Thursday, January 7, 2010
သိမ်မွေ့တာက မြန်မာ့ယဉ်ကျေးမွှု
ရေးသူ- လူထုစိန်ဝင်း
[၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလထုတ် ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်]
စာနယ်ဇင်းဆိုတာ တိုင်းပြည်ရဲ့ "ကင်းစောင့်" ဖြစ်တယ်လို့ မကြာခဏ ရေးခဲ့ဖူးတယ်။ ကင်းသမားကောင်း က အမြဲနိုးကြားတက်ကြွပြီး သူခိုးသူဝှက်တွေကို စောင့်ကြည့်ပေးတယ်။ မီးဘေးအန္တရာယ် ကင်းဝေးဖို့လည်း ဂရုစိုက်တယ်။ အရေးကြုံရင် သံချောင်းခေါက်ပြီး လူတွေကို သတိပေးတယ်။ ကင်းစောင့်ကောင်းကောင်းရှိရင် လူတိုင်း လူတိုင်း အပူပင် အကြောင့်ကြကင်းစွာနဲ့ စိတ်ချလက်ချ အိပ်စက်နိုင်ကြတယ်။
လင်းယုန်မျက်စိ
သတင်းစာတို့၊ ဂျာနယ်တို့ မဂ္ဂဇင်းတို့ ဆိုတာလည်း လင်းယုန်မျက်စိနဲ့ လူ့အဖွဲ့အစည်းတခုလုံးကို အမြဲမပြတ် စောင့်ကြပ် ကြည့်ရှုပေးတဲ့ တာဝန်ယူရတယ်။ အိမ်တွင်းကမီး၊ တို့မီး ရှို့မီးတို့ကို စောင့်ကြည့်သလို သူခိုးသူဝှက် မကပ်အောင်လည်း ဂရုစိုက်ရတယ်။ တခြားရွာက ခြံစည်းရိုးကျော်ဝင်ပြီး ဓါးပြတိုက်လာမှာကိုလည်း အမြဲ သတိထား နေရတယ်။ အန္တရာယ်ကို မြင်ရင် ကြိုတင်သတိပေး နှိုးဆော်ရတယ်။ သူခိုးသူဝှက်ရန် ကာကွယ်ဖို့၊ ဓါးပြရန်ကို ခုခံဖို့၊ မီးဘေးရှောင် မလောင်ခင်တားဖို့ လူတိုင်းမှာ တာဝန်ရှိတာ မှန်ပေမယ့် လူတိုင်းကင်းစောင့် နိုင်ကြတာ မဟုတ်ဘူး။ အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီ ရှိနေကြတယ်။ ဒါကြောင့် ကင်းစောင့် သပ်သပ် ထားရတယ်။ ကင်းစောင့်က ကင်းစောင့်ဖို့ပဲ တာဝန်ယူထားတာ ဖြစ်လို့၊ သူ့အလုပ်သူ ပိုနားလည်တယ်။ ပိုကျွမ်းကျင်တယ်။
ဘိုးဘိုးအောင်လို သဘောထားကြတာ
စာနယ်ဇင်းသမားဆိုတဲ့ ကင်းစောင့်ကလည်း ရပ်ကွက်ကင်းသမားလိုပဲ အမြဲတမ်း နိုးကြားတက်ကြွပြီး အမြဲတမ်း သတိရှိနေရတယ်။ သူခိုးသူဝှက်ရန်၊ ဓါးပြရန်ကို အမြဲစောင့်ကြည့် သတိပေးနေတာ ဖြစ်တဲ့အတွက် စာနယ်ဇင်းကောင်း များများရှိတဲ့ နိုင်ငံဟာ ငြိမ်းချမ်းသာယာပြီး စိတ်ယဉ်မှု အဆင့်မြင့်တယ်။ တိုင်းပြည်နဲ့ လူမျိုးကို ယဉ်ကျေးမှု အထက်တန်း ကျစေချင်သူမှန်သမျှ စာနယ်ဇင်းကောင်းတွေ များများ ပေါ်ထွက်လာအောင် အားပေးကြရတယ်။ စာနယ်ဇင်းကောင်းတွေရှိမှ စာနယ်ဇင်းသမားကောင်းလေးတွေ မွေးထုတ်နိုင်မှာ ဖြစ်တယ်။ စာနယ်ဇင်းသမားကောင်းဆိုရင် လူတွေက ယုံကြည်ကြတယ်။ အားကိုးကြတယ်။ တချို့များဆို "ဘိုးဘိုးအောင်" လောက်ကို သဘောထားပြီး အားကိုးအားထား ပြုကြတာ။ စာနယ်ဇင်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာသူများ ဆိုရင်လည်း စာဖတ်ပရိသတ်က မသိခင်သာ အဟုတ်ထင်ကြတာ။ ခြထွက်လို့ တောင်ဘို့မှန်း သိပြီ ဆိုတာနဲ့ တပြိုင်နက်တည်း ဆေးဖော်ကြောဖက်တောင် လုပ်ကြတော့တာ မဟုတ်ဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးပီမိုးနင်း၊ ဆရာကြီးရွှေဥဒေါင်းတို့လို ပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင်ပါဝင် လုပ်ကိုင်ခဲ့ကြတဲ့အတွက် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သူရိယသတင်းစာကြီးဟာ ဂဠုန်ဦးစောက လက်ကိုင်ဒုတ်အဖြစ် အသုံးချခဲ့တာကြောင့် အဖတ်ဆည်မရအောင်ဖြစ်ပြီး နောက်ဆုံး တိုက်ပိတ်သွားခဲ့ရတာကို ကောင်းကောင်း သင်ခန်းစာ ယူသင့်တယ်။
မျက်စိမွဲတဲ့ လင်းယုန်ကြီး
ဘာလိုလိုနဲ့ ကင်းစောင့်အလုပ် လုပ်ခဲ့တာတောင် နှစ်ပေါင်းငါးဆယ်လောက် ရှိနေပြီ။ အင်မတန် စူးရှ ထက်မြက်ခဲ့ဖူးတဲ့ လင်းယုန်မျက်စိတောင် အခုတော့ မှုန်သီေ၀၀ါး ဖြစ်နေပြီ။ ချွန်မြနေတဲ့ လက်သည်းတွေလည်း တုံးကြလှပြီ။ ထိုးဖို့ ဆိတ်ဖို့ အမြဲတမ်း အဆင်သင့် ရှိနေတဲ့ နှုတ်သီးချွန်ချွန်ဟာလည်း အခုတော့ နှုတ်သီး ကောက်ကောက် ဖြစ်နေပြီ။ ထိုးဖို့ဆိတ်ဖို့ဆိုတာဝေးလို့ ကိုယ့်လာထိုး ဆိတ်ဆွတာကိုတောင် ခုခံ ကာကွယ်နိုင်စွမ်း ရှိတော့တာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် လူတွေက "ကင်းသမားကြီး" ကို အရင်လိုပဲ ထင်မှတ်နေကြသေးတယ်။ အားကိုးအားထားပြုချင်ကြသေးတယ်။ တနေ့က တပည့်ကျောင်းသူဟောင်းတယောက် ရောက်လာပြီး အကူအညီ တောင်းသေးတယ်။ ညဘက် မိသားစုစုံညီ ရုပ်သံစက်ရှေ့ ထိုင်ကြတဲ့အခါမှာ တယောက်မျက်နှာတယောက် မော့မကြည့်ရဲလောက်အောင်ကို အတင့်ရဲလွန်းတဲ့ ကြော်ငြာတွေအကြောင်း ရေးပါဦးလို့ မေတ္တာရပ်ပါတယ်။
သိမ်မွေ့မှုနဲ့ ယဉ်ကျေးမှု
မြန်မာ့လူ့အဖွဲ့အစည်းနဲ့ မြန်မာ့ယဉ်ကျေးမှုက လောကတံထွာ ဓမ္မတာတရားကို ပိတ်ပင်တားဆီး ချုပ်ချယ်မှု မပြုပေမယ့် သိုသိုသိပ်သိပ်နဲ့ သိမ်သိမ်မွေ့မွေ့ ပြုမူဆောင်ရွက်တာကိုမှ ယဉ်ကျေးမှုလို့ သတ်မှတ်ပါတယ်။ နေရာတကာ ပွင့်လင်းတာမျိုးကို လက်မခံပါဘူး။ ဘယ်သူ့ ယဉ်ကျေးမှုက ပိုကောင်းသလဲ ဆိုတာ သိချင်ရင် စောစောက ပြောခဲ့တဲ့ လင်ကွာမယားကွာမှုနဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု ဘယ်သူက ပိုများသလဲဆိုတာ ကြည့်လိုက်ရုံပါပဲ။ ဖိုမ ကိစ္စဆိုတာ ဖိုမနှစ်ဦးရဲ့ ကိစ္စသာဖြစ်တယ်။ နှစ်ဦးသဘောတူရင် ပြီးတာပဲလို့ သဘောထားတဲ့ အနောက်လူ့အဖွဲ့အစည်းတွေမှာတောင် အခုတော့ HIV ကြောင့် အိမ်ထောင်ဖက်အပေါ် သစ္စာရှိဖို့တို့ ဘာတို့ လှုံ့ဆော်မှုတွေ လုပ်လာကြရပြီ မဟုတ်လား။ ကျန်းမာရေး ပညာပေးပဲဆိုပြီး မောင်နဲ့နှမ သားနဲ့အမိ အတူတူကြည့်ဖို့ မသင့်တော်တာမျိုးတွေ ပြဖို့မသင့်ပါဘူး။ AIDS တံဆိပ် ခပ်နှိပ်ထားတာဟာ ရေးချင်တာရေးခွင့် ပြချင်တာပြခွင့် လိုင်စင်မဟုတ်ပါဘူး။ အနောက်လူ့အဖွဲ့အစည်းအတွက် ကောင်းတယ်ဆိုတိုင်း မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကောင်းချင်မှ ကောင်းမှာပါ။ ဒါကို မီဒီယာသမားတွေရော၊ ပညာပေးသမားတွေပါ သတိထားကြဖို့ လိုပါတယ်။
လက်ရှက်လို့
"တညမှာ တီဗွီကြည့်နေရင်း ဖေဖေ့ ရင်ခွင်ထဲ ၀င်ထိုင်နေတဲ့ ကျွန်မသမီး သုံးနှစ်အရွယ်က တီဗွီကြော်ငြာ လက်ညှိုးထိုးပြပြီး ဘိုးဘိုး အဲဒါဝယ်ပေး၊ အဲဒါဝယ်ပေးနဲ့ ဇွတ်နားပူနေလို့ တအိမ်သားလုံး ဦးနှောက်ခြောက်ကုန်ကြတယ် ဆရာရဲ့" အမျိုးသမီးသုံး သန့်စင်ဆေးရည်ဆိုတော့ သမီးလေးက ဇွတ်ပူဆာတာကို အဘိုးဖြစ်သူကလည်း ဘာပြောရမှန်းမသိပဲ ကြောင်တောင်တောင်ဖြစ်နေရှာတယ်တဲ့။ ကျန်အိမ်သားတွေလည်း ပါးစပ်ဟောင်းလောင်းနဲ့ပေါ့လေ။ တပည့်မက ဆရာဝန်ပါ။ ဒါပေမယ့် သူလည်း အဖေနဲ့ အမေရှေ့၊ မောင်တွေညီမတွေရှေ့မှာ ဘာပြောရမှန်းမသိ ဖြစ်နေရပါသတဲ့။ "ကြော်ငြာထဲမှာ ပြောသွားတဲ့ စကားတွေ နားထောင်ရတာကိုက မျက်နှာပူစရာကြီးပါ ဆရာရယ်။ ကျွန်မပါးစပ်က ပြန်တောင်မပြောရဲ ပါဘူး" ဟုတ်မှာပါ။ သူပြန်ပြောရဲလည်း ရေးသူက "လက်ရှက်" လို့ ရေးရဲမယ် မထင်ပါဘူး။
ပုံတူကူးချလို့ မရဘူး
လွန်ခဲ့တဲ့ သုံးလေးနှစ်ကလည်း ခွန်အားတိုးဆေးတောင့် ကြော်ငြာတခုမှာ သရုပ်ဆောင်တဲ့ မင်းသားနဲ့ မင်းသမီး သရုပ်ဆောင်ပုံ လွန်ကဲပြီး မဖွယ်မရာ ပုံသဏ္ဍာန်ပေါက်နေတာကြောင့် ဝေဖန်မှုတွေ ပေါ်ထွက်လာတာ တွေ့ခဲ့ရပါတယ်။ နောက်တော့ အဲဒီကြော်ငြာအစား တခြားရိုက်ချက်နဲ့ အစားထိုး ပြုပြင်လိုက်တာ တွေ့ရလို့ ကျေးဇူးတင်မိသေးတယ်။ နောက်တခုက ကြော်ငြာမယ်လေးများရဲ့ ၀တ်စားဆင်ယင်ပုံများလည်းအတင့်ရဲသထက် ရဲလာနေကြပါတယ်။ တခါတလေများ မြန်မာမလေးတွေမှ ဟုတ်ရဲ့လားတောင် ထင်မိပါတယ်။ ပြီးတော့ "အဖော်" ဆိုတဲ့ ကြော်ငြာတွေကလည်း ရုပ်သံမီဒီယာနဲ့ မသင့်တော်ဘူးလို့ ထင်မိတယ်။ ရုပ်သံဆိုတာက အဘိုးအဘွား အဖေအမေက အစ၊ ကလေးငယ်တွေထိ အိမ်ရှိလူကုန် စုဝေးကြည့်ရှုကြတာလေ။ လေးငါးနှစ်အရွယ်ကလေးက "ဘိုးဘိုး အဖော်ဆိုတာ ဘာကြီးလဲ" လို့ မေးလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဖိုမ ကိစ္စဆိုတာ သဘာဝပဲ။ ရှက်စရာမဟုတ်ဘူး။ ပွင့်လင်းမှုရှိရမယ်ဆိုတဲ့ အနောက်နိုင်ငံက လူတွေရဲ့ စကားကို ပုံတူကူးချလို့ မဖြစ်ဘူးဆိုတာ သိထားသင့်တယ်။ သဘာဝနဲ့ ပွင့်လင်းလွတ်လပ်မှုကို ဦးစားပေးလွန်းတဲ့ သူတို့ အနောက်နိုင်ငံတွေမှာ လင်ကွာမယားကွာမှုတွေနဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေ အလွန်အမင်း များပြားနေမှုကြောင့် ခေါင်းခဲနေကြရတာလည်းသိကြဖို့ လိုပါတယ်။
အီလစ်တွေ အာတွေ့တဲ့စကား
ပညာပေးတာပဲ ဖြစ်ဖြစ်၊ ကြော်ငြာတာပဲဖြစ်ဖြစ်၊ စီးပွါးရေးလုပ်တာပဲဖြစ်ဖြစ်၊ စာနယ်ဇင်းနဲ့ မီဒီယာ လုပ်တာပဲဖြစ်ဖြစ် အားလုံးဟာ ပရိသတ်နဲ့ လုပ်ကြရတာ ဖြစ်တယ်။ အနောက်နိုင်ငံမှာလုပ်တော့ အနောက် ပရိသတ်၊ အရှေ့မှာလုပ်တော့ အရှေ့ပရိသတ်၊ မြန်မာနိုင်ငံမှာဆိုတော့ မြန်မာပရိသတ်ပေါ့။ မြန်မာပရိသတ်နဲ့ သင့်တော်အောင် မြန်မာအားလုံး လက်ခံနိုင်အောင်ဆိုရင် မြန်မာ့ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို မဆန့်ကျင်မိဖို့ လိုပါတယ်။ နိုင်ငံခြားကလာတဲ့ ကြော်ငြာစာရွက်တွေကို အရင်းအတိုင်း ဘာသာပြန်ပြီးဖော်ပြလို့ ဘယ်ဖြစ်မှာလဲ။ ပွင့်လင်းမှု လွန်ကဲရင် မြန်မာတို့က ရိုင်းတယ်လို့ သဘောထားပါတယ်။ လွန်လွန်မင်းမင်းကို ပွင့်လင်းရဲတင်းရင် တော့ စော်ကားတယ်လို့ သတ်မှတ်ပါတယ်။ ခုတလော မြို့ပေါ်က ရေပေါ်ဆီလူတန်းစား (အီလစ်)တွေ သိပ်အာတွေ့ နေကြတဲ့ (Transparency) ပွင့်လင်းမှု ဆိုတာကို သိပ်အဟုတ် ထင်မနေကြပါနဲ့။ အဲဒီ ပွင့်လင်းတဲ့ နိုင်ငံကြီးမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ လှမ်းကြည့်လိုက်စမ်းပါ။
ရုန့်ရင်း ကြမ်းတမ်းမှု
ပွင့်လင်းမှု သိပ်ကြွေးကြော်တဲ့ အနောက် လူ့အဖွဲ့အစည်းတွေမှာက ပွင့်လင်းမှု လွန်ကဲပြီး အနုပညာ တွေမှာတောင် ရုန့်ရင်းကြမ်းတမ်းမှုတွေ ဖုံးလွှမ်းလာတာ တွေ့ရတယ်။ အရှေ့တိုင်းသားတွေ မိန်းမအလှ ဖော်ကျူးတာကတော့ အ၀တ်အစား လုံလုံခြုံခြုံဝတ်ပြီး ဒူးကလေးညွတ်တာ၊ လက်ကလေးကွေးတာ၊ မျက်လုံးလေးချီတာ နှုတ်ခမ်းကလေး ပြုံးယောင်သန်းတာ စတာတွေနဲ့ ဖော်ကျူးကြတာ ဖြစ်တယ်။ ဘယ်ဟာက အနုပညာစစ်သလဲဆိုတာ တွေးဆကြည့်ကြပေတော့။ အရေးကြီးတာက ကိုယ်က မြန်မာပြည်မှာ နေတဲ့ မြန်မာလူမျိုးဖြစ်ပြီး မြန်မာလူမျိုးတွေ ဖတ်ဖို့၊ ကြည့်ဖို့၊ နားထောင်ဖို့ လုပ်နေကြတာဆိုတဲ့ အချက်ကို မမေ့ဖို့ဘဲ ဖြစ်တယ်။ သိမ်မွေ့တာကမှ မြန်မာ့ ယဉ်ကျေးမှုပါ။
လူထုစိန်ဝင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment