{၁၉၇၆ မှိုင်းရာပြည့်မှာ စစ်အစိုးရက လိုက်လံဖမ်းဆီးလို့ ၀ရမ်းပြေးအဖြစ် တိမ်းရှောင်ပြေးခဲ့ရတဲ့ metallurgy (သတ္တုဗေဒ) အင်ဂျင်နီယာ ကျောင်းသား မောင်မောင် (ကွယ်လွန်သူ ဂီတ ပညာရှင် ကိုမောင်မောင် (ခ) အဉ္စလီမောင်မောင်)ကို၊ ၃၂ နှစ်မြောက် မှိုင်းရာပြည့်အရေးအခင်းမှာ အမှတ်တရ ရှိနေတာနဲ့ ၁၉၉၈ မတ်လ မာယာမှာ ဖော်ပြခဲ့တဲ့ ဆောင်ပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။}
......ငှက်တို့သည် 'ဟူလို' အမည်ရှိသော ယင်းတို့၏ ခေါင်းဆောင်ကြီးအား "အသင်ခေါင်း ဆောင်ကြီး ငါတို့အား ဘုန်းတန်ခိုးကြီးတော်မူသော အရှင်သခင် ငှက်ဘုရင် 'စီမောင်တော်' ထံသို့ ခေါ်ဆောင် ပေးလော့" ဟု တောင်းပန်တိုးလျှိးကြကုန်၏။ ငှက်ခေါင်းဆောင် 'ဟူလို' ကလည်း ငှက်အပေါင်းအား ယင်းတို့ ချီတက်ဖြတ်သန်းရမည့် ခရီးကန္တာရ၏ ဒုက္ခဆင်းရဲ အထွေထွေ၊ ကြောက် မက်ဖွယ် အပြားပြားတို့ကို ရှည်လျားစွာ ရှင်းလင်းဖော်ပြ၏။ ပျံသန်းကျော်လွန်ရမည့် ခုနှစ်ဆင့်၊ ခုနှစ်တန်သော ချိုင့်ဝှမ်းကြီးများ အကြောင်းကို 'ဟူလို' သည် ဥပမာအမြောက်အများ၊ ဆင်ခြင် သုံးသပ်ဖွယ် အပြားပြားနှင့် ရောပေါင်းယှက်ထွေ ဆာဆာဝေေ၀ ပြောပြလေသည်။
ငှက်တို့ ပျံသန်းကျော်လွန်ရမည့် ချိုင့်ဝှမ်းအစဉ်သည်ကား-
ပထမ- ရှာဖွေခြင်းချိုင့်ဝှမ်း
ဒုတိယ- ချစ်ခြင်းချိုင့်ဝှမ်း
တတိယ- နားလည်ခြင်းချိုင့်ဝှမ်း
စတုတ္ထ- လွတ်လပ်ခြင်းနှင့် အတွယ်လွတ်ခြင်း ချိုင့်ဝှမ်း
ပဉ္စမ-သန့်စင်စွာ တပေါင်းတစည်းတည်း ဖြစ်ခြင်း ချိုင့်ဝှမ်း
ဆဌမ- အံ့သြခြင်း ချိုင့်ဝှမ်း
သတ္တမ- ပစ္စည်းဥစ္စာဆင်းရဲခြင်းနှင့် ပလာဟင်းဖြစ်ခြင်း ချိုင့်ဝှမ်းတို့ ပေတည်း။
[၁၃ ရာစု စာဆို Fard Aladin Attar ၏ The Conference of the Birds ပျို့ ကြီးမှ]
ဘသန်း(ဓမ္မိက) မြန်မာပြန်သော ယောနသံစင်ရော် (သတ္တမအကြိမ်ထုတ်) စာအုပ် နောက်ပိုင်းတွင် ဒဿနပုံဆောင်ဝတ္ထု ၃ပုဒ်ပါရှိခဲ့ရာ အထက်ပါ ဖရာစီ စာဆို ဖရ်ဒ် အာလာဒင် အတ္တား၏ (ငှက်ညီလာခံ) သည် တပုဒ် အပါအ၀င် ဖြစ်၏။ ဒဿနပုံဆောင် ၀တ္ထုသဖွယ်ဖြစ်သော ထိုပျို့ကြီး၌ အထောင်အသောင်းသော ငှက်တို့သည် သမုဒ္ဒရာများ၊ တောင်တန်းများ၊ ကန္တာရများကို ပျံသန်းကျော် ဖြတ်ခဲ့ကြရာ နောက်ဆုံး ငှက်သုံးကျိပ်သာလျင် ခရီးပန်းတိုင်အဆုံးသို့ ရောက်ခဲ့ကြသည်ဟု ဆိုပါသည်။
ကိုမောင်မောင်နှင့် ခင်မောင်တိုး၏ ' ကြိုးကြာသံ ' ကို နားထောင်တိုင်း ကျွန်တော်သည် ဖရ်ဒ် အာလာဒင်အတ္တား၏ ငှက်ညီလာခံပျို့ကြီးမှ ထို ဇာတ်ကွက်ကို အောက်မေ့ဆင်ခြင် နေမိပါသည်။
xxxx xxxx xxxx xxxx xxxx
'ကြိုးကြာသံ' ဟူသော သီချင်းခေါင်းစီး အမည်ကို တွေ့လိုက်သောအခါ 'ကြိုးကြာကရ၀ိတ်၊ တောလုံးတိတ်မျှ၊ ညိတ်ညိတ်တွန်ထူး' ဆိုသည့်၊ ရှေးခေတ်စာဆိုတဦး၏ အဖွဲ့အရ၊ ကြိုးကြာငှက်၏ သာယာသော အသံနှင့်အတူ ကြိုးကြာဖိုမတို့၏ ရာသက်ပန် သစ္စာတိုင်အချစ်ကို ကြားရတော့မည်ဟု ထင်ခဲ့မိ၏။ မဟုတ်ပါ။
ကိုမောင်မောင် နှင့် ခင်မောင်တိုးတို့သည် ကြိုးကြာ၏အလှကို အသံတွင်မရှာ၊ အသံတွင် မယူဘဲ 'ပျံသန်းမှု' ဖြင့် ရေးဖွဲ့ သီဆိုလိုက်ကြပါသည်။
'မိုးဦး ၀င်ရောက်လာတဲ့အခါ ရိုးမပေါ် ဖြတ်ပျံရင်း......'
ခင်မောင်တိုးသည် သူ၏ ချိုသော ပင်ကိုယ်သံကို အကွန့်အမြူး၊ အလူးအလွန့် မလုပ်ဘဲ (အသံပရိယာယ် တန်ဆာမဆင်ဘဲ) ရိုးရိုး အေးအေးလေးဖြင့် စဖွင့်လိုက်၏။ ကျွန်တော့် အာရုံထဲတွင် ညို့သော ကောင်းကင်ပြင်ကြီးတခုလုံး ကြိုးကြာငှက်တို့၏ တောင်ပံများဖြင့် ဖွေးဖွေးဖြူသွားသည်။
' ဖြတ်ပျံရင်း.......' စာသားနောက်မှာ တယောသံ (ဟု ကျွန်တော်ကြားသည်) တချက် လွန့်လူး ကပ်ပါလာသည်။ ကြိုးကြာတို့၏ အတောင်ပံ ခတ်သံလား...၊ လေစီးကြောင်း၏ ဆန့်ကျင် အော်မြည်သံ လား....။
' မြောက်ဖက်ကို ဦးတည်လှည့်ကာ
သားဖောက်ရာ အရပ်ဆီ
မိုင်ထောင်ချီ ပြန်(ပျံ)လေပြီ.........'
သီချင်းစာအုပ်များ၌ (ပြန်လေပြီ) ဟူ၍ (ပြန်) စာလုံးကို သုံးပြထားပါသည်။ သီချင်းနားထောင် ရသူ အဖို့မှာမူ ပြန် (Return) ရော၊ ပျံ (Fly) နှစ်မျိုးစလုံး ခံစားရ၏။
မြောက်ဖက်......ဘယ်အထိနည်း.....။ သားဖောက်ရာ အရပ်ဆီ....... မိုင်ပေါင်းထောင်ချီ ပျံသန်း ကြလေကုန်သည်တဲ့။ တယောသံလေးက ' ပြန်လေပြီ' စာသားနောက်မှာ ကပ်ပါလာပြန်သည်။
'ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်'
ပထမပိုဒ် ဤတွင် ပြီးထားပါသည်။ တေးသွား၊ စာသား၊ ခင်မောင်တိုး၏ဆိုဟန် တို့နှင့်အတူ ကျွန်တော် မိုင်ထောင်ချီခရီးစဉ်ထဲသို့ လိုက်ပါ ပျံသန်း သွားခဲ့သည်။ (ကျွန်တော် ကြိုးကြာငှက်တကောင် ဖြစ်သွားသည်။)
ဒုတိယအပိုဒ်တွင်-
' မျိုးဆက်ရဲ့ အားမာန်တခုပါ လမ်းကြောင်းမှန် ရွေးချယ်ခြင်း..........'
အတူလိုက်ပါ ပျံသန်းရင်းမှ (ကြိုးကြာငှက်တကောင်ဖြစ်နေရင်းမှ) ကျွန်တော်သည် သီချင်း နားထောင်သူ အဖြစ်ကိုပါ ရရှိနေပြန်၏။ ပထမအပိုဒ်နှင့် သံစဉ်တူ ဤ 'မျိုးဆက်ရဲ့  အားမာန်တခုပါ' ဒုတိယပိုဒ်သည် ပျံသန်းခြင်း ခရီးစဉ်နှင့်အတူ ပျံသန်းခြင်းသေနင်္ဂဗျူဟာနှင့် ပျံသန်းခြင်း သဘောတရား တခုကို ဖော်ထုတ်လာသည်။
' လမ်းကြောင်းမှန် ရွေးချယ်ခြင်း'
လေစီးကြောင်း၊ တူရူပျံသန်းရမည့်ဒေသ၊ မနားမနေ လှုပ်ရှားနေရသည့် တောင်ပံများ၊ ဟိုး အောက်ဖက်တွင် တောင်တန်းများ၊ သစ်တောများ၊ ပင်လယ်သမုဒ္ဒရာများ၊ မြက်ခင်းပြင်များ၊ လွင်တီး ခေါင် ကန္တာရများ။
' ........အများနည်းတူ သက်လုံမကောင်းရင်
မွေးဖွားရာအရပ်ဆီ၊ မိုင်ထောင်ချီ ပျံနေရင်း........'
တယောသံလေး ၀င်လာပြန်ပြီ။
'....ကြိုးကြာငှက်တချို့လေ ချီလာစဉ် ကျန်ရစ်ပြီ......'
အထောင်အသောင်း အုပ်စုကြီးထဲမှ အချို့ ကြိုးကြာတို့၏ တောင်ပံများသည် စွင့်စွင့်ကားကား ထက်အောက်လှုပ်ရှား နေရာမှ ယွင်းပြိုသွားကြသည်။ ပျံသန်းမှုပုံစံ ပျက်သွားသည်။ ထို့နောက်.....
သူတို့ သမုဒ္ဒရာထဲသို့၊ တောင်တန်း တောအုပ်များထဲသို့ ထိုးစိုက် ကျဆင်းသွားကြ၏။ တကောင်......၊ နောက်တကောင်.....၊ နောက်တကောင်.... အများနည်းတူ သက်လုံ မကောင်းကြ ရှာသူ တွေ၊ ကျန်ရစ်ပြီ။ သက်လုံကောင်းသော ကြိုးကြာတွေကတော့ ဆက်၍ ပျံဆဲ ပျံမြဲ။
xxxx xxxx xxxx xxxx xxxx
သံစဉ်တူသော ပထမပိုဒ် နှင့် ဒုတိယပိုဒ်တို့ကို နားထောင်နေရင်း၊ ရင်ထဲမှာ ကြေကွဲလာသည်။ ပထမပိုဒ်ကို နားထောင်စဉ်က ရရှိသော ခံစားမှုသည် သံစဉ်တူ ဒုတိယပိုဒ် အဆုံးတွင် ပြောင်းလဲ သွား၏။ ကျန်ရစ်ခဲ့သော ကြိုးကြာတို့ကို ပျံသန်းဆဲ ပျံမြဲ ကြိုးကြာတို့ ကယ်တင်မနေအားနိုင်ကြ။ မိမိတို့၏ တောင်ပံများကို တချက်ကလေးမှ မနား၊ လှုပ်ရှားပေးနေကြရသည်။
'သက်လုံမကောင်းသူတို့' ကျန်ရစ်ခဲ့ ကြပေတော့ကွယ်။ ဆက်ပျံသော ကြိုးကြာတို့၏ အတောင် ပံ အောက်က နှလုံးသားထဲတွင် ကျန်ရစ်သူတို့အတွက် ကြေကွဲစွာ နှုတ်ဆက်ခြင်းဖြင့်ပင် မလျော့နိုင် သော အားမာန်ကို အစားဖြည့်လိုက်ကြရ၏။
ကိုမောင်မောင် နှင့် ခင်မောင်တိုး တို့သည် ကြိုးကြာငှက်တို့၏ ပျံသန်းမှုခရီးစဉ်ကို ဤမျှဖြင့် ရပ်နားပြီးဆုံး မထားအပ်ကြောင်း ကောင်းစွာသိကြသော အနုပညာရှင်များ ဖြစ်ကြပါသည်။
ကျန်ရစ်ခဲ့သော ကြိုးကြာငှက်တို့အတွက် ကြေကွဲရသည့် ကျွန်တော့်ကို chorus ပိုဒ်ဖြင့် ပုတ်နှိုး သတိပေးပါသည်။
'ဆုံးဖြတ်ချက် တခုကျမယ့်
အရှုံးနဲ့ အောင်မြင်ခြင်းဟာ
ရှိသင့်တဲ့ အားနဲ့မာန်.... ဟန်နိုင်မှ'
ဒရမ်ချက် (Drum beat) ပြောင်းသွားသည်။ 'ဆုံးဖြတ်ချက်တခုကျမယ့်' နှင့် 'ရှိသင့်တဲ့အားနဲ့ မာန်' တို့သည် စကားလုံး အရေအတွက်ချင်း မတူကြပါ။ (တခုက ခုနှစ်လုံး၊ တခုက ခြောက်လုံး) သို့သော် အချက်ချင်း အတူတူ ဖြစ်သည်။ ခြောက်ခါ။
ထိုခြောက်ခါ၊ ခြောက်နေရာစလုံးမှာ ဒရမ်က ခြောက်ချက်တိုင်တိုင် ၀င်ပေးသည်။ ဂီတဗေဒ အရ ဒါကို ဘာခေါ်သလဲ ကျွန်တော်မသိပါ။ စကားလုံးတိုင်းမှာ ဒရမ်တချက်ဖြင့် ခြောက်လုံးခြောက်ခါ ခြောက်နေရာစလုံး 'ထပ်' ပေးလိုက်ခြင်းသည် သောတ အာရုံမှ သောကဒယကို နိုးနိုးကြားကြား ဖြစ်အောင် လှုံ့  ဆော်ရာရောက်သည်။ ခံစားမှုအားဖြင့်ဆိုလျင် ကျန်ရစ်ခဲ့သော ကြိုးကြာတို့အတွက် ကြေကွဲမှုသည် လျော့ပါးသက်သာသွားကာ တက်ကြွသော ဝေဒနာဖြင့်သို့ ကူးပြောင်းသွားလေသည်။
Chorus အပိုဒ် အဆုံးတွင် 'ဟန်နိုင်မှ' သည် အင်အားကြီးသော အရှိန်တခုကို ထုတ်လွှင့်ပေး လိုက်သည်။ 'မှ' တွင် အသံ တက်ထားသည်။ ပြန်မချ။ Bb7 အသံ အတိုင်းထားသည်။ တချိန်လုံး ချိုမြအေးဆေးစွာ သီဆိုခဲ့သော ခင်မောင်တိုးသည်လည်း 'ဟန်နိုင်မှ' တွင်၊ အသံပေါက်ရော၊ လေပါ အားထည့် လိုက်သည်။
ဒီအချိန်မှာ ကြိုးကြာငှက်တို့ကလည်း ရိုးမ၏ အမြင့်ဆုံးကို ဖြတ်ကျော်နေကြပြီ။
xxxx xxxx xxxx xxxx
'ရိုးမပေါ် ဖြတ်ကျော်လွှားချိန်
စီးလမ်းလေကြောင်းလွှာထဲ
ချဉ်းနင်း ၀င်ရောက်လာ ပြီးရင်
အားစိုက် မျှောလိုက်နဲ့
မိုင်ထောင်ချီ ပြန်(ပျံ)နေပြီ'
တတိယအပိုဒ်သည်လည်း ပထမ၊ ဒုတိယပိုဒ်များနှင့် သံစဉ်တူပင် ဖြစ်သည်။ သို့သော် အရသာချင်း မတူတော့ပါ။ စာသား အပြောင်းအလဲကြောင့် ဖြစ်မည်။ Chorus အပိုဒ်ခုခံပြီးတာကြောင့် လည်းဖြစ်မည်။
'ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်.........'
ဤ အချပိုဒ်ပြီးလျှင် 'ဆုံးဖြတ်ချက်တခုကျမယ့်' အဆိုပြန်ဝင်ပြီး အတီးပိုဒ်ဝင်သည်။ တီးပိုဒ်က အဆိုစာသားပိုဒ် သံစဉ်အတိုင်း လိုက်လျောသော တီးပိုဒ် မဟုတ်ပါ။ တေးရေး ကိုမောင်မောင် အနေဖြင့် ဤနေရာမှာ တီးပိုဒ်ကို ဘယ်လို ရည်ရွယ်ချက်နှင့် ထည့်သလဲတော့ ကျွန်တော် မသိနိုင်ပါ။ သို့သော် ကျွန်တော့် အဖို့မူ အလွန်အဆင်ပြေသော တီးပိုဒ် နေရာချထားမှုဟု မြင်သည်။
'ရှိသင့်သော အားမာန်' တို့နှင့် ဟန်ချက်ညီအောင် ထိမ်းသိမ်းထားရင်း၊ ကြိုးကြာတို့ ဆက်ပျံ နေကြသည့် ခရီးကာလ အပိုင်းအခြားတခုကို တီးပိုဒ်က နိမိတ်ဆောင်ပြသည်ဟု ကျွန်တော် ခံစား ရသည်။
တီးပိုဒ်ပြီးတော့ တတိယပိုဒ် 'ရိုးမအပေါ် ဖြတ်ကျော်လွှားချိန်' ပြန်ဆိုသည်။ အဆိုထဲမှာ တယောသံ(?) က လူးလှိမ့်၍ ၀င်သည်။ ထို့နောက် ' ဆုံးဖြတ်ချက်တခု ကျမယ့်' ကိုးရပ်စ် ဆက်ဆို သည်။ 'ဟန်နိုင်မှ' စာသားကို အဆိုဖြင့် တင်ထားခဲ့သည်။ အီးဖလက်၊ စီမိုင်နာ၊ ဘီဖလက်၊ စီမိုင်နာ ကော့ဒ်များဖြင့် ဖွဲ့စည်းသော အတီးသံက တစတစ မှိန်ပျောက်(Fade Out) ဖြင့် ဆုံးသွားသည်။
ကြိုးကြာတို့ ရိုးမပေါ် ဖြတ်ကျော်သွားကြပြီ။ ဟိုး..... မိုးကုပ်စက်ဝိုင်းဆီတွင် တစတစ ဝေးသွားသော ကြိုးကြာတို့ကို ကျွန်တော် မျက်စိတဆုံး မြင်နေရသည်။ အဖြူရောင် ကောင်းကင်ကြီး တဖြည်းဖြည်း သေးငယ်သွားသည်။ သူတို့ ဆက်ပျံသွားကြပြီ။
xxxx xxxx xxxx xxxx
ဆောင်းခိုငှက်တို့သည် မိုင် ၂၀၀၀ ထက် မနည်းသော ခရီးကို သမုဒ္ဒရာဖြတ်၍ ပျံသန်းကြကြောင်း၊ လမ်းခရီးတလျှောက် ရပ်နားစရာ ကျွန်းလုံးဝ မရှိသဖြင့် (ကုန်းမြေတောင်တန်းကို ဖြတ်သန်းရာမှာလည်း သစ်ပင်တောအုပ်များ၌ နားလေ့မရှိ) မရပ်မနား ပျံသန်းကြကြောင်း ဖတ်ဖူး၏။ အာတိတ် စင်ရော်ငှက်မျိုးဆိုလျင် ဆောင်းရာသီ ရောက်လုနီးလာသည့်အခါ သူ၏ ပေါက်ဖွားရာ မြောက်ဝင်ရိုးစွန်းဒေသမှ မိုင်ပေါင်း တသောင်းကျော် ဝေးသော တောင်ဘက် ၀င်ရိုးစွန်းဒေသသို့ ခရီးထွက်ကာ ဆောင်းရာသီ ကုန်ဆုံးတော့မှ မြောက်ဝင်ရိုးစွန်းသို့ ပြန်သည်ဟု ဆိုသည်။
တေးရေး ကိုမောင်မောင်နှင့် သီဆိုသူ ကိုခင်မောင်တိုး တို့သည် ငှက်တို့၏ ဤသဘာဝမှ ကြိုးကြာငှက်၏ ပျံသန်းခြင်းကို ယူကာ ရေးဖွဲ့သီဆို သွားကြသည်။ ကြိုးကြာသံဆိုလျှင် သာယာသော အသံဟု စွဲမှတ်ထားလေ့ရှိကြသည့် ကျွန်တော်တို့အတွက် ကိုမောင်မောင်နှင့် ကိုခင်မောင်တိုးတို့ ပေးပို့လိုက်သော ကြိုးကြာသံကား လှပနက်ရှိုင်းမှု အတိ ရှိနေတော့သည်။
တေးရေးတေးဆို အနုပညာသမားတို့၏ အာရုံကျက်စားမှုနှင့် တဆင့်ပြန်လည် တင်ပြပေးမှုကို ကျွန်တော် လေးစားစွာဖြင့် ကျေးဇူးတင်စကား ဆိုရပါသည်။ 'ကြိုးကြာသံ' သီချင်းသည် နှစ်ခါ သုံးခါ ကြားရုံမှုဖြင့် နားစွဲလွယ်၊ လိုက်ဆိုလွယ်သော သံစဉ်ဖွဲ့စည်းမှု ဖြစ်သည်။ ကိုးရပ်စ်ပိုဒ်နှင့်ပေါင်းပါမှ သံစဉ် နှစ်မျိုးပဲ ရှိသည်။ ဤသို့ ရှင်းလင်းလွယ်ကူခြင်းသည်ပင် ကြိုးကြာသံ၏ လှပသော(ပြည့်စုံသော) အနုပညာ တန်ဆာဆင်မှု ဖြစ်လာသည်။ ရှင်းလင်း လွယ်ကူသော သံစဉ်နှင့် အတူ ရှင်းလင်း လွယ်ကူ သော စာသား(စကားလုံး) များဖြင့် ဖွဲ့စည်းထားသည်။ ဤသည်ပင်လျှင် အကြောင်းအရာနှင့် အာဘော်တို့၏ ကြီးကျယ် လေးနက်မှုကို ကြီးစွာသော အထောက်အပံ့ ဖြစ်စေသည်ဟု ကျွန်တော် ထင်သည်။
ရိုးစင်း ရှင်းလင်းလွယ်ကူမှု၊ မလိုအပ်ပဲ တန်ဆာ ချဲ့ထွင် မွမ်းမံခြင်းမပြုမှုတို့ကို ရေးဖွဲ့သူရော၊ သီဆိုသူပါ ကောင်းစွာ နားလည်ကြပါပေသည်။ ကိုခင်မောင်တိုး သည်လည်း ကြိုးကြာသံသီချင်းတွင် သမားဂုဏ်ပြသည့် အရှိုက်အဟက် အတွဲ့အငင် များဖြင့် ဆော့ကစား မသွားပါ။ သူ၏ အေးဆေး ချိုမြသော အသံဖြင့် ရိုးရိုးလေး ဆိုသွားသည်။ ကြေကွဲပြခြင်း၊ ကြုံးဝါးပြခြင်း စသည်များမလုပ်။
ရေးဖွဲ့သူ၊ သီဆိုသူ၊ တီးခတ်သူ အားလုံးပင် သူတို့၏ ကြိုးကြာသံထဲက 'ရှိသင့်တဲ့ အားနဲ့မာန်-ဟန်နိုင်မှ' အပိုဒ်နှင့်လိုက်လျောညီညွတ် ကြပါပေသည် ဟု လေးစားစွာ ကျေးဇူးတင်စကား ဆိုလိုက် ရပေသည်။
ခင်ဝမ်းနှင့် သူ၏ မုန်တိုင်းစင်ရော်
ထောင်ချီသော ကြိုးကြာငှက်တို့ ရိုးမကို ဖြတ်ကျော်နေကြချိန်မှာပင် သမုဒ္ဒရာလှိုင်းနှင့် မိုး မုန်တိုင်း လျှပ်စစ်တို့ အကြားမှ တကောင်တည်းသော ငှက်ကလေးကို တွေ့ရပြန်သည်။ ခင်ဝမ်း၏ 'မုန်တိုင်းစင်ရော်'
'သာယာတဲ့ လေညှင်း အေးချမ်းစွာ လေဟုန်စီးပြီး ပျော်မြူးကာ'
ဂိုးဂိုး (GoGo) ရိုက်ချက်နှင့် Key F ထဲမှာ ခင်ဝမ်း၏ ရှင်းသော၊ ပီသသော အသံ စ,ပေါ် လာသည်။ F Key သည် မြန်မာ ၅ ပေါက်သံနှင့် နီးစပ်ပြီး၊ အသံချိုသည်ဟု ကျွန်တော်ထင်သည်။ ခင်ဝမ်း၏ ကျော်ကြားသော 'ပြည်မှာဆောင်း' မှာလည်း F ဖြင့်ပင် ဆိုထားကြောင်း ကျွန်တော် သတိထားမိသည်။ [အဆိုတော်တယောက်သည် အနည်းဆုံး ကီး ၄ မျိုးလောက် ဆိုနိုင်သည်ဟု ကြားဖူး၏။ ကီးစုံဆိုနိုင်သူ အတော်ရှားကြောင်း၊ Any Key ဆိုနိုင်သူ ဟူ၍ မိမိနှင့်တင်တင်မြ သာရှိသည် ထင်ကြောင်းဖြင့် ဦးဝင်းဦး တခါပြောဖူးသည်ကိုလည်း သတိရမိသည်။ ကီးစုံ ဆိုနိုင်ခြင်းမှာ အသံအိုး၊ အသံအား (ပါရမီပဲထားလိုက်ပါတော့) ဖြင့်ဆိုင်ပြီး၊ ချီးကျူးအားကျဖွယ် ဖြစ်သော်လည်း အနုပညာ စွမ်းရည်တခုလို့တော့ မဆိုနိုင်ဟု ထင်ပါသည်။ အနုပညာ စွမ်းရည်ဆိုတာက မိမိ နိုင်သောကီးကို ဘယ်လောက် ဂုဏ်ရသမြောက် မမြောက် သီဆိုနိုင်သလဲ ဆိုသည့် အချက်ဖြင့်သာ ဆိုင်သည် ထင်၏။ စကားချပ်ဖြစ်ပါသည်။]
Key F သည် ခင်ဝမ်း၏ ရှင်းသော၊ ပြီသော၊ မြည်သော အသံနှင့် အလိုက်ဖက်ဆုံး Key ဖြစ်သည်ဟု ကျွန်တော်ထင်သည်။ 'မုန်တိုင်းစင်ရော်' ကို Key F ထားခြင်းမှာ ခင်ဝမ်း တမင်တကာ ရွေးချယ်ထားမှု ဖြစ်သည်ဆိုလျှင် ထိုရွေးချယ်မှု မှန်သည်ဟု သောတရှင်တယောက် အနေနှင့် ပြောပါရစေ။
သာယာတဲ့ လေညှင်း အေးချမ်းစွာ လေဟုန်စီးပြီး ပျော်မြူးကာ နှစ်ကြောင်းနှင့်ပင် အတိုချုပ် ခင်းကျင်းလိုက်ပြီးနောက် သီချင်း၏ လိုရင်း(၀တ္ထုသွားအရ ဆိုလျင် Plot) အဆင့်သို့ ဆွဲခေါ်သွား လိုက်၏။
'ဘ၀အလှည့် အဆင်မသင့် ငှက်စင်ရော်မှာ ရုတ်တရက် မုန်တိုင်းကျရောက်လာ'
မုန်တိုင်းကို ပြမည့် ချောက်ချား ထိတ်လန့်ဖွယ် ဂီတသံတွေများ လာမည်လားဟု နားထောင် နေရင်း ကျွန်တော်တွေးလိုက်မိသည်။ ဒရမ်ရိုက်ချက် (မွှေချက်) အနည်းငယ်သာ (နှစ်ဘားလောက်ပဲ ရှိမည်ထင်၏) ထွက်ပေါ်လာသည်။ သမရိုးကျ အတွေးဖြင့် မျှော်လင့်ထားသော ကိုယ့်ကိုယ်ကို ပြုံးမိပါ သည်။ ခင်ဝမ်းက မုန်တိုင်းကို ပြောချင်တာမဟုတ်။ စင်ရော်....မုန်တိုင်းစင်ရော် ကိုပဲ ပြောချင်တာ ဖြစ်၏။ လှပ ပိယိသော အကူးအပြောင်းလေးပေပဲ။
'မိုးမှောင်မဲမဲ လျှပ်ပြက်လာ
အညှာအတာ ကင်းမဲ့ အားငယ်စရာ
တကိုယ်တည်း ဖော်ဝေး ကမ်းမမြင်သာ
ပျံသန်းရင်း လေပြင်း ကျော်ဖြတ်ရှာ'
ဤ ဒုတိယပိုဒ်သည်လည်း နောက်ထပ် အခင်းအကျင်း အသစ်ကို ပြသော အပိုဒ်သာ ဖြစ်ပါသေးသည်။ Climax အထွတ်သို့ ခေါ်နေတုန်းပဲ ဖြစ်သည်။ ခင်ဝမ်း၏ ဆိုသံမှာတော့ ကရုဏာသံပါလာပြီး 'အညှာအတာကင်းမဲ့' 'အားငယ်စရာ' 'တကိုယ်တည်း' 'ဖော်ဝေး' 'ကျော်ဖြတ်ရှာ' စသော စကားလုံးများကလည်း မုန်တိုင်းထဲမှ စင်ရော်လေးတကောင်အတွက် သနားဖွယ် အညွှန်းများ သာ ဖြစ်ကြပေသည်။
xxxx xxxx xxxx xxxx
'မျှော်လင့်ချက် အနာဂတ် တနေရာ
အေးချမ်းတဲ့ ဘ၀ရောက်ရမှာ
တည်ငြိမ်တဲ့ အသိတရား ရင်ထဲ
တည်ဆောက်ကာ
အားငယ်နေလဲ
အားငယ်နေဆဲ........'
မုန်တိုင်းမိသော စင်ရော်တကောင်၏ မျှော်လင့်ချက်မှာ ကာလအားဖြင့်၎င်း၊ ဒေသအားဖြင့်၎င်း၊ မုန်တိုင်းမှ လွတ်မြောက်ရေး ပင်ဖြစ်၏။ စိမ်းစိုသောကမ်း၊ ကျွန်းသာယာ၊ အစာရေစာပေါသော သောင်ပြင် စသည် မဟုတ်ပါ။ သူကျရောက်နေသော မုန်တိုင်းထဲမှ လွတ်ရေး။ ဒါသည်ပင်၊ သူ၏ပစ္စုပ္ပန်၊ အနာဂါတ်။ ငါလွတ်မြောက်ရမယ်။ ဤ အသိတရားကိုပင် သူသည် တည်ငြိမ်စွာ တည်ဆောက်ယူ လိုက်၏။ သူ့ အတောင်ပံ၊ သူ့အမြီးတို့ မိုးမုန်တိုင်းနှင့် လျှပ်စီးအောက်ဝယ် ဖရိုဖရဲ လွင့်စင်နေမည်။ သို့သော် သူ့ရင်ထဲမှာ တစုံတရာကိုတော့ တည်ငြိမ်စွာ သူ ထိမ်းသိမ်းတည်ဆောက်ထားသည်။ ရင်ထဲမှာ ဖရိုဖရဲ မဖြစ်။ အသိတရား ကစဥ့်ကလျား မဖြစ်။ ငါ လွတ်မြောက်ရမယ်။
'အားငယ်နေလဲ' နှင့် 'အားငယ်နေဆဲ' ကို ခင်ဝမ်းဆိုသံအပြင် နောက်က ထပ်နင်းဆိုသံတခုဖြင့် ဖြည့်ဆက်ပေးထားပုံမှာ နှစ်လိုဖွယ် ကောင်းလှပါသည်။ ထိုအသံသည် စင်ရော်၏ ဒုတိယအသံလည်း ဖြစ်သည်။ တည်ငြိမ်သော အသိတရား၏ အသံလည်း ဖြစ်သည်။
'အံကိုသူခဲကာ
ပျံဝဲ ပျံနေဆဲပါ'
'ပျံဝဲ ပျံနေဆဲပါ' တွင် မိတ်ဖက် အသံတသံ (2nd လား 3rd အသံလား ကျွန်တော်မသိပါ) ဖြင့် တချိန်တည်း ၀င်လာပေးပုံမှာလည်း လှပ၏။ ဤသို့ ၀င်ပေးလိုက်ခြင်းကြောင့် မုန်တိုင်းစင်ရော်၏ တရစပ် မနားသော တောင်ပံမှ စဉ်ဆက်မပြတ်သော အတောင်ပံ အရိပ်ပွါးများကို ကျွန်တော် မြင်လာရသည်။ အများအခေါ် Choir လိုက်ပေးသည်ဟု ဆိုကြမလား မသိပါ။ သို့ဆိုလျှင် ဤ 'ပျံဝဲနေဆဲပါ' ၌ လိုက်ပေးပုံသည် တကယ်ကို လိုအပ်စွာ ကွက်တိဝင်ခြင်းဟု ဆိုချင်ပါသည်။
'မုန်တိုင်းစင်ရော်လေးရယ်' မှာလည်း ထို့အတူ ဖြစ်၏။ ထို့နောက် အတီးပိုဒ် ၀င်လာသည်။ စင်ရော်လေး ပျံနေပုံကို ပြသော အတီးပိုဒ်ပင် ဖြစ်ပါလိမ့်မည်။ သီချင်းစာအုပ်ဖြင့် လိုက်မကြည့်ပဲ ဒီအတိုင်း နားထောင်ပါက ဤ အတီးပိုဒ်အဆုံးမှာ သီချင်းပြီးပဲ သွားမလား သို့မဟုတ် မုန်တိုင်းမှ လွတ်မြောက်ခြင်းဆိုင်ရာ အပိုဒ်သစ် ထပ်လာဦးမလားဟု မျှော်လင့်ချင်စရာ။
သို့သော် ခင်ဝမ်းသည် အကွက်ချ ဇာတ်လမ်းတပုဒ်လို မဖန်တီးပါ။ သူ၏ မုန်တိုင်းစင်ရော်ကို မုန်တိုင်းစင်ရော် အဖြစ်သာ သူဆိုပြပါသည်။
'ပျံနေဆဲ ရှာဆဲ အေးချမ်းရာ'
မုန်တိုင်းစင်ရော် ပျံနေဆဲပင်။ 'မမျှတတဲ့ ဘ၀ရဲ့ ကံကြမ္မာ'။ ဤ စကားနှစ်ခုကြားမှာ Lead Guitar က ခု၍ ဆက်ပေးသည်။
'လမ်းလျှောက်ရှာတဲ့ ငှက်စင်ရော်မှာ မုန်တိုင်းဒဏ်ချက် လူးလိမ့်ကာ'
မုန်တိုင်းကိုလည်းကောင်း၊ စင်ရော်ကိုလည်းကောင်း၊ ပျံသန်းမှုကိုလည်းကောင်း၊ ခင်ဝမ်း ဆက်ဆိုနေပါသည်။ လွတ်မြောက်ပြီဟု သူဇာတ်သိမ်းမပေးပါ။ မုန်တိုင်းစင်ရော်၏ ပျံသန်းမှုကို ဆက်ကာ ဆက်ကာ ပြသနေသည်က 'မျှော်လင့်ချက်တနေရာ' အပိုဒ်တပိုဒ်လုံးကို ပြန်ကောက် ထပ်ဆိုလိုက်ခြင်းပင် ဖြစ်သည်။
မုန်တိုင်းစင်ရော်လေး၊ မုန်တိုင်းစင်ရော်လေး.......မုန်တိုင်းစင်ရော်လေး......Lead Guitat ၏ Effect ကြိုးသံဖြင့် အသံတဖြေးဖြေး မှိန်သွားပါသည်။ သောတအာရုံ အားဖြင့်တော့ သီချင်းသံ၊ ဂီတသံ စဲကာစဲကာ တိုးတိမ် ပျောက်ကွယ်သွားပြီ။ သို့သော်-
မုန်တိုင်း၏ စင်ရော်လေး ဆက်ပျံနေသည်ကိုကား ရင်ထဲမှာ အတိုင်းသား မြင်နေ ကြားနေ ရသည်။ သူ့ကို ကရုဏာ သက်နေရင်းကပင် သူ့အပေါ် ယုံကြည်နေပြန်သည်။ ဘာကြောင့်လဲဆိုတော့ ခင်ဝမ်း တပတ်ကျော့ဆိုသော
'မျှော်လင့်ချက် အနာဂတ် တနေရာ၊ အေးချမ်းတဲ့ ဘ၀ရောက်ရမှာ၊ တည်ငြိမ်တဲ့ အသိတရား ရင်ထဲ တည်ဆောက်ကာ' အပိုဒ်ကြောင့် ဖြစ်သည်။
မုန်တိုင်းစင်ရော်လေး......
xxxx xxxx xxxx xxxx
ယောနသံ စင်ရော်ကို သတိရမိပါသည်။
'လေသည် သူ၏ ဦးခေါင်းအား ဘီလူးသဘက်သဖွယ် မြည်ဟည်း တိုက်ခတ်၏။ တနာရီလျှင် မိုင် ၇၀၊ မိုင် ၉၀၊ မိုင် ၁၂၀၊ ထို့ထက်ထို့ထက် မြန်သောနှုန်းဖြင့် တဟုန်တည်း ထိုးဆင်းနေလေ၏။ ယခု တနာရီလျှင် မိုင် ၁၄၀ နှုန်းတွင် ယခင်က မိုင် ၇၀ နှုန်းမှာကဲ့သို့ အတောင်များကို ထိမ်းရသည်မှာ မခက်လှ'
ယောနသံသည် တနာရီလျှင် ၂၁၄ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူအားရမဆုံး ဖြစ်ခဲ့၏။ လေ့ကျင့်ရာ စခန်းသို့ သွားကာ ပေ ၈၀၀၀ အမြင့် ဝေဟင်သို့ တက်လျှင်၊ အောက်သို့ စိုက်ထိုးဆင်းရန် လှည့်နည်း၊ တိမ်းနည်း၊ ၀ိုက်နည်းများကို လေ့ကျင့်သည်ဟု ဆိုပါသည်။
'ဘ၀ဆိုတာ အသက်ရှင်နေနိုင်အောင်သာ လုပ်ဖို့ မဟုတ်သေး၊ တခြားတတ်စရာတွေလည်း အများကြီး ရှိသေးတယ်ဆိုတာ သင်းတို့ သိကြမှာပဲ၊ တို့တတွေဟာ ကိုယ့်ကိုယ်ကို မသိမှု အမှောင်ကြီး ထဲက ဆွဲပင့် မ,တင်နိုင်သားပဲ' ဟု ယောနသံက ကြွေးကြော်၏။
ယောနသံ၏ ၀ိမုတ္တိ အယူအဆနှင့် လေ့ကျင့်မှုကို ကျွန်တော် ဂုဏ်ပြုပါသည်။ ဒါပေမယ့် ခင်ဝမ်း၏ မုန်တိုင်းစင်ရော်လေးကို ကျွန်တော် ပိုမို လေးစားချစ်ခင်နေသည်။
ဘာကြောင့်လည်းဆိုတော့ သူက မုန်တိုင်းစင်ရော်ဖြစ်နေလို့ပင်။
ချစ်ဦးညို
သင့်ဘ၀မဂ္ဂဇင်း၊ အမှတ် (၃)၊ ၁၉၉၇။

No comments:
Post a Comment