Monday, July 21, 2008

၃ဆောင်၊ ၆ခန်း (အပိုင်း ၂)
ရေးသူ-မောင်အေးဝင်း

ကြက်ပျောက်မှုနောက်ဆက်တွဲ
လှရွှေကြက်ပျောက်တာကို ပထမတော့ မသိမသာ ကြိတ်စုံစမ်းတယ်။ ၀ါဒါလူစစ်တန်းစီဖို့ ၀င်လာတော့ သူ့မျက်စိက ပုဂံဆေးတဲ့နေရာဘက်ကို ရောက်နေတယ်။ ဆေးကြောထားလို့ ပြောင် သလင်းခါနေတဲ့ ရေနေရာကို မကြည့်စဖူး စူးစူးစမ်းစမ်း အကဲခတ်တာတွေ့ရတော့ ကျနော်တို့ စိတ်ထဲမှာ ကြိတ်ပြီး ၀မ်းသာကြတယ်။သူ့ကြက်တွေ အပေါ်ထပ်ကို လှေကားကနေ မတက်ဘူးဆိုတာ သိပြီးသား။ အောက် လေးခန်းမှာ အခန်း (၅) က သူတို့ ရုံးခန်းနဲ့ ကပ်လျက် အနီးဆုံး။ ဒါမျိုးလုပ်ဖို့ ဘယ်လိုမှ မလွယ်ဘူး။ (၇) ခန်းမှာက သူတို့ သတင်းပေးတွေလည်းရှိတော့ မဟုတ်တာလုပ်ရင် ချက်ချင်းပေါက်တာမို့ ဘယ်သူမှ မလုပ်ရဲဘူး။ (၈)ခန်းဆိုတာ လုံချည်ပြာတွေက တနေ့လုံး အလုပ်ဆင်းတယ်။ အခန်းထဲမှာ ကျန်ခဲ့တာဆိုလို့ ဘိုးတော်တင်ဦးရယ်၊ သူ့အမှုတွဲ ဘုန်းကြီးလေး ဦးမိုးထိရယ်၊ ကျောက်ကုန်သည် ဦးသန်းဝင်းရယ်၊ ရွှေတိဂုံအရေးအခင်းမှာ ဘုရားပေါ်က ဖမ်းလာတဲ့ ဗိုလ်ကြီးဟောင်း ဘိုးတော် ဦးအောင်သန်းတင်ရယ်၊ လုံချည်ပြာဝတ်ထားတဲ့ ပီဒီပီဇော်ဝင်းရယ်၊ အလုပ်သမားအရေးအခင်း မီးရထားစက်ရုံက သတင်းပေးအောင်ကြည်ရယ် ဒါပဲ။ ဒီတော့ အခန်း (၅)၊ (၇)၊ (၈) မဖြစ်နိုင်ဘူး။


ဒီကိစ္စဟာ (၆)ခန်းက ကောင်တွေပဲ ဆိုတာ မောင်လှရွှေ ကျိန်းသေတွက်တယ်။ ဒီတော့ (၆)ခန်းကို လှရွှေသွေးတိုးစမ်းတယ်။ သူ့တပည့် လုံချည်ပြာဇော်ဝင်း (ပီဒီပီ)နဲ့ တိန်ရှောက်ပိန်ကို အမေးခိုင်းတယ်။
"အေးကြည်.... ဆရာလှရွှေက သူ့ကြက်တွေ ရောင်းချင်လို့ .. ၀ယ်မလားတဲ့"
"ဘယ်လောက်လဲ..."
"နှစ်ကောင်... ဆယ့်ခြောက်ကျပ်..."
"တဆယ်ရရင် ယူမယ်လို့..... ပြောလိုက်"
မနက်လိုမှာ ဇော်ဝင်းလာမေးတယ်။ နေ့ခင်းမှာ အဖြေပေါ်တာပဲ။


တလာစီ
"ကဲ.. ကဲ.. အားလုံးထွက်ကြမယ်... အခန်းထဲ တယောက်ပဲ နေခဲ့..."
ဒုအဆောင်မှူး ဦးကျော်ရင် ခေါင်းဆောင်တဲ့အဖွဲ့ ကျနော်တို့ အခန်းကို တလာဝင်စီတယ်။ ထောင်ဝေါဟာရ 'တလာစီ' ဆိုတာ ရှာဖွေစစ်ဆေးတာ။ အခန်းထဲကလူတွေ အပြင်ထွက်ပေးရတယ်။ မထွက်ခင်မှာ အခန်းပေါက်ဝမှာ လူတကိုယ်လုံးအနှံ့ အရှာခံပြီးမှ ထွက်ရတယ်။ သူတို့ အခန်းထဲမှာ ရှာဖွေနေတာကို စောင့်ကြည့်ဖို့ တယောက် နှစ်ယောက်က အခန်းထဲမှာ ချန်ရစ်ရတယ်။ ကျန်ခဲ့သူကိုလဲ တကိုယ်လုံး ရှာတယ်။
သူတို့ လာပြီဆိုကတည်းက ကျနော်တို့ အုပ်စုက သွင်းထားတဲ့ ပိုက်ဆံတွေကို ကျနော့် ခြေဖ၀ါးနဲ့ဖိနပ်ကြား ခြေဖ၀ါးအောက်မှာ ညှပ်ပြီး၊ ဖိနပ်ကို ဖိနင်းပြီး စီးထားလိုက်တယ်။ ဒူးကိုဖြောင့်၊ ခြေထောက်ကို တန်းပြီး၊ လမ်းလျှောက်တော့ ခြေမနဲ့ ခြေဖနောင့်ကို ဖိနပ်နဲ့ ဖိကုပ်လျှောက်ရတယ်။ ကျနော်က အခန်းထဲ ချန်နေခဲ့သူ။
ဝင်လာတဲ့ ၀ါဒါတွေ မိလ္လာချောင်နဲ့ ပန်းကန်ဆေးတဲ့နေရာကို တန်းသွားတာပဲ။ တချိုက ကုတင်တွေမှာ မွေ့ယာတွေလှန်၊ စောင်တွေဖွ၊ ခေါင်းအုံးတွေ စမ်းနဲ့ အလုပ်ရှုပ်ကြတယ်။ ၀ါဒါမြင့်လွင်က ကျနော့်ကုတင်မှာ ရှာနေရာတုန်း ကုတင်ခြေရင်းက ကောက်ရတဲ့ ကျပ်တန်ကလေးတရွက်ကို ကောက် ပြီး၊ တခြား လူတွေမမြင်အောင် ကပ်ပေးတယ်။ ကျနော်လဲ လူကိုယ်မှာဝတ်ပြီး၊ လက်နှိုက်ထားတဲ့ ပင်နီတိုက်ပုံထဲက လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်တယ်။
ဗလကြီးတင်မြတ်ရဲ့ မွေ့ယာနှစ်ထပ်ကြားမှာ သိမ်းထားတဲ့ ပလေးဘွိုင်တို့ ဘာတို့က မိန်းမကိုယ် တုံးလုံးပုံတွေ ၀ါဒါတယောက်က ထုတ်လာတာ၊ ဘာယာတန်း အပြင်ကနေ မြင်လို့၊ တင်မြတ်ကြီး ဆွေ့ဆွေ့ ခုန်နေတယ်။
"ဟေ့လူတွေ... ဒါတော့ မထိနဲ့ဗျာ၊ ကျုပ်မှာ ဒါတွေနဲ့ အသက်ရှင်နေရတာ...."
ဒင်းတို့တွေ တင်မြတ်ကို ကျီစယ်ပြီး၊ ပုံတွေကို ကုတင်ပေါ်မှာ ပြန်တင်ပေးသွားတယ်။
အဘသောင်းကတော့ ကွမ်းဂျိုးတွေနဲ့ မဲနေတဲ့ သွားကို ဖြဲပြပြီး၊ ပြုံးစစ မျက်နှာပေးနဲ့ အခန်းက မထွက်ခင် ကျနော့်ကို ကြည့်သွားတယ်။
လှရွှေရဲ့ ကြက်ကိစ္စ၊ ပိုက်ဆံကိစ္စ တချက်ခုတ် နှစ်ချက်ပြတ် တလာစီခြင်းဟာ လက်ချည်းပဲ ပြန်သွားရတယ်။ တလာစီဖို့ လာကြသူတွေထဲ ဦးကျော်ရင်ကလွဲရင် ကျန်သူတွေက ကျနော်တို့ (၆)ခန်းနဲ့ ကြည်တဲ့သူတွေချည်းပဲ။


ကြွက်ခြောက်စပ်
ကျနော်တို့ အုပ်စုမှာ တခါတလေ ထောင်ဝင်စာရက်မရောက်ခင် ၂ ရက်၊ ၃ ရက် အလိုလောက်မှာ စားစရာပြတ်သွားတာလဲ ကြုံရတယ်။ အဲဒီလို ပြတ်ပြီဆိုရင် အကောင်ပလောင် ရှာဖွေ ဖမ်းဆီးစားသောက်ရတဲ့အခါ ကြက်မဟုတ်ပဲ သူ့ထက် လွယ်ကူတဲ့၊ ၀ဆွဲပါတဲ့ ကြွက်ကို ဖမ်းကြတယ်။
ကြွက်က ကြက်လောက် မခဲယဉ်းဘူး။ ထောင်ဝင်စာပြတ်တဲ့ အခါတိုင်း စားရတဲ့ အစာပဲ။ အခန်း (၅)က အောင်ငွေလာတို့ အုပ်စုဆိုရင် အိမ်မြောင်လဲ ဖမ်းစားတယ်။ မီးဖုတ်စားတယ်လို့ ပြောတာ ပဲ။
ကင်းမလက်မဲ အကြီးစားကြီးတွေလဲ မီးဖုတ်လိုက်ရင် ပုစွန်ကို မီးဖုတ်သလိုမျိုး အနံ့ထွက်တယ်။ ၅ တိုက်မှာတုန်းက တဖက်ခန်းက မာလာတင်ဝင်း( ၈၈-အရေးအခင်းမှာ နောင်ရိုးတင်ဝင်း) ပြောတယ်။ စားကောင်းတယ်တဲ့။ စားတော့ မကြည့်ဖူးဘူး။ တိုက်မှာတုန်းက မီးဖုတ်ကြည့်တာ တကယ်ကို ပုစွန်မီးဖုတ်နံ့ရတယ်။ တိုက်ခန်းထဲ ၀င်လာတဲ့ ကင်းမလက်မဲကို သတင်းစာစက္ကူနဲ့ အသာလေးကော် လိုက်ပြီး၊ ထွက်မပြေးနိုင်အောင် စက္ကူကို စာအိပ်လိုခေါက်ပြီး၊ မီးရှို့လိုက်တယ်။ အခန်းထဲ ၀င်လာတာကို အပြင်ပစ်ထုတ်လိုက်ရင် ဘယ်အချိန် ကိုယ့်ဆီပြန်လာမလဲ မပြောနိုင်ဘူးလေ။ တွေ့တုန်း တခါတည်း ရန်-ငါ မျဉ်းဖြတ်လိုက်တော့ မပူရတော့ဘူး။
ကြွက်ဖမ်းတာ ပြောပြမယ်။ မြေကြွက်အကြီးစားကြီးတွေ ညဖက်ဆို ကျနော်တို့ ပန်းကန် ဆေးတဲ့နေရာမှာ တင်ကျန်တဲ့ စားကြွင်းစားကျန်ကို လာစားတာ။ ကျနော်တို့က ကွန်ကရိပြားကြီးနှစ်ခု ကို ပူးချီပြီး ဘိ လိုလုပ်ထားတယ်။ ရေနေရာမှာ ဘိထောင်ထားရင် ကြွက်ဟာ အစာရှိတဲ့ ဘိနေရာကို တခါတည်း တန်းမလာဘူး။ သံတိုင်နားက အကဲခတ်နေသေးတာ။ အသံပလံကြားရင် ၀င်လာတဲ့ လမ်းကပဲ နောက်ကြောင်းပြန်လှည့်တယ်။ ဘယ်တော့မှ တခြားလမ်းက လမ်းသစ်ထွင် မပြေးဘူး။
စိတ်ချရပြီးလို့ ဘိနား အစာနားကို ရောက်လာပြီဆိုရင်တောင် တော်တော်နဲ့ စားသေးတာ မဟုတ်ဘူး။ ကြိုးဆွဲဖို့ စောင့်ရတဲ့သူက တခါတလေ စိတ်မရှည်ချင်ဘူး။ '၀င်ပါတော့... ဟေ့ကောင် ၀င်စမ်းပါ' လို့ စိတ်ထဲက ကြိတ်ဆဲနေရတယ်။ 'သြော်.... ဒီ ကြွက်မသားနှယ်.. စားမယ့်အရေး ဟန်လုပ် နေရသေး...' လို့။ တခါတလေ.. ရန်သူ့ အနံ့အသက်များရရင်... မ၀င်တော့ပဲ 'နင့်အကြောင်းကို ငါသိတယ်......' သီချင်းတောင် ဆိုသွားသလားမပြောတတ်ဘူး၊ ပြန်လှည့်သွားတယ်။
ဝင်ပြီဆိုတာနဲ့ ကြိုးကိုဆွဲ၊ ပိနေတာနဲ့ အပြေးသွားပြီး အပြတ်ရှင်းရတယ်။ ပိနေတာပဲ ဆိုပြီး လွှတ်ထားလိုက်လို့ကတော့ မိုးလင်းရင် မရှိတော့ဘူး။
အပြတ်ရှင်းပြီးရင်၊ ခြေရာလက်ရာ၊ သွေးစ သွေးန၊ အနံ့အသက်က အစ မကျန်စေရဘူး။ ကျန်နေရင် ဒီနေရာကို နောက်ကောင်တွေ မလာကြတော့ဘူး။ ဗလကြီး တင်မြတ်က ဒါမျိုးမှာ စိတ်ချရတယ်။ ကြွက်ကိုင်လဲကျွမ်းတယ်။ အရေခွံ ဆုပ်ပြီး ကြွက်ကို ၀ါးပြားမှာ ညှပ်ပြီး၊ မီးဖိုနားမှာ ထောင်ပြီး ကြပ်တင်ထားလိုက်တယ်။ ခြောက်သွားတော့မှ ငရုပ်သီး စပ်စပ်နဲ့ ဆီပြန်ကလေး- ကြွက်ခြောက်စပ် ကလေးပေါ့။


ပုစွန်စာရွက်အော်ပိုရေးရှင်း
ထောင်ဝင်စာပြတ်တဲ့အခါ တိန်ရှောက်ပိန်ရဲ့ ပုစွန်စာရွက်အော်ပိုရေးရှင်းလည်း ရှိတယ်။ ထမင်းစားအဖွဲ့ဝင် အားလုံးပါရတယ်။ အဆောင်ဝင်းထဲက မြက်ပင်တွေ၊ အခြားအပင်တွေနဲ့အတူ ပေါက်နေတဲ့ ပုစွန်စာရွက် ဆိုတာတွေရှိတယ်။
ရေမချိုးခင်မှာ ထမင်းစားအုပ်စုဝင်တွေဟာ ရင်ဘောင်တန်းပြီး ပိုက်စိပ်တိုက် ဟင်းရွက်ခူး ရတယ်။ လူဆယ်ယောက် ဆယ့်နှစ်ယောက်စာ ဟင်းတအိုးရဖို့ ဆိုတာကလဲ အတော်လေး ခါးညောင်း အောင် ခူးရတယ်။ တအိုးစာ ပိုပိုသာသာ (မြက်တွေလည်းပါပေါ့ လေ) ရပြီဆိုရင်၊ ဆရာကြီးအောင်ကိုကို လက်ကိုအပ်။ သူက စိတ်ရှည်လက်ရှည်နဲ့ ရေကန်မှာ စိမ်ပြေနပြေ ဟင်းရွက်ရွေး၊ ရေဆေးတယ်။ ပြီးမှ တိန်ရှောက်ပိန်က ငပိကြော်တို့လို၊ ငါးခြောက်ကြော် တို့လိုမျိုးနဲ့ ရောပြီး ချဉ်ရည်ဟင်းချက်ပေးတယ်။
တခါတလေ ကိုယ့်ထမင်းစားအုပ်စု အတွက်ချည်းမဟုတ်ပဲ (၇)ခန်းက လူတွေ ပြတ်နေရင်လည်း မျှရသေးတယ်။ (၇)ခန်းမှာ အခြား MC (II) {ဆေးတက္ကသိုလ် (၂)} တွေ ရှိသေးတယ်။ ဘီလူးလို့ ကျနော်တို့ခေါ်တဲ့ ဆေး (၂)က ခရမ်းသုံးခွက မြင့်စိုး၊ ဆရာကြီးသတ္တိလို့ ခေါ်တဲ့ တောင်ငူက သိန်းထွန်း၊ ဘောလောလို့ခေါ်တဲ့ ပုလောက ၀င်းလွင်၊ မာရှယ်လို့ခေါ်တဲ့ ပေါင်းတည်က တင်မြင့်၊ ကိုသက်တင် (စီးပွါးရေးတက္ကသိုလ်) (သဲတော-၀မ်းတွင်း)။ ဒီလူတွေလဲ ဧပြီ ၃ဆောင်အရေးအခင်းမှာ တိန်ရှာက်ပိန်တို့နဲ့ အတူ စစ်ခွေးတိုက်ပြန်တွေ။
ဆောင်းခါဆို မုံညင်းတို့၊ ကိုက်လန်တို့ အရမ်းပေါတာ။ တောင်ယာကထွက်တဲ့ အဲဒီပစ္စည်းတွေကို လုံချည်ပြာတွေက ဆေးပေါ့လိပ်၊ စီးကရက်တို့နဲ့ ၀ယ်ပေးတယ်။ အဆောင်မှူးလှရွှေ ကလည်း (၆)ခန်းက သူ့ကျေးဇူးရှင် ကျနော်တို့ ထမင်းစားအုပ်စုကို လက်ဆောင်ပေးတာလဲ ရှိတယ်။ ဒါမျိုးဆို တိန်ရှောက်ပိန်က တခြား အုပ်စုတွေကိုလည်းမျှ၊ ပိုတာကိုလည်း ချဉ်ဖတ်စိမ်ပေါ့။
ချဉ်ဖတ်ဆိုလို့ ကျနော်က ငပိကြိုက်သူဆိုတော့ ထောင်ဝင်စာတိုင်းမှာ အိမ်က ကြိုပြီးသား ငပိရည် ထည့်ပေးတတ်တယ်။ ကျနော့ ငပိကို ဒိုင်ခံအားပေးတာ တင်မြတ်နဲ့ အာနီပဲ။ ငပိဆိုတာကလည်း ဗူးမဆေးပဲ အသစ်ရောက် လာတာကို အဟောင်းဗူးထဲ ရောထည့်တော့ လောက်တက်ရော။ ဒါပေမယ့် မီးမှာ နွှေးလိုက်တော့ လောက်တွေက သေပြီး ငပိပေါ် ပေါလောမျော နေတာပေါ့။ ငပိနွှေးပေးတဲ့ တင်မြတ်ကို ဘာတွေလဲလို့ ကျနော်က မေးမိတာ
"ဟေ့ကောင်.... ဒီထဲက လာတဲ့ပစ္စည်းပဲ.. စားကောင်းတယ်...ဂျီးမများနဲ့ စား....." တဲ့။


ကြလောက် ငလောက်
ထောင်ထဲမှာတော့ ၀ဲနဲ့ လောက်ဟာ၊ စစ်ကြောရေးနဲ့သရေပတ်လို လူတိုင်းအဖို့၊ ယဉ်ပါးနေတဲ့ ပစ္စည်းတွေပဲ။
တင်မောင်ဌေး (ပီဒီပီ) (ငှက်ကြီး-ယခု အမေရိက)တို့ အဖွဲ့မှာကျတော့ လောက်ရာဇ၀င်က-
သူတို့ထမင်းစားရင် အပေါ်ခန်းက ရာကျော်တို့်၊ အောင်သန်းဦး( ယခု-ဂျာမဏီ) တို့က စပ်စုတယ်။ ဘာနဲ့ စားကြသလဲပေါ့။ မောင်ဌေးတို့ အဖြေက "ကြလောက်..." တခါတလေ "ငလောက်"။ သူ့ အဖြေကို နားမလည်ဘူး။ ပထမတော့ ဟင်းအထူးအဆန်း ထင်ပုံရတယ်။ သဘောကတော့ လောက်တက်နေတဲ့ ကြက်သားဟင်း နွှေးလိုက်တော့ လောက် အသေကလေးတွေ၊ ကြက်သားဟင်းထဲ ရော နေလို့ လောက်ဆိုရင် ကြလောက်၊ ငါးဟင်းထဲက လောက်ဆိုရင် ငလောက်။ ရှားပါးတဲ့အချိန်မှာ ဘယ်သူက ပစ်ရက်ပါ့မလဲ။ တတ်နိုင်သလောက် ဖယ်ပေမယ့်၊ ဒီလိုပဲ စားရတာပဲ။ ဗီတာမင်အပြည့်ပါ တယ်လို့ ကြွေးကြော်သူတောင် ရှိသေးတာ။
ဒါဆိုရင် မော်ကြီး (ယခု-အမေရိက)တို့ ကျတော့ "ဘလောက်" ဖြစ်မှာ။ သူတို့ ထောင်ဝင်စာ တနေ့မှာ ထောင်ထဲပြဿနာတွေ ဖြစ်နေတော့ ထောင်ဝင်စာ မပေးတွေ့ဘူး။ အပြင်က လာတွေ့တဲ့ သူ့သူငယ်ချင်း ဆရာဝန်ပေါက်စတွေက ဘဲကင်တွေ လေး ငါးကောင် ၀ယ်ပြီးထည့်ပေးလိုက်တာ၊ အာဏာပိုင်တွေက ထောင်ဝင်စာထုတ်တွေကို သိမ်းထားလိုက်တယ်။ သုံးလေး ရက်နေမှ အထုတ် တွေက မော်ကြီးလက်ထဲရတာ။ အဲဒီမှာ ဘဲကင်တွေက လောက်တက်နေပြီ။
လူတွေကလည်း အစာရေစာ ငတ်ပြတ်နေကြတော့ နှမြောတာနဲ့ လောက်တက် ဘဲကင်တွေပဲ နွှေးစားကြတယ်။ ဘဲကင်ထဲကလောက်- ဘလောက် နေမှာ။


ရေနွေးဂေါက်
အာဏာပိုင်တွေက ထင်းနဲ့ မီးဖိုတာထက် ရေနွေးဂေါက်ကို ပြဿနာပိုရှာတယ်။ သူက အသက်အန္တရယ် ပိုနီးတယ်လေ။ ရေနွေးဂေါက်ဆိုတာကလည်း ကျနော်တို့မှာ ရရာပစ္စည်းနဲ့ လုပ်ရတာ။ အပေါ်ထပ် အခန်းတခန်းက ရေနွေးဂေါက်ပြဿနာကြောင့် (၃) ဆောင်ကို ကျနော်ရောက်ခါစမှာ တခန်းလုံး (၆)တိုက်ထဲ ရောက်သွားတယ်လို့ ကြားလိုက်မိတယ်။
ကျနော်တို့ အခန်းမှာ ထွန်းအောင်ကျော်တို့ အမှုက၊ သူ့လိုပဲ တသက်တကျွန်းကျတဲ့ ကိုထွန်းကျင်ဆိုတာ ရှိတယ်။ သူနဲ့ ဦးဘမင်း(ကျနော်တို့က ဦးစိန်ပေါလို့ခေါ်တယ်) က ရေနွေးဂေါက် တခုကို အကျအန လုပ်တာ။ ရေတံလျောက်က ပြတ်ပြီး ပဲ့ကျလာတဲ့ သွပ်ပြားကို ပါးပါးလှီးပြီး၊ တပင်စီ ပလပ်စတစ်တထပ်၊ အ၀တ်တထပ် စိတ်ရှည်လက်ရှည် ပတ်တယ်။ တပင်စီရတဲ့ အဲဒီ လက်ဖြစ် ၀ိုင်ယာကြိုးကို ဆပ်ပြာခွက်ရယ်၊ နို့ဆီခွက်ရယ်နဲ့ ရေနွေးဂေါက်အဖြစ် ဖန်တီးတယ်။
မျက်နှာကျက်မှာ ကပ်သွယ်ထားတဲ့ လျှပ်စစ်မီးကြိုးကို နေ့လည် မီးမလာတဲ့ အချိန်မှာ တက်ပြီး ဖောက်ထားလိုက်တယ်။ ပြီးတော့ သူ့ဆီက ကြိုးနှစ်စကို နံရံနဲ့ ကပ်နေတဲ့ တိုင်ကွယ်ကနေ မီသလောက်မှာ အောက်ကို တွဲလောင်းချထားတယ်။ ညဖက်မီးလာတဲ့ အချိန် ရေနွေးတည်ဖို့ အဆင်သင့်။
လူတွေက မီးမလာခင်ကတည်းက ရန်ကုန်မြို့ပြင်ရပ်ကွက်တွေမှာ ရေဘုံဘိုင် ရေတန်းစီ သလို စိန်ကီးနဲ့ ကျနော်အိပ်တဲ့ ခြေရင်းဆိုင် ကုတင်နှစ်ခုကြားမှာ ချိုင့်တွေပုံးတွေ လာချပြီး တန်းစီလို့။ တည်မယ်ဆိုရင် တုတ်ကလေးနဲ့ ရေနွေးဂေါက်ကြိုးကို ချိတ်လိုက်တာပဲ။ ရေနွေးဂေါက်ရဲ့ လျှပ်စစ်ပါဝါ သုံးစွဲမှုက များတော့ ချိတ်လိုက်တယ် ဆိုတာနဲ့ကို အဆောင်မှာ မီးအားက သိသိသာသာ ကျသွားတယ်။ ရုံးခန်းက ရိပ်မိတယ်။ တခန်းခန်းမှာတော့ ရေနွေးတည်နေလောက်ပြီပေါ့။
ရေနွေးဂေါက်ကို ပြဿနာ ရှာတယ်သာပြောတာ ရှာချင်တဲ့အခန်းမှ ရှာတာပါ။ အဘသောင်းတို့ ကိုယ်တိုင် တခါတလေ ညကြီးမိုးချုပ် "အဘ ဆေးလေးသောက်ချင်လို့ ရေနွေးနည်းနည်းပေးပါ" ဆိုပြီး လာတောင်းတာ ရှိသေးတယ်။ ဒီရေနွေးက ဂေါက်နဲ့မတည်၊ ထင်းမီးမဖိုရင် ဘယ်က ရမှာလဲ။ သိသိကြီးနဲ့ လာလုပ်တာ။ တခါတလေ ပြောသွားတယ်၊ သတိထားလုပ်ကြတဲ့။ တခြားဝါဒါ မပြောပါဘူး။ အဘသောင်းကတော့ ကျောင်းသားတွေအပေါ်၊ အားလုံးအပေါ် ကောင်းရှာပါတယ်။ ခွက်ကလေးထဲ ဆီနဲနဲထည့်လာပြီး ဆရာလှရွှေက လက်ဘက်စားချင်လို့ လက်ဘက် ကြက်သွန်ကြော်လေး နည်းနည်းပေး ပါ ဆိုတာ ရှိသေး။
ဒီလိုပဲ ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ နေ,စား နေရတော့ တော်ရုံတန်ရုံဆို မသိဟန် ဆောင်နေပေး ပါတယ်။ သိပ်လွန်လာလို့ သတိလာပေးရင် ခဏ ဘရိတ်အုပ်ထားလိုက်၊ သွေးအေးသွားရင် ပြန်လုပ်။


ဟက်ပီဘဒ်ဒေ တူးယူ
ကျနော့ အသက် (၂၅) ဟာ ထောင်ထဲမှာ ပြည့်ရတယ်။ အထွေအထူး ဘာမှ မလုပ်ဖြစ်လိုက် ဘူး။ မှတ်မှတ်ရရက ကိုဌေးဝင်း (ဘွန်း) မွေးနေ့ပဲ။ ဘယ်နှစ်နှစ် မြောက်လဲတော့ မမှတ်မိဘူး။ သူက ကျနော့ထက် ၃ - ၄ နှစ်လောက်ငယ်တယ်။
ထောင်ဝင်စာမှာ ပြည်သူ့မုံ့တိုက်က ဆိတ်သားမုံ့တွေ၊ လိမ္မော်သီးတွေ မှာလို့။ ကျနော်ထင် တယ်၊ ထောင်ဝင်စာနေ့နဲ့ မွေးနေ့ကလဲ တရက်ပဲ ခြားပုံရပါတယ်။
ထင်းမီးက အလွယ်တကူမရတတ်ဘူး။ မွှေးရတာကြာတယ်။ ရေနွေးဂေါက်ဆိုတော့ ခဏပဲ။ ၀ါဒါ လူလာမစစ်ခင်၊ လျှပ်စစ်မီးမငြိမ်းခင်မှာ ရေနွေးအိုးတည်ပြီး ကော်ဖီတို့ ရေနွေးကြမ်းတို့ ကြိုလုပ် ထားတယ်။ စားစရာတွေလဲ အဆင်သင့် ပြင်ဆင်ထားပြီး မသိမသာ ပြန်ဖုံးထားလိုက်တယ်။
ဝါဒါလည်း လူစစ် တန်းစီပြီးလို့ ထွက်သွားရော-
"ဟက်ပီဘတ်ဒ်ဒေ တူးယူ" ဆိုကြတော့တာပဲ။
ဟေးလားဝါးလားတွေ လုပ်ပြီး၊ စားပြီးသောက်ပြီးတော့ အိပ်ရေးမ၀တဲ့ လူတွေက တရေး တမော ပြန်နှပ်ကြတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

3 comments:

ညိုထက်ညို said...

ဆရာရေ….ဆရာ့ဆောင်းပါး တွေနဲ့တကွ မာယာကို အမြဲ ဖတ်ရှုအားပေး နေပါတယ်ခင်ဗျာ….
ဆရာဂါမဏိရဲ့ ယမမင်းဥယျာဉ်သို့ အလည်ရောက်ခြင်း စာမျက်နှာ ၂၆ (ကျွန်တော့်ဆီက ပီဒီအက်ဖ်ဖိုင်ကို ဆိုလိုတာပါ) မှာ ၁၉၇၇ ဇူလိုင်လကုန်ပိုင်းမှာ အကျဉ်းထောင်တွင်း အခွင့်အ
ရေးတွေအတွက် အစာငတ်ခံတိုက်ပွဲမှာ မှိုင်းရာပြည့်ကျောင်းသား နှစ်ဆယ်ကျော်အစိတ်
လောက်ပါဝင်ဆင်နွှဲခဲ့ပြီး ခေါင်းဆောင်သူများစာရင်းမှာ ဆရာ့အမည်ကို (ကိုအေးဝင်း၊ရန်ကုန် ဝိဇ္ဇာသိပ္ပံ၊လမင်းတရာအေးဝင်း၊ယခု လော့စ်အိန်ဂျလိစ်) လို့ ဖော်ပြထားပါတယ်။ ဆရာက စက်မှုတက္ကသိုလ်ကဆိုတော့ အရေးအခင်းမှာပါဝင်ခဲ့ပြီး ကျောင်းထုတ်ခံရခြင်းကြောင့် တက္က
သိုလ်ပြောင်းသွားခြင်းလား၊ ဆရာဂါမဏိ၏ မှားယွင်းဖော်ပြချက်လား သိလိုပါတယ် ဆရာ….နောက်ဆက်ရေးမယ့် အပိုင်း၃ မှာ ဖြစ်နိုင်ရင်ဖော်ပြပေးပါခင်ဗျာ…

ညိုထက်ညို (smsy.mmwordpress.com)

Maung Aye Win said...

ကိုညိုခင်ဗျာ
ဂါမဏိ နဲနဲ ချော်သွားတာပါ။ ကျနော်က စက်မှုတက္ကသိုလ်ကပါ။ ဆန္ဒပြတဲ့အထဲ ပါပါတယ်။ ဒါပေမဲ့ အစာငတ်မခံပါ။ ဆန္ဒပြလို့ စစ်ခွေးတိုက်ထဲမှာ အာဏာပိုင်တွေက ခိုင်းစေလို့ သူ့ လက်ပါးစေတွေ ခွေးရိုက်နွားရိုက် ရိုက်တာခံရပြီး၊ အဆောင်ပြန်ရောက်တော့ ထပ်ပြီး ပုံစံကိုင်တာ ခံခဲ့ရတယ်။ ရေးနေပါတယ်။

Maung Aye Win said...

၃ ဆောင် ၆ခန်းက ကျနော်တို့ စစ်ခွေးက ပြန်တော့ ၃ ဆောင် အောက် ၂ ဖြစ်သွားပါတယ်။ မူလ အခန်းပါ။ မဆလ က တစည ဖြစ်သွားသလိုပေါ့။ ဒီအကြောင်းတွေ လာပါမယ်ဗျာ။