ဒီနေ့ မနက် ၅ နာရီ၊ အလုပ်ဝင်ရမှာမို့၊ ၃ နာရီခွဲ ကတည်းက အိပ်ရာကနိုးနေတယ်။ ကိုယ်လက် သန့်စင်တဲ့ အခန်းမှာ ထိုင်ရင်း၊ တံခါးမှာချိတ်ထားတဲ့ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော၊့ တနင်္ဂနွေ မတ်လ ၂၃ ရက်ပါလား။ သြော်.... မတ်လ၊ ၂၃ ရက်။ ၂၃ ရက် မတ်လ....။ ဟိုလွန်ခဲ့တဲ့ ၃၂ နှစ်က မတ်လ ၂၃ ရက်ကို အတွေးက ရောက်သွားတယ်။
အမှတ်တရနေ့မှာ၊ အမှတ်တရ ဖတ်ဖို့၊ ဓူဝံစာပေက လက်ဆောင်ရထားတဲ့ အရေးတော်ပုံ (၄) စောင်တွဲကို အလုပ်သွားတဲ့ အိပ်ထဲ ထည့်လာခဲ့တယ်။ ဖတ်ရင်းနဲ့ တဆက်ထဲမှာပဲ၊ သူငယ်ချင်း အောင်စောဦး၊ ကိုမြင့်လှိုင်နဲ့ ကိုဌေးဝင်း(ဂျာမဏီ)ဆီ၊ ၃၂ နှစ် အမှတ်တရ တယ်လီဖုံးခေါ်လိုက်တယ်။ အတိတ်တွေကို ပြန်ပြော ဖြစ်ကြတယ်။
xxxx xxxx xxxx xxxx
၁၉၇၆ မတ်လ။ စာမေးပွဲ နီးလို့ စာအတူကျက်နေကျ သူငယ်ချင်းတွေ ကိုယ့်အိမ်မှာ စာလာ ကျက်ကြတယ်။ သမိုင်း စဥ့်ငူဆောင်မှာနေတဲ့ အောင်ကျော်စိုးရယ်၊ တလမ်းထဲနေတဲ့ ၀င်းမောင် (ဖိုးဝ ဘိနပ်-ယခု ကွယ်လွန်)ရယ်၊ မင်းဟန်(ဗိုလ်ကြီးဟောင်း-ယခု အမေရိက)ရယ်၊ သန်းလွင်ရယ် စာကျက်ဖို့ ညဦးပိုင်းလောက်မှာ အသီးသီးရောက်လာကြတယ်။ ဒီညတော့ သူတို့ကို ဖွင့်ပြောလိုက်တယ်။ စာမကျက်ကြနဲ့တော့၊ စာမေးပွဲက ဖြစ်တော့မှာ မဟုတ်ဘူးလို့။ ကိုယ်လဲ အဲဒီညက စောစော အိပ်ရာဝင် တယ်။ မနက်စောစော ကျောင်းသွားရမယ်။
ကိုမှိုင်းတို့အုပ်စုက ပန်းဘဲဆရာကြီး ဦးချစ်ရဲ့ ထမင်းကြော်ဆိုင်မှာ။ ကိုယ်တို့က နွေးအေးမှာ။ သူတို့ ဦးချစ် ထမင်းကြော်ဆိုင်က ထတော့ ကိုယ်တို့လဲ နွေးအေးက ထတယ်။ (ပိုက်ဆံမလောက်လို့ ဦးချစ်ဆီမှာ ထမင်းကြော် အကြွေးကျန်ခဲ့တာ နောက်တော့ ကိုမှိုင်းပြောပြတယ်)။
အဆောင် (၁) အောက်မှာ စုကြတယ်။ ကိုမှိုင်းလို့ ကျနော်တို့ ခေါ်တဲ့ ကိုတင်အေးကြူ (မောင်မှိုင်းလွင်-အင်းဝ) က၊ ၀ိုင်းကပ်ပေးဖို့ သူ့လက်ထဲက ပိုစတာတချို့ ကျနော့်ကို လှမ်းပေးတယ်။ သူရယ်၊ ဗိုလင်း (ကိုသန်းလင်း-ဘုန်းနွယ်လင်း)ရယ်၊ ကိုဝင်းမြင့် (၀င်းမင်းထွေး)ရယ်၊ ကျနော်ရယ် ပိုစတာတွေ ကပ်ကြ တယ်။ နောက်တယောက် နှစ်ယောက်၊ ပါသေးတယ်။
ကိုမှိုင်းရယ်၊ ဗိုလင်းရယ်၊ ကျနော်ရယ်က ၁၉၆၉ ကျောင်းရောက် ကတည်းက တန်းခွဲ အတူတူ၊ စာမေးပွဲကျ အတူတူ။ လုပ်အားပေးတွေမှာ၊ ကဗျာတွေ ရေးကြတဲ့အထဲမှာ၊ အတူတူ။ ကိုမှိုင်းက မြို့ပြ(civil)၊ ဗိုလင်းက ချည်မျှင်(textile)၊ ကျနော်က ဓါတု(chemical)။ ကျနော်တို့ စာမေးပွဲကျနှစ်မှာ ကိုဝင်းမြင့်(ယခု-သီချင်းတွေရေးတဲ့ ၀င်းမင်းထွေး) ကျောင်းရောက် လာတော့ အတန်းတွေက တူသွားပြန်ရော။ ဒါပေမယ့် ကိုဝင်းမြင့်နဲ့က မှိုင်းရာပြည့်ဖြစ်တဲ့နှစ်မှ ရင်းနှီး သွားတာ။
ပိုစတာတွေ ကပ်ပြီးတဲ့ အချိန်မှာ အဆောင်(၁) အောက်မှာ လူတွေလဲ အတော်စုမိလာပြီ။ ကိုမှိုင်းစကား စပြောတော့ လက်ခုပ်သံတွေကြောင့် လူတွေ များသထက်များလာတယ်။ လူအတော်များ လာတော့ ကိုမှိုင်းနဲ့ ကျနော်က ကျောင်းရှေ့မှာ သွားနေတဲ့ ကားတွေကို ချောဆွဲဖို့ ထွက်ခဲ့ကြတယ်။ လူအုပ်ကြီးကလဲ နောက်က လိုက်လာတယ်။ ကျောင်းရှေ့ ဘတ်စ်ကားမှတ်တိုင်မှာ လာရပ်တဲ့ ဘတ်စ် ကားတွေ၊ စက်ရုံတွေက ကြို/ပို့ ယာဉ်တွေကိုတားပြီး၊ ကျနော်တို့ဟာ မျိုးချစ်စာဆိုတော်ကြီး သခင် ကိုယ်တော်မှိုင်းရဲ့ ရာပြည့်ပွဲကျင်းပဖို့၊ ဆရာကြီးရဲ့ ဂူဗိမာန်ကိုသွားရမှာ ဖြစ်တဲ့အကြောင်း၊ ခရီးသည် တွေကို မေတ္တာရပ်ပြီး ကားပေါ်က ဆင်းခိုင်းပါတယ်။ ကားဘယ်နှစ်စင်းလဲ မမှတ်မိဘူး၊ စက်မှုက ကျောင်းသားတွေကို တင်ပြီး ၀ိဇ္ဇာသိပ္ပံကိုထွက်ခဲ့ကြတယ်။
ကျနော်က နောက်ဆုံးကားနဲ့ လိုက်လာပြီး၊ သမိုင်းလမ်းဆုံမှာ ပြန်ကွေ့တဲ့ ဟီးနိုးကားငယ် တစီးကို တားဖို့ ဆင်းလိုက်ပါတယ်။ ဟီးနိုး ကားငယ်အလွတ်တစီးကို ချောဆွဲပြီး သမိုင်းကောလိပ်ဝင်း ထဲက တိရစ္ဆာန် မွေးမြူရေးနဲ့ ဆေးကုသရေးတက္ကသိုလ်က ကျောင်းသားဆောင်ကို သွားပြီး၊ စာမေးပွဲ ဖြေဖို့ သွားတော့မယ့် ကျောင်းသားတွေကို သွားခေါ်ပါတယ်။
အဓိပတိလမ်းမှာ လူစုကြတယ်။ ကိုမှိုင်းတရားဟောနေတုန်း ကျောင်းသူတယောက်လဲ မလှမ်း မကမ်းမှာ စကားလာပြော နေပါတယ်။ သူမရဲ့ အကိုဖြစ်သူကို စစ်အစိုးရက ဖမ်းသွားတဲ့အတွက်၊ ခုလို အကို တက္ကသိုလ်ကျောင်းသားတွေနဲ့ လာရောက်ပူးပေါင်းကြောင်း ပြောနေပါတယ်။ သူက အဲဒီနေ့ ၂၃ ရက်နေ့ သတင်းစာထဲ ပါတဲ့၊ အဖမ်းခံရတဲ့ ကိုတင်မောင်ဦးရဲ့ ညီမလို့ ပြောပါတယ်။
ကျောင်းသားတွေဟာ စည်းကမ်းရှိရှိ သေသေသပ်သပ်နဲ့ ငါးယောက်တတွဲစီ တန်းစီပြီး မှိုင်းဂူကို ချီတက်ကြတယ်။ အသံလွှင့်ရုံအတွင်းနဲ့ ဟံသာဝတီအ၀ိုင်း စာပေဗိမာန်အပေါ်ကနေ မှန်ဘီလူး အကြီးစား တွေ တပ်ထားတဲ့ ကင်မရာတွေနဲ့ တဖြတ်ဖြတ် ရိုက်နေတာတောင် လှောင်ပြောင်တာက လွဲလို့ ကျောင်းသားတွေ ဘက်က ပြဿနာ မရှာခဲ့ပါဘူး။ (ဒီပုံတွေ ကျနော်တို့ အဖမ်းခံရတော့ စစ်ကြောရေးမှာ ထောက်လှမ်းရေးတွေက ပြတယ်။ ပုံ ၅၀ ကျော်လောက်ရှိတယ်။)
ဆန်းသီရိရုပ်ရှင် ရှေ့ရောက်တော့ ရုပ်ရှင်ရုံထဲမှာ အသံချဲ့စက်တွေ မိုက်ကရိုဖုံးတွေ ရှိကြောင်း၊ ငါးယောက်တတွဲ တန်းဘေးက ရံပြီး လိုက်လာတဲ့ ကျနော်နဲ့ ဇော်ဖေ၀င်း(ယခု ပြည်တွင်းပြန်ရောက်- ငြိမ်းအဖွဲ့) ကို ရုပ်ရှင်ရုံရှေ့မှာ ရပ်ကြည့်နေတဲ့ လူတယောက်က လာပြောသေးတယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တာ ဖြစ်တဲ့ အတွက် မူလရည်ရွယ်ချက်ကို မပျက်အောင် ထိမ်းရမှာ ဖြစ်ကြောင်း၊ ပြောခဲ့ပါတယ်။
စစ်အစိုးရကလဲ ချီတက်ရာလမ်းတပေါက်ပဲ ဖွင့်ထားပေးတယ်။ ပြည်လမ်းအတိုင်း မြေနီကုန်း ထိ၊ ဖွင့်ပေးထားပြီး၊ ဟံသာဝတီမှာ ဦးဝိစာရဘက်ချိုးမဲ့ လမ်းမှာ စစ်သားတွေ ကာပြီး၊ ရပ်စောင့်နေ တယ်။ မြေနီကုန်းရောက်တော့ မြို့ထဲနဲ့ စမ်းချောင်းဘက်ကို မသွားနိုင်အောင် စစ်သားတွေ ကာရပ်ပြီး လမ်းပိတ်ထားပါတယ်။
ကျနော်တို့က မြေနီကုန်းလေဟာပြင် ရှေ့ကဖြတ်ပြီး ၀ိဇယရုံရှေ့ကနေ ဦးဝိစာရလမ်းဘက်ကိုချိုး ပါတယ်။ ဦးဝိစာရလမ်းမှာ၊ လမ်းထိပ်တွေမှာ၊ ရပ်စောင့်နေတဲ့ စစ်သားတွေထဲက စစ်သားတယောက် လွယ်ကိုင်ထားတဲ့ သေနတ်ပြောင်းဝထဲကို ဇာနည်ဘို(ယခု လက္ခဏာဆရာကြီး) က နောက်ပြောင်ပြီး သစ်ကိုင်းကလေးလား၊ ပန်းပွင့် ကလေးလား အသေအချာတော့ မမှတ်မိတော့ဘူး၊ သွားထိုးထည့်လို့၊ ကျောင်းသားတွေက လက်ခုပ်တီးကြ တယ်။ ကာယကံရှင် စစ်သားက ဣနြေ္ဒဆောင်ထားပေမဲ့ ရီချင်နေ တဲ့ မျက်နှာပေးနဲ့ ပြန်ကြည့်တယ်။
ရွှေတိဂုံဘုရားတောင်ဘက်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူရှေ့မှာ စုကြပြီး၊ ဆရာကြီးကို ကျနော်တို့ ဦးညွတ်ဂါရ၀ ပြုကြတယ်။ ကိုမှိုင်းက ဆရာကြီးရဲ့ စာတွေ ကဗျာတွေကို ဖော်ကြူးပြီး တရားဟော ပါတယ်။ ကျနော်တို့ ဆရာကြီးရဲ့ ဂူရှေ့၊ ရွှေတိဂုံဘုရားလမ်းပေါ် ကျင်းပနေတာကို ကျောပေးထားတဲ့ တပ်မတော် ငွေစာရင်းလား၊ မှတ်တမ်းရုံးလား မမှတ်မိတော့တဲ့ ၀င်းကြီးထဲက၊ ကားလမ်းမနဲ့ ကပ်လျက် နှစ်ထပ်ပျဉ်ထောင်တန်းလျားကြီးပေါ်ကနေ မှန်ဘီလူးအဖြူရောင် အကြီးစား တပ်ထားတဲ့ ကင်မရာနဲ့ စိမ်ပြေနပြေ ရိုက်နေတာ တွေ့ရတယ်။ ခဏနေတော့ အဲဒီရုံးထဲက စစ်ကားတစီး ဆင်းလာပါတယ်။ ကျနော်တို့က သူ့ အပေါက်ကို ပိတ်ကာပြီး တရားပွဲ လုပ်နေတာဆိုတော့၊ သူ တဖြေးဖြေး ဘီးလှိမ့်ဆင်းလာတဲ့ ကားဟာကျနော်တို့ ၀ိုင်းထဲကို ရောက်လာတယ်။ ကျောင်းသား တချို့က စစ်ကားကို ချမယ်နှက်မယ်၊ လုပ်ကြသေးတယ်။
သူ့မှာ ပြဿနာရှာချင်လို့ ကိုယ့်ဝိုင်းထဲ ၀င်လာတာဆိုရင်၊ သူဆင်တဲ့အကွက် တည့်တည့်နင်း ဖြစ်မှာစိုးလို့ အော်နေဟစ်နေတဲ့ ကျောင်းသား အချို့ကို ဖြောင့်ဖျပြီး၊ ပြဿနာကောင် စစ်ကားကို ထွက်ဖို့ လမ်းပေါက်ဖွင့်ပေးလိုက်ပါတယ်။ စစ်ကားဟာ စစ်သားတွေ လမ်းပိတ်ရပ်နေတဲ့ မြို့ထဲဖက်ကို ထွက် သွားပါတယ်။ သူတို့ ဟာ ကျနော်တို့ကို ကျောင်းကနေ ဆရာကြီးဂူအထိ တပေါက်ပဲ ပေးထားတာမို့ မြို့ထဲဖက် မသွားနိုင်အောင်လဲ ပိတ်ကာထားပါတယ်။
တရားပွဲပြီးတော့ ကျောင်းသားတချို့က မိဘပြည်သူတွေကိုလဲ အသိပေးတဲ့ အနေနဲ့ မြို့ထဲကို လှည့်လည်မယ်လို့ အစထောင်လာပါတယ်။ ကျနော်တို့က ဆရာကြီးရဲ့ မွေးနေ့ အနှစ်၁၀၀ ပြည့် ကျင်းပ ဂါရ၀ပြုဖို့ လာတာမို့ ကျောင်းကိုပဲ ပြန်ဖို့ အစီစဉ်ရှိကြောင်း၊ ထကြွနေတဲ့ ကျောင်းသားတချို့ကို ဖျောင်းဖျ ထိမ်းသိမ်းလာခဲ့နိုင်ပါတယ်။ လာရာလမ်းအတိုင်းပဲ ပြန်ခဲ့တာမို့ ကျောင်းကို ချောမောစွာပဲ ပြန်ရောက်ပါ တယ်။
အဓိပတိလမ်းကို ပြန်ရောက်တော့ ကျနော်တို့ရဲ့ ဆရာတွေ ဆရာမတွေဟာ ဘွဲ့နှင်းသဘင် အဆောက် အဦးကြီးရဲ့ လှေခါးရင်းမှာထိုင်နေကြတယ်။ ဘွဲ့နှင်းသဘင်ခမ်းမကြီးထဲ မ၀င်ကြဖို့ မေတ္တာရပ်ကြပါတယ်။ ကျနော်တို့ရဲ့ ရူပဗေဒဆရာကြီး ဦးလွှမ်းမိုးကိုတော့ ကောင်းကောင်း မှတ်မိနေပါ တယ်။ ဆရာတွေက ၀တ္တရားအရသာ ကာနေပုံရတယ်။ မျက်နှာတွေက မကောင်းကြပါဘူး။ ကျနော်တို့ ကလဲ ဆရာတွေကို အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။ ကိုဝင်းမြင့် (၀င်းမင်းထွေး) က ရှေ့က ဦးဆောင် ထွက်လာတော့ ဆရာတွေလဲ အသာတကြည်ပဲ လမ်းဖယ်ပေးလိုက်ကြတယ်။
ဘွဲ့နှင်းသဘင်ခန်းမကြီးရဲ့ ဘာဂျာတံခါးကြီးကို အောက်ခြေကနေ ဆွဲပြီး လှန်ဖွင့် လိုက်ပါတယ်။ သပိတ်ဘူမိနက်သန် (ဦးသန့်အရေးအခင်း၊ ရွှေတိဂုံအရေးအခင်း၊ ယခု မှိုင်း) ဘွဲ့နှင်းသဘင်ခန်းမကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါပေမယ့် ရန်သူက သူ့ရဲ့ လက်နက်တခုဖြစ်တဲ့ ကျောင်းတွေပိတ်လိုက်ပြီ ဆိုတာနဲ့ ဖြိုခွဲလိုက်တာ သပိတ်စခန်းမှာ တဖြေးဖြေးလူနဲ လာတယ်။
လေးငါးရက်လွန်မြောက်လာတော့ အင်းယားလမ်းဘက်၊ စီးပွါးရေးတက္ကသိုလ်နောက်ဘက်ကို စစ်ကားတွေ ရောက်လာတယ်။ ဘွဲ့နှင်းသဘင်က ရွှေ့ရမယ်။ ခြေရာဖျောက်တဲ့လူလဲ ဖျောက်ရမယ်။ ကျနော်တို့ သိမ်းထားတဲ့ ကားနှစ်စီးရှိတယ်။ တစုက တက္ကသိုလ်ပုံနှိပ်တိုက်က သိမ်းထားတဲ့ ကားလေး ပေါ်မှာ စာကူးစက်တွေ ဘာတွေ တင်ပြီး စက်မှုတက္ကသိုလ်ဘက်ရောက်သွားတယ်။
ကိုမှိုင်းတို့ အစုက သိမ်းထားတဲ့ ဒေါ့ဂျစ်ကားကြီးနဲ့ ဆရာကြီးမြေးတွေ ကျောင်းတက်နေတဲ့ ဟံသာဝတီအ၀ိုင်းထိပ်က အထက ကျောင်းကိုရွှေ့မယ်ဆိုပြီး ချီတက်ကြတယ်။ နောက်မှ သူတို့ ပြန်ပြော ပြတာ။ ဒေါ့ဂျစ်ကားမှာကလဲ ခွပ်ဒေါင်းအလံက တလူလူလွင့်လို့။
ရဲဝိုင်ယာလက်ကားက သူတို့နောက် က လိုက်လာတယ်။ လိုက်တမ်းပြေးတမ်း ကစားတုန်း သူတို့ ကားပေါ်က ကြဲချတဲ့ စာရွက်တွေက နောက်ကလိုက်လာတဲ့ ၀ိုင်ယာလက်ကား မှန်မှာ သွားကပ်ရော။ အသံလွှင့်ရုံရှေ့မှာ ထောက်လှမ်းရေးတွေ ကားရပ်ပြီး ကားမှန်က စက္ကူတွေ ဆင်းဖယ်နေတုန်း ဒေါ့ဂျစ်ကားမောင်းသူက ကြောက်ကြောက်နဲ့ ကားကို ကြံတောသုသန်ထဲ မောင်းပြေးပြီး၊ သင်္ချိုင်းထဲမှာ ကားရပ်ပြီး ထွက်ပြေးသွားတယ်။ ကားပေါ်မှာ ပါလာတဲ့ သူတွေလဲ လွတ်ရာ ကျွတ်ရာ ထွက်ပြေးကြရတယ်။ မွတ်နားတို့က ကြံတောထဲမှာပဲ မိသွားတယ်။ ကိုမှိုင်းတို့သုံးယောက် (ကိုမှိုင်း၊ ဗိုလင်း၊ ကိုဝင်းမြင့်)က ဆင်မလိုက်မှာ သွားမိတယ်။ မလှမြိုင်တို့က အိမ်တအိမ်ကနေ သံရုံးတခုကို ခိုလှုံဖို့အသွားမှာ မိသွားတယ်။
ကြိုတင် ရှောင်တိမ်းနိုင်သူတွေထဲက တချို့ လွတ်မြောက်တဲ့နယ်မြေ၊ ပန်ဆန်းကို ရောက်သွား တယ်။ ကျနော်ကိုတော့ ဧပြီလ ၁၀ ရက်နေ့မှာ အိမ်မှာ လာဖမ်းတယ်။ မိသွားတဲ့သူတွေကို အတွဲလိုက် ထောင် ၉နှစ်၊ ၇ နှစ်၊ ၅နှစ် စီ ချလိုက်တယ်။ ကျနော်တို့က နှစ် နှစ်နေပြီး ၁၉၇၈ ဧပြီမှာ အရေးအခင်း ကျောင်းသားတွေကို လွှတ်ပေးတဲ့ နိုင်ငံတော်ကောင်စီ လွတ်ငြိမ်းခွင့်နဲ့ လွတ်ပီး၊ ကျန်တဲ့လူတွေက ၂/၈၀ နိုင်ငံတော်ကောင်စီ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်ကြတယ်။
မှိုင်းရာပြည့်ဟာ ၇၀ခုနှစ်လွန် ကျောင်းသားအရေးအခင်းတွေရဲ့ နောက်ဆုံးအရေးအခင်းပါပဲ။
1 comment:
ဆရာခင်ဗျား
ယခု တင်အေးကြူ (မောင်မှိုင်းလွင်) မည်သည့်နေရာသို့ ရောက်ရှိ
နေသည်ကိုသိရှိပါက ဖော်ပြပေးစေလိုပါသည်။ကိုချောနွယ်၏
ညီမလေးမမမြင့် ကဗျာထဲတွင် “အော့ဇဝစ်အကျဉ်းစခန်းက ညီသူ
ငယ်ချင်း တင်အေးကြူ (မောင်မှိုင်းလွင်) ဟုဖော်ပြထားပါသည်။
ထိုကဗျာမှာ အောက်တိုဘာ၂၀၀၂ ဟန်သစ်မဂ္ဂဇင်းတွင်ပါဝင်ခဲ့
သောကဗျာဖြစ်ပါသည်။စာရေးသူ ဂါမဏိ၏ ယမမင်းဥယျာဉ်သို့ အလည်ရောက်ခြင်း စာအုပ်တွင်လည်း ကိုမှိုင်းလွင်ကို မှိုင်းရာပြည့်
ကျောင်းသားခေါင်းဆောင်အဖြစ်ဖော်ပြထားပါသည်။ထိုစာအုပ်အဆုံးပိုင်းတွင်လည်း ကိုမှိုင်းလွင်ကို (အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု၊
ယခု နအဖထောင်ထဲ ) ဟုထပ်မံဖော်ပြထားပါသည်။ကိုမှိုင်းလွင်
ယခုထောင်ကျနေဆဲလား၊ပြန်လည်လွတ်မြောက်လာပြီလား သိရှိ
ပါကဖော်ပြပေးပါခင်ဗျာ။
လေးစားလျက်
ညိုထက်ညို(စက်မှု၊ ၉၆မျိုးဆက်၊ smsy.iblogger.org )
Post a Comment