Thursday, July 15, 2010

'ကိုချမ်းအေး၏ စာတမ်းများအပေါ် သဘောတရားရေးရာအရ ဝေဖန်သုံးသပ်ချက်'





[မြန်မာပြည် နိုင်ငံရေးသမိုင်းကို သိလို နားလည်လိုကြသော နိုင်ငံရေးလေ့လာသူ ကျောင်းသားများ၊ စာပေ ၀ါသနာရှင်များ အတွက် အထောက်အကူ ဖြစ်စေရန် ၁၉၅၇ ခု၊ သြဂုတ်လ ၁၅ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေတဲ့ 'ချမ်းအေးစစ်တမ်းဝေဘန်ချက်' ရဲ့ 'နိဒါန်းစာ' ကို စာမြည်းအဖြစ် မျှဝေခြင်း ဖြစ်ပါတယ်။ အကျယ် ဖတ်ရှုလိုသူများ မူရင်းစာအုပ်ကို ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ စာအုပ် အတွင်းအဖုံးပါ လိပ်စာ အဆိုအရတော့ ငြိမ်းချမ်းရေး စာပေတိုက်၊ ၉၄(က) ရွှေဂုံတိုင်လမ်း၊ ဗဟန်း၊ ရန်ကုန် ဖြစ်ပါတယ်။ ယနေ့ ဂျာနယ်လောကမှာ ရေပန်းစားနေတဲ့ နိုင်ငံရေး သက်ကြားအို အနည်းငယ်ထဲက တဦးရဲ့ တစိတ်တဒေသ အကြောင်းကို သိလိုသူများ သိကြစေရန် စာဖတ်သူ (လမင်းတရာ) က လက်ဆင့်ကမ်းပါတယ်။]




'ကိုချမ်းအေး၏ စာတမ်းများအပေါ် သဘောတရားရေးရာအရ ဝေဖန်သုံးသပ်ချက်'

'နိဒါန်း'

ကိုချမ်းအေး ဆိုသူမှာ ဗမာပြည်ကွန်မြူနစ် ပါတီဝင်တယောက် ဖြစ်ခဲ့၍ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရန်ကုန်မြို့တွင်း၌ အဘမ်းခံရ၏။ အဘမ်းခံရချိန်တွင် ကွန်မြူနစ်ပါတီမှ သူ့အား (၉)လ တိတိ တာဝန်ချထားသည့် ပြစ်ဒဏ်ကို ပေးထားချိန် ဖြစ်သည်ဟု သိရ၏။



၁၉၅၇ ခုနှစ် ဧပြီလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီတွင်မူ.. ကိုချမ်းအေးအား ထောင်တွင်းမှ ထုတ်ယူ၍ ပြန်ကြားရေးဝန်ကြီး မြန်အောင် သခင်ချစ်မောင်၏ ရုံးခန်းတွင် သတင်းစာ ကွန်ဖရင့်တရပ်ကို ကျင်းပစေခဲ့ လေသည်။ ထိုကွန်ဖရင့်တွင် ကိုချမ်းအေး တင်ပြသော စာတမ်းများမှာ အောက်ပါတို့ဖြစ်သည်။

(၁) သတင်းစာဆရာများနှင့် ဘာကြောင့်တွေ့ရသနည်း....?
(၂) စေ့စပ်ရေးကိစ္စ။ (ဗိုလ်လက်ျာ မှတဆင့် အစိုးရနှင့် စေ့စပ်ခဲ့စဉ်က အဖြစ်အပျက်များကို ပြန်လည်ဖော် ပြထားသည်။)
(၃) ဗမာပြည်ကွန်မြူနစ်ပါတီသို့ တင်ပြချက် (အင်္ဂလိပ်ဘာသာအကျဉ်းချုပ်နှင့် မြန်မာဘာသာ အကျယ် ဖော်ပြချက်များ)
(၄) ပြန်ကြားရေးဝန်ကြီးထံတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပါမည့်အကြောင်း ၀န်ချတောင်းပန်လွှာ....

အဆိုပါ စာတမ်းများကို ဗမာပြည်အလုပ်သမားလယ်သမားပါတီ ဗဟိုကော်မတီသည် "နိုင်ငံရေးပြကွက် တခု" အဖြစ်လက်ခံ၍ ဝေဘန်သုံးသပ်ခဲ့သည်။ ထိုသို့ ဝေဘန်သုံးသပ်ရာတွင် (က) ကိုချမ်းအေးနှင့် ၎င်း၏ မိခင်ပါတီဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးအပိုင်း (ခ) မာ့က်စ်လီနင်ဝါဒ အခြေခံသုံးသပ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာပိုင်း ဟူ၍ အဓိကအားဖြင့် နှစ်ပိုင်းတွေ့ရသည်။

ထိုနှစ်ပိုင်းတွင် ပထမပိုင်းဖြစ်သော ကိုချမ်းအေးနှင့် ၎င်း၏ မိခင်ကွန်မြူနစ်ပါတီတို့ ဆက်ဆံရေးအပိုင်း သည် ကျွန်ပ်တို့ ပါတီနှင့် လုံးဝမသက်ဆိုင်ပေ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးစလုံး၏ ဆက်ဆံရေးအတွက် ကာယကံရှင်တို့နှင်သာ လုံးဝ သက်ဆိုင်ပေသည်။ ကျွန်ပ်တို့ ပါတီနှင့်ကား... ဒုတိယပိုင်း ဖြစ်သော မာ့က်စ်လီနင်ဝါဒ အခြေခံသုံးသပ်သည့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်းသာ ဖြစ်ပေသည်။ ဤပြဿနာ သည် အားလုံးနှင့် သက်ဆိုင်သည့် ဘုံပြဿနာလည်း ဖြစ်ချေသည်။

ကိုချမ်းအေး၏ စာတမ်းသည် ဘယ်အခြေအနေမျိုးတွင် ဘယ်လို ပေါ်ပေါက်လာပါသနည်း....?။ အကျဉ်းချုပ်တော့ စစ်ဆေးညွှန်ပြ အပ်ပေသည်။

တိုင်းပြည်တွင် ပြည်သူတရပ်လုံး လိုလားတောင့်တနေသည့် ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာနှင့် ပါတ်သက်၍ လမ်းစဉ်ကြီး နှစ်ရပ်သည် ထင်ထင်ရှားရှားကြီး ယှဉ်ပြိုင် တိုက်ခိုက်လျက် ရှိနေပေသည်။

ပထမလမ်းစဉ်သည်၊ ဖဆပလ ဆိုရှယ်လစ်တို့၏ လမ်းစဉ်ဖြစ်သည်။ ထိုလမ်းစဉ်၏ အနှစ်သာရမှာ "လက်နက်ချလျင်ချ၊ မချလျင် အပြတ်ချေမှုန်းပစ်မည်" ဟူသော အနှစ်သာရ ဖြစ်ပေသည်။ ထိုလမ်းစဉ်၏ အခြေခံဝါဒမှာ (Policy of Force) ခေါ် "လက်နက်အားကိုး အင်အားကြီးဝါဒ" ပေါ်တွင် အနယ်ထိုင်ပေသည်။

ဒုတိယလမ်းစဉ်မှာ- ပြည်သူတို့၏ လမ်းစဉ်ဖြစ်ပေသည်။ ထိုလမ်းစဉ်၏ အနှစ်သာရမှာ "နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေး၍ ပြဿနာကို ကြေလည်စွာ ညှိနှိုင်းဖြေရှင်းကြရေး" ပင်ဖြစ်ပေသည်။ ထိုလမ်းစဉ်၏ အခြေခံဝါဒမှာ..... (Policy of Negotiation on the Democracy Principle) ခေါ် "တူညီသည့် ဒီမိုကရေစီ အခြေခံဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းရေးဝါဒ" ပေါ်တွင် အနယ်ထိုင်ပေသည်။ ထိုဝါဒသည် ယနေ့ ကမ္ဘာတ၀ှမ်းလုံးတွင် နယ်ချဲ့တို့၏ "အကြမ်းဖက် ဖြေရှင်းရေးဝါဒ" ပေါ်၌ လွှမ်းမိုးအောင်ပွဲဆင်နေသော နိုင်ငံတကာ ပြည်တွင်းပြည်ပ ငြိမ်းချမ်းဝါဒကြီးပင် ဖြစ်ပေသည်။

ထို့အပြင် ဤသို့ ယှဉ်ပြိုင် တိုက်ခိုက်နေသော လမ်းစဉ်ကြီး နှစ်ရပ်သည် ငြိမ်းချမ်းရေးပြဿနာကို ဖြေရှင်းရာ၌ အခြေခံဝါဒနှင့် လမ်းစဉ်သာ မဟာအကွာခြားကြီး ကွာခြားနေကြသည်မဟုတ်သေး။ ပြဿနာကို ချဉ်းကပ်ရှုမြင်ပုံမှာလည်း ဖဆပလနှင့် ပြည်သူ ဧရာမကွာခြားလျက် ရှိနေပေသည်။

ဖဆပလ ဆိုရှယ်လစ်တို့က ငြိမ်းချမ်းရေးပြဿနာကို ချဉ်းကပ်ရှုမြင်ရာ၌ တိုင်းပြည်၏ အပူတပြင်း သော့ချက် နိုင်ငံရေးပြဿနာကြီးလို့ မမြင်၊ ကိုလိုနီခေတ်က သာမန် သူခိုးဓါးပြ ငြိမ်ဝပ်ပိပြားရေး ပြဿနာ တရပ်လို့သာ မြင်၍ ဤသို့လည်း အကြိမ်ကြိမ် အထပ်ထပ်ပြောဆို ကြေငြာ၍ ချဉ်းကပ် ရှုမြင်နေကြသည်။ ထို့ကြောင့်လည်း ၎င်းတို့၏လမ်းစဉ် အနယ်ထိုင်ရာ အခြေခံဝါဒနှင့် ချဉ်းကပ် ရှုမြင်ပုံများအရ၊ တိုင်းပြည် ဘာဖြစ်နေနေ၊ အနိုင်တိုက်ရေး- အပြုတ်တိုက်ရေးကိုသာ တဇွတ်ထိုး ဦးတည်ခြင်း ဖြစ်ပေသည်။

ပြည်သူတို့ဘက်က ပြဿနာကို ချဉ်းကပ်ရှုမြင်ပုံမှာ၊ ငြိမ်းချမ်းရေးပြဿနာသည် နိုင်ငံ၏ အရေးကြီးဆုံး သော သော့ချက် နိုင်ငံရေးပြဿနာကြီးဟု မြင်ပေသည်။ ထို့ကြောင့်လည်း ပြည်သူတို့က အစိုးရအဖွဲ့၏ ပြဿနာ၊ သူပုန်တမြုံ၏ကိစ္စ၊ အုပ်ချုပ်ရေး အစဉ်အလာနှင့် ဥပဒေ၊ တော်လှန်ရေးသဘောတရားနှင့် နိသျှဉ်းစသော လက်အောက်ခံပြဿနာများကို ကျော်လွှား၍ တမျိုးသားလုံး၊ တပြည်ထောင်လုံး၏ နိုင်ငံရေး ပြဿနာကြီး (၀ါ) ဒီမိုကရေစီ ငြိမ်းချမ်းရေး ပြဿနာကြီး.. (The First and Foremost National Problem of Democratic Peace) ဟူ၍ မြင်သည်။ ထို့ကြောင့်လည်း ဗမာပြည်၏ ရာဇ၀င်လမ်းကြောင်းတွင်၊ ဘယ်အစိုးရ, ဘယ်အုပ်ချုပ်ရေး ဥပဒေနှင့် ဘယ်တော်လှန်ရေးပါတီတို့ပင် ဆက်လက်တည်တန့်စေ.. ယှဉ်ပြိုင်ကြစေ၊ အရင်းအမြစ်ဖြစ်သည့် တည်ငြိမ်သော ခိုင်မာသော အဓွန့်ရှည်သော ဒီမိုကရေစီငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ကြရန်အတွက် ယနေ့ ဖြစ်ပေါ်နေသော ပြည်တွင်းစစ်ကို "ကြေလည်သော တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ" ရပ်စဲစေရမည်ဟု ပြည်သူတို့က အခိုင်အမာ ယူဆ ယုံကြည်နေကြခြင်း ဖြစ်ပေသည်။

ဤသို့ ဖဆပလနှင့် ပြည်သူတို့သည်၊ ငြိမ်းချမ်းရေးလမ်းစဉ်တွင် ပြဒါးတလမ်း သံတလမ်းလို ကွာခြား နေကြသည်။ ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်။

ဖဆပလ ဆိုရှယ်လစ်တို့သည်၊ ၎င်းတို့၏ လမ်းစဉ်ကို တခုတည်းသော- တနည်းတည်းသော လမ်းစဉ်ဖြင့် ကြိုးတကြောတည်း ကိုင်တွယ်မောင်းနှင်လာရာ၊ ယနေ့ဆိုလျှင် ၉ နှစ်တိုင်တိုင် ရှိနေပေပြီ။ အကျိုးသက်ရောက် ချက်များကား ... တမျိုးသားလုံး သွေးချောင်းစီးခြင်း။ "မဟာအမှားတော်ကြီးပါတကား....." ဟု ၀န်ကြီးချုပ်ဦးနုက ၀န်ခံလာရသည် အထိ စီးပွါးပျက်ကပ်ကြီး ဆိုက်နေရခြင်း၊ တမျိုးသားလုံး အကျင့်စာရိတ္တ ပျက်စီးနေရခြင်း၊ သန်းပေါင်းများစွာသော ပြည်သူတို့သည် တိရိစ္ဆာန်များကဲ့သို့ အိုးမဲ့အိမ်မဲ့ ဘ၀များတွင် အမြဲတစေ တထိတ်ထိတ် တလန့်လန့် နေကြရခြင်း၊ နောက်ဆုံး အစိုးရရော ပြည်သူတို့ပါ ကြွေးတင်၍ ကျွန်ဖြစ်ခါနီးဘ၀သို့ ဆိုက်ရောက်လာခြင်းတို့ဖြင့် ရင်ဆိုင်နေကြရပေသည်။ ဖဆပလအဖွဲ့ကြီး၏ ၁၉၄၆- ၁၉၄၇ ခုနှစ်က တပ်ပေါင်းစု နိုင်ငံရေးသြဇာနှင့် ၁၉၅၇ ခုနှစ်တွင် လူတစု၏ အကြမ်းကိုင် နိုင်ငံရေးသြဇာတို့ နှိုင်းယှဉ်ကြည့်လျှင် မိုယ်းကြိုးနှင့် အီးသံလို ခရီးမှန်ကွာလွန်းလှသဖြင့် ကျဆင်း၍ လာနေပေသည်။

ပြည်သူတို့၏ တွေ့ဆုံဆွေးနွေးရေး ပြည်တွင်းစစ်ရပ်စဲရေး လမ်းစဉ်ကား၊ ကျယ်ပြန့်လျက် ရှိပေသည်။ သြဇာတက်လျက် ရှိပေသည်။ ပြည်တွင်းပြည်ပ ကမ္ဘာ့ငြိမ်းချမ်းရေး လမ်းစဉ်များနှင့်လည်း၊ အံကိုက်၍ ချိန်သားကျလျက် ရှိနေပေသည်။ ထို့ကြောင့်လည်း ရဟန်းရှင်လူ ပြည်သူတရပ်လုံး၏ ထောက်ခံ စည်းရုံးလာ မှုများကို နိုင်ငံနှင့်အ၀ှမ်း တက်ကြွထင်ရှားစွာ ခံယူနိုင်လျက် ရှိပေသည်။ ထင်ရှားသော သက်သေများကား အထွေထွေ ရွေးကောက်ပွဲကြီးအတွင်းမှ သန့်ရှင်းရိုးသားစွာ ထွက်ပေါ်လာသော ပြည်သူတို့၏ ဆန္ဒများ တိုင်းပြည်နှင့်အ၀ှမ်း ကျင်းပခဲ့သော ငြိမ်းချမ်းရေး ကွန်ဖရင့်ကြီးများ၊ လူထုအစည်းအဝေးပွဲကြီးများ၊ စီတန်း လမ်းလျှောက် ဆန္ဒပြမှုကြီးများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဲ့သို့ ဂိုဏ်းဂဏ ပါတီမရှိ၊ တမျိုးသားလုံး၏ ဖခင်၊ မိဘခေါင်းဆောင်ကြီးများက ဦးစီး၍ ကျယ်ပြန့်စွာ လှုပ်ရှားလာသော ငြိမ်းချမ်းရေး တောင်းဆိုမှုများကို ပြည်သူတို့၏ ဆန္ဒနှင့် အညီ လက်နက်ကိုင် ခုခံတော်လှန်ရေးပါတီ အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး စေ့စပ် ကမ်းလှမ်းချက်များ၊ တဆက်တည်း ပေါ်ထွက်နေမှုများ၊ ဤသည်တို့သည် ပြည်သူတို့၏ ငြိမ်းချမ်းရေးလမ်းစဉ်က မှန်ကန်၍ သဘာဝကျကြောင်း ပေါ်လွင်စွာ သရုပ်ဖော်နေပေသည်။

ထို့ကြောင့်လည်း ဖဆပလဆိုရှယ်လစ်တို့သည် ၎င်းတို့၏ အပြုတ်တိုက်ရေး နိုင်ငံရေးလမ်းစဉ်အရ မျက်ဖြူဆိုက်လာသော အုပ်ချုပ်ရေး၊ စီးပွါးရေး၊ စစ်ရေး၊ စည်းရုံးရေး အကြပ်အတည်းများကို သာမန်နည်းလမ်းဖြင့် ဖြေရှင်းခြင်းငှာ မစွမ်းနိုင်တော့ရကား၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ ဦးစီးသည့် ငြိမ်းချမ်းရေး လမ်းစဉ်များကို၎င်း၊ ပြည်သူ့ပါတီအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး ဆန္ဒပြလုပ်ငန်းများကို၎င်း၊ မရှက်မကြောက် ပြောင်ပြောင်လင်းလင်းကြီးပင်၊ သေနတ်နှင့်ပစ် ကြာပွတ်နှင့်ရိုက် စသော အကြမ်းနည်းများဖြင့် ပင်လျင် မရှက်မကြောက် နှိပ်ကွပ်လာရပေသည်။ (မင်းလှ၊ မုံရွာ၊ ပုသိမ် စသည့်)

ဤသို့အားဖြင့် မှားယွင်းနေသော နိုင်ငံရေးလမ်းစဉ် အဓိကကြောင့် အကြပ်အတည်း ဆိုက်ရောက် လာသော ဖဆပလဆိုရှယ်လစ် ပါတီအဖို့၊ တနည်းမဟုတ်လျှင် တနည်းအားဖြင့် ၎င်းတို့၏ နိုင်ငံရေးလမ်းစဉ်ကို အသက်ဆက် ပေါင်းကူးပေးနိုင်ရန် (၀ါ) တက်ကြွအောင်မြင်လာသော ပြည်သူတို့၏ ငြိမ်းချမ်းရေး လမ်းစဉ်ကို ပြန်လှန်တိုက်ခိုက်ရန်၊ ဘယ်သူကပေးပေး ဘယ်ကလောက်ပဲ ကြာကြာခံနိုင်သည် ဖြစ်စေ၊ နိုင်ငံရေး လက်နက်ကောင်းများ အလွန်အမင်း လိုလားတောင့်တနေသော အချိန်အခါ ဖြစ်နေပေသည်။ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီအား မြိန်မြိန်ရှက်ရှက် ထိုးနှက်မွှေနှောက်ပစ်နိုင်သော နိုင်ငံရေး လက်နက်ကောင်းတခု ရနိုင်ပါဘိလျှင်မူကား သာလို့ပင် ကောင်းလေခြင်းဟု ပူဆာတမ်းတနေသော အချိန်အခါလည်း ဖြစ်နေပေသည်။

ထိုကဲ့သို့သော အထွေထွေ နောက်ခံကားအခြေအနေတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ တိုင်းကော်မတီ တာဝန်ခံဆိုသူ ကိုချမ်းအေးအား ဘမ်းဆီးရမိလေသည်။ ထို ကိုချမ်းအေးမှာ အစိုးရက မဖမ်းဆီးမိမီကပင်လျှင် ၎င်း၏ စာတမ်းပါ ၀န်ခံချက်အရ၊ ၎င်း၏ ပါတီမှ ၎င်းအား တာဝန်ရုပ်သိမ်း၍ ပြစ်ဒဏ် ၉ လ ချထားခြင်း ခံနေရပြီး ဖြစ်သည်။ ကိုချမ်းအေးအား သူ၏ပါတီမှ သူ့အား အပြစ်ပေးခဲ့ရသည်မှာလည်း၊ ဗိုလ်လက်ျာမှတဆင့် အစိုးရနှင့် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးခဲ့စဉ်က ပါတီဗဟိုမှ နိုင်ငံရေးအခြေခံဖြင့်သာ ဆွေးနွေးရမည်ဟူသော လမ်းစဉ်ကို ဖောက်ဖျက်၍ "လက်နက်ချရေးအတွက်သာ" ဆွေးနွေးခဲ့သည့် ပြစ်မှုကြောင့် အပြစ်ပေးခံရခြင်း ဖြစ်သည်။ (ကိုချမ်းအေး၏ စေ့စပ်ရေးကိစ္စစာတမ်း စာမျက်နှာ ၅ နှင့် ၆ တွင် ပါရှိချက်)

ဤသို့ ပါတီတာဝန်မှ အပသို့ ရောက်ရှိနေသော ကိုချမ်းအေးအား၊ အစိုးရတို့က ဖမ်းဆီးရမိပြီး ၂ လခန့်မျှ ထောင်သွင်း အကျဉ်းချထားခဲ့လေသည်။ ၎င်းနောက် ဤနိဒါန်းအစ အထက်တွင် ဆိုခဲ့သည့်အတိုင်း ၁၉၅၇ခု၊ ဧပြီလ ၅ ရက်နေ့တွင် ကိုချမ်းအေးအား ထောင်မှ ထုတ်ယူလာပြီးနောက် ပြန်ကြားရေးဝန်ကြီး ရုံးခန်းတွင် ကွန်မြူနစ်ပါတီ လက်နက်ချရေးစာတမ်းကို ဆက်သွင်းတင်ပြခဲ့လေသည်။ ပြီးနောက် လွှတ်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ ကိုချမ်းအေး၏စာတမ်းတွင် ငြိမ်းချမ်းရေးပြဿနာကို မာ့က်စ်၊ လီနင်ဝါဒ အခြေခံဖြင့် သုံးသပ်တင်ပြချက်များ ပါရှိလာပေရာ၊ မှန်ကန်သော သုံးသပ်ချက်များ ဖြစ်ပါက ကျွန်ပ်တို့ ပါတီသည် လှိုက်လှဲစွာ လက်ခံကြိုဆိုမည် အမှန်ပင် ဖြစ်ပေသည်။ မမှန်ကန် ဖောက်ပြန်မှားယွင်းသော သုံးသပ်ချက်များ ပါရှိလာပါက ကျွန်ပ်တို့သည် အလုပ်သမားလူတန်းစားနှင့် ပြည်သူတို့၏ အကျိုးစီးပွါးအတွက် ၀ါဒတိုက်ပွဲဆင်၍ ဖြေရှင်းပစ်ရန် တာဝန်ရှိပေသည်။

တချိန်တည်းမှာပင် လမ်းစဉ်ကြီးနှစ်ရပ် တိုက်ပွဲသည် တပြည်ထောင်လုံးတွင် ချိမ့်ချိမ့်သဲမျှ တိုက်ပွဲ ဆင်လျက် ရှိနေပေသည်။ ကိုချမ်းအေး၏ စာတမ်းအား "လက်နက်ချရေး အပြုတ်တိုက်ရေး" လမ်းစဉ်ကို ကိုင်တွယ် တိုက်ပွဲဝင်နေသော ဖဆပလဆိုရှယ်လစ်ပါတီက ကောင်းချီးသြဘာပေး၍ ကြိုဆိုကာ သန်းနှင့်ချီ၍ ရိုက်နှိပ်ဖြန့်ဝေလျက်လည်း ရှိနေပေသည်။ ပြည်သူတို့ အတွင်းတွင်လည်း စိတ်ဓါတ်စစ်ဆင်ရေး ဟူ၍ ဒလကြမ်း မွှေနှောက် ၀ါဒဖြန့်လျက် ရှိနေပေသည်။ နိုင်ငံရေးသဘောတရာရေး ရှုပ်ထွေးမှုများကို ဖန်တီးလုပ်ကြံရာ တွင်လည်း "ခေတ်သစ်လက်နက်တရပ်" အဖြစ် အသုံးချရာတွင် ကိုချမ်းအေး၏ စာတမ်းသည် ဖဆပလ ဆိုရှယ်လစ်တို့၏ လမ်းစဉ်အသက်ဆက်ရေးအတွက် အကောင်းဆုံး လက်နက်တခု ဖြစ်လာသည်ကိုလည်း တွေ့နေရသည်။

ကိုချမ်းအေးက ၎င်း၏စာတမ်းတွင် အပြစ်ရှိကြောင်း ၀န်ခံလိုပါ၏။ ဤစေတနာ၏ အကျိုးတရားသာ ပေါ်ပေါက်ထင်ရှားပါစေ၊ ပေးလိုသမျှသော အပြစ်ကို ခံယူပါ၏- ဟု မည်သို့ပင်ဆိုစေထားစေ၊ လက်တွေ့ ကာယကံ မြောက်တွင်မူကား၊ ပြည်သူတရပ်လုံး၏ ယနေ့ တွေ့ဆုံဆွေးနွေးရေး ဒီမိုကရေစီ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကြီးစွာဆန့်ကျင်၍ သဘောတရားရေးအားဖြင့်လည်း မှားယွင်းသော ရှုပ်ထွေးမှုကြီးများကို ဖန်တီးလိုက်သည် ဖြစ်ရာ ကျွန်ပ်တို့ပါတီသည် ပြည်သူတို့၏ တာဝန်အရ ဤ "ချမ်းအေးစစ်တမ်းဝေဖန်ချက်" ကို တိုင်းပြည်အား ၀ါဒရေးရာ ဝေဖန်ချက် အဖြစ် အချိန်မီ တင်ပြဖြေရှင်းလိုက်ရသည် ဖြစ်ပါကြောင်း။

အလုပ်သမား လူတန်းစား ညီညွတ်ခိုင်မာစွာရပ်တည်နိုင်ရေးသို့.....

ဗဟိုကော်မတီ
ဗမာပြည် အလုပ်သမား-လယ်သမားပါတီ
ဌာနချုပ်။

[မြန်မာပြည် နိုင်ငံရေးသမိုင်းကို သိလို နားလည်လိုကြသော နိုင်ငံရေးလေ့လာသူ ကျောင်းသားများ၊ စာပေ ၀ါသနာရှင်များ အတွက် အထောက်အကူ ဖြစ်စေရန် ၁၉၅၇ ခု၊ သြဂုတ်လ ၁၅ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေတဲ့ 'ချမ်းအေးစစ်တမ်းဝေဘန်ချက်' ရဲ့ 'နိဒါန်းစာ' ကို စာမြည်းအဖြစ် မျှဝေခြင်း ဖြစ်ပါတယ်။ အကျယ် ဖတ်ရှုလိုသူများ မူရင်းစာအုပ်ကို ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ စာအုပ် အတွင်းအဖုံးပါ လိပ်စာ အဆိုအရတော့ ငြိမ်းချမ်းရေး စာပေတိုက်၊ ၉၄(က) ရွှေဂုံတိုင်လမ်း၊ ဗဟန်း၊ ရန်ကုန် ဖြစ်ပါတယ်။ ယနေ့ ဂျာနယ်လောကမှာ ရေပန်းစားနေတဲ့ နိုင်ငံရေး သက်ကြားအို အနည်းငယ်ထဲက တဦးရဲ့ တစိတ်တဒေသ အကြောင်းကို သိလိုသူများ သိကြစေရန် စာဖတ်သူ (လမင်းတရာ) က လက်ဆင့်ကမ်းပါတယ်။]








No comments: