Wednesday, July 16, 2008

၃ဆောင်၊ ၆ခန်း
ရေးသူ-မောင်အေးဝင်း


[၁]

ကိုနေလင်းရေးတဲ့ 'လူရှင်သင်္ချိုင်းများအကြောင်း' စာအုပ်ကို ဖတ်ပြီး၊ ကိုယ်ထောင်ထဲနေခဲ့တုန်းက အကြောင်းတွေကို ပြန်စဉ်းစားမိတယ်။ ကိုယ့်တုန်းက ခံခဲ့ရတာဟာ သူတို့နဲ့စာလိုက်တော့ ကိုယ်တို့က ညီပုလေး လောက်ပဲ ရှိပါလားလို့ တွေးမိတယ်။ ဒီလိုဆို မင်းတို့က အင်းစိန်ထောင်ထဲ ဇိမ်ကျခဲ့သလားလို့ မေးစရာရှိလိမ့်မယ်။ ထောင်ပါဆိုနေမှ ဘယ်လိုလုပ် ဇိမ်ကျပါ့မလဲ။ ရန်သူ့လက်ထဲ ကျနေတဲ့ဥစ္စာ၊ ဧည့်သည်ထမင်းဖိတ်ကျွေးတာမှ မဟုတ်ပဲ။ စစ်ကြောရေးကာလနဲ့ ပုံစံဆောင် ပြောင်းခါစ နှိပ်ကွပ်မှုတွေ၊ ဘီလူးဆိုင်းတီးခဲ့တာတွေကို ဖယ်လိုက်ရင် ကိုနေလင်း (လူရှင်သင်္ချိုင်း စာအုပ်ရေးသူ) တို့ခေတ် (န၀တ၊ နအဖခေတ်) လောက် မဆိုးဘူး ဆိုတာ၊ '၇၀ ခုနှစ်လွန် အရေးအခင်း မှာ ကျဘူးသူတွေ သိကြပါတယ်။



၃ ဆောင်ဆိုတာ ဘာလဲ
ကျနော်တို့ ထောင်ကျတဲ့ ကာလတုန်း (၁၉၇၆-၁၉၇၈) က၊ အင်းစိန်ထောင်မှာ (၁) ဆောင်၊ (၂) ဆောင်က အချုပ်ဆောင်။ (၃) ဆောင်က အထူးဆောင်၊ (၄) ဆောင်၊ (၅) ဆောင်က ထောင်ကျဆောင်။ (၆) ဆောင်က မိန်းမဆောင်။
(၃) ဆောင်ဟာ အပေါ် လေးခန်း၊ အောက် လေးခန်း ရှိတဲ့ နှစ်ထပ်ဆောင်ကြီး။ အခုတော့ ၁၉၈၈ အရေးအခင်းမှာ မီးလောင်သွားလို့ တထပ်ပဲ ကျန်တော့တယ်လို့ သိရတယ်။

အထူးဆိုတာဘာလဲ
အထူးဆိုတာ ထောင်ကျနံပါတ်ဟာ ရှေ့က အင်္ဂလိပ်စာလုံး S ပါတယ်။
အထူးဆောင် ((၃)ဆောင်) မှာ ကျောင်းသားအရေးအခင်းတွေ (ဦးသန့်အရေးအခင်း၊ ရွှေတိဂုံအရေး အခင်း၊ မှိုင်းရာပြည်အရေးအခင်း)နဲ့ ထောင်ကျတဲ့ ကျောင်းသားတွေကို ထားတယ်။ အုပ်စုလိုက် ကျတဲ့ မီးမောင်းစာစောင်ထုတ်ဝေဖြန့်ချိသူတွေ၊ ကိုထွန်းအောင်ကျော်တို့လို ပီဒီပီတွေ၊ အလုပ်သမားအရေး အခင်းက ဂုန်နီစက်ရုံအလုပ်သမားတွေလည်း ရှိတယ်။
အထူးဆောင်မှာ အုန်းဆံသွပ် မွေ့ယာ၊ အုန်းဆံသွပ်ခေါင်းအုံး ပေးတယ်။ ချည်စောင်တထည် ဂွမ်းစောင်တထည် ပေးတယ်။ တရားဝင် မဟုတ်ပေမယ့် ခြင်ထောင် ထောင်ပြီး အိပ်ကြတယ်။ ခြင်ထောင်သွင်းခွင့်တော့ မရှိဘူး။ ထောင်ကပေးတဲ့ ချည်စောင်နဲ့ ပုံစံ လုံချည်ဟာ ခြင်ထောင်တလုံး ဖြစ်တယ်။ စောင်ကို ခြင်ထောင် ကိုယ်ထည်လုပ်၊ ပုဆိုးကို ဖြတ်ပြီး ခေါင်းရင်း ခြေရင်း အပိတ်ချုပ်ရင်၊ ခြင်ထောင်တခု ဖြစ်ရော။ ည ညဆို ခြင်ထောင်ကလေးတွေ ထောင်ထားတာများ သင်းချိုင်းက အုတ်ဂူကလေးတွေလား အောက်မေ့ရတယ်။ ဒါ လူသာမန်တွေရဲ့ ဂူပြောတာနော်။ သေးသေးကုပ်ကုပ် လှောင်လှောင်ပိတ်ပိတ်။ လူချမ်းသာတွေ ဂူကြတော့ လက်ရာကောင်းရင် ကောင်းသလို ခေါင်းရင်းဘက် က လေ၀င်လေထွက်ကောင်းအောင် ဇာတွေဘာတွေ နဲ့ လုပ်ထားတယ်။ အမြင့်ကလည်း လူတထိုင်စာရှိတယ်။ ကျနော်တို့ အခန်းမှာ တရုတ်သင်္ချိုင်းက ဂူအကောင်းစားမျိုး ၂ ဂူ ရှိတယ်။ ကျနော်တို့ ခြင်ထောင်ကျတော့ လူထိုင်လို့မရတဲ့ ရေငုပ်သင်္ဘောလိုမျိုး အသက်ရှူမ၀တဲ့ ခြင်ထောင်။ ဆရာကြီး ကိုအောင်ကိုကို ချုပ်ပေးတာ။ ခြင်ထောင်ထဲဝင်ရင် မြွေလို အရှည်လိုက် စန့်စန့်ဝင်ရတယ်။
ထောင်ကပေးတဲ့ အထူးတွေအတွက် ပုံစံလုံချည်ဆိုတာက အစိမ်းနုရောင် အင်းမလုံချည်ဒီဇိုင်း တထည်နဲ့ ချည်ရှပ်အင်္ကျီတထည် ရတယ်။ သူ့တို့ပေးတဲ့ ချည်ရှပ်အင်္ကျီက အသစ်မှာ အသားက ကြမ်းပေမယ့် လျှော်ပါများလေ အင်္ကျီသားက ချောပြီး ညက်လာလေပဲ။ ချည်အစစ်ဆိုတော့ ၀တ်လို့လဲ ကောင်းတယ်။
နှစ်ပါတ်တခါလား၊ တလတခါလား မမှတ်မိတော့ဘူး၊ လူတယောက်ကို ခေါင်းလိမ်းဖို့ အုန်းဆီတယောက်ကို ဇွန်းကလေးနဲ့ တဇွန်းစာလောက်နဲ့ လက်မ လောက် ဆပ်ပြာကြမ်း တတုံး ရတယ်။

တနေ့တာလုပ်ငန်း
ပုံစံထိုင်ရတာ၊ ပုံစံရပ်ရတာ မရှိသေးဘူး။ (နောက်မှ ၃ ဆောင်လဲ ပုံစံဆောင် ဖြစ်သွားတယ်) မနက် လင်း ခါစ၊ ထောင် ဖွင့်လို့ လူလာစစ်ရင် ၀ါဒါက အဆောင်ထဲ မ၀င်ခင် အသံအရင်ပေးတယ်။ အဲဒီလို အသံကြားရင် နိုးတဲ့ တယောက်ယောက်က အခန်းထဲက ကျန်တဲ့လူတွေကို နှိုးလိုက်တယ်။ ဒီတော့မှ ခြင်ထောင်တွေဘာတွေ ဖြုတ်ပြီး လူရေတွက်နိုင်အောင် ကိုယ့်ခုတင်ပေါ် ကိုယ်ထိုင်ပေးလိုက်တာပဲ။ တချို့ဆို ၀ါဒါဝင်လာမှ ကမန်းကတန်း ခြင်ထောင်ဖြုတ်ပြီး၊ အိပ်ချင်မူးတူးနဲ့ ကုတင်ပေါ်ထိုင်ပေးလိုက်ပြီး၊ လူရေတွက်ပြီးလို့ ၀ါဒါတောင် အခန်းပြင် မရောက်သေးဘူး စောင်ခြုံထဲ ပြန်ရောက်သွားပြီ။ အိမ်သာ တက်သူကလည်း လူစစ်နေတုန်း အိမ်သာထဲ က လက်ထောင်ပြတာပဲ။
ကိုယ့်အဆောင်မှာ ကိုယ်အိပ်ချင်တဲ့အချိန်အိပ်၊ ထချင်တဲ့အချိန်ထပဲ။ ထမင်းမစား ဟင်းမစားအိပ် လဲ ဘယ်သူမှ ဘာမှ မပြောဘူး။ ည ကိုးနာရီမှာ ၀ါဒါက အိပ်ချိန်အော်တယ်။ အဘသောင်းတို့လို ၀ါဒါဆို အိပ်ချိန်သည်ကြီး လာပါအုန်းလို့ မုန့်သည်ခေါ်သလို ခေါ်လိုက်သေးတာ။ အဲဒီအချိန်မှာ ရေနွေးတွေ တအိုးပြီး တအိုး တည်ကောင်းတုန်း၊ သောက်ကောင်းတုန်း။ ရေနွေးကို လျှပ်စစ်ရေနွေးဂေါက်နဲ့ တည်တာ။ ဘာမှတ်လို့လဲ။ ဆူဆူညံညံသာ မလုပ်နဲ့၊ အိပ်ချိန်မအိပ်လို့ ဘာမှမဖြစ်ဘူး။ တခါတလေ အငြင်းအခုန်များသွားလို့ အသံကကျယ်မှန်းမသိ ကျယ်သွားရင်တော့ လာပြောတယ်။
ရေနွေးဂေါက်က ကိုယ့်ဖာကိုယ် လက်ဖြစ်လုပ်ကြတာ။ ရေနွေးဂေါက်ဇာတ်လမ်းက သပ်သပ်ရေးမှ ဖြစ်မှာ။

၃ ဆောင် ၆ ခန်း
ထောင်ကျဆောင်တွေမှာ တခန်းကို လူတရာကျော် နှစ်ရာနီးပါးထားတဲ့ အခန်းမျိုး၊ အထူးမှာ တခန်းကို နှစ်ဆယ်မကျော်ဘူး။ ကျနော်နဲ့ ကိုဌေးဝင်းကို တိုက်သစ်ကခေါ်လာပြီး (၃)ဆောင်ကို ထည့်တော့ ကိုအေးကြည် (အောင်မိုးသူ-ယခု စိတ်တိုင်းကျ လက်ဘက်ရည်ဆိုင်၊ ရန်ကုန်) က အဆောင်မှူးလှရွှေကို တောင်းဆိုလို့ အဆောင်ခေါ်ရတာဆိုတော့ ကျနော်က ကိုအေးကြည်တို့ အခန်း မှာပဲ နေမယ်ပြောတာ။ အဲဒီအခန်းမှာ (၁၈) ယောက်တောင် ရှိနေပြီ၊ လူများနေလို့ တခြားခန်းနေဖို့ ပြောတယ်။ ကျနော်က မရရင်မနေဘူး တိုက်ထဲပဲ ပြန်သွားမယ်လုပ်လို့ ဒင်းတို့ (လက်ထောက် အဆောင် မှူး ဦးကျော်ရင်) အောင့်သက်သက်နဲ့ (၆)ခန်းမှာပဲ ထည့်လိုက်ရတယ်။
တနေ့ ထမင်းနှစ်နပ်ကျွေးတယ်။ မနက်စာ လုံးတီးထမင်း၊ ပဲဟင်း နဲ့ ပုံစံငပိ။ ညနေစာ လုံးတီး ထမင်း၊ နိုင်လွန်ဟင်းနဲ့ ပုံစံငပိ။ အပြောင်းအလဲမရှိ။ ပဲဟင်းဆိုတာ ပဲစင်းငုံ အခွံချည်းသက်သက်ကို ရေနဲ့ ပြုတ်ထားသလို ပဲဖတ် လုံးဝမပါဘူး။ တခါတလေ နို့စို့ကလေး ၀မ်းပျက်တဲ့ဝမ်းလို ၀ါဝါကျဲကျဲ၊ အနံ့ကအောက် သိုးသိုး။ နိုင်လွန်ဟင်းက ပဲရွက် ဒါမှမဟုတ် ဟင်းနုနွယ်ရွက်ကို မဆေးမကြောပဲ ဓားနဲ့ ကြမ်းကြမ်း စင်းပြီး၊ အစေ့တွေ နိုင်းချင်းပါတဲ့ မကျည်းမှည့်နဲ့ ပြုတ်ထားတာ။ သူ့ထဲမှာ ပါချင်တဲ့ ပစ္စည်း အကုန်ပါတယ်။ ဖိနပ်သဲကြိုး၊ တီကောင်အသေ၊ ပိုးဟပ်အသေ၊ ပိုးဟပ်ဥခွံ စသည်ဖြင့်....။ ဟင်းနုနွယ်ရိုး ကလဲ ကြီးသလားမမေးနဲ့၊ အခြောက်ခံထားရင်၊ နွားရိုက်၊ ထင်းဆိုက်လို့ ရတယ်။ ငပိကတော့ ခွေးချီးရောင်၊ အနံ့ကဆိုးဆိုး။ အဲဒါကို ငရုတ်သီးဆီသတ်ထားတဲ့ဆီကို အပေါ်က ပါလေရုံ ဆမ်းထား တယ်။
တပါတ်တခါ၊ တနင်းလာနေ့ညနေ အသားဟင်းကျွေးတယ်။ အသားကျွေးဘို့ သောကြာနေ့ညနေမှာ စာရင်းကောက်တယ်။ အသားဘယ်နှစ်ယောက်၊ အသားမကြိုက်ရင် ငါး၊ ဒါမှမဟုတ် သက်သတ်လွတ်။ အသားဟင်းဆိုတာက ဟင်းလို့ အမည်တပ်ထားလို့သာ ဟင်းခေါ်ရတာ၊ တကယ်တော့ ဟင်းပုံမပေါက် ဘူး။ အသားပြုတ်လို့ ခေါ်ရင်ရတယ်။ အသားတုံးက သပ်သပ်၊ အသားပြုတ်ရည် သပ်သပ်။ ၀က်သား ဟင်းလို့ခေါ်တဲ့ ဟင်းပုံသဏ္ဌာန်က အဆီများများ၊ အသားနည်းနည်း၊ အခေါက်ထူထူ ၀က်သားပြုတ်ပဲ။ တခါတလေ အတုံးအရွယ်သေးရင် ၀က်သားနှစ်တုံးကို ဂုံနီအိပ်ကြိုးနဲ့ ပူးချည်ထားပေးတယ်။ အခေါက်ပေါ်မှာ ဖြူကောင်ရဲ့ ဆူးတောင်တွေလို မာတောင်တောင်၊ ၀က်မွှေးတွေက ထူလပြစ်။ တဆိပ်ခတ်ထားတဲ့ နေရာဆိုရင် အသားတုံးပေါ် နီနီပြာပြာ ထိုးကွင်းမင်ကြောင်လဲ ပါလိုက်သေး။ အမဲသားဟင်းက ၀က်သားဟင်းထက်ဆိုးသေးတယ်။ အရွတ်များတဲ့ အသားတုံးတွေမို့ ကိုက်ဖဲ့မရလို့ မလွယ်လှဘူး။ တခြားသူတယောက်ကို အကူတောင်းပြီး၊ ကိုက်ထားတဲ့အသားကို လက်နဲ့ ၀ိုင်းဆွဲခိုင်းဖို့မကြံနဲ့။ အသားတုံးမှာ သွားတွေ စိုက်လျက် ပါးစပ်ထဲက ကျွတ်ထွက်လာမယ်။ အသားက ပဲ့မှာမဟုတ်ဘူး။
အမဲသား၊ ၀က်သားမစားရင် ငါးကြော်ရတယ်။ ငါးကြော်တတောင်းလုံးသွန်ပြီး တခုချင်းရှာကြည့်။ အမြီးပိုင်းနဲ့ ခေါင်းပိုင်းပဲ။ ကိုယ်ထည်ပိုင်း ပါမလာဘူး။ ကိုယ်ပျောက်ငါးတွေ။ ဒီငါးကြော်အကြောင်း စဉ်းစားတိုင်း န၀တခေတ်မှာ ပုသိမ်ထောင်ထဲ သေသွားတဲ့ ရဲဌေးကို သတိရတယ်။ အဲဒီတုန်းကတော့ ရဲဌေးက အခန်းထဲမှာ အသက်ငယ်ဆုံး၊ ပထမနှစ် သဘာဝသိပ္ပံ ကောလိပ်တက်တုန်း။ အမြီးပိုင်း အတုံးသေးကို ကြီးတဲ့အတုံးနဲ့ လဲခိုင်းတယ်။ အတုံးတွေက ထူးမခြားနား၊ ခေါင်းနဲ့ အမြီးပဲ။ ခေါင်းဆိုတာကလည်း တကယ့်ကို ခေါင်းစစ်စစ်၊ အသားတစိမှ ပါတာမဟုတ်ဘူး။ ၀ါဒါက လဲပေးရှာပါတယ်။ သုံးလေးခါ လဲပေမဲ့ မထူးတော့ ရဲဌေးက 'မင်းတို့ ငါး -ီး တောင်မစားဘူး' ဆိုပြီး လွှင့်ပစ်လိုက်တယ်။ ကံကောင်းလို့ တိုက်ပိတ်မခံရတာ။ နောက်တခါလည်း ဒီလိုပဲ။ အပေါ်ခန်းမှာ ရဲဌေးနေတုန်းက။ ဒင်းကလေး အံဆုံးပေါက်ပြီး သွားနာနေလို့ ကိုထွန်းကျင်(ပီဒီပီ) က ဆန်ပြုတ်ပြုတ် ပေးနေတာ အဆောင်မှူးလှရွှေမိသွားလို့ ကိုထွန်းကျင်ကို တိုက်ပိတ်ဖို့ ခေါ်ထုတ်တာ။ သွားနာလို့ အိပ်နေတဲ့ ရဲဌေးဟာ စောင်ခြုံထဲက ၀ုန်းကနဲ ထလာပြီး "ငါလိုးမ လှရွှေ- ကိုထွန်းကျင်ကိုမပိတ်နဲ့ ငါ့ကိုပိတ်ကွ" ဆိုပြီး တခါးပေါက်ကို ပြေးထွက်လာလို့ နှစ်ယောက်စလုံးကို တိုက်ထဲထည့်လိုက်တယ်။ ကိုအေးကြည်၊ ကိုသိန်းလွင် (အာနီ- ဆေးတက္ကသိုလ် နောက်ဆုံးနှစ်)၊ ကိုဝင်းလွင် (ပုလော-ဆေး တက္ကသိုလ် နောက်ဆုံးနှစ်) တို့ သွားပြောလို့ နောက်တနေ့မှာ နှစ်ယောက်စလုံးကို ပြန်ထုတ်ပေးလိုက် တယ်။
သက်သတ်လွတ် ကုလားပဲဟင်းက မဆိုးပါဘူး။ ဂျင်းဖတ် လက်မလောက်ကြီးတွေ ပါတတ်ပြီး မဆလာကလေး ပါလေရုံခပ်ထားတဲ့ ကုလားပဲဆီပြန်ဟင်း။
တနင်းဂနွေနေ့လည်မှာ လက်ဘက်ရည်ကြမ်းတိုက်တယ်။ လက်ဘက်ခြောက်လို့ ပြောတဲ့ အရွက်ကို ပြုတ်ထားတဲ့ ညိုညိုဖန်ဖန် အရည်တွေကို သစ်သားစည်ကြီးထဲ ထည့်ပြီး၊ လုံချည်ပြာတွေက လိုက်ဝေတယ်။ တိုက်ထဲမှာတုန်းကတော့ ဒီ"လက်ဘက်ရည်ကြမ်း"ဟာ အဖိုးတန်ပေါ့။ အရသာရှိတဲ့ စွဲမက်စရာလေး။ အဆောင်မှာ ကိုယ့်ရေနွေး ကိုယ်တည်၊ ကိုယ့်လက်ဖက်ခြောက် ကိုယ်ခတ်သောက်နိုင် မှ၊ ထောင်ကပေးတဲ့ ရေနွေးကြမ်းကို မက်မက်မောမော သိတ်မသောက်ကြတော့ဘူး။ နားတောင်ညည်း သေး။ နေ့လည် တရေးတမော အိပ်လို့ကောင်းတုန်း၊ အခန်းရှေ့မှာ ရေနွေးကြမ်းပုံးကို တတုံးတုံးနဲ့ အသံမြည်အောင် လာချရင်ပဲ အိပ်ရေးပျက်လို့ စိတ်တိုတဲ့လူက ရှိသေးတယ်။

အကြံအဖန်
ထောင်ထဲမှာက ကိုယ့်ဘာသာကိုယ်မှ အကြံအဖန် မလုပ်စားရင် သူတို့ကျွေးတာချည်း ဘယ်လို လုပ် စားနိုင်မှာလဲ။ မည်သူမဆို အနည်းနဲ့အများ အကြံအဖန် ချက်စား၊ လုပ်စား၊ ရှာဖွေစား သောက်ကြ ရပါတယ်။ ကျနော်တို့ ထမင်းစားအုပ်စုဆိုရင် တနင်းလာမှာကျွေးတဲ့ အသားကို စီမံကိန်းနဲ့ ယူရတယ်။ ဟင်းချက်ဖို့ ဆီလိုရင်၊ ၀က်ဆီထုတ်ဖို့ ၀က်သားပိုယူတယ်။ အမဲသားနေ့ဆို အမဲသားကို ငါးနဲ့ မျှယူပြီး ငါးကို အရွက်တခုခုနဲ့ရောပြီး ချဉ်ရည်ဟင်းချက်တယ်။ အမဲသားနဲ့ တွဲပေးတဲ့ အသားပြုတ်ရည်က လိုသလောက်ယူထားလိုက်ပြီး ချဉ်ရည်ဟင်းချက်တယ်။ အမဲသားကို သေးသေးလှီးပြီး ကိုက်လန်တို့ မုန်လာတို့ ၀ယ်လို့ရတဲ့ (တကယ်တော့ နတ်သားဆေးလိပ်နဲ့ လဲတာပေါ့လေ) အရွက်တခုခုနဲ့ ကြော်တယ်။
ဝက်ဆီထုတ်မယ့်နေ့မှာ ကျနော်တို့တတွေ ညနေ ကတည်းက ထမင်းကို အများကြီး ပိုယူထားလိုက် တယ်။ ညမှာ ၀က်ဆီထုတ်ပြီးရင် အိုးကျန် ၀က်ဆီနဲ့ ထမင်းကြော် ကြော်ပြီး ကော်ဖီကြမ်းလေးနဲ့ ညလည်စာစားကြတယ်။ ထမင်းကြော်မစားတဲ့ လူကလည်း ၀က်ဆီဖတ်ကို ငရုတ်ဆီနဲ့ တို့စားကြတယ်။ အခန်းထဲ မီးဖိုခွင့်က အမြဲတမ်း မီးစိမ်းပြတာ မဟုတ်ဘူး။ တခါတလေ မီးဖို အော်ပရေးရှင်း လုပ်တယ် ဆိုပြီး ဖိုရဲတဲ့ အကောင် ဖိုစမ်း၊ တိုက်ပိတ်ပစ်မယ်လို့ ကြုံးဝါးတဲ့အခါလည်း ရှိတယ်။ ဒါလည်း ကြာကြာတင်း မထားနိုင်ပါဘူး။ အလွန်ဆုံး ဆယ်ရက်ပေါ့။
တခါတော့ မီးမဖိုရ၊ တားမြစ်စည်းကမ်း ဒီရေမြင့်နေတုန်း ကျနော်တို့ အဖွဲ့မှာ ဟင်းချက်စရာဆီ ပြတ်တာနဲ့ ကြုံပါရော။ ၀က်ဆီထုတ်မှ ဖြစ်မယ်။ ဥပဒေက တည်ဆဲ- မီးဖိုရင် တိုက်ထဲတန်းထည့်မယ် ဆိုပဲ။ ကျနော်တို့ရဲ့ စားသုံးဆီ အခက်အခဲကို ကိုသိန်းလွင်(အာနီ-ဆေးတက္ကသိုလ်၂) က တာဝန်ယူ ဖြေရှင်းတယ်။ အဲဒီည ကိုသိန်းလွင် ၀က်ဆီထုတ်နေတုန်း ချောင်းနေတဲ့ တာဝန်မှူးကျတဲ့ နှစ်ရစ်ဝါဒါ ထွန်းရှိန်က အပိုင်ပဲ ဆိုပြီးလာဖမ်းတယ်။
"ဟေ့- ဟိုမှာ မီးဖိုနေတာ ဘယ်ကောင်လဲ၊ ခွေးမသား...တွေ၊ မင်းတို့ကို မီးမဖိုရဘူးပြောထားတယ် မဟုတ်လား၊ တိုက်ထဲထည့်မယ်...."
ထွန်းရှိန် သော့ယူဖို့ လှည့်အထွက်မှာ အပေါ်က အင်္ကျီပလာ၊ ဂါဝန်လို ဘောင်းဘီပွပွကို ၀တ်ထားတဲ့ ကိုသိန်းလွင်ဟာ ချွေးသံရွှဲရွှဲနဲ့ ထလာပြီး
"ဘကြီး..ကျနော်ပါ"
ထွန်းရှိန် ခြေလှမ်းတုန့်ကနဲ ရပ်သွားတယ်။
"ဟေ့ကောင်..သိန်းလွင်၊ -ီး မှပဲ၊ မင်းတို့ကို မီးမဖိုရဘူး ပြောထားတယ်မဟုတ်လား၊ ငြိမ်းလိုက်စမ်း -မြန်မြန် ငြိမ်းလိုက်စမ်း..."
"ပြီးခါနီးပါပြီ- ဘကြီးရာ ခဏလေးပါ..."
"ခွေးမသား..မလိုချင်ဘူး၊ ခုငြိမ်းလိုက်" လို့ ဆဲပြီး၊ ထွန်းရှိန် ပြောပြောဆိုဆိုနဲ့ ထွက်သွားတာ ပြန်မလာတော့ဘူး။ ကိုသိန်းလွင်က သူ့ တူအရင်းလေ..။ သူ ဘယ်တိုက်ပိတ်ပါ့မလဲ။ ကျနော်တို့မှာ ရီလိုက်ရတာ အူတောင်နာတယ်။

ထောင်ဝင်စာ
အထူးထောင်ကျတွေက နှစ်ပါတ်တခါ၊ တိုက်ကဖြစ်ဖြစ်၊ အဆောင်ကဖြစ်ဖြစ် တနင်္ဂနွေနေ့မှာ ထောင်ဝင်စာ တွေ့ရတယ်။ အထူးထောင်ကျ ဆိုတာ ထောင်နံပါတ်ရှေ့မှာ S/ ပါတယ်။ ကျနော်တို့ ထောင်ဝင်စာက ပစ္စည်းကို အခြားရာဇ၀တ်မှု ထောင်ကျတွေလို ၀ါဒါတွေ၊ အကောင်လိုလို ရောင်လိုလို တွေရဲ့ ခေါင်းပုံဖြတ်၊ မတရားလုယက်၊ ခိုးဝှက် သိမ်းပိုက်ယူငင်တာ မခံရဘူး။ သွင်းခွင့်မရတဲ့ ပစ္စည်းဆိုရင် ဗူးဝမှာကတည်းက၊ အိမ်က လူတွေကို တခါတည်း ပြန်ပေးလိုက်ပြီး၊ သွင်းခွင့်ရတာဆို ဘာတခုမှ မလျော့စေရဘူး။
တိုက်သစ်မှာတုန်းက ထောင်ဝင်စာခန်းမှာ တခါတည်း၊ ထောင်ဝင်စာ တာဝန်ကျ ထောင်မှူးက စစ်လိုက်ပြီး ကိုယ့်အထုပ်ကိုယ် ပိုက်လာရုံပဲ။ အဆောင်မှာကျတော့ ထောင်ဝင်စာအထုပ်တွေကို သံစည်ပိုင်းပြတ်ကြီးထဲ ထည့်ပြီး လုံချည်ပြာတွေက ထမ်းလာပေးတယ်။ အဆောင်ရောက်မှ ပစ္စည်းကို စာရင်းနဲ့တကွအပ်တယ်။ ကျနော်တို့ကလဲ ကိုယ့်ပစ္စည်း စာရင်းနဲ့ ကိုယ်ရတာနဲ့ ကိုက်မှ လက်မှတ်ထိုးတယ်။ တခါတလေ လူကပြန်မရောက်သေးခင် ပစ္စည်းထုတ်က အဆောင်ရုံးခန်း ကို ရောက်နှင့်နေတာလဲ ရှိတယ်။ အဲဒီအခါ ကိုယ်ဝင်လာတာမြင်ရင် လှမ်းခေါ်ပြီး လက်ထဲထည့်ပေး လိုက်တယ်။ ဘယ်သူ့ဆီမှာ ဘာစားစရာပါတယ် ဆိုတာ ဒင်းတို့ သိပြီးသား၊ စားချင်ရင် လာတောင်းစားတယ်။
ဝါဒါ အဘသောင်းဆိုရင် ထောင်ဝင်စာ လာတဲ့နေ့မှာ ခွက်ကလေး၊ ပန်းကန်ကလေးကိုင်ပြီး ရောက်ရောက်လာတယ်။ အဘ ထမင်းစားမကောင်းလို့ ကြက်ဟင်းခါးသီးကြော်ကလေးများ ကျန်ရင် နည်းနည်းပေးစားပါ။ ဒီလိုအပြောလေးတွေနဲ့ တောင်းတတ်တယ်။ အဆောင်မှူးလှရွှေလည်း သူစားချင် ရင် အဘသောင်းဖြစ်ဖြစ် လုံချည်ပြာဇော်ဝင်း(ပီဒီပီ)နဲ့ ဖြစ်ဖြစ် တောင်းခိုင်းတယ်။ ဒါလည်း ခင်လို့ ရင်းနှီးလို့ တောင်းစားတာ။ မရင်းတဲ့သူတွေဆီ တောင်းစားတာ မတွေ့ပါဘူး။ နောက်ပြီး သူ့ဆီမှာက MI တင်ဦး အမှုရှာပြီး ဖမ်းထည့်ထားတဲ့ ကျောက်ကုန်သည် ဦးသန်းဝင်းတို့လို၊ ဘိုးတော်တင်ဦးတို့လို အစာရေစာပေါတဲ့ လူတွေ နံပါတ် (၈)ခန်း (လုံခြည်ပြာခန်း) မှာ ရှိနေတာပဲ။ အစားကောင်း မပြတ်လှဘူး။ တခြားဝါဒါတွေက အထူးတွေဆီမှာ မတောင်းစားရဲဘူး။ ထောင်မှူးဦးဘိုနီဆို လုံးဝ တောင်းမစားတတ်ဘူး။ ကြောက်တတ်တယ်။
ကျနော်တို့ အဆောင်မှာ တင်မြတ် နှစ်ယောက်ရှိတယ်။ အပေါ်ခန်းမှာနေတဲ့ တင်မြတ်က အင်းစိန်မှာနေလို့ အင်းစိန်တင်မြတ်။ ကျနော်တို့ အခန်းက တင်မြတ်က အလေးမသမား၊ ဗလကောင်း လို့ ဗလကြီးတင်မြတ်လို့ ခေါ်တယ်။ ဒင်းက ဗလကြီးသလောက် အသံကလဲကျယ်၊ အဆဲကလဲ သန်။ တနေ့မှာ ထောင်မှူးဦးဘိုနီက ဂျူတီထွက်တော့ ယူနီဖောင်းဘောင်းဘီ၊ အပေါ်က စပို့ရှပ်ကလေးဝတ်ပြီး အဆောင်နဲ့ ဝေးဝေး၊ အုတ်ရိုးဘေးက ကပ်လျှောက်သွားတာ ဗလကြီးတင်မြတ်က လှမ်းမြင်တယ်။ အဲဒါ အခန်းထဲကနေ "ထောင်မှူး- စပို့ရှပ်တွေဘာတွေနဲ့ သားနားနေပါလား၊ ဘယ်က အကြံအဖန်ရလာ တာလဲ" လို့ နှုတ်ဆက်စကား လှမ်းဆိုတာ ထောင်မှူး တချိုးထဲ ပြေးရော။

ထမင်းစားအုပ်စု
အဆောင်မှာ ကိုယ့်ဘာသာကိုယ် တူရာ အုပ်စုဖွဲ့ပြီး ထမင်းစားကြတာကို ကျနော်တို့က ထမင်းစား အုပ်စုလို့ ခေါ်တယ်။ ကျနော်တို့ အုပ်စုက ထောင်ဝင်စာလာသမျှ အားလုံးစုပေါင်းပြီး ဘုံစားကြတယ်။ တချို့ကျတော့လည်း သူ့နည်းသူ့ဟန် စားကြတာ။ ၃ ဆောင် ၆ ခန်းမှာ ထမင်းစား အုပ်စု (၃)စု ရှိတယ်။ ကိုစိန်လှအောင် (မှိုင်းရာပြည့်-ဒဿနိကနောက်ဆုံးနှစ်)၊ တင်ကြိုင် (ပီဒီပီ)၊ ကိုထွန်းကျင် (ပီဒီပီ)၊ မောင်ဝင်း (ရွှေတိဂုံအရေးအခင်းက အထကကျောင်းသား) တို့ လေးယောက်က တစုစားတယ်။ ကိုထွန်းအောင်ကျော် (ပီဒီပီ-ယခု အမေရိက၊ ABSDF ဥက္ကဌဟောင်း)၊ ကိုရဲမြင့်သိန်း (ပီဒီပီ) တို့ အမှုတွဲနှစ်ယောက်က တစုစားတယ်။ ကျန်တာ ကျနော်တို့ ပဲ။ ကျနော်တို့ အစုမှာ-
၁။ ကိုအေးကြည် (တိန်ရှောက်ပိန်-ဆေးတက္ကသိုလ် ၂) (ယခု-စိတ်တိုင်းကျလက်ဘက်ရည်)
၂။ ကိုသိန်းလွင် (အာနီ-ပဲခူး) (ဆေးတက္ကသိုလ် ၂)
၃။ ကိုတင်မြင့် (မာရှယ်-ပေါင်းတည်) (ဆေးတက္ကသိုလ် ၂)
၎။ ရဲဌေး (ပုသိမ်) (သဘာဝသိပ္ပံကောလိပ်)
၅။ မောင်မောင်စိုး (အရှုပ်-ဟင်္သတ) (သဘာဝသိပ္ပံကောလိပ်)
၆။ ကိုသန်းလင်း (တ-ဥက္ကလာ) (စက်မှုတက္ကသိုလ်)
၇။ ကိုဌေးဝင်း (ယခု-ဂျာမဏီ) (စက်မှုတက္ကသိုလ်)
၈။ ဖေသိန်း (ယခု-ဂျပန်ပြည်) (ဂျီတီအိုင်)
၉။ အောင်ကိုကို (ရေနံချောင်း) ( ပညာရေးတက္ကသိုလ်)
၁၀။ ကိုတင်အောင် (ဘီးလင်း) (ဂျီတီအိုင်)
၁၁။ လှဦး (ဒေါပုံ-ကုလားပို) (အထကကျောင်းသား-ယခုကွယ်လွန်)
၁၂။ ကိုတင်မြတ် (မ-ဥက္ကလာ) (ကျန်းမာရေးမှူး)
၁၃။ စောထွတ်ကျော် (ပြည်) (စက်မှုတက္ကသိုလ်)
၁၄။ ကျနော်
ကျနော်တို့ရဲ့ အိုးသူကြီးက ကိုအေးကြည် (ခ) အောင်မိုးသူ (စိတ်တိုင်းကျ)။ လူပုသလောက် အကြံ အဖန်ကောင်းလို့ သူ့ကို အားလုံးက တိန်ရှောက်ပိန်လို့ ခေါ်ကြတယ်။ သူကိုယ်တိုင်စီမံ၊ အားလုံးအတွက် သူပဲ ဒိုင်ခံချက်တာ။ ကျန်တဲ့သူတွေက ဟင်းရွက်ခူး ဟင်းရွက်သင်၊ ထင်းခွဲ၊ ကင်းစောင့်(တခါတလေ ဟင်းချက်တဲ့အခါ ကင်းစောင့်ရတယ်)၊ အိုးဆေးခွက်ဆေး၊ ၀ိုင်းလုပ်ပေးကြတယ်။
ထောင်ဝင်စာရက်ကိုလည်း သူပဲ စီစဉ်ပေးတယ်။ ကျနော်တို့ အဖွဲ့မှာ နယ်ကထောင်ဝင်စာ လာတွေ့ရတဲ့ လူတွေ၊ ပစ္စည်းနည်းနည်းပဲ လာနိုင်သူတွေ၊ များများ လာနိုင်သူတွေကို နှစ်ပါတ် အလျင်မီ အောင် ကိုအေးကြည်က စီစဉ်ပေးတယ်။ ထောင်ဝင်စာ လာလာ-မလာလာ၊ နည်းနည်း-များများ၊ အားလုံးမျှမျှတတ၊ မရှိအတူ၊ ရှိအတူ ခွဲဝေစားကြတယ်။ စားစရာမရှိတဲ့အခါ ကြက်ဖမ်း၊ ကြွက်ဖမ်း၊ အကောင်ပလောင် ဖမ်းစားရတဲ့အခါလည်း ရှိတာပေါ့။ အကောင်ပလောင် ရှာဖွေစားသောက်တဲ့ အကြောင်း နောက်မှ ရေးပါမယ်။

ဝန်ကြီးဌာနခွဲဝေမှု
ကိုအေးကြည်က အိုးသူကြီးဆိုတော့ ကျနော်တို့ ထမင်းစားအုပ်စုမှာ ၀န်ကြီးချုပ်။ ထောင်ဝင်စာ အထုပ်ရောက်ရင် ပိုင်ရှင်က သူ့ပစ္စည်းစုံကြောင်း လက်မှတ်ထိုးပြီးရင် သူ့ကိုယ်ပိုင် ပစ္စည်းက လွဲလို့ ကျန်တာကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက သိမ်းယူသွားတယ်။ အိုးသူကြီးက ထမင်းနဲ့စားတဲ့ စားစရာမှန်သမျှ အကုန်သိမ်းတယ်။ သူက ချက်ချင်းစားရမယ့်ဟင်း၊ နွှေးရမယ့်ဟင်း၊ တာရှည်ခံတဲ့ဟင်း၊ အရောအနှောလုပ်ပြီး ပွါးရမယ့်ဟင်း၊ စတာတွေကို နောက်တပါတ်မှာ နောက်တသုတ် ထောင်ဝင်စာ မီအောင် ခန့်ခွဲရတယ်။ ဆရာကြီးအောင်ကိုကို( ပညာရေးတက္ကသိုလ်ကမို့ ကျောင်းအုပ် ဆရာကြီး ရာထူးပေးပြီး ဆရာကြီးလို့ခေါ်ကြတာ) က မုံ့နဲ့ သွားတိုက်ဆေး၊ ဆပ်ပြာလို ကုန်ခြောက်တွေကို သိမ်းတယ်။ မနက်အိပ်ရာထ အစာကို သူက တာဝန်ယူရတယ်။ သူ ချပေးတာကို မနက်တိုင် အားလုံး စားရတယ်။
ကျနော်က မီးခိုးအူရေးနဲ့ အဆုတ်ရောဂါဖြစ်မြောက်ရေးဝန်ကြီး။ ကိုယ့်အုပ်စုထဲ ၀င်လာတဲ့ ဆေးပေါ့လိပ်၊ စီးကရက်တွေကို စီမံခန့်ခွဲရတယ်။ ငွေကြေးအဖြစ်သုံးရမယ့် နတ်သားလို ဆေးပေါ့လိပ် အသေးနဲ့ စီးကရက်တို့ကို ၀န်ကြီးချုပ် တိန်ရှောက်ပိန်ဆီ အပ်ရတယ်။ သူက ဒါနဲ့ အားလုံးအတွက် ဈေးဝယ်ရတယ်။ သောက်တဲ့ ဆေးလိပ်တွေကိုတော့ ရတဲ့ ဆေးလိပ် အရေအတွက်၊ ဆေးလိပ်သောက် တတ်တဲ့ လူ အရေအတွက်၊ ထောင်ဝင်စာတပါတ် နဲ့ တွက်ချက်ပြီး ခွဲတမ်းချပေးရတယ်။ မနက်မိုးလင်းရင် ကိုယ့်လူတွေရဲ့ ခြင်ထောင် အမိုးပေါ်တွေမှာ တင်ထားပေးတယ်။ ၃-၄-၅လိပ် စသဖြင့် နည်းရင်နည်းသလို၊ များရင်များ သလို။
ကျနော်ရယ် ဗိုလင်း(ကိုသန်းလင်း)ရယ်၊ ဘွန်း(ကိုဌေးဝင်း)ရယ်က ခွက်ကလေးတလုံး လုပ်ထား တယ်။ ကိုတာ ရတာကို အဲဒီခွက်ထဲ ထည့်ထားပြီး၊ သောက်ချင်တဲ့အခါ ယူသောက်။ ကိုဌေးဝင်းက ဆေးလိပ်အသောက် နည်းတယ်။ ဗိုလင်းနဲ့ ကျနော်က နှခေါင်း ကြပ်ခိုးစွဲတယ်။ သူ့ဝေစုကို ကျနော်တို့ နှစ်ယောက်ကို မျှတယ်။ ကျနော့် အိမ်က မန္တလေးနဂါးဆေးလိပ် စပါယ်ရှယ် ထည့်ပေးတတ်တော့ အခြား ရဲဘော်တွေနဲ့ ၀ါဒါတွေလည်း တခါတလေ လာတောင်းသောက်တယ်။

ထင်းဖြစ်တဲ့ကုတင်
အခန်းထဲက ကုတင်တွေ ကျနော်တို့ ထင်းစိုက်ပစ်တာ သိသိသာသာကြီး ကုန်သွားတယ်။ ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်အောင် လျော့လာတော့ အာဏာပိုင်တွေက ကုတင်တွေကို အလုံးလိုက် လာရေသွားတယ်။ ကုတင်အလုံးလိုက် မဖျက်နိုင်တော့ ကုတင်တလုံးမှာ ကြမ်း ၅ ချောင်းရှိတဲ့အနက် အစွန်နှစ်ချောင်းနဲ့ အလယ်ခေါင်တချောင်းကို ချန်ပြီး နံပါတ် ၂ အချောင်းနဲ့ နံပါတ် ၄ အချောင်းကို ထင်းလုပ်ပစ်တယ်။ ဘာယာတန်းက ပြူတင်းပေါက်တံခါးဘောင်တွေကို ရှင်းပစ်တယ်။ ၃ ဆောင်တခု လုံးမှာ ကျနော်တို့ ထမင်းစားအုပ်စုက ထင်းသုံးအများဆုံးပဲ။ တခါတလေ အဆောင်ရေကန်နားက သစ်ပင်ကိုလဲ ရေချိုးဆင်းတဲ့အခါ ၀ါဒါလစ်ရင်လစ်သလို အကိုင်းတွေ တက်ခုတ်ပြီး ထင်းလုပ်သေး တယ်။ အေးကြည်က ဟင်းချက်ကောင်းသလောက် မောင်ဝင်းနဲ့ ကိုတင်မြတ်ကြီးကလဲ ကုတင်အော်ပို ရေးရှင်းမှာ အားကိုးရတယ်။
တခါတော့ ခုတ်ပြီးခါစ ထင်းတွေ မသိမ်းရသေးခင် ခုတင်တွေအောက်မှာ ပုံထားတာ အဆောင်မှူး လှရွှေတွေ့သွားတယ်။ မသိမသာ ကြည့်သွားပြီး အဘသောင်းကို ပြောတယ်။ ဟိုကောင်တွေ အခန်းမှာ ထင်းပုံဟာ မြွေတောင် ၀င်အောင်းလို့ရတယ်။ သွားသိမ်းစမ်းတဲ့။ ထင်းသိမ်းသွားတော့ကော ကိုအေးကြည်က မမှုဘူး။ ညနေ ဟင်းချက်ချိန်ရောက်ရင် ဟင်းအိုးကို ပြင်ဆင်ပေးလိုက်ပြီး လုံချည်ပြာ ထဲက တယောက်ယောက်ကို ပေးလိုက်ပြီး သူတို့ ဖိုမှာ သွားချက်ခိုင်းတယ်။ လုံချည်ပြာထဲမှာ ကျနော်တို့ကို ကူညီတဲ့ လူတွေရှိတယ်။

စာမဖတ်ပါနဲ့ ဟင်းပဲချက်ပါ
လူတွေက သူ့ကို လူပုသလောက် အကြံအဖန်ကောင်းလို့ တိန်ရှောက်ပိန်လို့ ခေါ်ကြတယ်။ သူ့ခေါင်းထဲမှာ ကိုယ့်လူတွေ အစားအသောက်အဆင်ပြေဖို့ပဲ အမြဲစဉ်းစားတယ်။ ဘာလုပ်စားရင် ကောင်းမလဲ အမြဲ အကြံထုတ်နေတယ်။ ဆေးလိပ်နဲ့တမျိုး၊ ခိုးသွင်းထားတဲ့ ပိုက်ဆံနဲ့တမျိုး ပေးပြီး ဖိုကြီး၊ ဆေးရုံဖို၊ တောင်ယာတို့က သူလိုချင်တာကို ၀ယ်ခိုင်းတယ်။ ကိုသိန်းလွင်(အာနီ)တို့ ကျနော်တို့က "အေးကြည် မင်း ချက်ရေး ပြုတ်ရေးပဲစဉ်းစားနေ၊ စာတော့မဖတ်ဘူး၊ စာလေးဘာလေးလဲ ဖတ်ဦးကိုယ့်လူ" လို့ ပြောတယ်။ ခဏခဏ သူ့ကို စာဖတ်ခိုင်းတော့၊ နားညည်းပြီး "အေးဖတ်မယ်၊ အစားအသောက်ကို အာနီတို့ပဲ ကြည့်စီစဉ်လိုက်" ပြောတယ်။ ကျနော်တို့ကလဲ "အေး ... စာဖတ်ရင်ပြီးရော၊ ကျန်တာ ငါတို့ တာဝန်ထား" လို့ ပြောလိုက်တယ်။
ပီကင်းရီဗြူးတွေ ဘေးချပြီး တခေါခေါနဲ့ ဟောက်နေပါလေရော။ စာအုပ်က သူ့ အိပ်ဆေးလို ဖြစ်နေတယ်။ စာအုပ်ပေးလိုက်တာနဲ့ အိပ်တာပဲ။ ကျန်တဲ့လူတွေက "တော်ပါပြီ အေးကြည်ရာ ဟင်းပဲ ပြန်ချက်ပါတော့ စာမဖတ်ပါနဲ့တော့" လို့ ပြောယူရတယ်။

ငွေနဲ့ကြေးနဲ့
ကျနော်တို့ အုပ်စုမှာ ထောင်ပိုက်ဆံလို့ခေါ်တဲ့ ဆေးပေါ့လိပ်၊ စီးကရက်တို့အပြင်၊ တကယ့် ငွေကြေးလည်း ကိုးဆယ်မျိုးတရာမျိုး ရှိတယ်။ ကျနော်က အိမ်ကို ထောင်ဝင်စာမှာရင် ပိုက်ဆံလည်းမှာတယ်။ အိမ်သာသုံး စက္ကူလိပ်ကို ပိုက်ဆံထည့်လိပ်လို့ ရအောင်၊ အစပိုင်းက နဲနဲဖြည်၊ ပိုက်ဆံကို စက္ကူနဲ့အတူ သပ်သပ်ရပ်ရပ် ပြန်လိပ်တယ်။ ၀က်သားသုံးထပ်သားကို ၀ါဒါတွေနဲ့ ပိုက်ဆံပေးမှာပြီး သရက်သီး သနပ်နဲ့ ၀က်သားဟင်းလေးချက်စားတယ်။

ကြက်သူခိုး
အဆောင်မှူးလှရွှေက အဆောင်မှာ ကြက်တွေ မွေးတယ်။ သူ့ကြက်တွေကို နယ်စပ်က တိုက်ပွဲမှာ မိလာတဲ့ ဗကပတရုတ် လုံချည်ပြာဝတ် နေ၀င်းစိန်က စောင့်ရှောက်ပေးတယ်။ နေ့ခင်းဆို ဒီကြက်တွေ ကို အဆောင်ဝင်းထဲမှာ ဒီအတိုင်း လွှတ်ထားတာ။ ကျနော်တို့က အောက်ထပ်ဆိုတော့ နေ့ခင်းနေ့လည် ကျနော်တို့ တရေးတမောအိပ်တဲ့အချိန်မှာ ကြက်တွေဟာ ကျနော်တို့ ပန်းကန်တွေ ဘာတွေ ဆေးတဲ့ ရေနေရာမှာ ကျနေတဲ့ ထမင်းလုံးတွေကို အခန်းထဲ ၀င်လာပြီး လာကောက်စားလေ့ရှိတယ်။ တနေ့မှာ ကျနော်တို့ ကြက်ဖမ်းပွဲ လုပ်ကြတယ်။
ပန်းကန်ဆေးတဲ့နေရာမှာ ထမင်းလုံးတွေကို ကြဲဖြန့်ထားလိုက်ပြီး လူတွေက ကိုယ့်ကုတင်မှာကိုယ် ငြိမ်ငြိမ်လေးနေလိုက်တယ်။ ကြက်နှစ်ကောင်ဟာ သံတိုင်ပေါက်ကနေ ၀င်လာတယ်။ ပိုင်လောက်ပြီဆို တဲ့အချိန်မှာ လူတွေဟာ ဗြုန်းဆို ကုတင်ပေါ်တွေကဆင်းပြီး အပေါက်တွေမှာ ကာရပ်လိုက်တော့ အခန်းထဲမှာ ကြက်နှစ်ကောင် အလန့်တကြားခုန်ပေါက်နေတုန်း အသံများများမထွက်ခင် အဆုံးစီရင် လိုက် ကြတယ်။
ရဲမြင့်သိန်းက ကြက်ကို ဟာလာလုပ်၊ အမွှေးနှုတ်၊ အရေခွံဆုတ်၊ တင်မြတ်ကြီးက ဗိုက်ခွဲအူထုတ်၊ ဆေးကြောသန့်စင်၊ တုံးတစ်ပေးတယ်။ အားလုံးတက်ညီလက်ညီ၊ သဲလွန်စမကျန်အောင်လုပ်ကြတယ်။ ပြီးတော့ ၀ါဒါတွေကို ပိုက်ဆံပေးပြီး ၀ယ်ခိုင်းလို့ ရထားတဲ့ မဆလာနဲ့ ချက်တယ်။ ညနေထမင်းစားတော့ ရဲမြင့်သိန်းက ဒိုင်လူကြီးလုပ်ပြီး အားလုံးကို အညီအမျှ ခွဲပေးတာ အဲဒီညနေ အားလုံးထမင်းမြိန်ကြ တယ်။
နေ၀င်းစိန် ကြက်တွေကို အိပ်တန်းသွင်းဖို့ လုပ်တော့ ရှာမတွေ့လို့ ဗျာများနေတာ ကျနော်တို့တတွေ အခန်းထဲကနေ ကြိတ်ပြီး သဘောကျနေကြတယ်။ ဒီမှာတော့ ကြက်နှစ်ကောင်ဟာ စားပြီးလို့ ဗိုက်ထဲ ရောက်သွားပြီ။
တကယ်လို့ ဒီနေရာမှာ ကြက်ပျောက်တာ မဟုတ်ပဲ လူပျောက်တာ ဆိုရင်တော့ သံချောင်းတွေ ခေါက်၊ မီးမောင်းတွေထိုး၊ စစ်ခွေးတွေလွှတ်နဲ့ အာဏာပိုင်တွေ ခေါင်းမီးတောက်လို့ ဗျာများနေပြီ။ ကြက်ဆိုတော့လည်း လုံချည်ပြာ နေ၀င်းစိန်ခမျာ မနက်မှ ဆက်ရှာတော့မယ့် သဘောနဲ့ ကြက်စာရင်း မကိုက်ပဲ ကြက်ထောင်ပိတ်လိုက်ရတယ်။

ဆက်လက်ဖော်ပြပါမယ်။

[2001 August 15 မာယာထဲက ၃ဆောင်၊ ၆ ခန်းကို ပြုပြင်မွမ်းမံ ဖြည့်စွက်ပြီး၊ ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။]

No comments: