Monday, July 7, 2008

မိခင်သောက- ဒါကလေးတော့ခွင့်ပြုပါ
ရေးသူ- လူထုဒေါ်အမာ

[အမေမာ (လူထုဒေါ်အမာ)ရဲ့ အခုဖော်ပြလိုက်တဲ့ ဆောင်းပါးပါတဲ့ ရွှေမော်ကွန်း မဂ္ဂဇင်းကို ကိုခင်မောင်ထိုက်တို့၊ သူငယ်ချင်းသိန်းငွေ ဂျပန်ကနေ ပို့ပေးလို့ ဖတ်ရတာ ၁၉၉၉ ဇန်န၀ါရီလ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးလေးဟာ အမှတ်တရ ဖြစ်ပြီး စွဲနေခဲ့တယ်။ ၂၀၀၃ ခု နိုဝင်ဘာ၊ မာယာမှာ 'ဖိုးသံစိမ်း' ရဲ့ 'ဘ၀ကင်းဗတ်ပေါ်က သံမဏိစုတ်ချက်ကြမ်း' ၀တ္ထုကို ထည့်တော့၊ အမေ့ရဲ့ ဒီဆောင်းပါးကို တွဲလျက်ထည့်မလို့ ရှာတာ၊ အသိမ်းလွန်ပြီး ရှာမတွေ့ခဲ့ဘူး။ နောက်တခါ အင်တာနက် မာယာမှာ ဖိုးသံစိမ်းကို ပြန်တင်တော့လည်း ထပ်ရှာသေးတယ်။ မတွေ့ခဲ့ဘူး။ အခုမှ မမျှော်လင့်ဘဲ ပြန်တွေ့လို့ မာယာ အင်တာနက် ပရိသတ် အတွက် တင်ပေးလိုက်ပါတယ်။]


ကျွန်မ ဧပြီလ (၄)ရက်နေ့က သရက်က တခေါက်ပြန်လာခဲ့ပြန်ပြီ။ ဒီအကြောင်းကို ဆေးရုံပေါ်က ဆရာဦးသုခများကြားရင် "မအမာ.... တော်တော်အပင်ပန်းခံတာပဲဗျာ" လို့ ညည်း ပြောပ ပြောနေလေမလား၊ " အင်း ... သံယောဇဉ်၊ သံယောဇဉ်" လို့ ခေါင်းတညိတ်ညိတ်နဲ့ ရေရွတ် နေလေမလားတော့ မသိဘူး။
ဆရာဦးသုခ ကျွန်မကို ဒီလိုပြောဆိုနေတာကို တကယ်လို့ ဦးလှ သာရှိသေးရင် ဆရာ ဦးသုခ ပြောတာကို သူကလည်း ကြားတယ်ဆိုရင် "နေ ပေ့စီ ကိုသုခရေ၊ မပြောနဲ့၊ မပြောနဲ့၊ သူလုပ်ချင်တာ လုပ်ပေစေ၊ ဒါမှ သူနေနိုင်မှာ" လို့များ ပြောလေမလားလို့လည်း တွေးမိရဲ့။ ဦးလှက သူပြောပေမယ့် မရပေဘူးထင်ရင် အဲဒီလိုပဲ ကျွန်မအပေါ် ဥပေက္ခာ ထားတတ်တယ် လေ။


ကျွန်မ သိပါတယ်။ ကျွန်မ အခုလို လုပ်တာကို ဆရာတို့ မကြိုက်ဘူးဆိုတာ။ ဒါပေမယ့် ကျွန်မ အားနည်းချက်ပေါ့ ဆရာရယ်။ တခါတခါတော့ သွားချင်တယ်။ သမီးတွေကဆိုရင် အမေပင်ပန်းတယ်နော်၊ မလိုက်ချင်နဲ့တော့လို့ သူတို့ သွားတိုင်း ပြောနေကျ။ သားလုပ်တဲ့ လူကတောင်မှ "အမေ့တွေ့ရတာတော့ ၀မ်းသာတယ်၊ ဒါပေမယ့် အမေမလာပါနဲ့တော့၊ သိပ်ပင်ပန်းပါတယ်၊ ကျွန်တော် အမေ့ကို မလာစေချင်ဘူး" တဲ့။
ကျွန်မကတော့ (၂)ရက်နေ့က မနက်အစောကြီး ထပြီး (၅)နာရီ ထိုးတော့ အိမ်က ကားနဲ့ ထွက်ကြတယ်။ စောစောထွက်နိုင်မှ နေမပူမှာ ဟုတ်လား။ ဥတုရာသီက ပူလှပြီ။ အဖွဲ့ကတော့ မြေးအငယ် နှစ်ယောက်ရယ်၊ သမီးချွေးမရယ်။ မန္တလေးက မိတ္ထီလာကို (၉၂)မိုင်၊ မိတ္ထီလာက ကျောက်ပန်တောင်းကို မိုင် (၆၀)ကျော် လောက် မောင်းခဲ့ရတယ်။ ကျောက်ပန်း တောင်းရောက်တော့ မြို့မကွက်သစ်ထဲက ကျွန်မတို့မိတ်ဆွေ ရွှေကုန်သည် ဒေါ်တင်ဦးတို့ အိမ်မှာ နားကြရော။ ဒေါ်တင်ဦးတို့က မနက်စာကျွေးတယ်။ သူတို့အိမ်ကို ဒီခရီးမှာ ဒီလိုပဲ တထောင့် ၀င်နားနေကျ။ မနက်စာထမင်း ၀င်စားနေကျ။ (၂)နာရီလောက် နားပြီးတော့ ကျောက်ပန်းတောင်းက ရေနံချောင်း(၃၄)မိုင် ခရီးကိုဆက်၊ ရေနံချောင်း မကွေး (၃၂)မိုင်ခရီးကို လာခဲ့တယ်။ မကွေးရောက်တော့ ကျောင်းနေဘက်၊ သပိတ်မှောက်ဘက် သူငယ်ချင်း ကိုဆုမြိုင်ရဲ့ဇနီး မုဆိုးမ ဆရာမကြီး ဒေါ်သန်းတင်ကို ခါတိုင်းလို ၀င်နှုတ်ဆက်ဦးမယ်လို့ပဲ။ နို့ပေမယ့် နေပူမှာ ကြောက်လို့ အောင်လံကို စောစောရောက်ချင်တာနဲ့ အပြန်မှပဲ ၀င်တော့မယ်လို့ (၅၁)မိုင် ခရီး တောင်တွင်းကြီးကို တောက်လျှောက် ဆက်မောင်းခဲ့ကြတယ်။
နေ့ခင်းပိုင်းမှာ နေက ပူပါတယ်။ ဒါကြောင့် စောစောရောက်ချင်တယ်။ နို့ပေမယ့် ခရီးက တွင် သင့်သလောက်တော့ မတွင်ဘူး။ အရင်ခေါက် လာတုန်းက လမ်းဖြတ်သန်းခဟာ မိုင်ရှည် အတွက် ပေးလို့ရပေမယ့် ဒီတခေါက်တော့ တခါတောင်းရင် (၃၅)ကျပ် ဖြတ်ဖြတ်ပြီး လမ်းကြေးက ပေးရတယ်။ မန္တလေးက ရေ၀န်း ထိတခါ၊ ရေ၀န်းက မိတ္ထီလာထိတခါ၊ မိတ္ထီလာက ကျောက်ပန်းတောင်းအထိ တခါ၊ လမ်းဖြတ်သန်းခ အလီလီ တောင်းနေတာကိုး။ ပြီးတော့ ဒီတခေါက် တံတားကူးခတွေကလည်း အရင်လို မဟုတ်ဘူး။ ဒိအပြင် မြို့ဝင်ကြေး ကလည်း မြို့တိုင်းမှာ ပေးရသေးတယ်။ အဲဒီတော့ အချိန်က လင့်ပါတယ်။ ကျွန်မက စိတ်လော နေသူ မဟုတ်လား။ နေပူလို့ လူပန်းရင်၊ တခုခုဖြစ်ရင် "အမေ မလိုက်ပါနဲ့ ဆိုရက်သားနဲ့ အမေက လိုက်ချင်တာ" လို့ အပြစ်တင်လည်း ခံရဦးမယ်။ ထောင်နေတဲ့ လူအိုတယောက် မထောင်နိုင်တော့ပဲ လဲသွားနိုင်တယ်။ ဒါကြောင့် အောင်လံကို အစောကြီး ရောက်ချင်နေတယ် လေ။
မနက်စောစော ထွက်တဲ့အကျိုး အောင်လံကို ညနေ (၃)နာရီခွဲမှာ ရောက်သွားပါတယ်။ ကျွန်မ စတည်းချတဲ့ အိမ်ရှင်ဦးသန်းမြင့်က နေပူတဲ့ အချိန်ကြီး ကျွန်မ လိုက်လာလို့ အံ့သြ နေတယ်။ သူ့ဆီကို ဖုံးဆက်ပြောဖို့ ကျိုးစားသေးပေမယ့် ဖုန်းက ခေါ်လို့မရလို့ မဆက်ခဲ့ရဘူးလေ။
မန္တလေးနဲ့ အောင်လံဟာ မိုင်(၃၃၀) လောက်ရှိတယ်။ အောင်လံ ရောက်ရင် ဧရာဝတီကို ကူးရဦးမှာ။ ဟိုဘက်မှာ အချိန်မမီနိုင်ဘူး။ ဒါကြောင့် မိတ်ဆွေ ဦးသန်းမြင့်အိမ်မှာပဲ နားကြ၊ ညစာ စားကြ၊ အိပ်ကြတယ်။ မနက်တော့ စောစောထပြီး မော်တော်ဘုတ်တစင်း ဦးသန်းမြင့်တို့ ငှားပေးတာနဲ့ အနောက်ဘက်ကမ်းကို ကူးခဲ့ကြတယ်။ ရေကြောင်းက ဒီလ ဆိုတော့ မကျဉ်းမကျယ်မို့ ကမ်းပါးစောက်စောက်ကြီးလည်း အရှည်ကြီး မဆင်းခဲ့ရဘူး။ တဘက်ကမ်းရောက်တော့ သဲသောင်ပြင်က သံကို ရုန်းပြီး ကမ်းပါးစောက်ကြီးကိုလည်း အမောတကော မတက်ခဲ့ရဘူး။ ရေက မကြီးမငယ်မို့ အတက်မှာ တချက်၊ နှစ်ချက် နားရုံနဲ့ မြင်းလှည်းကို ရောက်တယ်။ တခါသွားတုန်းက ရေငယ်တဲ့လမို့ တဘက်ကမ်းက ကမ်းပါး စောက်ကြီးကို နေပူပူမှာ တက်လိုက်ရတာ၊ ရင်တွေကို တဒုန်းဒုန်းခုန်လာတယ်။
ကျွန်မ သွားချင်တဲ့ဆီကို (၈)နာရီမှာ ရောက်ပါတယ်။ တော်တော်ကလေးစောင့်ပြီးရင် တွေ့ရပြီလေ။ နှစ်ဖက်စလုံး ၀မ်းသာလို့။ စကားတွေ လုယက်ပြီး ပြောကြလို့။ (၁၅)နစ်ကြာတော့ ပြန်ခဲ့ကြရော။
ဒါဆိုရင် ကျေနပ်ပါတယ်။ ပင်ပန်းခံရကျိုးလည်း နပ်တယ်။ ကျွန်မကို အဆိုခံရမှာစိုးလို့ ဆရာဦးသုခကို ကျွန်မ ဘာမှ မပြောဘဲနေတာ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ထဲတုန်းက ကျွန်မ တခါသွားသေးတယ်။ မိုးတွင်းကြီးဆိုတော့ ရေတတန်၊ ကုန်းတတန်ပေါ့။ ရေနံချောင်းမြို့ထဲမှာ ရေက ၄ တန်ဖြတ်ရတယ်။ ကြက်မောက်တောင်နားက ပြည့်ဝရှင်စေတီနားမှာ ကားလမ်းပေါ် ရေတွေ ကျော်နေတာ ဒူးဆစ်ပေါင်လယ်မကလို့ (၁)နာရီလောက် စောင့်ခဲ့ရသေးတယ်။ ဒေါင်းသေချောင်းကို ဖြတ်တော့လည်း ရေလာခါနီးပြီမို့ ကားရဲ့စက်အားကို ရိုးရိုးမကူနဲ့ စိတ်မချရဘူး၊ ထွန်စက်နဲ့ ဆွဲကူးပါဆိုလို့ ထွန်စက်ဆွဲခ (၅၀၀)ကျပ်ပေးပြီး ထွန်စက်နောက်က ကြိုးနဲ့ လိုက်ပြီး ဒေါင်းသေချောင်းကို ဖြတ်ခဲ့ရတယ်။ ဟိုရောက်တော့ ကျွန်မ မှတ်ပုံတင် မေ့ကျန်ခဲ့လို့တဲ့။ ကျွန်မ တွေ့ခွင့်မရခဲ့ဘူး။ အလာကြီး လာရပြီးတော့မှ မတွေ့ရတော့ မန်းကျီးပင်ရိပ်မှာ စိတ်ဆင်းရဲလိုက်တာ။ ဆင်းရဲတာနဲ့အတူ ဆရာဦးသုခကိုလည်း သတိရ တယ်။ ဆရာက ကျွန်မ ဒီလို ကသီကရီနဲ့ စိတ်ဆင်းရဲ လူဆင်းရဲ ခံနေမှာစိုးလို့၊ မသွားချင်ပါနဲ့လို့ ကျွန်မသွားချင်တိုင်း တားတတ်တာ။ ကျွန်မသာ ကိုယ့်သံယောဇာဉ်နဲ့ကိုယ် မနေနိုင်လို့ သွားသွားနေတာ။ မတွေ့ခဲ့ရပဲ ပြန်ခဲ့ရတော့ ဆရာဆိုမှာ ကြောက်လိုက်တာ။ ဒါကြောင့် အသာလေး မြုံနေခဲ့တယ်။
ဒီတခေါက်တော့ ပင်ပန်းပါစေတော့၊ ဆရာ သိချင်လည်း သိသွားပစေတော့လို့ အောက်မေ့နေမိတယ်။
လူဆိုတာကလည်း ဒီသံသရာဝဋ်ဆင်းရဲကြီးထဲမှာ အ၀ိဇ္ဇာတွေ၊ တဏှာတွေကြောင့် ကိုယ့်သံယောဇဉ်နဲ့ ကိုယ်နဲ့ ထွေးလုံးရစ်ပတ် လူးလှိမ့်နေကြတာ မဟုတ်လား။ အဲဒီတော့ ဆရာ ဦးသုခကို တောင်းပန်ချင်တယ်။ ဆရာရယ် ကျွန်မဘ၀မှာ ချုပ်တီးရတာတွေ၊ မာန်တင်းနေရ တာတွေက အများကြီးမို့ ဒီလို တခါတလေ၊ ထင်ရာမြင်ရာလေး စွတ်လုပ်နေရင်လည်း ခွင့်လွှတ်ပါတော့ ဆရာ။ ဆရာ့ မေတ္တာ၊ စေတနာကို ကျွန်မ သိပါတယ်။ လေးလည်း လေးစားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဆရာဦးသုခ ဒီစေတနာ၊ ဒီမေတ္တာတွေကြောင့် အနာရောဂါတွေအားလုံး ကျန်းမာပျောက်ကင်းလျက် တတ်စွမ်းရာဘက်က ပြည်သူအကျိုး ဆက်လက်သယ်ပိုး ဆောင်ရွက်နိုင်ပါစေ။ ဒီဝဋ်ဆင်းရဲကြီးက လွတ်မြောက်အောင် ရုန်းထွက် နိုင်ပါစေလို့ ကျွန်မ ဆုတောင်းလိုက်ပါတယ်။

လူထုဒေါ်အမာ
၁၃၆၀ ပြည့်နှစ်၊ ပြာသိုလ၊ 1999 January ရွှေမော်ကွန်းမဂ္ဂဇင်း အမှတ် ၁၉ မှ ကူးယူ ဖော်ပြပါတယ်။

1 comment:

Unknown said...

စိတ်မကောင်းဖြစ်လိုက်ရတာ။