Wednesday, January 27, 2010

ဝတ္ထုတိုနှစ်ဆယ့်လေးပုဒ်နဲ့ ရိုးသားခြင်းသရုပ်သဏ္ဍာန် ပန်းချီဝသုန်ရဲ့ရေးဟန်
ရေးသူ- ဆောင်းဝင်းလတ်

သူတို့နှစ်ယောက်ဟာ သံယောဇဉ်သမားတွေဗျ။ သူတို့အချင်းချင်းလည်း သံယောဇဉ် မကင်းသလို စကားပြေအရေးအဖွဲ့ကိုလည်း သံယောဇဉ်ထားတတ်ကြတဲ့ နှစ်ယောက်ပါ။ ကာတွန်းမြေဇာနဲ့ ပန်းချီအစ်ကို ၀သုန်ပေါ့ဗျာ။ နှစ်ယောက်စလုံး ၀တ္ထုတို အရေးအဖွဲ့မှာ ရိုးရိုးစင်းစင်း ရှင်းရှင်းဘွင်းဘွင်း ခပ်ပြတ်ပြတ်ရေးဖွဲ့လေ့ ရှိတတ်ကြတယ်။ အစုအဆောင်း အထိန်းအသိမ်းလည်း ကောင်းပြီး စနစ်ကျလေတော့ အခု အစ်ကိုဝသုန်ရဲ့ ၀တ္ထုတို နှစ်ဆယ့်လေးပုဒ် ပေါင်းချုပ်စာအုပ်လေး ထွက်လာတဲ့အခါ ကြည့်ရတာ ကြည်နူးစရာပဲ။ မျက်နှာဖုံးကြည့် ရတာလည်း လွမ်းစရာကြီး။ ဦးလေးဦးအောင်စိုးရဲ့ ပန်းချီနဲ့လေ။ အတွင်းကျတော့လည်း မဂ္ဂဇင်းတွေမှာ ပါတုန်းက မူရင်းသရုပ်ဖော်ပုံတွေ ပြန်ဖော်ပြထားတော့ ဦးလေးဦးအောင်စိုး၊ ဆရာဦးစိန်၊ အစ်ကိုမောင်ညိုဝင်း၊ အစ်ကိုလေး တင်လှဝင်းထင်၊ ဦးတင်မောင်မျင့်၊ ကိုသိုက်၊ ကိုကျော်သောင်း၊ ချစ်သောဇာဇာခေါ် ကိုမြေဇာ၊ ကိုကျော်ဖြူစံ၊ ကိုယဉ်မင်းပိုက်၊ ဆုံးပါးသွားရှာပြီ ဖြစ်တဲ့ ကေမြိုးကြီး၊ ပြီးတော့ မမွှေး၊ တူမလေး အင်ကြင်းအေး၊ အောင်နဲ့မောင် ဆရာတွေ လို့ဆိုရမယ့် ကိုမင်းဝေအောင်၊ ကိုသန်းဌေးမောင်၊ ဆရာဇော်မောင်တို့ လက်ရာတွေ တွေ့ရတယ်။ ကိုစည်၊ ကိုကိုနိုင်၊ မမွှေးနဲ့ ကိုစိုးဝင်းငြိမ်း၊ မျိုးထွဏ်းတို့ လက်ရာတွေကလည်း ကောင်းပါ့။

မှတ်မိသေးပါရဲ့။ မဟေသီ မဂ္ဂဇင်းမှာ ကျွန်တော်အလုပ်လုပ်တုန်းက တမျက်နှာ ၀တ္ထုတိုနဲ့ ကဗျာသရုပ်ဖော်ပုံတွေ အစ်ကိုဝသုန်ကို အပ်တဲ့အခါ အဲဒီအတိုဆုံး ၀တ္ထုတို စာတွဲတချို့မှာ ဖယောင်းတောင့်နဲ့ ရေးထားတဲ့ သမီးလေးအင်ကြင်းအေးရဲ့ အတွေးလက်ရာတွေပါ တွေ့လာခဲ့ရတယ်။
တောင်ဥက္ကလာပက အစ်ကိုဝသုန်တို့အိမ် ရောက်သွားရင် မြင်ရတဲ့ စာတန်းလေးတခုက... 'ပန်းချီရေးတဲ့ခုံ' တဲ့ဗျ။ ပန်းချီဆရာဟာ သူ့ဘ၀ ပတ်ဝန်းကျင်ကို ထင်ဟပ်တဲ့ ၀တ္ထုတိုလေးတွေ ရေးလာလိုက်တာ ခုခါမှာ စာအုပ်တောင် ဖြစ်ပြီ။ မဟေသီ၊ စပယ်ဖြူ၊ ရနံ့သစ် အပါအ၀င် မဂ္ဂဇင်းတွေမှာ အစုံရေးခဲ့တာကိုး။ ဒီစာအုပ်ကို ထုတ်ဝေလိုက်တာက သီဟရတနာ စာပေတိုက်က မောင်သိမ်းစိုး။ အမှတ်တရပါဘဲ။
ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းထဲမှာ အစ်ကိုရေးခဲ့တဲ့ 'အထပ်ခိုးကလေး' ၀တ္ထုတိုဟာ မြို့ပြ လူနေမှုစနစ်လို့ပဲ ဆိုချင်ပါတယ်။ ရနံ့သစ်မဂ္ဂဇင်းမှာ သူရေးခဲ့တဲ့ 'နေရာ' ကတော့ ကျွန်တော်သိသလောက် တကယ့်အဖြစ်အပျက် ပဲဗျ။ ပြည်မြို့ကို သူတို့ ပန်းချီဆရာတစု မောင်တင်ဦးတို့ မင်္ဂလာဆောင်သွားပြီး ရန်ကုန်ပြန်ရောက်တာနဲ့ သူ့ခမျာ အမူးလွန် သတိလစ်မေ့မျော ရောဂါဖြစ်ပြီး အရေးပေါ်ဆေးရုံပြေးရတဲ့ အခန်းရေးထားတာ ယမကာသမားများ သတိထား ဆင်ခြင်ဖွယ်ရာ။ ဒါတကယ်ဗျ။ မသေကောင်း မပျောက်ကောင်း သူကြုံရရှာတာ။ အဲဒီ 'နေရာ' ၀တ္ထုဖတ်တော့ သက်ရှိဇာတ်ကောင် ကာတွန်းမောင်မောင်အောင်တို့ မခင်မြတ်ဦးတို့ လင်မယား လူနာတင်ကားနဲ့ အစ်ကိုဝသုန်ကို ဆေးရုံလိုက်ပို့ရင်း မခင်မြတ်ဦး ငိုတဲ့နေရာလည်းရောက်ရော ကျွန်တော် နင့်ကနဲ ခံစားလိုက် ရတယ်။
အဲဒီစာ ဖတ်ရင်းက ဒီလင်မယားကိုလည်း သတိရပါသဗျာ။ ရိုးသားနိုးကြားပြီး စီးပွါးရေးတိုးပွါးအောင် ကြိုးစားဆောင်ရွက်နေကြတဲ့ တကယ်ခင်ဖို့ကောင်းတဲ့ လင်မယားဗျ။
ဆုံးပါးသွားရှာပြီ ဖြစ်တဲ့ မဟေသီမဂ္ဂဇင်းအယ်ဒီတာလေး မောင်သန်းထိုက်နဲ့ ကျွန်တော့်ကိုဆို သိပ်ခင်ကြ ချစ်ကြတာ။ ကိုမောင်မောင်အောင်ဟာ ကွမ်းသိပ်စားတယ်။ အရက်မသောက်တတ်ရှာဘူး။ သို့သော်.... တရက်မှာ ဘာစိတ်ကူးပေါ်တယ်မသိဘူး။ မခင်မြတ်ဦးက လက်ဘက်ကို ကြက်သွန်ဖြူဥကြီး နိုင်ချင်းနဲ့ ဆီစိမ်တယ်။ ပုဇွန်ခြောက် အကောင်ကြီးတွေကလည်း ရဲလို့။ သူတို့ လင်မယားက အလုပ်သမားလေးတယောက်ကို စက်ဘီးနဲ့ အရက်တပုလင်း သွားဝယ်ခိုင်းပြီး မောင်သန်းထိုက်နဲ့ ကျွန်တော့်ကို ဧည့်ဝတ်ပြုတယ်။ ရယ်စရာ ပြောရဦးမယ်။ သူတို့ဟာ အရက်ရဲ့ သဘာဝကို မသိကြရှာဘူး။ လက်ဘက်ရည်ဝယ်တိုက်သလို အားပါးတရ ချက်ချင်းကုန်အောင် သောက်စေချင်ကြတယ်။ ဘေးက အားမလိုအားမရ ထိုင်ကြည့်နေတဲ့ မခင်မြတ်ဦးက 'သောက်ကြလေ... ၀အောင်သောက်ပါ၊ ကိုဆောင်းရဲ့၊ စား... လက်ဘက်စား၊ အရက်လည်း မြန်မြန်ကုန်အောင်သောက်' တဲ့။ တကယ့်ကို ရိုးရိုးကြီးတွေ။
ကြီးပွါးရေးလမ်းညွှန်ဂျာနယ်မှာ အစ်ကိုဝသုန်ရေးခဲ့တဲ့ မေတ္တာလက်ဆောင်စာပေ ၀တ္ထုတိုကတော့ ရပ်ကွက်တခုရဲ့ ပတ်ဝန်းကျင်လူ့စရိုက်၊ လူ့သဘာဝကို လက်တွေ့ကျကျ ရေးလိုက်တာဗျ။ ဒါမျိုးတွေ တကယ် ရှိတာ။ စာအုပ်ငှားတဲ့ဆိုင်ရဲ့ ပတ်ဝန်းကျင် လူမှုဆက်ဆံရေးပေါ့ဗျာ။ ကျွန်တော်ဆိုရင် အငှားဆိုင်ဖွင့်တာ မဟုတ်ဘဲနဲ့ အိမ်နီးနားချင်းတချို့က လာယူကြ၊ လာငှားဖတ်ကြရင်း ဘာကြုံဖူးသလဲဆိုတော့ အိမ်တအိမ်ဗျာ၊ ကလေးများတဲ့အိမ်။ ပြောရမှာလဲ အားနာပါရဲ့။ မဂ္ဂဇင်းမျက်နှာဖုံးတွေ စုတ်ပြဲ၊ စာအုပ်ထဲက အရုပ်လှလှလေးတွေ ဆုတ်ဖြဲပြီး ပြန်လာပေးတာ ကြုံရဖူးတယ်။ သိပ်ကောင်းတဲ့ စာအုပ်။ ပြန်မပေးတာလည်း ခဏခဏပေါ့။ ဒီတော့ အိမ်မှာ စာအုပ်များလာရင် နီးစပ်ရာ ဆေးခန်းတို့၊ ဆေးရုံတို့ကို လူနာတွေဖတ်ဖို့ လှူပစ်လိုက်တာပဲ။ ဂျာနယ်တွေ၊ နိုင်ငံခြားသတင်းစာတွေ ကျတော့လည်း ဖတ်ပြီးလို့ များလာရင် စီးကရက်ဖိုးရအောင် ဘော်တယ်ဆိုင်သွားပြီး ပိဿာချိန်နဲ့ ရောင်းပစ်လိုက်တော့တယ်။
အောင်မယ်။ သူ့စာအုပ်ထဲမှာ ကျွန်တော်ကြိုက်တာလေး တပုဒ် ပါသေးတယ်။ 'ခြေထောက်များ' တဲ့။ မဟေသီမဂ္ဂဇင်းထဲ သူရေးခဲ့တာ။ ပန်းချီကားလာဝယ်တဲ့ အရှေ့တိုင်းသား တယောက်က ခြေထောက်က ဖိနပ်ဦးနဲ့ ပန်းချီကားကို မရိုမသေပြတဲ့အခါ အမျိုးသားယဉ်ကျေးမှုကို အစော်ကားမခံနိုင်ဘဲ အဲဒီပန်းချီကားကို မရောင်း တော့တဲ့အကြောင်းပေါ့။ ဒါမျိုးတော့ ဘယ်ရမလဲ။ အဲ... မဟေသီထဲကပဲ၊ ငှက်ကလေးရေ ပြန်လာပါတဲ့။ ကလေးတယောက်ရဲ့ အတွေးကို ရေးထားတာ။ ဒါလေးဟာ ရင်ထဲထိတဲ့ ရေးချက်ပဲဗျ။ ၀တ္ထုထဲမှာ ကလေးလေးဟာ ချစ်စရာလေး။
သူက ရိုးရိုးလေးနဲ့ အရေးရှင်းတော့ ရင်ထဲ လွယ်လွယ်ရောက်တော့တာပေါ့ဗျာ။ နောက်ပြီး သိပ်ကြီးကြီး ကျယ်ကျယ်ကြီးတွေ အခြေတည်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်ချင်းစာ ခံစားလို့ရတဲ့ တကယ့် လူ့ဝန်းကျင်ထဲက သဘာဝဖွဲ့၊ စရိုက်ဖွဲ့တွေပဲ။ ဒါကြောင့် အစ်ကိုဝသုန်ရဲ့ 'သားကလေး အမည်မသိနှင့် အခြားဝတ္ထုတိုများ' ဖတ်ရတာ 'အီ' မသွားခဲ့ပါဘူး။ စာကို 'အီ' အောင်မရေးတာလည်း ကျေးဇူးတင်မိကြောင်းပါဗျာ။

ဆောင်းဝင်းလတ်
၂၀၀၄၊ ဖေဖော်ဝါရီ၊ မင်္ဂလာမဂ္ဂဇင်း။
[ ပန်းချီဝသုန်ရဲ့ အပေါင်းအသင်းများ စုပေါင်းရေးသားတဲ့ 'လူပုံပါးပါး စိတ်ဓာတ်မာမာ ရေးချက် ထည်ထည်ဝါ-ပန်းချီဝသုန်' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၉ အောက်တိုဘာမှ ကူးယူဖော်ပြပါတယ်။]

No comments: