Tuesday, July 13, 2010
စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၂)
ရေးသူ- မောင်အေးဝင်း
စပ်မိစပ်ရာဆိုတော့လည်း စကားက ဟိုရောက်ဒီရောက်။ အစီအစဉ်တကျ ရှိချင်မှ ရှိမှာပေါ့လေ။ တက္ကသိုလ်ဘုန်းနိုင်စာတွေ ငယ်ငယ်က ဘယ်လို စွဲခဲ့တယ် ဆိုတာကို ရေးတုန်း တန်းလန်းမှာ အိပ်ရာဘေးက ကိုယ်အစွဲအလန်းကြီးခဲ့တဲ့ စာအုပ်ကလေးတအုပ်ကို ကောက်ကိုင်လိုက်မိတာ ဘုန်းနိုင်ကို ခဏချထားလိုက် ရတယ်။
ကိုယ်ချစ်ခင်လေးစားပြီး အနှစ် ၂၀ လောက် ရင်းနှီးခဲ့တဲ့ ဆရာ......။ ကေတီဦးကျော်တင့်။
ကိုယ်တို့အဖေက အထိမ်းသိမ်းခံရပြီး အင်းစိန်ကထွက်လာတော့ ၀င်ဒါမီယာမှာ ခြံကလေးတခြံ ၀ယ်ပြီး အိမ်ကလေး တလုံး ဆောက်နေလို့ ကိုယ်တို့ ၁၀ တန်းအောင်တဲ့နှစ်မှာ အဲဒီကို ပြောင်းကြတယ်။ ကိုယ်တို့နဲ့ ခြံချင်းကပ်လျက် အိမ်နီးချင်းက ကိုတင့်လွင်(တင့်လွင်တူး) နဲ့ ဒေါ်မာမာအေး (ယခု-အမေရိက)။ ကိုတူး တို့ ခြံထဲမှာ သူတို့နေတဲ့ အိမ်ကလေးအပြင် အိမ်အပိုကလေး တလုံးရှိသေးတယ်။ ကိုတူးအဖေ၊ ဒေါ်မာမာအေး ယောက္ခမကြီး ကေတီဦးကျော်တင့်ဟာ ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းစခန်းကနေ ပြန်လွတ်လာပြီးတော့ အဲဒီ အိမ်ကလေးမှာ နေတယ်။ ကိုယ်က ဆရာရောက်မလာခင် ကတည်းက ကိုတူးဆီက ဆရာဘာသာပြန်တဲ့ 'တရုတ်စာပေ၊ ယဉ်ကျေးမှု နှင့် အဘိဓမ္မာ' စာအုပ်ကို ဖတ်ရတော့ ကြည်ညိုလေးစားနေတာ။ ဆရာရောက်လာတော့ အိမ်နီးချင်းလည်း ဖြစ်လာတော့ ဆရာ့ဆီက ကျွန်းအတွေ့အကြုံ၊ စာအကြောင်းပေအကြောင်းတွေ နာခံရပြီး ရင်းနှီးလာခဲ့တယ်။ ဆရာ့လက်သုံးစကား ဖြစ်တဲ့ "Birds of a feather flock together" ပေါ့။
၁၉၇၈ ကိုယ် ထောင်က ထွက်လာတော့ ကိုယ့်မိဘတွေက အေဒီလမ်းထဲ ပြောင်းနေကြပြီ။ ဆရာတို့ လည်း တောင်ဥက္ကလာ ပြောင်းသွားတယ်။ ကိုတူးကလည်း "ချစ်သူကပြောတယ်လား- မောင့်ကိုမုန်းတယ်လား" တွေ ဘာတွေ ရေးပြီးနေပြီ။
ကိုယ်က ၃၄ လမ်းထဲက ဆရာ့ရဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းမှာ သွားတက်တယ်။ ဆရာက Quotations တွေ၊ Thoughts တွေ၊ Times တို့ News Week တို့ ထဲက အင်္ဂလိပ်စာတွေကို ဘာသာပြန် အင်္ဂလိပ်စာ သင်ပေးတာ။
အဲဒီမှာ ဆရာ့ရဲ့ အဘိုးတန်တဲ့ အင်္ဂလိပ်စာ လေ့လာနည်းတွေကို အတုယူ မှတ်သားခဲ့ရတယ်။ ကိုယ်အမြတ်တနိုးထား စွဲလန်းနှစ်သက်ခဲ့တဲ့ ဆရာရေးတဲ့ စာအုပ်တအုပ် ရှိတယ်။ ကိုယ့်ပြေကိုယ်ရွာက ထွက်ပြေးလာရတော့ ပါမလာပဲ၊ ပျောက်ပျက် ဆုံးရှုံးသွားတာ။ ဒီရောက်ပြီး ၁၄- ၅နှစ် ကြာမှ အစား တအုပ် ပြန်ရှာရလိုက်တယ်။
"တသက်တာ အင်္ဂလိပ်စာလေ့လာနည်း" တဲ့။
ဆရာ့ စာအုပ်ထဲက စာအုပ်တန်ဘိုးတွေကတော့ ဆရာတို့ ခေတ်အခါက တန်ဘိုးတွေ ဖြစ်တဲ့အတွက် ဒီနေ့ခေတ် ငွေနဲ့ အသုံးမတည့်ပေမယ့် ဒီစာအုပ်တွေ၊ ဒီစာပေတွေကို လေ့လာဖတ်ရှုဖို့ နည်းစနစ်တွေက သစ်လွင် ခေတ်မီနေတုန်းပါပဲ။ စာအုပ်ရဲ့ အမှာစာကိုပဲ မြည်းကြည့်စမ်းပါအုန်း။
"စာဖတ်သူအတွက် အကျိုးကျေးဇူး" တဲ့။
ကျွန်တော်သည် စာပေကို မှားယွင်းစွာ လိုက်စားခဲ့သည်။ သင့်လျော်သော စာအုပ်များပင် ဖြစ်သော်လည်း မသင့်လျော်သော အချိန်အခါ၌ ဖတ်ခဲ့ဘူးသည်။ အလွယ်မှ အခက်သို့ အဆင့်ဆင့် မတက်ဘဲ အခက်မှ အစပြုခဲ့သည်လည်း ရှိခဲ့၏။ မည်သည့် စာအုပ်များကို စတင် ဖတ်ရှုပြီး မည်သည့် စာအုပ်များကို ဆက်လက်၍ ဖတ်ရှုရမည်ကို မသိခဲ့သည်လည်း ရှိခဲ့သည်။ သာမန် ဖတ်သင့်သောစာကို ဂရုစိုက်၍ လေ့လာသောကြောင့် အချိန်ကုန်လွန်းလျက် အရာမထင် အကျိုးမရှိခဲ့သည်လည်း ရှိခဲ့၏။ ဂရုစိုက် လေ့လာရမည်ကို သာမန် ပေါ့တန်စွာ ဖတ်ခဲ့သည်လည်း ရှိခဲ့သည်။ အချုပ်အားဖြင့် စာဖတ်ရှုနည်းများ မှားခဲ့ဘူးသည်။ အနှစ်နှစ်အလလ ပြုပြင်ခဲ့သည်။ ထိုနောက် မှန်ခဲ့ပြီ။ ကျယ်ပြန့်စွာ ဖတ်ခဲ့သည်။ နက်ရှိုင်းစွာ ဖတ်ခဲ့သည်။ လေ့လာမှုကိုလည်း လက်မလွှတ်ခဲ့ပေ။
ဤစာအုပ်တွင် ပါရှိသော နည်းများကို အသုံးပြု၍ လက်တွေ့ ကျင့်သုံးလျှင် မည်သူပင် ဖြစ်စေကာမူ... အကြောင်းကြောင်း ညီညွတ်လျှင် စာပေပညာ အရပ်ရပ်တွင် ကျွန်တော့်ထက်ပင် အဆပေါင်းများစွာ ပိုမိုလျှင်မြန်စွာ အကျိုးကျေးဇူး ခံစားရမည်မှာ မလွဲနိုင်ပေ။ အဘယ်ကြောင့်နည်း။
ဤစာအုပ်ရေးသူ ကျွန်တော်သည် မှားခဲ့ဘူး၏။
ဤစာအုပ် ဖတ်ရှုလေ့လာ လေ့ကျင့်သူသည် မမှားဘဲ နည်းမှန်လမ်းမှန်ကို အဆင်သင့် ရရှိသောကြောင့် ဖြစ်၏။
သို့ဖြစ်လျှင် ကျွန်တော်ကိုယ်တိုင် (၁၀)နှစ်အတွင်း ရရှိသော တိုးတက်မှုကို ဤစာအုပ်ဖတ်၍ လိုက်နာ လေ့ကျင်သူသည် (၉) နှစ်အတွင်း၌ ရရှိပေမည်။ (၅) နှစ်အတွင်း ရရှိကောင်း ရရှိပေမည်။
သို့သော် ဤစာအုပ်ကို ဖတ်ရှုခြင်း သက်သက်အတွက် မရည်ရွယ်။ လိုက်နာ လေ့လာကြရန် ရည်ရွယ် သည်။ "ဖတ်" စာအုပ်မဟုတ်။ "လုပ်" စာအုပ် ဖြစ်သည်။
ထို့ကြောင့် ဤစာအုပ်ကို ပထမနှစ်တွင် တလလျှင် တကြိမ် လေ့လာသင့်သည်။ ဒုတိယနှစ်တွင် (၂) လလျှင် တကြိမ် လေ့လာသင့်သည်။ တတိယနှစ်တွင်လည်း လက်မလွှတ်သင့်ပေ။
ဤသို့လျှင် အထိရောက်ဆုံး စာပေအကျိုးကျေးဇူးကို အတိုဆုံး အချိန်ကာလအတွင်း၌ ရရှိမည်မှာ မုချဖြစ်သည်။ ။
ဆရာ့ဆီမှာ ကိုယ်တို့ ကျောင်းတက်ချိန်၊ အတန်းထဲမှာ ဆရာ မကြာခဏ ပြောတဲ့စကားရှိတယ်။ အချိန်မရှိပါဘူးကွာ။ စာမဖတ်အားပါဘူးကွာ ဆိုတဲ့ လူတွေအတွက် ဆရာပြောနေကြစကား။ လူတွေဟာ တနေ့ကို အနည်းဆုံး နှစ်ခါတော့ အိမ်သာတက်ရမှာပဲ။ တခါမှာ အနည်းဆုံး ၅ မိနစ်ထားရင် တနေ့ကို ၁၀ မိနစ် အိမ်သာထဲမှာ ရှိတယ်။ အဲဒီအချိန်မှာ စာဖတ်ရင် တနေ့ကို ၁၀ မိနစ် အချိန်ရတယ်ထား။ ၁၀ ရက်ဆိုရင် မိနစ် ၁၀၀ ဘဲ။ (၁၀) ရက်မှာ စာဖတ်ချိန် တနာရီ မိနစ်လေးဆယ် ရလိုက်ပြီ။ ရက်ပေါင်း ၁၀၀ မှာ ၁၆ နာရီကျော် ၁၇ နာရီ နီးပါး ရသွားပြီ။ တနှစ်မှာ ဘယ်လောက်လဲ ကိုယ့်ဖာသာကို စဉ်းစား တွက်ချက်ကြည့်ပေတော့။ ဆရာကပြောတယ်။ ဒီလောက်ဟာ နည်းတော့နည်းတယ်။ ဒါပေမယ့် မဖတ်ပဲ နေခဲ့တဲ့အချိန် ၁ မိနစ် ၂ မိနစ် ကို သုံးလိုက်တာပဲ အချိန် သည်လောက် သည်လောက်တော့ ရလိုက်တယ်လေ။ ၁၀ နှစ်ဆို ဘယ်လောက်လဲ။ အနှစ် ၂၀ ဆိုလျှင်...........။
ဒီလိုပဲ တနေ့ကို အိပ်ရာဝင်၊ အိပ်ရာထ အနည်းဆုံး ၂ ခါတော့ လုပ်ရမယ်။ အိပ်ရာဝင် ၄ မိနစ်၊ အိပ်ရာထ ၄ မိနစ်။ တနေ့ ၈ မိနစ် ရမယ်။ ၁၀ ရက် မိနစ် ၈၀။ ရက် ၁၀၀ ဆိုရင်တော့ မိနစ် ၈၀၀ ပဲ။ အိပ်ရာဝင်၊ အိပ်ရာထ၊ အိမ်သာနှုန်း၊ ဒီ သုံးခုပေါင်းရင် မရဘူးဆိုတဲ့အချိန် တနေ့ ဘယ်လောက်ရမလဲ။ ၁၈ မိနစ်ရမယ်နော်။ ၁၀ ရက် မိနစ် ၁၈၀။ တကယ်လုပ်ရင် ၁၀ ရက်မှာ စာဖတ်ချိန် ၃ နာရီလေ။ မြန်မာစာစာအုပ် ဘယ်နှစ်မျက်နှာ ရမလဲ။ လုပ်ကြည့်ပါ။
ဆရာက တောင်ဥက္ကလာမှာနေတော့ ၃၄ လမ်း သူ့ကျောင်းကို ဘတ်စ်ကားနဲ့ လာရတယ်။ ကားစီးရတာ ဂိတ်စ ဂိတ်ဆုံးပေါ့။ မိနစ် ၄၀ ကြာတယ် ပြောတယ်။ အသွားအပြန် မိနစ် ၈၀ လောက်ရတယ်။ ဂိတ်စ ဂိတ်ဆုံး စီးရတာဆိုတော့ ထိုင်စရာနေရာလဲရတယ်။ ဒီလိုအဖြစ်မျိုး ကြုံရတဲ့ လူတွေအဖို့ ကား၊ ရထားစီးချိန်ဟာလည်း အသလွတ် စာဖတ်ချိန် ရလိုက်ပြန်ပြီ။ ဆရာပြောတာ ဒါပဲလေ။ အချိန်မရလို့ စာမဖတ်နိုင်သူတွေ ဒီလို အချိန်တွေကိုပဲ စုလိုက် တနေ့၊ တပါတ်၊ တလ၊ တနှစ်၊ ၁၀ နှစ်။ ရလိုက်တဲ့ အချိန်၊ ဖတ်လိုက်ရတဲ့စာအုပ်။
အမေရိက ရောက်စက စာအုပ်တအုပ် တွေ့ဖူးတယ်။ အတွဲ လေးတွဲ ရှိတယ်။ American Barthroom Book တဲ့။ ဖတ်သင့်ဖတ်ထိုက်တဲ့ ကမ္ဘာကျော် စာအုပ်တွေ အကြောင်းအရာတွေ တအုပ်ကို၊ တပုဒ်ကို အိမ်သာ တခါတက်စာ တမျက်နှာနဲ့အပြီး အကျဉ်းချုပ်ပြီး ရေးထားတာ။ သဘောက တခါဖတ်စာ၊ အိမ်သာထဲမှာ ထားပြီး အိမ်သာတက်တိုင်း ဖတ်ဖို့။ နောက် CD တွေ ခေတ်စားလာတော့ audio book အနေနဲ့ CD အချပ်တောင် တွေ့လိုက်သေးတယ်။ ခုလို ပစ္စည်းကရိယာ တိုးတက်ထွန်းကားနေတဲ့ ခေတ်မှာ အင်တာနက်ကနေ download လုပ်ပြီး MP3 ထဲ ထည့်ထားရင် အားကစားလုပ်ချိန်၊ လမ်းလျှောက်ချိန်၊ ဟင်းချက်ချိန် တို့မှာတောင် နားနဲ့ ဖတ်လို့ ရနေပါရောလား။
တခု အမှတ်ရနေတာ ရှိသေးတယ်။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သင်ကြားလေ့လာတဲ့အခါ လေယူလေသိမ်း အခက်ခဲကြောင့် အထူးသဖြင့် ရုပ်ရှင်ကြည့်တဲ့ အခါပေါ့လေ။ လေ့လာသင်ယူဖို့ဆို သုံးမတ်တန်းက ၁၀ ခါကြည့်၊ အပန်းဖြေအနားယူဖို့ဆို ဒီစီ (သုံးကျပ်ခွဲတန်း) က တခါကြည့်တဲ့။ သူ့ခေတ်သူ့အခါ ဈေးနှုန်းကို ပြောတာ။ ဈေးအနိမ့်ဆုံး သုံးမတ်၊ ဈေးအမြင့်ဆုံး သုံးကျပ်ခွဲ။ ခုတော့ ဒီဈေးမရတော့ပေမယ့် ဆရာ့ဆိုလိုရင်းက အကြိမ်ပေါင်း အခေါက်ပေါင်းများစွာ ကြည့်နိုင်ဖို့ ဈေးအပေါဆုံးတန်းက ကြည့်ဖို့ ပြောတာ။ ခုတော့ ဒါတွေကို ကျော်ဖြတ်နိုင်ပါပြီ။ ဗွီဒီယိုတွေ၊ ဗွီစီဒီတွေ၊ ဒီဗွီဒီတွေ ပေါ်နေမှ မ၀ယ်ဖြစ်ရင်တောင်၊ အငှားဆိုင်က၊ စာကြည့်တိုက်က ငှားပြီး ကြည့်ချင်သလောက် ထိုင်ကြည့်ပေတော့။
ကိုယ့်ကုတင်ဘေး ခေါင်းရင်းက ကေတီကြီးရဲ့ (ကျနော်တို့ ဒီလို ချစ်စနိုးခေါ်ကြတယ်) စာအုပ်ကို ဆွဲယူပြန်ဖတ်ရင်း တဆက်တည်း ခေါင်းထဲရောက်လာတဲ့ အတွေးက ဒီနေ့ခေတ်မှာ လူငယ်လူလတ်ပိုင်း အတော်များများဟာ စာဖတ်အားနည်းကြတာကို တွေးမိတယ်။ တချို့များ ကိုယ့်အလုပ်ဟာ စာမဖတ်ရင် (မြန်မာစာ) မဖြစ်တဲ့အလုပ်မျိုးကို လုပ်နေကြတာတောင် စာမဖတ်ကြဘူး။ ဖတ်ရကောင်းမှန်း မသိကြဘူး။ မဖတ်တာကို ရှက်ရကောင်းမှန်း မသိကြဘူး။ ဂုဏ်ယူတဲ့သူတောင် ရှိသေးတယ်။ သူတို့ရဲ့ ဆင်ခြေက အချိန်မရလို့တဲ့။ ဒီလိုလူမျိုး ဘယ်လောက်တောင် များလို့လဲ မေးရင်တော့ ကြောက်ခမန်းလိလိ များပါတယ်။ တိုက်တွန်းချင်တာက အလုပ်အတွက် လိုအပ်လို့ပဲ ဖြစ်ဖြစ်၊ မလိုအပ်ရင်ပဲ ဖြစ်ဖြစ် စာတော့ ဖတ်ကြပါ။ စာမဖတ်တာကို ဂုဏ်မယူကြပါနဲ့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment