Tuesday, April 28, 2009

ပထမနေ့၊ ပထမအစာ၊ ပထမဆုံးရုံးလုပ်ငန်းနဲ့ ပထမဆုံးအကြွေးစာအုပ်
ရေးသူ-မောင်အေးဝင်း

ဒုက္ခသည်တွေကို ကူညီတဲ့ အဖွဲ့အစည်းတခုက လေယဉ်လက်မှတ် စိုက်ထုတ်ကူညီ လိုက်လို့ အမေရိကကို North West Air Line စီးပြီး ကိုယ်ရောက်လာခဲ့တယ်။ ပိုက်ဆံကတော့ အိတ်ထဲမှာ ထိုင်းပိုက်ဆံ ၁၁ ဘတ်ပဲ ပါတယ်။ ဒုံမောင်းကို လာရတဲ့ တက္ကစီခ၊ မနက် အစောကြီး အိပ်ရာကထပြီး (တကယ်တော့ တညလုံးမအိပ်ပဲ) လေဆိပ်ကို လိုက်ပို့ကြတဲ့ စောဖိုးကြူး၊ ကိုဌေးဝင်းတို့နဲ့ နှုတ်ဆက်မနက်စာ အိတ်သွန်ဖာမှောက် စားလိုက်ကြတာ၊ အိတ်ထဲ ၁၁ ဘတ်ပဲ ကျန်တယ်။


လာကြိုမယ့် ညီမနှစ်ယောက်နဲ့ လေဆိပ်မှာ မတော်တဆ လွဲနေရင်၊ ငါ ဘာလုပ်မလဲ။ တယ်လီဖုံးဆက်ဖို့လဲ အမေရိကန်ပိုက်ဆံ အိတ်ထဲ မပါဘူး။ အိတ်ထဲပါတဲ့ ထိုင်းပိုက်ဆံ ၁၁ ဘတ်ကို ဘယ်သူက အမေရိကန်ပိုက်ဆံ လဲပေးမှာလဲ။ လဲလို့ရဦးတော့ အဲဒီတုန်းက တဒေါ်လာကို ဘတ် အစိတ်။ အမေရိကန်ပိုက်ဆံ ပြား ၅၀ တောင်မရဘူး။ ပူပန်စိတ်တွေ၊ ကြောက်စိတ်တွေ တပြုံတခေါင်းနဲ့ အမေရိကကို ကိုယ်ခြေချခဲ့တယ်။
ကိုယ်စီးလာတဲ့ လေယာဉ်မှာ ကိုယ့်လို ဒုက္ခသည် အယောက် ၅၀ ကျော်လောက်ပါ လာတာ ဗမာဆိုလို့ ဆေးကျောင်းသူ မိန်းကလေးတယောက်ရယ် ကိုယ်ရယ်။ အဲဒီ မိန်းကလေးကလဲ ၀ါရှင်တန်ဒီစီကို ဆက်သွားရမှာမို့ လေယာဉ်ပြောင်းစီးဖို့ ထွက်သွားပြီ။ လော့စ်အိန်ဂျယ်လိစ် လေယာဉ်ကွင်း လူဝင်မှုကြည့်ကြပ်ရေးအခန်းကြီးထဲ လာအို-ဗီယက်နမ် ဒုက္ခသည်တွေနဲ့ ကိုယ်ပဲ။ ကိုယ့်မှာက အ၀တ်အစား လေး-ငါးစုံရယ်၊ ပစ္စည်းတိုလီမုတ်စတွေ ပါတဲ့ လက်ဆွဲသရေသေတ္တာငယ်တလုံးပဲ။ လေယာဉ်မှာ ပစ္စည်းခ ပေါင်ပို ပေးရမှာကြောက်ပြီး ပိုင်ဆိုင်တွေ အတော်များများကို ထိုင်းမှာချန်ထားခဲ့ရတယ်။ လာအို-ဗီယက်နမ်ဒုက္ခသည်တွေ မှာတော့ မိသားစုအလိုက် ရွှေ့ပြောင်းကြတာဆိုတော့ မိသားစု တစုတစုကို သယ်ကြတဲ့ များလိုက်တဲ့ ပစ္စည်းတွေ။
လေဆိပ် လ၀က အရာရှိကလဲ ဒုက္ခသည်တွေရဲ့ စာရွက်စာတမ်းတွေကို ရေးနေသားနေလုပ်နေ လိုက်တာ စိမ်ပြေနပြေပဲ။ တနာရီလဲ မပြီး၊ နှစ်နာရီလဲ မပြီး။ ကိုယ်ကတော့ လာကြိုတဲ့သူတွေ ကိုယ့်ကို မတွေ့လို့၊ ဒီလေယာဉ်မှာ မပါဘူးထင်ပြီး ပြန်သွားမှာပဲ စိတ်ပူနေပြီ။
တော်ပါသေးရဲ့။ သူတို့ကလဲ ကိုယ်ထွက်မလာမချင်း ဇွဲနဲ့ စောင့်နေကြတယ်။
လေယာဉ်ပျံပေါ်မှာ ကြွေးတာတွေကို မစားနိုင်လို့ တလမ်းလုံး ဘာမှ စားမလာခဲ့ရဘူး။ ဘန်ကောက်ကနေ ဂျပန်နိုင်ငံ နရိတ အထိ၊ ဘီယာနှစ်ဗူးနဲ့ ၀ီစကီ ၄ ပက်။ နရိတ က လော့စ်အိန်ဂျယ်လိစ်အရောက် ဘီယာနှစ်ဗူး၊ ၀ီစကီ ၄ ပက်။ စုစုပေါင်း ဘီယာလေးဗူး၊ ၀ီစကီ ရှစ်ပက်ကို အမြီးမယ်မယ်ရရ မရှိပဲ၊ ဆယ့်လေးငါးနာရီခရီးကို အိပ်လိုက် သောက်လိုက် လုပ်လာတာ။ ၀မ်းထဲမှာ ဆာလောင်မှုက ကမ်းကုန်နေပြီ။ ဗိုက်ထဲမှာ ဗွိုင်လာအိုးကြီးတအိုးလို ပူလောင်ဆူပွက်နေပြီ။
ညီမနှစ်ယောက်အနက် အတူနေမယ့် ညီမက ညနေမှတွေ့မယ်၊ အလုပ်ပြန်သွားရအုန်းမယ် ပြောပြီး၊ လေဆိပ်မှာပဲ နှုတ်ဆက်ပြီး၊ သူ့အလုပ်ကို ပြန်သွားတယ်။ သူ့အထက်အကြီး ညီမက ခွင့်တရက်ယူထားမို့ သူ့နဲ့ လုပ်စရာရှိတာတွေ လျှောက်လုပ်ရမယ်။
အမေရိကမြေကို ရောက်ရောက်ချင်း စားရတာ၊ ကိုယ်နေရမဲ့ အိမ်နားမှာရောင်းတဲ့ တရုတ်စားသောက်ဆိုင် ကလေးက ကော်ပြန့်ကြော်။ ကိုယ်က ကားပေါ်က စောင့်နေတယ်၊ ညီမက ပြေးဆင်းသွားပြီး စက္ကူအိပ်ကလေးနဲ့ ထည့်ဝယ်လာ တာ ကော်ပြန့်ကြော် နှစ်လိပ်။ ဒါအဆာပြေစားထား။ သွားစရာ၊ လုပ်စရာတွေ ရှိတယ်လို့ ပြောတယ်။
ကိုယ်လဲ ငတ်ငတ်နဲ့ ကော်ပြန့်ကြော်ပူပူကြီးကို အငမ်းမရ စားလိုက်တာ၊ လျှာလောင်သွားရော။ အေးတဲ့အထိ မစောင့်နိုင်လို့ ကားပေါ်မှာတင် ကော်ပြန့်ကြော်ကို ပါးစပ်ကမှုတ်ရင်း စားလာခဲ့တာ။ ဒီကော်ပြန့်ကြော်က တသက်မှာ စားသမျှ ကော်ပြန့်ကြော်ထဲ အကောင်းဆုံးလို့တောင် ထင်ရတယ်။
ပြီးတော့ အိမ်မှာ ပစ္စည်းအထုတ်အပိုးတွေ ၀င်ထားပြီး၊ အိမ်နားက social security ရုံးကို social security လက်မှတ်လုပ်ဖို့ သွားကြတယ်။ ညီမက ကိုယ့်ကို ကြိုဖို့ အလုပ်က ခွင့်တရက်ယူရတာ၊ နောက်တနေ့ ခွင့်ထပ်မယူရအောင် တနေ့ထဲ လုပ်စရာရှိတာတွေ အကုန် တခါထဲ လုပ်လိုက်မလို့တဲ့။
လေဆိပ် လူဝင်မှုကြည့်ကြပ်က ပေးလိုက်တဲ့ စာရွက်စာတမ်းတွေနဲ့ social security လုပ်လို့ရတယ်။ ဒါပေမယ့် ရုံးက ထုတ်ပေးလိုက်တဲ့ ယာယီ social security စာရွက်ကို ကြည့်လိုက်တော့ နံမည်က ရှေ့နောက်အစီအစဉ်လွဲ နေတယ်။ 'အေးဝင်း' ဖြစ်ရမယ့်အစား '၀င်းအေး' ဖြစ်နေတယ်။ အဲဒီရုံးက လူတွေကို ပြောပြတော့ လူဝင်မှုကြည့်ကြပ်က ပေးလိုက်တဲ့ စာရွက်ပေါ်ကအတိုင်း လုပ်တာ။ ပြင်ချင်ရင် လူဝင်မှုကြည့်ကြပ်က ပြင်ပေးမှ သူတို့ ပြင်လို့ရမှာတဲ့။
ဟုတ်တယ်။ ကြည့်လိုက်တော့ လေဆိပ်က အရာရှိက ဒီလိုပဲ ရေးလိုက်တာ။ ထိုင်းမှာ ပုံစံစာရွက်တွေ မှန်သမျှ first name အရင်လာတယ်။ ပြီးမှ last name။ ဒီတော့ ထိုင်းတွေက ကိုယ့်နာမည်ကို ရာဘာတဆိပ်လုပ်ထားပြီး အေးဝင်းတွေချည်း နှိပ်ပစ်တာ။ အမေရိကန်ပုံစံ စာရွက်တခုမှာ last name အရင်လာပြီး၊ first name နောက်မှ လာတာကို ကိုရွှေထိုင်းတွေက မကြည့်ပဲ ထုံးစံအတိုင်း တဒုံးဒုံးနဲ့ နာမည်တဆိပ်တုံးကို ထုလိုက်ပုံရတယ်။ အဲဒီစာရွက်ကလဲ စာရွက်တွေ အားလုံးရဲ့ အပေါ်ဆုံးက တင်ရတဲ့ စာရွက်ဖြစ်နေတော့၊ လေဆိပ်ကလဲ ဒါကိုပဲ ကြည့်ပြီး social security ရုံးကို ပေးရမယ့် စာရွက်မှာ ရေးလိုက်တာကိုး။
ကိုယ်က ဒါကို ပြင်ချင်တော့ လော့စ်အိန်ဂျယ်လိစ်မြို့ထဲက လ၀ကရုံးကို ပြေးရပြန်ရော။ ဟိုရောက်တော့ လောလောဆယ်တော့ ဒီအတိုင်းအတည်ပဲ။ ပြင်လို့မရတော့ဘူး။ ငါးနှစ်ပြည့်လို့ နိုင်ငံသားလျှောက်လွှာတင်တော့မှ ပြင်လိုက်တဲ့။ ခုဒီအတိုင်းပဲသွား- ရပါတယ်လို့ ပြောလိုက်တယ်။ တနေ့ထဲ ကိစ္စပြီးချင်တာနဲ့ အိမ်နားက ပထမသွားခဲ့တဲ့ social security ရုံးကို ပြန်လာပြီး ဒီအတိုင်းပဲ '၀င်းအေး' နဲ့ ကိစ္စပြီးသွားတယ်။
ညီမနဲ့အတူ co-sponsor လုပ်တဲ့ လော့စ်အိန်ဂျယ်လိစ် ၉ လမ်းက USCC ရုံးမှာလဲ ရောက်ပြီဖြစ်ကြောင်း၊ မြို့ထဲရောက်တုန်း ၀င်ပြီးအကြောင်း ကြားရသေးတယ်။ သူတို့က ကိုယ် အမေရိကရောက်ရင် အကြောင်းကြားပါလို့ sponsor အတူတွဲလုပ်တဲ့ညီမကို မှာထားလို့။ သူတို့ရုံးက ဖြတ်ပိုင်းစာရွက်လို ဖြဲလို့ရတဲ့ စာအုပ်ကလေး တအုပ်ရယ်၊ စာရွက်စာတမ်းတွေရယ်၊ ပေးလိုက်တယ်။ စာရွက်စာတမ်းတွေထဲမှာ သူတို့ စိုက်ပေးထားတဲ့ လေယာဉ်လက်မှတ်ခ ဒေါ်လာ ခြောက်ရာကျော်ကို အလုပ်အကိုင် အဆင်ပြေတဲ့အခါ တလ နည်းနည်း ဖဲ့ဆပ်ဖို့လဲ ရေးထားတယ်။ ဖြတ်ပိုင်းစာအုပ်လေးက ကြွေးစာရင်းဖြတ် ပိုင်းကလေး။ အကြွေးဆပ်တိုင်း ကိုယ့်ပေးသွင်းငွေကို ရေးပြီး သူ့ဆီတရွက်ပို့၊ ကိုယ့်မှာလက်ခံတရွက်သိမ်း ထားဖို့။
ဒါက အမေရိကရဲ့ ပထမနေ့၊ ပထမဆုံးစားတဲ့ လျှာလောင်သွားတဲ့ ကော်ပြန့်ကြော်၊ ပထမဆုံး ဟိုပြေးဒီပြေး ပြေးရတဲ့ ရုံးကိစ္စ၊ ပထမဆုံးရတဲ့ အကြွေးစာရင်းစာအုပ် ပါပဲ။

မောင်အေးဝင်း။
တနင်းဂနွေ၊ ဧပြီ ၂၆၊ ၂၀၀၉။

No comments: