Friday, January 22, 2010

နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ
ရေးသူ- ၀င်းတင်

(၁)
သြဂုတ် ၂ ရက် (၁၉၈၂ ခု) မနက်မှာ ဦးလေးနဲ့ ဒေါ်ဒေါ်တို့ ရန်ကုန်ကနေ မန္တလေးကို ပြန်ကြပါတယ်။
ကျွန်တော် ဘူတာကြီးကိုရောက်တော့ ဦးလေးတို့ ပေါ်မလာကြသေးပါဘူး။ ဆန်းပါကလားလို့ စိတ်ထဲမှာ ထင်လိုက်မိတယ်။ ဟုတ်တယ်လေ။ ဦးလေးက ထကြွလုံ့လ သိတ်ရှိတာ။ နောက်ကျဖို့ဆိုတာ ဝေးရော။ မစောဘူးဆိုတာတောင် ရှိခဲပါဘိခြင်း။ ဘာလုပ်စရာရှိရှိ ဦးလေးက စောစော ရောက်နေတတ်တာချည်းပါ။
ရထားထွက်ခါနီးမှ ဦးလေးတို့ ရောက်လာကြပါတယ်။ ဦးလေးကို ကြည့်ရတာ ခါတိုင်းနဲ့ မတူပါဘူး။ ပျော့ယိုင်ယိုင် ဖြစ်နေသလိုပဲ။ ဦးလေး လမ်းလျှောက်ပုံက ခါးက ကော့ကိုင်းကိုင်း ဖြစ်နေပါတယ်။ ခါးကို ဆန့်နိုင်သမျှ ဆန့်ထားလို့ ကော့ယောင်ယောင် ဖြစ်နေတာ ထင်ပါရဲ့။ ဒါပေမယ့် ကိုင်းတိုင်းတိုင်း။ ခါးကတော့ ကိုင်းတိုင်းတိုင်းဟာ ကိုင်းတိုင်းတိုင်းမို့ ကော့ကိုင်းကိုင်း ဟန်ပေါက်နေတာပါ။ ခါးကိုင်းတော့ ဦးလေးဝတ်နေကျ အနက်ရောင် မကျည်းစေ့ကွက် တိုက်ပုံအင်္ကျီကြီးက ရှေ့ကို ပိုပြီး ဖါးလျားကျနေတယ်။ တောင့်တောင့် မတ်မတ်ဆိုလို့ ခါးပေါ်က လုံချည်ရဲ့ မီးခိုးရောင် ကွက်တုံးကြီးတွေပဲ ရှိတော့သယောင် ထင်ရပါတယ်။ ဦးလေးရဲ့ ဗယ်ဘက်လက်မှာ တောင်ဝှေးလို တုတ်တချောင်း ကိုင်ထားတယ်။ တုတ်ကို အတော်ကလေး အားပြုနေရတော့ လမ်းလျှောက်တုတ် ကိုင်သလို မကိုင်ပဲ တောင်ဝှေးကိုင်သလို ကိုင်ထားတယ်။ ဒါ့ကြောင့် တောင်ဝှေးလိုတုတ်လို့ စိတ်ထဲမှာ မှတ်မိလိုက်တာပါ။


ဒေါ်ဒေါ်က လိုက်ပို့သူတွေကို နှုတ်ဆက်ပြီး ရထားတွဲပေါ်ကို ချက်ချင်း တက်သွားပါတယ်။ ဦးလေး စင်္ကြန်ပေါ်မှာ တာရှည်ရပ်မနေပဲ ရထားတွဲပေါ် တက်ထိုင်နိုင်အောင်ဆိုတဲ့ သဘောနဲ့ တူပါတယ်။ ဒါပေမယ့် ဦးလေးက တွဲပေါ်ကို ချက်ချင်းလိုက်မတက်ပါဘူး။ ဦးလေး ရထားတွဲပေါ်တက်ထိုင်ပြီး အပေါ်က စကားပြောချင် ပြောနိုင်အောင်လို့ ကျွန်တော်လဲ တွဲဘေးစင်္ကြန် အတွင်းပိုင်းအထိ ၀င်လိုက်သွားပါတယ်။ "တနေ့လုံး ထိုင်သွားရမှာပဲ ကိုဝင်းတင်ရယ်၊ မတက်သေးပါဘူး" တဲ့။ ဦးလေးက စင်္ကြန်ပေါ်မှာပဲ အကြာကြီး ရပ်ပြီး ကျွန်တော်နဲ့ စကားပြောနေပါတယ်။ ဦးလေးက နိုင်ငံတကာအရေး၊ တိုင်းရေးပြည်ရေး၊ စာရေးပေရေးတွေကို ပြောနေပါတယ်။ "လူတွေ စာဆိုးပေညံ့တွေကိုချည်း ဖတ်နေရင် နှစ်ပေါင်း သုံးဆယ် လေးဆယ်အတွင်း နလပိန်းတုန်းတွေ ဖြစ်ကုန်နိုင်တယ် ကိုဝင်းတင်ရေ့၊ ဖေတော့မောင်တော့ အီးအားဒိန်းဒိုင်း စာတွေနဲ့ပဲ လူတွေ အချိန်ကုန်နေလို့ မဖြစ်သေးဘူး။ စာကောင်းတွေ ရေးဖို့ထုတ်ဖို့ သိတ်လိုနေပြီ၊ စာကောင်းတွေ ဖတ်မှ လူကောင်းတွေ ဖြစ်မယ်၊ လူတွေကောင်းမှ တိုင်းပြည်ကောင်းမှာ မဟုတ်လားဗျာ"
ဦးလေးကို ကြည့်ရတာ ခါတိုင်းလို ရွှန်းရွှန်းဝေေ၀ မရှိပါဘူး။ ဦးလေးဟာ စကားပြောရာမှာသာ ရွှန်းရွှန်းဝေေ၀ ရှိတယ်လို့ ဆိုနိုင်သူ မဟုတ်ပါဘူး။ ပြုံးကြည်တဲ့ မျက်နှာ၊ ဖျတ်လတ်တဲ့ က်ုယ်ဟန်ကြောင့် ပြုမူလှုပ်ရှားရာမှာလဲ ရွှန်းရွှန်းဝေေ၀ ရှိလှတယ်လို့ ဆိုနိုင်သူ ဖြစ်ပါတယ်။
"ကိုဝင်းတင် မန္တလေးမရောက်တာ ဘယ်နှစ်နှစ်လောက် ရှိနေပြီလဲ"
ဦးလေးက သူ့မေးခွန်းကို သူဖြေပြီး ဆက်ပြောသွားပါတယ်။
"ငါးနှစ်တောင် ရှိတော့မှာပါလား၊ မန္တလေးက လူတွေက ကိုဝင်းတင်ကို ခင်ကြတယ်။ ကိုယ့်ကို ခင်တဲ့သူတွေနဲ့ သိပ်အဆက်မပြတ်ကောင်းဘူးလေ။ ဦးလေးရေးလိုက်တဲ့စာ ရတယ်မဟုတ်လား။ ၀ါကျွတ်တော့ လာဖြစ်အောင် လာခဲ့ပေါ့ ကိုဝင်းတင်ရယ်"
ဦးလေးပြောတဲ့စာက ဇွန် ၃ ရက်နေ့စွဲနဲ့ ရေးလိုက်တဲ့ စာပါ။ အဲဒီစာကို မနေ့ (သြဂုတ် ၁ ရက်) ကပဲ ကျွန်တော်ရပါတယ်။ ဦးလေး ရေးလိုက်တဲ့ စာလို့ ဆိုပေမယ့် အမှန်က ဒေါ်ဒေါ်ရဲ့ စာပါ။ ဒေါ်ဒေါ်ရဲ့ စာအောက်မှာ သီတင်းကျွတ် ကိုသိန်းတို့နဲ့ အတူလာယင် ကောင်းမယ်လို့ တကြောင်းထဲ ဦးလေး ၀င်ရေးလိုက်တဲ့ စာပါ။ ကိုသိန်းဆိုတာ ဆရာဇ၀နကို ပြောတာပါ။ ဦးလေးဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘယ်တော့မှ စာအဆက်ပြတ်သူ မဟုတ်ပါဘူး။ စာပြန်ပျင်းတဲ့ ကျွန်တော့်လိုလူမျိုး ဆီကိုတောင် မပြတ်လိုလို သတိတရ စာရေးတတ်သူ ဖြစ်ပါတယ်။ ဒီတခါတော့ တယ်ပြီး နေကောင်းထိုင်သာ မရှိလှလို့နဲ့ တူပါရဲ့။ ဒေါ်ဒေါ့် ငါးမျက်နှာ စာရှည်ကြီးအောက်မှာ တကြောင်းလောက်သာ ၀င် 'တို့' နိုင်ပါတော့တယ်။
"လာမှာပေါ့ ဦးလေးရယ်၊ ဟုတ်မှာပဲ၊ မန္တလေးမရောက်တာလဲ ကြာလှပြီပဲ" ဦးလေးကို ကျွန်တော် ကတိ ပေးလိုက်ပါတယ်။
ရထားထွက်တော့ ဦးလေးက အကြာကြီး လက်ပြ နှုတ်ဆက်သွားပါတယ်။ မျက်စိအောက်က လူလုံး ပျောက်သွားတဲ့အထိ ဦးလေးက ပြူတင်းပေါက်မှာ ခေါင်းထုတ်ပြီး လက်တရမ်းရမ်း လှုပ်ပြသွားလို့ အကြာကြီးလို့ အမှတ်ထားလိုက်မိတာပါ။
အဲဒီနေ့က ကျွန်တော့နေ့စဉ်မှတ်တမ်းမှာ ဦးလေးပြောခဲ့တာတွေကို ရေးမှတ်ရင်း အပြီးသတ်မှာ "ရထားထွက်တော့ ဦးလေးက အကြာကြီး(၂) လက်ပြနှုတ်ဆက်သွားတယ်။ (?)" လို့ ရေးလိုက်မိပါတယ်။ (၂) က အကြာကြီးဆိုတာ တော်တော့ကို ကြာတဲ့ အကြာကြီးမှန်း မှတ်မိအောင်လို့ ထပ်ကိန်းနဲ့ တေးထားတာပါ။ (?) ကတော့ ကျွန်တော့် စိတ်ထဲမှာ ထင့်နေတဲ့ ပူပန်မှုကို ဘယ်လိုမှ ထုတ်မရေးရက်လို့ မေးခွန်းသင်္ကေတနဲ့ မှတ်ထားတာပါ။ အဲဒီနေ့က ကျွန်တော့် စိတ်ထဲမှာ ထင့်ကနဲ ဖြစ်လိုက်ရတဲ့ ပူပန်မှုက ဦးလေးရဲ့ ကျန်းမာရေး အခြေအနေ သိပ်များ ဆိုးနေပြီလား၊ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ၊ ဦးလေးကို နောက်ဆုံးတွေ့လိုက်ရ တာများ ဖြစ်နေ မလား၊ ဦးလေး အကြာကြီး လက်ပြနှုတ်ဆက်သွားတာကကော ဘာသဘောလဲ၊ ဦးလေး စိတ်ထဲမှာလဲ ငါတို့ကို နောက်ဆုံး တွေ့ရတာပဲလို့ ထင်နေလို့လားဆိုတဲ့ ပူပန်မှုပါပဲ။
ကျွန်တော် ဘူတာကြီးက ပြန်တော့ ဆရာတက်တိုးတို့ အိမ်ကို ၀င်သွားပါတယ်။
"ဦးလေးလှတော့ ကျန်းမာရေး အတော်ဆိုးနေပြီ ထင်တာပဲ ဆရာရယ်၊ စိတ်မကောင်းဘူး၊ အသက်မှ ရှည်ပါ့မလား မသိဘူး" လို့ နမိတ်မရှိ နမာမရှိ ကျွန်တော် ပြောလိုက်မိပါတယ်။ ဆရာတက်တိုးနဲ့ ဆရာကတော် ဒေါ်နုယဉ်တို့လဲ ဟုတ်လား၊ ဟုတ်လားနဲ့ စုတ်တသပ်သပ် ဖြစ်နေကြပါတယ်။ ဆရာက သူတို့ မင်္ဂလာဆောင်တုန်း က ဦးလေးပို့ပေးတဲ့ လက်ဆောင်ပစ္စည်းကလေးကို ထုတ်ပြပါတယ်။
"ကိုလှက သိပ် စိတ်ကောင်းရှိတဲ့လူ၊ သိတ် ချစ်တတ် ခင်တတ်တဲ့ လူကွ" ဆရာက နှစ်နှစ်လိုလို ပြောပါတယ်။
"အေးပေါ့ကွာ အသက်တွေ ကြီးလာတော့လဲ သေကြရမှာပေါ့၊ ငါ့ကိုကော သေခါနီးပြီလို့ မင်းက ထင်နေသလား"
"ဟာ ဆရာကလဲ မဟုတ်တာ"
"ထင်လဲ အရေးမကြီးပါဘူး မောင်ရာ၊ အသက်ကြီးတဲ့လူတွေ ဆိုတာ ကြီးလာလေ၊ သေရမှာ မကြောက်လေပဲကွ၊ မှတ်ထား အချိန်မရှိတော့ဘူး ဆိုတာ သိတော့ ပို အလုပ်လုပ်တယ်၊ အလုပ်ပိုလုပ်တော့ အသက်က ပိုရှည်ပြန်ရောကွ၊ ကိုလှ အသက်ရှည်မှာပါကွာ၊ မပူပါနဲ့၊ သူက တသက်လုံး သိပ်အလုပ်လုပ်တဲ့လူ၊ ခုအချိန်ဆို ပိုတောင် အလုပ်လုပ်နေအုန်းမှာ၊ ဒီတော့ ပို အသက်ရှည်မှာ မောင်ရေ့ စိတ်သာချ"
ဆရာတက်တိုးစကားကြောင့် ကျွန်တော့်စိတ်ထဲမှာ ထင့်နေတာ သက်သာတန်သလောက် သက်သာ သွားပါတယ်။
သက်သာရာ ရတယ်ဆိုပေမယ့် ရက်ပိုင်းပါပဲ။
သြဂုတ်လ ၇ ရက် မနက်စောစောမှာ ဆရာဇ၀နဆီက စာတိုကလေးတစောင် ရောက်လာပါတယ်။
ဦးလေး ဆုံးပြီဆိုတဲ့ သတင်းကို ဆရာသုခက တယ်လီဖုံး ဆက်ပြောကြောင်း.....
အလွန်ခိုင်ခံ့ တောင့်တင်းတဲ့ ဆရာဇ၀နရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရွက်ပေါ်က စာလုံးတွေဟာ ကျွန်တော်ရဲ့ မျက်စိထဲမှာ ယိမ်းပြိုလာသလို ထင်ရပါတယ်။ စာလုံးတွေ ယိမ်းပြိုတာကို မျက်စိထဲမှာ မြင်နေရသလိုပဲ ရင်ထဲမှာလဲ ကျောက်သားတောင်ကြီးတလုံး ၀ုန်းကနဲ ပြိုကျသွားတာကို ကြည့်မြင်နေရသလို ခံစားလိုက်ရပါတယ်။

(၂)
ချက်ချင်းပဲ မန္တလေးသွားဖို့ ကျွန်တော် စီစဉ်ပါတယ်။ ဆရာဇ၀နကလဲ အတူသွားကြမယ်၊ မန္တလေးမှာ ရက်လည်အောင် နေကြမယ်ပေါ့။ ဒါပေမယ့် အစီအစဉ် ပျက်သွားပါတယ်။ ဆရာဇ၀န သိပ်စိတ်ထိခိုက်နေပြီ၊ သွေးတက်နေပြီ။ မန္တလေးကို လိုက်နိုင်မယ့် အခြေအနေ လုံးဝ မရှိတော့ဘူး။ ဒေါ်ဒေါ်ဆီကို စာရှည်ကြီးတစောင် ရေးပြီး သူ့သားမက်ကြီး ဆရာကိုမျိုးအောင်ကိုပဲ ကိုယ်စားလွှတ်နိုင်တော့မယ်။ ဒါနဲ့ ကျွန်တော်တယောက်တည်း မန္တလေးကို ထွက်ခဲ့ရတော့တယ်။ ရထားပေါ်ကျမှ ဦးလေးရဲ့ မိတ်ဆွေကြီး ဦးအေးကြည်တို့၊ စာရေးဆရာမ ဒေါ်ခင်ဆွေဦး သားအမိတို့နဲ့ ဆုံပါတယ်။ မန္တလေးရောက်မဆိုက်ပဲ လူထုတိုက်ကို တန်းသွားကြပါတယ်။
"ကိုဝင်းတင်ရယ် ရှင့်ဦးလေးက ရှင့်ကို မန္တလေးလာစေချင်တာ ဒီလာပုံမျိုးနဲ့ လာစေချင်တာ မဟုတ်ပါဘူး ကိုဝင်းတင်ရဲ့" လို့ ဒေါ်ဒေါ်က ငိုပါတယ်။ ဒေါ်ဒေါ်က မျက်ရည်လည်ရွဲနဲ့ ကြေကွဲတဲ့ စကားတွေကို ပြောနေပါတယ်။ ကျွန်တော်လဲ မျက်ရည်မကျအောင် အနိုင်နိုင် ထိန်းနေရပါတယ်။ ဦးလေးရဲ့ ရုပ်ကလပ်ကို ကျွန်တော်အကြာကြီး စိုက်ကြည့်နေမိပါတယ်။ ပြီးတော့ ကျွန်တော့်မျက်စိကို အကြာကြီး မှိတ်ထားလိုက်ပါတယ်။ မှိတ်ထားတဲ့ မျက်စိထဲမှာ ဦးလေးရဲ့ သက်မဲ့ရုပ်ကလပ်ကို မမြင်ပါဘူး။ ကြည်သာရွှန်းဝေတဲ့ မျက်နှာ၊ လန်းဆန်း ဖျပ်လတ်တဲ့ ကိုယ်ဟန်နဲ့ သက်ရှိလှုပ်ရှားနေတဲ့ ဦးလေးကိုပဲ မြင်ယောင်နေမိပါတယ်။ စိတ်အာရုံထဲမှာလဲ ဦးလေးရဲ့ စိတ်ကောင်း လူကောင်း ဂုဏ်ဒြပ်တွေကို တစေ့စေ့ တွေးမှတ်နေမိပါတယ်။
"ဒေါ်ဒေါ်ရယ်- ဦးလေးဟာ လူ့လောက ကောင်းကျိုးကို အများကြီး သည်ပိုးသွားတဲ့ လူဆိုတော့ လူ့လောကကြီးမှာ အကြာကြီးနေသွားရဖို့ ကောင်းတာပေါ့။ အသက် ခုနှစ်ဆယ်ကျော်အထိ နေရတယ်ဆိုတာလဲ အကြာကြီးပါပဲ။ ဒါထက် ကြာကြာကြီး ပိုမနေရတဲ့အတွက် နှမြောစရာကောင်းတာ တခုပါပဲ"

(၃)
ဦးလေးအသုဘ ရက်လည်ပြီးတဲ့ နောက်တနေ့မှာ ကျွန်တော် ပြန်ဖို့ စီစဉ်ပါတယ်။ မပြန်ခင် ဒေါ်ဒေါ့်ကို နှုတ်ဆက်ဂါရ၀ပြုယင်း ကျွန်တော် စကားတခွန်း ပြာခဲ့ပါတယ်။
"ဦးလေးဟာ လူတွေအများကြီးရဲ့ ကောင်းကျိုးကိုလဲ ပြုခဲ့တယ်။ လူတဦးချင်း တယောက်ချင်းစီရဲ့ ကောင်းကျိုးကိုလဲ ပြုခဲ့တယ်။ ဒါဟာ ဦးလေးရဲ့ အလွန်ထူးခြားတဲ့ ဂုဏ်ဒြပ်ပါပဲ။ ဒါ့ကြောင့်လဲ ဦးလေးဟာ လူ့ဘ၀မှာ နေရကျိုးအနပ်ဆုံး လူတယောက်အဖြစ် နေသွားခဲ့ရတာပဲ" လို့ ကျွန်တော် ပြောခဲ့ပါတယ်။
အမှန်ပါပဲ။ ဦးလေးဟာ လူ့ဘ၀မှာ နေရကျိုးအနပ်ဆုံး လူတယောက်အဖြစ်နဲ့ နေသွားနိုင်ခဲ့ပါတယ်။
အများကောင်းကျိုး ဆောင်တယ်ဆိုတာ အလွန်မွန်မြတ်တဲ့ အလုပ်ပါ။ ငတေမာကမ္ဘာမှာ အများကောင်း ကျိုးဆောင်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ စိတ်ဓာတ်ရှိတောင် လက်တွေ့လုပ်ဖို့ ခက်ပါတယ်။ လက်တွေ့လုပ်နိုင်ပြန်လဲ ကျယ်ကျယ်ဝန်းဝန်း နှံ့နှံ့စပ်စပ် လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အများအကျိုးကို ကျယ်ကျယ် ၀န်းဝန်း ဆောင်ရွက်တယ်ဆိုတာက လူသားတရပ်လုံးနဲ့ သက်ဆိုင်တဲ့ ကောင်းကျိုးလုပ်ငန်းတွေ၊ လူမျိုးတမျိုးလုံးနဲ့ သက်ဆိုင်တဲ့ ကောင်းကျိုးလုပ်ငန်းတွေကို ဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။ အများကောင်း ကျိုးကို နှံ့နှံ့စပ်စပ် ဆောင်ရွက်တယ်ဆိုတာက ဥာတိသင်္ဂဟ စသည် တဦးချင်း တယောက်ချင်းရဲ့ ကောင်းကျိုးကို လဲ မချွတ်မယွင်း မလစ်မဟင်း ဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။ အများကောင်းကျိုး ဆောင်တတ်ယင် ပြီးရောပေါ့။ ကျယ်ကျယ်ဝန်းဝန်းတွေ နှံ့နှံ့စပ်စပ်တွေ ခွဲခြမ်းနေဖို့ မလိုပါဘူးလို့ ဆိုချင်ကောင်း ဆိုချင်ကြပါ လိမ့်မယ်။ အမှန်တော့ ခွဲခြမ်းဖို့ လိုပါတယ်။ အကြောင်းက ဒီလိုရှိပါတယ်။
ကမ္ဘာ့အတိုင်းအတာနဲ့ ကြည့်ကြည့်၊ တိုင်းပြည်မြို့ရွာ အချိုးအဆနဲ့ ကြည့်ကြည့်၊ ပုဂ္ဂိုလ်တဦးချင်း အနေ အထားနဲ့ ကြည့်ကြည့် အများအကျိုး သယ်ပိုးဆောင်ရွက်တယ် ဆိုတဲ့နေရာမှာ သဘောတဖြောင့်တည်း မဟုတ်တာကို တွေ့ရတတ်ပါတယ်။ တချို့ဟာ ကမ္ဘာနဲ့ တိုင်းနိုင်ငံနဲ့ ချီပြီး လူအများကြီးရဲ့ ကောင်းကျိုးကို သယ်ပိုးတတ်တာ မှန်ပါရဲ့။ ဒါပေမယ့် လူတဦးချင်း တယောက်ချင်းရဲ့ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ဖို့ ကျတော့ အမှုထားရကောင်းမှန်း မသိနိုင်လောက်အောင် ပေါ့လျော့ ပျက်ကွက်တာကို တွေ့ရတတ်ပါတယ်။ တချိ့ကျတော့ နီးရာစပ်ရာ လူတဦးချင်းတယောက်ချင်းရဲ့ ကောင်းကျိုးကို သယ်ပိုးဖို့ စေတနာ ထက်သန် သလောက် မြို့နဲ့ ရွာနဲ့ တိုင်းနဲ့ ကမ္ဘာနဲ့ ချီပြီးတော့ လူအများကြီးရဲ့ ကောင်းကျိုးကို ဆောင်ရွက်ဖို့ကိုတော့ နှောင့်နှေး တွန့်ဆုတ် တတ်ကြပါတယ်။
ဒါဟာ သစ်တောကိုသာမြင်ပြီး သစ်ပင်ကို မမြင် ဆိုတဲ့စကား၊ သစ်ပင်ကိုသာမြင်ပြီး သစ်တောကို မမြင် ဆိုတဲ့စကားတွေ အတိုင်းပဲပေါ့။ အလှမ်းကျယ်လို့ အလယ်လပ်တယ် ဆိုတဲ့သဘော၊ အနုတ်မက်လို့ အခွက်ပျက် တယ်ဆိုတဲ့ သဘောအတိုင်းပါပဲပေါ့။
ဦးလေးကတော့ ဒီလိုမဟုတ်ဘူး။ လူတဦးတယောက်ချင်း ကောင်းကျိုးကို သယ်ပိုးရမလား၊ လာခဲ့။ လူအများစုကြီး ကောင်းကျိုးကို သယ်ပိုးကြမလား၊ စိန်လိုက်ပဲ။ အများကောင်းကျိုးကို လုပ်ငန်း ကြီးသေး၊ ဒေသ ကျဉ်းကျယ်၊ တာဝန် ပေါ့ လေး၊ အရေးထားမနေဘူး။ အမြဲထက်သန်နေတော့တာပဲ။ အမြဲတက်ကြွနေတော့တာပဲ၊ အမြဲနိုးကြားနေတော့တာပဲ။ ဒါဟာ ဦးလေးရဲ့ နှလုံးသားထဲက လျှံထွက်နေတဲ့ ပရဟိတ စိတ်ကောင်းစိတ်မြတ် အဟုန်ကြီးပါပဲ။ ဦးလေးဟာ ဒီစိတ်ဓာတ်နဲ့ နိုင်ငံရေးလုပ်တယ်။ ဒီစိတ်ဓာတ်နဲ့ ရပ်ရေး ရွာရေး လုပ်တယ်။ ဒီစိတ်ဓာတ်နဲ့ နိုင်ငံတကာ သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား ချစ်ကြည်ရေး စတဲ့ လုပ်ငန်းတွေကို လုပ်တယ်။ ဒီစိတ်ဓာတ်နဲ့ လူငယ်များ ကြီးပွါးရေး၊ ဘိုးဘွားများ စောင့်ရှောက်ရေး စတဲ့ လုပ်ငန်းတွေကို လုပ်တယ်။ ဒီစိတ်ဓာတ်နဲ့ စာပေယဉ်ကျေးမှု လုပ်ငန်းတွေကို လုပ်တယ်။ လူတဦးတယောက်ချင်း ကောင်းကျိုးအတွက် ဆိုရင်လဲ ဒီစိတ်ဓာတ်နဲ့ လုပ်တာပဲ။ လူသားတရပ်လုံးရဲ့ ကောင်းကျိုးအတွက် ဆိုယင်လဲ ဒီစိတ်ဓာတ်နဲ့ပဲ လုပ်တာပါပဲ။
ဒီလို အများအကျိုးကို ကျယ်ကျယ်ပြန့်ပြန့်ကြီး၊ နှံ့နှံ့စပ်စပ်ကြီး ဆောင်ရွက်နိုင်စွမ်းရှိလို့လဲ ဦးလေးကို စိတ်ကောင်းစိတ်မြတ်တို့ ကိန်းအောင်းရာ ပုဂ္ဂိုလ်ကြီးအဖြစ် ရင်းနှီးသူတိုင်း၊ သိကျွမ်းသူတိုင်း၊ ကြားဖူးသူတိုင်းက ယုံကြည်စွဲမှတ်ကြတာ ဖြစ်ပါတယ်။ ကျွန်တော့် အမြင်မှာတော့ ဒီလို လူ့လောကကောင်းကျိုး လူတွေရဲ့ ကောင်းကျိုးကို မပြတ်မလပ်၊ မပျက်မကွက်၊ မတွန့်မဆုတ်၊ သယ်ပိုးဆောင်ကျဉ်းနိုင်တဲ့ ပုဂ္ဂိုလ်ဟာ လူ့လောကမှာ နေရကျိုး အနပ်ဆုံး လူသားတယောက်ပဲလို့ တထစ်ချ သတ်မှတ်ပါတယ်။
ဦးလေးဟာ သူကိုယ်တိုင်က ပရဟိတစိတ်ဓာတ် အဟုန်ကြီးနဲ့ သူတပါးကောင်းကျိုး၊ လူအများကောင်း ကျိုးကို တရစပ် တွန်းလုပ်နေရုံနဲ့ ရောင့်ရဲနိုင်သေးတာ မဟုတ်သေးဘူး။ သူတကာကိုလဲ သူ့လိုပဲ အများကောင်း ကျိုး သယ်ပိုးဆောင်ရွက်အောင် အမြဲစေ့ဆော် တွဲခေါ်နေတတ်သူ ဖြစ်ပါတယ်။ "ပရစိတ်ဓာတ်၊ ကျင့်ကောင်းမြတ်၊ လွှမ်းပတ်ကမ္ဘာခြုံစေသောဝ်" ဆိုတဲ့ စေတနာမျိုးနဲ့ သာသနာပြုနေသူတဦးရယ်လို့ ဦးလေးကို သတ်မှတ်မယ်ဆို ယင် လွန်တန်မယ် မထင်ရလောက်အောင် ဦးလေးဟာ အများအကျိုး သယ်ပိုးလိုလွန်းသူ ဖြစ်ပါတယ်။ ဒီတော့ ဦးလေးနဲ့ ရင်းနှီးဆက်ဆံသူတိုင်းဟာ တနည်းမဟုတ်တနည်း၊ ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ့်အတိုင်း ကိုယ့်အတာနဲ့ အများကောင်းကျိုး သယ်ပိုးသူတွေ ဖြစ်လာတာချည်းပါပဲ။ ဦးလေးဟာ လူငယ် လူရွယ် အားသစ်မာန်သစ်တွေ အဖို့ စံထားစရာ ပုဂ္ဂိုလ်ကြီးတဦးအဖြစ် မားမားကြီး ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီလို ရပ်တည်နိုင်ခဲ့တာဟာ ဦးလေးကိုယ်နှိုက်က အများကောင်းကျိုးကို ထာဝစဉ် ရှေ့ရှုနေလို့၊ လူငယ်အားသစ်တွေအပါအ၀င် လူအများစုကြီးရဲ့ ကောင်းရာကောင်းကျိုးတွေကို အမြဲသယ်ပိုးရွက်ဆောင်နေလို့၊ အဲဒီလို အများအကျိုးကို သယ်ပိုး နေရတာကိုက ဦးလေးအဖို့ အားသစ်မာန်သစ်တွေ အဖန်တလဲလဲ ပွါးစည်း ဆူဝေနေလို့ပဲ ဖြစ်ပါတယ်။
ဦးလေးနဲ့ ရင်းနှီးရတာဟာ အများကောင်းကျိုး သယ်ပိုးရွက်ဆောင်လိုတဲ့ စိတ်ဓာတ်အားမာန်တွေကိုသာ ခွဲဝေရရှိစေတာ မဟုတ်ပါဘူး။ စာပေဗဟုသုတနဲ့ ပတ်သက်လို့ အသိသစ်တွေကို ရပါတယ်။ နိုင်ငံရေး၊ လူမှုရေးတွေနဲ့ ပတ်သက်လို့ အတွေးသစ်တွေကို ရပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ စည်းရုံးလှုပ်ရှားရေးတွေနဲ့ ပတ်သက်လို့ အားမာန်သစ်တွေကို ရပါတယ်။ ဦးလေးဟာ ဘာကလေးလုပ်လုပ် တဘက်လူရဲ့ ဆန္ဒ သဘောထားကို တောင်းခံ ဖော်ထုတ်ဖို့ ဘယ်တေ့မှ မေ့မထားဘူး။ မိမိရဲ့ ဆန္ဒကို တပါးသူ နားလည်သဘော ပေါက်ပြီး ထောက်ခံလိုက်လျောလာအောင် ညှိနှိုင်းဆက်စပ်ဖို့ ဘယ်တော့မှ မေ့မထားဘူး။ ဦးလေးဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ဆွေးနွေးညှိနှိုင်းရာမှာ ပြောဆိုနားထောင်ရာမှာ မျက်နှာအမြဲ ပြုံးချိုတယ်။ စကားအမြဲ ရွှန်းဝေတယ်။ ကိုယ်ဟန်အမြဲ ဖြတ်လတ်တယ်။ အာရုံ အမြဲစူးစိုက်တယ်။ စိတ်ထားအမြဲ စာနာတယ်။ သဒ္ဓါအမြဲပို တယ်။ ဒါတွေဟာ ဦးလေးရဲ့ ကိုယ်ကျင့်တွေပါပဲ။
ဦးလေးဟာ အဲဒီလို ကောင်းမြတ်တဲ စိတ်ဓာတ်တွေ၊ စေတနာ စိတ်ထားတွေ၊ ကိုယ်ကျင့်တရားတွေနဲ့ အတိပြီးတဲ့ပုဂ္ဂိုလ်တဦး ဖြစ်တယ်ဆိုတာ ဘယ်သူမှ ဒွိဟသံသယ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီ ကောင်းမြတ်တဲ့ စရိုက် လက္ခဏာတွေဟာ ဦးလေးဆိုတဲ့ ရုပ်ခန္ဓာကြီးကို ဖွဲ့စည်းတဲ့နေရာမှာ ပင်မဓာတ်ကြီးလို ဖြစ်နေပါတယ်။ ဦးလေးဆိုတဲ့ ရုပ်ခန္ဓာကြီးဟာ ဓာတ်ကြီးလေးပါးနဲ့သာမကဘဲ၊ မေတ္တာ၊ ကရုဏာ စေတနာ သဒ္ဓါဆိုတဲ့ စိတ်ကောင်း စိတ်မြတ် ကြီးတွေနဲ့ပါ ဖြည့်ဆည်းပေါင်းဖွဲ့ထားတာလို ဖြစ်လေတော့ ဦးလေးကို ကြည့်မြင်ရတာ၊ ဦးလေးနဲ့ ဆက်ဆံ ပြောဆိုရတာ၊ ဦးလေးနဲ့အတူ လက်တွဲ လုပ်ကိုင်ရတာဟာ ကောင်းမြတ်တဲ့ စေတနာ မေတ္တာ သဒ္ဓါတရားတွေနဲ့ ကောင်းမြတ်တဲ့ လုပ်နည်းလုပ်ဟန် ကိုယ်ကျင့်စရိုက် လက္ခဏာတွေကို ကူးဆက်မျှဝေ ခံယူရသလို ရှိပါတော့တယ်။ ဒီလိုနဲ့ ဦးလေးဟာ သူနဲ့ ပေါင်းသင်းရင်နှီးလက်တွဲ ဆက်ဆံလာသူတွေကို ဘ၀အဓိပ္ပါယ် ကြွယ်ဝစေတယ်။ ဘ၀အားမာန် ပြည့်ဖြိုးစေတယ်။ ဘ၀တာဝန် ကျေပွန်စေတယ်လို့ ဆိုရမယ်ထင် ပါတယ်။ ဒါဟာ ဦးလေးနဲ့ ပတ်သက်ပြီး ကျွန်တော်သဘောတရားတွေ ထုတ်နေတာ မဟုတ်ပါဘူး။ ကိုယ်တွေ့ မျက်မြင်တွေအပေါ်မှာ ကျွန်တော်ဆန်းစစ်ပြီး သုံးသပ်ပြတာ ဖြစ်ပါတယ်။ ကိုယ်တွေ့ မျက်မြင်ဆိုတာတွေက အများကြီးပါ။ တခုတလေကို ထုတ်ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကိုယ်တွေ့မျက်မြင် တွေကို သာဓက ဆောင်ချင်ပါတယ်။
ဦးလေးနဲ့ ကျွန်တော်ဟာ ၁၉၆၀ ပတ်ဝန်းကျင်လောက်ဆီ ကတည်းက သတင်းစာလောက လုပ်ငန်း တွေမှာ အတူလက်တွဲ ဆောင်ရွက်ခဲ့ကြဘူးပါတယ်။ ဒါပေမယ့် ဦးလေးက မန္တလေးမှာ ကျွန်တော်က ရန်ကုန်မှာ။ လုပ်ငန်းအတူတွဲလုပ်ခဲ့ကြတယ် ဆိုပေမယ့် တလတခါဆိုသလို စည်းဝေးဆွေးနွေးကြတဲ့ အခါကျမှသာ လူချင်းတွေ့ကြရတာ ဆိုတော့ နီးနီးကပ်ကပ်ရှိလှတယ်လို့ မဆိုနိုင်ပေဘူးပေါ့။ ၁၉၇၀ လွန်နှစ်များ အတွင်းမှာတော့ ကျွန်တော်ကလည်း မန္တလေးရောက်နေ၊ မန္တလေး ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး လုပ်ငန်းတွေကလည်း လုပ်စရာပေါ်နေ ဆိုတော့ ဦးလေးနဲ့ ကျွန်တော်ဟာ လေးငါးနှစ်လောက် ဆိုသလို အခါမလပ် အတူတွေ့ဆုံ ပြောဆို ဆွေးနွေးတိုင်ပင် လုပ်ကိုင်ဆောင်ရွက် ခဲ့ကြရပါတယ်။ ဒီအချိန်က ဦးလေးရဲ့ စိတ်ကောင်း၊ သဘောကောင်း၊ ကိုယ်ကျင့်တရားကောင်းတွေကို ကျွန်တော် တပုံကြီး ရခဲ့ပါတယ်။
ဦးလေးရဲ့ ပရဟိတ စိတ်ဓာတ် အဟုန်ကြီးမားပုံကိုတော့ ပြောမနေတော့ပါဘူး။ ဦးလေးဟာ စိတ်ဓာတ် ကောင်း၊ သဘောထားကောင်း၊ ကိုယ်ကျင့်ဟန်ကောင်းတွေသာ ရှိရုံမဟုတ်ပါဘူး။ အဲဒီအကောင်းတရားတွေနဲ့ အပ်စပ်ညီထွေတဲ့ လုပ်နည်းလုပ်ဟန်ကောင်းတွေလဲ အများကြီး ရှိတယ်ဆိုတာ ထင်းထင်းကြီး ပေါ်လွင်နေပါ တယ်။ ဦးလေးရဲ့ လုပ်ဟန်ကောင်းတွေဟာ ဘယ်လိုဟာတွေလဲ။
ဦးလေးဟာ သူတာဝန်ယူထားတဲ့ လုပ်ငန်းတွေအတွက် အမြဲတွေးတောစိတ်ကူးပြီး အကြံဥာဏ်ကောင်း တွေကို အမြဲဖော်ထုတ်တင်ပြတယ်။ အမြဲ ရွှင်ပြုံးတက်ကြွတယ်။ တချက်ကလေး ညည်းတဲ့ဟန် မပြဘူး။ အမြဲ အချိန်တိကျတယ်။ ဘယ်တော့မှ ဗိုလ်မကျဘူး။ ငါတကော မကောဘူး။ လူတတ်မလုပ်ဘူး။ ငါ့စကားနွားရ မပြောဘူး။ အထက်စီးမယူဘူး။ အပိုင်အနိုင်မယူဘူး။ ပေဖြစ်ပြီရယ်လို့လဲ မခံဘူး။ တူဖြစ်ပြီရယ်လို့လဲ မနှံဘူး။ လက်ညှိုးငေါက်ငေါက် မထိုးဘူး။ လက်သီးပုန်းလဲ မထိုးဘူး။ အတေးအမှတ် မထားဘူး။ လက်စားမချေဘူး။ နှုတ်မစွာဘူး။ ရန်မထောင်ဘူး။ အထက်ပင့် အောက်ဖိ မလုပ်ဘူး။ ရှေ့တမျိုး နောက်တမျိုး မကျင့်ဘူး။ ဗောင်းတော်ငြိမ့် စိတ်တော်သိ မလုပ်ဘူး။ မင်းလိုလိုက် မင်းကြိုက်မဆောင်ဘူး။ ဆင်ဖြူမီ ကြံမစုတ်ဘူး။ မျောက်ပြ ဆန်မတောင်းဘူး။ ကိုယ်နဲ့တွဲလုပ်သူတိုင်းရဲ့ ထင်မြင်ချက်၊ အကြံဥာဏ်နဲ့ ဆန္ဒတွေကို တောင်းတယ်။ ကိုယ့်ထင်မြင်ချက်၊ အကြံဥာဏ်နဲ့ ဆန္ဒကို အများလိုက်လျောအောင် ညှိတယ်။ ရှေ့မှောက်မှာရော နောက်ကွယ်မှာပါ ဘယ်သူ့အကြောင်းကိုမှ မကောင်းမပြောဘူး။ သိက္ခာမချဘူး။ နာမ်မနှိမ်ဘူး။ အပုပ်မချဘူး။ အမြဲသဖြင့် အတူတွဲလုပ်သူတွေရဲ့ ကောင်းကြောင်းကိုသာ ပြောတယ်။ ဂုဏ်တင်တယ်။ သိက္ခာဆယ်တယ်။ ဗန်းတင်တယ်။ စန်းတင်တယ်။ ဒါတွေဟာ ဦးလေးရဲ့ အထက်တန်းကျတဲ့ အကျင့်ကောင်း၊ လုပ်ဟန်ကောင်းတွေပဲ ဖြစ်ပါတယ်။ ဦးလေးရဲ့ လုပ်ဟန် တိကျမှန်ကန်မှုရဲ့ အကျိုးသက်ရောက်မှုဟာ အင်မတန် ကြီးမားပါတယ်။
မန္တလေး ဘိုးဘွားရိပ်သာ တည်ဆောက်ရေး လုပ်ငန်းတွေ တန်းလန်းဖြစ်နေတာ အဲဒီအချိန်က ဆယ်နှစ်လောက် ရှိနေပါပြီ။ ဒါနဲ့ မန္တလေးတိုင်း ပြည်သူ့ကောင်စီက ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး အဖွဲ့တဖွဲ့ကို ဖွဲ့ပေးလိုက်ပါတယ်။ ဥက္ကဌက တိုင်းပြည်သူ့ကောင်စီဝင် ဒေါ်အောင်ကြည် ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ဦးအေးမောင်၊ ဦးဝင်း၊ ဦးသာဌေး၊ ဦးစံငြိမ်း၊ ဦးသစ်၊ လူထုဦးလှ စတဲ့ မြို့မိမြို့ဖတွေ ပါဝင်ကြပါတယ်။ ဒီပုဂ္ဂိုလ်ကြီး တွေဟာ ကိုယ်ပိုင်လုပ်ငန်းကြီးတွေကို အောင်အောင်မြင်မြင် ဦးစီးလုပ်ကိုင်နေကြတဲ့ သူတွေ ဖြစ်ပါတယ်။ ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာလဲ အတွေ့အကြုံ ကြွယ်လှသူတွေ ဖြစ်ပါတယ်။ လုပ်သမျှလုပ်ငန်း ကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်လောက်အောင် ဓနဥစ္စာအင်အား၊ မိတ်သင်္ဂဟအင်အား၊ ခန့်ခွဲကွပ်ကဲမှု အင်အား ကြီးမားသူတွေလဲ ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်ကြီးတွေနဲ့ လက်တွဲလုပ်ကြစို့ ဆိုတော့ အဲဒီအချိန်က ဥက္ကဌ ဒေါ်အောင်ကြည်ဟာ အသက်အရွယ်အားဖြင့်ရော၊ အတွေ့အကြုံအားဖြင့်ပါ ၀ါနုနေပါတယ်။ ဒါပေမယ့် ဘိုးဘွားရိပ်သာ လုပ်ငန်းတွေဟာ နေ့ချင်းညချင်းပဲ အောင်အောင်မြင်မြင်ကြီး အကောင်အထည် ပေါ်လာခဲ့ ပါတယ်။ အောင်မြင်မှု ရခဲ့တဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ အလှူအတန်းမှာ မွေ့လျော်တဲ့ ဒေသခံပြည်သူ တွေရဲ့ ရက်ရက်ရောရော ကုသိုလ်ပါဝင်မှု၊ ဥက္ကဌ ဒေါ်အောင်ကြည်ရဲ့ အသက်အရွယ် အတွေ့အကြုံနုပေမယ့် ရှေ့ဆောင်ရှေ့ရွက် ပြုတဲ့နေရာမှာ ထက်မြက်ချက်ချာမှု၊ အဖွဲ့ဝင်လူကြီးတွေရဲ့ ကိုယ်ဖိရင်ဖိ ကြည့်ကြပ်မှု စတဲ့ အချက်တွေဟာ အောင်မြင်မှုရဲ့ အရင်းခံ အကြောင်းတွေပါ။ အဲဒီ အရင်းခံ အကြောင်းတွေလိုပဲ အဓိကကျတဲ့ အရင်းခံ အကြောင်းတခု ရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုရင် အဖွဲ့အတွင်းမှာ ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက် မှု တည်ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဘိုးဘွားရိပ်သာလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဦးလေးရဲ့ ကောင်းသော လုပ်ဟန်းဟာ အဖွဲ့ဝင် အားလုံးရဲ့ အချင်းချင်းယုံကြည် ရင်းနှီးမှု၊ လိုက်လျောကြည်ဖြူမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ပေါင်းစပ် တွဲဆက်ပေးတဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။ ဦးလေးဟာ လူတွေကို ချစ်တယ်။ ဒါ့ကြောင့် လူတွေရဲ့ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်တယ်။ သူချစ်တဲ့ လူတွေ အချင်းချင်းလဲ ချစ်ခင်ကြည်ဖြူမှု ရှိစေချင်တယ်။ အပြုအဖြစ် အကောင်းအမှန် လုပ်ငန်းတွေအတွက် သင့်မြတ်လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြစေချင်တယ်။ ဒါဟာ ဘယ်လုပ်ငန်းမှာပဲ ဖြစ်ဖြစ် ဦးလေးအမြဲကျင့်သုံးတဲ့ လုပ်နည်းလုပ်ဟန် ဖြစ်ပါတယ်။
"ဦးအေးမောင်- ကိုဝင်းတင်ရေ- ကျွန်တော်တို့ မအောင်ကြည်ကို ၀ိုင်းကူကြရမယ်ဗျ။ သူလုပ်နိုင်တယ်ဗျ၊ လုပ်လဲ လုပ်တတ်တယ်။ စေတနာလဲရှိတယ်။ မဟုတ်ဘူးလားဗျာ"
ဦးလေးဟာ တခြားအဖွဲ့ဝင်တွေအပေါ်မှာလဲ ဒီလိုပဲ အကောင်းမြင်တယ်။ အကောင်းပြောတယ်။ ဒီလိုနဲ့ အဖွဲ့အတွင်းမှာ ညီညွတ်မှု ပူးပေါင်းဆောင်ရွက်မှုကို ရှင်သန်စေတယ်။ ဦးလေးက သူ့ကိုယ်သူ 'မယားပါ မန္တလေး သား' လို့ ပျော်စေ ပြက်စေ ပြောတတ်ပါတယ်။ ကျွန်တော်က ဘာ မန္တလေးသား ရယ်လို့မှကို ပြောလို့ မရတဲ့ အသည်အလာမဟုတ်တဲ့ ပျံကျကပ္ပါးဆိုတော့ ဦးလေးက ကျွန်တော့်ကို မန္တလေးအကြော၊ မန္တလေးအထာ၊ ခပ်နှိုက်နှိုက်ကလေးသိနေအောင် အမြဲသွန်သင် ရှင်းလင်းပြတတ်ပါတယ်။ ရပ်ခံဓလေ့အကြောင်း၊ ရပ်ခံရှင်လူ အကြောင်းစသည် အစုံပေါ့လေ။
"ဦးလေးဝင်းတို့၊ ဦးအေးမောင်တို့ဆိုတာ သိပ်တတ်တဲ့လူတွေ ကိုဝင်းတင်ရဲ့၊ ဦးသစ်တို့ ဦးစံငြိမ်းတို့ ဆိုတာလဲ ဒီလိုလုပ်ငန်းတွေမှာ သိပ် စိတ်သန်တာ။ ဦးသာဌေးက စကားတော့ သိပ်မပြောဘူး။ ဒါပေမယ့် လှူရတန်းရမယ်ဆိုယင် လာခဲ့ပဲ။ သိပ်ငြင်းနေတဲ့ လူစားမျိုး မဟုတ်ဘူး။ သိပ်ရက်ရောတဲ့ လူတွေဗျ။ သြဇာလဲ သိပ်ရှိကြတာ၊ သူတို့ ပါနေတာကိုက တအားဗျ။"
ဦးလေးဟာ အကောင်းကိုပဲ အမြဲပြောနိုင်မှာပေါ့။ ဦးလေးက အကောင်းကိုပဲ အမြဲမြင်၊ အကောင်းကိုပဲ အမြဲမှန်း၊ အကောင်းကိုပဲ အမြဲလုပ်နေတာကိုး။ ဒါဟာ လူတွေကို ချစ်တဲ့ စိတ်ဓာတ်နဲ့ လူတွေရဲ့ ကောင်းကျိုးကို သယ်ပိုးတဲ့ အလုပ်က ပေါက်ဖွားလာတဲ့ ဦးလေးရဲ့ လုပ်ဟန်ပါပဲ။ ဦးလေးရဲ့ ကောင်းတဲ့ ကိုယ်ကျင့်စရိုက်ပါပဲ။ အဲဒီ ကောင်းတဲ့ လုပ်ဟန်၊ ကောင်းတဲ့ ကိုယ်ကျင့်စရိုက်တွေဟာ ကောင်းတဲ့ အလုပ်တွေကို ကောင်းကောင်း ဖြစ်ထွန်းစေပါတယ်။ မန္တလေးဘိုးဘွားရိပ်သာကြီးဟာ သက်သေပါပဲ။

(၅)
ဦးလေး စကားပြောကောင်းတယ်။ စာရေးကောင်းတယ်။ အကြံဥာဏ်ပေးကောင်းတယ်။ သင်ခန်းစာပေး ကောင်းတယ်ဆိုတာတွေကို ဦးလေးပြောတာ ဟောတာ ကြားနာဖူးသူတိုင်း၊ ဦးလေးရေးတာသားတာ ဖတ်ရှုဖူးသူ တိုင်း၊ ဦးလေးဆီ ချဉ်းကပ် တွေ့ဆုံ ဖူးသူတိုင်း အားလုံးသိကြပြီး ဖြစ်ပါတယ်။
ဦးလေးနဲ့ စကားပြောတိုင်း၊ ဦးလေးစကားကို နားထောင်တိုင် မှတ်စရာ သားစရာ တခုခုတော့ ရလိုက် တာချည်းပါပဲ။ ဦးလေးရဲ့ ဘ၀အမြင်တခုခုကို သိလိုက်ရတာ ချည်းပါပဲ။ အဲဒီလို ကြားလိုက် မှတ်လိုက်ရတဲ့ ဦးလေးရဲ့ ဘ၀အမြင်တွေဟာ ကြားမှတ်လိုက်ရသူအဖို့ ဘ၀အားမာန်တွေလို ဖြစ်လာတတ်ပါတယ်။
၁၉၆၉ တုန်းက မန္တလေးမှာ ဟံသာဝတီ သတင်းစာတိုက် လာဖွင့်ပါတယ်။ တိုက်ဖွင့်ပွဲမှာ ဦးလေးလှ စာပေလုပ်သားအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီဝင်အဖြစ်နဲ့ စကားပြောပါတယ်။ ထုံးစံအတိုင်း ဦးလေးက မှတ်စရာ သားစရာတွေနဲ့ ရွှန်းရွှန်းဝေအောင် ပြောသွားပါတယ်။ ပုံပြင်တခုကိုလဲ ထည့်ပြောသွားပါတယ်။ ဦးလေးပြော သွားတဲ့ ပုံပြင်က ဒီလိုပါ....။
တနေ့မှာ ခြင်္သေ့မတကောင် သားပေါက်သတဲ့။ မြေခွေးမတကောင်က မီးနေလာမေးသတဲ့။ ခြင်္သေ့မ သားပေါက်တာက တကောင်တည်းတဲ့။ ဒီတော့ မြေခွေးမက "ဟင်.. တကောင်တည်းလား" လို့ ခနိုးခနဲ့ မေးသတဲ့။ မြေခွေးမျိုးကတော့ သားပေါက်ယင် တပြုံတမကြီး ပေါက်တာကိုး။ ခြင်္သေ့မက ဘယ်ခံမတုန်း၊ ခပ်ထယ်ထယ်ပဲ ပြန်ပြောလိုက်တယ်တဲ့။
"အေး- ဟုတ်တယ်။ တကောင်တည်းပဲ။ ဒါပေမယ့် ခြင်္သေ့ ဟဲ့-ခြင်္သေ့" လို့တဲ့။
ဦးလေးက မန္တလေးမှာ တစောင်ထီးတည်း တကိုယ်တော် ငေါင်းစင်းစင်း လာဖွင့်တဲ့ ဟံသာဝတီ သတင်းစာကို အားပေးစကား၊ အသားပေးစကား၊ ဗန်းတင်စကား၊ စန်းတင်စကား ပြောတာပါ။ ကျွန်တော်တို့ကို သတင်းစာလောကသားချင်း နှုတ်၏ စောင်မခြင်းနဲ့ စောင်မတာလို့လဲ ပြောနိုင်တာပေါ့။ တနည်း စဉ်းစားလိုက် တော့လဲ ဒီစကားဟာ ဦးလေးရဲ့ ဘ၀အမြင်တခုလဲ ဖြစ်ပေတယ်လို့ ဆိုလို့ရလိမ့်မယ် ထင်မိပါတယ်။
ဦးလေးဟာ လူတွေကို ချစ်တယ်။ လူတွေရဲ့ ကောင်းကျိုးကို လိုလားရှေ့ရှုတယ်။ လူတွေရဲ့ ကောင်းကျိုးကို ဆောင်တယ်။ ဒါဖြင့် လူတွေအားလုံးက ဦးလေးကို ပြန်ချစ်ကြရောလား။ ဦးလေးရဲ့ ကောင်းကျိုးကို လိုလား ရှေ့ရှုကြရောလား။ ဦးလေးရဲ့ ကောင်းကျိုးကို ဆောင်ကြရောလား။ ဒီလိုမေးလာယင် ဘယ်လို ဖြေရပါ့မလဲ။ အင်း အင်း အင်းနဲ့ အင်းလိုက်ဖြေယင်လဲ အပြည့်မမှန်နိုင်ဘူး။ ဟင့်အင်းချည်းလိုက်ပြီး ခေါင်းပဲ ခါနေယင်လဲ အပြည့်မမှန်နိုင်ဘူး။ ဦးလေးက စံတခုခုကို လက်ကိုင်ထားသူ၊ တရားတခုခုကို လက်စွဲပြုသူ ဆိုတော့ အဲဒီစံ၊ အဲဒီတရားဟာ ဦးလေးအဖို့ အမှန်စံ၊ အမှန်တရားပဲ ဖြစ်ပေလိမ့်မပေါ့။ ဦးလေးဟာ လူတွေကို ချစ်တယ် ဆိုတဲ့နေရာမှာ၊ လူတွေရဲ့ ကောင်းကျိုးကို လိုလားရှေ့ရှုတယ်ဆိုတဲ့နေရာမှာ၊ လူတွေရဲ့ အကျိုးကို ဆောင်တယ် ဆိုတဲ့ နေရာမှာ အဲဒီ အမှန်စံ၊ အဲဒီ အမှန်တရားတွေကို ရည်မှန်းချက်ထားပြီး လုပ်ကိုင်သွားမှာပဲဆိုတာ ယုံမှားစရာ မရှိပါဘူး။ ဒီတော့ အဲဒီ စံတွေ၊ အဲဒီတရားတွေကို ဆန့်ကျင်ပစ်ပယ်သူတွေဟာ (ဥပမာ ဖက်ဆစ်ဝါဒီတွေ၊ နယ်ချဲ့ဝါဒီတွေ၊ စစ်ဝါဒီတွေ) ဦးလေးကို ဘယ်ချစ်မလဲ။ ဦးလေးအကျိုးကို ဘယ်လိုလား ရှေ့ရှုပါ့မလဲ။ ဦးလေး အကျိုးကို ဘယ်သယ်ပိုးပါ့မလဲ။ ဒါ သဘာဝတရားပဲ။
ကျွန်တော် စဉ်းစားကြည့်မိတယ်။ ဦးလေးဘ၀မှာလဲ အဲဒီစံတွေ၊ တရားတွေကို ဆန့်ကျင်ပစ်ပယ်သူတွေ များပြားအားကောင်းတဲ့ အနေအထားမျိုး ကြုံတဲ့အခါ ကြုံပေလိမ့်မှာပဲလို့။ အဲဒီလို ကြုံတဲ့အခါ ဦးလေးက သူ့ပုံပြင်ထဲကလို "တကောင်တည်းပဲဟေ့၊ ဒါပေမယ့် ခြင်္သေ့ကွ၊ ခြင်္သေ့" လို့ ကြုံးဝါးနေမိမှာပဲလို့။ ကျွန်တော်တော့ ဦးလေးပုံပြင်ကို ကြားလိုက်ရပြီး ကတည်းက ပုံပြင်ထဲက ခြင်္သေ့လို ကြုံးဝါးသင့်တဲ့အခါ ကြုံးဝါးမိတာ အမှန်ပဲ။ ဒါ့ကြောင့် ဦးလေးရဲ့ စကားတွေဟာ ဦးလေးရဲ့ ဘ၀အမြင်တခု ဖြစ်နိုင်တယ်။ ဦးလေးရဲ့ ဘ၀အမြင်တခုဟာ ကျွန်တော်တို့လို ကြားရ မှတ်ရသူတွေအဖို့ ဘ၀အားမာန်တခုလို ဖြစ်လာတတ်တယ်လို့ ကောက်ချက်ချမိတာ ဖြစ်ပါတယ်။

(၆)
"ကမ္ဘာ့အခြေအနေတွေကလဲ မကောင်းဘူး ကိုဝင်းတင်ရေ။ စစ်တွေဘာတွေ ဖြစ်ယင် လူတွေအားလုံး ဒုက္ခရောက်ကုန်မှာ။ ကျွန်တော်တို့၊ ကိုဝင်းတင်တို့မှာ လူတွေအတွက် လုပ်ပေးစရာတာဝန်တွေ အများကြီး ကျန်သေးတယ်ဆိုတာ မမေ့နဲ့ဗျို့"
ရန်ကုန်ဘူတာကြီး စင်္ကြန်ပေါ်မှာ ဦးလေးနောက်ဆုံး ပြောသွားတဲ့ စကားတွေပါ။ ဒီစကားတွေကို ပြောတဲ့ အချိန်မှာ ဦးလေးဟာ အသက် ခုနှစ်ဆယ်ကျော်နေပြီ။ ကျန်းမာရေးမကောင်းတော့ဘူး။ ကွယ်လွန်ဖို့ ငါးရက်ပဲ လိုတော့တယ်။ ဒါနဲ့တောင်မှ ဦးလေးဟာ လူတွေ လူသားတွေရဲ့ ကောင်းကျိုးအတွက် ထမ်းဆောင်စရာ တာဝန် တွေ အများကြီး ကျန်ပါသေးကလားဆိုတာ မြဲမြဲကြီး ခံယူထားဆဲပဲ ရှိနေပါသေးတယ်။ လူသားတွေ ချစ်တဲ့သူ၊ လူသားတွေရဲ့ ကောင်းကျိုး ချမ်းသာကို လိုလားရှေ့ရှုတဲ့သူ ဖြစ်လို့သာ ဒီလို မေတ္တာကရုဏာစကား၊ ဒီလိုတာဝန်စကား၊ ဒီလို နှောင်းလူတွေထံ တာဝန်ဆင့်ကမ်းစကားမျိုးကို နောက်ဆုံးအချိန်အထိ မမေ့မလျော့ ပြောကြားသွားနိုင်ပေတာပဲလို့ ကျွန်တော်တွေးမိပါတယ်။ ဦးလေးဟာ လူသားစိတ် တကယ်ပြင်းပြတဲ့ သူပါကလား။ လူ့လောကကို တကယ်ချစ်တဲ့သူပါကလား။ ဧရာမ နှလုံးသားပိုင်ရှင် ပါကလား။ ဦးလေးအကြောင်း ကို စဉ်းစားမိတိုင်း ဒီလိုပဲ ကျွန်တော် စိတ်ထဲမှာ ရေရွတ်မိတယ်။
ကမ္ဘာကျော် အင်္ဂလိပ်ကဗျာဆရာကြီး ရောဘတ်ဘရောင်နင်က သူ့ကဗျာတပုဒ်မှာ ဒီလိုရေးဖူးပါတယ်။ သူ့နှလုံးသားကို ခွဲကြည့်ပါတဲ့။ သူ့နှလုံးသားထဲမှာ သူချစ်တဲ့နိုင်ငံရဲ့ အမည်ကို ကမ္ပည်းထိုးထားတာ တွေ့ပါလိမ့် မယ်တဲ့။
ဦးလေးရဲ့ နှလုံးသားထဲမှာရော ဘယ်လို ကမ္ပည်းစာတမ်းမျိုး ထိုးထားပါလိမ့်မလဲလို့ တခါတခါ တွေးမိတယ်။ ဒါ ကဗျာဆန်ဆန် ပြောနေတာ မဟုတ်ပါဘူး။ စာဖတ်ယင်း၊ ကဗျာဖတ်ယင်း၊ ဆက်စပ်ပြီး ပေါ်ထွက်လာတဲ့ အတွေးမျိုးဆိုတော့ ဒီလိုပဲ ရှိပေမှာပေါ့။ ဦးလေးရဲ့ နှလုံးသားထဲမှာ ကမ္ပည်းစာတန်းတခုသာ ရှိမယ်ဆိုယင် ဘယ်လို ကမ္ပည်းစာတန်း ဖြစ်မယ်ဆိုတာ ကျွန်တော် အတပ်ပြောနိုင်မယ်လို့ ထင်ပါတယ်။
ဦးလေးရဲ့ နှလုံးသားထဲမှာ မုချဆတ်ဆတ် ရှိနေမယ့် ကမ္ပည်းစာတန်းဟာ ဘယ်လိုကမ္ပည်းစာတန်းမျိုး ဖြစ်မယ်ဆိုတာ ကျွန်တော် မဝေနိုင် မခွဲနိုင် ဖြစ်စရာအကြောင်း လုံးဝမရှိပါဘူး။ ဦးလေးရဲ့ နှလုံးသားထဲမှာ ရှိမယ့် ကမ္ပည်းစာတန်းဟာ ရောဘတ်ဘရောင်းနင်းရဲ့ နှလုံးသားထဲမှာရှိတဲ့ ကမ္ပည်းစာတန်းထက် ပိုပြီး ကျယ်ဝန်းနက်ရှိုင်း တဲ့ သဘောဆောင်မှာ သေချာပါတယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ ဆိုလိုတာက နိုင်ငံတနိုင်ငံ လူမျိုးတမျိုး လောက်ကိုသာ ကိုယ်စားပြုတဲ့ ကျဉ်းကျဉ်းတိမ်တိမ် သဘောဆောင်မှာ မဟုတ်တာ သေချာပါတယ်လို့ ပြောချင် တာပါ။
ဦးလေးဟာ လူသားစိတ် အင်မတန်ပြင်းပြတဲ့သူ မဟုတ်လား။ လူ့လောကကို သိတ်ချစ်တဲ့သူ မဟုတ်လား။ လူသားထု အများကြီးကိုရော၊ လူတဦးချင်းစီကိုပါ မေတ္တာထားသူ မဟုတ်လား။ ဒီတော့ ဦးလေးရဲ့ နှလုံးသားထဲက ကမ္ပည်းစာတန်းဟာ လူ့လောကကြီးတခုလုံး၊ လူသားတရပ်လုံးကို ကျယ်ကျယ်ဝန်းဝန်းကြီး၊ နှံ့နှံ့စပ်စပ်ကြီး၊ ရစ်သိုင်းခြုံလွှမ်း မေတ္တာမိုးပက်ဖျန်းမယ့် ကမ္ပည်းစာတန်းသာ ဖြစ်ရပေလိမ့်မှာပေါ့။ အလွန်သေချာ တာပေါ့။
ဒီလိုဆိုယင် အဲဒီကမ္ပည်းစာတန်းဟာ ဘယ်လိုရေးထိုးထားတဲ့ ကမ္ပည်းစာတန်း ဖြစ်လေလိမ့်မလဲလို့၊ အရှည်အဝေး တွေးမနေပါနဲ့။ တွေးနေစရာ လိုလှမယ် မထင်ပါဘူး။
'လူသားရပ်ရွာ ဤကမ္ဘာ' ဆိုတဲ့ ကမ္ပည်းစာတန်းပဲ ဖြစ်မှာပါ။

ဝင်းတင်။
[လူထုချစ်သမျှ.. လူထုဦးလှ စာအုပ်၊ ပထမအကြိမ်၊ ၁၉၈၄ခုနှစ် သြဂုတ်မှ ကူးယူဖော်ပြပါတယ်။]