ကိုဟိုဒင်းရေ-
မန္တလေးမြို့ထဲမှာ ရေကြီးလို့တဲ့ဗျာ။ ကျနော်တော့ ကြား-ကြားချင်း အမလေးတ’လိုက်မိတယ်။ ကျနော့်မှာ ခံပြင်းတာလိုလို၊ နာကျည်းတာလိုလို၊ ၀မ်းနည်းတာလိုလိုနဲ့ ရင်ထဲမှာ အစိုင်အခဲကြီး ဖြစ်နေပြီး ခင်ဗျားဆီကို စာရေးဖို့ ကြိုးစားတာ မအောင်မြင်နိုင်ဘူး ဖြစ်နေခဲ့တယ်။ အခုတော့ ရဲရမန်းဆည်ကလည်း ရေကြီးဖို့ ထပ်ခြိမ်းခြောက်နေပြီဆိုလို့ မရေးမဖြစ် ကောက်ရေးလိုက်တော့တာပဲ၊ နအဖလက်ထက်မှာ မြန်မာ့သမိုင်း စံချိန်တင် သဘာဝဘေးအန္တရာယ်တခု ပေါ်လာပြန်ပြီလို့ ဆိုလိုက်ရုံနဲ့တော့ မကျေနပ်နိုင်သေးဘူးဗျာ။
ဒါတွေကို ပြန်တွေးရင်း ကျနော်တို့ ငယ်ငယ်က လူကြီးမိဘတွေပြောတဲ့ မန္တလေးရေကြီးတာ နာရီစင်နားအထိ ရေတွေ ရောက်တယ်ဆိုတာကို ပြန်သတိရမိပါတယ်။ အမေက သူကြားဖူးတဲ့ သူမမွေးခင်က ကိစ္စတခုကို မှတ်လောက်သားလောက်လွန်းလို့ဆိုပြီး ကျနော်တို့ မောင်နှမတွေကို ပြန်ပြောပြတာပေါ့ဗျာ။ ကျနော်တို့ကတော့ နာရီစင်နေရာအထိ ရေရောက်တယ် ဆိုတာကို “ထူးပေသည်- ဆန်းပေသည်”ဆိုတာလို ဘယ်လိုမှ တွေးမရဘူး ဖြစ်နေတာပေါ့ဗျာ။ နားထောင်နေတဲ့ ကျနော့် နှမလေးကတော့ “ဒါဆိုရင် လှေစီးပြီး ဈေးချိုကို ဈေးဝယ်သွားရတာ ပျော်စရာကြီးနေမှာ”လို့ ကလေးတွေး - တွေးပြီး ပြောတော့ အမေက“ဟယ်-တောက်တီး တောက်တဲ့”လို့ ဆိုခဲ့တာ မှတ်မိနေတယ်။ ကျနော်တို့အဖို့တော့မယုံချင်စရာ ပုံပြင်လေဗျာ။ အခုတော့ ဒီပုံပြင်ဟာကြောက်စရာ သူရဲဇာတ်လမ်းတခု ဖြစ်နေပါပကော။
တကယ်ကျတော့ ကိုဟိုဒင်းရေ မင်းတုန်းမင်းက မန္တလေးကို မြို့တည်ဖို့ရွေးခဲ့တာ မဆင်မခြင်၊ မစူးမစမ်းလုပ်ခဲ့တာ မဟုတ်ပါဘူးဗျာ။ မြို့သစ်တည်တာ လိုအပ်၊ မလိုအပ် ဆိုတာကတော့ သီးသန့်ပြဿနာ တခုပေါ့။ အဲဒီမတိုင်မီက ဒီနေရာမှာ ရေကြီးတတ်တယ်၊ ရေကြီးလေ့ရှိတယ်ဆိုရင် ဒီနေရာကိုသူရွေးပါ့မလား။ နောက်ပြီး ရတနာပုံခေတ်၊ အနှစ်သုံးဆယ်လောက်အတွင်းမှာ ရေကြီးတယ်၊ ရေ၀င်တယ်ဆိုတဲ့ မှတ်တမ်းမရှိခဲ့ပါဘူး။ အထက်မှာ ပြောတဲ့ရေကြီးတယ်ဆိုတာက ပါတော်မူပြီး နောက်တနှစ်မှ ဖြစ်တာပါ။ မင်းအပြောင်းအလဲ၊ အင်္ဂလိပ်တွေကလည်း ဒီအန္တရာယ်ကို မသိသေးလို့ဖြစ်မယ် ထင်တာပါပဲ။ ဒိနောက်တော့ မန္တလေး ရေကြီးတယ်လို့ ဘယ်တော့မှ မကြားရတော့ဘူး မဟုတ်လားဗျာ။ အခု နှစ်ပေါင်း ၁၂၀ကျော်တော့မှ ထပ်ကြားရတာပဲ။
ပြောရရင် မန္တလေးမြို့ကြီးရဲ့ တည်နေပုံက- “အရှေ့ဘက်တွင် နန္ဒာကန်ခေါ် မောင်းမကန်၊ အရှေ့တောင်ဘက်တွင် အောင်ပင်လယ်ကန်နှင့် ဇောင်းကလောကန်၊ တောင်ဘက်တွင် တောင်သမန်အင်း နှင့် မြစ်ငယ်မြစ်၊ အနောက်တောင်ဘက်တွင် တက်သေးအင်း၊ အနောက်ဘက်တွင် ဧရာဝတီဖြစ်၊ မြောက်ဘက်တွင် မတ္တရာမြစ်”ဆိုပြီး“ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်”ဆိုတဲ့ မြေပြန့်ကြီးပါ။ နောက်ပြီး မြို့ထဲမှာလည်း သိင်္ဂဇာချောင်း၊ ရွှေတချောင်း၊ ငွေတချော
င်း၊ ရေနီမြောင်းစတဲ့ ချောင်းတွေ မြောင်းတွေဟာ ဥဒဟိုစီးနေသလို ဖြစ်ပါတယ်။ ဒါ့အပြင် မင်းရှင်စောလက်ထက် ကတည်းက ဖောက်လုပ်ခဲ့တဲ့ လယ်ထဲကို ရေပေးတဲ့ မြောင်းတွေကလည်း ပင့်ကူအိမ်လို ယှက်သန်းနေတာမို့ “အို-ဆန်းပါဘိ နတ်နန်း ၀တိန်သာ”လို့ မန်းတောင်လက်ျာ သီချင်းထဲမှာ ဖွဲ့ကျူးထားတာ ဖြစ်ပါတယ်။
နောက် ပြောသင့်တဲ့ အချက်တချက်က ထီးပေါင်းကားခေါ် မန္တလေးဆိုတဲ့နေရာမှာ နဂိုက ကျုံးကြီးမရှိပါဘူး။ မင်းတုန်းမင်းက မြို့တည်တော့မှ ကျုံးကိုတူးတာပါ။ ပြီးမှ ရေသွင်းယူတာပါ။ သူ အဲဒီလို လုပ်လိုက်တဲ့အတွက် မန္တလေးနဲ့ သူ့ပတ်ဝန်းကျင်မှာ ရေလျှံတယ် ရေကြီးတယ်ဆိုတာ မဖြစ်ခဲ့ပါဘူး။ အခုတော့ ကျုံးတောင်မှလျှံတယ်တဲ့လေ၊ ကျနော့်အမေတို့ ခေတ်က လေနဲ့သာဆိုရင် ကြား-ကြားဖူးပေါင်လို့ပြောရမှာပါပဲ။ အခြေအနေဟာဘယ်လောက်ဆိုးတယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။
အမှန်ကတော့ တောင်ပေါ်ဒေသပဲဖြစ်ဖြစ်၊ မြေပြန့်ဒေသပဲဖြစ်ဖြစ် ချောင်းတွေမြောင်းတွေ၊ အင်းတွေအိုင်တွေရဲ့ ရေတည်ရှိမှုနဲ့ ရေစီးဆင်းမှုဆိုတာ သူ့ဟာနဲ့ သူ ဟန်ချက်တခု ရှိတယ်ဗျ။ သဘာဝအရှိကို လူတွေက ပိုကောင်းအောင်သာ လုပ်ရတယ်၊ ပိုဆိုးအောင် လုပ်လို့မဖြစ်ဘူးဗျ။ ဗမာဘုရင်က ကျုံးကိုတူးတယ်၊ ရေသွင်းတယ်၊ ရေသွင်းမြောင်းရေထုတ် မြောင်းတွေ ဖောက်တယ်၊ သွယ်တယ် စတာတွေကို လုပ်ရာမှာ အဲဒီ ဟန်ချက်ကို ခေါင်းထဲထားပြီး လုပ်တာပါ။ ဆည်တခု ဆောက်လိုက်လို့ နဂိုက ရေရနေတဲ့ လယ်တွေ ရေငတ်သွားတာ၊ ရေလွှမ်းသွားတာမျိုး မဖြစ်စေရဘူး။ မင်းတုန်းမင်းတို့ အဲဒီလို လုပ်ခဲ့တာကို ဦးပုည ရတနာနဒီ မော်ကွန်းထဲမှာ “ရွှေပြွန်လွှတ်စွန့်၊ မြရည်သန့်နှင့်၊ မကန့်လျှာဖျား၊ တန့်မနားသည့်”လို့ ရေးထားတာကြည့်ရင် သဘောပေါက်လောက်ပါတယ်။
ဟော၊ နအဖလက်ထက်ကျတော့ တက်သေးအင်းကို ဆယ်တယ်ဆိုတာလုပ်တယ် (ဘေးမှာ ရပ်ကွက်သစ်ဖော်၊ အိမ်တွေဆောက်ပြီး ရောင်းစားရအောင်လို့) ဧရာဝတီထဲကို စီးထွက်ရမယ့်ရေက အရင်လို လွတ်လွတ်လပ်လပ် စီးမထွက် နိုင်တော့ဘူး၊ နောက် ဆည်တော်ကြီးကို လျှပ်စစ်ထုတ်ဖို့ လုပ်တယ် ဆိုတော့လည့်း ဆည်ကရေကိုထိန်းတဲ့အလုပ် မလုပ်တော့ဘူး။ တောက်လျှောက်လွှတ်နေတာ။ ပိုဆိုးတာက မန္တလေးမှာ ချမ်းသာသွားတဲ့ သွားလေသူ ဗိုလ်ထွန်းကြည်က ဆည်တော်ကြီးက ရေထုတ်တဲ့ နေရာ-ရေလွှမ်းဖို့ သတ်မှတ် ထားတဲ့နေရာ(flood basin area) မှာ စက်မှုမြို့သစ်ဆိုပြီး တည်တယ်လေ၊ ရွှေဥဏ်တော်က။ ဘာပြောကောင်းမလဲ `မြို့သစ် ရေ၀င်တယ်ဆိုတာ ထမင်းစားရေသောက်လို ဖြစ်လာတာပဲ။ အလားတူ ပဲ တခြားလည်း အဲဒီလို ကိုယ်ကျိုးအတွက် တည်ဆောက်ရေးတွေ တရားမဲ့ လျှောက်လုပ်တော့ အထက်က ပြောခဲ့တဲ့ ဒေသရဲ့ ရေဟန်ချက်ဟာ ပျက်ကရော။ ရေတွေက စီးမထွက်နိုင်တော့ဘူး။ ဒီလိုနဲ့ မိုးများတယ်ဆိုတာနဲ့ ရေတွေလျှံတာလျှံ၊ ဆည်တွေကျိုးတာကျိုး ဖြစ်ကုန်တော့တာပဲ။ ဒီခေတ်မှာ ဖြစ်ပေါ်နေတဲ့ များပြားလှတဲ့ ထိန်းမနိုင်သိမ်းမရ တွေထဲက နောက်ဆုံးပေါ်တခုလို့ဆိုရင်ရမယ်ထင်တယ်။
ဒါပေမဲ့ တိုင်းပြည်မှာ၊ မန္တလေးလို ကမ္ဘာကျော်မြို့တမြို့မှာ ဒီလိုလူကြားမကောင်း သူကြားမကောင်း၊ ရှက်စရာ ကိစ္စကြီးဖြစ်လို့လည်း နအဖခေါင်းဆောင်တွေဟာ ရှက်ဖို့နေနေသာသာ လှည့်တောင်မကြည့်ဘူး။ ဒီအခါမှာ သူတို့အဖို့ ရွေးကောက်ပွဲကလွဲရင် ဘယ်ဟာမှအရေးမကြီ်းဘူးဖြစ်နေတယ်။ ဒါ့အပြင် ဒီသဘာဝ ဘေးအန္တရာယ်ကို ရေရှည်မှာကာ ကွယ်နိုင်ဖို့ ဘယ်လိုပြုပြင်မယ်၊ နောင်မဖြစ်အောင် ဘယ်လိုလုပ်မယ် ဆိုတာလည်း ဘာတခွန်းမှမပြောဘူး။ စစ်ဗိုလ်တွေဟာ ပြည်သူတွေရဲ့ ဒုက္ခတွေကို ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် ထင်တာမဟုတ်ဘူး။ နိုင်ငံ့အပေါ်တောင် သံယောဇဉ် မရှိတဲ့ လူတွေဟာ မန္တလေးဆိုတဲ့ မြို့တမြို့ထဲအပေါ်ု ဘယ်ကလာ သံယောဇဉ် ရှိလိမ့်မလဲလို့ ပြောရင်တော့ရတာပေါ့။
နာဂစ်မုန်တိုင်းလောက် မဆိုးသေးပါဘူးဆိုပြီးပဲ ဖြေသိမ့်ရတော့မှာလားဗျာ။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော

စာရေးဆရာ ဒဂုန်တာရာသည်လည်း ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်တဦး အဖြစ်နှင့် အတူ သွားကြရ၍ ၎င်းအား အထိုက်အလျောက် လေ့လာခွင့် ရခဲ့သည်။ ပီကင်းသို့ မသွားကြမီ လေးနှစ်လောက်က ဒဂုန်တာရာသည် ကျွန်ပ်၏ အယူအဆများနှင့် ပတ်သက်၍ မည်သို့မည်ပုံ ဝေဖန်သည်ဟု ငွေဥဒေါင်းက ကျွန်ပ်အား ပြောပြဖူး၏။ စာရေးဆရာရန်အောင်သည် ဤအတွက်ကြောင့် ဒဂုန်တာရာအား ရိုက်မည်ပြုသေးသည် ဟူ၍ပင် ငွေဥဒေါင်းက ပြောဖူး၏။ (ဟုတ် မဟုတ်ကား မပြောတတ်။ ဆရာရန်အောင်မဟုတ်လျှင်လည်း တယောက်ယောက် ဖြစ်ပါလိမ့်မည်။ နာမည်ကိုတော့ ကျွန်ပ် ခပ်မေ့မေ့ ရှိနေသည်။ သို့သော် ဆရာရန်အောင် ဟူ၍ပင် ပြောသည်ထင်၏။)
၁၉၅၀ ပြည့်နှစ်တွင် ကျွန်ပ် သီတာလမ်း၌ နေထိုင်လျက် ရှိစဉ် ငွေဥဒေါင်းသည် ကျွန်ပ်အား သူ့အိမ်သို့ ထမင်းစားဖိတ်၍ ရောက်သွားသောအခါ ဒဂုန်တာရာကို တွေ့ရသဖြင့် ကျွန်ပ် အံ့သြမိသေး၏။ ကျွန်ပ်သည် အသက်အရွယ်အလိုက် အကဲခတ်တတ်သူ တယောက်ဖြစ်သည်နှင့် ကျွန်ပ်၏ သားထွေး အရွယ်လောက်မျှရှိသူ တယောက်က ကျွန်ပ်အကြောင်းကို ဆရာရန်အောင်လို ကြားလူတယောက်က ၀င်၍ ရိုက်ချင်လောက်အောင် ရှုတ်ချပြောဆိုရချေမည်လောဆိုကာ ဒဂုန်တာရာအပေါ်၌ (ငွေဥဒေါင်း၏စကားအရ) အာဃာတထားလျက်ရှိသည် ဖြစ်သောကြောင့် ငွေဥဒေါင်းက တိုက်ကျွေးခြင်းကိုလည်းမသောက်၊ ဒဂုန်တာရာနှင့် လည်း စကားဟဟ မပြောဘဲ နှုတ်ဆိတ်ဆိတ် နေခဲ့မိသည်။ ဒဂုန်တာရာ ကိုယ်၌ကလည်း စကားရော ဖောရောနှင့် ရောတတ်သူတယောက် Good mixer မဟုတ်သဖြင့် ခွကျတတနှင့်ပင် ထမင်းစားပွဲ ပြီးဆုံးသွားခဲ့သည်။ အကယ်၍ ကျွန်ပ်သည်ငွေဥဒေါင်း ၀ယ်ထားသော ရမ်အရက်ကို သောက်ခဲ့ပါမူ (အသောက်သမားတို့၏ ထုံးစံအတိုင်း) ရောရောနှောနှော ပြောမိဆိုမိ ဖြစ်လာလိမ့်မည်ဟု ကျွန်ပ် သိ၏။ ထိုကြောင့်ပင် ကျွန်ပ်သည် တမင်ရှောင်၍ မသောက်ဘဲ နေခဲ့ခြင်း ဖြစ်၏။
ပီကင်းသို့ ရောက်ကြ၍ တကြိမ် နှစ်ကြိမ် စကားပြောမိသော အခါ၌မူကား ဒဂုန်တာရာမှာ လူပေါင်းဆံ့ခြင်း မဆံ့ခြင်းကို အပထား၍ အရည်အချင်းအားဖြင့် ခေသော လူငယ်တယောက် မဟုတ်ခြင်းကို ကျွန်ပ် အကဲခတ်နိုင်လာပါသည်။ တည့်တည့်ဝန်ခံရလျှင် ဒဂုန်တာရာကား ကျွန်ပ်ထင်မိသည်ထက် ပြည့်သော အရည်အချင်းရှိခြင်းကို တွေ့ရ၏။ အတီးအမှုတ် အကြောင်းကို ပြောကြရာတွင် "ကျွန်တော် စန္ဒရားတီးလျှင် တော်ရုံတန်ရုံ အဆိုတော်မျိုးနှင့် မဖြစ်ဘူး၊ စောမြအေးကြည်တို့လို အဆိုတော်ကြီးမျိုးနဲ့မှ တီးချင်တယ်" ဟု ဒဂုန်တာရာက ပြောလိုက်သဖြင့် ကျွန်ပ် အတော် မျက်လုံးပြူးသွား၏။ ဟုတ်လောက်သည် ထင်ခြင်းကတ၀က် (မူလအာဃာတကြောင့်) ကြွားသည် ထင်ခြင်းကတ၀က် ဖြစ်နေ၏။
သို့ရာတွင် ပီကင်း၌ပင် သူ၏ လက်သံကို ကျွန်ပ် နားထောင်ခွင့် ရသောအခါ အာဂ လူငယ်တယောက် ပေတကားဟု ကျွန်ပ် ဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက် စာပေအကြောင်းမှ စ၍ ထွေရာလေးပါး အကြောင်းအရာများ ကို ဆွေးနွေးကြရာတွင် သူ၏ အရည်အချင်းကို အကဲခတ်မိ၍ အာဃာတစိတ်များ လုံးဝ လွင့်စဉ် သွားပါလေ တော့သည်။ လူတယောက်၌ အရည်အချင်းပြည့်ဝခြင်းကို တွေ့ရသည့်အခါ သူ၏ အခြားသော ချို့ငဲ့ချက်များကို ခွင့်လွှတ်နိုင်ခြင်းမှာ ကျွန်ပ်၏ ချွတ်ယွင်းချက်ပေလော၊ သို့တည်းမဟုတ် ကောင်းခြင်းတရပ်ပေလော မပြောတတ်ပါ။
အချို့ကမူ လူစွမ်းကောင်း ကြည်ညိုတတ်ခြင်း (Hero Worship) ဟုခေါ်ကြ၍ နူးညံ့သည်ဟု ဆိုကြလေသည်။ မည်သို့ပင်ဖြစ်စေ၊ တရုတ်ပြည်ခရီးတွင် ကျွန်ပ်အကြောင်းကို ဒဂုန်တာရာက သိခြင်းထက် ဒဂုန်တာရာအကြောင်းကို ကျွန်ပ်က သိခြင်းက ပိုသည် ထင်၏။ ဒဂုန်တာရာအပေါ်၌ ယခင်က ထားခဲ့သော အာဃာတစိတ်မှာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ပါလေပြီ။
[၂၀၀၆ ခုနှစ်၊ သြဂုတ်လ၊ စိတ်ကူးချိုချို စာပေတိုက်ထုတ်၊ စဆုံးပေါင်းချုပ် ဒုတ်ယအကြိမ်။ စာမျက်နှာ ၄၄၃။]
How Do I Live
Le Ann Rimes
How do I get through one night without you?
If I had to live without you
What kind of life would that be?
Oh... I, I need you in my arms need you to hold.
You're my world, my heart, my soul
If you ever leave Baby you would take away
everything good in my life
And tell me now
How do I live without you I want to know.
How do I breathe without you if you ever go.
How do I ever, ever survive
How do I, how do I, oh.... how do I.
Without you,
There'd be no sun in my sky.
There would love in my life.
There would be no world left for me.
And I, baby I don't know what I would do.
I'd be lost if I lost you.
If you ever leave Baby
you would take away everything meant in my life.
And tell me now.
How do I live without you. I want to know.
How do I breathe without you if you ever go.
How do I ever ever survive.
How do I, how do I, oh how do I live.
Please tell me, baby
How do I go if you ever leave.
Baby you would take away everything
Need you with me
Baby don't you know that you're everything good in my life.
And tell me now,
How do I live without you I want to know.
How do breathe without you if you ever go.
How do I ever ever survive.
How do I, how do I, oh.. how do I live.
How do I live without you.
How do I live without you baby.
ဘယ်လိုများနေရပါ့မယ်
လီအန်းရိုင်းမ်စ်
မင်းမပါဘဲ ညတညကို
ဘယ်လိုများ ကိုယ်ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလဲ
မင်းမပါဘဲသာ ကိုယ်အသက်ရှင်ရတော့မယ်ဆိုခဲ့ရင်
အဲဒါ... ဘယ်လိုဘ၀မျိုးများ ဖြစ်လာမှာပါလိမ့်။
ကိုယ့်ရင်ခွင်မှာ မင်းရှိနေမှ မင်းကို ဖက်တွယ်ထားရပါမှ
မင်းကသာ ကိုယ့်ကမ္ဘာ ကိုယ့်နှလုံးသား ကိုယ့်ဝိညာဉ်ပါ အချစ်ရယ်
မင်းသာ စွန့်ခွါထွက်သွားခဲ့မယ်ဆိုရင်
အချစ်ရေ ကိုယ့်ဘ၀ရဲ့ ကောင်းခြင်းမှန်သမျှ အရာရာ
မင်းဆီမှာ ပါသွားတော့မှာပါ။
ပြောစမ်းပါဦးအချစ်ရဲ့
မင်းမရှိတဲ့ဘ၀မှာ ကိုယ်ဘယ်လိုနေမှာလဲ ကိုယ်သိချင်လှချည်ရဲ့
မင်းမရှိဘဲ ကိုယ်ဘယ်လိုအသက်ရှင်ရမလဲ
မင်းသာ စွန့်ခွါသွားခဲ့မယ်ဆိုရင်လေ
ကိုယ်ဘယ်လိုများ ဆက်ပြီး အသက်ရှင်ပါ့မလဲကွယ်
ဘယ်လိုများ နေရပါ့မလဲ။
မင်းမရှိခဲ့ရင်
ကိုယ့်ကောင်းကင်မှာ နေမင်းရှိတော့မှာမဟုတ်
ကိုယ့်ဘ၀မှာ အချစ်ရှိတော့မှာမဟုတ်
ကိုယ်အသက်ရှင်ရမယ့်ကမ္ဘာလည်း ကျန်ခဲ့တော့မှာမဟုတ်
ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ်မသိတော့ပါဘူး အချစ်ရယ်
မင်းကိုသာ ဆုံးရှုံးလိုက်ရရင် ကိုယ့်ဘ၀ဆိုတာ ကွယ်ပျောက်ရတော့မှာ
မင်းသာစွန့်ခွါထွက်သွားခဲ့မယ်ဆိုရင်
အချစ်ရေ ကိုယ့်ဘ၀ရဲ့ တန်ဘိုးထားမြတ်နိုးရာမှန်သမျှလည်း
မင်းပဲ ယူသွားတော့မှာပါ။
ပြောစမ်းပါဦးအချစ်ရဲ့
မင်းမရှိတဲ့ဘ၀မှာ ကိုယ်ဘယ်လိုနေရမှာလဲ ကိုယ်သိချင်လှချည်ရဲ့
မင်းမရှိဘဲ ကိုယ်ဘယ်လို အသက်ရှင်ရမှာလဲ
မင်းသာ စွန်ခွါသွားခဲ့မယ်ဆိုရင်လေ
ကိုယ်ဘယ်လိုများ ဆက်ပြီး အသက်ရှင်နေနိုင်ပါ့မလဲကွယ်
ဘယ်လိုများ နေရပါ့မလဲ။
ပြောပါဦး အချစ်ရယ်....
မင်းသာစွန်ခွါသွားခဲ့မယ်ဆိုရင် ကိုယ်ဘယ်လို ရပ်တည်နေခဲ့ရမလဲ
အရာရာကို မင်းယူသွားတော့မှာပဲ
ကိုယ့်ဘေးမှာ မင်းရှိနေပါမှ
ကိုယ့်ဘ၀မှာ မင်းဟာ ကောင်းမွန်ခြင်းအားလုံးဆိုတာ
မင်းမသိလေရော့လားကွယ်။
ပြောစမ်းပါဦးအချစ်ရဲ့......
မင်းမရှိတဲ့ဘ၀မှာ ကိုယ်ဘယ်လိုနေရမှာလဲ ကိုယ်သိချင်လှချည်ရဲ့
မင်းမရှိဘဲ ကိုယ်ဘယ်လို အသက်ရှင်ရမှာလဲ
မင်းသာစွန့်ခွါသွားခဲ့မယ်ဆိုရင်လေ
ကိုယ်ဘယ်လိုများ ဆက်ပြီး အသက်ရှင်နေရပါ့မလဲကွယ်
ဘယ်လိုများနေရပါ့မလဲ။
မင်းမရှိတဲ့ဘ၀မှာ ကိုယ်ဘယ်လိုနေရပါ့မလဲ
မင်းမရှိတဲ့ဘ၀မှာ ကိုယ်ဘယ်လိုနေရပါ့မလဲ အချစ်ရယ်။
xxx --- xxx --- xxx
အဲဒီသီချင်းကို Diane Warren က ရေးစပ်ခဲ့တယ်လို့ သိရပါတယ်။ Celine Dion သီဆိုထားတဲ့ သီချင်းတော်တော်များများကိုလည်း Diane Warren က ရေးစပ်ခဲ့တာပါ။
အခု သီချင်းကို မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ နစ်ကပ်စ်ကေ့ဂ်ျပ်ဝင်တဲ့ Con Air ဇာတ်ကားမှာ ဇာတ်ဝင်သီချင်းအဖြစ် ထည့်သုံးခဲ့တယ်။ ဇာတ်ကား အစကနေ အဆုံးအထိ မရပ်မနား ပစ်ခတ်တိုက်ခိုက်နေတဲ့ ရုပ်ရှင်တခုမှာ ဒီအချစ်သီချင်းဟာ ဘယ်လိုမှ အသုံးမတည့်နိုင်ဘူးလို့ ထင်စရာရှိပေမယ့် သီချင်းကလေးက ကောင်းလွန်းနေတော့ သူနဲ့ လိုက်ဖက်မယ့် ဇာတ်ဝင်ခန်းကလေးတကွက် ထည့်လိုက်တယ်ဆိုရင်ပဲ ဇာတ်သိမ်းကျတော့ လှသွားသလို ရှိပါတယ်။
ဒီသီချင်းကို အမျိုးသမီး အဆိုတော်နှစ်ဦး မူကွဲသီဆိုထားတာ ကြားဖူးပါတယ်။ Trisha Yearwood နဲ့ Le Ann Rimes တို့ပါပဲ။ အသံထုထည်နဲ့ ခွန်အားခြင်းမတူသလို ဆိုဟန်ချင်းလည်း ကွဲပါတယ်။ ဒါပေမယ့် တေးသွားသံစဉ်ကိုတော့ သစ္စာရှိရှိ တမူတည်း သီဆိုထားခဲ့ပါတယ်။
ဘယ်သူ့သီချင်းက ပိုကောင်းသလဲလို့ ဆုံးဖြတ်ဖို့တော့ နည်းနည်းခက်မယ်ထင်ပါရဲ့။ Trisha Yearwood က အသံအေးအေးရှရှလေးနဲ့ ငြိမ်ငြိမ်လေး ဆိုသွားတယ်။ နောက်ခံဂီတကို သူ့အသံနဲ့ ဖုံးကွယ်သွားခြင်း မရှိပါဘူး။ ဂီတနဲ့ သီချင်းဟာ လှလှပပ အေးအေးငြိမ့်ငြိမ့်လေး ပေါင်းစပ်သွားခဲ့ပါတယ်။
Le Ann Rimes ကတော့ အသံအောင်လွန်းတော့ လူငယ်ပီပီ ခွန်အားအပြည့်သုံးပြီး သီဆိုထားခဲ့တယ်။ သူ့အသံက သိပ်ကြီးနေတဲ့အခါ ဂီတက အသံနောက်ကို မလိုက်လာတဲ့ အကြိမ်တွေ ရှိတယ်။ ဒါပေမယ့် ရင်ထဲကလာတဲ့အသံနဲ့ လည်ချောင်းထဲက ခွန်အားအပြည့်ပေါင်းလိုက်တော့ တော်တော် နားထောင်လို့ စွဲပါတယ်။ သူသီဆိုပုံက ချစ်သူ စွန့်ခွါထွက်သွားမှာ စိုးရိမ်တဲ့ မိန်းကလေးတယောက်ရဲ့ ပူပန်သောကနဲ့ တွယ်ရာမဲ့ခံစားမှုကို အဓိကထားတယ်။
Trisha Yearwood သီဆိုပုံက တမျိုး၊ ချစ်သူကို သိပ်ချစ်တဲ့မိန်းမတယောက်ရဲ့ တစိမ့်စိမ့် ချစ်မြတ်နိုးတွယ်တာမှုကို အဓိကထားတယ်။
နှစ်မျိုးစလုံးကောင်းနေတာပါပဲ။
မနှစ်က အမေရိကန်ပြည်ထောင်စုရဲ့ ရေဒီယိုအသံလွှင့်ဌာန အတော်များများမှာ မနက်ရောညပါ မကြာခဏ ထုတ်လွှင့်ခဲ့တဲ့ How do I live က Le Ann Rimes ရဲ့ သီချင်းဖြစ်ပေမယ့် ဂရမ်မီဆုရသွားခဲ့တဲ့ How do I live က Trisha Yearwood ရဲ့ သီချင်းပါ။
ခု ဘာသာပြန်တဲ့ သီချင်းက Le Ann Rimes ရဲ့ မူပါ။
Le Ann Rimes ဟာ Blue ဆိုတဲ့ အယ်လ်ဘမ်နဲ့ အောင်မြင်ခဲ့တဲ့အချိန်မှာ အသက် ၁၃ နှစ်ပဲ ရှိသေးသတဲ့။ အခုတော့ ၁၅ နှစ်၊ ၁၆ နှစ်လောက်ပေါ့။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်တာ အံ့သြအားကျစရာပဲ။ ဒါပေမဲ့ country music ရဲ့ သမိုင်းကိုတောင် ဒီကောင်မလေး သိရဲ့လားလို့ တချို့က မေးချင်ကြပါတယ်။ Le Ann ကတော့ ပြောတယ်။ သူ့ကို သြဇာသက်ရောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဘာဘရာ စထရိုင်းဆန်း၊ ဂျူဒီဂါလင် နဲ့ ဆလင်းဒီယွန်တို့ပါပဲတဲ့။ အခု လောလောဆယ်တော့ သူ့အကြိုက်ဆုံး အဆိုတော်ဟာ Artist လို့ နာမည်ပြောင်းလိုက်တဲ့ ဟိုစဉ်က Prince လို့ခေါ်တဲ့ အဆိုတော်ပါပဲ။
ငယ်ငယ်နဲ့ အောင်မြင်မှုရတာ တနည်းတော့လည်း ကြောက်စရာကောင်းပါတယ်။ ဒီအောင်မြင်မှုဟာ ကံကောင်းလို့ ဖြစ်တာလားဆိုတဲ့ မေးခွန်း လူတိုင်းမှာ ရှိနေမှာပါ။ သူ့မှာ ဘ၀အတွေ့အကြုံရယ်လို့ ဘာမှ မရှိခဲ့သေးတော့ သီချင်းဆိုတဲ့အခါ ခံစားချက်နဲ့ စေတနာနဲ့ ပေါက်ကွဲမှုတွေ ဘယ်ကများ ရနိုင်ပါမလဲပေါ့။
စတုတ္ထအယ်လ်ဘမ် Sitting on Top of the World ထွက်လာတဲ့အခါ Le Ann Rimes ကို ဝေဖန်ကုန်ကြပြီ။ အတွေ့အကြုံ အများကြီး လိုသေးတယ်တဲ့။
How Do I live ကို Con Air ရုပ်ရှင်အတွက် Le Ann Rimes နဲ့ အသံသွင်းခဲ့တာပါပဲ။ နောက်တော့ ပရိုဂျူဆာ ရုပ်ရှင်ထုတ်လုပ်သူတွေက Trisha Yearwood နဲ့ ပြန်ပြင်ပြီး အသံသွင်းခဲ့ကြတယ်။ အဲဒီတော့ မခံချင်စိတ်နဲ့လား မသိ၊ Rimes ရဲ့ တေးထုတ်လုပ်သူတွေက Record Album အဖြစ် How Do I Live ကို ဖြန့်ဝေလိုက်ကြတော့တယ်။
အဲဒီမှာ Le Ann Rimes နဲ့ Trisha Yearwood ဘယ်သူရဲ့ How Do I Live က ပိုသာသလဲလို့ ယှဉ်ပြိုင်မှုတွေ ဖြစ်ကုန်ကြတော့တာပါပဲ။
US မဂ္ဂဇင်းက ထရီရှာယီးယားဝုဒ်ကို အင်တာဗျူး မေးပုံကိုလဲ ကြည့်ဦး။
"ဆယ်ကျော်သက် ကောင်မလေး Le Ann ကို ခင်ဗျား အပြတ်အသတ် ဖြတ်ချပစ်လိုက်ချင်မှာပေါ့နော်" တဲ့။
Trisha Yearwood က ဖြေတတ်ပါတယ်။
''ကျွန်မကိုယ်တိုင် မလိုလားတဲ့ ပြိုင်ဆိုင်မှုထဲမှာ အတင်းအကျပ် ထည့်ပြိုင်ခံရတာကို ကျွန်မမုန်းတယ်၊ တကယ်လို့သာ ကျွန်မနဲ့ ယှဉ်ပြိုင်ဖို့ တယောက်ယောက်ကို ရွေးစမ်းဆိုရင် Le Ann ကို ကျွန်မ နောက်ဆုံးထားပြီး ရွေးမိမှာပဲ။ အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ ဒီကလေးမဟာ အြံ့သချီးကျူးစရာ အသံကို ပိုင်ထားပြီး ဓာတ်ပြားချပ်ရေ သန်းနဲ့ချီ ရောင်းနေရတာပါ" တဲ့။
"ခင်ဗျားအသက် ၁၅ နှစ်တုန်းက ခင်ဗျားဘာလုပ်နေပါသလဲ" အင်တာဗျူးသမားက မေးပြန်တယ်။
"အင်း.... အိပ်ခန်းထဲမှာ လင်ဒါရွန်းစတက်ကို တုပြီးတော့ Prisoner in Disguise သီချင်းကို ဆိုနေခဲ့မိသလား မသိပါဘူး"
ဒီသီချင်းရဲ့ စာသားတွေ ရိုးရိုးကလေးနဲ့ လှပနေတာတော့ ပြောစရာလိုမယ် မထင်ပါဘူး။
သီချင်းကို နားထောင်ကြည့်တဲ့အခါ သံစဉ်တေးသွားရော ဂီတဖွဲ့စည်းမှုပါ အင်မတန် အားကောင်းတာကို တွေ့ရပါလိမ့်မယ်။
ဂျူး
[ဂျူးစာပေ၊ စာအုပ်အမှတ်စဉ် ၁၆၊ ဂျူး - နိုဝင်ဘာမိုး၊ ၂၀၀၁ ခုနှစ်၊ ပထမအကြိမ်၊ မှ ကူးယူဖော်ပြပါ တယ်။]

အမေနဲ့ ညီအစ်မလိုခင်တဲ့ မိမိတယောက် အမေ့ဆီမပေါ် လာတာ ကြာလှပြီ။ တနေ့ကမှ သူရောက်လာတယ်၊ ဒါနဲ့ အမေ က "မိမိလည်း မလာတာ ကြာလှပြီနော်။ နေလို့တော့ ကောင်းရဲ့ လား" လို့ မေးကြည့်တော့ မိမိက-
"နေကောင်းပါတယ် မအမာရယ်။ တနေ့ တနေ့လည်း အား ရတယ်မရှိဘူး။ မီးဖိုချောင်က ထွက်ရတော့ ဆန်ရွေးရတာလိုလို။ အဝတ်လျှော်ရတာလိုလိုနဲ့ ညနေ ချက်ချိန်ပြုတ်ချိန် တိုင်သွား ပြန်ရော၊ ဒါနဲ့ မမဆီ မလာဖြစ်တာ။ ကိုယ့်မှာလည်း မမမာပြောတဲ့ ပစ်တိုင်းထောင်ရုပ်က ကြိုးရှုပ်တဲ့လူမျိုး မဟုတ်လား" တဲ့။
မိမိက အပျိုကြီးပါ။ အသက် ၆ဝ ကျော်ပါပြီ၊ ဒါပေမယ့် ညီမက မွေးထားတဲ့ တူတွေ တူမတွေ မြေးတွေကို ကြည်ကြည်ဖြူဖြူ နေ့တိုင်း ချက်ပြုတ်ကျွေးနေတဲ့ အပျိုကြီး၊
'မမမာနှယ် သံယောဇဉ်ဆိုတာ ကိုယ်က တွယ်ထားတာ ပါ၊ သူတို့က မတွယ်ပါဘူး၊ ကိုယ်က တယောက်တည်းသမား ဆိုတော့ ငါ့မှာ ကြီးလာရင် ဆေးပေးမီးယူလေးတော့ သွေးထဲသား ထဲရှိဦးမှ ဆိုပြီး ညီမမွေးတာတွေထဲက တယောက်တလေ ထွက် လာနိုးနိုး မျှော်ကိုးပြီး သူတို့နဲ့ ပေါင်းသင်း။ သူတို့နဲ့ အဖော်လုပ် ပြီး ကိုယ့်အိတ်ထဲက စိုက်ပြီး ချက်ပြုတ် ကျွေးမွေးပြုစုနေတာပဲ မမမာရဲ့၊ တကယ်တမ်းကျတော့ ကိုယ့်ဆိုးမျိုး ခံမယ့်ဟာလည်း ထွက်မယ့်ပုံ မပေါ်ပါဘူး"တဲ့၊
မိမိက ဆုံးသွားရှာတဲ့ စာရေးဆရာမ ဒေါ်မာလာ လိုပါပဲ၊ ဒေါ်မာလာလည်း အစ်ကိုက မွေးတဲ့ တူမတွေကို သမီးလုပ်ပြီး တသက်လုံး အိတ်စိုက် ချက်ပြုတ် ကျွေးမွေးသွားတာပဲ၊
မိမိက စကားဆက်ပါသေးတယ်၊
"မမာရယ် ဒီကောင်တွေ
ဟာ သနားတော့လည်း သနားစရာပဲ၊ သူတို့ဘာမှ မခံစားဖူးရှာဘူး၊ ကျွန်မက ခရမ်းချဉ်သီးကို မျှင်ငပိနဲ့ ငါးပိချက် ချက်ကျွေးတာ။ ငါးပိချက်က မြိန်လိုက်တာဆိုပြီး ခေါင်းမဖော်ဘူး။ စားလိုက်ကြတာ၊ ဒီလို မစားလို့လည်း မရဘူးလေ။ မုန့်ဖိုးက အစိတ်သုံးဆယ်မကုန်ဘဲ လှလှ စားရတာမှ မဟုတ်တာ၊ ဒီကောင်တွေ မမမာတို့ ကျွန်မတို့ ဟိုအရင်က ချက်စားခဲ့တဲ့ ငါးပိချက်မျိုးနဲ့များ ချက်ကျွေးလိုက်ရရင် စားပိုးနင့်ပြီးတောင် ဒုက္ခ ဖြစ်လောက်ရဲ့...."
"ကျွန်မတို့ အဖေရတဲ့ လခကလေးနဲ့ ကျွန်မ တို့မိသားစုမှာ သိတ်ကြီးတော့ ဖွယ်ဖွယ်ရာရာတွေ မစားနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ချဉ်ရည်ဟင်းကလေးနဲ့၊ မန္တလေးငပိချက်ကလေးနဲ့ ခရမ်းသီး မျက်မမြင်ကလေးတွေ ပြုတ်တို့လို့။ ဒေါ်ဂုံးပဲစိမ်းကြော်ကလေးနဲ့ဆို သိပ်စားလို့ကောင်းတာပဲ၊ ခုခေတ်တော့လည်း အဲဒီ ငပိချက်မျိုး မြင်ရဖို့ မရှိပါဘူး" တဲ့၊
မိမိပြောခါမှ မေ့တောင် မေ့နေပြီဖြစ်တဲ့ မန္တလေး ငါးပိချက်ကလေးကို အမေက ပြန်သတိ ရမိတယ်၊
ဟိုတုန်းက တကောင်ကို ငါးပိဿာ။ ခြောက်ပိဿာထက်မနည်းတဲ့ ငါးမြင်းကြီးတွေ ခေါင်းဖြတ်ပြီး ငါးပိလုပ်ထား။ စဥ့်အိုးကြိးတွေနဲ့ သိပ်ပြီး ဆားရည်စိမ်ထား။ ရောင်းခါနီးမှ စဥ့်အိုးထဲက ဆယ်ပြီး ခုတ် ရောင်းတဲ့ ငါးမြင်း ငါးပိတစ်ကလေး တဆယ်သား ဝယ်ရင် ချက်လောက်တယ်၊ ဝမ်းပျဉ်းသားဆိုရင် အဆီတွေနဲ့ ဝင်းလို့။ ငါးပိတစ်ကလည်း မွှေးနေတာ၊ ဈေးက တပိဿာမှ ၄ ကျပ် ၅ ကျပ်ရယ်၊
အဲဒီ ငါးပိကို ပုစွန်ကင်ကလေး ဖဲ့ထည့်ပြီး ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းနဲ့ချက်။ နံနံပင် ကြက်သွန်မြိတ် ကလေးအုပ်ပြီး အရည်ကလေးနဲ့ ချက်တာလေ၊ ငါးပိ ချက်ဆိုပေမယ့် ငါးပိကလည်းကောင်း။ ပုစွန်ကင်တွေက လည်း ချိုတော့ ငါးပိချက် ငန်ပုံချိုပုံက ပါးစပ်ထဲ သိပ်အဆင်ပြေတာပေါ့၊ အောက်အရပ်ကစားတဲ့ ငါးပိရည်ကို အမေတို့ အညာသူတွေက သိပ်မစားတတ်ဘူး။ ဟိုတုန်းက၊
ပုစွန်ကင်ဆိုတာ ပုစွန်တုပ်တွေကို အမြီးစ ကလေးချန်။ အခွံတွေခွာ ခေါင်းတွေဖြုတ်ပြီး အသားချည်းကို ဝါးတံစို့ ၂ ချောင်းနဲ့ သီထိုးပြီး ကျပ်တင်ထားတာဆိုတော့ ကျပ်စော်ကလေး မွှေးနေတာက တမျိုး။ ပုစွန်က ချိုတာက တမျိုးပေါ့၊ အဲဒီ ပုစွန်ကင်တွေဟာ အောက်အရပ် မိုးကုန်တော့မယ်။ သီတင်းကျွတ်ပြီ ဆိုရင်ပေါ်ပြီ၊ မန္တလေးက ငါးပိ ငါးခြောက်ဆိုင်တွေပေါ် ရောက်လာပြီ၊ အမေတို့က စားရုံမက ကထိန်ခင်းတော့ ပဒေသာ ပင်တွေမှာ ပုစွန်ကင်တွေ ကြက်ခြေခတ်ပြီး ပဒေသာပင်လည်း သီးသေးတယ်၊ အမေတို့ အညာမှာ ပုစွန်က ရှားတာကိုးကွဲ့၊ အဲဒီတော့ ပုစွန်ကျပ်တင်ခြောက်ကို အလွန်စုံမက်တာပေါ့၊ အဲဒီ ပုစွန်ကင်တွေ ခုခေတ် မန္တလေးဈေးတွေမှာ လုံးလုံး မမြင်ရတော့ဘူး၊
အမေတို့က ပုစွန်ကင် မရတော့တဲ့အချိန်မှာ ငါးမြင်းငါးပိတစ် ချက်ထဲကို ချိုပေ့ဆိုတဲ့ ဖျာပုံပုစွန်ခြောက် ၂ ကျပ်ခွဲသားလောက် အကောင်လိုက် ဆုပ်ထည့်လိုက်တယ်၊ ချိုရောပေါ့ အဲဒီငါးပိချက်၊ ခုတော့ ဖျာပုံ ပုစွန်ခြောက်ကောင်းကောင်းက တပိဿာကို ၁၉ဝဝ ကျပ်တဲ့။ ၁၈ဝဝ ကျပ်တဲ့၊ ငါးပိချက်ထဲ ဆုပ် ထည့်လိုက်ဖို့ ဝေးလို့ ဟင်းချိုအိုး ပေါ်မှာတောင် မဝဲနိုင်ဘူး၊ ဟင်းချိုအိုးဟာ မျှင်ငါးပိနဲ့ လူနဲ့မတည့်ပါဘူး ဆိုတဲ့ ဟင်းချိုမှုန့် (ဓါတ်ဆေး) နဲ့ ချိုနေရတယ်လေ၊
မိမိပြောတဲ့ ခရမ်းသီး မျက်မမြင်လေးဆိုတာက ခရမ်းသီး သီးစလေးတွေကို ခေါ်တာပါ၊ ကျွန်းတွေ ကိုင်းတွေပေါ်ကို မြစ်ရေကြီးလာလို့ ရေတွေတက်လာရင် စိုက်ထားတဲ့ အသီးအပင်တွေ အကုန်လုံးက ရေမြုပ်တော့မှာမို့။ အရွက်ရော။ အပွင့်ရော။ အသီးကင်းရော အားလုံး ဆွတ်ခူးကြရတယ်၊ ခရမ်းခင်း ဟာ နှမြောစရာ ဘယ်လောက်ကောင်းကောင်း။ ငယ်သေး နုသေးတဲ့ သီးကင်းကလေးတွေပေမယ့် ခူးရတယ်၊ ဒါလေးတွေ ပြုတ်ပြီး ငါးပိနဲ့ တို့မြုပ်စားရအောင် ဈေးမှာရောင်းကြတာ။ ခရမ်းသီး သီးကင်းလေးတွေကို ခရမ်းမျက်မမြင် လို့ခေါ်တာကွဲ့၊
ဒေါ်ဂုံး ပဲစိမ်းကြော်ဆိုတာကတော့ ကမ္ဘာစစ်ကြီးမဖြစ်ခင် မန္တလေးမှာ ပဲစိမ်းကြော် ကြော်ပြီး ဖောက်သည်ပေးတဲ့ အကြော်သည်ကြီး ဒေါ်ဂုံးဆိုတာရှိတယ်၊ သူက စားတော်ပဲကို ရေစိမ်။ အညှောက် ပေါက်အောင်ထားပြီး မုန့်မှုန့်နဲ့ အကျွပ် ကြော်ရောင်းတာ၊ သူ့အကြော်ကြီးတွေက တချပ်ဆိုရင် ၃ လက်မခွဲ လောက်ရှိတာ၊ အဲဒါ တရာကို ဒေါ်ဂုံးက ငါးမတ်နဲ့ ဖောက်သည်ပေးတယ်၊ လည်ရောင်းမယ့် အကြော်သည်က တခု တပြားရောင်းတော့ ငါးမတ်ဖိုးရင်းရင် တကျပ်ခွဲနဲ့ တပဲရတယ်လေ၊ အကြော်သည်က 'ဒေါ်ဂုံးပဲစိမ်းကြော်' လို့ ပါးစပ်က အော်ရောင်းတာ၊ ဝယ်ပြီး သံပုံးနဲ့ဘာနဲ့ ထည့်ထားရင် ရက်ကြာကြာလည်း ခံတယ်၊ ကြွပ်ရွနေတာပဲ၊ ဒါကြောင့် ဘော်ဒါနေတဲ့ ကလေးတွေဆီကို အိမ်တွေက ဒီ ပဲစိမ်းကြော် ၂ဝ -၂၅ ဝယ်ပြီး ပုံးနဲ့ထည့်ပို့ပေး တတ်တယ်၊
မိမိပြောမှ ဒေါ်ဂုံးပဲစိမ်းကြော်ကို သတိရပြီး ပုစွန်ကင် ဆင်းတဲ့ ငါးမြင်းငါးပိတစ် ချက်ကိုလည်း ပြန်စား ချင်လာတယ်၊
ဒါကြောင့် "မိမိရယ်။ ရှင့်ဟာက ပြန်သတိရတော့ သွားရည်ယိုပါတယ်၊ ထားလိုက်ပါတော့။ လွမ်းစ မဖော်ပါနဲ့တော့" လို့ ပြောရတယ်၊
ဒါတောင် သူက မတန်သေးဘူး၊ "ကျွန်မတို့ ငယ်ငယ်က ဈေးထဲမှာ ပုစွန်ဆိုတာ ဧရာဝတီက ထွက်တဲ့ မြစ်ပုစွန်ပဲ ရှိတယ်၊ အဲဒါက တပိဿာကို ၄ကျပ်- ၅ကျပ်မို့ တခါတလေ အဖေ့တယောက်စာပဲ ဝယ်ချက်ကျွေးတယ်၊ တအိမ်လုံး မစားနိုင်ဘူး၊ စစ်ပြီးတဲ့ ကာလရောက်တော့ ရန်ကုန်ကလာတဲ့ ပုစွန်ဆိုပြီး ရေခဲစိမ်ပုစွန်တွေ သေတ္တာတွေနဲ့ ရောက်လာလို့ ပုစွန်အမျိုးမျိုး ဈေးတွေထဲ ရောင်းလာတယ်၊ ကြော့ပုစွန်တဲ့။ ကျားပုစွန်တဲ့။ ဆတ်ထုပ်တဲ့၊ အဲဒါ ပုစွန် ကြော့ကလေးတွေ တပိဿာကို ၆ ကျပ်လောက်က စပြီး ရောင်းလာတာ။ ၂ဝဝကျပ် ဈေးထိ ဈေးထဲမှာ မြင်ရသေးတယ်၊ ဒီနောက်တော့ လုံးဝ မမြင်ရတော့ဘူး၊ မြစ် ပုစွန်ကတော့ ကနေ့ ဈေး တပိဿာကို ၁၂ဝဝ ကျပ် -၁၅ဝဝ ကျပ်ဈေး " တဲ့၊
"ကျွန်မတို့လိုဟာတွေက ထမင်းပွဲမှာ ပုစွန်စော် မနံနိုင်ပါဘူး မမမာရယ်" တဲ့၊ သူက ပုစွန် စကားပြောလာ ပြန်တယ်၊
ပါးစပ်ဆိုတာကလည်း အခက်သား။ စားနေကျ မစားရတာဆိုရင် လျှာက လွမ်းတယ်ထင်ပါရဲ့။ ဟုတ် ပါရဲ့နော်ဆိုပြီး သတိရလာရော၊ ရှင် ဒီနေ့ ဘာဟင်း နဲ့ စားခဲ့သလဲလို့ မိန်းမချင်းပြောတတ်တဲ့ အလ္လာပ သလ္လာပကို ပါးစပ်ကထွက်မိ မေးမိတော့ဦးမလို့။ မေးလိုက်မိရင် မမမာက စပြန်ပလား ဆိုပြီး ရှားရှားပါးပါး ဝယ်ခြမ်းစားရ တာတွေ သူက ဇာတ်စုံခင်းလိမ့် ဦးမယ်၊ ဒါကြောင့် စကားစပြတ်အောင်လို့-
"ကပိုင်မှာ ရဟန္တာပေါ်နေသတဲ့။ မိမိရောက် သေးသလား" လို့ မေးလိုက်တော့ "မရောက်နိုင်ပါဘူး မမမာရယ်။ ပေါ်တဲ့ ရဟန္တာက ကျွန်မတို့ ၀ဋ် ဒုက္ခတွေ ကယ်နိုင်မယ်ဆိုလည်း အကောင်းသား။ ခုတော့ သွားစရာလည်း ကားမရှိပါဘူး။ သူများဆီက တဆင့်စကားပဲ နားထောင်လိုက်တော့မယ်" လို့ ပြောပြီး ထမင်းချက်ချိန်တိုင်လို့တဲ့ နှုတ်ဆက်ပြီး ပြန် ပါလေရော၊
လူထုဒေါ်အမာ
ကလျာမဂ္ဂဇင်း။ အမှတ် ၁၄၄။ ၁၉၉၄ သြဂုတ်
'လူထုစိန်ဝင်း' ရဲ့ 'သမိုင်းကိုဘယ်သူဖန်တီးတာလဲ(၂)' ဆောင်းပါးကို ကိုယ်ဖတ်ဖို့ ရဲဘော်တွေက အီးမေလ်ကနေ ပို့ကြတယ်။ ဆောင်းပါးရှင် 'လူထုဦးစိန်ဝင်း' ကိုရော၊ ဖတ်ဖို့ ပို့ပေးကြတဲ့ ရဲဘော်သုံးယောက် ကိုရော ကျေးဇူးတင်ပါတယ်။ ဆောင်းပါးဖတ်နေစဉ်မှာ ဖြတ်ကနဲ သတိရလိုက်တာ 'ဖေဘီယန် ဦးဘခိုင်' ရဲ့ 'မြန်မာပြည် နိုင်ငံရေးရာဇ၀င်' စာအုပ်ပဲ။ ချက်ချင်း ခေါင်းထဲ ပြေးမြင်လိုက်တယ်။ ဒါနဲ့ ပြန်ကိုးကားရအောင် ကိုယ့် ရတနာသိုက်ထဲ တူးဖော်တော့ ထွက်လာတယ်။ ဒါနဲ့ ခုလို 'စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၄)' ဖြစ်လာရော။ဒီစာအုပ်က ပုဂံစာအုပ်တိုက်ရဲ့ ရှေးဦးပိုင်းထုတ် စာအုပ်လေးပါ။ အမှတ်စဉ် (၄၆) ဖြစ်တယ်။ ၁၉၆၄ ခုနှစ် က ထွက်ပါတယ်။ လက်ဟောင်းပုဂံစာအုပ်တိုက် ဖြစ်ပါတယ်။ လက်သစ် ပုဂံက ကုန်အမှတ်တံဆိပ် ပြောင်းထားတယ်။ စာအုပ်မှာ တူ နဲ့ တံဇင် အမှတ် ခပ်နှိပ်ထားပြီး လယ်သမား၊ လုပ်သား၊ စာပေ ညီညွတ်မှုအင်အားနှင့် နိုင်ငံတော်...... ဆောင်ပုဒ်ပါတဲ့ ပုဂံ မဟုတ်တော့ဘူး။ စစ်အစိုးရရဲ့ စာပေစိစစ်ရေးကြောင့် ထင်ပါရဲ့။ တူ တံဇင် မပါရရှာဘူး။
ဟိုတုန်းကဆို ပုဂံကထုတ်တဲ့ စာအုပ်တိုင်းမှာ သူ့တိုက်က ထုတ်လိုက်တဲ့ စာအုပ်စာရင်း အမြဲပါတယ်။ အမှတ် (၁) က စပြီး လက်ရှိ စာအုပ်အထိပြင်၊ ပုဂံတိုက်တွင် ရနိုင်သေးသောစာအုပ်၊ နောက်ထွက်မယ့် စာအုပ် စာရင်းတွေတောင်ပါသေး။ (၁) က တမိုးသောက်သော် (စောဦး)။ (၂)က နယ်လီဝင်း(ဓူဝံ)........ ။
စာရင်းကို ကြည့်ပြီး ငါ့မှာ ဘာစာအုပ်ဖြင့် ၀ယ်ဖို့ ကျန်သေး။ ဘယ်ဟာကိုတော့ ရှာဖတ်ရမယ် ဆိုတာလည်း စဉ်းစားရတယ်။ ကိုယ့်ဘာသာ ကိုယ်ဝယ်နိုင်တဲ့အချိန်မှာ ထွက်ပြီးသားတွေကို ပြန်စုတော့ ဆရာတော် ရှင်ဥက္ကဌရဲ့ ကပ္ပပြဿနာ၊ ၀င်းဇော်ရဲ့ အရှေ့တောင်အာရှစစ်မီးလျှံများ စာအုပ်ဆို အတော် ရှာရတာ။
ဓူဝံ-နယ်လီဝင်း၊ ရွှေဥဒေါင်း- ပထမံဆရာသိန်း၊ ဇ၀န- ကောလိပ်ကျောင်းသား၊ မောင်သာရ- လှသည် လွယ်သည် သို့သော် လည်သည်......၊ ပါရဂူ- သိဒ္ဓတ္ထ တို့က အိမ်မှာ လူကြီးတွေ ၀ယ်ထားတော့ ငယ်ငယ်ကတည်းက ဖတ်ဖူးရတယ်။ ကျော်အောင် ဘာသာပြန်တဲ့ မောရစ်ကွန်ဖို့ရဲ့ စာအုပ်ဆိုရင် ကိုးတန်း လောက်ရောက်မှ ကလောင်ပျံစာအုပ်ဆိုင်မှာ သွားဝယ်တာ မှတ်မိနေတယ်။။ ပုဂံရဲ့ ချစ်စရာကောင်းတာက နှစ်ပါတ်လည်တိုင်းမှာ အထူးထုတ်ဆိုတဲ့ အထူကြီးတွေ ထွက်တယ်။ မင်းကျော်ရဲ့ လှိုင်၊ တစ္ဆေ၊ ကျော်အောင်- အရေးကြီးပြီသွေးစည်းကြ...... ။
ပုဂံလိုပဲ အဆင်အပြင် ခေတ်မီမီနဲ့ ထွက်တာ နှလုံးလှ....။ ကိုယ်တို့ ငယ်ငယ် ပုဂံစာအုပ်မတိုင်မီထဲက ပေါ်နေတာ မြန်မာပြည်စာအုပ်တိုက်။ သူ့ဆီက မှတ်မိနေတဲ့စာအုပ်က စုံထောက်မောင်စံရှား အတွဲတွေနဲ့ ၂ိ ကျပ်တန် ၀တ္ထု တွေ....။
ပုဂံထုတ် စာအုပ်တွေထဲက စာရင်းမှာ ဘာစာအုပ်ဖြင့် ထွက်တော့မယ်ဆိုပြီး ကြိုပြောထားလို့ မျှော်တော်ဇောနဲ့ မောရတာလည်း ရှိခဲ့တယ်။ ဥပမာ မြသန်းတင့်ရဲ့ အရှေ့တခွင်လုံးနီ... ဆိုပါတော့။ စာအုပ်တွေရဲ့ ကျောဘက် အတွင်းရေခံ စာမျက်နှာမှာ 'အရှေ့တခွင်လုံးနီ' ကို တခန်းတနား ကြော်ငြာတာ။ 'စစ်နှင့်ငြိမ်းချမ်းရေး' [၁၂-တွဲ၊ ၁၂-လ] ၃- ကျပ်စီ လို့တောင်ပါလိုက်သေး။ ဆရာမြ (မြသန်းတင့်) ကိုကိုးကျွန်း ရောက်သွားလို့ ထွက်နေရင်းတန်းလန်းမှာ ရပ်သွားပြီး ထောင်က ထွက်မှ အဆုံးသတ် ထွက်ရတယ်။
အဲဒီနှစ်မှာပဲ ဆရာမြ (မြသန်းတင့်) လည်း စစ်နဲ့ငြိမ်းချမ်းရေး စာအုပ်အတွက် အမျိုးသားစာပေဆု ရလိုက်တယ်။ အငြင်းပွါးစရာတွေတောင် ဖြစ်လိုက်သေးတယ်။ မပြောတော့ပါဘူး။ ဖေဘီယန် ဦးဘခိုင်စာအုပ် အကြောင်းပဲ ပြောတာကောင်းတယ်။
ဦးဘခိုင်က မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများနဲ့ အသင်းအဖွဲ့တွေအကြောင်းကို ရေးတာ။ အဲဒီမှာ တို့ဗမာ အစည်းအရုံးနဲ့ တည်ထောင်သူတို့ အကြောင်း ပါ ပါတယ်။ သခင်ဘသောင်းဟာ ဆင်းရဲသား ဘုံဝါဒအကြောင်းကို အသံကျယ်ကျယ်နှင့် ဟစ်အော်ပြောဆိုသော်လည်း လုပ်နည်းလုပ်ဟန်တွေက ဓနရှင်ကဲ့သို့ ဖြစ်နေကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ ဒေးဒရဲမြို့က တရားဟောရင်း သီချင်းဆိုဖို့(ဒို့ဗမာသီချင်း) စရိတ်ပေးပြီး ဖိတ်တော့ သခင်ဘသောင်းနဲ့ သခင်တင်စိန်က ပထမတန်းက တက်ရောက်စီးနင်းကြပီး အခြား သခင်အသင်းဝင် တွေကို ကုန်းပတ်က စီးစေပါတယ်။ အဲဒီမှာ သခင်အသင်းဝင်တွေက အတော် မကျေမနပ် ဖြစ်ကြပြီး သခင်ဘသောင်း ရဲ့ နိုင်ရာစီး အလုပ်ကို စက်ဆုတ်ကြလို့ ကန်ကွက်တဲ့အနေနဲ့ သခင်အချို့ နှုတ်ထွက်သွားကြ ပါတယ်။
ဦးဘခိုင်က သခင်ဘသောင်းဟာ လူပေါင်းမဆန့် (Superiority Complex) ခေါ် လူကို အထက်ကနေ ပေါင်းခြင်းကြောင့် ၎င်းနှင့် ရေရှည်ဆက်ဆံသူများမှာ အမြဲတမ်းစိတ်ပျက်သွားရကြောင်းကို ရေးသားထားတာ တွေ့ရပါတယ်။ တို့ဗမာအစည်းအရုံးမှာ ပါဝင်လုပ်ကိုင်နေတဲ့ လူငယ်တစုမှာ သခင်ဘသောင်းနဲ့ မသင့်မတင့် ဖြစ်ကြပြန်ပြီး Youth League ခေါ် လူငယ်အဖွဲ့ကို ဖွဲ့လိုက်ကြတယ်။ အဲဒီအဖွဲ့ကို ဦးဆောင်သူတွေက သခင်လေးမောင်၊ သခင်ဘစိန်၊ သခင်ထွန်းအုပ်၊ သခင်သိန်းမောင်တို့ ဖြစ်ကြတယ်။ နောက်တကြိမ် လူငယ်တစုနဲ့ သခင်ဘသောင်း ထပ်ကွဲထွက်လာတော့ တို့ဗမာအစည်းအရုံးမှာ သခင်ဘသောင်းနဲ့ လုပ်မယ့်သူမရှိတော့တဲ့ အဆုံး လူငယ်များအဖွဲ့က တို့ဗမာအစည်းအရုံးအမည်ကို သိမ်းပိုက်လိုက်ကြပါတော့တယ်။
အကျင့်စာရိတ္တနဲ့ ပေါင်းသင်းဆက်ဆံကို ဖယ်လိုက်လျှင် သခင်ဘသောင်းဟာ ထိုးထွင်းဥာဏ်နဲ့ ပြည့်စုံသူတယောက်၊ လုံ့လ၀ရိယနဲ့ ကြံဖန်လုပ်ဆောင်တတ်သူ တယောက်ဖြစ်လို့ သခင်အမည်ကို ရယူနိုင်တဲ့ အပြင် တို့ဗမာအစည်းအရုံးရယ်လို့ ပေါ်ပေါက်ခဲ့ရတာပါ။
ဒါကြောင့် နိုင်ငံရေးဟာ တဦးတယောက်အရေးမဟုတ်၊ တတိုင်းပြည်လုံးအရေးဖြစ်လို့ လူထုရဲ့ အရေးကို တည့်တည့်မတ်မတ် လုပ်နေရင် လူထုက ထောက်ခံအားပေးနေပြီး၊ လိမ်ကောက်လိုက်တာနဲ့ လူထုက အားပေးခြင်းက ရပ်စဲပစ်မည်သာမက သုတ်သင်ရှင်းလင်းလိမ့်မယ်လို့ ဖေဘီယန်ဦးဘခိုင်က ကောက်ချက်ဆွဲပြ ထားပါတယ်။ သခင်အဖွဲ့ သို့မဟုတ် တို့ဗမာအစည်းအရုံးရဲ့ သခင်သဘွယ် ဖြစ်တဲ့ သခင်ဘသောင်းဟာ နောက်ဆုံးမှာ မှေးမှိန်ပီး တိုင်းပြည်က မေ့သွားတဲ့အခြေအနေကို ဆိုက်ရတဲ့ နိုင်ငံရေး သင်္ခါရ တရပ်ဖြစ်သွား ပါတယ်။ ဒါကြောင့်လည်း ကိုယ့်သမိုင်းကိုယ်ရေးတာပဲလို့ ဆိုကြတာ မဟုတ်ပါလား။ လူထုက တင်မြှောက်မှသာ လူထု ခေါင်းဆောင်ဖြစ်လာသလို ကျောင်းသားထုက တင်မြှောက်မှလည်း ကျောင်းသားခေါင်းဆောင်ဆိုတာ ဖြစ်လာတာပါ။
ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်ပြီး ဦးဘခိုင်က- "ဦးဥတ္တမသည် မြန်မာလူမျိုးများ၏ မျက်စိကို ဖွင့်ပေးသည်။ မြန်မာလူမျိုးများအတွက် ထောင်တန်းအကျခံသည်၊ အနစ်နာခံသည်ဟုဆိုကာ ဦးဥတ္တမကျူးလွန် သည်များကို သည်းခံကြ၏...... ။ ဦးဥတ္တမ လွန်သည်ထက်လွန်လာမှသာလျှင် ၎င်းအား ကြည်ညိုကိုးစားခြင်း ရပ်စဲကြလေသည်။....."
မောင်အေးဝင်း
အောက်တိုဘာ ၅ ရက်၊ ၂၀၁၀ ခုနှစ်။

[အင်တာနက်မှာ မာယာမဂ္ဂဇင်းလုပ်လာတာ ၃ နှစ် ပြည့်ပါတယ်။ အပေါင်းအသင်းတွေက အမှတ်တရလေးတွေ ပို့ပါတယ်။]
ကျမ ငယ်ငယ်တုန်းက စာဟောင်းတွေ စာကောင်းတွေ ရှာဖတ်ဖို့
လမင်းတရာစာပေဆက်ဆံရေးဆိုတဲ့ စာအုပ်ဆိုင်ကို အကြိမ်ကြိမ် သွားခဲ့ရတယ်..။
အဲဒီအချိန်တွေဟာ လွမ်းစရာကောင်းလှတဲ့ တန်ဖိုးကြီးလှတဲ့အချိန်တွေ..။
ခု တိုင်းတပါးမှာ စာဟောင်းတွေ စာကောင်းတွေ
စောင့်ဖတ်ဖို့ မာယာအင်တာနက်စာမျက်နှာကို သွားရတယ်။
အဲဒီနေရာမှာ... လမင်းတရာစာပေဆက်ဆံရေးဆိုတဲ့
စာအုပ်ဆိုင်လေးကို ပြန်တွေ့ပါတယ်။
ခုလည်း တန်ဖိုးကြီးတဲ့ အချိန်လေးတွေ ပြန်ရတယ်လို့ ခံစားရပါတယ်။
ဒါကြောင့် မာယာ... ကြာရှည်တည်တံ့ဖို့........... ဆုတောင်းပါတယ်ရှင်..။
မေငြိမ်း။
စက်တင်ဘာလ၊ ၂၁ရက်၊ ၂၀၁၀ခုနှစ်။
စာကြွင်း။
"အကိုရေးး ခုမှ ပြန်ဖတ်မိတယ်..။ ကျမ ငယ်ငယ်တုန်းကတဲ့.. ဟီဟိ.. တကယ်တော့ ကျမ တက္ကသိုလ်ကျောင်းသူဘ၀ကလို့ ပြောရမှာ :P"
အီးမေလ်နဲ့ ဖြည့်စွက်ချက်။(10/05/10)
မာယာမှာ စာ
မာယာမှာ အတွေး
မာယာမှာ သမိုင်း
မာယာမှာ ယုံကြည်ချက်
မာယာမှာ ဘဝ
မာယာမှာ မြန်မာ ရှာတွေ.နိုင်လေရဲ.
စမ်းစမ်းတင်။
စက်တင်ဘာလ၊ ၂၁ရက်၊ ၂၀၁၀ခုနှစ်။
"မာယာဟာ ရသကိုလည်း ပေးတယ်။
သုတကိုလည်း မျှတယ်။
မျှော်လင့်ချက်ကိုလည်း အားသစ်လောင်းပေးတယ်။
တမ်းတလွမ်းဆွတ် အောက်မေ့ခြင်းတွေနဲ့လည်း တသသဖြစ်စေတယ်။
အမြဲတမ်းအားပေးသွားမယ်။
အေးလဲ့ထွန်း
စက်တင်ဘာလ၊ ၂၈ရက်၊ ၂၀၁၀ခုနှစ်
"အစကတော့ ရွှေပြည်တော်နဲ့ဝေးနေချိန်မှာ မာယာသည်သာ အားထားစရာထင်ပြီး လိုက်ဖတ်ခဲ့တယ်။ အင်း ပြန်ရောက်တော့လည်း လိုက်ဖတ်နေရတာပါပဲ။ ကိုယ်မှ သူ့လောက်လိုက်မစုနိုင်တာ။ ကိုယ်ကြိုက်တတ်တာမျိုးတွေ ရှာရှာတင်ပေးနေလို့လည်း ကျေးဇူးတော်တင်ရကြောင်းပါ။ သုံးနှစ်မှသည် နှစ်သုံးဆယ်ဆီ ခရီးပေါက်အောင် ဆက်လျှောက်နိုင်ပါစေ။ (နှစ်သုံးဆယ်ကျော်ရင် သူလည်း ရှိတော့မယ်မထင်လို့ အဲလောက်လေးပဲ ကန့်ကန့်သတ်သတ် ဆုတောင်းပေးလိုက်တာပါ။ ပျော်ရွှင်ပါစေ)"
ငြိမ်းအေးအိမ်
ဟင်းချက်ကောင်းတဲ့ မာယာပိုင်ရှင်က သူများချက်ထားတဲ့ ဟင်းကောင်းလေးများတွေ့ ရင်လဲ ခေါ်ခေါ်ကျွေးတယ်။ တခါတရံ သူကိုယ်တိုင် ဈေးသွား၊ ချက်ပြုတ်၊ ပြင်ဆင်ပြီး ကိုယ်မစားဘူးတာတွေ တကူးတက ခေါ်ကျွေးသေးတယ်။ Deep Freezer ထဲမှာ သူ အမြတ်တနိုးသိမ်းထားတဲ့ ကိုယ်မမြင်ဘူးတဲ့ အဖိုးတန်အစားအစာတွေ သေသေချာချာ ချက်ကျွေးတဲ့နေ့ မျိုးမှာတော့ ဗိုက်ခွေးနမ်းအောင် အထပ်ထပ်စားပစ်လိုက်တာပေါ့။
ကိုမိုး
ပွင့်သစ်မဂ္ဂဇင်း
အောက်တိုဘာ ၅ရက်၊ ၂၀၁၀ ခုနှစ်
"မာယာ ၃နှစ်မှသည် .. နှစ်ပေါင်းများစွာတည်တံ့ပါစေ။ ဦအေးဝင်းလည်း အစဉ်ကျန်းမာရွှင်လန်းပါစေ။"
အိအိ
၅ ရက် အောက်တိုဘာ၊ ၂၀၁၀ ခုနှစ်။
အနုပညာကို ပြည်သူ ခံစားအသုံးချနိုင်ဘို့
မာယာ မှာ ဗမာပြည်ထဲက စာနယ်ဇင်းတွေမှာ မပါနိုင်တဲ့ ဗမာပြည်ပြင်က မီဒီယာတွေက တင်ရကောင်းမှန်းမသိတဲ့ စာကောင်းတွေ အများကြီးပါတယ်။ မာယာကို အနီစော်နံတယ်ပြောနိုင်ပေမယ့် မာယာက အဝါအပြာတွေ အနက်တွေတော့ မခြယ်ဘူး။ အစိမ်းကိုလဲ ဒူးမတုပ်ဘူး။ မာယာကတင်တဲ့ စာကောင်းစာဟောင်း နိုင်ငံရေးအနုစာပေတွေက သမိုင်းမျိုးဆက်အဖြတ်ခံထားရတဲ့ လူငယ်တွေ၊ မျိုးဆက်မေ့နေတဲ့ လူလတ်တွေအတွက် အများကြီးအသုံးကျတယ်။ အထူးသဖြင့် ကမ္ဘာပျက်ခါနီးမှာ သူများယောင်ရင် လိုက်ယောင်ချင်တဲ့ အမောင်နဲ့အမိများ ဖတ်သင့်တယ်။ မြန်မာပြည်၊ လူမျိုးနဲ့ လူ့အဆောက်အအုံအကြောင်း ခြေခြေမြစ်မြစ်မသိပဲ မြန်မာတွေကို ဆရာလုပ်စားချင်တဲ့ ပညာယှိလက်သစ်တွေလဲ ကိုးကားသင့်တယ်။ မြန်မာအတွက် မာယာဆက်လျှောက်ပါ။
ဘိုဘိုလန်းစင်
၅ ရက် အောက်တိုဘာ၊ ၂၀၁၀ ခုနှစ်။
မာယာ မဂ္ဂဇင်းက စာကောင်းတွေ စုစည်း တင်ပေးထားလို့ ကျေးဇူးတင်စရာ ကောင်းပါတယ်..
မာယာ မဂ္ဂဇင်း နှစ်ပေါင်း ရာကျော် တိုင် တည်တံ့နိုင်ပါစေ
သိဂိါံကျော်
ဗမာပြည်မှာဒီမိုကရေစီရရင် ဘာတွေတွေ့မြင်ရမလဲ။
ပြောစရာအများကြီးရှိပါမယ်။
သေချာတာတခုကတော့ စာနယ်ဇင်းလောကမှာတော့ မာယာလိုစာပေ့တာဝန်ထမ်းသူတွေ ပေါ်လာမယ်ဆိုတာပါပဲ။
ဒီနေ့ဗမာနိုင်ငံမှာ ချို့တဲ့နေတာဟာ ပြည်သူကိုအလုပ်အကျွေးပြုတဲ့၊ အမျိုးသားစာပေယဉ်ကျေးမှုကိုကာကွယ်မြှင့်တင်တဲ့၊ လွတ်လပ်စွာရေးသားတဲ့၊ ဟန်ဆောင်မှုကင်းတဲ့ မာယာလိုမီဒီယာဖြစ်ပါတယ်။
ဖိုးသံ(လူထု)
ကိုအေးဝင်းရေ
ခင်ဗျားက အစောကြီးကြိုပြောထားပေမဲ့ အပျင်းထူတဲ့ကျနော်က မာယာ ၃ နှစ်ပြည့်မှာ စာတိုလေး တထွာတညိုတောင် အချိန်မီမရေးဖြစ်ပြန်ဘူး။ ခွင့်လွှတ်ပါဗျာ။
များများပြောစရာမရှိပါ။ လုပ်နိုင်သမျှထဲက အကောင်းဆုံးတွေရှာကြံလုပ်နေတဲ့ ခင်ဗျားကိုရော၊ ဖတ်သင့်ဖတ်ထိုက်တာတွေ ရှာကြံတင်ဆက်နေတဲ့ မာယာကိုရော အမြဲ ကျေးဇူးတင်ဂုဏ်ယူလျက်ပါ။
ဒီလမ်းကြောင်းအတိုင်း မယိမ်းမယိုင် မပြိုမလဲ ဆက်လက်ချီတက်နိုင်ပါစေကြောင်း မာယာ ၃ နှစ်ပြည့်မှာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကျန်းမာရေးလဲဂရုစိုက်ပါဗျာ၊ အသက်တွေက ဂိမ်းဘောရောက်လာကြပြီကိုး။
ခင်မင်လေးစားစွာဖြင့်
ညိမ်းဝင်း
၁၂ အောက်တိုဘာ ၂၀၁၀။
ဦးလေးရေ..
မာယာအတွက်အမှတ်တရပါ။ ကောက်နက်ရှင်မကောင်းတာနဲ့ တစ်ခြားအရှုပ်တွေနဲ့ အခုမှနောက်ကျပြီးရေးဖြစ်တာကို ခွင့်လွတ်ပါ။
မာယာကို စပြီးထိတွေ့ကတည်းက သတိထားမိတာကတော့ ရှားပါးပြီး အဖိုးတန်တဲ့စာတွေရှိနေတာကိုပါ။ အိမ်နဲ့ဝေနေချိန်၊ ဖတ်စရာစာကောင်းပေကောင်းတွေ ချင်ခြင်းတပ်မိချိန်မှာ မာယာက အင်အားတစ်ခုပါ။ သုတနဲ့ရသကိုရောမွှေပြီး သမိုင်းကိုပြရင်း အနာဂတ်ကို သုံးသပ်တတ်အောင် သင်ပေးနေတယ်လို့ ခံစားရတယ်။ တိုက်တိုက်ဆိုင်ဆိုင် မာယာသုံးနှစ်ပြည့်ချိန်မှာ ပညာတတ်အမည်ခံ မြန်မာလူလတ်ပိုင်းနဲ့ လူငယ်အများစုကြိုက် ပညာရှိစာရေးဆရာတွေရဲ့ ရွေးကောက်ပွဲသရဏဂုံ ရွမ်းရွမ်းဝေနေကြတော့ စာကောင်းပေကောင်းရဲ့ ရှိသင့်ရှိထိုက်တဲ့အဆင့်အတန်းနဲ့ မာယာရဲ့ စေတနာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ မာယာမှာ မာယာ မရှိဘူး။ ဒါပေမယ့် မာယာက လောကထဲက မာယာ၊ သမိုင်းထဲက မာယာ၊ လူတွေရဲ့မာယာတွေကို ပြောပြနေလေရဲ့။
ဖြိုးဝေလင်း
အောက်ခြေလွတ်တော့ လူတွေကိုအထင်သေးတယ်။ နေရာတကာ အပေါ်စီးကကြည့်တယ်။ လူတွေဟာ
အသိဥာဏ်ဗဟုသုတနည်းကြရှာတယ်။ ပညာမဲ့ကြရှာတယ်။ သနားပါတယ်။
ငါမကယ်သေဖွယ်သာရှိတော့တယ်လို့ အထင်ရောက်လာတယ်။
နားကလောလွန်း
လူတွေကိုအထင်သေးတဲ့စိတ်နဲ့ အတူတူတစ်ပြိုင်တည်းပေါ်ထွက်လာတာက
ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်တဲ့စိတ်ဖြစ်တယ်။ နေရာတိုင်းမှာ ငါသာသိတယ်။
ငါသာတတ်တယ်။ ငါသာလုပ်နိုင်တယ်ဆိုပြီး ဘ၀င်မြင့်လာတယ်။
တစ်တိုင်းတစ်ပြည်လုံးက လူတွေကိုတပည့်လို့ယူဆပြီး
နေရာတိုင်းဆရာကြီးလုပ်ချင်တယ်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး
ကိုယ့်မိသားစုတစ်စုလွတ်မြောက်ရေးအတွက် ပြည်ပနိုင်ငံတွေမှာနေကြတဲ့
မြန်မာတချို့ကပိုဆိုးသေးတယ်။ သူတို့မှပညာရှင်၊ သူတို့မှ
ဒီမိုကရေစီသူရဲကောင်း။ ဟိုရောက်မှလက်ပူတိုက်ပေးတဲ့ သင်တန်းတွေတက်၊
ဒီမိုကရေစီသမ္မာကျမ်းတွေ အာဂုံဆောင်ပြီး ကြက်တူရွေးပညာရှင်လုပ်နေကြတာ
နားကလောလွန်းလှတယ်။
ကြောက်လို့ထွက်ပြေးတာ ဘယ်သူလဲ
ကိုယ့်ကြောင်းနဲ့ကိုယ် နိုင်ငံခြားသွားနေကြတာနေပါ။ ဘာမှပြောစရာမရှိပါဘူး။
ကိုယ့်အလုပ်ကိုယ်လုပ်။ ကိုယ့်စီးပွားကိုယ်ရှာပြီး အေးအေးနေကြပါ။
အထဲကလူတွေကို အတုံးအအတွေလို့သဘောထားပြီး
ဒီမိုကရေစီဂုရုကြီးတွေမလုပ်ကြပါနဲ့။ အထဲကလူတွေကြောက်နေကြတယ်
ဆိုတဲ့စကားတော့ ယောင်လို့တောင် မပြောပါနဲ့။ ကြောက်လို့ထွက်ပြေးတာ
ဘယ်သူတွေလဲဆိုတာ တစ်နိုင်ငံလုံးသိကြပါတယ်။ အင်တာနက်ခေတ်၊ ဂလိုဘယ်ခေတ်နဲ့
ပါးစပ်ကအမြှုပ်ထွက်အောင်အော်နေကြပေမယ့် အင်တာနက်ရဲ့အစွမ်းကိုတော့
ဘာမှသေချာရေရာသိကြတာမဟုတ်ပါဘူး။ ဒါကြောင့်ဂုရုကြီးလုပ်နေကြတာ။
ဖြီးတာကို ဖြီးမှန်းသိ
အင်တာနက်ကို မြန်မာလူငယ်တွေ ကောင်းကောင်းအသုံးချတတ်ပါတယ်။ အင်္ဂလန်က၊
အမေရိကန်က၊ သြစတြေးလျက၊ စင်ကာပူက ကွန်ပျူတာမဟာဘွဲ့ရတဲ့လူငယ်တွေ
မြန်မာပြည်မှာအများကြီးရှိပါတယ်။ အင်တာနက်ကိုအသုံးချပြီး
ကိုယ်လိုချင်တဲ့ပညာရပ်မျိုးစုံကိုလေ့လာနေကြပါတယ်။ လူတွေဟာအထူးသဖြင့်
လူငယ်တွေဟာ မတုံးမအကြတော့ဘူး။ ဖြီးတာကိုဖြီးမှန်းသိတယ်။
လိမ်တာကိုလိမ်မှန်းသိတယ်။ ဘယ်သူတွေဟာခြံစည်းရိုး
ပေါ်ခွထိုင်ပြီးနှစ်ဖက်စလုံးကပေးစာ ကမ်းစာကိုစားသောက်နေကြတာလဲ
ဆိုတာလည်းသိတယ်။ ဘယ်သူတွေ နှစ်ဖက်ချွန်လုပ်နေတာလဲဆိုတာလည်း သိတယ်။
ဒီခေတ်က (Citizen Journalist) လူထုသတင်းသမားခေတ်လေ။
လူတွေကြားမှာသတင်းတွေဟာ မရပ်မနား အစုန်အဆန်စီးဆင်းနေကြပါတယ်။
ကွန်ရက်ထဲမှာ သိန်းချီရှိ
သတင်းကိုစီအင်န်အင်န်တစ်ခုတည်းက ဖန်တီးတဲ့ခေတ်ကုန်ဆုံးသွားပြီ။
အယ်လ်ဂျာဇီးရား (aljazeera) လည်းပေါ်နေပြီ။ ၀က်ဘ်ဆိုက်တွေနဲ့
ဘလော့ဂ်တွေလည်းကွန်ရက်ထဲမှာ သိန်းနဲ့ချီရှိနေကြပြီ။ အမေရိကမှာနေမှ
နယူးယောက်တိုင်းဖတ်နိုင်တဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဂျက်(ကွမ်းခြံကုန်း)
ရဲ့ ၀ါးဘလောက်သောက်ကလည်း နယူးယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်၊
ကြိုက်တဲ့သတင်းစာရွေးဖတ်နိုင်တဲ့ခေတ် ရောက်နေပြီ။ ဒီခေတ်ဟာ
လူစွမ်းများခေတ်၊ သူရဲကောင်းများခေတ် မဟုတ်တော့သလို
ခေတ်ပျက်ဂုရုတွေရဲ့ခေတ်လည်း မဟုတ်တော့ဘူး။ အင်တာနက်က
ကမ္ဘာကြီးတစ်ခုလုံးကို လူထုခေတ်အဖြစ် ပြောင်းပစ်လိုက်ပြီ။
ဗိုလ်ချုပ်က သမိုင်းဖန်တီးတာလား
ဒါကိုနားမလည်ဘဲနဲ့သမိုင်းဆိုတာ ချာချီလို၊ ရုစဗဲ့လိုခေါင်းဆောင်ကြီးတွေက
ဖန်တီးတာ။ လူထုဆိုတာနောက်လိုက်တွေသက်သက်ပဲ လို့ပြောနေကြတာဖြစ်တယ်။
ဒီဂုရုတွေက ဗိုလ်ချုပ်အောင်ဆန်းလို၊ သခင်ဖိုးလှကြီးလို၊ ဆရာစံလို
ပုဂ္ဂိုလ်တွေကို လက်ညှိုးထိုးပြလေ့ရှိတယ်။ ရေနံမြေသပိတ်ကြီးကို
သခင်ဖိုးလှကြီးကဖန်တီးသယောင်ပြောဆိုကြတယ်။ တကယ်က ရေနံမြေသပိတ်ကြီးက
သခင်ဖိုးလှကြီးဆိုတဲ့ခေါင်းဆောင်တစ်ယောက်ကို မွေးထုတ်ခဲ့တာဖြစ်တယ်။
တို့ဗမာအစည်းအရုံးကြီးကို သခင်အောင်ဆန်းက မွေးထုတ်လိုက်တာမဟုတ်ဘူး။
တို့ဗမာအစည်းအရုံးကြီးက ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းကို
မျိုးချစ်နိုင်ငံရေးသမားတစ်ယောက်ဖြစ်အောင် ဖန်တီးပေးလိုက်တာဖြစ်တယ်။
ကျောင်းသားခေါင်းဆောင်မောင်အောင်ဆန်းရယ်လို့ ဖြစ်လာအောင်လည်း ၁၉၃၆
ကျောင်းသားသပိတ်ကြီးက မွေးထုတ်လိုက်တာဖြစ်တယ်။ အလားတူပဲ ဂျဒ်ဆင်ကောလိပ်
ကျောင်းသားလေးမောင်အောင်ကျော်ကိုလည်း အာဇာနည်ဗိုလ်အောင်ကျော်ဖြစ်အောင်
ကျောင်းသားလှုပ်ရှားမှုကြီးက မွေးထုတ်ခဲ့တာဖြစ်တယ်။ မောင်အောင်ဆန်း၊
မောင်အောင်ကျော်တို့က ကျောင်းသားလှုပ်ရှားမှုကြီးကို
မွေးထုတ်လိုက်တာမဟုတ်ဘူး။
သခင်အဖွဲ့စတင်တည်ထောင်သူ
တို့ဗမာအစည်းအရုံးကြီးကို စတင်တည်ထောင်ပြီး 'သခင်' ဆိုတဲ့ အမည်ကို
စပြီးသုံးခဲ့သူက စာရေးဆရာကြီးသခင်ဘသောင်းဆိုတဲ့
လူတော်ကြီးတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့
သူတို့ဟာတို့ဗမာအစည်းအရုံးကြီးနဲ့ ကင်းကွာသွားပြီး
လွတ်လပ်ရေးတိုက်ပွဲတွေနဲ့လည်း အဆက်ပြတ်သွားခဲ့တယ်။ တိုက်ပွဲနဲ့
အဆက်ပြတ်သွားတာနဲ့ လူထုနဲ့လည်း အလှမ်းကွာဝေးသွားခဲ့တယ်။
၁၉၆၀ခုနှစ် အိမ်စောင့်အစိုးရခေတ် တည်မြဲ-သန့်ရှင်းတို့
ယှဉ်ပြိုင်ကြတဲ့ရွေးကောက်ပွဲမှာ သူဟာနတ်မောက်မဲဆန္ဒနယ်
တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ် ၀င်ရောက်အရွေးခံရာမှာ သတ်မှတ်ထားတဲ့
အနိမ့်ဆုံးမဲအရေအတွက်တောင် မရလိုက်ပါဘူး။ အဲဒါကြောင့် တင်ထားတဲ့
အာမခံကြေးတောင်ပြန်မရတော့ဘဲ အဆုံးခံလိုက်ရပါတယ်။
အထင်အရှားသိနိုင်တယ်
သခင်ဘသောင်းဆိုတာ အင်မတန်ထူးချွန်ထက်မြက်တဲ့
စာရေးဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့
မြန်မာ့နိုင်ငံရေးသမိုင်းကိုမဖန်တီးနိုင်ရုံသာမက
သူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးကိုတောင်
သူ့စိတ်ကြိုက်မဖန်တီးနိုင်ခဲ့ပါဘူး။ ထူးချွန်တဲ့ခေါင်းဆောင်တွေက
သမိုင်းကိုဖန်တီးတာလား၊ သမိုင်းကခေါင်းဆောင်တွေကို
မွေးထုတ်ပေးလိုက်တာလားဆိုတဲ့အချက်ကို ကိုအောင်ဆန်း၊ ကိုအောင်ကျော်တို့နဲ့
ဆရာသခင်ဘသောင်းရဲ့ဖြစ်ကြောင်း ကုန်စင်ကိုလေ့လာလိုက်ရုံနဲ့
အထင်အရှားသိနိုင်ပါတယ်။ ဒါနဲ့တောင် မက်ထရိုပိုလစ်တန်အီလစ်တွေက
မသိဘူးဆိုတာတော့ ထူးဆန်းမနေဘူးလား။
အပေါ်လွှာကိုပဲ နီးစပ်အောင်
အသေအချာသုံးသပ်ကြည့်ရင်တော့ မထူးဆန်းဘူးဆိုတာသိနိုင်တယ်။
သဘာဝကျစွာဖြစ်ပေါ်လာတာပါပဲ။ အဲဒီမြို့ကြီးသားလူလည်ရေပေါ်ဆီအီလစ်တွေဆိုတာက
ခေတ်တိုင်းခေတ်တိုင်းမှာ ရေပေါ်ဆီလိုအပေါ်ယံမှာပဲ ဝေ့၀ဲနေခဲ့ကြတယ်။
ဘယ်လွတ်လပ်ရေးတိုက်ပွဲစဉ်တွေမှာမှ ပါဝင်ခဲ့ဖူးခြင်းမရှိပါဘူး။
အပေါ်ယံလွှာမှာပဲ ဝေ့၀ဲနေသူတွေဖြစ်တာကြောင့်
အောက်ခြေလူထုလူတန်းစားတွေနဲ့လည်း တောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးပမာ
အလှမ်းကွာဝေးပါတယ်။ လူထုကိုအထင်သေးပြီး ဘယ်တော့မှ နီးစပ်အောင်
မကြိုးစားပါဘူး။ အောက်ခြေအစားအပေါ်လွှာကိုပဲ နီးစပ်အောင်နည်းမျိုးစုံနဲ့
ကြိုးစားပြီး ရေပေါ်ဆီလုပ်နေခဲ့ကြတာဖြစ်ပါတယ်။
ရယ်စရာဖြစ်မနေဘူးလား
အဲဒီလိုရေပေါ်ဆီလူတန်းစားတွေကပဲ သမိုင်းကိုပြည်သူလူထုအများက
ဖန်တီးတာဆိုတဲ့အယူအဆကို ပြက်ရယ်ပြုခဲ့ကြတာဖြစ်တယ်။ ပညာရှင်တွေကသာ
တိုင်းပြည်ကိုအုပ်ချုပ်ပြီးလူထုတွေကတော့ နောက်လိုက်ကောင်းဖြစ်အောင်
ကြိုးစားကြဖို့လိုတယ်လို့ ပါးစပ်က အမြှုပ်တစီစီထွက်အောင်
အော်ဟစ်နေကြတာဖြစ်တယ်။ ဂလိုဘယ်အင်တာနက်ခေတ်၊ လူထုသတင်းသမားများရဲ့
ခေတ်မှာတောင် လူစွမ်းကောင်းခေါင်းဆောင်ကောင်းတွေက သမိုင်းကို
ဖန်တီးတယ်လို့ပြောနေတာကတော့ ရယ်စရာဖြစ်မနေဘူးလား။
လေယဉ်ပျံတစင်း လေယဉ်ပြေးလမ်းကနေ ပျံတက်သွားတယ်။ တက်နေရာက ရုတ်တရက် ရပ်ပြီး နောက်ပြန်ဆုတ် ပျံဆင်းလာတယ်။ အဲဒီမှာ အသံတခုက ပေါ်လာတယ်။ "ဘာဖြစ်တာလဲဗျ...." အဲဒီမှာ နောက်တသံထွက်လာတယ်။ "ဘရာလ်ကရင်းမ် Brylcreem မလိမ်းရသေးလို့" တဲ့။ လေယာဉ်ပေါ်ကလူ ဘရာလ်ကရင်းမ် ခေါင်းလိမ်းဆီ လိမ်းဖို့မေ့သွားလို့........။
ဟိုတုန်းက ဗမာပြည်မှာ ရုပ်ရှင်မပြခင် သို့မဟုတ် ရုပ်ရှင်တ၀က် အားလပ်ချိန်ပေးနေတုန်းမှာ ကြော်ငြာထိုးတာ။ ဘရာလ်ကရင်းမ် ခေါင်းလိမ်းဆီကြော်ငြာလည်းပါတယ်။ အဲဒါ မြန်မာ့အသံ ရေဒီယိုကလည်း အသံကြော်ငြာ အဖြစ်လည်းလာတယ်။
ကျနော်တို့ ငယ်ငယ်က မှတ်မိနေသေးတဲ့ မီလိုက်တဲ့ ရေဒီယို ကြော်ငြာတွေ ရှိတယ်။ ညနေပိုင်း မြန်မာ့အသံအစီအစဉ် မစခင်မှာ အသံကြော်ငြာတွေ လာတယ်။
"အို့ဟိုး..... ဒါ့ကြောင့်ကိုး... သင့် အင်အားကို တိုးပွါးစေရန် အရသာရှိသော အိုဗာတင်း..." ဒါက အိုဗာတင်း (Ovaltine) ကြော်ငြာ။
"ဟော... ဟော... ဟော.... ဟောလစ်...." တဲ့။ ဒါက ဟောလစ်( Horlicks) ကြော်ငြာ။
"ဆန်.. ဆန်.. ဆန်.. မြစ်ဝကျွန်းပေါ်ဆန်.. အသွေးဖြူဖြူဖွေးဖွေး.. မွှေးမွှေးလေးမို့ ကောင်းတဲ့ဆန်..." မြစ်ဝကျွေန်းပေါ်ဆန် ထရေဒင်ကုမ္ပဏီက သူတို့ရဲ့ မြစ်ဝကျွန်းပေါ်ဆန်ကို သီချင်းကလေးနဲ့ ကြော်ငြာတာ။
"ဆရာမောင်.. ဆေးနီအမှုံ့ အလုံးများကို ... တပြည်လုံး သုံးဆောင် ကျန်းမာကြစေမည်...." အဲဒါက ဆရာမောင် ဆေးနီမှုံ့ ကြော်ငြာ။ ထောင်ထဲမှာတုန်းကတော့ သူ့နဲ့ အလိုက်တူ စာသားကွဲ သီချင်းကို ဆိုနေကျ။ "...ညီညွတ်ရေးကို တဆင့်တိုးမြှင့်လို့ သပိတ်တိုက်ပွဲ ဒို့ဆင်နွှဲမယ်လေ..." ။
ဟံသာအေးနိုင်လွန်၊ ခေတ်အကြိုက်နိုင်လွန် တို့လည်း ပါတာပေါ့။
ဆရာဦးစောထွန်းက ပြောတယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ "မိုးညအိပ်မက်မြူ" လည်း ကြော်ငြာသေးတယ် တဲ့။ ၀တ္ထုထဲက စာသားတွေနဲ့။ "ကျနော့်နံမည် မောင်ညိုမှိုင်း....." ဘာညာပေါ့လေ။
ကျနော်မှာ ဟိုတုန်းက အကြောင်းတွေ ပြန်ရေးတဲ့အခါ အလွဲဖြစ်မှာစိုးလို့ ကိုယ့်ထက် သိမီသူတွေ ဆီမှာ အတည်ပြုချက် အမြဲယူပြီးမှ ရေးလေ့ရှိတယ်။ ဟိုတုန်းကတော့ ဆရာဂျမ်း၊ ခုတော့ ကျနော့်ဆရာ ဦးစောထွန်း။ ကျနော့်ရဲ့ လူစွယ်စုံကျမ်းတွေပေါ့။ သိချင်တာ ကောက်လှန်၊ အကုန်ထွက်တယ်။ ဆရာဦးစောထွန်းက ၁၉၇၀ စက်မှုတက္ကသိုလ်ကျောင်းသားဘ၀ကတည်းက ကျနော့် ဆရာဖြစ်ခဲ့တာ။
တလောတုန်းက မေငြိမ်းရေး (ဟောပြော)တဲ့ အကြောင်းအရာကလေးတခုကို ကြိုက်လွန်းလို့ နည်းနည်း 'နငယ် အမြီးတပ်' ချင်တာနဲ့ တကျပ်မှာ ၆၄ ပြားရှိတာကို သေချာအောင် ကျနော်က မေငြိမ်းနဲ့ အင်တာနက်မှာ ချတ်(chat)လုပ်တာ ဆရာစောဆီ အတည်ပြုချက် ယူရသေးတယ်။ မေငြိမ်းက "ဆရာမင်းသုဝဏ်" အကြောင်းပြောတော့ "ဘကြီးအောင်ညာတယ်" အကြောင်းပြောတာ။ ကျနော်က ဘကြီးအောင်ညာတယ် ဓါတ်ပြားဇာတ်လမ်းထဲက "... ခြောက်ဆယ့်လေးပြား.. ခြောက်ဆယ့်လေးပြား.." ဆိုတာကို နည်းနည်း မှတ်မိနေလို့၊ ဘုန်းကြီးကျောင်းသား မောင်ညိုက ဘကြီးအောင်ဆီက အရုပ်ကို ၀ယ်ဖို့ ပိုက်ဆံစုတာ ဇာတ်လမ်းထဲမှာ အဲဒီသီချင်း အတိုအထွာလဲ ပါတယ်လေ..။ သီချင်းနဲ့ ပါတ်သက်ရင်တော့ အစ်မအေး (ဒေါ်မာမာအေး)လည်း စွယ်စုံကျမ်းပဲ။
ဒီနေ့တော့ အိပ်ရာက အနိုးမှာ သွားတိုက်တာ.. သွားပွတ်တံကို သွားမှာလည်း ပွတ်လိုက်ရော.. "ဝေါ့.. ဝေါ့ .. ထွီ" ဆိုပြီး၊ ပါးစပ်က ကမန်းကတန်း ပြန်ထွေးထုတ်လိုက်ရတယ်။
"ဘာဖြစ်တာလဲဗျ....." ဆိုသလိုပဲ၊ ဘရာလ်ကရင်းမ်း (brylcreem)ကို သွားပွတ်တံထဲ ထည့်ပြီး သွား တိုက်လိုက်မိလို့..ဗျို့.....။ ဒါမျိုးက မှားနေကျပါ။ ဒါပေမယ့် ခုလို ပါးစပ်ထဲရောက်တဲ့အထိ၊ ခေါင်းမှာ လိမ်းရတဲ့အထိ မမှားမိဘူး။ အချိန်မီ၊ လက်မတင်ကလေး သိလိုက်လို့ ဘရိတ်အုပ်လိုက်နိုင်တာချည်းပဲ။
မျက်နှာသစ်ခွက်ရှေ့က မှန်ဘီဒိုကလေးမှာ ခေါင်းလိမ်းဆီ ဘရာလ်ကရင်းမ်း၊ Shaving creme တို့က အပေါ်ဆင့်။ သွားတိုက်ဆေးက အလယ်အဆင့်။
သွားတိုက်ဆေးကို လက်ဖ၀ါးပေါ် ညှစ်ချလိုက်ပြီး ခေါင်းမှာ ပွတ်ခါနီး သိလိုက်တယ်။ ခေါင်းလိမ်းဆီကို သွားပွတ်တံထဲ ညှစ်ချလိုက်ပြီးမှ အချိန်မီ သိလိုက်လို့ သွားပွတ်တံ ပြန်ဆေးရတာလဲ ခဏခဏ။ ခုတော့ သွားပေါ် တိုက်ချလိုက်တဲ့အထိ လက်လွန်သွားတာ။
ဘာဖြစ်တာလဲဗျ... ဘရယ်လ်ကရင်းမ်(Brylcreem) နဲ့ သွားတိုက်မိလို့........ ဗျို့....။
မောင်အေးဝင်း
၃ ရက်၊ အောက်တိုဘာ၊ ၂၀၁၀။