"ဘိုကေကိုက်ပြီး ဓာတ်ရှင်ကြည့်မယ်"
ကျွန်တော်တို့ ငယ်ရွယ်စဉ် ကာလလောက်က သည်စကားတခွန်းကို သူငယ်ချင်း အချင်းချင်း တယောက်နှင့် တယောက် တွင်တွင်ကျယ်ကျယ် ပြောခဲ့ကြတယ်။ သည်စကား ကျွန်တော်တို့ လူငယ်တွေ နှုတ်ခမ်းပေါ်ကို ဘယ်လို ဘယ်အချိန်က ရောက်လာတယ်ဆိုတာ ကျွန်တော် တိတိကျကျ မသိ။ သည်စကားကို ဒုတိယကမ္ဘာစစ် မဖြစ်မီက သုံးနှုန်းခဲ့တဲ့ စကားလုံးတွေများပါလားလို့ ကျွန်တော် တွေးထင်မိပါတယ်။ အတွေးအထင် ဖြစ်တဲ့အတွက် မှန်ချင်လည်းမှန် မှားချင်လည်း မှားနိုင်ပါတယ်။
စကားလုံး၊ ဝေါဟာရဆိုတာ အလုပ်လက်တွေ့၊ လူမှုလက်တွေ့ထဲက ပေါက်ဖွားလာတာ ဖြစ်လို့ နောက်ပိုင်းမှာ ဓာတ်ရှင်ကိုရုပ်ရှင်၊ ဘိုကေကိုက်တယ်ဆိုတာကို ဆံပင်ညှပ်တယ်လို့ ပြောဆိုခဲ့ကြတယ်။ ဝေါဟာရ အရွေ့ပေါ့။ ခုခေတ်မှာတော့ ပိုပြီး ဆန်းသစ်လာလို့ များလားမသိ။ ရုပ်ရှင်အပြင် TV, VCD, DVD တွေ ဖြစ်ကုန်ကြသလို၊ ဆံပင်ညှပ်တာကိုပင် မျိုးကွဲတွေနဲ့။ ဆံပင် အလှပြုပြင်တယ်။ ဆံပင်ဆေးဆိုးတယ်။ တူးစတက်၊ သရီးစတက်၊ ကိုးရီးယားပုံ စသဖြင့် ဖြစ်လာတယ်။
တနင်္ဂနွေတနေ့မှာ ဆံပင်ညှပ်ချင်တဲ့အတွက် ကျွန်တော်အိမ်က စောစော ထွက်တယ်။ ကျွန်တော်က ဆံပင်ညှပ်တိုင်း ဂဂျီဂဂျောင်ကျတတ်တယ်။ ဆံပင်ညှပ်ပြီးတိုင်းလည်း ဘယ်တော့မှ စိတ်တိုင်း ကျတယ် မရှိခဲ့တာမို့ ကျွန်တော့်စိတ်ကြိုက် ဆံပင်ညှပ်ဆိုင်ကို သွားဖို့ ဘတ်စ်ကားစီး လာတယ်။ ဘတ်စ်ကားပေါ်မှာ ထိုင်ငြိမ့်ရင်း ကျွန်တော် စိတ်ကူးပြောင်းသွားတယ်။ ကျွန်တော် ဆံပင်အရင် မညှပ်ချင်တော့။ ဆံပင်မညှပ်သေးဘဲ ဆရာတာရာဆီ အဦးဆုံးသွားမယ်။ ဆရာနဲ့ မတွေ့ရတာလဲ တလကျော်လောက် ရှိပြီဆိုတဲ့ အတွေးက ကျွန်တော့် စိတ်ကူးဆုံးဖြတ်ချက်ကို တွန်းပို့ နေတယ်။
တကယ်တော့ ထိုနေ့က ဆံပင်မညှပ်ဖြစ်တော့။ ဆရာနဲ့ တွေ့တဲ့အခါ ဆံပင်ညှပ်ကိစ္စက နောက်တန်း ရောက်သွားတယ်။ ရောက်လည်းရောက်လောက်တဲ့ အကြောင်းက လွန်ခဲ့တဲ့ တပါတ် လောက် ကတည်းက ဖြစ်နေခဲ့ပြီ။ သည်အကြောင်းကို ကျွန်တော် သိထားပေမယ့် သိပ်သတိမထားမိ။ ဆရာကတော့ စိတ်ဝင်စားတယ်။ တကယ်တော့ ဆရာနဲ့တွေ့မှ သည်အကြောင်း သည်ကိစ္စကို အလေး အနက် ထားမိတာ အမှန်။
"ခင်ဗျား မှတ်တမ်းရုပ်ရှင် ကြည့်ပြီးပြီလား"
"မကြည့်ရသေးဘူးဆရာ"
"ဒီလိုဆို အတော်ပဲ။ ကျွန်တော်ကြည့်ချင်တယ်။ မျက်လုံးက မကောင်းတော့ တယောက်တည်း မြို့ထဲ ထွက်လို့ မဖြစ်ဘူးဗျ"
"ဆရာပြောမှ ဒီမှတ်တမ်းရုပ်ရှင် ကြည့်ချင်လာတယ်။ သွားကြတာပေါ့"
ဆရာ့အိမ်ကိုရောက်တော့ နံနက် ကိုးနာရီခွဲနေပြီ။ ဆရာနဲ့ ကျွန်တော် ဆရာတို့ လမ်းအ၀င် လက်ျာဘက်ကုန်းပေါ်က လက်ဘက်ရည်ဆိုင်လေးမှာ၊ ဆရာက နွားနို့၊ ကျွန်တော်က လက်ဘက်ရည် သောက်ကြပြီး ဒီနေရာမှာတင် မှတ်တမ်းရုပ်ရှင်ကြည့်ဖို့ ကိစ္စ အတိုင်အဖောက် ညီသွားတယ်။
၃၇ ဘတ်စ်ကား ဆူးလေဘုရားလမ်း ရွှေလမင်းလက်ဘက်ရည်ဆိုင်ရှေ့ မှတ်တိုင်မှာ ထိုးမရပ်မီ၊ ဂုဏ်ရုံ (ဟိုယခင်က ဂလုပ်ရုံ၊ ယခု ထရိတ်ဒါးဟော်တယ်) ဘက်ကို ကျွန်တော် တချက်ငဲ့ကြည့်မိတယ်။ ထိုစဉ်က ဂုဏ်ရုံမှာပြနေတဲ့ အင်္ဂလိပ်ရုပ်ရှင်ကားအမည်ကို ၂၆ နှစ် ကျော်ခဲ့ပြီမို့ ကျွန်တော်မမှတ်မိတော့။ ဆရာနှင့်ကျွန်တော် ဂုဏ်ရုံမှာ မှတ်တမ်းရုပ်ရှင် ကြည့်ကြမှာ ဖြစ်တယ်။ (ဟိုတုန်းကတော့ ဗဟိုရုပ်ရှင်လို့ အသုံးများပါတယ်-မာယာ)။
ကားပေါ်က ဆင်းဆင်းချင်း လူသွားစင်္ကြန်တဘက်ရှိ ရွှေလမင်း လက်ဖက်ရည်ဆိုင်မှာ နှစ်ယောက်သား ၀င်ထိုင်ကြတယ်။
"ဒီလက်ဖက်ရည်က ကျွန်တော်တို့ စစ်ကြိုခေတ်တုန်းက သောက်ခဲ့ရတဲ့ အရသာအတိုင်းပဲ။ ကျွန်တော် သဘောကျတယ်"
ဆရာ့အသံက မတိုးမကျယ်။ လေထုထဲမှာရှိတဲ့ ကြားခံ အောက်ဆီဂျင်ကို တိုးဝှေ့ကာ ကျွန်တော့်နားစည်ကို ညင်သာစွာ လာရိုက်ခတ်တယ်။ ကျွန်တော်က လက်ဘက်ရည်ဆိုလျှင် ရွှေလမင်း လက်ဖက်ရည်မှ မဟုတ်။ ထိုစဉ်က နာမည်ရ ဘားလမ်း မုတ်ဆိတ်နှင့် ရွှေလှေခါး လက်ဖက်ရည်ကိုပင် အရသာ မခံစားတတ်။ တောမှာ ကြီးပြင်းလို့လည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် ကျွန်တော် ဒုံးဝေးတာ လည်း ဖြစ်ရင်ဖြစ်မယ်။ ကျွန်တော် ဆရာ့ကို ငေးကြည့်နေမိတယ်။ ပြီးမှ ဆရာညွှန်းတဲ့ ရွှေလမင်း လက်ဖက်ရည်ကို တကြိုက် ကြိုက်ရင်း မြရာပင်စာပေတိုက်ထုတ် သခင်သန်းထွန်းနောက်ဆုံးနေ့များ စာအုပ်မှာပါတဲ့ ဆရာ့ပုံရိပ်ကို သတိရနေမိတယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားရာမှ မဆိုစလောက် တွန့်နေတတ်တဲ့ ဆရာ့နှုတ်ခမ်း။ အတိတ်ကိုဖြစ်ဖြစ်၊ အနာဂတ်ကိုဖြစ်ဖြစ် ပြက်ပြက်ထင်ထင် ဝေးဝေးမြင်သိတဲ့ ဆရာ့အကြည့်။ လက်ရှိ ပစ္စက္ခအခြေအနေကို မယိမ်းမယိုင် ထင်လင်းရှင်းပြတ်စွာ မြင်စွမ်း ပြောစွမ်းရှိတဲ့ ဆရာ့အတွေးအခေါ်။
ဆရာနှင့်ကျွန်တော် ဂုဏ်ရုံရဲ့ တကျပ်ခွဲတန်းမှာ တန်းစီကြတယ်။ တော်သေးတယ်။ မူရင်းပြနေတဲ့ ဇာတ်ကားက လူမကြိုက်လို့ ပဲလား၊ ဒါမှမဟုတ် ရုံတင်ရက် ကြာလို့လားမသိ။ တန်းစီနေတဲ့လူဆိုလို့ ဆရာနဲ့ကျွန်တော်တို့ နှစ်ယောက်ပေါင်းမှ ငါးယောက်၊ ခြောက်ယောက်လောက်ပဲ ရှိမယ်။ တချို့ ပွဲကြည့်ပရိသတ်က စောစောကတည်းက ၀င်သွားတာလဲ ဖြစ်နိုင်တယ်။
ကျွန်တော်တို့ ရုပ်ရှင်ဝင်ကြည့်ရာမှာ ကြိုတင်ပြင်ဆင် ညှိနှိုင်းခဲ့ရတဲ့ အချက်အလက်တွေ ရှိတယ်။ ထိုစဉ်က အခြေအနေတွေအရ ရုပ်ရှင်ရုံကို ၀င်ပြီးလျှင်၊ ပြန်ထွက်ခွင့် မရှိပါ။ ပြီးတော့ ဆရာ့မျက်လုံးက မှုန်လွန်းတဲ့အတွက် ဒီစီလို၊ စတောလို သုံးကျပ်ခွဲတန်း၊ နှစ်ကျပ်ခွဲတန်းက ကြည့်လို့မရ။ ကြည့်လျှင်လည်း ပိတ်ကားပေါ်က ပုံရိပ်တွေကို မြင်တွေ့နိုင်မှာမဟုတ်။ ကျွန်တော်က စေတနာတွေပုံအောပြီး အဲဒီအထူးတန်းတွေက ကြည့်မလားလို့ မေးမိတယ်။
"ဝေးတယ်လေဗျာ။ ကျွန်တော်ဘယ်မြင်ရမလဲ၊ တကျပ်ခွဲတန်း ရှေ့ဆုံး အလယ်ခုံမှာ ကြည့်ရရင် ကောင်းမယ်။ ပြီးတော့ ကျွန်တော်က ပင်မရုပ်ရှင်ကားကြီးကို ကြည့်မှာ မဟုတ်တော့ ဗဟိုရုပ်ရှင် ပြီးပြီးချင်း ပြန်ထွက်လို့ ရမရ ရုံကို မေးကြည့်ပါ"
ဟုတ်သားပဲ။ ဆရာပြောမှ ဆရာ့ကို လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေဖို့ ပြောပြီး ကျွန်တော် ဂလုပ်ရုံ ၀န်ထမ်းတချို့နဲ့ တွေ့ကာ ညှိနှိုင်းခဲ့ရတယ်။ ညှိနှိုင်းတဲ့ အချက်အလက်တွေ အားလုံး အဆင် ပြေတယ်။ ကျွန်တော်တို့နှစ်ယောက် တကျပ်ခွဲတန်းက တန်းစီပြီး ၀င်တဲ့အခါ ၀န်ထမ်းတယောက်၊ နှစ်ယောက်လောက်က ဆရာ့ကို ဘယ်သူဘယ်ဝါမှန်း မသိပဲ၊ ထူးထူးဆန်းဆန်း ကြည့်နေကြတယ်။ ဆရာက မြင်ပုံမရ၊ သိပုံမရ။ ဆရာ့အတွေး၊ ဆရာ့ဦးခေါင်းထဲမှာ ဗဟိုရုပ်ရှင်ကိုသာ စဉ်းစားပြီး၊ ဆရာရင်ခုန်နေမလားမသိ။ ဆရာက သမိုင်ဖြစ်ရပ်တွေကို တရှိုက်မက်မက် ၀ါးချေစားသုံးပြီး ကျွန်တော် တို့အတွက် အနုပညာမြောက်စွာ ပြန်အံပြတတ်တယ် မဟုတ်လား။
ရုပ်ရှင်ရုံထဲမှာ ကျွန်တော်တို့ဆယ့်ငါးမိနစ်လောက်သာ ကြာတယ်။ ကျွန်တော့အဖို့ ဗဟိုရုပ်ရှင် ကားက ပုံရိပ်များက ပိန်ရှည်ရှည်၊ တခါတလေ ဖောင်းဖောင်းပွပွ ကြီးတွေ ဖြစ်ပေမယ့် ဆရာ့အတွက် ကတော့ အတော်အဆင်ပြေခဲ့ပုံရတယ်။ ဆရာ့အိမ် အပြန်လမ်းဘတ်စ်ကားပေါ်မှာ ဆရာနှင့်ကျွန်တော် စကားတခွန်းမှ မဟဖြစ်ကြ။ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်ချက်သားကောင်းစွာ ကားပေါ်မှာ လိုက်ပါ လာရင်း ကားစပယ်ရာရဲ့ "ဟာမစ်တစ်" ပါလားဆိုတဲ့ အသံကြားမှ ကျွန်တော်ရော ဆရာပါ အတွေးအိပ်မက်က လန့်နိုးကြတယ်။
ဆရာနဲ့ကျွန်တော် ကြည့်ခဲ့ကြတဲ့ ဗဟိုရုပ်ရှင်က ၈၀ပြည့်နှစ် (ကျွန်တော် အမှတ်မှားရင် မှားနိုင် ပါတယ်) နှောင်းပိုင်း ရုပ်ရှင်ရုံတချို့မှာ ပြသခဲ့တဲ့ သမိုင်းမှတ်တမ်းဝင် မှတ်တမ်းရုပ်ရှင်။ ဆရာ့ကို အိမ်ဝအထိ ကျွန်တော် လိုက်ပို့ရတယ်။ အိမ်အ၀င်မှာ ဆရာတချက်ငဲ့ကာ ပြောလိုက်တဲ့ စကား တခွန်းက ကျွန်တော့် ရင်တွင်းကို ဗလောင်ဆူ ပွက်ပွက်ညံအောင် ရိုက်ဟီးသွားစေတာ အမှန်။
"ကိုဗဆွေက ခါးမညွတ်ပဲ လက်ဆွဲနှုတ်ဆက်သွားတယ်နော်"
တစက္ကန့်လျင် ရိုက်ချက် ရာကျော်ပါတဲ့ ရုပ်ရှင်ပြကွက်ပေါင်း ဆယ့်ငါးမိနစ်စာလောက် ကျွန်တော့် အတွေးအာရုံထဲမှာ စီးမျောသွားတယ်။ ဒဂုံရိပ်သာ အ၀င်အ၀တွင် ကြိုဆိုနေသူက ကားပေါ်မှ ဆင်းလာသူ ဦးနုကို ကြိုဆို၍ ရိပ်သာထဲသို့ ၀င်လာတယ်။ ရိပ်သာဧည့်ခန်းတွင် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်၊ သခင်စိုးနှင့် ဗိုလ်သက်ထွန်းတို့က တန်းစီရပ်လျက်။ ကြိုဆိုသူက ဦးနုကို တဦးချင်းနှင့် ပြန်လည်မိတ်ဆက် ပေးခဲ့ရာတွင် အဓိကအားဖြင့် ကြိုဆိုသူကို နှုတ်ဆက်လိုက်တဲ့ ဦးဗဆွေရဲ့ဟန်ပန်ကို ဆရာတာရာပြောလိုက်မှ သတိထား အမှတ်ရလိုက်မိတော့တယ်။
ထိုနေ့က ကျွန်တော် ဆံပင်မညှပ်ဖြစ်ပေမယ့် ဆရာတာရာနှင့်အတူ ဓာတ်ရှင်သွားကြည့်ပြီး လက်ဘက်ရည် သောက်ခဲ့ရတဲ့ ကြည်နူးမှုဟာ ဆရာပြောခဲ့တဲ့ မှတ်ချက်စကားနဲ့ တပါတည်း ယနေ့တိုင် အောင် သံမှိုစွဲသလို ခိုင်မြဲလျက်။
အောင်မြိုင်
(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အတွဲ(၂)၊ မတ်လ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။)
No comments:
Post a Comment