Tuesday, July 6, 2010

စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၁)
ရေးသူ- မောင်အေးဝင်း



စာတွေ ဘယ်တုန်းက စ, ဖတ်သလဲဆိုတာ ပြောရရင် ကာတွန်းတွေ ဖတ်တာက စ, တာပဲ။ မော်ဒန်ကာတွန်း၊ ကာတွန်းညွန့်ပေါင်း၊ ကာတွန်းပဒေသာ၊ မောင်ကမ္ဘာ၊ သတ္တိ၊ ဒီလုံး စတဲ့ ပြား ၆၀ တန် ကာတွန်းတွေ။ ခလေးဂျာနယ်က တကျပ်။ စာပေဗိမာန်မဂ္ဂဇင်း၊ နောက်ပြီး စာပေဗိမာန်က ထုတ်တဲ့ လူထုလက်စွဲစာစဉ် ဆိုတဲ့ တမတ်တန်၊ ငါးမူးတန် အပါးကလေးတွေ၊ ၁၀ ပြားတန် ဘားမားစတား၊ ဖလင်စတား။ စာဆိုရင် အကုန်ဖတ်ပဲ။ စစ်အစိုးရ တက်ခါစ ရန်ကုန် မပြောင်းခင်ကလေးမှာ တေဇ ဆိုတဲ့ စာစောင် ထွက်လာတယ်။ ခလေးဂျာနယ်တို့ ဘာတို့က ပိတ်သွားတယ်။ ခလေးတွေ အတွက် ခလေးစာပေ အရည်အချင်း မှာ ခလေးဂျာနယ်က တေဇ စာစောင်ထက် အများကြီး၊ အပုံကြီး သာတာပေါ့။

ကျောင်းမှာက ဗမာစာကို သိတ်အားပေးတာမှ မဟုတ်တာ။ ဗမာလိုသင်တာလဲ မြန်မာစာနဲ့ သမိုင်းပဲ။ ဒါပေမယ့် ကိုယ်က အင်္ဂလိပ်စာမှာ မတော်ခဲ့ဘူး။ ခုလဲ ကောင်းကောင်း မတတ်ပါဘူး။ သူလို ကိုယ်လို ကျောင်းသင်သလောက် ရောတိရောရာပဲ။ ကလေးဘ၀မှာ ဆော့တဲ့ ကစားတဲ့ အချိန်ကလွဲရင် အားတဲ့အခါ ဗမာစာပဲ အဖတ်များတယ်။ အိမ်က လူကြီးတွေကလဲ စာဖတ်တာ အရမ်းအားပေးတယ်။ ကျောင်းက "Our Father, Who are in Heaven..." ဟာ ကျောင်းမှာတင် ပြီးတာ။ ကိုယ် ယဉ်ပါးရတာက "သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ...... " တို့၊ ဓမ္မကထိက ဆရာကြီး ဦးလှသိန်းရဲ့ သံပေါက်တွေ။

ခလေးဂျာနယ်ထဲက- "မြတ်သူမြတ်မူ၊ ကျောင်းပိတ်ရက်၊ အိမ်မှာစာတွေကျက်..." တို့၊ "ပါပီကလေး ပုတုတု၊ သူ့စကားက ၀ု ၀ု ၀ု.... ။ သူ့စကားလူမသိ၊ လူ့စကား သူမသိ၊ သနားပါဘိ..." တို့ ခုထိ ခေါင်းထဲမှာ ရေးတေးတေး စွဲနေတုန်း။ "မိုးရေတက်ရေ၊ တဖွေးဖွေး၊ ကွင်းကျယ်အဝေးဝေး၊ လယ်စောင့်တဲလေး ခြေတံရှည်၊ မိုးကုပ်အောက်မှာနေ၊ ကြာနီတပွင့် ဖြူတပွင့်၊ တဲနဲ့ပနာတင့်"။

တဖြည်းဖြည်းနဲ့ စာဖတ်တာ စွဲလာတော့ ၀တ္ထုလိုင်းကို ကူးလာတယ်။ ဘယ်လောက်အထိ စွဲသလဲဆိုရင် 'ရန်ကုန်' သတင်းစာထဲက အခန်းဆက်ဝတ္ထုဖြစ်တဲ့ 'ဓူဝံ' ရဲ့ အခန်းဆက် ၀တ္ထုရှည်ကို တဖက်အိမ်ကို နေ့လည်အချိန် သတင်းစာ ရောက်တဲ့အချိန်မှာ စောင့်ပြီး ဖတ်ရတာ။ သူတို့အိမ်က ဆန်ဆိုင်၊ ရေနံဆီဆိုင်ဆိုတော့ ညဆိုင်ပိတ်မှ အိမ်တံခါးပိတ်တာ။ အိမ်ရှေ့မှာ ဆော့ရင်း ကစားရင်း လူကြီးတွေ သတင်းစာကို ဖတ်ပြီးလို့ ချထားတာ မြင်တာနဲ့ အပြေးသွားကောက်တာပဲ။

ပထမတော့ ရှုမ၀၊ သွေးသောက်၊ မြ၀တီ၊ ပေဖူးလွှာ၊ တိုင်းရင်းမေ၊ အဟိ၊ သောကြာ၊ လျှို့ဝှက်သဲဖို၊ စတဲ့ မဂ္ဂဇင်းတွေ။ ဖတ်စရာတွေက ပေါလိုက်တာမှ ဖတ်လို့ကို မကုန်နိုင်သလို၊ အရည်အသွေးတွေလဲ များသော အားဖြင့် ကောင်းကြတယ်။

လုံးချင်းဝတ္ထု စာအုပ်တွေကို မူလတန်း ကျောင်းသားအရွယ် (လေးတန်း) မှာ စဖတ်ခဲ့တယ်။ ဆရာကြီး ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ ဓူဝံ၊ မြစကြာ၊ ဗိုလ်တာရာ၊ မိုးဝေ တို့ရဲ့ လျှို့ဝှက်သဲဖို၊ စုံထောက်ဝတ္ထု၊ စုံး သရဲ သိုက် အောက်လမ်းဆရာ ၀တ္ထုတွေက စခဲ့ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်ဦးစံရှားက အတွဲလိုက် ထွက်တယ်။ ဓူဝံကတော့ အုပ်ထူကြီးတွေ။ မာလာ၊ ဂွမ်းပုံ၊ ရဲသုံးဘော်၊ မိုက်ခဲထွန်းရွှေ၊ နယ်လီဝင်း။ နောက်တော့ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု၊ မောင်သင်၊ ဗိုလ်မြင့်။

'အောင်လင်း' ရဲ့ 'အရိုင်းစပါယ်' 'ဗေဒါ' 'မောင့်မမငြိမ်း'။ အရိုင်းစပါယ် ၀တ္ထုဆို အတော်ကလေး ထူတယ်။ တနေ့ထဲ ပြီးအောင် ဖတ်ပစ်တာ။ နောက်တော့ ရုပ်ရှင်အဖြစ် ရောက်လာတယ်။ မော်လမြိုင်မှာ ဗမာရုပ်ရှင် အသစ်ဆိုရင် နန်းတော်ရုံ မှာတင်တယ်။ ထုံးစံက နံမည်ကြီး ရုပ်ရှင်တွေဆို ရုံမတင်ခင် တရက် ကြာသာပတေးညမှာ ရုပ်ရှင်ကြော်ငြာကို လျှပ်စစ်မီးတွေ ထိန်ထိန်လင်းအောင် ထွန်းပြီး တမြို့လုံး လှည့်တယ်။ ကိုယ်ကြိုက်တဲ့ ၀တ္ထု ရုပ်ရှင်လာတယ်ဆိုတော့ ပျော်လိုက်တာ။ ၀တ္ထုထဲက 'မ' အဖြစ် သရုပ်ဆောင်တာက ၀ါဝါ၀င်းရွှေ။ 'ကိုဘခက်' လုပ်သူက 'ထွန်းဝေ'။

ဝတ္ထုထဲမှာပါတဲ့ စကားတခု မှတ်မိနေတယ်။ ဗေဒင်ဆိုတာ ကိုယ့်ကိုယ်ကို မယုံတဲ့ လူတွေမှ မေးကြတာ။ ကိုယ်ဘာဖြစ်မယ်ဆိုတာ ကိုယ့်ကိုယ်ကို သိရင် ဘာမှ ဗေဒင်မေးစရာမလိုဘူးလို့ ကိုဘခက်က ပြောတယ်။ 'မ' က ကိုဘခက် ရှင်ဟာ နာမည်နဲ့ လူနဲ့ လိုက်အောင် တော်တော်လဲ ခက်တဲ့လူ တဲ့။

'တက္ကသိုလ်ဘုန်းနိုင်' ရဲ့ 'စိမ်းနေဦးမည့်ကျွန်တော့်မြေ' မှာ ဘုန်းကြီးကျောင်းသားသန့်စင်၊ သူကြီးသမီး မလေးနွယ် လား၊ မယဉ်နွယ် လား ခပ်မေ့မေ့။ ဖတ်လို့ကောင်း၊ စိတ်ကူးယဉ်လို့ကောင်း။ 'သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မည်ခိုင်' က ရန်ကုန်ရောက်ပြီးမှ ထွက်တာ။ တတွဲပြီး တတွဲ၊ သုံးတွဲကို စောင့်ဖတ်ရတာအမော။

ဆရာမကြီး 'ခင်နှင်းယု' ရဲ့ 'ပန်းပန်လျက်ပါ' ကတော့ စာအုပ်ပဲ ဖတ်ဖူးတာ။ ရုပ်ရှင်က ရန်ကုန်ရောက်ပြီး တော်တော်ကြီးမှ ကြည့်ဖူးတာ။ အမေတို့ ရန်ကုန်က ပြန်လာတော့ 'ပန်းပန်လျက်ပါ' ရုပ်ရှင် နှစ်ဆယ့် ငါးပါတ်မြောက်ပြရတဲ့ အထိမ်းအမှတ်ပွဲ မြို့မ-ရွှေဂုံ ရုပ်ရှင်ရုံ အပေါ်ထပ်မှာ လုပ်တဲ့အကြောင်းကို ပြောပြတယ်။

စုံးကဝေ၊ သိုက်သမိုင်း ၀တ္ထုတွေနဲ့ အပြိုင် ခေတ်စားတာ၊ စုံးကဝေ ရုပ်ရှင်တွေ၊ သိုက်သမိုင်း ရုပ်ရှင်တွေ။ ဘာတဲ့- ဆရာ-မနိုင်၊ နှစ်ဆောင်ပြိုင်၊ ဆရာပြန်ပြေး ဘုရားကလေး တဲ့။ ကျီးကန်းပါးစပ်၊ ဒေးစွန်ပါ၊ ရှင်မအောင်ဖြူ.. စုံလို့ပါပဲ။ သိုက်သမိုင်းဆို အေ၀မ်းရုပ်ရှင်။ မင်းသားက ခင်မောင်ဇင်၊ မင်းသမီးက ကြည်ကြည်ဌေး။ စုံးမ ကဝေမ က ဒေါ်မြလေး။ သရဲခန်း သိုက်စောင့်အခန်းဆို တာတေကြီး။ ဒီစာအုပ်တွေဖတ်၊ ဒီ ရုပ်ရှင်တွေ ကြည့်ပြီးရင် အိမ်ရဲ့ အပေါ်ဆုံး သုံးထပ်မှာ ရှိတဲ့ ဘုရားခန်းကို လူကြီးတွေက ဘုရားမီးထွန်းခိုင်း၊ ဘုရားသောက်တော်ရေ လဲခိုင်းရင် တယောက်ထဲ မသွားရဲဘူး။ ဘုရားခန်းဆိုတာကလဲ အဲဒီတုန်းက ကလေးတွေ အမြင်မှာ စိတ်ထဲက ချောက်ခြား စရာ။ ကြောက်စရာ။

ကိုယ်က မော်လမြိုင်မြို့၊ စိန်ပက်ထရစ်ကျောင်းမှာ ငါးတန်းအထိ နေခဲ့ပြီး၊ ရန်ကုန်မှာ ခြောက်တန်းက စနေတာ။ ကိုယ်မှတ်မိနေတဲ့ ဒီစာတွေဟာ မော်လမြိုင်မှာနေတုန်း ဖတ်ခဲ့တာတွေဆိုတာ အခိုင်အမာ ပြောလို့ရတယ်။

စာရေးဆရာနဲ့ ၀တ္ထုထဲက ဇာတ်ကောင်တွေဟာ စာဖတ်ခါစ ကိုယ်တို့ကို ဘယ်လောက်အထိ စွဲသလဲ၊ သြဇာသက်ရောက်သလဲဆိုရင် မော်လမြိုင် စိန်ပက်ထရစ် ကျောင်းမှာတက်နေတုန်း အဖြစ်အပျက်တခု အမှတ်ရ မိတယ်။ ကိုယ်တို့ ငါးတန်းမှာ ညီအစ်ကိုနှစ်ယောက် ကိုယ်တို့ ကျောင်းကို ရောက်လာတယ်။ သူတို့ အဖေက စာတိုက်ဝန်ထောက်အလုပ်နဲ့ မော်လမြိုင်ကို အလုပ်ပြောင်းလို့။ ညီက ကိုယ်နဲ့အတန်းတူ၊ အစ်ကိုက တတန်းကြီးတယ်။ ညီက ရိုးရိုးအေးအေး၊ အစ်ကိုက နည်းနည်းစွာတယ်။

အဲဒီမှာ ကိုယ်တို့က မိုးဝေရဲ့ စကြာနီဂိုဏ်း စာအုပ်ဖတ်ပြီး ရူးနေတဲ့အချိန်။ ၀တ္ထုထဲမှာ ဇာတ်လိုက်က ညီညီ။ သူဌေးသား၊ ညီညီ့သူငယ်ချင်းက သာမန်ပုလိပ်အရာရှိတယောက်သား၊ မောင်မောင်ချစ်။ ရန်ကုန်မြို့ နာမည်ကြီး သာသနာပြုကျောင်းမှာ အထက်တန်းကျောင်းသားကြီးတွေပေါ့။ အနောက်နိုင်ငံ ရုပ်ရှင်တွေထဲက road devil တွေကို အတုခိုးပြီး လမ်းသရဲဆိုပြီး ခေတ်စားနေတာ။ သူတို့ဂိုဏ်းက စကြာနီဂိုဏ်း။ ဘယ်ဘက် လက်မနဲ့လက်ညှိုးကြား လက်ဖမိုးပေါ်မှာ အနီရောင် စကြာအရုပ် ထိုးထားတယ်။ ၀တ္ထုစာအုပ် မျက်နှာဖုံးမှာကိုက "လမ်းသရဲတဦး၏ ဖွင့်ဟ၀န်ခံချက်" လို့ ဖော်ပြထားတယ်။

ငါးတန်းကျောင်းသား ကိုယ်တို့ညီအစ်ကိုကလဲ စာအုပ်ထဲက လမ်းသရဲတွေကို တုပြီး မှင်အနီနဲ့ လက်မှာ စကြာအရုပ် ရေးတာ။ တနေ့တော့ အသစ်ပြောင်းလာတဲ့ ညီအကိုထဲက အစ်ကိုနဲ့ ရန်ဖြစ်တယ်။ ကလေးတုန်းက နော်။ သူတို့က ကျောင်းကို ရောက်ခါစ။ ခုတော့ ချစ် သူငယ်ချင်း တွေပါ။ အစ်ကိုက Desmond San Choung တဲ့။ သူတို့က မိဘကို သွားတိုင်တော့ သူ့မိဘတွေက ကျောင်းအုပ်ဆရာကြီးကို တိုင်တယ်။ ဒါနဲ့ ကိုယ်တို့ ညီအစ်ကို ကျောင်းအုပ်ဆရာကြီး Brother Wilfred ရုံးခန်းကို ရောက်ကြရတယ်။ တော်သေးတယ်။ အရိုက်မခံရဘူး။ လမ်းသရဲ အရူးထတဲ့ ကလေးအရွယ် ကိုယ်တို့ ညီအစ်ကိုတွေကို ကြည့်ပြီး Brother ကြီးက ဟာသလုပ် ပြန်လွှတ်လိုက်တယ်။

အစ်ကိုလုပ်သူဟာ ခုတော့ ရန်ကုန်တက္ကသိုလ် ဥပဒေဌာနမှာ ပါမောက္ခ ဖြစ်နေလား၊ အငြိမ်းစားယူ သွားပြီလား မပြောတတ်ဘူး။ ဥပဒေပညာရှင်၊ စာရေးဆရာ ကျော်ဇောနိုင်ဟာ သူပေါ့။

စုံထောက်ဆရာ မိုးဝေက ဘယ်လောက်တောင် သြဇာသက်သလဲဆိုရင်၊ လူကြီးတွေနဲ့ ရန်ကုန်ကို အလည်သွားလို့၊ ဆူးလေဘုရားလမ်းကိုရောက်တော့၊ မိုးဝေဇာတ်ကောင် အလွတ်စုံထောက်တင်မောင်ဆွေ နဲ့ စက္ကရေတေရီ မေစီတို့ ရုံးခန်း ဘယ်နားမှာများ ဖြစ်မလဲလို့ စူးစမ်း ကြည့်မိသေး။

မောင်အေးဝင်း
ဂျူလိုင်လ ၅ ရက်၊ ၂၀၁၀။

2 comments:

ywartharlay-ytu said...

အစ်ကိုရေ

စာပေစီးဆင်းမှုအဖြစ် တခုတ်တရလေးမြင်ရတယ်ဗျာ

ကျနော်လည်း မောင်ကမ္ဘာ၊ ခလေးဂျာနယ်၊ တိုင်းရင်းမေ၊ စန္ဒာ၊ ရှုမ၀တွေကနေ စာဖတ်ခြင်းဆိုတာကို မြစ်ဖျားခံလာခဲ့တာ။

ကျနော့မှာတော့ ခလေးဂျာနယ်တွေ ရှိနေသေးတယ်။ တခြားစာအုပ်တွေ မသိမ်းပဲ ခလေးဆိုတော့ ပုံပြင်တွေ စွဲလမ်းစွာ သိမ်းခဲ့တာ ကျန်တဲ့စာအုပ်တွေ အခုမှ နှမြောမိတယ်ဗျာ

Thu said...

Dear U Aye Win,
Please provide Saya Bahmao Tin Aung "Einstein & His Relativity Theory" if possible.
I read this book around 1980 that some of explanations are till remained in my mind and now surprised on his intelectual knowldege among Myanmar scholors.