Thursday, July 29, 2010
ကာတွန်းဆရာကို ကာတွန်းဆွဲခြင်း
ရေးသူ- မောင်အေးဝင်း
ကျနော့် သူငယ်ချင်းက ကာတွန်းမောင်မောင်အောင်(နွယ်လေး၊ ပိုးဥ၊ မသဲအူ)။ စာနယ်ဇင်းလောကကို ၁၉၇၀ခုနှစ် ကတည်းက ခြေချလာခဲ့တာ။ သူနဲ့ကျနော် ရင်းနှီးတဲ့၊ သူငယ်ချင်းဖြစ်လာကြတာ အနှစ် သုံးဆယ်ကျော်လာခဲ့ပြီ။ သူနဲ့ ကျနော် စ, သိတဲ့အချိန် (၁၉၈၀) မှာ သူ့လို နာမည်ကျော် ကာတွန်းဆရာတွေ အများကြီး ကျနော်နဲ့ အပေါင်းအသင်း သူငယ်ချင်းဖြစ်တာ။ ကာတွန်းတွေနဲ့ နွှယ်ပြီး ပန်းချီဆရာတွေတောင် ပါလိုက်သေး။
သူ့အကြောင်းမပြောခင် သူ့အသိုင်းအ၀ိုင်းအကြောင်း အရင်ပြောမှ ဖြစ်မယ်။ သူတို့ ကာတွန်းဆရာတွေ ဟာ ရန်ကုန်မြို့ထဲက ဘားလမ်းထဲမှာ စိုးစံတေးသံသွင်းနဲ့ မျက်နှာချင်းဆိုင် ရွှေမင်းသမီး လက်ဘက်ရည်ဆိုင်မှာ နေ့တိုင်း လာစုကြတယ်။ နေ့လည် လက်ဘက်ရည် သောက်ချိန်ဆို နေရာအသီးသီးကနေ အလျှိုအလျှို ရောက်လာကြပြီ။
မောင်ဝဏ္ဏ(သမိန်ပေါသွတ်)၊ မြင့်စိုးလေး၊ ၀င်းထွန်း(ချစ်စရာ) တို့က ၀န်ထမ်းတွေဆိုတော့ သူ့အလုပ် လုပ်တဲ့ ရုံးတွေကနေ လက်ဘက်ရည်သောက်ချိန်မှာ အသီးသီး ရောက်လာကြတယ်။ ကျန်တဲ့ လူတွေကလည်း အိမ်တွေက လာကြတာ။
ကာတွန်းဆရာတွေဟာ လူအများကြီးဆန့်တဲ့နေရာ လက်ဘက်ရည်ဆိုင်ရဲ့ အလည်ခေါင်က ၀ိုင်းကြီးမှာ စုထိုင်ကြတယ်။ တခြား စာပေ အနုပညာသမားတွေနဲ့ ကွာခြားတာက ကိုယ့်အစုလေးနဲ့ကိုယ် တစားပွဲစီ ထိုင်တာ မဟုတ်ဘူး။ အားလုံး စုစုဝေးဝေး တစားပွဲတည်းထိုင်တယ်။ ညီညီညွတ်ညွတ် အင်မတန်ရှိတယ်။ ကြီးသူစကားကို ငယ်သူက နားထောင်တာလည်း သူတို့ရဲ့ ထူးခြားချက်။ အသက်အရွယ်နဲ့ အစဉ်အလာကို အရမ်းလေးစားကြတာ။
ဆရာကြီးဦးဟိန်စွန်း၊ ဆရာဗဂျီအောင်စိုး တို့ကို သူတို့ ၀ိုင်းမှာ တခါတလေ တွေ့တယ်။ ဆရာ ဦးဘထွေး၊ ဆရာဦးစိန် လည်း လာတတ်တယ်။ တခါတလေ ကာတွန်းသက်စု(မချစ်ချစ်) တောင် ယောက်ျားလေးတွေ ကြားလာထိုင်ပြီး စာအကြောင်း ပေအကြောင်း၊ လာရောက် ကြားနာသေးတာ။ ကျနော်က ကိုငွေကြည်၊ ကိုမောင်မောင်(ရွှေမိ)နဲ့ ပါတ်သက်ပြီး သူတို့ အားလုံးနဲ့ ရင်းနှီးလာတာကိုး။ နေ့တိုင်းလိုလို အဲဒီဆိုင်ကို ရောက်ဖြစ်တယ်။ လက်ဘက်ရည်သောက်ကြတယ်။ တိုးတိုးတိတ်တိတ် ဟိုအကြောင်း ဒီအကြောင်း၊ ရီစရာ မောစရာ ပြောတတ်တယ်။
ကိုမောင်မောင်အောင်က အတည်ပေါက်နဲ့ ရီစရာ အင်မတန်ပြောတတ်တဲ့လူ။ သူ့နဲ့ အတွဲက ကိုသစ်ထွဏ်း။ ကိုမောင်မောင်အောင်ရဲ့ မထိတထိ ကလိတာကို ကိုသစ်ထွဏ်းခမျာ မအူမလည် မကြာခဏ ခံရတယ်။ တခါတော့ ကိုသစ်ထွဏ်းက မသောက်တတ် သောက်တတ် သူ ဘီယာသောက်တာ တပုလင်းတောင် ကုန်ကြောင်း ဂုဏ်ယူတာ၊ ကိုမောင်မောင်အောင်က ကိုသစ်ထွဏ်းပြောတဲ့ တပုလင်းဆိုတာ ပို့ကြုံကြွေ့ ပုလင်း ဖြစ်မှာပါတဲ့။ ပို့ကြုံကြွေ့ဆိုတာ လက်သန်းလောက်အရွယ်ရှိတဲ့ တရုတ် သန်ချဆေး ပုလင်းကို သူကပြောတာ။
ကျနော် တဘက် ထိုင်းနိုင်ငံကို ထွက်ပြေးလာရတော့ အမှတ်အရဆုံးဟာ ကိုမောင်မောင်အောင် (နွယ်လေး၊ ပိုးအု၊ မသဲအူ) နဲ့ ကိုမောင်မောင်(ရွှေမိ) ပဲ။ ကာတွန်းတွေ အားလုံးနဲ့ အဆက် အသွယ် ပြတ်သွားရာက အရင်ဆုံးပြန် အဆက်သွယ်ရတာလည်း ကိုမောင်မောင်အောင်ပဲ။ နောက်တော့ သူလည်း အမေရိကကို ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်း သူ နယူးယောက်မှာ နေတယ်။ နောက်တော့ ကျနော်ရှိတဲ့ လော့စ်အိန်ဂျယ်လိစ်ကို သူရောက်လာပြီး အတူနေဖြစ်ကြတယ်။ ခုတော့ နယူးယောက် ပြန်ရောက်သွားပြန်ပြီ။
သူ့ဆီက မရေမတွက်နိုင်လောက်အောင် ရီစရာတွေ အများကြီးကြားခဲ့ရတယ်။ ဒီနေ့တော့ သူနဲ့ တယ်လီဖုံး ပြောကြတယ်။ သူက ရီစရာ တခုပြောလို့ ကျနော့်ခေါင်းထဲ "ကာတွန်းဆရာကို ကာတွန်းဆွဲခြင်း" ဆိုပြီး ရေးစရာ ခေါင်းစဉ်တခု ပေါ်လာတာပဲ။ တကယ်တော့ သူပြောတာ သူ့ကို ခွေးလိုက်ဆွဲတဲ့ အကြောင်း။ "ကာတွန်းဆရာကို ခွေးဆွဲခြင်း" ပေါ့။
သူ နယူးယောက်ကနေ LA ကို မလာခင် ဖလော်ရီဒါမှာ ခဏနေသေးတာ။ အဲဒီမှာ သူ့ကို ခွေးလိုက်ဆွဲတာတဲ့။
သူက ဘောင်းဘီတိုနဲ့ လမ်းလျှောက်လာတုန်း တနေရာမှာ လူတယောက်က ၀ိုင်ခွက်ကလေးနဲ့ ခြံတခုရဲ့ ရှေ့မှာ ထိုင်နေတယ်။ သူ့ဘေးမှာ ခွေးအမဲကြီးတကောင်ထိုင်လို့ တဲ့။ သူ့ကိုလည်း မြင်ရော ခွေးက တဟုန်ထိုး သူ့ကို ဆွဲဖို့ပြေးလာ ပါရောတဲ့။ သူ ရုတ်တရက် ဘာလုပ်ရမှန်းမသိပဲ၊ ကြောက်လည်း ကြောက်၊ ကြောင်လည်း ကြောင် သွားတယ်တဲ့။ အဲဒီမှာ ခွေးကို ဘာ ဘာသာစကားနဲ့ ခွေးနားလည်အောင် ဟန့်ရမလဲဆိုတာ သူ စဉ်းစားတယ်။ စဉ်းစားနေတုန်း တိုတောင်းတဲ့ အချိန်အတွင်းမှာပဲ အားနဲ့မာန်နဲ့ သူ့ကိုဆွဲမလို့ ပြေးလာတဲ့ ခွေးဟာ သူ့အနားကို ရောက်လာတယ်။ အဲဒီမှာ သူ့ပါးစပ်က ထွက်သွားတာ-
"ဟဲ့..ခွေး.." တဲ့။
ခွေးကို ဗမာလို "ဟဲ့ခွေး" ဆိုပြီး ဗမာလို အားရပါးရ ပြောချလိုက်တဲ့ ပါဝါဟာ တခြားဘာသာ နဲ့ ပြောရင် ဒီလောက် အသံသြဇာ ပြည့်မှာ မဟုတ်ဘူး။ အားနဲ့ မာန်နဲ့ ကီသွင်းပြီး အော်လိုက်တာ ခွေးဟာ ရုတ်တရက် မျက်စေ့ပျက် မျက်နှာပျက်နဲ့ ရှေ့တိုးမလာတော့ပဲ ရပ်သွားတယ်တဲ့။ မျက်နှာသေကလေးနဲ့ အတော်အားငယ် သွားပုံလည်းရတယ်။ သူ့ကို ၀မ်းနည်းတဲ့ မျက်နှာပေးနဲ့ ကြည့်နေတယ်တဲ့။ ဘာဖြစ်လို့လဲ ကိုမောင်မောင်အောင်လို့ ကျနော်က မေးကြည့်လိုက်တယ်။ သူပြောပုံက တသက်လုံး လူလိုနေလာတဲ့ ခွေးဟာ တသက်နဲ့ တကိုယ် ပထမဦးဆုံး သူ့ကို ခွေးလို့ ခေါ်လိုက်တာကို ကြားလိုက်ရတော့ သူ့အဖြစ်မှန် သူသိပြီး တော်တော် မျက်စိပျက် မျက်နှာပျက်ဖြစ်ပြီး ၀မ်းနည်းသွားတာတဲ့။ တခါမှ သူ့ကို ခွေးလို့ နာနာကျည်းကျည်း ဘယ်သူကမှ ခေါ်ခဲ့တာ မဟုတ်တော့ ဒီခွေးဟာ အတော်တုန်လှုပ်သွားတယ်။ ဒီက ခွေးတွေဆိုတာ သူတို့ ပါတဲ့ချီးကို လူက ကြုံးပေးရတာလေ။
တခါတုန်းက သူပြောဖူးတယ်။ သူ့ဇနီးမှာ ပထမဦးဆုံး သားဦးကို ဗိုက်ခွဲပြီး မွေးရမယ်။ မမွေးခင်မှာ တာဝန်ရှိသူ သူနာပြု ဆရာမကြီးက ဆရာဝန်ရဲ့ ကိုယ်စား ရှင်းပြတယ်။ ရှင့် ဇနီးရဲ့ ကျန်းမာရေးက နောက်တခါ ကလေးရလို့ မွေးရင်လဲ ဒီလိုပဲ ဗိုက်ခွဲ မွေးရမှာပဲတဲ့။ သူက သူနာပြုဆရာမကြီးကို မျက်နှာသေနဲ့ ပြန်ပြောလိုက်တယ်။ ဆရာမရယ် ဒီလိုဆိုလဲ ပြန်မချုပ်ပဲ ကျနော်မိန်းမကို ဇစ် ကလေးတပ်ပေးထားပါလား။ နောက်တခါ မွေးတော့ လွယ်ကူအောင်လို့။
ကျနော်တွေးမိတယ်။ ကာတွန်းဆရာကို ကာတွန်းဆွဲရင် ကောင်းမှာပဲလို့........။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment