ဘယ်သူတွေလဲ
၃ ဆောင်ကို အထူးဘ၀တုန်းမှာ အခန်းတွေနံပါတ်မှတ်တာ အပေါ်ခန်းတွေက စ,တယ်။ အပေါ် လေးခန်းကို ၁၊ ၂၊ ၃၊ ၄၊ အောက်လေးခန်းကို ၅၊ ၆ (ကိုယ်တို့အခန်း)၊ ၇၊ ၈။
(၁) နဲ့ (၂) ကို သုံးထပ်သားပြားနဲ့ အခန်းကန့်ပြီး တခန်းကို သုံးခန်း (က) (ခ) (ဂ) ပိုင်းထားတယ်။ ၁(က) က အဆောင်မှူးလှရွှေ နားနေခန်း၊ ဘိုးတော်တင်ဦး ဘုရားခန်း။ ကျန်တဲ့ အခန်းတွေမှာ အထူးထောင်ကျတွေ နေကြတယ်။
အဲဒီ အခန်းကျဉ်း(သီးသန့်ခန်း)တွေမှာ ကိုယ်မှတ်မိသလောက် ဆိုရှယ်လစ်ဝန်ကြီး ဦးကျော်ငြိမ်းသား နှစ်ယောက်- ဒေါက်တာထွန်းကျော်ငြိမ်းနဲ့ ဘိုဘိုကျော်ငြိမ်း၊ လူသတ်မှုနဲ့ ထောင်ကျတဲ့ ပထစ အမတ်ဟောင်း ဦးထွန်းမြင့်ကြူ၊ ဒေါက်တာဘမော်သမက် ရှေ့နေဦးရဲထွန်း၊ စိုးရင် (ရင်ဖွင့်သံနိဒါန်း-ခေါင်းဆောင်) (ဆေး-၁)၊ ကိုတင်မောင်ဦး (ယခု ပန်းချီဆရာ၊ မန္တလေး တင်မောင်ဦး)၊ ကိုစံမင်း (ယခု-ပန်းချီဆရာ)၊ ကိုမိုးမြင့် (မှိုင်းရာပြည့်-ဆေး-၁)၊ ကျော်ဝင်း (ရင်ဖွင့်သံနိဒါန်း- စက်မှု တက္ကသိုလ်)၊ ကိုတင်မြတ် (ရင်ဖွင့်သံနိဒါန်း-စက်မှုတက္ကသိုလ်)၊ သိန်းအောင် (ခ) ရာကျော်၊ စောအင်ဒရူး (ဦးသန့်အရေးအခင်း)၊ ကိုအောင်ကြင် (မီးမောင်း-တပ်မတော်မှတ်တမ်းရုံး)၊ ထွန်းသိန်း (ဦးသန့် အရေးအခင်း)၊ မောင်မောင်အေး (ပီဒီပီ)၊ ကိုတင်လှ (စီးပွါးရေးတက္ကသိုလ်)၊ ဒလ ဦးထွန်းစိန်။
အခန်းကျဉ်းတွေထဲက တခန်းဟာ ကျနော်နဲ့ ကိုဌေးဝင်း(ဘွန်း-ယခုဂျာမဏီ) အဆောင်ကို ရောက်လို့ တပါတ်-၁၀ရက် လောက်ပဲ ရှိဦးမယ်၊ ပြဿနာတခုဖြစ်ပြီး တခန်းလုံး တိုက်ထဲ ရောက်သွားတယ်။ အဲဒီအခန်းထဲမှာ ကျနော် မှတ်မိသလောက်- ကိုသန်းမြင့်(မောင်မောင်သာမြတ်-ကွယ်လွန်)၊ မြတ်ကိုကို (ဆဒတ်) (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ တူ)၊ ကိုငြိမ်းဝင်း (John) (အရှေ့လေ-ကဗျာစာအုပ်)၊ ထွန်းအောင်ရွှေ (စက်မှုတက္ကသိုလ်)၊ ......
အခါကြီးရက်ကြီးများ
ကျနော်တို့မှာ ပျော်စရာရွှင်စရာ အခါကြီးရက်ကြီးများရှိသလို၊ နိုင်ငံရေးအရ အထိမ်းအမှတ်နေ့ အခါကြီး ရက်ကြီးတွေလဲ ရှိတယ်။ အဲဒီလို နေ့တွေရောက်ရင်၊ အဆောင်တွေမှာ၊ တိုက်တွေမှာ ကိုယ့်အုပ်စုနဲ့ ကိုယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ သင့်တော်သလို အထိမ်းအမှတ်ပွဲလေး လုပ်ကြတာပါပဲ။ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေကို တိုးတက်တဲ့ အင်အားစုတွေနဲ့ အဲဒီအင်အားစုတွေအပေါ် တိမ်းညွှတ်တဲ့ အဖြူရောင်ကျောင်းသားတွေကသာ ကျင်းပလေ့ရှိကြတယ်။ အာဏာပိုင်တွေနဲ့ ပြဿနာ ဘာညာ မဖြစ်ချင်၊ ကင်းကင်းနေချင်တဲ့ အဖြူရောင်တွေကလဲ ဒီနိုင်ငံရေးပွဲတွေမှာ မပါတ်သက်ပေမယ့် မနှောက်ယှက်ပါဘူး။
၇ ရက် ဂျူလိုင်ဆိုရင် မနက်မှာ အင်တာနေရှင်နယ်သီချင်းဆိုမယ်၊ အလေးပြုမယ်။ ပြီးတော့ တနေ့လုံး တိတ်တိတ်ဆိတ်ဆိတ် နေကြမယ်။ ဒါပေမယ့် သင်္ကြန်ဆိုရင်တော့ ကဲကြတယ်။
အစ္စလမ်ဘာသာဝင်တွေရဲ့ အစ်နေ့ဆိုရင် အမဲသား ကောင်းကောင်းစားရတယ်။ ဒါပေမယ့် တိုက်သစ်မှာနေတုန်း လွတ်လပ်ရေးနေ့နဲ့ ကြုံတာ ဘဲဥပြုတ် တယောက်တလုံး ရတယ်။ လုံးတီးထမင်းမှာ အရည်လေးလဲ ဆမ်းစားလို့ရအောင်၊ အကြံအဖန် ချဉ်ရည်ဟင်းအဖြစ် ပြန်ချက် လိုက်ပြီး ကိုယ့်အစုနဲ့ကိုယ် လွတ်လပ်ရေး ညစာစားပွဲ ကျင်းပလိုက်ကြတယ်။ ယဉ်ကျေးမှု ကဇာတ်တွေ၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတတွေ၊ အဆိုကျော်တွေတော့ မပါဘူးပေါ့လေ။ တကယ်လဲ လွတ်လပ် တာမှ မဟုတ်ပဲ။ ဘဲဥပဲ ရမှာပေါ့။
အကြံအဖန်ကုလား
အဆောင်နေတုန်း အစ္စလမ်တွေရဲ့ အစ်နေ့တနေ့မှာ အဆောင်က အစ္စလမ်ဘာသာဝင်တွေ စာရင်းပေးရင် ဒန်ပေါက်ရမယ်ဆိုလို့ ကျနော်တို့ ထမင်းစားအုပ်ထဲက ကုလားပိုလို့ခေါ်တဲ့ လှဦးကို တွန်းလွှတ်ပြီး စာရင်းသွားပေးခိုင်းတာ ဒန်ပေါက်တွေ ရလာတယ်။ တကယ်တော့ လှဦးက ကုလားမဟုတ်သလို မွတ်စလင်လဲ မဟုတ်ဘူး။ ဒိထက်ဆိုးတာက လှဦးတို့အိမ်၊ လှဦးတို့ မိသားစု စီးပွါးရေးက ဒေါပုံ ၀ါဆိုပိုင်းမှာ ၀က်ဆီဖတ် လုပ်ငန်း အကြီးအကျယ်လုပ်တယ်။ ထောင်ဝင်စာတိုင်းမှာ သူ့အိမ်က ၀က်ဆီဖတ်ကို အခန်းထဲကလူတွေ တခုတ်တရကို စောင့်စားကြရတာ။ သူ့တို့အိမ်က ၀က်ဆီဖတ်ကလဲ ရန်ကုန်မှာ ကိုယ်စားဖူးတဲ့ ၀က်ဆီဖတ်ထဲမှာ အကောင်းဆုံး။ သူ့လောက်ကောင်းတာ တခါမှ မစားဖူးဘူး။
တကယ့် မွတ်ဆလင်အစစ်ဖြစ်တဲ့ ရဲမြင့်သိန်း(ပီဒီပီ)ကို မွတ်ဆလင် မဟုတ်ဖူး၊ မယုံဘူးဆိုလို့ ဘုရားတွေဘာတွေ ရှိခိုးပြရသေးတယ်။ ရဲမြင့်သိန်းဆိုတာ ဟာဂျီမဒေါ်သိန်းတင်ရဲ့တူအရင်း။
ဝမ်းကိုက်စေတဲ့ ကိုက်လန်ရွက်
ထောင်တောင်ယာက သီးနှံတွေဟာ အရမ်းထွား၊ အရမ်းသန်တာပဲ။ သန်မှာပေါ့၊ အကျဉ်းသား တွေရဲ့ စွန့်ပစ်ပစ္စည်းကို မြေသြဇာအဖြစ်သုံးတာကိုး။ ကျနော်တို့တတွေ အသီးအနှံပေါချိန်ဆို ဟင်းရွက်ဟင်းသီးတွေ အရမ်းစားရတာ။ ဆေးလိပ်နဲ့ ၀ယ်တာလဲ ရှိတယ်။ လုံချည်ပြာတွေ ယူလာ ပေးတာလည်း ရှိတယ်။ အဆောင်မှူးလှရွှေ လက်ဆောင်ပေးတာလဲ ရှိတယ်။ စားလို့မကုန်လို့ ပိုတာတွေကို ချဉ်ဖတ်စိမ်ရတယ်။
ကိုက်လန်ရွက်တွေက အကြီးစားကြီးတွေ။ နှစ်ရွက်လောက်စပ်လိုက်ရင် အိပ်ယာခင်းတောင် လုပ်လို့ရလား မပြောတတ်ဘူး။ လှဦးအိမ်က ရတဲ့ ၀က်ဆီဖတ်နဲ့ကြော်၊ ချဉ်ရည်ဟင်းတွေချက်၊ ချဉ်ဖတ်တွေ စိမ်လိုက်ကြတာ ချီးသေးတွေ လောင်းပြီး မြေသြဇာ လုပ်ထားတဲ့အရွက်တွေက ဆေးတာ မစင်လို့ ဖြစ်မယ်။ ၀မ်းကိုက်ရောဂါပိုးတွေရပြီး ၀မ်းတွေကိုက်ကုန်ကြရော။
ကိုယ်တို့ အုပ်စုကလဲ ကိုယ်စီကိုယ်စီ အပြင်ကနေ ဆေးပေါင်းစုံ ထိုးဆေးကအစ ဆေးထိုးအပ် ကအစ သွင်းထားလို့ တော်သေးတာ။ ထောင်ကဆေးနဲ့သာဆို အကုန် ဂန့်ကုန်ပြီ။
အစွမ်းထက်တဲ့ ဂျင်းထညက်
မိုးတွင်းတခုမှာ လူတွေ အတော်များများ အအေးမိ ဖျားနာကြတယ်။ တုပ်ကွေးဖြစ်ကြတယ်။ ထောင်ဆေးရုံမှာ ဆေးမရှိဘူး။ ထောင်ဆေးရုံက ကိုဒါနင်ဆိုတာ ၀ါကျင့်ကျင့်အရောင်၊ ဆေးပြားမျက်နှာ ပြင်က ချောမွေ့မွေ့ မဟုတ်ဘူး။ ဗြုတ်ထနေတာ။ ဒီ ကိုဒါနင်တမျိုးထဲကိုပဲ ဆေးမှူးတွေ ရေလဲ သုံးတယ်။ အာဏာပိုင်တွေ ဥာဏ်တထွာတမိုက်နဲ့ ကြံဖန်ပြီး တိုက်တာ ဂျင်းထညက်ပြုတ်ရည်။
သစ်သားစည်ကြီးထဲ အငွေ့တထောင်းထောင်းနဲ့ ဂျင်းနဲ့ ထညက်ရောပြုတ်ထားတာ ထည့်ပြီး လုံချည်ပြာတွေထမ်းလာတယ်။ ဆေးမှူး ဦးမင်းစိန် (ကျနော်တို့က ကာနယ်မင်းစိန်လို့ ခေါ်တယ်) ကိုယ်တိုင် အခန်းတိုင်းမှာ လိုက်တိုက်တယ်။ တခြားအခန်းတွေတော့ မပြောတတ်ဘူး။ ကိုယ်တို့ အခန်းကတော့ သိတ်မသောက်ကြဘူး။ သူ့ဟာက အမြင်အားဖြင့်မှ မကောင်းတာ။ သစ်သားစည်က မဲညစ်ညစ်၊ ထညက်ကလဲ မဲပုတ်ပုတ်။ ထညက်ဝယ်တုန်းက ပါလာတဲ့ အင်ဖက်အစတွေ၊ နှီးကြိုး တုတ်စတွေကလဲ သင်္ဘောပျက်က အတိုအစတွေလို သစ်သားစည်ထဲ ပေါလောမျောလို့။ ကိုသိန်းလွင် (ဆေး ၂) တို့ ၀ိုင်းလောင်တာနဲ့ ကာနယ်မင်းစိန်လဲ ပြေးရော။
ကာနယ်မင်းစိန်
အထူးတွေအတွက် ဆေးမှူးတွေ ရှိတဲ့အနက် ဦးမင်းစိန်ဆိုတာ အရမ်းရီရတယ်။ အသက်ရော၊ လုပ်သက်ရော အကြီးဆုံး၊ ကျောင်းသားတွေနဲ့တော့ တရုန်းရုန်းပဲ။ သူ့ရာထူးက ဆေးမှူးဆိုတော့ ပြင်ပလောက, က ဆရာဝန်ကြီးကာနယ်မင်းစိန်နဲ့ နာမည်တူတာနဲ့ သူကို ကာနယ်မင်းစိန်လို့ နာမည်ပေးလိုက်တာ မြောက်ကြွမြောက်ကြွကို ဖြစ်လို့။
တခါတလေ သကလပ်ဦးထုတ်အပြားကလေးကို တစောင်းဆောင်းပြီး၊ နေကာမျက်မှန်နဲ့၊ သူ့လက်စွဲ နွားရိုက်ကြိမ်ကို ဂျိုင်းကြားညှပ်လို့။ ဘာယာတန်းက ၀င်လာရင်၊ ကိုသိန်းလွင်တို့က အလေးပြုဆိုပြီး အသံပေးလိုက်တယ်။ သူကလဲ အင်္ဂလိပ်စစ်ဗိုလ်တွေ တပ်စစ်ဆေးသလို ဘောက်ဆတ်ဘောက်ဆတ်နဲ့ လျှောက်ပြီး ဘာယာတန်းကနေ အလေးပြန်ပြုသွားတာ။
ကျနော်တို့ တိုက်သစ်မှာတုန်းက ဖျားနာသူ လာစစ်တယ်။ တိုက်သစ်ဆိုတာက တံခါးနှစ်ထပ်။ အပြင်က သစ်သားတံခါး။ အတွင်းက သံတံခါး။ ကာနယ်မင်းစိန်က အခန်းထဲဝင်လာတာ မဟုတ်ပဲ သစ်သားတံခါး အပြင်ကနေ လူကိုမမြင်ရပဲ "ဒီအခန်းမှာ ဖျားတဲ့သူ ရှိလားဟေ့" တဲ့။ ရှိတယ်ဆိုရင် အထဲကနေ သူ့ကို နာမည်အော်ပြောလိုက်။ ညနေမှာ လူနာမည်နဲ့ ကိုယ်အပူချိန်တွဲရေးထားတဲ့ ဆေးထုပ်ကလေးတွေ ရောက်လာတယ်။ အဖျားမတိုင်းပဲ သူ့အလိုလို ကိုယ်အပူချိန် ရမ်းရေးလိုက်တာ။ တကယ်တော့ တချို့က ဖျားလို့ မဟုတ်ဘူး။ ဆံဖြူ၊ နွားနို့စား ရချင်လို့။
အဆောင်မှာလဲ ဒီလိုပဲ။ သူက ဘာယာတန်းကနေ၊ ၀င်လာတာနဲ့ "ဘာလိုချင်လဲ ပြော " က စတယ်။ ကျောင်းသားတွေက ဆံဖြူစား၊ နွားနို့စား ရချင်လို့ ဖျားဖျား မဖျားဖျား စာရင်းဝိုင်းပေးကြတယ်။ ကျနော်တို့ အထဲမှာ ဆေးတက္ကသိုလ် (၂) က ကိုသိန်းလွင် (အာနီ) ရယ်၊ ယခု စိတ်တိုင်းကျ လက်ဘက်ရည် ကိုအေးကြည်တို့နဲ့ အတည့်ဆုံး။ နောက်ဆုံးနှစ် ဆေးကျောင်းသားတွေဆိုတော့ ကာနယ်မင်းစိန်က လေးလဲ လေးစားတယ်။ တခါတလေ ကိုသိန်းလွင်တို့နဲ့ စကားစမြည် လာပြောလေ့ ရှိတယ်။ ဆေးကျောင်းသားတွေက၊ သူ့ကို အားကိုးတကြီး မေးလိုက်ပြီဆိုရင် သူ့မှာ ဘ၀င်တွေ မြင့်ကုန်ရော။
ကိုသိန်းလွင်က သူကို သွားမေးတယ်။ "အဘ လူတကိုယ်မှာ သွေးဟာ ဘယ်လောက်သား လောက် ရှိမယ်ထင်သလဲ" ။ ကာနယ်မင်းစိန် မြောက်သွားတယ်။ မုတ်ဆိပ်မရှိတဲ့ မေးစေ့ကို လက်ကလေးနဲ့ပွပ်၊ ခေါင်းကလေးကို မော့ပြီး၊ စဉ်းစဉ်းစားစားနဲ့ ဖြေချလိုက်တယ်။ "လက်ဘက်ရည် အကြမ်းပန်းကန်လုံး သုံးလုံးစာလောက်တော့ ရှိမယ်ကွ" တဲ့။
အဘကျော်လို့ ကျနော်တို့ ခေါ်တဲ့ ဒုအဆောင်မှူး ဦးကျော်ရင်ကျတော့ တမျိုး။ အဆောင်မှာ ကျောင်းသားစရင်းကို မကြာခဏ အလုပ်မရှိအလုပ်ရှာ ကောက်လေ့ရှိတယ်။ အမည်ရယ်၊ ကျောင်းရယ်၊ အဓိကဘာသာရယ်။ ကျောင်းသားတယောက်က အဓိကဘာသာ ရူပဗေဒလို့ ပြောတော့ တအံ့တသြနဲ့ လှမ်းကြည့်လိုက်ပြီး အထင်ကြီးတဲ့ မျက်နှာပေးနဲ့ တခု ပြန်မေးလိုက်တယ်။ "ရူပဗေဒ ဆိုတော့ မင်းက လူကဲခတ် တော်တော်ကောင်းမှာပေါ့နော်" တဲ့။
ထောင်မှူးဦးဗိုနီ ဆိုတာ လုပ်သားကောလိပ်ကနေ မြန်မာစာ အဓိကနဲ့အောင်ပြီး ထောင်မှူးလာ လုပ်တာ။ လူက ခပ်ထူထူ၊ ခပ်အေးအေး၊ ခပ်ရိုးရိုး။
ကျနော်က ထောင်ဝင်စာက ပြန်တော့ ဦးဗိုနီနဲ့ အဘကျော်က အဆောင်ရုံးခန်းမှာ ထိုင်နေ တယ်။ ဦးဗိုနီက ကျနော့ကို တခုလှမ်းပြောတယ်။ ဘာလဲတော့ မမှတ်မိတော့ဘူး။ ကျနော်က သူ့ကို ပြန်ရိလိုက်တာကို အားလုံးက သဘောပေါက်လို့ ရီကြတယ်။ ဦးဘိုနီက ထူတော့ သဘောမပေါက်ဘူး။ သူ့ဘေးက ဦးကျော်ရင်ကို ပြန်မေးတယ်။ ဦးကျော်က "ဆရာနီ.... သွားမစမ်းနဲ့ သူတို့က ကိုမျိုးတင့်တွေ....." ။ ဗိုနီကလဲ အူပါတယ်ဆိုကာမှ အ, ပြနေပြန်ပြီ ဆိုတာမျိုး။ ကိုမျိုးတင့် ဆိုတာ ဘာလဲတဲ့။ ဦးကျော်က တခွန်းပဲ ပြန်ပြောတယ်...။ "ဆရာနီက ဂျင်နရယ်ကောလိပ် တယ်နည်းတာကိုး" တဲ့။ ဦးကျော်ပြောတဲ့ ကိုမျိုးတင့်ဆိုတာ ကွန်မြူနစ်၊ ဂျင်နရယ်ကောလိပ် ဆိုတာ general knowledge ။
ဦးသူငယ်ဆိုတဲ့ ၀ါဒါကျတော့ သူ့လက်မှတ်တောင် သူမထိုးတတ်ဘူး။ ကြက်ခြေပဲ ခတ်တာ။ သူ့ကို ကျနော်က မေးတယ်။ "အဘရယ် ဘာလို့ အဘတို့ကို ၀ါတာ (၀ါဒါ) လို့ ခေါ်တာလဲ" ။ "၀ါတာတာ အ၀တ်တွေ ၀တ်ရလို့ ၀ါတာလို့ ခေါ်တာနေမှပေါ့" တဲ့။
ဆက်ရေးပါအုန်းမယ်။
1 comment:
ကိုတွေ့ဖြစ်ရပ်မှန်တွေ ဖတ်လို့လဲကောင်း ပြုံးစရာလဲဖြစ်လို့ ဆက်ရေးမှာကို မျှော်နေပါတယ်ရင်...
Post a Comment