Wednesday, January 13, 2010

အမျိုးသားနိုင်ငံရေးသမားဘ၀ ဦးလှ (တတိယပိုင်း)
ရေးသူ- ညွန့်အောင် (ရေစကြို)

(၆)
ဦးလှတို့ ကျွန်တော်တို့ မန္တလေးကို ပြန်ရောက်ပြီးတဲ့နောက် မန္တလေးခရိုင် ဖဆပလ အလုပ်အမှုဆောင် အဖွဲ့မှာ အင်အားသစ်နှစ်ဦး တိုးလာတယ်။ မန္တလေးသူရိယဦးသန်းမောင်နဲ့ သခင်အေးမောင်ကြီး (အမ်အေဒေါ်အုန်း၏မောင်) တို့ ဖြစ်ကြပါတယ်။ ပြန်ရောက်ပြီးရယ်လို့ နားဖို့ စိတ်မကူးနိုင်ပါဘူး။ အလုပ် တာဝန်တွေက တန်းစီပြီး စောင့်နေကြတယ်။ မန္တလေးခရိုင်အတွင်း၊ မန္တလေးမြို့ လေးပြင်လေးရပ်၊ မတ္တရာ၊ ပုသိမ်ကြီး၊ မေမြို့၊ အမရပူရစတဲ့ မြို့တွေမှာ မြို့နယ် ဖဆပလအဖွဲ့တွေ ဖော်ထုတ်ဖို့၊ ဆိုင်ရာမြို့နယ်တွေ အသီးသီးမှာလည်း ဖဆပလအဖွဲ့ မဖွဲ့ရသေးတဲ့ ရွာလွတ်ရွာလပ် တရွာမှ မကျန်အောင်၊ စေ့ဆော်စည်းရုံးဖို့၊ ပြေးစရာ လွှားစရာ လုပ်စရာကိုင်စရာတွေ အမြောက်အမြား ရှိနေတယ်။ အောက်တိုဘာ နိုဝင်ဘာ နှစ်လလောက် မနေမနား လုပ်ရတယ်။ ဖဆပလ အဖွဲ့တွေ ဖော်ထုတ်ရုံတင်မကဘူး မြို့နယ်လုံးကျွတ် လူထုအစည်းအဝေးတွေပါ လုပ်ကြတယ်။ ဒီစည်းဝေးပွဲတွေမှာ နေသူရိန်အစည်းအဝေးကြီးရဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ပြန်ပြီး လှုံ့ဆော်ဆုံးဖြတ် ကြတယ်။




အဲဒါတွေ လုပ်လို့မှ အရှိန်မကုန်သေးဘူး ပြည်လုံးကျွတ် ဖဆပလ ညီလာခံကြီး ကျင်းပမယ်၊ မြို့နယ် ခရိုင်အလိုက် ညီလာခံကိုယ်စားလှယ်တွေ ရွေးချယ်ကြပြီး ၁၉၄၅ ခုနှစ် ဒီဇင်ဘာလကုန်မှာ ကိုယ်စားလှယ်တွေ ရန်ကုန်အရောက် လာကြရမယ်ဆိုတဲ့ ညွှန်ကြားချက် ရပြန်တော့ ဆက်တိုက် မြို့နယ်တွေ ဆင်းကြရပြန်တယ်။ ပြီးတော့ ပြည်လုံးကျွတ်ညီလာခံ တက်ဖို့ ရန်ကုန်ဆင်းကြရပြန်တယ်။ ညီလာခံက ပြန်ရောက်ကြတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေက ရှေးကထက်တောင် ပိုအရေးကြီးလာတယ်။ လုံးဝလွတ်လပ်ရေးတိုက်ပွဲ အရှိန် ပိုပြင်းထန် လာတယ်။ နည်းနည်းမှ သတိလစ်လို့ မရဘူး။ အမျိုးသား ညီညွတ်ရေး အင်အား ပိုပြီး ကျစ်လစ်ခိုင်မာနေအောင် ကြိုးပမ်းကြရတယ်။
အဲဒီအထွတ်အထိပ်ရောက်လာတဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲသမိုင်းစဉ် အတွင်း အချိန်ကာလ အားဖြင့် တနှစ်ခွဲလောက် (ကျွန်တော်နဲ့ တွဲခဲ့ရတဲ့အချိန်) အတွင်းမှာ ဦးလှနဲ့ ပတ်သက်လို့ သတိရစရာအဖြစ်တွေ အများကြီးပါပဲ။ သမိုင်းအစဉ်အတိုင်း အဖြစ်သနစ် တကွက်ချင်းကိုသာ ရေးရရင် စာတအုပ် နှစ်အုပ်စာလောက် ရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မပြောမဖြစ် ပြောရမယ့် ဦးလှရဲ့ ထူးခြားတဲ့ ဂုဏ်အရည်အချင်းတခုက ဦးလှက သိပ်အလုပ်လုပ်တယ်။ အချိန်ပြည့် အလုပ်လုပ်တယ်။ အချိန်ကို တန်ဖိုးရှိအောင် အသုံးချပြီး အလုပ်လုပ်တယ်။ ဦးလှ သိပ်အလုပ်လုပ် တယ်ဆိုတာ ဦးလှနဲ့ ရင်းနှီးသူတိုင်း သိကြပြီးသားပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဲသည်တုန်းက ဦးလှကို ကျွန်တော် ဆက်ဆံခဲ့ပုံဟာ နည်းနည်းတော့ လွန်တယ်လို့ ကျွန်တော် ပြန်တွေးမိတယ်။ ထမင်းစားချိန် ကလွဲရင် မိုးလင်းမိုးချုပ် အချိန်ပြည့် တွဲလုပ်ခဲ့ကြတယ်။ ထမင်းစားကြတော့လည်း ကျွန်တော်က လက်ဆေးပြီးဝင်စားတယ်။ စားပြီးတော့ လက်ဆေးပြီး ထလာတယ်။ ကိုယ်စားတဲ့ ပန်းကန်တောင် ကိုယ်မဆေးဘူး။ ဒေါ်အမာကလည်း တခါမှ ကျွန်တော်တို့နဲ့ အတူ ၀င်မစားဘူး။ ဧည့်သည်ထမင်းကျွေးသလို ဘေးကနေ လိုသမျှ ဖြည့်ပေးတာပဲ။ ကျွန်တော်ကလည်း လူငယ်ဖြစ်လျက်နဲ့ ကိုယ့်ထမင်းကျွေးတဲ့ အိမ်ရှင်မက ကိုယ့်ကို ကြည်ဖြူအောင်ရယ်လို့ ဘာတခုမှ ကူညီညာပြီး လုပ်မပေးခဲ့ဘူး။ လောကွတ်တောင် မလုပ်ခဲ့ဘူး။ သူတို့ကလေးတွေကိုလည်း ချော့ကာ မြှူကာ တခါမှ ၀င်ကူ မထိန်းခဲ့ဖူးဘူး။ ဒီတုန်းက မသန်းရင်မာကလေးက မွေးကာစပဲ ရှိသေးတယ်။ နောက်ပိုင်း ပြန်စဉ်းစားတော့ ကျွန်တော် တနှစ်လောက် မနက်ည စားသောက်နေခဲ့တဲ့ ကာလအတွင်းမှာ ဦးလှတို့ ဇနီးမောင်နှံ ထမင်းတောင် လက်ဆုံ စားခဲ့ရမှာ မဟုတ်ပေဘူးလို့ တွေးမိတယ်။ စားပြီးပြန်တော့လည်း စားပြီး ပြန်ထွက်ကြတာပါပဲ။ ဦးလှဟာ အိမ်ထောင်ဦးစီးတယောက်၊ သားကျွေးမှု၊ မယားကျွေးမှု တာဝန်ရှိသူတယောက်၊ မိသားစုနဲ့ နေသူတယောက်ရယ်လို့ ကျွန်တော့် ခေါင်းထဲ နည်းနည်းမှ ထည့်မတွက်မိခဲ့ဘူး။ တိုတိုပြောရရင် ကျွန်တော်က သူ့ကို လူလွတ် အချိန်ပြည့် နိုင်ငံရေးသမားတယောက်လို ၀င်ထွက် ဆက်ဆံခဲ့တယ်။ ဦးလှကလည်း တချက်ကလေးမှ မတွန့်တိုပဲ အချိန်ပြည့် နိုင်ငံရေးသမားလို လုပ်ပေးခဲ့ တာပဲလို့ ပြန်ပြီး မြင်ယောင်မိပါတယ်။
ဒါတွေကို ဘာ့ကြောင့် ဒါလောက်အလေးထားပြီး ပြောနေတာလဲလို့ မေးစရာရှိလိမ့်မယ်။ သိပ်ရှိတာပေါ့ လို့ပဲ ဖြေတော့မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ သမိုင်းစဉ်မှာ နောက်ဆုံး စခန်းသိမ်း တိုက်ပွဲအတွက် ကိုယ်ရောစိတ်ပါ စုံလုံးနှစ်ပြီး ကြိတ်ကြိတ်ခဲခဲ ဇွဲနဘဲနဲ့ အားထုတ်လုံးပမ်းခဲ့ရတဲ့ ဦးလှရဲ့ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်များကို ပီပီပြင်ပြင် သိမီလိုက်သူဆိုလို့ ယခုအခါမှာ မရှိသလောက် ရှားနေပါပြီ။ အဆင့်ဆင့် စကားနဲ့ ကြားဖူးရုံမျှ ရှိသူတို့ကလည်း စစ်ကြီးပြီးစက ဦးလှသည် ဖဆပလမှာ ၀င်လုပ်ခဲ့သေးသည် ဆိုတာလောက်ပဲ ဖော်ပြနိုင်ကြပါတော့တယ်။ အဲဒီမှာ တကယ့်အတွင်းသိ အစင်းသိ ဖြစ်ခဲ့တဲ့ ကျွန်တော့် အတွေ့အကြုံအရ တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲရဲ့ ရေထဲမိုးထဲကာလမှာ တမျိုးသားလုံးရဲ့ အဓိက အကျဆုံးနဲ့ အလိုအပ်ဆုံး နိုင်ငံရေး စည်းရုံးရေးကဏ္ဍကို ဦးလှဟာ အရိုးသားဆုံး အနိုးကြားဆုံး အပြစ်ကင်းစွာ အကြိုးစားဆုံး ဖြည့်စွမ်းခဲ့သူ၊ ဖြည့်စွမ်းနိုင်ခဲ့သူ တဦးဖြစ်တယ်ဆိုတာကို မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

(၇)
ဦးလှရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ ဂုဏ်အရည်အချင်းများနဲ့ ပတ်သက်လို့ ကျွန်တော်က အထူးဖော်ပြနေစရာ လိုမည်မထင်ဘူး။ ဦးလှရဲ့ ငယ်ပေါင်းကြီးဖော်တွေ၊ ရေးဖော်ရောင်းရင်းတွေက လူထုချစ်သမျှ လူထုဦးလှ ဆိုတဲ့ အမှတ်တရစာအုပ်မှာ ရေးသားဖော်ပြခဲ့ကြ ပြီးသားပါ။ ရေးသားချက်တွေအားလုံး ပိုတာ မရှိပါဘူး။ လိုတာ မပြည့်စုံတာသာ ရှိပါလိမ့်မယ်။ ကျွန်တော်ကတော့ ဦးလှရဲ့ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်များကိုသာ ထုတ်နှုတ်ပြီး အထူးပြု ဖော်ပြရမှာမို့ ဦးလှရဲ့ တည်ငြိမ်တဲ့ အမျိုးသားစိတ်ဓာတ်နဲ့ ညီညွတ်ရေး သဘောထားများနဲ့ ပတ်သက်တဲ့ အမှတ်တရအချက် အချို့ကိုသာ ဖော်ပြချင်ပါတယ်။
ဦးလှရဲ့ ပင်ကိုယ်သဘာဝ စိတ်ထားကိုက ညီညွတ်ရေးသမား ဖြစ်တယ်။ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ မသင့်မြတ်ဘူး။ မတည့်ကြဘူးဆိုရင် သူက မကြိုက်ဘူး။ မလိုလားဘူး။ သင့်သင့်မြတ်မြတ် ချစ်ချစ်ခင်ခင် နေကြတာကိုပဲ လိုလားတယ်။ တဦးချင်း ဖြစ်တတ်တဲ့ မသင့်မြတ်မှုမျိုးဆိုရင် အခွင့်ကြုံတိုင်း သင့်မြတ်အောင် လုပ်ပေးလေ့ရှိတယ်။ ဒီလို အခြေခံပေါ်မှာ တမျိုးသားလုံး ညီညွတ်ဖို့ စည်းစည်းလုံးလုံး ရှိကြဖို့ လိုအပ်တယ်ဆိုတဲ့ အမျိုးသားရေးလိုအပ်ချက် အသိစိတ်နဲ့ ထပ်ပေါင်းလိုက်တော့ ညီညွတ်ရေးကိစ္စနဲ့ ပတ်သက်လာရင် ဦးလှက ပြောစရာကို မလိုတော့ဘူး။
၁၉၄၆ ခုနှစ် ဆန်းဆန်းချင်း ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲကြတော့ ဦးလှ စိတ်မကောင်းဘူး။ သူတပါးကိစ္စမို့ ၀င်မစွက်ကောင်းလို့ ဘာမှ မပြောပေမယ့် ကြုံလာလို့ မရှောင်သာရင်တော့ မကောင်းပါဘူးဗျာ၊ ကိုယ့်အချင်းချင်း တွေပဲ ဆိုတာလောက်ပဲ ပြောတယ်။ နောက်ပိုင်း အချင်းချင်း အာဃာတတွေနဲ့ ငယ်ကျိုးငယ်နာတွေ ကလော်ကြ ဖော်ကြတော့ ဦးလှက ကြုံတိုင်း နှာခေါင်းရှုံ့တယ်။ ဦးလှရဲ့ သဘာဝက အေးချမ်းတည်ငြိမ်သူ၊ စကားတောင် ကြမ်းကြမ်းနဲ့ မာတိမာဆတ် ပြောလေ့မရှိဘူးဆိုတော့ အမနာပစကား (မေတ္တာမဲ့စကား) မျိုးတွေ ကြားရတော့ နှစ်မြို့ပုံ မရပါဘူး။
နောက်တခါ ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပခဲတဲ့ ဖဆပလ ပြည်လုံးကျွတ်ညီလာခံ နောက်ဆုံးနေ့မှာ ဖြစ်ခဲ့တဲ့ ကိစ္စပဲ။ တလျှောက်လုံး ပျော်စရာ အားတက်စရာတွေနဲ့ မြူးကြွ ပျော်ရှင်ကြလို့ကောင်းတုန်း ညီလာခံ နောက်ဆုံးနေ့ ညဘက်မှာ ဗဟိုဦးစီးအဖွဲ့ဝင်တွေ ကိုယ့်ခရိုင်အလိုက် ရွေးကြတဲ့အခါမှာ ချောချောမောမော မဖြစ်ဘဲ အဖုအထစ်ဖြစ်ခဲ့တဲ့ကိစ္စ ဖြစ်တယ်။ ဦးလှက မန္တလေးခရိုင်ကိုယ်စားလှယ်များ ရှေ့မှာတင်ပဲ မန္တလေးခရိုင်က အချိုးကျ ရရှိတဲ့ ဗဟိုဦးစီးအဖွဲ့ဝင်များကို ရွေးချယ်ရာမှာ ညီညွတ်မှုကို အခြေခံပြီး ပါတီစုံက လူစုံပါအောင်ရယ်၊ မြို့နယ်အလိုက် ပါရလေအောင်ဆိုပြီး ဘယ်သူ ဘယ်သူတွေ ဦးစီးအဖွဲ့ဝင်ဖြစ်ဖို့ ဆိုပြီး နာမည်စာရင်းတွေ တွေးပါတယ်။ ဆရာကြီးတို့ လူကြီးတွေကပဲ ရွေးပါတယ်။ ရွေးပြီးတဲ့ စာရင်းကို ဖတ်ပြတော့ ကိုယ်စားလှယ်အားလုံးလိုလိုက ဘာမှ စောဒက မတက်ကြပါဘူး။ ဒါပေမယ့် ဆိုရှယ်လစ်ပါတီဝင် ကိုယ်စားလှယ်တချို့က အားလုံးကို သဘောတူပါတယ်။ ကျွန်တော် (ကိုညွန့်အောင်) အစား ဘယ်သူ့ကို ထည့်ပါဆိုပြီး ပြောလာပါတယ်။ ဦးလှနဲ့ လူကြီးတွေက ဖဆပလ စဖွဲ့ကတည်းက ပါတီစုံ လူစုံပါအောင် ညီညွတ်ရေးကို အခြေပြုပြီး ဖွဲ့စည်းခဲ့ကြတာမို့ ယခုလည်း ပါတီစုံ လူစုံမျှတအောင် ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ရှင်းပြကြတယ်။ လက်မခံဘူး။ မဲခွဲပါလို့ ဆိုလာတယ်။ လူကြီးတွေက ဒီလိုကိစ္စမျိုးမှာ မဲခွဲရတယ်ဆိုတာ မမှန်ကြောင်း၊ ကောင်းလည်းမကောင်းကြောင်း ပြောကြပါတယ်။ ဒါပေမယ့် ပြောမရလို့ မဲခွဲကြတော့ မဲချင်းတူနေပါတယ်။ လူကြီးတွေက ထပ်ရှင်းတယ်။ မရတော့ နောက်တခါ ထပ်ပြီး မဲခွဲတော့ ကျွန်တော် တမဲနဲ့ ကပ်ပြီး ရှုံးပါတယ်။ အဲဒီ ညက ဦးလှနဲ့ လူကြီးတွေ စကားမပြောကြတော့ပဲ အိပ်ရာထဲ ၀င်ကြတော့တာပါပဲ။
ဒါတွေ ကျွန်တော် အသေးစိတ် ပြန်ပြောနေရတာက ဦးလှက ညီညွတ်ရေးကို ဘယ်လိုနားလည်တယ် ဆိုတာ သိစေ မြင်စေချင်တဲ့ ဆန္ဒ သက်သက်ကြောင့်ပဲ ဖြစ်ပါတယ်။
ရန်ကုန် ဖဆပလပြည်လုံးကျွတ် ညီလာခံကြီးပြီးလို့ မန္တလေးပြန်ရောက်ကြတော့လည်း အားချိန် နားချိန် မရှိပါဘူး။ ပြည်လုံးကျွတ်ညီလာခံ ဆုံးဖြတ်ချက်များကို ထောက်ခံပြီး ထပ်ဆင့်ဆုံးဖြတ်တဲ့ မြို့နယ်လုံးကျွတ် လူထုအစည်းအဝေးပွဲကြီးတွေ ဆက်တိုက်လုပ်ကြရပြန်တယ်။ ဦးလှရဲ့ ထူးခြားချက်က မြို့နယ်လူထု အစည်း အဝေးပွဲ မှန်သမျှမှာ ပါတီစုံက လူကြီးတွေကို ပါအောင်ခေါ်တယ်။ လူကြီးတွေ လိုက်နိုင်အောင် ကားတန်ကား၊ မြင်းလှည်းတန်မြင်းလှည်း ဦးလှပဲ အပင်ပန်းခံတယ်။ ဦးလှက လူကြီးတွေကို အမှုဆောင် နာမည်ခံရုံထားပြီး သူချည်း လုပ်ချင်ရာ လုပ်သွားတယ်ဆိုတာမျိုး အဖြစ်မခံဘူး။ အထင်နဲ့ သံသယ အဖြစ်မခံဘူး။ မြို့မယ်လူထု စည်းဝေးပွဲ စင်မြင့်ပေါ်ကြည့်လိုက်ရင် ပါတီစုံက လူကြီးတွေ စုံစုံညီညီ ပါကြတယ်။ ကျွန်ပ်တို့ အားလုံး ညီညီညွတ်ညွတ် လုပ်နေကြပါတယ်ဆိုတာ ကြည့်လိုက်တာနဲ့ လူထုက သိအောင်ပြတဲ့ သဘောပဲ။
ဦးလှကို လူကြီးတွေကိုသာ လေးစားတတ် နေရာပေးတတ်လားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့လို လူငယ်တွေကိုလည်း တန်းတူ အလေးပေးတတ်၊ နေရာပေးတတ်ပါတယ်။ အမှန်ကို ပြောရရင် ဦးလှက ဆင်းရဲချမ်းသာ ဂုဏ်ရှိ ဂုဏ်မဲ့မရွေး ဘယ်သူ့ကိုမှ မထီမဲ့မြင် မလုပ်တတ်ပါဘူး။ ကျွန်တော်တို့ မန္တလေးခရိုင် ကွန်မြူနစ်ပါတီ ကော်မတီတွေဆိုတာ အားလုံး လူငယ်တွေ အသက် ၂၀ နဲ့ ၂၅ နှစ်အတွင်းသာ ရှိကြသေးတဲ့သူများ ဖြစ်တဲ့အပြင် မန္တလေးဇာတိသားက တယောက်နှစ်ယောက်သာ ပါဝင်ပြီး၊ ကျန်တာက တနယ်တရွာသား ဧည့်သည်တွေပါ။ ဖက်ဆစ်တော်လှန်ရေးကို အကြောင်းပြုပြီး မန္တလေးကို ရောက်နေကြသူတွေ ဖြစ်ပါတယ်။ ရပ်ကွက်မြို့နယ် ဖဆပလအဖွဲ့တွေဖွဲ့ဖို့ ကွင်းဆင်းကြတဲ့အခါ ဦးလှက ကျွန်တော့်ကို တွဲဖက်အတွင်းရေးမှူးအဖြစ် မိတ်ဆက်ပေးတဲ့အပြင် သူ့ဘာသာသူ ပြောနိုင်ဆိုနိုင်ရက်နဲ့ ကိုညွန့်အောင် ကျွန်တော် ပြောတာ ဟုတ်တယ် မဟုတ်လား ဗျာတို့၊ ဒီကိစ္စကတော့ ကိုညွန့်အောင် နည်းနည်းရှင်းပြလိုက်ပါအုန်းတို့ လှည့်လှည့်ပြီး ပြောတတ်တယ်။ သဘောက ကျွန်တော်ဟာ သူနဲ့ တန်းတူပဲဆိုတာ ပြချင်တာ ဖြစ်တယ်။

(၈)
ဖဆပလ ပြည်လုံးကျွတ်ညီလာခံ ပြီးစီးတဲ့ ၁၉၄၆ ဇန်န၀ါရီလကုန်ကစပြီး ယခု ၁၉၄၆ ခု သြဂုတ်၊ စက်တင်ဘာလလောက်ထိ (၇) လ (၈) လ လောက်ဟာ နားရတဲ့ရက် မရှိခဲ့ပါဘူး။ အားလုံးသိတဲ့အတိုင်း ဒီကာလဟာ မြန်မာပြည်ကို ကျွန်သက်ရှည်အောင် နည်းမျိုးစုံနဲ့ ကြံစည်ကြိုးစားနေတဲ့ အင်္ဂလိပ်ဘုရင်ခံနဲ့ ဖဆပလအဖွဲ့ကြီးရဲ့ အားပြိုင်ပွဲကာလ ဖြစ်ခဲ့ပါတယ်။ စစ်မပြီးသေးခင် ဖဆပလ အထက်ဗမာပြည်အဖွဲ့ချုပ် ဖွဲ့စည်းဖို့ ကြိုးစားရတဲ့ကာလ၊ ပြီးတော့ ဖွဲ့စည်းပြီးတဲ့နောက် ၄၅ နှစ်ကုန်လောက်အထိ ကာလများတုန်းကတော့ ဂျာမဏီ၊ ဂျပန် စစ်အုပ်စု အရေးသာမယ်ထင်တုန်းက ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကို တိုက်တယ်။ ဟောအခု ဂျာမဏီ၊ ဂျပန် စစ်အုပ်စု အရေးနိမ့်ပြီး အင်္ဂလိပ် အမေရိကန် မဟာမိတ်စစ်အုပ်စု အရေးသာလာတော့ အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်ကို တိုက်တယ်ဆိုတဲ့ ထိုးနှက်ချက်တွေကို ဆန့်ကျင်ပြီး ဖက်ဆစ်ဆန့်ကျင်ရေး လူထုစစ်ပွဲသဘောတရားနဲ့ အားသွန်ပြီး ရှင်းလင်းခဲ့ တုန့်ပြန်တိုက်ခိုက်ခဲ့ကြရတယ်။
ယခု ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး ကမ္ဘာ့ပြည်သူလွတ်မြောက်ရေး သဘောတရားကိုပဲ အခြေခံပြီး ဖက်ဆစ်ဂျပန်ကို အချိန်တိုအတွင်း ထိထိမိမိ တိုက်ခိုက်ခြေမှုန်းနိုင်ခဲ့တဲ့ မြန်မာပြည်သူများကို ဖဆပလအဖွဲ့ချုပ်ကြီး ရဲ့ တောင်းဆိုချက်အတိုင်း ယာယီအမျိုးသားအစိုးရ ဖွဲ့ပေးဖို့ ရွေးကောက်ပွဲ အမြန်ကျင်းပပြီး တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ဖို့၊ လွတ်လပ်တဲ့ နိုင်ငံရဲ့ အခြေခံဥပဒေကို ရေးဆွဲဖို့၊ လုံးဝလွတ်လပ်ရေး ကြေညာဖို့ဆိုတဲ့ အဆိုများနဲ့ ဆုံးဖြတ်ချက်များ ချကြပြီး လူထုကြီးရဲ့ သဘောထားကို ဖော်ထုတ်ကြတယ်။ လူထုကြီးကိုလည်း အင်္ဂလိပ်ကို တိုက်ခဲ့တာ လွတ်လပ်ရေး လိုချင်လို့ပဲ။ ဒီကာလဟာ ဗြိတိသျှနယ်ချဲ့ ကိုယ်စားလှယ် ဘုရင်ခံနဲ့ ဖဆပလအဖွဲ့ကြီးနဲ့ အားပြိုင်ကြရတဲ့ ကာလလို့ ဆိုရပါလိမ့်မယ်။ အတိုချုံးရရင် အားလုံးသိကြတဲ့အတိုင်း လူထုအင်အား အရှိန်အဟုန် ပိုမြင့်လာခဲ့တယ်။ နောက်ဆုံး သမိုင်းမှာ ကြုံတောင့်ကြုံခဲဖြစ်တဲ့ ပုလိပ် (ရဲတပ်ဖွဲ့) သပိတ်ကြီး ပေါ်လာပြီး အထွေထွေသပိတ်ထိ ပျံ့နှံ့ကြီးထွားလာတယ်။ ဖဆပလအဖွဲ့က သပိတ်ထောက်ခံပွဲတွေ လုပ်တယ်။ အိမ်တော်ရာဘုရားရင်ပြင် လူထုအင်အားပြ အစည်းအဝေး လုပ်တယ်။ သပိတ်ကို ထောက်ခံပြီး ဖမ်းထားတဲ့ သပိတ်ခေါင်းဆောင်တွေ လွှတ်ပေးဖို့ ဆုံးဖြတ်ချက်တွေ ချတယ်။ ဘာမှ မထူးခြားဘူး။ နောက်တကြိမ် သကျသီဟ ဘုရားရင်ပြင်မှာ လူထုစည်းဝေး ဆုံးဖြတ်ချက် တောင်းဆိုချက်တွေ ချပြီး အင်အားပြ လူထုစီတန်း လမ်းလျှောက်ပွဲကြီးလုပ်တယ်။ မထူးခြားဘူး။ တိုက်ပွဲအရှိန်ကို ရှေ့တဆင့်တက်ရတော့မယ်။
အဲဒီက နောက်ပိုင်း မန္တလေး ဖဆပလ အမှုဆောင်အဖွဲ့အတွင်းမှာ လုပ်ရကိုင်ရတာ ဘာမှ ရှင်းရှင်း လင်းလင်း မရှိကြဘူး။ ဒီတိုက်ပွဲကို ဘယ်အဆင့်ထိ တိုးပြီး တိုက်ကြရမှာလဲ။ ဘယ်မှာ လမ်းဆုံးမှာလဲဆိုတာ မရှင်းဘူး။ ဖဆပလ ရန်ကုန်ဌာနချုပ်ကရော၊ ကွန်မြူနစ်ပါတီဌာနချုပ်ကရော ဘာညွှန်ကြားချက်မှ မရဘူး။ ဦးလှတို့ ဆရာကြီးတို့အနေနဲ့ ဗဟိုဦးစီအဖွဲ့ အစည်းအဝေးမှာတုန်းက နားလည်ခဲ့တဲ့ အင်္ဂလိပ်ဘုရင်ခံအစိုးရကို လူထုနဲ့ ဖိအားပေးမယ်။ အစိုးရအဖွဲ့ဝင်ကို ကိုယ့်လိုလားချက်ရမှ ၀င်မယ်။ ၀င်ရရင်လည်း အတွင်းထဲဝင်ပြီး ဘုရင်ခံကို အကျပ်ကိုင်မယ်။ အတွင်းအပြင် ဖိတိုက်မယ်ဆိုတဲ့ ဗျူဟာပဲ။ ဒါပေမယ့် မထူးခြားတော့ တိုက်ပွဲကို ရှေ့တဆင့် မြှင့်ရင်မြှင့် မမြှင့်နိုင်ရင် ဒီအတိုင်း တန်းလန်းကြည့်နေရုံပဲ ရှိတယ်။
ဒီအခြေအနေမှာ လူထုစည်းဝေးကြီး တောင်းဆိုချက်တွေ ဆုံးဖြတ်နေရုံနဲ့ မပြီးတော့ဘူး။ ဒါကြောင့် လူထုအင်အားနဲ့ ထောင်ကို ၀ိုင်းမယ်။ ဖမ်းထားတဲ့ သပိတ်ခေါင်းဆောင်တွေ ချက်ချင်းလွှတ်ပေးဖို့ ကြွေးကြော်မယ် ဆိုတဲ့နည်းလမ်းကို တင်ပြတယ်။ အမှုဆောင်အများစုက ခပ်တွန့်တွန့် ဖြစ်နေတယ်။ မန္တလေးမှာ အာဇာနည် (၁၇)ဦး ကိစ္စ ရှိခဲ့ဖူးတယ်။ စွန့်ရမယ်။ ပြီးတော့ ခရိုင်အရေးပိုင်တို့ ရာဇ၀တ်ဝန်တို့ဆိုတာ အင်္ဂလိပ်တွေ ဖြစ်တဲ့အပြင် ပုလိပ်က ဟိုတုန်းကလို တချက်ချင်း ထိုးပစ်ရတဲ့ မတ်စ်ကက်ရိုင်ဖယ်မျိုး မဟုတ်တော့ဘူး။ မောင်းပြန်ရိုင်ဖယ်တွေ၊ တော်မီဂန်းတွေ၊ ဘရင်းဂန်းတွေနဲ့ ဖြစ်နေကြပြီ။ အဲဒီအချိန်တွေမှာ တမြို့လုံး အိမ်တံခါးတွေ ပိတ်ပြီး ဆန္ဒပြဖို့ အဆိုပြုသူက ပြုတယ်။ အနည်းဆုံး တိုက်ပွဲ မပြီးမချင်း အိမ်တိုင်းမှာ ဖဆပလအလံတွေ အမြဲလွှင့်ထားကြဖို့ပဲ လှုံ့ဆော်နိုင်တယ်။ ဈေးတွေထဲ သံဖြူအော်လံနဲ့ လှည့်ပတ်အော်တယ်။ အဲဒီအတွင်းမှာ ဖဆပလအဖွဲ့ချုပ်က ဘုရင်ခံအမှုဆောင်ကောင်စီထဲ ၀င်ပြီး အစိုးရဖွဲ့လိုက်ပြီဆိုတဲ့ ရေဒီယိုသတင်း ရောက်လာတယ်။ အမှုဆောင် အားလုံး ပျော်သွားကြတယ်။ ဒါပေမယ့် ပျော်တာက ပျော်တာပဲ၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေထဲမှာ ဘာဆက်လုပ်ရမလဲဆိုတာ မရှင်းတာက ပြသနာဖြစ်နေဆဲပါပဲ။
သမိုင်းကို ကျွန်တော်က အသေးစိတ် ပြန်ဖော်ပြနေစရာ မလိုဘူးထင်ပါတယ်။ အဲဒီအချိန်လောက်က စပြီး ကွန်မြူနစ်ပါတီနဲ့ ဖဆပလအဖွဲ့နဲ့ သဘောမကိုက်ညီမှုတွေ ပေါ်လာပြီး ပဋိပက္ခတွေ များလာတယ်။ နောက်ဆုံး အောက်တိုဘာလရောက်တော့ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်နဲ့ ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ထဲက ထုတ်ပစ်တဲ့ဘ၀ ရောက်ခဲ့တာပါပဲ။ အဲဒီမှာတင် ဦးလှနဲ့ ကျွန်တော်လည်း လူချင်းကွဲ သွားခဲ့ရတာ ဖြစ်ပါတယ်။
ဖဆပလအဖွဲ့က ကွန်မြူနစ်ပါတီကို ထုတ်ပယ်ကြောင်း တရားဝင် ပြောကြ ဆိုကြတဲ့နေ့က မန္တလေးခရိုင် ဖဆပလအမှုဆောင်များရဲ့ မြင်ကွင်းကို ကျွန်တော် ယခုထိ မမေ့နိုင်သေးပါဘူး။ ဆိုရှယ်လစ်ပါတီဝင် အမှုဆောင်နဲ့ ဒို့ဘုရင် ပါတီဝင်အမှုဆောင်နှစ်ယောက် သုံးယောက်ကလွဲရင် ဘယ်သူမှ မျက်နှာမကြည်လင် မရွှင်လန်းကြပါဘူး။ ကျွန်တော်က အမှုဆောင်အဖွဲ့ကို စကားနည်းနည်းပြောချင်ပါတယ်လို့ ဥက္ကဌဖြစ်သူ ဆရာကြီး ဦးရာဇတ်ကို ခွင့်တောင်းတော့ ဆိုရှယ်လစ်နဲ့ ဒို့ဘုရင်တို့က မလိုပါဘူးဆိုပြီး ကန့်ကွက်တယ်။ ဆရာကြီးက သူ့မှာ အခွင့်အရေးရှိပါတယ်။ ပြောပါစေဆိုပြီး ခွင့်ပြုပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း စကားစပြောရော ဆိုရှယ်လစ်နဲ့ ဒို့ဘုရင်အမှုဆောင်နှစ်ဦးက သူတို့အချင်းချင်း စကားတွေ ဖောင်လောက်အောင် ပြောပြီး ဟားတိုက်ရယ်နေကြ ပါတယ်။ ကျွန်တော် စကားပြောလို့ မရဘူး။ ကျန်တဲ့ အမှုဆောင်လူကြီးတွေက ကျွန်တော့်ကို မကြည့် သူတို့နှစ်ယောက်ကိုပဲ ခပ်ငေးငေး ကြည့်နေကြတယ်။ ဒီအခိုက်မှာ တချိန်လုံး ခေါင်းငုံ့နေခဲ့တဲ့ ဦးလှက ရုတ်တရက် ခင်ဗျားတို့ ခင်ဗျားတို့ ဘယ်လိုဖြစ်နေကြတာလဲဗျာ၊ အခုကိစ္စက ၀မ်းသာရမယ့်ကိစ္စလည်း မဟုတ်ပါဘူးလို့ ရုတ်တရက် သူတို့ဘက် လှည့်ပြောလိုက်တယ်။ ဦးလှအသံက နည်းနည်းကျယ်ပြီး မာသွားလား မသိပါဘူး။ အဲဒီတော့မှ သူတို့ ရယ်သံတိတ်ပြီး ငြိမ်သွားပါတယ်။ ကျွန်တော်လည်း စကားအရှည် မပြောတော့ပဲ တိုတိုပဲ ပြောလိုက်ပါတယ်။ ပြောပြီးတာနဲ့ ဆရာကြီးတို့ လူကြီးများကို ကျွန်တော်သွားပါအုန်းမယ်လို့ နှုတ်ဆက်ပြီး ထွက်လာခဲ့တာပါပဲ။ ဦးလှနဲ့ ဆရာကြီးတို့တတွေ မျက်နှာညှိုးညှိုးနဲ့ ကျန်ရစ်ခဲ့ကြပါတယ်။
အဲဒီနေ့က အဖြစ်ဟာ ဦးလှနဲ့ ကျွန်တော် လက်ပွန်းတတီး အတူတွဲလုပ်ခဲ့ကြတဲ့ ကဏ္ဍရဲ့ နောက်ဆုံးခွဲခွါ ခန်းပါပဲ။

(၉)
ဦးလှနဲ့ နောက်ဆုံး လူချင်းကွဲကွာတဲ့နေ့ဟာ ၁၉၄၆ ခုနှစ် အောက်တိုဘာလ ကုန်လောက်မှာ ဆိုတော့ ၁၉၈၁ ခုနှစ်ထိဆိုရင် (၃၅) နှစ်လောက် ကြာသွားပြီ။ အဲဒီ (၃၅) နှစ်ကာလကြားထဲမှာ ကျွန်တော် ဦးလှနဲ့ မတွေ့ရသလောက်ပါပဲ။ တွေ့တယ်ဆိုတာလည်း ခရီးသွားဟန်လွဲ နှုတ်ဆက်တွေ့ တွေ့ကြရတဲ့ သဘောသာ ရှိခဲ့တယ်။ ၁၉၈၁ ခုနှစ်ကျတော့ ကျွန်တော် သက်ပြည့် ပင်စင်ယူဖို့ တနှစ်တောင် မကျန်တော့တဲ့ အချိန်မှာ ကျွန်တော် စစ်ကိုင်းတိုင်ရုံးကို ပြောင်းရွှေ့တယ်။ ပင်စင် ပြင်ဆင်ခွင့်ယူတဲ့အချိန်မှာ မုံရွာကို ရွှေ့ပြီး အခြေစိုက် လိုက်တယ်။ မုံရွာမြို့က ဘာမှ ကျွန်တော်နဲ့ ပါတ်ပါတ်သက်သက် ရှိခဲ့တဲ့ မြို့တော့ မဟုတ်ပါဘူး။ မုံရွာမှာနေဖို့ အကြောင်းထဲက တကြောင်းကတော့ ဦးလှနဲ့ ပြန်ပြီး နီးစပ်ချင်တဲ့ အကြောင်းတကြောင်းပါပါတယ်။ ဒါကြောင့် ပင်စင်ခွင့်ယူပြီး မကြာခင် ကျွန်တော်ဦးလှဆီကို တမင်သက်သက် သွားတွေ့ပါတယ်။ ဦးလှတို့ တိုက်ရောက်တော့ တိုက်ရှေ့ဧည့်ခန်းမှာ ကလေးမလေးတယောက်ပဲ တွေ့တယ်။ ဦးလှနဲ့ တွေ့ချင်ကြောင်းပြောပြီး ဧည့်ခန်းမှာ ကုလားထိုင်မှာပဲ ကျွန်တော် ထိုင်စောင့်နေလိုက်တယ်။ ကလေးမလေး အိမ်နောက်ဘက်ဝင်ပြီး အကြောင်းကြား လို့ မကြာခင် ဦးလှ ထွက်လာပါတယ်။ ဧည့်ခန်းမှာ ကျွန်တော့်ကို မြင်လိုက်တော့ ဟာ ဧည့်သည်ဆိုလို့ ဘယ်သူများလဲ မှတ်တယ် ကိုညွန့်အောင်ကိုး။ ခင်ဗျားနှယ်ဗျာ ဧည့်ခန်းထဲ ထိုင်နေရတယ်လို့ အရင်တုန်းကလို အိမ်နောက်ထဲထိ ၀င်လာခဲ့ ပြီးရောဆိုပြီး ကျွန်တော်ကို ဖက်လှဲတကင်း ကြိုဆိုပါတယ်။ ဦးလှမျက်နှာ ကြည့်ရတာ ရှေးရှေးကလို ရွှင်ပြုံးလို့၊ နှစ်များစွာ ကွဲကွာနေခဲ့တဲ့ မိတ်ဆွေကောင်းတယောက်ကို ပြန်တွေ့ရတဲ့အခါ တွေ့ရပြီဖြစ်တဲ့ ပျော်ရွှင်လှိုက်လှဲပုံ များအတိုင်းပါပဲ။
ပဋိသန္တာရစကား နည်းနည်းပြောကြပြီး ကျွန်တော်က ကျွန်တော့်လာရင်းကိစ္စနဲ့ ကျွန်တော့်စိတ်ကူးဆန္ဒ ကို ပြောပြပါတယ်။ ကျွန်တော် သက်ပြည့်ပင်စင်ယူလိုက်ပြီ။ အသက်ကြီးပိုင်းမှာ စာဖတ်စာရေး အလုပ်နဲ့ပဲ အချိန်ကုန်လွန်ချင်တယ်ဆိုတဲ့ အကြောင်းပေါ့။ ဦးလှက ကောင်းတယ်၊ သိပ်ကောင်းတယ် ကိုညွန့်အောင်လည်း အတွေ့အကြုံတွေ အများကြီး ရှိနေပြီပဲ။ စာများများ ရေးစမ်းပါလို့ အားရ ပါးရ တိုက်တွန်းပါတယ်။ ရှေးကတွဲခဲ့ကြ တဲ့ ဖဆပလ အမှုဆောင်လူကြီးတွေလည်း အားလုံးလိုလို ကွယ်လွန်ကုန်ကြပြီ။ ဦးလေးသိန်း (ဖိုးဦးဘသိန်း) တယောက်တော့ ကျန်သေးကြောင်း၊ ကျန်းမာရေးကောင်းကြောင်း သားထောက်သမီးခံ မကျန်တော့လို့ သူ့တူတော်မောင်နဲ့ အတူနေကြောင်း။ ဒီနားက (၃၁) လမ်းထဲတွင် လမ်းထဲဝင်လိုက်ရင် နှစ်တိုက် သုံးတိုက်ကျော်သာ ရှိကြောင်း ကိုညွန့်အောင် ၀င်ဖြစ်အောင် ၀င်သွားလိုက်စမ်းပါ။ ကိုညွန့်အောင်ကို တွေ့ရင် အလွန်ဝမ်းသာရှာမှာလို့ ပြောပါတယ်။ ဦးလှကို နှုတ်ဆက်ပြီး ကားပေါ်တက်တဲ့အထိ နောက်လာရင် အရင်တုန်းက လို အိမ်နောက်ထဲ တန်းဝင်လာခဲ့ဖို့၊ ဦးလေးသိန်းကို ၀င်တွေ့သွားဖို့ နောက်ကလိုက်ပြီး ပြောလာပါတယ်။ ဦးလေးသိန်းဆီ ၀င်တော့လည်း မမျှော်လင့်ပဲ တွေ့လိုက်ရလို့ ၀မ်းသာမဆုံးပဲ ကျွန်တော့် ပခုံးကို တကိုင်ကိုင် လက်တဆွဲဆွဲ ဖြစ်နေရှာပါတယ်။ ဒီတခေါက် မန္တလေးသွားရတာ၊ ဦးလှနဲ့ တွေ့ရတာ၊ ကျေနပ်ကြည်နူးလို့ မဆုံးပါဘူး။ ဒါပေမယ့် ဦးလှကို ယခုလို ပျော်မြူးရွှင်လန်းစရာ တွေ့ခဲ့ရတာဟာ ကျွန်တော်အဖို့ ဦးလှကို နောက်ဆုံးတွေ့ရခြင်းပဲဆိုတာ မသိခဲ့ပါဘူး။
ကျွန်တော်ပင်စင်ယူပြီးလို့ နှစ်လအကြာမှာ ကျွန်တော်နေတဲ့ မုံရွာမြို့ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ သုတေသနဌာနကြီးက နိုင်ငံရေးဌာနခွဲမှူးနဲ့ သုတေသနလက်ထောက် အမျိုးသမီးနှစ်ယောက်ရယ်၊ ဓာတ်ပုံဆရာ ညောင်ဦးဖိုးချိုရယ် ရောက်လာကြပါတယ်။ လာတဲ့ကိစ္စက မြန်မာ့နိုင်ငံရေးအခြေပြသမိုင်း အတွဲ (၃) အတွက် အချက်အလက်တွေ ရှာဖွေစုဆောင်းဖို့တဲ့။ ပါတီဥက္ကဌကြီး (ဦးနေ၀င်း) ကလည်း ဌာနမှူးကိုခေါ်ပြီး အထူးမှာ ပါတယ်။ သမိုင်းပြုစုရာမှာ ရန်ကုန်အနီးတ၀ိုက်ရှိတဲ့ လူတော်တယောက်ကို ရှာဖွေလေ့လာစုဆောင်းပြီး ရေးတာ မျိုးလောက်မလုပ်ဖို့၊ ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုများမှာ အထက်ဗမာပြည်ရဲ့ အခန်းကဏ္ဍကလည်း သိတ်ကြီးမား တယ်။ ဒါကြောင့် မန္တလေး ဗဟိုပြုပြီး အထက်ဗမာပြည်တ၀ှမ်းမှာ လှုပ်ရှားခဲ့ကြတဲ့ ပုဂ္ဂိုလ်များနဲ့တွေ့ပြီး အချက်အလက် အမှန်တွေရအောင် လေ့လာစုဆောင်းပြီး ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ပြုစုရေးသားကြဖို့ လိုတယ်လို့ မှာကြားလို့ ဌာနမှူး (ဦးသိန်းတန် သုတေသနဌာနကြီးမှူး) (ကွယ်လွန်) လည်း မန္တလေးမှာ ရောက်နေကြောင်း။ ယခင် ဌာနမှူးက အန်ကယ့်ဆီသွားဖို့ စေလွှတ်လို့ လာခဲ့ရကြောင်း ရှင်းပြကြတယ်။
သူတို့ ပြောပြတဲ့စကား ကြားလိုက်တာနဲ့ ကျွန်တော့်ခေါင်းထဲ ဦးလှကို ချက်ချင်း သတိရလိုက်ပါတယ်။ ဒါကြောင့် ဒီကိစ္စက သမိုင်းရေးဖို့ အကြောင်းအရာ အချက်အလက်ရှာတဲ့ ကိစ္စဖြစ်လို့ သိပ်အရေးကြီးတယ်။ ပထမဆုံးက အချက်အလက် မှန်ဖို့ လိုတယ်။ ပြီးရင် ပြည့်စုံဖို့လည်း လိုတယ်။ ပြီးတော့ ဖြစ်နိုင်ရင် စာရွက်စာတမ်း အထောက်အထား ရှိနိုင်ရင် အကောင်းဆုံးဖြစ်မယ်။ ဒီတော့ ဒီကိစ္စကို ဦးလေး၊ ဦးလှနဲ့တွေ့ပြီး နှစ်ယောက်တိုင်ပင်ပြီး စာနဲ့ ရေးချင်တယ်။ ပြီးတော့ ဦးလေးက တနေရာတည်းမှာ အတည်တကျ နေခဲ့ရသူ မဟုတ်တော့ မှတ်တမ်းမှတ်ရာ မကျန်ခဲ့ဘူး။ ဦးလှက တနေရာတည်း စွဲစွဲမြဲမြဲ နေခဲ့သူဆိုတော့ သူ့မှာ မှတ်တမ်းရော၊ ဟိုစဉ်တုန်းက ထုတ်ဝေခဲ့တဲ့ ဖဆပလအဖွဲ့ လက်ကမ်းစာစောင်ကအစ ရှိနိုင်တယ်။ ဒါကြောင့် ဗိုလ်သိန်းတန် (ဌာနမှူး) ကိုလည်း ပြန်ပြောပြပါ။ ဦးလှနဲ့ တွေ့ပြီး ပြည့်စုံအောင် ရေးပေးပါ့မယ်လို့ ဦးလေး (ကျွန်တော်) က မှာလိုက်ကြောင်း ပြောပြပါ။ ပြီးတော့ ဗိုလ်သိန်းတန်လည်း မန္တလေးရောက်နေတော့ ဦးလှနဲ့ တွေ့ဖြစ်အောင် တွေ့လိုက်ပါအုန်းလို့ ကျွန်တော်က ရှင်းပြီး ပြောလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က လည်း ကိုယ်ရေးရာဇ၀င်ပဲ ဖြစ်ပါစေ ဖြစ်နိုင်သလောက် ယခုပြောပြပါအုံး။ သူတို့ တတ်နိုင်သလောက် မှတ်သား သွားပါမယ်ဆိုလို့ တနာရီလောက် လက်တန်းပြောပြလိုက်ပါတယ်။
ကျွန်တော့်မှာလည်း နက်ဖြန် ရန်ကုန်ဆင်းစရာ ရှိတဲ့အကြောင်း ပြောတော့ သူတို့လည်း နက်ဖြန်မနက် မန္တလေးပြန်မှာမို့ သူတို့ ကားနဲ့ပဲ လိုက်ခဲ့ဖို့ ပြောပါတယ်။ ဒီလိုနဲ့ နောက်နေ့မနက် ပါတီသုတေသနက ကားနဲ့ ကျွန်တော် မန္တလေးလိုက်ခဲ့တယ်။ မန္တလေးရောက်တော့ ဦးလှတို့ တိုက်ရှေ့မှာပဲ ကားရပ်ပြီး ကျွန်တော် ဆင်းနေခဲ့တယ်။ ကျွန်တော် တိုက်ထဲဝင်ပြီး ဦးလှ ရှိလားမေးတော့ မနေ့ကပဲ ဦးလှရော ဒေါ်အမာရော ရန်ကုန်ဆင်းသွားကြတယ်။ သိပ်မကြာဘူး သုံးလေးရက်နေရင် ပြန်ရောက်မယ်လို့ သိခဲ့ရတယ်။ ဒါ့ကြောင့် ဘူတာဆင်း၊ လက်မှတ်ယူပြီး အဲဒီညနေမှာပဲ ရန်ကုန်ဆင်းခဲ့ပါတယ်။
ဒီတခေါက် ဖြစ်ဝကျွန်းပေါ်ဘက် ကျွန်တော် ခရီးထွက်ခဲ့တာ နှစ်ပါတ်လောက်ကြာသွားတယ်။ ကျွန်တော် ရန်ကုန်ပြန်ရောက်လို့ ပါတီသုတေသနရုံး သွားတော့ ရုံးပေါ်မတက်ရခင်မှာပဲ ကျွန်တော့်မိတ်ဆွေက သြဂုတ်လ (၇) ရက်နေ့က ဦးလှ ကွယ်လွန်အနိစ္စရောက်ကြောင်း သတင်းစာနာရေးကြော်ငြာမှာ ပါကြောင်း ဆီးပြီး ပြောပါတယ်။ ကျွန်တော် ရုတ်တရက် ကိုယ့်နားကိုယ်မယုံနိုင်လောက်အောင် အံ့အားသင့်သွားမိပါတယ်။ သတင်းပေးတဲ့ မိတ်ဆွေကို စကားတခွန်းမှ ပြန်မပြောနိုင်ခဲ့ဘူး။ ကိုဘကိုး (ကလောင်ပျံ) ဆီရောက်တယ်။ ကိုဘကိုးက သူ မန္တလေး အသုဘပို့ သွားခဲ့ကြောင်း၊ သူက ဦးလှအကြောင်း အမှတ်တရ ဆောင်ပါးရေးမှာ ဖြစ်ကြောင်း၊ ဦးလှရဲ့ နိုင်ငံရေး ဆောင်ရွက်ချက်ကို ရေးနိုင်သူ ကျွန်တော်တယောက်သာ ရှိတာမို့ ကျွန်တော့်ကိုလည်း ဆက်ဆက် ဆောင်းပါးရေးပါလို့ တိုက်တွန်းပါတယ်။
ရန်ကုန်က မုံရွာအပြန် မန္တလေးမှာ ဒေါ်အမာကို ၀င်တွေ့ခဲ့ပါတယ်။ ဒေါ်အမာလည်း ဦးလှဆုံးပါးသွားစ ပူပူနွေးနွေးမို့ ပူဆွေးပြီး ကျွန်တော့်ကို ၀တ္တရားမို့ ဧည့်ခံနေရပေမယ့် မျက်ရည် တရွှဲရွှဲကျပြီး စကားတောင် ဖြောင့်အောင် မပြောနိုင်ရှာပါဘူး။ သည့်နောက် ကတည်းက ဦးလှအကြောင်း အမှတ်တရ စာစုလေးဖြစ်အောင် ရေးဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ မဖြစ်မြောက်ခဲ့ပါဘူး။ ဦးလှကွယ်လွန်ပြီးလို့ ဆယ့်သုံးလေးနှစ်ကြာမှ မိုးဂျာနယ်မှာ ကျွန်တော် ဦးလှအကြောင်း ရေးပါတယ်။ အဆုံးမသတ်ခဲ့ပါဘူး။ အခု ဦးလှ ကွယ်လွန်တာ ၁၈ နှစ်ကြာခဲ့ပြီ။ ဦးလှရဲ့ နှစ် (၉၀)မြောက် မွေးနေ့မှာ အမှတ်တရ စာအုပ်ထုတ်မယ်လို့ သိရတယ်။ ဒါ့ကြောင့်လည်း မဖြစ်မနေ ကြိုးစားပြီး ရေးလိုက်ပါတယ်။ ဦးလှ အသက်ထင်ရှား ရှိနေသေးမယ်ဆိုရင် သူ့ကို ဒီလို အမျိုးသားနိုင်ငံရေးသမားအဖြစ်နဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက် ထိုက်ထိုက်တန်တန် ဆောင်ရွက်ခဲ့သူလို့ ရေးသား မှတ်တမ်းတင်လိုက်တာကို ကြိုက်မှ ကြိုက်ပါ့မလား မသိဘူး။ ဘာကြောင့်လဲဆိုတော့ ဦးလှက ထင်ပေါ်ချင်သူ မဟုတ်ပဲ သူ့ကို အများက လူထဲကလူ သာမန်တယောက်လို့သာ မြင်စေချင်တဲ့ ဆန္ဒမျိုး ရှိသူ ဖြစ်လို့ပါပဲ။ သူ ထိုမျှလောက် နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တာကို သူ့ ဇနီး ဒေါ်အမာကိုတောင် သူဘာတွေ လုပ်နေတယ်ဆိုတာ ပြောခဲ့တာ မဟုတ်ဘူး။ ဒါကြောင့်လည်း ဒေါ်အမာက ကိုညွန့်အောင်ရယ် ဒီတုန်းက ရှင်တို့ ကိုလှတို့ ဘာတွေ ဘယ်လို လုပ်နေကြတယ်ဆိုတာ ကျွန်မ ဘာမှ သိခဲ့တာ မဟုတ်ဘူး။ ကိုလှကလည်း ပြောပြတာ မဟုတ်ဘူး။ ကျွန်မက ရှင်တို့ကို ထမင်းပဲ ချက်ကျွေးနေခဲ့တာလို့ ဒေါ်အမာက ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် ဦးလှရဲ့ ဘ၀ရုပ်ပုံလွှာကို ဖော်ပြခဲ့ကြရာမှာ မပြည့်မစုံ လစ်ဟာပြီး ကျန်နေသေးတဲ့ အမျိုးသားနိုင်ငံရေး ဘ၀ကဏ္ဍကို ဖြည့်စွက်ရေးသားလိုက်ရတာ ကျွန်တော် အားရမိပါတယ်။ ဦးလှရဲ့ ရင်းနှီး လှပါတယ်ဆိုတဲ့ အပေါင်းအသင်း ရောင်းရင်းတွေတောင် မသိကြသေးတဲ့ ဦးလှရဲ့ နိုင်ငံရဲ့ စွမ်းဆောင်ချက်များကို ထုတ်ဖော် ရေးသားလိုက်ရလို့လည်း ကိုယ့်ကိုကိုယ် ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ဦးလှနဲ့ ကျွန်တော် စားအတူ သွားအတူ ရင်းရင်းနှီးနှီးတွဲပြီး အလုပ်လုပ်ခဲ့တာ ကာလအားဖြင့် တနှစ်ခွဲလောက်သာ ကြာခဲ့ပါတယ်။ အဲဒီ တနှစ်ခွဲတွင်း ဦးလှနဲ့ ထိတွေ့ ပေါင်းသင်းနေထိုင်ခဲ့ရတဲ့ အချိန်တွင်း ဦးလှနဲ့ ပတ်သက်လို့ ကျွန်တော်ကိုယ်တိုင် မကျေနပ်စရာ စိတ်ကွက်စရာလေးများတခုတလေ ရှိလေမလားလို့ ကျွန်တော် မကြာခဏ ပြန်တွေးကြည့်မိ ဖူးပါတယ်။ တကယ့်ကို မကျေနပ်စရာဆိုလို့ တကွက်တလေမျှတောင် စဉ်းစားလို့ မရပါဘူး။ ဦးလှနဲ့ အတူနေခဲ့ရသမျှ သူ့အပေါ် ကျေနပ်စရာ၊ ခင်မင်စရာ၊ လေးစားစရာ အဖြစ်ကလေးတွေကိုချည်း အောက်မေ့ သတိရနေမိတာ အမှန်ပါပဲ။ ဦးလှရဲ့ ဖြူစင်ဖြောင့်မတ်တဲ့ နှလုံးသား၊ တည်ငြိမ်အေးချမ်းပြီး ခိုင်မာတဲ့ စိတ်ဓာတ်၊ လှုပ်ရှားလေသမျှမှာ အပြစ်ကင်းပြီး ကောင်းမြတ်တဲ့ အမူအကျင့် အလေ့အထများအားလုံးဟာ မမေ့နိုင် လောက်အောင် အောက်မေ့သတိရစရာ ချည်းပါပဲ။ ယခုဆိုရင် ဦးလှ ကွယ်လွန်သွားတာ ဆယ့်ရှစ်နှစ်လောက် ရှိတော့မယ်။ ဦးလှနဲ့ ပတ်သက်လို့ ဦးလှကျေနပ်အောင် ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ။ အကောင်းဆုံး ကျွန်တော်လုပ်ပေးနိုင်တာ တခုပဲ တတ်နိုင်တော့တယ်လို့ တွေးမိတယ်။ အဲဒီ အကောင်းဆုံး တတ်နိုင်တဲ့တခု ကျွန်တော်တို့ မြန်မာနိုင်ငံတော်မှာ ဦးလှလို အသိဥာဏ်ရှိသူနဲ့ အကျင့်ကောင်းသူများ များနိုင်သမျှ များများ မွေးထုတ်ပေးနိုင်ကြပါစေလို့ အမြဲမပြတ် ဆန္ဒပြု ဆုတောင်းပေးနေဖို့ပဲ ရှိပါတော့တယ်။

ညွန့်အောင် (ရေစကြို)
မြ၀တီရပ်၊ အမှတ် (၁)နယ်မြေ
မုံရွာမြို့။


1 comment:

Anonymous said...

မာယာကို ကျေးဇူးတင်လိုက်တာ။