Saturday, February 23, 2008

ဓားတောင်၊ မီးပင်လယ်နှင့် မြသန်းတင့်(ပထမပိုင်း)
ရေးသူ-ထက်မြက်

[ထက်မြက်ရဲ့ သူတို့ ကိုးယောက် စာအုပ်၊ ၂၀၀၅ စက်တင်ဘာလ၊ ပထမအကြိမ်ပုံနှိပ်ခြင်း၊ မှ ကူးယူဖော်ပြပါတယ်]
၉၈ ခုနှစ်၊ မေလထုတ် ကလျာမဂ္ဂဇင်းတွင် ဆရာမဂျူး၏ "ဆရာ့ကိုလွမ်းတဲ့စာ" ဟူသော ဆောင်းပါး ကို ဖတ်လိုက်ရသည်။ ဆရာမြသန်းတင့်နှင့် ရင်းနှီးခဲ့ပုံ၊ လေးစားကြည်ညိုဖွယ် ကောင်းပုံတို့ကို ရေးထားပြီး သူမ ငယ်စဉ်က ဆရာမြ ဘာသာပြန်သည့် "ဘ၀တက္ကသိုလ်" ကို ဖတ်ပြီး စိတ်ဓါတ်ခွန်အား ကောင်းလာပုံ၊ ယခုလည်း စာမှန်မှန် ရေးဖို့၊ စိတ်ဓါတ်မကျဖို့ အားပေးပုံတို့ကို ရေးထားသည်။ ဆရာမြ၏ စာအုပ်များကို ငှားဖတ်ပြီး ပြန်မပေးရသေး၍ စိတ်မကောင်း ဖြစ်ရသည်ကိုလည်း ရေးသည်။


ထိုမဂ္ဂဇင်း၌ ပင် ဒေါက်တာမောင်မောင်ညိုကလည်း ဘာသာပြန် က၀ိဆိုပြီး ဆရာမြကို အမှတ်တရ ရေးသည်။ ဧပြီလထုတ် မဂ္ဂဇင်းများမှစပြီး ဆရာမြသန်းတင့်အတွက် အလွမ်းစာများကို ဖော်ပြခဲ့ကြသည်။ စာရေးဆရာများက ရေးသဖြင့် သူ့အကြောင်း လွမ်းစရာ၊ အမှတ်ရစရာများမှာ စာပေအကြောင်း ဖြစ်သည်။ စာပေပညာရှင်တဦး၊ ဘာသာပြန်က၀ိတဆူ အစရှိသဖြင့် နှမြောစရာ အလွန်ကောင်းသော စာရေးဆရာကြီးအဖြစ် ထောမနာ ပြုကြသည်။ ယခု ဆရာမဂျူး၏ စာတွင်လည်း-
'လူ့ဘ၀မှာ သေခြင်းတရား (Mortality) နဲ့ အတူ မသေခြင်းတရား (Immortality) ဆိုတာလည်း အမျိုးအစားတခု အဖြစ် ရှိနေတယ်။ လူတော်တော်များများပဲ သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့အတွက် မသေခြင်းတရားကို အရင်ဆုပ်ကိုင် ပိုင်ဆိုင်မိအောင် အသည်းအသန် ကြိုးစားကြရတယ်။
တချို့မှာတော့ အားလုံးက မေ့လျော့ စွန့်ပယ်ထားခံရမှုကြောင့် လူ့ကိုယ်ခန္ဓာကြီး တကယ်မသေဆုံး ခင်မှာပဲ သေနေခဲ့ပြီ။ အဲဒီလိုပဲ လူကိုယ်ခန္ဓာ သေခဲ့ပြီးနောက် နှစ်ရာပေါင်းများစွာ အသက်ရှင်ကျန်ရစ် နေတဲ့ လူအမျိုးအစားတွေလည်း သမိုင်းမှာ အများကြီး ရှိနေပါတယ်။ သူတို့ဟာ မသေခြင်းတရား (Immortaltity) ကို ရရှိသွားသူတွေလို့ ကျွန်မတို့ အားကြရတယ်။
"မြသန်းတင့်" ဆိုတဲ့ နာမည်ဟာ မသေခြင်းတရား (Immortality) ပဲ ဖြစ်ပါတယ်'
ဟု ရေးထား၏။ လန်ဒန်၌ Time လို သတင်းစာကြီးကလည်း ဆရာမြ ကွယ်လွန်ခြင်းကို ဓာတ်ပုံနှင့် တကွ ဖော်ပြသည်။ အေအက်ဖ်ပီ သတင်းဌာနကလည်း သူ့အကြောင်း အကျဉ်းရေးပြီး တကမ္ဘာလုံးကို သတင်းပေးပို့သည်။ စာရေးဆရာ၊ ဘာသာပြန်ဆရာ၊ ကွန်မြူနစ်အယူအဆရှိ၍ ထောင်ထဲတွင် နှစ်ပေါင်းများနေရသူ၊ အိန္ဒိယသမုဒ္ဒရာတွင်းရှိ ကိုကိုးကျွန်းသို့ ပို့ခံရသူ၊ အမျိုးသားစာပေဆုကို ငါးကြိမ် တိုင်တိုင် ရရှိခဲ့သူ စသဖြင့် သတင်းစာထဲတွင် ဖော်ပြထားသည့် ဆရာမြသန်းတင့်အကြောင်းရေးသမျှ စာများတွင် သူ ဖြတ်သန်းခဲ့သည့် နိုင်ငံရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများအကြောင်း မည်သူကမျှ အထူးပြု မရေးကြ။ ထိုအ ကြောင်းများကို သူနှင့်အတူ ဖြတ်သန်းခဲ့သည့် ရဲဘော်ရဲဘက်များက ရေးမှ သိရှိကြရမည် ဖြစ်သည်။ သူ ရောက်ခဲ့သည့် ကိုကိုးကျွန်းဘ၀အကြောင်း၊ သူရောက်ရှိခဲ့သည့် ဘ၀တက္ကသိုလ် အကြောင်းများကို လည်း သူနဲ့အတူ ကျော်လွှားခဲ့သူများက ရေးမှ ပိုမိုပြည့်စုံပေလိမ့်မည်။ ကလျာမဂ္ဂဇင်း၌ပင် ဆရာ ဒေါက်တာမောင်မောင်ညိုက ဘာသာပြန် က၀ိ သို့မဟုတ် ကျွန်တော်သိသော ဆရာမြသန်းတင့်ဟု ရေးထားသော အလွမ်းစာထဲတွင်-
"စာပေနှင့် နိုင်ငံရေး အစဉ်အလာကြီးသူ"
စင်စစ် ဆရာမြသန်းတင့်သည် အသက်ငယ်ငယ်နှင့် စာပေနှင့် နိုင်ငံရေး အစဉ်အလာကြီးသူ ဖြစ်သည်။ ၁၉၄၄ ခုနှစ်တွင် ဖက်ဆစ်တော်လှန်ရေး၌ ပါဝင်ခဲ့ပြီးနောက် ၁၉၄၅-၄၇ ခုနှစ်တွင် မန္တလေးခရိုင် ဖဆပလ အဖွဲ့ချုပ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့တွင် အချိန်ပြည့် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။ စစ်ပြီး၍ ၁၉၄၈ခု၊ ရန်ကုန်တက္ကသိုလ်သို့ ရောက်သောအခါတွင်လည်း တက္ကသိုလ်သမဂ္ဂ နှင့် တက္ကသိုလ်မဂ္ဂဇင်း ကော်မတီတို့တွင် ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်၏။ ဆရာမြသန်းတင့်သည် နောက်ပိုင်း တွင် တက္ကသိုလ်မှ ထွက်၍ ပြင်ပနိုင်ငံရေးလောက၊ စာပေလောက၌ ဦးဆောင်မှုအခန်းက ပါဝင် လှုပ်ရှားခဲ့၏။ စာပေသစ်လှုပ်ရှားမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ ပြည်တော်သစ်ဂျာနယ်၊ တိုးတက်ရေး သတင်းစာ၊ ပြည်သူ့တိုးတက်ရေးပါတီ စသည်ဖြင့်။ သို့ဖြင့် ထိုစဉ်က အရှေ့ဥရောပ ဆိုရှယ်လစ်နိုင်ငံများ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖြစ်ရောက်ခဲ့၏။ ကိုကိုး ကျွန်းသို့ နှစ်ကြိမ် အပို့ခံခဲ့ရသည်။ (၁၉၅၈ခုနှစ်နှင့် ၁၉၆၃) ဟု ရေးသားထားလေသည်။ ဆရာမြ ဘ၀သည် တိုက်ပွဲဖြစ်သည်။ ပြည်သူ့အတွက် တိုက်ပွဲဝင်ခဲ့သည်။ ဖက်ဆစ်ဂျပန်များ၊ အင်္ဂလိပ် နယ်ချဲ့သမား အားလုံးကို တိုက်ပွဲဝင်ခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက်၊ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက်၊ အမျိုးသားလွတ်မြောက်ရေးအတွက်၊ နိုင်ငံလွတ်လပ်ရေးအတွက်.....။
ကျွန်တော်နှင့် ဆရာမြသန်းတင့်သည် ဘ၀တက္ကသိုလ်၌ သိကျွမ်းရင်းနှီးခဲ့ရပါသည်။ ကျွန်တော်က မူလတန်း၊ သူက ဘွဲ့လွန်။ ယခင်က လုံးဝမသိကျွမ်းခဲ့သော ဆရာဗန်းမော်တင်အောင်နှင့် ဆရာမြကို တချိန်တည်းတွင် တပြိုင်တည်းရင်းနှီးခဲ့ရသည်။ စစ်နှင့်ငြိမ်းချမ်းရေးကို အမှတ် (၉)အထိသာ ဖတ်ခဲ့ရ သော ကျွန်တော်တို့က ကျန်အခန်းများနှင့် ဇာတ်သိမ်းပိုင်းကို သူ့ထံမှ ညစဉ် နားထောင်ခဲ့ရပါသည်။ ကျွန်တော်တို့သည် ဆရာမြရေးခဲ့သော အမှောင်ရိပ်ဝယ်နှင့် ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်းတို့ အကြောင်း မေးကြသည်။ သူက စိတ်ရှည်လက်ရှည် ဖြေပြသည်။ မနက်ဘက် မျက်နှာသစ်၊ လမ်း လျှောက်ပြီးချိန်တွင်၊ Learner အဘိဓာန်ကို အစကနေ တရွက်ချင်း ဆရာမြ ဖတ်လေ့ရှိသည်။ မျက်မှန်ထူကြီးနှင့် မျက်လုံးနား ကပ်ဖတ်သည်။ စာအုပ်ကလည်း ရှားပါးသဖြင့် ထိုအဘိဓာန်မှာ အဖိုးတန်လှသော ရတနာတပါး ဖြစ်နေလေသည်။ တညနေတွင် ကျွန်တော်တို့ ထံသို့ စာအုပ် (၃) အုပ် ရောက်လာပါသည်။ စာအုပ်ရှားပါးလှသည့်နေရာ၊ စာအုပ်ငတ်မွတ်နေသည့် အချိန်တွင် မည်သို့မည်ပုံ မျက်စိလည်၊ မျက်စိလျှမ်းပြီး ရောက်လာသည်မသိ။ ကျွန်တော်တို့မှာ သူအရင်ဖတ်မည်၊ ငါ အရင်ဖတ် မည်ဟု အလုအယက် ဖြစ်နေကြသည်။ ဦးတင်အောင်နှင့် ဦးမြသန်းကတော့ ၀မ်းသာအားရ ပြုံးပြီး ကြည့်နေကြသည်။ ဦးတင်အောင်က ကျွန်တော့် ပုခုံးကို ဖက်ပြီး 'တယ်ထူးဆန်းတာပဲဗျ' ဟုပြောသည်။ ဦးမြသန်းကတော့ 'ခင်ဗျားကတော့ အတော်ကုသိုလ်ကံကောင်းတဲ့လူပဲဗျ' ဟုပြောလေသည်။ ကျွန်တော်တို့ လူငယ်များက ဆရာဗန်းမော်တင်အောင်ကို ဦးတင်အောင်ဟုခေါ်ပြီး ဆရာမြသန်းတင့်ကို ဦးမြသန်းဟု ခေါ်ခဲ့ကြသည်မှာ ယခုထိ နှုတ်ကျိုးနေလေပြီ။ ကိုခင်မောင်ဇော် (ဇော်ဝင်းကို)တို့လို ချာတိတ်များကမူ 'ဦးလေး' ဟု ခေါ်ကြပါသည်။
ကျွန်တော်ရသော စာအုပ်များမှာ အင်္ဂလိပ်လိုရေးထားသော စာအုပ် (၃) အုပ်ဖြစ်သည်။ ဘုရားပုံနှင့် Buddha ဆိုသောစာအုပ်၊ ချားလ်စ်ဒစ်ကင်း၏ Great Expectation၊ ဆွန်းမားဆက်မော်န်၏ Narrow Corner တို့ဖြစ်လေသည်။ ထိုအချိန်က စာရေးဆရာ ကေတီဦးကျော်တင့်မှာလည်း ကျွန်တော်တို့နှင့် အတူ ရှိနေသည်။ ဦးကျော်တင့်လည်း ဆမ်းမားဆက်မောန်ကို အသည်းစွဲ ဖြစ်သည်။ စာငတ်နေသည့် အချိန်ဖြစ်၍ ထိုစာအုပ်များမှာ အင်္ဂလိပ်စာကျွမ်းကျင်သော သူတို့အဖို့ အလွန်တပ်မက်စရာများ ဖြစ်နေသည်။ အထူးသဖြင့် မော်န်၏ စာအုပ်ကို သူတို့သုံးဦးလုံး ဖတ်ချင်နေပုံရသည်။ တယောက်လက် တယောက် ယူ၍သာ ကြည့်သည်။ ဦးတင်အောင်နှင့် ဦးမြသန်းက ဘာမှမပြော။ ဦးကျော်တင့်ကမူ 'ဟေ့လူ...ခင်ဗျားကြည့်ပြီးရင် ကျုပ်ဖတ်မယ်နော်' ဟု ကျွန်တော့် ပခုန်းကို ဖက်ပြီး ပြောလိုက်သည်။ ကျွန်တော်က ဦးမြသန်းတို့နှစ်ဦးကို အားနာပါးနာဖြင့် လှမ်းကြည့်လိုက်ရာ ဦးမြသန်းက 'Narrow Corner ကို ကိုကျော်တင့်ကို ပေးဖတ်လိုက်ပါဗျာ၊ သူကမော်န်ဆိုရင် သိပ်ကြိုက်တဲ့လူ' ဟု ပြောလိုက် သည်။ ဦးတင်အောင်ကလည်း ခေါင်းညိတ်၍ ထောက်ခံသည်။ ထိုနေ့က Great Expectation ကို ဦးတင်အောင်ကဖတ်၊ Buddha ကို ဦးမြသန်းကဖတ်ပြီး၊ Narrow Corner ကို ဦးကျော်တင့်က ဖတ်ကြသည်။ ညဘက် ကျွန်တော်တို့ ထိုင်နေကျ စကားဝိုင်းမှာ နေရာပြောင်းလိုက်ရသည်။ ဦးတင်အောင်နှင့် ဦးမြသန်းတို့ ခုတင်များတွင် ကျွန်တော်မထိုင်ဖြစ်တော့ပါ။ နေ့လည်းအတူ တူ၊ ညလည်းအတူ တူ၊ နှစ်ပေါင်းများစွာ အတူနေလာခဲ့ရသူများသည် သာမန် ရင်းနှီးသူများထက် ပိုမိုပါသည်။ ထိုသို့နေရာမှ ကျွန်တော်တို့ အားလုံး ရုတ်တရက် ရွှေ့ပြောင်းခဲ့ကြရသည်။
၁၉၆၉ခု၊ ဖေဖော်ဝါရီလ အတွင်းတွင် အိန္ဒိယသမုဒ္ဒရာအလယ်၊ ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ကိုကိုးကျွန်းမြို့နယ်မှ ဘ၀တက္ကသိုလ်သို့ တဆင့်တက် သင်ကြားခဲ့ရလေသည်။ နေသားကျလာသော အခါ၊ ဦးကျော်တင့်က အင်္ဂလိပ်သတ္ထုစာအုပ်များ ရရှိခဲ့၏။ သားဖြစ်သူက ပို့ပေးသည်။ အထူးသဖြင့် ဆွန်းမားဆက်မော်န် ၀တ္ထုများဖြစ်သည်။ ၀တ္ထုတိုပေါင်းချုပ်များ အတွဲလိုက် Summing up, The Moon and the Six Pence, Human Bondage စသော စာအုပ်များကို ကျွန်တော်တို့ ဖတ်ကြရသည်။ ဦးကျော်တင့်က သူ စာအုပ်များရတိုင်း ဦးတင်အောင်၊ ဦးမြသန်းနှင့် ကျွန်တော်တို့ကို ငှား၏။ ကျွန်တော်တွေ့ ဖူးသမျှတွင် မောန်ကို သဘောအကျဆုံး၊ မောန်၏ စာပေအရေးအသားကို အနှစ်သက်ဆုံးမှာ ဦးကျော်တင့် ဖြစ်ပါသည်။ Narrow Corner တအုပ်တည်းကို (၂၃)ခေါက်တိတိ ဖတ်ခဲ့သည်။ အချို့စာပိုဒ်များကို အလွတ် ရွတ်ပြ၏။ ပျော်ပျော်နေတတ်ပြီး လူငယ်ဆန်သည့် ဦးကျော်တင့်နှင့် ကျွန်တော်ပေါင်းမိသည်။ ဦးကျော်တင့်နှင့်ဦးမြသန်းမှာ အခင်ဆုံး ဖြစ်လေသည်။
ဦးမြသန်းသည် စိတ်ရှည်သည်။ မိမိကချည်း ပြောသည်ထက် သူတပါးပြောသည်ကို လေးလေး စားစား နားထောင်သည်။ ရှင်းပြစရာ ရှိသည်ကိုလည်း သဘောပေါက်အောင် ရှင်းပြတတ်သည်။ လူက အေးအေးပျော့ပျော့ဟု ထင်ရသော်လည်း အလုပ်ကြမ်းမှန်သမျှကို သူလုပ်နိုင်သည်။ အသားမာသော သစ်နီပင်ကြီးများကို ထင်းဆိုက်ရန်လှဲလျင်လည်း ငါးမန်းစွယ်ကို ကောင်းကောင်းဆွဲနိုင်သည်။ ရေလည်းထမ်းနိုင်သည်။ စမ်းကြည့်မည်ဆိုပြီး ဦးကျော်တင့်နှင့်အတူ ဆန်အိတ်ထမ်းကြည့်ရာ နှစ်ဦး စလုံးထမ်းနိုင်သည်။ ငယ်ငယ်ကတည်းက ရေလုံးဝ မကူးတတ်သော ဦးမြသန်းနှင့် ကျွန်တော်တို့သည် ရန်ကုန်မြို့ မိုင်၂၆၀ လှမ်းသော ပင်လယ်ထဲရောက်မှ ရေကူးတတ်ကြသည်။ ကျွန်တော်ကတော့ သဘောလောက်သာ ကူးတတ်ခဲ့ပြီး ဦးမြသန်းက ကျွမ်းကျွမ်းကျင်ကျင် ကူးတတ်သွားသည်။ ကျွန်တော်တို့ ဆရာများမှာ ကိုဖေအောင်နှင့် ကိုငြိမ်းမောင်ဖြစ်သည်။ ဦးမြသန်းသည် ရေကူးအခြေခံ တတ်ကျွမ်းသွားသည်နှင့် ကြာကြာမှန်မှန် လေ့ကျင့်တော့သည်။ သူက Crawling ခေါ် ရေထဲတွင် အသက်ရှူဖို့ ခေါင်းပေါ်ရုံလေးနေပြီး အချိန်ကြာမြင့်စွာ ကူးခြင်းကို သဘောကျသည်။ အနည်းဆုံး တနာရီ ရေကူး၏။ တခါတရံ နှစ်နာရီကျော်အောင် ကူးတတ်သည်။ အလုပ်တခုကို ဇွဲကြီးကြီးနှင့် စိုက်လိုက်မတ်တတ် လုပ်တတ်သော အကျင့်ရှိသည်။ ကိုကိုးကျွန်းရောက်ပြီး အပြင်သို့ လွတ်လပ်စွာ ထွက်ခွင့်ရသည်နှင့် ဦးမြသန်းလမ်းမှန်မှန် လျှောက်တော့သည်။ ကျွန်တော်တို့က ကျွန်းအနောက်ဘက် ခြမ်းတွင် နေကြပြီး ခရီးဝေးဝေးလျှောက်ဖို့ ပြန့်ပြူးကျယ်ပြောသော သဲသောင်မရှိ။ အရှေ့ဘက် ကမ်းတလျှောက်လုံးမှာ တမိုင်ကျော်ကျော်ရှည်လျားသည့် သဲသောင်ပြင်ကြီး ရှိ၏။ သောင်ပြင်အဆုံး မြောက်ဖက်၌ သောင်ပြင်အဆုံး မြောက်ဖက်၌ ဂျယ်ရီကျွန်းလေးရှိသည်။ ပင်လယ်ဘက် သောင်ပြင် အဆုံးတွင် ပြန့်ပြူးသော ကျောက်သားပြင်ကြီး ရှိလေသည်။ ပင်လယ်ရေပြင်သည် ကျောက်ပြင်ဆုံး သဲသောင်စပ်ထိ တက်၏။ ရေတက်နေလျင် ရေကောင်းကောင်းကူး၍ ရလေသည်။ ထိုအရှေ့ဘက် သောင်ပြင်ပေါ်တွင်၊ မနက်တိုင်း ဦးမြသန်းလမ်းလျှောက်လေ့ရှိသည်။ မနက် (၅) နာရီထိုးသည်နှင့် ဦးမြသန်း ကျွန်တော့်ကို လာနှိုးလေ့ရှိ၏။ အနွေးထည်၊ ဦးထုပ်၊ လမ်းလျှောက်သည့် တုတ်ကိုင်ပြီး ကျွန်တော်တို့ နှစ်ယောက် ဂျယ်ရီထိပ်မှ ဘန်ကာတောင်ထိ လျှောက်ကြပြီးနောက် ဘန်ကာတောင်ပေါ် ဆက်တက်ကာ အနားယူကြ၏။ ထိုအချိန်မှာပင် ဦးမြသန်းက သူ့ဘ၀ ဖြတ်သန်းမှု တစိတ်တပိုင်းကို ပြောပြတတ်ပါသည်။
အားလပ်သည့် နေ့များတွင် မနက်ပိုင်းလမ်းလျောက်ပြီး နေ့လယ်ပိုင်းတွင် ဦးမြသန်း စာရေးပါသည်။ စာရေးသည် ဆိုရာဝယ် ကျွန်တော်တို့တွင် ရှိသော အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော နိုင်ငံရေးကျမ်း များကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ မော်စီတုန်းရေးသော 'ပြည်သူတွင်းပဋိပက္ခကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနည်း'၊ 'တရုတ်ပြည်လူ့အဖွဲ့အစည်းရှိ လူတန်းစားများကို ခွဲခြမ်းစိတ်ဖြာခြင်း'၊ 'ယင်အန်စာပေနှင့် အနုပညာမိန့်ခွန်း'၊ 'အိုယန်ဟိုင်တေးသံ' ၀တ္ထုကြီးကိုရေးသော တရုတ်စာရေးဆရာ ချန်ချင်းမိုင်၏ 'အတ္တကိုရိုက်ချိုးခြင်း' (Break the self) ဆောင်းပါး၊ စတာလင်၏ 'ဆိုရှယ်လစ်စီးပွါးရေး ပြဿနာများ' စသော (ကျွန်တော်မှတ်မိသမျှ) စာအုပ်များကို ဦးမြသန်း(ဆရာမြသန်းတင့်) ဘာသာပြန် ခဲ့သည်။ ပြောစမှတ် ပြုလောက်သည်မှာ Anti-Duhring ဆိုသော ဖရက်ဒရစ်အိန်ဂျယ်ရေးသည့် 'ဒူးရင်းဆန့်ကျင်ရေး' ကျမ်းကြီးကို ဘာသာပြန်ဖြစ်ခဲ့ပါသည်။
အစပိုင်းကတော့ သူဘာသာသူ ရေးပါသည်။ အင်္ဂလိပ်စာအုပ်ကို မျက်လုံးနားကပ်ဖတ်လိုက်၊ မြန်မာပြန်မည့်စာအုပ်ကို မျက်လုံးနားကပ်ရေးလိုက်ဖြင့် ကြာလာသောအခါ မြင်နေရသည့် ကျွန်တော်တို့ က သနားလာသည်။ ဦးမြသန်းသည် သေဆုံးသွားသည်အထိ အငြိမ်မနေ၊ အနားနေတတ်သည့် လူစားမျိုး မဟုတ်ပေ။ ရောက်ရာနေရာ၊ ကျရာဘ၀၌ အမြဲတစေ ရုန်းကန်လှုပ်ရှားနေသူ ဖြစ်သည်။ ထို့ကြောင့် ရောက်ရာနေရာတွင် သူစာရေးနေခြင်း ဖြစ်၏။ စာရေးခြင်း၊ စာဖတ်ခြင်းသည် သူ့အလုပ်ဖြစ် သလို သူ့အနားယူမှုလည်း ဖြစ်နေနိုင်ပေသည်။ စာအုပ်များကို မျက်လုံးနားကပ်ပြီး စာရေးနေသဖြင့်၊ ကျွန်တော်တို့ ရေးပေးပါရစေ၊ ဦးမြသန်းက အင်္ဂလိပ်စာအုပ်ပဲ ဖတ်ပြီး ပါးစပ်က မြန်မာပြန်ကိုပဲ ရွတ်ပါဟု အတင်းတောင်းပန်ရလေသည်။ ပထမ သူက ငြင်းနေသေးသည်။ နောက်မှ သူ လက်ခံသည်။ Anti-Duhring ကျမ်းကို 'ဒူးရင်းဆန့်ကျင်ရေးကျမ်း'ဟု မြန်မာလိုပြန်ပြီး အင်္ဂလိပ်ဘာသာမှနေ မြန်မာ ဘာသာသို့ နှုတ်တိုက် ရွတ်သွားတော့သည်။ ကျွန်တော်တို့က တယောက်တလှည့်စီ လိုက်ရေးကြပြီး တပိုဒ် သို့မဟုတ် တမျက်နှာ၊ နှစ်မျက်နှာ ရေးပြီးသောအခါ မြန်မာပြန်ကို ပြန်ဖတ်ခိုင်းသည်။ မြန်မာစာ အရေးအသား မချောသည်များ၊ မကြိုက်သည်များကို ပြန်ပြင်သည်။ လိုအပ်သည်များကို ဖြည့်သည်။ မလိုအပ်သည်များကို ဖြတ်ပစ်လိုက်သည်။ ကျွန်တော်တို့ ရေးပြီးသည့်စာများကို သူပြန်စစ်သည်။ ပြန်ချောသည်။
ဒူးရင်းဆန့်ကျင်ရေးကျမ်းကို ဘာသာပြန်ဆိုခဲ့စဉ်က ဆရာမြသန်းတင့်သည် သူ့ကိုယ်ရော စိတ်ပါ မြှပ်နှံ၍ ဘာသာပြန်ခဲ့ခြင်း ဖြစ်သည်။ ကျန်းမာရေးအတွက်နှင့် စိတ်ကြည်လင် လန်းဆန်းဖို့အတွက် မနက်ပိုင်း လမ်းလျှောက်ထွက်သည်။ ညပိုင်းမှလွဲ၍ ကျန်အချိန်များတွင် အားလပ်သည်နှင့် ဘာသာပြန် ခဲ့လေသည်။ ကျွန်တော်မှတ်မိနေသည့်အခန်းမှာ Theory of Force ဖြစ်၏။ အကြမ်းဖက်မှုအကြောင်း၊ လူတန်းစား ကွဲပြားမှုနှင့် လူတန်းစား တိုက်ပွဲအကြောင်း၊ ခေါင်းပုံဖြတ် အနိုင်ကျင့်မှုနှင့် လက်နက်၏ အရေးပါမှု အကြောင်းတို့ကို အိန်ဂျယ်က ဒူးရင်းကို ချေပထားသည်။ သင်္ဘောပေါ်တွင် ပုန်ကန်မှု ဖြစ်သောကြောင့် ရော်ဘင်ဆင်ကရူးဆိုးကို ကျွန်းကလေးတကျွန်းပေါ် ထားခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ပုံ၊ သေနတ်တလက်၊ ယမ်းမှုတထုပ်၊ ကျည်စေ့တဆုပ်၊ ရိက္ခာခြောက်တထုပ်၊ ပေးခဲ့ပုံများကို ရေးသားထား သည်။ လူမရှိသည့် ကျွန်းတွင် တယောက်တည်းနေခဲ့ရသော ရော်ဘင်ဆင်ကရူးဆိုးမှာ လူရိုင်းလေး တဦးကို တွေ့ ရှိခဲ့သည်။ လူရိုင်းများနေသော ကျွန်းစုများတွင် မျိုးနွယ်စုခြင်း ခေါင်းပုံဖြတ်ကြရာမှ ထွက်ပြေးလွတ်မြောက်လာသူ ဖြစ်သည်။ ပင်လယ်ခရီးကို လှေတစင်းဖြင့် လှော်ခတ်ဖြတ်သန်းပြီး ရောက်ရှိလာခြင်း ဖြစ်သည်။ ရော်ဘင်ဆင်ကရူးဆိုး လူရိုင်းကလေးကို ဖရိုက်ဒေး Friday ဟု အမည်ပေး လိုက်သေးသည်။ ထိုအချိန်မှ စ၍ လူသူမရှိသော ကျွန်းကလေးတကျွန်းတွင် ပထမ လူတယောက်၊ နောက် လူနှစ်ယောက် ဖြစ်ထွန်းလာသောအခါ အစားအသောက်နှင့် အ၀တ်အထည် ပိုင်ဆိုင်မှုရှိသူ ရော်ဘင်ဆင်ကရူးဆိုးနှင့် ပိုင်ဆိုင်မှုမရှိသူ ဖရိုက်ဒေးတို့ကြားတွင် လူတန်းစားပြဿနာ၊ ပိုင်ဆိုင်မှု ပြဿနာ ပေါ်လာသည်။ ဖရိုက်ဒေးကို ခိုင်းစေရာမှ အနိုင်ကျင့်မှု၊ ညှင်းပန်းနှိပ်စက်မှုများ ဖြစ်လာသည်။ လူကို သေစေနိုင်၊ နာကျင်စေနိုင်သည့် လက်နက်ရှိသော လူယဉ်ကျေး ရော်ဘင်ဆင်ကရူးဆိုးက ဘာမှမရှိသော လူရိုင်းလေး ဖရိုက်ဒေးအပေါ် စိုးမိုးခြယ်လှယ်ခွင့် ရရှိခဲ့လေသည်။ ဖရက်ဒရစ်အိန်ဂျယ် သည် ပျော့ကွက် ဟာကွက်မရှိလောက်အောင် ဒူးရင်းကို တချက်ချင်း ချေပခဲ့သည်။ 'ဒူးရင်းဆန့်ကျင် ရေးကျမ်း' အခန်းတခန်း ပြန်ဆိုပြီးသည်နှင့် ဆရာမြသန်းတင့်က ကျွန်တော်တို့ အားလုံးကို နေ့လည်ခင်း ၌ ဖတ်ပြလေ့ ရှိသည်။ ရေးပြီးသမျှ စာမူများကို ကြိုးဖြင့်သပ်သပ်ရပ်ရပ် ချည်နှောင်ပြီးသူ့အိပ်ရာဘေး တွင် သိမ်းဆည်းထားလေသည်။ မည်သို့ပင် ဖြစ်ပါစေ၊ ဒူးရင်းဆန့်ကျင်ရေးကို ဆရာမြကိုယ်တိုင် အပင်ပန်းခံ ဘာသာပြန်ဆိုခဲ့ခြင်းကိုကား ကျွန်တော်တို့အားလုံး သိရှိခဲ့ကြပါသည်။
ဆရာဗန်းမော်တင်အောင်နှင့် ဆရာဒဂုန်တာရာမှာ တခုတည်းဖွားများ ဖြစ်သည်။ ဆရာမြသန်းတင့် မှာ သူတို့နှစ်ဦးထက် ဆယ်နှစ်ငယ်သည်။ သို့သော် သူတို့အချင်းချင်း ပြောဆိုဆက်ဆံမှုမှာ ရင်းနှီး ကြသည်။ ဆရာမြက ဆရာတာရာ၊ ဆရာဗန်းမော်ကို ကိုတင်အောင်၊ ကိုဌေးမြိုင်ဟုခေါ်ပြီး ဆရာမြကိုတော့ ကိုမြသန်းဟု ခေါ်ကြသည်။ ဆရာတာရာနှင့်မူ စာပေသစ်လှုပ်ရှားမှုတုန်းက ရင်းနှီးခဲ့ပြီး၊ ပြည်တွင်းပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် အတူလက်တွဲခဲ့ကြသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ ကျင်းပရာ ဆွစ်ဇလန်နိုင်ငံသို့ အတူ သွားရောက်ခဲ့ကြသည်။ ထိုရင်းနှီးမှုများ၊ အယူအဆ တူညီမှုများက သူတို့၏ အသက်အရွယ်ကွာဟမှုကို ပျောက်ပြယ်စေခဲ့သည်။ အတန်းဖော် (Classmate) အခန်းဖော်(Roommate) များလည်း ဖြစ်သည်။ သို့သော် ဆရာဗန်းမော်က ဆရာမြထက် ကျောင်းသက်ရှည်လေသည်။ ထိုရင်းနှီးမှုများကြောင့် 'ကိုတင်အောင်၊ ကိုဌေးမြိုင်' ဟု ခေါ်ပုံရသည်။ စာပေအရ ရင်းနှီးမှုကြောင့်လည်း ဖြစ်ပုံရပါသည်။ ကျွန်တော်တို့သည် ဆရာမြနှင့် ဘ၀တက္ကသိုလ်မှာ ရင်းနှီးခင်မင်ခဲ့ခြင်း ဖြစ်သည်။ ဆယ်နှစ်ကွာသော်လည်း ဆရာတပည့် ဆက်ဆံရေးမဟုတ်။ ရဲဘော်ရဲဘက်ဆက်ဆံရေး၊ ညီအစ်ကိုဆက်ဆံရေး၊ တူဝရီးဆက်ဆံရေးများ ဖြစ်သဖြင့် ဦးလေးဟု ခေါ်ကြသည်။ ဦးမြသန်း၊ ကိုမြသန်းဟု ခေါ်ကြသည်။ သူကလည်း လူငယ်များကို 'ကို' တပ်၍ လေးလေးစားစား ခေါ်ဝေါ်ဆက်ဆံသည်။ ထို့ကြောင့် သာမန်လူအများအဖို့ ကျွန်တော်တို့၏ ရင်းနှီးမှုကိုမသိလျှင် ကျွန်တော်တို့၏ အခေါ်အဝေါ် အသုံးအနှုန်းများကို အမြင်စောင်းနိုင်ပါသည်။ ကျွန်တော်တို့သည် အလွန် ချစ်ခင်ရင်းနှီးသူများ၊ အတူနေ၊ အတူစား၊ အတူအိပ်၊ အတူသွားခဲ့သူများ၊ သေဖော်ရှင်ဖက်များ၊ အနစ်နာခံခဲ့သူများ၊ ဘ၀ကို စွန့်လွှတ်ခဲ့သူများ ဖြစ်ပါသည်။ ဆရာမြ ကွယ်လွန်သွားခြင်းသည် ဆရာမြကို စာပေအရ ကြည်ညိုလေးစားသူများအဖို့ စာရေးဆရာတဦး ဆုံးရှုံး သွားခြင်းသာဖြစ်သည်။ ကျွန်တော်တို့အဖို့ အလွန်ရင်းနှီးသော ရဲဘော်တယောက်၊ အသက်ပေး ချစ်ကြည်ခဲ့သော မိတ်ဆွေတယောက် ဆုံးရှုံးခဲ့ခြင်းသာ ဖြစ်သည်။ သူ့မိသားစုမှ လွဲပြီး ကျွန်တော်တို့ ထက် ကြေကွဲပါသည်ဆိုလျင် မဲ့ပြုံးပြုံးရုံကလွဲပြီး ကျွန်တော်တို့ ဘာမျှ မပြောလိုပါ။

ဒုတိယပိုင်းဆက်ဖတ်ပါ။

No comments: