Wednesday, July 9, 2008

တိုးဝံ့တိုး
ရေးသူ - မိချမ်းဝေ


သန္တာကျောက်တန်းတွေရဲ့ နောက်မှာ စူးရှတဲ့ မျက်လုံးတစုံရှိတယ်။ ရက်စက်ခြင်း သရဖူကို ဆောင်းထားတဲ့ ဒီ အေးစက်စက် မျက်လုံးတစုံဟာ ငြိမ်သက်ခြင်း ဣနြေ္ဒကို ဆောင်ထားလေရဲ့။ ငါးကလေးတွေဟာ ကြောင်ဖားကြီး အနားကဖြတ်တဲ့ ကြွက်ကလေးတွေလို ရန်သူကို မမြင်ဘဲ ရှေ့ကိုတိုးသွားလေရဲ့။ သူတို့ရဲ့ စုစုချွန်ချွန် နှုတ်ခမ်းအစုံဟာ ရေပြင်ကို ထိုးခွဲလို့ အမြီးရေယက်တွေ အားနဲ့မရှိတဲ့ ခါးကလေးတွေကို လှုပ်ရမ်းပြီးတော့ပေါ့။ ဟာ ... ဟ ရယ်စရာတောင် ကောင်းလိုက်တာ။ ငါးကလေးအုပ်စု လွန်သွားတော့မှ သန္တာကျောက်တန်း ကြားက ရှည်လျားသန်မာတဲ့ လက်ကြီးတဖက် ရုတ်ခနဲ ထွက်လာပြီး နောက်အကျဆုံး ငါးတကောင်ကို ဖျတ်ခနဲ ဖမ်းဆွဲ၊ ပကတိအတိုင်း ငြိမ်သက်သွား။ ဟင် ... လျှပ်တပြက်ကလေး အတွင်း ဖြစ်ပျက်သွားတာဆိုတော့ အသေအချာ စောင့်ကြည့်နေတာ မဟုတ်ရင် သိမှာတောင် မဟုတ်ဘူး။ ဟော ... သည်လိုနဲ့ ထုံ အအ ငါးအုပ်တွေ တအုပ်ပြီးတအုပ် ဖြတ်သွား။ နောက် အကျဆုံး ငါးကလေးတကောင်စီ လက်တံရှည်ကြီးဆီ ပါသွား.....။



အင်း .. သူ့အစာ သူရှာစားတာတော့ ဘာပြောလို့ ဖြစ်မလဲနော့။ ကျုပ်ကလဲ သူ့ခွင်ကို မဖျက်ပါဘူး။ သူ့ အစာကို လုမစားပါဘူး။ ကျုပ်နဲ့ အလေ့အထခြင်းတူတဲ့ အစာဖမ်းနည်းကိုပဲ သဘောကျလို့ စောင့်ကြည့်နေတာပါ။ သူနဲ့ကျုပ်က အမျိုးချင်း ခပ်ဆင်ဆင်၊ အကောင်ချင်း တော့ ခပ်ကွဲကွဲပါ။ သူက လက်ရှစ်ဘက်၊ ကျုပ်က လက်ဆယ်ဘက်၊ အရေအတွက်ချင်း မကွာလှပေမယ့် သူ့လက်တံတွေက ကျုပ်လက်တံတွေထက် အားရှိ သန်မာလှတယ်။ ကျုပ်မှာ ဥမင် လို့ ခေါ်တဲ့ စုပ်ခွက်ပါတဲ့ လက်တံရှည်ကြီးတွေ ရှိသလို သူ့မှာလည်း သန်စွမ်းရှည်လျားတဲ့ လက်တံကြီးတွေ ရှိတယ်။
သူ့ရဲ့ ခန္ဓာကိုယ်ဟာ ကြီးမားသလောက် အစာရှာတဲ့ နေရာမှာ မာယာလဲ များသေး တယ်။ အစာကို တွင်းဝ ကျောက်ကြားတွေဆီက ချောင်းဖမ်းသလို ဟော ... ပြောရင်းဆိုရင်းနဲ့ သူ့ရဲ့ အရုပ်ဆိုးတဲ့ ခေါင်းကြီးကို ဘယ်ယိမ်းညာငင်လို့ ထွက်လာပါပြီ။ အပြင်ရောက်လို့ ကြည့်လိုက်တော့ နည်းတဲ့အကောင်ကြီး မဟုတ်။ ဘယ်လောက်စားစား ၀မယ့်ပုံ မပေါ်။ ကြမ်းရှတဲ့ လက်တံကြီးတွေဟာ အစာကို တွေ့လိုတွေ့ငြား စမ်းရမ်းရှာနေသေးတယ်။
ကျောက်ကြိုကျောက်ကြားမှာ ပုန်းခိုနေတဲ့ ကျောက်ပုစွန်တွေ ဆီရောက်သွားတော့ ကျောက်ပုစွန်တွေက မြန်လိုက်တာမှ လှစ်နေတာပဲ။ သူ့ရဲ့ လက်တန်ရှည်ကြီး ဝှေ့ရမ်းလာတာနဲ့ ကျောက်ပုစွန်တွေဟာ နောက်မြီးဖျား ထောက်ပြီး ဖရူးခနဲ အသံပေးလို့ ကျောက်တုံးကျောက်ခဲ တွေကြား တိုးဝင်သွားတာများ အသံထက်မြန်တဲ့ နှုန်းတွေနဲ့ပေါ့။ ကြည့် ... ဒီကောင် စိတ်တိုလာပြီ။ မျက်လုံးတွေ ပိုပြီး ပြူးကျယ်လာသလို လက်ရှစ်ဖက်ကလည်းခါတိုင်းထက် ပိုပြီး လှုပ်ရှားခါရမ်းလာလို့ပေါ့။ လူတွေပြောတဲ့ ရမ်းကားတယ်ဆို ဒါပဲနေမှာ။ ဒေါသမာန်ကြောင့် ရမ်းလဲရမ်း ကားလဲကားတဲ့ လက်ကြီးတွေ။
ဒီတခါ လက်တံဖျားမှာ ကားယားပါလာတဲ့ ကံဆိုးသူကတော့ 'ငါးအူကြီး' လို့ခေါ်တဲ့ ငါးလိပ်ကျောက်နွယ်ဝင် တကောင်ပဲဗျ။ ငါးလိပ်ကျောက်တို့၊ ငါးတင်းဟေးတို့ဆိုတာ လူတွေ သိပ်ကြိုက်တဲ့ အသားများတဲ့ ငါးတွေပေါ့။ ဒီကောင်တွေက လူကိုလည်း မကြောက်၊ စက်သံယာဉ်သံကိုလည်းမကြောက်။ လှေသင်္ဘောတွေရဲ့ နောက်ကို တကောက်ကောက်လိုက် ပြီး (လူတွေနဲ့ ပရောပရီလုပ်လေ့ရှိတဲ့ ဟို လင်းပိုင်ဆိုတဲ့ အကောင်တွေနဲ့ ဖက်ပြိုင်ပြီး) လူတွေ ချစ်ခင်အောင် လေပေါ်ပျံဝဲလို့ စတန့် အမျိုးမျိုး ထွင်ပြတဲ့ အကောင်တွေပေါ့။
အဲဒီ ငါးအူတွေဟာ ပုလဲငုပ်သမားတွေကိုတော့ အနှောင့်အယှက် ပေးလေ့ရှိတယ်။ ပုလဲငုပ်ဒိုင်ဘာကို လှေနဲ့ဆက်သွယ်ထားတဲ့ ကြိုးဟာ ရေအောက်မှာ တစိုက်မတ်မတ် သွားလေ့ရှိတဲ့ ငါးအူကြီးတွေနဲ့ မကြာခဏ ၀င်တိုးမိလေ့ရှိတယ်။ ငါးအူကြီးရဲ့ ကျောပြင်ဟာ မည်းနက်ကြမ်းရှနေပြီး မျက်လုံးက ချိုလိုထောင်နေတဲ့ အရာနှစ်ခုကလဲ ဒိုင်ဘာတွေရဲ့ ကြိုးတွေ ကို တွယ်ငြိစေတဲ့ အရာတွေပေါ့။ ကြိုးနဲ့ ငါးအူကြီးနဲ့ ငြိပြီး ရှုပ်ထွေးနေပြီဆိုရင်တော့ ဒိုင်ဘာအတွက် အသက်ဘေးနီးပြီပေါ့။ ဒါဆို အကင်းပါးတဲ့ လူတယောက်က အပေါ်ကဆင်း လာပြီး ငါးအူကြီးကို မှိန်းနဲ့ထိုးသတ်လို့ အရှုပ်ဖြေပေးရလေ့ရှိတယ်။
အဲဒီ ငါးအူကြီးဟာ အခုတော့ ဒီကောင့်လက်မှာ ကားယားပါနေပါလား။ ငါးအူကြီးက ကြာပွတ်သဏ္ဍန် ဆူးကြမ်းပါတဲ့ အမြီးနဲ့ ရိုက်ခတ် ကာကွယ်နေပေမယ့် အရာမရောက်လှဘူး။ ကြမ်းတမ်းသန်မာတဲ့ လက်ကြီးတွေဟာ ငါးအူကြီးရဲ့ ခန္ဓာကိုယ်ပြားဝိုင်းကြီးကို ပါးစပ်ဆီရောက် ဆွဲယူနေကြလေရဲ့။ ဒါပေမယ့် အချိန်အတော်ကြာသည်အထိ ဒီကောင်ပါးစပ်နား မရောက် နိုင်ဘူး။ ငါးအူကြီးကလည်း အတော်သန်တဲ့အကောင်ကြီးမို့ ဖျစ်ညှစ်ထားမှုကို အားကုန်ရုန်း ကန်နေတာ ဒယ်အိုးပုံ ကိုယ်ပြားဝိုင်းကြီးရဲ့ အနားသားတွေ စုတ်ပြတ်ကုန်တဲ့အထိပါပဲ။ အချိန် ကြာလာတာနဲ့အမျှ အနိုင်အရှုံးကို ဒိုင်ပွဲရပ်ရမလို ဖြစ်နေတုန်း ဗြုန်းဆို ကျုပ်ကောင်ကြီးက လျှို့ဝှက် လက်နက်တခုကို ထုတ်သုံးလိုက်ပါရော။
အဲဒီ လျှို့ဝှက်လက်နက်ဆိုတာ သူ့လျှာမှာရှိတဲ့ ကြမ်းတမ်းတဲ့ အဆိပ်ကိုပြောတာပါ။ ရန်သူကို နိုင်ချေမရှိတော့ဘူးဆိုရင် (သို့မဟုတ်) ဘတပြန် ကျားတပြန် လက်ရည်တူနေပြီ ဆိုရင် အဲဒီအဆိပ်နဲ့ ဖမ်းထားတဲ့အကောင်ကို ပက်လိုက်ရင် ရန်သူဟာ အဆိပ်ကြောင့် မေ့မြောသွားပါရော။ ဒါဆို စိတ်ချလက်ချ သူ့အစာ ဖြစ်ပြီပေါ့။
တော်ပါပေတယ်။ တော်ပါပေတယ်။ ဒါကြောင့်လည်း အပြောကျယ်တဲ့ ပင်လယ်မှာ ရေဘ၀ဲဆိုတဲ့ အမည်ရင်း ပျောက်ပြီး ရေသရဲ .... ရေသရဲလို့ ကမ္ပည်းထိုးလောက်တဲ့ နာမည်ဆိုး တလုံးနဲ့ ကြောက်စရာ့ထိပ်ခေါင်တင် ရေဘုရင်တဆူအဖြစ် မင်းမူနိုင်တာပေါ့။ အေးစက် ပြူးကျယ်တဲ့ မျက်လုံးအစုံ၊ ကြမ်းရှသန်မာတဲ့ လက်တံများနဲ့ အဆိပ်အိတ်ပါဝင်တဲ့ ကြက်တူရွေး နှုတ်သီးလို ပါးစပ်ကြီးက ပင်လယ်ပြင်မှာ အနိုင်ကျင့် ဗိုလ်လုပ် ကြီးစိုးနိုင်ဖို့ ဧရာမ လက်နက်ကောင်းကြီးတွေပေါ့။
'ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်ခြင်း ရှောင်ကွင်းမလွတ်သာ' တဲ့။ ပင်လယ်ပြင်မှာတော့ ခွန်အားကြီးတဲ့ သတ္တ၀ါက ခွန်အားငယ်တဲ့ အကောင်လေးတွေကို ညှင်းဆဲ သတ်ဖြတ် စား သောက်ပစ်တာ မရှောင်မလွဲသာတဲ့ သဘာဝတရားကြီးတခုပေါ့။ အကြီးအငယ်မပြောနဲ့ အင်အားချင်းတူရင်တောင် မလွတ်တမ်း အားစမ်းယင်း ညံ့တဲ့အကောင် ခံပေရော့။ ဟော ... ငါးအူကြီးအပေါ် အောင်ပွဲဆင်သူကြီးဟာ 'ငါကွ' ဆိုတဲ့ မာန်အပြည့်နဲ့ အစာမှိန်းမှိန်းနေတုန်း ဘယ်ချောင်က ထွက်လာမှန်းမသိတဲ့ ငါးမန်းစွယ်သီကြီးတကောင်ရဲ့ ရန်စခြင်းကို ခံလိုက်ရပြန် တယ်။
ငါးမန်းတွေအထဲမှာ ငါးမန်းစွယ်သီဆိုတာ အသွားထက်ပြီး ရှည်လျားတဲ့ အစွယ်အား ကိုးနဲ့ ခပ်ရင့်ရင့် ခပ်မိုက်မိုက် တွေ့ကရာအကောင်ကို ရန်စတတ်တာမို့ ကျုပ်ကောင်ကြီးနဲ့တော့ တပွဲတလမ်း တွေ့ပြန်ပါပြီ။ အစာဝနေတဲ့ ကျုပ်ကောင်ကြီးဟာ တော်ရုံတန်ရုံဆို ရှောင်ထွက်သွားမှာ ဖြစ်ပေမယ့် အခုဟာက ငါးမန်းတို့ ဝေလငါးတို့ဆိုတော့ သင်းရဲ့ အဓိက ရန်သူလေ။ သူမချလည်း ဟိုကချမှာ သေချာတယ်။
ငါးမန်းစွယ်သီကြီးက မြင်လျင်မြင်ချင်း အစွယ်အားကိုးနဲ့ ကျုပ်ကောင်ကြီးရဲ့ မျက်လုံး တွေကို ထိုးဖောက်ဖို့ ကြိုးစားတာပေါ့။ ရေသရဲဘွဲ့ရထားတဲ့ အကောင်ကလည်း ဘယ်ခေလိမ့် မလဲ။ သန်မာတဲ့ လက်တံကြီးတွေနဲ့ ငါးမန်းရဲ့ကိုယ်ကို ရစ်ပတ်ဖို့ ကြိုးစားတာပေါ့။ ငါးမန်းရဲ့ သန်မာတဲ့ အမြီးဖျားတွေက ရှည်လျားတဲ့ လက်တံတွေကို ပုတ်ထုတ်နေလေရဲ့။ ရေသတ္တ၀ါ နှစ်ကောင် လုံးထွေးသတ်ပုတ် နေကြတာများ ၀ရုန်းသုန်းကား ဆူညံလွန်းလို့ အကောင်ငယ် တွေ၊ အကောင်သေး အကောင်မွှားတွေအားလုံး ကျောက်ကြား ကျောက်ကြို၊ တွင်းအို တွင်းဟောင်းထဲ ပြေးလွှားရှောင်ပုန်း နေကြပါရော။ ကျုပ်ကတော့ နေရာကောင်းရထားတဲ့ ကျောက်ကြားက မခွါပဲ တကောင်တည်းသော ပွဲကြည့်ပရိသတ်ပေါ့။
လက်ရည်တူ သတ္တ၀ါနှစ်ကောင် ဘတပြန် ကျားတပြန် တိုက်ခိုက်နေလိုက်ကြတာ အချိန်အတော် ကြာလာတဲ့အမျှ ပွဲဆက်များခဲ့တဲ့ ကျုပ်ကောင်ကြီးဟာ ခြေကုန်လက်ပန်း ကျလာတာ တွေ့ရတယ်။ ငါးမန်းဆိုတာကလည်း လူတွေကအစ ကြောက်ရွံ့အလေးပြုရတဲ့ အကောင်၊ ဘယ်ညံ့လိမ့်မလဲ။ ဒီတပွဲမှာတော့ ကျုပ်ကောင်ကြီးဟာ သူ့ရဲ့ ရေသရဲဘွဲ့ကို ထိမ်းသိမ်းဖို့အတွက် အစွမ်းကုန် ကြိုးစားရလိမ့်မယ်။
ကျုပ်ကတော့ ကျုပ်ကောင်ကြီးကို စိုးရိမ်လာပြီ။ ဘ၀ဲကြီးရဲ့ ရစ်ပတ်လာတဲ့ လက်တံရှည် ကြီးတွေကို သူ့ရဲ့ အစွယ်နဲ့ လှီးဖြတ်ဖို့ ကြိုးစားတဲ့အတွက် ရန်သူကို ရစ်ပတ် လိမ်ဖြစ်လေ့ရှိတဲ့ လက်တံရှည်ကြီးတွေဟာ အစွယ်ကြားမှာ ယက်ကန်ယက်ကန်နဲ့ ဒီတခါတော့ ကိုယ်ကျိုးနည်းပြီ ထင်ပါရဲ့။
ဟိုက် ရှားပါး၊ ဂွတ်ရှယ်ပဲဗျို့။ ဒီအချိန်မှာ ကျုပ်ကောင်ကြီးဟာ ကျုပ်မထင်ထားတဲ့ လျှိ့ဝှက်လက်နက်ကို ထုတ်သုံးလိုက်ပြန်တယ်။ စောစောက ငါးအူကြီးမှာ သုံးတဲ့လက်နက် တော့ မဟုတ်ဘူး။ ရန်သူကို နိုင်ခြေမရှိတော့တဲ့ အနေအထားမှ အနက်ရောင်မင်ရည်တွေ ပန်းထုတ်လိုက်တာ ၀န်းကျင်တခွင်လုံး မည်းမည်းမှောင်သွားတော့တာပဲ။ ဒီလို ပြုမူလိုက်တာ ဟာ ကျုပ်တို့ အမျိုးအနွယ်တို့ ပြုနေကျ အစဉ်အလာတရပ်ကို ပြုမူလိုက်ခြင်းပါပဲ။ ငါးမန်းကြီး အမြင်အာရုံတွေ ရှုတ်ထွေးပြီး ဘာဆက်လုပ်ရမှန်း မသိတဲ့အချိန်မှာ ဒီကောင်ကြီး လစ်ပြေး တော့တာပဲဗျို့။ ငါးမန်းရဲ့ အစွယ်မှာ ရစ်ပတ်ထားတဲ့ သူရဲ့ သန်မာတဲ့ လက်ကြီးတဖက်ဟာ ငါးမန်းစွယ်မှာ ပြုတ်ကျန်ရစ်ခဲ့လေရဲ့။ ဘယ်လောက်များ မြဲလိုက်သလဲဆိုရင် အဲဒီလက်ဟာ ခန္ဓာကိုယ်က ပြုတ်ထွက်သွားသည့်တိုင် ရန်သူကို မလွတ်တမ်း ဖက်တွယ်ကျန်ရစ်ခဲ့တာ ကြောက်ခမန်းလိလိ သန်မာမှုကြီးပါလား။
ကျုပ်လဲ အခုမှ သက်ပြင်းချပြီး အမောကြီး မောသွားတော့တယ်။ တချိန်လုံး ကြည့်ချင်ပွဲ တွေ တပွဲပြီးတပွဲ ဆက်ကြည့်နေရလို့ အခုမှ ၀မ်းဟာရကောင်းမှန်း သိလာတဲ့ ကျုပ်ဟာ တအောင့်တနား အခြေအနေကို ကြည့်ပြီး ကျောက်ကြိုကျောက်ကြားက ပြားဝိုင်းဝိုင်း ခန္ဓာ ကိုယ်ကို လျောထွက်လိုက်တယ်။ အပြင်မှာတော့ အရာရာဟာ ပုံမှန်အတိုင်းပါပဲ။
လေပြေလေညှင်းကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းအလျားရှည်ကြီးတွေ အပြေးမှာ လှိုင်းငြိမ့် စီးပြီး သဘာဝ ဟင်းလင်းပြင်ကျယ်ကြီးနဲ့ မိတ်ဆွေဖြစ်ရတာလောက် ပျော်စရာကောင်းတာ မရှိဘူး။ လှိုင်းလုံးကြီးတွေ ဆိုတာက ရွေ့လျားနေတာ မှန်ပေမယ့် တကယ်တော့ ရေမှုန်ကလေး တွေက ၀ိုင်းခြာပတ်လည် တုန်ခါနေခြင်းသာ ဖြစ်တယ်။ လေပြေလေညှင်း ကြာလေ လှိုင်းအလျား ရှည်လေ။ အဲဒီ ကမ်းရိုက်လှိုင်းတွေကို တလိမ့်လိမ့်စီးပြီး ကျုပ် သောင်ပြင်သဲစပ် ကို ရောက်သွားတော့ ကမ္ဘာလောကကြီးဟာ ညနေစောင်း နေခြည်အောက်မှာ ကြည်လင် ရှင်းသန့် နေလေရဲ့။
အဟား..... ပွဲတော်ကြီး တွေ့နေပါပေါ့လား။ ညှာတံတခုစီ ၀င်လိုက်ထွက်လိုက် လုပ်တတ်တဲ့ ကြောင်စီစီ ရယ်စရာ မျက်လုံးပိုင်ရှင်တွေကတော့ ပြေးတာလည်းမဟုတ်၊ တွားတာလည်း မဟုတ်၊ ဘေးတိုက်ခွကျကျ ခြေလှမ်းတွေနဲ့ သြဲပင်သောင်ပြင်စပ်မှာ ချီတက်လို့ လာပါပြီ။ အံ့ဘွယ် ရင်အုပ်ကာ သံချပ်တွေနဲ့ မာကျောတဲ့ အခွံထူတွေကို ထမ်းပိုးလို့ မြင်မြင်သမျှ ဖမ်းညှပ်မယ့် လက်မကြီးနှစ်ဖက်ကို ရမ်းခါပြီးတော့ပေါ့။ သူတို့ရဲ့ စိုစွတ်တဲ့ ပါးဟက်တွေကြောင့် ကုန်းပေါ်မှာ နေနိုင်ပြီး လှော်တက်လို ခြေချောင်းတွေကြောင့် ရေမှာလည်း ကူးနိုင်တဲ့ ဂဏန်းကောင်ကလေးတွေ။
ဒီကောင်လေးတွေဟာ သောင်ပြင်မှာ လျှောက်လို့ အားရရင် ရေထဲဆင်းလာကြတာ ဓမ္မတာပါပဲ။ သူတို့ရဲ့ ရင်အုပ်ကာ သံချပ်တွေနဲ့ စူးထက်တဲ့ လက်မကြီးတွေဟာ ကျုပ်အတွက်တော့ ဖြုံလောက်စရာ အနှောက်အယှက်တွေ မဟုတ်ဘူး။ စုပ်ခွက်ပါတဲ့ လက်တံ ကြားမှာ ယက်ကန်ယက်ကန် ပါလာတဲ့ ကောင်လေးတွေဟာ ကျုပ်အတွက် အကောင်းဆုံး ညစာတွေပေါ့။
ဟော ... စားရင်းသောက်ရင်းနဲ့ အမှောင်ချဉ်းလာပါပေါ့။ ဟိုခပ်လှမ်းလှမ်းမှာ ဟိုတစု သည်တစုနဲ့ စူးလက်တောက်ပနေတဲ့ အရာတွေဟာ ဘာပါလိမ့်။ ဟင် ဒီအရာတွေဟာ လှေကြီးတစင်းရဲ့ ပတ်ဝန်းကျင်မှာ ဖြာထွက်နေတဲ့ အရာတွေပါလား။ လှေဆိုတော့ လူတွေနဲ့ ပါတ်သက်နိုင်တယ်။ လူကိုတော့ အတတ်နိုင်ဆုံး ရှောင်မှ။ လူတွေဟာ သိတ်ဥာဏ်များတယ်။ ပိုက်ခြုံပိုက်တန်းတွေနဲ့ ကျုပ်တို့ကို မျိုးပြုန်းအောင် လုပ်နေတဲ့ လူတွေ။ ကျုပ်က ငါးတွေလို ခပ်အအ ကောင်မဟုတ်ဘူး။ အန္တရာယ်ကို သတိထားတယ်။ အခုဟာက ပိုက်ခြုံတန်းလည်း မဟုတ်၊ ဘာပါလိမ့်။ ကောင်းကင်က ကြယ်တွေပဲ ပင်လယ်ကြီးထဲ ရေသောက်ဆင်းကြတာ လား။ ရေပြင်ထက်မှာ အလင်းရောင်တွေ ဟိုမှာ သည်မှာ မွစာကြဲလို့။ တခုခုတော့ တခုခုပဲ။ လေ့လာကြည့်ဦးမှ။
အမယ် ရေသောက်ဆင်းတဲ့ ကြယ်တွေအနားမှာ ကင်းမွန်အကောင်ငယ်လေးတွေ စုပြုံ တိုးဝှေ့နေကြပါလား။ ဟေ့ .. ဟေ့ နေကြဦး၊ ဘာအတွက် တိုးနေကြတာလဲ။ ကျွတ်..... စိတ်ပျက်ဖို့ ကောင်းလိုက်တာ။ ကျုပ်မေးနေတာ ဘယ်သူမှ မဖြေဘူး။ ငါးတွေက ထုံ အအ၊ ကင်းမွန်တွေက ထူနန။ ကျုပ်နဲ့ အမျိုးတူပေမယ့် ကျုပ်က ဒီကောင်လေးတွေကို ဘယ်တော့မှ အပေါင်းအသင်း မလုပ်ဘူး။ အစွမ်းတုံး အစတုံးတွေ။ ကြည့်လေ မေးတာမဖြေဘဲ ရှေ့ကိုပဲ နင်းကန်ပြီး စုပြုံတိုးဝှေ့နေကြတယ်။ ဒီလောက်တောင် ဖြစ်လှတာတွေ တိုးတယ်ကွာ တိုးတယ်။
အိုး.... မျက်စိကျိန်းလိုက်တာ။ ကြယ်တာရာတွေ သိန်းသောင်းချီတဲ့ အလင်းရောင်မျိုးနဲ့ ဒီလောက်လင်းတဲ့ အလင်းအား ဘယ်မှာများ ရှိလိမ့်မတုန်း။ အလင်းအောက်မှာ ကျုပ်တကောင်တည်း အကြီးဆုံး၊ အထွားဆုံး။ ကျုပ်ဗလ ကျုပ်အလှကို အကောင်ကလေးတွေ ကြားမှာ အထင်းသား မြင်နေရတယ်။ တိုးရင်း တိုးရင်း ဇိမ်တွေ့လို့ကောင်းတုန်း ဗြုန်းဆို အလင်းတွေ ပျောက်ဆုံးသွားပါပေါ့။ ကြယ်တွေ မိုးပေါ်ပြန်တက်ကုန်ပြီ ထင်ပါရဲ့။ စောစောက ဟိုတစု သည်တစု အလင်းစုတွေ ဘယ်ရောက်ကုန်ပါလိမ့်။
ဟော တွေ့ပြီ တွေ့ပြီ။ ဟို ခပ်လှမ်းလှမ်းမှာ အလင်းတွေ သွားစုနေတာကိုး။ တိုးကြဟေ့၊ တိုးကြ... တခုတည်းသော အလင်းစုဆီ တိုးဝင်ကြ။ အကောင်ငယ်ကလေးတွေ ကြားမှာ ကျုပ်ဗလကြီး အားကိုးပြီး ရှေ့ဆုံးကပေါ့။ တခုတည်းသော အလင်းစုအောက်ရောက်တော့ ကျုပ်ကျေနပ်သွားတယ်။ 'ဘာရမလဲ ငါကွ' ဆိုတဲ့ မာန်မာနနဲ့ပေါ့။
ကျုပ်တို့လို ဟိုသည်စု နေတဲ့ အလင်းရောင်တွေဆီက ကင်းမွန်ငယ်ကလေးတွေ အားလုံး တခုတည်းသော အလင်းစုကြီးဆီ စုပြုံရောက်နေလိုက်ကြတာ ဧရာမ အစုအဝေး ကြီးပေါ့။ ဘာမှန်းမသိ တိုးနေလိုက်ကြတာလဲ ကြာလာတော့ မွန်းကြပ်သလိုတောင် ဖြစ်လာတယ်။ ဒီနေရာဟာ လုံခြုံမှု မရှိဘူး။ အန္တရာယ် အငွေ့အသက် ရှိတယ်ဆိုတာ ထူအအ ကင်းမွန်ကောင်တွေ မသိပေမယ့် ကျုပ်သိလိုက်တယ်။ ဒါကြောင့် အပြင်ဘက်ကို အမြန်ဆုံး တိုးထွက်လိုက်တယ်။ တိုး..... တိုး... အပြင်ဘက်ကို တိုး။ ဟင်း... ဘယ်လိုပါလိမ့်။ တိုးနေလိုက် တာ အပြင်ဘက် မရောက်ပဲ အတွင်းကိုဘဲ ပြန်, ပြန် ရောက်လာပါပေါ့။
တချိန်ထက် တချိန် ပိုပြီး မွန်းကြပ်လာတယ်ပါလား။ ထွက်ပေါက် ဘယ်မှာလဲ ထွက်ပေါက်။ အလို.... အပြင်ဘက်ကို ဘယ်ရောက်နိုင်လိမ့်မတုန်း။ ပိုက်ဝိုင်း မိနေပါပကော။ တိုးဝင်လာတုန်းက အလင်းစုကို အာရုံရောက်နေတာနဲ့ ပိုက်ကို မမြင်မိပါလား။ မဟုတ်ဘူး။ ပိုက်က ရှိကို မရှိသေးတာပါ။ အလင်းစုကြီးအောက် ကျုပ်တို့ အားလုံးရောက်တော့မှ အပြင်ဘက်က ပိုက်ဝိုင်းလိုက်တာ နေမှာ။ ဒါတွေဟာ လူတွေရဲ့ တမင်တကာ ပြုလုပ် ဖန်တီးချက်တွေပါလား။
ကျုပ်မှာ ရှိတဲ့ သန်မာပြီး စုပ်ခွက်ပါတဲ့ လက်တွေ၊ ရန်သူကို လှည့်စားလို့ရတဲ့ မင်ရည်အိတ်တွေ သွားပါပြီ။ ဘာမှ အသုံးချလို့ မရတော့ပါဘူး။ ကျုပ်ကိုကျုပ် အထင်ကြီးပြီး လူတွေရဲ့ လှည့်စားမှု အလင်းထောင်ချောက်အောက်ကို ရောက်နေပါပေါ့လား။ ဘုရား... ဘုရား...။ ဒီအချိန်မှာ ကျုပ်အတွက် ချောက်ချားဖွယ်စကားသံ တချို့ကို မမျှော်လင့်ပဲ ကြားလိုက်ရတော့တယ်။
"ဒီမှာ ကြည့်ကြစမ်းဟေ့။ နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး။ ကင်းမွန်တွေကြားမှာ ပြည်ကြီးငါးလို့ခေါ်တဲ့ 'ကင်းမွန်ဘဲလိပ်'ကြီး တကောင်။ ဧရာမ ကင်းမွန်ဘဲလိပ်ကြီး၊ အသားတိုးတိုး အဆီဖြိုးဖြိုး အတော် အချိန်စီးမယ့် အကောင်ကြီး။ လမ်းမှားပြီး ၀င်လာတယ်။ ပွတာပဲဟေ့။ ဟိုတယ်မှာ သွားသွင်းရလို့တော့ကွာ"။ ။

မိချမ်းဝေ။
{လူထုစာအုပ်တိုက်က ထုတ်တဲ့ "ကမာရင်ကွဲ နဲ့ အခြားပင်လယ်ဝတ္ထုတိုများ" စာအုပ်က ကူးယူဖော်ပြပါတယ်။}
[မာယာ စာအုပ် August 15, 2003 မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ်အတွက် ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။]

No comments: