ဘမြင့်သည် လက်တွင်ကိုင်ထားသော စုတ်တံကလေးကို ဆွဲလက်စ ပန်းချီကား ကလေးပေါ်မှ နောက်သို့ ရုပ်လိုက်ကာ နံဘေးစာပွဲရှိ ရေဖလ်ခွက်တွင် နှစ်လိုက်လေ၏။
တပေပတ်လည်ခန့်ရှိသော ပန်းချီကားကလေးပေါ်တွင် အချိန်အတန်ကြာ စူးစိုက်ထားရ သော မျက်လုံးများမှာ ထိုင်းမှိုင်း ညောင်းညာလာသကဲ့သို့ ရုတ်တရက် ပြာဝေ၍သွားသဖြင့် ဘမြင့်သည် သုံးချောင်းထောက် ခုံကလေးပေါ်တွင် ထိုင်ချသော မိမိကိုယ်ကို ဆွဲဆန့် လိုက်လေ၏။ သူ၏ မျက်လုံးများမှာလည်း ပန်းချီကားပေါ်မှ ကျော်ဖြတ်ကာ ခပ်လှမ်းလှမ်းရှိ လေတဟူးဟူးတိုက်ဝင်နေသော နောက်ဖေးပြူတင်းပေါက်ဆီသို့ ရောက်သွားလေ၏။
၎င်းနောက် လေတိုးသဖြင့် ငှက်အတောင်ပံ ခတ်သကဲ့သို့ နံရံတွင် တဖြတ်ဖြတ် လူးလွန့်လှုပ်ရှားနေသော ပြက္ခဒိန်ကို လှမ်းကြည့်မိရာမှ အိမ်ရှေ့ခန်းကြမ်းပြင်တွင် ပြူတင်းပေါက်ကို ခေါင်းပြုကာ တစောင်းကလေး အိပ်ပျော်နေသော သူငယ်ချင်းသိန်းလွင်ကို သမင်လည်ပြန် ကြည့်မိလေ၏။
ပြူတင်းပေါက်မှ လွင့်ကျနေသော ပြာနှမ်းနှမ်းအလင်းရောင်တွင် သိန်းလွင်၏ အထက်ပိုင်း မျက်နှာတခြမ်းမှာ ပေါ်လွင်နေလေ၏။ ကာလအတန်ကြာကစ၍ နေ့ဆက်ရက် ဆက် ကိုယ်စိတ်နွမ်းနယ် လာခဲ့ရသဖြင့် နဂိုရုပ်အနည်းပျက်ကာ အသားမှာ ၀ါစပ်စပ် ဖြစ်နေလေ၏။ ညိုမဲ၍ အနည်းငယ်ခွက်နေသည် ထင်ရသော မျက်လုံးအိမ်များပေါ်တွင် ရှည်လျားခြောက်သွေ့နေသော ရှေ့ဆံစကလေးများ ၀ဲနေကြလေ၏။
ဘမြင့်မှာ သိန်းလွင်ဘက်ကို ငေးမောစူးစိုက်မိယင်းက မိမိသူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်လာမိသည့်အတွက် ပန်းချီကားဘက်သို့ ပြန်လှည့်လိုက်ကာ အလုပ်ဆက်လုပ်ရန် ဖလ်ခွက်တွင် တပိုင်းနစ်နေသောစုတ်တံကို ပြန်ကိုင်လိုက်လေ၏။
သို့ရာတွင် အိပ်ရာဘက်ဆီမှ သိန်းလွင်၏ လူးလွန့်လှုပ်ရှားသံများကို ကြားရသဖြင့် စုတ်တံကို အသာချထားယင်း ကြည့်လိုက်ရာ အိပ်ရာပေါ်တွင် ခြေဆင်းထိုင်ယင်း လုံချည်ကို ပြင်ဝတ်နေသော သိန်းလွင်ကို တွေ့ရလေ၏။
"နိုးပလား...." ဟု ဘမြင့်သည် သိန်းလွင်အား ခပ်ပြုံးပြုံးကြည့်ယင်း နှုတ်ဆက်လိုက် လေ၏။
သိန်းလွင်သည် မျက်လုံးနှစ်လုံးကို လက်ဖမိုးနှစ်ဘက်နှင့် ပွတ်သပ်နေရာမှ ဘမြင့်ကို မော့၍ကြည့်လိုက်လေ၏။
"နေလို့ကောင်းရဲ့ မဟုတ်လား" ဟု ဘမြင့်က ဆက်လက်မေးလိုက်သဖြင့် သိန်းလွင် သည် လက်နှစ်ဘက် ယှက်ထားသည်ကို မြှောက်လိုက်ကာ ကိုယ်ကိုဆန့်လိုက်ယင်းက "နေကောင်းပါတယ်ကွာ၊ အပုံကြီး သက်သာလာတယ်၊ မနေ့ကနဲ့တောင်မတူဘူး၊ အားအတော် ပြည့်လာတယ်" ဟု ပြန်ဖြေလိုက်လေ၏။
ဘမြင့်မှာ မိမိသူငယ်ချင်း နေကောင်းထိုင်သာ ရှိသည်ကို စိတ်တွင် အတော်အားရ မိလေ၏။
"အေးကွာ- နက်ဖန်မနက်ဆို ရှင်းရှင်းပျောက်ရောပေါ့၊ တခုခက်တာက မင်းက သိတ်အားငယ်တတ်တာကိုးကွ၊ အခုမင်းနေမကောင်းရတာလဲ ဘာမှမဟုတ်ဘူး၊ စိတ်မကေင်း တာက စတာဘဲ၊ စိတ်ထောင်းတော့ ကိုယ်ကျေ ဆိုတာလိုပေါ့၊ စိတ်ညစ်စရာတွေကို မေ့ပြီး ပျော်သလိုနေပေါ့၊ အလုပ်ပြုတ်တယ်ဆိုတဲ့ ဒဏ်ဟာလဲ မင်းတယောက်ထဲမှ ကွက်ခံရတာမှ မဟုတ်ဘဲ၊ ဒီအလုပ်ပြုယင်- ဟိုအလုပ်ရမယ်ဆိုတဲ့ စိတ်ထားမှပေါ့၊ မသေသရွေ့ နေရမဲ့ရက်တွေမှာ အမြဲစိတ်ညစ်ရေမယ်လို့လဲ ဘယ်သူမှ မပြောနိုင်ဘူး၊ အကွက်ကောင်းနင်းမိ ရင် တချက်ပေါ့ကွ၊ မဟုတ်လား၊ နောက်ပြီး ငါလဲတဖွဖွ ပြောခဲံတယ်၊ ငါ့ကို အားမနာနဲ့၊ ငါရှိရင် မင်းရှိတာဘဲလို့၊ မင်းဒုက္ခရောက်နေတဲ့အခါ ငါစောင့်ရှောက်ဘို့ အခွင့်ရတာကိုဘဲ ၀မ်းသာလို့ မဆုံးဘူး၊ ရှိလို့လဲ ရှိသမျှကို ပျော်ပျော်ကလေးသုံး၊ မရှိတော့လဲ မရှိတဲ့အလိုက် ပျော်ပျော်ကလေး ငတ်ကြပေါ့ကွ ဟုတ်လား" ဟု ဘမြင့်က ပြုံးရင်းရယ်ရင်း လေရှည်ကြီး တသီတတန်း ပြောနေသည့်အတွက် သိန်းလွင်မှာ စိတ်ထဲတွင် သက်သာသလို ရှိရင်းက ပြုံး၍ လာရလေ၏။
ထိုနောက် မေ့၍ မဖြစ်နိုင်လောက်အောင် ခံလာခဲ့ရသော မိမိ၏ နောက်အဖြစ်အပျက် များကို ကွက်ခနဲ ပြန်လည်သတိရမိရာတွင် မျက်နှာမှာ မသိမသာ ညှိုးကျသွားလေ၏။
"သူငယ်ချင်းရာ- ငါလဲ ယောက်က်ျားရင့်မကြီးဆိုပြီး စိတ်ကိုတော့ အတော်တင်း တာဘဲ၊ ဒါပေမယ့် တသက်လုံးအတွက် တခုထဲ အားခဲထားတဲ့ အလုပ်ကလေးကလဲ ပြုတ်ပြန်၊ အလုပ်ပြုတ်လို့မှ မကြာသေးခင် တောမှာ တကောင်ကြွက်ဖြစ်နေတဲ့ အမေအိုကြီး ဆုံးတယ်လို့ သတင်းကြားရပြန်ဆိုတော့ ငါကြိုးစားပြီး တင်းခဲ့သမျှ စိတ်တွေဟာ ရေဖြစ်ကုန်တော့တာဘဲ၊ ကိုယ့်အမေတယောက်လုံး ဆုံးတော့မှ သွားပြီးသင်္ဂြိုစရာ စရိတ်မှ မရှိလို့၊ အရပ်က ၀ိုင်းပြီး သင်္ဂြိုလ်လိုက်ရတယ်ဆိုတော့ ငါ့တသက်မှာ မေ့ပျောက်နိုင်ပါ့အုန်းမလား သူငယ်ချင်းရာ" ဟု သိန်းလွင်သည် နောက်ဘေးပြတင်းပေါက်ဘက်ဆီသို့ ခပ်ငေးငေးကြည့်ကာ ပြောရင်းက လည်းချောင်းတွင် တစ်ဆို့ဆို့ကြီး ဖြစ်လာပြီးလျှင် မျက်လုံးအိမ်များတွင်လည်း မျက်ရည်ဖြင့် ရည်ဝေ့၍ လာ၏။
"ဟော.... ပြောရင်း ဆိုရင်း လုပ်ပြန်ပြီကွာ.... စိတ်တင်းပါဆိုမှ....." ဘမြင့်မှာ သိန်းလွင်အတွက် မိမိပါ ရော၍ စိတ်မကောင်းမိတော့သဖြင့် ညည်းညည်းညူညူ ပြောလိုက်မှ သိန်းလွင်မှာ သတိပြန်ထားပြီး မျက်နှာကို ပြုံးရွှင်လာအောင် ချက်ချင်းပြောင်းပစ်လိုက်ကာ......
"ကဲပါကွာ... သတိလစ်သွားလို့ပါ၊ နောက်ကို ဘယ်တော့မှ စိတ်ညစ်စရာတွေကို မတွေးတော့ပါဘူး...." ဟု မိမိ သူငယ်ချင်း စိတ်ကြည်လာအောင် ဟန်လုပ်ပြောယင်းက စကားကို အဆက်ပြတ်သွားအောင် လှီးလွှဲလိုသဖြင့် "ဒါထက် မနေ့က ၀တ္ထုမျက်နှာဖုံးကား အတွက် ဆွဲပြီးပလား...." ဟု ဘမြင့်အား လှမ်းမေးလိုက်၏။
"ငွေရပေါက်အတွက်ကတော့ ဘာလက်မနှေးမလဲကွ၊ ပြီးလို့ အခုသွားပို့မလို့ဟာ မင်းနိုးအောင် စောင့်နေရလို့၊ အနည်းဆုံး တဆယ်လောက်တော့ ပွမယ်....." ဟု ပြောပြောဆိုဆို မတ်တပ် ထလိုက်ကာ နံရံတွင်ချိတ်ထားသော အပေါ်အင်္ကျီကို လှမ်းဖြုတ်နေသဖြင့်....
"ဟေ့... သွားလို့ ဖြစ်ပါ့မလား... မနေ့ကဘဲ သိမ်ကြီးဈေးမှာ ဘုန်းကြီးတွေနဲ့ စစ်ပုလိပ်တွေ ရိုက်ကြသတဲ့... ကနေ့လဲ ကုလား ဗမာ ရိုက်ပွဲ ဖြစ်မလိုလို သတင်းပြေးနေတယ်၊ ကြည့်လုပ်ပါမောင်ရာ....." ဟု သိန်းလွင်က သတိပေးသလို ပြောလိုက်သဖြင့်...
"အံမာကွာ.. ဒါလောက်တော့ အပျော့ပေါ့၊ ပိုက်ဆံရဘို့ဆိုရင် ကုလားရိုက်မှာမပြောနဲ့၊ သေမင်းပြေ လိုက်ရတောင် မကြောက်တော့ဘူး" ဟုပြောရင်း ဘမြင့်သည် အပေါ်အင်္ကျီကို ၀တ်မြဲ ၀တ်နေလေ၏။
ထို့နောက် သိန်းလွင်ဘက်သို့ လှည့်လိုက်ကာ "ဒါထက် မင်း တမနက်လုံး ဘာမှ မစားရသေးဘူး၊ ဆာနေမှာဘဲ တခုခု စားလိုက်ပါအုန်းလား"
"နေပါစေကွာ ငါမဆာပါဘူး၊ ရင်ခံနေတယ်။ မင်းပြန်လာမှ စားတာပေါ့"
"အေး ဒါဖြင့် ငါ ငွေရရချင်း ပြန်ခဲ့မယ် ဟုတ်လား" ဟုပြောပြောဆိုဆို လှေခါးမှ ဆင်းသွားလေ၏။
သိန်းလွင်မှာ တမနက်လုံး ဘာမှ မစားရသေးသဖြင့် ဆာလောင်နေပြီ ဖြစ်သော်လည်း ယမန်နေ့ည ညစာစားပြီးကတည်းက ဘမြင့်တွင် ခြူးတပြားမျှ မကျန်တော့သည်ကို သိပြီး ဖြစ်သဖြင့် ဘမြင့်အား စိတ်မကောင်း မဖြစ်စေလိုသဖြင့် မုသားသုံးလိုက်ခြင်း ဖြစ်လေ၏။
xxxxx xxxxx xxxxx xxxxx
သိန်းလွင်သည် နောက်ဘေးသို့ ထွက်ခဲ့ကာ ရေတိုင်ကီတွင် မျက်နှာသစ်လေ၏။ ထိုနောက် အ၀တ်တန်းမှ မျက်နှာသုတ်ပုဝါကို လှမ်းယူ၍ မျက်နှာကို ပွတ်တိုက်နေစဉ်မှာပင် "မင်းတမနက်လုံး ဘာမျှမစားရသေးပါကလား" ဟူသော ဘမြင့်၏ စကားများမှာ နားတွင်းသို့ ပြန်လည်၍ ဝေ့တက်လာကြပြီးလျှင် မိမိဘာမှ မစားရသေးဟူသော အသိဥာဏ်ကို ဦးဏှောက်တွင်းသို့ သွင်းလိုက်လေ၏။ ထိုအသိဥာဏ်ကြောင့်ပင် အလိုက်ကန်းဆိုး မသိသော ဘိုက်မှာ ဆာသလိုလို ဖြစ်လာရာ ထိုဆာသလိုလို ဖြစ်သောဘိုက်ကြောင့်ပင် ဘာမျှမစားရသေးဟူသော အသိဥာဏ်မှာ ပိုမိုစူးရှစွာ ဦးဏှောက်ကို အလုပ်ပေးနေလေ၏။
လူမမာ နလံထတို့ ဓလေ့အတိုင်း တခါဆာမိလျှင် ဘိုက်ထဲသို့ အစာမရောက်သေးသမျှ ငတ်ကြီးကျမတတ် အတောမသတ်နိုင်အောင် ဆာတတ်လေ့ရှိရာ သိန်းလွင်အတွက်မှာလည်း ဘိုက်ထဲသို့ အစာတခုခု မသွတ်ရသမျှ ဖင်အငြိမ်နေနိုင်တော့မည် မဟုတ်သည်ကို သိသည့်အတိုင်း အိမ်တွင်း အကြိုးအကြားမကျန် စားစရာ အစအနကို ရှာဖွေရလေတော့၏။
သို့ရာတွင် ဘမြင့်နှင့် သိန်းလွင်တို့မှာ တကိုယ်ရေတကာယ ယောက်ျားတွေချည်း ဖြစ်ကြသည့်အလျှောက် အိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်စားသောက်ရသည့် တာဝန် ဒုက္ခများကို မရှာကြဘဲ အလျဉ်းသင့်သလို တွေ့ရာ လမ်းဘေး ထမင်းဆိုင်ကလေးများတွင် နံနက်ညစာတို့အတွက် ကိစ္စငြိမ်း စားသောက်လေ့ရှိကြရာ ထမင်းချိုးဟင်းကျန် သွားရှာဘို့ အတွက် ထမင်းအိုး၊ စလောင်း၊ ပန်းကန်ခွက်ယောက်ပင် တချပ်တလေမျှ မရှိပေ။
လှေခါး ဆယ့်ငါးထစ်ခန့် ဆင်းလိုက်လျှင် အစားအသောက်တွေ တဗြုံတခေါင်းကြီး ပြည့်နှက်နေသော အောက်ထပ်ရှိ ကုလားဟော်တယ်ဆိုင်သို့ ရောက်သွားနိုင်သော်လည်း ပိုက်ဆံဆိုက မူး၍ရှူစရာ မရှိသော သိန်းလွင်အတွက် ကုလားဆိုင်ရှိ ပလာတာ၊ ဒန်ပေါက်၊ ပေါင်မုန့်စသော အဆီ အအိမ့် မြိန်စရာအစာတို့မှာ နီးလျက်နှင့် ဝေး၍ နေကြလေ၏။
စားစရာ အစအနမရှိမှန်း သိလျက်နှင့် မိမိကို ဒုက္ခပေးနေသော ဘိုက်ကို တပတ်ရိုက်သလို ချောင်ကြိုချောင်ကြားမကျန် ရှာဖွေခဲ့ရသော သိန်းလွင်မှာ ဤနည်းနှင့် မကိုက်တော့သည်ကို သိလာသည့်အတိုင်း ပိုက်ဆံမလိုသော အခြားနည်းလမ်းများကို ရှာဖွေရလေတော့၏။
ထိုကြောင့် ပဌမဦးဆုံး ရေအိုးစင်သို့ သွားကာ ရေကို အားပါးတရ သောက်လေ၏။ ထို့နောက် ဆာသည်ဟူသော အသိဥာဏ်ကို ဦးဏှောက်တွင်းမှ နှင်ထုတ်ကာ အခြားလုပ်ငန်းများတွင် စိတ်ကို အလုပ်ပေးထားမည်ဟု တွေးမိကာ အိမ်ရှေ့သို့ ထွက်ခဲ့ပြီးလျှင် ဘမြင့်ထိုင်သွားသော သုံးချောင်းထောက် ခုံကလေးပေါ်တွင် ထိုင်ချလိုက်ယင်းက ဘမြင့် တပိုင်းတစ ဆွဲထားသော ပန်းချီကားကလေးကို ကြည့်နေလေ၏။
ပန်းချီကားကလေးကို ကြည့်ယင်းက သူ၏စိတ်တို့သည် အခန်းထဲတွင် ဝှေ့ယမ်း ပြေးလွှားနေကြသော လေညှင်းကလေးများနှင့်အတူ လွင့်ပါးသွားကြပြီးလျှင် ထူထပ်သော နှစ်အပိုင်းအခြား တိမ်တိုက်တို့ကို ဖောက်ထွင်းကာ အဖြစ်အပျက်ဟောင်းများဆီသို့ ပြေးလွှားသွားလေကြ၏။
မိမိ လုပ်ကိုင်နေသော ကုန်တိုက်ကြီး အလုပ် လျော့ပါးရေး လက်နက်ကြောင့် မိမိတသက်လုံး မျှော်လင့်အားထားနေသော ထမင်းအိုး ကွဲခဲ့ပုံ၊ လောကကြီးအလယ်တွင် အမေသားဆိုစလောက် နှစ်ဦးတည်း အားအကိုးဆုံး ရှိရာမှ မိမိ ဒုက္ခတွင်း ကျနေစဉ် မိခင်က သေမင်းနောက်သို့ လိုက်သွားပုံ၊ ၎င်းနောက် အချစ်ဆုံးသူငယ်ချင်းဘမြင့်က ကယ်ဆယ်ထားပုံ တို့မှာ သိန်းလွင်၏မနောဓာတ်တွင် ပုလဲ ပုတီးစေ့များကဲ့သို့ တသီတတန်းကြီး ပေါ်ပေါက်ထင်မြင် လာလေ၏။
သောင်မမြင် ကမ်းမမြင် ပင်လယ်အတွင်း၌ မျောပါနေစဉ် ကတ္တူလှေငယ်တစင်းက ကယ်ယူခြင်းခံရသဖြင့် အတိုင်းမသိသော ၀မ်းမြောက်ခြင်းဖြင့် ၀မ်းမြောက်မိသော်လည်း ထိုကတ္တူလှေငယ်ပင်လျှင် ပင်လယ်လှိုင်းတံပိုးတို့အောက် မရောက်အောင် အတော်ကြီး ကြိုးစားနေရသည်ကို တွေ့ရသောအခါ ဒုက္ခအတွင်းမှ ရှင်းရှင်းလွတ်မြောက်ခြင်း မရှိသေးသဖြင့် စိတ်ကို ဒုံးဒုံးချ ၀မ်းမမြောက်နိုင်သေးသကဲ့သို့ မိမိကိုယ်ကို ကယ်ဆယ်လိုက်သော ဘမြင့်ပင်လျှင် နေ့ဘို့ညစာ အလျင်မီအောင် မနည်းကြီး ကြိုးစားနေရသည်ကို တွေ့ရသောအခါ စိတ်အေးရသင့်သလောက် မအေးရနိုင် သည့်အပြင်မိမိကြောင့် အပိုတက်လာရသော ဘမြင့် အတွက် သနားအားနာ ဖြစ်၍နေလေ၏။
ထိုအတွင်း စောစောက ပျောက်သလိုရှိနေသော ဆာသည့်အသိဥာဏ်မှာ ရုတ်ချည်းဆို သလို ဦးဏှောက်အတွင်းသို့ ပြန်လည် ခုန်ဝင်လာသည်နှင့် တပြိုင်နက် တမနက်လုံး အစာမစားရသေးသဖြင့် အစာလိုသည်ဟု နို့တစ်ပေးလိုက်သကဲ့သို့ ရင်တွင်းမှလည်း အူတကြုတ်ကြုတ် ဖြစ်လာပြီး လည်ချောင်းတွင် ပူလာသဖြင့် မိမိအတွေးတို့ကို ဖြတ်လိုက်ရကာ ရေအိုးစင် ရှီရာသို့ တဖန်သုတ်ခြေတင်ခဲ့ ရပြန်လေ၏။
ရေတကျိုက်ကျိုက် အားရပါးရ သောက်နေစဉ်မှာပင် လမ်းထိပ်ဘက်ဆီမှ ဆူညံပြေးလွှားသံ၊ ကုလားများ၏ ဟစ်အော်သံများကို မပီမသ သဲကနဲ သဲကနဲ ကြားလိုက်ရသဖြင့် အကြောင်းကို သိလိုဇောဖြင့် အိမ်ရှေ့ပြူတင်းပေါက်ဆီသို့ အပြေးအလွှား လာနေစဉ်ပင် ကလေးများ၏ ငယ်သံပါအောင် အော်လိုက်ကြသော အသံများ အကြားတွင် သေနတ် သုံးလေးချက်မျှ စဉ်တိုက် ပစ်ခတ်သံတို့ကို အတိုင်းသား ကြားရလေ၏။
ပြူတင်းပေါက်မှ ကြည့်လိုက်သည့်အခါတွင်ကား လမ်းထိပ်ဘက်တွင် ကမ္ဘာပျက် သကဲ့သို့ လူတွေ ပြေးလွှားနေကြပုံ၊ တုတ်ဓါးများကို ကိုင်ထားကြသော ကုလားမြန်မာများ ရိုက်နှက်ထိုးခုတ်နေကြပုံတို့မှာ စစ်ပွဲကလေးကျင်းပနေသကဲ့သို့ မှတ်ထင်ရလေ၏။
သိန်းလွင်သည် လမ်းဘက်သို့ ကြည့်နေရင်းက ဘမြင့်ကို သတိရမိသောအခါ ငယ်ထိပ်သွေးရောက်သွားသလို မျက်စိများ ပြာသွားလေ၏။
"ဘမြင့်... ဘမြင့်.... ဘယ့်နှယ်များ ဖြစ်မလဲ" ဟု ပါးစပ်က တဖြစ်တောက်တောက် ရေရွတ်ရင်း၊ အငြိမ်မနေနိုင်သကဲ့သို့ အိမ်ထဲသို့ ၀င်လိုက် ပြူတင်းပေါက်သို့ ထွက်လိုက်နှင့် စိတ်ဒုက္ခရောက်၍ နေလေ၏။
ထိုအတွင်း အိမ်အောက်ထပ်မှ ထိခိုက်ကွဲရှသံများ၊ ရိုက်နှက်သံများ၊ ကုလားများ၏ အော်ဟစ်သံများကို ကြားရသဖြင့် ပြူတင်းပေါက်မှနေ၍ ငုံ့ကြည့်လိုက်ရာ ဗမာလူရွယ် ၂၀ ခန့် ကုလားဟော်တယ်ကို ရိုက်နှက်ဖျက်ဆီးနေကြသည်ကို မြင်ရသဖြင့် ပဌမသော် အံ့အားသင့်သွားလေ၏။
၎င်းနောက် ဘာစိတ်ဘာလက် ပေါက်လာသည်မသိ၊ လုံချည်ကို ခါးတောင်းကျိုက် လိုက်ပြီးလျှင် လှေကားမှ တဒုံးဒုံး အပြေးဆင်းသွားလေ။
ခဏမျှကြာလျှင် သိန်းလွင်သည် အ၀တ်နှင့် ထုပ်ထားသော ပေါင်မုံ့ထုပ်ကြီးကို ထမ်းကာ ဆိုင်ပေါက်ဝမှ အထွက် ကုလားစစ်ပုလိပ်များကို တင်ဆောင်လာသော အာအီးတီကားကြီး ဆိုင်ရှေ့တွင် ထိုရပ်လိုက်သည်ကို မြင်လိုက်ရလေ၏။ ရုတ်တရက်ဆိုသော် မျက်စိများမှာ ပြာကနဲ ဖြစ်သွားကာ သတိလစ်သလို ရပ်နေမိပြီးမှ ချက်ချင်း ပြန်သတိရသကဲ့သို့ လှေကားသို့ လေးထစ်မျှ မနင်းလိုက်ရသေးမီ စူးရှသော သေနတ်သံကို ကြားလိုက်ရသည့် အဆုံးတွင် လှေကားရင်း၌ ခွေခွေကလေး လဲကျနေသော သိန်းလွင်ကို တွေ့ရလေ၏။
xxxxx xxxxx xxxxx xxxxx
လူသေများကို ထားရာ ခန်းမကြီး ဖြစ်လေ၏။ မာကျောတောက်ပြောင်သော ကျောက်ကြမ်းပြင်ပေါ်တွင် လူနှစ်ယောက်လျှောက်လာကြသော ခြေသံများမှာ ကြောက်မက် ဘွယ် ကောင်းလောက်အောင် ဆိတ်ငြိမ်နေသော ခန်းမကြီးတွင် အတိုင်းသား ကြားရလေ၏။
ထိုခြေသံနှစ်ခုသည် အခန်းမကြီးကို အလည်မှ ဖြတ်လာကြပြီး အနောက်တောင် ထောင့်ရှိ ခုတင်တခုအနီးသို့ ရောက်သောအခါ ရပ်တန့်သွားကြလေ၏။
ဆရာမသည် ခုတင်ခေါင်းရင်းဘက်သို့ လျှောက်သွားကာ လူသေဖုံးထားသော အ၀တ်ကို လှပ်လိုက်ပြီး ခြေရင်းတွင်ရပ်နေသော ဘမြင့်ကို ကြည့်လိုက်၏။ ဘမြင့်က ခေါင်းငြိမ့်ပြ လိုက်သောအခါ ဆရာမသည် အနီးရှိ တံခါးတခုမှ လှည့်ထွက်သွားလေ၏။
ဘမြင့်သည် အသက်မရှိသကဲ့သို့ မလှုပ်မယှက် ရပ်ကာ သိန်းလွင်၏ အလောင်းကို မျက်တောင်မခတ်သော မျက်လုံးများဖြင့် ငေးကြည့်နေလေ၏။
အ၀တ်များဖြင့် ရစ်ပတ်ထားသော သိန်းလွင်မှာ မည်သည့်အခါကမျှ ဒုက္ခအပေါင်းနှင့် မဆက်ဆံခဲ့ရဘူးသကဲ့သို့ တည်ငြိမ်အေးချမ်းသော မျက်နှာနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ သည်ဟု ထင်ရလေ၏။
"ဖြစ်မှဖြစ်ရလေ သိန်းလွင်ရာ....." ဟူသော စကားများမှာ ထိခိုက်ကြေကွဲလှသော ဘမြင့်၏ အသဲနှလုံးကြားမှ လွန့်တက်လာကြကာ ပါးစပ်မှ ညင်သာ ဖြေးလေးစွာ ထွက်သွားကြလေ၏။
ဘမြင့်မျက်လုံးအိမ်မှ ပူနွေးသော မျက်ရည်များမှာလည်း ပါးပြင်ပေါ်မှ လိမ့်စီးကျလာ ကြကာ အ၀တ်ဖြူဖုံးထားသော သိန်းလွင်၏ ခြေထောက်များပေါ်သို့ ကျဆင်း၍ နေကြလေ၏။
ထိုအတွင်း လုံချည်ပန်းရောင်ကို ဆင်တူဝတ်ထားကြသော ဆရာမကလေး လေးယောက် ပေါ်ပေါက်လာကာ သိန်းလွင်၏ မျက်နှာကို ပြန်ဖုံးလိုက်ပြီး ခုတင်ကလေးကို တွန်းယူသွားကြလေ၏။
ဘမြင့်သည် မျက်ရည်ပြည့်လဖမ်းသော မျက်လုံးများဖြင့် ဆရာမကလေးများ တွန်းသွားကြသော ခုတင်ကလေး ထောင်ချိုးတခုတွင် ပျောက်ကွယ်သွားသည်ကို နောက်ဆုံး ကြည့်ခြင်းမျိုးဖြင့် မျှော၍ ကြည့်နေလိုက်လေသတည်း။
ဘဟိန်း
{၁၉၃၈- ခု ဒီဇင်ဘာလထုတ် ဒဂုန်မဂ္ဂဇင်း}
စာပေမွေ့သူ ဘဟိန်း
အထက်ပါ 'ဘ၀ခရီး' ၀တ္ထုတိုကလေးမှာ ကွယ်လွန်သူ ကွန်မြူနစ်ပါတီခေါင်းဆောင် ကိုဘဟိန်း ရေးခဲ့သော စာပေများအနက် တခု ဖြစ်ပေသည်။
ကိုဘဟိန်း၏အမည်ကို ၁၉၃၆ ခု၊ ကျောင်းသားသပိတ်ကတည်းက ကြားဘူးကြပေ လိမ့်မည်။ သူသည် အထက်မြန်မာပြည် ကျောင်းသားသပိတ်ခေါင်းဆောင် ဖြစ်ခဲ့သည်။ ပဌမဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကြီး စတင်တည်ထောင်သူ တဦးလည်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသောအခါ တက္ကသိုလ်သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့တွင် အတွင်းရေးမှူး၊ ဥက္ကဌ စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ကြွေးကြော်သံဖြစ်သော မျိုးညွန့်မဂ္ဂဇင်း အယ်ဒီတာချုပ်လည်း လုပ်ခဲ့သည်။
သူသည် 'ဓနရှင်လောက' စသော ကွန်မြူနစ်ဝါဒအခြေခံ စာအုပ်များအပြင် ရံဖန်ရံခါလည်း ၀တ္ထုတိုများ ရေးသားလေ့ရှိသည်။
အယ်ဒီတာ
တာရာမဂ္ဂဇင်း။
[တာရာမဂ္ဂဇင်း အတွဲ၃၊ အမှတ်၂၀ မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။]
1 comment:
ဘဟိန်းဆိုလို့ ကျွန်တော်တို့ သိတဲ့ ကိုဘဟိန်းလားလို့  ထင်ပြီး ဆက်ဖတ်လိုက်တာ အောက်ဆုံးမှာ ဖော်ပြထားတဲ့ သူ့ အကြောင်းက အတည်ပြုလိုက်ပါတယ်။
သူက အရေးအသာ အတော် ညက်တာပဲ..
ကျွန်တော့်မှာ ဖတ်ရင်းနဲ့ အသက်ရှုတွေတောင် မြန်လာတယ်။
ကိုသိန်းလွင်ကို ကံဆိုးသူပေးလုပ်ထားတာလဲ ပီပြင်တယ်...
မျှဝေပေးတာ ကျေးဇူးပါ.. ကိုအေးဝင်းရေ
Post a Comment