ဆူးလေဘုရားလမ်းက စမတ်အင်မူကာဒမ်၊ ပန်းဆိုးတန်းက စီးတီးဘွတ်ကလပ်၊ ကုန်သည်လမ်းက သည်အက်ဂျူကေရှင်းနယ် ဘွတ်စတောနှင့် စပတ်လမ်း(ဗိုလ်အောင်ကျော် လမ်း) က စတင်းဒတ်လစ်ထရေးချားဟောက်စ် လောက်ပဲရှိသည်။ ထိုဆိုင်ကြီးများက စာအုပ်သစ်တွေကို တင်ကြသည်။ သို့ရာတွင် စာအုပ်သစ်တိုင်းကို ကျွန်တော်မ၀ယ်နိုင်။ တခါက ကျွန်တော်သည် ဆမ္မားဆက်မွန်၏ စာအုပ်ကို မ၀ယ်နိုင်သဖြင့် စမတ်အင်မူကာဒမ်သို့ နေ့စဉ် သွား၍ဖတ်သည်။ နောက်တော့ အစောင့်ကုလားကသိ၍ စာအုပ်ကို သိမ်းထားလိုက် သဖြင့် မဖတ်ရတော့။ ထိုစာအုပ်ကိုမေးတော့ ၀ယ်သွားပြီ မရှိတော့ဟု ပြောလိုက်သည်။ အမှန်ကတော့ မ၀ယ်သေး။ ကျွန်တော့်ရှေ့မှာပင် လူတယောက် ထိုစာအုပ်ကို လာဝယ်ရာ စပွဲအံဆွဲထဲတွင် သိမ်းထားရာမှ ထုတ်ရောင်းလိုက်သည်ကို မြင်ရသည်။
နောက်တော့ စမတ်အင်မူကာဒမ်၏မြေးက ကျွန်တော့်အား ကျောင်းသားမှန်း သိသွားကာ မ၀ယ်နိုင်သည့်တိုင် စာအုပ်လာဖတ်မှန်းသိလျှင် ကြည်ကြည်ဖြူဖြူ ခွင့်ပြုသည်။ သူ့တပည့် ကုလားများအားလည်း ကျွန်တော်စာအုပ်လာဖတ်လျှင် ဖတ်ခွင့်ပေးလိုက်ပါဟု ပြောထားသည်။
"တို့ဆိုင်က တို့အဖိုးတွေ လက်ထက်ကတည်းက ဖွင့်လာတဲ့ဆိုင်။ မြန်မာပြည်ကို အင်္ဂလိပ်သိမ်းပိုက်ပြီးကတည်းက ဖွင့်တာ။ တို့အဖိုးက စာအုပ်ဝါသနာပါတယ်။ ဒါကြောင့်မို့ ဒီစာအုပ်ဆိုင်ကို ဖွင့်ထားတာ။ မင်းတို့ ကျောင်းသားတွေ ဖတ်ချင်တဲ့ စာအုပ်ရှိရင်လဲ ပြောကြ၊ ငါမှာပေးမယ်၊ ပိုက်ဆံမရှိရင်လဲ ငါ့ဆိုင်မှာ လာဖတ်နိုင်တယ်" ဟု ခွင့်ပေးသည်။ နောင်တွင် သူနှင့်ကျွန်တော်သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာခဲ့ကြလေသည်။
သူသည် တခါတခါတွင် ကျွန်တော်လိုချင်သော စာအုပ်ကို သူ့နိုင်ငံခြားငွေထဲမှ ထုတ်၍ မှာပေးတတ်သည်။ မှာလိုက်လျှင် ဘယ်လောက်မှ မကြာ။ တပတ်အတွင်း စာအုပ်ရောက်လာ သည်။ မှတ်မှတ်ရရ အင်္ဂလိပ်စာရေးဆရာ ရာဖောက်စ်ရေးသည့် '၀တ္ထုနှင့်ပြည်သူ' ဆိုသော စာအုပ်ကို သူမှာပေးသဖြင့် ကျွန်တော်ဖတ်ရခြင်း ဖြစ်သည်။ တခြားစာအုပ်တွေလည်း အများကြီး။
ကျွန်တော်သည် ထိုစာအုပ်ဆိုင်ကို ဘယ်မျှ စွဲလန်းနေသည်ဆိုလျှင် ထိုစာအုပ်ဆိုင် (ဆူးလေဘုရားလမ်း ဆေးနှင့်ဆေးပစ္စည်းဆိုင်နေရာကလေး) ကို ယခုတိုင် အိပ်မက်ထဲတွင် မကြာခဏ မြင်မက်တတ်ပါသည်။
ပန်းဆိုးတန်းရှိ စီးတီးဘွတ်ကလပ်မှာ သူ့ထက်အခင်းအကျင်း ကျယ်ပြီး သူ့ထက်စာအုပ် ပိုစုံသည်။ သူ့ဆိုင်မှာ ကျောင်းသုံးစာအုပ်ပါ ရောင်းသဖြင့် ပိုပြီး စုံခြင်းဖြစ်သည်။ အပြင်စာအုပ် မှာမူ စမတ်အင်မူကာဒမ်လောက် စုံလင်ခြင်းမရှိ။ ကုန်သည်လမ်းရှိ သည်အက်ဂျူကေးရှင်းနယ် ဘွတ်စတောနှင့် ဗိုလ်အောင်ကျော်လမ်းရှိ စတင်းဒတ်လစ်ထရေးချားဟောက်စ်တို့မှာ စွယ်စုံ ကျမ်းကြီးများ၊ ဘာသာသာရပ်ဆိုင်ရာ စာအုပ်ကြီးများကို ရောင်းလေ့ရှိကြသည်။
စာအုပ်ဆိုင်ကြီးများ အနီးသို့ မကပ်နိုင်သည့်အခါတွင် ကျွန်တော်သည် လမ်းဘေး စာအုပ်တန်းသို့ လျှောက်သွားနေတတ်သည်။ ဆူးလေဘုရားလမ်း၊ မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်လမ်း) တလျှောက်မှာ စာအုပ်ဟောင်းရောင်းသည့် ဆိုင်ကလေးတွေ အများကြီး ရှိသည်။ အချို့လည်း ဆိုင်ခန်းကလေးတွေနှင့် ရောင်းကြသည်။ အချို့ကလည်း ပလက်ဖောင်း ပေါ်တွင် ဗန်းကလေးခင်းပြီး ရောင်းကြသည်။ သို့ရာတွင် ယခုခေတ်စာအုပ်တန်းလို တစုတဝေးတည်းမဟုတ်။ ဟိုနားတွင်တဆိုင်၊ သည်နားတွင်တဆိုင်၊ ပျောက်တိပြောက်ကျား။ ရေကျော်တ၀ိုက်တွင် နည်းနည်းပါးပါးရှိသည်။ ထိုမှလွန်လျှင် ဗိုလ်အောင်ကျော်လမ်းထောင့်နား တ၀ိုက်တွင် နှစ်ဆိုင်သုံးဆိုင်။ ထိုမှလွန်လျှင် ပန်းဆိုးနားတွင် သုံးလေးဆိုင်၊ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် လေးငါးဆိုင်၊ ထို့နောက် ကွန်တီနင်တယ်အောက်မှာ ခပ်စိတ်စိတ် တွေ့လာရသည်။ အနောက်ဘက်သို့ လျှောက်လာလျှင် မောင်ထော်လေးလမ်း ထောင့်နားတွင် နည်းနည်းပါးပါး၊ ရွှေဘုံသာလမ်းနားတွင် နည်းနည်းပါးပါး။
ညနေတိုင်း စာအုပ်တန်းသို့ ကျွန်တော်ရောက်သွားလျှင် နဖူးပြောင်ပြောင်၊ ကတုံး ဆံတောက်ပါးပါး၊ မျက်လုံးပြူးပြူး၊ အသားညိုညို ခပ်ဖိုင့်ဖိုင့်၊ အရပ်ပြတ်ပြတ် လူကြီးတယောက်ကို ကျွန်တော်အမြဲလိုလို တွေ့ရတတ်သည်။ ထီးကောက်ကြီးတချောင်းကို လက်မောင်းတွင် ချိတ်ထားပြီး စာအုပ်တအုပ်၊ နှစ်အုပ်ကို လက်တွင်အမြဲ ကိုင်ထားတတ်သည်။ ဆေးပြင်းလိပ်ကြီးကလည်း ဘယ်တော့မှ ချွတ်သည်မရှိ။ အမြဲခဲထားတတ်လေသည်။
သူသည် ကျွန်တော့်ကိုတွေ့လျှင် အမြဲပြုံး၍ နှုတ်ဆက်တတ်သည်။ တခါတလေတွင် ကွန်တီနင်တယ်အောက်က စာအုပ်ဆိုင်တွေ ရှေ့မှာ တွေ့တတ်သည်။ ရွှေဘုံသာလမ်းဒေါင့်က ဆိုင်လေးတဆိုင်တွင် တွေ့တတ်သည်။ တခါသော် ကျွန်တော်သည် ဗိုလ်ချုပ်လမ်းနှင့် ၂၇ လမ်းထောင့်က စာအုပ်ဆိုင်ကလေးတဆိုင်တွင် ထိုင်၍ စာအုပ်တအုပ်ကို ကြည့်နေသည်။ စာအုပ်က လက်တ၀ါးသာသာမျှ ရှိသည့် စာအုပ်ကလေး။ အောက်စဖို့ တက္ကသိုလ် စာအုပ်တိုက်မှ ထုတ်သည့် အက်ဒွင်အာနိုး၏ 'အာရှတိုက်၏ အလင်းရောင်' ဆိုသည့် စာအုပ်။
စာအုပ်ဆိုင်ကလေးမှာ ကုလားကြီးတယောက် ရောင်းနေသည့် စာအုပ်ဆိုင် ဖြစ်သည်။ ပလက်ဖောင်းပေါ်တွင် အ၀တ်ကလေးခင်း၍ စာအုပ်ကလေး ဆယ့်လေးငါးအုပ်ကို ရောင်းနေသည့် ဆိုင်ကလေးဖြစ်သည်။ ကျွန်တော်က အာနိုး၏ စာအုပ်ကို ဟိုလှန်သည်လှန် လုပ်နေသည်။ ဗုဒ္ဓ၏ ဖြစ်တော်စဉ်ကို ကဗျာဖြင့်ဖွဲ့ထားသည့် စာအုပ်ဖြစ်သည်။
ထိုစဉ် 'ကိုရင်လေး ဘာစာအုပ်တွေများ ဖတ်နေသလဲ' ဟု မေးလိုက်သဖြင့် လှည့်ကြည့်လိုက်သောအခါတွင် ဆေးပြင်းလိပ်ကို အမြဲခဲထားတတ်သည့် ထိုလူကြီး ဖြစ်နေသည်။
ကျွန်တော်က စာအုပ်အမည်ကို ပြောလိုက်သောအခါတွင် ထိုလူကြီးသည် အနားသို့ ကပ်လာကာ ဆေးပြင်းလိပ်ကို ပါးစပ်မှ ချွတ်လိုက်ပြီး လေသံကလေးဖြင့် 'ဒီစာအုပ်က သိတ်ကောင်းတဲ့စာအုပ် ကိုရင်လေးရ။ နိမိတ်ကြီးလေးပါးကို မြင်ပြီး တောထွက်တော်မူတဲ့ ညကျတော့... ယသော်ဓရာ၊ ယခု ငါသွားသော ခရီးသည် ခရီးတကာတို့အနက် အဝေးဆုံးခရီး ဖြစ်၏... လို့ဆိုပြီး ယသော်ဓရာကို နှုတ်ဆက်တဲ့အခန်းဟာ ဖတ်ရင်း ကြက်သီးမွေးညင်း ထလောက်တယ်' ဟုဆိုကာ အာနိုး၏ ကဗျာထဲမှ စာသားများကို ရွတ်ပြနေသည်။
ထိုလူကြီးသည် လေအေးကလေးဖြင့် အမျှင်မပြတ် ပြောနေသည်။ နားထောင်လို့ ကောင်းသည်။ ဟာသပါသည်။ တောမတ်စ်ဂရေး၏ တမ်းချင်းများအကြောင်း၊ ဘော့စ၀ဲနှင့် ဂျွန်ဆင်တို့အကြောင်း၊ အော်လီဗာဂိုးလ်စမစ်အကြောင်း၊ ဓားပိန်ယိမ်းဆရာ ဦးမောင်ကြီးနှင့် တောင်လုံးပြန် ဆရာခတို့၏ ပြဇာတ်အကြောင်း၊ ပီမိုးနင်းအကြောင်း။
ထိုလူကြီးမှာ အခြားသူ မဟုတ်ပါ။ ဆရာကြီး ဇေယျဖြစ်သည်။ ကျွန်တော်သည် 'မြတ်လေးရွှေဓါးဗိုလ်' ၀တ္ထုများမှအစ ရှေးအင်္ဂလိပ်ခေတ် 'ရွှေပြည်တော်' သတင်းစားထဲတွင် ပါသည့် ဇေယျ၏ ၀တ္ထုတိုကလေးများနှင့် 'ယင်းတိုက်နုချိန်' စသည့် ၀တ္ထုတိုကလေး များအလယ်၊ စာပေဆောင်းပါးများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများအဆုံး အားလုံး လောက် ဖတ်ခဲ့ဖူးပါသည်။ တခါတွင် ကျွန်တော်သည် ရန်ကုန်မြို့က စာအုပ်ဟောင်းရောင်း သည့် လမ်းဘေးစာအုပ်ဆိုင်ကလေးများအကြောင်း ရေးထားသည့် ဆောင်းပါးတိုကလေး တစောင်ကို ဖတ်မိပါသည်။
သူ့ဆောင်းပါးကလေးကို ဖတ်မိသည့်အခါတွင်မှ ရန်ကုန်မြို့တွင် လမ်းဘေးစာအုပ် ဟောင်းဆိုင်ကလေးများ ပေါ်လာသည့်ကိစ္စတွင် ဇေယျ၏ ကျေးဇူးမကင်းကြောင်းကို ကျွန်တော် ပြန်စဉ်းစားမိပါသည်။ ဇေယျက စာအုပ်ရောင်းသည့် ကုလားများအား ပဲခူးကလပ်၊ ဂျင်မခါနာကလပ်၊ မေရိုးမေရင်းကလပ်၊ ကန်တော်ကြီးဘုတ်ကလပ် စသည့် မျက်နှာဖြူကလပ် များနှင့် မျက်နှာဖြူအိမ်များတွင် အင်္ဂလိပ်စာနယ်ဇင်းများကို ဖတ်ပြီးလျှင် လွှင့်ပစ်ထားတတ် ကြောင်း၊ ယင်းတို့ကို နောက်ဖေးတန်းလျားမှ ထမင်းချက်များ၊ ဘဏ္ဍာစိုးများနှင့်ပေါင်းပြီး ထိုစာအုပ်များကို ယူ၍ ရောင်းသင့်ကြောင်းဖြင့် အကြံပေးဖူးသည်။ ဤသို့ဖြင့် ရန်ကုန်မြို့တွင် လမ်းဘေးစာအုပ် အဟောင်းဆိုင်ကလေးများ ပေါ်လာခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ဇေယျသည် စာအုပ်ချစ်သူတဦး ဖြစ်သည်။ နောင်ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးဝန် ဖြစ်လာသည့်အခါတွင်လည်း ဇေယျသည် ထီးကောက်ကို လက်မောင်းတွင် ချိတ်ပြီး၊ စာအုပ်တန်းကို လမ်းသလားမြဲ ဖြစ်ပါသည်။ ဒူးနာပြီး ကောင်းစွာလမ်းမလျှောက်နိုင်တော့မှပင် ရပ်တော့သည်။
စာအုပ်တန်းသို့ ရောက်သွားခြင်းသည် ဘုရားပွဲလူအုပ်ကြီး တအုပ်ထဲသို့ ရောက်သွား သည်နှင့် တူသည်ဟု ကျွန်တော်ထင်ပါသည်။ ညစ်ပတ်နံစော်နေသော လူများ၊ ပျော်ရွှင်နေ သော လူများ၊ အလစ်သုတ်ရန် စောင့်ဆိုင်းနေသော လူများ၊ မုန်းစရာကောင်းသော လူများ၊ အဖိုးတန်သောလူများ၊ တန်ဖိုးမရှိသောလူများ စသဖြင့် ဘုရားပွဲတခုတွင် လူမျိုးစုံတွေ့ နိုင်သကဲ့သို့ စာအုပ်တန်းတခုတွင် အဖိုးတန်သော စာအုပ်များ၊ အဖိုးမတန်သော စာအုပ်များ၊ စိတ်ညစ်ညူးဖွယ် စာအုပ်များ၊ ကြည်နူးစရာကောင်းသော စာအုပ်များ၊ အသုံးဝင်သော စာအုပ်များ၊ အသုံးမ၀င်သော စာအုပ်များ၊ ကိုယ်လိုချင်သော စာအုပ်များ စသဖြင့် အမျိုးစုံကို တွေ့နိုင်ပါသည်။
အင်္ဂလိပ်စာရေးဆရာ ဂရေဟမ်ဂရင်းက 'စာအုပ်ဈေး' ဆိုသော သူ၏ ရသစာတမ်း တစောင်၌ 'စာအုပ်ဈေးသည် အသုံးဝင်သော အချက်အလက် အတိုအထွာများကို ကောက်ယူစုဆောင်းနိုင်သည့် နေရာဖြစ်သည်။ ဥပမာအားဖြင့်- စာအုပ်တန်း၌ 'ပတ်ဝန်းကျင်' သန့်ရှင်းရေး စာအုပ်ထုတ်ဝေရေးကုမ္ပဏီမှ ထုတ်ဝေသော 'ရေမြောင်းများသန့်ရှင်းနည်းစာအုပ်'၊ 'တောနယ်သို့ သွားရောက်သူများအတွက် နတ်ဗေဒင်မေးနည်း' 'ရေအောက် ကြေးနန်းကြိုး ဆက်သွယ်ခြင်းပညာ'၊ 'ရှီကာဂိုရဲဘက်တို့ တွေ့ရသောပြဿနာများ' စသည့်စာအုပ်များဖြစ် သည်ဟု ရေးခဲ့ဖူးပါသည်။
မှန်ပါသည်။ စာအုပ်တန်းတွင် ကျွန်တော်တို့ လိုချင်သော စာအုပ်များကိုလည်း ရနိုင်၍ ကျွန်တော်တို့ လုံးဝစိတ်ဝင်စားခြင်း မရှိသော သစ်တန်တွက်နည်း၊ ဆေးမြီးတိုကုထုံးကျမ်း၊ ဆပ်ပြာချက်နည်း၊ နှင်းဆီကိုင်းဆက် စိုက်ပျိုးနည်း စသည့် စာအုပ်များကိုလည်း တွေ့ရတတ်ပါ သည်။
သို့ရာတွင် ကျွန်တော်တို့ စိတ်မ၀င်စားသော စာအုပ်ပုံများထဲတွင် တခါတရံ ကျွန်တော်တို့ ကလေးဘ၀ကို ပြန်၍လွမ်းစေသည့် စာအုပ်များကိုလည်း တွေ့ရတတ်ပါသည်။
တလောက ကျွန်တော်သည် စာအုပ်အဟောင်းဆိုင်တဆိုင် ရှေ့တွင် ထိုင်ရင်း ကျွန်တော်ဖတ်ချင်နေသည့် စာအုပ်သုံးလေးအုပ်ကို တွေ့သဖြင့် ၀မ်းသာသွားကာ ဈေးမဆစ်ဘဲ ၀ယ်လာခဲ့ပါသည်။ ထိုစာအုပ်များမှာ ကျွန်တော်တို့ ငယ်ငယ်က ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းတို့တွင် သင်သည့် ဒေါင်းတံဆိပ်မြန်မာဖတ်စာများနှင့် ဦးဖေမောင်တင်၏ မူလတန်း မြန်မာဖတ်စာသစ်စာအုပ်များ ဖြစ်ပါသည်။
စာအုပ်တန်းသို့ သွားရသည်မှာ ကလေးဘ၀ကို ပြန်သွားရသကဲ့သို့ ပျော်စရာ၊ လွမ်းစရာ ကောင်းပါသည်။
ယခု ကျွန်တော့်မျက်စိ အားနည်းလာသည့်အတွက် စာအုပ်တန်းကို မှန်မှန်မသွားနိုင် တော့ပြီ။ ကျွန်တော်သည် စာအုပ်တန်းကို အဝေးမှသာ ငေးကြည့်နေမိလေသည်။

မြသန်းတင့်။
[၁၉၈၉၊ စက်တင်ဘာ၊ ပွင့်စွယ်တော်မဂ္ဂဇင်း။]
{မြသန်းတင့်-လမင်းကိုထရံပေါက်မှကြည့်ခြင်း၊ ပထမနှိပ်ခြင်း၊ နိုဝင်ဘာ၊ ၂၀၀၀ မှ ကူးယူဖော်ပြပါတယ်။}


No comments: