Thursday, July 24, 2008

ပေါရီတို့ရဲ့ရွှေလှေရွာ
ရေးသူ - မောင်ရေချမ်း

အမေရိက ရောက်ကတည်းက ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မှာ နေလာခဲ့တာ။ တိုက်ဆိုင်မှု ကြုံကြိုက်တိုင်း ကိုယ့်ပြေကိုယ့်ရွာကို လွမ်းတတ်တာ၊ အထူးသဖြင့် ခုလို နွေခါရောက်ရင် ပိုတောင် လွမ်းသေး။ Habor Free way ခေါ်တဲ့ 110 Fwy နဲ့ LA Down Town ကို သွားရင် Cranshaw District ကိုဖြတ်တော့ Free way ရဲ့ တဘက် တချက်က ထန်းတောကို မြင်ရင်ပဲ၊ လွမ်းသူကို မျက်ရည်စို့စေတယ်။
လော့စ်အိန်ဂျယ်လိစ်ရဲ့ နွေရာသီရောက်လေတိုင်း၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဟာ ကိုယ့်ရဲ့ အတိတ်သမိုင်းက လွမ်းမောဘွယ် ဒေသတခုကို အမှတ်ရစေတယ်။ အတိအကျ ဆိုရရင် မုံရွာခရိုင်ရဲ့ ချင်းတွင်းမြစ်နဘေးကိုပေါ့။




ကိုယ်က ပစ္စဖိတ် ကမ်းခြေတခုရဲ့ El Segundo ဆိုတဲ့ မြို့နယ် ကလေးမှာ နေတယ် လေ။ El Segundo ဟာ လော့စ်အိန်ဂျယ်လိစ် နိုင်ငံတကာ လေဆိပ် (LAX) နဲ့ ကပ်လျက်မှာ တည်ရှိတယ်။ ကယ်လီဖိုးနီးယားရဲ့၊ ပူလောင် ပြင်းပြတဲ့ နေအောက်မှာ သမုဒ္ဒရာက တိုက်ခတ် လာတဲ့ လေပြေညှင်းဟာ ချင်းတွင်းကို ဖြတ်ကျော်တိုက်ခတ်လာတဲ့ လေပြေညှင်းလို လွမ်းဆွေးဘွယ် အေးမြမြကလေး......။ အတွင်းပိုင်း၊ ကုန်းပိုင်း ပူပူလောင်လောင်က ပြန်လာရင်၊ Valley ဘက်မှာ ဘယ်လောက်ပဲ ပူခဲ့ ပူခဲ့၊ ကိုယ့်ဖက်ကမ်းခြေနဲ့ နီးလာတာနဲ့၊ အေးမြတဲ့ တစုံတရာ စိတ်ချမ်းသာမှုကို ရလာတာပဲ။

xxxx xxxx xxxx xxxx

ကိုယ့်အတွေးတွေက၊ မန္တလေးတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ပေါရီတို့ မရွှေတို့ နေတဲ့ ရွှေလှေရွာဆီ ပြန်ရောက်သွားတယ်။ (နေရပ်ဒေသကို ဟိုတုန်းက အခေါ်အတိုင်း တိုင်း၊ ခရိုင်၊ မြို့နယ်လို့ သုံးလိုက်ပါတယ်)။
ချောင်းဦးဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း စာထဲက "... ချောင်းဦးနယ် တလွှားမှာ ပြောင်းဖူးသည်တွေက များလိုက်ပါဘိသနဲ့...." ဆိုတဲ့ ချောင်းဦးပါ။ မန္တလေး-မုံရွာ ကားလမ်းပေါ်မှာ ရှိပါတယ်။ ရွှေလှေရွာ ဆိုတာကတော့ ချောင်းဦးမြို့ရဲ့ အနောက်တောင် ယွန်းယွန်းမှာ ရှိပြီး၊ ကားလမ်းမပေါက်ပါဘူး။ မန်းကျည်းဘုတ်၊ မန်းကျည်းခွ စတဲ့ ရွာတွေဘက်က လှည့်ပတ်လာရတဲ့ လှည်းလမ်းတော့ ရှိတယ်။
သူ့ရဲ့ အဓိက လမ်းပန်းဆက်သွယ်မှုဟာ မုံရွာကနေ ချင်းတွင်းမြစ်နဲ့ အောက်ကိုစုန်တဲ့ ရေလမ်းပါပဲ။ မုံရွာကနေ မအူကိုသွားတဲ့ မော်တော်စီးရင် ရွှေလှေမှာ ကပ်တယ်။ ရေစကြို မော်တော်ဆိုရင် ရွှေလှေရွာတောင်ဘက်၊ တောင်-တောကျောင်းရွာမှာ ဆင်းရတယ်။ သူတို့ နှစ်စီးက အလှည့်ကျ တရက်ခြား မုံရွာကထွက်တယ်။
ရွှေလှေရွာမြောက်ဘက်၊ ၃ တိုင် ( ၆ မိုင်) လောက်ဝေးတဲ့၊ အိုးဝေဦးညိုမြရဲ့ဇာတိရွာ အမြင့် (ကမ်းမြင့်) ရွာကတော့ နေ့စဉ် မော်တော် ရှိပုံရတယ်။ တိုက်ရိုက်မော်တော် မဟုတ် တောင် မအူမော်တော်ကော၊ ရေစကြိုမော်တော်ကော သူ့ဆီမှာ ကပ်တယ်။ အမြင့်မှာ မြို့နယ် စာတိုက်ခွဲကလေးလည်း ရှိတယ်။ ငါးရက်တဈေး လည်း ရှိတယ်။ အနီးအနား ရွာတွေအားလုံး ဈေးရောင်း ဈေးဝယ် လာရတယ်။

xxxx xxxx xxxx xxxx

အချိန်က မနက် ၃ နာရီခွဲ လောက်ပဲ ရှိအုန်းမယ်။
မလင်းသေးတဲ့ ချောင်းဦးမြို့ရဲ့ အမှောင်ထုကို ဖြိုခွဲလိုက်တာက..... ကိုရင်သိန်းတန်နဲ့ စိုးစိုး တို့ရဲ့ အသံပါဘဲ။ အိပ်ကောင်းတုန်းမှာ "ကိုသိန်းတန်.. ကိုသိန်းတန်.. စိုး သင်္ဘောပေါ် တက်ခဲ့မယ်...." တဲ့။ အိပ်ရာကလန့်အနိုးမှာ ကိုယ့်ဘေးမှာ အိပ်တဲ့ သူငယ်ချင်း၊ မြင်းခြံသား အောင်ကျော်စိုး (ဗိုက်စူ) က မနက်ခင်းကို ချိုသာတဲ့ အဆဲကလေးနဲ့ နှုတ်ခွန်းဆက်လိုက်တယ်။
စိုးစိုးတို့ အသံထွက်ပြီး မကြာဘူး.. လောက်စပီကာက ရွှေလှေရွာသွားမယ့် ဆရာတွေ အတွက် အောက်မှာ လှည်းရောက်နေပါပြီတဲ့။ ဆက်အိပ်လို့ မဖြစ်တော့ဘူး။ မျက်နှာသစ်၊ ပစ္စည်းသိမ်း၊ အိပ်ယာလိပ်နဲ့ ပြင်ဆင်ရတော့ တာပေါ့။
လှည်းနှစ်စီး၊ လှည်းသမားနှစ်ယောက်နဲ့ ရွှေလှေရွာက လာကြိုတဲ့ တာဝန်ခံ ကျောင်းအုပ်ဆရာကြီးဆိုတာ ကျောင်းအောက်မှာ စောင့်နေတယ်။ ပါတ်ဝန်းကျင်တခုလုံး ကတော့ ပိန်းပိတ်အောင်မှောင်တုန်း။ ရောင်နီတောင် မပျို့သေးဘူး။ ကျောင်းဝင်းထဲမှာသာ လင်းထိန်နေတာ။
ဆဲပြီးတော့ ပြန်နှပ်နေတဲ့ အောင်ကျော်စိုးကိုပဲ နှစ်ခါလောက် ပြန်နှိုးရတယ်။ ဒင်းက လုပ်တာကိုင်တာ ကြာနေလို့ စိတ်မရှည်တဲ့ ကျောင်းအုပ်ဆရာကြီးက နွားတွေ နေပူကုန်မယ် ဆိုပြီး ငေါက်နေတယ်။ လှည်းဆရာတွေတောင် သူတို့ နွားတွေအတွက် မပူရဘူး။ ဒီ ကျောင်းဆရာက ကြားက ၀င်ပူနေတယ်။ သူ့နာမည် ဦးတင်မောင်၊ ရွှေလှေရွာ မူလတန်း ကျောင်းက ကျောင်းအုပ်ဆရာကြီးတဲ့။ နေတော့ ချောင်းဦးမှာ။ တွေ့စက ဂျစ်ကန်ကန် အောက်မေ့တာ နောက်တော့ ချစ်စရာ လူရိုးကြီး ဖြစ်နေတယ်။ သမီးနှစ်ယောက်၊ ရွှေညာသူ ညိုညက်တွေက မယ်မြင့် နဲ့ မယ်တင့်။
ရွှေလှေရွာအတွက် လုပ်အားပေး အသုံးလုံးဆရာ ခြောက်ယောက်။ လှည်းနှစ်စီး လာကြိုတယ်။ အောင်ကျော်စိုး(ဗိုက်စူ)ရယ်၊ မြစ်ကြီးနားက ဇေလွမ်းရယ် ကျနော်ရယ် သူငယ်ချင်း သုံးယောက်က လှည်းတစီး။ အခြား သုံးယောက်ရယ်၊ ဆရာကြီးရယ်က လှည်းတစီး။ ဆရာကြီးက လှည်းတွေကို ထွက်ခိုင်းနေပြီ။ ဗိုက်စူက လှည်းပေါ် မရောက်သေးဘူး။ လှည်းတွေ ထွက်တော့မှ နောက်ကနေ အော်ရင်း ဒင်း အပြေးလိုက်လာတယ်။ "မတက်နဲ့... စိုး... လိမ့်ကျ လိမ့်မယ်...." ။ ပြီးတော့ လှည်းပေါ်လွှားကနဲ ခုန်တက်လိုက်တယ်။

xxxx xxxx xxxx xxxx

လှည်းပေါ်မှာ ဆက်အိပ်မယ် စိတ်ကူးတာ။ ဘယ်လိုမှ အိပ်မရဘူး။ အိပ်မရတဲ့အပြင်၊ ကိုယ်တောင် လှည်းပေါ်က မကျအောင် လှည်းရံတိုင်ကို အသေဆုပ် ထားရတယ်။ လမ်းက ကြမ်းသလားမမေးနဲ့။ လမ်းကြမ်းကြမ်းကို လှည်းကြမ်းစီးရတာ တသက်နဲ့တကိုယ်မှာ ဒါ ဘွေဦးဆုံး။
ဖင်ဆောင့်လွန်းလို့ တခါတခါ ဆင်းလျှောက်လို့ ရမယ့်နေရာတွေမှာ၊ အမှောင်ထဲဆင်း ပြီး၊ လှည်းနောက်က အပြေးလျှောက်ရသေးတယ်။
ဆရာကြီးက ရွာမှာ မင်းတို့လို လုပ်အားပေးတွေ ရှိသေးတယ်တဲ့။ ကျောင်းသူတွေလား၊ ကျောင်းသားတွေလား၊ ဘယ်နှစ်ယောက်လဲမေးတော့ ဟိုရောက်ရင် တွေ့မှာပေါ့တဲ့။
မန်ကျည်းခွကထွက်တော့ မနက်လင်းစ အလင်းရောင်နဲ့ ဟိုး ခပ်ဝေးဝေးမှာ ညို့ညို့မဲမဲ ကလကာကြီးတခု ကာဆီးထားသလိုဟာကြီး လှမ်းမြင်ရတယ်။ ဘာကြီးလဲ မေးတော့ ထန်းတောတဲ့။ အပင်တွေက စိပ်တော့ အဝေးမြင်ကွင်းမှာ ထူထူသိပ်သိပ်။ အဲဒီ ထန်းတောထဲကပဲ လှည်းက ဖြတ်မောင်းရတယ်။ ထန်းတောကထွက်တော့ ရွာကို လှမ်းမြင် ရပြီ။ ရောက်ပြီလားမေးကြည့်တော့ အဲဒါ 'တောင်-တောကျောင်း' တဲ့။ ပြီးမှ ရွှေလှေရောက်မှာ။

xxxx xxxx xxxx xxxx

တရွာလုံးက ကလေးလူကြီးတွေ ရွာထိပ်မှာ ထွက်ပြီး ကြိုကြတယ်။ ကျနော်တို့လည်း လှည်းပေါ်ကဆင်းပြီး ရွာကလူတွေနဲ့အတူ ရွာထဲကို လမ်းလျှောက်ပြီး ၀င်ခဲ့ကြတယ်။ လာကြိုတဲ့ အဖွဲ့ထဲက လူတယောက်က လမ်းမှာ "ခင်ဗျားတို့က ဘယ်တက္ကသိုလ်ကလဲ" တဲ့။ ဒီလူ မေးပုံက စိတ်ဓါတ်ကျသွားတဲ့ ပုံမျိုး။ နောက် သူက ဆက်ပြောတယ်။ "ကျောင်းအုပ်ဆရာ ကြီး ကပြောသွားတယ် ရန်ကုန်တက္ကသိုလ်က လုပ်အားပေး ဆရာမလေးတွေကို သွားကြိုမှာ တဲ့" ဒီဆရာကြီးက ဂျစ်ကန်ကန်ပုံနဲ့ ခုလိုကျတော့ ဥာဏ်အများသား။ ကျနော်တို့ကို လာမေးတဲ့သူက အောင်ကျော်ဝင်းတဲ့။ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ် မြန်မာစာ အဓိက ကျောင်းသား။ သူတို့က သုံးယောက်။ ကျနော်တို့ လုပ်အားပေးဆရာ အားလုံး (၉)ယောက် ဖြစ်သွားတယ်။
ရွာက သိတ်ကြီးတာ မဟုတ်ဘူး။ ဆယ်အိမ် တ၀ိုင်းမှာ ဆယ်အိမ်ခေါင်းတယောက် အုပ်ချုပ်တယ်။ အိမ် ၀ိုင်း (၆) ၀ိုင်း (၇) ၀ိုင်း လောက် ရှိမယ်။ သူကြီးကတယောက်။ မူလတန်း ကျောင်းမှာ ကျောင်းအုပ်ကြီးအပြင် ရွာခံကျောင်းဆရာ နှစ်ယောက် ရှိတယ်။ တယောက်က ကိုကောင်းဟိန်၊ တယောက်က ကိုလှထွန်း။
တရွာလုံးအတွက် ရွာလယ် လမ်းမကြီးတခုပဲ ရှိတယ်။ ရွာ့တောင်နဲ့ ရွာ့မြောက်မှာ ဖွင့်, ပိတ်လို့ရတဲ့ စည်းရိုးတံခါး တခုစီရှိတယ်။ ကျနော်တို့က ရွာ့မြောက်စည်းရိုးအပြင်ဘက်၊ ရွာဦးကျောင်းနဲ့ တဆက်ထဲ မူလတန်းကျောင်းပေါ်မှာတည်းတယ်။ လုပ်အားပေး ဆရာ (၉)ယောက်နဲ့ ကျောင်းအုပ်ဆရာကြီး အားလုံး ဆယ်ယောက်၊ တန်းစီပြီး တတန်းတည်း အိပ်ကြတယ်။
ကျောင်းရဲ့ အရှေ့ဘက် လှည်းလမ်းနဘေးမှာ သုဿာန်ဇရပ်တခုနဲ့ သော့ခတ်ထားတဲ့ သစ်သားအိမ်သာ တလုံးရှိတယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာ ထုံးသင်္ကန်းနဲ့ ဘုရားတဆူရယ် သွပ်မိုး အကာမပါ ဇရပ် (၃) ဆောင် ရှိတယ်။
ရွာစည်းရိုးနဲ့ ကျောင်းကြားမှာ ရေဆိပ်ကို ဆင်းတဲ့ လမ်းကလေးရှိတယ်။ မော်တော်လာ ရင် အဲဒီမှာပဲ ကပ်တယ်။ ဆိပ်ခံတွေ ဘာတွေ မရှိဘူး။ မော်တော်က ကမ်းနဲ့ အနီးဆုံး ရပ်နိုင်သလောက် ရပ်လို့ရတဲ့နေရာမှာ ရပ်ပြီး ကုန်းဘောင်ချပေးလိုက်တာပဲ။ ရွှေလှေသူတွေ ရေခပ်ဆင်းရင် မန္တလေးသားတွေ ဒီနေရာကနေ မျက်စိစပွဲထိုင်တာဆိုပြီး ဆရာကြီး ဦးတင်မောင်က အရင်ရောက်နှင့်နေတဲ့ မန္တလေးက ဆရာတွေကို ပြောနေသေးတာ။

xxxx xxxx xxxx xxxx

ရောက်ရောက်ချင်း မနက်စာကြွေးတယ်။ စားပြီးလို့ ခဏတဖြုတ်နားပြီး ကြိုဆိုနေရာ ချပွဲကို ကိုယ်တို့တည်းတဲ့ ကျောင်းပေါ်မှာပဲ လုပ်တယ်။ ကိုယ်သင်ရမယ့် တပည့်တွေက အမျိုးသမီး (၈)၊ အမျိုးသား (၂)ယောက်။ တကယ် စာသင်တော့ အမျိုးသားနှစ်ယောက်က မလာကြဘူး။ ရွာကလူတွေပြောတော့ ခရီးလွန်နေတယ်တဲ့။
တပည့်မတွေက မပေါရီ၊ မရွှေ၊ မချစ်မေ၊ မမြဟန်၊ မကျင်မြ၊...... ကျန်သူတွေ မမှတ်မိ တော့ဘူး။ ပေါရီနဲ့ မိရွှေ က ကိုယ့်အောက် ၃- ၄ နှစ် ငယ်ကြပေမယ့်၊ ကျန်သူတွေက ကိုယ့်ထက် ၁၀ နှစ်၊ ၁၅ နှစ် ကြီးသူတွေ။

xxxx xxxx xxxx xxxx

ရွာခံဆရာလေး ကိုကောင်းဟိန်က လုပ်အားပေးဆရာ (၉)ယောက် အနက်က ကျနော်တို့ သုံးယောက်ကိုမှ မျက်စိကျတယ်။ သူ့စိတ်ထဲမှာ ဒီသုံးယောက်ကတော့ ဟိတ်ဟန်မရှိဘူးလို့ ထင်ပုံရတယ်။ အထူးသဖြင့် ဘိုက်စူလို့ ကျနော်ခေါ်တဲ့ ကျနော့်သူငယ်ချင်း အောင်ကျော်စိုးရယ်၊ ကျနော်ရယ်ကို ခင်မင်ချင်ပုံရတယ်။ ဇေလွန်းက ကချင်တိုင်းရင်းသား၊ ခပ်အေးအေး၊ စကားပြောရင် မပွင့်တပွင့်။ ကျနော်တို့ ဘာလုပ်လုပ် ပြုံးပြုံးနဲ့ နောက်က လိုက်လုပ်တယ်။ သူ့မှာ ဂစ်တာ တလက်ပါတယ်။ နောက်တော့မှ သိရတာ ကျောင်းအုပ် ဆရာကြီး ကျနော်တို့ အုပ်စုကို တွေ့တွေ့ချင်း မျက်မောင်းကျတာ ဒီဂစ်တာကြီးကြောင့်တဲ့။
အဲဒီနေ့က ကြိုဆိုဧည့်ခံပွဲလဲ ပြီးရော ကျနော်တို့သုံးယောက်ကိုမှ ထန်းရည်သွား သောက်ရ အောင်ဆိုပြီး ကျောင်းဆရာကိုကောင်းက လက်တို့ ခေါ်ထုတ်သွားတယ်။ ကျနော်တို့ ကလဲ ဒါမျိုးဆို တရေးနိုး ခေါ်လဲ ထလိုက်တယ်။ လုပ်လိုက်လေ ကြာသလားလို့ ဆိုတာမျိုး။
စက်မှုတက္ကသိုလ်မှာ ဒုတိယနှစ်တောင်ရောက်နေပြီပဲ။ ဇေလွန်းတို့၊ အယ်လ်ဇော်ဆမ် တို့၊ သူငယ်ချင်း ကချင်ကျောင်းသားတွေ ကျောင်းပိတ်လို့အပြန်မှာ ပါလာတဲ့ ကချင်မီး တောက်ကို၊ ကြောင်အိမ်ထဲက အမေတို့ အဖွားတို့ သိမ်းထားတဲ့ ဒုံးခြောက် လို့ခေါ်တဲ့ ပုစွန်ခြောက် အကြီးစားကြီးတွေနဲ့ မုံရွာကျော်သန်းအခန်းမှာ ချနေကျ။ မုံရွာသား တွေကလဲ မခေဘူး။ ဒါမျိုးဆို တက်ကြွတယ်။
ကိုကောင်းနဲ့ ကျနော်တို့ သုံးယောက်၊ ထန်းတောထဲက ထန်းတဲလေးမှာ ကြက်ဥမွှေ ကြော်ကို အမြည်းလုပ်ပြီး အုန်းမှုတ်ခွက်နဲ့ ခွက်လှည့်လိုက်တာ၊ ဘယ်နှမြူကုန်သွားလဲတော့ မမှတ်မိဘူး။ ဘာမှမဖြစ်ပါလား- ရေသောက်ရသလိုပဲလို့ ကျနော်ကတောင် ပြောလိုက်မိသေး တယ်။
ထန်းတောက ရွာအပြန်လမ်းမှာမှ လေကလေး တဖြူးဖြူးနဲ့ ထန်းရည်တန်ခိုးတွေ တက်လာတာ၊ ကျောင်းပေါ်လဲ ရောက်ရော အိပ်ယာပေါ် ဒိုင်ဗင်ထိုးချ လိုက်တာနဲ့ တချိုးထဲ အိပ်ပျော်သွား တယ်။
တရေးနိုးလာတော့ ရေနံဆီမီးခွက်ကလေးတခွက် ထွန်းထားပြီး ကိုယ့်နားမှာ ကလေး နှစ်ယောက် ငုတ်တုတ် ထိုင်နေတယ်။
"ဟ.... ဘယ်ရောက်ကုန်ကြလဲဟ...."
"စာသင်သွားကုန်ကြပြီ... ဆရာကောင်းက ဆရာလေးနိုးလာရင် သူ့အိမ် ခေါ်ခဲ့ဆိုလို့ ... ကျနော်တို့ စောင့်နေတာ...."
ကိုယ်လဲ အလူးအလဲ ထပြီး ကလေးနှစ်ယောက်နောက်က လိုက်သွားတယ်။ ဗိုက်ကလဲ ခုမှ တအားဆာလာတယ်။ ကိုကောင်းရဲ့ အိမ်ရောက်တော့ အိမ်မှာ ဘယ်သူမှ မရှိကြဘူး။ ကျောင်းဖွင့်တဲ့နေရာမှာ သွားပြီး ငေးမော့နေကြမှာပေါ့။ သူ့အိမ်ရဲ့ မြေစိုက်မီးဖိုချောင်ထဲ ၀င်ကြည့်တော့ ထမင်းကြမ်းခဲလေးတခဲက ပန်းကန်နဲ့ အုပ်ထားတယ်။ ပဲပုတ်လေး-ငါးပြား ပန်းကန်စင်ပေါ် မှာတွေ့တယ်။ ကိုယ်လဲ ဒီနေ့ပဲ ဒီရွာရောက်တာ၊ ရောက်တဲ့နေ့ပဲ ကိုယ့်ရွာမှတ်၊ ကိုယ့်အိမ်အမှတ်နဲ့ မီးဖိုက မီးလေးငွေ့ငွေ့မှာ ပဲပုတ်နှစ်ပြားကို မီးကင်လိုက်ပြီး တွေ့တဲ့ ထမင်းကြမ်းခဲနဲ့ ဗိုက်ဖြည့်လိုက်တယ်။
ပြီးတော့ စာသင်တဲ့ နေရာကို လိုက်သွားတယ်။ ရွာလယ်က ဇရပ်ကလေးတဆောင်မှာ ရေနံဆီ မီးခွက်ကလေး သုံးလေးခွက် ထွန်းပြီး ကိုကောင်းနဲ့ ဇေလွန်းတို့ စာသင်နေကြတယ်။ ဗိုက်စူကို မတွေ့ဘူး။ မန္တလေးသားသုံးယောက်က ရွာမြောက်ပိုင်း၊ ကျနော်တို့ သုံးယောက်က အလယ်ပိုင်း၊ ကျော်ညွန့်တို့ အုပ်စုက ရွာတောင်ပိုင်းမှာ သင်ရတာ။
"ဆရာကောင်း... ဗိုက်စူကော.."
"ကျနော့်အခန်းထဲ... အိပ်နေတယ်လေ..မတွေ့ခဲ့ဘူးလား.."
"သြော်... ကျနော်က မီးဖိုမှာ.. ရှာဖွေစားသောက်နေတာနဲ့...."
"စားစရာတွေ့လား...."
"တွေ့တယ်.... ကျေးဇူးပဲ"
သြော်.... ဆရာတွေနှယ်... စာသင်မယ်မကြံရသေး... ထန်းရည်က စ, မူးတော့တာပဲ။

xxxx xxxx xxxx xxx
ရွာက ကျွေးမွေးပုံအစီအစဉ်က- မနက်အိပ်ရာထနဲ့ နေ့လယ်မှာ ရေနွေးကြမ်းနဲ့ ပဲကပ်ကြော်၊ မတ်ပဲကြော်စသဖြင့် အကြော်စုံကို ကျောင်းပေါ်မှာ ဗန်းတွေနဲ့ သယ်လာပြီး ကြွေးတယ်။ မနက်စာ၊ ညစာ ထမင်းကတော့ ဆယ်အိမ်ခေါင်းအလှည့်ကျမှာ၊ အလှည့်ကျတဲ့ အိမ်ဝိုင်းရဲ့ တအိမ်, အိမ်မှာ စုကျွေးတယ်။
နောက်တနေ့မနက် ကျောင်းပေါ်မှာ ရေနွေးသောက်မယ် လုပ်တုန်း၊ ကလေး တယောက်က ကျနော်တို့ သုံးယောက်ကို လာခေါ်တယ်။ ကျောင်းပေါ်မှာက အများအတွက်၊ ခုဟာက ကျနော်တို့ သုံးယောက်ကို သီးသန့်- ကြီးတော်မြဟန်က အခေါ်ခိုင်းလို့တဲ့။ အဲဒီတော့မှ ကျနော်လဲ သတိရတယ်၊ ညက ကျနော့ စာသင်သားထဲက မိန်းမကြီးတယောက်က ဆရာလေး မနက်ကျရင် ကျမတို့ အိမ် အဖန်ရည် လာသောက်လှဲ့လို့ ဖိတ်လိုက်တာကိုး။
ထန်းရည်မူးတဲ့ဆရာတွေ ရွာမှာ အရင်ဆုံး ပေါ်ပြူလာဖြစ်တာပဲ။ အကြော်တွေက များလိုက်တာမှ ရှယ်ပဲ။ ပဲကပ်ကြော်၊ ပဲလုံးကြော်၊ မတ်ပဲကြော်၊ မုံ့ချိုသွင်း... တချို့မုံ့တွေဆို ခေါ်တောင် မခေါ်တတ်ဘူး။ အညာမုံ့၊ ရွာမုံ့၊ အိမ်လုပ်တဲ့မုံ့တွေ။ ဒေါ်မြဟန်အိမ်ရှေ့ ၀ါးကွပ်ပျစ်မှာ ကျနော်တို့ ရေနွေးသောက်တာကို ဒေါ်မြဟန်တို့ အိမ်ဝိုင်းက ကလေးလူကြီး လာကြည့်ကြတာ ကိုက တော်တော်များတယ်။
စကားပုံတောင် ပြင်ရမလိုဖြစ်နေပြီ- ထန်းရည်မူး ပေါ်ပြူလာဖြစ်- လို့......။


မောင်ရေချမ်း
(၀၇၊ ၂၃၊ ၀၈)

No comments: