Wednesday, July 16, 2008

ငါက ငါ့ ကံကြမ္မာဆီကို သွားတာဖြစ်တယ်
ရေးသူ - ကိုမှိုင်း

ဝတ်စုံပြည့် လေ့ကျင့်ဖူးတဲ့
ဥရောပ ရုပ်ရှင်ကားတကားစာ မရှိတရှိ
ငါ ကြီးပြင်းခဲ့။

အခု ... ကြားနေရတာက
တရွေ့ရွေ့အုပ်မိုးထားတဲ့
ရောင်စုံမိုးတိမ်တွေကြားက
ငါ့ရင်ခုန်သံဖြစ်မယ်။

ဘာပဲဖြစ်ဖြစ်
သူရဲကောင်းတွေဟာ
ကိုယ့်လည်ပင်းကိုယ် ပြန်မလှီးဘူးဆိုရင်
ကိုယ့်အလောင်းကိုယ် အသုဘပြန်ပို့ရဲတယ် ဆိုရင်
ဒီလိုပဲ ပြောကြစို့။

ဒါဟာ နောက်ဆုံးခံတုတ်ဖြစ်တယ်ဆိုရင်တောင်
ဘုရားသခင်ရဲ့ အထောက်အပံ့တွေကို ငြင်းကြ။

ကိုမှိုင်း။

[ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ် (၁၄)၊ စက်တင်ဘာ ၂၀၀၇ မှ ကူးယူဖော်ပြတယ်]

ဂါရ၀တရားမှ ယိုစီးခဲ့တဲ့ ခံစားချက်
ရေးသူ- အောင်မြိုင်

(၁)
ဆရာနဲ့ ပါတ်သက်လို့ အပြစ်တခု ပြုခဲ့မိသလို စိတ်မကောင်းဖြစ်ပြီး အနူးအညွတ် ဖွင့်ဟ ၀န်ခံတောင်းပန် ကန်တော့ရမယ့် ကျွန်တော့်ရဲ့ ဖွတ်မေ့ ပုတတ်မေ့ အဖြစ်အပျက်တခုဟာ လွန်ခဲ့တဲ့ နှစ်လလောက်အထိ ကျွန်တော့်သိစိတ်မှာ ဒဏ်ရာတခုအဖြစ် စွဲထင်နေခဲ့တာ အမှန် ပါပဲ။ ဒီ အဖြစ်အပျက်ကို ဖွင့်ဟပြောပြပြီး ကျွန်တော်နှင့် နောက်တယောက်ကို ခွင့်လွှတ်ဖို့ တောင်းပန် ကန်တော့ချင်နေတာလည်း ကြာခဲ့ပြီ။



နောက်တယောက် ဆိုတာက ကျွန်တော့် ညီရင်း တယောက်လို ချစ်ခင်ခဲ့ရတဲ့ မောင်မျိုးသန်း။ စာပေလောကမှာ 'ခွန်းခ' ဆိုတဲ့ ကလောင်အမည်နဲ့ ရေးခဲ့တဲ့ မောင်မျိုးသန်း။ ကျွန်တော်နှင့်သူ လေးထောင့်ငါးသေတ္တာ ဗူးခွံလေး မှောက်ထားသလိုထဲမှာ နှစ်တွေအများကြီး အတူနေကြရင်း ကျွန်တော်တို့နှစ်ယောက် ၁၉၈၅ ခုနှစ်က မေ့လျော့ ပြုမိမှားခဲ့တဲ့ အဖြစ်အပျက် အကြောင်းပြောမိတဲ့ အကြိမ်တိုင်း ( အကိုနှင့် ကျွန်တော် ဆရာ့ရှေ့မှာ ဆရာ့ကို ထိုင်ကန်တော့ ပြီး ဖွင့်ဟတောင်းပန်ကြတာပေါ့ဗျာ) ဆိုတဲ့ သူ့အသံကိုလည်း ခုထိ ကြားနေတယ်။ သူက ကျွန်တော့်ထက်စောပြီး ကွန်ကရိတောနက်ကြီးထဲက ပြန်ရောက်ခဲ့တယ်။ ပြုပြင်ဖာထေးထား တဲ့ ၀င်ရိုးဟောင်းကြီး လည်ပတ်ရာ မြို့ပြကြီးဆီကို ကျွန်တော်က နောက်ကျပြီး ပြန်ရောက်လာ ခဲ့တယ်။ သူနှင့်ကျွန်တော် ပြန်ရောက်ချိန် ခြောက်နှစ်လောက် အံလွံသွားတဲ့ ကာလမှာ ခွန်းခတယောက် သူမြတ်နိုးလှတဲ့ အတွေးအခေါ်တွေကို ရင်မှာ နှလုံးသားမှာ ကျစ်ကျစ်ပါ အောင် ပွေ့ပိုက်ပြီး ဘ၀တွေ အသက်တွေ အပြန်အလှန် ပုံအပ်ယုံကြည် ချစ်ခင်ခဲ့တဲ့ အတွင်း လူတွေကိုရော လူတွေကိုရော လောကကြီးတခုလုံးကိုပါ အချိန်မတန်သေးဘဲ ကျောခိုင်းသွားခဲ့ ရှာတယ်။ ဆရာ့ကို နှစ်ယောက်အတူ ဖွင့်ဟတောင်းပန်ချင်ရှာတဲ့ ခွန်းခဟာ အိမ်ပြန်နောက်ကျ ခဲ့တဲ့ ကျွန်တော့်ကို ဂြိုဟ်ပြာကြီးရဲ့ 'ရေဝေး' ကမ္ဘာကနေ တစေ့တစောင်း အကဲခတ်စောင့်ကြည့် နေမည်လား မသိ။

(၂)
အဆင်တန်ဆာ ဘာမျှမရှိတဲ့ ခပ်ကုပ်ကုပ် ခပ်မှိုင်းမှိုင်း ဟိတ်ဟန်မဲ့ အိမ်ကလေးထဲ ကို ကျွန်တော် ၀င်သွားတဲ့အခါ အိမ်အတွင်းမှာတော့ ထွန်းလင်းတောက်ပနေတယ်လို့ ကျွန်တော် ခံစားမိတယ်။ အိမ်ထဲကို ရောက်နေတဲ့ ကျွန်တော် လွတ်လပ်ပေါ့ပါးပြီး ငြိမ်းချမ်းသွားတယ်။ အခန်းဆီးကလေး ကာထားတဲ့ အတွင်းခန်းထဲမှာ ဆရာရှိတယ်။ အနုပညာ ရှိတယ်။ သမိုင်းရှိ တယ်။ သဘောတရားရှိတယ်။ ငြိမ်းချမ်းရေး ရှိတယ်။ ဆရာက သမိုင်းအတွေ့အကြုံကို စာပေမီဒီယာကတဆင့် လက်ဆင့်ကမ်းတဲ့နေရာမှာ သဘောတရားနှင့် ယှက်နွှယ်ပြီး အနုပညာ မြောက်အောင် ရေးသားခဲ့တယ် မဟုတ်လား။ ၀တ္ထုဆောင်းပါးတွေကိုပဲ ရေးရေး၊ ကဗျာတွေကိုပဲ သီသီ ဆရာ့ကဗျာ၊ ဆရာ့ဝတ္ထု၊ ဆရာ့ဆောင်းပါး၊ ဆရာ့စာတွေဟာ သမိုင်း အဖြစ်အပျက်တွေ၊ သဘောတရားတွေနဲ့ ရက်ဖောက်ထားပြီး ခေတ်ပြိုင်မြင်ကွင်း၊ ခေတ်ပြိုင် အခင်းအကျင်းတွေကို ထင်ဟပ်လာအောင် အနုပညာ မြောက်လွန်းတယ် မဟုတ်လား။ မျိုးဆက်ကွာဟမှုကို သမိုင်းနဲ့ ပြန်စေ့ပေးတယ်။ လေးနက်တဲ့သဘောတရားနဲ့ လွန်းထိုးဆက် ပေးတယ်။ ဆရာဟာ သတိကြီး၊ အသိကြီးလွန်းတဲ့ အတွက် အနုဗေဒ၊ သမိုင်းနှင့် သဘော တရားတွေကို အထိုးထွင်းဆုံး ရှုမြင်သုံးသပ်ခဲ့သည်သာမက သေးငယ်တဲ့ အဖြစ်အပျက် ကလေးတွေကိုပင် စီစစ်ပိုင်းခြားပြီး မှတ်ဥာဏ်ဘဏ်တိုက်ထဲမှာ မပျက်မစီး မကျိုးမပဲ့အောင် သိမ်းဆည်းသိုလှောင် ထားတတ်တယ်။
"ဦးလေး.... ကိုအောင်ခင်လာနေတယ်"
"အေး...အေး... သူ့အသံကို ဦးလေးမှတ်မိတယ်"
ကျွန်တော်တကိုယ်လုံး တုန်လှုပ် ပူနွေးသွားတယ်။ ကျွန်တော်အသံကို ကျက်မိနေသေး တဲ့ ဆရာ့ကို ဂါရ၀တရား အပြည့်နဲ့ ဆရာ့လက်ဖ၀ါးနုနုကို ကိုင်ဆုပ်ပြီး ဆရာ့ကို ကြိမ်ကုလား ထိုင်ပေါ်မှာ ညင်ညင်သာသာကလေး နေရာချပေးလိုက်တယ်။ ဆရာနှင့် ကျွန်တော် ဝေးကွာ ခဲ့ရတဲ့ ခုနှစ်သက္ကရာဇ်တွေဟာ ရှည်ကြာ များပြားလွန်းတယ်။ အဲဒီ ကာလတွေအတွင်း ကြုံ တောင့်ကြုံခဲ ရရှိခဲ့တဲ့ မဂ္ဂဇင်း စာမျက်နှာပေါ်က ကလောင်အမည် မမှတ်မိတော့တဲ့ စာရေးဆရာ တယောက်ရဲ့ ရေးသားချက်ကို ကျွန်တော် ချက်ချင်း သတိရလိုက်တယ်။ 'ဆရာဟာ နားနဲ့ စာဖတ်ပြီး၊ ပါးစပ်နဲ့ စာရေးနေတယ်' တဲ့။ ဟုတ်ပါလား။ ဆရာက ကျွန်တော့်ကို ခပ်ဝါးဝါး မြင်ရတဲ့ အကြည့်နဲ့ ကြည့်နေတယ်။ ရူပဗေဒ သဘောတရားအရ ပြောရမယ်ဆိုရင် ရုပ်ဝတ္ထု တွေက လွှတ်နေတဲ့ အလင်းတန်းရိုက်ခတ်မှုကို ဆရာ့မျက်လုံးက လက်ခံစုတ်ယူနိုင်စွမ်း အတော်နည်းနေပြီ။ ကျွန်တော် ရင်နင့်သွားတယ်။
'ကျွန်တော်ကကော ဘာများတတ်နိုင်ဦးမည်နည်း' လို့ ဆရာ့စာပေရဲဘော်ကြီး ဆရာ ဗန်းမော်တင်အောင် ရေးခဲ့သလိုများ ကျွန်တော် ဖြစ်နေပြီလား။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က ဆရာမျက်လုံး ခွဲစိတ်ရေးနှင့် ပတ်သက်လို့ ကျွန်တော် အကြံပြုစီစဉ်ခဲ့ ဖူးတယ်။ .......... ။ ဒီဘက်ပိုင်းမှာလည်း မျက်လုံးခွဲစိတ်ဖို့ လုပ်ခဲ့သေးတယ် ဗျဆိုတဲ့ ဆရာ့အသံတွေ။ ....... ။
ဆရာနှင့် ကျွန်တော် မိနစ်နှစ်ဆယ်လောက် ထိုင်ပြီး စကားပြောတဲ့အခါ ဆရာက ဟိုး ယခင်ကအတိုင်း စကားပြောမပျက်။ ပြောဟန်နှင့် ပြောသံ မပြောင်းလဲ။ သမိုင်းအဖြစ် အပျက်ကိုပဲ ပြောပြော၊ ဘယ်အကြောင်းအရာကိုပဲ ဆိုဆို ပြောဆိုတဲ့ အဖြစ်အပျက်တွေထဲက တရားတခုကို နားထောင်သူက မိမိဘာသာ လွတ်လပ်စွာ ထုတ်နှုတ်ရယူပွေ့ပိုက်သွားအောင် ပြောလေ့ရှိတဲ့ ဆရာ။ ငြိမ်းချမ်း လွတ်လပ်ခြင်းရဲ့ ကိုယ်ပွါး။
အချိန်ကြာတော့ ဆရာညောင်းနေရော့မယ်။ ထိုင်ခုံပေါ်မှာ အကြာကြီး ထိုင်နေရတဲ့ ဆရာ သက်သောင့်သက်သာမှ ရှိပါ့မလား။ ကျွန်တော် ဆရာ့ပြောစကားကို နားထောင်ရင်း နေ့လည်နေ့ခင်း ဆရာ့ကို နားနားနေနေ အနားယူစေချင်တဲ့ အတွေးဝင်လာတယ်။ အဲ့ဒီ အခိုက်မှာပဲ 'ခွန်းခ' ပြောခဲ့တဲ့ စကားကိုလည်း ပြန်ကြားမိတယ်။ ကျွန်တော်ပြန်တော့မယ်ဆရာ၊ ကျွန်တော့်ကို ခွင့်ပြုပါအုံး။ ပြောပြောဆိုဆို ဆရာ့ခြေအစုံရှေ့မှာ ဆရာ့ကို ဦးသုံးကြိမ်ချ ကန်တော့တယ်။
'ကျွန်တော်နဲ့ ခွန်းခတို့ မေ့လျော့ပြုမိခဲ့တာကိုလည်း ခွင့်လွှတ်ပါဆရာ'
ကျွန်တော့်အသံလှိုင်းဟာ ကျွန်တော်နှုတ်ခမ်းဖျားပေါ်ကို ရောက်မလာ။ ကျွန်တော့် ရင်ထဲမှာပင် လှိုင်းထန် ပြည့်ကျပ်နေခဲ့တယ်။ ကျွန်တော် မပြောရဲ၊ မပြောဝံ့။ ကျွန်တော့် အဖြစ်ကို 'ခွန်းခ' က ရောက်နေတဲ့ နေရာကများ စောင့်ကြည့်နေမလား မသိ။

(၃)
၁၉၈၅ ခုနှစ် အောက်တိုဘာ နှင်းတွေစိုစွတ်နေတဲ့ တနင်္ဂနွေ နေ့တနေ့။ ကျွန်တော်အိမ် ကို ခွန်းခ မနက်အစောကြီး ရောက်လာတယ်။ ခွန်းခတယောက် မြစ်ကြီးနားမှာ ရှိတဲ့ အမျိုးတွေ ဆီ သွားတဲ့ ခရီးရှည်တခုက ပြန်ရောက်လာတာ တလလောက် ရှိပြီ။ ကျွန်တော်နဲ့ ဆုံတိုင်း ဆရာ့ဆီသွားချင်ပြောတယ်လို့ တဖွဖွပြောခဲ့တာလည်း အကြိမ်မနည်းတော့။ သူက အဲ့ဒီ အချိန် ကတည်းက စာပေစင်မြင့်ပေါ်ကို မရောက်သေးပေမယ့် စာပေအနုပညာကို တရှိုက်မက်မက် မြတ်နိုးရင်း စာပေ၀မ်းစာ စုဆောင်းနေတဲ့သူ။ ကဗျာလက်သွေး၊ ဘာသာပြန် လက်သွေးနေ ခဲ့တဲ့ လူငယ်တယောက်။ ဆရာ့စာပေ အနုပညာ သဘောတရားတွေကို စွဲမက်ပွေ့ပိုက်နေခဲ့တဲ့ ခေတ်ပညာတတ်တယောက်။
ကျွန်တော်တို့နှစ်ယောက် မှော်ဘီဈေးမှာ ဘဲဥ ငါးလုံး၊ ဂေါ်ဖီတထုပ် ၀င်ဝယ်ပြီး မှော်ဘီဘော်လုံးစက်က ဆရာနေထိုင်ရာ ဆရာ့တူမအိမ်ကို ရောက်ခဲ့ကြတယ်။ အိမ်မှာ ဆရာ တယောက်တည်း။ ဆရာ့တူမ မမြင့်မြင့်စိန် (သင်းမြစန္ဒီ) ရန်ကုန်ဘက် သွားနေတယ် ထင်တယ်။ ဆရာက ....
"ခင်ဗျားတို့ နှစ်ယောက်ပါလား။ လာကြ။ ဒီမှာ ထမင်းစား။ ထမင်းနှင့်ဟင်းတော့ မြင့်စိန် ချက်ထားခဲ့တယ်"
"ကျွန်တော်တို့လည်း ဂေါ်ဖီနဲ့ဘဲဥ ၀ယ်လာတယ်။ ဒီမှာ ကြော်ချက်ပြီး ဆရာနဲ့ ထမင်း အတူ စားရင်း စကားတွေ ပြောဖို့ လာခဲ့ကြတာ ဆရာ...."
"ထမင်းလည်း ထပ်ချက်။ အဲ့ဒါတွေကိုလဲ ကြော် ဗျာ။ ဒါပေမယ့် ကျွန်တော် အချိုမှုန့် မစားဘူးနော်.... "
ဆရာ့ကို 'ဟုတ်ကဲ့' ခဲ့ပြီး ကျွန်တော် ထမင်းအိုးတည်တယ်။ ခွန်းခက ကျွန်တော့်ရဲ့ လက်ထောက်ထမင်းချက်။ ကျွန်တော် လိုအပ်တာကို သူက ၀ိုင်းကူတယ်။ နှစ်ယောက်လုံး ချက်တဲ့ ပြုတ်တဲ့အထဲမှာ ဈာန်ဝင်သွားကြပြီး နောက်ဆုံး ဂေါ်ဖီကြော်ထဲကို ဘေးမှာ ရှိတဲ့ အချိုမှုန့်ပုလင်းထဲက အချိုမှုန့်အသင့်အတင့် ထည့်လိုက်မိတယ်။
"ဟာ .. ဆရာက အချိမှုန့် မစားဘူးလေ" ခွန်းခ ပြောလိုက်မှ ကျွန်တော် သတိရတယ်။ အချိုမှုန့်က ဂေါ်ဖီကြော်ထဲမှာ အရည်တောင် ပျော်သွားပြီ။ ကျွန်တော်လည်း ထိတ်လန့် သွား တယ်။ မင်းက စောစောကတည်းက သတိပေးရောပေါ့ကွာလို့ ကျွန်တော့်မေ့လျော့မှုကို ထန်းလက်နဲ့ကာရင်း သူ့ကို အပြစ်တင်သလို လေသံနဲ့ ပြောလိုက်တဲ့အခါ ...
"ကျွန်တော်လည်း ချက်တဲ့ပြုတ်တဲ့ အလုပ်ထဲ ဈာန်ဝင်သွားလို့"
"အေး ... ငါလဲ အဲလိုပဲကွ"
ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ထမင်းဝိုင်းမှာ ဆရာ့ကို မော်မကြည့်ရဲလောက်အောင် တွန့်ဆုတ်နေပြီး ခေါင်းမဖော်ပဲ စားနေမိခဲ့တယ်။ ခွန်းခလည်း ကျွန်တော် ခံစားသလို ဖြစ်နေမှာပဲလို့ ကျွန်တော် အတွေးနယ် လွန်နေမိတယ်။
"ခင်ဗျားတို့ ဂေါ်ဖီထုတ်ကြော်က တယ်ကောင်းပါလား၊ ချိုတယ်ဗျ" ကျွန်တော်တို့ နှစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ ပြောလိုက်တဲ့ ဆရာ့အသံ။ ရိုးရိုးလေး ပြောလိုက်တဲ့ ဆရာ့ စကား။ ကျွန်တော်နှင့် ခွန်းခ နှစ်ယောက်လုံး ထမင်းငုံ့စားနေရာမှ မျက်လုံးအကြောင်သားနဲ့ ဆရာ့ကို မော့ကြည့်မိတဲ့ အကြည့်တွေထဲမှာ ကျွန်တော်တို့ကို ခွင့်လွှတ်ဖို့ တိုးလျှိုးတောင်းပန် နေတဲ့ အရိပ်အယောင်တွေ ပါနေခဲ့တယ်။ ဆရာက ငြိမ်းချမ်းလွတ်လပ်တည်ကြည်စွာနဲ့ ပြုံးလျက်။ သည်တော့လည်း ....
"ဆရာ ဒဂုန်တာရာ့ကို ဒီစာနဲ့ ထပ်မံဦးချ ကန်တော့လိုက်ပါတယ်"။

အောင်မြိုင်။
{ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ် (၁၄) စက်တင်ဘာ၊ ၂၀၀၇ မှ ကူးယူဖော်ပြပါတယ်}

[မှတ်ချက်။ ။ ခွန်းခအကြောင်း- 'မောင်အေးဝင်း ရဲ့ မပို့လိုက်ရအသုဘ (၂)' နဲ့ 'ထွန်းဝင်းငြိမ်း ရဲ့ ခွန်းခ သို့မဟုတ် မြစ်ရဲ့စကား' တွင်လည်း ရှု။]

Thursday, July 10, 2008

ရှာမှရှား-သတင်းစာဆရာ {ဒုတိယပိုင်း}
ရေးသူ- လူထုဒေါ်အမာ


ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်လာတော့ အဂ္ဂါစနိုးဟာ သတင်းစာဆရာပီပီ ကမ္ဘာအနှံ့ စစ်ကျုံးဝင်ရာ ဒေသတွေ လျှောက်သွားပြီး သတင်းအမျိုးအမျိုးကို ရယူ ရေးသားပြန်တယ်။ အမေရိကန် သတင်းစာတိုက်တွေကို သတင်းတွေ ပို့ပေးနေပြန်တယ်။
ဒိနောက် ကမ္ဘာစစ်ကြီး ပြီးလို့ ကမ္ဘာ့နိုင်ငံတွေရဲ့ အနေအထား အပြောင်းအလဲ အမျိုးမျိုး ဖြစ်ပေါ်လာတဲ့အခါ အမေရိကန် ပြည်ထောင်စုမှာ မက္ကာသီတို့ လူသိုက် ကြီးစိုးပြီး၊ ကွန်မြူနစ် ဆန့်ကျင်ရေး၊ ပြည်သူ့ ဆန့်ကျင်ရေး တိုက်ပွဲကြီး အကြီးအကျယ် ဆင်နွှဲလာပြန်တယ်။ အဲဒီ အချိန်မှာ အမေရိကန်အာဏာပိုင်တွေက အဂ္ဂါစနိုးဟာ ကွန်မြူနစ်ဆန်လွန်းတယ်၊ တရုတ် အပေါ်ညွှတ်လွန်းတယ်ဆိုပြီး နှိပ်ကွပ်မှုတွေ ပြုလာတာကြောင့် သူ့အရေးအသားတွေကို ထည့်ဝံ့တဲ့ စာနယ်ဇင်းတွေ မရှိသလောက် နည်းလာတယ်။ ဒါကြောင့် အဂ္ဂါစနိုးအဖို့ စီးပွါးရေး အလွန် ထိခိုက်နစ်နာ ခဲ့ရတယ်။ နို့ပေမယ့် ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ် အဂ္ဂါစနိုးက သူ့ ယုံကြည်ချက်ကို အပွန်းမခံဘူး၊ တရွေးသားမှလည်း ဆုတ်မပေးခဲ့ဘူး။



၁၉၆၀ ပြည့်နှစ်မှာ အဂ္ဂါစနိုး တရုတ်ပြည်ကို တခေါက် အလည်ပြန်ရောက်ခဲ့တယ်။ ဒီတခေါက်မှာ သူနဲ့ အကြာကြီး ကွဲကွါနေခဲ့တဲ့ မိတ်ဟောင်းဆွေဟောင်း၊ ပေါင်းဟောင်း သင်းဟောင်းတွေနဲ့ ပြန်တွေ့ရရုံမကဘူး၊ အဂ္ဂါစနိုးက သူအရင်က နေဖူး ရောက်ဖူးတဲ့ အရပ်တွေအားလုံး တခေါက်ပြန်ကြည့်တယ်။ ကြည့်ရင်း တွေ့သမျှ မြင်သမျှ အပြောင်းအလဲ ကွဲပြားခြားနားမှုတွေကိုလည်း မှတ်သားတယ်။ ပြီးတော့ ၁၉၆၂ ခုနှစ်မှာ စာမျက်နှာ (၈၀၀) ရှိတဲ့ 'ဘ၀ချင်းမတူတဲ့တရုတ်ပြည်' (The Other Side of The River) ဆိုတဲ့ ခေတ်သစ် တရုတ်ပြည်ကြီးသမိုင်းကို ရေးသားထုတ်ဝေလိုက်ပါတယ်။
ဒီစာအုပ်ကြီးလည်း 'တရုတ်ပြည်ပေါ်ကကြယ်နီ' လိုပဲ ဂန္ထ၀င်မြောက်တယ်။ ကနေ့ တရုတ်ပြည်ကြီး အကြောင်းကို သမိုင်းဝင် မော်ကွန်းထိုးတာပဲလို့ ကမ္ဘာ့စာဖတ်ပရိသတ်က လက်ခံအတည်ပြု ထားကြပါတယ်။
၁၉၆၅ ခုနှစ်မှာ အဂ္ဂါစနိုးတရုတ်ပြည်ကို တခေါက်ပြန်လာတယ်။ အချက်အလက်တွေ စုဆောင်းပြန်တယ်။ ဒါပေမယ့် မကြာခင်အတွင်း တရုတ်ပြည်ကြီးမှာ ယဉ်ကျေးမှု တော်လှန်ရေး ကြီး ပေါ်ပေါက်လာတော့ သူရေးမယ့်စာအုပ်ကို မရေးသေးပဲ အချက်အလက်တွေကိုသာပဲ စုဆောင်းထားပြီး အခြေအနေကို စောင့်ကြည့်တယ်။
၁၉၇၀ ပြည့်နှစ်မှာ တရုတ်ခေါင်းဆောင်များက သူ့ကို တကြိမ် ဖိတ်ကြားပြန်တယ်။ ဒီတချီ ဖိတ်တဲ့အခါမှာ တရုတ်ခေါင်းဆောင်တွေ ဖြစ်တဲ့ မော်စီတုန်းတို့၊ ချိုအင်လိုင်းတို့နဲ့ အဂ္ဂါစနိုး တွေ့ဆုံမေးမြန်းတဲ့အခါ တရုတ်ခေါင်းဆောင်တွေကလည်း အနောက်နဲ့ ပြေလည်မှု ရချင်တဲ့ လေသံတွေ ပါလာတာမို့ အဂ္ဂါစနိုးနဲ့ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမေးမြန်းမှု သတင်းတွေဟာ ကမ္ဘာအရပ်ရပ်က သတင်းစာတွေမှာ သတင်းကြီးအဖြစ်နဲ့ ဖော်ပြတာ ခံရတယ်။
အဲဒီအခေါက်မှာတော့ အဂ္ဂါစနိုးရဲ့ ကျန်းမာရေးဟာ အရင့်အရင် အခေါက်တွေကလို မကောင်းရှာတော့ဘူး။ ဒါကြောင့် ရေးတာ သားတာတွေ အရင်ကလို မြန်ဆန်သေးပေမယ့် ခဏနဲ့ပန်းတဲ့ လက္ခဏာတွေ ပြပြလာပြီ။ ဒါထဲက သူက ငယ်သွေးငယ်မူ မပျောက်စေဘဲ ရယ်စရာ မောစရာလေးတွေကို ပြောနေကျအတိုင်း မကြာခဏ ပြောတတ်ပါသေးတယ်။ ဒီတခေါက် သူက သူ့ဇနီးကိုပါ ခေါ်လာတာမို့ သူ့ဇနီးက သူ့ကို စက္ကရီတေရီတယောက်နဲ့မခြား အစစ အရာရာမှာ ကူညီနိုင်တာမို့ သူ့ဆောင်းပါးတွေဟာ နိုင်ငံတကာ စာနယ်ဇင်းတွေမှာ ဆက်တိုက် ပါလာနိုင်ခဲ့တယ်။ အဂ္ဂါစနိုးကိုယ်တိုင်လည်း သူကြားသိရတဲ့ အကြောင်းအရာ တွေနဲ့ ပါတ်သက်ပြီး တအံ့တသြ သဲထိတ်ရင်ဖို ရှိခဲ့တာကိုး။ အဂ္ဂါစနိုးဟာ တရုတ်ခေါင်းဆောင် တွေ အပေါ်ကို လေးစားချစ်ခင် ယုံကြည်မှု နည်းနည်းမှ မလျော့တဲ့အပြင် တနေ့တခြား ပိုလို့သာ ကြီးမားလာခဲ့သူ မဟုတ်လား။
အဲဒီတခေါက်ပြီးလို့ ဆွစ်ဇီလန်ပြန်ရောက်တော့ သူ လူမမာ လုံးလုံးဖြစ်ရှာတာပဲ။ တရုတ်ပြည် မလာခင်ကလေးကမှ ခွဲစိတ်ကုသမှုတခု လုပ်ခဲ့ရသေးတယ်။ ခုအပြန်မှာ နောက်တကြိမ် ခွဲစိတ်ကုသ ခံရဦးမယ်တဲ့။
ဒါသာဖြစ်တယ်။ မစ္စတာ ရယ်ဝီအယ်လီတို့ဆီကို သူဆွစ်ဇာလန်ကနေပြီး ရေးတဲ့ စာတွေထဲမှာ သူ့အလုပ်အတွက်ရော၊ တရုတ်ပြည်ကြီးအတွက်ရော၊ မျှော်လင့်ချက်တွေ အပြည့်နဲ့ချည့်ပဲ။ သူလဲ တရုတ်ပြည်ကို လာခဲ့ဦးမယ်လို့ ရေးခဲ့တာချည်းပဲ။
နို့ပေမယ့် သူထင်သလို ဖြစ်မလာခဲ့ပါဘူး၊ သူရတဲ့ရောဂါက ပထမတော့ ခါးနာတာ သာမန်လောက် သူက သဘောထားခဲ့တာ ဖြစ်ပေမယ့် နောက်တော့ ကနေ့ သိပ္ပံပညာက ကျော်လွှားအောင်မြင်မှု မရရှိသေးတဲ့ ကင်ဆာရောဂါ ဖြစ်နေတာကို တွေ့ရတယ်။
အဂ္ဂါစနိုး မကျန်းမမာနဲ့ စိုးရိမ်ဖွယ် အခြေအနေမှာ ဖြစ်နေတယ်လို့ ကြားကတည်းက သူချစ်တဲ့ တရုတ်မိတ်ဆွေတွေက သူတို့ ဘာများကူညီနိုင်မလဲ ဆိုပြီး တရုတ်ဆရာဝန်တွေနဲ့ တရုတ်သူနာပြုဆရာမတွေကိုလည်း လွှတ်ပေးတယ်။ အဂ္ဂါစနိုး ယင်အန်းကို သွားတုန်းက အဂ္ဂါစနိုးနဲ့ ရဲဘော်ရဲဘက်အဖြစ် အတူလိုက်ပါတဲ့ ဒေါက်တာဂျော့ဟေတမ်၊ အခုတရုတ်ပြည်မှာ ဆရာဝန်ကြီး မဟိုင်တေ့လို့ ကျော်ကြားတဲ့ သူ့အချစ်ဆုံး မိတ်ဆွေတယောက်ကိုလည်း စေလွှတ်ပေးပါတယ်။ ချန်ကေရှိတ်တို့ နယ်မြေကနေ ကွန်မြူနစ်တွေရှိရာကို ခိုးထွက်ကြတော့ လမ်းပြအဖြစ် လိုက်ခဲ့တဲ့ ကောင်ကလေး။ ခုတော့ နယူးယောက်မှာ ကုလသမဂ္ဂဆိုင်ရာ တရုတ် ကိုယ်စားလှယ်တော်ကြီး ဖြစ်နေတဲ့ မစ္စတာဟွမ်ဟွာကိုလည်း အဂ္ဂါစနိုးဆီကို လူမမာမေး လွှတ်ပါတယ်။
အဂ္ဂါစနိုးက အားနာတတ်သူ၊ သူများအတွက်သာ စဉ်းစားတတ်သူမို့ မစ္စတာဟွမ်ဟွာ၊ ချူအင်လိုင်းစာကို ယူလာပြီး ပို့တဲ့ ဆွစ်ဇာလန်သံအမတ်ကြီး ချန်ချီဖန်းတို့ကို မြင်တော့ "ကျွန်တော့်အတွက် ဒုက္ခရှာလို့ ဒါလောက်ခရီးဝေးကြီးက ဘာလို့ လာကြသလဲ၊ ခင်ဗျားတို့က အလုပ်များတဲ့ လူတွေပါ၊ ကျွန်တော်က ကိစ္စမရှိ ပါဘူး" လို့ အားနာစကား ပြောသေးသတဲ့။
တရုတ်ဆရာဝန်တွေ၊ သူနာပြုတွေကိုလည်း သူ့ဝေဒနာ ခံစားနေတဲ့ကြားက သူ့အိမ်သားတွေက ဂရုစိုက်ရဲ့လား၊ စားတာ နေတာအဆင်ပြေအောင် စီမံပေးရဲ့လားလို့ တမေးမေးနဲ့ နေပါသေးတယ်။
တကယ်တော့ သူ့ဝေဒနာကို သူသိပါတယ်။ သူ ဒီတောင်က မကျော်နိုင်ပါဘူးဆိုတာ လည်း သူ သိပြီးပါပြီ။ နို့ပေမယ့် သူနာပြုတွေ အားမငယ်ရအောင် သူက မသိဟန်ဆောင် လိုက်သေးတယ်။ သူ့ သူငယ်ချင်း ဂျော့ဟေတမ်ရဲ့ လက်ကို ဆုပ်ထားပြီး "ကဲ ခင်ဗျားတို့ ဘာလုပ်ပေးကြမှာလဲ၊ လုပ်စရာ ရှိတာ လုပ်ပေးကြဗျာ၊ ကျုပ်ဘယ်တော့ အလုပ်ပြန်လုပ်နိုင် မှာလဲ" လို့ ပြုံးပြီးပြောသေးသတဲ့။
ကုလသမဂ္ဂကိုယ်စားလှယ် ဟွမ်ဟွာနဲ့ ဆရာဝန် ဂျော့ဟေတန်တို့နှစ်ယောက် အဂ္ဂါစနိုး အိပ်ရာဘေး ရောက်တဲ့အချိန်မှာ လွန်ခဲ့တဲ့ (၃၆)နှစ်က ယင်အန်း အတူသွားခဲ့တာကို ရည်ရွယ်ပြီး 'တောပုန်းကြီးသုံးယောက်' ဆုံမိကြပြန်ပြီကောလို့ သူက ရယ်စရာ ပြောလိုက်သေး တယ်။ ဟိုတုန်းက ကွန်မြူနစ်တွေကို 'တောပုန်းဓားပြ' တွေလို့ ချန်ကေရှိတ်တို့ ဘက်က ခေါ်သကိုး။
အဂ္ဂါစနိုးဟာ သူ့နောက်ဆုံးအချိန်ကို သူချစ်ခင်တဲ့ ဇနီး၊ သားသမီးနဲ့ မိတ်ဆွေ ရဲဘော်များ အကြားကနေပြီး ၁၉၇၂ ခု ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ မပြန်လမ်းကို အပြီး ထွက်ခွါသွားပါတော့တယ်။
အဂ္ဂါစနိုး မဆုံးခင်က အလွန်အရေးကြီးတဲ့ စာတအုပ် ပြုစုနေတာ တော်တော်ပြီးတဲ့ အခြေအနေနဲ့ ကျန်ရစ်တယ်လို့ သိရတယ်။ သူ့ဇနီးက ဒီလက်ငုတ်ကို အပြီးသတ် ထုတ်ဝေနိုင်မလားတော့ မသိဘူး။ သူအနိစ္စရောက်ပြီး တလကျော် အကြာမှာ ကျန်ရစ်တဲ့ဇနီး မစ္စစ်လိုဂီဝှီလာစနိုးနဲ့ သားသမီးများကို တရုတ်ပြည်က စိတ်ပြေလက်ပျောက် အလည်လာဖို့ ဖိတ်ကြားလို့ မတ်(၂၆) ရက်နေ့က မစ္စစ်စနိုးနဲ့ သူ့ညီမ ကာရှင်ဝှီလာ၊ သူ့သား ခရစ္စတိုဖာစနိုးတို့ ပီကင်းကို ရောက်လာကြတယ်။
မစ္စတာစနိုး ဆုံးတယ်ဆိုတော့ ဥက္ကဌကြီးမော်စီတုန်းက "တရုတ်ပြည်သူတွေရဲ့ အသည်း နှလုံးထဲမှာ သူ့ကို အမြဲသတိရနေကြမှာပါ" လို့ သူ့ဇနီးဆီကို (၁၆-၂-၇၂) နေ့မှာ ၀မ်းနည်းကြောင်း ကြေးနန်းရိုက်ကြားရာမှာ ဖော်ပြပါတယ်။
တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက ပို့ပေးတဲ့ ၀မ်းနည်းသ၀ဏ်လွှာမှာတော့ မစ္စတာစနိုး ရွက်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေကို ဖော်ပြပြီးတဲ့နောက် "မစ္စတာစနိုးကတော့ ကျွန်တော်တို့ကို ခွဲခွါသွားရှာပြီ၊ နို့ပေမယ့် သူ့တသက်လုံး လုပ်ဆောင်သွားခဲ့တဲ့ တရုတ်အမေရိကန် ပြည်သူချင်း ချစ်ကြည်ရေးကတော့ တနေ့တခြား ကြီးထွားနေမှာ အမှန်ပါဘဲ" လို့ ရေးသားထားပါတယ်။
မဒမ် ဆွန်ချင်လင်းက ပို့တဲ့ သ၀ဏ်မှာတော့ "ဖောက်ပြန်တဲ့ တိုင်းရင်းသား ဖက်ဆစ် တွေနဲ့ ဂျပန်စစ်ဝါဒီတွေရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်ရာမှာ မစ္စတာစနိုးရဲ့ မဆုတ်မနစ် ထောက်ခံအားပေးမှုကို သတိရတယ်" ဆိုတဲ့အကြောင်း ဖော်ပြပါရှိပါတယ်။
သူ့ရဲဘော် ဆရာဝန် ဂျော့ဟေတန်ကတော့ မစ္စတာစနိုးဟာ သေလုမျောပါး နာမကျန်း ဖြစ်လာတော့ သတင်းစာတစောင်ကိုတောင် ဖတ်ဖို့ လက်က ကိုင်မထားနိုင်တော့ဘူး။ အဲဒီအချိန်မှာ သူ့သားနဲ့သမီးကို အင်ဒိုချိုင်းနားစစ်သတင်းတို့၊ တရုတ်အမေရိကန်ဆက်ဆံရေး သတင်းတို့ကို ဖတ်ပြခိုင်းပြီး နားထောင်သတဲ့။ ဒီလို ကိုယ့်ဝေဒနာကြီးကို ဘေးဖယ်ထားပြီး ကမ္ဘာ့ပြည်သူတွေရဲ့ အတိဒုက္ခကို စဉ်းစားနိုင်တယ်ဆိုတာ တော်ရုံသဖြင့် စိတ်ထားကြီးမြင့်တဲ့ သူမျိုး မဟုတ်ဘူး။ အင်မတန် စိတ်စေတနာကောင်း ရှိသူမို့ ဒီလိုပြုမူနိုင်တာ ဖြစ်တယ်။ ဒါကြောင့် မစ္စတာစနိုး ကွယ်လွန်သွားပြီဆိုတော့ ဆရာဝန် မဟိုင်တေ့က -
"လူသားတိုးတက်မှုအတွက် ကိုယ့်ယုံကြည်ချက်ကို တစက်မှ အလျှော့မပေးဘဲ တသက်လုံး လုပ်ဆောင် အောင်မြင်သွားတဲ့ လူများကို ကျုပ်တို့ အလေးပြုရမယ်၊ အဂ္ဂါစနိုးဟာ ဒီလို လူစားပဲ" လို့ ရေးသားလိုက်ပါတယ်။
သူ့ရဲဘော်ကြီး ရယ်ဝီအယ်လီကတော့ အဂ္ဂါစနိုး ဆုံးပြီဆိုတဲ့အချိန်မှာ သူက သူ့နေရင်း တိုင်းပြည် နယူးဇီလန်မှာ ရောက်နေတယ်။ ခရိုက်ချပ်မြို့ထုတ် သတင်းစာတစောင်မှာ အဂ္ဂါစနိုးရုပ်ပုံနဲ့ ကွယ်လွန်ရှာပြီ ဆိုတဲ့သတင်းကို ဖတ်လိုက်ရတော့ ဒီသတင်းကို မအံ့သြပေမယ့် တုန်လှုပ်သွားသတဲ့။ နောက်တော့ သူ့ရုပ်ပုံလေးကို စိုက်ကြည့်နေမိတယ်။ သူ့ရုပ်ပုံထဲက အဂ္ဂါစနိုးရဲ့ တည်ငြိမ်ပြီး အမြဲစူးစမ်းနေတဲ့ မျက်လုံးကို မြင်ရတော့ တရုတ်ပြည် အနောက်မြောက်ပိုင်းဒေသမှာ ချမ်းချမ်းစီးစီး ခေါင်းခေါင်းပါးပါးနဲ့ လေတဟူးဟူး ဖုံတထောင်း ထောင်း ဒေသကြီးမှာ အင်မတန် သတ္တိပြောင်မြောက် ရဲရဲ့တဲ့ တပ်သားကြီးတွေ အများအပြား ပဲ။ သူတကာ ကောင်းကောင်းမွန်မွန် နေရပါစေတော့ ဆိုပြီး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြ တယ်။ ခုလည်း အဂ္ဂါစနိုးတယောက် ကျဆုံးရှာပြန်ပြီ။ အဂ္ဂါ သူ့ချည်းမဟုတ်ပါဘူး။ အဖော် အလှော် ကောင်းတွေ အများကြီးနဲ့ နေမှာပဲလို့ တွေးရင်း သူ့အတွက် လွမ်းချင်းကဗျာတပုဒ် ရေးစပ်လိုက်ပါတယ်။
အဂ္ဂါစနိုးလို လူတော်လူကောင်းတယောက်ကို တရုတ်တွေ၊ အမေရိကန်တွေကသာ လွမ်းကြတာ မဟုတ်ဘူး။ အမှန်တရားကို သတ္တိနဲ့ ရှာဖွေဖော်ထုတ်မှုကို တန်ဖိုးထားတတ်တဲ့ လူသားတိုင်းက လွမ်းဆွတ်တမ်းတကြမှာ အမှန်ပါပဲ။

လူထုဒေါ်အမာ
[ရှုမ၀ ရုပ်စုံမဂ္ဂဇင်း၊ အတွဲ-၂၆၊ အမှတ် ၃၀၅၊ ၁၉၇၂ အောက်တိုဘာမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး၊ မာယာက ဥတ္တလမင်းစာပေကထုတ်တဲ့ 'လူထုဒေါ်အမာရဲ့ လွမ်းသူ့စာ' စာအုပ်၊ ၂၀၀၃ခုနှစ် မှ ပြန်လည်ကူးယူပါတယ်။]

Wednesday, July 9, 2008

မောင်ပျင်း
ရေးသူ - မန်းတင်


တရံရောအခါ၊ သာဝတ္ထိအမည်ရှိသည့် တခုသော ရွာငယ်တွင်၊ တဆောင်သော တဲပုတ်၌၊ တယောက်သော မောင်ပျင်းသည် ကိန်းအောင်လျက် ရှိလေသတတ်။ မောင်ပျင်းသူသော အမည်သည် အနွတ္တအမည် ဖြစ်သတည်း။ အဘယ့်ကြောင့် ဆိုသော် မောင်ပျင်းသည် အလွန်ပျင်းရိသောကြောင့်တည်း။
မကြာသေးမီက ဓနရှင်ကြီးများဟု သခင်တို့ သမုတ်အပ်သော သူ့မိဘနှစ်ပါး ကွယ်လွန်အနိစ္စ ရောက်သောအခါ၊ မောင်ပျင်းတသက်လုံး စားမကုန်နိုင်သည့် ငါးဧကမျှသော စပါးလယ်တကွက် ကျန်ရစ်ခဲ့လေ၏။ မောင်ပျင်းသည် ထို ကျယ်ပြန့် လှစွာသော စပါးလယ်ကို ချစ်တီးလက်တွင် ရောင်းလိုက်ပြီးသော်၊ ရသမျှသော အသပြာကို အချို့ ဖဲရိုက်၊ အချို့ အရက် ၀ယ်သောက်၊ အချို့ကို ဘိန်းရှူလိုက်ရာ မကြမီ အသပြာပြတ်၍ ငတ်မတတ် ဖြစ်သွားလေ သည်။


မောင်ပျင်းသည် တို့ဗမာ ဖြစ်ပါသည်။ တို့ဗမာတို့သည် အတိဒုက္ခ ရောက်လတ်သော် အားကိုးရာကို မရမက ရှာတတ်စမြဲတည်း။ ထို့ကြောင့် မောင်ပျင်းသည် သူ၏အားကိုးရာ ဘိုးဘိုးအောင်ကို သတိရမိလေ၏။ သူသည် သူ့အားကယ်မ, မည့်သူ ဘိုးဘိုးအောင်ထံသို့ သ၀ဏ်လွှာ ဆက်သရန် စိုင်းပြင်းလေသည်။

ဘိုးဘိုးခင်ဗျား။-
ဘိုးဘိုးသည် တို့ဗမာအပေါင်းတို့၏ အားကိုးအားထားရာကြီး ဖြစ်ပါသည်။ သာဝတ္ထိရွာ တခုဝယ် အတိဒုက္ခရောက်ကာ အဟာရပြတ်၍ ငတ်နေသော တို့ဗမာတယောက်ဖြစ်သူ မောင်ပျင်းကိုလည်း ဘိုးဘိုးကယ်မလိမ့်မည်ဟု အထူးမျှော်လင့်ပါသည်။ သို့အတွက် ယခု စာရလျင်ရခြင်း ကျွန်တော့်ထံသို့ ငွေသုံးဆယ်လောက် စာတိုက်မှ မန်နီအော်ဒါနှင့် အမြန်ဆုံး ပို့လိုက်ပါမည့်အကြောင်း။
ဘိုးဘိုးနှင့်တကွ စကြ်ာမင်းကလေးပါ ကျန်းမာ၍ မြန်မာပြည်သို့ အမြန်ဆုံး ပြန်လာစေ ရန် ဆုတောင်းပါသည် ခင်ဗျား။

မောင်ပျင်း
သာဝတ္ထိရွာ
သာယာဝတီခရိုင်။
သ၀ဏ်လွှာကို 'ဘိုးဘိုးအောင်-၀ိဇ္ဇာဘွဲ့ရ-ဟိမ၀န္တာတောင်တန်း' ဟု လိပ်တပ်ကာ၊ စာတိုက်က ထည့်လိုက်လေ၏။
ထို ထူးဆန်းထွေပြားစွာ လိပ်တတ်ထားသည့် စာအိပ်သည် စာတိုက်ဗိုလ်လက်ထဲမှ မြို့ပိုင်မောင်ပြုံးချိုလက်ထဲသို့ သက်ဆင်းလေသတည်း။ သူတထူးကို အထူးသနားတတ်သော မောင်ပြုံးချိုသည် မောင်ပျင်း၏ စာကို ဘတ်ပြီးသည်၏ အခြားမဲ့၌ အထူးစိတ်မချမ်းသာ ဖြစ်မိလေ၏။ ငါ၏ ပိုင်နက်အတွင်းဝယ် ဤကဲ့သို့ ငတ်နေသောသူများ ရှိရပါမည်လောဟု အကြီးအကျယ် ယူကျုံးမရ ဖြစ်မိလေ၏။ အဟာရပြတ်၍ ငတ်သေမည့်ဆဲဆဲ မောင်ပျင်းအား ကယ်တင်ရန် မိမိတာဝန်ပေတကားဟု ရှေးမင်းကောင်း မင်းမြတ်တို့၏ ထုံးကိုလည်း နှလုံးသွင်း မိလေသတည်း။
မောင်ပြုံးချိုသည် အရေးတကြီးနှင့် သာဝတ္ထိရွာသူကြီး၏ အိမ်သို့ ရောက်ရှိလာလေ၏။
"သူကြီးမင်းရဲ့ ရွာမယ် ထမင်းငတ်နေတဲ့ မောင်ပျင်းဆိုတဲ့ လူများ ရှိသလား"
"ရှိပါတယ်ဘုရား"
"ကျုပ်ကို ဘာပြုလို့ အစက အစီရင် မခံသလဲ"
"ဟာ ငတ်တာက သူပျင်းလို့ ငတ်တာပဲ၊ အလုပ်လဲ မလုပ်ဘူး၊ ရှိတဲ့ ပစ္စည်းလေးတော့ အကုန်လုံး ဖဲရိုက်၊ အရက်သောက်၊ ဘိန်းရှူလုပ်ပြစ်တယ်"
"အို ... သူကြီးမင်း ဒီလိုမပြောပါနဲ့၊ ဒီလိုပြောတာဟာ ဟိုနှစ်ပေါင်း တရာလောက်က သူကြီးတွေ ပြောတဲ့စကားပါ။ အခု ၄၇ ခုနှစ်၊ သူကြီးက ဒီလိုပြောရင် အားကြီးရုပ်ဆိုးပါတယ်။ ရွာသူရွာသားတွေကို ကိုယ့်သားသမီး အရင်းလို သဘောထားပါ"
"မှန်ပါဘုရား" သူကြီးမင်းက အောင့်သက်သက်နှင့် ၀န်ခံလေ၏။
"မောင်ပျင်းအိမ်ဘယ်မှလဲ၊ ကျုပ်တို့ သွားကြည့်မယ်"
သူကြီးမင်းသည် မောင်ပြုံးချိုနောက်က ကောက်ကောက်ပါအောင် လိုက်သွားလေ၏။
"ဒီတဲပါဘုရား" သူကြီးမင်းက ညွှန်ပြလေရာ မောင်ပြုံးချိုသည် တဲအတွင်းသို့ ၀င်သွား လေ၏။
မောင်ပျင်းသည် အုတ်ခဲကို ခေါင်းအုံးကာ ဖျာစုတ်ပေါ်တွင် ခွေနေလေ၏။
"ဟင်.. သူကြီးမင်း သေများနေပလား၊ ထမင်းငတ်လို့ သေရတယ်ဆိုရင် ရာဇ၀င် ရိုင်းတာဘဲ" သူကြီးမင်းသည် အနားတွင် ထိုင်ကာ ချက်ချင်း ပြန်ထလိုက်လေ၏။
"မသေသေးပါဘူး ဘုရား- ဘိန်းမစားရသေးလို့ မြော့နေတာပါ"
"မောင်ပျင်း" သူကြီးမင်းက ခေါ်လိုက်လေ၏။
"ခင်ဗျား" မောင်ပျင်းက ပြော့ပြောင်းစွာ ထူး၏။
"မြို့ပိုင်မင်းလာတယ်" သူကြီးမင်းက ဆိုလေသော် မောင်ပျင်းသည် ခွေနေရာမှ ညင်သာစွာ ထ၍ ကြုံ့ကြုံ့ကလေး ထိုင်နေလေ၏။
"အေး-အေး-မင်းငတ်နေတယ် ကြားလို့ လာကြည့်တာကွဲ့။ မင်းဘိန်းစားတယ်ကြား တယ်၊ အရက်လဲသောက်ထင်ပါရဲ့၊ နောက်ဒီလိုမလုပ်နဲ့နော်၊ ကောင်းကောင်းနေ ယောက်ျားဆို တာ အလုပ်လုပ်ရတယ်ကွဲ့ သိလား၊ တို့ဗမာပြည်ကြီး မကြာခင် လွတ်လပ်တော့မယ်၊ မင်းလိုလူတွေချည်း ဆိုရင် မခက်ဘူးလားကွဲ့။ ရော့ ငွေတဆယ် မင်းသုံးဘို့"
မောင်ပြုံးချိုက မောင်ပျင်းအား တဆယ်တန် ငွေစက္ကူတချပ်ကို လှမ်းပေးလိုက်ရာ မောင်ပျင်းသည် တုန်ရီသော လက်ဖြင့် လှမ်းယူလိုက်လေ၏။ မောင်ပြုံးချိုလည်း သူကြီးမင်းအား မိမိရွာသားများအပေါ် ရင်ဝယ်သားကဲ့သို့ မေတ္တာဓါတ် ဖြန့်ဖြူးရန် သြ၀ါဒ ပေးခဲ့ပြီးလျှင် မိမိကိုယ်ကို မိမိ ဒုတိယဝေဿန္တရာမင်းကြီးဟု ထင်မှတ်ကာ ပြန်လာခဲ့လေ သတည်း။
နောင် (၅)ရက်ခန့်ကြာသောအခါ ဘိုးဘိုးအောင်သို့ လိပ်တပ်ထားသော စာတစောင် မောင်ပြုံးချိုလက်သို့ သက်ဆင်းကျရောက် လာပြန်လေ၏။ မောင်ပြုံးချိုသည် အရေးတကြီးနှင့် ဘတ်လိုက်ရာ၊ ဘတ်ယင်း၊ ဘတ်ယင်း သူ၏ ပြုံးရွှင်နေသော မျက်နှာထားပေါ်တွင် နဖူးရေကြီးများ တွန့်လာကာ မျက်မှောင်ကြီး ကြုတ်သွားသတည်း။ မောင်ပျင်း၏ စာကား ဤသို့တည်း။

ကျေးဇူးရှင် ဘိုးဘိုးခင်ဗျား
ငွေပို့လျင် ကျွန်တော့်ထံသို့ တိုက်ရိုက်ပို့စေလိုပါသည်။ အလျင်က ဘိုးဘိုးထံမှ တဆင့်ငွေ သုံးဆယ်ပို့လိုက်ရာ ကျွန်တော်က တဆယ်သာ ရရှိပါသည်။ မြို့ပိုင်နှင့် သူကြီးက နှစ်ဆယ်ဖြတ်ယူ လိုက်ပါသည်။
မောင်ပျင်း
သာဝတ္ထိရွာ
သာယာဝတီခရိုင်။

မန်းတင်
{တာရာမဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၃) ၁၉၄၇။}
[မာယာ စာအုပ် August 15, 2003 မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ်အတွက် ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။]

တိုးဝံ့တိုး
ရေးသူ - မိချမ်းဝေ


သန္တာကျောက်တန်းတွေရဲ့ နောက်မှာ စူးရှတဲ့ မျက်လုံးတစုံရှိတယ်။ ရက်စက်ခြင်း သရဖူကို ဆောင်းထားတဲ့ ဒီ အေးစက်စက် မျက်လုံးတစုံဟာ ငြိမ်သက်ခြင်း ဣနြေ္ဒကို ဆောင်ထားလေရဲ့။ ငါးကလေးတွေဟာ ကြောင်ဖားကြီး အနားကဖြတ်တဲ့ ကြွက်ကလေးတွေလို ရန်သူကို မမြင်ဘဲ ရှေ့ကိုတိုးသွားလေရဲ့။ သူတို့ရဲ့ စုစုချွန်ချွန် နှုတ်ခမ်းအစုံဟာ ရေပြင်ကို ထိုးခွဲလို့ အမြီးရေယက်တွေ အားနဲ့မရှိတဲ့ ခါးကလေးတွေကို လှုပ်ရမ်းပြီးတော့ပေါ့။ ဟာ ... ဟ ရယ်စရာတောင် ကောင်းလိုက်တာ။ ငါးကလေးအုပ်စု လွန်သွားတော့မှ သန္တာကျောက်တန်း ကြားက ရှည်လျားသန်မာတဲ့ လက်ကြီးတဖက် ရုတ်ခနဲ ထွက်လာပြီး နောက်အကျဆုံး ငါးတကောင်ကို ဖျတ်ခနဲ ဖမ်းဆွဲ၊ ပကတိအတိုင်း ငြိမ်သက်သွား။ ဟင် ... လျှပ်တပြက်ကလေး အတွင်း ဖြစ်ပျက်သွားတာဆိုတော့ အသေအချာ စောင့်ကြည့်နေတာ မဟုတ်ရင် သိမှာတောင် မဟုတ်ဘူး။ ဟော ... သည်လိုနဲ့ ထုံ အအ ငါးအုပ်တွေ တအုပ်ပြီးတအုပ် ဖြတ်သွား။ နောက် အကျဆုံး ငါးကလေးတကောင်စီ လက်တံရှည်ကြီးဆီ ပါသွား.....။



အင်း .. သူ့အစာ သူရှာစားတာတော့ ဘာပြောလို့ ဖြစ်မလဲနော့။ ကျုပ်ကလဲ သူ့ခွင်ကို မဖျက်ပါဘူး။ သူ့ အစာကို လုမစားပါဘူး။ ကျုပ်နဲ့ အလေ့အထခြင်းတူတဲ့ အစာဖမ်းနည်းကိုပဲ သဘောကျလို့ စောင့်ကြည့်နေတာပါ။ သူနဲ့ကျုပ်က အမျိုးချင်း ခပ်ဆင်ဆင်၊ အကောင်ချင်း တော့ ခပ်ကွဲကွဲပါ။ သူက လက်ရှစ်ဘက်၊ ကျုပ်က လက်ဆယ်ဘက်၊ အရေအတွက်ချင်း မကွာလှပေမယ့် သူ့လက်တံတွေက ကျုပ်လက်တံတွေထက် အားရှိ သန်မာလှတယ်။ ကျုပ်မှာ ဥမင် လို့ ခေါ်တဲ့ စုပ်ခွက်ပါတဲ့ လက်တံရှည်ကြီးတွေ ရှိသလို သူ့မှာလည်း သန်စွမ်းရှည်လျားတဲ့ လက်တံကြီးတွေ ရှိတယ်။
သူ့ရဲ့ ခန္ဓာကိုယ်ဟာ ကြီးမားသလောက် အစာရှာတဲ့ နေရာမှာ မာယာလဲ များသေး တယ်။ အစာကို တွင်းဝ ကျောက်ကြားတွေဆီက ချောင်းဖမ်းသလို ဟော ... ပြောရင်းဆိုရင်းနဲ့ သူ့ရဲ့ အရုပ်ဆိုးတဲ့ ခေါင်းကြီးကို ဘယ်ယိမ်းညာငင်လို့ ထွက်လာပါပြီ။ အပြင်ရောက်လို့ ကြည့်လိုက်တော့ နည်းတဲ့အကောင်ကြီး မဟုတ်။ ဘယ်လောက်စားစား ၀မယ့်ပုံ မပေါ်။ ကြမ်းရှတဲ့ လက်တံကြီးတွေဟာ အစာကို တွေ့လိုတွေ့ငြား စမ်းရမ်းရှာနေသေးတယ်။
ကျောက်ကြိုကျောက်ကြားမှာ ပုန်းခိုနေတဲ့ ကျောက်ပုစွန်တွေ ဆီရောက်သွားတော့ ကျောက်ပုစွန်တွေက မြန်လိုက်တာမှ လှစ်နေတာပဲ။ သူ့ရဲ့ လက်တန်ရှည်ကြီး ဝှေ့ရမ်းလာတာနဲ့ ကျောက်ပုစွန်တွေဟာ နောက်မြီးဖျား ထောက်ပြီး ဖရူးခနဲ အသံပေးလို့ ကျောက်တုံးကျောက်ခဲ တွေကြား တိုးဝင်သွားတာများ အသံထက်မြန်တဲ့ နှုန်းတွေနဲ့ပေါ့။ ကြည့် ... ဒီကောင် စိတ်တိုလာပြီ။ မျက်လုံးတွေ ပိုပြီး ပြူးကျယ်လာသလို လက်ရှစ်ဖက်ကလည်းခါတိုင်းထက် ပိုပြီး လှုပ်ရှားခါရမ်းလာလို့ပေါ့။ လူတွေပြောတဲ့ ရမ်းကားတယ်ဆို ဒါပဲနေမှာ။ ဒေါသမာန်ကြောင့် ရမ်းလဲရမ်း ကားလဲကားတဲ့ လက်ကြီးတွေ။
ဒီတခါ လက်တံဖျားမှာ ကားယားပါလာတဲ့ ကံဆိုးသူကတော့ 'ငါးအူကြီး' လို့ခေါ်တဲ့ ငါးလိပ်ကျောက်နွယ်ဝင် တကောင်ပဲဗျ။ ငါးလိပ်ကျောက်တို့၊ ငါးတင်းဟေးတို့ဆိုတာ လူတွေ သိပ်ကြိုက်တဲ့ အသားများတဲ့ ငါးတွေပေါ့။ ဒီကောင်တွေက လူကိုလည်း မကြောက်၊ စက်သံယာဉ်သံကိုလည်းမကြောက်။ လှေသင်္ဘောတွေရဲ့ နောက်ကို တကောက်ကောက်လိုက် ပြီး (လူတွေနဲ့ ပရောပရီလုပ်လေ့ရှိတဲ့ ဟို လင်းပိုင်ဆိုတဲ့ အကောင်တွေနဲ့ ဖက်ပြိုင်ပြီး) လူတွေ ချစ်ခင်အောင် လေပေါ်ပျံဝဲလို့ စတန့် အမျိုးမျိုး ထွင်ပြတဲ့ အကောင်တွေပေါ့။
အဲဒီ ငါးအူတွေဟာ ပုလဲငုပ်သမားတွေကိုတော့ အနှောင့်အယှက် ပေးလေ့ရှိတယ်။ ပုလဲငုပ်ဒိုင်ဘာကို လှေနဲ့ဆက်သွယ်ထားတဲ့ ကြိုးဟာ ရေအောက်မှာ တစိုက်မတ်မတ် သွားလေ့ရှိတဲ့ ငါးအူကြီးတွေနဲ့ မကြာခဏ ၀င်တိုးမိလေ့ရှိတယ်။ ငါးအူကြီးရဲ့ ကျောပြင်ဟာ မည်းနက်ကြမ်းရှနေပြီး မျက်လုံးက ချိုလိုထောင်နေတဲ့ အရာနှစ်ခုကလဲ ဒိုင်ဘာတွေရဲ့ ကြိုးတွေ ကို တွယ်ငြိစေတဲ့ အရာတွေပေါ့။ ကြိုးနဲ့ ငါးအူကြီးနဲ့ ငြိပြီး ရှုပ်ထွေးနေပြီဆိုရင်တော့ ဒိုင်ဘာအတွက် အသက်ဘေးနီးပြီပေါ့။ ဒါဆို အကင်းပါးတဲ့ လူတယောက်က အပေါ်ကဆင်း လာပြီး ငါးအူကြီးကို မှိန်းနဲ့ထိုးသတ်လို့ အရှုပ်ဖြေပေးရလေ့ရှိတယ်။
အဲဒီ ငါးအူကြီးဟာ အခုတော့ ဒီကောင့်လက်မှာ ကားယားပါနေပါလား။ ငါးအူကြီးက ကြာပွတ်သဏ္ဍန် ဆူးကြမ်းပါတဲ့ အမြီးနဲ့ ရိုက်ခတ် ကာကွယ်နေပေမယ့် အရာမရောက်လှဘူး။ ကြမ်းတမ်းသန်မာတဲ့ လက်ကြီးတွေဟာ ငါးအူကြီးရဲ့ ခန္ဓာကိုယ်ပြားဝိုင်းကြီးကို ပါးစပ်ဆီရောက် ဆွဲယူနေကြလေရဲ့။ ဒါပေမယ့် အချိန်အတော်ကြာသည်အထိ ဒီကောင်ပါးစပ်နား မရောက် နိုင်ဘူး။ ငါးအူကြီးကလည်း အတော်သန်တဲ့အကောင်ကြီးမို့ ဖျစ်ညှစ်ထားမှုကို အားကုန်ရုန်း ကန်နေတာ ဒယ်အိုးပုံ ကိုယ်ပြားဝိုင်းကြီးရဲ့ အနားသားတွေ စုတ်ပြတ်ကုန်တဲ့အထိပါပဲ။ အချိန် ကြာလာတာနဲ့အမျှ အနိုင်အရှုံးကို ဒိုင်ပွဲရပ်ရမလို ဖြစ်နေတုန်း ဗြုန်းဆို ကျုပ်ကောင်ကြီးက လျှို့ဝှက် လက်နက်တခုကို ထုတ်သုံးလိုက်ပါရော။
အဲဒီ လျှို့ဝှက်လက်နက်ဆိုတာ သူ့လျှာမှာရှိတဲ့ ကြမ်းတမ်းတဲ့ အဆိပ်ကိုပြောတာပါ။ ရန်သူကို နိုင်ချေမရှိတော့ဘူးဆိုရင် (သို့မဟုတ်) ဘတပြန် ကျားတပြန် လက်ရည်တူနေပြီ ဆိုရင် အဲဒီအဆိပ်နဲ့ ဖမ်းထားတဲ့အကောင်ကို ပက်လိုက်ရင် ရန်သူဟာ အဆိပ်ကြောင့် မေ့မြောသွားပါရော။ ဒါဆို စိတ်ချလက်ချ သူ့အစာ ဖြစ်ပြီပေါ့။
တော်ပါပေတယ်။ တော်ပါပေတယ်။ ဒါကြောင့်လည်း အပြောကျယ်တဲ့ ပင်လယ်မှာ ရေဘ၀ဲဆိုတဲ့ အမည်ရင်း ပျောက်ပြီး ရေသရဲ .... ရေသရဲလို့ ကမ္ပည်းထိုးလောက်တဲ့ နာမည်ဆိုး တလုံးနဲ့ ကြောက်စရာ့ထိပ်ခေါင်တင် ရေဘုရင်တဆူအဖြစ် မင်းမူနိုင်တာပေါ့။ အေးစက် ပြူးကျယ်တဲ့ မျက်လုံးအစုံ၊ ကြမ်းရှသန်မာတဲ့ လက်တံများနဲ့ အဆိပ်အိတ်ပါဝင်တဲ့ ကြက်တူရွေး နှုတ်သီးလို ပါးစပ်ကြီးက ပင်လယ်ပြင်မှာ အနိုင်ကျင့် ဗိုလ်လုပ် ကြီးစိုးနိုင်ဖို့ ဧရာမ လက်နက်ကောင်းကြီးတွေပေါ့။
'ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်ခြင်း ရှောင်ကွင်းမလွတ်သာ' တဲ့။ ပင်လယ်ပြင်မှာတော့ ခွန်အားကြီးတဲ့ သတ္တ၀ါက ခွန်အားငယ်တဲ့ အကောင်လေးတွေကို ညှင်းဆဲ သတ်ဖြတ် စား သောက်ပစ်တာ မရှောင်မလွဲသာတဲ့ သဘာဝတရားကြီးတခုပေါ့။ အကြီးအငယ်မပြောနဲ့ အင်အားချင်းတူရင်တောင် မလွတ်တမ်း အားစမ်းယင်း ညံ့တဲ့အကောင် ခံပေရော့။ ဟော ... ငါးအူကြီးအပေါ် အောင်ပွဲဆင်သူကြီးဟာ 'ငါကွ' ဆိုတဲ့ မာန်အပြည့်နဲ့ အစာမှိန်းမှိန်းနေတုန်း ဘယ်ချောင်က ထွက်လာမှန်းမသိတဲ့ ငါးမန်းစွယ်သီကြီးတကောင်ရဲ့ ရန်စခြင်းကို ခံလိုက်ရပြန် တယ်။
ငါးမန်းတွေအထဲမှာ ငါးမန်းစွယ်သီဆိုတာ အသွားထက်ပြီး ရှည်လျားတဲ့ အစွယ်အား ကိုးနဲ့ ခပ်ရင့်ရင့် ခပ်မိုက်မိုက် တွေ့ကရာအကောင်ကို ရန်စတတ်တာမို့ ကျုပ်ကောင်ကြီးနဲ့တော့ တပွဲတလမ်း တွေ့ပြန်ပါပြီ။ အစာဝနေတဲ့ ကျုပ်ကောင်ကြီးဟာ တော်ရုံတန်ရုံဆို ရှောင်ထွက်သွားမှာ ဖြစ်ပေမယ့် အခုဟာက ငါးမန်းတို့ ဝေလငါးတို့ဆိုတော့ သင်းရဲ့ အဓိက ရန်သူလေ။ သူမချလည်း ဟိုကချမှာ သေချာတယ်။
ငါးမန်းစွယ်သီကြီးက မြင်လျင်မြင်ချင်း အစွယ်အားကိုးနဲ့ ကျုပ်ကောင်ကြီးရဲ့ မျက်လုံး တွေကို ထိုးဖောက်ဖို့ ကြိုးစားတာပေါ့။ ရေသရဲဘွဲ့ရထားတဲ့ အကောင်ကလည်း ဘယ်ခေလိမ့် မလဲ။ သန်မာတဲ့ လက်တံကြီးတွေနဲ့ ငါးမန်းရဲ့ကိုယ်ကို ရစ်ပတ်ဖို့ ကြိုးစားတာပေါ့။ ငါးမန်းရဲ့ သန်မာတဲ့ အမြီးဖျားတွေက ရှည်လျားတဲ့ လက်တံတွေကို ပုတ်ထုတ်နေလေရဲ့။ ရေသတ္တ၀ါ နှစ်ကောင် လုံးထွေးသတ်ပုတ် နေကြတာများ ၀ရုန်းသုန်းကား ဆူညံလွန်းလို့ အကောင်ငယ် တွေ၊ အကောင်သေး အကောင်မွှားတွေအားလုံး ကျောက်ကြား ကျောက်ကြို၊ တွင်းအို တွင်းဟောင်းထဲ ပြေးလွှားရှောင်ပုန်း နေကြပါရော။ ကျုပ်ကတော့ နေရာကောင်းရထားတဲ့ ကျောက်ကြားက မခွါပဲ တကောင်တည်းသော ပွဲကြည့်ပရိသတ်ပေါ့။
လက်ရည်တူ သတ္တ၀ါနှစ်ကောင် ဘတပြန် ကျားတပြန် တိုက်ခိုက်နေလိုက်ကြတာ အချိန်အတော် ကြာလာတဲ့အမျှ ပွဲဆက်များခဲ့တဲ့ ကျုပ်ကောင်ကြီးဟာ ခြေကုန်လက်ပန်း ကျလာတာ တွေ့ရတယ်။ ငါးမန်းဆိုတာကလည်း လူတွေကအစ ကြောက်ရွံ့အလေးပြုရတဲ့ အကောင်၊ ဘယ်ညံ့လိမ့်မလဲ။ ဒီတပွဲမှာတော့ ကျုပ်ကောင်ကြီးဟာ သူ့ရဲ့ ရေသရဲဘွဲ့ကို ထိမ်းသိမ်းဖို့အတွက် အစွမ်းကုန် ကြိုးစားရလိမ့်မယ်။
ကျုပ်ကတော့ ကျုပ်ကောင်ကြီးကို စိုးရိမ်လာပြီ။ ဘ၀ဲကြီးရဲ့ ရစ်ပတ်လာတဲ့ လက်တံရှည် ကြီးတွေကို သူ့ရဲ့ အစွယ်နဲ့ လှီးဖြတ်ဖို့ ကြိုးစားတဲ့အတွက် ရန်သူကို ရစ်ပတ် လိမ်ဖြစ်လေ့ရှိတဲ့ လက်တံရှည်ကြီးတွေဟာ အစွယ်ကြားမှာ ယက်ကန်ယက်ကန်နဲ့ ဒီတခါတော့ ကိုယ်ကျိုးနည်းပြီ ထင်ပါရဲ့။
ဟိုက် ရှားပါး၊ ဂွတ်ရှယ်ပဲဗျို့။ ဒီအချိန်မှာ ကျုပ်ကောင်ကြီးဟာ ကျုပ်မထင်ထားတဲ့ လျှိ့ဝှက်လက်နက်ကို ထုတ်သုံးလိုက်ပြန်တယ်။ စောစောက ငါးအူကြီးမှာ သုံးတဲ့လက်နက် တော့ မဟုတ်ဘူး။ ရန်သူကို နိုင်ခြေမရှိတော့တဲ့ အနေအထားမှ အနက်ရောင်မင်ရည်တွေ ပန်းထုတ်လိုက်တာ ၀န်းကျင်တခွင်လုံး မည်းမည်းမှောင်သွားတော့တာပဲ။ ဒီလို ပြုမူလိုက်တာ ဟာ ကျုပ်တို့ အမျိုးအနွယ်တို့ ပြုနေကျ အစဉ်အလာတရပ်ကို ပြုမူလိုက်ခြင်းပါပဲ။ ငါးမန်းကြီး အမြင်အာရုံတွေ ရှုတ်ထွေးပြီး ဘာဆက်လုပ်ရမှန်း မသိတဲ့အချိန်မှာ ဒီကောင်ကြီး လစ်ပြေး တော့တာပဲဗျို့။ ငါးမန်းရဲ့ အစွယ်မှာ ရစ်ပတ်ထားတဲ့ သူရဲ့ သန်မာတဲ့ လက်ကြီးတဖက်ဟာ ငါးမန်းစွယ်မှာ ပြုတ်ကျန်ရစ်ခဲ့လေရဲ့။ ဘယ်လောက်များ မြဲလိုက်သလဲဆိုရင် အဲဒီလက်ဟာ ခန္ဓာကိုယ်က ပြုတ်ထွက်သွားသည့်တိုင် ရန်သူကို မလွတ်တမ်း ဖက်တွယ်ကျန်ရစ်ခဲ့တာ ကြောက်ခမန်းလိလိ သန်မာမှုကြီးပါလား။
ကျုပ်လဲ အခုမှ သက်ပြင်းချပြီး အမောကြီး မောသွားတော့တယ်။ တချိန်လုံး ကြည့်ချင်ပွဲ တွေ တပွဲပြီးတပွဲ ဆက်ကြည့်နေရလို့ အခုမှ ၀မ်းဟာရကောင်းမှန်း သိလာတဲ့ ကျုပ်ဟာ တအောင့်တနား အခြေအနေကို ကြည့်ပြီး ကျောက်ကြိုကျောက်ကြားက ပြားဝိုင်းဝိုင်း ခန္ဓာ ကိုယ်ကို လျောထွက်လိုက်တယ်။ အပြင်မှာတော့ အရာရာဟာ ပုံမှန်အတိုင်းပါပဲ။
လေပြေလေညှင်းကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းအလျားရှည်ကြီးတွေ အပြေးမှာ လှိုင်းငြိမ့် စီးပြီး သဘာဝ ဟင်းလင်းပြင်ကျယ်ကြီးနဲ့ မိတ်ဆွေဖြစ်ရတာလောက် ပျော်စရာကောင်းတာ မရှိဘူး။ လှိုင်းလုံးကြီးတွေ ဆိုတာက ရွေ့လျားနေတာ မှန်ပေမယ့် တကယ်တော့ ရေမှုန်ကလေး တွေက ၀ိုင်းခြာပတ်လည် တုန်ခါနေခြင်းသာ ဖြစ်တယ်။ လေပြေလေညှင်း ကြာလေ လှိုင်းအလျား ရှည်လေ။ အဲဒီ ကမ်းရိုက်လှိုင်းတွေကို တလိမ့်လိမ့်စီးပြီး ကျုပ် သောင်ပြင်သဲစပ် ကို ရောက်သွားတော့ ကမ္ဘာလောကကြီးဟာ ညနေစောင်း နေခြည်အောက်မှာ ကြည်လင် ရှင်းသန့် နေလေရဲ့။
အဟား..... ပွဲတော်ကြီး တွေ့နေပါပေါ့လား။ ညှာတံတခုစီ ၀င်လိုက်ထွက်လိုက် လုပ်တတ်တဲ့ ကြောင်စီစီ ရယ်စရာ မျက်လုံးပိုင်ရှင်တွေကတော့ ပြေးတာလည်းမဟုတ်၊ တွားတာလည်း မဟုတ်၊ ဘေးတိုက်ခွကျကျ ခြေလှမ်းတွေနဲ့ သြဲပင်သောင်ပြင်စပ်မှာ ချီတက်လို့ လာပါပြီ။ အံ့ဘွယ် ရင်အုပ်ကာ သံချပ်တွေနဲ့ မာကျောတဲ့ အခွံထူတွေကို ထမ်းပိုးလို့ မြင်မြင်သမျှ ဖမ်းညှပ်မယ့် လက်မကြီးနှစ်ဖက်ကို ရမ်းခါပြီးတော့ပေါ့။ သူတို့ရဲ့ စိုစွတ်တဲ့ ပါးဟက်တွေကြောင့် ကုန်းပေါ်မှာ နေနိုင်ပြီး လှော်တက်လို ခြေချောင်းတွေကြောင့် ရေမှာလည်း ကူးနိုင်တဲ့ ဂဏန်းကောင်ကလေးတွေ။
ဒီကောင်လေးတွေဟာ သောင်ပြင်မှာ လျှောက်လို့ အားရရင် ရေထဲဆင်းလာကြတာ ဓမ္မတာပါပဲ။ သူတို့ရဲ့ ရင်အုပ်ကာ သံချပ်တွေနဲ့ စူးထက်တဲ့ လက်မကြီးတွေဟာ ကျုပ်အတွက်တော့ ဖြုံလောက်စရာ အနှောက်အယှက်တွေ မဟုတ်ဘူး။ စုပ်ခွက်ပါတဲ့ လက်တံ ကြားမှာ ယက်ကန်ယက်ကန် ပါလာတဲ့ ကောင်လေးတွေဟာ ကျုပ်အတွက် အကောင်းဆုံး ညစာတွေပေါ့။
ဟော ... စားရင်းသောက်ရင်းနဲ့ အမှောင်ချဉ်းလာပါပေါ့။ ဟိုခပ်လှမ်းလှမ်းမှာ ဟိုတစု သည်တစုနဲ့ စူးလက်တောက်ပနေတဲ့ အရာတွေဟာ ဘာပါလိမ့်။ ဟင် ဒီအရာတွေဟာ လှေကြီးတစင်းရဲ့ ပတ်ဝန်းကျင်မှာ ဖြာထွက်နေတဲ့ အရာတွေပါလား။ လှေဆိုတော့ လူတွေနဲ့ ပါတ်သက်နိုင်တယ်။ လူကိုတော့ အတတ်နိုင်ဆုံး ရှောင်မှ။ လူတွေဟာ သိတ်ဥာဏ်များတယ်။ ပိုက်ခြုံပိုက်တန်းတွေနဲ့ ကျုပ်တို့ကို မျိုးပြုန်းအောင် လုပ်နေတဲ့ လူတွေ။ ကျုပ်က ငါးတွေလို ခပ်အအ ကောင်မဟုတ်ဘူး။ အန္တရာယ်ကို သတိထားတယ်။ အခုဟာက ပိုက်ခြုံတန်းလည်း မဟုတ်၊ ဘာပါလိမ့်။ ကောင်းကင်က ကြယ်တွေပဲ ပင်လယ်ကြီးထဲ ရေသောက်ဆင်းကြတာ လား။ ရေပြင်ထက်မှာ အလင်းရောင်တွေ ဟိုမှာ သည်မှာ မွစာကြဲလို့။ တခုခုတော့ တခုခုပဲ။ လေ့လာကြည့်ဦးမှ။
အမယ် ရေသောက်ဆင်းတဲ့ ကြယ်တွေအနားမှာ ကင်းမွန်အကောင်ငယ်လေးတွေ စုပြုံ တိုးဝှေ့နေကြပါလား။ ဟေ့ .. ဟေ့ နေကြဦး၊ ဘာအတွက် တိုးနေကြတာလဲ။ ကျွတ်..... စိတ်ပျက်ဖို့ ကောင်းလိုက်တာ။ ကျုပ်မေးနေတာ ဘယ်သူမှ မဖြေဘူး။ ငါးတွေက ထုံ အအ၊ ကင်းမွန်တွေက ထူနန။ ကျုပ်နဲ့ အမျိုးတူပေမယ့် ကျုပ်က ဒီကောင်လေးတွေကို ဘယ်တော့မှ အပေါင်းအသင်း မလုပ်ဘူး။ အစွမ်းတုံး အစတုံးတွေ။ ကြည့်လေ မေးတာမဖြေဘဲ ရှေ့ကိုပဲ နင်းကန်ပြီး စုပြုံတိုးဝှေ့နေကြတယ်။ ဒီလောက်တောင် ဖြစ်လှတာတွေ တိုးတယ်ကွာ တိုးတယ်။
အိုး.... မျက်စိကျိန်းလိုက်တာ။ ကြယ်တာရာတွေ သိန်းသောင်းချီတဲ့ အလင်းရောင်မျိုးနဲ့ ဒီလောက်လင်းတဲ့ အလင်းအား ဘယ်မှာများ ရှိလိမ့်မတုန်း။ အလင်းအောက်မှာ ကျုပ်တကောင်တည်း အကြီးဆုံး၊ အထွားဆုံး။ ကျုပ်ဗလ ကျုပ်အလှကို အကောင်ကလေးတွေ ကြားမှာ အထင်းသား မြင်နေရတယ်။ တိုးရင်း တိုးရင်း ဇိမ်တွေ့လို့ကောင်းတုန်း ဗြုန်းဆို အလင်းတွေ ပျောက်ဆုံးသွားပါပေါ့။ ကြယ်တွေ မိုးပေါ်ပြန်တက်ကုန်ပြီ ထင်ပါရဲ့။ စောစောက ဟိုတစု သည်တစု အလင်းစုတွေ ဘယ်ရောက်ကုန်ပါလိမ့်။
ဟော တွေ့ပြီ တွေ့ပြီ။ ဟို ခပ်လှမ်းလှမ်းမှာ အလင်းတွေ သွားစုနေတာကိုး။ တိုးကြဟေ့၊ တိုးကြ... တခုတည်းသော အလင်းစုဆီ တိုးဝင်ကြ။ အကောင်ငယ်ကလေးတွေ ကြားမှာ ကျုပ်ဗလကြီး အားကိုးပြီး ရှေ့ဆုံးကပေါ့။ တခုတည်းသော အလင်းစုအောက်ရောက်တော့ ကျုပ်ကျေနပ်သွားတယ်။ 'ဘာရမလဲ ငါကွ' ဆိုတဲ့ မာန်မာနနဲ့ပေါ့။
ကျုပ်တို့လို ဟိုသည်စု နေတဲ့ အလင်းရောင်တွေဆီက ကင်းမွန်ငယ်ကလေးတွေ အားလုံး တခုတည်းသော အလင်းစုကြီးဆီ စုပြုံရောက်နေလိုက်ကြတာ ဧရာမ အစုအဝေး ကြီးပေါ့။ ဘာမှန်းမသိ တိုးနေလိုက်ကြတာလဲ ကြာလာတော့ မွန်းကြပ်သလိုတောင် ဖြစ်လာတယ်။ ဒီနေရာဟာ လုံခြုံမှု မရှိဘူး။ အန္တရာယ် အငွေ့အသက် ရှိတယ်ဆိုတာ ထူအအ ကင်းမွန်ကောင်တွေ မသိပေမယ့် ကျုပ်သိလိုက်တယ်။ ဒါကြောင့် အပြင်ဘက်ကို အမြန်ဆုံး တိုးထွက်လိုက်တယ်။ တိုး..... တိုး... အပြင်ဘက်ကို တိုး။ ဟင်း... ဘယ်လိုပါလိမ့်။ တိုးနေလိုက် တာ အပြင်ဘက် မရောက်ပဲ အတွင်းကိုဘဲ ပြန်, ပြန် ရောက်လာပါပေါ့။
တချိန်ထက် တချိန် ပိုပြီး မွန်းကြပ်လာတယ်ပါလား။ ထွက်ပေါက် ဘယ်မှာလဲ ထွက်ပေါက်။ အလို.... အပြင်ဘက်ကို ဘယ်ရောက်နိုင်လိမ့်မတုန်း။ ပိုက်ဝိုင်း မိနေပါပကော။ တိုးဝင်လာတုန်းက အလင်းစုကို အာရုံရောက်နေတာနဲ့ ပိုက်ကို မမြင်မိပါလား။ မဟုတ်ဘူး။ ပိုက်က ရှိကို မရှိသေးတာပါ။ အလင်းစုကြီးအောက် ကျုပ်တို့ အားလုံးရောက်တော့မှ အပြင်ဘက်က ပိုက်ဝိုင်းလိုက်တာ နေမှာ။ ဒါတွေဟာ လူတွေရဲ့ တမင်တကာ ပြုလုပ် ဖန်တီးချက်တွေပါလား။
ကျုပ်မှာ ရှိတဲ့ သန်မာပြီး စုပ်ခွက်ပါတဲ့ လက်တွေ၊ ရန်သူကို လှည့်စားလို့ရတဲ့ မင်ရည်အိတ်တွေ သွားပါပြီ။ ဘာမှ အသုံးချလို့ မရတော့ပါဘူး။ ကျုပ်ကိုကျုပ် အထင်ကြီးပြီး လူတွေရဲ့ လှည့်စားမှု အလင်းထောင်ချောက်အောက်ကို ရောက်နေပါပေါ့လား။ ဘုရား... ဘုရား...။ ဒီအချိန်မှာ ကျုပ်အတွက် ချောက်ချားဖွယ်စကားသံ တချို့ကို မမျှော်လင့်ပဲ ကြားလိုက်ရတော့တယ်။
"ဒီမှာ ကြည့်ကြစမ်းဟေ့။ နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး။ ကင်းမွန်တွေကြားမှာ ပြည်ကြီးငါးလို့ခေါ်တဲ့ 'ကင်းမွန်ဘဲလိပ်'ကြီး တကောင်။ ဧရာမ ကင်းမွန်ဘဲလိပ်ကြီး၊ အသားတိုးတိုး အဆီဖြိုးဖြိုး အတော် အချိန်စီးမယ့် အကောင်ကြီး။ လမ်းမှားပြီး ၀င်လာတယ်။ ပွတာပဲဟေ့။ ဟိုတယ်မှာ သွားသွင်းရလို့တော့ကွာ"။ ။

မိချမ်းဝေ။
{လူထုစာအုပ်တိုက်က ထုတ်တဲ့ "ကမာရင်ကွဲ နဲ့ အခြားပင်လယ်ဝတ္ထုတိုများ" စာအုပ်က ကူးယူဖော်ပြပါတယ်။}
[မာယာ စာအုပ် August 15, 2003 မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ်အတွက် ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။]

Tuesday, July 8, 2008

ကြပ်ငခွေး
ရေးသူ - ဗန်းမော်တင်အောင်

[၁]ပြည်တော်သာပန်းတိုင်ဆီသို့ ဤတိုင်းပြည်ကြီးအား ချီတက်ခိုင်းကြစဉ် ယခင်ကာလ များက ရန်ကုန်ထောင်ကြီးအတွင်း၌ မကြာခဏဆိုသလို လာရောက် အပန်းဖြေ နေထိုင်တတ် လေ့ ရှိကြကုန်သော ငခွေးပေါင်းမြောက်မြားစွာ ရှိကြသည့်အနက် စိတ်ဝင်စားဘွယ်ရာ ကောင်းလှလိမ့်မည် ထင်ရသော တယောက်သော ငခွေး၏အကြောင်းကို ကျွန်တော်သည် ရေးသားဖော်ပြခြင်း ပြုလိုပေသည်။ ဤ၀တ္ထု၏ ဇာတ်ဆောင်ဖြစ်သော တယောက်သော ငခွေးအပါအ၀င် မြောက်မြားလှစွာသော ယင်းငခွေးတို့သည် လောကငရဲဘုံ ဟူ၍၎င်း၊ ကိုးပါးမြောက် ရပ်ပြစ်ဟူ၍၎င်း၊ ခေါ်ဝေါ်သမုတ်ထားကြသော အကျဉ်းထောင်ကြီးသို့ သူတို့ လူသိုက်သည် ၀င်လာလိုက် ထွက်သွားလိုက်၊ ထွက်သွားပြီးနောက် လမကြာမီ ပြန်ဝင်လာလိုက်နှင့် တံခါးမရှိ ဓါးမရှိဘဲ ၀င်လိုက်ထွက်လိုက် လုပ်နေကြလေသည်။ ယင်းသို့ န၀မမြောက် ရပ်ပြစ်အတွင်းသို့ တံခါးမရှိ ဓါးမရှိဘဲ ထင်သလို ၀င်လိုက် ထွက်လိုက် လုပ်နေကြကုန်သော ငခွေးပေါင်း မြောက်မြားစွာတို့ အနက်၊ ဤ၀တ္ထု၏ အဓိက ဇာတ်ဆောင် ကြီး ဖြစ်ပေသော တယောက်သော ငခွေး၏ဇာတ်ကြောင်းကို ရေးသားဖော်ပြခြင်းမပြုမီ အခြား အခြားသော နာမည်ကြီး ငခွေးအနည်းငယ်တို့၏ အကြောင်းများကိုလည်း အကြမ်းဖျင်း လောက်တော့ ရေးသားဖော်ပြခြင်း ပြုရန် လိုအပ်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။


မြို့ကြီးရပ်ကြီးများမှ လူကုံထံ ကြေးရည်တတ်တို့သည် ၎င်းတို့၏ သားယောက်ျား ကလေးများကို မိမိတို့အသီးသီး၏ နာမည်အရှေ့များတွင် တွမ်၊ ဒစ် နှင့် ဟယ်ရီ ဟူသော ဗိုလ်ဆံဆံ နာမည်များ ပေးလေ့ရှိတတ်ကြသည်။ အချို့သော မဟာဆန်ချင်သူများကတော့ ၎င်းတို့ အသီးသီး၏ နာမည်များရှေ့တွင် ခင်မောင်မောင်၊ တင်မောင်မောင်နှင့် ရင်မောင်မောင် ဟူသော နန်းဆံဆံ နာမည်ကလေးများကို တပ်ဆင်ကာ ခင်မောင်မောင်ဦး၊ တင်မောင်မောင် လတ် နှင့် ခင်မောင်သက်ချိုဦး စသည်ဖြင့် မှည့်လေ့ရှိကြလေသည်။ သို့ရာတွင် ငခွေးဆိုသော နာမည် သည်ကား အထက်ဖော်ပြပါ မြို့ကြီးပြကြီးများနှင့်၎င်း၊ လူကုံထံ ကြေးရည်တတ်များ၊ မဟာဆန်ချင်သူများနှင့်၎င်း၊ မည်သို့မျှ မသက်ဆိုင်ချေ။ ပြဒါးနှင့် သံကဲ့သို့ တလမ်းစီသာ ဖြစ်ပေသည်။ ငခွေးဆိုသော နာမည်သည် မြို့ကြီးရပ်ကြီးများနှင့်၎င်း၊ လူကုံထံကြေးရည်တတ် များ မဟာဆန်ချင်သူများနှင့်၎င်း၊ ဝေးသော အလွန်ဝေးသောတောလက်ကျေးရွာများနှင့်သာ သက်ဆိုင်သော နာမည်ဖြစ်ပေသည်။ ဆင်းရဲသား တောင်သူလယ်သမားများနှင့် ဘိုးသုည ကြီးငယ်တို့က ၎င်းတို့၏ သားယောက်ျားလေးများကို လွယ်လင့်တကူနှင့် ချစ်စနိုး ခေါ်ဝေါ်ခြင်း ပြုတတ်ကြသော လူထုနာမည် သို့မဟုတ် မြန်မာ့ရိုးရာနာမည် တလုံးမျှသာလည်း ဖြစ်ပေသည်။ လူဦးရေများပြားလှသော အချို့သော ကျေးရွာများ၌ ငခွေးနာမည်များသည် မြားပြားလွန်းလှ၍ ခွေးဖြူ၊ ခွေးနီ၊ ခွေးညို၊ ခွေးပုနှင့် ခွေးပိန် စသဖြင့်နာမည်ကွဲကလေး များကိုပင် မှည့်ခေါ်လေ့ ရှိတတ်ကြလေသည်။
ယင်းသို့ နာမည်ခွဲများ မှည့်ခေါ်ခြင်းပြုနေသည့်ကြားမှ ငခွေးနာမည်များသည် များပြား နေရပြန်ကား ငခွေးများကို ရှင်းလင်းသိသာအောင် ခွဲခြားခြင်း ပြုနိုင်ရန်အတွက် ကိုရာကျော် သား ငခွေး၊ မခွေးမသား ငခွေး၊ ဘုန်းကြီးယောက်ဖ ငခွေးနှင့် ဒေါ်ဂွမ်းပုံသမက် ငခွေး စသော နာမ၀ိသေသနများကို ၎င်းတို့ရပ်ရွာ၏ သီးခြား အနေအထားအလိုက် တပ်ဆင်ပေးထားတတ် ကြလေသည်။ ရန်ကုန်ထောင်ကြီး၏ တံခါးအတန်တန် အထပ်ထပ်ကို ထင်သလိုဖွင့်ကာ ၀င်ချင်သလို ၀င်လေ့ရှိတတ်ကြသော ကျွန်တော်၏ အထက်ပါငခွေးများသည် ကျေးလက်၏ ရလဒ်များပင် ဖြစ်ကြလေသည်။ သူတို့၏ မိဘများသည် ဆင်းရဲသော တောင်သူလယ်သမား သား တောင်သူလယ်သမားသာ ဖြစ်ကြလေသည်။ ထို့ကြောင့် ငခွေးတို့သည် လောကဓတ်၏ သိပ္ပံကျောင်းများ၌ ပညာသင်ကြားခွင့် မရှိခဲ့ကြချေ။ တောရွာ၌ ဘုန်းကြီးကျောင်းများတွင်သာ စာအံကြရပေသည်။ စာအံကြသည် ဆိုရာ၌လည်း အေးအေးဆေးဆေးနှင့် ဖြောင့်ဖြောင့် တန်းတန်း အံကြရသည် မဟုတ်ချေ။ မိဘတို့၏ လယ်ယာလုပ်ငန်းများတွင် တဖက်မှ ကူညီဝင်ရောက်လုပ်ကိုင်ကြယင်း၊ မင်္ဂလာသုတ်လောက်ကိုပင် အနိုင်နိုင် သင်ကြားကျက်မှတ် ခဲ့ရသူများ ဖြစ်လေသည်။ သေစာ ရှင်စာလောက် ဖတ်တတ်လျင်ပင် ငခွေးတို့ လူသိုက်သည် ဆင်းရဲသော ၎င်းတို့၏ မိဘများနှင့် ဒိုးတူဘောင်ဘက် ၀င်ရောက် လုပ်ကိုင်ကြရပေသည်။ မိမိတို့အား ထွန်များကို နိုင်လာသည်နှင့် တပြိုင်နက် ၎င်းတို့၏ ဘ၀လမ်းခရီးအတွက် ၎င်းတို့ ဘာသာ ပြင်ဆင်လုပ်ကိုင်ကြရ ရှာလေသည်။ သို့ရာတွင် ငခွေးတို့ လူသိုက်အား ကစင့်ကလျား ဖြစ်သွားစေခဲ့သော အဖြစ်အပျက်နှစ်ခုတို့သည် ဤတိုင်းပြည်၌ ဆယ်လီစု နှစ်အနည်းငယ်မျှ အတွင်း ဖြစ်ပွါးပေါ်ပေါက် လာခဲ့ပေသည်။ ပထမအဖြစ်အပျက်မှာ ဒုတိယကမ္ဘာစစ်မီးကြီး ဤတိုင်းပြည်သို့ ကူးစက်လာခြင်းနှင့်အတူ ဝေသာလီပြည်သို့ သူရဲများ ၀င်သလို ၀င်လာကြ သော ဖက်ဆစ်ဂျပန်များ ဖြစ်ပေသည်။ ဒုတိယ အဖြစ်အပျက်သည်ကား ဤတိုင်းပြည်၏ လွတ်လပ်ရေးကို ထုတ်ပြန်ကြေညာပြီးနောက် ဖြစ်ပွါးပေါ်ပေါက်လျက်ရှိနေခဲ့သော ပြည်တွင်း စစ်ပင် ဖြစ်လေသည်။ အထက်ဖော်ပြပါ အဖြစ်အပျက်ကြီး နှစ်ခုတို့သည် မိရိုးဖလာအတိုင်း တောလက်ကျေးရွာများတွင် စိုက်ပျိုးလုပ်ကိုင် စားသောက်နေကြသော ငခွေးတို့လူသိုက်အား ကတ္တရာစေးလမ်းမကြီးများပေါ်သို့၎င်း၊ မြို့ကြီးရပ်ကြီးများကို၎င်း၊ လှုပ်ခါ မောင်းတင်လိုက်ပေ သည်။ မြေကြီးကို ထွန်ယက်စိုက်ပျိုးတတ်သော အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်း ခဲ့ရသော ငခွေးတို့ လူသိုက်အတွက် ကတ္တရာစေးလမ်းမကြီးများနှင့် မြို့ကြီးရပ်ကြီးများတွင် သင့်လျော်သော အလုပ်အကိုင်များ ရှာပါးလှပေသည်။ ဘီအက်စ်စီ အင်ဂျင်နီယာဘွဲ့ကို ရသူ များပင်လျင် အထက်တန်းစာရေးကြီး လုပ်ကိုင်နေရသော မြို့ကြီးရပ်ကြီးများတွင် သေစာရှင်စာ မျှကိုပင် အားစိုက် ဖတ်ရှုရေးသားခြင်း ပြုကြရသော ငခွေးတို့ လူသိုက်ကို အဘယ်သူကမျှ အသုံးမပြုနိုင်ကြချေ။ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်လာကြသောအခါ ငခွေးတို့ လူသိုက်သည် တောတွင်းသားတို့ရဲ့ ဥပဒေအတိုင်း ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအမှုကို လိုက်နာလုပ်ကိုင် လာကြရပေတော့သည်။ ယင်းသို့ ပြည်တော်သာ ပန်းတိုင်ဆီသို့ မင်းလုပ် နေကြသူများက ဤတိုင်းပြည်အား ချီတက်ခိုင်းနေကြသော ကာလများအတွင်း တောတွင်း သားရဲတို့၏ ဥပဒေများကို မြို့ကြီးရပ်ကြီးများ၌ ထူထောင်ရန် ကြိုးပမ်းအားထုတ်လာကြသော ငခွေးတို့ လူသိုက်အားအကျဉ်းထောင်များအတွင်းသို့ လှောင်ပိတ်ထားကြခြင်းပင်ဖြစ်သည်။ မည်ကဲ့သို့ပင် ဖြစ်စေ ပြည်တော်သာခေတ်က ရန်ကုန်ထောင်ကြီးအတွင်း၌ မကြာခဏဆိုသလို လာရောက်အပန်းဖြေ နေထိုင်လေ့ ရှိကြကုန်သော ငခွေးပေါင်း မြောက်မြားစွာ ရှိကြသည့် အနက်၊ ကြပ်ငခွေး အမည်ရှိသော ဤ၀တ္ထု၏ အဓိက ဇာတ်ကောင်ကြီးအကြောင်းကို ရေးသားဖော်ပြခြင်း မပြုမီ အခြားခြားသော နာမည်ကြီး အနည်းငယ်တို့၏ အကြောင်းများကို အကြမ်းဖျဉ်း လောက်တော့ ကျွန်တော်သည် ရေးသားဖော်ပြလိုသည်။

[၂]
ရှေးဟောင်း ပုဂံရာဇ၀င်၌ ရခဲလှပေသော ပုဂံပြည် ထီးနန်းစည်းစိမ်ကို စလေငခွေး ဆိုသူ အညတြတဦးက ရရှိဘူးသည့်အကြောင်း ရှေးဟောင်းရာဇ၀င်များ၌ တွေ့ရှိဖတ်ရှုဘူး သူများ ရှိကြပေလိမ့်မည်။ စာရေးဆရာကြီး စစ်ကိုင်းဦးဘိုးသင်းသည် အထက်ပါ စလေငခွေး အကြောင်းကို ရာဇ၀င်ဝတ္ထုအဖြစ်ဖြင့် ရေးသားခြင်း ပြုဘူးလေသည်။ သို့ရာတွင် ရန်ကုန် ထောင်ကြီးအတွင်း၌ နာမည်တလုံးနှင့် မကြခဏ လာရောက်နေထိုင်လေ့ရှိသော စလေ ငခွေး တယောက်ကမူ မည်သည့် ထီးနန်းစည်းစိမ်ကိုမျှ မရချေ။ စလေငခွေးသည် အထက် အညာသားတယောက်ပြီပြီ ရိုးရိုးဖြောင့်ဖြောင့်နေထိုင် ပြောဆိုတတ်လေသည်။ ထိုငခွေးသည် သူတပါး၏ အသက်ကိုလည်းမသတ်၊ သူတပါး ဥစ္စာကိုလည်း မခိုးမ၀ှက်၊ မလုယက် မတိုက်ခိုက်၊ အရက်သေစာကိုလည်း မသောက်စား၊ သူတပါးအိုးအိမ်နှင့် သားမယား ကိုလည်း မကျူးကျော်၊ မုသာဝါဒကိုလည်း မပြောဆိုတတ်ချေ။ ထိုသို့ ကံငါးပါးကို ထိန်းသိမ်းခြင်း ပြုလိုက်ရုံနှင့်ပင် စလေငခွေးသည် ရန်ကုန်ထောင်ကြီးအတွင်းသို့ ငါးကြိမ်တိုင်တိုင် ၀င်လိုက်ထွက်လိုက် လုပ်ခဲ့ချေသည်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံသော ထိုငခွေးသည် အဘယ့်အတွက် ထောင်ငါးကြိမ်မျှပင် ကျခဲ့ရသနည်း။ ကျွန်တော်သည် စလေငခွေးဆိုသော နာမည်တလုံးနှင့် ထိုငခွေးအမည်ရှိသော ထိုထောင်ကျ ကို မေးမြန်းစုံစမ်းခြင်း ပြုခဲ့လေသည်။ အညာသားပီပီ ထိုသတ္တ၀ါသည် စကားကို သွယ်ဝိုက်၍ မပြောတတ်ချေ။
"ကျွန်တော်က လူအငှားရိုက်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းရတဲ့ လူကိုး အကို" ဟု ခပ်တိုတို နှင့် နားလည်လွယ်အောင် စလေငခွေးက ပြန်ပြောလေသည်။ ထိုသို့ သူ၏ အသက်မွေးဝမ်းကျောင်းရသော အလုပ်အကိုင်ကို ထုတ်ဖော်ပြောဆိုရသည့်အတွက် ထိုငခွေး သည် ရှက်ကြောက် ၀မ်းနည်းပုံမရချေ။ ဂုဏ်ပင် ယူလိုသည့်ဟန် ရှိသည်။
"သည်အတတ်ပညာကို တောမှာတုန်းကတော့ ကျွန်တော် မတတ်ခဲ့ပါဘူးအကို၊ မြို့ရောက်လာတော့မှဘဲ သမုဒ္ဒရာဝမ်းတထွါအတွက် မလုပ်ရင် မဖြစ်တော့လဲ လုပ်ယင်းကိုင် ယင်း တတ်လာတာပါ" ထိုကဲ့သို့လည်း ဆက်လက်ပြောဆိုလေသည်။
"တခါရိုက်ရင် ဘယ်လောက်ရသလဲကွ" ကျွန်တော်သည် ၀င်ငွေကို စပ်စပ်စုစု မေးလိုက်မိသည်။
"အခြေအနေနဲ့ ခေါင်းလိုက်လို့ ရတယ်အကို၊ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး ရိုက်ပေးရရင် သိပ်မရပါဘူး၊ စီးပွါးရေးတို့၊ မိန်းမကိစ္စတို့နဲ့ ပတ်သက်ပြီးရိုက်ပေး ရရင်တော့ ခေါင်းလိုက်ပြီး ငါးရာက ငါးချီထိ ရပါတယ်" ကျွန်တော်သည် မိမိခေါင်းကို ယောင်၍ပင် စမ်းကြည့်မိလေသည်။
ငခွေးသည် ထိုမျှနှင့် ရပ်မနေလိုက်သေးချေ။ ဆက်ပြန်သည်။
"အယင်တပါတ် မြူနီစပါယ် ရွေးကောက်ပွဲတုန်းက လမ်းမတော်မှာ မဲဆွယ်တဲ့ လူတယောက် ခေါင်းကွဲသွားတာ အကို သတင်းစာထဲမှာ တွေ့လိုက်ပါလိမ့်မယ်၊ အဲဒါ ကျွန်တော့် လက်ရာပေါ့အကို... ဒါပေမယ့် ဈေးမကောင်းလှပါဘူး၊ သုံးဆယ်ထဲ ပေးတယ်"
ယင်းသို့ အငှားရိုက်ပေးရသော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းရသော စလေငခွေးအပြင် အာဖျံငခွေးဆိုသူတဦးလည်း ရှိသေးသည်။ အာဖျံငခွေးသည် စလေငခွေး ကဲ့သို့ လက်ရုံးရည်သမားတဦးတော့ကား မဟုတ်ချေ။ သူသည် နှလုံးရည်သမားတဦးတော့ ဖြစ်နိုင်လိမ့်မည် ထင်ပေသည်။
အာဖျံငခွေး ဆိုသည့်အတွက် ထိုငခွေးသည် ဘိန်းစားတယောက်ဟူ၍ မထင်မှတ် စေလို။ ထိုသတ္တ၀ါသည် ဘိန်းကိုထားဘိဦး၊ ဆေးလိပ်ကိုမျှပင် သောက်တတ်သူတဦး မဟုတ်ချေ။ သို့ရာတွင် အာဖျံဟူ၍ တွင်ရခြင်းမှာ ထိုငခွေးသည် ဘိန်းချမှုဖြင့် ရန်ကုန် ထောင်ကြီးအတွင်းသို့ သုံးကြိမ်မျှ လာရောက်နေထိုင်ဘူးသောကြောင့် ဖြစ်ပေသည်။ ထိုသို့ ဆိုလိုက်သည့်အတွက် အာဖျံငခွေးကို ဘိန်းချနိုင်လောက်သော ကြေးရည်တတ်ကြီးတဦး တယောက် အနေနှင့်တော့လည်း အထင်မကြီးသွားစေလိုပေ။ စင်စစ် အာဖျံငခွေးသည် ဘိန်းချလေ့ရှိသော တရုတ်သူဌေးသူကြွယ်များအတွက် နာမည်ခံ၊ သိုမဟုတ် အငှားလိုက် ထောင်ကျပေးရသော သတ္တ၀ါတကောင်မျှသာ ဖြစ်လေသည်။ ထိုထက်ရှင်းအောင် ရေးသား ရလျှင် အာဖျံငခွေးသည် ထောင်ကျစားနေသော လူတယောက်ယူ၍ ရေးသားရပေလိမ့်မည် ထင်ပေသည်။
ယစ်မျိုးဘက်က ၎င်းတို့၏ ဘိန်းများကို ဘမ်းဆီးမိသော အခါများတွင် အဖမ်းခံရသော တရုတ်ဘိန်းကုန်သည်များသည် ငခွေးကို လိုက်လံရှာဖွေကာ တရားခံအငှားလိုက်ဖို့ ငှားရမ်း ခြင်း ပြုလေ့ရှိကြသည်။ ငခွေးကလည်း လခကောင်းကောင်းရလျင် အငှားလိုက်တတ်လေ သည်။
"မင်းအခုလို ထောင်ကျခံတဲ့အတွက် သူတို့က ဘယ်လို ပေးသလဲကွ" ဟု ကျွန်တော်က အာဖျံငခွေးအား မေးကြည့်မိလေသည်။
"အမှုအနေအထားလိုက်ပြီးတော့ ရပါတယ်ဆရာ၊ အမှုကကြီးနေရင် ကြီးသလိုပေး တယ်၊ အမှုငယ်နေရင်တော့လဲ သူ့အိုးနဲ့သူ့ဆန် တန်ရုံတော့ ရပါတယ်"
"ထောင်ကျခံပေးတဲ့အတွက် တလတလကို ဘယ်လောက် ၀င်ငွေ ရှိသလဲဟင်"
"နှစ်ရှည်ရင်တော့ တလတလကို သုံးရာလောက် စီတယ်ဆရာ၊ လပိုင်းဆိုရင်တော့ တရာ့ငါးဆယ်၊ နှစ်ရာလောက်ပဲ ရပါတယ်"
ဤကဲ့သို့ အငှားတရားခံ လိုက်စားသော စလေငခွေးနှင့် အာဖျံငခွေးတို့နှစ်ယောက် အပြင် ကရင်ငခွေးဆိုသော ထိုငခွေးတယောက်အကြောင်းကိုလည်း ရေးသားဖော်ပြအပ်သည် ဟု ကျွန်တော်ထင်ပါသည်။
ကရင်ငခွေးဆိုသော ထိုငခွေးမှာ ကရင်အမျိုးသားတယောက်ဖြစ်လေသည်။ ကရင် အမျိုးသားပီပီ ထိုငခွေးသည် ရိုးသားရှက်ကြောက်တတ်သော စိတ်နေသဘောထားနှင့် အမူအရာများ ရှိလေသည်။ သူသည် စကားကို များများစားစား မပြောတတ်ချေ။ ပြောသောအခါလည်း တိုတိုတောင်းတောင်းသာ ပြောဆိုတတ်လေသည်။
ကရင်ငခွေးသည် အထက်ဖော်ပြပါ ငခွေးနှစ်ယောက်တို့နှင့် ခြားနးခြင်းရှိလေသည်။ သူသည် ထောင်တခါတည်းသာ ကျဘူးသူ ဖြစ်လေသည်။ သို့ရာတွင် သူ့တခါမှာ အနှစ်နှစ်ဆယ်မျှ ကျရသော တခါဖြစ်လေသည်။
"ဘာမှုနှင့် ကျတာလဲ ဟင်" ကျွန်တော်က ကရင်ငခွေးကို မေးကြည့်ရပေသည်။
"မမေးပါနဲ့ပတော့ အကိုကြိးရာ"
ကရင်ငခွေးသည် ၎င်းထောင်ကျရသောအကြောင်များကို များစွာပြောဆိုလိုဟန် မရှိချေ။
"နိုင်ငံတော်သစ္စာဖောက်မှုလို့ကြားတယ်- ဟုတ်လားကွ"
ကရင်ငခွေးသည် ဦးခေါင်းကိုသာ ညိတ်ပြယင်း ၎င်း၏ ဆေးတံတွင်းသို့ ဆေးတအိုးစာ ထည့်လေသည်။

[၃]

အထက်တွင် ဖော်ပြခဲ့သော စလေ၊ အာဖျံ နှင့် ကရင်ငခွေး သုံးဦးတို့အပြင် အခြား အခြားသော ငခွေးပေါင်းမြောက်မြားစွာလည်း ကျန်ရှိပေသေးသည်။ သို့ရာတွင် ဤ ၀တ္ထုသည် ကြပ်ငခွေး၏ အကြောင်းအရာ ဖြစ်သောကြောင့် ထိုကျန်သော ငခွေးများကို ချန်လှပ်ထားခဲ့ပြီး နောက်၊ အဓိက ဇာတ်ဆောင်ကြီးဖြစ်သော ထို ငခွေးတကောင်၏ အကြောင်းကို စတင်ရေး သားဖော်ပြဘို့ သင့်လောက်ပြီဟု ထင်ပေသည်။
ကြပ်ငခွေးကို အဝေးကပင် မြင်နိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နာမည် ရှေ့တွင် တပ်ဆင်ထားသော နာမ၀ိသေသနအတိုင်း သူ၏ လည်ပင်းတခုလုံးတွင် ကြပ်များနှင့် ပြည့်နှက်နေသောကြောင့် ပင်တည်း။ သူ၏နာမည်မှာ ငခွေးဖြစ်လေသည်။ သို့ရာတွင် သူ၏လည်ပင်းတွင် များပြားလှသော ကြပ်များကို အကြောင်းပြု၍ ဘ၀တူ အကျဉ်းသားများက နာမ၀ိသေသန တပ်ဆင်ပေးထားကြခြင်း ဖြစ်သည်။
မည်ကဲ့သို့ပင် အရုပ်ဆိုးလောက်အောင် ကြပ်များ ပြည့်နှက်စေကာမူလည်း ထိုငခွေး သာ အဆိုကောင်း၊ အက, ကောင်းနှင့် အမူရာကောင်း မင်းသမီးတဦးဖြစ်သည်ကား အမှန်ပင် ဖြစ်လေသည်။ ရန်ကုန် အကျဉ်းထောင်တွင် စာဆိုတော်နေ့ ကျင်းပစဉ်က ထောင်ကျစာရေး ဆရာများသည် ဦးပုည၏ ၀ိဇယပြဇာတ်ကို ဖြစ်သလို ခင်းကျင်းခဲ့ကြသည်။ ထိုပြဇာတ်တွင် ကြပ်ငခွေးသည် အဓိကဇာတ်ဆောင်ဖြစ်သော မယ်ကုဝုဏ် အဖြစ်ဖြင့် ရွှေပွဲလာများ လက်ခုပ်သံတဖြောင်းဖြောင်း ပေးကြလောက်အောင် ကပြ အသုံးတော်ခံ သွားပေသည်။
ထိုအတတ်ပညာအား အဘယ်မှာ လေ့လာသင်ကြားခဲ့သည့် အကြောင်းကို ကြပ်ငခွေး အား ကျွန်တော် မေးမြန်းကြည့်မိသည်။ ထိုသို့ မေးမြန်းကြည့်ရာမှ ကြပ်ငခွေးသည် ၎င်း၏ ဇာတ်ကြောင်းကို လှန်လှောခြင်း ပြုပေတော့သည်။
ကြပ်ငခွေးသည် င်္ဟသတနယ်သားတဦး ဖြစ်လေသည်။ အထောင်-ရှားခဲဘက်မှ လယ်သမား သားသမီးတဦးလည်း ဖြစ်သည်။ လယ်သမား သားသမီးပြီပြီ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ သူသည် ရန်ကုန်ကဲ့သို့ မြို့ကြီး ရပ်ကြီးကို ထားဘိဦး၊ ဟင်္သတသို့ပင် တခါတခေါက်မျှ ရောက်ဘူးသူ မဟုတ်ချေ။ လယ်တွင်းနှင့် တောစပ်များအကြားတွင်သာ လူဖြစ်ကြီးပြင်း လာခဲ့ရ သူ ဖြစ်လေသည်။
အထောင် ဘုန်းတော်ကြီးကျောင်းတကျောင်း၌ ကြပ်ငခွေးသည် မင်္ဂလသုတ်အထိ စာအံခဲ့ရပြီးနောက်၊ ကန်တော့ပွဲတပွဲနှင့် ရှင်သာမဏေ ၀တ်ခဲ့လေသည်။ သူသည် အဆိုအက ၀ါသနာပါ၍ ဘုန်းတော်ကြီး တည်ထောင်ထားသော အရပ်ဇာတ်ကလေးတွင် ယောက်ျား မင်းသမီး လုပ်ရလေသည်။
ရှင်လိင်ပြန်ပြီးနောက်၊ ကြပ်ငခွေးသည် ဆင်းရဲသား သားသမီးတို့၏ သဘာဝအတိုင်း မိဘတို့နှင့် စားဝတ်နေရေးအတွက် လယ်လုပ်ရလေသည်။ သို့ရာတွင် ကြပ်ငခွေးသည် တောင်သူ လယ်သမားဘ၀နှင့် အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ရန် အခွင့်အရေးကို ကြာရှည် မရလိုက်ချေ။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာသည်။ ဂျပန်များ ၀င်လာသည်။ အာရှတိုက် သာတူညီမျှရေးအတွက် ဟုဆိုကာ သူကြီးနှင့် မြို့ပိုင်မင်းတို့က ၎င်းအားဖမ်းဆီးပြီး လျှင် ယိုးဒယား-မြန်မာ မီးရထားလမ်းသို့ ထည့်လိုက်ကြသည်။
ဒုတိယ ကမ္ဘာစစ်ကြီးနှင့် ဂျပန်အုပ်စိုးမှုတို့သည် အေးအေးချမ်းချမ်း လယ်လုပ်ကိုင်စား သောက်နေကြသော ကြပ်ငခွေး၏ ဘ၀အရင်းအမြစ်များကို တူးဖော်ဖြိုလှဲ ပစ်လိုက်ကြလေ သည်။ ကြပ်ငခွေးသည် ရဲရင့်သူတဦးပြီပြီ ဂျပန်တို့၏ သေမင်းလမ်းမကြီးရှိ ချွေးတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့လေသည်။ ထိုသို့ လွတ်မြောက်ပြီးနောက်၊ သူသည် မိမိရပ်ရွာသို့ မပြန်ဝံ့တော့ချေ။ ဂျပန် တခေတ်လုံးလိုလို သူသည် ရေကြည်ရာ မြက်နုရာများသို့ လှည့်လည်သွားလာရင်း သူ၏ အသက်တချောင်းကို ရှင်နေစေခဲ့ပေသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီး၍ ဂျပန်များ လက်နက်ချ ကြသောအခါ ကြပ်ငခွေးသည် တောအရပ်သို့ မပြန်တော့ချေ။ သူသည် အစားရအသောက်ရ ချောင်ချိသော ကျဘန်းအလုပ်များကို ရန်ကုန်မြို့၌ ရှာဖွေ လုပ်ကိုင် စားသောက်နေလေသည်။
ယင်းသို့ ကျဘန်းအလုပ်များကို ရှာဖွေလုပ်ကိုင်ရင်း သူသည် ဗြိတိသျှအစိုးရ လက်ထက်တွင် သူခိုးဂိုဏ်းနှင့် ဆက်သွယ်မိခဲ့ခြင်း ဖြစ်လေသည်။ သို့ရာတွင် ထိုသူခိုးဂိုဏ်း သည် ဗြိတိသျှ စစ်တပ်များ ပြန်လည်ရုပ်သိမ်း သွားကြသောအခါ ရပ်ဆိုင်းသွားလေသည်။ အတန်ကြာ ရပ်ဆိုင်းထားခဲ့ရပြီးမှ သူခိုးဂိုဏ်းဝင်များသည် စစ်ပြီးခေတ် ခါးပိုက်နှိုက်လုပ်ငန်းကို ပြ၍ စကြလေသည်။ ထိုဂိုဏ်းနှင့် အဆက်အသွယ်ရှိသော ကြပ်ငခွေးသည်လည်း ခါးပိုက်နှိုက်ခြင်း အတတ်ပညာကို တစထက်တစ သင်ကြားတတ်မြောက် လာခဲ့ခြင်း ဖြစ်လေသည်။
ဤ တိုင်းပြည်၏ လွတ်လပ်ရေးကို ထုတ်ပြန်ကြေညာကြသော အချိန်တွင် ကြပ်ငခွေး သည် ထောင်သုံးကြိမ်မျှ ကျဘူးသော ပုလိပ်စာရင်းဝင် ခါးပိုက်နှိုက်ကြီးတယောက် ဖြစ်နေပေပြီ။ ပြည်တော်သာခေတ်သို့ ရောက်သောအခါ ကြပ်ငခွေးသည် ထောင်ခုနှစ်ကြိမ်မျှ ကျဘူးလျက်..... ထောင်ကို ထောင်ဟူ၍ပင် မအောက်မေ့ မထင်မှတ်တော့ချေ။
ရန်ကုန်ထောင်ကြီး အတွင်း၌သာ ငခွေးကို ၎င်း၏လည်ပင်းမှ ကြပ်များကို အကြောင်း ပြု၍ ကြပ်ငခွေးဟု ခေါ်ဝေါ် ကြသော်လည်း... မြေအောက်နှင့် ခါးပိုက်နှိုက်လောကမှ လူများကမူ ငခွေး၏ လျင်မြန်ကျင်လည်မှုကို ဂုဏ်ပြုသောအားဖြင့် စကြာငခွေးဟု ခေါ်ဝေါ်လေ့ ရှိကြကြောင်း ကျွန်တော်သည် စုံစမ်းသိရှိ ရပေသည်။ ခါးပိုက်နှိုက်ခြင်း အတတ်၌ ငခွေးသည် ပါရဂူတယောက်ပင် ဖြစ်ပေသည်။
အထွေထွေဗဟုသုတကို ရနိုင်သမျှ ဆည်းပူးနေရသူ တဦးအနေနှင့် ကြပ်ငခွေးထံမှ ခါးပိုက်နှိုက်အတတ်ပညာနှင့် လုပ်ငန်းအကြောင်းကို ကျွန်တော်သည် စုံစမ်းမေးမြန်းကြည့်ပေ သည်။
"ခါးပိုက်နှိုက်တဲ့ အလုပ်ဆိုတာကတော့... နိုင်ငံရေးသမားတွေ ပြောပြောနေကြတဲ့ ခေါင်းပုံဖြတ်တဲ့ အလုပ်တို့၊ အမြတ်ကြီးစားတဲ့ အလုပ်တို့နဲ့ အကြောင်းအရာကတော့ အတူတူပါဘဲ ဆရာ ...၊ အံကွဲတာကလေးတော့ ရှိသပေါ့.."
ကြပ်ငခွေးက ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် ပြောဆိုလာသည့်အတွက် "ဘယ်လိုကွဲ တာလဲကွ ဆိုစမ်းပါဦး" ဟု ကျွန်တော်က ပြန်၍ မေးလိုက်ရသည်။
"လုပ်ပုံကိုင်ပုံချင်း ကွဲသပေါ့ဆရာ၊ ခေါင်းပုံဖြတ်တို့၊ အမြတ်ကြီးစားတို့က လူတွေရဲ့ အိတ်ထောင်ထဲက ပိုက်ဆံကို လူသိရှင်ကြားနဲ့ တရားဝင် နှိုက်ယူကြတာပဲ မဟုတ်လား၊ ကျွန်တော်တို့ကတော့ တိတ်တိတ်ကလေးနှိုက်ယူကြတာပေါ့ဗျာ"
ကျွန်တော်သည် ခါးပိုက်နှိုက် ကြပ်ငခွေးကို များစွာ အထင်ကြီးမိသည်။ သူ၏ ပြောဆိုချက်ကို အဘယ်သူ ငြင်းနိုင်သနည်း။
ခါးပိုက်နှိုက်တို့ တတ်အပ်သော အတတ်ပညာနှင့် အရည်အချင်းများကို ကြပ်ငခွေး သည် ကျွန်တော်အား ၎င်း၏ တပည့်သူငယ်ကလေးတယောက်ကဲ့သို့ အမှတ်ထားကာ ရှင်းလင်းပြသပေသည်။ တိုက်ဆွဲနှင့် မီးစချ စ,သော ခါးပိုက်နှိုက်တို့၏ သိပ္ပံအတတ်များ ကိုလည်း လက်တွေ့သင်ကြားပြသခြင်း ပြရှာသည်။ သို့ရာတွင် ထို အတတ်ပညာများကို ကျွန်တော်သည် ဤ၀တ္ထု၌ ဖော်ပြရန် လိုအပ်မည် မထင်ပေ။ ဖော်ပြရန်လည်း မသင့်ဟု ထင်သည်။
ကြပ်ငခွေးသည် ထောင်ဆယ်ကြိမ်မျှထိ ကျဘူးသူ ဖြစ်လေသည်။ ထို့ကြောင့် ၎င်း၏ နောက်ပိုင်းအကြောင်းကို ကျွန်တော်သည် စိတ်ဝင်စားမိပေသည်။ သူ ထောင်ကျနေတုန်း ကာလများအတွင်း သားမယားတို့သည် အဘယ်သို့ စားသောက်နေထိုင်ကြသနည်း။
"မင်း .. အခုလို မကြာခဏ ထောင်ကျနေတော့ကော မင်းသားမယားတွေ ဘယ်လို စားသောက်နေထိုင်ကြသလဲ ဟင်" ဟု ကျွန်တော်သည် မေးမြန်းကြည့်မိသည်။
"ကျွန်တော်တို့လို ထောင်နဲ့ ရင်းစားနေတဲ့ လူတွေဟာ သားမယား အတည်တကျ ယူလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ ဆရာရယ်၊ မိန်းမကောင်းကိုသာ ယူရင်တော့ ကျွန်တော်တို့ ထောင်ကျ နေတုန်း စားစရာမရှိတာနဲ့ ဖာဖြစ်ကုန်တော့မပေါ့"
"ဒါဖြင့် မင်း သားမယား မရှိဘူးပေါ့"
"သားတော့ မရှိဘူးဆရာ.. မယားတော့ ရှိတယ်"
"ဟေ.. မယားတော့ ရှိတယ် ဟုတ်လား၊ ဒါဖြင့် မင်းအခုလို ထောင်ကျနေတုန်း သူ့ခမျာ ဘယ်လို စားသောက် နေရသလဲကွာ"
"သူ့ဖာသာသူ လုပ်ကိုင် ရှာဖွေ စားသောက်ရတာပေါ့ ဆရာ"
"မင်းမယားက ဘာအလုပ် လုပ်သလဲကွ... ဆေးပေါ့လိပ် လိပ်သလား၊ စက်ချုပ် သလား"
"ခုလို သူတို့ဖာသာသူတို့ လုပ်ကိုင်စားသောက်နိုင်တဲ့ မိန်းကလေးတွေက ကျွန်တော်တို့ လို အကောင်တွေကို ဘယ် လင်လုပ်ပါ့မလဲ ဆရာရယ်"
"ဒါဖြင့် မင့်မယားက ဘာလုပ်စားနေလို့လဲကွ..."
"ဖာ လုပ်စားနေတာပေါ့ ဆရာ၊ ကျွန်တော်တို့အဖို့ ဒါကလွဲလို့ မယားအလုပ်ခံမယ့် မိန်းမက အရှားသားဘဲ..."
"အော်...အော်...အော်..."
"ကျွန်တော် နှိုက်ပြီး ကျွေးမွေးထားတုန်း... သူလဲ ကျွန်တော်နဲ့ ကောင်းကောင်းမွန်မွန် နေရှာ ပါတယ်၊ ကျွန်တော်လည်း ထောင်ကျသွားရော၊ သူလဲ စားစရာ မရှိလို့ အရင်အလုပ် ပြန်လုပ်ရရှာတာပေါ့.."
"အင်း...အင်း...အင်း..."
"ကျွန်တော် ထောင်ကျနေတုန်း သူကြိုက်တဲ့ လူနဲ့တွေ့လို့ ညားသွားကြရင်လဲ ကျွန်တော်အဖို့ စိတ်အနှောင့်အယှက် ဖြစ်စရာ မရှိပါဘူး..၊ နောက်ထပ် ဖာတယောက် ရှာရုံပေါ့ ဆရာရယ်"
ဖာ နှင့် ခါးပိုက်နှိုက်တို့၏ ဇာတ်ကြောင်းကို ကျွန်တော်သည် ရင်နာနာနှင့် နားထောင်မိ လေသည်။
ကြပ်ငခွေးသည် ထိုင်ရာမှ ထလေသည်။ သူသည် ပုံစံဆွဲရန် သူ၏ အဆောင်သို့ ပြန်ချင်ပုံ ရပေသည်။ ထို့ကြောင့် ကျွန်တော်သည် ထိုငခွေးအား စီကရက်တဗူး လှမ်းပေးလိုက် ရသည်။ ကြပ်ငခွေးသည် ကျွန်တော်ပေးသော စီးကရက်ဗူးကို ငေးငိုင်ကြည့်ရာမှ-
"ဖာရယ်-ပုလိပ်ရယ်-ကျွန်တော်တို့ ခါးပိုက်နှိုက်တွေရဲ့ ဇာတ်လမ်းကတော့ ဘယ်တော့ များမှ ဇာတ်ပေါင်းမိကြမလဲ မသိပါဘူး ဆရာရယ်" ဟု ညည်းတွားပြောဆိုကာ ထွက်သွားပါ တော့ သတည်း။

ဗန်းမော်တင်အောင်
[ရှုမ၀ မဂ္ဂဇင်း၊ အမှတ် (?)]
{၁၃၆၂ ခု၊ တပေါင်းလကွယ်နေ့၊ 2001 March ၂၃ ထုတ် မာယာမဂ္ဂဇင်းတွင် ဖော်ပြပြီး စာမူကို အင်တာနက် စာဖတ်ပရိသတ်အတွက် ထပ်မံဖော်ပြလိုက်ပါတယ်}

Monday, July 7, 2008

မိခင်သောက- ဒါကလေးတော့ခွင့်ပြုပါ
ရေးသူ- လူထုဒေါ်အမာ

[အမေမာ (လူထုဒေါ်အမာ)ရဲ့ အခုဖော်ပြလိုက်တဲ့ ဆောင်းပါးပါတဲ့ ရွှေမော်ကွန်း မဂ္ဂဇင်းကို ကိုခင်မောင်ထိုက်တို့၊ သူငယ်ချင်းသိန်းငွေ ဂျပန်ကနေ ပို့ပေးလို့ ဖတ်ရတာ ၁၉၉၉ ဇန်န၀ါရီလ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးလေးဟာ အမှတ်တရ ဖြစ်ပြီး စွဲနေခဲ့တယ်။ ၂၀၀၃ ခု နိုဝင်ဘာ၊ မာယာမှာ 'ဖိုးသံစိမ်း' ရဲ့ 'ဘ၀ကင်းဗတ်ပေါ်က သံမဏိစုတ်ချက်ကြမ်း' ၀တ္ထုကို ထည့်တော့၊ အမေ့ရဲ့ ဒီဆောင်းပါးကို တွဲလျက်ထည့်မလို့ ရှာတာ၊ အသိမ်းလွန်ပြီး ရှာမတွေ့ခဲ့ဘူး။ နောက်တခါ အင်တာနက် မာယာမှာ ဖိုးသံစိမ်းကို ပြန်တင်တော့လည်း ထပ်ရှာသေးတယ်။ မတွေ့ခဲ့ဘူး။ အခုမှ မမျှော်လင့်ဘဲ ပြန်တွေ့လို့ မာယာ အင်တာနက် ပရိသတ် အတွက် တင်ပေးလိုက်ပါတယ်။]


ကျွန်မ ဧပြီလ (၄)ရက်နေ့က သရက်က တခေါက်ပြန်လာခဲ့ပြန်ပြီ။ ဒီအကြောင်းကို ဆေးရုံပေါ်က ဆရာဦးသုခများကြားရင် "မအမာ.... တော်တော်အပင်ပန်းခံတာပဲဗျာ" လို့ ညည်း ပြောပ ပြောနေလေမလား၊ " အင်း ... သံယောဇဉ်၊ သံယောဇဉ်" လို့ ခေါင်းတညိတ်ညိတ်နဲ့ ရေရွတ် နေလေမလားတော့ မသိဘူး။
ဆရာဦးသုခ ကျွန်မကို ဒီလိုပြောဆိုနေတာကို တကယ်လို့ ဦးလှ သာရှိသေးရင် ဆရာ ဦးသုခ ပြောတာကို သူကလည်း ကြားတယ်ဆိုရင် "နေ ပေ့စီ ကိုသုခရေ၊ မပြောနဲ့၊ မပြောနဲ့၊ သူလုပ်ချင်တာ လုပ်ပေစေ၊ ဒါမှ သူနေနိုင်မှာ" လို့များ ပြောလေမလားလို့လည်း တွေးမိရဲ့။ ဦးလှက သူပြောပေမယ့် မရပေဘူးထင်ရင် အဲဒီလိုပဲ ကျွန်မအပေါ် ဥပေက္ခာ ထားတတ်တယ် လေ။


ကျွန်မ သိပါတယ်။ ကျွန်မ အခုလို လုပ်တာကို ဆရာတို့ မကြိုက်ဘူးဆိုတာ။ ဒါပေမယ့် ကျွန်မ အားနည်းချက်ပေါ့ ဆရာရယ်။ တခါတခါတော့ သွားချင်တယ်။ သမီးတွေကဆိုရင် အမေပင်ပန်းတယ်နော်၊ မလိုက်ချင်နဲ့တော့လို့ သူတို့ သွားတိုင်း ပြောနေကျ။ သားလုပ်တဲ့ လူကတောင်မှ "အမေ့တွေ့ရတာတော့ ၀မ်းသာတယ်၊ ဒါပေမယ့် အမေမလာပါနဲ့တော့၊ သိပ်ပင်ပန်းပါတယ်၊ ကျွန်တော် အမေ့ကို မလာစေချင်ဘူး" တဲ့။
ကျွန်မကတော့ (၂)ရက်နေ့က မနက်အစောကြီး ထပြီး (၅)နာရီ ထိုးတော့ အိမ်က ကားနဲ့ ထွက်ကြတယ်။ စောစောထွက်နိုင်မှ နေမပူမှာ ဟုတ်လား။ ဥတုရာသီက ပူလှပြီ။ အဖွဲ့ကတော့ မြေးအငယ် နှစ်ယောက်ရယ်၊ သမီးချွေးမရယ်။ မန္တလေးက မိတ္ထီလာကို (၉၂)မိုင်၊ မိတ္ထီလာက ကျောက်ပန်တောင်းကို မိုင် (၆၀)ကျော် လောက် မောင်းခဲ့ရတယ်။ ကျောက်ပန်း တောင်းရောက်တော့ မြို့မကွက်သစ်ထဲက ကျွန်မတို့မိတ်ဆွေ ရွှေကုန်သည် ဒေါ်တင်ဦးတို့ အိမ်မှာ နားကြရော။ ဒေါ်တင်ဦးတို့က မနက်စာကျွေးတယ်။ သူတို့အိမ်ကို ဒီခရီးမှာ ဒီလိုပဲ တထောင့် ၀င်နားနေကျ။ မနက်စာထမင်း ၀င်စားနေကျ။ (၂)နာရီလောက် နားပြီးတော့ ကျောက်ပန်းတောင်းက ရေနံချောင်း(၃၄)မိုင် ခရီးကိုဆက်၊ ရေနံချောင်း မကွေး (၃၂)မိုင်ခရီးကို လာခဲ့တယ်။ မကွေးရောက်တော့ ကျောင်းနေဘက်၊ သပိတ်မှောက်ဘက် သူငယ်ချင်း ကိုဆုမြိုင်ရဲ့ဇနီး မုဆိုးမ ဆရာမကြီး ဒေါ်သန်းတင်ကို ခါတိုင်းလို ၀င်နှုတ်ဆက်ဦးမယ်လို့ပဲ။ နို့ပေမယ့် နေပူမှာ ကြောက်လို့ အောင်လံကို စောစောရောက်ချင်တာနဲ့ အပြန်မှပဲ ၀င်တော့မယ်လို့ (၅၁)မိုင် ခရီး တောင်တွင်းကြီးကို တောက်လျှောက် ဆက်မောင်းခဲ့ကြတယ်။
နေ့ခင်းပိုင်းမှာ နေက ပူပါတယ်။ ဒါကြောင့် စောစောရောက်ချင်တယ်။ နို့ပေမယ့် ခရီးက တွင် သင့်သလောက်တော့ မတွင်ဘူး။ အရင်ခေါက် လာတုန်းက လမ်းဖြတ်သန်းခဟာ မိုင်ရှည် အတွက် ပေးလို့ရပေမယ့် ဒီတခေါက်တော့ တခါတောင်းရင် (၃၅)ကျပ် ဖြတ်ဖြတ်ပြီး လမ်းကြေးက ပေးရတယ်။ မန္တလေးက ရေ၀န်း ထိတခါ၊ ရေ၀န်းက မိတ္ထီလာထိတခါ၊ မိတ္ထီလာက ကျောက်ပန်းတောင်းအထိ တခါ၊ လမ်းဖြတ်သန်းခ အလီလီ တောင်းနေတာကိုး။ ပြီးတော့ ဒီတခေါက် တံတားကူးခတွေကလည်း အရင်လို မဟုတ်ဘူး။ ဒိအပြင် မြို့ဝင်ကြေး ကလည်း မြို့တိုင်းမှာ ပေးရသေးတယ်။ အဲဒီတော့ အချိန်က လင့်ပါတယ်။ ကျွန်မက စိတ်လော နေသူ မဟုတ်လား။ နေပူလို့ လူပန်းရင်၊ တခုခုဖြစ်ရင် "အမေ မလိုက်ပါနဲ့ ဆိုရက်သားနဲ့ အမေက လိုက်ချင်တာ" လို့ အပြစ်တင်လည်း ခံရဦးမယ်။ ထောင်နေတဲ့ လူအိုတယောက် မထောင်နိုင်တော့ပဲ လဲသွားနိုင်တယ်။ ဒါကြောင့် အောင်လံကို အစောကြီး ရောက်ချင်နေတယ် လေ။
မနက်စောစော ထွက်တဲ့အကျိုး အောင်လံကို ညနေ (၃)နာရီခွဲမှာ ရောက်သွားပါတယ်။ ကျွန်မ စတည်းချတဲ့ အိမ်ရှင်ဦးသန်းမြင့်က နေပူတဲ့ အချိန်ကြီး ကျွန်မ လိုက်လာလို့ အံ့သြ နေတယ်။ သူ့ဆီကို ဖုံးဆက်ပြောဖို့ ကျိုးစားသေးပေမယ့် ဖုန်းက ခေါ်လို့မရလို့ မဆက်ခဲ့ရဘူးလေ။
မန္တလေးနဲ့ အောင်လံဟာ မိုင်(၃၃၀) လောက်ရှိတယ်။ အောင်လံ ရောက်ရင် ဧရာဝတီကို ကူးရဦးမှာ။ ဟိုဘက်မှာ အချိန်မမီနိုင်ဘူး။ ဒါကြောင့် မိတ်ဆွေ ဦးသန်းမြင့်အိမ်မှာပဲ နားကြ၊ ညစာ စားကြ၊ အိပ်ကြတယ်။ မနက်တော့ စောစောထပြီး မော်တော်ဘုတ်တစင်း ဦးသန်းမြင့်တို့ ငှားပေးတာနဲ့ အနောက်ဘက်ကမ်းကို ကူးခဲ့ကြတယ်။ ရေကြောင်းက ဒီလ ဆိုတော့ မကျဉ်းမကျယ်မို့ ကမ်းပါးစောက်စောက်ကြီးလည်း အရှည်ကြီး မဆင်းခဲ့ရဘူး။ တဘက်ကမ်းရောက်တော့ သဲသောင်ပြင်က သံကို ရုန်းပြီး ကမ်းပါးစောက်ကြီးကိုလည်း အမောတကော မတက်ခဲ့ရဘူး။ ရေက မကြီးမငယ်မို့ အတက်မှာ တချက်၊ နှစ်ချက် နားရုံနဲ့ မြင်းလှည်းကို ရောက်တယ်။ တခါသွားတုန်းက ရေငယ်တဲ့လမို့ တဘက်ကမ်းက ကမ်းပါး စောက်ကြီးကို နေပူပူမှာ တက်လိုက်ရတာ၊ ရင်တွေကို တဒုန်းဒုန်းခုန်လာတယ်။
ကျွန်မ သွားချင်တဲ့ဆီကို (၈)နာရီမှာ ရောက်ပါတယ်။ တော်တော်ကလေးစောင့်ပြီးရင် တွေ့ရပြီလေ။ နှစ်ဖက်စလုံး ၀မ်းသာလို့။ စကားတွေ လုယက်ပြီး ပြောကြလို့။ (၁၅)နစ်ကြာတော့ ပြန်ခဲ့ကြရော။
ဒါဆိုရင် ကျေနပ်ပါတယ်။ ပင်ပန်းခံရကျိုးလည်း နပ်တယ်။ ကျွန်မကို အဆိုခံရမှာစိုးလို့ ဆရာဦးသုခကို ကျွန်မ ဘာမှ မပြောဘဲနေတာ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ထဲတုန်းက ကျွန်မ တခါသွားသေးတယ်။ မိုးတွင်းကြီးဆိုတော့ ရေတတန်၊ ကုန်းတတန်ပေါ့။ ရေနံချောင်းမြို့ထဲမှာ ရေက ၄ တန်ဖြတ်ရတယ်။ ကြက်မောက်တောင်နားက ပြည့်ဝရှင်စေတီနားမှာ ကားလမ်းပေါ် ရေတွေ ကျော်နေတာ ဒူးဆစ်ပေါင်လယ်မကလို့ (၁)နာရီလောက် စောင့်ခဲ့ရသေးတယ်။ ဒေါင်းသေချောင်းကို ဖြတ်တော့လည်း ရေလာခါနီးပြီမို့ ကားရဲ့စက်အားကို ရိုးရိုးမကူနဲ့ စိတ်မချရဘူး၊ ထွန်စက်နဲ့ ဆွဲကူးပါဆိုလို့ ထွန်စက်ဆွဲခ (၅၀၀)ကျပ်ပေးပြီး ထွန်စက်နောက်က ကြိုးနဲ့ လိုက်ပြီး ဒေါင်းသေချောင်းကို ဖြတ်ခဲ့ရတယ်။ ဟိုရောက်တော့ ကျွန်မ မှတ်ပုံတင် မေ့ကျန်ခဲ့လို့တဲ့။ ကျွန်မ တွေ့ခွင့်မရခဲ့ဘူး။ အလာကြီး လာရပြီးတော့မှ မတွေ့ရတော့ မန်းကျီးပင်ရိပ်မှာ စိတ်ဆင်းရဲလိုက်တာ။ ဆင်းရဲတာနဲ့အတူ ဆရာဦးသုခကိုလည်း သတိရ တယ်။ ဆရာက ကျွန်မ ဒီလို ကသီကရီနဲ့ စိတ်ဆင်းရဲ လူဆင်းရဲ ခံနေမှာစိုးလို့၊ မသွားချင်ပါနဲ့လို့ ကျွန်မသွားချင်တိုင်း တားတတ်တာ။ ကျွန်မသာ ကိုယ့်သံယောဇာဉ်နဲ့ကိုယ် မနေနိုင်လို့ သွားသွားနေတာ။ မတွေ့ခဲ့ရပဲ ပြန်ခဲ့ရတော့ ဆရာဆိုမှာ ကြောက်လိုက်တာ။ ဒါကြောင့် အသာလေး မြုံနေခဲ့တယ်။
ဒီတခေါက်တော့ ပင်ပန်းပါစေတော့၊ ဆရာ သိချင်လည်း သိသွားပစေတော့လို့ အောက်မေ့နေမိတယ်။
လူဆိုတာကလည်း ဒီသံသရာဝဋ်ဆင်းရဲကြီးထဲမှာ အ၀ိဇ္ဇာတွေ၊ တဏှာတွေကြောင့် ကိုယ့်သံယောဇဉ်နဲ့ ကိုယ်နဲ့ ထွေးလုံးရစ်ပတ် လူးလှိမ့်နေကြတာ မဟုတ်လား။ အဲဒီတော့ ဆရာ ဦးသုခကို တောင်းပန်ချင်တယ်။ ဆရာရယ် ကျွန်မဘ၀မှာ ချုပ်တီးရတာတွေ၊ မာန်တင်းနေရ တာတွေက အများကြီးမို့ ဒီလို တခါတလေ၊ ထင်ရာမြင်ရာလေး စွတ်လုပ်နေရင်လည်း ခွင့်လွှတ်ပါတော့ ဆရာ။ ဆရာ့ မေတ္တာ၊ စေတနာကို ကျွန်မ သိပါတယ်။ လေးလည်း လေးစားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဆရာဦးသုခ ဒီစေတနာ၊ ဒီမေတ္တာတွေကြောင့် အနာရောဂါတွေအားလုံး ကျန်းမာပျောက်ကင်းလျက် တတ်စွမ်းရာဘက်က ပြည်သူအကျိုး ဆက်လက်သယ်ပိုး ဆောင်ရွက်နိုင်ပါစေ။ ဒီဝဋ်ဆင်းရဲကြီးက လွတ်မြောက်အောင် ရုန်းထွက် နိုင်ပါစေလို့ ကျွန်မ ဆုတောင်းလိုက်ပါတယ်။

လူထုဒေါ်အမာ
၁၃၆၀ ပြည့်နှစ်၊ ပြာသိုလ၊ 1999 January ရွှေမော်ကွန်းမဂ္ဂဇင်း အမှတ် ၁၉ မှ ကူးယူ ဖော်ပြပါတယ်။

ဂေါတမရေ မပြန်လေနဲ့-အောင်ခြင်းကိုးပါး
ရေးသူ - ဒေါက်တာသန်းထွန်း

အ, ပါပေ့ တင်မိုးရယ်
ကျောက်ဆင်းတု ကိုယ်တော်ကို
ဒီက အကျိုးအကြောင်း
ကုန်စင်အောင် လျှောက်ထားပြီးမှ
မပြန်လေနဲ့လို့
မင်းတားလို့ ရမတဲ့လား....။



ရှင်တော်ဘုရားက
အယုတ်ဆုံး အရိုင်းဆုံးဆိုရင်
ချက်ချင်းတွေ့၊ ရအောင်ချွတ်
အောင်ခြင်းကိုးပါး လာမယ်လေ
မင်းမမီမှာ ငါစိုးတယ်....။ ။

ငါ ကဗျာဆရာ မဟုတ်ဘူး....။ တင်မိုး ကဗျာဖတ်ပြီး ရေးချင်လွန်းလို့ ရေးတယ်။
ဒေါက်တာသန်းထွန်း

ဗုဒ္ဓနှင့်တွေ့ဆုံခြင်း
ရေးသူ - တင်မိုး


ဘာမဟုတ်ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရားကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေအကြားမှာ
ရောင်းစားခံရ
စီးပွါးရေးမျက်စိ စူးရှတဲ့
ဒီလိုဥရောပမှာ
မင်းကဘာလာလုပ်သလဲတဲ့
ဗုဒ္ဓက မေးတော်မူတယ်။



ကိုယ်တော်မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိအမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမယ့်
မမှန်တာတွေပြော မမှန်တာတွေဟောနေရ
ကိုယ်တော်ကော ဗုဒ္ဓေါတ,မိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လဲ
သံသရာတကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့။

လက်နက်ကိုင်စစ်တပ်က
အရပ်ရပ်နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ် မတော်တာတွေ လုပ်နေတော့
ဗုဒ္ဓကိုကြိုးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။

ဒီကောင်တွေက ဥာဏ်လဲမရှိ
အမှန်လဲမသိ
ကတိလဲမတည်
အပလီအမျိုးမျိုးနဲ့
ဝစီအိုးကလဲ ပုပ်စော်နံ
နိုင်ငံကိုလဲမလေးစား
ကလေးကလား စိတ်ဓါတ်နဲ့
သိပ်ပြီးညစ်ပတ်ကြပါတယ်။

စစ်တပ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်ဖို့
မြှောက်ပင့်အားပေး
ဓါးသွေးခိုင်းထားတဲ့
အရိုင်းများရဲ့ ခိုလှုံရာ
ဗိုလ်တကာတို့ရဲ့ ဘုရင်ပါဘုရား
ဗိုလ်နေ၀င်းစစ်တပ်ဆိုတာ
ပစ်ခတ်ဖို့နဲ့ ညစ်ပတ်ဖို့ပဲ သိတာမဟုတ်လား။

ပြည်သူတွေကတော့ တက်တက်မွဲ
ရဟန်းကောင်းတွေက ခွက်လက်စွဲ
ဒင်းတို့တတွေက သဘက်သရဲ
လက်နက်ပဲ အဓိက
လက်နက်ပဲ ပဓါန
လက်နက်စိုးမိုးတဲ့ စစ်ဝါဒပါ။

ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကက်မှာ
ငြိမ်သက်စွာ စံပါယ်တာကမှ
အန္တရာယ်ခပ်သိမ်း ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဘိုးတက်
ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
နှုတ်ဟလို့ အမြွက်ခံရဦးမယ်
စိတ်လက်မသာ ရှိတော်မမူပါနဲ့ ဘုရား။

မြန်မာစစ်ဗိုလ်တွေ လုပ်သမျှနဲ့တော့
ဗုဒ္ဓ ဗုဒ္ဓ အချုပ်ကမတက်
ဒုက္ခဖက်ရရင်
မုချမသက်မသာ ဖြစ်နေရမှာပါ။

တပည့်တော် ငပါမွှားက
တရားချတယ် မထင်ပါနဲ့
တိုင်းပြည်က တကာတကာမအပေါင်း
အထောင်းခံရတာများလွန်းလို့
ပြားပြားမှောက်နေရင်းက
တရားပေါက်ရခြင်း ဖြစ်ပါတယ်။
ခွင့်လွှတ်တော်မူပါ
အရှင်ဘုရား။

တင်မိုး
ဧပြီ ၁၂၊ ၂၀၀၀။
{လမင်းတရာစာပေဆက်ဆံရေးက ထုတ်ဝေတဲ့ တင်မိုး ရဲ့ "ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ" စာအုပ်၊ ၂၀၀၀၊ သြဂုတ်လ ၁၅ရက်}။

Saturday, July 5, 2008

လက်နက်နှင့် တရားမျှတမှု
ရေးသူ - ဂျူး

{မာယာမဂ္ဂဇင်း ၂၀၀၁၊ သြဂုတ်လတွင် ဖော်ပြပြီး စာမူကို အင်တာနက် စာဖတ်ပရိသတ် အတွက် ပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။}

လက်နက်၏ အငြင်းပွါးစရာမလိုသော နောက်ဆုံးရလဒ်မှာ အသက်ကို အန္တရာယ် ပြုခြင်းပင် ဖြစ်သည်။ လက်နက်ဆိုရာ၌ လူ့အသက်ကို သေစေနိုင်သော ပစ္စည်းအားလုံးများ ပါဝင်၏။ ဓါး၊ သေနတ်တို၊ သေနတ်ရှည်မှ အစ မိုလိုတော့ဗုံးအထိ ပစ္စည်းမှန်သမျှသည် လက်နက်ဖြစ်သည်။ သို့သော် လက်နက်သည် ကိုင်တွယ်အသုံးပြုသူ၏ စိတ်စေတနာပေါ်မှာ မူတည်ပြီး ဂုဏ်သတ္တိနှစ်မျိုး ကွဲပြားသွားပါသည်။တရားမျှတ ဖြောင့်မတ်သူ၏ လက်ထဲတွင် လက်နက်သည် မိမိကိုယ်ကို ကာကွယ်ရန် အားကိုးရသည့်ပစ္စည်း၊ သို့သော် ကိုယ်ကျင့်သိက္ခာ မတည်ကြည်သူ၊ လူသားအချင်းချင်း ညှင်းပန်းအနိုင်ယူလိုသူ၏ လက်ထဲတွင်တော့ လက်နက်သည် အာဏာဖြစ်သည်။ လက်နက်သည် ခြိမ်းခြောက် အနိုင်ယူခွင့်ရှိသည့် ပစ္စည်းတခု ဖြစ်သည်။


အမေရိကန် ပြည်ထောင်စုတွင် ၁၇၉၁ ခုနှစ်မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ နောက်ဆက်တွဲ ပြင်ဆင်ချက်များအဖြစ် အခွင့်အရေး ဥပဒေမူကြမ်းကို ရေးဆွဲအတည်ပြုခဲ့ ရသည်။ ထို အခွင့်အရေး ဥပဒေမူကြမ်းပါ ပြင်ဆင်ချက်အမှတ် (၂)သည် ပြည်သူတို့၏ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်နေပါသည်။ ပြင်ဆင်ချက် အမှတ်(၂) သည် အောက်ပါအတိုင်း ဖြစ်သည်။
"လွတ်လပ်သော နိုင်ငံတော်တခု၏ လုံခြုံရေးအတွက် စနစ်တကျ မျှမျှတတ ဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့တရပ် လိုအပ်သောကြောင့် ပြည်သူတို့၏ လက်နက်များ လက်ဝယ်ထားရှိ ကိုင်ဆောင်ပိုင်ခွင့်သည် ဖောက်ဖျက်ခြင်း ခံရလိမ့်မည် မဟုတ်"
အမေရိကန်ပြည်ထောင်စုတွင် ၁၈ ရာစုပိုင်းကစ၍ ပြည်သူပြည်သားတိုင်း လက်နက် ကိုင်တွယ် အသုံးပြုခဲ့ကြသည်။ အမဲလိုက်ရာတွင် အသုံးပြုသည်။ မိမိကိုယ်ကို ကာကွယ်ရာ တွင် အသုံးပြုသည်။ ထို လက်နက်ကိုင်ဆောင်မှုကြောင့် လုယက်တိုက်ခိုက်မှုများ၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ၊ အနိုင်ကျင့် ညှင်းဆဲမှုများ၊ လူသတ်မှုများစွာ ပေါ်ပေါက်ခဲ့ ရသည်။ သို့သော် တဖက်မှာက မိမိကိုယ်ကို ကာကွယ်နိုင်ခွင့် ရှိနေခဲ့သည်။ ကုန်စုံဆိုင် ပိုင်ရှင်တယောက်သည် သေနတ်ဆောင်ထားခြင်းဖြင့် ဆိုင်ကို လုယက်သူများ၏ ရန်မှ အကာအကွယ် ရနေပြန်သည်။ အမျိုးသမီးတယောက်သည် မိမိတဦးတည်း နေထိုင်သော အိမ်သို့ ကျူးကျော်သူများ မ၀င်ရောက်နိုင်ရန် သေနတ်တလက်ဖြင့် အကာအကွယ် ယူနိုင်သည်။ လက်နက်ကိုင်ဆောင်ခွင့် ပေးထားသည်ဟု ယူဆရသော ပြင်ဆင်ချက် အမှတ်(၂)ကြောင့် ကောင်းကျိုးများလည်း ရှိသလို၊ ဆိုးကျိုးများလည်း ရှိသည်ကို မည်သူမျှ မငြင်းနိုင်ကြပါ။
လက်နက်ကိုင်ဆောင်ခွင့် ရုပ်သိမ်းသော ဥပဒေတခု ပြဌာန်းလိုက်လျှင် တရားဥပဒေကို လေးစားသူများကတော့ လိုက်နာကြပေလိမ့်မည်။ တရားဥပဒေကို ဂရုမစိုက်သူများက ခိုးကြောင်ခိုးဝှက် ဆက်လက်ကိုင်ဆောင်လိမ့်မည်။ ထိုအခါ လက်နက်မဲ့သွားသော ဥပဒေလိုက် နာသူ ပြည်သူများသည် လက်နက်ရှိ ရမ်းကားသူများ၏ အန္တရာယ်ကို မည်ကဲ့သို့ ကာကွယ်ရ မည်နည်း။ အိမ်တိုင်း အိမ်တိုင်းတွင် လုံခြုံမှုရှိအောင် တအိမ်စီ၌ ရဲသားတဦးစီ စောင့်ကြပ် ပေးနိုင်ပါသလား။ ထိုမေးခွန်းသည် လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းလိုက်သော မြို့ကလေး များရှိ အမေရိကန်ပြည်သူများက မေးလာသော မေးခွန်း ဖြစ်ပါသည်။ သည့်ထက်ပို၍ ကြောက်စရာကောင်းသော မေးခွန်းတခု ရှိခဲ့သည်။ တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ရထားသော ရဲသားများ၊ စစ်သည်တော်များ၏ တည်ကြည်ဖြောင့်မတ်မှုကို မိမိတို့ ပြည်သူများက မည်သည့် အတိုင်းအတာထိ အသက်နှင့် ရင်းနှီး၍ ယုံကြည်စိတ်ချ နိုင်ပါမည် နည်း။
၁၉၈၁ ခုနှစ် မတ်လတွင် အမေရိကန်သမတ ရော်နယ်လ်ရေဂင်ကို လူတယောက်က သေနတ်တလက်ဖြင့် သေကြောင်းကြံစည်ခဲ့သည်။ မေလတွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂) ကို လူတယောက်က သေနတ်ဖြင့် ပစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ် မော်တင်ဂရိုဖ့်မြို့၌ လက်နက်ကိုင်ဆောင်ခွင့်ကို ပထမဦးဆုံး ဖျက်သိမ်း လိုက်သည်။ ထို ဖျက်သိမ်းမှု ဥပဒေသည် တမြို့မှ တမြို့သို့ ကူးစက်သွား၏။ ထိုမြို့များထဲတွင် အုတ်ပတ်မြို့လည်း ပါဝင်သည်။ အုတ်ပတ်မြို့တွင် လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းပြီး နောက် ဖြစ်ပျက်သွားသော အကြောင်းအရာတခုမှာ စိတ်ဝင်စားစရာကောင်းနေသည်။
လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းပြီး နှစ်ရက်အကြာတွင် ဓါတ်ဆီဆိုင်ပိုင်ရှင် တယောက် ဓါးပြတိုက်ခံရ၏။ ယခင်က သူ့ဆိုင်ကို ဓါးပြတိုက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစား ပြီး မည်သူမျှ မအောင်မြင်ကြ။ အကြောင်းမှာ ဓါတ်ဆီဆိုင် ပိုင်ရှင်သည် သေနတ်တလက် အမြဲကိုင်ဆောင်ထားသောကြောင့် ဖြစ်သည်။ ယခုအခါ ဆိုင်ရှင်သည် ဥပဒေကို လေးစား လိုက်နာပြီး သေနတ်ကို မိမိနှင့်အတူ ကိုင်ဆောင် မထားတော့ချေ။ ထိုအခါ ဓါးပြများသည် သူ့ခေါင်းကို သေနတ်နှင့်တေ့ပြီး ငွေများအားလုံးကို ယူသွားကြ၏။ ဓါးပြများ ထွက်ပြေးသွား တော့မှ သူသည် မိမိကားထဲ၌ ရှိနေသော အစိုးရကို ပြန်မအပ်ရသေးသည့် သေနတ်ကို ယူ၍ ဓါးပြများကို ပစ်ခတ်ရန် ကြိုးစားသည်။ သို့သော် နောက်ကျသွားပြီ ဖြစ်သည်။ ထိုဖြစ်ရပ်၏ ရလဒ်မှာ ရယ်စရာကောင်းနေ၏။ မြို့အုပ်ချုပ်သူ တာဝန်ရှိသူများက ဆိုင်ရှင်အား တရားမ၀င် သေနတ်ကိုင်ဆောင်မှုဖြင့် အရေးယူလိုက်သည်။ ဓါးပြများကိုတော့ ယခုချိန်ထိ သူတို့ ဖမ်းမပေးနိုင်ခဲ့ချေ။
ထိုအချိန်မှစ၍ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေ တည်မြဲစေလိုသော ပြည်သူများနှင့် ထိုအခွင့်ကို ဖျက်သိမ်းစေလိုသော ပြည်သူများအကြား သဘောကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့ သည်။ လက်နက်ကိုင်ဆောင်ခွင့် တည်မြဲရေးဘက်မှ ထောက်ခံသူများက သူတို့ ကိုယ်ပိုင် အခွင့်အရေးကို အောက်ပါစကားများဖြင့် တောင်းဆိုခဲ့သည်။
လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းခြင်းဖြင့် လူတယောက်၏အသက်ကို ကယ်တင်နိုင် မည် မဟုတ်။ အရက်မူး၍ ကားမောင်းခြင်းများကို ပပျောက်အောင် ကားကို သိမ်းယူ၍ မရသလို လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းလိုက်ရုံဖြင့် သေနတ်ပစ်မှုများ ပပျောက်သွားမည်ဟု ပုံသေမှတ်ယူ၍ မရပါ။
မည်သူက မှန်သည်၊ မည်သူက မှားသည်ဟု ယခုအချိန်တွင် ကျွန်မတို့ မသိနိုင်သေးပါ။ အချိန်ကာလက အဆုံးအဖြတ် ပေးပါလိမ့်မည်။
လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းမှုနှင့် ပတ်သက်၍ စိတ်ဝင်စားစရာကောင်းသော ရုပ်ရှင်ဇာတ်ကားတခုကို လွန်ခဲ့သည့်လက ကျွန်မ ကြည့်ခဲ့ရပါသည်။ ဇာတ်ကားမှာ Western အမျိုးအစား ကောင်းဘွိုင်ဇာတ်ကားဖြစ်၏။ ကျွန်မကြည့်ဘူး သမျှ ကောင်းဘွိုင်ဇာတ်ကား များတွင် ကျွန်မရင်ထဲသို့ စူးနစ်ဝင်ရောက်ခဲ့သော ပထမဦးဆုံး ကောင်းဘွိုင်ဇာတ်ကား ဖြစ် သည်။
တကယ့်ဖြစ်ရပ်မှန်ဟု ယူဆရသော ဒဏ္ဍာရီဆန်ဆန် သူရဲကောင်း ဥပဒေအရာရှိ တဦး၏ ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ရုပ်ရှင်ရိုက်ကူးထားခြင်း ဖြစ်သည်။ ဇာတ်ကောင်မှာ Wyatt Earp ဟူသော ရဲအရာရှိတဦး ဖြစ်သည်။ ထို Wyatt Earp အကြောင်းကို ဇာတ်ညွှန်း ရေးသားရိုက်ကူးသည့် ဇာတ်ကားနှစ်မျိုး ပေါ်ထွက်လာခဲ့သည်။ ဇာတ်ညွှန်းရေးသူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များ အားလုံးခြားနားကြ၏။ မည်သူက အလျင်ရိုက်ကူးခဲ့သလဲ ဆိုသည်ကို ကျွန်မမသိပါ။ ရုပ်ရှင်ကြည့် ပရိသတ်တဦးအနေဖြင့် ဇာတ်ကားနှစ်မျိုးကို ကျွန်မ ကြည့်ခွင့်ရခဲ့ သည်။
ပထမဇာတ်ကားမှာ Dan Gordon နှင့် Lawrence Kasdan တို့ ဇာတ်ညွှန်းရေးပြီး Lawrence Kasdan ရိုက်ကူးသော Wyatt Earp ဇာတ်ကားဖြစ်သည်။ ရုပ်ရှင်သရုပ် ဆောင်များမှာ Kevin Costner, Gene Hackman, Keith David, Bill Pullman, Isabelle Rosellini တို့ ဖြစ်သည်။
ဒုတိယ ဇာတ်ကားမှာ Kevin Jarre ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ George P. Cosmotos ရိုက်ကူးသော Tombstone ဇာတ်ကားဖြစ်သည်။ သရုပ်ဆောင်များမှာ Kurt Russel, Val Kimar [The Doors နှင့် The Real Macoy] Sam Elliot, Bill Paxton, Michael Biehn, Powers Boothe, Dana Delany နှင့် Billy Zane တို့ ဖြစ်သည်။ ဇာတ်ကား နှစ်မျိုးသည် ဇာတ်ကွက်တွင် အနည်းနှင့်အများ ခြားနားမှုရှိသော်လည်း ဇာတ်လမ်းကျောရိုး အဖြစ်အပျက်များ အတူတူပင်ဖြစ်သည်။ Wyatt Earp ဇာတ်ကားသည် Wyatt Earp ၏ ငယ်စဉ်ကလေးဘ၀က စ၍ ဇာတ်လမ်းဖွဲ့၍ ရိုက်ကူးထားခြင်းဖြစ်ရာ ကလေးဘ၀ကတည်းက ဇာတ်ကောင်၏ စရိုက်များကို ဖော်နိုင်ခဲ့သည်။ Wyatt Earp ၏ မိဘများ၊ ညီအစ်ကိုများ [Wyatt ၏အိမ်ထောင်ရေးနှင့် မိတ်ဆွေသူငယ်ချင်းများ] အားလုံးကို ဇာတ်လမ်းထဲမှာ ထည့်ထားသည်။ ပို၍ ပြည့်စုံသည်။ အသေးစိတ်ကျသည်။ သို့သော် ရုပ်ရှင်ဇာတ်ကားတခုအဖြစ် ကြည့်ရသော အခါ အနည်းငယ် ပိုလျှံသွားသယောင် ရှိသည်။
Tombstone ဇာတ်ကားကတော့ Wyatt Earp ရဲအရာရှိအဖြစ်မှ အငြိမ်းစားယူပြီးသည့် ကာလမှ စတင်၍ ဇာတ်လမ်းစတင် ရိုက်ကူးခြင်းဖြစ်ရာ Wyatt ၏ ငယ်စဉ်စရိုက်ကို မပေါ်လွင် ခဲ့ပါ။ Wyatt ငယ်စဉ်က ရန်ဖြစ်ရမှာ မနှစ်မြို့ကြောင်း၊ တရားမျှတမှုကို မြတ်နိုးကြောင်း၊ လူတယောက်က ရန်စလျှင် တတ်နိုင်သမျှ ရန်ကိုရှောင်ပြီး မတတ်သာလွန်းမှ ရင်ဆိုင်ကြောင်း၊ အရက်လုံးဝမသောက်တော့ဘဲ ကော်ဖီသာသောက်ကြောင်း၊ ထိုအကြောင်းများ မပါဝင်ခဲ့ပါ။ ဒုတိယဇာတ်ကောင်ဖြစ်သူ Doc Holiday နှင့် မည်ကဲ့သို့ မိတ်ဆွေ စဖြစ်ခဲ့သည် ဆိုတာလည်း မပါဝင်ခဲ့ပါ။ သို့သော် Tombstone ဇာတ်လမ်းတည်ဆောက်ပုံမှာ ကျစ်လစ်သည်။ ဇာတ်ကွက် အဖြစ်အပျက်အချို့ကို မညှာမတာ ဖြတ်တောက်ဖယ်ရှားပစ်လိုက်သည်။ ဒါရိုက်တာ George P. Cosmatos သည် Wyatt Earp ၏ ဘ၀မှ မိမိအလေးထား၍ ပြောလိုသော အကြောင်းအရာကိုသာ ဦးစားပေး၍ ဆွဲယူ ဖော်ပြလိုက်သည်။ သူ ပြောလိုသည်မှာ လူတယောက်ချင်းစီ၏ မိစ္ဆာစိတ်နှင့် တရားမျှတစိတ်တို့ပေါ်မှာ မူတည်ပြီး လက်နက်၏ ကောင်းကျိုး၊ ဆိုးကျိုးတို့ ဖြစ်ပေါ်လာရခြင်း အကြောင်းပင် ဖြစ်သည်။ လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းရေး ဥပဒေအပေါ် သူ့ကိုယ်ပိုင်အမြင်တခုကို Wyatt Earp ၏ ဇာတ်ကောင်နေရာမှာ ၀င်ပူး၍ ပြောပြခြင်း ဖြစ်သည်။
၁၈၇၉ ခုနှစ် အမေရိကန် ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားချိန်၌ စီးပွါးရေး ကျပ်တည်းမှု များ၊ ရှားပါးမှုများ ဆက်လက်ကျန်ရှိနေခဲ့သည်။ တချို့က မြေရိုင်းများကို ထွန်ယက်စိုက်ပျိုး ကြသည်။ တချို့က တနေရာမှ တနေရာသို့ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းသွားလာ နေထိုင်ကြသည်။ တချို့က မိမိကိုယ်တိုင် ပင်ပန်းဆင်းရဲစွာ ရှာဖွေမစားသောက်ပဲ သူတပါး အပေါ် အနိုင်ကျင့် လုယက် တိုက်ခိုက်ယူကြသည်။ မိမိတို့ ကိုင်တွယ်သော လက်နက်သည် ပြည်တွင်းစစ်ပြီးသည့်အခါ မိမိအိမ်နီးချင်းကို ခြိမ်းခြောက်အနိုင်ယူရန် ဖြစ်လာကြသည်။ ထိုလူရမ်းကားများတွင် တရားဥပဒေဟူသည် မရှိ။ မိမိတို့၏ လက်နက်သည် မိမိတို့၏ အာဏာ ဖြစ်သည်။ ရာဇ၀တ်မှုများကို ကျူးလွန်သည်။ ထိုလူစုသည် ပြည်သူနှင့် စာလျှင် လူနည်းစု ဖြစ်သည်။ သို့သော် လုံခြုံရေး ရဲဝန်ထမ်းများနှင့်စာလျှင် လူများစု ဖြစ်သည်။ ထိုလူရမ်းကားများ သည် သူတို့ကိုယ်သူတို့ Cowboys များဟု သတ်မှတ် ခေါ်ဝေါ်ကြလေသည်။
Wyatt Earp သည် ကင်းဆပ်ပြည်နယ် ရဲအရာရှိဘ၀မှ အငြိမ်းစားယူ၍ မိမိ၏ ညီအစ်ကို မိသားစုများနှင့်အတူ ငြိမ်းချမ်းသော ဘ၀မှာ နေထိုင်ရန် Tombstone မြို့သို့ ရောက်လာခဲ့သည်။ Wyatt Earp သည် မိမိ၏ အမျိုးသမီး Matti နှင့်အတူ အစ်ကို Virgil Earp နှင့် ဇနီး Allie Earp ညီ Morgan Earp နှင့် ဇနီး Louisa Earp တို့နှင့် စည်းလုံးပျော် ရွှင်စွာ နေထိုင်ဖို့ ရည်ရွယ်ထားသည်။ သို့သော် ထိုအချိန်၌ Tombstone သည် သူထင်သလို ငြိမ်းချမ်းမှုကို မပေးနိုင်။ Tombstone သည် တရားဥပဒေမဲ့သူ လက်နက်ကိုင် cowboys များကြောင့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ပြည်သူများကို အမြဲခြိမ်းခြောက် အနိုင်ကျင့်နေသော အုပ်စုများ၏ ခေါင်းဆောင်များမှာ မိမိကိုယ်မိမိ ကာနယ်လ် ဟုသတ်မှတ်ထားသော ဘီလ် ဟူသည့် ခပ်ရိုင်းရိုင်း သို့သော် ဥာဏ်ရှိသည့်လူတယောက်၊ Johny Ringo ဟူသော Bill ၏ ညာလက်ရုံးလည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်သော အေးတိအေးစက်နှင့် ရက်စက်တတ်သော လူတယောက်၊ Mike Clement ဟုခေါ်သော စဉ်းစားဆင်ခြင်ဥာဏ်မရှိ ရိုင်းစိုင်းကောက်ကျစ်တတ်သော လူ တယောက်တို့ ဖြစ်သည်။ သူတို့တွင် သူတို့၏ နောက်လိုက် cowboys များစွာ ရှိသည်။
Wyatt တို့ Tombstone သို့ ရောက်ချိန် သူ့ သူငယ်ချင်းဖြစ်သူ Doc Holiday [Val Kimar] လည်း ပြန်ရောက်နေသည်။ Doc သည် အရပ်တကာလှည့်ပြီး ဖဲရိုက်ရင်း စီးပွါးရှာသည့် လောင်းကစား ကျွမ်းကျင်သူ တယောက်ဖြစ်သည်။ သူဘယ်တော့မှ ဖဲလိမ်၍မရိုက်၊ သို့သော် သူ အမြဲတမ်းနိုင်သည်။ လူတယောက်ကို သူဘယ်တော့မှ ရန်မစ၊ သို့သော် သူ့ကိုရန်မူလာလျှင် သူက အလျင်ဦးအောင် အနိုင်ယူနိုင်သော အလွန်သွက် လက်သည့် လူတဦး ဖြစ်သည်။ သူ၏ လုံခြုံရေးအတွက် သေနတ်နှစ်လက် အမြဲကိုင်ဆောင်ထားသည်။ သို့သော် တခါမှ လူမသတ်ဘူးချေ။ Doc နှင့်အတူနေသူ အမျိုးသမီးမှာ Kate Allen ဖြစ်သည်။ Doc မှာ အဆုတ်ရောဂါ ရှိနေမှန်း သိပါလျက်နှင့် Doc အပေါ်မှာ သစ္စာရှိစွာ ရဲဘော်ရဲဘက်လို ပေါင်းသင်းနေထိုင်သူ တဦးဖြစ်သည်။
Wyatt နှင့် Doc ပြန်တွေ့ပြီး စကားပြောနေစဉ်မှာပင် ဂျွန်ဆိုသော မြို့အုပ်ချုပ်ရေး အရာရှိ [County Officer] တယောက်လာနှုတ်ဆက်သည့်အခါ Doc သည် ထိုလိုလူကို လက်ဆွဲမနှုတ်ဆက်ပေ။ ဂျွန်သည် လေးစားထိုက်သူတဦးမဟုတ်၊ သူရဲဘောကြောင်သူ၊ ကောက်ကျစ်သူ တဦးဖြစ်သည်။ သို့သော် မော်ဂင်နှင့် ဗာဂျီလ်ကိုတော့ ဒေါ့(ခ်)က လေးစား ခင်မင်သည်။ ထိုအခိုက်မှာပင် နယ်လှည့်ပြဇာတ်အဖွဲ့တဖွဲ့ ရောက်လာပြီး ပြဇာတ်အဆိုတော် အမျိုးသား Billy Zane နှင့် အမျိုးသမီး Josephine တို့ မြင်းလှည်းပေါ်မှ ဆင်းလာသည်။ ဂျိုဇက်ဖင်းနှင့် ၀ိုင်ယက်သည် တယောက်နှင့်တယောက် မျက်လုံးချင်း ဆုံသွား၏။ ထိုအဖြစ်ကို Doc က ရိပ်မိသည်။ တော်တော်ဆွဲဆောင်နိုင်တဲ့ တခဏလေးပါဘဲ ဟု Doc က ရေရွတ်သည်။
ညမှာ သူတို့ ပြဇာတ်ကြည့်ကြ၏။ လူရမ်းကား ဘီလ်နှင့် ဂျွန်နီရင်ဂိုတို့လည်း ကြည့်ကြ သည်။ သူတို့အုပ်စုသည် ရိုင်းစိုင်းစွာ ဆူညံကြသည်။ ပြဇာတ်စင်ပေါ် သေနတ်နှင့် လှမ်းပစ်၍ လက်တည့်စမ်းကြသည်။ အများပြည်သူကို နှောင့်ယှက်ကြသည်။ သို့သော် ပြဇာတ်အဆိုတော် Billy Zane က သူတို့ကို ကောင်းစွာထိန်းထားနိုင်ခဲ့သည်။ ပြဇာတ်စင်ပေါ်မှ ဂျိုဇက်ဖင်းနှင့် အထူးတန်းပွဲကြည့်စင်မှ ၀ိုင်းယတ်တို့ အကြည့်ချင်း ဆုံကြပြန်သည်။ ပြဇာတ်ပြီးသွားသောအခါ ၀ိုင်းယတ်၏ အမျိုးသမီး မက်တီက အိမ်ပြန်သွားပြီး ၀ိုင်းယက်က ညီဖြစ်သူ မော်ဂင်နှင့်အတူ ကျန်ခဲ့သည်။ ပြဇာတ်ထဲမှာ မိစ္ဆာ Devil နှင့် ဘုရားသခင်အကြောင်း ကြည့်ပြီးနောက် မော်ဂင်က ၀ိုင်းယက်ကို ထူးဆန်းသော မေးခွန်းတခု မေးသည်။
"၀ိုင်းယတ် ... မင်းဘုရားကို ယုံသလား"
ဝိုင်းယတ်က ရယ်လေသည်။ ဘာဖြစ်လို့ မေးတာလဲ... မင်းကော ယုံလို့လား ... ဟုပြန်မေးသည်။ မော်ဂင်က ရယ်မောလျက် ပြန်ဖြေ၏။
"မဟုတ်ဘူးလေ လူတယောက်သေ သွားတဲ့အခါ သူဘာကို ရင်ဆိုင်ရမယ်ဆိုတာတော့ ရှိနေမှာဘဲ မဟုတ်လား။ ၀ိညာဉ်ဝါဒ spirtualism ကို ယုံကြည်တဲ့ လူတွေ ရှိတယ်လေ။ သူတို့ ပြောတာကတော့ သူတို့ဟာ အလင်းရောင်ကို မြင်ရတယ်ဆိုပဲ။ လှိုင်ခေါင်းထဲကနေ အလင်းရောင် ထွက်လာသလိုပဲတဲ့"
သို့သော် ၀ိုင်းယတ်က ဘုရားသခင်သည် အရေးမကြီးပါ။ လူ့ဘ၀၏ အနှစ်သာရ ဆိုသည်ကိုလည်း သူ သိပ်သတိမထားမိ။ ထိုည ပါတီ၌ ဂျိုဇက်ဖင်းနှင့် ၀ိုင်းယက် ပြန်ဆုံမိကြ သည်။ ယောက်ျားများ ၀ိုင်းဝိုင်းလည်နေသော ဂျိုဇက်ဖင်းက ၀ိုင်းယက်ရှိရာသို့ ရောက်လာပြီး အတူကရန် ဖိတ်ခေါ်သည့်ဟန်ဖြင့် ဦးညွှတ်နှုတ်ဆက်သည်။ ၀ိုင်းယက်က သိသိသာသာပင် ရှောင်လိုက်လေသည်။
နောက်ရက်တွင် ဖဲကစားသည့်ဝိုင်း၌ ဒေါ့ခ်နှင့် ၀ိုင်းယက်တို့ ကစားနေကြစဉ် လူရမ်းကား ဘီလ်နှင့် ဂျွန်နီရင်ဂိုတို့ ရောက်လာကြသည်။ ဘီလ်က ၀ိုင်းယတ်အား ဥပဒေခွေး [Lawdog] လားဟု မေးသည်။ ၀ိုင်းယတ်က သူ အငြိမ်းစားယူပြီးပြီဖြစ်ကြောင်း အေးအေး ဆေးဆေး ဖြေ၏။ ဘီလ်က မခိုးမခန့်ရယ်လျက် "သိပ်ကောင်းတာပေါ့" ဟု ရန်စလေသည်။ ဂျော်န်ီရင်ဂိုကတော့ ဒေါ့ခ် အားအမူအရာဖြင့် ရန်စသည်။ "မင်းက ဒေါ့(ခ်)ဟောလီးဒေး ထင်တယ် ဟုတ်လား" ဟုမေးတော့ ဒေါ့(ခ်)က ခပ်တည်တည်အမူအရာဖြင့် "မင်းက ရင်ဂိုပဲ ဖြစ်ရမယ်" ဟုပြန်ပြောသည်။ သူတို့နှစ်ယောက်၏ မျက်လုံးများတွင် တယောက်ကိုတယောက် မုန်းတီးမှုများကို မြင်ရသည်။ ဂျွန်နီက ဒေါ့(ခ်)အား စိန်ခေါ်အစွမ်းပြသည့် အနေဖြင့် သေနတ်ကို လက်တွင် အမျိုးမျိုး လှည့်ပတ်ကစားပြသည်။ ပရိသတ်များက ဂျွန်နီကို သြဘာပေးကြသည်။ ဒေါ့(ခ်)က မထီလေးစားဟန်ဖြင့် ပြုံးလျက် မိမိအရက်သောက်လက်စ စတီးလ်ခွက် သေးသေး လေးကို ဂျွန်နီ သေနတ်လှည့်ပတ် ကစားဟန်မျိုးဖြင့် ကစားပြကာ သရော်လိုက်လေသည်။ ထိုအချိန်မှစ၍ ဂျွန်နီရင်ဂိုနှင့် ဒေါ့(ခ်)ဟောလီးဒေးအကြားမှာ ရန်စတခု ဖြစ်ခဲ့သည်။
ဝိုင်းယတ် တညနေမှာ မြို့ပြင်ထွက်၍ မြင်းစီးသောအခါ ဂျိုဇက်ဖင်းနှင့် ဆုံတွေ့ကြသည်။ ၀ိုင်းယတ်နှင့် ဂျိုဇက်ဖင်းသည် လွင်ပြင်ကိုဖြတ်၊ တောင်ကုန်းများကို ကျော်၍ သာယာအေးချမ်း သော တနေရာမှာ အေးဆေးစွာ စကားပြောဖြစ်ကြသည်။ ၀ိုင်းယတ်ကို ဂျိုဇက်ဖင်းက "ရှင်ပျော်သလား" ဟုမေးသည်။ "ဘယ်လောက် ဂွကျတဲ့ မေးခွန်းပါလိမ့် ... ငါမသိဘူး၊ မင်းကော ပျော်သလား" ဟု ပြန်မေးတော့ ဂျိုဇက်ဖင်းက "အို ... ကျွန်မလား၊ ကျွန်မ အမြဲတမ်း ပျော်နေတာပဲ" ဟု ဖြေပါသည်။ နောက်ထပ် မေးခွန်းတခုမှာလည်း တော်တော်ဖြေရခက်၏။ "ရှင့်ဘ၀မှာ ရှင်ဘာကို လိုချင်တာလဲ" ဟူသော မေးခွန်းဖြစ်သည်။ ၀ိုင်းယတ် ရယ်မောပြန် သည်။ "ကိုယ်မသိဘူးလေ.. ပိုက်ဆံရှာတာ ဖြစ်ချင်ဖြစ်မယ်... ကိုယ့်မိသား ကိုယ်ပိုင် ကလေးလေးတွေ လိုချင်တာ ဖြစ်ချင်ဖြစ်မယ် မင်းရော" ဟု ပြန်မေးသည်။ ဂျိုဇက်ဖင်းက "စားဖိုမှူး [Room Service] တယောက်လောက် လိုချင်တယ်" ဟု ဖြေ၏။ ၀ိုင်းယက်က သဘောကျစွာ ရယ်မောလိုက်သည်။
တညတွင် လူရမ်းကား ဘီလ် အရက်မူးမူးဖြင့် လမ်းမမှာ သေနတ် လျှောက်ပစ်သည်။ ကောင်းကင်မှ လကို မော့ကြည့်ပြီး ခွေးတကောင်လို ဆွဲဆွဲငင်ငင်အူ၍ သေနတ်ဖြင့် လရှိရာသို့ လှမ်းပစ်သည်။ အနီးအနား ဆိုင်ထဲမှာ county officer ဂျွန် ရှိနေသောကြောင့် လူတယောက် က ခင်ဗျားသွားထိန်းပါလားဟု အားကိုး၏။ သို့သော် ဂျွန်က ဒါ ကျွန်တော့် အလုပ်မဟုတ်ဘူး [Town Marshall] ရဲမှူးရဲ့ အလုပ်ဟု ဖြေသည်။ ရဲမှူးအဖိုးကြီးက မနေသာတော့သဖြင့် ဘီလ်ရှိရာသို့ သေနတ်ပစ်ဖောက်၍ ရောက်သွားသည်။ "ဘီလ် .. မင်းလက်နက်တွေ ငါ့ကိုပေး စမ်း" ဘီလ်က မူးမူးရူးရူးဖြင့်သေနတ်တွေ ကမ်းပေးရင်း အငိုက်တွင် ရဲမှူးကို သေနတ်နှင့် ပစ်သတ်လိုက်လေသည်။ ၀ိုင်းယတ်က အပြေးအလွှားရောက်လာပြီး ဘီလ်ကို သတိလစ် အောင် ရိုက်ချလိုက်သည်။ ဘီလ်နှင့်မတည့်သော အုပ်စုထဲမှ တချို့က ဘီလ်ကို အဆုံးစီရင်ရန် အော်ဟစ်ကြသည်။ ၀ိုင်းယက်က လူစုအားလုံးကို သေနတ်နှင့် ချိန်၍ "လူတယောက်ကို အခြားတယောက်က ကြိုးပေးသတ်ခွင့် မရှိဘူး" ပြောပြီး ဖြန်ဖြေလိုက်သည်။ လမ်းပေါ်မှ အဖြစ်အပျက်ကို county officer John က လှမ်းကြည့်ရုံသာ ကြည့်နေသည်။ ဂျွန်နှင့်အတူ နေထိုက်လျက်ရှိသော ဂျိုဇက်ဖင်းက ဂျွန်အနီးမှာရပ်ကာလမ်းပေါ်မှ မြင်ကွင်းကို ငေးမောကြည့် ရင်း စိတ်မကောင်း ဖြစ်နေခဲ့သည်။
ဗားဂျီးလ်အတ်ပ်သည် ရဲအရာရှိတာဝန်ကို ယူလိုက်သည်။ မော်ဂင်သည်လည်း ရဲအဖွဲ့ထဲ ၀င်လိုက်သည်။ မိမိ၏ မြို့တွင် မြို့သူမြို့သားများ ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်ရေး အတွက် ဗာဂျီလ်သည် ကြေငြာချက်တရပ်ကို ထုတ်ပြန်လိုက်သည်။
Tombstone မြို့တွင်း၌ မြို့သူမြို့သားများသည် မည်သည့်လက်နက်ပစ္စည်းကိုမျှ ကိုင်ဆောင်လာခြင်း မပြုရ။ ယနေ့မှစ၍ လူတိုင်းတိုင်း၏ လက်နက်ကိုင်ဆောင်ခွင့်ကို ဖျက်သိမ်းလိုက်သည်။ ဤဥပဒေကို လူတိုင်းနာခံရမည်။ လက်နက်တွေ့ရှိလျင် တင်းကျပ်စွာ အရေးယူ အပြစ်ပေးမည်။
ပြည်သူအများစုက ထိုဥပဒေကို သဘောကျသည်။ အချို့ ပြည်သူများနှင့် လူရမ်းကား များက သဘောမကျ။ အံ့စရာကောင်းသည်က လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းသည့် ဥပဒေကို [Wyatt Earp] က လုံးဝ သဘောမတူနိုင်ခြင်းပင် ဖြစ်သည်။ သူသည် ဗာဂျီးလ်နှင့် မော်ဂင်အား ကရုဏာ ဒေါသောဖြင့် အပြစ်တင်လိုက်သည်။
"မြို့သူမြို့သားတွေရဲ့ ငြိမ်းချမ်းမှုကို လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းလိုက်ခြင်း အားဖြင့် ရလာလိမ့်မယ်လို့ မင်းတို့ထင်သလား။ မင်းတို့ မှားနေပြီ၊ နှစ်ယောက်လုံး အကြီး အကျယ် မှားနေပြီ။ မင်းတို့ ငါတို့ မိသားစုတွေကို လူရမ်းကားတွေက အလွယ်တကူ သတ်နိုင်တော့မယ်"
ဗာဂျီးလ်က ခေါင်းမာမာ၊ ၀ိုင်းယတ်က ခေါင်းမာမာ။ သို့သော် ဗာဂျီးလ်က တရားဝင်ရဲမှူး ဖြစ်နေသောအခါ ၀ိုင်းယတ်သည် ဥပဒေကို လေးစားလိုက်နာခဲ့၏။ Tombstone ရောက် ကတည်းက ဘယ်သူ့ကိုမှ မပြစ်ခတ်ခဲ့ဖူးသော မိမိသေနတ်ကို ခါးပါတ်နှင့်တကွ ဗာဂျီးလ်ထံ ဒေါသတကြီး အပ်နှံလိုက်သည်။
တခါတွင် ဖဲကစားနေရင်း Doc နှင့် Mike Clement တို့ ပဋိပက္ခဖြစ်သည်။ ရဲမှူး ဗာဂျီးလ်က ဘေးမှ ဖြန်ဖြေပေးသည်။ မော်ဂင်နှင့် ၀ိုင်းယတ်လည်း ရှိနေသည်။ Doc သည် ထိုအချိန်မှာ ချောင်းဆိုးရင်း သွေးအံ၍ သတိလစ်သွားသည်။ ဒေါ့(ခ်)ကို ဟိုတယ်အခန်းထဲသို့ ၀ိုင်းယတ်တို့က ပွေ့ချီသယ်ဆောင်သွားကြသည်။ မိုက်ခ်သည် ဒေါသကို ဘယ်လိုမှ မထိန်းချုပ်နိုင်။ "မင်းသေရမှာပဲ" ဟု လှမ်းအော် ခြိမ်းချောက်ပြီး အရက်ဘားကောင်တာမှ အပ်ထားသော ပြောင်းရှည်သေနတ်ကို တောင်းယူသည်။ ထို့နောက် Doc နောက်သို့ လိုက်ရန် ဒေါသတကြီး ထွက်သည်။ ဗာဂျီးလ်က မိုက်ကို သေနတ်ဒင်ဖြင့် ထုရိုက်ကာ အချုပ်ခန်းထဲ ဆွဲသွင်းထားလိုက်သည်။ မိုက်ခ်၏ အပေါင်းအသင်းများက မိုက်ခ်ကို အချုပ်ခန်းမှ လာရောက် ထုတ်ယူသော အချိန်တွင် တယောက်မှာ သေနတ်ပါလာသဖြင့် ၀ိုင်းယတ်က ထိုသေနတ်ကို သိမ်းဆည်းထားလိုက်သည်။ မိုက်ခ်တို့အဖွဲမှ လှည့်ပြန်သွားရင်း ဗာဂျီးလ်တို့ကို စိန်ခေါ်သွား သည်။
ဒေါ့ခ်သည် အိပ်ရာပေးတွင် အနားယူရမည် ဖြစ်သည်။ ခင်ျေားရဲ့ အဆုတ်မှာ ၆၀% လောက် ပျက်စီးနေပြီ။ ခင်ဗျား အရက်လျှော့ရမယ်။ ဆေးလိပ်ဖြတ်ရမယ်။ ညည လောင်းကစားဝိုင်းမှာ အချိန်မကုန်ရဘူး။ လုံးဝ အနားယူရမယ် ဟု ဆရာဝန်ကပြောသွားသည်။ ကဲ .. ကဲ ဆရာ ကျွန်တော့်မျက်စိအောက်ကနေ ထွက်သွားပါတော့ ဟု ဒေါ့ခ်က နှင်လိုက်သည်။
မိုက်ခ်၏ စိန်ခေါ်ပွဲသည် တမြို့လုံးသိသည့် လျှို့ဝှက်ချက် ဖြစ်သည်။ ၀ိုင်းယတ်သည် ရဲအရာရှိဘ၀က သူ့လက်စွဲသေနတ်ကို ထုတ်၍ ဗာဂျီးလ်၊ မော်ဂင်တို့နှင့် အတူ မိုက်ခ်တို့၏ ရပ်ကွက်သို့ သွားရန် ဆုံးဖြတ်သည်။ ဒေါ့ခ်ကလည်း အိပ်ရာထဲမှ ထလာကာ ဇွတ်ပူးပေါင်း သည်။ ဗာဂျီးလ်၊ မော်ဂင်၊ ၀ိုင်းယတ်နှင့် ဒေါ့ခ်တို့သည်[O.K.Corral] ဆိုင်ရှေ့တွင် မိုက်ခ်တို့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်သည်။ မော်ဂင်သည် ပုခုံးတွင် ဒဏ်ရာရပြီး၊ ဗာဂျီးလ်က ခြေထောက်တွင် ဒဏ်ရာရသည်။ မိုက်ခ်ကတော့ သူရဲဘောကြောင်စွာ [County Officer] အဆောက်အဦးထဲ ၀င်ပြေးကာ ကွယ်ရာမှ ခုခံသည်။ ထို့နောက် အလစ်တွင် ထွက်ပြေးသွားလေသည်။ ရင်ဆိုင်ပွဲ ပြီးဆုံးသွားသောအခါ ဂျွန်က ၀ိုင်းယတ်တို့အား ဖမ်းဆီးလိုက်ပြီဟု ပြောသည်။ ၀ိုင်းယတ်က စူးစိုက်စွာ စိန်ခေါ်ကြည့်ကြည့်လျက် "ခင်ဗျား ကျုပ်တို့ကို ဖမ်းဖို့ မဖြစ်နိုင်ပါဘူး ဟုတ်တယ် မို့လား" ဟု တင်းမာစွာ ပြောလိုက်လေသည်။ တဖက်ရန်သူ သုံးယောက် သေဆုံးသွားသည်။ ထိုအလောင်းများကို အသုဘချသည့် အခမ်းအနား၌ ရပ်ကွက်လူစုနှင့် ဆွေမျိုးတစုက ဆိုင်းဘုတ်များ ကိုင်စွဲလျက် ဆန္ဒပြကြသည်။ ဂျွန်နီရင်ဂိုက အရက်မူးမူးဖြင့် ဒေါ့ခ်ကို စိန်ခေါ် သည်။
"မင်းဘာလိုချင်လို့လဲ ဂျွန်နီ" ဟုဒေါ့ခ်က အေးစက်စွာမေးသည်။
"ငါမင်းရဲ့ သွေးကို လိုချင်တယ်၊ မင်းရဲ့ ၀ိဥာဉ်ကို လိုချင်တယ်။ နှစ်မျိုးလုံးကို လိုချင်တယ်"
ဒေါ့ခ်က ထိုင်ရာမှ ထလာပြီး "ဘယ်တော့လဲ... ပြော..." ဟုမေးသည်။ ထိုအချိန်တွင် ဘီလ်နှင့်အဖွဲ့က ဂျွန်နီထံ အပြေးအလွှား ရောက်လာပြီး ဖမ်းချုပ်ထိန်းသိမ်းလိုက်သည်။ "သူအရက်မူး နေလို့ပါ၊ ဂျွန်နီ လာလာ ပြန်ကြမယ်" ဘီလ်က ဒေါ့ခ်တို့ကို တောင်းပန်သလိုလို ပြုံးပြပြီး သူ့လူသူ ဇွတ်ဆွဲခေါ်သွားသည်။
ဂျိုဇက်ဖင်းနှင့် ၀ိုင်းယတ်၏ နှလုံးသားချင်း နားလည်မှုများကို မျက်လုံးများမှတဆင့် သိထားသောဂျွန် (County Officer) သည် ဂျိုဇက်ဖင်းအား ၀ိုင်းယတ်တို့၏ မာနများ ယနေ့ ညမှစ၍ ပြီးဆုံးသွားတော့မည်ဆိုတာ သူသိသည် ...ဟု အားရ၀မ်းသာ ပြော၏။ ဂျိုဇက်ဖင်းက အယ်လီနှင့် လူဝီဆာတို့ကို သွားသတိပေးသည်။ ထိုညတွင် အမျိုးသမီးများသည် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။ သို့သော် မော်ဂင်နှင့်ဗာဂျီးလ်က အန္တရာယ်ကို ရင်ဆိုင်ရသည်။ ဗာဂျီးလ်သည် လမ်းပေါ်မှာ တယောက်ယောက်၏ ချောင်းမြောင်းလုပ်ကြံ ပစ်ခတ်ခြင်း ခံရ၏။ ဗာဂျီးလ်၏ ဒဏ်ရာကို ဆေးကုနေစဉ် မော်ဂင်က ဒေါသတကြီး ထွက်သွားသည်။ မော်ဂင်လည်း လုပ်ကြံခံရသည်။ မော်ဂင်ကတော့ ခွဲစိတ်ခံရင်း သေဆုံးသွားခဲ့သည်။ မသေဆုံးမီ ၀ိုင်းယတ်အား "မင်းမှန်တယ် ၀ိုင်းယတ်" ဟု ၀န်ခံသွား ခဲ့သည်။ "၀ိုင်းယတ် တခါတုန်းက ငါပြောတာကို မင်းမှတ်မိလား၊ လူတွေ သေတဲ့အခါ အလင်းရောင်မြင်ရတယ်ဆိုတာလေ၊ အဲဒါ ဟုတ်တယ်ဝိုင်းယတ်၊ ငါအခု တမန်တော် နတ်သားတွေကို မြင်နေရတယ်။ သူတို့ တီးမှုတ်ကခုန်နေတာကို ငါမြင်ရတယ်" ထို့နောက် မော်ဂင် ဆုံးသွားသည်။
ဗာဂျီးလ်နှင့် အယ်လီ၊ မော်ဂင့်ဇနီး လူဝီဆာနှင့် ၀ိုင်းယတ်၏အမျိုးသမီး မက်တီတို့ အားလုံး ကာလီဖိုးနီးယားကို ရထားဖြင့် ထွက်ခွါရန် ၀ိုင်းယတ်က စီစဉ်သည်။ ၀ိုင်းယတ်ကိုယ်တိုင် လိုက်ပါမည်ဟု ဘီလ်နှင့် ဂျွန်နီ ရင်ဂိုတို့က ထင်နေကြသည်။ ၀ိုင်းယတ်က မြင်းလှည်းမောင်းလာရင်း ဂျွန်နီတို့ ရှေ့၌ လှည်းကိုခဏရပ်ပြီး၊ "ဒီကိစ္စတွေ ပြီးသွားပြီ" ဟုပြောတော့ ဘီလ်က စူးစိုက်စွာ ကြည့်လျက်၊ ဂွတ်ဘိုင်ဟု နှုတ်ဆက်လိုက်လေသည်။
သို့သော် အခဲမကြေသော မိုက်ခ်က Tombstone နှင့် ကပ်လျက်ဘူတာရှိရာ မြို့အထိလိုက်၍ ၀ိုင်းယတ်နှင့် ဗာဂျီးလ်ကို မျိုးဖြုတ်ရန် စီစဉ်သည်။ ရထားထွက်ခါနီး အချိန်တွင် ဘူတာပလက်ဖောင်း၌ အဖော်တယောက်နှင့် ရပ်စောင့်၍ ၀ိုင်းယတ်နှင့် ဗာဂျီးလ်ကို လူစုခွဲ၍ သတ်ရန် စီစဉ်သည်။ "ဟေ့ မက်တီ ၀ိုင်းယတ် ဘယ်မှာလဲ" ဟုဗြောင်ဖွင့်မေး၍ သေနတ်ဖြင့် ချိန်၏။ "ငါမင်းတို့ရဲ့ နောက်မှာလေ" ၀ိုင်းယတ်က မိုက်ခ်ကို အနိုင်ရသွားပါသည်။ "မင်းက မိုးကြိုးစစ်ပွဲကို ခေါ်လိုက်တယ် မဟုတ်လား မိုက်ခ်၊ ကဲ.... အဲဒီစစ်ပွဲကို မင်းရပြီးလေ... " ဟုပြောရင်း မိမိကုတ်အင်္ကျီ ရင်ဘတ်ကို ၀ိုင်းယတ်က လှစ်ပြ၏။ "အခုအချိန်ကစပြီး ငါ အမေရိကန်ပြည်ထောင်စု ပြည်နယ် ရဲမှူးဖြစ်သွားပြီ" ၀ိုင်းယတ်က ရင်ဘတ်တွင် ရဲအရာရှိ တံဆိပ် တပ်ထား၏။ "ကောင်းဘွိုင်ဇာတ်လမ်းတွေ ပြီးဆုံးသွားပြီ မိုက်ခ်၊ အဲဒီတော့ ပြေးပေတော့၊ ဂျွန်နီရင်ဂိုတို့ဆီ သွားပြီး အကြောင်းကြားချည်တော့၊ ငါနဲ့အတူ ငရဲပါလာပြီ ဆိုတာ သွားပြောစမ်း"
ထိုအချိန်မှ စ၍ Tombstone နယ်တ၀ိုက်ရှိ ကောင်းဘွိုင်လူရမ်းကားများကို ၀ိုင်းယတ်က ကြမ်းတမ်းစွာ တိုက်ခိုက်နှိမ်နင်းသည်။ ၀ိုင်းယတ်နှင့်အတူ ရောဂါသည်ဒေါ့ခ်လည်း ပါဝင်ကူညီ၏။ ဘီလ်၏ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးပြီး အချိန်မီ ပြန်လည်နှုတ်ထွက်လိုက်သော အဖွဲ့ဝင်များလည်း ပါဝင်သည်။ သူတို့အားလုံးသည် လက်နက်ကို လက်နက်ဖြင့်၊ ကြမ်းတမ်းရိုင်းစိုင်းမှုကို ကြမ်းတမ်းရိုင်းစိုင်းမှုဖြင့် ညီမျှစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရ၏။ ရာဇ၀တ် သား တယောက်ယောက်ကို အသက်အန္တရာယ် ထိခိုက်နစ်နာမှုမှ အမြဲ ကာကွယ်ပေးခဲ့သော ဥပဒေဘက်တော်သား ၀ိုင်းယတ်သည် ရာဇ၀တ်ကောင်များကို မြို့လည်ခေါင်တွင် ကြိုးဆွဲချ၍ သတ်သည်။ ရာဇ၀တ်ကောင်၏ ခြေထောက်တွင် သူတို့ ကောင်းဘွိုင် အထိမ်းအမှတ်ဖြစ်သော ခါးစည်းကြိုး ပိုးပုဝါအနီကလေးများ ရစ်နှောင်ချည်ပေးလိုက်၏။
ဘီလ်နှင့် ရင်ဆိုင်တိုက်ပွဲတွင် ၀ိုင်းယတ်က အနိုင်ရလိုက်သည်။ ဘီလ်သေဆုံးသွား သည်။ ဂျွန်နီရင်ဂို၏ စိန်ခေါ်ပွဲကို ရောဂါသည် ဒေါ့ခ်က ဖြစ်အောင်ကြိုးစား၍ သွားရောက် ရင်ဆိုင်သည်။ တရားမျှတစွာ မျက်နှာချင်းဆိုင် သေနတ်ချင်း ယှဉ်ပစ်၏။ အမြဲလက်မြန်သော ဒေါ့ခ်က အနိုင်ရသွားသည်။ "ရင်ဂိုလိုလူမျိုးဟာ ဘယ်တော့မှ ခိုးလို့ဝှက်လို့ အားရမှာ မဟုတ်ဘူး။ ဘယ်တော့မှ သတ်ဖြတ်လို့ အားရမှာ မဟုတ်ဘူး။ သူ့လိုလူမျိုးက ဟောင်းလောင်း ပေါက် အကြီးကြီးပဲ ၀ိုင်းယတ်ရဲ့။ သူလိုချင်တာက လက်စားချေမှုပဲ....။ ဘာအတွက်လဲ ဆိုတော့ ပျင်းရိငြီးငွေ့နေလို့ပဲ..." ဒေါ့ခ် အိပ်ရာထဲ လဲနေစဉ် ၀ိုင်းယတ်အား ပြောခဲ့သောစကား များ အလွန်မှန်ကန်ပါသည်။
ရင်ဂို၏ အလောင်းကို ဒေါ့ခ်နှင့်အတူ ရပ်ကြည့်နေပြီးနောက် ၀ိုင်းယတ်က "ကဲ... ငါတို့ ဒီစစ်ကို အဆုံးသတ်ကြစို့" ဟု ပြောလိုက်သည်။ မိုက်ခ်ကလဲမောင့်သည် ၀ိုင်းယတ်တို့အား အရှုံးပေး၍ ထွက်ပြေးသွားသည်။ နှစ်နှစ်အကြာတွင် သေနတ်ပစ်ခံရမှုကြောင့် မိုက်ခ်သေဆုံး သွားသည်။ Tombstone မှ ထွက်ခွါသွားပြီး မကြာမီ မက်တီ သေဆုံးသွားသည်။ ဒေါ့ခ်ဟောလီးဒေးသည် ၆ နှစ်အကြာတွင် Glennwood အနားယူဆေးရုံ၌ အဆုတ်ရောဂါဖြင့် သေဆုံးသွားသည်။ ဒေါ့ခ်ဆုံးမည့်နေ့၌ ဒေါ့ခ်အနီးမှာ ၀ိုင်းယတ်ရှိခဲ့သည်။
"ဘယ်လိုနေလဲ ဒေါ့ခ်" ဟု မေးတော့ ဒေါ့ခ်က မချိတင်ကဲပြုံးလျက် "ငါသေရတော့မှာ အသက်ငင်နေပြီ" ဟု မှန်ကန်စွာ ဖြေလေသည်။
ဒေါ့ခ် သေဆုံးပြီးနောက် ၀ိုင်ယတ်သည် ဂျိုဇက်ဖင်းရှိရာသို့ လိုက်သွား၏။
"ကိုယ့်မှာ ဘာမှ မကျန်တော့ဘူး ဂျိုးဇက်ဖင်း .. မင်းကို ပေးစရာ ဘာမှ မရှိတော့ဘူး။ မာနတွေလည်း မရှိတော့ဘူး၊ ဂုဏ်သိက္ခာဆိုတောလည်း မရှိတော့ဘူး၊ ငွေကြေးလည်း မရှိတော့ဘူး၊ ဒါပေမယ့် ကိုယ်ကတိပေးနိုင်တာ တခုကတော့ မင်းကို ကိုယ်ချစ်တယ်။ မင်းဘ၀ရဲ့ ကျန်ရှိသမျှ အချိန်အားလုံးအတွက် မင်းကို ကိုယ်ချစ်တယ်"
ဂျိုဇက်ဖင်းက ရယ်မော၍ နှစ်သိမ့်သည်။
"စိတ်မပူပါနဲ့ ၀ိုင်ယတ်ရယ် ... ကျွန်မမိသားစုက ချမ်းသာပါတယ်"
ထို့နောက် သူတို့ နှစ်ယောက် လက်ထပ်လိုက်ကြသည်။
ဝိုင်းယတ်သည် အသက် ၈၀ အရွယ် ၁၉၂၉ ခုနှစ်၌ သေဆုံးသွားသည်။ သူ့ဘ၀ ဇာတ်ကြောင်းသည် Tombstone မြို့၊ Kansus ပြည်နယ်၊ California နှင့် သူသေဆုံးရာ Los Angeles မြို့များတွင် ဒဏ္ဍာရီသဖွယ် လူသိများသော ဇာတ်လမ်းတခု ဖြစ်ခဲ့သည်။
ဂန္ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်စဉ်က ဂန္ဒီ၏ အကြမ်းမဖက်ရေးမူဝါဒ၊ ငြိမ်းချမ်းစွာ ဆန္ဒပြရေး မူဝါဒအပေါ် ချီးကျူးလေးစားခဲ့သော ကျွန်မသည် Tombstone ဇာတ်ကားကြည့်ရင်း Wyatt ၏ တရားမျှတသော တိုက်ခိုက်မှုများကို အပြစ်မမြင်နိုင်ဘဲ ဖြစ်ခဲ့ရသည်။ ဂန္ဒီဇာတ်ကားတွင် အင်္ဂလိပ်နံပါတ်ဒုတ် စစ်သားများရှိရာသို့ လက်ချည်းသက်သက်ဖြင့် ငြိမ်းချမ်းသိမ်မွေ့စွာ တယောက်ပြီးတယောက် လမ်းလျှောက်သွားပြီး ခေါင်းရိုက်ခွဲခံနေသည့် အိန္ဒိယမျိုးချစ်ပြည်သူများကို ကြည့်ရင်း ကြက်သီးထလျက် မျက်ရည်ကျခဲ့မိသော ကျွန်မသည် ၀ိုင်ယတ်က လူရမ်းကား ကောင်းဘွိုင်များနောက်သို့ လိုက်လံ နှိမ်းနင်းတိုက်ခိုက်သောအခါ အားကိုးတကြီး ကျေးဇူးတင်ခဲ့မိသည်။ လက်နက်မဲ့ ပြည်သူများ၏ အားကိုးရာသည် လက်နက်ကိုင်ခွင့်ရှိသော ၀န်ထမ်းများ၏ တရာမျှတမှုပင် ဖြစ်သည် မဟုတ်လား။ ကျွန်မတို့သည် တရားမျှတမှုကို အသက်နှင့် ရင်း၍ မျှော်လင့်ရင်း အသက်ရှင်ရပ်တည်ရသော လက်နက်မဲ့ ပြည်သူများဖြစ်နေသည် မဟုတ်လား။
ဒါရိုက်တာ George P. Cosmatos သည် ဗာဂျီးလ်၏ လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းမှု ဥပဒေ မှားယွင်းသည့်အကြောင်းကို မော်ဂင်၏ သေခါနီးဝန်ခံစကားဖြင့် ဖော်ပြခဲ့သည်။ လက်နက်ကို လက်နက်ချင်းယှဉ်မှသာ တရားမျှတမှု လမ်းကြောင်းကို ရောက်နိုင်သည်ဟူသော ကောက်ချက်ကို ၀ိုင်းယတ်၏ နောက်ဆုံးတိုက်ပွဲများဖြင့် ကိုယ်စားပြု ခဲ့သည်။ သို့သော် ထိုတိုက်ပွဲများသည် ဂုဏ်သိက္ခာရှိသည်ဟုတော့ သူမမြင်ပေ။ ၀ိုင်းယတ်သည် Tombstone မြို့၏ တရားမျှတမှုအတွက် မိမိ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ခဲ့ရကြောင်း ဒါရိုက်တာက ကျွန်မတို့အား အသိပေးလိုဟန် ရှိပါသည်။ ၀ိုင်းယတ်၏ နောက်ဆုံးစကားဖြင့် ကျွန်မတို့ သိနိုင်သည်။
"ကိုယ့်မှာ ဂုဏ်သိက္ခာဆိုတာလည်း မရှိတော့ပါဘူး"
ဇာတ်လမ်းကျောရိုးနှင့် နောက်ခံမြင်ကွင်းအရဆိုလျင် တရားမျှတမှုကို လိုလားသော ပြည်သူ အားလုံး ထိုဇာတ်ကားကို နှစ်သက်ကြလိမ့်မည်ဟု ကျွန်မထင်ပါသည်။ ထို့ပြင် ရုပ်ရှင်ဖန်တီးမှု အနုပညာကို စွဲမက်ခံစားလိုသော ရုပ်ရှင်ချစ်သူအားလုံးလည်း ထို Tombstone ဇာတ်ကားကို နှစ်သက်ကြပါလိမ့်မည်။ ဓာတ်ပုံဒါရိုက်တာ William A Franker ၏ ဓာတ်ပုံပညာမှာ တော်တော်စွဲလန်းဖို့ ကောင်းပါသည်။ သေနတ်ပစ်ဇာတ်ကား ဖြစ်ပါလျက် နောက်ခံမြင်ကွင်းကို ပန်းချီကားသဖွယ် လှပအောင် ကင်မရာရှုဒေါင့်များ ကစားလျက် ရိုက်ပြသွားနိုင်သည်။ ဇာတ်ကောင်တဦးချင်း၏ မျက်လုံးအမူအရာ၊ အလင်းပေးမှု အားလုံးလည်း သင့်တော်ကောင်းမွန်သော ဇာတ်ကား ဖြစ်သည်။ ကားကူး၊ ကားဆက်ပညာ၊ ဖြတ်တောက်မှုပညာ၊ တခန်းနှင့်တခန်း မြင်ကွင်းနှင့် အသံ အဆက်အသွယ်လည်း စနစ်တကျ လှပနေသည်။
မော်ဂင်အပ်ပ်တယောက် ဘိလိယက်ထိုးရင်း အသတ်ခံရသည့်အဖြစ်ကို ပြသမှုချင်း အတူတူပင် ဖြစ်သော်လည်း Wyatt Earp ဇာတ်ကားမှာထက် Tombstone ဇာတ်ကားမှာ ပို၍ ဆွဲဆောင်မှု ရှိ၏။ ရုပ်ရှင်ပိုဆန်သည်ဟု ပြောနိုင်သော်လည်း ထိုပြကွက်သည် ထူးဆန်းစွာ လှပသော ပြကွက်ဖြစ်ပါသည်။
ဒါရိုက်တာသည် အခွင့်အရေးမူကြမ်း ပြင်ဆင်ချက် (၂) ကို တည်မြဲရန် Tombstone ဇာတ်ကားဖြင့် တောင်းဆိုလေသလား .... ကျွန်မ မသိနိုင်ပါ။ သူ၏တောင်းဆိုမှု ထိရောက် သည် မထိရောက်သည်ကိုလည်း ကျွန်မ မသိပါ။
ထိုဇာတ်ကားကို ကြည့်ပြီးနောက် ကျွန်မရင်ထဲမှာ ကျန်ရစ်ခဲ့သော အတွေးမှာ တခုတည်းသာ ဖြစ်သည်။ မည်သည့် ပုဂ္ဂိုလ်အမျိုးအစားက ကိုင်ဆောင် အသုံးပြုသည်ဖြစ်စေ လက်နက်သည် ပြည်သူလူထု၏ ငြိမ်းချမ်းမှုအတွက် မည်သည့်အတိုင်းအတာအထိ တရားမျှတမှုကို ပေးစွမ်းနိုင်သလဲ ... ဟူသော အတွေးသာ ဖြစ်ပါသည်။


[၁၉၉၅ ခု၊ ဖေဖော်ဝါရီလ]
{ဂျူးစာပေ၊ စာအုပ်အမှတ်(၈)၊ ကထုတ်တဲ့ ဂျူးရဲ့ 'မြစ်တစင်းကို ဖြတ်ကျော်ခြင်း-ရုပ်ရှင် ခံစားမှုဆောင်းပါးများ' ၊ ၁၉၉၆ ခုနှစ်၊ အောက်တိုဘာ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်။}

Tuesday, July 1, 2008

ပြတိုက် မပြတိုက်
ရေးသူ - ဒေါက်တာသန်းထွန်း



[၁၃၆၅ ခု၊ ၀ါခေါင်လဆုတ် ၃ ရက်။ သြဂုတ်လ ၁၅ ၂၀၀၃ မှာထုတ်ခဲ့တဲ့ မာယာမဂ္ဂဇင်းက ပြန်လည်ကူးယူဖော်ပြပါတယ်။]


ဘလှိုင်ကော်မတီ 'အမျိုးသားပြတိုက် ပစ္စည်းစုပြီး ခင်းကျင်းပြသရန်' အစီရင်ခံစာ ၁၉၄၅။ တေလာ (L.F.Taylor) 'မြန်မာပြည်နယ်ပြတိုက်' JBRS XIV, i, I-20 Museum Architecture Museums and Art galleries Encyclopedia Brittanica XV, 1953, 990-1001 လု့စ် (G.H.Luce) 'မြန်မာပြတိုက်တည်ထောင်ဖို့ အလုပ်လျာထားချက်အကြမ်း' JBRS XXXIII, ii, 99-130 မင်းနိုင် 'ပြတိုက်လမ်းညွှန်' ၁၉၈၀ တွေကိုလည်း ဖတ်တယ်။ အင်ဒိုနေရှ၊ အမေရိက၊ အင်္ဂလန်၊ အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ ဂျပန် စတဲ့ နိုင်ငံတွေက ပြတိုက်ကြီးတွေ လည်း ကြည့်ရှုပြီး မှတ်မိသမျှကိုလည်း ပြန်စဉ်းစားပြီးမှ ဒီစာတမ်းကို ရေးပါတယ်။




ပုဂံပြတိုက်သစ်ကို ၁၆၊ ဂျွန်၊ ၁၉၉၉ မှာရောက်ခဲ့တယ်။ နောက်နှစ်ရက်ဆက်ပြီး သွားသေးတယ်။ ဘေးမြင်ကောက်ကြောင်းပုံ (silhouette) နဲ့ပဲ ရောက်တဲ့နေရာက ဆက်မ သွားပဲ ပြန်ချင်တဲ့စိတ်ပေါက်တယ်။ ဥပမာ ကပ်ပြီးပြောရရင် ပင်လယ်က ၀င်လာတဲ့ သင်္ဘောပေါ်က ရန်ကုန်မြစ်ဝ ရောက်တဲ့အခါ ရွှေတိဂုံဘုရားကြီးရဲ့ ဘေးမြင်ကောက်ကြောင်း ပုံဟာ နှစ်သက်စိတ်၊ ကြည်နူးစိတ် ဗုဒ္ဓသာသနာအကြောင်း ပိုသိချင်တဲ့စိတ်တွေ ပေါ်လာတယ်။ ငါမရောက်မနေ သွားကြည့်ရမယ့်နေရာဟာ ဘုရားကြီးပဲလို့ စိတ်မှာစွဲယူ သတ်မှတ်မိတယ်။ ပုဂံ ပြတိုက်က အဲဒါရဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ပုံထုတ်တဲ့ ပိသုကာတွေကို အထင်သေးမိ တယ်။ ပုဂံ ကြည်နူးနှစ်သက် ကြည်ညိုစရာ ဘေးမြင်ပုံလောင်း (silhouette) ကို ဖျက်ဆီးသူ တွေလို့ စိတ်မှာထင်မိတယ်။ ကျွန်တော်တို့ ပုဂံရောက်နေတဲ့ ရက်မှာ မြန်မာဗိသုကာအသင်း ကလည်း ကုမုဒြာဟိုတယ်မှာ လူလေးဆယ်ကျော်တည်းခိုပြီး ပုဂံဘုန်းကြီးကျောင်း ဆွေးနွေးပွဲ (seminar) နှစ်ရက်လုပ်တယ်။ မင်းဘူးအောင်ကြိုင်ကို တလေးတစားဖိတ်ပြီး သူပြောတာတွေ ကို ဂရုတစိုက် နားထောင်မှတ်သားကြတယ်။ သူတို့ထဲက ခေါင်းဆောင်တယောက်ကပဲ ပုဂံ (silhouette) ပျက်သွားပြီလို့ ပြောပါတယ်။ အလှ အယဉ် အမြင့် ဆိုတဲ့ အာနန္ဒာ၊ ဂေါ်တောပုလ္လင်၊ သဗ္ဗညု ဂူကျောင်းဘုရားစေတီတွေ တိမ်ပြီး (fade out) ရှုခင်းထဲက မှိန်ထွက် သွားတယ်။ တိုင်းတပါးမှာ လန်ဒန်စိန်ပေါဘုရားရှိခိုးကျောင်းနားမှာ မိုးမျှော်တိုက် (skyscraper) ကြီး မဆောက်ရ။ ဆူးလေဘုရားနားမှာ လမ်းကူးတံတားကြီးတွေ၊ တိုက်မြင့်ကြီးတွေ ၀င်လာ တော့ ဆူးလေဘုရားဟာ မူလနေရာက မရွေ့ဘဲ ပျောက်သွားတယ်။ ရှိဂါကို (Chigaco) မှာ အထပ်ငါးဆယ် ခြောက်ဆယ်ဝိုင်း (loop) ထဲမှာ အင်ပါယာစတိတ် (Empire State building) က အထပ်တရာ့သုံးဆယ်ထပ်နဲ့ ဆောက်ထားပေမယ့် မင်ရှီဂန်(Michigan) ရေကန်ကြီးထဲက မြင်နေကျ မြို့ဘေးမြင်လိုင်းကောက်ကြောင်းပုံဟာ ပျက်မသွားဘူး။ တိဗက်(Tibet) က လာဆာ (Lhasa) မြို့တော်ခြေက တောင်ထိပ်ထိ ခံတပ်နန်းတော်ကြီး (Potala) ဆောက်တော့လည်း လာဆာ (silhouette) ပျက်မသွားဘူး။ မန္တလေးမှာ မြေနန်းပြသာဒ်ကို ပြတိုက်လုပ်တာကမှ တော်သေးတယ်။ အေးဗျာ၊ ပုဂံမြင်ကွင်းတော့ အတော်များများ ပျက်သွားပြီ။
ပြသာဒ်မုခ်တံခါးက ၀င်လိုက်ရင် ပျူစောထီးကို တွေ့ပြီး နေနတ်သားနဲ့ နဂါးမ ရလို့ မွေးတယ်လည်းဆိုသေး၊ နတ်နဂါးကပြားက လူနဲ့တူနေတယ်။ သူကိုင်တဲ့လေးက မွန်ဂို လေးသည် (Mongol archor) ရဲ့ လေးဆိုရင် တော်သေးတယ်။ ရာမဇာတ်ထဲက လေးဖြစ်လို့ ခက်နေတယ်။ သူဖြိုခွင်းရမယ့် ရန်သူတွေက အားမာန်အပြည့်နဲ့ သူရပ်တဲ့ ခုံအောက်ရောက် နေတယ်။ သူက နှိမ်နင်းပြီးပြီ ဆိုရင်လည်း အဲဒီအကောင်တွေဟာ ပက်လက်လန်နေဖို့ မကောင်းလား။ ပုံပြင်ထဲမှာ အသေသတ်တယ်လို့ ကြားရဖူးတယ်။
ပြတိုက်အ၀င်မှာပဲ ကျောက်ကူဥမင်စိန်ဘောင်ကို အပြန်ပြန် အထပ်ထပ် လုပ်ထားတာ ကို တွေ့တော့ စိတ်ညစ်သွားတယ်။ အလှဆင်တာ လွန်လွန်းတော့ မလှတော့ဘူး။ တံတောင်ဆစ်အထိ ရွှေလက်ကောက်တွေ အပြည့်ဝတ်ထားတဲ့ ငါးစိမ်းသည်ကို မြင်ရတော့ ဘာမှ မပြောတာ ကောင်းပါတယ်လို့ ငြိမ်နေလိုက်တယ်။ အနီးကပ်မြင်ကွင်းမှာ သူ့ထက်ဆိုး တာက ရှိပါသေးတယ်။ လူတဖက်ရှိတဲ့ တိုင်လုံးကြီး (column)တွေပါပဲ။ တိုင်လုံးကြီးဆိုရင် ကြီးတာနဲ့ (propotionate) ကိုက်အောင်၊ ရှည်ရတယ်။ ခုတော့ သုံးဆစ်ဖြတ်ပြီး ခါးပန်းနှစ်ခု ပတ်ထားတယ်။ ထည်ဝါခန့်ညားတဲ့ ဟန် ပျက်သွားပြီ။ စံပြုရတဲ့ ရိုးရာ (classical) ဗိသုကာ (Architecture) မှာ တိုင်ကြီး (column) ဆိုရင်၊ လုပ်မြဲစနစ်က ဖိနပ် (base) တိုင်ရှည် (shaft) တိုင်ထိပ်(capital) နဲ့ ထိပ်စီး(entablature) ဆိုတဲ့ အင်္ဂါလေးပါး ပြည့်စုံရတယ်။ တိုင်ရှည်၊ တိုင်ဖြောင့်ကြီးမှာ ဘာမျှ အကပ်အတွယ် အနှောင့်အယှက် မရှိစေရ၊ ထိပ်စီးမှာ အောက်ဆုံးက ရက်မ (Architravis) အဲဒီအပေါ်က ပန်းဆွဲ (frieze) (တခါတရံ ပန်းမဆွဲပဲ ပြောင်ထားတတ်ပါတယ်) ပန်းဆွဲအပေါ်ဆုံးက ဖောင်း(cornice) ကို မျက်နှာကျက်မှာ ဆွဲလိုက် ပါတယ်။ တိုင်ရှည်ကြီး (Doric) တပ်စကင်(Tuscan) အိုင်အိုနစ် (Ionic) ကော်သီယန် (Corinthian) ဆိုပြီး လေးမျိုးရှိတယ်။ မြန်မာမှာ ဒါမျိုး မရှိဘူး။ အနောက်တိုင်းမှာ ရှိတာကို ယူရင်လည်း အချိုးအစားကျအောင် ယူပါလို့ပဲ ပြောချင်တယ်။ အခု ယူထားပုံက အချိုးအစားကို လည်း ဖျက်တယ်။ ပြီးတော့ ယွန်းထိုးထားတယ်။ စပ်ဟပ်ပုံကို မကြိုက်ပါ။
ပြတိုက်ဝင်ပစ္စည်း (museum piece) ကို တင်ပြ (exhibit) တဲ့အခါ လာကြည့်တဲ့သူကို ပစ္စည်းမပြ။ တင်တဲ့ခုံပဲ ကြည့်ပေတော့လို့ ဆိုသလို ဖြစ်နေတယ်။ ပစ္စည်းတင်တဲ့ခုံဟာ ခိုင်ခံ့ဖို့လိုသလို ပြချင်တဲ့ပစ္စည်းကို ခုံအလှက လွှမ်းမိုးမသွားအောင် ဆင်ခြင်ရမယ်။ အပြောက်အမွှမ်းတွေ ကနုတ်တွေ မလိုပါ။ တန်ခိုးကြီးဘုရား ဂေါပကက မှန်ဘီရိုတခုထဲမှာ ပစ္စည်းတွေ တပုံစီ ပြထားတာကမှ ဟန်ကျသေးတယ်လို့ ထင်မိတယ်။
ပုဂံခေတ် ဘုရားဆင်းတုတွေကြားထဲမှာ ခုမှလုပ်တဲ့ အနော်ရထာ မတ်ရပ်ရှင်၊ ကျန်စစ်သား မတ်ရပ်ရှင်တွေ ပါမနေသင့်ဘူး ထင်ပါတယ်။ အာနန္ဒာထဲမှာ အရဟံနဲ့ ကျန်စစ်သား၊ အဘယ်ရတနာထဲမှာ အဘယ်ရတနာမိဖုရားဆိုပြီး ရွှေကြိုတွေက လက်ညှိုးထိုး ပြ နေတာကမှ တော်လိမ့်ဦးမယ်။ အခုလုပ်ပုံက မတော်ပါ။ ပုဂံပုံကျယ် (panoramic view) ကတော့ မဆိုးပါဘူး။ ပြတိုက်အစောင့်အထိန်းနဲ့ လမ်းညွှန်လမ်းပြတွေက တော်တယ်။ ကျွန်တော်တို့လည်း သူတို့မကြားအောင် အချင်းချင်း လက်ကုတ်ပြီး အတင်းပြောပါတယ်။ ရာဇကုမာကျောက်စာထဲမှာ ဂြီတိတြပ၀ရဓမ္မရာဇာက သူ့သားတော် လုပ်သမျှ ကောင်းတယ်ကွ (သာဓု)၊ ကောင်းတယ်ကွ (သာဓု) လို့ နှစ်ခါပြောသလို ပြောခဲ့ပါတယ်။

သန်းထွန်း

Show or Hide
by Dr. Than Tun

{August 15, 2003 ထုတ် မာယာမှ ပြန်လည်ကူးယူဖော်ပြပါတယ်။}


With reference to the Ba Hlaing Committee " Report of the commissions of the National Museum Collection and Exhibitions", 1945, L.F.Taylor, " A Burma Provincial Museum, JBRS, xiv, i, April 1924, 1-20; "Museum Architecture, Museums and Art Galleries", Encyclopedia Britannica xv, 1959, 990-1001; G.H.Luce, "Draft Scheme for the Burma Museum," JBRS XXXIII, ii, August 1950, 94-130; Min Naing, Guide to Museum, 1980, and puting together my collections of several hours at the Museum of America, Canada, England, France, Holland, India, Indonesia, Japan, Singapore and Thailand, I felt that I have had some knowledge in museums and write this note on the New Museum, Bagan. I visited that Bagan Museum on three successive days of 16th to 18th June 1999. Its silhouette that I saw from a distance so disheartened me that I loath to get even closer to it. I think I shall have to give some comparisons here so that I could make others understand what I mean to say. The Silhouette of the Great Shwedagon as a person sees from the ocean liner at the mouth of Yangon river is so awe-inspiring that he would never forget it. That might even inspire him to learn Buddhism together with its art and architecture. The Bagan Museum is just the opposite. Would you blame the architect for making this monastery? The decoration, both the interior and exterior are so grotesque that they destroy the entire lovely silhouette of Bagan. The grackle and gracious Grawdawpalin now looks small and insignificant besides this ugliness that they call museum. I may be wrong but I do not think a true architect would make such a design for museum. The building has successfully obliterated the former admirable Bagan scene which was magnificent through ancient.




While I was at Bagan about forty members of the Association of Myanmar Architects were having a two-day seminar on Bagan monastic establishments at the Kumudra Hotel. Aung Khine, chief of the Bagan archaeological zone presented a paper at the seminar and he would know who was responsible for the design of the museum. Only one of the architects at the seminar made a casual remark that it was ill-conceived and poorly accomplished. As a result, the Bagan scene is defaced. People used to say that " Ananda is beautiful, Grawdawpalin is graceful and Thabyinnyu is high and magnificent." Many a temple or pagoda, still has it own charm though it is in various stages of ruin. Now, because of this ungainly thing in their middle, they pale or fade out. That is intolerable. In London, no skyscraper is allowed near the St. Paul Cathedral. Tokyo disallowed any tall edifice around Tenoheka's Palace. When encircled with bridges and towers the Sule Pagoda has been reduced almost to nothingness. In Chicago, however, within 'the loop' of some fifty, sixty storied buildings, the Empire State Building of one hundred and thirteen stories make not so much of an interference in the silhouette as seen from Lake Michigan. At Lhasa in Tibet, Potala (palace) creeps up the mountain side and makes no disturbance to the panoramic view. The Mandalay Palace, lost its former splendor when its teak pillars were substitute with concrete ones. Surely Bagan lost its magnificence when this big museum appeared.
Soon after one has entered the museum gate, he would be confronted by a huge Hpyu Saw Hti with bow and arrow. He was an archer born of the Sun God and a she-serpent. Being a half-breed, he would look either a god or serpent either a demi-god or semi-serpent. And another anarchronism is that he uses the bow Rama. A Mongol archer's bow would be more suitable. The animals he killed from the pedestal but they all look very much alive and threatening.
The entrance to the Museum is covered with replicas of the dado from the Kyauk Ku U-Min. The building does not any decorations. It is a building to exhibit the antiques, etc. It is in no way to become an exhibit itself. Profuse decoration is barbarous. You would even hate to see an elderly fish monger cutting fish with hands wearing dozens of gold bangles. Words would fail to express one's disappointment. Immensely huge columns are lacquered with floral designs and protected with a warning "Don't touch." A column is supposed to stand tall, with no cut in the middle. It is a nice thing that should not be ignored. In classical style, the columns simply looks grand with only whitewash. It should have a base, shaft, capital and entablature. Nothing shall cut across it. That would distract the column from its grandeur. The top would have architrave and frieze. The cornice fall from the ceiling. The entablature varies between the Doric, Tuscan, Ionic and Corinthian pillars. Myanmar architecture doesn't have them. If they are introduced now why not use them properly.
The exhibit are put on a pedestal, a table or a stands which is again profusely decorated. There is no sense in overdoing these things. That reminds one of a pagoda museum, where curious are dumped helter-skelter with no precise information on each exhibit. This system, if you could call it a system, is hopeless.
The curator would not possibly be able to explain why the statues of Aniruddha and Kyanzittha are shown among the headless or handless images of the Buddha. It is worse than the intentional change of some very able asiti (eighty) disciples into Abeyadana, Kyanzittha and Arahan in temples Abeyadana and Ananda (Nanda).
The Museum curators, guides, and attendants are nice and they could to help us visitors. We extend Sadu twice to them in as much the same way as Kyanzittha on his death-bed to his son Rajakuma "Good indeed, good indeed" for all the meritorious deeds that the son had done on behalf of his dying father.

Than Tun
15 September 2001

ပင်ကျရည်အလွမ်း
ရေးသူ - တင်မိုး



{၁၃၆၅ ခု၊ ၀ါခေါင်လဆုတ် ၃ ရက်၊ ၂၀၀၃ သြဂုတ်လ ၁၅ ရက် ထုတ် မာယာမှ ပြန်လည် ကူးယူတင်ပြအပ်ပါတယ်။}

ပင်ကျရည် ထန်းရည်ခါး
ကြက်သားနဲ့ လိုက်ဖက်တယ်။

မန္တလေး ဘီယာဗူး
အာလူးကြော်နဲ့ မြည်းမယ်။




ပုဂံဟိုတယ်ဘေးမှာလ
တဲကလေး ထန်းရည်သည်
မျက်နှာငယ်ငယ်နဲ့ သူအငေး။

ကိုကြီးကျော်ဖော်အပေါင်းတို့
ထနောင်းပင်မြိုင်မြိုင်က
တယိုင်ယိုင် လုံချည်မ, ပါလို့
ငယ်စတိုင် သူတို့က, ရှာကြ
ထန်းမြရည်ပေးပါ-တဲ့
လွမ်းလှချည်သေး။ ။

တင်မိုး