Friday, July 25, 2008

သူစိမ်းတွေကြားမှာ (၂)
ရေးသူ- နုနုရည် (အင်းဝ)

'ခူနွာ (KNUA)' ရဲ့ ညနေခင်းဟာ ဒီလိုကျတော့လဲ မိုးလေ၀သကင်းရှင်းပြီး သာတောင့်သာယာ ရှိနေပြန်ရော။ မနေ့က တနေ့လုံး မိုးတွေအုံ့မဲပြီး ရွာနေခဲ့တာ။ ဒီနေ့ကျတော့ အုံ့ပြက်ပြက်ကလေးနဲ့၊ ညနေကျတော့ နေရောင်တွေ ၀င်းပလာရော။ ဒီအချိန် ဟာ ကိုးရီးယား နွေရာသီချိန်ပေါ့။ သူတို့မှာ ရာသီလေးမျိုး ရှိတယ်တဲ့...။ နွေဦးရယ်၊ နွေရာသီရယ်၊ ဆောင်းဦးရယ်၊ ဆောင်းရာသီရယ် (Spring, Summer, Autum, Winter) ပေါ့။ မတ်၊ ဧပြီ၊ မေက နွေဦး၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်က နွေရာသီ။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာက ဆောင်းဦး၊ ဒီဇင်ဘာ၊ ဇန္န၀ါရီ၊ ဖေဖော်ဝါရီက ဆောင်းရာသီပေါ့။ အနောက်နိုင်ငံရဲ့ ရာသီနဲ့ အတူတူပဲပေါ့လေ...။ အနောက်နိုင်ငံတွေရဲ့ ကျွန်မ အကြိုက်ဆုံး ရာသီဟာ Fall ခေါ်တဲ့ ဆောင်းဦးရာသီပဲ။ သစ်ရွက်ကလေးတွေ ကြွေခါနီး အရောင်ပြောင်းတဲ့ အချိန်ပေါ့။ တတောလုံး၊ တတောင်လုံး သစ်ရွက်ရောင်စုံနဲ့ ဖုံးလွှမ်းပြီး ကြည့်လို့ကို မ၀နိုင်အောင်ပဲ....။ ဒီမှာလဲ ... အောက်တိုဘာကျရင် အဲလိုပဲ သစ်ရွက်ကလေးတွေ အရောင်ပြောင်းသတဲ့။ တောအုပ်ကလေးထဲက KNUA လဲ အဲဒီအချိန်ကျရင် သိပ်လှမယ် ထင်တယ်.... ။



သူတို့ နွေရာသီမှာ သြဂုတ်လဟာ အပူဆုံးလလို့ ပြောပေမဲ့ အခု ဇွန်လမှာထဲက သူတို့တွေကို ကြည့်ရတာ တော်တော်ပူနေကြပြီ။ အခုလို နေကလေးသာတာနဲ့ အပါးဆုံး၊ အပေါ့ဆုံး၊ အတိုဆုံး ၀တ်စုံတွေနဲ့ အပြင်ကို ထွက်လာကြတော့တာပဲ။ လက်ထဲမှာလဲ ရေပုလင်းတွေ၊ ရေခဲချောင်းတွေ ကိုယ်စီနဲ့။ တကယ်တော့.... သူတို့မှာက သိတ်အေးတဲ့ အချိန်ပဲ များတာကိုး။ ခြောက်လလောက်က အပြင်ထွက်ရင် သူတို့ကိုယ်သူတို့ ထူပေ့၊ နွေးပေ့ဆိုတဲ့ အ၀တ်တွေနဲ့ ကြပ်စည်းသလို ထုပ်ပိုးထားကြရတာတဲ့လေ။
သူတို့က ပူနေပေမဲ့ မြန်မာပြည်က ကျွန်မအတွက်တော့ နေလို့ထိုင်လို့ ကောင်းရုံပဲ။ ညနေခင်း လေကလေးက အေးစိမ့်စိမ့်လေးနဲ့ ရှပ်အင်္ကျီလက်ရှည်လေး ၀တ်ထားတာတောင် ချွေးမထွက်ဖူး။ ညကျရင်လဲ အခန်းထဲမှာ အဲယားကွန်းဖွင့်ဖို့ ဝေးလို့ ကျွန်မမှာ စောင်ခြုံရသေး တယ်။ သူတို့ကတော့ နေရာအနှံ့မှာ လျှပ်စစ်က ပေါပေါနဲ့ အဲယားကွန်းတွေ သိပ်ဖွင့်ကြတာပဲ။ 'ထိုင်း' လိုပဲ၊ ထိုင်းမှာလဲ ဘယ်နေရာသွားသွား၊ အဲယားကွန်းတွေကို အေးစိမ့်နေအောင် ဖွင့်ထားကြတာ၊ အဲယားကွန်း ခန်းထဲကနေ အပြင်ထွက်တာနဲ့ ဖျန်းကနဲ ပူသွားတာကြီးကို.. ကျွန်မ လုံးဝမကြိုက်ဖူး။ ချင်းမိုင်မှာ အဲဒီ အေးလိုက်၊ ပူလိုက်ကြောင့် လည်ချောင်းတွေနာပြီး တအားဖျားဖူး ပြီးကတည်းက အဲယားကွန်းကို ကျွန်မ သိပ်ကြောက်သွားတာ။
ကျွန်မတို့ 'ခူနွာ' ရဲ့ ကျောင်းနောက်ပေါက်ကို ထွက်တဲ့ ဖြတ်လမ်းကလေးဟာ ကျွန်မ အခန်းဘေးမှာဆိုတော့ လမ်းလျှောက်သူများကို မှန်ချပ်ကြီးတွေနောက်ကနေ အမြဲမြင်နေရ တတ်တယ်။ ခန်းဆီးတွေ ဖွင့်ပြီး ကျွန်မ မနက်စာ စားတဲ့အချိန်ဆိုရင် သူတို့နဲ့ အမြဲလက်ပြ နှုတ်ဆက်နေကျပေါ့။ ကျောင်းသားကျောင်းသူတွေရော၊ အပြင်လူတွေရော၊ မျက်နှာနေကာတဲ့ ဦးထုပ်တခြမ်းလေးတွေ ကိုယ်စီနဲ့။ အသက်ကြီးတဲ့ အုပ်စု..၊ အသက်ငယ်တဲ့အုပ်စု..၊ အားလုံးဟာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး..နဲ့၊ အော်..... ကံကောင်းသူတွေ.. ပျော်ပါစေလေ။
ကျွန်မတို့တောင် သူတို့ကို အားကျပြီး၊ မိုးမရွာတဲ့ ညနေတိုင်း၊ လမ်းလျှောက်ထွက် ကြတယ်။ များသောအားဖြင့်က ကျွန်မနဲ့ တခန်းကျော်က နီပေါသူ ပန်းချီဆရာမလေး 'အယ်ရီနာ' နဲ့။ ချစ်စရာကောင်းတဲ့ အယ်ရီနာက သူ့ရဲ့ ငါးနှစ်သားလေးကို အရမ်းလွမ်းတဲ့ အကြောင်းကို တတွတ်တွတ်ပြောရင်း အမေးအမြန်းကလဲ ထူသေးတယ်...။ ကိုးရီးယားရဲ့ ခေတ်မီတိုးတက်မှု အငွေ့အသက်တွေကို အားကျခံစားရင်းက သက်ပြင်းက ချပြီ.....။ ပြီးတာနဲ့
"နုနု ... ကြည့်ပါအုန်း..၊ မီးတွေက ထိန်လင်းနေတာပဲ၊ ရောင်စုံ မီးတွေနဲ့ ... ပန်းချီကားလိုပဲ...၊ နီပေါမှာလေ.. တပါတ်ကို သုံးရက်ပဲ မီးလာတာ.." တို့။
"မြေအောက်ရထားက သိပ်မြန်တာပဲနော်...၊ သိပ်ကောင်းတာပဲ၊ နီပေါမှာ မရှိဖူး.." တို့တွေကို ပြောပြီးရင်၊ ကျွန်မကို မေးရော..။ ကျွန်မက ရူးသလို၊ ပေါသလို လုပ်နေရင်၊ မကျေမနပ်နဲ့ ကျွန်မမျက်နှာကို သေချာလိုက်ကြည့်ရင်း၊ ရယ်မောတတ်တယ်။ သူကချည်းပဲ မေးလွန်းလို့ တခါဟာတော့ ကျွန်မက.. သူတို့ နိုင်ငံကူးလက်မှတ် (Passport) အကြောင်း မေးလိုက်မိတယ်...။
"အယ်ရီနာ.. မင်း Passport သက်တမ်း ဘယ်နှစ်ခုနှစ်ထိ ရှိလဲ.. "
"2018 ထိလေ...၊ ငါ.. ကိုးရီးယားလာခါနီးမှ သက်တမ်းတိုးလာတာ.."
"ဘာ... 2018.. ဟုတ်လား..."
"ဟုတ်တယ်လေ...၊ ငါတို့ သက်တမ်းက (၁၀) နှစ်လေ..."
"ဟုတ်လို့လား"
သူက ဆက်ပြီး ကုလားသံဝဲ၀ဲနဲ့..
" Passport " ကတော့ ဘဲရီး အီးချီး၊ တရက်ထဲနဲ့ ရတယ်တဲ့..။ ကျွန်မက "ငါမယုံဖူး" လို့ ပြောတော့ လမ်းမကြီးမှာ သူ့အိတ်ထဲက သူ့ Passport ကို ဇွတ်အတင်း လိုက်ပြတတ်သေးတယ်။
ကျွန်မတို့ ကျောင်းနောက်ပေါက်က ထွက်ပြီး ဆယ်မိနစ်လောက် လျှောက်လိုက်ရင်၊ လမ်းမကြီးရဲ့ တဖက်ခြမ်းမှာ လှည်းတန်းဈေးလို ဈေးကလေးတဈေး ရှိတယ်။ ဈေးကလေးပေမဲ့ လိုတာအကုန်ရနိုင်တဲ့ ဈေးကလေး၊ ကျောင်းသားဈေးကလေးပေါ့လေ....။ ချင်းမိုင် တက္ကသိုလ်နားက ကျောင်းသားဈေးလိုပေါ့။ ချင်းမိုင်က ချစ်စရာ ကျောင်းသားဈေးကလေးကို လွမ်းမိသေးတော့တယ်။ ချင်းမိုင် ကျောင်းသားဈေးကလေးမှာ အစစအရာရာ ဈေးချိုတယ်။ ထူးခြားတာ တခုက ကျောင်းသားကျောင်းသူတွေက ပိုက်ဆံပြတ်ရင် ဒါမှမဟုတ် အသစ်ဝယ်ချင်ရင် ကိုယ့်မှာရှိတဲ့ အ၀တ်အစား၊ အသုံးအဆောင်တွေကို ဈေးပေါပေါနဲ့ ကျောင်းသားဈေးမှာ ချရောင်းတတ်ကြတယ်။ နောက်ကြ ပြောင်ကြ တရုန်းရုန်းနဲ့ ပျော်စရာကြီး။ ညနေစောင်းမှ ဈေးကလေးက စည်ပြီး ည ဆယ့်တစ်နာရီလောက်မှ သိမ်းတတ်တယ်။ အခု ကျွန်မတို့ ကျောင်းနောက်က ဈေးကလဲ အဲလိုပဲ။ 'ဆန်ဝဲကုတ် (Sangwolgok)' ရပ်ကွက် ဈေးကလေးရဲ့ နံမည်ကို နီပေါသူ အယ်ရီနာက နာမည်ပေးတယ်။ 'Win Market ၀င်းမားကက်' တဲ့။ ဘာပြုလဲဆိုတော့ ဒီကျောင်းမှာ တဦးတည်းသော မြန်မာကျောင်းသား ဖြစ်တဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒုညွှန်မှူး ဦးညွန့်ဝင်းက ခေါ်သွားခဲ့ပြီး၊ ကိုးရီးယားစကားပေါက်တဲ့ ဦးညွန့်ဝင်းက သူ့ဖောက်သည်ဆိုင်တွေနဲ့ အကုန် မိတ်ဆက်ပေးခဲ့ တဲ့အပြင်၊ သူ့စကား လူမသိ၊ လူ့စကားသူမသိ ဖြစ်နေတဲ့ ကျွန်မတို့ကို အမြဲလိုလို ဈေးလိုက် ၀ယ်ပေးရတာကိုး။ ကိုညွန့်ဝင်းနဲ့က ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အရင်ကတည်းက ကျွန်မနဲ့ ဆုံဖူး သိဖူးကြတော့ ဒီမှာတွေ့တဲ့အခါ သူလဲ ၀မ်းသာ၊ ကိုယ်လဲ ၀မ်းသာပေါ့။ မန္တလေးယဉ်ကျေးမှုတက္ကသိုလ်က ပန်းချီတွဲဖက်ပါမောက္ခ ဦးမြတ်ထွန်းအောင်လဲ ဒီမှာ ရှိတယ်။
တကယ်ပါပဲ...။ ဈေးမှာလဲ သူတို့ စကားမှ သူတို့ စကား။ ၀မ်းသောင်ဇင် (one thousand)၊ တူးသောင်ဇင် (two thousand) လောက်ကို မရဘူး။ ထိုင်းတွေလိုပဲ။ ၀မ်း၊ တူး၊ သရီး၊ ဖိုး ကို အင်္ဂလိပ်လို မသိတာ။ ဒါကတော့ ကျွန်မတို့ နိုင်ငံမှာ ၀မ်းတူးသရီးဖိုး နဲ့ ၀မ်းသောင်ဇင်၊ တူးသောင်ဇင်လောက်က ဈေးသူဈေးသားလဲ ရတယ်။
ဈေးကလေး အစပ်နားကို ရောက်တာနဲ့ ဟင်းသီးဟင်းရွက်သည်တွေရဲ့ "ချွန်းနွန်၊ ချွန်းနွန်၊ အီ ချွန်းနွန်..." ဆိုတဲ့ အသံတွေက ဆူညံနေတာပဲ။ အာလူး၊ ကြက်သွန်၊ မုံလာထုပ်၊ ခရမ်းသီး၊ မုန်ညင်း၊ မှိုအမျိုးမျိုး။ အဲဒါတွေကို ပလပ်စတစ်နဲ့ ပက်ကင်လေးတွေ ထုပ်ပြီးသားကို ကိုးရီးယားငွေ ၀မ်တထောင်၊ နှစ်ထောင်၊ သုံးထောင်ဆိုပြီး အော်ရောင်းနေကြတာ...။ သူတို့ ၀မ် တထောင့်ခြောက်ဆယ်က အမေရိကန်တဒေါ်လာပေါ့..။ သူတို့ အော်တဲ့ 'ချွန်းနွန်' ဆိုတာ တထောင်၊ 'အီချွန်းနွန်' ဆိုတာ နှစ်ထောင်ပေါ့။ ၀မ်တထောင်ဖိုးကတော့ အပေါဆုံးပေါ့။ ခရမ်းသီး သုံးလုံးကို ၀မ်တထောင်၊ မုံလာထုပ် တထုပ် နှစ်ထောင်၊ အာလူး၊ ကြက်သွန်၊ ခရမ်းသီး ငါးဆယ်သား၊ ခြောက်ဆယ်သားလောက်ကို နှစ်ထောင်၊ မှိုကတော့ မဆိုးဖူး၊ ငါးရာတန် မှိုအစည်းကလေးတွေ ရှိတယ်။ ကျွန်မ သဘောကျတာ ကတော့ လမ်းဘေး ဈေးကလေးပေမဲ့ သားငါးဟင်းသီးဟင်းရွက်တွေဟာ သိပ်လတ်ဆတ်ပြီး သန့်ရှင်းနေတာပဲ။ အသားတွေကို မှန်သေတ္တာလေးတွေထဲမှာ ထည့်ရောင်းပေမဲ့ ငါးတွေက ဒီအတိုင်းပဲ။ ကျွန်မတို့ ဆီလိုပဲ ခင်းရောင်းတာပဲ...။ ဒါပေမဲ့ ယင်တကောင်မှ မတွေ့ရဖူး။ ငါးဆိုင်တွေမှာ ခြင်ဆေးခွေလေးတွေ ထွန်းထားတာတော့ တွေ့ရတယ်။ ကြက်တကောင် ခပ်လတ်လတ် အရွယ် ၀မ်သုံးထောင့်ငါးရာ၊ ၀က်သားကလည်း အစိတ်သားလောက်ကို ၀မ်သုံးထောင်ဖိုး ၀ယ်လို့ရတယ်။ အမဲသားက သူတို့ ဆီမှာ ဈေးကြီးတယ်..။ သူတို့ဆီမှာလဲ အမဲသား ရပေမဲ့ အမေရိကားက ၀င်တဲ့ အမဲသားလဲ ရှိတော့ ဈေးက ကြီးတယ်။ ခုချိန်ထိကို အမေရိကားက ၀င်တဲ့ အမဲသားကြောင့် နွားရူးရောဂါဖြစ်ပါတယ်ဆိုပြီး အမေရိကားက အမဲသားကို အ၀င်မခံဖို့ ဆန္ဒပြနေကြတာ ... မပြီးကြသေးဖူး..။ ဆန်လဲ ဈေးသိပ်ကြီးတာပဲ..။ အညံ့ဆုံးဆန် နှစ်ကီလို (ဆန်တပြည်) လောက်ကို ၀မ်းငါးထောင် ပေးရတယ်။ ဆန်နဲ့ ထမင်းနဲ့ ပတ်သက်ရင် သူတို့က (၁၉၅၀) ခုနှစ်ဝန်းကျင်က၊ ဒုက္ခရောက်ခဲ့ဖူးတော့၊ ငတ်ခဲ့ဖူးတော့၊ သိပ်တန်ဖိုး ထားကြသတဲ့...။ ဟင်းကို သွန်ပစ်ချင်ပစ်၊ ထမင်းကို သွန်ပစ်တာ၊ ချန်ထားတာ မြင်ရင် ဆတ်ဆတ်ထိမခံနိုင် အောင် စိတ်ဆိုးတာတဲ့လေ။
ဈေးကလေးရဲ့ ထိပ်မှာ စူပါမားကက်လို ဆိုင်ကြီးကြီး (Discount Store) 'လျှော့ဈေးဆိုင်' ဆိုတာလဲ ရှိသေးတယ်။ ကုန်ခြောက်ဆိုင်ပေါ့။ စားသောက်ကုန်အမျိုးမျိုး၊ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ လူ့အသုံးအဆောင်နဲ့ ပါတ်သက်ပြီး အားလုံး ရှိတဲ့ ဆိုင်ပေါ့။ ထူးခြားတာက ပစ္စည်းအားလုံးဟာ ဈေးချိုနေတယ်။ တခြားဆိုင်တွေထက် (၀မ် ငါးရာနဲ့ တထောင်ကြားလောက်) ဈေးနှုန်းက သက်သာနေတယ်လေ...။
ကျွန်မကတော့ တလအတွင်းမှာပဲ ကျွန်မချစ်တဲ့ လှည်းတန်းဈေးနဲ့တူတဲ့....၊ ချင်းမိုင် ကျောင်သားဈေးနဲ့လဲ တူတဲ့၊ 'ဆန်ဝဲကုတ်' ဈေးကလေးကို သံယောဇဉ် တွယ်မိပါပြီ။ 'အီကော အော်မာရို' 'ဒါ ဘယ်လောက်လဲဟင်' ဆိုတာကိုလဲ အလွတ်ကျက်ပြီး ဈေးဝယ်တတ်ပါပြီ...။ ဒါပေမယ့် အမယ်များများ ၀ယ်မယ်ဆိုရင်တော့ ကိုညွန့်ဝင်းကို ခေါ်ရတာပဲ..။ အွန်စောတို့၊ ချိုဝမ်တို့၊ ချန်ဂင်တို့လိုတော့ မလှရှာတဲ့ ဈေးသည်မလေးတွေက ကျောင်းသားတွေဆိုတဲ့ အသိနဲ့ ဈေးတွေ အမြဲလျှော့ပေးကြရှာတယ်..။ ကိုညွန့်ဝင်းကို ကျောင်းသားမှန်းသိနေတဲ့...၊ ဈေးသည်အဖွားကြီးတယောက်ဆိုရင် ဆီပုလင်း ၀မ်နှစ်ထောင့်ငါးရာတန်ကို ၀မ်တထောင်ပဲ ယူတတ်တယ်။ ကြက်သွန်ဖြူတထောင်ဖိုးဝယ်ရင်၊ ဂျင်းတွေပါ အဆစ်ထည့်ပေးလိုက် သေးတာ..၊ ပြီးတော့ ကျွန်မတို့ကို ကြိတ်မှာထားသေးတယ်..။ သူ့ဆိုင်မှာ သူ့ယောက်ျားနဲ့ သူ့ယေင်းမ ရှိနေရင် ဈေးလာမ၀ယ်နဲ့၊ သူလျှော့ပေးလို့ ရမှာ မဟုတ်ဖူးတဲ့လေ..။ ချစ်စရာ ကောင်းတဲ့ 'အိုမား' ပါ။
ကိုရီးယားရဲ့ နံမည်ကျော် ကင်ချီ (Kimchi) နံ့တွေ သင်းနေတဲ့ ဈေးကလေးဟာ ည ခုနှစ်နာရီကျော်တဲ့အထိ မစည်နိုင်ရှာဖူး။ ပူလွန်းလို့ ဈေးဝယ်တွေ မထွက်ကြသေးတာတဲ့လေ။ သူတို့ နွေရာသီက ည (၈)နာရီထိလဲ နေမ၀င်သေးဖူးကိုး။ လမ်းဘေးဈေးကလေးပေမဲ့ မီးတွေကလဲ ထိန်လင်းနေလိုက်တာများ နေ့ကျလို့..။ မီးရောင်တွေအောက်မှာ အမျိုးမျိုးသော ကင်ချီတွေဟာ စားချင့်စဖွယ်...။ သူတို့က ကင်ချီကို မုန်ညင်းကိုတင်မဟုတ်ဖူး၊ ငရုပ်သီးစိမ်း ကင်ချီ၊ မုတ်လာဥကင်ချီ၊ မှိုကင်ချီ၊ အများကြီးပဲ..။ ချဉ်ဖတ်ထည့်လို့ရသမျှ ဟင်သီးဟင်ရွက် အကုန်ထည့်တာပဲ။ ကျွန်မက သိတ်ကြိုက်လှတယ် မဟုတ်ပါဖူး..။ ငရုပ်သီးအစပ် မစားနိုင်တော့ သူတို့ .. ကင်ချီတွေမှာက ငရုပ်သီးမှုန့်တွေနဲ့ ဆိုတော့ သိပ်မစားနိုင်ဖူး။ အိုး.. သူတို့ကတော့ ကြိုက်သလားမမေးနဲ့..။ ကင်ချီမပါရင် ထမင်းမစားနိုင်ဖူး။ ကျွန်မတို့ ငပိချက်တို့၊ ငပိထောင်းတို့၊ ငါးပိရည်တို့ လိုပဲလေ...။ 'သုံးလလောက်ဆို အန်တီနု အရမ်းစာချင်လာမှာ' ဆိုပြီး သမီး 'မျိုးမျိုး' (မျိုးသန္တာထွန်း) ထည့်ပေးလိုက်တဲ့ ငပိထောင်းနဲ့ ငါးရံ့ခြောက်ဖုတ်က သုံးလထိ မခံနိုင် ရှာပါဖူး။ နှစ်ပတ်အတွင်းမှာ ကျွန်မက တအားလွမ်းပြီး စားချင်နေပြီ..။ အသားမပါရင် ထမင်းစားလို့မရတဲ့ သူက မန္တလေးက တူမလေး 'သမီးရွှေစင်' ရဲ့ ပဲပုပ်ကြော်၊ ပဲရေပွကြော်တို့နဲ့ 'ဗေဒါရွှေကြာ' ရဲ့ လက်ဘက်သုပ်၊ ဂျင်းသုပ်လေးနဲ့ ထမင်းဖြူလေးနဲ့တင်ကို အရမ်းကို ကောင်းလို့...။
ကိုးရီးယားအစားအစာကို ရန်ကုန်မှာကတည်းက ကိုးရီးယား စားသောက်ဆိုင်မှာ စားခဲ့ဖူးပါတယ်။ ပဲခေါက်ဆွဲတို့၊ ထမင်းသုပ်တို့၊ ၀က်သားကင်၊ အမဲကင်တို့ကို ကြိုက်တယ်။ ဒါပေမဲ့ ညမှာစားရင် မနက်ကျ အမြဲ ဗိုက်မကောင်း ဖြစ်တတ်တယ်...။ ဒီမှာကျတော့ ကျွန်မရောက်ခါစ ကျောင်းနားက ဆိုင်ကလေးမှာ နီပေါသူ နှစ်ယောက်နဲ့ ငါးကင်ရယ်၊ သူတို့ နွေရာသီမှာ စားတဲ့ ရေခဲတွေနဲ့ 'ခေါက်ဆွဲအေး' ဆိုတာကြီးကို စားမိပါတယ်..။ မြန်မာပြည်လို မနက်ထိတောင် မနေဖူး၊ နှစ်နာရီ အတွင်းမှာ (ကန်တော့ပါရဲ့) ၀မ်းလျှောတော့တာပဲ..။ ဒါတောင် ကျွန်မက (မရိုသေ့စကား) အင်မတန် ၀မ်းခိုင်တဲ့ အမျိုးအစား...။ အိပ်ရာနိုးတာနဲ့ သူ့ကို ချော့နေရတာကိုက အလုပ်တခုလေ။ အဲဒီတကြိမ်တင် မဟုတ်ဖူး..။ နောက် ကိုးရီးယားစာ စားတဲ့အခါတိုင်း ဖြစ်နေတော့ သိပ်မစားရဲတော့ဖူးပေါ့...။
ဒါပေမဲ့ ကျွန်မချစ်သူငယ်ချင်း ကဗျာဆရာ (our prisedent) က စပါယ်ရှယ် တည်ခင်းဧည့်ခံတဲ့ ကိုးရီးယားရိုးရာစားသောက်ဆိုင်မှာကျတော့ မဆိုးဖူး။ ကျွန်မ ဘာမှ မဖြစ်ဖူး။ ဆိုးလ် (Seoul) မြို့မှာ အကောင်းဆုံး ရိုးရာစားသောက်ဆိုင်တဲ့...။ တကယ်လဲ ကောင်းပါတယ်။ ကင်ချီတောင်မှ တခြားကင်ချီနဲ့မတူဖူး။ စားလို့ ကောင်းနေတယ်...။ သူတို့ ရိုးရာ အစားအသောက်မှာ ဆန်ပြုတ်ပါတယ်။ ထမင်းဖြူပါတယ်။ ကောက်ညှင်းငချိတ်လို စီးတီးတီးထမင်းနီ (ရေ သို့မဟုတ် ဟင်ချိုနဲ့ဖျော်သောက်ဖို့)၊ ရေညှိထမင်းလိပ်၊ ကင်ချီမျိုးစုံ၊ ပင်လယ်စာ သီးရွက်စုံဟင်းချို၊ ၀က်သားပြုတ်၊ အမဲသားလွှာပြုတ်၊ ကြက်ဥရယ်၊ အသားရယ်၊ ဟင်းသီးဟင်းရွက်ရယ်ရောပြီး အယှက်ကျော်ထားတဲ့ ရိုးရာဟင်းတမျိုး၊ တို့ဟူးကို ချက်ထားတာလဲ ပါတယ်...။
ကျွန်မ မကြိုက်ဆုံးကတော့ ဆန်ပြုတ်ပဲ။ ပေါ့ရွှတ်ပြီး ဆန်လုံးကြီးတွေလဲ မကျေပဲ ဘာအရသာမှ မရှိဖူး။ ကြက်ဥအယှက်ကြော်လိုဟာနဲ့ ရေညှိထမင်းလိပ်(ဂင်ဘတ်)ကို ကြိုက်တယ်။ ပင်လယ်စာ ဟင်းချို ကြိုက်တယ်။ ၀က်သားပြုတ်နဲ့ အမဲလွှာပြုတ်က အရသာရှိပေမဲ့ အကင်လောက်မကောင်းဖူးလို့ ကျွန်မ စိတ်ထဲမှာ ထင်နေတုန်း ကျွန်မ သူငယ်ချင်းက ကင်ချီတဖတ်ကို ယူ၊ ပြီးတော့ ၀က်သားပြုတ်တဖတ်ကို ထည့်လိပ်ပြီး သူတို့ရိုးရာစတီးတူလေးနဲ့ 'ဒီလိုစားရတယ် ငါ့နှမရဲ့' ဆိုပြီး ကျွန်မကို ပေးတယ်။ ကောင်းသားပဲ။ 'ဒီလိုကိုး' လို့ ကျွန်မက ပြောပြီး အမဲသားပြုတ်နဲ့ ကင်ချီကို နောက်တလိပ်စားတော့ ကျွန်မသူငယ်ချင်း မျိုးချစ်စိတ် ထက်သန်သူကြီးဟာ တဟားဟားနဲ့ သဘောကျ ရှာတယ်..။
မျိုးချစ်စိတ် ထက်သန်သူကြီးဟာ နေ့လည်စာ တည်ခင်းဧည့်ခံပွဲကို တက်ရောက်လာတဲ့ နိုင်ငံတကာက ဖိတ်ကြားထားသော အနုပညာရှင်များနဲ့ ဖိတ်ကြားသူများကို နှုတ်ဆက်မိန့်ခွန်း ချွေတော့လဲ သူတို့ ဘာသာ စကားနဲ့ပဲ။ သူရဲ့ ပီအေ က အင်္ဂလိပ်လို ဘာသာပြန်ရတယ်...။ အိုင်အိုဝါက IWP မှာတုန်းကလဲ အဲလိုပဲလေ...။ presentation လုပ်တာရော၊ မေးခွန်းဖြေ တာရော ဘာသာပြန်နဲ့ပဲ လုပ်တာပဲ...။
သူက သူ့မိန့်ခွန်းထဲမှာ ကျွန်မနဲ့ တွေခဲ့တဲ့ အိုင်အိုဝါက(IWP) အကြောင်း ကိုထည့်ပြော တယ်...။ ဟိုမှာပေါ့... အမြဲအတူတူတွဲခဲ့တဲ့ အာရှလူမျိုး လေးယောက်ပေါ့။ ကိုးရီးယားရယ်၊ မြန်မာရယ်၊ အိန္ဒိယရယ်၊ ဗီယက်နမ်ရယ်ပေါ့...။ သူတို့ နာမည်တွေက ဆိုပြီး ကျွန်မကို ပြောတယ်။ ပြီးတော့ ဗီယက်နမ်သတင်းစာဆရာမ မှာကျလဲ အဟုတ်..၊ 'ဟောင်Hao' ဆိုတဲ့ တလုံးကို ခပ်ထစ်ထစ်ပြောတော့ ကျွန်မက 'ဗိုသီဟောင် Vothihao' လို့ ထောက်ပေးလိုက် တော့ 'ဗိုသီဟောင်' ပါ့..။ ပြီးတော့ အိန္ဒိယညီအကိုတယောက်ကတော့ ဆိုပြီး တန့်သွားတယ်..။ 'နေပါအုန်း... သူ့နာမည်က' ကို ဆိုပြီး 'အင်...' ဆိုပြီး ခဏရပ်သွားတယ်။ ပြီးတော့ ကျွန်မကို လှမ်းကြည့်ပြီး 'ငါ့နှမရေ.. နာမည်ဘယ်သူ..' တဲ့..။ 'အော်ဒါလား' ဆိုပြီး ကျွန်မက ထောက်ပေးလိုက်တယ်လို့များ ထင်ပါသလား။ ကျွန်မလုံးဝသတိမရတော့ပါဖူး..။ အံ့သြစရာ..၊ ခုန သူစပြောတဲ့အချိန်မှာ ကျွန်မခေါင်းထဲမှာ နာမည်တွေ အားလုံးရှိနေခဲ့တာ..။ ပြဿနာပဲ..။ ကျွန်မမှာ 'ဆောရီးပဲ၊ ငါဘာဖြစ်လို့ မေ့သွားတာလဲ မသိဖူး' လို့ ရေရွတ်ရုံမှတပါး ဘာမှမတတ်နိုင်တော့ပါဖူး..။ 'အဲ...အိန္ဒိယ ညီအကိုတယောက်ပေါ့' ဆိုတာနဲ့ပဲ ကဗျာဆရာဟာ မိန့်ခွန်းကို လက်စသပ်ရရှာတော့တယ်..။
ထမင်းသာ ဆက်စားနေရပေမဲ့ ကျွန်မတို့ နှစ်ယောက်လုံး မကျေနပ်ကြဖူး..။ တယောက်နဲ့တယောက် မပြောကြပေမဲ့ ထမင်းကို ဆက်စားလို့ မရဖူး။ ကျွန်မစိတ်ထဲမယ် 'ငါတော့ ဆရာလင်းယုန်မောင်မောင်ရဲ့ ကိုပြားတော့ ဖြစ်ပြီ' လို့..။ ဆရာ့ကို ရန်ကုန်မန္တလေး အမြန်ရထားပေါ်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ကျွန်မ ရယ်မောခဲ့တာလေ..။
စာပေဟောပြေပွဲ သွားကြရင်း မန္တလေးသွား ရထားပေါ်မှာ ဆရာလင်းယုန်မောင်မောင် နဲ့ ဆုံတော့ စကားဝိုင်းဖွဲ့ကြရင်း ဆရာက 'တံတားဦးမှာ တို့သူငယ်ချင်း ရှိတယ်၊ တယောဆရာလေး.. မနု သိမလား..၊ နေပါအုန်းက.. သူ့နာမည်က..' ဆိုပြီး ဇာတ်လမ်းက စတော့တာပဲ၊ နံမည်ကို ဘယ်လိုမှ ဖော်မရ၊ ကျွန်မကလဲ 'တယောဆရာတွေတော့ ရှိတယ် ဆရာရဲ့၊ နံမည်မသိတော့ ဘယ်လိုလုပ်မလဲ' ဆိုပြီး ဘာလုပ်ရမှန်းမသိ..။ ဆရာ့ ခမျာစကားကို ဆက်ပြီး မပြောနိုင်တော့ဖူး၊ 'နေပါအုန်း.. ဒီနာမည်ကွာ' နဲ့ သူ့ထိုင်ခုံကို ပြန်သာ သွားရော၊ နံမည်က ဖော်လို့မရဖူး..။
ကျွန်မတို့လဲ ညနက်တော့ အိပ်ပျော်သွားတာပေါ့..။ မနက်လေးနာရီလောက် အိပ်လို့ ကောင်းနေတုန်း... ဆရာလင်းယုန်ရယ်လေ.. ''မနု.. မနု ထစမ်းပါအုန်း၊ ထစမ်းပါအုန်း.." တဲ့။ ကျွန်မမှာ လန့်နိုးပြီး 'ဘာလဲဆရာ.. ဘာဖြစ်လို့လဲ' ဆိုတော့.. 'သိပြီ..သိပြီ.. ကိုပြား.. ကိုပြား..' တဲ့လေ။ အားရ၀မ်းသာကြီး အော်ပြောပစ်လိုက်တော့..၊ တညလုံး မအိပ်ပဲ စဉ်းစားနေတာတဲ့၊ ခုမှ စအိပ်ရမှာ ဆိုပြီး စိတ်လက်ပေါ့ပါးစွာနဲ့ သူ့ ထိုင်ခုံကို ပြန်သွားတာကို ကြည့်ရင်း.. ဖြစ်မှ ဖြစ်ရလေ ဆရာရယ်လို့ ရယ်မောခဲ့ ဖူးတာလေ။ အခု တကယ် 'ကိုပြား' ဖြစ်တော့တာပဲ။ ဆရာ့ကို ကျွန်မ ကိုယ်ချင်းစာနိုင်ပါပြီ။ ဘာဖြစ်လို့ အဲဒီ အိန္ဒိယပြဇာတ်ဆရာ၊ အင်္ဂလိပ်စာပရောဖက်ဆာရဲ့ နာမည်ကို...။ ဟောဒီ ပါးစပ်ဖျားလေးတင်ပါ..။ အို.... ဘယ်လိုမှကို မမှတ်မိတော့တာ..။
ကဗျာဆရာပါမောက္ခချုပ်ကို ကြည့်တော့လဲ ဘေးက လူနဲ့ စကားသာ ပြောနေရတယ်၊ ပုံမှန် မဟုတ်ဖူး၊ ကျွန်မလိုပဲ။ အဲဒါနဲ့ပဲ ကျွန်မက ဘာရယ်မဟုတ်ဖူး၊ ရေခွက်ကို မော့သောက် လိုက်တဲ့ ခဏမှာ.. ကဗျာဆရာဟာ... သူ့ အကြိုက် စီးကရက်တလိပ်ကို ထုတ်ယူလိုက်တဲ့ အချိန်မှာပဲ၊ နှစ်ယောက်သား ပြိုင်တူ လက်ညှိုးထိုးလို့..။
"ရှီဗာ..."
အသံအကျယ်ကြီးတွေနဲ့ ကျွန်မတို့ အော်လိုက်ကြတာ၊ ပြီးတော့မှ တဟားဟား ရယ်ကြရင်း 'ရှီဗာ၊ ရှီဗာ' နဲ့၊ ဘေးလူတွေကတော့ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်ကို ဘာဖြစ်ပါလိမ့်ပေါ့..။ ဇရာလေ၊ ဇရာ၊ ဇရာ ငွေရောင်ဆံပင်တွေနဲ့ ကျွန်မ သူငယ်ချင်းက (၁၉၅၂) ခုမွေး၊ ကျွန်မက (၁၉၅၇) ခုမွေး...။ ကျွန်မတို့ အသက်တွေ မငယ်ကြတော့ဖူးလေ...။

နုနုရည် အင်းဝ
KNUA- Korea
(၁၁ ဇူလိုင် ၂၀၀၈၊ ခူနွာကိုရောက်တာ တလပြည့်နေ့)

1 comment:

ရွာသားလေးဝိုင်တီယူ said...

ဆရာမရေ ဆရာမစာလေးဖတ်လိုက်တာ အိမ်ကိုပိုလွမ်းသွားတယ်ဗျာ။ နောက်ထပ်ရေးပါဦးဗျာ