ဘမြင့်သည် လက်တွင်ကိုင်ထားသော စုတ်တံကလေးကို ဆွဲလက်စ ပန်းချီကား ကလေးပေါ်မှ နောက်သို့ ရုပ်လိုက်ကာ နံဘေးစာပွဲရှိ ရေဖလ်ခွက်တွင် နှစ်လိုက်လေ၏။
တပေပတ်လည်ခန့်ရှိသော ပန်းချီကားကလေးပေါ်တွင် အချိန်အတန်ကြာ စူးစိုက်ထားရ သော မျက်လုံးများမှာ ထိုင်းမှိုင်း ညောင်းညာလာသကဲ့သို့ ရုတ်တရက် ပြာဝေ၍သွားသဖြင့် ဘမြင့်သည် သုံးချောင်းထောက် ခုံကလေးပေါ်တွင် ထိုင်ချသော မိမိကိုယ်ကို ဆွဲဆန့် လိုက်လေ၏။ သူ၏ မျက်လုံးများမှာလည်း ပန်းချီကားပေါ်မှ ကျော်ဖြတ်ကာ ခပ်လှမ်းလှမ်းရှိ လေတဟူးဟူးတိုက်ဝင်နေသော နောက်ဖေးပြူတင်းပေါက်ဆီသို့ ရောက်သွားလေ၏။
၎င်းနောက် လေတိုးသဖြင့် ငှက်အတောင်ပံ ခတ်သကဲ့သို့ နံရံတွင် တဖြတ်ဖြတ် လူးလွန့်လှုပ်ရှားနေသော ပြက္ခဒိန်ကို လှမ်းကြည့်မိရာမှ အိမ်ရှေ့ခန်းကြမ်းပြင်တွင် ပြူတင်းပေါက်ကို ခေါင်းပြုကာ တစောင်းကလေး အိပ်ပျော်နေသော သူငယ်ချင်းသိန်းလွင်ကို သမင်လည်ပြန် ကြည့်မိလေ၏။
ပြူတင်းပေါက်မှ လွင့်ကျနေသော ပြာနှမ်းနှမ်းအလင်းရောင်တွင် သိန်းလွင်၏ အထက်ပိုင်း မျက်နှာတခြမ်းမှာ ပေါ်လွင်နေလေ၏။ ကာလအတန်ကြာကစ၍ နေ့ဆက်ရက် ဆက် ကိုယ်စိတ်နွမ်းနယ် လာခဲ့ရသဖြင့် နဂိုရုပ်အနည်းပျက်ကာ အသားမှာ ၀ါစပ်စပ် ဖြစ်နေလေ၏။ ညိုမဲ၍ အနည်းငယ်ခွက်နေသည် ထင်ရသော မျက်လုံးအိမ်များပေါ်တွင် ရှည်လျားခြောက်သွေ့နေသော ရှေ့ဆံစကလေးများ ၀ဲနေကြလေ၏။
ဘမြင့်မှာ သိန်းလွင်ဘက်ကို ငေးမောစူးစိုက်မိယင်းက မိမိသူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်လာမိသည့်အတွက် ပန်းချီကားဘက်သို့ ပြန်လှည့်လိုက်ကာ အလုပ်ဆက်လုပ်ရန် ဖလ်ခွက်တွင် တပိုင်းနစ်နေသောစုတ်တံကို ပြန်ကိုင်လိုက်လေ၏။
သို့ရာတွင် အိပ်ရာဘက်ဆီမှ သိန်းလွင်၏ လူးလွန့်လှုပ်ရှားသံများကို ကြားရသဖြင့် စုတ်တံကို အသာချထားယင်း ကြည့်လိုက်ရာ အိပ်ရာပေါ်တွင် ခြေဆင်းထိုင်ယင်း လုံချည်ကို ပြင်ဝတ်နေသော သိန်းလွင်ကို တွေ့ရလေ၏။
"နိုးပလား...." ဟု ဘမြင့်သည် သိန်းလွင်အား ခပ်ပြုံးပြုံးကြည့်ယင်း နှုတ်ဆက်လိုက် လေ၏။
သိန်းလွင်သည် မျက်လုံးနှစ်လုံးကို လက်ဖမိုးနှစ်ဘက်နှင့် ပွတ်သပ်နေရာမှ ဘမြင့်ကို မော့၍ကြည့်လိုက်လေ၏။
"နေလို့ကောင်းရဲ့ မဟုတ်လား" ဟု ဘမြင့်က ဆက်လက်မေးလိုက်သဖြင့် သိန်းလွင် သည် လက်နှစ်ဘက် ယှက်ထားသည်ကို မြှောက်လိုက်ကာ ကိုယ်ကိုဆန့်လိုက်ယင်းက "နေကောင်းပါတယ်ကွာ၊ အပုံကြီး သက်သာလာတယ်၊ မနေ့ကနဲ့တောင်မတူဘူး၊ အားအတော် ပြည့်လာတယ်" ဟု ပြန်ဖြေလိုက်လေ၏။
ဘမြင့်မှာ မိမိသူငယ်ချင်း နေကောင်းထိုင်သာ ရှိသည်ကို စိတ်တွင် အတော်အားရ မိလေ၏။
"အေးကွာ- နက်ဖန်မနက်ဆို ရှင်းရှင်းပျောက်ရောပေါ့၊ တခုခက်တာက မင်းက သိတ်အားငယ်တတ်တာကိုးကွ၊ အခုမင်းနေမကောင်းရတာလဲ ဘာမှမဟုတ်ဘူး၊ စိတ်မကေင်း တာက စတာဘဲ၊ စိတ်ထောင်းတော့ ကိုယ်ကျေ ဆိုတာလိုပေါ့၊ စိတ်ညစ်စရာတွေကို မေ့ပြီး ပျော်သလိုနေပေါ့၊ အလုပ်ပြုတ်တယ်ဆိုတဲ့ ဒဏ်ဟာလဲ မင်းတယောက်ထဲမှ ကွက်ခံရတာမှ မဟုတ်ဘဲ၊ ဒီအလုပ်ပြုယင်- ဟိုအလုပ်ရမယ်ဆိုတဲ့ စိတ်ထားမှပေါ့၊ မသေသရွေ့ နေရမဲ့ရက်တွေမှာ အမြဲစိတ်ညစ်ရေမယ်လို့လဲ ဘယ်သူမှ မပြောနိုင်ဘူး၊ အကွက်ကောင်းနင်းမိ ရင် တချက်ပေါ့ကွ၊ မဟုတ်လား၊ နောက်ပြီး ငါလဲတဖွဖွ ပြောခဲံတယ်၊ ငါ့ကို အားမနာနဲ့၊ ငါရှိရင် မင်းရှိတာဘဲလို့၊ မင်းဒုက္ခရောက်နေတဲ့အခါ ငါစောင့်ရှောက်ဘို့ အခွင့်ရတာကိုဘဲ ၀မ်းသာလို့ မဆုံးဘူး၊ ရှိလို့လဲ ရှိသမျှကို ပျော်ပျော်ကလေးသုံး၊ မရှိတော့လဲ မရှိတဲ့အလိုက် ပျော်ပျော်ကလေး ငတ်ကြပေါ့ကွ ဟုတ်လား" ဟု ဘမြင့်က ပြုံးရင်းရယ်ရင်း လေရှည်ကြီး တသီတတန်း ပြောနေသည့်အတွက် သိန်းလွင်မှာ စိတ်ထဲတွင် သက်သာသလို ရှိရင်းက ပြုံး၍ လာရလေ၏။
ထိုနောက် မေ့၍ မဖြစ်နိုင်လောက်အောင် ခံလာခဲ့ရသော မိမိ၏ နောက်အဖြစ်အပျက် များကို ကွက်ခနဲ ပြန်လည်သတိရမိရာတွင် မျက်နှာမှာ မသိမသာ ညှိုးကျသွားလေ၏။
"သူငယ်ချင်းရာ- ငါလဲ ယောက်က်ျားရင့်မကြီးဆိုပြီး စိတ်ကိုတော့ အတော်တင်း တာဘဲ၊ ဒါပေမယ့် တသက်လုံးအတွက် တခုထဲ အားခဲထားတဲ့ အလုပ်ကလေးကလဲ ပြုတ်ပြန်၊ အလုပ်ပြုတ်လို့မှ မကြာသေးခင် တောမှာ တကောင်ကြွက်ဖြစ်နေတဲ့ အမေအိုကြီး ဆုံးတယ်လို့ သတင်းကြားရပြန်ဆိုတော့ ငါကြိုးစားပြီး တင်းခဲ့သမျှ စိတ်တွေဟာ ရေဖြစ်ကုန်တော့တာဘဲ၊ ကိုယ့်အမေတယောက်လုံး ဆုံးတော့မှ သွားပြီးသင်္ဂြိုစရာ စရိတ်မှ မရှိလို့၊ အရပ်က ၀ိုင်းပြီး သင်္ဂြိုလ်လိုက်ရတယ်ဆိုတော့ ငါ့တသက်မှာ မေ့ပျောက်နိုင်ပါ့အုန်းမလား သူငယ်ချင်းရာ" ဟု သိန်းလွင်သည် နောက်ဘေးပြတင်းပေါက်ဘက်ဆီသို့ ခပ်ငေးငေးကြည့်ကာ ပြောရင်းက လည်းချောင်းတွင် တစ်ဆို့ဆို့ကြီး ဖြစ်လာပြီးလျှင် မျက်လုံးအိမ်များတွင်လည်း မျက်ရည်ဖြင့် ရည်ဝေ့၍ လာ၏။
"ဟော.... ပြောရင်း ဆိုရင်း လုပ်ပြန်ပြီကွာ.... စိတ်တင်းပါဆိုမှ....." ဘမြင့်မှာ သိန်းလွင်အတွက် မိမိပါ ရော၍ စိတ်မကောင်းမိတော့သဖြင့် ညည်းညည်းညူညူ ပြောလိုက်မှ သိန်းလွင်မှာ သတိပြန်ထားပြီး မျက်နှာကို ပြုံးရွှင်လာအောင် ချက်ချင်းပြောင်းပစ်လိုက်ကာ......
"ကဲပါကွာ... သတိလစ်သွားလို့ပါ၊ နောက်ကို ဘယ်တော့မှ စိတ်ညစ်စရာတွေကို မတွေးတော့ပါဘူး...." ဟု မိမိ သူငယ်ချင်း စိတ်ကြည်လာအောင် ဟန်လုပ်ပြောယင်းက စကားကို အဆက်ပြတ်သွားအောင် လှီးလွှဲလိုသဖြင့် "ဒါထက် မနေ့က ၀တ္ထုမျက်နှာဖုံးကား အတွက် ဆွဲပြီးပလား...." ဟု ဘမြင့်အား လှမ်းမေးလိုက်၏။
"ငွေရပေါက်အတွက်ကတော့ ဘာလက်မနှေးမလဲကွ၊ ပြီးလို့ အခုသွားပို့မလို့ဟာ မင်းနိုးအောင် စောင့်နေရလို့၊ အနည်းဆုံး တဆယ်လောက်တော့ ပွမယ်....." ဟု ပြောပြောဆိုဆို မတ်တပ် ထလိုက်ကာ နံရံတွင်ချိတ်ထားသော အပေါ်အင်္ကျီကို လှမ်းဖြုတ်နေသဖြင့်....
"ဟေ့... သွားလို့ ဖြစ်ပါ့မလား... မနေ့ကဘဲ သိမ်ကြီးဈေးမှာ ဘုန်းကြီးတွေနဲ့ စစ်ပုလိပ်တွေ ရိုက်ကြသတဲ့... ကနေ့လဲ ကုလား ဗမာ ရိုက်ပွဲ ဖြစ်မလိုလို သတင်းပြေးနေတယ်၊ ကြည့်လုပ်ပါမောင်ရာ....." ဟု သိန်းလွင်က သတိပေးသလို ပြောလိုက်သဖြင့်...
"အံမာကွာ.. ဒါလောက်တော့ အပျော့ပေါ့၊ ပိုက်ဆံရဘို့ဆိုရင် ကုလားရိုက်မှာမပြောနဲ့၊ သေမင်းပြေ လိုက်ရတောင် မကြောက်တော့ဘူး" ဟုပြောရင်း ဘမြင့်သည် အပေါ်အင်္ကျီကို ၀တ်မြဲ ၀တ်နေလေ၏။
ထို့နောက် သိန်းလွင်ဘက်သို့ လှည့်လိုက်ကာ "ဒါထက် မင်း တမနက်လုံး ဘာမှ မစားရသေးဘူး၊ ဆာနေမှာဘဲ တခုခု စားလိုက်ပါအုန်းလား"
"နေပါစေကွာ ငါမဆာပါဘူး၊ ရင်ခံနေတယ်။ မင်းပြန်လာမှ စားတာပေါ့"
"အေး ဒါဖြင့် ငါ ငွေရရချင်း ပြန်ခဲ့မယ် ဟုတ်လား" ဟုပြောပြောဆိုဆို လှေခါးမှ ဆင်းသွားလေ၏။
သိန်းလွင်မှာ တမနက်လုံး ဘာမှ မစားရသေးသဖြင့် ဆာလောင်နေပြီ ဖြစ်သော်လည်း ယမန်နေ့ည ညစာစားပြီးကတည်းက ဘမြင့်တွင် ခြူးတပြားမျှ မကျန်တော့သည်ကို သိပြီး ဖြစ်သဖြင့် ဘမြင့်အား စိတ်မကောင်း မဖြစ်စေလိုသဖြင့် မုသားသုံးလိုက်ခြင်း ဖြစ်လေ၏။
xxxxx xxxxx xxxxx xxxxx
သိန်းလွင်သည် နောက်ဘေးသို့ ထွက်ခဲ့ကာ ရေတိုင်ကီတွင် မျက်နှာသစ်လေ၏။ ထိုနောက် အ၀တ်တန်းမှ မျက်နှာသုတ်ပုဝါကို လှမ်းယူ၍ မျက်နှာကို ပွတ်တိုက်နေစဉ်မှာပင် "မင်းတမနက်လုံး ဘာမျှမစားရသေးပါကလား" ဟူသော ဘမြင့်၏ စကားများမှာ နားတွင်းသို့ ပြန်လည်၍ ဝေ့တက်လာကြပြီးလျှင် မိမိဘာမှ မစားရသေးဟူသော အသိဥာဏ်ကို ဦးဏှောက်တွင်းသို့ သွင်းလိုက်လေ၏။ ထိုအသိဥာဏ်ကြောင့်ပင် အလိုက်ကန်းဆိုး မသိသော ဘိုက်မှာ ဆာသလိုလို ဖြစ်လာရာ ထိုဆာသလိုလို ဖြစ်သောဘိုက်ကြောင့်ပင် ဘာမျှမစားရသေးဟူသော အသိဥာဏ်မှာ ပိုမိုစူးရှစွာ ဦးဏှောက်ကို အလုပ်ပေးနေလေ၏။
လူမမာ နလံထတို့ ဓလေ့အတိုင်း တခါဆာမိလျှင် ဘိုက်ထဲသို့ အစာမရောက်သေးသမျှ ငတ်ကြီးကျမတတ် အတောမသတ်နိုင်အောင် ဆာတတ်လေ့ရှိရာ သိန်းလွင်အတွက်မှာလည်း ဘိုက်ထဲသို့ အစာတခုခု မသွတ်ရသမျှ ဖင်အငြိမ်နေနိုင်တော့မည် မဟုတ်သည်ကို သိသည့်အတိုင်း အိမ်တွင်း အကြိုးအကြားမကျန် စားစရာ အစအနကို ရှာဖွေရလေတော့၏။
သို့ရာတွင် ဘမြင့်နှင့် သိန်းလွင်တို့မှာ တကိုယ်ရေတကာယ ယောက်ျားတွေချည်း ဖြစ်ကြသည့်အလျှောက် အိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်စားသောက်ရသည့် တာဝန် ဒုက္ခများကို မရှာကြဘဲ အလျဉ်းသင့်သလို တွေ့ရာ လမ်းဘေး ထမင်းဆိုင်ကလေးများတွင် နံနက်ညစာတို့အတွက် ကိစ္စငြိမ်း စားသောက်လေ့ရှိကြရာ ထမင်းချိုးဟင်းကျန် သွားရှာဘို့ အတွက် ထမင်းအိုး၊ စလောင်း၊ ပန်းကန်ခွက်ယောက်ပင် တချပ်တလေမျှ မရှိပေ။
လှေခါး ဆယ့်ငါးထစ်ခန့် ဆင်းလိုက်လျှင် အစားအသောက်တွေ တဗြုံတခေါင်းကြီး ပြည့်နှက်နေသော အောက်ထပ်ရှိ ကုလားဟော်တယ်ဆိုင်သို့ ရောက်သွားနိုင်သော်လည်း ပိုက်ဆံဆိုက မူး၍ရှူစရာ မရှိသော သိန်းလွင်အတွက် ကုလားဆိုင်ရှိ ပလာတာ၊ ဒန်ပေါက်၊ ပေါင်မုန့်စသော အဆီ အအိမ့် မြိန်စရာအစာတို့မှာ နီးလျက်နှင့် ဝေး၍ နေကြလေ၏။
စားစရာ အစအနမရှိမှန်း သိလျက်နှင့် မိမိကို ဒုက္ခပေးနေသော ဘိုက်ကို တပတ်ရိုက်သလို ချောင်ကြိုချောင်ကြားမကျန် ရှာဖွေခဲ့ရသော သိန်းလွင်မှာ ဤနည်းနှင့် မကိုက်တော့သည်ကို သိလာသည့်အတိုင်း ပိုက်ဆံမလိုသော အခြားနည်းလမ်းများကို ရှာဖွေရလေတော့၏။
ထိုကြောင့် ပဌမဦးဆုံး ရေအိုးစင်သို့ သွားကာ ရေကို အားပါးတရ သောက်လေ၏။ ထို့နောက် ဆာသည်ဟူသော အသိဥာဏ်ကို ဦးဏှောက်တွင်းမှ နှင်ထုတ်ကာ အခြားလုပ်ငန်းများတွင် စိတ်ကို အလုပ်ပေးထားမည်ဟု တွေးမိကာ အိမ်ရှေ့သို့ ထွက်ခဲ့ပြီးလျှင် ဘမြင့်ထိုင်သွားသော သုံးချောင်းထောက် ခုံကလေးပေါ်တွင် ထိုင်ချလိုက်ယင်းက ဘမြင့် တပိုင်းတစ ဆွဲထားသော ပန်းချီကားကလေးကို ကြည့်နေလေ၏။
ပန်းချီကားကလေးကို ကြည့်ယင်းက သူ၏စိတ်တို့သည် အခန်းထဲတွင် ဝှေ့ယမ်း ပြေးလွှားနေကြသော လေညှင်းကလေးများနှင့်အတူ လွင့်ပါးသွားကြပြီးလျှင် ထူထပ်သော နှစ်အပိုင်းအခြား တိမ်တိုက်တို့ကို ဖောက်ထွင်းကာ အဖြစ်အပျက်ဟောင်းများဆီသို့ ပြေးလွှားသွားလေကြ၏။
မိမိ လုပ်ကိုင်နေသော ကုန်တိုက်ကြီး အလုပ် လျော့ပါးရေး လက်နက်ကြောင့် မိမိတသက်လုံး မျှော်လင့်အားထားနေသော ထမင်းအိုး ကွဲခဲ့ပုံ၊ လောကကြီးအလယ်တွင် အမေသားဆိုစလောက် နှစ်ဦးတည်း အားအကိုးဆုံး ရှိရာမှ မိမိ ဒုက္ခတွင်း ကျနေစဉ် မိခင်က သေမင်းနောက်သို့ လိုက်သွားပုံ၊ ၎င်းနောက် အချစ်ဆုံးသူငယ်ချင်းဘမြင့်က ကယ်ဆယ်ထားပုံ တို့မှာ သိန်းလွင်၏မနောဓာတ်တွင် ပုလဲ ပုတီးစေ့များကဲ့သို့ တသီတတန်းကြီး ပေါ်ပေါက်ထင်မြင် လာလေ၏။
သောင်မမြင် ကမ်းမမြင် ပင်လယ်အတွင်း၌ မျောပါနေစဉ် ကတ္တူလှေငယ်တစင်းက ကယ်ယူခြင်းခံရသဖြင့် အတိုင်းမသိသော ၀မ်းမြောက်ခြင်းဖြင့် ၀မ်းမြောက်မိသော်လည်း ထိုကတ္တူလှေငယ်ပင်လျှင် ပင်လယ်လှိုင်းတံပိုးတို့အောက် မရောက်အောင် အတော်ကြီး ကြိုးစားနေရသည်ကို တွေ့ရသောအခါ ဒုက္ခအတွင်းမှ ရှင်းရှင်းလွတ်မြောက်ခြင်း မရှိသေးသဖြင့် စိတ်ကို ဒုံးဒုံးချ ၀မ်းမမြောက်နိုင်သေးသကဲ့သို့ မိမိကိုယ်ကို ကယ်ဆယ်လိုက်သော ဘမြင့်ပင်လျှင် နေ့ဘို့ညစာ အလျင်မီအောင် မနည်းကြီး ကြိုးစားနေရသည်ကို တွေ့ရသောအခါ စိတ်အေးရသင့်သလောက် မအေးရနိုင် သည့်အပြင်မိမိကြောင့် အပိုတက်လာရသော ဘမြင့် အတွက် သနားအားနာ ဖြစ်၍နေလေ၏။
ထိုအတွင်း စောစောက ပျောက်သလိုရှိနေသော ဆာသည့်အသိဥာဏ်မှာ ရုတ်ချည်းဆို သလို ဦးဏှောက်အတွင်းသို့ ပြန်လည် ခုန်ဝင်လာသည်နှင့် တပြိုင်နက် တမနက်လုံး အစာမစားရသေးသဖြင့် အစာလိုသည်ဟု နို့တစ်ပေးလိုက်သကဲ့သို့ ရင်တွင်းမှလည်း အူတကြုတ်ကြုတ် ဖြစ်လာပြီး လည်ချောင်းတွင် ပူလာသဖြင့် မိမိအတွေးတို့ကို ဖြတ်လိုက်ရကာ ရေအိုးစင် ရှီရာသို့ တဖန်သုတ်ခြေတင်ခဲ့ ရပြန်လေ၏။
ရေတကျိုက်ကျိုက် အားရပါးရ သောက်နေစဉ်မှာပင် လမ်းထိပ်ဘက်ဆီမှ ဆူညံပြေးလွှားသံ၊ ကုလားများ၏ ဟစ်အော်သံများကို မပီမသ သဲကနဲ သဲကနဲ ကြားလိုက်ရသဖြင့် အကြောင်းကို သိလိုဇောဖြင့် အိမ်ရှေ့ပြူတင်းပေါက်ဆီသို့ အပြေးအလွှား လာနေစဉ်ပင် ကလေးများ၏ ငယ်သံပါအောင် အော်လိုက်ကြသော အသံများ အကြားတွင် သေနတ် သုံးလေးချက်မျှ စဉ်တိုက် ပစ်ခတ်သံတို့ကို အတိုင်းသား ကြားရလေ၏။
ပြူတင်းပေါက်မှ ကြည့်လိုက်သည့်အခါတွင်ကား လမ်းထိပ်ဘက်တွင် ကမ္ဘာပျက် သကဲ့သို့ လူတွေ ပြေးလွှားနေကြပုံ၊ တုတ်ဓါးများကို ကိုင်ထားကြသော ကုလားမြန်မာများ ရိုက်နှက်ထိုးခုတ်နေကြပုံတို့မှာ စစ်ပွဲကလေးကျင်းပနေသကဲ့သို့ မှတ်ထင်ရလေ၏။
သိန်းလွင်သည် လမ်းဘက်သို့ ကြည့်နေရင်းက ဘမြင့်ကို သတိရမိသောအခါ ငယ်ထိပ်သွေးရောက်သွားသလို မျက်စိများ ပြာသွားလေ၏။
"ဘမြင့်... ဘမြင့်.... ဘယ့်နှယ်များ ဖြစ်မလဲ" ဟု ပါးစပ်က တဖြစ်တောက်တောက် ရေရွတ်ရင်း၊ အငြိမ်မနေနိုင်သကဲ့သို့ အိမ်ထဲသို့ ၀င်လိုက် ပြူတင်းပေါက်သို့ ထွက်လိုက်နှင့် စိတ်ဒုက္ခရောက်၍ နေလေ၏။
ထိုအတွင်း အိမ်အောက်ထပ်မှ ထိခိုက်ကွဲရှသံများ၊ ရိုက်နှက်သံများ၊ ကုလားများ၏ အော်ဟစ်သံများကို ကြားရသဖြင့် ပြူတင်းပေါက်မှနေ၍ ငုံ့ကြည့်လိုက်ရာ ဗမာလူရွယ် ၂၀ ခန့် ကုလားဟော်တယ်ကို ရိုက်နှက်ဖျက်ဆီးနေကြသည်ကို မြင်ရသဖြင့် ပဌမသော် အံ့အားသင့်သွားလေ၏။
၎င်းနောက် ဘာစိတ်ဘာလက် ပေါက်လာသည်မသိ၊ လုံချည်ကို ခါးတောင်းကျိုက် လိုက်ပြီးလျှင် လှေကားမှ တဒုံးဒုံး အပြေးဆင်းသွားလေ။
ခဏမျှကြာလျှင် သိန်းလွင်သည် အ၀တ်နှင့် ထုပ်ထားသော ပေါင်မုံ့ထုပ်ကြီးကို ထမ်းကာ ဆိုင်ပေါက်ဝမှ အထွက် ကုလားစစ်ပုလိပ်များကို တင်ဆောင်လာသော အာအီးတီကားကြီး ဆိုင်ရှေ့တွင် ထိုရပ်လိုက်သည်ကို မြင်လိုက်ရလေ၏။ ရုတ်တရက်ဆိုသော် မျက်စိများမှာ ပြာကနဲ ဖြစ်သွားကာ သတိလစ်သလို ရပ်နေမိပြီးမှ ချက်ချင်း ပြန်သတိရသကဲ့သို့ လှေကားသို့ လေးထစ်မျှ မနင်းလိုက်ရသေးမီ စူးရှသော သေနတ်သံကို ကြားလိုက်ရသည့် အဆုံးတွင် လှေကားရင်း၌ ခွေခွေကလေး လဲကျနေသော သိန်းလွင်ကို တွေ့ရလေ၏။
xxxxx xxxxx xxxxx xxxxx
လူသေများကို ထားရာ ခန်းမကြီး ဖြစ်လေ၏။ မာကျောတောက်ပြောင်သော ကျောက်ကြမ်းပြင်ပေါ်တွင် လူနှစ်ယောက်လျှောက်လာကြသော ခြေသံများမှာ ကြောက်မက် ဘွယ် ကောင်းလောက်အောင် ဆိတ်ငြိမ်နေသော ခန်းမကြီးတွင် အတိုင်းသား ကြားရလေ၏။
ထိုခြေသံနှစ်ခုသည် အခန်းမကြီးကို အလည်မှ ဖြတ်လာကြပြီး အနောက်တောင် ထောင့်ရှိ ခုတင်တခုအနီးသို့ ရောက်သောအခါ ရပ်တန့်သွားကြလေ၏။
ဆရာမသည် ခုတင်ခေါင်းရင်းဘက်သို့ လျှောက်သွားကာ လူသေဖုံးထားသော အ၀တ်ကို လှပ်လိုက်ပြီး ခြေရင်းတွင်ရပ်နေသော ဘမြင့်ကို ကြည့်လိုက်၏။ ဘမြင့်က ခေါင်းငြိမ့်ပြ လိုက်သောအခါ ဆရာမသည် အနီးရှိ တံခါးတခုမှ လှည့်ထွက်သွားလေ၏။
ဘမြင့်သည် အသက်မရှိသကဲ့သို့ မလှုပ်မယှက် ရပ်ကာ သိန်းလွင်၏ အလောင်းကို မျက်တောင်မခတ်သော မျက်လုံးများဖြင့် ငေးကြည့်နေလေ၏။
အ၀တ်များဖြင့် ရစ်ပတ်ထားသော သိန်းလွင်မှာ မည်သည့်အခါကမျှ ဒုက္ခအပေါင်းနှင့် မဆက်ဆံခဲ့ရဘူးသကဲ့သို့ တည်ငြိမ်အေးချမ်းသော မျက်နှာနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ သည်ဟု ထင်ရလေ၏။
"ဖြစ်မှဖြစ်ရလေ သိန်းလွင်ရာ....." ဟူသော စကားများမှာ ထိခိုက်ကြေကွဲလှသော ဘမြင့်၏ အသဲနှလုံးကြားမှ လွန့်တက်လာကြကာ ပါးစပ်မှ ညင်သာ ဖြေးလေးစွာ ထွက်သွားကြလေ၏။
ဘမြင့်မျက်လုံးအိမ်မှ ပူနွေးသော မျက်ရည်များမှာလည်း ပါးပြင်ပေါ်မှ လိမ့်စီးကျလာ ကြကာ အ၀တ်ဖြူဖုံးထားသော သိန်းလွင်၏ ခြေထောက်များပေါ်သို့ ကျဆင်း၍ နေကြလေ၏။
ထိုအတွင်း လုံချည်ပန်းရောင်ကို ဆင်တူဝတ်ထားကြသော ဆရာမကလေး လေးယောက် ပေါ်ပေါက်လာကာ သိန်းလွင်၏ မျက်နှာကို ပြန်ဖုံးလိုက်ပြီး ခုတင်ကလေးကို တွန်းယူသွားကြလေ၏။
ဘမြင့်သည် မျက်ရည်ပြည့်လဖမ်းသော မျက်လုံးများဖြင့် ဆရာမကလေးများ တွန်းသွားကြသော ခုတင်ကလေး ထောင်ချိုးတခုတွင် ပျောက်ကွယ်သွားသည်ကို နောက်ဆုံး ကြည့်ခြင်းမျိုးဖြင့် မျှော၍ ကြည့်နေလိုက်လေသတည်း။
ဘဟိန်း
{၁၉၃၈- ခု ဒီဇင်ဘာလထုတ် ဒဂုန်မဂ္ဂဇင်း}
စာပေမွေ့သူ ဘဟိန်း
အထက်ပါ 'ဘ၀ခရီး' ၀တ္ထုတိုကလေးမှာ ကွယ်လွန်သူ ကွန်မြူနစ်ပါတီခေါင်းဆောင် ကိုဘဟိန်း ရေးခဲ့သော စာပေများအနက် တခု ဖြစ်ပေသည်။
ကိုဘဟိန်း၏အမည်ကို ၁၉၃၆ ခု၊ ကျောင်းသားသပိတ်ကတည်းက ကြားဘူးကြပေ လိမ့်မည်။ သူသည် အထက်မြန်မာပြည် ကျောင်းသားသပိတ်ခေါင်းဆောင် ဖြစ်ခဲ့သည်။ ပဌမဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကြီး စတင်တည်ထောင်သူ တဦးလည်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသောအခါ တက္ကသိုလ်သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့တွင် အတွင်းရေးမှူး၊ ဥက္ကဌ စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ကြွေးကြော်သံဖြစ်သော မျိုးညွန့်မဂ္ဂဇင်း အယ်ဒီတာချုပ်လည်း လုပ်ခဲ့သည်။
သူသည် 'ဓနရှင်လောက' စသော ကွန်မြူနစ်ဝါဒအခြေခံ စာအုပ်များအပြင် ရံဖန်ရံခါလည်း ၀တ္ထုတိုများ ရေးသားလေ့ရှိသည်။
အယ်ဒီတာ
တာရာမဂ္ဂဇင်း။
[တာရာမဂ္ဂဇင်း အတွဲ၃၊ အမှတ်၂၀ မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။]
Wednesday, April 29, 2009
Tuesday, April 28, 2009
ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း
ရေးသူ-မောင်အေးဝင်း
ဗမာပြည်မှာတုန်းက၊ စာအုပ်ထုတ်ဝေရေးတွေလုပ်၊ အရှုံးတွေပေါ်၊ ကြွေးတွေတင် (မိဘဆွေမျိုးတွေအပေါ်မှာ)။ ခု အမေရိကရောက်တော့ ပထမဆုံးရတာက လေယာဉ် လက်မှတ် ကြွေးဆပ်ဖို့ စာအုပ်ကလေး။ USCC ရဲ့ အပြောလေးက သူတို့ဌာနမှာလဲ ပိုက်ဆံ များများ စားစားမရှိပါဘူး၊ နောက်မှာ ကိုယ့်လိုပဲ ဒီကိုလာဖို့ တန်းစီစောင့်နေသူတွေကို သနား သောအားဖြင့် အလုပ်အကိုင်ရခဲ့ရင် တလကို အနည်းဆုံး ၁၂ ဒေါ်လာလောက်တော့ သွင်းသွားပါတဲ့။ ကိုယ်လဲ ပထမနှစ်လ ဒေါ်လာ ၅၀ စီသွင်းပြီး၊ တတိယလ ကျန်တဲ့ငွေ အပြေသွင်းလိုက်တယ်။
ရန်ကုန်မှာ ပန်းဘဲတန်းရဲက မိတ်ဆွေတဦး မကြာမကြာပြောဘူးတယ်။ သူက ကီလီ ရဲရိပ်သာမှာ နေတာ။ သူ့ဆရာ ဗိုလ်မှူးကြီးက ရဲချုပ်ဖြစ်တော့ သူက အသွင်ပြောင်း ရဲအုပ်ဖြစ်ပြီး စီးပွါးရေးအချက်အချာကျတဲ့ ပန်းဘဲတန်းလို နေရာမှာ တာဝန်လာကျတယ်။ ပင်ကိုယ် စိတ်ဓါတ်ကကောင်းတော့ အကြံအဖန်မလုပ်ဖူး၊ အကြွေးတွေက ပတ်လည်ဝိုင်းလို့။ သူနေတဲ့ ကီလီရဲရိပ်သာက အိမ်မှာ သူ့နဲ့လိုက်ပြီး မကြာမကြာ အရက်သောက်ဖြစ်ကြတယ်။ ကိုယ်ရောက် သွားရင် သူတို့ ရဲရိပ်သာနားတ၀ိုက်က ဘီအီးရောင်းတဲ့ အိမ်ကို ပုလင်းကလေး နှစ်လုံးနဲ့ ပိုက်ဆံပေးပြီး လူလွှတ် အရက်ဝယ်ခိုင်းတယ်။ ပါးစပ်ကလဲ ပြောသေးတယ်။ ကိုအေးဝင်း- နိုင်ငံတော်တောင် ကြွေးတွေပတ်လည်ဝိုင်းနေတာ ထွန်းငွေတယောက် ကြွေး တင်တာ ဘာမှုစရာလဲတဲ့။
ကိုယ်ရောက်ရောက်ချင်းညမှာ ပထဆုံးရောက်လာသူက မော်ကြီး။ ၇၆-၇၈ အင်းစိန် တောရမှာ အတူစံဖက်။ သူ့ဇနီးက စာရေးဆရာမ မာလုစံ၊ စာရေးကောင်းတယ်။ အမေရိကရောက်ပြီး သူ့ဝတ္ထုတွေ မတွေ့ရတော့ဘူး။ မရေးဖြစ်တော့ဘူးထင်ပါရဲ့။ နှမြောစရာ။ ထိုင်းမှာ စောဖိုးကြူးရယ်၊ ကိုဌေးဝင်းရယ်၊ ကိုယ်ရယ် ချို့ချို့တဲ့တဲ့ နေနေရတဲ့အချိန်၊ ငှက်ကြီးလို့ အမည်တွင်တဲ့ တင်မောင်ဌေးကလဲ ကိုယ်တို့ဆီ မကြာမကြာ ဖွတ်လာတက်တဲ့အချိန်၊ မော်ကြီးက အမေရိက ကနေ သူ့ ရဲဘော်ရဲဘက် လေးယောက်ကို ငွေကြေးထောက်ပံ့ ရှာတယ်။ ခုလဲ ညတွင်းချင်း ရောက်ချလာတယ်။
ကိုယ်နေရတဲ့ မြို့ကလေးက Inglewood တဲ့။ အိမ်ဝင်းထဲမှာ တထပ်အိမ်နှစ်လုံးတွဲ၊ နှစ်အိမ်ပါတယ်။ တအိမ်မှာ အိမ်ရှင်မျက်နှာဖြူ အဖိုးကြီးအဖွားကြီးနေတယ်။ သူ့နဲ့ကပ်လျက်မှာ ကိုယ့်အဖေရဲ့ မိတ်ဆွေ ပါကစ္စတန်ကုလား တယောက်နေတယ်။ မျက်နှာချင်းဆိုင်မှာ၊ တအိမ်က ကလေးလေးတယောက်နဲ့ အိမ်ရှင်အဖိုးကြီးမြေးမ လင်မယားနေတယ်။ သူ့နဲ့ကပ် လျက်က ကိုယ့်ညီမ နေတယ်။ ကိုယ်လာမယ်ဆိုလို့ အိမ်ရှင်အဖိုးကြီးက သူ့ခြံထဲက ပစ္စည်းတွေထားတဲ့ ကားဂိုဒေါင်ခန်းကို လူနေရအောင် ရေချိုးခန်း၊ အိမ်သာ တပ်ဆင်ပေးပြီး တလဒေါ်လာတရာနဲ့ ကိုယ့်ကိုငှားတယ်။ ဆွဲဆန့်ရင် ကုတင်ဖြစ်တဲ့၊ စပရင်ကျိုးနေလို့ အလည်ခေါင်မှာ ချိုင့်နေတဲ့၊ အသွေးအရောင် မပေါ်သော ဆိုဖာခုတင်တလုံးပေးထားတယ်။ အိမ်ရဲ့ သစ်သားနံရံတွေက ပိုးစားနေပြီဖြစ်တော့ အိမ်ထဲကနေ အပြင်အလင်းဖက်ကို ကြည့်ရင် တကယ်ပဲ ကြယ်မြင်လမြင်။
ညီမက အမေ နေမကောင်းလို့ ဗမာပြည်ပြန်သွားတော့ ကိုယ်က ကိုယ့်ဂိုဒေါင်အိမ် ကလေးကို ခဏစွန့်ခွါပြီး သူ့အခန်းမှာ အိမ်စောင့်ရင်း ခဏတဖြုတ် ကောင်းကောင်းမွန်မွန် နေလိုက်ရတယ်။ သူက မှာသွားတယ်၊ ရပ်ကွက်က လူမဲတွေချည်းပဲ၊ ဟိုဟိုသည်သည် လျှောက်မသွားနဲ့တဲ့။ ရောက်ခါစ တောသားကို ချိမ်းခြောက်သွားတာ။
ကိုယ်ကလဲ ရောက်ခါစ သုံးလေးရက်တော့ ဘယ်မှမသွားပဲ၊ စားလိုက်သောက်လိုက်၊ အိပ်လိုက်နေလိုက်တယ်။ အင်မတန် ပျင်းစရာကောင်းတာပဲ။ တပါတ်လောက်ကြာတော့ ထွက်စရာ လမ်းက ပေါ်လာတယ်လေ။ ပေါင်မုံ့ကုန်နေပြီ။ မနက်အိပ်ယာနိုးရင် စားဖို့မရှိဘူး။ ဒီမှာက ထိုင်းမှာလို အိပ်ယာကထရင် အိမ်ပြင်ထွက်လိုက်တာနဲ့ စားစရာဆိုင်မတွေ့ဘူး။။ ကိုယ့်ပြေကိုယ့်ရွာလို အိမ်ရှေ့က ဖြတ်သွားတဲ့ ဈေးသည်လဲ ခေါ်ဝယ်စားလို့မရ။ ဒီတော့ အိမ်နားက 7-11 ကို စွန့်စွန့်စားစား လမ်းလျှောက်သွားလိုက်တယ်။
7-11 ထဲမှာ ပေါင်မုံ့ယူပြီး ငွေပေးမလို့ တန်းစီနေတုန်း၊ ငွေပေးတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဆိုင်ထဲက ပစ္စည်းတွေကို စာရင်းမှတ်နေတဲ့ အမျိုးသမီးတယောက်ကို တွေ့လိုက်တယ်။ ကိုယ် သိဖူးတဲ့ တယောက်နဲ့ အရမ်းတူလွန်းလို့ အနားကပ်သွားပြီး ဗမာပြည်ကလားလို့ ကိုယ်က သူကို မေးလိုက်မိတယ်။ သူ့ရဲ့ အံ့သြသွားတဲ့ အကြည့်ဟာ ကိုယ့်အဖို့ သေချာသွားတာမို့ ကျော်ဝင်းအမျိုးသမီး မဟုတ်လားလို့ ထပ်မေးလိုက်တယ်။ သူ့မျက်နှာဟာ အံ့သြပြုံးရွှင် ၀င်းလက်သွားရာက ဟာ- စာအုပ်ဆိုင်က ဦးလေးကြီး မဟုတ်လားတဲ့။ ကိုကျော်ဝင်းအိမ်မှာရှိတယ်၊ သူသိရင် အရမ်းဝမ်းသာမှာပဲ ဆိုပြီး ဖုံးနံပါတ်လဲ ရေးပေး၊ ခုခေါ်လိုက်လို့လဲပြောပြီး၊ စကားတွေလဲ အတော်များများ ပြောလိုက်ကြတယ်။
အိမ်ပြန်ရောက်ရောက်ချင်း ဖုံးခေါ်လိုက်တာ၊ ခုချက်ချင်း လာခဲ့မယ်ဆိုပြီး ငါးမိနစ် တောင် မကြာလိုက်ဘူး၊ ကိုကျော်ဝင်း ရောက်ချလာတယ်။ သူကလဲ ကိုယ်နေတဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာပဲ နေတာကိုး။ Inglewood မြင်းပြိုင်ကွင်းနားမှာ။
ရန်ကုန်မှာတုန်းက ကိုယ့်စာအုပ်အငှားဆိုင်နဲ့ နှစ်ခန်းကျော်မှာ သူတို့ ပိုင်တဲ့ အခန်းရှိတယ်။ အခန်းငယ်တွေကန့်ပြီး လက္ခဏာဆရာ၊ သွားဆေးခန်း၊ ဗမာဆေးဆိုင်တွေကို ငှားစားတယ်။ သူက အခန်းမျက်နှာစာမှာ မှန်ဘီဒိုကလေးတလုံးချပြီး ဗွီဒီယိုခွေငှားတယ်။
ကိုယ်က သူ့ဆီ ဗွီဒီယိုငှား၊ သူတို့ လင်မယားက ကိုယ့်ဆီမှာ ၀တ္ထုစာအုပ်တွေ၊ သိုင်းဝတ္ထုတွေ ငှားဖတ်တယ်။ မမျှော်လင့်ပဲ ရန်ကုန်မှာတုန်းက အိမ်နီးချင်းတိုက်ချင်းကပ်လျက် ဟာ၊ အမေရိကမှာ တရပ်ကွက်ထဲ လာဆုံနေပြန်ရော။
သူက ဖုံးနံပါတ်တခု ထုတ်ပေးပြန်တယ်။ ဒီဖုံးကို ဆက်လိုက်၊ ခင်ဗျား အသံကြားရင် သူတို့ အံ့သြ၀မ်းသာသွားကြမယ် ပြောတယ်။ ကိုယ်တို့ ငယ်ငယ်တုန်းက အာရှမှာ နံမည်ကြီး၊ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကိုကိုကြီးနဲ့ သူ့ဇနီး မဘေဘီ။ သူတို့မိသားစုကလဲ ကိုယ့်အဖေအမေ၊ အဖိုးအဖွားတွေနဲ့ ဆွေမျိုးတွေလို နေလာခဲ့ကြတာ။ စကားပြောရတာကိုက ပျော်စရာကြီး။
နောက်တနေ့မှာ မမဘေဘီ ပုဇွန်ထုပ်ကြီးတွေနဲ့ ဒန်ပေါက်ချက်ပြီး ရောက်ချလာတယ်။
ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးဆိုတာ ဒါပဲဖြစ်မှာ။ ကိုယ်သဘောပေါက်တာက ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းပါ။
မောင်အေးဝင်း။
အင်္ဂါနေ့၊ ၂၈ ဧပြီ၊ ၂၀၀၉။

ပထမနေ့၊ ပထမအစာ၊ ပထမဆုံးရုံးလုပ်ငန်းနဲ့ ပထမဆုံးအကြွေးစာအုပ်
ရေးသူ-မောင်အေးဝင်း
ဒုက္ခသည်တွေကို ကူညီတဲ့ အဖွဲ့အစည်းတခုက လေယဉ်လက်မှတ် စိုက်ထုတ်ကူညီ လိုက်လို့ အမေရိကကို North West Air Line စီးပြီး ကိုယ်ရောက်လာခဲ့တယ်။ ပိုက်ဆံကတော့ အိတ်ထဲမှာ ထိုင်းပိုက်ဆံ ၁၁ ဘတ်ပဲ ပါတယ်။ ဒုံမောင်းကို လာရတဲ့ တက္ကစီခ၊ မနက် အစောကြီး အိပ်ရာကထပြီး (တကယ်တော့ တညလုံးမအိပ်ပဲ) လေဆိပ်ကို လိုက်ပို့ကြတဲ့ စောဖိုးကြူး၊ ကိုဌေးဝင်းတို့နဲ့ နှုတ်ဆက်မနက်စာ အိတ်သွန်ဖာမှောက် စားလိုက်ကြတာ၊ အိတ်ထဲ ၁၁ ဘတ်ပဲ ကျန်တယ်။
လာကြိုမယ့် ညီမနှစ်ယောက်နဲ့ လေဆိပ်မှာ မတော်တဆ လွဲနေရင်၊ ငါ ဘာလုပ်မလဲ။ တယ်လီဖုံးဆက်ဖို့လဲ အမေရိကန်ပိုက်ဆံ အိတ်ထဲ မပါဘူး။ အိတ်ထဲပါတဲ့ ထိုင်းပိုက်ဆံ ၁၁ ဘတ်ကို ဘယ်သူက အမေရိကန်ပိုက်ဆံ လဲပေးမှာလဲ။ လဲလို့ရဦးတော့ အဲဒီတုန်းက တဒေါ်လာကို ဘတ် အစိတ်။ အမေရိကန်ပိုက်ဆံ ပြား ၅၀ တောင်မရဘူး။ ပူပန်စိတ်တွေ၊ ကြောက်စိတ်တွေ တပြုံတခေါင်းနဲ့ အမေရိကကို ကိုယ်ခြေချခဲ့တယ်။
ကိုယ်စီးလာတဲ့ လေယာဉ်မှာ ကိုယ့်လို ဒုက္ခသည် အယောက် ၅၀ ကျော်လောက်ပါ လာတာ ဗမာဆိုလို့ ဆေးကျောင်းသူ မိန်းကလေးတယောက်ရယ် ကိုယ်ရယ်။ အဲဒီ မိန်းကလေးကလဲ ၀ါရှင်တန်ဒီစီကို ဆက်သွားရမှာမို့ လေယာဉ်ပြောင်းစီးဖို့ ထွက်သွားပြီ။ လော့စ်အိန်ဂျယ်လိစ် လေယာဉ်ကွင်း လူဝင်မှုကြည့်ကြပ်ရေးအခန်းကြီးထဲ လာအို-ဗီယက်နမ် ဒုက္ခသည်တွေနဲ့ ကိုယ်ပဲ။ ကိုယ့်မှာက အ၀တ်အစား လေး-ငါးစုံရယ်၊ ပစ္စည်းတိုလီမုတ်စတွေ ပါတဲ့ လက်ဆွဲသရေသေတ္တာငယ်တလုံးပဲ။ လေယာဉ်မှာ ပစ္စည်းခ ပေါင်ပို ပေးရမှာကြောက်ပြီး ပိုင်ဆိုင်တွေ အတော်များများကို ထိုင်းမှာချန်ထားခဲ့ရတယ်။ လာအို-ဗီယက်နမ်ဒုက္ခသည်တွေ မှာတော့ မိသားစုအလိုက် ရွှေ့ပြောင်းကြတာဆိုတော့ မိသားစု တစုတစုကို သယ်ကြတဲ့ များလိုက်တဲ့ ပစ္စည်းတွေ။
လေဆိပ် လ၀က အရာရှိကလဲ ဒုက္ခသည်တွေရဲ့ စာရွက်စာတမ်းတွေကို ရေးနေသားနေလုပ်နေ လိုက်တာ စိမ်ပြေနပြေပဲ။ တနာရီလဲ မပြီး၊ နှစ်နာရီလဲ မပြီး။ ကိုယ်ကတော့ လာကြိုတဲ့သူတွေ ကိုယ့်ကို မတွေ့လို့၊ ဒီလေယာဉ်မှာ မပါဘူးထင်ပြီး ပြန်သွားမှာပဲ စိတ်ပူနေပြီ။
တော်ပါသေးရဲ့။ သူတို့ကလဲ ကိုယ်ထွက်မလာမချင်း ဇွဲနဲ့ စောင့်နေကြတယ်။
လေယာဉ်ပျံပေါ်မှာ ကြွေးတာတွေကို မစားနိုင်လို့ တလမ်းလုံး ဘာမှ စားမလာခဲ့ရဘူး။ ဘန်ကောက်ကနေ ဂျပန်နိုင်ငံ နရိတ အထိ၊ ဘီယာနှစ်ဗူးနဲ့ ၀ီစကီ ၄ ပက်။ နရိတ က လော့စ်အိန်ဂျယ်လိစ်အရောက် ဘီယာနှစ်ဗူး၊ ၀ီစကီ ၄ ပက်။ စုစုပေါင်း ဘီယာလေးဗူး၊ ၀ီစကီ ရှစ်ပက်ကို အမြီးမယ်မယ်ရရ မရှိပဲ၊ ဆယ့်လေးငါးနာရီခရီးကို အိပ်လိုက် သောက်လိုက် လုပ်လာတာ။ ၀မ်းထဲမှာ ဆာလောင်မှုက ကမ်းကုန်နေပြီ။ ဗိုက်ထဲမှာ ဗွိုင်လာအိုးကြီးတအိုးလို ပူလောင်ဆူပွက်နေပြီ။
ညီမနှစ်ယောက်အနက် အတူနေမယ့် ညီမက ညနေမှတွေ့မယ်၊ အလုပ်ပြန်သွားရအုန်းမယ် ပြောပြီး၊ လေဆိပ်မှာပဲ နှုတ်ဆက်ပြီး၊ သူ့အလုပ်ကို ပြန်သွားတယ်။ သူ့အထက်အကြီး ညီမက ခွင့်တရက်ယူထားမို့ သူ့နဲ့ လုပ်စရာရှိတာတွေ လျှောက်လုပ်ရမယ်။
အမေရိကမြေကို ရောက်ရောက်ချင်း စားရတာ၊ ကိုယ်နေရမဲ့ အိမ်နားမှာရောင်းတဲ့ တရုတ်စားသောက်ဆိုင် ကလေးက ကော်ပြန့်ကြော်။ ကိုယ်က ကားပေါ်က စောင့်နေတယ်၊ ညီမက ပြေးဆင်းသွားပြီး စက္ကူအိပ်ကလေးနဲ့ ထည့်ဝယ်လာ တာ ကော်ပြန့်ကြော် နှစ်လိပ်။ ဒါအဆာပြေစားထား။ သွားစရာ၊ လုပ်စရာတွေ ရှိတယ်လို့ ပြောတယ်။
ကိုယ်လဲ ငတ်ငတ်နဲ့ ကော်ပြန့်ကြော်ပူပူကြီးကို အငမ်းမရ စားလိုက်တာ၊ လျှာလောင်သွားရော။ အေးတဲ့အထိ မစောင့်နိုင်လို့ ကားပေါ်မှာတင် ကော်ပြန့်ကြော်ကို ပါးစပ်ကမှုတ်ရင်း စားလာခဲ့တာ။ ဒီကော်ပြန့်ကြော်က တသက်မှာ စားသမျှ ကော်ပြန့်ကြော်ထဲ အကောင်းဆုံးလို့တောင် ထင်ရတယ်။
ပြီးတော့ အိမ်မှာ ပစ္စည်းအထုတ်အပိုးတွေ ၀င်ထားပြီး၊ အိမ်နားက social security ရုံးကို social security လက်မှတ်လုပ်ဖို့ သွားကြတယ်။ ညီမက ကိုယ့်ကို ကြိုဖို့ အလုပ်က ခွင့်တရက်ယူရတာ၊ နောက်တနေ့ ခွင့်ထပ်မယူရအောင် တနေ့ထဲ လုပ်စရာရှိတာတွေ အကုန် တခါထဲ လုပ်လိုက်မလို့တဲ့။
လေဆိပ် လူဝင်မှုကြည့်ကြပ်က ပေးလိုက်တဲ့ စာရွက်စာတမ်းတွေနဲ့ social security လုပ်လို့ရတယ်။ ဒါပေမယ့် ရုံးက ထုတ်ပေးလိုက်တဲ့ ယာယီ social security စာရွက်ကို ကြည့်လိုက်တော့ နံမည်က ရှေ့နောက်အစီအစဉ်လွဲ နေတယ်။ 'အေးဝင်း' ဖြစ်ရမယ့်အစား '၀င်းအေး' ဖြစ်နေတယ်။ အဲဒီရုံးက လူတွေကို ပြောပြတော့ လူဝင်မှုကြည့်ကြပ်က ပေးလိုက်တဲ့ စာရွက်ပေါ်ကအတိုင်း လုပ်တာ။ ပြင်ချင်ရင် လူဝင်မှုကြည့်ကြပ်က ပြင်ပေးမှ သူတို့ ပြင်လို့ရမှာတဲ့။
ဟုတ်တယ်။ ကြည့်လိုက်တော့ လေဆိပ်က အရာရှိက ဒီလိုပဲ ရေးလိုက်တာ။ ထိုင်းမှာ ပုံစံစာရွက်တွေ မှန်သမျှ first name အရင်လာတယ်။ ပြီးမှ last name။ ဒီတော့ ထိုင်းတွေက ကိုယ့်နာမည်ကို ရာဘာတဆိပ်လုပ်ထားပြီး အေးဝင်းတွေချည်း နှိပ်ပစ်တာ။ အမေရိကန်ပုံစံ စာရွက်တခုမှာ last name အရင်လာပြီး၊ first name နောက်မှ လာတာကို ကိုရွှေထိုင်းတွေက မကြည့်ပဲ ထုံးစံအတိုင်း တဒုံးဒုံးနဲ့ နာမည်တဆိပ်တုံးကို ထုလိုက်ပုံရတယ်။ အဲဒီစာရွက်ကလဲ စာရွက်တွေ အားလုံးရဲ့ အပေါ်ဆုံးက တင်ရတဲ့ စာရွက်ဖြစ်နေတော့၊ လေဆိပ်ကလဲ ဒါကိုပဲ ကြည့်ပြီး social security ရုံးကို ပေးရမယ့် စာရွက်မှာ ရေးလိုက်တာကိုး။
ကိုယ်က ဒါကို ပြင်ချင်တော့ လော့စ်အိန်ဂျယ်လိစ်မြို့ထဲက လ၀ကရုံးကို ပြေးရပြန်ရော။ ဟိုရောက်တော့ လောလောဆယ်တော့ ဒီအတိုင်းအတည်ပဲ။ ပြင်လို့မရတော့ဘူး။ ငါးနှစ်ပြည့်လို့ နိုင်ငံသားလျှောက်လွှာတင်တော့မှ ပြင်လိုက်တဲ့။ ခုဒီအတိုင်းပဲသွား- ရပါတယ်လို့ ပြောလိုက်တယ်။ တနေ့ထဲ ကိစ္စပြီးချင်တာနဲ့ အိမ်နားက ပထမသွားခဲ့တဲ့ social security ရုံးကို ပြန်လာပြီး ဒီအတိုင်းပဲ '၀င်းအေး' နဲ့ ကိစ္စပြီးသွားတယ်။
ညီမနဲ့အတူ co-sponsor လုပ်တဲ့ လော့စ်အိန်ဂျယ်လိစ် ၉ လမ်းက USCC ရုံးမှာလဲ ရောက်ပြီဖြစ်ကြောင်း၊ မြို့ထဲရောက်တုန်း ၀င်ပြီးအကြောင်း ကြားရသေးတယ်။ သူတို့က ကိုယ် အမေရိကရောက်ရင် အကြောင်းကြားပါလို့ sponsor အတူတွဲလုပ်တဲ့ညီမကို မှာထားလို့။ သူတို့ရုံးက ဖြတ်ပိုင်းစာရွက်လို ဖြဲလို့ရတဲ့ စာအုပ်ကလေး တအုပ်ရယ်၊ စာရွက်စာတမ်းတွေရယ်၊ ပေးလိုက်တယ်။ စာရွက်စာတမ်းတွေထဲမှာ သူတို့ စိုက်ပေးထားတဲ့ လေယာဉ်လက်မှတ်ခ ဒေါ်လာ ခြောက်ရာကျော်ကို အလုပ်အကိုင် အဆင်ပြေတဲ့အခါ တလ နည်းနည်း ဖဲ့ဆပ်ဖို့လဲ ရေးထားတယ်။ ဖြတ်ပိုင်းစာအုပ်လေးက ကြွေးစာရင်းဖြတ် ပိုင်းကလေး။ အကြွေးဆပ်တိုင်း ကိုယ့်ပေးသွင်းငွေကို ရေးပြီး သူ့ဆီတရွက်ပို့၊ ကိုယ့်မှာလက်ခံတရွက်သိမ်း ထားဖို့။
ဒါက အမေရိကရဲ့ ပထမနေ့၊ ပထမဆုံးစားတဲ့ လျှာလောင်သွားတဲ့ ကော်ပြန့်ကြော်၊ ပထမဆုံး ဟိုပြေးဒီပြေး ပြေးရတဲ့ ရုံးကိစ္စ၊ ပထမဆုံးရတဲ့ အကြွေးစာရင်းစာအုပ် ပါပဲ။
မောင်အေးဝင်း။
တနင်းဂနွေ၊ ဧပြီ ၂၆၊ ၂၀၀၉။

Monday, April 13, 2009
စာအုပ်တန်း
ရေးသူ-မြသန်းတင့်
ကျွန်တော်သည် ခပ်လှမ်းလှမ်းမှ ရပ်၍ စာအုပ်တန်းကို ငေးကြည့်နေမိလေသည်။ ငယ်ငယ်တုန်းကတော့ စာအုပ်တန်းမှန်သမျှကို ရောက်သည်။ မြက်ပင်ကို ဆိတ်ဝါးသလို စာအုပ်တွေကို တအုပ်ပြီးတအုပ် ကောက်လှန်ပြီး မြည်းစမ်းကြည့်သည်။ ဘာရယ်လို့ မဟုတ်။ ရှေ့နားက စာကို ကောက်ဖတ်လိုက်၊ အလယ်နားလောက်ကို ကောက်လှန်လိုက်၊ အမြီးပိုင်းကို ကျော်ကြည့်လိုက်၊ စိတ်မ၀င်စားလျှင် ထိုစာအုပ်ကို ချပြီး နောက်တအုပ်ကို ကောက်လှန် ပြန်သည်။ သည်လိုဖြင့် စာအုပ်တန်းတလျှောက်တွင် တဆိုင်ပြီးတဆိုင် စာအုပ်ပုံတွေကြား ထဲတွင် တအုပ်ပြီးတအုပ် ကောက်မြည်းကြည့်သွားသည်။ ဆိတ်တကောင် လျှောက်သွားပြီး မြက်ပင်ကလေးတဆုပ်ကို တဖြုတ်ဖြုတ်ကောက်ဝါးလိုက်၊ တဖန် တနေရာသို့ လျှောက်သွားပြီး မြက်တဆုပ်ကို ကောက်ဝါးလိုက်ဖြင့် မြက်ခင်းကျယ်ကြီးတခုလုံး နေရာအနှံ့လျှောက်သွားနေ သော်လည်း စား၍မ၀နိုင်သလို စာအုပ်တောထဲတွင် ကျွန်တော်လျှာက်သွားခဲ့သည်။ စာအုပ်တန်းသို့ ရောက်တိုင်း ကျွန်တော်သည် မြက်ခင်းပြင်ကျယ်ကြီးတွင် ဆိတ်မြက်စားသလို မ၀နိုင်၊ မတင်းတိမ်နိုင်ဘဲ စာအုပ်တွေ့သမျှ ကောက်မြည်းကြည့်သည်။ မကြိုက်လျှင် နောက်တအုပ်ကို ကောက်မြည်းသည်။ ကြိုက်လျှင် ၀ယ်လာခဲ့သည်။
ငယ်ငယ်တုန်းကတော့ အချိန်လည်း ရသည်။ မျက်စိအမြင်အားလည်း ကောင်းသေးသည်။ ယခုတော့ ငယ်ငယ်တုန်းကလို စာအုပ်တွေ့သမျှကို မ၀ါးနိုင်တော့ပြီ။ စာအုပ်တန်းကိုရောက်လျှင် စာအုပ်တွေ့သမျှကို လှန်ချိန်မရတော့။ မျက်စိအားကလည်း နည်းလာပြီ။ စာအုပ်ဆိုင်တန်းများတွင် ခင်းထားသော ရောင်စုံပြိုးပြက်နေသည့် စာအုပ်များကို သာ မြင်ရသည်။ သို့ရာတွင် ခပ်လှမ်းလှမ်းက စာအုပ်များကိုမူ ခေါင်းစဉ်များကို ဖတ်၍ မသဲကွဲတော့။ စာအုပ်တိုင်း စာအုပ်တိုင်းကို ကပ်ကြည့်နေ၍လည်း မဖြစ်။ ဆိုင်ရှင့်မျက်နှာကို လည်း ကြည့်ရသေးသည်။ စာအုပ်မြင်သမျှအား ကောက်ကိုင်နေသည်ကို ကြိုက်ပုံမရ။ ထို့ကြောင့် စာအုပ်တန်းရောက်လျှင် ကျွန်တော်သည် ငယ်ငယ်တုန်းကလို စာအုပ်များကို တအုပ်ပြီး တအုပ် မမြည်းနိုင်တော့။ အဝေးမှ လှမ်းကြည့်ရုံသာ တတ်နိုင်တော့သည်။ သို့ရာတွင် ခေါင်းစဉ်တွေကို သဲကွဲခြင်း မရှိ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက စာအုပ်တန်းသည် သည်လောက်လည်း စာအုပ်အမျိုး အမည် မစုံ။ သည်လောက်လည်း အရေအတွက်မများ။ ထိုစဉ်က စာအုပ်ဆိုင်ကြီးဆို၍ ဆူးလေဘုရားလမ်းက စမတ်အင်မူကာဒမ်၊ ပန်းဆိုးတန်းက စီးတီးဘွတ်ကလပ်၊ ကုန်သည်လမ်းက သည်အက်ဂျူကေရှင်းနယ် ဘွတ်စတောနှင့် စပတ်လမ်း(ဗိုလ်အောင်ကျော် လမ်း) က စတင်းဒတ်လစ်ထရေးချားဟောက်စ် လောက်ပဲရှိသည်။ ထိုဆိုင်ကြီးများက စာအုပ်သစ်တွေကို တင်ကြသည်။ သို့ရာတွင် စာအုပ်သစ်တိုင်းကို ကျွန်တော်မ၀ယ်နိုင်။ တခါက ကျွန်တော်သည် ဆမ္မားဆက်မွန်၏ စာအုပ်ကို မ၀ယ်နိုင်သဖြင့် စမတ်အင်မူကာဒမ်သို့ နေ့စဉ် သွား၍ဖတ်သည်။ နောက်တော့ အစောင့်ကုလားကသိ၍ စာအုပ်ကို သိမ်းထားလိုက် သဖြင့် မဖတ်ရတော့။ ထိုစာအုပ်ကိုမေးတော့ ၀ယ်သွားပြီ မရှိတော့ဟု ပြောလိုက်သည်။ အမှန်ကတော့ မ၀ယ်သေး။ ကျွန်တော့်ရှေ့မှာပင် လူတယောက် ထိုစာအုပ်ကို လာဝယ်ရာ စပွဲအံဆွဲထဲတွင် သိမ်းထားရာမှ ထုတ်ရောင်းလိုက်သည်ကို မြင်ရသည်။
နောက်တော့ စမတ်အင်မူကာဒမ်၏မြေးက ကျွန်တော့်အား ကျောင်းသားမှန်း သိသွားကာ မ၀ယ်နိုင်သည့်တိုင် စာအုပ်လာဖတ်မှန်းသိလျှင် ကြည်ကြည်ဖြူဖြူ ခွင့်ပြုသည်။ သူ့တပည့် ကုလားများအားလည်း ကျွန်တော်စာအုပ်လာဖတ်လျှင် ဖတ်ခွင့်ပေးလိုက်ပါဟု ပြောထားသည်။
"တို့ဆိုင်က တို့အဖိုးတွေ လက်ထက်ကတည်းက ဖွင့်လာတဲ့ဆိုင်။ မြန်မာပြည်ကို အင်္ဂလိပ်သိမ်းပိုက်ပြီးကတည်းက ဖွင့်တာ။ တို့အဖိုးက စာအုပ်ဝါသနာပါတယ်။ ဒါကြောင့်မို့ ဒီစာအုပ်ဆိုင်ကို ဖွင့်ထားတာ။ မင်းတို့ ကျောင်းသားတွေ ဖတ်ချင်တဲ့ စာအုပ်ရှိရင်လဲ ပြောကြ၊ ငါမှာပေးမယ်၊ ပိုက်ဆံမရှိရင်လဲ ငါ့ဆိုင်မှာ လာဖတ်နိုင်တယ်" ဟု ခွင့်ပေးသည်။ နောင်တွင် သူနှင့်ကျွန်တော်သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာခဲ့ကြလေသည်။
သူသည် တခါတခါတွင် ကျွန်တော်လိုချင်သော စာအုပ်ကို သူ့နိုင်ငံခြားငွေထဲမှ ထုတ်၍ မှာပေးတတ်သည်။ မှာလိုက်လျှင် ဘယ်လောက်မှ မကြာ။ တပတ်အတွင်း စာအုပ်ရောက်လာ သည်။ မှတ်မှတ်ရရ အင်္ဂလိပ်စာရေးဆရာ ရာဖောက်စ်ရေးသည့် '၀တ္ထုနှင့်ပြည်သူ' ဆိုသော စာအုပ်ကို သူမှာပေးသဖြင့် ကျွန်တော်ဖတ်ရခြင်း ဖြစ်သည်။ တခြားစာအုပ်တွေလည်း အများကြီး။
ကျွန်တော်သည် ထိုစာအုပ်ဆိုင်ကို ဘယ်မျှ စွဲလန်းနေသည်ဆိုလျှင် ထိုစာအုပ်ဆိုင် (ဆူးလေဘုရားလမ်း ဆေးနှင့်ဆေးပစ္စည်းဆိုင်နေရာကလေး) ကို ယခုတိုင် အိပ်မက်ထဲတွင် မကြာခဏ မြင်မက်တတ်ပါသည်။
ပန်းဆိုးတန်းရှိ စီးတီးဘွတ်ကလပ်မှာ သူ့ထက်အခင်းအကျင်း ကျယ်ပြီး သူ့ထက်စာအုပ် ပိုစုံသည်။ သူ့ဆိုင်မှာ ကျောင်းသုံးစာအုပ်ပါ ရောင်းသဖြင့် ပိုပြီး စုံခြင်းဖြစ်သည်။ အပြင်စာအုပ် မှာမူ စမတ်အင်မူကာဒမ်လောက် စုံလင်ခြင်းမရှိ။ ကုန်သည်လမ်းရှိ သည်အက်ဂျူကေးရှင်းနယ် ဘွတ်စတောနှင့် ဗိုလ်အောင်ကျော်လမ်းရှိ စတင်းဒတ်လစ်ထရေးချားဟောက်စ်တို့မှာ စွယ်စုံ ကျမ်းကြီးများ၊ ဘာသာသာရပ်ဆိုင်ရာ စာအုပ်ကြီးများကို ရောင်းလေ့ရှိကြသည်။
စာအုပ်ဆိုင်ကြီးများ အနီးသို့ မကပ်နိုင်သည့်အခါတွင် ကျွန်တော်သည် လမ်းဘေး စာအုပ်တန်းသို့ လျှောက်သွားနေတတ်သည်။ ဆူးလေဘုရားလမ်း၊ မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်လမ်း) တလျှောက်မှာ စာအုပ်ဟောင်းရောင်းသည့် ဆိုင်ကလေးတွေ အများကြီး ရှိသည်။ အချို့လည်း ဆိုင်ခန်းကလေးတွေနှင့် ရောင်းကြသည်။ အချို့ကလည်း ပလက်ဖောင်း ပေါ်တွင် ဗန်းကလေးခင်းပြီး ရောင်းကြသည်။ သို့ရာတွင် ယခုခေတ်စာအုပ်တန်းလို တစုတဝေးတည်းမဟုတ်။ ဟိုနားတွင်တဆိုင်၊ သည်နားတွင်တဆိုင်၊ ပျောက်တိပြောက်ကျား။ ရေကျော်တ၀ိုက်တွင် နည်းနည်းပါးပါးရှိသည်။ ထိုမှလွန်လျှင် ဗိုလ်အောင်ကျော်လမ်းထောင့်နား တ၀ိုက်တွင် နှစ်ဆိုင်သုံးဆိုင်။ ထိုမှလွန်လျှင် ပန်းဆိုးနားတွင် သုံးလေးဆိုင်၊ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် လေးငါးဆိုင်၊ ထို့နောက် ကွန်တီနင်တယ်အောက်မှာ ခပ်စိတ်စိတ် တွေ့လာရသည်။ အနောက်ဘက်သို့ လျှောက်လာလျှင် မောင်ထော်လေးလမ်း ထောင့်နားတွင် နည်းနည်းပါးပါး၊ ရွှေဘုံသာလမ်းနားတွင် နည်းနည်းပါးပါး။
ညနေတိုင်း စာအုပ်တန်းသို့ ကျွန်တော်ရောက်သွားလျှင် နဖူးပြောင်ပြောင်၊ ကတုံး ဆံတောက်ပါးပါး၊ မျက်လုံးပြူးပြူး၊ အသားညိုညို ခပ်ဖိုင့်ဖိုင့်၊ အရပ်ပြတ်ပြတ် လူကြီးတယောက်ကို ကျွန်တော်အမြဲလိုလို တွေ့ရတတ်သည်။ ထီးကောက်ကြီးတချောင်းကို လက်မောင်းတွင် ချိတ်ထားပြီး စာအုပ်တအုပ်၊ နှစ်အုပ်ကို လက်တွင်အမြဲ ကိုင်ထားတတ်သည်။ ဆေးပြင်းလိပ်ကြီးကလည်း ဘယ်တော့မှ ချွတ်သည်မရှိ။ အမြဲခဲထားတတ်လေသည်။
သူသည် ကျွန်တော့်ကိုတွေ့လျှင် အမြဲပြုံး၍ နှုတ်ဆက်တတ်သည်။ တခါတလေတွင် ကွန်တီနင်တယ်အောက်က စာအုပ်ဆိုင်တွေ ရှေ့မှာ တွေ့တတ်သည်။ ရွှေဘုံသာလမ်းဒေါင့်က ဆိုင်လေးတဆိုင်တွင် တွေ့တတ်သည်။ တခါသော် ကျွန်တော်သည် ဗိုလ်ချုပ်လမ်းနှင့် ၂၇ လမ်းထောင့်က စာအုပ်ဆိုင်ကလေးတဆိုင်တွင် ထိုင်၍ စာအုပ်တအုပ်ကို ကြည့်နေသည်။ စာအုပ်က လက်တ၀ါးသာသာမျှ ရှိသည့် စာအုပ်ကလေး။ အောက်စဖို့ တက္ကသိုလ် စာအုပ်တိုက်မှ ထုတ်သည့် အက်ဒွင်အာနိုး၏ 'အာရှတိုက်၏ အလင်းရောင်' ဆိုသည့် စာအုပ်။
စာအုပ်ဆိုင်ကလေးမှာ ကုလားကြီးတယောက် ရောင်းနေသည့် စာအုပ်ဆိုင် ဖြစ်သည်။ ပလက်ဖောင်းပေါ်တွင် အ၀တ်ကလေးခင်း၍ စာအုပ်ကလေး ဆယ့်လေးငါးအုပ်ကို ရောင်းနေသည့် ဆိုင်ကလေးဖြစ်သည်။ ကျွန်တော်က အာနိုး၏ စာအုပ်ကို ဟိုလှန်သည်လှန် လုပ်နေသည်။ ဗုဒ္ဓ၏ ဖြစ်တော်စဉ်ကို ကဗျာဖြင့်ဖွဲ့ထားသည့် စာအုပ်ဖြစ်သည်။
ထိုစဉ် 'ကိုရင်လေး ဘာစာအုပ်တွေများ ဖတ်နေသလဲ' ဟု မေးလိုက်သဖြင့် လှည့်ကြည့်လိုက်သောအခါတွင် ဆေးပြင်းလိပ်ကို အမြဲခဲထားတတ်သည့် ထိုလူကြီး ဖြစ်နေသည်။
ကျွန်တော်က စာအုပ်အမည်ကို ပြောလိုက်သောအခါတွင် ထိုလူကြီးသည် အနားသို့ ကပ်လာကာ ဆေးပြင်းလိပ်ကို ပါးစပ်မှ ချွတ်လိုက်ပြီး လေသံကလေးဖြင့် 'ဒီစာအုပ်က သိတ်ကောင်းတဲ့စာအုပ် ကိုရင်လေးရ။ နိမိတ်ကြီးလေးပါးကို မြင်ပြီး တောထွက်တော်မူတဲ့ ညကျတော့... ယသော်ဓရာ၊ ယခု ငါသွားသော ခရီးသည် ခရီးတကာတို့အနက် အဝေးဆုံးခရီး ဖြစ်၏... လို့ဆိုပြီး ယသော်ဓရာကို နှုတ်ဆက်တဲ့အခန်းဟာ ဖတ်ရင်း ကြက်သီးမွေးညင်း ထလောက်တယ်' ဟုဆိုကာ အာနိုး၏ ကဗျာထဲမှ စာသားများကို ရွတ်ပြနေသည်။
ထိုလူကြီးသည် လေအေးကလေးဖြင့် အမျှင်မပြတ် ပြောနေသည်။ နားထောင်လို့ ကောင်းသည်။ ဟာသပါသည်။ တောမတ်စ်ဂရေး၏ တမ်းချင်းများအကြောင်း၊ ဘော့စ၀ဲနှင့် ဂျွန်ဆင်တို့အကြောင်း၊ အော်လီဗာဂိုးလ်စမစ်အကြောင်း၊ ဓားပိန်ယိမ်းဆရာ ဦးမောင်ကြီးနှင့် တောင်လုံးပြန် ဆရာခတို့၏ ပြဇာတ်အကြောင်း၊ ပီမိုးနင်းအကြောင်း။
ထိုလူကြီးမှာ အခြားသူ မဟုတ်ပါ။ ဆရာကြီး ဇေယျဖြစ်သည်။ ကျွန်တော်သည် 'မြတ်လေးရွှေဓါးဗိုလ်' ၀တ္ထုများမှအစ ရှေးအင်္ဂလိပ်ခေတ် 'ရွှေပြည်တော်' သတင်းစားထဲတွင် ပါသည့် ဇေယျ၏ ၀တ္ထုတိုကလေးများနှင့် 'ယင်းတိုက်နုချိန်' စသည့် ၀တ္ထုတိုကလေး များအလယ်၊ စာပေဆောင်းပါးများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများအဆုံး အားလုံး လောက် ဖတ်ခဲ့ဖူးပါသည်။ တခါတွင် ကျွန်တော်သည် ရန်ကုန်မြို့က စာအုပ်ဟောင်းရောင်း သည့် လမ်းဘေးစာအုပ်ဆိုင်ကလေးများအကြောင်း ရေးထားသည့် ဆောင်းပါးတိုကလေး တစောင်ကို ဖတ်မိပါသည်။
သူ့ဆောင်းပါးကလေးကို ဖတ်မိသည့်အခါတွင်မှ ရန်ကုန်မြို့တွင် လမ်းဘေးစာအုပ် ဟောင်းဆိုင်ကလေးများ ပေါ်လာသည့်ကိစ္စတွင် ဇေယျ၏ ကျေးဇူးမကင်းကြောင်းကို ကျွန်တော် ပြန်စဉ်းစားမိပါသည်။ ဇေယျက စာအုပ်ရောင်းသည့် ကုလားများအား ပဲခူးကလပ်၊ ဂျင်မခါနာကလပ်၊ မေရိုးမေရင်းကလပ်၊ ကန်တော်ကြီးဘုတ်ကလပ် စသည့် မျက်နှာဖြူကလပ် များနှင့် မျက်နှာဖြူအိမ်များတွင် အင်္ဂလိပ်စာနယ်ဇင်းများကို ဖတ်ပြီးလျှင် လွှင့်ပစ်ထားတတ် ကြောင်း၊ ယင်းတို့ကို နောက်ဖေးတန်းလျားမှ ထမင်းချက်များ၊ ဘဏ္ဍာစိုးများနှင့်ပေါင်းပြီး ထိုစာအုပ်များကို ယူ၍ ရောင်းသင့်ကြောင်းဖြင့် အကြံပေးဖူးသည်။ ဤသို့ဖြင့် ရန်ကုန်မြို့တွင် လမ်းဘေးစာအုပ် အဟောင်းဆိုင်ကလေးများ ပေါ်လာခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ဇေယျသည် စာအုပ်ချစ်သူတဦး ဖြစ်သည်။ နောင်ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးဝန် ဖြစ်လာသည့်အခါတွင်လည်း ဇေယျသည် ထီးကောက်ကို လက်မောင်းတွင် ချိတ်ပြီး၊ စာအုပ်တန်းကို လမ်းသလားမြဲ ဖြစ်ပါသည်။ ဒူးနာပြီး ကောင်းစွာလမ်းမလျှောက်နိုင်တော့မှပင် ရပ်တော့သည်။
စာအုပ်တန်းသို့ ရောက်သွားခြင်းသည် ဘုရားပွဲလူအုပ်ကြီး တအုပ်ထဲသို့ ရောက်သွား သည်နှင့် တူသည်ဟု ကျွန်တော်ထင်ပါသည်။ ညစ်ပတ်နံစော်နေသော လူများ၊ ပျော်ရွှင်နေ သော လူများ၊ အလစ်သုတ်ရန် စောင့်ဆိုင်းနေသော လူများ၊ မုန်းစရာကောင်းသော လူများ၊ အဖိုးတန်သောလူများ၊ တန်ဖိုးမရှိသောလူများ စသဖြင့် ဘုရားပွဲတခုတွင် လူမျိုးစုံတွေ့ နိုင်သကဲ့သို့ စာအုပ်တန်းတခုတွင် အဖိုးတန်သော စာအုပ်များ၊ အဖိုးမတန်သော စာအုပ်များ၊ စိတ်ညစ်ညူးဖွယ် စာအုပ်များ၊ ကြည်နူးစရာကောင်းသော စာအုပ်များ၊ အသုံးဝင်သော စာအုပ်များ၊ အသုံးမ၀င်သော စာအုပ်များ၊ ကိုယ်လိုချင်သော စာအုပ်များ စသဖြင့် အမျိုးစုံကို တွေ့နိုင်ပါသည်။
အင်္ဂလိပ်စာရေးဆရာ ဂရေဟမ်ဂရင်းက 'စာအုပ်ဈေး' ဆိုသော သူ၏ ရသစာတမ်း တစောင်၌ 'စာအုပ်ဈေးသည် အသုံးဝင်သော အချက်အလက် အတိုအထွာများကို ကောက်ယူစုဆောင်းနိုင်သည့် နေရာဖြစ်သည်။ ဥပမာအားဖြင့်- စာအုပ်တန်း၌ 'ပတ်ဝန်းကျင်' သန့်ရှင်းရေး စာအုပ်ထုတ်ဝေရေးကုမ္ပဏီမှ ထုတ်ဝေသော 'ရေမြောင်းများသန့်ရှင်းနည်းစာအုပ်'၊ 'တောနယ်သို့ သွားရောက်သူများအတွက် နတ်ဗေဒင်မေးနည်း' 'ရေအောက် ကြေးနန်းကြိုး ဆက်သွယ်ခြင်းပညာ'၊ 'ရှီကာဂိုရဲဘက်တို့ တွေ့ရသောပြဿနာများ' စသည့်စာအုပ်များဖြစ် သည်ဟု ရေးခဲ့ဖူးပါသည်။
မှန်ပါသည်။ စာအုပ်တန်းတွင် ကျွန်တော်တို့ လိုချင်သော စာအုပ်များကိုလည်း ရနိုင်၍ ကျွန်တော်တို့ လုံးဝစိတ်ဝင်စားခြင်း မရှိသော သစ်တန်တွက်နည်း၊ ဆေးမြီးတိုကုထုံးကျမ်း၊ ဆပ်ပြာချက်နည်း၊ နှင်းဆီကိုင်းဆက် စိုက်ပျိုးနည်း စသည့် စာအုပ်များကိုလည်း တွေ့ရတတ်ပါ သည်။
သို့ရာတွင် ကျွန်တော်တို့ စိတ်မ၀င်စားသော စာအုပ်ပုံများထဲတွင် တခါတရံ ကျွန်တော်တို့ ကလေးဘ၀ကို ပြန်၍လွမ်းစေသည့် စာအုပ်များကိုလည်း တွေ့ရတတ်ပါသည်။
တလောက ကျွန်တော်သည် စာအုပ်အဟောင်းဆိုင်တဆိုင် ရှေ့တွင် ထိုင်ရင်း ကျွန်တော်ဖတ်ချင်နေသည့် စာအုပ်သုံးလေးအုပ်ကို တွေ့သဖြင့် ၀မ်းသာသွားကာ ဈေးမဆစ်ဘဲ ၀ယ်လာခဲ့ပါသည်။ ထိုစာအုပ်များမှာ ကျွန်တော်တို့ ငယ်ငယ်က ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းတို့တွင် သင်သည့် ဒေါင်းတံဆိပ်မြန်မာဖတ်စာများနှင့် ဦးဖေမောင်တင်၏ မူလတန်း မြန်မာဖတ်စာသစ်စာအုပ်များ ဖြစ်ပါသည်။
စာအုပ်တန်းသို့ သွားရသည်မှာ ကလေးဘ၀ကို ပြန်သွားရသကဲ့သို့ ပျော်စရာ၊ လွမ်းစရာ ကောင်းပါသည်။
ယခု ကျွန်တော့်မျက်စိ အားနည်းလာသည့်အတွက် စာအုပ်တန်းကို မှန်မှန်မသွားနိုင် တော့ပြီ။ ကျွန်တော်သည် စာအုပ်တန်းကို အဝေးမှသာ ငေးကြည့်နေမိလေသည်။
မြသန်းတင့်။
[၁၉၈၉၊ စက်တင်ဘာ၊ ပွင့်စွယ်တော်မဂ္ဂဇင်း။]
{မြသန်းတင့်-လမင်းကိုထရံပေါက်မှကြည့်ခြင်း၊ ပထမနှိပ်ခြင်း၊ နိုဝင်ဘာ၊ ၂၀၀၀ မှ ကူးယူဖော်ပြပါတယ်။}
Wednesday, April 8, 2009
ချန်ရှား
ဘာသာပြန်သူ-မောင်စွမ်းရည်
ချန်ရှား
ဘာသာပြန်သူ-မောင်စွမ်းရည်
[မော်စီတုန်း ရဲ့ ချန်ရှား(ကျင်ယွမ်ချွင်တေးသွား) (၁၉၂၅) ကို မောင်စွမ်းရည်က ဘာသာပြန်ပါတယ်။]
ချမ်းစီးလှစွာ၊ ဆောင်းဦးခါတွင်၊ ငါတယောက်သာ
လိမ္မော်ကျွန်း၏၊ အစွန်းတနေရာ၊ ရပ်နေပါ၏။
ဆီယန်မြစ်မှာ၊ စီးနေပါသည်၊ မြောက်ရပ်ဆီသို့။
ငါမြင်ရသည်၊ ရဲရဲနီသော၊ တောင်နီတထောင်
ထိုတောင်တွေ၏၊ နီရဲဘိသော၊ သစ်တောများဖြင့်
အရောင်နီရင့်၊ ချယ်သည်နှင့်။
သလင်းကြည်စင်၊ ရေပြာပြင်ပေါ်
လှေတရာလျှင်၊ ပြိုင်ပွဲဝင်လျက်။
လင်းယုန်ငှက်တို့၊ ခွဲတက်လေတွင်၊ ခရီးနှင်ကာ
ငါးတို့မှာကား၊ ရေပြာကြည်နက်၊ ကူးလူးလျက်။
အေးခဲလုပင်၊ မိုးကောင်းကင်အောက်၊ တသန်းလောက်မှ
သတ္တ၀ါတစု၊ လွတ်လပ်မှုတွက်၊ ဖက်ပြိုင်တိုက်ပွဲ၊ ဆင်နွှဲနေလျက်၊
ရှုခင်းကျယ်၌၊ ငေးစိုက်စဉ်းစား၊ သောကပွါးကာ
ငါမေးပါ၏၊ ဆုံးစမထင်၊ ဤမြေပြင်မှာ
ဘယ်အရှင်များ၊ လူသားကြမ္မာ၊ ဆုံးဖြတ်ပါသလဲ
ယခင်ကသော်၊ ဤကျွန်းပေါ်ဝယ်
ဖော်များစွာနှင့်၊ ငါရောက်ဖူး၏။
ခုနှစ်လတွေ၊ ရှုပ်ထွေးနေလဲ
သဲကွဲစွာပင်၊ မြင်ယောင်သေးသည်။
ကျောင်းနေဖက်တွေ၊ တို့တတွေမှာ၊ လူငယ်တွေပ၊
ဘ၀ပန်းက၊ အစွမ်းကုန်ဖွင့်၊ ပွင့်ဆဲခါ-
ကျောင်းသားစိတ်ဓါတ်၊ ဖြတ်လတ်တက်ကြွ၊ ပြည့်ဝဆဲခါ-
ရဲရင့်ဝံ့စား၊ ဟန့်တားဟူသမျှ၊ ဘေးဖယ်ချခဲ့။
ငါတို့တောင်တွေ၊ ဒို့မြစ်တွေဖက်၊ လက်ညှိုးညွှန်ကာ-
ပြည်သူတို့အား၊ တို့စကားဖြင့်၊ မီးထိုးမြှင့်ရင်း
မင်းစိုးရာဇာ၊ အာဏာရှင်ကို၊ မစင်လောက်ပင်
ထီမထင်ခဲ့။
မှတ်မိသေးစ
စွန့်စွန့်စားစား၊ မြစ်လယ်သွားပြီး၊
တို့များတတွေ၊ ရေကိုပုတ်ကြ
လှိုင်းတွေထသော်၊ ထသောလှိုင်းတွေ
ဒုန်းလှေတွေကို၊ ဘယ်လိုဟန့်တား၊ ဆုတ်ဆိုင်းသွားကြောင်း၊
အားလုံးပြန်တွေး၊ မှတ်မိသေးစ။
မှတ်စု။ ။ ချန်ယွန်ရွှန်း ဆိုတာ တေးသွားအလိုက်ရဲ့ အမည်။ တိုက်ရိုက် အဓိပ္ပါယ်ကတော့ "ရှန်ဥယျာဉ်စမ်း"။ ဟန်မင်းဆက် (၂၀၆ ဘီစီ-အေဒီ ၂၂၀) နောက်ပိုင်း၊ ရှင်ဆွေ မင်းသမီးရဲ့ ဥယျာဉ်ကို အစွဲပြုအမည်ပေးထားတာ။ ကဗျာတပုဒ်ကို ဇူပုံသဏ္ဍာန်နဲ့ ရေးစပ်ထားတယ်ဆိုရင် ဘယ်တေးသွားအလိုက်နဲ့အညီ စပ်ထားတယ်ဆိုတာ ဖော်ပြရလေ့ ရှိတယ်။ ရှေးဟောင်း ရိုးရာ ကဗျာပုံစံတခုနဲ့ အညီ စပ်တယ်ဆိုတဲ့ သဘောလောက်ပါ။ တေးသွားအမည်က ကဗျာမှာ အထူးအနက်အဓိပ္ပါယ်မဆောင်။ "နှင်း" ကဗျာမှာလဲ ဒီပုံစံပဲ သုံးထားတယ်။
ချန်ရှားမြို့ဟာ ဆီယန်မြစ်အရှေ့ဘက်ကမ်းပေါ်မှာ တည်ရှိတယ်။ ဆီယန်မြစ်ဟာ မြောက်ဖက်ကို စီးသွားပြီး တုံ့ယိန်ရေကန်ထဲ ၀င်တယ်။ လိမ္မော်ကျွန်းက မြို့အနောက်ဖက်မှာ။ အနောက်ဖက်ရဲ့ အနောက်ဖက်မှာတော့ တောင်စဉ်တောတန်း။
မော်ဟာ ၁၉၁၃ နဲ့ ၁၉၁၈ ကြားမှာ၊ ချန်ရှားမြို့ရှိ ဟူနန် ပထမဆရာအတတ်သင်ကျောင်း မှာ သင်ကြားနေတယ်။ အဲဒီတုန်းက သူဟာ သူ့ကျောင်းနေဖက်တွေနဲ့ အတူ လိမ္မော်ကျွန်းကို သွားလည်လေ့ရှိတယ်။ တခါတလေ အဲဒီမှာ သူတို့ ရေကူးလေ့ရှိကြတယ်။
၁၉၁၇ ခု။ မော်ဟာ ပြည်သူ့အဖွဲ့သစ်ကို စည်းရုံးခဲ့ပြီး၊ ၁၉၁၈ ဧပြီ ၁၈ မှာ စနစ်ကျကျ တည်ထောင်ခဲ့တယ်။ အဖွဲ့ဝင်တွေဟာ မော်ရေးဆွဲတဲ့ အဓိဌာန်စာတမ်းကို အတည်ပြုလက်ခံ ခဲ့တယ်။ အဲဒီ အဓိဌာန်ပြုချက်မှာ မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေ ထားကြမယ်။ အမျိုးသားရေး အတွက် လုပ်ဆောင်ကြမယ်ဆိုတဲ့ အချက်တွေ ပါတယ်။ မေ ၄ ရက် အရေးတော်ပုံကြီးပြီးတော့ အဖွဲ့ဝင် ၇၀ နဲ့ ၈၀ ကြားလောက်ထိ တိုးတက်လာခဲ့တယ်။
မော်နဲ့ လူငယ်တစုဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးကြတယ်။ တိုးတက်တာကိုထောက်ခံ၊ ဆုတ်ယုတ်တာကို တိုက်ခိုက်တဲ့ ဆောင်ပါးတွေ ရေးကြတယ်။ ဥပမာ ပြရရင် ၁၉၁၅ စက်တင်ဘာလမှာ ယွမ်စစ်ခိုင်ဟာ သူ့ကိုယ်သူ အင်ပိုင်ယာ အရှင်ဧကရာဇ်ဖြစ်အောင် လုံးပန်းနေဆဲကာလမှာ ဟူနန်ကို ထိန်းချုပ်နေတဲ့ စစ်ဘုရင်တွေ က ယွမ် ကို ထောက်ခံနေကြပြီး၊ ယွမ် ကို ဆန့်ကျင်နေသူဟူသမျှကို ပိတ်ပင်ခဲ့တယ်။ ဒါပေမယ့် မော်ဟာ စာစောင်လေးတခု ရေးထုတ်ပြီး ဘုရင်ဧကရာဇ်စနစ် ပြန်လည်ဖော်ထုတ်ခြင်းကို ဆန့်ကျင်ခဲ့တယ်။ အဲဒီစာစောင်လေးဟာ အတော်အသင့် သြဇာသက်ရောက်ခဲ့တယ်။ ၁၉၁၉ မှာ စစ်ဘုရင် ချန်ချင်းယောင်ကို ဟူနန်က မောင်းထုတ်ရေး လူထုလှုပ်ရှားမှုမှာ သူ ခေါင်းဆောင်ခဲ့တယ်။ အဲဒီတုန်းက မော်ဟာ ပထမဆရာအတတ်သင်ကျောင်း၊ ကျောင်းသား များအနေနဲ့လုပ်တဲ့ စစ်ဘုရင်ဆန့်ကျင်တိုက်ခိုက်ရေး မျိုးချစ်လှုပ်ရှားမှုတိုင်းကို ခေါင်းဆောင်သူ၊ အဓိက စည်းရုံးသူ ဖြစ်ခဲ့တယ်။
မော် ကျောင်းသားဘ၀တုန်းက ဟူနန် နယ်သူနယ်သားတွေနဲ့ ပထမဆရာအတတ်သင် ကျောင်းသားတွေပါ မြောက်ပိုင်း စစ်ဘုရင်တွေ လက်အောက်မှာ ဘယ်လို ဒုက္ခတွေ ခံစားကြရတယ်ဆိုတာ ကောင်းကောင်းသိကြတယ်။ ဟူနန်ပြည်နယ်ကို စစ်ဘုရင်ကြီး သုံးယောက်ဟာ တလှည့်စီ အုပ်စိုးကြတယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေ အများကြီး လုပ်ခဲ့တယ်။ မော်နဲ့ သူ့သူငယ်ချင်းတွေ အနေနဲ့ စစ်ဘုရင်ကြီးတွေကို အလွန်ဘဲ ခါးခါးသီးသီး ဖြစ်ခဲ့ကြတယ်။
( "ပီကင်းမူတွေမှာ ဒီကဗျာရေးတဲ့နှစ်ကို ၁၉၂၅ လို့ အစဉ်တစိုက် ဖော်ပြလာခဲ့ကြတယ်။ ဂျရုန်းချန်း ကတော့ ဒါမဟုတ်နိုင်။ အဲဒီနှစ် ဆောင်းဦးရာသီမှာ မော်ဟာ ချန်းရှားကို မရောက်လို့- တည်းဖြတ်ထားပြီး သူ့ အောက်စဖို့ မူမှာ ၁၉၂၆ လို့ သက္ကရာဇ်ထိုးထားတယ်။" ဘာသာပြန်သူ)
CHANGSHA
--to the tune of Chin Yuan Chun
1925
Alone I stand in the autumn cold
On the tip of Orange Island,
The Hsiang flowing northward;
I see a thousand hills crimsoned through
By their serried woods deep-dyed,
And a hundred barges vying
Over crystal blue waters.
Eagles cleave the air,
Fish glide in the limpid deep;
Under freezing skies a million creatures contend in freedom.
Brooding over this immensity,
I ask, on this boundless land
Who rules over man's destiny?
I was here with a throng of companions,
Vivid yet those crowded months and years.
Young we were, schoolmates,
At life's full flowering;
Filled with student enthusiasm
Boldly we cast all restraints aside.
Pointing to our mountains and rivers,
Setting people afire with our words,
We counted the mighty no more than muck.
Remember still
How, venturing midstream, we struck the waters
And waves stayed the speeding boats?
Tuesday, April 7, 2009
အောက် (၂) ခန်း
ရေးသူ-မောင်အေးဝင်း
ဒီအဆောင် ဒီအခန်းကို အတိအကျ ပြန်ရောက်လာတာပဲ။ အစစ အရာရာ မိုးနဲ့မြေလို အကွာကြီးကွာပြီး အပြောင်းကြီးပြောင်း သွားပါ ရောလား။ သူနဲ့ ကင်းကွာရတာ လ, မကြာ လိုက်ဘူး။
ဘာလို့ ပြောင်းရတာလဲကိုတော့ မရေးချင်တော့ပါဘူး။ ဒါပေမဲ့ ဒီအပြောင်းအလဲမှာ အသစ်တွေ့ရတဲ့ လူတွေအထဲက သံယောဇဉ်တွယ်သူတွေ အကြောင်းတော့ နည်းနည်းရေး လိုက်ဦးမယ်။
ပြန်ရောက်လာတော့ သူ့ကို ၃ ဆောင်၊ အောက် (၂) လို့ ခေါ်နေကြပြီ။ နဂိုက ၃ ဆောင်၊ (၆) ခန်း လေ။ ထွက်သွားတုန်းက အခန်းကျယ်ကြီးထဲမှာ ခုတင် အလုံး (၃၀) လောက်နဲ့ လူက ၁၅ ယောက်လောက် ကျန်ရစ်ခဲ့တာ။ ပြန်ရောက်လာတော့ ခုတင်တွေလဲ တခုမှ မရှိတော့ဘူး။ လူတရာကျော်လောက် သံမံတလင်းပေါ်မှာ နှစ်ယောက်တတွဲ တန်းစီပြီး ပုံစံထိုင်လို့။
ဟိုတုန်း ကတော့ ကိုယ်တို့အခန်းမှာ ဗိုလ်မရှိဘူး။ အားလုံး သူလိုကိုယ်လို အတူတူချည်းပဲ။ ခုတော့ အုပ်ချုပ်တဲ့ လူနဲ့ဘာနဲ့။ အခန်းလူကြီးတဲ့။ တယောက်က ကိုလှိုင်ကြူ၊ တယောက်က ချီး-မြင့်သိန်းတဲ့။ နှစ်ယောက် စလုံးကတော့ ထောင်ဒဏ် နှစ်ရှည်ကျ ထားတဲ့ သေမထူး၊ နေမထူးဆိုတဲ့ တကဲ့သေရဲ သတ်ရဲတွေ။ ဒါ့ကြောင့်လဲ အာဏာပိုင်တွေက အသေအချာရွေးပြီး လွှတ်လိုက်တာနေမှာ။
ကိုယ့်အတွက် အိပ်စရာ ကျောတခင်းစာ ချပေးတဲ့ နေရာက မိလ္လာချောင်နား။ အာဏာပိုင်တွေရဲ့ ယုတ်မာညစ်ပတ်တာကတော့ ပြောမနေနဲ့။ သူတို့က ကိုမျိုးတင့် (ကွန်မြူနစ်) ဆို အသေကြောက်၊ အသေမုန်း။ ဒါကြောင့် စစ်ခွေးတိုက်က ခေါ်လာပြီး အခန်းထဲ ထည့်တော့ မိလ္လာချောင်မှာ သိပ်ဖို့ အခန်းလူကြီးကို အသေအချာမှာတာ။ ဒီအခန်းကို သုံးယောက်သွင်းတာ ဟန်ရှင်ဝင်း (ယခု-ရှေ့နေ) နဲ့ ထွန်းသန်း (ဆေးတက္ကသိုလ် ၂၊ မော်လမြိုင်) တို့ကို အခန်းရဲ့ ခါးလည်လောက်မှာ နေရာပေးပြီး ကိုယ့်ကိုမှ မိလ္လာချောင်နားပို့ထားတာ။
အခန်းလူကြီး လှိုင်ကြူက တိုးတိုး တောင်းပန်ရှာပါတယ်။ ၃ -၄ ရက်တော့ သည်းခံ လိုက်ပါ။ သူတို့က ထားခိုင်းလို့ပါ။ ပြန်ရွှေ့ပေးပါမယ်တဲ့။ တကယ်လဲ ၃ -၄ ရက်နေတော့၊ အောင်ကိုကို (ပညာရေးတက္ကသိုလ်) နဲ့ ဘေးချင်းကပ်၊ ခေါင်းရင်းဘက်ကို ပြောင်းပေးတယ်။
အခန်းကို စရောက်ကတည်းက အသစ်ရောက်လာတဲ့ ရာထောင်အရေအတွက်ကို ကိုယ်တို့ လူစုတွေနဲ့ စကားမပြောဖို့၊ အရောမ၀င်ဖို့ ကျေညာချိမ်းခြောက်ထားတာ။ ပြောရင် သေပြီသာ မှတ်တဲ့။ ပြောပေမဲ့ မသေတဲ့ လူတွေလဲ ရှိတယ်။ အဲဒီလူတွေကို ပြောပြမယ်။
ကိုယ့်အိပ်ရာဘေးမှာ ကျတဲ့လူကတော့ ဒီစည်းကမ်းကိုမှုပုံ မပေါ်ဘူး။ သူ့ဘေး ရောက် လာတာနဲ့ ဒူးယားဆေးလိပ် ထုတ်တည်ပြီး မိတ်ဆွေဖွဲ့တော့တာ။ သူက အခန်းလူကြီးတွေ ကို မမှုတာကလဲ အကြောင်းရှိတယ်။ နောက်မှ သိရတာ၊ အခန်းလူကြီးတွေက သူ့အစားတွေကို မှီခိုစားသောက်နေရတာကိုး။ သူက အထူးဖိုရဲ့ ဖိုခေါင်း။ အထူးဖိုဆိုတာ ထောင်ထဲမှာ အထူးစပါယ်ရှယ် ကိုယ့်အိမ်ကိုယ့်ယာလို နေရတဲ့ အလံနီပါတီက သခင်စိုးတို့၊ လော်စစ်ဟန်တို့၊ မဆလပါတီဗဟိုက ထောင်ချခံ ထားရတဲ့ လူတွေ စားဖို့ ချက်ပေးရတဲ့ ဖို။ အာဏာပိုင်တွေ အကြီးအကဲတွေ စားဖို့ သောက်ဖို့ လုပ်ပေးရတဲ့ ဖိုရဲ့ အကြီးအကဲ။ အရေးကြီးရင် ကြီးသလို သူ့ကို အဆောင်ပိတ်ပြီးတာတောင် ဖွင့်ပြီး လာခေါ်ရတာ။ သူများ အဆောင်ပိတ်ပြီးတာတောင် ပြန်မလာသေးရင် အခန်းလူကြီးတွေ သွားရည်တမြားမြားနဲ့ စောင့်နေကြပြီ။ ပြန်သယ်ဆရာကြီး ပြန်လာရင် သယ်လာမယ့် အထူးဖိုက စားဖွယ် ထမင်း၊ ဟင်းကို ညလည်စားဖို့ စောင့်နေပြီ။
သူ့ဘေးမှာနေရာချတော့ ကိုယ့်ကို သူက စမေးတယ်။ မင်းဘယ်မှာနေလဲတဲ့။ မဂိုလမ်းမှာ လို့ပြောတော့ သူက ၀မ်းသာအားရ ငါက ၂၇ လမ်းမှာနေတာ။ ပန်းဘဲတန်း သားတွေ လာတွေ့နေပြီတဲ့။ နေရာကို ပြောကြတော့ 'ဟ... မင်းအကိုက ငါတို့မိသားစုဆရာဝန် ပဲ၊ ဖျားရင်နာရင် သူ့ဆီပဲ သွားရတာ'
သူ့နာမည် ကိုတင်ဝင်း။ မျက်မှန်တင်ဝင်းလို့ ခေါ်ကြတယ်။ အပြင်မှာတုန်းက ကိုယ်ပိုင် မျက်မှန်ဆိုင်နဲ့ မျက်မှန်အရောင်းအ၀ယ် လုပ်တာ။ တချိန်မှာ အစိုးရရဲ့ မျက်မှန်ဆိုင်ကြီးက မျက်မှန်တွေကို တာဝန်ရှိသူတွေက မှောင်ခိုရောင်းထုတ်တယ်။ အဲဒီလူတွေကို စ-သုံးလုံးက ဖမ်းတော့ အပြင်က မျက်မှန်ဆိုင်တွေမက,ဘူး၊ မျက်စိစမ်းတဲ့ လူတွေပါ အဖမ်းခံရတာ။
မဆလ၊ တခေတ်မှာတော့ ကောင်းရောင်းကောင်းဝယ် ကိုယ့်စီးပွါးရေး ကိုယ်လုပ် ပေမယ့် ဥပဒေက သူတို့လက်ထဲမှာ ဖြစ်ချင်သလို ဖြစ်နေတယ်။ အထူးခုံရုံး ဆိုတာကလဲ ရှေ့နေနဲ့ ဘာနဲ့ လျှောက်လဲခွင့်မရှိဘူး။ အသင့်ရိုက်လာတဲ့ စာရွက်ပေါ်က စီရင်ချက်ကို စစ်ဗိုလ်ကြီးတွေက ဖတ်ပြလိုက်တာ။ ထောင်ထဲရောက်တော့ မျက်မှန်ပညာရှင်တွေ၊ တတ်ကျွမ်းသူတွေကို ထောင်ထဲက မျက်မှန်အလုပ်ရုံမှာ ပြန်ခိုင်းတယ်။
ကိုတင်ဝင်းက ည ည ဆို ဖိုထဲက ပြန်လာရင် ပုံးတလုံးနဲ့ သူကိုယ်တိုင် စပါယ်ရှယ် နှပ်ထားတဲ့ လက်ဘက်ရည်ကြမ်း တပုံး အမြဲယူလာတယ်။ သူ့ လက်ဘက်ရည်ကြမ်းက အခန်းလူကြီး လှိုင်ကြူ အသည်းစွဲ။ ဘိန်းစားကြိုက် ခါးခါးကျကျ။ တပုံးမကုန်မချင်းကို ခွက်နဲ့ တခွက်ပြီး တခွက် လာတောင်းနေရော။ လက်ဘက်ရည်ကြမ်းထည့်တဲ့ ပုံးက နဂို ဘာပုံးလဲဆိုတာ ဘယ်လိုမှ မသိနိုင်တော့တဲ့ သံပုံး။ ပုံးအပြင်က ထင်းမီးကြောင့် မှိုင်းစွဲ၊ မဲတူး နေသလို၊ အတွင်းကလဲ လက်ဘက်ဆီဂျိုးတက်လို့ မဲပြောင်နေပြီ။
မှတ်မှတ်ရရ တနေ့မှာ ကိုတင်ဝင်းက သူ့ဖို ထဲကနေ ၀က်နံရိုးဟင်းဆီပြန် ခွက်ကြီးနဲ့ တခွက် ယူလာတယ်။ တကယ်တော့ သူက မွတ်စလင်၊ ၀က်သားစားတာမဟုတ်ဘူး၊ ကျနော်နဲ့ တင်မောင်ဌေး (ငှက်ကြီး- ယခု အမေရိက) စားဖို့တဲ့။ လှိုင်ကြူတို့အတွက်တောင် မပါဘူး။ မောင်ဌေးနဲ့ သူက တနယ်ထဲသား၊ မောင်ဌေးက ကွမ်းခြံကုန်း၊ သူက တော်ခရမ်း။
နောက်တယောက်က ဘီးစိပ် လို့ အခေါ်ခံရတဲ့ ဦးအောင်ဌေး။ အဲဒီအချိန်မှာ ကျနော်က လှိုင်ကြူတို့ ပြောင်းပေးလို့ ခေါင်းရင်းဘက် ရောက်နေပြီ။ မအိပ်ခင်မှာ ကိုတင်ဝင်း လက်ဘက်ရည်နဲ့ လှိုင်ကြူရယ်၊ ချီး-မြင့်သိန်းရယ်၊ ကိုတင်ဝင်းရယ်၊ ကျနော်ရယ်ကတ၀ိုင်း။ ကပ်လျက်မှာ ဗလကြီးတင်မြတ်တို့က တ၀ိုင်း စကားဝိုင်းဖွဲ့ လေတွေ ဖောနေကြတယ်။ ဗလကြီးတင်မြတ်တို့ဝိုင်းမှာ လူတယောက်က မေးနေသံ ကျနော်ကြားလိုက်တယ်။ ငါ့မိတ်ဆွေ ရဲ့ သမက်တယောက် ကျောင်းသားထဲကပဲ၊ ထောင်ထဲမှာရှိတယ်ကြားလို့ ငါရှာ နေတာ။ သူ့နာမည် အေးဝင်းတဲ့။ စက်မှုတက္ကသိုလ်ကလို့ပြောတယ်။ တင်မြတ်ကြီးက ပြောလိုက်တယ်။ အဲဒါ ခင်ဗျားနောက်မှာ ထိုင်နေတဲ့ အကောင်ပဲတဲ့။ ဘီးစိပ်က သူရှာနေတဲ့ ကျနော့်ကို တွေ့လို့ ၀မ်းသာသွားတယ်။
ဘီးစိပ်ဟာ ထောင်စာတိုက်မှာလုပ်တယ်။ တထောင်လုံးကို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ လျှောက်သွားနေတာ။ အခန်းလူကြီးလဲ သူဂရုမစိုက်ဘူး။ ဘာယာလဲ သူမမှုဘူး။ သူနဲ့ကျနော် တွေ့ပြီးသွားတော့ မနက်ဆို ထောင်ဖွင့်တာနဲ့ ဖိုထဲကို သူရောက်သွားပြီ။ သူပြန်လာရင် ကိုတင်ဝင်းတို့ ဖိုက ထမင်းကြော်ကို ချိုင့်ကလေးနဲ့ တချိုင့် ဆွဲလာတယ်။ သူနဲ့ ကျနော်နဲ့ မနက်စာ စားကြတယ်။ ပီးမှ သူ့အလုပ်ရှိရာကို သူသွားတယ်။ ကျနော်တို့ လွတ်မယ့် မနက်မှာ တောင်၊ သူက ချိုင့်ပုံးဆွဲပြီး ထမင်းကြော်ယူဖို့ အထွက်၊ ထမင်းကြော် မပါပဲ အမောတကောနဲ့ ပြန်ပြေးလာတယ်။ ဖိုကြီးကို သူအသွားမှာ မိန်းဂျေးမှာ ထောင်မှူးကြီးတွေ၊ ထောင်ပိုင်ကြီး တွေတင်မကဘူး၊ အပြင်က အပွင့်ကြီးကြီးတွေလဲ ပါတယ်။ ရှုပ်ရှက်ခတ်နေတာပဲတဲ့။ တခုခုတော့ တခုခုပဲ ဆိုပြီးလာပြောတယ်။ အဲဒါပြောပြီးမှ ထမင်းကြော်ကို ပြန်သွားယူတာ။ ထမင်းကြော်စားပြီး သူထွက်သွားပြီး၊ ထူးရင်လာပြောမယ်လို့ ပြောသွားတယ်။
ကိုလှဌေး (အညာတမာ)တို့ လွတ်တော့လဲ သူ အဲဒီအဆောင်ကို ရောက်သွားတယ်။ လွတ်သွားတဲ့ လူတွေဆီက ဘာယူထားရမလဲ သူသွားကြည့်တာတဲ့။ အညာတမာကို သူပြောတယ်၊ ဟေ့ကောင်- အေးဝင်း မွေ့ယာက ပါးပါးလေး၊ မင်းမွေ့ယာကြီး အေးဝင်းကို ပေးခဲ့လိုက်ဆိုပြီး သူဆွဲလာခဲ့တယ်။
ဘီးစိပ်အမှုလဲ မဆလမှုပဲ။ မိတ္ထီလာ ဘီးအီးတပ်ထဲက စစ်မော်တော်ကား အပျက် တွေကို လေလံပစ်တာ။ ဘီးစိပ်က လေလံပစ်ကားတွေကို ပြင်ပြီး ပြန်ရောင်းတဲ့သူ။ ဟိုလူတွေက ဘီးစိပ်ဆီက ပိုက်ဆံယူပြီး လေလံကို ဘီးစိပ်တို့ ရအောင်လုပ်ပေးတာ။ အဲဒါနဲ့ ထောင်ကျရော။
ဘီးစိတ်ပြောနေကျ စကားတခု၊ ခုထိမှတ်မိပီး သုံးနေရတာ ရှိတယ်။ ကျနော်က ထောင်ဝင်စာလာတဲ့နေ့ဆို အိမ်ကထည့်ပေးလိုက်တာတွေ ဟိုလူ့ထုတ်ကျွေး၊ ဒီလူ့ထုတ်ကျွေး၊ ဟိုလူလာတောင်းရင် ပေး၊ ဒီလူလာတောင်းရင် ပေးနဲ့ လုပ်တတ်တော့ အဲဒါကို သူကြည့်လို့ မရဘူး။ အထုတ်ကို လာပိတ်တယ်၊ ပါးစပ်ကလဲ ပြောသေးတယ် "မင်း ကတို့ဆိပ် မှို့အိပ် ဖွင့်နေတာ" တဲ့။
အပြင်ရောက်ပြီးမှ ဘီးစိပ်နဲ့ စားသောက်ဆိုင်တွေမှာ ၃- ၄ ခါ ဆုံသေးတယ်။ သူက ကိုယ့်ကို တွေ့ရင် သူဝိုင်းက ထလာပြီး နှုတ်ဆက်စကား လာပြောတဲ့အပြင် ငွေရှင်းတဲ့ ကောင်တာမှာလဲ သူသွားပြောလိုက်တယ်။ ကျနော့်ဝိုင်းကို သူပေးမယ်၊ ကျနော့်ဆီက မယူဖို့။ သူနဲ့ဆုံတိုင်း သူဒီလိုချည်းပဲ၊ ကိုယ်မပေးရတော့ဘူး။ ခုတော့ ဘီးစိပ်လည်း ဆုံးရှာပါပြီ။
မောင်အေးဝင်း။
ဧပြီ၊ ၂၀၀၉။

၃ဆောင်၊ ၆ခန်း (အပိုင်း ၃)
ရေးသူ-မောင်အေးဝင်း
ဘယ်သူတွေလဲ
၃ ဆောင်ကို အထူးဘ၀တုန်းမှာ အခန်းတွေနံပါတ်မှတ်တာ အပေါ်ခန်းတွေက စ,တယ်။ အပေါ် လေးခန်းကို ၁၊ ၂၊ ၃၊ ၄၊ အောက်လေးခန်းကို ၅၊ ၆ (ကိုယ်တို့အခန်း)၊ ၇၊ ၈။
(၁) နဲ့ (၂) ကို သုံးထပ်သားပြားနဲ့ အခန်းကန့်ပြီး တခန်းကို သုံးခန်း (က) (ခ) (ဂ) ပိုင်းထားတယ်။ ၁(က) က အဆောင်မှူးလှရွှေ နားနေခန်း၊ ဘိုးတော်တင်ဦး ဘုရားခန်း။ ကျန်တဲ့ အခန်းတွေမှာ အထူးထောင်ကျတွေ နေကြတယ်။
အဲဒီ အခန်းကျဉ်း(သီးသန့်ခန်း)တွေမှာ ကိုယ်မှတ်မိသလောက် ဆိုရှယ်လစ်ဝန်ကြီး ဦးကျော်ငြိမ်းသား နှစ်ယောက်- ဒေါက်တာထွန်းကျော်ငြိမ်းနဲ့ ဘိုဘိုကျော်ငြိမ်း၊ လူသတ်မှုနဲ့ ထောင်ကျတဲ့ ပထစ အမတ်ဟောင်း ဦးထွန်းမြင့်ကြူ၊ ဒေါက်တာဘမော်သမက် ရှေ့နေဦးရဲထွန်း၊ စိုးရင် (ရင်ဖွင့်သံနိဒါန်း-ခေါင်းဆောင်) (ဆေး-၁)၊ ကိုတင်မောင်ဦး (ယခု ပန်းချီဆရာ၊ မန္တလေး တင်မောင်ဦး)၊ ကိုစံမင်း (ယခု-ပန်းချီဆရာ)၊ ကိုမိုးမြင့် (မှိုင်းရာပြည့်-ဆေး-၁)၊ ကျော်ဝင်း (ရင်ဖွင့်သံနိဒါန်း- စက်မှု တက္ကသိုလ်)၊ ကိုတင်မြတ် (ရင်ဖွင့်သံနိဒါန်း-စက်မှုတက္ကသိုလ်)၊ သိန်းအောင် (ခ) ရာကျော်၊ စောအင်ဒရူး (ဦးသန့်အရေးအခင်း)၊ ကိုအောင်ကြင် (မီးမောင်း-တပ်မတော်မှတ်တမ်းရုံး)၊ ထွန်းသိန်း (ဦးသန့် အရေးအခင်း)၊ မောင်မောင်အေး (ပီဒီပီ)၊ ကိုတင်လှ (စီးပွါးရေးတက္ကသိုလ်)၊ ဒလ ဦးထွန်းစိန်။
အခန်းကျဉ်းတွေထဲက တခန်းဟာ ကျနော်နဲ့ ကိုဌေးဝင်း(ဘွန်း-ယခုဂျာမဏီ) အဆောင်ကို ရောက်လို့ တပါတ်-၁၀ရက် လောက်ပဲ ရှိဦးမယ်၊ ပြဿနာတခုဖြစ်ပြီး တခန်းလုံး တိုက်ထဲ ရောက်သွားတယ်။ အဲဒီအခန်းထဲမှာ ကျနော် မှတ်မိသလောက်- ကိုသန်းမြင့်(မောင်မောင်သာမြတ်-ကွယ်လွန်)၊ မြတ်ကိုကို (ဆဒတ်) (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ တူ)၊ ကိုငြိမ်းဝင်း (John) (အရှေ့လေ-ကဗျာစာအုပ်)၊ ထွန်းအောင်ရွှေ (စက်မှုတက္ကသိုလ်)၊ ......
အခါကြီးရက်ကြီးများ
ကျနော်တို့မှာ ပျော်စရာရွှင်စရာ အခါကြီးရက်ကြီးများရှိသလို၊ နိုင်ငံရေးအရ အထိမ်းအမှတ်နေ့ အခါကြီး ရက်ကြီးတွေလဲ ရှိတယ်။ အဲဒီလို နေ့တွေရောက်ရင်၊ အဆောင်တွေမှာ၊ တိုက်တွေမှာ ကိုယ့်အုပ်စုနဲ့ ကိုယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ သင့်တော်သလို အထိမ်းအမှတ်ပွဲလေး လုပ်ကြတာပါပဲ။ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေကို တိုးတက်တဲ့ အင်အားစုတွေနဲ့ အဲဒီအင်အားစုတွေအပေါ် တိမ်းညွှတ်တဲ့ အဖြူရောင်ကျောင်းသားတွေကသာ ကျင်းပလေ့ရှိကြတယ်။ အာဏာပိုင်တွေနဲ့ ပြဿနာ ဘာညာ မဖြစ်ချင်၊ ကင်းကင်းနေချင်တဲ့ အဖြူရောင်တွေကလဲ ဒီနိုင်ငံရေးပွဲတွေမှာ မပါတ်သက်ပေမယ့် မနှောက်ယှက်ပါဘူး။
၇ ရက် ဂျူလိုင်ဆိုရင် မနက်မှာ အင်တာနေရှင်နယ်သီချင်းဆိုမယ်၊ အလေးပြုမယ်။ ပြီးတော့ တနေ့လုံး တိတ်တိတ်ဆိတ်ဆိတ် နေကြမယ်။ ဒါပေမယ့် သင်္ကြန်ဆိုရင်တော့ ကဲကြတယ်။
အစ္စလမ်ဘာသာဝင်တွေရဲ့ အစ်နေ့ဆိုရင် အမဲသား ကောင်းကောင်းစားရတယ်။ ဒါပေမယ့် တိုက်သစ်မှာနေတုန်း လွတ်လပ်ရေးနေ့နဲ့ ကြုံတာ ဘဲဥပြုတ် တယောက်တလုံး ရတယ်။ လုံးတီးထမင်းမှာ အရည်လေးလဲ ဆမ်းစားလို့ရအောင်၊ အကြံအဖန် ချဉ်ရည်ဟင်းအဖြစ် ပြန်ချက် လိုက်ပြီး ကိုယ့်အစုနဲ့ကိုယ် လွတ်လပ်ရေး ညစာစားပွဲ ကျင်းပလိုက်ကြတယ်။ ယဉ်ကျေးမှု ကဇာတ်တွေ၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတတွေ၊ အဆိုကျော်တွေတော့ မပါဘူးပေါ့လေ။ တကယ်လဲ လွတ်လပ် တာမှ မဟုတ်ပဲ။ ဘဲဥပဲ ရမှာပေါ့။
အကြံအဖန်ကုလား
အဆောင်နေတုန်း အစ္စလမ်တွေရဲ့ အစ်နေ့တနေ့မှာ အဆောင်က အစ္စလမ်ဘာသာဝင်တွေ စာရင်းပေးရင် ဒန်ပေါက်ရမယ်ဆိုလို့ ကျနော်တို့ ထမင်းစားအုပ်ထဲက ကုလားပိုလို့ခေါ်တဲ့ လှဦးကို တွန်းလွှတ်ပြီး စာရင်းသွားပေးခိုင်းတာ ဒန်ပေါက်တွေ ရလာတယ်။ တကယ်တော့ လှဦးက ကုလားမဟုတ်သလို မွတ်စလင်လဲ မဟုတ်ဘူး။ ဒိထက်ဆိုးတာက လှဦးတို့အိမ်၊ လှဦးတို့ မိသားစု စီးပွါးရေးက ဒေါပုံ ၀ါဆိုပိုင်းမှာ ၀က်ဆီဖတ် လုပ်ငန်း အကြီးအကျယ်လုပ်တယ်။ ထောင်ဝင်စာတိုင်းမှာ သူ့အိမ်က ၀က်ဆီဖတ်ကို အခန်းထဲကလူတွေ တခုတ်တရကို စောင့်စားကြရတာ။ သူ့တို့အိမ်က ၀က်ဆီဖတ်ကလဲ ရန်ကုန်မှာ ကိုယ်စားဖူးတဲ့ ၀က်ဆီဖတ်ထဲမှာ အကောင်းဆုံး။ သူ့လောက်ကောင်းတာ တခါမှ မစားဖူးဘူး။
တကယ့် မွတ်ဆလင်အစစ်ဖြစ်တဲ့ ရဲမြင့်သိန်း(ပီဒီပီ)ကို မွတ်ဆလင် မဟုတ်ဖူး၊ မယုံဘူးဆိုလို့ ဘုရားတွေဘာတွေ ရှိခိုးပြရသေးတယ်။ ရဲမြင့်သိန်းဆိုတာ ဟာဂျီမဒေါ်သိန်းတင်ရဲ့တူအရင်း။
ဝမ်းကိုက်စေတဲ့ ကိုက်လန်ရွက်
ထောင်တောင်ယာက သီးနှံတွေဟာ အရမ်းထွား၊ အရမ်းသန်တာပဲ။ သန်မှာပေါ့၊ အကျဉ်းသား တွေရဲ့ စွန့်ပစ်ပစ္စည်းကို မြေသြဇာအဖြစ်သုံးတာကိုး။ ကျနော်တို့တတွေ အသီးအနှံပေါချိန်ဆို ဟင်းရွက်ဟင်းသီးတွေ အရမ်းစားရတာ။ ဆေးလိပ်နဲ့ ၀ယ်တာလဲ ရှိတယ်။ လုံချည်ပြာတွေ ယူလာ ပေးတာလည်း ရှိတယ်။ အဆောင်မှူးလှရွှေ လက်ဆောင်ပေးတာလဲ ရှိတယ်။ စားလို့မကုန်လို့ ပိုတာတွေကို ချဉ်ဖတ်စိမ်ရတယ်။
ကိုက်လန်ရွက်တွေက အကြီးစားကြီးတွေ။ နှစ်ရွက်လောက်စပ်လိုက်ရင် အိပ်ယာခင်းတောင် လုပ်လို့ရလား မပြောတတ်ဘူး။ လှဦးအိမ်က ရတဲ့ ၀က်ဆီဖတ်နဲ့ကြော်၊ ချဉ်ရည်ဟင်းတွေချက်၊ ချဉ်ဖတ်တွေ စိမ်လိုက်ကြတာ ချီးသေးတွေ လောင်းပြီး မြေသြဇာ လုပ်ထားတဲ့အရွက်တွေက ဆေးတာ မစင်လို့ ဖြစ်မယ်။ ၀မ်းကိုက်ရောဂါပိုးတွေရပြီး ၀မ်းတွေကိုက်ကုန်ကြရော။
ကိုယ်တို့ အုပ်စုကလဲ ကိုယ်စီကိုယ်စီ အပြင်ကနေ ဆေးပေါင်းစုံ ထိုးဆေးကအစ ဆေးထိုးအပ် ကအစ သွင်းထားလို့ တော်သေးတာ။ ထောင်ကဆေးနဲ့သာဆို အကုန် ဂန့်ကုန်ပြီ။
အစွမ်းထက်တဲ့ ဂျင်းထညက်
မိုးတွင်းတခုမှာ လူတွေ အတော်များများ အအေးမိ ဖျားနာကြတယ်။ တုပ်ကွေးဖြစ်ကြတယ်။ ထောင်ဆေးရုံမှာ ဆေးမရှိဘူး။ ထောင်ဆေးရုံက ကိုဒါနင်ဆိုတာ ၀ါကျင့်ကျင့်အရောင်၊ ဆေးပြားမျက်နှာ ပြင်က ချောမွေ့မွေ့ မဟုတ်ဘူး။ ဗြုတ်ထနေတာ။ ဒီ ကိုဒါနင်တမျိုးထဲကိုပဲ ဆေးမှူးတွေ ရေလဲ သုံးတယ်။ အာဏာပိုင်တွေ ဥာဏ်တထွာတမိုက်နဲ့ ကြံဖန်ပြီး တိုက်တာ ဂျင်းထညက်ပြုတ်ရည်။
သစ်သားစည်ကြီးထဲ အငွေ့တထောင်းထောင်းနဲ့ ဂျင်းနဲ့ ထညက်ရောပြုတ်ထားတာ ထည့်ပြီး လုံချည်ပြာတွေထမ်းလာတယ်။ ဆေးမှူး ဦးမင်းစိန် (ကျနော်တို့က ကာနယ်မင်းစိန်လို့ ခေါ်တယ်) ကိုယ်တိုင် အခန်းတိုင်းမှာ လိုက်တိုက်တယ်။ တခြားအခန်းတွေတော့ မပြောတတ်ဘူး။ ကိုယ်တို့ အခန်းကတော့ သိတ်မသောက်ကြဘူး။ သူ့ဟာက အမြင်အားဖြင့်မှ မကောင်းတာ။ သစ်သားစည်က မဲညစ်ညစ်၊ ထညက်ကလဲ မဲပုတ်ပုတ်။ ထညက်ဝယ်တုန်းက ပါလာတဲ့ အင်ဖက်အစတွေ၊ နှီးကြိုး တုတ်စတွေကလဲ သင်္ဘောပျက်က အတိုအစတွေလို သစ်သားစည်ထဲ ပေါလောမျောလို့။ ကိုသိန်းလွင် (ဆေး ၂) တို့ ၀ိုင်းလောင်တာနဲ့ ကာနယ်မင်းစိန်လဲ ပြေးရော။
ကာနယ်မင်းစိန်
အထူးတွေအတွက် ဆေးမှူးတွေ ရှိတဲ့အနက် ဦးမင်းစိန်ဆိုတာ အရမ်းရီရတယ်။ အသက်ရော၊ လုပ်သက်ရော အကြီးဆုံး၊ ကျောင်းသားတွေနဲ့တော့ တရုန်းရုန်းပဲ။ သူ့ရာထူးက ဆေးမှူးဆိုတော့ ပြင်ပလောက, က ဆရာဝန်ကြီးကာနယ်မင်းစိန်နဲ့ နာမည်တူတာနဲ့ သူကို ကာနယ်မင်းစိန်လို့ နာမည်ပေးလိုက်တာ မြောက်ကြွမြောက်ကြွကို ဖြစ်လို့။
တခါတလေ သကလပ်ဦးထုတ်အပြားကလေးကို တစောင်းဆောင်းပြီး၊ နေကာမျက်မှန်နဲ့၊ သူ့လက်စွဲ နွားရိုက်ကြိမ်ကို ဂျိုင်းကြားညှပ်လို့။ ဘာယာတန်းက ၀င်လာရင်၊ ကိုသိန်းလွင်တို့က အလေးပြုဆိုပြီး အသံပေးလိုက်တယ်။ သူကလဲ အင်္ဂလိပ်စစ်ဗိုလ်တွေ တပ်စစ်ဆေးသလို ဘောက်ဆတ်ဘောက်ဆတ်နဲ့ လျှောက်ပြီး ဘာယာတန်းကနေ အလေးပြန်ပြုသွားတာ။
ကျနော်တို့ တိုက်သစ်မှာတုန်းက ဖျားနာသူ လာစစ်တယ်။ တိုက်သစ်ဆိုတာက တံခါးနှစ်ထပ်။ အပြင်က သစ်သားတံခါး။ အတွင်းက သံတံခါး။ ကာနယ်မင်းစိန်က အခန်းထဲဝင်လာတာ မဟုတ်ပဲ သစ်သားတံခါး အပြင်ကနေ လူကိုမမြင်ရပဲ "ဒီအခန်းမှာ ဖျားတဲ့သူ ရှိလားဟေ့" တဲ့။ ရှိတယ်ဆိုရင် အထဲကနေ သူ့ကို နာမည်အော်ပြောလိုက်။ ညနေမှာ လူနာမည်နဲ့ ကိုယ်အပူချိန်တွဲရေးထားတဲ့ ဆေးထုပ်ကလေးတွေ ရောက်လာတယ်။ အဖျားမတိုင်းပဲ သူ့အလိုလို ကိုယ်အပူချိန် ရမ်းရေးလိုက်တာ။ တကယ်တော့ တချို့က ဖျားလို့ မဟုတ်ဘူး။ ဆံဖြူ၊ နွားနို့စား ရချင်လို့။
အဆောင်မှာလဲ ဒီလိုပဲ။ သူက ဘာယာတန်းကနေ၊ ၀င်လာတာနဲ့ "ဘာလိုချင်လဲ ပြော " က စတယ်။ ကျောင်းသားတွေက ဆံဖြူစား၊ နွားနို့စား ရချင်လို့ ဖျားဖျား မဖျားဖျား စာရင်းဝိုင်းပေးကြတယ်။ ကျနော်တို့ အထဲမှာ ဆေးတက္ကသိုလ် (၂) က ကိုသိန်းလွင် (အာနီ) ရယ်၊ ယခု စိတ်တိုင်းကျ လက်ဘက်ရည် ကိုအေးကြည်တို့နဲ့ အတည့်ဆုံး။ နောက်ဆုံးနှစ် ဆေးကျောင်းသားတွေဆိုတော့ ကာနယ်မင်းစိန်က လေးလဲ လေးစားတယ်။ တခါတလေ ကိုသိန်းလွင်တို့နဲ့ စကားစမြည် လာပြောလေ့ ရှိတယ်။ ဆေးကျောင်းသားတွေက၊ သူ့ကို အားကိုးတကြီး မေးလိုက်ပြီဆိုရင် သူ့မှာ ဘ၀င်တွေ မြင့်ကုန်ရော။
ကိုသိန်းလွင်က သူကို သွားမေးတယ်။ "အဘ လူတကိုယ်မှာ သွေးဟာ ဘယ်လောက်သား လောက် ရှိမယ်ထင်သလဲ" ။ ကာနယ်မင်းစိန် မြောက်သွားတယ်။ မုတ်ဆိပ်မရှိတဲ့ မေးစေ့ကို လက်ကလေးနဲ့ပွပ်၊ ခေါင်းကလေးကို မော့ပြီး၊ စဉ်းစဉ်းစားစားနဲ့ ဖြေချလိုက်တယ်။ "လက်ဘက်ရည် အကြမ်းပန်းကန်လုံး သုံးလုံးစာလောက်တော့ ရှိမယ်ကွ" တဲ့။
အဘကျော်လို့ ကျနော်တို့ ခေါ်တဲ့ ဒုအဆောင်မှူး ဦးကျော်ရင်ကျတော့ တမျိုး။ အဆောင်မှာ ကျောင်းသားစရင်းကို မကြာခဏ အလုပ်မရှိအလုပ်ရှာ ကောက်လေ့ရှိတယ်။ အမည်ရယ်၊ ကျောင်းရယ်၊ အဓိကဘာသာရယ်။ ကျောင်းသားတယောက်က အဓိကဘာသာ ရူပဗေဒလို့ ပြောတော့ တအံ့တသြနဲ့ လှမ်းကြည့်လိုက်ပြီး အထင်ကြီးတဲ့ မျက်နှာပေးနဲ့ တခု ပြန်မေးလိုက်တယ်။ "ရူပဗေဒ ဆိုတော့ မင်းက လူကဲခတ် တော်တော်ကောင်းမှာပေါ့နော်" တဲ့။
ထောင်မှူးဦးဗိုနီ ဆိုတာ လုပ်သားကောလိပ်ကနေ မြန်မာစာ အဓိကနဲ့အောင်ပြီး ထောင်မှူးလာ လုပ်တာ။ လူက ခပ်ထူထူ၊ ခပ်အေးအေး၊ ခပ်ရိုးရိုး။
ကျနော်က ထောင်ဝင်စာက ပြန်တော့ ဦးဗိုနီနဲ့ အဘကျော်က အဆောင်ရုံးခန်းမှာ ထိုင်နေ တယ်။ ဦးဗိုနီက ကျနော့ကို တခုလှမ်းပြောတယ်။ ဘာလဲတော့ မမှတ်မိတော့ဘူး။ ကျနော်က သူ့ကို ပြန်ရိလိုက်တာကို အားလုံးက သဘောပေါက်လို့ ရီကြတယ်။ ဦးဘိုနီက ထူတော့ သဘောမပေါက်ဘူး။ သူ့ဘေးက ဦးကျော်ရင်ကို ပြန်မေးတယ်။ ဦးကျော်က "ဆရာနီ.... သွားမစမ်းနဲ့ သူတို့က ကိုမျိုးတင့်တွေ....." ။ ဗိုနီကလဲ အူပါတယ်ဆိုကာမှ အ, ပြနေပြန်ပြီ ဆိုတာမျိုး။ ကိုမျိုးတင့် ဆိုတာ ဘာလဲတဲ့။ ဦးကျော်က တခွန်းပဲ ပြန်ပြောတယ်...။ "ဆရာနီက ဂျင်နရယ်ကောလိပ် တယ်နည်းတာကိုး" တဲ့။ ဦးကျော်ပြောတဲ့ ကိုမျိုးတင့်ဆိုတာ ကွန်မြူနစ်၊ ဂျင်နရယ်ကောလိပ် ဆိုတာ general knowledge ။
ဦးသူငယ်ဆိုတဲ့ ၀ါဒါကျတော့ သူ့လက်မှတ်တောင် သူမထိုးတတ်ဘူး။ ကြက်ခြေပဲ ခတ်တာ။ သူ့ကို ကျနော်က မေးတယ်။ "အဘရယ် ဘာလို့ အဘတို့ကို ၀ါတာ (၀ါဒါ) လို့ ခေါ်တာလဲ" ။ "၀ါတာတာ အ၀တ်တွေ ၀တ်ရလို့ ၀ါတာလို့ ခေါ်တာနေမှပေါ့" တဲ့။
ဆက်ရေးပါအုန်းမယ်။

Monday, April 6, 2009
ယနေ့ခေတ်နဲ့ လူငယ်
ရေးသူ- လူထုဒေါ်အမာ
ယနေ့လူငယ်တွေ ၀တ်စား ဆင်ပြင်ပုံ၊ ပြောဆိုနေထိုင်ပုံ၊ လူငယ်တွေ တွေးတော ကြံဆပုံ စသဖြင့် လူငယ်များရဲ့ အပြုအမူ၊ အနေအထိုင်တွေနဲ့ လူကြီးတွေ နေခဲ့ထိုင်ခဲ့၊ ပြုခဲ့ မူခဲ့ တာတွေနဲ့ မတူကွာဟမှုတွေက ကြီးလိုက်တာလို့ မအောင့်အီးနိုင်တဲ့အခါ အမေက ပြောဆို ညည်းညူမိတယ်။ ဒီလို ပြောမိတဲ့အခါ ဒါအဆန်းမဟုတ်ပါဘူး အမေရယ်၊ ခေတ်ချင်း ကွာဟမှု ရှိနေတာကိုး။ ခေတ်လူငယ်တွေနဲ့ လူကြီးတွေနဲ့ဟာ ကွာဟရမှာပေါ့။ အမေ အဲဒါတွေကို အပြစ်ပြောလို့လည်း မရဘူး။ ပြုပြင်ချင်လို့လည်း မဖြစ်ဘူး။ ဒါ သူတို့ခေတ် အမေရဲ့လို့ အမေ့ကို လူငယ်တယောက်က ပြောပါတယ်။
အမေဟာ ခေတ်ရေစီကြောင်းကို ဘ၀င်မကျဖြစ်နေတဲ့ အဘွားကြီးတယောက်ဆိုပြီး အဲဒီလူငယ်က အမေ့ကို သနားနေသလားတော့ မသိဘူး။
ဟုတ်ပါတယ်။ အမေတို့ ငယ်ငယ်တုန်းကလည်း လူကြီးတွေက အမေတို့ အနေအထိုင်တွေ အပေါ်မှာ ဒီလိုပဲ ဘ၀င်မကျတာတွေ မကြိုက်မနှစ်သက်တာတွေ ရှိခဲ့တာပါပဲ။ ရှိခဲ့လို့လည်း အမေတို့ကို ဝေဖန်လို့တမျိုး၊ အကျိုးသင့် အကြောင်းသင့် ရှင်းပြလို့တမျိုး လုပ်ကြတာကို အမေတို့ ခံခဲ့ကြရတာပါပဲ။ ဒါဟာ ခေတ်ကာလရဲ့ ကွာဟမှုကြောင့် ဖြစ်ရတယ်လို့ အမေလက်ခံပါတယ်။
နို့ပေမယ့်-
အမေတို့ ခေတ်တုန်းက လူကြီးနဲ့လူငယ်၊ မိဘနဲ့သားသမီး၊ သက်ကြီးရွယ်အိုနဲ့ ပျိုရွယ်သူတွေရဲ့ ဆက်ဆံရေးဟာ အခုထက်ပိုပြီး နီးကပ်သလား၊ ထိစပ်မှု များသလား၊ ပိုမိုနွေးထွေးမှု ရှိသလား၊ တဘက်က တဘက်ကို လေးစားမှု ပိုကြီးသလားလို့ အောက်မေ့ တွေးတောမိတယ်။
ဟိုတုန်းက အိမ်ထောင်တခုအတွက် အိမ်သားတယောက် နှစ်ယောက်က ရှာဖွေကျွေး မွေးရင် လုံလောက်တော့ အိမ်သားတွေ အချင်းချင်း အတူနေကြ၊ တွေ့ဆုံကြရတဲ့ အချိန်တွေက အများကြီး ရှိခဲ့တယ်။ ခုခေတ်မှာတော့ စားဝတ်နေရေးက ကျပ်တည်းတော့ အိမ်ထောင်တခုမှာ အိမ်သားရှိသမျှ (ရနိုင်ရင်) အားလုံးထွက်ပြီး အလုပ်လုပ်ကြရတယ်။ လုပ်ရတဲ့ အလုပ်က နေ့အလုပ်၊ ညအလုပ်၊ သန်းခေါင်တိုင်တဲ့အလုပ် စသဖြင့် ရရာကို လုပ်ကြရတယ်။ ဒါကြောင့် အိမ်သားချင်း တွေ့ဆုံကြရတဲ့ အချိန်က အလွန်ကို နည်းလာတယ်။ အကန့်အသတ်နဲ့သာ ရှိလာတယ်။
အမေတို့ဆိုရင် အမေနဲ့ သမီးတွေနဲ့ အတူနေ၊ အတူအိပ်၊ အတူစားပါပဲ။ ဒါပေမယ့် သူတို့မှာ သူတို့အလုပ်တွေက များလေတော့ အမေက သူတို့ကို စကားပြောချင်လို့လည်း ပြောချိန်မရ၊ ရပြန်တော့လည်း ပြောချင်တဲ့အကြောင်းအရာက စိတ်ထဲမရှိတော့တဲ့အချိန်၊ ဒါကြောင့် တယောက်ကိုတယောက် မြင်တော့မြင်ရပါရဲ့၊ စကားစမြည် ပြောနေကြရ၊ အေးအေးဆေးဆေး မိသားစုတွေ အတူနေကြရတဲ့အချိန်က မရှိတော့သလောက်ပဲ။ တအိမ်တည်း နေရပေမယ့် စိမ်းနေလိုက်ကြတာ။ မအားကြလို့လေ။
အဲဒီလို မိသားစုတောင်မှ အေးအေးဆေးဆေး ပွန်းပွန်းတီးတီး နေချိန်တွေ မရှိတော့သလောက် ဖြစ်လာတဲ့အခါ မိဘနဲ့ သားသမီးရဲ့ ဆက်ဆံရေးမှာလည်း ရှေးကလို ရင်းနှီးပွန်းတီးမှုကြောင့် လူ့ယဉ်ကျေးမှု လက်ဆင့်ကမ်းတဲ့ သဘောတွေ နည်ပါး ဆုတ်ယုတ်လာတယ်လို့ အမေထင်တယ်လေ။
လူငယ်တွေနဲ့ လူကြီးတွေရဲ့ မျိုးဆက် တဆက်ကတဆက်ကို အဲဒီလို ယဉ်ကျေးမှု လက်ဆင့်ကမ်းမှု၊ စီးဆင်းလာမှု၊ တဘက်က လျော့ပါးဆုတ်ယုတ်လာတနဲ့အမျှ လူငယ်တွေက တဘက်ကလည်း မျိုးခြားတိုင်းတပါး ယဉ်ကျေးမှုတွေကို ဗွီဒီယို၊ ရုပ်မြင်သံကြားတွေ၊ တေးသီချင်းတွေ၊ ရုပ်ရှင်တွေနဲ့ တခြားမီဒီယာတွေကနေပြီး အတိုင်းမသိ ထိတွေ့ ယဉ်ပါးကြ ပြန်တယ်။ အတုခိုးကြပြန်တယ်။ လူငယ်တွေက အဲဒါကို သူတို့ခေတ်လို့ဆိုပြီး လက်ခံနေ ကြပြန်တယ်။
ဒါကြောင့် လူကြီးတွေနဲ့ အလှမ်းဝေးနေတဲ့ အပြုအမူတွေ၊ အကျင့်အကြံတွေဟာ လူငယ်တွေရဲ့ အကြားအမြင် အတွေ့အကြုံတွေထဲမှာ ရောက်ချင်တိုင်း ရောက်နေကြတော့ တာပေါ့။
ဥပမာဆိုပါတော့ အမေတို့ လူကြီးတွေရဲ့ စိတ်ထဲမှာ သာယာကြည်နူး ချမ်းမြေ့ပြီး ပျော်ရွှင်လာတဲ့အခါ သာယာတဲ့စိတ်က စေ့ဆော်လို့ တေးသီချင်းများ သီကြည့်မိတယ်လို့ အောက်မေ့ခဲ့တယ်။ ခုတော့ အော်ကြီးဟစ်ကျယ် ငေါက်ငမ်း ခုန်ပေါက်ပြီး ဆူဆူပူပူ ဒေါနဲ့မောနဲ့ သီဆိုတာဟာ တေးသံပဲလို့ လူငယ်တွေက သဘောကျနေကြတယ်။
ယောက်ျားလေးတွေက သနပ်ခါး လိမ်းကြတယ်။ ဆံပင်အရှည်ထားကြတယ်။ နားဆွဲ၊ လက်ကောက်၊ ဘယက်တန်ဆာ ဆင်ယင်ကြတယ်။ မိန်းကလေးတွေကဆံပင်ကိုဖြတ်၊ ဘောင်းဘီကိုဝတ်၊ အဖေ့ရှပ်အင်္ကျီကြီးမျိုးကို ၀တ်ပြီး အလှဆင်နေကြတယ်။ အဲဒါတွေက ဘာဖြစ်လို့ ပြောင်းတိပြောင်းပြန် ဖြစ်ကုန်ရတာလဲလို့ တွေးတဲ့အခါ အမေတို့ခေတ်တုန်းက လူငယ်တွေ တွေးခေါ်မြော်မြင်ပုံနဲ့ ခုခေတ်လူငယ်တွေ တွေးခေါ်မြော်မြင်ပုံချင်း ခြားနားလို့ပဲ ဖြစ်မယ်ထင်တာပဲ။
ဘ၀ဒဿနလို့ ခေါ်ကြတဲ့ လူဘ၀ကို မြင်ပုံနဲ့ ပတ်သက်ပြီး အမေတို့ ငယ်ငယ်ကတော့ နိုင်ငံက သူ့ကျွန်ဘ၀မှာ ဟုတ်လား၊ အဲဒီတော့ တို့တမျိုးသားလုံးရဲ့ ရည်မှန်းချက် ပန်းတိုင်က သူ့ကျွန်အဖြစ်က လွတ်ကြရေးပဲဆိုတာ စာနယ်ဇင်းတွေကလဲ တဖွဖွရေးနေကြတာ၊ အသင်းအဖွဲ့တွေကလည်း တယယ ပြောနေကြတာ၊ နေရှင်နယ်ကျောင်းလို ကျောင်းတွေက လည်း ကျောင်းသားတွေကို နေ့တိုင်းဟောပြောနေတာ ဖြစ်တဲ့အခါ လူငယ်၊ မိန်းကလေးတွေ စိတ်ထဲမှာလဲ တိုင်းပြည်အတွက် သားကောင်းသမီးကောင်း ဖြစ်ချင်တဲ့စိတ်က သိတ်ပေါ်တယ်။ အလိုတော်ရိတို့၊ ငို့ဘသမားတို့၊ အချောင်သမားတို့၊ စားဖားတို့ ဆိုတာ လူငယ်တွေ ရွံမုန်းစက်ဆုပ်တဲ့ အသံတွေပေါ့။
အဲဒီလို တိုင်းပြည်အတွက် အဖိုးတန်တဲ့ သားကောင်းသမီးကောင်းလေးတွေ ဖြစ်ကြရအောင် ပထမ မျိုးချစ်စိတ် ရှိရမယ်။ ဒုတိယ ပညာရှာရမယ်။ တတိယ ကိုယ်လက်ကြံ့ခိုင်ရမယ် ဆိုတာမျိုးတွေလည်း တဘက်က ရေးသားဟောပြော လှုံ့ဆော်နေပြီး၊ အလေးမအသင်းတွေ၊ ခြေလျင်အသင်းတွေ စတဲ့ ယောက်ျားကောင်း၊ မိန်းမကောင်း တယောက် ဖြစ်ပေါ်ရေးအတွက် အလုပ်စခန်းတွေကလည်း ရှိနေတယ်။
ဒါကြောင့် ယောက်ျားလေးဆိုရင် ကျားကျားလျားလျားနဲ့ သန်မာထွားကျိုင်းမှ တိုင်းပြည်နဲ့ လူမျိုးက အားကိုးရမယ့် သားကောင်းတယောက် ဖြစ်လာဖို့ လူငယ်တိုင်းက မျှော်မှန်းသလို လုံမငယ်တိုင်းကလည်း ဖြစ်စေချင်ကြတယ်။ ဒါကြောင့် ယောက်ျားလေးက သနပ်ခါးလိမ်းတယ်ဆိုရင် လူ့အဖွဲ့အစည်းက လက်မခံနိုင်ဘူး။ ၀ိုင်းပြီးသရော်မှာ ရှုတ်ချမှာပဲ။ လူဆိုတာ အဖွဲ့အစည်းနဲ့ နေရတာ မဟုတ်လား။ ပတ်ဝန်းကျင်က လက်မခံတာကို မလုပ်ဝံ့ပါဘူး။
ခုခေတ်မှာတော့ လူငယ်တွေရဲ့ ပတ်ဝန်းကျင်က မင်းပိုက်ဆံရအောင် ဘယ်နည်းနဲ့ဖြစ် ဖြစ် ရှာ၊ မရှာနိုင်ရင် ဖွတ်ပဲလို့ ရှုတ်ချတယ်။ ရတယ်ဆိုရင် သုံးပါ၊ ဖြုန်းပါ၊ အရက်သောက်၊ ဘိန်းရှူ လုပ်ချင်ရာ လုပ်ပါ။ ရှာနိုင်ရင် အားလုံးတင့်တယ် တယ်လို့ ကြွေးကြော်ကြ၊ အောက်မေ့ကြတယ်။ ပြီးတော့မှ အချင်းချင်းမှာ ငါက ဘယ်သူ၊ ငါက ဘယ်ဝါလို့ ထင်ပေါ်ကျော်ကြားလာအောင် အမျိုးစုံ သူများထက်ထူးအောင် ၀တ်စားဆင်ပြင်တာ၊ ကင်းမြီးကောက်ထောင်ပြတာမျိုး၊ အုန်းပင်စိုက်နေတာမျိုး၊ တစုံတရာ သူများနဲ့ မတူတာမျိုး လုပ်ပြပြီး ငါဆိုတဲ့ အတ္တကို ရှေ့ရောက်အောင် ဆွဲခေါ်ဖို့ ကြိုးစားကြတယ်။
လူငယ်လေးတွေ ၀တ်စားဆင်ပြင်မှုတွေမှာ တောလုပ်တောင်လုပ် လုပ်နေကြတာ အဲဒီလို ငါလို့ ထင်ပေါ်ချင်မှုနဲ့ လုပ်ပြနေကြတာပဲ။ သူတို့မှာ မှန်ကန် မွန်မြတ်တဲ့ ဘ၀ဒဿန မရှိဘူး။ ရှိအောင်လည်း ဘယ်ရပ်ကွက်ကမှ ထိထိရောက်ရောက် လုပ်မပေးနိုင်ဘူးလို့ အမေထင်တယ်။
ခေတ်ပဲ အမေရဲ့ ခေတ်ပဲဆိုပြီး ခေတ်ရေစီးကြောင်းကြီး စီးချင်ရာ စီးနေတဲ့အထဲ လူငယ်တွေ မျောချင်ရာ မျောပါနေတာကို အမေတို့ လူကြီးမိဘ ဆရာသမားတွေက ကြည့်မနေသင့်ဘူး။ ခေတ်ရေစီးကို စီးသင့်တဲ့ဘက် စီးလာဆင်းလာအောင် ရေလမ်းသွယ် ဖောက် ပေးသင့်တယ်။ ဒါမှ ကိုယ်လိုရာ ဒီခေတ်ရေစီးကြီး စီးလာမှာပေါ့လို့ အမေက ပြောချင်တယ်။
အမေနဲ့ သဘောတူကြလား။
[ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၂၊ ၁၉၉၆ ဖေဖော်ဝါရီ]
{၁၉၉၇ သြဂုတ်၊ လူထုတိုက်ထုတ် လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား စာအုပ်မှ ကူးယူဖော်ပြပါတယ်။}

Saturday, April 4, 2009
နံမည်ဖခင်ဦးကြည်အောင်
ရေးသူ- လမင်းတရာ
ကဗျာဆရာကြည်အောင် နှလုံးရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ မတ်လ (၂၇) ရက်နေ့ က ဆုံးသွားတယ်လို့၊ အန်ကယ်စွမ်း (မောင်စွမ်းရည်)က ဖုံးဆက်လာတော့၊ ကျနော်အလွန်ဘဲ ကြေကွဲဝမ်းနည်းရပါတယ်။
ကျနော့်ရဲ့ မွေးဖခင်က ဦးစောလွင် (တက္ကသိုလ်မောင်စောလွင်) ဖြစ်ပြီး၊ ကျနော့်နံမည်ရဲ့ မွေးဖခင်ကတော့ ကဗျာဆရာကြီး ဦးကြည်အောင်လို့ ဆိုနိုင်ပါတယ်။
၁၉၆၃ ခုနှစ်မှာ ကဗျာဆရာ ဦးကြည်အောင်ဟာ သူ့ရဲ့ 'လမင်းတရာ ကဗျာများ' စာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။ အဲဒီတုန်းက လူထုတိုက်မှာ ဖေဖေက အယ်ဒီတာ လုပ်နေပါတယ်။ ကျနော့်ဖေဖေက သူ့ရဲ့ ရဲဘော်ရဲဘက် မိတ်ဆွေရင်းညီအကိုပမာ ချစ်ခင်တဲ့ ဦးကြည်အောင်အတွက် ၀မ်းသာဂုဏ်ယူတဲ့ အနေနဲ့ရော အမှတ်တရလေး ဖြစ်စေချင်တဲ့ အတွက်ရော အဲဒီနှစ်မှာ မွေးတဲ့ ကျနော့်ကို 'လမင်းတရာ' ဆိုတဲ့ ကဗျာနံမည်လေးကို ကင်ပွန်းတပ် ပေးခဲ့ပါတယ်။ ဒါကြောင့် ကဗျာဆရာဦးကြည်အောင်ဟာ ကျနော့်ရဲ့ နံမည်ဖခင်ဆိုရင် မမှားပါဘူး။
လေးလေးဦးကြည်အောင်ဟာ အင်းဝမှာမွေး အင်းဝသား ဖြစ်ပြီး၊ တသက်လုံး အင်းဝမှာ ပဲ နေထိုင်သွားသူပါ။ လူပျိုကြီးဘ၀နဲ့ ကဗျာတွေရေးပြီး၊ မိခင်ရဲ့ ကျေးဇူးကို အထူးသိတတ်သူ ဖြစ်တဲ့အလျောက်၊ မိခင်နဲ့ တောက်လျောက်အတူတကွ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ စိတ်ရင်းလည်း အလွန်ဖြောင့်မှန်ရိုးသားပြီး ရောင့်ရဲတဲ့ဘ၀မှာ ကဗျာတွေနဲ့ မွေ့ပျော်ခဲ့သူ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် မှန်ကန်တဲ့ ခံယူချက်နဲ့ 'အမေကမွေး၊ ထောင်ကကျွေး နေရေးမခက်ပါ' ဆိုတဲ့ ဆောင်ပုဒ် လက်ကိုင်ထားပြီး သူရဲ့ငယ်ဘ၀ကို ဖြတ်သန်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးလိုလားတဲ့ သူ့ရဲ့ပုံရိပ်ကို 'လမင်းတရာ' ကဗျာမှာ အထင်အရှား မြင်နိုင်ပါတယ်။
လေးလေးဦးကြည်အောင်ဟာ လည်ကတုံးအင်္ကျီနဲ့ ဖျင်ကြမ်းတိုက်ပုံကို အမြဲဝတ်လေ့ ရှိပြီး၊ ပုဆိုးတိုတိုနဲ့ လွယ်အိပ်လေးတလုံးလွယ်ပြီး သူ့ရဲဘော်ရဲဘက်တွေရှိတဲ့ မန္တလေးကို သူနေတဲ့ အင်းဝမြို့ကနေ ဒုဌ၀တီမြစ်ကို ဇက်နဲ့ ကူးပြီး (အခုတော့ တံတားရှိသွားပြီ) ကုန်းတတန်၊ ရေတတန် လာတတ်သူပါ။ သူလာရင် လူထုတိုက်ကိုလည်း အမြဲဝင်လေ့ရှိပြီး၊ ကျနော်တို့ အိမ်ကိုလည်း ၀င်လာလေ့ ရှိပါတယ်။
ဖေဖေဟာ မိတ်ဆွေအပေါင်းအသင်း အလွန်ခင်မင်တတ်တဲ့သူ ဖြစ်တဲ့အလျောက် ဖေဖေ ရှိစဉ်တုန်းက အိမ်မှာ မကြာခဏ ရဲဘော်မိတ်ဆွေတွေ ဆုံတွေ့ပွဲလေးတွေ လုပ်လေ့ ရှိပါတယ်။ စာပေအကြောင်း၊ နိုင်ငံရေးအကြောင်းတွေ ဆွေးနွေးကြတယ်။ တခါတလေ လေးလေးဦးကြည်အောင်နဲ့ ဦးသာနိုးတို့က ကဗျာတွေကို အားနဲ့မာန်နဲ့ ရွတ်ဆိုပြလေ့ရှိတာတွေ အခုပြန်မြင်ယောင်ပြီး ကျနော် ၀မ်းနည်းမိပါတယ်.......။
နောက်ဒီ 'လမင်းတရာ' ဆိုတဲ့ ကဗျာနာမည်နဲ့ ပါတ်သက်ပြီး သတိရတာလေးတခုက မန္တလေး ရှမ်းပွဲရပ်က ကျနော်တို့ နေတဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာ လမင်းတရာ အငြိမ့်အိမ်လည်း ရှိပါတယ်။ အငြိမ့်ထောင်တဲ့ စာရေးဆရာ မောင်မြတ်မှိုင်းနဲ့ ခေါင်းဆောင်မင်းသမီး ပန်တျာ ဌေးဌေးမြင့်တို့ ဇနီးမောင်နှံက လေးလေးကြည်အောင်ရဲ့ ကဗျာနာမည်ကလေးကို နှစ်သက် သဘောကျပြီး လေးလေးကြည်အောင်ထံမှာ ခွင့်တောင်းပြီး သူတို့ အငြိမ့်ကို ဒီနာမည်ပေးခဲ့ တယ်လို့ သိရပါတယ်။ မင်းသမီး ဌေးဌေးမြင့် ဆိုလေ့ရှိတဲ့ အငြိမ့် ခေါင်းစီးသီချင်းထဲက 'အမိမြေကမ္ဘာအေးမြဘို့..... လမင်းတရာရှင့်.....' ဆိုတဲ့၊ သီချင်းစာသားချိုချိုကိုလည်း ကျနော် ကြားယောင်မိပါတယ်။
ကျနော့်အမေရိကရောက်တော့ လမင်းတရာ စာပေဆက်ဆံရေး ဆိုတဲ့အမည်နဲ့ စာပေလုပ်ငန်းတွေကို တစိုက်မတ်မတ်ဆောင်ရွက်နေတဲ့ ခင်မင်စရာ စာရေးဆရာ ကိုအေးဝင်းနဲ့လည်း ဒီနံမည်လေးကို အကြောင်းပြုပြီး ရင်းနှီးခဲ့ရပါတယ်။
ကျနော်တို့ မိသားစုမှာလည်း ကျနော့်နောက်မှာ ထပ်မွေးလာတဲ့ ကျနော့်ညီတွေကို ဖေဖေက ကျနော့်ကို စပြီး ကင်ပွန်းတပ်ခဲ့တဲ့ ဒီကဗျာနာမည်လေးကို အကြောင်းပြုပြီး 'ကြယ်မင်းတထောင်'၊ 'နေမင်းတသောင်း'၊ 'မိုးမင်းတသိန်း' ရယ်လို့၊ ဆင့်ပွါးပြီး ပေးခဲ့ပြန်ပါ တယ်။
ခုတော့ ဖေဖေလည်း မရှိတော့ပါဘူး။ လေးလေးကြည်အောင်လည်း မရှိတော့ဘူး။ ဒါပေမယ့် လေးလေးဦးကြည်အောင်ရဲ့ ဒီကဗျာနာမည်ကလေးကရော ဒီနာမည်နဲ့ ပါတ်သက် ဆင့်ပွါးတာတွေရော နေရာအနှံ့အပြားမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ လေးလေး ကြည်အောင် ထွန်းလင်းခဲ့တဲ့ 'လမင်းတရာ' ကမ္ဘာအနှံ့မှာ အသွင်အမျိုးမျိုးနဲ့ သာနေသလို၊ လေးလေးကို ချစ်တဲ့ ကျနော်တို့တတွေအားလုံးရဲ့ ရင်ထဲမှာလည်း လေးလေးရဲ့ ကဗျာလမင်း၊ စာ, လမင်းတွေ တရာမက ထာဝရသာလျက်ပါလို့....... ကျနော့်ကို ဒီနံမည်လေး ပေးခဲ့ကြတဲ့ ဖေဖေနဲ့ လေးလေးကြည်အောင်ကို ဂါရ၀ ပြုပါတယ်။
လေးလေးဦးကြည်အောင်.... ဆုံးရှုံးမှုအတွက် ကြေကွဲမဆုံးပါ...
လေးလေး ငြိမ်းချမ်းပါစေ........
လမင်းတရာ။
ဧပြီ ၄ရက်၊ ၂၀၀၉။

ကဗျာတပ်မှူး ကြည်အောင် နဲ့........
ရေးသူ- တက္ကသိုလ်မောင်စောလွင်
ကဗျာတပ်မှူးကြည်အောင်နဲ့ 'မိခင်မာရသွန်'
{ဤစာသည် 'ကြည်အောင်၏ မိခင်မာရသွန်' ပဌမနှိပ်ခြင်း၊ ၁၉၈၅ ခု၊ ဖေဖော်ဝါရီလ၊ တွင်၊ ဖော်ပြသော တက္ကသိုလ်မောင်စောလွင်၏ အမှာစာ ဖြစ်ပါသည်။ ၂၀၀၉ မတ်လ၊ ၂၇ တွင် ကွယ်လွန်သွားရှာသော ကဗျာဆရာကြည်အောင် (ဦးကြည်လင်) အတွက်၊ ကြေကွဲဝမ်းနည်း ခြင်း နှင့်အတူ ဆရာကြည်အောင်ကို လေးစားဂုဏ်ပြုသောအားဖြင့် မာယာမှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။}
ကြည်အောင်-သာနိုး
တင်မိုး-စွမ်းရည်
ကိုလေး (အင်းဝဂုဏ်ရည်)
တို့ဟာ ကဗျာစာပေ တပ်ဦးက တပ်မှူးတွေ ဖြစ်တယ်လို့ ရဲရဲကြီး ဆိုလိုက်ပါတယ်။ ဘာလို့ ဒီလိုဆိုနိုင်သလဲလို့ မေးယင်....
သူတို့ကဗျာတွေကို လေ့လာလိုက်ပါ၊ သူတို့နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းကြည့်တဲ့အခါ အဖြေထွက်လာနိုင်ပါတယ်။
သူတို့ကဗျာကို လေ့လာလိုက်ယင် သူတို့ရဲ့ စေတနာဟာ အများပြည်သူတွေ အပေါ်မှာ ထက်ထက်သန်သန်ထားပြီး ရေးဖွဲ့ကြတယ်ဆိုတဲ့အချက်ဟာ ပေါ်လွင်ထင်ရှားလာပါတယ်။ မှန်ကန်တဲ့ရပ်တည်ချက် ရှိတာတွေ တွေ့ရပါမယ်။ ဒီနေရာမှာ တခြားသူတွေရဲ့ ရုပ်ပုံလွှာကို စာဖွဲ့ဖို့ မလိုသေးပေမယ့် ကြည်အောင် အကြောင်းကိုတော့ ရေးဖွဲ့ရပါလိမ့်မယ်။
ကြည်အောင်ဟာ ဘယ်လိုလူလဲ။
ကြည်အောင်ဟာ ပကတိ ရိုးသားဖြူစင်သူ၊ စိတ်ကောင်းနှလုံးကောင်း ရှိသူ၊ ရဲရင့်တဲ့ အတွေးအခေါ်ကို ကိုင်စွဲထားတဲ့ ကဗျာဆရာတဦးအဖြစ် တွေ့ရပါတယ်။
သူက အင်းဝသား၊ ခရစ်သက္ကရာဇ် ၁၉၃၇ - ခု ဖေဖော်ဝါရီလ ၂၇ ရက်မှာ မွေးတယ်။ အဖေက ဦးစိန်ညွန့်၊ အမေက ဒေါ်ထွေး၊ ကြည်အောင် အမည်ရင်းက ကြည်လင်။
၁၉၅၆ -ခုနှစ် မန္တလေးတက္ကသိုလ်ရောက်ပြီး၊ စာပေလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်၊ ကဗျာနဲ့ ဆောင်းပါးတွေကို မဂ္ဂဇင်းတွေ၊ နံရံကပ်စာစောင်တွေ၊ လူထုသတင်းစာ၊ ငွေတာရီ၊ ရှုမ၀ စတဲ့ မဂ္ဂဇင်းတွေမှာ ရေးခဲ့တယ်။
လမင်းတရာကဗျာများ စာအုပ်နဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသားစာပေ ကဗျာပေါင်းချုပ် ပထမဆု ရခဲ့တယ်။
သူ့အဖို့ ဘယ်နေရာ ဘယ်ဌာနမှာဘဲ ရောက်နေ ရောက်နေ၊ ကဗျာစာပေနဲ့ မွေ့လျော်ပြီး ကဗျာတွေကို အဆက်မပြတ် သီဖွဲ့နေသူ ဖြစ်တယ်။
"ဒုဌ၀တီ သောင်ခြေဦး
ကဗျာဖူး
စိတ်ကူးပန်းတွေ ပွင့်ဖူးတယ်"
ပြည်သူတွေအတွက် တေးသစ်ဆိုဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။
"ပြည်သူတွေကို ချစ်တဲ့စိတ်၊ နယ်ချဲ့ ကို မုန်းတဲ့စိတ်"
စွဲစွဲမြဲမြဲ ခံယူနိုင်ဖို့ဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်တဲ့ ခံယူချက် ဖြစ်ပါတယ်။
ဒီလို ခံယူချက်မျိုးတွေကို အမြဲရှင်သန်နေအောင် ကဗျာဆရာကြည်အောင်က ကြိုးစား ပါတယ်။ နယ်ချဲ့သမားတွေကို သူ ဘယ်တော့မှ မညှာဖူး။
"တောတောင်ခရီး- ဖြတ်လို့ကျော်
တိုက်ပွဲသံကခေါ်
ငါတို့ရဲဘော် ခင်ဦးသား
ဓါးလှံစိန်ပြောင်း ကိုင်ဆောင်ထား။
ရခိုင်မြောက်ဖျား ပန်းဝါမြေ၊
နယ်ချဲ့သမားတွေ။
တိုက်ဟေ့တအား- တို့ထိုးခုတ်၊
ဒင်းတို့ ခေါင်းကိုဖြုတ်"
သူ့ကဗျာတွေထဲမှာ နယ်ချဲ့ သမားကို အပြတ်ချေမှုန်းပါတယ်၊ နယ်ချဲ့စနစ်ကို ရှုတ်ချပါတယ်၊ မြန်မာ့သမိုင်းမှာ ဘယ်လိုဘယ်နည်းနဲ့ နယ်ချဲ့ကို တိုက်ထုတ်ပုံတွေ ရေးချယ်စီကုံးပါတယ်။
ကြည်အောင်ဟာ ရှေးမင်းနေပြည် အင်းဝသားပေမယ့် သူ့ခေတ် အင်းဝကတော့ ကျေးလက် အခြေအနေအဆင့်မှာ ဖြစ်ပါတယ်။ သူဟာ တောသားပါလို့ ပြောယင်လဲ ရပါတယ်။ ကျေးလက်ဓလေ့ ထုံးစံတွေကို သူခြုံငုံမိပါတယ်။ တရင်းတနှီး ပွေ့ဖက်ခဲ့သူ ဖြစ်ပါတယ်။ ဒီတော့ သူ့ကဗျာတွေမှာ မြို့ပြခေတ် အငွေ့အသက်ကင်းပြီး ကျေးလက်နံ့ ထုံသင်းနေတာ တွေ့နိုင်ပါ တယ်။
"နွားစားတဲ၊ ထန်းရွက်ကျဲအုပ်မိုး၊
တိုင်ထန်းသား၊ ရှားပိုးထိုး၊
လေမိုးလုံ တဲတလုံး
ဆောက်ဦးပေါ့ မောင်ကြီးရယ်တော့"
ကဗျာဆရာဟာ လူ့အလွှာအသီးသီးရဲ့ ဘ၀အခြေကိုလဲ သူ့ရှုဒေါင့်တနေရာက သေသေချာချာ ရေးဖွဲ့သီကုံးခဲ့သူပါ။ ကိုတံငါရေလုပ်သား၊ တောအပျိုမလေး၊ ကျွဲသမား၊ ဖောင်သမား၊ ယွန်းထည် အလုပ်သမား၊ နွားမွေးသူများ၊ ကြက်သမား၊ သံဖြူဆရာနဲ့ နို့ကုန်သည်၊ သက်ကြီးရွယ်အို ဘိုးဘွားများ၊ နွားကျောင်းသား၊ ရွှေဘိုကျေးက မေပျိုကလေး၊ စတာတွေဟာ သူကိုယ်တိုင် ထိတွေ့ခံစားရတဲ့ နေရာဌာန ကျေးလက်အသီးသီးက ကဗျာအသီးအပွင့်တွေ ဖြစ်ပါတယ်။
နောက်တချက်ကတော့ ကြည်အောင်ဟာ အမေကို မြတ်နိုးရမှန်းသိသူ၊ အမေကို ကျိုးနွံရိုသေကိုင်းရှိုင်းသူ၊ မိခင်မေတ္တာ အတိမ်အနက်ကို သိသူအဖြစ် ဂုဏ်ယူရမှာ ဖြစ်ပါတယ်။
သမိုင်းခေတ်ဦး ပကတူးအစက စပြီး အမေကို ဂုဏ်ပြုခဲ့ကြ၊ ကိုးကွယ်ခဲ့ကြ၊ မြတ်နိုးခဲ့ကြ ပါတယ်။ ကြည်အောင်ကလဲ သူ အပတ်တကုတ် ကြိုးပမ်းအားထုတ်ထားတဲ့ ကဗျာတွေနဲ့ အမေကို ရည်ညွှန်းပူဇြော်ပီး "မိခင်မာရသွန်" အမည်နဲ့ ကဗျာစာအုပ် ထုတ်ဝေတာဟာ သင့်မြတ်တယ်လို့ ဆိုရပါမယ်။
အသက် ၇၂ နှစ်အရွယ် အမေရဲ့ မွေးနေ့ကို မမေ့တဲ့ကြည်အောင်.....။
သူ့ အတ္တရုပ်ပုံလွှာပုံကြမ်းမှာတော့.....
အမေကမွေး
ပေးတဲ့နာမည်
ကြည်လင်
တက္ကသိုလ်-မောင်စောလွင်
၂၇၊ အောက်တိုဘာ ၁၉၈၃
Thursday, April 2, 2009
နိဗ္ဗာန်ဈေး
ရေးသူ- ကြည်အောင်
လာခဲ့ပါ့ကိုရင်ရယ်၊
တန်ဆောင်တိုင်နိဗ္ဗာန်ဈေး
ခေါ်ကျွေးဘူးကွယ်။
မုံ့လုံးကချိုတယ်၊
လာမယ်နော်ဟုတ်လား။
မလေးခင်ခေါ်စကား
ချိုမြလှသား။
ကလေးတို့ စားကြကွယ်၊
ရွာဘုံလှူ နိဗ္ဗာန်ဈေးမို့
လွေးလိုက်ကြတယ်။
လေးခင်က မုံ့ညက်နယ်၊
ဆယ်ပါဟ မိလှမျိုး။
ရေနွေးဆူမုံ့လုံးပွက်အောင်
မီးဆက်ကာထိုး။
ရွာလယ်ရပ်အဖွားသီ၊
ပတီးကိုင်တရားဖက်
သက်ရာကျော်ပြီ။
ရေပေါ်မုံ့ချိုဆိမ့်အီ၊
ခွေးနီရေ သွားပို့စမ်း။
လျှာရသာ တမျိုးထူးအောင်
ဖြူးလိုက်ပါနှမ်း။
မင်းသားဟန်လူညိုနွဲ့
လေးခင်ရဲ့ကိုရင်ညို၊
တန်ဆောင်တိုင် လပြည့်ဝန်းနှယ်
ရွှန်းမြလို့ချို။
ဝါးပလွေတို၊ လေချိုကတေး၊
ကျော်ထွေးငယ် အဖော်မွန်က
ခွန်နှစ်သံ ငါးပေါက်တွဲလို့
ဟဲလိုက်တယ်လေး။
နိဗ္ဗာန်ဈေး ရွာဘုံလှူ၊
စေတနာမွှေးပျံ့သင်း
စိတ်ရင်းကြည်ဖြူ။
သွားကြစို့ အတူတူ၊
ကိုယ့်လူလဲလိုက်ခဲ့။
ကျော်ထွေးငယ်အစားပုပ်က
လိုက်ချင်ပေါင် တွန့်ဆုတ်ဆုတ်နဲ့
ဟန်လုပ်သတဲ့။
လေးခင်ကဆီးလို့ကြို၊
အပျိုကြီး မဂေါက်တေးက
မေးငေါ့သကို။
ချစ်သူများ မနာလို၊
အပျိုကြီးစိတ်ထား။
ကလေးငယ်အချိုကြိုက်ယင်လဲ
ရိုက်တတ်တယ်လား။
စားလိုက်အုံး ကိုရင်ညို၊
စေတနာပီတိဖုံးလို့
မုံ့လုံးကချို။
လေးခင်ပျို၊
ပိုလိုက်သည့် ချစ်လောကွတ်။
ပန်ဆင်သူ ဆွတ်ချွေခူးဖို့
ကြာဖူးကညွတ်။
တရှူးရှူး တရှဲရှဲ
မျက်ရည်ရွှဲပြုံးမလို၊
မုံ့လုံးချို ငရုတ်စပ်နဲ့
နှပ်ကြပြီကို။
လူဟန်နွဲ့ကိုရင်ညို၊
စိတ်မတိုပြုံးနိုင်သား။
ချစ်ဦးပျိုသူ့ခင်လေးက
တွေးလို့သနား။
အပျိုကြီး မဂေါက်တေး
ဆေးပေါ့လိပ် ပြုံးလို့ရှူ၊
ကိုရင်ညို ငရုတ်စပ်တော့
ကျေနပ်သည့်မူ။
မဂေါက်တေး ကြိုက်မဲ့သူ၊
ဤဇမ္ဗူအရှားသား။
ယစ်ထုပ်မောင် ထန်းတောစားနဲ့
ညားလိမ့်မယ်လား။
လူထုသတင်းစာ၊ ၁၉၆၁ ခု။
{ကြည်အောင်-လမင်းတရာကဗျာများ၊ ပထမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ နိုဝင်ဘာ မှ ကူးယူဖော်ပြပါတယ်။}

မခေါ်တမ်း ကစားခြင်း
ရေးသူ- ကြည်အောင်
တမင်စိမ်းပြီပေါ့....
မကြင်လို့ တိမ်းချင်လဲတိမ်းပါ
ယိမ်းသလို ရှောင်သလိုနဲ့
ဟန်ဆောင်ကာမျက်မာန်တင်း
မြင်ပြင်းကပ်ဟန်တူရဲ့
ငြူစူစူခင့်နှုတ်ခမ်းက
ပန်းနှင်းဆီ မုန်းယောင်သန်း
မခေါ်တမ်း ကစားရအောင်လေ။
နောင်တော့မှ...
မောင်တော့သတိထား
ဟိုသွားဒီလာနဲ့
ကဗျာဆရာ လူတေကြီး
ဆံမဖီးမသင်နဲ့
မုတ်ဆိတ်မျှင် သူ မရိတ်
ဆေးလိပ်တို တဖွာဖွာပေါ့
ယောင်ချာချာမနေပါနဲ့
ခင်ကလေ... မောင့်ကိုမုန်းပါဘု
ရှက်ပြုံးကာ လာမချော့လှာနှင့်
မောင့်မှာလေ... တအားလျော့ပြီ
ခုတော့ တေပေ။
မောင်ရယ်.... လိမ်လိမ်မာမာနဲ့
ခင်ပြောတာ နားထောင်စမ်းပါ
ဒီကလဲသူ့ကိုလွမ်းရတာဘဲ
မခေါ်တမ်းကစားပွဲကို
ရပ်စဲကြစို့လေ....
မျက်ရေနဲ့ ခင့်စကား။
ချစ်သူကပြောတော့...
လွမ်းမောသူ ဟန်မဆောင်နိုင်ဘု
ဆေးလိပ်တောင် ဖြတ်ပစ်မယ်
အချစ်မကြိုက်ယင် မောင်မသောက်ပါ
နောက်တော့သာ... မခေါ်ချင်သလိုနဲ့
ခင်... တမင် ငြိုငြင်တိမ်းပြီး
စိမ်းနဲ့ သိလား။
၁၉၆၃ ခု။

Subscribe to:
Posts (Atom)